ရွာကျော်လေးဖော်

Posted on

ရွာကျော်လေးဖော်(စ/ဆုံး)

————————-

ချစ်လွင် ၊နောင်နောင် ၊အေးကို နှင့် လှဘို။

စပ်ချောင်းရွာကလေး၏ ရွာကျော်လေးယောက်။
ရုတ်ရုတ် ,ရုတ်ရုတ်ဆို ပြေးမကြည့်နဲ့ ..သူတို့အရင် ပါပြီးသား.. ။ အေးကိုအမေပြောသလို သန့်ခနဲဆို နန့်ခနဲပါတာ ဆိုတာမျိုး။ ရွာအလှူပွဲဆိုလည်း သူတို့ ရောက်ပြီးသား.. ။ ကထိန်ဆိုလည်း လက်မနှေး အဲ ခြေမနှေး။ မင်္ဂလာဆောင်ဆိုလည်း မဏ္ဍပ်မထိုးရသေးဘူး ..၊ အိမ်ရှေ့လာ ငုတ်တုတ်ထိုင်ကြပြီ။ ယုတ်စွအဆုံး အသုဘဖဲဝိုင်းတွင်လည်း သူတို့ရှိကြ၏။

အရွယ်အားဖြင့် ၁၃ နှစ်ဝန်းကျင်များသာ။ ကျောင်းတက်နေကြဆဲပင်။ စပ်ချောင်းရွာ အလယ်တန်းကျောင်းတွင် တက်ကြ၏။ ကျောင်းတွင်လည်း လူထူးဆန်းများအဖြစ် အသိအမှတ်ပြုခံရပြန်သည်။ ဖြစ်ပုံကား ဒီလို။ လေးယောက်စလုံးမှာ ဆရာများ စာမေးသောအခါတွင်မူ တစ်ယောက်မှ မဖြေနိုင်ကြ။ သင်္ချာတွင်လည်း သူများတွေ အားလုံးပြီးလို့ နောက်ဆုံးမှ သူတို့တစ်သိုက် တွက်လို့ပြီး၏။ ထို့ကြောင့် ဆရာများက စာညံ့သူများဟု သတ်မှတ်ထားကြသည်။ သို့သော် စာမေးပွဲဖြေဆိုကြသည့်အခါတွင်မူ သူတို့ လေးယောက်စလုံး ဘာသာစုံအောင်ကြစမြဲ..၊ အောင်ရုံတင်မက ဝမ်း တူ တန်း ပင် ဝင်ကြစမြဲ။ ဆရာများက ခိုးချသည်ထင်၍ သေချာ စစ်ဆေးသော်ငြား ဘာမှမတွေ့ပေ။ သူတို့ဘာသာ ဖြေနိုင်ကြခြင်းပင်.။ တခြားသူငယ်ချင်းများက မေးလျှင် .. သူတို့ဖြေသံမှာ တစ်မျိုးတည်း။ ” ကံကောင်းလို့ပါကွာ ” တဲ့..။

တစ်ရွာလုံးတွင် သူတို့ကြောက်တာဆိုလို့ သူတို့အဖေအမေများရယ် ၊ ရွာလယ်ကျောင်း ဆရာတော်ဦးစန္ဒိမာရယ်( သူများကျောင်းတွေလို ရွာဦးမှာမရှိဘဲ ရွာလယ်မှာရှိသောကြောင့် ရွာလယ်ကျောင်းဆရာတော်ဟု သုံးနှုန်းလိုက်ခြင်းဖြစ်ပါသည် ) ၊ ကျောင်းအုပ်ဆရာမကြီးရယ်သာ ရှိသည်။ ဒါတောင် တစ်ခါတစ်လေ ဆရာတော်လစ်ရင်လစ်သလို ကျောင်းဝိုင်းထဲသွားကာ ငှက်ပစ်တတ်သေးသည်။ ဆရာတော်မသိခင် ကိစ္စမရှိသေး..။ ဆရာတော် မိပါက အနားနီးရင် ကြိမ်လုံးစာ ခေါ်ကျွေးသည်။ အတန်ငယ်လှမ်းပါက လေးခွနှင့် လှမ်းဆော်ခံကြရ၏။

သူတို့လုပ်ချင်စိတ်ရှိလျှင် ကောင်းတာမကောင်းတာမတွေး ။ လုပ်ချင်စိတ်ရှိလာလျှင် ဆရာတော်ကျောင်းတွင် ရေသွားခပ်ပေး၏။ ကုဋီသန့်ရှင်းပေး၏။ အမြင်ကပ်လို့ လုပ်မပေးချင်ရင်လည်း ရွာလူကြီး စက်ဘီးမှောက်နေသည်ကိုပင် ထူမပေးဘဲ ပစ်ထားခဲ့တတ်ကြသည်။ ထိုသို့လုပ်ကြသည်များတွင်လည်း လေးယောက်စလုံး စိတ်တူကိုယ်တူပင်။ တစ်ယောက်ဦးဆောင်ကာ လုပ်မည်ဆိုလျှင် ကျန်သူများက မငြင်း။ ဟင့်အင်းလို့ တစ်ယောက်က ခေါင်းခါသည်နှင့် ကျန်သုံးယောက်ပါ ဘူးခံကြလေသည်။ ရွာလူကြီး စက်ဘီးမှောက်သည်ကို မထူဘဲ ထားခဲ့သည့်အကြောင်း ပြောပြဦးမည်။ ပြီးခဲ့သည် တန်ဆောင်မုန်းလပြည့်နေ့မှ စ၍ ပြောပြရမည်။

ထိုနေ့ နေ့ခင်းပိုင်း…။ လပြည့်နေ့မို့ ကျောင်းပိတ်သည်။ အမှန်တော့ ဆရာမတွေက မပိတ်။ သူတို့ဘာသာ ပိတ်ပြီး မသွားကြခြင်းပင်..။
ရွာထိပ်ရေကန်ကြီးနံဘေးရှိ အရိပ်ကောင်းသော ပေါက်ပင်ကြီးအောက်၌ လေးဦးသားတို့ လောက်စာလုံးထိုင်လုံးနေကြသည်။ လေနုအေးကလည်း တဖွေးဖွေး..။

” ဟာ ဟေ့ကောင်တွေ ”

လောက်စာလုံး လုံးနေရင်းမှ လှဘိုက တစ်ခုခုကို သတိရဟန်ဖြင့် ထအော်သည်။

” ဟ ဘာဖြစ်တာလဲ ”

ချစ်လွင် ၊ အေးကိုနှင့် နောင်နောင်က ပြူးကြောင်ကြောင်နှင့် မော့ကြည့်သည်။

” ဒီည သူခိုးကြီးညပဲ ”

” အေးလေ ဘာလို့ ”

ချစ်လွင်က မေးသည်။

” ညကျ ကြက်ခိုးဖို့ လိုက်ကြည့်ကြမယ်လေ ”

” မင်းက ခုမှ.. ငါတို့က ကြည့်ပြီးပေါ့ ”

နောင်နောင်က လုံးပြီးသားလောက်စာလုံးကို နေပူထဲ လှိမ့်ထုတ်ရင်း ပြောသည်။ လောက်စာလုံးတောင် သူများတွေလို တယုတယသယ်ပြီးမလှန်း။ နေရိပ်အစပ်ထိုင်လုံးပြီး နေပူထဲ လှိမ့်ထုတ်သည်။

” ဟုတ်လား ဘယ်အိမ်လဲ ”

လှဘိုက မေးတော့ ချစ်လွင်တို့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး..

” လူကြီးအိမ် ”

” ဟမ် ”

လှဘို ကြောင်သွားသည်။ ရွာလူကြီးမှာ လှဘို၏ ဘကြီးဖြစ်သည်။ ပြီးမှ –

” ဟေ့ကောင်တွေ ဖြစ်ပါ့မလား.. မိရင် မလွယ်ဘူးနော် .. ငါက ပိုတီးခံရမှာ ”

ဟု ကြောက်လန့်စွာ ပြောသည်။

” ဖြစ်ပါတယ်ကွ..မမိစေရပါဘူး စိတ်ချ ”

အေးကိုက ပြောလိုက်သည်။ ကျန်သူများ၏ အေးဆေးသော ပုံစံများကြောင့် –

” ဒါဆိုလည်း ချကွာ.. အဲ ချက်ရင် ဘယ်မှာချက်ကြမလဲ ”

လေးယောက်သား အလယ်ရှိ ရွှံတုံးများကို ဘေးဖယ်ကာ ခေါင်းချင်းဆိုင်လိုက်ကြသည်။

” အစီအစဉ်က ဒီလို ”

အေးကိုနှင့် လှဘိုက လူကြီးအိမ်မှ ကြက်ကို သွားခိုးရမည်။ နောင်နောင်နှင့် ချစ်လွင်မှာ ဟင်းချက်ရန်လိုသည့် တန်ဆာပလာများကိုယူ၍ စုရပ်တွင် မီးမွှေးကာ စောင့်နေရန်ဖြစ်သည်။

” ဘယ်မှာ ဆုံမလဲ ”

” ဘုန်းကြီးကျောင်း ”

” ဆရာတော်ရှိတယ်မလား ”

” မနက်က ဟိုဘက်ရွာကြွသွားတယ် တဲ့ .. သဘက်ခါမှ ပြန်ရောက်မယ်..ကပ္ပိယကြီးပြောတာ
.ဒီည ကပ္ပိယကြီးတစ်ယောက်ပဲရှိမှာ..ငါတို့ လာအိပ်မယ်လို့ မနက်ကတည်းက ပြောထားတယ် ”

” အိုကေ.. ဒါဆိုပြီးရော.. ”

နောင်နောင်က လေးခွအိတ်ထဲက ထန်းလျက်ခဲကို ရေနှင့် ခလောက်ကာဖျော်လာသော ဘူးကို ထုတ်လိုက်သည်။

” ချီးယား ”

°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•

‘ ကတု အု အု ‘

ဖမ်းနေကျ လက်တွေမို့ ကြက်မကြီးမှာ အသံပင်မထွက်နိုင်။ လူကြီးအိမ်က ကြက်မို့ ပိုချိုမည်ထင်၏။

” ရပြီလား ဟေ့ကောင် ”

အေးကိုက အသံအုပ်အုပ်နှင့် မေးသည်။

” ရပြီ ….သွားမယ် ”

ကြက်မကြီးကို ပုဆိုးစလွယ်သိုင်းထဲ ထည့်ကာ ခြေသံလုံလုံနှင့် ဘုန်းကြီးကျောင်းဆီသို့ ပြေးကြလေသည်။

ဘုန်းကြီးကျောင်းကို ရောက်တော့ ရေနွေးက ဆူနေပေပြီ.. ။ လှဘိုက ကြက်မကြီးကို အနိစ္စရောက်အောင် ကူညီလိုက်၏ ။ ထို့နောက် ရေနွေးဖျောကာ အမွှေးနှုတ်လိုက်ကြသည်။ ထိုစဉ် ကပ္ပိယကြီးရောက်လာပြီး –

” ဟေ့ကောင်တွေ ဘာလုပ်နေကြလဲ..မအိပ်သေးဘူးလား ”

သည်လိုမေးမည်ကို ကြိုတင်ခန့်မှန်းထားသည်မို့ တစ်ယောက်မှ ဣန္ဒြေမပျက် ။ နောင်နောင်က –

” သားတို့ စားချင်လို့ အမေ့ဆီက ကြက်တစ်ကောင်တောင်းလာပြီး.. ခု ချက်မလို့ လုပ်နေတာ .. ကပ္ပိယကြီး မအိပ်နဲ့ဦးနော်..ကြက်သားလေး စားဖို့စောင့်ဦး ”

ဟု ပြောလိုက်သည်။

” မင်းတို့ ဟုတ်ရော ဟုတ်လားကွာ ”

” ဟုတ်ပါတယ်ဆို ကပ္ပိယကြီးရယ် ”

” ချက်ရော ချက်တတ်လို့လား ”

” သိပ်တော့ မကျွမ်းဘူး .. ကပ္ပိယကြီး လုပ်တတ်ရင် လုပ်ပေးပါဦး ”

” အေး အေး လုပ်ပေးမယ် .. ကိုင်ပြီးရင်ပြော ”

ကပ္ပိယကြီးပါ ပါလာသည်မို့ နောင်နောင်တို့ တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ပြုံးလိုက်ကြသည်။ ဓလေ့အရ ကြက်ခိုးစားကြပေမယ့် ကြက်ပိုင်ရှင် သိလို့ မကျေနပ်ရင် စားတဲ့သူအကုန် ဒဏ်ပေးခံရစမြဲကိုး…။

နာရီဝက်ခန့်ကြာတော့ ကပ္ပိယကြီး လက်စွမ်းဖြင့် ဟင်းအိုးမှာ အမွှေးနံ့ လှိုင်လှိုင်ထွက်ကာ ကြက်သားဟင်းအဖြစ်သို့ ရောက်ရှိသွားလေသည်။

” ဒီတိုင်းကြီး စားရင် ခဏလေးကုန်သွားပြီး မဝဘဲနေမယ် ”

လှဘိုက ပြောသည်။ ထိုအခါ ချစ်လွင်က –

” ခဏ ” ဟု ဆိုကာ သူတို့ အိမ်ဘက်ဆီ သုတ်ခနဲ ပြန်ပြေးသည်။ တအောင့်ကြာတော့ ပြန်ရောက်လာ၏။

” ဒီမှာ ”

နို့ဆီဘူးနှစ်လုံးစာခန့် ဆန်များ။

ချစ်လွင်တာဝန်ပြီးဆုံးပြီမို့ ကျန်သူများက ဆန်ဆေးကာ ထမင်းအိုးတည်ကြပြန်သည်။ ဒီတစ်ခါလည်း ကပ္ပိယကြီး ကြည့်ပေးရပြန်၏။

ထမင်းအိုးကျသော်အခါ ဘုန်းကြီးကျောင်းမှ ဆွမ်းလှယ်သည့် ဇလုံကြီးထဲ ထည့်ကာ အအေးခံသည်။ ထမင်းများ အေးခြင်းအဖြစ်သို့ ရောက်သည့်အခါ ချစ်လွင်တို့ လေးယောက်နှင့် ကပ္ပိယကြီးမှာလည်း ဗိုက်ခွေးနမ်းသည့်အဖြစ်သို့ ရောက်သွားချေပြီတည်း…။

°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•

” တောက် .. ကျုပ်ကြက်မလေး အခိုးခံလိုက်ရတာ နာသဗျာ.. ကပ္ပိယကြီး ၊ ကျုပ်မိန်းမက အိမ်ထောင်သက် နှစ် နှစ်ဆယ်ပြည့်ဆိုပြီး ချစ်သက်လက်ဆောင်ပေးထားတဲ့ ကြက်မလေးဗျ.. ဘယ် ဝဲစားပြီးအမြီးပြတ်နေတဲ့ ခွေးသူတောင်းစားတွေက လာခိုးသွားလဲ မသိဘူးဗျာ …”

ရွာလူကြီးဦးတင်မောင်သည် ဘုန်းကြီးကျောင်းသို့ ဆွမ်းလာပို့ရင်း ကပ္ပိယကြီးကို ပြောပြနေသည် ။ ကပ္ပိယကြီးမှာ လှဲထားသော အမှိုက်များကို တောင်းတစ်ခုထဲ စုထည့်ရင်း နားထောင်ရင်း – ဟုတ်လား ၊ လူငယ်လေးတွေကလည်း တယ်ခက်ပါလား ၊ ဟိုမှာလည်း ပါသွားတယ် တဲ့ ၊ ဒီမှာလည်း ပါသွားတယ် တဲ့ ဟူ၍ ထောက်ခံပြောပေးနေရှာ၏။

” ဟင် ”

ဦးတင်မောင်သည် ထိုင်ရာမှ ဆတ်ခနဲ ထလိုက်သည်။ ကပ္ပိယကြီးက မြင်တော့ –

” ဘာလို့လဲ ပုရွက်ဆိတ်ကိုက်တာလား ”

ဟု မေးလေသည်။

” မဟုတ်ပါဘူး… ခဏ ခဏ .. ”

ဦးတင်မောင်သည် ကပ္ပိယကြီးကျုံးနေသော အမှိုက်ပုံထဲတွင် ကြက်မွှေးများ မြင်လိုက်သဖြင့် ဖြဲရှာလိုက်သည်။ ထို့နောက် –

” ဟာ.. ဒါ ဒါ ကျုပ် ကြက်မလေး .. ကျုပ်ကြက်မ အမွှေးပဲ ..”

ကပ္ပိယကြီး မျက်လုံးပြူးသွားသည်။

” ဟုတ်လို့လား ဦးတင်မောင်ရာ.. ကြက်တူမရှား လူတူမရှားပါဗျ ”

ထိုစကားကို ကြားတော့ ဦးတင်မောင် ရှူးရှူးရှဲရှဲဖြစ်သွားပြီး –

” ကြက်တူမရှား လူတူမရှားဆိုပေမယ့် ဒါက ကျုပ်ကြက်မှ ကျုပ်ကြက်ဗျ .. ဒါ ဘယ်ကလာတာလဲ ကပ္ပိယကြီး သိလား ”

” ကြက်မွှေးတွေကို မေးကြည့်ပါလား ..ဘယ်ကလာလဲလို့ ”

” ဟ .. မေးလို့ရမလားဗျ .. ဒါ ခင်ဗျား လက်ချက်လား ”

ကပ္ပိယကြီးမျက်နှာမှာ မန်ကျည်းရွက်လောက်သာ ရှိတော့သည် ( ဇီးရွက်ထက်သေးသွားတာ ) ။

” မဟုတ်ပါဘူးဗျာ … ဒီလိုပါ ..”

ဟု အစချီကာ ငတက်ပြားလက်သစ်ကလေးတွေ၏ ကျပမ်းစကားများကို ယုံမိကာ ဤသို့ဤပုံဖြစ်သွားရကြောင်း ရှင်းပြလေသည်။

……………………………………………………………………

” နောင်နောင်၊အေးကို၊ ချစ်လွင်၊ လှဘို .. မင်းတို့ကို ဆရာတော်ကြီးခေါ်ခိုင်းလိုက်လို့ .. နေ့လယ်ထမင်းစားကျောင်းဆင်းရင် သွားလိုက်ဦး ”

ကျောင်းအုပ်ဆရာမကြီး၏ အမိန့်ကြောင့် ထမင်းစားကျောင်းဆင်းချိန်တွင် အိမ်မပြန်ဘဲ ဘုန်းကြီးကျောင်းဆီ လေးယောက်သား ထွက်လာခဲ့ကြ၏။

” ဘုန်းဘုန်းကြီး ဟိုဘက်ရွာက မုန့်တွေပါလာလို့ ကျွေးမလို့ထင်တယ် ”

အတွေးကိုယ်စီဖြင့် ကျောင်းပေါ်လှမ်းတက်လိုက်ချိန် ဆရာတော်ကြီးနှင့် အတူ ဦးတင်မောင်နှင့် ကပ္ပိယကြီးတို့ကိုတွေ့ရ၍ လေးယောက်လုံး ရင်ထဲထိတ်ခနဲမြည်သော ရထားတစ်စင်းပြေးသွား၏။

ဆရာတော်ကြီးကို ဝတ်ဖြည့်ဦးချလိုက်ပြီး –

” တပည့်တော်တို့ ရောက်ပါပြီဘုရား ”

ဆရာတော်ကြီးက ရေနွေးကြမ်းခွက်ကို ချကာ –

” တစ်ယောက်တစ်တိုင်စီ ဖက်လိုက် ”

” ဘုရား ”

လေးယောက်လုံး ဘုရား ထူးလိုက်သည်။

” ကိုယ့်အပြစ်ကိုသိလို့ တန်းဖက်ရင် သုံးချက် ၊ ပြန်ပြောပြပြီးမှ ဖက်ရင် ငါးချက် ”

စကားသံအဆုံးမှာတော့ လေးယောက်သား တစ်တိုင်စီတစ်တိုင်စီတွင် အိမ်မြှောင်များသဖွယ် ကျောင်းမြှောင်များ ဖြစ်သွားကြတော့သည်။

” ဖြန်း ..ဖြန်း ..ဖြန်း ”

” ကြောက်ပါပြီ ဘုရား ”

နောင်နောင် တင်ပါးကို ပွတ်ကာ ကျောင်းကြမ်းပြင်ဘက်ပြေးလေပြီ။

” ဖြန်း..ဖြန်း..ဖြန်း ”

ချစ်လွင်မှာလည်း နောင်နောင့်လမ်းကြောင်းအတိုင်းတစ်ဖြောင့်တည်း ။

” ဖြန်း ..ဖြန်း..ဖြန်း ”

ကြမ်းပြင်ဆီ အေးကို ပြေးလေပြီ။

လှဘိုအလှည့် ။ ထိုစဉ် အနောက်မှ ဦးတင်မောင်အသံ ထွက်လာ၏။

” သူ့ကိုတော့ ငါးချက်ဆော်ပေးပါ ဘုရား ”

” ဗျာ ”

” ဖြန်း… ဖြန်း… ဖြန်း… ဖြန်း… ဖြန်း ..”

” စေ့ပါပြီ ဘုရား ”

လှဘို အော်ပြေး ပြေးလေသည်။

ကြမ်းပြင်ကို လေးယောက်လုံးရောက်တော့ အားလုံးမျက်နှာမှာ ရှုံ့မဲ့နေကြသည် လို့ မထင်ပါနှင့်။ တစ်ယောက်ကိုတစ်ယောက်ပြောင်ကာ တဟီးဟီးဖြစ်နေကြပြန်သည်။

ခဏကြာတော့ အေးကိုက –

” ဟျောင့်တွေ ကပ္ပိယကြီးလည်း စားတယ်လေ .. သူလည်းပါတယ်.. လာသွားလျှောက်ကြမယ် ”

” အေး သွားမယ် ”

” မှန်တယ် ”

” ဟုတ်သားပဲ ..လာ ”

လေးယောက်သား လက်အုပ်လေးတွေ ချီကာ ဆရာတော်ကြီးရှေ့ ပြန်ရောက်လာကြသည်။

” ဘာလဲ ”

ဆရာတော်ကြီးက မေးသည်။ နောင်နောင်က –

” ကြက်သားကိုစားတာ ကပ္ပိယကြီးလည်း ပါတယ်ဘုရား .. ကပ္ပိယကြီးကိုလည်း ရိုက်ပါဘုရား ”

” ဟေ ”

သည်တစ်ခါ ဟေ လိုက်သည်က ကပ္ပိယကြီး..။

ဆရာတော်က ကပ္ပိယကြီးကို မေးသည်။

” မင်းရော ပါတယ်ဆို ”

” တင် တင့်ပါ.. သူတို့ကျွေးလို့ စားလိုက်တာပါ ဘုရား ”

” တယ် အစားသောင်းကျန်းတာကိုး.. တိုင်ဖက် ”

” ဖြန်း..ဖြန်း..”

ကပ္ပိယကြီးမှာ ကြံရာမပါသော်လည်း နှံရာပါသူမို့ နှစ်ချက်တီးခံလိုက်ရသေး၏။

……..…………………………………………………………….

ထိုကိစ္စများဖြစ်ပြီး ရက်အတန်ကြာတော့ ..။ တစ်နေ့…ညနေခင်းကျောင်းဆင်းချိန် ။ နောင်နောင်တို့ လေးယောက် တစ်ယောက်ကိုတစ်ယောက် တွန်းထိုးဆော့ကစားရင်း ကျောင်းမှ ပြန်လာကြသည်။

” ကလင် ကလင် ကလင် ”

စက်ဘီးဘဲလ်သံကြား၍ လှည့်ကြည့်ကာ ရှောင်ပေးလိုက်ကြသည်။ စက်ဘီးစီးလာသူက ရွာလူကြီး ဦးတင်မောင်။

” လမ်းကို သေချာမသွားကြဘူး ..တစ်လမ်းလုံး မင်းတို့ လမ်းချည်းပဲ.. စက်ဘီးတွေ ဆိုင်ကယ်တွေ ဘယ်လိုသွားမလဲ .. ဟယ် အယ် အယ် ”

” ဝုန်း ”

နောင်နောင်တို့ လေးယောက်အနားကဖြတ်သွားရင်း လှည့်ကြည့် လှည့်ကြည့်နှင့် ပြောဆိုသွားရာက လှည်းလမ်းချိုင့်ခွက်တွင် စက်ဘီးမှာ လူးသွားပြီး လမ်းဘေးသို့ ဂျွမ်းပြန်ကျလေ၏ ။

လှဘို ၊ နောင်နောင် ၊ချစ်လွင် နှင့် အေးကိုတို့မှာ တခွိခွိနှင့် အူတက်နေကြသည်။ ထူပေးဖို့ ဝေးစွ ။ လဲနေသော စက်ဘီးမှာ ဘဲလ်ကိုပင် ကလင်ကလင်မြည်အောင် တီးပြသွားသေးသည်။ အဲ့သလိုကောင်တွေ ။

°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°°•°•°

အဲ့သလိုနှင့် ဗရုတ်သုတ်ခပေါင်းစုံကို နေ့ပြန်ညပြန်လုပ်ရင်း နွေရာသီ ကျောင်းပိတ်ရက်သို့ ရောက်ရှိလာလေ၏။

” ဟေ့ကောင်တွေ .. ခြေထောက်ကိုအောက်မချနဲ့ … မိကျောင်းကိုက်ထားလိမ့်မယ် ”

နောင်နောင်တို့ အိမ်ဘေးရှိ မန်ကျည်းပင်ရိပ်အောက်တွင် ရွာထဲရှိကလေးများ လာရောက်ဆော့ကစားနေကြ၏။ နောင်နောင်က ကြွပ်ကြွပ်အိတ်တစ်လုံးကို ကိုင်ရင်း ချစ်လွင်တို့ကို စောင့်နေသည်။

” နောင်ကြီးရေ.. သွားမယ်ဟေ့ ”

အိမ်ရှေ့မှ လှဘို၏ အသံကို ကြားသောအခါ ဘေးတွင်ချထားသော အိတ်ကို ယူ၍ နေပူထဲ ဒုန်းစိုင်းပြေးထွက်လိုက်သည်။ သူတို့ခြေဦးလှည့်ရာက ဘုရားကန်နံဘေးမှ နွံအိုင်ကြီးဆီသို့ ။

“ကလေးတွေဟယ် ..နေပူကြီးထဲ ဦးထုပ်မဆောင်း ဘာမဆောင်းနဲ့ ”

ဖွားလေးသန်းမြ၏ စိုးရိမ်စကားသည် နွေနေပူထဲတွင် အခိုးအငွေ့များအဖြစ် ပျောက်ကွယ်သွားလေသည်။ နောင်နောင်တို့တစ်စုမှာ နွေပူဒဏ်ကို မှောင်ပု – မှုပေါင်။

သုံးလေးမိနစ်ခန့် လမ်းလျှောက်ပြီးနောက် နွံအိုင်ကြီးဆီရောက်လာသည်။ နောင်နောင်တို့ လူစုမှာ ထိုနွံထဲမှာ ငါးများကို လာဖမ်းကြခြင်းဖြစ်သည်။ ငါးဖမ်းပုံ ဖမ်းနည်းကို ပြောပြပါမည်။ နှီးဖြာသည့် ဝါးများကို တစ်ဖက်အဆစ်ပိတ် ၊ တစ်ဖက်ဖွင့်လုပ်ကာ နွံအိုင်ကြီးထဲတွင် နေရာသတ်မှတ်ကာ မြှုပ်လိုက်ကြသည်။ ထို့နောက် အားသည့်အချိန် အားသလို လာဖော်ကြ၏။ ဝါးဆစ်တစ်ဘူးကို ငါးတစ်ကောင် ၊ နှစ်ကောင် မိကြသည်။ ကံကောင်းသော ငါးများသာ နောင်နောင်တို့ ဝါးဆစ်ဘူးထဲ မိကြသည်။ ဤကား စပ်ချောင်းရွာ ကလေးတစ်သိုက်၏ ငါးဖမ်းနည်းပင်တည်း ။ ယခုလည်း အရင်တစ်နေ့က မြှုပ်ထားခဲ့သော ဝါးဆစ်များကို ပြန်လာဖော်ခြင်းဖြစ်သည်။

” ကိုယ့်ဘူးတွေကိုယ်ဖော်နော်.. ”

တစ်ယောက်တစ်လှည့်ဆော်ဩရင်း အိုင်ထဲသို့ အသီးသီးဆင်းလိုက်ကြသည်။

” မိပြီကွ ..ဟား ဟား.. ”

အေးကိုက ကွတကွတလုပ်ကာ ကုန်းပေါ်ပြေးတက်သည်။ ဝါးဆစ်ဘူးကို သွန်ချလိုက်တော့ ဖလက်ဖလက်နှင့် ငါးခုံးမတစ်ကောင်။

” ငါ့ထဲလည်း ရှိတယ်ဟေ့ ”

လှဘိုက ကုန်းပေါ်တက်သွန်လိုက်ပြန်သည်။

” ဟ .. နှစ်ကောင်တောင်ဟေ့ ”

လှဘိုက ဝမ်းသာအားရထအော်သည်။

သို့ကလိုဖြင့် လေးယောက်လုံး အိတ်ထဲတွင် ငါး တစ်ကောင်စီ ၊နှစ်ကောင်စီ ရောက်သွားကြ၏။

” ဝါးဆစ်တွေ ပြန်မြှုပ်ပြီးရင် သွားကြမယ်ဟေ့ ”

ဒီတစ်ခါကတော့ ဘုရားကန်ကြီးဆီသို့ ….။

” နင့်အသက် တစ်ခါလွှတ် …ငါ့အသက်တွေ့တိုင်းလွှတ် ”

” နင့်အသက် တစ်ခါလွှတ် .. ငါ့ကိုတော့ ဘယ်တော့မှ မမိ ”

” နင့်အသက်တစ်ခါလွှတ် ငါ့အသက် ဆယ်ခါလွှတ်”

” ပိုကောင်းတဲ့ဆီ ပို့ပေးတာနော်.. သွားကြပေတော့ ”

ဖမ်းမိလာသော ငါးများကို ကိုယ်ပြောလိုရာပြောပြီး ဘုရားကန်ထဲသို့ ပြန်လွှတ်ပေးလိုက်ကြသည်။ တစ်ခါလည်း မဟုတ်..၊ နှစ်ခါလည်း မဟုတ်ပါ။ ထိုသို့ လုပ်တတ်ကတည်းက နွေရာသီရောက်တိုင်း ထိုနွံအိုင်ကြီး ရေခမ်းတော့မည့်အခါတိုင်း အိုင်အတွင်းရှိငါးများကို ဖမ်းယူကာ ဘုရားကန်ထဲသို့ လွှတ်ပေးတတ်ကြသည်။ အဲ့သလိုကောင်တွေပင်။

” လာဟေ့ ပေါက်ပန်းရည် စုပ်ကြမယ် ”

နောင်နောင်က ထိုသို့ပြောကာ ကန်စပ်တွင်ပေါက်နေသော ပေါက်ပင်ပေါ်သို့ ဖက်တက်လိုက်သည်။ ပေါက်ပွင့်နီနီများမှာ တစ်ပင်လုံး တစ်ခိုင်လုံး ရဲရဲတွတ်ကာ ပွင့်လျက်ရှိသည်။ လှဘိုတို့ကလည်း တက်လာကြပြီး ဆင့်ကာဆင့်ကာထိုင်လျက် ပေါက်ပန်းပွင့်ဖက်များကို လှန်ကာ ဝတ်ရည်ချိုချိုလေးများကို ရှလူး ရှလူးနှင့် စုပ်နေကြလေသည်။ ပေါက်ပန်းပွင့်ထဲမှာ ဝတ်ဆံလေးကိုလည်း ပိပိ မြည်အောင် မှုတ်လို့ ရပါသေး၏။

” ဗုဒ္ဓဘာသာတက်လို့ရပြီ တဲ့.. ရှလူး ”

နောင်နောင်က ပြောရင်းက ပေါက်ပွင့်ကို စုပ်လိုက်သည်။

” ဟုတ်တယ်.. မနေ့က ကိုတောကျော်ကြီး ဗျို့ဟစ်တာ ကြားလိုက်တယ် ”

ကိုတောကျော်မှာ စပ်ချောင်းရွာ၏ အော်ဇလီဖြစ်သည်။ နိဗ္ဗာန်ဆော်သဘောမျိုးပင်..။ သာရေးနာရေးကိစ္စရှိလျှင် တစ်အိမ်တက်တစ်အိမ်ဆင်းမဖိတ်နိုင်၍ လာရောက်ကြပါရန် ဗျို့ ဆိုကာ အော်ပေးရသည်။ ထိုသို့အော်ပေးသည့်အတွက် တစ်ရွာလုံးမှ စုရေးဆောင်းရေးများတွင် ကိုတောကျော်အား အခွန်ကင်းလွတ်ခွင့် ပေးထား၏။

” မင်းတို့ တက်မှာလား ”

ချစ်လွင်က မေးသည်။

” အမေကတော့ တက်ရမယ် တဲ့ ”

” ငါလည်း တက်ရမှာ ”

” မင်းတို့တက်ရင် ငါလည်း တက်မှာပေါ့ကွ ”

အကုန်လုံးဖြေသံက တစ်ညီတစ်ညွတ်တည်း။ ပေါက်ပင်ပေါ်တွင် ဟိုပြောသည်ပြောနှင့် အချိန်ဖြုန်းလိုက်ကြသည်။ နေရောင်အားပျော့လာသည့်အချိန်၌ အိမ်အတွက် သောက်ရေ သုံးရေခပ်ရန် လူစုခွဲလိုက်ကြသည်..။ ညအခါ လသာသာတွင် ပြန်ဆုံကြဦးမည်မှာ မလွဲဧကန်ပင်။

•^•^•^•^•^•^•^•^•^•^•^•^•^•^•^•^•^•^•^•^•^•^•^•^•^•^•^

” မေမေ ဘာဟင်းလဲ ”

နောင်နောင်က ရေမိုးချိုးပြီး ထမင်းစားရန် မီးဖိုချောင်ထဲ ဝင်လာလိုက်သည်။

” ဝက်သားဟင်း ချက်ထားပါတယ်တော် ”

” ဟေး… စားမယ်ကွ ”

” ကဲ ..လာ ထမင်းပွဲ ကူပြင်ပေး ”

နောင်နောင်က မိခင်နှင့်အတူ ထမင်းပွဲ ကူပြင်ပေးသည်။ ထမင်းပွဲပြင်ပြီးသောအခါ ဖခင်ကြီးကိုခေါ်လိုက်သည်။

” အဖေ ထမင်းစားမယ် ”

” အေး အေး လာပြီ ”

နောင်နောင့်အဖေက ရေနံဆီမီးခွက်ကို မ ယူလာကာ ထမင်းစားပွဲဝိုင်းပေါ်တင်လိုက်သည်။

” အဖေ ..မနက်ဖြန်ကျရင် သားကို ဗုဒ္ဓဘာသာလိုက်အပ်ပေး ”

နောင်နောင်က အဖေဖြစ်သူကို ပြောလိုက်သည်။ ထိုအခါ နောင်နောင့်အမေက

” ဗုဒ္ဓဘာသာ မတက်နဲ့တော့လေ..သားရဲ့..၊ နောက်တစ်ပတ်လောက်ကြာရင် မြို့က ဖွားဖွားဆီ သွားရမယ်လေ.. ဖွားဖွားက အလည်လာခဲ့ပါဦးတဲ့.. ”

” ဟင့် မေမေကလည်း မသွားလို့ မရဘူးလား ”

” မရဘူးလေ.. လာမယ်လို့ ပြောထားပြီးပြီ .. ဖွားဖွားက ကျောင်းဖွင့်တဲ့အချိန် ပြန်လွှတ်မယ် တဲ့ ”

” တစ်နွေလုံးလား ”

နောင်နောင် မျက်လုံးပြူးသွားသည်။ တစ်နွေလုံးဆိုရင်တော့ သွားပြီ..။ ဟိုကောင်တွေနဲ့ ဗုဒ္ဓဘာသာလည်း တူတူမတက်ရတော့ဘူး ။ သင်္ကြန်လည်း လွတ်ပြီ ..။

” သွားနေပေးလိုက်ပါ ..သားကလည်း .. လိမ်မာပါတယ် ”

နောင်နောင် အဖေဖြစ်သူကို ကြည့်လိုက်သည်။ စစ်ကူရမည့်ပုံမပေါ်။ သေချာပါပြီ။ သွားရတော့မယ်။

နောင်နောင် ထမင်းဆက်စားချင်စိတ် မရှိတော့..။ ကြိုက်လှပါသည့် ဝက်သားတောင် စား၍ မဝင်တော့ပေ..။ ပန်းကန်ဆေးကာ လှဘိုအိမ် ခဏသွားမည်ဟု ပြောကာ ထွက်လာခဲ့သည်။

°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•

” ကျောင်းဖွင့်မှ ဆိုတော့ အကြာကြီးပေါ့ ”

ချစ်လွင်က စိတ်မကောင်းစွာဆိုသည်။

” သင်္ကြန်ရောက်ရင် တူတူမလည်ရတော့ဘူး ”

လှဘိုက ပြော၏။

အေးကိုက နောင်နောင်ပုခုံးကို ပုတ်ကာ –

” စိတ်မကောင်းမဖြစ်နဲ့ ဟေ့ကောင်.. ပိတောက်ပန်းပွင့်တဲ့အခါကျ မင်းကြိုက်နေတဲ့ ခင်မေတ္တာနုယမုံလင်း ကို မင်း အစား ငါပန်းပေး ပေးမယ် .. ခေါ်ရတာ မောတာကွာ ”

ဟု ပြောလေသည်။

” ဟေ့ကောင်.. နားရင်းအုပ်လိုက်မယ်.. ခင်မေတ္တာနုယမုံလင်းလေးက ငါ့အတွက်ကွ .. အဲ့နာမည်ရှည်တာလေးက ချစ်စရာ ..အဟက် ဟက် ”

သဘာဝက သဘာဝပင်။ ကလေးမို့ ပူပင်စရာတွေ စိတ်ထဲ အမြဲတမ်းမထား။ ယခုလို အဖော်အပေါင်းစုံသည်နှင့် ပျော်စရာရှိတာကို လွတ်လပ်စွာ ပျော်ကြသည်ပင်။ တစ်ယောက်နှင့်တစ်ယောက် စရင်းနောက်ရင်းနှင့် စိတ်ညစ်စရာတွေ ပျောက်ကုန်ကြသည်။

” ဟေ့ကောင်တွေ ..ငါပြန်လာရင် ဗုဒ္ဓဘာသာတက်တဲ့ အကြောင်းတွေ ပြန်ပြောပြဦးနော် ”

” အေးပါကွ ”

” သင်္ကြန်တွင်း ပြန်လာလို့ ရရင် ကောင်းမှာပဲ ”

” ဟိုရောက်မှ မင်း အဖွားကိုပြောကြည့်ပေါ့ ”

” အေးကွာ ..ပြောကြည့်မယ် .. ခင်မေတ္တာနုယမုံလင်းလေးကို ငါသတိရနေမယ့် အကြောင်း ပြောပေးပါကွာ ”

” အလယ်.. ကိုယ့်ဘာသာပြောပါလား ”

” မပြောရဲလို့ပေါ့ကွ .. ဟား ဟား ”

” လာ လာ ..လောက်စာလုံး ဖွက်မယ် ”

” ငါ့မပါဘူး ”

” ငါချေးမယ် ”

” ပြီးရော ”

လေးယောက်သား ကစားရင်း ငြင်းသံခုံသံ ရယ်မောသံများမှာ မိဘများ တကြော်ကြော်ခေါ်ကာ ခြံသွင်းချိန်မှ တိတ်သွားကြသည်..။ နောင်နောင် ဗုဒ္ဓဘာသာမတက်ရသည့် ကိစ္စကို လေးယောက်စလုံး မအိပ်ခင် တွေးမိကြမည်မှာ သေချာပါသည်။ သန်းခေါင်ကြက် တွန်လေပြီ …။

•^•^•^•^•^•^•^•^•^•^•^•^•^•^•^•^•^•^•^•^•^•^•^•^•^•^••

သည်လိုနှင့် နောင်နောင် မြို့သွားရမည့်နေ့ကို ရောက်လာသည်။ မနက်စောစောကားနှင့်လိုက်ရမည်မို့ စောစောကြီးကပင် ထကာ ပြင်ဆင်နေသည်။

” ဟိုကောင်တွေကို သွားနှုတ်ဆက်ချင်လိုက်တာ.. အင်း ထဦးမယ့်ပုံမပေါ်သေးပါဘူးလေ ”

နောင်နောင်တစ်ယောက်တည်းတွေးလိုက်သည်။

” ကဲ..သားရေ… ပစ္စည်းတွေ စုံရင် ထွက်မယ် ”

” ဟုတ် မေမေ ”

အထုတ်တွေဆွဲကာ အိမ်ရှေ့ကို ထွက်တော့ ခြံရှေ့မှာ ငုတ်တုတ်ကလေး သုံးကောင်။

” ဟဲ့ ဘုရားငုတ်တုတ် ”

ဝေလီဝေလင်းမို့ နောင်နောင့်အမေလန့်သွားသည်။

” ဘုရားမဟုတ်ပါဘူး ဒေါ်ကြီးရဲ့..သားတို့ပါ ..”

ချစ်လွင် ၊ အေးကိုနှင့် လှဘို။ တစ်ယောက်မှ မျက်နှာမသစ်ရသေး..။ သူငယ်ချင်းဖြစ်သူကို နှုတ်ဆက်ရန် ခြံရှေ့လာစောင့်နေကြခြင်းဖြစ်သည်။ ခြံတံခါးမဖွင့်ရသေးသဖြင့် ခြံထဲမဝင်ဘဲ ငုတ်တုတ်ထိုင်နေကြခြင်းဖြစ်၏။

” ဟ လန်းနေပါ့လား ”

” အေးဟ ”

ပြင်ဆင်ထားသော နောင်နောင့်ကို ကြည့်၍ သုံးယောက်သား ဆိုလိုက်ကြသည်။

” ငါသွားလိုက်ဦးမယ် .. ပြန်လာရင် မင်းတို့ဖို့ မုန့်ဝယ်ခဲ့မယ် ”

နောင်နောင်က ပြောသည်။

” အေးပါ … ဟိုရောက်ရင် အဖွားကို ရအောင်ပြောနော် ”

ချစ်လွင်က နောင်နောင့်အမေ မကြားအောင် နား နားကပ်ပြောတော့ –

” ဟင် .. မင်း သွားလည်းမတိုက်ရသေးဘူးကွာ ..ညစ်ပတ်လိုက်တာ ”

နောင်နောင်က ပြောင်စပ်စပ်လုပ်ကာ ပြောလိုက်သည်။ ထိုအခါ လှဘိုက –

” ဟီး ငါတို့သုံးယောက်လုံး မျက်နှာမသစ်ရသေးဘူး.. အိမ်ပြန်ရောက်ရင် အိပ်ဦးမယ်လေ .. ဝှါး ”

ဟု ပြောကာ သန်းလိုက်သေးသည်။

” အေးပါ အေးပါ ”

” သားရေ..သွားကြမယ်… ကားနောက်ကျနေမယ် ”

” ဟုတ် အမေ … ဟေ့ကောင်တွေ ငါသွားတော့မယ် ..တာ့တာ ”

” အေး ..တာ့တာ ”

တစ်ယောက်ချင်းစီကို တာ့တာလုပ်ပြပြီး ကျောပိုးအိတ်လေးကို ပင့်ကာပင့်ကာနှင့် အမေဖြစ်သူကိုမီရန် ပြေးသွားလိုက်သည်။

……………………………………………………………………

” စုံပြီ ဆရာရေ..ဆွဲ ”

စပယ်ယာသံ၏ အော်သံအောက်တွင် ကားကြီးမှာ သိမ့်ခနဲ ထွက်သွားသည်။ နောင်နောင်မှာ ရွာက သူငယ်ချင်းတွေ ၊ ဗုဒ္ဓဘာသာတက်ကြရပုံတွေ ၊ သင်္ကြန်မှာ ပျော်ပျော်ရွှင်ရွှင်ဆော့ကစားခဲ့ပုံတွေ ၊ ဘုရားပွဲတော်မှာ ပျော်ရပုံတွေကို မျက်စိထဲ တရေးရေး ပြန်ကာ မြင်ယောင်ခြင်း မပြုနိုင်တော့ ။

” ဝေါခနဲ ” ထိုးအန်လိုက်သည်။ နောင်နောင် ကားမူးတတ်ပါသည်။

#ရာမင်းအိမ်