ရေသူမသရဲ

Posted on

ရေသူမသရဲ(စ/ဆုံး)

——————-

တစ်နေ့သ၌… အသက် လေးဆယ်အရွယ်ရှိလူတစ်ဦးသည် အတော်အသင့် သေးငယ်သည့်သဘောင်္လေးပေါ်တွင် တစ်ယောက်တည်းအလုပ်ရှုပ်နေလေ၏။

ရိက္ခာ၊ ဆေးဝါး၊ စက်သုံးဆီ စသည်တို့အား သေချာစစ်ဆေး၍တင်ဆောင်ပြီး ခရီးထွက်ရန်ပြင်ဆင်နေလေ၏။ ထိုအချိန်…

“ဖေဖေ …”

နောက်ကျေဘက် တစ်နေရာမှ အသံကြားလိုက်သဖြင့် လှည့်ကြည့်လိုက်လေ၏။

“သြော်…လာငါ့သား ပစ္စည်းတွေအစုံပါပြီလား”

“ဟုတ်…ဖေဖေ့အဝတ်အစားတွေရော အကုန်ထည့်လာတယ်”

“အေး အေး ဒီတစ်ခေါက်က နည်းနည်းကြာမယ်နော် …တစ်လလောက်ပေါ့…”

“ဖေဖေ သားလည်းလိုက်ချင်တယ်”

ထိုအခါ…အသက်လေးဆယ်အရွယ်ရှိ လူကြီးက သက်ပြင်းချရင်း…

“ဟူး…ဒီမှာ သား၊ ဖေဖေပြောပြမယ် သေချာနားထောင်၊ ဖေဖေလေ ဟိုးအရှေ့က ကျွန်းအနားအဝိုက်မှာ ကမာတွေအများကြီးနေတဲ့ တွင်းတစ်တွင်းတွေ့ထားတယ်…အဲ့နေရာကို အခြားဘယ်သူမှမတွေ့သေးဘူး

အဲ့ဒီ့ထဲက ပုလဲအများကြီးရရင် ဖေဖေတို့ဒီမှာမနေတော့ပဲ မြို့ကြီးပြကြီးမှာ အေးအေးဆေးဆေးသွားနေတော့မယ်…
အဲ့ဒါ့ကြောင့် သားက ဂျီမကျပဲ ဖေဖေပြန်လာတဲ့အချိန်ထိစောင့်နေ…နော်”

“တကယ်နော် ဖေဖေ ဒီတစ်ခေါက်ပြန်လာရင် သာတို့မြို့မှာသွားနေမှာနော်”

“ဒါပေါ့ ငါ့သားရ … ကဲ ဖေဖေသွားပြီ…အခြားလူတွေမမြင်ခင် စောစောလေးသွားမှဖြစ်မယ်…တစ်ကယ်လို့ တစ်စုံတစ်ယောက်ကသားဆီကိုလာမေးရင် ပုလဲသွားငုပ်တယ်လို့ မပြောနဲ့နော်”

“ဟုတ်ကဲ့ပါ ဖေဖေ စိတ်ချပါ ”

“အေးအေး ဒါဆို ဖေဖေသွားပြီ ကျန်းမာရေးဂရုစိုက်နော်”

“ဟုတ် ဖေဖေ”

ဤသို့ဖြင့် သဘောင်္တစ်စီးသည် ပင်လယ်ထဲသို့ နံနက်စောစောစီးစီး၌ ခရီးနှင်သွားလေတော့သည်။ ကမ်းစပ်တစ်နေရာမှာထိုင်၍ ထွက်သွားသည့်သဘောင်္လေးကို ကြည့်ရင်း မျက်ရည်လေးများဝဲလာနေသူမှာ တိုရီဟု အမည်ရှိသည့် ကောင်လေးတစ်ယောက်ပင်။

သူသည် ဆံပင်က မွေးကတည်းက ရွှေအိုရောင်သမ်းနေသည်။ မျက်လုံး၊ မျက်စံလေးတွေကလည်း ပြာလဲ့ပြီးဝိုင်းစက်နေ၏။ အသားကဖြူဖြူ၊ အရပ်ကရှည်ရှည်နှင့် ယောကျာ်းပီသ၍ အသက်နှင့်မလိုက်အောင်ပင် တောင့်တောင့်တင်းတင်းခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည့်
လူငယ်တစ်ဦးဖြစ်သည်။

တိုရီသည် မွေးလာကတည်းက သူ၏အဖေဖြစ်သူ တစ်ယောက်တည်းကိုသာသိသည်။ သူ၏အမေ နှင့် ဆွေးမျိုးများအား တစ်ယောက်မှမသိပေ။ တိုရီက ထိုအကြောင်းသိချင်သဖြင့်မေးလိုက်လျှင် တိုရီအဖေက “မင်းကိုငါ ငယ်ငယ်လေးကတည်းက စောင့်ရှောက်လာတာ မင်းအတွက်ငါရှိရင်ရပြီ၊ အခြားသူမလိုဘူး” ဟုသာ ပြန်ပြောလွှတ်နေသဖြင့် တိုရီလည်း ဆက်မမေးတော့ပဲ လက်လျှော့ထားရလေသည်။

တိုရီသည် တစ်ဦးတည်းသော သားတစ်ယောက်ဖြစ်သလို သူ့အိမ်ပတ်ဝန်းကျင်၌လည်း၊ အပေါင်းအသင်းမရှိပေ။ အကြောင်းမှာသူ့အဖေဖြစ်သူ စတီဗင်က လူသူနှင့်ဝေးသည့် ကမ်းခြေတစ်နေရာ၌ ထားထားခြင်းကြောင့်ဖြစ်သည်။

တိုရီ၏ အဖေဖြစ်သူ စတီဗင်ကလည်းသူနှင့်လုပ်ဖော်ကိုင်ဘက် တံငါသည်နှစ်ယောက်မှလွဲ၍ မည်သူနှင့်မျှအပေါင်းအသင်းမလုပ်ချေ။ တချို့လူတွေဆို စတီဗင်နှင့်တိုရီတို့သားအဖအား လူထူးလူဆန်း၊ စုန်း၊ ကဝေ ဟူ၍တောင် သတ်မှတ်ထားကြလေသည်။

တိုရီသည် ကမ်းစပ်တစ်နေရာ၌ထိုင်ကာ ပင်လယ်သမုဒ္ဒရာထဲထိ သဘောင်္ငယ်လေးတစ်စင်းဖြင့် ခရီးနှင်သွားသည့် အဖေဖြစ်သူစတီဗင်အား ငေးကြည့်နေရင်းနှင့်ပင် အလွန်ဝေးကွာလာသဖြင့် မြင်ကွင်းမှပျောက်ကွယ်သွားလေသည်။

တိုရီသည် စတီဗင်နှင့်ယခုလိုခွဲခွာရသည်ကို စိတ်မကောင်းဖြစ်နေသည်။ အဘယ့်ကြောင့်ဆိုသော် စတီဗင်က အချိန်အားဖြင့်တစ်လတောင်ကြာမည် ဖြစ်သောကြောင့်ပင်။

ထို့နောက် တိုရီသည် ထိုင်နေရာမှထကာ အိမ်သို့မပြန်သေးပဲ တစ်နေရာသို့ဦးတည်၍ပြေးသွားလေသည်။ သူရည်ရွယ်ထားသည့်နေရာသို့ ရောက်သော် တစ်ခုခုကိုအတင်း မွှေနှောက်လိုက်ရှာနေလေ၏။ ထိုအချိန်…

“ဟေ့ရောင်…သူတောင်းစား”

“မင်းကို ဒီဘက်မလာနဲ့လို့ပြောထားတယ်မလား”

“ငါက ဘာဖြစ်နေလို့လဲ”

“ဘာဖြစ်နေလို့လဲ ဟုတ်လား… ဟား ဟား ဟား မင်းကိုယ်မင်လည်း မှန်နဲ့ပြန်ကြည့်ဦး မင်းပုံစံက ငါတို့လိုလူနဲ့မတူပဲ ကွဲထွက်နေတဲ့ မျိုးမစစ်ကောင်ဖြစ်နေလို့ ဟား ဟား ဟား ”

ထိုအချိန် တိုရီသည် လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်၍ အံကြိတ်ထားလေသည်။

“ဟာ…ဘာလဲဟ မင်းကငါ့ကိုထိုးမလို့လား…လာလေ … ထိုးစမ်းပါ”

“ငါ ပြဿနာမဖြစ်ချင်ဘူး…ငါလိုအပ်တဲ့ဟာလေး ယူပြီးရင်သွားပါ့မယ်”

“အေး မျိုးမစစ်ကောင် မြန်မြန်ရှာပြီး မြန်မြန်သွား…ကြားလား… ပြီးတော့ မင်းကဒီနေရာနဲ့ပဲတန်တယ်…

ဒီနေရာကလွဲပြီး အခြားနေရာကိုမလာနဲ့ လာရင်ငါ့အကြောင်းကောင်းကောင်းသိစေရ
မယ်…ကြားလား… ဖြောင်း! ဖြောင်း! ”

ရပ်ကွက်ထဲရှိ လူတစ်စုက တိုရီအား စကားပြော၊ ရန်စပြီး ပါးနှစ်ချက်ရိုက်ကာ ထွက်သွားလေ၏။ တိုရီကတော့ ပြန်၍ခုခံချင်သော်လည်း တစ်ရပ်ကွက်လုံးက တိုရီတို့အား ကြည့်မရဖြစ်နေတာကြောင့် သည်းခံနေလေသည်။ ထို့အပြင် စတီဗင်က တိုရီအား အိမ်မှာသာနေခိုင်းပြီး မည်သည့်နေရာကိုမှ မသွားခိုင်းပေ။ ယခုကဲ့သို့ ခိုး၍လာခြင်းကို စတီဗင်သာသိသွားလျှင် စိတ်ဆိုးမည်ဖြစ်သောကြောင့်လည်း သည်းခံပြီးရင်းသာ သည်းခံနေတော့သည်။

ထို့နောက်တိုရီသည် တစ်စုံတစ်ခုအားဆက်လက်ရှာဖွေနေပြန်
သည်။ ခဏကြာတော့ တိုရီရှာနေသည့် ပစ္စည်းအား တွေ့ရှိသွားလေပြီ။ အမှိုက်ပုံထဲမှ ဟောင်းနွမ်းစုတ်ချာနေသည့် စာအုပ်လေးတစ်အုပ်ပင်။ ထို့နောက် ဘောပင်တစ်ချောင်းလည်းတွေ့ရှိသွားသဖြင့် အားရဝမ်းသာဖြစ်ကာ ရပ်ကွက်အမှိုက်ပုံမှ သူ၏အိမ်သို့ပြေးထွက်လာတော့လေ၏။

တိုရီသည် အိမ်သို့ရောက်သော်… အမှိုက်ပုံမှယူလာသည့် စာအုပ်ကလေးအားထိုင်ဖတ်နေတော့သည်။ တိုရီသည် ငယ်စဉ်ကတည်းက အတန်းပညာမသင်ရသော်လည်း စာကောင်းကောင်းရေးတတ်၊ ဖတ်တတ်ကာ ယခုအသက် ၁၅ နှစ်အရွယ်မှာပင် ဘာသာစကား ၅မျိုးအထိ ပြောတတ်နေလေပြီ။ ထိုကိစ္စများအားလုံးကို စတီဗင်တစ်ယောက်တော့ လုံးဝမသိပေ။

တိုရီသည် ထိုကဲ့သို့ ရပ်ကွက်ထဲရှိအမှိုက်ပုံမှ စာအုပ်ကလေးများသွားယူကာ ဖတ်လိုက်၊ တစ်ခါတလေ ပန်းချီလေးများဆွဲလိုက်ဖြင့် အချိန်တွေကုန်ကာ တစ်လဆိုသည့်ရက်ပေါင်းသုံးဆယ်အား ကျော်လွန်လာခဲ့လေသည်။

တိုရီသည် ဖတ်ပြီးသားစာအုပ်များကို စွန့်ပစ်ဖျက်ဆီး၍ စတီဗင်ပြန်အလာကို စောင့်နေလေ၏။ တိုရီသည် မနက်တစ်ကြီမ်၊ ညနေတစ်ချိန် ကမ်းစပ်သို့သွားကာ စတီဗင်အားစောင့်မျှော်နေလေ၏။ သို့သော် စတီဗင်ကပေါ်မလာပေ။

စတီဗင် အိမ်မှထွက်ခွာသွားပြီး နှစ်လမြောက်သည့်နေတစ်နေ့၌…။

တိုရီသည် မနက်စောစောကတည်းက စက်လှေအသေးလေးတစ်ပေါ်သို့ စားစရာ စည်သွပ်ဘူးများ၊ သောက်ရေပုံး၊ အဝတ်အစားနှစ်စုံ၊ သုံးစုံလောက် ထည့်ကာ စတီဗင်အားလိုက်ရှာရန်အတွက် ပြင်ဆင်တော့လေသည်။ ထိုစက်လှေကလေးသည်
စတီဗင်ကပုံမှန်ငါးဖမ်းရာတွင်သုံးသည့် စက်လှေဖြစ်ပေသည်။

တိုရီသည် စက်လှေကို တစ်ခါမျှမမောင်းဖူးသလို စတီဗင်က ဘယ်ကိုသွားသလဲ ဆိုသည်ကိုပါ မသိသဖြင့် အခက်ကြုံနေလေ၏။ သို့သော် စတီဗင်ကပြောခဲ့ထားသည့် “ဟိုးအရှေ့က ကျွန်းအနားတဝိုက်မှာ ကမာတွင်းကြီးတွေ့ထားတယ်”ဟူသော စကားကို ပြန်သတိရလာသဖြင့် ကျွန်းတစ်ကျွန်းအား အရင်ရှာဖွေရန်အတွက် ပင်လယ်သမုဒ္ဒရာထဲသို့ စတင်ထွက်ခွာလာတော့သည်။

သမုဒ္ဒရာထဲသ်ို့ အတန်ငယ်ခရီးနှင်ပြီးနောက် တိုရီသည် လှေဦးထပ်မှနေ၍ အဝေးကြည့်မှန်ပြောင်းဖြင့် တစ်ချက်ကြည့်လိုက်လေသည်။ သို့သော် ရေပြင်ကလွဲ၍ မည်သည့်အရာမှမတွေ့ပေ။

ဤသို့ဖြင့် မရေရာမသေချာပဲ ခရီးဆက်ခဲ့ပြီးနောက် တဖြည်းဖြည်းနှင့် နေမင်း၏အလင်းရောင်ခြည် အားနွဲ့လာကာ ညနေစောင်းအချိန်သို့ရောက်လာလေသည်။

မှောင်ရီပျိုးလာသလို အအေးဓာတ်ကလည်း ပိုတိုးလာလေသည်။ တိုရီသည် အသင့်ပါလာသည့် ဂျာကင်အထူကြီးတစ်ထည်ဝတ်ကာ ငါးသေတ္တာဗူးအား ဖောက်ထားရင်း စက်လှေ၏ခေါ်ဆောင်မှုနှင့်အတူ ဆက်လက်လိုက်ပါလာလေသည်။ ထိုအချိန်ထိ မည်သည့်ကျွန်းမှမတွေ့သေးပေ။

တိုရီသည် ဥာဉ့်နက်လာသည်နှင့်တစ်ပြိုင်နက် တစ်နေကုန် သမုဒ္ဒရာကြီးအား ဖြတ်သန်းလာရသဖြင့် တဖြည်းဖြည်းပင်ပန်းလာပြီး စောင်ကလေးခြုံကာ စက်လှေပေါ်မှာတင် မထင်မှတ်ထားပဲ အိပ်ပျော်သွားလေသည်။

ခဏကြာတော့… တိုရီစီးနှင်းလိုက်ပါလာသည့် စက်လှေမှာ တဖြည်းဖြည်းနှင့်လက်ယာဘက်သို့ ဦးတည်သွားလေသည်။ ထိုသို့လမ်းကြောင်းလွဲသွားသည်ကို တိုရီကတော့ မသိချေ။

မနက်အလင်းသို့ ရောက်သော် တိုရီတစ်ယောက်နိုးလာလေ၏။ ထုံးစံအတိုင်း ပါလာသည့် စည်သွပ်ဗူးလေးတစ်ဗူးကို ဖောက်ထားရင်း ဟိုဘက်ကြည့်၊ ဒီကြည့်ကြည့်နေလေသည်။ မျက်စိတစ်ဆုံး ရေပြင်ကြီးမှလွဲ၍ မည်သည့်အရာမှမတွေ့ရပေ။

ဤသို့ဖြင့် ညနေပိုင်း နေဝင်ခါစအချိန်လောက်တွင် တိုရီသည် အဝေးကြည့်မှန်ပြောင်းဖြင့် အရှေ့စူးစူးသို့ လှမ်းကြည့်လိုက်လေသည်။ ထို့နောက် တိုရီအလွန်ဝမ်းသာသွားသည်။ မသဲမကွဲဖြင့် မြင်နေရသည့် အရာမှာ ကျွန်လေးတစ်ကျွန်းဖြစ်သည်။ အတော်တော့ ဝေးနေသေးသည်။
သို့သော် ကျွန်းကိုမြင်ရပြီမို့ တိုရီတစ်ယောက်ပျော်ရွှင်နေလေ၏။ ထိုကျွန်းသည် မြေပုံ၌မပါသည်ကိုတော့ တိုရီ သတိမပြုမိလိုက်ပေ။

တဖြည်းဖြည်းနှင့် စက်လှေကလေးမှာ ကျွန်း၏ကမ်းစပ်အနားသို့ ရောက်လာလေ၏။ ပတ်ဝန်းကျင်တွင်လည်း အမှောင်ထုက ပိတ်ဖုံးထားလေသည်။ ထိုအချိန်…

“ဒုန်း!” “အား!”

တိုရီ၏ စက်လှေငယ်ကလေးအား ကြီးမားသည့် ငါးမန်းတစ်ကောင်က ပြေးဆောင့်လိုက်ခြင်းပင်ဖြစ်သည်။ ငါးမန်းကအရှိန်ဖြင့်ပြေးတိုက်လိုက်သဖြင့် လှေကလေးမှာ တစ်ခြမ်းစောင်းသွားပြီး တိုရီလည်းရေထဲပြုတ်ကျသွားတော့သည်။ ထို့နောက်တိုရီက ကမ်းခြေသို့ဦးတည်၍ အလျင်အမြန်ကူးခတ်နေသည့်အချိန်တွင် ငါးမန်းကနောက်မှလိုက်လာကာ တိုရီ၏ခြေထောက်အား ကိုက်မိတော့မည့်အချိန်၌

“ဝုန်း!”

အခြားငါးမန်းတစ်ကောင်က တိုရီ၏အနောက်သို့လိုက်နေသည့် ငါးမန်းအား အရှိန်ဖြင့်ပြေးဆောင့်လိုက်သည်။ ထို့နောက် ငါးမန်နှစ်ကောင်သည် ရေအောက်ကြမ်းပြင်အထိ ဆင်းသွားပြီး…

“တော်ပြီလေ…ဒီလောက်ဆိုရပြီ”

“အေးပါ…အဲ့တာဆို ငါတို့အရှင်မကို အကြောင်းကြားထားလိုက်တော့မယ်”

ထို့နောက်တိုရီသည် ကမ်းစပ်ဆီသို့ရောက်လာလေသည်။ အနောက်သို့လှည့်ကြည့်လိုက်သည့်အခါ ငါးမန်းများကို မတွေ့ရတော့သဖြင့် စိတ်ချလက်ချဖြစ်သွား သဲသောင်ပြင်ပေါ်တွင် လှဲချလိုက်ပြီး အမောဖြေနေသည်။ ထိုအချိန် စက်လှေအပေါ်မှ ပစ္စည်းအချို့က လှိုင်းပုတ်မှုကြောင့် ကမ်းစပ်ဆီသို့ရောက်လာလေသည်။

တဖြည်းဖြည်းနှင့် မှောင်လာသဖြင့် တိုရီသည် မီးထွန်းရန်အတွက် ပြင်ဆင်တော့လေသည်။ ကံကောင်းထောက်မစွာဖြင့် စက်လှေအတွက်သုံးသည့် ဓာတ်ဆီအား တွေ့ရှိသွားလေသည်။ တိုရီသည် ထိုဆီအတွင်းသို့ အဝတ်စတစ်စ ထည့်စိမ်လိုက်ပြီးနောက် တုတ်တစ်ချောင်း၏ထိပ်တွင် ပတ်လိုက်လေသည်။ ပြီးနောက် အနီးအနားရှိ ကျောက်တုံးနှစ်တုံးအား ပွတ်တိုက်၍ နည်းလမ်းမျိုးစုံသုံးကာ မီးရရှိအောင်ကြိးစားတော့လေသည်။
ခဏကြာတော့ မီးစထွက်လာပြီး ဓာတ်ဆီစွတ်ထားသည့် အဝတ်စအား မီးစွဲသွားလေသည်။

ထိုအချိန် ဗိုက်ကလည်း ဆာလောင်နေသဖြင့် မီးတုတ်ကလေးကိုင်ကာ ကျွန်းပေါ်ရှိ တောအုပ်ကလေးဆီသို့ လမ်းလျှောက်ခဲ့လေသည်။ အချိန်အတော်ကြာ လမ်းလျှောက်ပြီးနောက် တောအတွင်းတွင် ကျောက်ဂူကြီးတစ်ဂူအား တွေ့ရှိသွားလေတော့သည်။

တိုရီသည် “ဒီဂူထဲမှာ ငါ့အဖေရှိနေမလား”ဟုတွေးပြီး ထိုဂူထဲသို့ ဝင်ကြည့်လိုက်လေသည်။ ဂူ၏ကြမ်းပြင်တွင် စမ်းချောင်းကလေးက စီးဆင်းနေသည်။ ဂူထဲ၌ ကြီးမားသည့်လင်းနို့များက တွဲလောင်းခိုလျက်ရှိနေကြသည်။ ကျောက်ဆက်၊ ပန်းဆွဲများဖြင့် သဘာဝအတိုင်းလှပနေ၏။

တိုရီသည် အချိန်အတော်ကြာလျှောက်ကြည့်ပြီးနောက်တွင် ဂူအဆုံးသို့ရောက်သွားလေသည်။ ထိုနေရာ၌ ရေအိုင်အကြီးကြီးတစ်အိုင်ရှိနေပြီး သမုဒ္ဒရာကြမ်းပြင်နှင့် တစ်ဆက်တည်းဖြစ်လေသည်။ ထိုရေအိုင်ကြီး၏အပေါ်တွင် လူတစ်ကိုယ်စာ အပေါက်လေးတစ်ပေါက်ရှိနေသည်။

တိုရီသည် လမ်းဆုံးသွားသဖြင့် စိတ်ပျက်ကာ နောက်ကြောင်းသို့ ပြန်လှည့်လာခဲ့လေသည်။ တစ်နေရာရောက်တော့ ဂူထဲ စဝင်ဝင်ချင်းတုန်းက သတိမပြုမိလိုက်သည့် ဂူနံရံ၌ လှိုဏ်ခေါင်းအသေးလေးတစ်ခုအားမြင်တွေ့လိုက်ရသည်။

တိုရီသည် ထိုလှိုဏ်ခေါင်းမှ အတွင်းသို့ချောင်းကြည့်လေသည်။ မသဲမကွဲဖြစ်နေသော်လည်း အတွင်း၌ လူရှိနေသည်ဟုထင်မိသောကြောင့် တိုရီက အသံပေးလိုက်လေ၏။

“အထဲမှာလူရှိလား”

“ကျွန်တော်လမ်းပျောက်နေပြီး၊ ဗိုက်တွေလဲဆာနေလို့ပါ”

“ဒီအထဲမှာ လူရှိနေလားဗျ”

လှိုဏ်ဂူအတွင်းမှ မည်သည့်တုန့်ပြန်မှုမှ မရှိသဖြင့် တိုရီသည် စိတ်လျော့လိုက်လေသည်။ ထိုအချိန်…

“တောက်…တောက်….တောက်..
.တောက်…”

လှိုဏ်ဂူအသေးလေးအတွင်းမှ ပစ်ထုတ်လိုက်သည့် ကျောက်ခဲတုံးလေးတစ်တုံးက ကျောက်ဂူကြီး၏ ကြမ်းပြင်ပေါ်တွင် လိမ့်သွားလေသည်။ တိုရီသည်ထိုကျောက်တုံးလေးအားကောက်ယူလိုက်သောအခါ ကျောက်တုံးပေါ်တွင် “ပြေးတော့” ဟူသောစာသားကို သွေးဖြင့်ရေးထားသည်ကို တွေ့လိုက်ရသည်။

ထို့နောက် တိုရီသည် ထိုကျောက်တုံးလေးအားကိုင်၍ လှိုဏ်ဂူလေးအနားသို့သွားပြီး…

“အထဲမှာ လူရှိနေတာလား… မင်္ဂလာပါ၊ ကျွန်တော့်နာမည် တိုရီပါ”

အတန်ကြာအောင် မည်သည့်တုန့်ပြန်မှုမှ မရှိပဲ ခဏကြာမှ လှိုဏ်ဂူလေးအတွင်းမှ ကျောက်တုံးလေးတစ်လုံး ထပ်မံထွက်လာပြန်သည်။ ထိုကျောက်တုန်းလေးပေါ်တွင် ရေးထားသည့်စာမှာ…

“ဘာလို့လိုက်လာတာလဲကွာ…အိမ်မှာနေလို့ပြောခဲ့တဲ့ဟာကို”

တိုရီသည် ကျောက်တုံးပေါ်မှစာကိုဖတ်ပြီးနောက် ရင်ထဲတွင် စူးခနဲဖြစ်သွားလေသည်။

“အဖေ…အဖေ…ဘယ်လိုဖြစ်တာလဲ အဖေရယ် သားလာကယ်မယ်…ခဏစောင့်နော် ခဏ”

ထိုအချိန် ကျောက်တုံးတစ်တုံးက ထပ်မံ၍ လှိုဏ်ဂူလေးထဲမှထွက်လာလေသည်။

“သား…အဖေက မကြာခင်သေတော့မှာ
သားအခုသိထားရမှာက အခုရောက်နေတဲ့နေရာက လူတွေနေတဲ့နေရာမဟုတ်ဘူး ”

“တောက် တောက် တောက် တောက်”
လှိုဏ်ဂူထဲမှ လှမ်းပစ်လိုက်သည့်နောက်ထပ် ကျောက်တုံးတစ်တုံးက ကြမ်းပြင်ပေါ်တွင်လိမ့်သွားလေ၏။

“သားအသက်မသေချင်ရင် ဒီဂူရဲ့အပေါ်အထိတက်သွား…တစ်ညလုံး ပြန်မဆင်းနဲ့ မနက်နေထွက်မှဆင်းလာခဲ့ သွား…သွားတော့…”

“အဖေ … အဖေရယ်…”

တိုရီသည် စတီဗင်အတွက် ဝမ်းနည်းကြေကွဲစွာဖြင့် အော်ဟစ်ငိုကြွေးနေစဉ် ဂူ၏အဆုံးရှိ ရေကန်ကြီးထဲမှ ရေလုံးကြီးများက အပေါ်သို့တက်လာလေသည်။

“ဗွမ်း!”

ထို့နောက် တိုရီသည် လက်ထဲရှိ မီးတုတ်ကလည်း မီးစာကုန်ကာ မီး
ငြိမ်းသွားသောကြောင့် စတီဗင်မှာထားသည့်အတိုင်း ကျောက်ဂူအပြင်သို့ထွက်ပြီး ဂူ၏အပေါ်သို့မရမက ကုတ်တက်လေသည်။

လ၏အလင်းရောင်ကို အမှီပြု၍ကျောက်ဂူအပေါ်သို့တက်လာရာ မကြာမီပင် ဂူ၏အဆုံးတစ်နေရာသို့ရောက်ပြီး လူနှစ်ကိုယ်စာရှိသည့် ကျင်းပေါက်ကြီးတစ်ပေါက်အား တွေ့ရလေ၏။ ထိုကျင်းပေါက်ကြီးထဲသို့ ငုံ့ကြည့်လိုက်သည့်အခါ ရေကန်ကြီးတစ်ကို မြင်နေရလေသည်။ လပြည့်ရန်အတွက် တစ်ရက်လိုနေသော်လည်း လ၏အလင်းရောင်ကြောင့် ပတ်ဝန်းကျင်တစ်ခုလုံးအား လင်းလင်းထင်းထင်းမြင်နေရလေသည်။

ထိုရေကန်ကြီးအတွင်းမှ ရေလုံးကြီးများဆက်တိုက်တက်လာပြီး
နောက်တွင် လွန်စွာကြီးမားသည့် ရေသူမတစ်ကောင် တက်လာလေ၏။
ထိုရေသူမမှာ နဖူးကြီးကမောက်မောက်၊ မျက်လုံးကြီးက အတွင်းဘက်သို့ချိုင့်ဝင်နေသည်။ မျက်နာတစ်ခုလုံး၌ အရေးအကြောင်းများ၊ အက်ကွဲရာများလည်းထနေသေးသည်။

သူသည် ရေထဲမှတက်လာပြီးပြီးချင်း ကျောက်ဂူအနီးနားတစ်ဝိုက်အား တစ်စုံတစ်ခုကို မသင်္ကာသည့်ပုံစံဖြင့် လိုက်လံ၍အနံ့ခံနေသေးသည်။ ထိုအချိန် သူ၏အနောက်မှ ဧရာမ ငါးမန်းနက်ကြီး နှစ်ကောင်ကလည်း ရေပေါ်သို့ပေါ်လာလေ၏။ ထိုငါးမန်းနှစ်ကောင်သည် အပေါ်ပိုင်းက ငါးမန်းခေါင်းဖြစ်ပြီး၊ ခါးအောက်ပိုင်းက လူခြေထောက်သကဲ့သို့ ပြောင်းလဲသွားပြီး ဂူအတွင်းသို့ဝင်ကာ ဆီမီးတိုင်ကြီးများအား လိုက်လံ၍မီးညှိနေလေသည်။ ထိုငါးမန်းနက်များသည် ရေသူမကြီး၏ အစွမ်းဖြင့်ဖန်တီးထားသည့် ရိုးရိုးငါးမန်းဖြစ်သည်။

ထို့အချိန် ရေသူမကြီးသည် ဂူအပေါ်ရှိ အပေါက်ဝသို့ လှမ်းကြည့်လိုက်လေသည်။ ဂူ၏အပေါ်ဘက်မှကြည့်နေသည့် တိုရီလည်းလန့်ဖြန့်ကာ အနောက်သို့နည်းနည်းဆုတ်လိုက်လေ၏။
ကံကောင်းစွာဖြင့် တိုရီအား ရေသူမကြီးက မမြင်လိုက်ရပေ။

ရေသူမကြီးသည် ကုန်းပေါ်တွင်လမ်းလျှောက်နေသကဲ့သို့ဖြစ်
နေသော်လည်း သူ၏ခန္ဓာကိုယ်၊ ခါးအောက်ပိုင်းရှိ ငါးအမြှီးကြီးက ကြမ်းပြင်နှင့်မထိပေ။ လေပေါ်တွင်သာ တရွေ့ရွေ့ သွားနေလေ၏။

ထိုနောက် ဂူအတွင်း၌ မီးရောင်ကောင်းစွာရလာပြီးနောက်တွင် ရေသူမကြီးသည် ကျောက်ဂူနံရံဘေးတစ်နေရာရှိ ကျောက်တုံးကြီးတစ်တုံးအား ဖယ်ရှားစေလေသည်။ ငါးမန်းနက်နှစ်ကောင်သည် ထိုကျောက်တုံးကြီးအား ဘေးသို့တွန်း၍ရွေ့လိုက်လေသည်။

ပြီးနောက် ထိုကျောက်တုံး၏အနောက်တွင် လှိုဏ်ဂူအသေးလေးတစ်ဂူ ပေါ်ပေါက်လာ၏။ ထိုဂူထဲမှ သေတ္တာကြီးတစ်လုံးအား ငါးမန်းနက်နှစ်ကောင်က အပြင်သို့ သယ်လာပြီး မီးရောင်အောက်၌ချထားကာ သေတ္တာအဖုံးအား ဖွင့်လိုက်လေ၏။ ထို့နောက် ရေသူမကြီးသည်…

“ဟား ဟား ဟား မနက်ဖြန်လပြည့်နေ့မှာ လူသားစားပြီးရင် ခန္ဓာကိုယ်တစ်ခုကို ငါရပြီ….ဟား ဟား ဟား”

ထိုအထဲ၌ရှိသည့်အရာသည်ကား ရွေများ၊ ပုလဲများ၊ စိန်တုံးများ စသည်တို့နှင့်အတူ ထားရှိထားသည့် ရေသူမရုပ်အလောင်းပင်ဖြစ်သည်။

ရေသူမသည် အားရပါးရအော်ဟစ် ရယ်မောနေပြီးနောက် …

” ငမန်းနက် …”

“ရှိပါတယ် အရှင်မ”

“သေတ္တာကို နေရာတကျပြန်ထားပြီးရင် နင်တို့ပြောတဲ့ညနေက ကောင်လေးကိုရှာပြီးသွားဖမ်းခေါ်ခဲ့”

“ဟုတ် ဟုတ်ကဲ့ပါ အရှင်မကြီး”

ဤသို့ဖြင့် ငါးမန်းနက်နှစ်ကောင်သည် သေတ္တာကြီးအား မနိုင်မနင်းဖြင့်မ၍ မူလနေရာသို့ပြန်ထားကာ ကျောက်တုံးကြီးဖြင့် ပြန်ပိတ်ထားလေ၏။
ထို့နောက် တိုရီအားလိုက်ရှာရန် ဂူအပြင်ဘက်သို့ပြေးထွက်သွားလေသည်။

ငါးမန်းနက်နှစ်ကောင် ထွက်သွားပြီးမကြာမီ ရေသူမကြီးသည် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် ဂူအတွင်းပိုင်းသို့ လျှောက်သွားတော့သည်။

ထိုအချိန် တိုရီကတော့ မည်သည်မျှမမြင်ရတော့ပေ။ ဂူထဲသို့ဝင်၍ သွားကြည့်ချင်သော်လည်းစတီဗစ်၏ မှာကြားချက်ကြောင့် သည်းခံ၍ ထိုတစ်ညလုံး ဂူအပေါ်ရှိ ကျောက်ဖြာကြီးပေါ်၌သာ ထိုင်နေတော့သည်။ ရေသူမနှင့်ငါးမန်းနက်နှစ်ကောင်တို့သည် မြေပြင်၌သာ သွားလာနိုင်ကြသည် အမြင့်ပေါ်သို့မတက်ရောက်နိုင်ကြပေ။ ထို့ကြောင့် တိုရီမှာ ဘေးအန္တရာယ်ကင်းရှင်းနေလေ၏။

ရေသူမကြီးသည် ဂူ၏ အလယ်လောက်အရောက်ရှိ လှိုဏ်ဂူဆီသို့သွား၍ အနီးရှိ ဆီမီးတိုင်အားယူပြီး ထိုလှိုဏ်ဂူအတွင်းသို့ ပစ်ထည့်လိုက်လေသည်။

ထို့နောက် လှိုဏ်ဂူထဲတွင်ရှိနေသည့် စတီဗင်အား မြင်တွေ့လိုက်ရသဖြင့် အားရဝမ်းသာဖြစ်နေပြန်သည်။

“အသင့်သာပြင်ထားပေတော့…မနက်ဖြန် လမွန်းတည့်တဲ့အချိန်မှာ ငါ့ဝိဥာဉ်နဲ့ငါ့ခန္ဓာအတွက် နင့်ကိုစတေးရမယ်…ဟား ဟား ဟား ငါ့ခန္ဓာကိုယ်ကို ပြန်ရတော့မယ် ဟား ဟား ဟား ”

ရေသူမကြီး၏အော်ရယ်သံမှာ ဂူတစ်ဂူလုံးသို့ ပျံ့နှံ့သွားတော့သည်။

မနက် အာရုဏ်တတ်သည့်အချိန် တိုရီတစ်ယောက်နိုးလာလေသည်။ နိုးနိုးချင်းပင် ကျောက်ဂူအတွင်းသို့ငုံ့ကြည့်နေလေသည်။

ခဏကြာတော့ ရေသူမနှင့်ငါးမန်းနက်နှစ်ကောင်က သူတို့တက်လာရာရေကန်ကြီးအတွင်းသို့ ဆင်းသွားပြီး ပျောက်ကွယ်သွားတော့သည်။

ထိုမြင်ကွင်းအား မြင်လိုက်ရသည့် တိုရီသည် ဂူ၏အပေါ်ဘက်မှ အောက်သို့ပြေးဆင်းလာလေ၏။ ထို့နောက် စတီဗင်ရှိရာ လှိုဏ်ဂူအနားသို့သွားကာ

“အဖေ…အဖေ…အဖေ…”

အချိန်ကြာသည့်တိုင် မည်သို့်မှ မတုံ့ပြန်သဖြင့် တိုရီလည်း ထိုဂူပေါက်အတွင်းသို့ အရဲစွန့်ကာဝင်သွားတော့သည်။

ဂူထဲ၌မီးခိုးငွေ့များ၊ ညှော်နံ့များရနေလေသည်။ ထို့နောက် ိုရီသည် လူတစ်ယောက်ဟုထင်မှတ်ရသည့်အရာကို ထိုလှိုဏ်ဂူ၏ အပေါက်ဝအနားသို့ ဆွဲယူလာလေသည်။ ဂူအပေါက်ဝနားရောက်ပြီး အပြင်ဘက်ရှိအလင်းရောင်ဖြင့် ကြည့်လိုက်သောအခါ…

“အဖေ…”

တိုရီအော်လိုက်သည့် အသံကြီးမှာ ဂူထဲ၌ဟိန်းသွားလေသည်။ အကြောင်းမှာ သူ၏အဖေဖြစ်သူ စတီဗင်သည် အသက်မရှိတော့ခြင်းကြောင့်ပင်။

မနေ့ညက ငါးမန်းနက်နှစ်ကောင်သည် တိုရီအားလိုက်လံရှာဖွေကြရာ မတွေ့သဖြင့် ရေသူမကြီးက ဒေါသထွက်သွားသေးသည်။ အရုဏ်တက်ချိန်အထိ တိုရီအားမတွေ့သောကြောင့် အကယ်၍တိုရီက စတီဗင်အား ကယ်ထုတ်သွားမည်ကို စိုးရိမ်သဖြင့်ထိုသို့သတ်ခဲ့ခြင်းဖြစ်ပေသည်။

ထို့နောက် တိုရီသည် ဂူအဆုံးရှိ ရေကန်အနားသို့သွားကာ သာမန်လူတစ်ယောက်အတွက် ဖယ်ရှားရန်မဖြစ်နိုင်သည့် ကျောက်တုံးကြီးအား တစ်ယောက်တည်းတွန်းကာ ဖယ်ရှားလိုက်လေသည်။ ထို့နောက် ကျောက်တုံးကြီးအနောက်ရှိ ဂူထဲမှသေတ္တာကြီးတစ်လုံးအား အပြင်သို့ဆွဲထုတ်လိုက်လေ၏။

ခဏကြာတော့ သေတ္တာအဖုံးအား ဆွဲဖွင့်လိုက်ချိန်တွင်…

“ဟာ!”

တိုရီအလွန် အံ့သြသွားလေသည်။ သေတ္တာအတွင်းရှိ ရေသူမရုပ်အလောင်းသည် ညကတိုရီတွေ့လိုက်ရသည့် ရေသူမကြီးလို ရုပ်ပျက်ဆင်းပျက်မဟုတ်ပဲ လွန်စွာမှချောမောလှပနေခြင်းကြောင့်ဖြစ်
သည်။

သို့ပေမယ့် တိုရီသည် သူ့အဖေစတီဗင်အား သတ်သည့်ရေသူမကြီးအားမကျေနပ်သဖြင့် အသင့်ပါလာသည့် ဓာတ်ဆီများအား ထိုသေတ္တာအတွင်းသို့ လောင်းထည့်ကာ ကျော်တုံးနှစ်တုံးအား ပွတ်တိုက်၍ရန် ပြင်ဆင်နေချိန်…

“မလုပ်နဲ့!”

ဂူအဆုံးရှိ ရေကန်အတွင်းမှအော်သံကြီးက ထွက်ပေါ်လာလေသည်။ အသံနှင့်အတူ ရေသူမကြီးက အပေါ်သို့တက်လာလေ၏။ သို့သော် ဂူအပေါ်ဘက်ရှိ အပေါက်ကြီးမှ နေရောင်ခြည်သည် ရေကန်အတွင်းရှိ ရေသူမအပေါ်သို့တိုက်ရိုက်ကျနေသဖြင့် “အား! ပူတယ်” ဟုအော်ကာ ရေအောက်ထဲသို့ပြန်ရောက်သွားလေသည်။

တိရီလည်း ကျောက်တုံးနှစ်တုံးအား အားသွန်ခွန်စိုက်ပွတ်တိုက်ပြီး
မရရအောင် မီးရှို့ရန်အတွက်ပြင်ဆင်နေချိန်တွင် ရေကန်အတွင်းမှ ဝဲဂယက်များထနေကာ ထိုဝဲ၏အလယ်မှ ရေလုံးကြီးတစ်လုံးက ကုန်းပေါ်သို့မြောက်တက်လာလေသည်။

“ဝုန်း!” “အား…အား…”

ထိုရေလုံးကြီးနှင့်အတူပါလာသည့်အရာမှာ ရေသူမကြီးဖြစ်သည်။ နေရောင်ခြည်အားဖြတ်သန်း၍ ကုန်းပေါ်တက်လာခြင်းကြောင့် မျက်နာတစ်ခုလုံးစုတ်ပြတ်နေလေသည်။ ထို့နောက်တိုရီအား တိုက်ခိုက်ရန်အတွက် ဒေါသတကြီးဖြင့် ရောက်လာလေ၏။

ရေသူမကြီးသည် တိုရီအားတိုက်ခိုက်တော့မည့်အချိန်၌…

“ဝုန်း!”

ရေကန်အတွင်းမှ ရေလုံးကြီးတစ်လုံးထပ်တက်လာပြီး ရေသူမကြီးအား တွန်းထုတ်လေသည်။ ထို့နောက် အပြန်အလှန် တိုက်ခိုက်နေကြလေ၏။ ထိုရေလုံးအတွင်း၌လည်း ရေသူမတစ်ကောင်ပင်။

“အစ်ကို…ညီမရဲ့အလောင်းကို မြန်မြန်မီးရှို့ပေးပါ”

တိုရီသည် ရေလုံးအတွင်းမှ ရေသူမလေးအား အံ့သြစွာဖြင့်ကြည့်နေလေ၏။ အကြောင်းမှာ ယခုမှအပေါ်သို့တက်လာသည့် ရေသူမ၏မျက်နာနှင့် သေတ္တာအတွင်းရှိ ရေသူမခန္ဓာကိုယ်၏ မျက်နာက တစ်ပုံစံတည်းဖြစ်နေခြင်းကြောင့်ပင်။ ထိုအခါမှ မကောင်းသည့် ရေသူမဝိဥာဉ်က တစ်ခြားရေသူမ၏အလောင်းထဲသို့ ဝင်ပူး၍နေထိုင်မည်ဆိုသည်ကို တိုရီတစ်ယောက် သဘောပေါက်သွားလေ၏။

“အစ်ကို…မြန်မြန်လုပ်ပါ…ညီမ သူ့ကိုအကြာကြီးမထိန်းထားနိုင်ဘူး”

ထိုအချိန်မှ တိုရီသည်သတိရသွားကာ ကျောက်တုံးနှစ်တုံးအား နဂိုထက်အားထည့်ပြီး လျင်မြန်စွာပွတ်တိုက်လိုက်သည့်အခါ မီးစထွက်သွားပြီး သေတ္တာကြီးတစ်ခုလုံးမီးလောင်သွားတော့လေသည်။

ထိုအခါ ရေသူမကြီးကလည်း “အား!” ဟုအော်ကာ တိုရီဆီသို့ပြေးလာနေလေ၏။

“အစ်ကိုရေ…. ပြေးတော့ …
နေရောင်ရှ်ိတဲ့နေရာအထိ ပြေး ပြေး”

တိုရီလည်း ကြောက်ကြောက်လန့်လန့်ဖြင့် ဂူအပြင်ဘက်သို့ပြေးထွက်သွားလေ၏။ ဂူအပြင်ဘက်၌ နေရောင်ခြည်က တောက်ပနေသဖြင့် ရေသူမကြီးက လိုက်မလာနိုင်ပေ။

ထို့နောက်တိုရီသည် စတီဗင်အား ပုခုံးပေါ်သို့ထမ်း၍ ကမ်းစပ်တစ်နေရာသို့ထွက်လာလေသည်။ သဲသောင်ပြင်တစ်နေရာသို့ရောက်သော် စတီဗင်အားဘေး၌ချထားပြီး ဝမ်းနည်းစွာ ငိုကြွေးနေသေးသည်။ ပြီးနောက် စတီဗင်အား ပွေ့ဖက်လိုက်သည့်အခါ စတီဗင်၏အိပ်ကပ်အတွင်း၌ ကျောက်တုံးလေးများတွေ့လေသည်။

ထိုကျောက်တုံးပေါ်တွင် သွေးဖြင့်ရေးသားထားသည့်စာကိုမြင်သွားပြီး တိုရီတစ်ယောက် အားတက်သွားလေသည်။ ပြီးနောက် ကမ်းစပ်တစ်လျှောက် ပြေးသွားပြီး ခြုံအကွယ်တစ်နေရာသို့ရောက်သောအခါ စတီဗင် မောင်းလာခဲ့သည် သင်္ဘောလေးအား တွေ့လိုက်ရတော့သည်။

ထို့နောက် တိုရီသည် စတီဗင်အား သင်္ဘောလေးပေါ်တင်၍ လမ်းညွှန်ချက်များအတိုင်း ပြန်လည်မောင်းထွက်လာတော့လေသည်။

တိုရီသည် သင်္ဘောပေါ်ရှိ စတီဗင်၏အိတ်ကပ်ထဲ၌ မထင်မှတ်ပဲ စာလေးတစ်စောင်အား တွေ့လိုက်ရသည်။

“သို့/
ချစ်ရပါသောသား…
ဒီရက်ပိုင်းအတွင်း ဖေဖေမင်းကို ဆူခဲ့၊ ဟောက်ခဲ့ မိတာတွေအတွက် တောင်းပန်ပါတယ်၊ စာအိတ်ထဲက ဓာတ်ပုံက သားရဲ့မေမေပုံပါ။ သားမေမေက ဖေဖေတို့သားအဖနှစ်ယောက်အပေါ်မှာ သစ္စာမရှိတဲ့မိန်းမမို့လို့ သားကိုအသိမပေးခဲ့တာပါ။ ပတ်ဝန်းကျင်နဲ့ သားကိုအဆက်အသွယ်ဖြတ်တယ်ဆိုတာကလည်း ငါ့သားကို ဖေဖေ့ဆီကနေ ပြန်ခေါ်သွားကြမှာဆိုးလို့ လုပ်ခဲ့မိတာပါ။ ဖေဖေ တောင်းပန်ပါတယ်ကွာ…။

တိုရီသည် ထိုစာကလေးအားဖတ်ပြီး မျက်ရည်မခိုင်တော့ပဲ ငိုချမိလိုက်တော့လေသည်။

~~ပြီးပါပြီ~~
ဆက်လက်၍ကြိုးစားသွားပါဦးမည်။
စိုင်း(ချယ်ရီမြေ)