ရသစုံအိုအေစစ်

Posted on

ရသစုံအိုအေစစ်(စ/ဆုံး)

———————–
သီးနှံရောင်းပြီး ရသည့်ပိုက်ဆံများကိုကြည့်ကာ ညို သက်ပြင်းချမိသည်။တစ်နှစ်ပတ်လုံး ကြိုးစားပန်းစားစိုက်ပျိုးခဲ့သော်လည်း ရသည့်ငွေတွေကယခုတိုင်းဆို ရှိသမျှအကြွေးတွေ ဖဲ့ဆပ်ဖို့တောင်လောက်မည်မထင်။မိုးဦးလေဦးမှန်ပြီး သီးနှံအထွက် မဆိုးလှသော်လည်း ရောင်းချိန်မှာတော့ စျေးတွေက ပွဲစားပါးစပ်ထဲတွင် လမ်းဆုံးရသည်။ အများတကာလို စျေးကောင်းရချိန်စောင့်ဖို့လည်း ညို့ မှာ အင်အားမရှိ။သီးနှံ မထွက်ခင်ယူထားသည့်အကြွေးများပင် ခေါင်းမြုပ်လုလုဖြစ်နေပြီ။ ညနေညနေ အိမ်ကိုကြွေးလာလာတောင်းကြသည့် သူများနဲ့လည်း ညို လွှတ်ကင်းချင်လှပါ၏။

“ဟူး…….’’

သက်တစ်ချက်ကိုခပ်ပြင်းပြင်းချရင်းခေါင်းပေါ်ကဆောင်းထားသည် ခမောက်ကိုချွတ်ကာ ယပ်ခပ်လိုက်သည်။ ကျစ်ကျစ်တောက် ပူနေသောနေကြောင့် နီကျင်ကျင်ဆံပင်များကြား ချွေးစက်တွေ က အလုအယက်ထိုးသွင်းကျဆင်းလာသည်။ နဖူးကချွေး စက်များကို အကျီ လက်မောင်းစနှင့်ခပ်ကြမ်းကြမ်းသုတ်ရင်း ပွဲရုံရှေ့က အပင်ရိပ်လေးမှာ ခဏနားလိုက်သည်။

ထို့နောက်မှ ပွဲစားရှင်းပေးသည့် ရောင်းရငွေများကိုထပ်ခါထပ်ခါရေတွက်မိ သည်။ မှန်းထားသည့် ငွေနှင့် လုံး၀မအပ်စပ်သည့် ငွေအမောက်ကိုကြည်ြ့့ပီ ညို အလွန်တရာစိတ်ပျက်မိသည်။

မတတ်နိုင်တော့ ။
အမြဲတမ်းလုပ်သလိုမဖြစ်တတ်တာတွေကဘ၀ မှာ အသားကျနေပြီပဲ။

စိတ်သက်သာရ ရစေကြောင်းခပ်ပေါ့ပေါ့တွေးရင်း ပိုက်ဆံတွေကို လုံးထွေးကာ လွယ်အိတ်ထဲခပ်ကြမ်းကြမ်းထိုးထည့် လိုက်သည်။

ထို့နောက် မှ ထဘီကိုခပ်တိုတိုပြင်၀တ်ပြီး အမေ့အတွက်လိုအပ်သည့် ဆေး၀ယ်ရန် ဆေးဆိုင်ကို အပြေးသွားခဲ့သည်။ ခါတိုင်းလိုပဲ အမေ့ဆေးတစ်လစာက အိမ်စရိတ်တစ်ပါတ်စာလောက်အသာလေးသွားသည်။ဒါပေမဲ့နှမြောနေလို့ကမဖြစ်သေး။ ခံစားနေရသည့် အမေ့ဝေဒနာအတိုင်းဆိုပါမူ ဆေးရုံဆေးခန်းပင် သွားသင့်နေပြီ ။ အဆင်မပြေ၍သာ သောက်ဆေးတွေသောက်ရင်း အသက်ဆက်နေရသည့် အမေ့ကိုလည်း ညိုသနား၏။

ဆေး၀ယ်ပြီး အပြန် အငယ်မအတွက် ဂါ၀န်လေးတစ်ထည်လောက် ၀ယ်ပေးချင်သည့်စိတ်ကူး ြ ဖင့် အထည်ဆိုင်ကို ညို့မျက်လုံးတွေအကြည့်ရောက်သွားသည်။ မော်ဒယ်အရုပ်မ မှာ၀တ်ထားပေးသည့် ဂါ၀န်အနီရောင်လေးနဲ့ဆို အငယ်မလေး အရမ်းကိုလှနေမှာ ။ တက္ကသိုလ်ကျောင်းသူအငယ်မလေးလည်း အဆင်မပြေလို့ အ၀တ်စားအသစ်တွေမ၀တ်ရတာ ကြာလှရှိ ပေါ့။ တစ်ထည်လောက်တော့ ၀ယ်ပေးရဦးမည် စိတ်ကူးနှင့် အထည်ဆိုင်ထဲ၀င်ဖို့လုပ်တော့ ညို့ ခြေလှမ်းတွေအလိုလိုတွန့်ဆုတ် နေသည်။ စိတ်ရှိတိုင်းလုပ်လို့မဖြစ်သေး။ ရှိသည့်ပိုက်ဆံကကိုယ့်အပိုင် ထက်သူများကိုပေးရမည် က များနေသည်။

ညို ခြေလှမ်းတွေကိ ုအလိုလိုနောက်ပြန်ဆုတ်လိုက်မိ၏။အလာက ပိုက်ဆံလေးပိုရင် စျေးတစ်ပတ်လောက်ပတ်ပြီး အိမ်အတွက် လိုအပ်တာလေးတွေ ၀ယ်ဦးမည် ဟု တွေးထားသည့်စိတ်ကူးတွေက အဝေးဆုံးကို လွှင့်စင်ခဲ့ကုန်ပြီ။ မှန်းထားသလောက်မရသည့် လွယ်အိတ်ထဲက ငွေထုပ်လေးကို အပြင်က ကျစ်ကျစ်ပါအောင်ဆုပ်ရင်း ဆုံးဖြတ်ချက်ကို တုန်းတုန်းချရင်း အိမ်ပြန်ဖို့ခြေလှမ်းတွေပြင်လိုက်မိသည်။

***

လေးပင်သည့်ခြေလှမ်းများကို တနုံ့နုံ့လှမ်းကာပြန်ရင်း အိမ်ရောက်သည့်အခါ လွယ်ထားသည့် လွယ်အိတ်ကိုပြစ်ချ၍ ချေပစ်လက်ပစ် အမောဖြေလိုက်သည်။ထို့နောက် တဒီးဒီးစီးကျနေသည့် နဖူးကချွေးများကို အကျီ င်္ လက်မောင်းစနှင့် သုတ်ရင်း အိမ် နံရံကိုမှီကာ ပေးရမည့် ကြွေးတိုကြွေးစ များကို စိတ်တွက် တွက်နေတုန်း မီးဖိုဆောင်ထဲတွင် တကုတ်ကုတ်နဲ့လုပ်နေသည့် အငယ်မက အနားလာထိုင်၍ပြောသည်။

” မမ … သီးနှံရောင်းလာတာမလား…။ ဆန်ဝယ်ရဦးမယ်။ဆန်ပုံးထဲမှာ ဆန်မရှိတော့ဘူး။ ဆီလည်း ဝယ်ရဦးမယ်။ ပြီးတော့ ဖိုးထူးလေးက ကျောင်းစုံညီပွဲရှိလို့တဲ့.. အကျီ င်္အသစ်ပူဆာနေတယ်။ မမကြီးသီးနှံရောင်းပြီးပြန်လာရင်၀ယ်ပေးမယ်လို့ ချော့ထားရတယ်။ မေမေလည်း တနေကုန် ချောင်းတွေ ဆိုးနေတာ မသက်သာဘူး မမရယ်…။ညနေကျ ဆေးထိုးဆရာလာရင် ခေါ်ပြီးဆေးထိုးခိုင်းဦးမှဖြစ်နဲ့တူတယ်…။ပြီးတော့…။’’

“ကဲ…အငယ်မရယ် တော်ပါတော့ ။ ငါကညည်းထက်အကြီးပါ…။ငါသိပါတယ်။
ညည်းကလည်း တကတည်း အိမ်ပြန်ရောက်တာ အမောတောင်မဖြေရသေးဘူး..။ငါခဏနားပါရစေဦး…။သွား…သွား..။ အဲဒီမှာ ၀ယ်လာတဲ့ အမေ့ဆေးတွေကိုသိမ်းပြီး ညည်းလုပ်စရာရှိတာသွားလုပ်….။”

ညို စိတ်တိုတိုနဲ့ ငေါက်ပြောပြောတော့ အငယ်မလေးကပြောလက်စ စကားများရပ်သွားသည်။ငေါက်လိုက်ရပေမဲ့ စိတ်တော့ မကောင်း။ ထုံးစံအတိုင်း မျက်တောင်ကလေး ပုတ်ခတ်ပုတ်ခတ်လုပ်ကာ ဇက်ကလေးပု ပြီး မီးဖိုဆောင်လည်း ပြန်ဝင်သွားရှာသည်။ စိတ်တိုတို နဲ့ပြောလိုက်မို့ အသံ အနည်းငယ်ကျယ်သွား၏။ပြောပြီးမှ နေမကောင်းသည့်အမေများကြားသွားလေမလား ဆိုသည့်အတွေးနှင့် အမေ့အခန်းထဲကို ခေါင်းကလေးပြူကာ ကြည့်လိုက်မိသေးသည်။

တော်ပါသေးရဲ… ။အမေ အိပ်မောကျနေ၍ ညို့အသံကို ကြားဟန်မတူပါ။
ညိုဘယ်လိုပဲ ခက်ခဲနေပါစေ…။ ယခုလိုအဆင်မပြေသည့် အကြောင်းကိုတော့ ကျန်းမာရေးမကောင်းသည့် အမေ့ကို သိစေပြီး ညို့ အပူတွေ မကူးစက်ချင်ပါ။

(၂)

ဘဝကို ရုပ်ရှင်ဇတ်ကား လိုသာ ကိုယ်မကြည့်ချင်တဲ့အပိုင်းကို ကျော်ပြစ်လို့ရမယ်ဆိုရင် ခက်ခဲ လွန်းတဲ့နေ့ရက်တွေကိုလည်း ညို ကျော်ပြစ်လိုက်ချင်သည်။တခါတလေ အဖေရှိစဉ်က ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းခဲ့တဲ့ အတိတ်ကအချိန်လေးတွေကို ပြန်တွေးပြီး ကြည်နူးရပေမဲ့ ရှေ့ဖြစ်လာဦးမယ့် အနာဂါတ်ကိုတွေးတောမိရင်တော့ ညို ရင်လေးမိသည်။

ဘ၀ဆိုတာ တသတ်မှတ်တည်းမသွားသလို ဖြစ်ချင်တိုင်းလည်းဖြစ်ခွင့်မရှိဘူးဆိုတာကို ညို ကောင်းကောင်းကြီး နားလည်ခဲ့ရပြီ။ ညို့ဘဝမှာ ငယ်ငယ်ကတည်းက ဖြစ်ချင်ခဲ့တာ တည်ငြိမ်တဲ့ကျောင်းဆရာမလေးတစ်ယောက်။ အဖြူအစိမ်းလေးကို သပ်သပ်ရပ်ရပ်ဝတ် ဆံထုံးလှလှလေးထုံး လို့ ဆွဲခြင်းလေးကိုဆွဲပီး ကျောင်းသွားချင်သည်။လက်ချောင်းသွယ်သွယ်လေးတွေ နဲ့ မြေဖြူကိုင်ပြီး ကလေးတွေကို စာသင်ပေးချင်သည်။ ညို စာသင်တာ ဝါသနာပါသလို ကလေးတွေကိုလည်း ချစ်တတ်သည်။ရပ်ကွက်ထဲကလူတွေ ဆရာမလေး လို့ခေါ်တာကိုလည်း ညို ခံယူချင်စမ်းပါဘိ။

သို့သော်လည်း စိတ်ကူးနဲ့ လက်တွေ့ဘဝက တခြားစီ ဖြစ်ခဲ့သည်။ မြေဖြူကိုင်ကာအဖြူစိမ်း၀တ်ပြီး စာသင်ချင်သည့် လက်က မိန်းကလေးတန်မဲ့ ထွန်တုံးကိုင်နေရသည့် ညို့ အဖြစ်ကိုစဉ်းစားရင်း တခါတလေတော့လည်း ညို ရယ်ချင်မိသည်။

လွန်ခဲ့တဲ့ ငါးနှစ်ကျော်အချိန်အဖေဆုံးပြီးကတည်းက ညို့ရည်မှန်းချက်တွေလည်း အကုန်ပျက်စီးခဲ့သည်။ ကင်ဆာရောဂါ ခံစားနေရတဲ့ အဖေ့ကို တနေ့ကောင်းလာနိုးနိုး ကုရင်းက စုဆောင်းထားသမျှလည်း ကုန်ခဲ့သည်။ အဖေဆုံးတုန်းက ညို တက္ကသိုလ် ပထမနှစ်သာရှိသေးသည်။ ဖြစ်ချင်သောရည်မှန်းချက်အတွက် ဇွဲနဘဲရှိရှိကြိုးစားနေရင်းက အရာအားလုံး အရင်းက နေရိုက်ချိုးခံလိုက်ရ၏။နဂိုကတည်းကကျန်းမာရေးမကောင်းသည့် အမေ အိပ်ရာထဲ ဘုန်းဘုန်းလှဲသွားသည့်အခါ အရွယ်မရောက်သေးသည့် မောင်လေး နဲ့ ညီမလေးရဲ့ တာဝန်က ညို့ ခေါင်းပေါ်အလိုလိုရောက်လာခဲ့သည်။

အမကြီးတော့ အမိရာဖြစ်ခဲ့သည်။အဖေရှိစဉ်က ညို အရာအားလံးပေါ့ပျက်ပျက်နေထိုင်လို့ရပေမဲ့ အားလုံးရဲ့ တာ၀န် ညို့ ခေါင်းပေါ်ရောက်လာသည့်အခါ ညိုကိုယ့်ကိုယ်ကိုအားတင်းရင်း မိသားစုအတွက်သူရဲကောင်းလုပ်ဖို့ပြင်ဆင်ရတော့သည်။

အဖေရှာထားခဲ့သည့် ခြံလေးကို ဦးစီးလုပ်ကိုင်ဖို့အတွက် ညို ကျောင်းစာအုပ်တွေကို ထာဝရ ပိတ်ပြစ်ခဲ့၏။ တက္ကသိုလ် နှင့် ညို ဆိုတာလည်း လားလားမျှမသက်ဆိုင်တော့။ ရည်မှန်းချက်ဖြစ်သည့်ကျောင်းဆရာမ ဆိုသည်မှာလည်း အဝေးဆုံးကို လွင့်စင်ကုန်သည်။ မိသားစု၀မ်းရေးအတွက် ခြံလေးကို ဦးစီးလုပ်ကိုင်ရင်းကြာတော့လည်း တောင်သူမကြီးလုံးလုံးဖြစ်ပြီး အလှပဆိုတာ ဘယ်မှာရှာရမည်တောင်မသိတော့။ နေလောင်သည့်မျက်နှာ ညိုသမ်းသမ်းနှင့် နီကျောင်ကျောင်ဆံပင်တို့က ခုမှ ညို့ နာမည်နဲ့ လုံးလုံး လားလားကြီးလိုက်ဖက်သွားတော့သည်။

ဒါပေမဲ့ ညို၀မ်းမနည်းပါ။
ဘဝပေးအခြေအနေအရ ဖြစ်ချင်တာတွေသူဘာသာဖြစ်လာသည့်အတွက် လည်း ညိုဘာမှမတတ်နိုင်။ယခုဆို ညို ရဲ့ ကြိုးစားမူကြောင့် အငယ်မလေးကို ဆယ်တန်းအောင်ပြီး အဝေးသင်ထားပေးနိုင်ပြီမဟုတ်လား။ ညို မဖြစ်ခဲ့သည့် ကျောင်းဆရာမလေးကို ညီမလေးကိုဖြစ်ခိုင်းစေချင်လှသည်။ အငယ်လေးဖိုးထူးက ခုမှ လေးတန်းသာ ရှိသေး၏။အငယ်လေးတွေကို ကြည့်ပြီး ညို ပီတိအပြုံးတွေပြုံးတတ်ပြီး ဘ၀အမောတွေဖြေတတ်နေပါပြီ။

***

(၃)

” အမေ… နေသာရဲ့လားအမေရယ်…”

“ဒီလိုပါပဲ သမီးရယ်….။ နေသာတယ်လို့လည်း ဘယ်ဟုတ်ပါ့မလဲ။ အမေ့တွက်ပူမနေပါနဲ့ … ။ငါ့သမီးလည်း ပင်ပန်း လှပါပြီကွယ်..။ အဟွတ်…ဟွတ်…။”

အိပ်ယာထဲ လူးလိမ့်ရင်း ချောင်းတဟွတ်ဟွတ် ဆိုးနေသည့် အမေ့ရဲ့ ုဖြူရော်ရော်မျက်နှာကို ကြည့်ပြီး ညို သက်ပြင်း ချမိသည်။ခုတလော အမေ့ကျန်းမာရေးအခြေနေပိုဆိုးလာသလိုပင်။ညညလည်း တဟဲဟဲဖြင့် ရင်ကြပ်၍ မအိပ်နိုင်။ အစားအသောက်လည်း သိပ်မဝင်သောကြောင့် တဖြည်းဖြည်း ပိန်ပြီး မျက်နှာတွေ ချောင်ကျနေသည်။ အသားရေတွေဝါထိန်ပြီးအမေ့မျက်လုံး တွေအမြဲတမ်းတွေဝေ ငေးငိုင်နေသည်။လင်ယောကျာင်္းဆုံးသည့်အချိန် ဥမမယ်စာမမြောက်အရွယ်မရောက်သေးသည့် သားတစ်ယောက်နဲ့ မိန်းမသားချည်းကျန်ခဲ့သည့် အဖြစ်ကြောင့် ကျန်းမာရေးမကောင်းသည့်အမေလည်း စိတ်ဓါတ်တွေ ကျခဲ့ဟန်တူသည်။

” သမီးအမေရဲ့ အခြေနေကို ဆရာတော့ သိပ်အားမရဘူး။ အမြန်ဆုံးဆေးရုံတင်ပြီး ကုသမူခံယူမယ်ဆိုရင်တော့ ပြန်ကောင် း လာနိုင်ပါတယ်။ ဒီအတိုင်း ဆေးမီးတို လိုလို သောက်ဆေးလိုလို တွေနှင့် ကုနေရင်တော့ လုံးပါးပါး ပါးသွားလေ့မယ်။”

ရွာကိုဆေးလာကုနေသည့် ဆရာဝန်ကြီးပြောခဲ့သည့်စကားသံများက ညို့ နားထဲ အစီအရီ ဝင်လာသည်။ တနေ့ထက်တနေ့ပိုပိုဆိုးလာသည့်အမေ့ကိုလည်း ညိုမကြည့်ရက်တော့။ ဖြစ်နိုင်လျှင် အမေ့နေရာမှာ ညိုသာဖြစ်လိုက်ချင်ပါသည်။

အမေ့ကို ဆေးရုံတင်ဖို့ဆိုတာလည်း ပြောတော့သလာက်တော့မလွယ်ပါ။ယခုခေတ်အခါ ဆေးကုသ စရိတ်တွေက ကျောက်ခမန်းလုလုဖြစ်သည်ကို အဖေ ဆေးရုံတက်ကတည်းက ညိုသိပြီးပြီ။ အဲဒီအချိန်က စုဆောင်းထားသည့် ရွှေတိုရွှေစ လေးတွေ ရောင်းချဖို့ ရှိနေ၍သာအဆင်ပြေခဲ့ပေမဲ့ ယခုနေများ ဘာမှ ရောင်းချစရာမရှိတော့။

အဖေရှိစဉ်က ညိုတို့ သားအမိတတွေ နားကပ်လေးကိုယ်စီပန်နိုင်ကြသေးပေမဲ့ ခုနေများသုံးယောက်စလုံး နားဟောင်းလောင်းနဲ့ နားပေါက်တွေတောင် ပိတ်ကုန်ပြီလားမသိ။

ပေါင်နှံရောင်းချစရာ ဆိုလို ပြေးကြည့်မှ အဖေထားခဲ့သည့် ခြံတစ်ကွက်သာရှိတော့သည်။ ထိုခြံကွက်တောင် အငယ်မလေး ကျောင်း တက်သွားတုန်းက အပေါင်သဘောဖြင့် ဦးလေးဖြစ်သူဆီ ငွေနည်းနည်းယူထားမိသေး၏။

ဦးလေးဖြစ်သူ(အမေ့မောင်)တို့က ပြေပြေလည်လည်တော့ရှိလှသည်။ သို့သော်လည်း အားကိုး၍မရ။ အဖေရှိစဉ်က ညို တို့အပေါ်လူလိုသူလို ဆက်ဆံ ခံရသေးပေမဲ့ ခုနေများ ညို တိုကို ရှိတယ်လို့တောင် သတ်မှတ်လေသလားမသိ။
အမေ အိပ်ယာထဲ ဘုန်းဘုန်းလှဲနေတာတောင် သတင်းမေးဖော်မရလောက်သည်အထိ အမေ့အပေါ်ပစ်ခါလွန်းကြသည်။

မောင်နှမတွေဆိုသည်မှာလဲ အိမ်ထောင်တွေ ကွဲသွားသည်အခါ ထိုသိုပဲဖစ်သွားကြလေသလားတော့ ညို မပြောတတ်ပါ။
အဖေ မရှိတော့မှ အဖေ့တန်ဖိုးကို ညိုတနေ့ထက်တနေ့ပိုပို၍ သိလာသည်။ အဖေတစ်ယောက်၏အရိပ်အာဝသ အောက်မှာ နေရချိန်က ခေါင်းမော့ရင်ကော့ပြီး နေထိုင်ရဲခဲ့ပေမဲ့ ခုနေအချိန်မျိုးတော့ ဟန်ဆောင်၍သာနေရသည် အလိုလို တိမ်ငယ်မိသည်မှာအမှန်ပင်။မိသားစုကို မကြောင့်မကျ ထားနိုင်အောင် ညိုကြိုးစားပေမဲ့ အဖေ့ တစ်ဝက်လောက်တောင် ညို လိုက်၍မမှီပါ။

အဖေသာရှိရင် ခုချိန်အမေ့ကို ဆေးရုံပို့နိုင်လောက်ပြီဟုတွေးရင်း ညိုအဖေ့ကို လွမ်းဆွတ်ကာမျက်ရည်ကျမိသည်။

***

(၄)

မိုးတွေ ရွာနေလိုက်တာတလောကလုံးမှောင်မဲလို့။ မနေ့ညကတည်းက သည်းကြီးမည်းကြီး ရွာနေသည့်မိုးက လင်းရန် အရိပ်ယောင်ပင်မမြင်သေး။မိုးအေးလို့ထင်၏။ ပန်းနာရင်ကြပ် ဖြစ်နေသည့်အမေ့ရောဂါ ပိုဆိုးလာသည်။ မနေ့ညလည်း တစ်ည လုံးချောင်းဆိုးပြီး မသက်သာလို့ ညိုရော အငယ်မလေးပါ တစ်မှေးမှ မအိပ်ရပဲ မိုးစင်စင်လင်းခဲ့သည်။ယခုမနက်လင်းတော့ လည်း မသက်သာသည့်အပြင် အမောပင်ဖောက်နေလေပြီ။

ညို မလုပ်တတ်မကိုင်တတ်ဖြစ်ပြီး အမေ့ အိပ်ယာဘေးတွင် ငုတ်တုတ်ထိုင်နေမိသည်။ညီမလေးလည်း မျက်လုံးအဝိုင်း သားဖြင့် အမေ့ကို ကြည့်ပြီးမျက်စိ မျက်နှာပျက်နေသည်။ အငယ်ကောင် ဖိုးထူးလေးလည်း အမေ့ကို စိတ်မချ၍ထင်၏။ ကျောင်း မသွားချင်တော့ဘူး လုပ်နေတာကြောင့် ငေါက်ငန်းပြီး အတင်းလွှတ်လိုက်ရသည်။

“အမေ… မသက်သာဘူးလား….။ အမေရယ်…။ သမီးတို့ဘာလုပ်ပေးရမလဲဟင်…။’’

အမေကတဟင်းဟင်းဖြင့် အသက်ရှုတွေ မြန်ပီး မောနေသည်မှာ ချွေးသီးချွေးပေါက်များပင် စိ့ုနေသည်။

ညိုလည်း အမေ့ကိုကြည့်ပြီး စိုးရိမ်လွန်းသဖြင့်ငိုချင်နေမိသည်။ဆေးရံု့ပို့ဖို့ဆိုသည်မှာလည်း ညို့လက်ထဲတွင် ပိုက်ဆံတစ်ထောင်ပြည့်အောင်တောင်မရှိ။တယောက်ယောက် အကူညီ ရလိုရငြား အပြင်ဘက်ကို လှမ်းကြည့်သော်လည်း တဝေါဝေါ ရွားနေသည့် မိုးတွေ က လွဲ၍ ဘာမှ မတွေ့ရ။

“အမလေး…မောတယ်…မောတယ်…သမီးတို့ရယ်… အမေ..အမေ.. ဒီတောင်ကို မကျော်နိုင်တော့ဘူးထင်တယ်။”

“အမေရယ်…. အဲဒီလိုမပြောပါနဲ့..အားတင်းထားပါဦးမေမေရယ်….။မမ တစ်ခုခုလုပ်ပါဦး။မေမေအရမ်းမောနေပြီ”

အငယ်မလေးက ညို့လက်ကိုကိုင်ပြီး ကြောက်လန့်တကြားပြောသည်။ ညိုလည်း တကိုယ်လုံးထူပူပြီး ဘာလုပ်လို ဘာကိုင်ရမှန်းမသိတော့။အလိုလိုစီးကျလာသည့် မျက်ရည်ပူတွေကိုသုတ်ရင်း အမေ့ကို ဆေးရုံပို့ဖို့ပိုက်ဆံရှာရန်လုပ်ရတော့သည်။

“ညီမလေး…အမေဒီအတိုင်းဆိုအခြေနေမကောင်းဘူး။ အမေ့ကိုဆေးရုံပို့ဖို့လုပ်ရမယ်။ အမေ့ကို သေချာဂရုစိုက်ထား ငါပိုက်ဆံသွားရှာဦးမယ်။ဆေးရုံပို့ဖို့ တခါတည်းကားပါငှားလာခဲ့မယ်…။ကြားလား…။ အမေ့ကိုစိတ်ချမယ်နော်…။’’

ညို့ စကားကြားတော့ အငယ်မလေး မျက်ရည်တွေ နှင့် ခေါင်းကို တသွင်သွင်ငြိမ့်ရင်း ညို့ ကို အားကိုးတကြီး ကြည့် လာသည်။ ထို့နောက် အမေ့လက်ကို တင်းတင်းဆုပ်ပြီး မျက်ရည်တွေ နှင့်ကျန်ခဲ့၏။

ညိုလည်း ပြောပြောဆိုဆို ထဘီကို တိုအောင်ပြင်ဝတ်ပြီး မိုးရေထဲ အဆောင်းမဲ့ ပြေးထွက်လာခဲ့သည်။အမေဆေးရုံတက်ဖို့ စရိတ်အတွက် ပိုက်ဆံရှာပုံတော်ဖွင့်ရ တော့မည်။ ရင်တစ်ခုလုံးထူပူပြီး မျက်ရည်တွေကလည်း မိုးရည်စက်တွေ နှင့်ရောယှက်ကာ တသွင်သွင် စီးကျနေ၏။စိတ်ထဲတွင် ငွေချေး၍ရနိုင်မည့်နေရာများကို အပြေးအလွှားစဉ်းစားသော်လည်း တစ်နေရာမှ မတွေ့ ။ ကျောထောက်နောက်ခံမရှိသည့် ညို တို့မိသားစုကိုလည်း ဒီခေတ်ကြီးမှာ ဘယ်သူက ယုံပြီးချေးချင်ပါ့မလဲ။ ရင်တစ်ခုလုံး ပူလောင်စွာစဉ်းစားရင်း နောက်ဆုံးတော့လည်း မသွားချင်ဆုံးနေရာဖြစ်သည့် ဖို့ ဦးလေး ဖြစ်သူအိမ်ကိုသာ ဦးတည်မိခဲ့တော့သည်။

ခပ်သွက်သွက်လျှောက်လာခဲ့ပေမဲ့ ခြေလှမ်းတွေက စိတ်သွားတိုင်းမပါချင်။ ဦးလေးဖြစ်သူနှင့် တန်းတွေပါကအကြောင်း မဟုတ်။ ဦးလေး၏မိန်းမ နှင့်တွေ့ပါမူ မလွယ်ချေ။ အကူညီတောင်းတာကနောက် ဘာလာလုပ်တာလဲ ဆိုသည့်အကြည့်နှင့်အကြည့်ခံရမည်က ပထမ ဖြစ်သည်။ ထိုအကြည့်များကို ညိုမုန်းသည်။ အရင်က ထိုအကြည့်များကိုခံရပြီးနောက်ပိုင်း ဦးလေးအိမ်ဘယ်တော့မှ မသွားတော့ဘူးလို့ ဆုံးဖြတ်ချက်ချထားခဲ့သော်လည်း ခုတော့ သွားရန် အကြောင်းကဖန်လာပြန်လေပြီ။

သို့ပေသိ။ မတတ်နိုင်။ မပြည့်စုံသည့်သူများအဖို့ စိတ်ဆန္ဒကိုဦးစားပေးခြင်းက မစွမ်းသာ။ စိတ်ကို တုန်းတုန်းချ ကာ လာရင်း ဦးလေးအိမ်ရောက်တော့ ဖတ်ဖတ်စိုရွဲနေသည့် မိုးရက်စက်များဖြင့် ညို အိမ်ထဲကိုပြေး၀င်သွားသည်။ တော်ပါသေးသည်။အိမ်ထဲတွင် နံနက်စာ စားနေသည့် ဦးလေးကို အခန့်သင့်တွေ့ရ၏။

“ဦးလေ.း.. အမေ အသည်းတန်ဖြစ်နေတယ်။ မနေ့ညလည်းတစ်ညလုံးမအိပ်နိုင်ဘူး။အခုမနက်လည်း အမောဖောက်နေပြီ ။ အမေ့ကို အမြန်ဆေးရုံပို့မှဖြစ်မှာ။ကူညီပါဦး ဦးလေးရယ် ကျွန်မတို့ကို ငွေလေးချည်းပါဦး။ ကျွန်မ ခြံ ကို ဦးလေး ဆီ ပေါင်ပါတယ်။ ဦးလေး ခဏယူထားပါ ကျန်မ အဆင်ပြေတဲ့ အခါ ပြန်ရွေးပါ့မယ်ရှင်…”

“ဟဲ့….. ညိုသက်လွင်… ညည်းခြံကိုပြပြီး ငါ့ဆီ ပိုက်ဆံ ယူတာ ဘယ်လောက်ရှိပြီလဲ…။တခါမှလည်း ပြန်ဆပ်တာမဟုတ်ဘူး။ညည်းဒီလိုလုပ်နေမယ့်အစား တခါတည်း ညည်းအပြတ်ရောင်းခဲ့တော့ ။ ညည်းအမေဆေးရုံတက်ရင် ပိုက်ဆံလည်းအများကြီးလိုမှာပဲ။”

ကြားလိုက်ရသည့် စကားကြောင့် ညိုဒေါသ ထောင်းခနဲ ထွက်သွားသည်။အဖေ ချွေးနှဲစာနဲ့ ရှာဖွေစုဆောင်းပြီး၀ယ်ထားသည့် ဒီခြံကွက်လေးကိုတော့ ညို မရောင်းချင်ပါ။ ဒီခြံလေးကို အမှီသဟဲပြုပြီး စားသောက်နေရတာမို့ ဒီခြံလေးကို ညို သံယောဇဉ်ရှိသည်။

ဦးလေးခြံ နှင့် ညို တို့ခြံက တဆက်တည်းဖြစ်၍ ဦးလေး ညိုတို့ခြံကွက်လေးကို မျက်စိကျနေတာကြာလှရှိပီ။ ညို မာန နဲ့တင်းပြီးမရောင်းပဲထားခဲ့၏။ အခုလို ညို အခက်တွေ့နေသည့်အချိန်မှ အတင်း လုဝယ်နေသောကြောင့် ညို ခံပြင်းလွန်းလှသည်။

ညို့ စိတ်ထဲတွင် မရောင်းရနိုးရောင်းရနိုးနဲ့လွန်ဆွဲနေသည်။ဦးလေးဖြစ်သူကြည့်ရသည်မှာ လည်းမရောင်းလျှင် ငွေပေးမည့်ပုံမပေါ်။

“ကဲ…. ဘယ်လိုလဲ ရောင်းမှာလား။ ရောင်းရင်လည်း ညည်းစိတ်မပြောင်းခင် စာချုပ်မှာ တခါတည်း လက်မှတ်ထိုးသွား…”

ပြောပြောဆိုဆို ဦးလေးက ဘယ်ကတည်းက လုပ်ထားမှန်းမသိသည့် စာချုပ်ကို ဗီရိုထဲက ထုတ်လာသည်။ တခါတည်း ချည်ပြီးတုတ်ပြီး လုပ်လိုက်သည် မှာ လည်လွန်းလှပါ၏။ အရင်လို စိတ်နဲ့ဆို စာချုပ်ကိုဆွဲဆုပ်၊ ဦးလေးမျက်နှာကို ပြစ်ပေါက်ကာ မရောင်းနိုင်ဘူးဟု တစ်ခွန်းတည်းပြောပြီး ပြန်ခဲ့ မိမှာ သေချာသည်။

သို့သော်….အခုတော့ ညို မတတ်နိုင်။
အသည်းသန်ဖြစ်နေသည့် အမေ့အသက်ကို ကယ်ဖို့ ညို မာန တွေ အလံထူနေ၍မရ။ဆုံးဖြတ်ချက်ကို တုံးတုံးချလိုက်သည်။ ဘာကိုမှ တွယ်တာနေ၍မရတော့။အဖေ ဆုံးရှုံးပြီး ခိုကိုးရာမဲ့နေသည့် ညို တို့မောင်နမ တွေအဖို့ အမေ ရှိနေ၍သာ ဖြေသာသေးသည်။ အမေ့ကိုတော့ ညို ဘယ်လိုနည်းနဲ့မှ အဆုံးရှုံးမခံနိုင်ပါ။ ခြံကွက်ကို နှမြော လွန်း လှသော်လည်း ညို စာချုပ်ကို ဆွဲပီး လက်မှတ်ထိုးပေးလိုက်၏။

ဆံပင်တွေပေါ်က တသွင်သွင်စီးကျနေသည့် မိုးရေစက်များက မျက်ရည်စက် တွေနှင့် ရောယှက်ကာ ကြမ်းပြင်ပေါ် တတောက်တောက်နဲ့ ကျလို့နေသည်။

” ညည်းခြံက စျေးလည်း သိပ်မပေါက်ပါဘူး။ နောက်မှ စျေးဖြတ်တာပေါ့ ။ခုလောလောဆယ် သုံးသိန်းယူသွားချည်။”

ဘာမှထပ်၍ပြိုင်မပြောချင်တော့သည်နှင့် ဦးလေးဖြစ်သူ ကမ်းပေးသည့် ငွေသုံးသိန်းထုတ်လေးကို ဆတ်ခနဲ ဆွဲယူပြီး ညို ချာခနဲလှည့်ထွက်ခဲ့သည်။
အပြင်မှာမိုးတွေသည်းနေဆဲ။ တဝေါဝေါရွာနေသည့် မိုးစက်တွေကြား ပိုက်ဆံထုပ်လေးကို ရင်ဝယ်ပိုက်ပြီး ညို အားပါးတရ ငိုလိုက်မိ၏။ တသက်လုံးထိန်းသိမ်းလာခဲ့သည့် အဖေ့ ရဲ့ ခြံကွက်လေးကို နှမြောလွန်းသဖြင့်ရင်ထဲတွင်မချိအောင်ခံစား နေရသည်။

အဖေသာ အဝေးတစ်နေရာက ညို့ကိုကြည့်နေပြီး အဖေ့ အမြတ်တနိုးနဲ့တန်ဖိုးထားခဲ့သည့် ခြံကိုရောင်းလိုက်သည့်အတွက် စိတ်ဆိုးနေရော့မလားတွေးရင်း ညို ကိုယ့်ကိုယ်ကို လိပ်ပြာမလုံတော့ပါ။ သမီးကို ခွင့်လွှတ်ပါအဖေရယ် လို့ တုန်ယင်နေတဲ့ နုတ်ခမ်းက ရေရွတ်မိသည်။

ထို့နောက် အိမ်ကိုအပြေးပြန်ပြီး အမေ့ကိုဆေးရုံပို့တော့ ဆရာ၀န်က အရောက်မြန်၍ သာအမေ့အားကယ်နိုင်သည်။ နောက်ကျလျှင်အသက်ဆုံရှုံးနိုင်သည်ဟု ညို့ ကိုပြောသည်။ထိုအခါမှ ညိုရင်အစုံကိုဖိ၍ တော်ပါသေးရဲ့ ဟု သက်ပြင်းချနိုင် ပြီး ညို ခြံလေးရောင်းလိုက်သည်မှာ မှန်သွားပြီဟုတွေးလိုက်မိသည်။

အမေ့အခြေအနေစိတ်ချရတဲ့အချိန်ရောက်တော့ ညို ရော ညီမလေးရော တပြုံးပြုံးနဲ့ ပီတိတွေဖြစ်ပြီး ရင်ထဲမှာအလိုလိုပျော်လို့…။ ဆေးအရှိန်နဲ့ အိမ်မော ကျနေသည့် အမေ့ရဲ့လက်ကလေးကို ကိုင်ကာခပ်တင်းတင်းဆုပ်ညစ်ရင်း ညို့ ရင်ထဲတွင်အတိုင်းမသိကြည်နုးလျက်ရှိသည်။ အမေ့အသက်ကို ကယ်နိုင်ခဲ့သည့် သူရဲကောင်းတစ်ယောက်လို ကိုယ့်ကိုယ်ကိုယ် အထင်ကြီးကာ အားပါးတရပြုံးရင်း အမေ ရှိနေရင်အရာရာ ရင်ဆိုင်ဖို့အသင့်ဖြစ်နေတဲ့ အမေ့ရဲ့သမီးကြီးပါလို့စိတ်ထဲကပြောမိသေး၏။ ထို့နောက် ရုတ်တရက် အဖေပြောခဲ့သည့်စကားက ညို့ နားထဲအစီအရီ၀င်လာသည်။

“သမီး…။ မိသားစုဆိုတာ ကံတူအကျိုးပေးပဲသမီး။ကမ္ဘာပေါ်မှာလူတွေအများကြီး ထဲမှာမှ တစ်မိသားစုတည်း လာဆုံရတာဟာ နည်းလှတဲရေစက်မှမဟုတ်တာ..။ မိသားစုဆိုတာ မရှိအတူ ၊ရှိအတူ အေးအတူပူအမျှပေါ့။ အဆင်မပြေတဲ့ အခါ ဝိုင်ပြီးဖြေရှင်းရတာဖြစ်သလို၊ အဆင်ပြေတဲ့အခါလည်း ဝိုင်း၀န်းခံစားရမယ်မဟုတ်လား။ မပြည့်စုံတဲ့ ဘ၀ အတွက်တော့ မိသားစုဆိုတာ အမြဲသာယာတယ်တော့မရှိပါဘူးသမီးရယ်…။ ငိုတစ်ခါရီတစ်လှည့် ၊ ပြုံးတဖန် မဲ့တဖုံနဲ့ ရသမျိုးစုံကခုန်ကြရတာ ပေါ့။ မိသားစုဆိုတာ ရသစုံတဲ့အိုအေစစ်ငယ်လေးပေါ့သမီးရယ်….။ ဒီရသတွေ ကို သမီးအဖေတို့နေရာရောက်တဲ့အချိန်ကျရင် ကောင်းကောင်းကြီးခံစားတတ်မှာပါ…။ ’’

စဉ်းစားရင်းညိုပြုံးမိသည်။မိသားစုဆိုတာ ရသစုံတဲ့အိုအေစစ်ငယ်လေးတဲ့လားအဖေရယ်…။ အဲဒီတုန်းက အဖေပြောခဲ့ စကားတွေကို ညို သိပ်နားမလည်ခဲ့ပေမဲ့ ခုတော့ ညိုကောင်းကောင်းကြီး ခံစားတတ်ပါပြီ။ အဖေ့ဆုံးပြီးနောက်ပိုင်း အခက်ခဲ တွေကြောင့် ညို ငိုခဲ့ရဖူးပြီ။ စိတ်ညစ်ခဲ့ရဖူးပြီ။ တခါတလေကျတော့ မောင်လေး နှင့် ညီမလေးကို ကြည်ပြီး ညို ကြည်နူးရသည်။ ပင်ပန်းပေမဲ့ အမေရှိတဲ့ ညို့တို့အိမ်လေးကိုပြန်ေ၇ာက်တိုင်း ညိုအမောပြေရသည်။ ညီမလေး ဆယ်တန်း အောင်တော့ ညိုအတိုင်းမသိပျော်ခဲ့ရသလို၊ ခုအမေ နေပြန်ကောင်းတဲ့အခါကျတော့လည်း ညိုပျော်ရပြန်သည်။

အခက်ခဲတွေကြားမှာ မိသားစုလေးရှိနေသေးတယ်ဆိုတဲ့အသိနဲ့ ညိုရှေ့ဆက်မယ့်ခရီးအတွက် အားဖြစ်ခဲ့ရသည်။ ပြန်စဉ်းစားကြည့်တိုင်း အဖေပြောသလို ညိုတို့မိသားစုလေးဟာ ညို့ အတွက်တော့ ပင်ပန်းဆင်းရဲမူတွေကြားမှာ အေးအေးချမ်းချမ်းတည်ရှိနေတဲ့ အိုအေစစ်ငယ်လေးပါပဲ။

အဖေကိုယ်တိုင် ပုံဖော်ဖန်တီးခဲ့တဲ့ ဒီအိုအေစစ်ငယ်လေးမှာ အဖေ့လို ရသစုံ ခံစားရင်း အပြုံးချိုချိုလေးပြုံးနိုင်ဖို့တော့ ညို အတော်လေးကြိုးစားယူရပါဦးမည်……….။

(လျှို့ဝှက်ဆန်းကြယ်မဂ္ဂဇင်း
တွက်ဖော်ပြပါရှိပြီးသော ဝတ္ထုဖြစ်ပါသည်။)

ချစ်ခြင်းများစွာဖြင့်…

ညီလေးငယ်