ရောင်နီသာလာခဲ့ရင်

Posted on

ရောင်နီသာလာခဲ့ရင်(စ/ဆုံး)

————————–

တက္ကသိုလ် ကျောင်းဝင်းအရှေ့ “ကျော်စွာ”တစ်ယောက် ချစ်သူဖြစ်တဲ့ “မြင့်မိုရ်”ကို ရပ်စောင့်နေခဲ့တာ အ​တော်ပင် ကြာနေပြီ ဖြစ်သည်။ ကျောင်းသား/ကျောင်းသူများ ကိုယ်စီ ထွက်လာပေမဲ့ မြင့်မိုရ်အား မတွေ့ရသေး ခဏကြာတော့ ကျော်စွာ လှမ်းမြင်လိုက်ရပါသည်။

“ချစ်” ကိုယ်ဒီမှာ”

ကျော်စွာ လှမ်းခေါ်လိုက်တော့ ဒုတိယနှစ် ကျောင်းသူလေး မြင့်မိုရ် ကျော်စွာရှိရာဘက်သို့ လျှောက်ခဲ့၏။

“ကို …ရောက်နေတာကြာပြီလား”

“ကြာပြီပေါ့ ချစ်ရဲ့ ”

“sorryပါနော် ချစ်လဲ အတန်းမပြီးသေးလို့ နည်းနည်းကြာသွားတာ”

“ရပါတယ် ချစ်ရဲ့ လာ ကိုယ်တို့ဘုရားသွားဖို့ နောက်ကြနေပြီ”

ဒီနေ့ဟာ မြင့်မိုရ်အသက် ၂၂နှစ် ပြည့်တဲ့ မွေးနေ့လေးမို့ ကျော်စွာနဲ့ ဘုရားသွားရန် ချိန်းထားကြခြင်းပင် ဖြစ်၏။

ကျော်စွာတစ်ယောက် ချစ်သူလက်ကိုဆွဲရင်း YBSပေါ်သို့ အတူတတ်ခါ ဘုရားသို့ ထွက်ခဲ့ကြလေတော့သည်။

ဘုရားသို့ ရောက်သောအရခါ အတူ ပန်း၊ဆီမီး၊ရေချမ်း ကပ်လှူကာ ဆုတောင်းကန်တော့ကြပြီးနောက် မြို့ထဲပန်းခြံထဲသို့ ရောက်ရှိခဲ့ကြသည်။ခုံတန်းလေးအပေါ် အတူထိုင်ရင်း။

“ချစ်”

“ရှင်”

မျက်မှန်လေးအောက်မှ မျက်ဝန်းလှလှတွေဟာ ကျော်စွာရင်ကို ပို၍ လှုပ်ခါစေပါသည်။ကိုယ်က အောက်လူတန်းစား သူက ပြည့်စုံသော အသိုင်းအဝိုင်းက ထို့ကြောင့် နီးစပ်ပါ့မလားလို့ တွေလိုက်တိုင်း ကျော်စွာ သက်ပြင်းရှည်ချမိပါသည်။

“ကို ခေါ်ပြီးတော့ ဘာမှလဲ မပြောဘူး ဘာတွေ သက်ပြင်းချနေတာလဲ ကို ရဲ့”

ကျော်စွာ ချစ်သူလက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားရင်း။

“တစ်ကယ်လို့ ချစ်မိဘတွေက ကိုယ်နဲ့ သဘောမတူခဲ့ရင် ချစ်ဘယ်လိုလုပ်မလဲဟင်”

မြင့်မိုရ်ပြုံးလျှက်ဖြင့်။

“ကိုရယ် သူတို့ သဘောမတူလဲ ချစ်က ကိုနောက်ကို လိုက်ရဲပါတယ်နော်..ဟွန့်”

ကျော်စွာ ဒီစကားလေးကြားရတော့ ရင်ထဲမှာ လှိုက်ဖိုလျှက် ကျေနပ်ပီတိ ဖြစ်သည်က အမှန်ပါ။

“ကို ချစ်ကို သိပ်ချစ်တယ်နော် ချစ်ယုံတယ်မလား”

“ယုံပါတယ် ကိုရယ်”

ချစ်သူရဲ့ လှပကျော့ရှင်းသော ဆံနွယ်လေးများကို သပ်တင်ပေးရင်း သူ့ခေါင်းလေးအား ရင်ခွင်ထဲ မှီလျှက်ဖြင့် ဖွဖွလေးတောင် မနမ်းရက်ခဲ့ပါ။

​”သြော်….ချစ်”

“ရှင်”

“ချစ်အတွက် ကိုယ် မွေးနေ့လက်ဆောင်လေး ပါလာတယ်ချစ်ရဲ့ ဒီမှာ ရော့”

ကျော်စွာ ကျောပိုးအိတ်ထဲမှ ပလပ်စတစ်ဖြင့် ထုပ်ပိုးထားသော ဘာဘီရုပ်လေးအား ကမ်းပေးလိုက်တော့ သူမ ပျော်ရွှင်နေသော အမူအယာဖြင့် ထွေးပွေ့ထားပါတော့သည်။

“ကိုရယ် အရုပ်လေးက ချစ်ဖို့ကောင်းလိုက်တာ စျေးကြီးမှာပဲနော်”

“စျေးမကြီးပါဘူး ချစ်ရယ် အမှန်တစ်ကယ်ဆို ကိုယ်က သူများတွေလို အရုပ်အကြီးကြီး ချစ်ကိုပေးချင်တာ ဒါပေမဲ့”

ကျော်စွာစကားမဆုံးခင် မြင့်မိုရ်၏ ဖြူဖွေး သွယ်လျှသော လက်ချောင်းလေးများက ကျော်စွာ၏ နှုတ်ခမ်းများကို စကားမဆိုနိုင်အောင် ကာစီးထားလိုက်ပြီး။

“ဆက်မပြောပါနဲ့ ကိုရယ် ချစ်ကျေနပ်ပါတယ် ချစ်အတွက် တန်ဖိုးကြီးတာတွေ မလိုပါဘူး အားလုံးထက် ပိုပြီး တန်ဖိုးကြီးတဲ့ ကို့ကို ချစ်ပိုင်ရထားရပြီပဲ လုံလောက်ပါတယ်”

ထိုစကားသည် ကျော်စွာရင်တစ်ခုလုံးကို အရည်ပျော်ကြသွားမတတ် ကြည်နူးစေပါတော့သည်။ ထို့နေက ညနေပိုင်းလောက်ကြမှ နှစ်ဦးသား နှုတ်ဆက်ခါ ပြန်ခဲ့ကြလေသည်။

( ၂ )

“ဟယ်လို”

“ကိုကို ချစ်ပြောစရာရှိလို့ သေခြာနားထောင်နော်”

ကျော်စွာ တစ်ယောက် ဆန်ဆိုင်မှာ အလုပ်လုပ်နေရင်း မြင့်မိုရ်စီမှ ဖုန်းဝင်လာ၍ ကိုင်လိုက်ခြင်းဖြစ်သည်။

“ပြောလေချစ် ဘာဖြစ်လို့လဲ”

“ချစ်တို့အကြောင်းကို အိမ်ကသိသွားပြီ ကိုရဲ့ အခုကျောင်းနားဖို့တောင် ဖေကြီး ပြောနေတယ် ချစ်ဘယ်လိုလုပ်ရမလဲ ကို”

ကျော်စွာရင်ထဲ ရထားတစ်စင်း အရှိန်ပြင်းပြင်းနဲ့ ခုတ်မောင်းနေသလိုပါပဲ။

“ချစ် ကိုယ့်ရဲ့နောက်ကို လိုက်ရဲလား”

“ဟာ ကိုကလဲ ချစ်ပြောခဲ့ပြီးသားပါ လိုက်ရဲပါတယ်ဆို”

“ဟုတ်ပြီ ဒါဆိုရင် ကိုယ်တို့ ဒီညနေ ခိုးပြေးကြမယ်လေ”

တစ်ဖက်မှ ခေတ္တ တိတ်ဆိတ်သွားပြီးနောက်။

“ကောင်းပြီ ကို ညနေကြရင် ချစ်တို့လမ်းထိပ်လာခဲ့နော် ချစ်ထွက်လာခဲ့မယ်”

“Okချစ် ကို လာစောင့်နေမယ်”

“ဟုတ် ဒါပဲနော် ကို ချစ်ဖုန်းခိုးပြောနေရတာ”

ထိုသို့ပြောကာ ဖုန်းချသွားတော့ ကျော်စွာ လုပ်လက်စအလုပ်များကို အများလုပ်ပြီးနောက် မြင့်မိုရ်တို့ လမ်းထိပ်သို့ သူငယ်ချင်းစီမှ ငွေအနည်းငယ် ချေးကာ စောစောသွားကြိုစောင့်နေလိုက်သည်။

ထို့နေ့က သူတို့နှစ်ယောက် အားလုံးကို ခြေရာဖျောက်ကာ စာရေးသူ နေထိုင်ရာ တွံတေးမြို့နယ်က ရွာလေးသို့ ခိုးပြေးလာခဲ့ကြပါတော့သည်။

( ၃ )

ရွာသို့ ရောက်လာပြီးတဲ့နောက် ကျော်စွာတစ်ယောက် ရွာ၏ ပြိုကြနေသော ကမ်းခြေကို ပြုပြင်ထိန်းသိမ်းသည့် လုပ်ငန်းထဲမှာ ဝင်ရောက်လုပ်ကိုင်ပါသည်။သူ၏ဇနီးဖြစ်သူ မြင့်မိုရ်ကတော့ ဒုတိယနှစ်ကျောင်းသူမို့ ရွာထဲရှိ မူလတန်း ကလေးများအား ကျူရှင်ပြန်သင်ရင်း တစ်ဖက်တစ်လမ်းမှ ဝင်ငွေရှာခဲ့ကြ၏။

ကျော်စွာသည် စာရေးသူ ကျွန်တော်နှင့် အနည်းငယ် ရင်းနှီးကျွမ်းဝင်ပြီး အသားဖြူဖြူ ရုပ်ရည် ခပ်ဖြောင့်ဖြောင့်ထဲကပင်ဖြစ်သည်။ကျွန်တော်သိသလောက် ဒီကောင်လေးက သူ့မိန်းမကို အတော်ချစ်တဲ့ ကောင်လေးပါပဲ သူ့မှာ မိဘဆွေမျိုးမရှိပါ ရှိကြောင်းလဲ မကြားခဲ့ရဖူးပါ။သူတို့လင်မယားနှစ်ယောက်သည် လိုက်ဖက်သော စုံတွဲဟု မှတ်ချက်ပြုရပေမည်။

“ကို”

“ဘာလဲချစ်ရဲ့”

“သြော်…ကို့အတွက် ငါးခြောက်မီးဖုတ်ပြီး ဆီစိမ်ထားတယ် ပြီးတော့ ပဲဟင်းပျစ်ပျစ်လေးလဲ ချက်ထားခဲ့တယ် ကိုအလုပ်သွားရင် ထည့်သွားနော်”

ကျော်စွာတစ်ယောက် ချစ်ဇနီးလေး၏ သိတတ်နားလည်မှု့ကို ဂုဏ်ယူသော အမူအယာဖြင့် သူ့ပါးပြင်နုနုလေးအား ဖွဖွလေး နမ်းရှိုက်လိုက်ပါတော့သည်။

“ဟာ ကို့ ဘာဖြစ်နေတာလဲ အိမ်ရှေ့ လူမြင်ကွင်းမှာနော်…ဟွန့်”

ကျော်စွာတစ်ယောက် ရှက်ရှက်နှင့် ကလေးများကိုစာသင်ရာ နေရာသို့ သူ့အားကျောခိုင်းကာ ထွက်သွားသည့် သူသိပ်ချစ်ရသော ဇနီးလေးအား ချစ်မဝနိုင်ပါတော့ပေ။

“ဘာ”

“ဟေ့ကောင် ဖြိုးကြီး ဟုတ်လို့လား”

ဖြိုးကြီးဆိုသော လုပ်ဖော်ကိုင်ဖက်မှ။

“ဟုတ်တယ်ကွ ရွာထဲကို ကားတစ်စီး ဝင်လာတာတွေ့လို့ ငါလှမ်းကြည့်လိုက်တာ အဲ့ဒီအဖြူရောင် ကားကြီးပေါ်ကလူတွေ မင်းတို့ငှားထားတဲ့ အိမ်လေးအရှေ့မှာရပ်ပြီး အိမ်ထဲကိုဝင်သွားတာ ငါကိုယ်တိုင်မြင်ခဲ့ရတာကွ”

“ဒါ…ဒါ…သူ့မိဘတွေပဲ ဖြစ်မှာကွ ဒုက္ခပါပဲ ငါ့မိန်းမကို လာပြန်ခေါ်တာလား မသိပါဘူးကွာ ငါအမြန်သွားမှ”

စကားဆုံးသည်နှင့် သူတို့ငှားထားသော အိမ်လေးရှိရာဘက်သို့ ကျော်စွာ ခြေကုန်တင် ပြေးပါတော့သည်။

“သြော် ကောင်လေးတောင် ပြန်လာပြီပဲ လာလေကွာ ဒီမှာထိုင်”

အဝတ်အစား တောက်ပြောင်စွာနဲ့ ဝတ်ဆင်ထားပြီး လက်ဝတ်တန်ဆာများ ဝတ်ဆင်ထားကြသည့် လူကုံထံများ ကျော်စွာအိမ်ပေါ် ရောက်နှင့်နေခဲ့ကြပြီဖြစ်သည်။

ကျော်စွာ မိန်းမဖြစ်သူ မြင့်မိုရ်အနား ကပ်ထိုင်လိုက်တော့ မြင့်မိုရ်မှာ မျက်နှာမကောင်းပါ။

“ကဲ ငါ့တူ ဦးလေးတို့ ရှင်းရှင်းပဲ ပြောမယ် ငါတူသေခြာနားထောင်”

သူတို့ထဲမှာ လူကြီးတစ်ယောက်က ထိုသို့ပြောလာတော့ ကျော်စွာ ရိုကျိုးစွာထိုင်ရင်း။

“ဟုတ်….ဟုတ်ကဲ့ဗျ”

“အင်း မိန်းမဖြစ်တဲ့ မြင့်မိုရ်က ဦးလေးရဲ့ တူမအရင်းပါပဲ”

“ဟုတ်ကဲ့”

“အေး အခုက သူ့မှာ ပညာရေးတစ်ပိုင်းတစ်နဲ့မို့ ဦးလေးတို့က တက္ကသိုလ် ပြန်တတ်စေချင်တယ် သူဘွဲ့ရတဲ့အခါ ငါ့တူတို့ကို ခမ်းခမ်းနားနား မင်္ဂလာဆောင်ပြီး အတူနေခိုင်းပါ့မယ် အခုလောလောဆယ်တော့ ပညာရေးတစ်ဖက်နဲ့မို့ ခဏ ခွဲနေကြဦးပေါ့ကွာ ဒီကြားထဲလဲ ငါ့တူက မကြာခဏ လာတွေ့လို့ရပါတယ်”

ကျော်စွာ မြင့်မိုရ်ကို ထည့်ပေးရမည်ဆိုသော အသိစိတ်ကြောင့် အနားရှိ သူသိပ်ချစ်သော ဇနီးလေး၏ လက်ကလေးကို တင်းကြပ်နေအောင် ဆုပ်ကိုင်ထားမိသည်။

“ချစ် ”

ကျော်စွာရုတ်တရက် ခေါ်လိုက်တော့ မြင့်မိုရ် တစ်ချက်တုန်ယင်သွားပြီး ထူးလာခဲ့သည်။

“ရှင်”

“ချစ်ဘယ်လိုလုပ်ချင်လဲ ပြန်လိုက်သွားချင်လားဟင်”

ကျော်စွာ ထိုသို့မေးတဲ့အခါ မြင့်မိုရ်တစ်ယောက် သူ့မိဘတွေရဲ့ မျက်နှာကို တစ်ချက်ကြည့်ပြီးနောက် အသာယာပဲ ခေါင်းညိတ်ပြလိုက်ပါသည်။ကျော်စွာရင်ထဲမှာ ဆို့နင့်သွား၏ မျက်ရည်ကို အတတ်နိုင်ဆုံး မကျမိအောင် ထိန်းထားပြီးနောက်။

“ရပါတယ် သူကောင်းစားဖို့ပဲ မဟုတ်လား နောက်ပြီးတော့ သူလဲ လိုက်ချင်တဲ့ ဆန္ဒရှိတယ်လေ ခေါ်သွားပါ ရပါတယ်”

ကျော်စွာစကား ကြားရသည်နှင့် သူ့မိဘနှင့် ဆွေမျိုးတစ်ချို့ မျက်နှာများ ဝင်းလက်သွားကြ၏။ထိုနောက် ရွှေများ သီးနေအောင် ဝတ်ဆင်စားသော အမျိုးသမီးကြီးက သူ့အိတ်ထဲမှာ ပိုက်ဆံအထုပ်ကို ထုပ်ပြီးတော့ ကျော်စွာအရှေ့သို့ ချပေးလာသည်။

“ရော့ ကောင်လေး ဒါမင်းအတွက် လောလောဆယ် သုံးလို့ရတာပေါ့”

ကျော်စွာ ပိုက်ဆံထုပ်အား သူတို့ဘက်သို့ ပြန်တွန်းကာ။

“ရပါတယ် အန်တီ ကျွန်တော်ဒါတွေ မလိုပါဘူး အဓိက ကျွန်တော်မိန်းမကို မကြာခဏ လာတွေ့လို့ရရင် ကျေနပ်ပါပြီ”

“ကဲ ဒါဆိုလဲ သွားရအောင်လေ သမီး မြင့်မိုရ် ကားပေါ်တတ်တော့”

မြင့်မိုရ် ထလိုက်တဲ့အခါ ကျော်စွာကိုင်ထားတဲ့ လက်ကလေး ပြုတ်သွား၏။

“ချစ် အစစအရာရာ ဂရုစိုက်နော် ပညာရေးကိုလဲ အကောင်းဆုံးကြိုးစား အားလုံး ပြီးသွားတဲ့တစ်နေ့ ကိုယ့်စီကို ပြန်လာခဲ့ပါနော် ကိုယ်စောင့်နေမယ်နော် ကိုယ့်ကိုလဲ မေ့မသွားပါနဲ့နော်”

ကျော်စွာ တတွတ်တွတ် မှာကြားနေရင်းကပင် မြင့်မိုရ်တစ်ယောက် ကားပေါ်သို့ တတ်သွားပါတော့သည်။ကားတံခါးကြီးလဲပိတ်လို့ တစ်ဖြေးဖြေး ထွက်ခွာသွားတဲ့အခါ ထိန်းထားသော မျက်ရည်များသည်လဲ အတားအဆီးမဲ့စွာဖြင့် ကျော်စွာပါးပြင်ပေါ်သို့ ကြဆင်းလာခဲ့ပါတော့သည်။

( ၄ )

မြင့်မိုထွက်သွားပြီး တစ်လလောက်ကြာတော့ ကျော်စွာ သွားတွေ့ပေမဲ့ သူ့မိဘတွေက မရှိဘူးပဲပြောပြီး ကျော်စွာအား နှင်လွှတ်လိုက်ကြသည်။ထိုနေ့မှစကာ ကျော်စွာတစ်ယောက် အရက်ကို စသောက်လာ၏ ညဘက်တွေဆိုလဲ တော်တော်နှင့်မအိပ် ဖုန်းထဲမှ သူမိန်းမပုံတွေကိုကြည့်ရင်း ကြိတ်ငိုနေခဲ့ရသည်က ညတိုင်းလိုလို မိုးအလင်းပါပဲ အစားအသောက်ကလဲ မမှန်တော့ဘူးလေ မစားတာကြာတော့ ဘာကျွေးကျွေး အန်ထွက်နေ၏။

နောက်ပိုင်း မြင့်မိုရ်ကို ဖုန်းခေါ်ပေမဲ့ ဖုန်းလဲ မကိုင်တော့ပေ ရွာမှာ မြင့်မိုရ်နှင့် ရင်းနှီးသူ ကောင်မလေးစီက သိရသလောက်တော့ မြင့်မိုရ်တစ်ယောက် အခြားတစ်ယောက်နဲ့ ချစ်ကျွမ်းဝင်ရင်း ဆင်းရဲကြမ်းတမ်းလွန်းတဲ့ ကျော်စွာနဲ့ မပတ်သက်ချင်တော့ကြောင်း တစ်စွန်းတစ်စ သိရှိခဲ့သည်။ သို့သော် အိပ်ယာထဲ လဲနေသော ကျော်စွာကိုတော့ အသိမပေးဖြစ်ပါ။

“အကို”

ကျွန်တော် ကျော်စွာနေသော တဲလေးအရှေ့မှ ဖြတ်လျှောက်စဥ် အထဲမှ အသံခပ်တိုးတိုးဖြင့် လှမ်းခေါ်သံကြား၍ တဲအတွင်းသို့ ငုံ့ကြည့်လိုက်တဲ့အခါ ကျော်စွာ ကျွန်တော်အား လက်ယက်ခေါ်နေ၏။

“အေး ပြောလေ ညီလေး ဘာဖြစ်လို့လဲ”

ကျော်စွာ အသံသိပ်မထွက်နိုင်တော့ပါ။

“ကျွန်….ကျွန်တော်ကိုလေ ဘေလေး တစ်ထောင်ဖိုးလောက် ထည့်ပေးပါလား ကျွန်တော် မိန်းမFacebook အကောင့်ကို သိရပြီ ကျွန်တော် မသေခင်လေး တစ်ခေါက်တော့ သူ့မျက်နှာလေး မြင်ချင်လို့ပါအကို”

ကျွန်တော် စိတ်မကောင်းဖြစ်ရပါတော့သည်။

“ရပါတယ် ညီလေးရယ် အကို သွားဝယ်ထည့်ပေးပါ့မယ် ဒါနဲ့ ငါ့ညီဘာစားချင်လဲ တစ်ခုခုသောက်ချင်လား”

ကျွန်တော်မေးတဲ့အခါ သူဝမ်းသာသော ဟန်အမူအယာဖြင့်။

“ကျွန်…ကျွန်တော် ထောပတ်သီးဖျော်ရည် သောက်ချင်တယ် အစ်ကို”

“အေး ခဏစောင့်ကွာ အစ်ကိုဝယ်လာခဲ့မယ် ဟုတ်ပြီလား”

သူ့အားထားခဲ့ကာ ကျွန်တော် ဖုန်းဘေနှင့် ထောပတ်သီးဖျော်ရည်နဲ့ စားစရာတစ်ချို့ဝယ်ကာ ဖန်ခွက်ထဲထည့်ပြီး သူ့ကိုအရင်တိုက်လိုက်သည်။သိပ်လဲ မသောက်နိုင်ရှာပါဘူး။

သူ့ဖုန်းလေးကိုယူပြီး ကျွန်တော် ဖုန်းဘေထည့်ပေးလိုက်တော့ သူ မြင့်မိုရ်အကောင့်ကိုရှာပြီး ခေါ်ပါတော့သည်။

“မိန်း…မိန်းမ ကိုယ့်ကို ဘာလို့ ဒီအတိုင်း ထားခဲ့ရတာလဲကွာ ကိုယ်မင်းကိုမျှော်နေခဲ့တာ”

မြင့်မိုရ် မျက်နှာကိုမြင်တော့ သူမျက်ရည်ကြရင်း စကားတွေ ပြောနေပေမဲ့ မြင့်မိုရ်ကတော့ အရိုးပေါ်အရေတင် ဖြစ်နေတဲ့ ကျော်စွာကို မသိသလို မကြားသလိုပါပဲ။

ကျွန်တော် မြင်နိုင်စွမ်း မရှိတော့လို့ ထပြန်ချင်ပေမဲ့ ကျော်စွာကို ဆေးရုံပို့ပေးချင်တဲ့အကြောင်းပြောဖို့ ခဏထိုင်နေလိုက်ပါသည်
ကျော်စွာ စကားတွေလဲပြော ငိုလဲ ငိုနေပေမဲ့ ခဏကြာတော့ မြင့်မိုရ် ဖုန်းချကာ ကျော်စွာအား Blockသွားပါတော့သည် အရူးမီးဝိုင်းသလိုဖြစ်နေတဲ့ ကျော်စွာကိုကြည့်ရင်း ကျွန်တော်လဲ မဆီမဆိုင် မျက်ရည်ကြခဲ့ရပါတော့သည်။

ကျော်စွာကို ကျွန်တော် ဆိုင်ကယ်နဲ့ ဆေးရုံတင်ပေးလိုက်ပေမဲ့ ဆရာဝန်က အခြေအနေမကောင်းတော့တဲ့အကြောင်းပြောကာ အိမ်သို့ ပြန်ခေါ်သွားရန် တိုက်တွန်းခဲ့သည်။

( ၅ )

ထိုနေ့က မိုးလေးတစ်ဖွဲဖွဲ ရွာနေ၏ ကျွန်တော် အလုပ်သွားဖို့ ပြင်ဆင်နေတုန်းမှာပဲ ကျော်စွာတစ်ယောက် သူ့တဲလေးထဲမှာပဲ သေဆုံးသွားပြီဆိုသော သတင်းက ကျွန်တော်စီ ရောက်လာခဲ့လေပြီ။ရင်ထဲမှာတော့ ကျော်စွာအတွက် များစွာ ဝမ်းနည်းကြေကွဲသည်က အမှန်ပါပဲ။

ကွယ်လွန်သူ မောင်ကျော်စွာ အသက်(၂၅)နှစ်

ကျော်စွာ၏ နာရေးကိစ္စအဝဝအား ရွာမှ အားလုံး စီစဥ်ပေးပြီး ကျွန်တော်လဲ ပြီးစီးသည်အထိ လိုက်ပါ ပို့ဆောင်ခဲ့ပါတယ် ကျော်စွာ ဆုံးသည်ကို မြင့်မိုရ်သိပါသော်လဲ ရောက်မလာခဲ့ပါ။

“ကျော်စွာ ကျော်စွာ မင်းက ဂုဏ်ရည်မတူသူကိုမှ အရူးထမိတာကိုးကွ သူပြန်လာလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ရောင်နီးသန်းတဲ့အထိ မင်းတောင့်ခံပြီး စောင့်နေခဲ့တာ အခုတော့ ရောင်နီမလာပဲ မင်းဘဝ နေဝင်ချိန်မတန်ပဲ ဝင်ခဲ့ရပြီပေါ့ ညီလေးရယ် အကိုထင်ပါတယ် ညီလေးရေ
တစ်ကယ်လို့များ “ရောင်နီသာလာခဲ့ရင်”မင်း ရှင်သန်နေကောင်း ရှင်သန်ရဦးမှာလို့ပေါ့”

နှုတ်ဖြားက ထွက်မလာနိုင်သော ကျွန်တော်ရဲ့ ရင်တွင်းစကားသံတွေကို ကျော်စွာတစ်ယောက် မကြားနိုင်တော့ပါဘူးလေ။

ပြီးပါပြီ။

ဆက်လက်ကြိုးစားပါဦးမည်။

#လေလွင့်လူ(တွံတေး)၂၀.၉.၂၀၂၃

မှတ်ချက် ။ ။ ဤဇာတ်လမ်းသည် ဖြစ်ရပ်မှန် ဇာတ်လမ်းဖြစ်ပြီး မူရင်း ကာယကံရှင် နာမည်များအား အမည်လွှဲထားပါသည်။