ရိုးဂုဏ်

Posted on

ရိုးဂုဏ်(စ/ဆုံး)
—————
ကျွန်တော့်အဘွားသည် ဆေးပေါ့လိပ် အလွန်ကြိုက်သူဖြစ်သည်။

သူသောက်လေ့ရှိသည့် ဆေးပေါ့လိပ်ကလည်း တစ်ခေတ်က ပဲခူးတွင် နာမည်ကျော်သည့် ပူစီဆေးပေါ့လိပ်ဖြစ် သည်။ ထိုဆေးလိပ်ကို တန်းစီတိုးရသည့် ခေတ်တစ်ခေတ် ရှိခဲ့ဖူးပါသည်။

ပူစီဆေးလိပ်ခုံသည် ဇိုင်းဂနိုင်းမြောက်ပိုင်း ၅ လမ်းထိပ်တွင်ရှိသည်။

“မြေးလေးရေ … အဘွားကို ဆေးလိပ်သွားဝယ်ပေးစမ်း”

တစ်နေ့တွက် အဘွားက ကျွန်တော့်ကို ဆေးလိပ်ဝယ်ခိုင်းသည်။ အဘွားသောက်လေ့ရှိသည် ဆေးလိပ်တွေက အကြီးကြီးတွေဖြစ်သည်။ တစ်လိပ် တစ်မတ်တန်သည်။ အဘွားက ကျွန်တော့်ကို ကျပ်ပြားတစ်စေ့ ထုတ်ပေးသည်။ ဆေးလိပ် လေးလိပ်ဝယ်ခိုင်းခြင်းဖြစ်သည်။

ထိုစဉ်က ကျွန်တော်သည် စက်ဘီးစီးတတ်ခါစ လမ်းအလွန်များချင်သူဖြစ်သည်။ အဘွားပေးသည့် ကျပ်စေ့ကို ယူပြီး လမ်းထိပ်ဆိုင်တွင်မဝယ်၊ ဇိုင်းဂနိုင်းမြောက်ပိုင်းကို စက်ဘီးဖြင့် သွားဝယ်သည်။ သွားဝယ်ရသည့် အကြောင်းကလည်း ရှိသည်။ ဆေးလိပ်ခုံတွင် သွားဝယ်လျှင် တစ်ကျပ်ဖိုး လေးလိပ်ဆိုသော်လည်း ၁၀ ပြားလျှော့ပေးသည်။

ကျွန်တော်က ဇိုင်းဂနိုင်းတောင်ပိုင်းမှ မြောက်ပိုင်းကို ၃ လမ်းဘက်ကဆင်း၊ ဘူတာလမ်းကိုပတ်၊ ပြီးမှ ၅ လမ်း ထိပ်ရှိ ဆေးလိပ်ခုံတွင် သွားဝယ်သည်။ ၁၀ ပြားလျှော့ရသည်။

ကျွန်တော်က အိမ်ပြန်ရောက်သော အဘွားကို ဆေးလိပ် ၄ လိပ်နှင့် ပိုငွေ ၁၀ ပြားပြန်ပေးသည်။ အဘွားက

“ဘာဖြစ်လို့ ၁၀ ပြားပြန်ပေးရတာလဲ”

“ဆေးလိပ်ခုံကသွားဝယ်တော့ ၁၀ ပြားလျှော့ပေးလိုက်တယ်လေ”

“မုန့်ဝယ်စားခဲ့ရောပေါ့”

“မစားချင်ပါဘူး … အဲဒီလို လုပ်လိုက်ရင် အဘွားဆီက ပိုက်ဆံ ၁၀ ပြားခိုးသလို ဖြစ်သွားမှာပေါ့”

“ဒါမှ ငါ့မြေး”

အဘွားက ကျွန်တော့်ကို သူ့ချွေးခံအင်္ကျီအိတ်လေးထဲက တစ်မတ်စေ့တစ်စေ့ ထုတ်ပေးပြီး

“ရော့ … မုန့်သွားဝယ်စား” ဟု ဆိုသည်။

ကျွန်တော် ပျော်သွားသည်။ ငွေတစ်မတ်ရလျှင် နေ့ခင်းပွဲ ရုပ်ရှင်သွားကြည့်နိုင်မည်။

“ငါ့မြေးက တော်တယ် … အဘွားက ရိုးသားတာကို ကြိုက်တာ။ အဘွားမသိအောင်ယူရင် သား ၁၀ ပြားပဲ ရမှာ။ အဘွားကို အဲဒီလို ပွင့်ပွင့်လင်းလင်းပြောတော့ တစ်မတ်ရတာပေါ့”

“အဖေက လိမ်တာမကြိုက်ဘူး”

“အေး မင်းအဖေကို မလိမ်အောင် အဘွားပဲ သင်ခဲ့တာလေ။ မင်းအဖေအကြောင်း ပြောရဦးမယ်”

“အဖေက ဘာဖြစ်လို့လဲ”

“ငါတို့ ကြေးနီကန်မှာ နေတုန်းကပေါ့။ မင်းအဖေက အငယ်လည်းအငယ် အိမ်မှာ အလုပ်တွေ အများကြီး လုပ်ရတယ်။ တစ်နေ့တော့ အဘွားက မင်းအဖေကို ရွာလယ်က အိမ်တစ်အိမ်မှာ မှို့တွေသွားဝယ်ခိုင်း လိုက်တယ်။ အဲဒီအိမ်မှာက မှို့ပင်တွေစိုက်ပြီး မှို့ရောင်းစားတာ။ မင်းအဖေက မှို့တွေကိုသွားဝယ်တာ မှို့ရောင်းတဲ့ အိမ်က တောင်းလိုက်ကြီး ပေးလိုက်လို့ မင်းအဖေက တောင်းကြီးထမ်းပြီး ပြန်လာတယ်။ ဒါနဲ့ ငါ့မြေးကို မေးမယ် ဖြေကြည့်စမ်း”

“ဟုတ်ကဲ့”

“မှို့တစ်ပိသာနဲ့ ခဲတစ်ပိသာ ဘယ်ဟာက ပိုလေးသလဲကွယ်”

“အဘွားကလည်း ခဲတစ်ပိသာက ပိုလေးတာပေါ့”

“ဟုတ်လို့လား”

“ဟုတ်တယ်လေ ခဲက ပိုလေးတာ မဟုတ်လား”

“ဟင်း … ဟင်း … မင်းလည်း ငအလေးပဲ။ တစ်ပိသာချင်းအတူတူ ဘယ်ဟာက ပိုလေးမှာလဲကွယ့်”

အဘွားပြောသည်ကို သဘောမပေါက်။ နောက်မှ သဘောပေါက်တော့သည်။ အဘွားက အဖေ့အကြောင်း ဆက်ပြောသည်။

မင်းအဖေက အိမ်လည်းရောက်ရော သူထမ်းလာတဲ့ တောင်းကြီးကို အဘွားရှေ့မှာ လာချပြီး

“အမေ …တောင်းက သွားပြန်ပေးရမှာ” လို့ပြောတယ်။

“အဘွားကလည်း မှို့တွေကို ပုံခိုင်းလိုက်တာပေါ့။ မင်းအဖေက မှို့တွေကို သွန်ချလိုက်တော့ မှို့တောင်းထဲက ဘာတွေ ထွက်လာတယ်ထင်သလဲ”

“သားက ဘယ်သိမှာလဲ အဘွားရယ်”

“ဂျော့ခေါင်းနဲ့ ငွေဒင်္ဂါး ၅ ပြားကျလာတယ်”

“အဖေက ဘယ်ကရလာတာလဲ”

“မင်းအဖေလည်း မသိဘူးကွယ့်။ အဲဒါ မှို့ရောင်းတဲ့ အိမ်ရှင်မိန်းမက သူ့ယောက်ျား တောင်းထဲမှာ ငွေဒင်္ဂါးတွေ ဝှက်ထားတာ မသိဘဲ တောင်းလိုက်ရောင်းလိုက်တာ”

“ဟာ အဖေတော့ ပွတာပဲ”

“မင်းအဖေ ဘာလုပ်တယ် ထင်သလဲ။ အဲဒီ ငွေဒင်္ဂါး ၅ ပြားကိုယူပြီးတော့ မှို့ရောင်းတဲ့ အိမ်ကို သွားပြန်ပေးတာ”

အဘွားက သူ့စကားကို ထိုနေရာတွင် အဆုံးသတ်လိုက်သည်။

ကျွန်တော်က ညနေထမင်းဝိုင်းတွင် အဘွားစကားကိုဆက်ပြီး အဖေ့ကို မေးကြည့်မိသည်။

“အဖေ အဲဒီတုန်းက ဘာဖြစ်လို့ ငွေဒင်္ဂါးပြားတွေကို သွားပြန်ပေးတာလဲ”

“ကိုယ့်ပိုက်ဆံတွေမှ မဟုတ်တာကွာ။ သွားပြန်ပေးရမှာပေါ့”

“အဖေသွားပြန်ပေးတော့ မှို့ရောင်းတဲ့သူတွေက မအံ့ဩသွားဘူးလား”

“အံ့ဩတာပေါ့။ အံ့ဩတဲ့အပြင် အဖေ့ကိုတောင် တစ်ပြားယူသွားဆိုပြီး ပေးသေးတယ်”

“အဖေယူခဲ့သလား”

“အဖေက မယူခဲ့ပါဘူး။ ကျွန်တော် ရပြီးပြီလို့ ပြောလိုက်တာပေါ့”

“ဟင် … အဖေက ဘယ်နှစ်ပြားတောင် ယူလို့ ရတယ်လို့ ပြောတာလဲ”

“အဖေရတာက ပိုက်ဆံ မဟုတ်ဘူးကွ … ရိုးသားတယ်ဆိုတဲ့ ဂုဏ်ကို ရခဲ့တာ။ ဒီကောင်လေး ရိုးသားတယ် ဆိုပြီးတော့ အဖေ့အပေါ် ယုံကြည်သွားတဲ့ ယုံကြည်မှုကိုရခဲ့တာ။ အဲဒီလို ယုံကြည်တာကြောင့်လည်း အဖေ့ကို ဈေးမှာ ဈေးရောင်းနိုင်အောင် အရင်းအနှီးထုတ်ပေးတာပေါ့။ ပိုက်ဆံချေးတာကိုပြောတာ။ အတိုးတစ်ပြားမှကို မယူဘူး”

ထိုနေ့က အဖေသည် သူ့အကြောင်း ပြန်ပြောရင်း မျက်နှာတွင်ဖြစ်နေသည့် ပီတိကို ကျွန်တော် ယနေ့တိုင် မမေ့။ ရိုးသားမှုဆိုသည်မှာ စိတ်ကိုသာမက မျက်နှာကိုပါ ကြည်လင်ဝင်းပနေစေသည်။

#တင်ညွန့်

၁.၉.၂၀၂၃