ရွာပျက်စောင့် တစ္ဆေ

Posted on

ရွာပျက်စောင့် တစ္ဆေ(စ/ဆုံး)
————————–

“ရွာပျက် ရောက်ပြီ ဗိုလ်ကြီး …”
ရှေ့ပြေးတပ်စုမှ လက်ဆင့်ကမ်းသတင်းပို့ချက်အရ ..
ရွာပျက်အ၀င် စနစ်တကျ ရှင်းလင်း၀င်ရောက်ရန်နဲ့ ..
မပေါ့ဆဖို့ ကျွန်တော် ပြန်လည်ညွှန်ကြားလိုက်တယ်..
လက်မှာ ပတ်ထားတဲ့ လက်ပတ်နာရီကို ကြည့်လိုက်တော့ ..
ညနေ (၃)နာရီ (၄၅)မိနစ် ..

ကျွန်တော့်တပ်ခွဲ ရောက်ရှိနေတဲ့ နေရာက ..
“ကမြောင်နီရွာပျက်” ..
အချိန်ကာလအားဖြင့် ..
ကေအန်ယူ(KNU)သောင်းကျန်းသူများနဲ့ တပ်မတော်..
တိုက်ပွဲများ ဖြစ်ပွားနေဆဲအချိန် ..
(အခုတော့ ရင်ဘတ်ချင်းနီး ချိုးဖြူငှက်တို့ ပျော်စံနေပါပြီ)

ရွာပျက်ထဲ စ၀င်တဲ့အချိန် ..
ချုံတောထဲမှာ တဲအိမ်အပျက်အချို့ကို စတွေ့ရတယ် ..
ချုံတွေလည်း တောထလို့ပေါ့ ..
ယခင်ရွာအ၀င်လမ်း ဖြစ်ခဲ့ဖူးဟန်တူတဲ့ ..
(၁၀)ပေလောက် ကျယ်တဲ့ မြေသားလမ်းတစ်ခုကို
ကျွန်တော်တို့ တပ်ခွဲ ရှင်းလင်းပြီး ဖြတ်လျှောက်ခဲ့တယ် ..
လမ်းပေါ်မှာလည်း မြက်ဖုတ်ထူထူအချို့ ပေါက်ရောက်လို့..
တောရွာဆိုတဲ့အတိုင်း မြို့မှာလို အိမ်တွေက ပူးကပ်ပြီး မနေ ..
တစ်အိမ်နဲ့ တစ်အိမ် ပေ(၁၀၀)တော့ အနည်းဆုံး ခြားတယ် ..
ခြံ၀န်းကျယ်ကျယ်နဲ့ နေထိုင်ခဲ့ကြသည့် ပုံစံ ..

စနစ်တကျ ရှင်းလင်း၀င်ရောက်ရင်း မကြာခင်မှာ ..
ကျွန်တော့်တပ်ခွဲ ရွာအလယ်ပိုင်းလို့ ယူဆလို့ ရတဲ့ နေရာကို ..
ရောက်လာတယ်ဆိုရင်ပဲ မြင်တွေ့လိုက်ရသည်က ..
အိမ်ကြီးအိမ်ကောင်း (၆)လုံးခန့် ..
ဟုတ်ပါ့ဗျာ ..
သစ်ပေါ ဝါးပေါနေရာမို့လို့လား? မသိ ..
အချို့ ပျဉ်ထောင်အိမ်တိုင်လုံးကြီးတွေများ ..
(၁)ပေကျော် အချင်းလောက်တော့ ရှိမည်အထင် ..
ရွာအလယ်ပိုင်းအရောက်မှာ လမ်းက အင်္ဂလိပ်အက္ခရာ ..
“Y” ပုံသဏ္ဍာန် လမ်းခွဲ ဖြစ်သွားတာမို့ ..
ရှေ့ပြေးတပ်စုကို အနားပေးပြီး အခြားတပ်စု(၂)စုကို..
လမ်းတစ်ဖက်တစ်ချက်စီ ဆက်သွားပြီး ..
ရွာပျက်အတွင်း နယ်မြေရှင်းလင်းခိုင်းလိုက်တယ် ..

စစ်ကြောင်းရုံးကို ရောက်ရှိကြောင်း သတင်းပို့ဖို့ ..
ဆက်သွယ်ရေးစစ်သည်ကို စက်ထောင်ခိုင်းလိုက်ပြီး
ကျွန်တော်လည်း ကိုယ့်တပ်ခွဲ နေရာချရမယ့် ..
နေရာတွေကို လိုက်ကြည့်ဖြစ်တယ် ..
ရွာလယ်ခေါင်တည့်တည့်မှာပဲ နေရာချဖို့ စဉ်းစားလိုက်ပြီး
ယာယီစခန်းချနေထိုင်ရမယ့်အိမ်တွေကို လိုက်ကြည့်တော့
တချို့အိမ်တွေက တော်တော်လေး ကောင်းနေသေးတာ
သတိပြုမိသွားတယ် ..
အိမ်အတွင်းမှာ အချို့ပရိဘောဂတွေ ရှိနေသေးတယ် ..
ရာ၀င်စဉ့်အိုးကြီးတွေရော ပန်းကန်ခွက်ယောက်အချို့ရော
ကျန်ရှိနေသေးတာ တွေ့ရတယ် ..

ဆက်သွယ်ရေးစစ်သည် ရောက်ရှိလာပြီး ..
ရွာပျက်ရောက်ရှိကြောင်း စစ်ကြောင်းရုံးကို ..
သတင်းပို့ပြီးပြီလို့ လာသတင်းပို့တယ် ..
ခဏအကြာမှာ ရွာအစွန်ပိုင်းထိ နယ်မြေရှင်းလင်းတဲ့ ..
တပ်စု နှစ်စု ပြန်လည်ရောက်ရှိသတင်းပို့တာမို့ ..
တပ်စုတပ်ကြပ်ကြီးတွေနဲ့ တပ်စိတ်မှူးတွေကို
လူစုလိုက်ပြီး လိုအပ်တာတွေ မှာကြား ..
စခန်းချရမယ့် အိမ်တွေကို နေရာခွဲပေးလိုက်တယ် ..

ကိုယ်တည်းခိုရမယ့် အိမ်တွေကို မပျက်စီးစေဖို့ ..
ရွာသားတွေ ထားခဲ့တဲ့ ပရိဘောဂပစ္စည်းတွေ ..
အသုံးအဆောင်တွေကို မယူဆောင်ဖို့နဲ့ ..
အခြားလိုအပ်တာတွေ သေသေချာချာ မှာကြားပြီး ကျွန်တော်လည်း ကိုယ် စခန်းချမယ့် အိမ်ပေါ် တက်လာခဲ့လိုက်တယ် ..

အိမ်တွေကလည်း လူမနေတာ ကြာပြီဖြစ်တာကြောင့် ..
အိမ်ကြမ်းပြင်မှာ ဖုန်တွေ အလိမ်းလိမ်းတက်နေတယ် ..
တပည့်တစ်ယောက်က သန့်ရှင်းရေး လုပ် ..
ကျောပိုးအိတ်ခြင်းတောင်းကို ချ ..
အိပ်ရာ ပြင်ပြီးတဲ့နောက် ..
ကင်းတစ်ဖွဲ့ ထုတ်နုတ်ပြီး ကျွန်တော် ရွာထဲ ပတ်ဖို့
တပ်စုတပ်ကြပ်ကြီးတွေနဲ့အတူ ထွက်လာခဲ့လိုက်တယ် ..

ရွာအတွင်း ခဏလောက် လှည့်ပတ်ကြည့်ရှု ..
ကင်းသမားတွေကိုလည်း စနစ်တကျ ကင်းစောင့်ဖို့ ..
မပေါ့ဆဖို့ မှာကြားပြီး ရွာလယ်ခေါင်ကို ပြန်လာခဲ့တယ် ..
ရွာလယ်ခေါင် ပြန်ရောက်တော့ ..
ကျွန်တော့်တပ်ခွဲရုံးက စက်လတ်သေနတ်ကိုင်ဆောင်တဲ့..
ကျွန်တော့်တို့ ချစ်စနိုး နာမည်ပေးထားတဲ့ ..
တာဇံ(ခ) ကျော်မင်း က ရွာလယ်လမ်းဆုံမှာ ရှိတဲ့ .. အုန်းပင်တစ်ပင်ပေါ် တက်နေတယ် ..
အုန်းပင်ပေါ် ကြည့်လိုက်တော့ အုန်းသီးတွေက ပြွတ်နေတာပဲ ..
အင်းပေါ့လေ .. ခူးစားမယ့် သူမှ မရှိတာ ..
ဒီရွာကလည်း ရွာသားတွေ စွန့်ခွာသွားတာ ..
ခန့်မှန်း (၄)နှစ်လောက် ရှိပြီ ..
တိုက်ပွဲတွေ ဖြစ်လွန်းတဲ့ နေရာမို့ ရှောင်သွားကြတာ ..
နယ်မြေအေးချမ်းရင်တော့ တစ်နေ့ ပြန်လာနေကြမှာပေါ့..
ဒီလိုပါပဲ စစ်ဆင်ရေးနယ်မြေမှာတော့ ..
ဒေသ မတည်ငြိမ် မအေးချမ်းသရွေ့ ပြည်သူကတော့ မြေစာပင် ဖြစ်နေဦးမှာပါလေလို့ ..
ကျွန်တော် စိတ်မကောင်းစွာ တွေးလိုက်မိတယ် ..

“ဗိုလ်ကြီး .. အုန်းဖာလူဒါ သောက်ရမယ်ဗျို့ ..”
အုန်းပင်ပေါ်က ကျော်မင်း ရဲ့ အော်သံကြောင့် ..
ကျွန်တော် အုန်းပင်ပေါ် မော့ကြည့်လိုက်ရင်း ..
“အေးပါကွာ .. မင်းပါရင် ငါ မငတ်ပါဘူး ..
ယုံပါတယ် .. ဂရုလည်း စိုက်ဦးဟေ့” လို့ ..
တပည့်ကျော်ကို ပြုံးပြီး ပြန်ပြောလိုက်တယ် ..

ဟုတ်တယ်ဗျ ..
ကျော်မင်း က တပ်ခွဲမှာ တော်တော်အားကိုးရတာ ..
ဖားရှာ ငါးရှာလည်း ကျွမ်းသလား? မပြောနဲ့ ..
ကိုယ်ပိုင်နံပါတ်က ၈၇×××× Junior ဆိုပေမယ့် ..
တိုက်စွမ်းရည်ကလည်း ကောင်း ..
သတ္တိ ဗျတ္တိကလည်း ရှိ ..
ပြစ်မှု ကျူးလွန်ဖောက်ဖျက်တာမျိုးလည်း မရှိ ..
ပတ်၀န်းကျင်နဲ့လည်း အဆင်ပြေသူ အရည်အချင်းရှိသူမို့
ပြီးခဲ့တဲ့ စစ်ဆင်ရေးကအပြန် နောက်တန်း ပြန်စုဖွဲ့ချိန်မှာ..
ကျွန်တော်ပဲ ဒီကောင့်ကို ဒုတပ်ကြပ်ရာထူး ရဖို့ ..
ထောက်ခံပေးခဲ့လို့ ဒုတပ်ကြပ်ရာထူး ရထားတာ ..

ကျွန်တော့်တပ်ခွဲမှာလည်း တောလိုက်တတ်တဲ့ ..
တပ်ကြပ် အဆင့် မုဆိုး နှစ်ယောက် ..
ဖားရှာ ငါးရှာ ကျွမ်းတဲ့သူကလည်း (၄/၅)ယောက်လောက်
ပါသေးတယ်ဆိုတော့ တပ်ခွဲချင်း ယှဉ်ရင် ကျွန်တော့်တပ်ခွဲက အစားအသောက် သိပ်မပြတ်ဘူးဗျ ..
ရတဲ့ အသားငါး တစ်ခါတရံ စစ်ကြောင်းရုံးနဲ့ ..
အခြားတပ်ခွဲတွေကို ဝေမျှပေးရသေးတယ်လေ ..
နောက်ပြီး ကျွန်တော့်တပ်ခွဲက Lucky တပ်ခွဲလေ ..

ကျွန်တော်တို့ တပ်မတော်မှာ အဲ့ဒါမျိုးလေးတွေ ရှိတယ် ..
Lucky တပ္ခြဲတို့ ..
ဗေထိတပ်ခွဲတို့ ..
ကျည်လိုက် ဘယ်သူဘယ်ဝါတို့ ..

Lucky တပ်ခွဲဆိုတာက တိုက်ပွဲဖြစ်တဲ့အခါ ..
အမြဲတမ်း ရန်သူ့အလောင်းလက်နက်ရတဲ့ တပ်ခွဲမျိုး ..
ဗေထိတပ်ခွဲဆိုတာက ထစ်ခနဲရှိ ပြဿနာဖြစ် ..
အုပ်ချုပ်မှုလျော့နည်းဖြစ်စဉ်ဖြစ် ..
အဲ့ဒီလို တပ်ခွဲမျိုးကို ဆိုလိုတာ ..
ကျည်လိုက်တယ် ဆိုတာကကျတော့ ..
အဲ့ဒီ့ ကျည်လိုက်တဲ့ စစ်သည် ပါပြီဆိုတာနဲ့ ..
တိုက်ပွဲက ဖြစ်ပြီ ..
တော်ရုံ တိုက်ပွဲ မဖြစ်တဲ့နေရာရောက်လည်း ဖြစ်တာပဲ ..
အဲ့ဒါမျိုးလေးတွေပေါ့ဗျာ ..
ကြုံတုန်းလေး တပ်မတော်ထဲက သဘောသဘာဝလေးတွေ မျှဝေပေးတာပါ ..
အဲ့ဒီတော့ ခု Lucky တပ်ခွဲ (တပ်ခွဲ ၃) ကလည်း ..
ကျွန်တော် အရာရှိဖြစ်ပြီး သိပ်မကြာဘူး ..
ပထမဦးဆုံး တာ၀န်ယူရတဲ့ တပ်ခွဲဆိုတော့ ..
ကိုယ့်မိခင်တပ်ခွဲလို့ပဲ ဆိုရမှာပေါ့ဗျာ ..
တပည့်တွေနဲ့ ကျွန်တော် တစ်သားတည်း ရှိခဲ့တယ် ..

ခုနက စကား ပြန်ဆက်လိုက်ရအောင် ..
ကျော်မင်းတစ်ယောက် အုန်းပင်ပေါ်ကနေ ..
အုန်းသီးတွေ ခြွေချပေး ..
အောက်ကနေ ဆေးတပ်သား အောင်သိန်းက ကောက် ..
ခန့်မှန်း (၁၀)လုံးကျော်လောက် ရှိပြီ ..
ကျွန်တော်လည်း ရွာလယ်လမ်းဆုံမှာ ထိုင်ရင်း
ကျော်မင်း အုန်းသီး တက်ခူးနေတာကို ကြည့်နေတာပေါ့..
စိတ်ထဲမှာလည်း အုန်းစိမ်းနုနုလေး သောက်ရချည်ရဲ့ဆိုပြီး
ကျေနပ်နေမိတာပေါ့ဗျာ ..
ခဏနေတော့ “အသေးလေးတွေပဲ ကျန်တော့တယ်”လို့ ပြောပြီး ကျော်မင်း အုန်းပင်ပေါ်က ပြန်ဆင်းလာတာမို့ ..
ကျွန်တော်လည်း လှမ်းအော်ပြောလိုက်တယ် ..

“ဒီလောက်ဆို ရပါပြီကွာ ..
မနက်ဖြန်ကျမှ အခြားအပင်တွေ လိုက်ခူးတာပေါ့ ..
ရေလည်း ချိုးရဦးမှာ .. ဂရုစိုက်ဆင်း” ..
ကျော်မင်း အုန်းပင်ပေါ်ကနေ ပြန်ဆင်းလာတယ် ..
တက်နေကျမို့ ကျွမ်းကျွမ်းကျင်ကျင်ပါပဲ ..
မြေပြင်နဲ့ (၁၅)ပေလောက်အကွာ အရောက်မှာ ..
ကျော်မင်းတစ်ယောက် “အား !!!…” ဆိုတဲ့ ..
အော်သံနဲ့အတူ နောက်ပြန်လန် ပြုတ်ကျလာတယ် ..
ကျွန်တော် သေသေချာချာ မြင်လိုက်ရတာက ..
ကျော်မင်း ဆင်းလာတဲ့ အုန်းပင်ပင်စည်ရဲ့ အပေါ်မှာ ..
မည်းမည်းသဏ္ဍာန်အရိပ်လို ပုံစံတစ်ခုကို ..
ဖျတ်ခနဲ မြင်လိုက်ရတယ်ဗျ ..
ကျွန်တော်လည်း ထိုင်နေရာကနေ အမြန်ထပြီး ..
ကျော်မင်း ပြုတ်ကျသွားတဲ့ဆီ ပြေးသွားလိုက်တယ် ..
တော်သေးတယ် ..
မကျိုး မပဲ့လို့ ..
အမြင့်ကလည်း သိပ်မရှိလို့ပေါ့ဗျာ ..
ခြေထောက်ကတော့ နည်းနည်းနာသွားလေရဲ့ ..
စစ်သည်အချို့လည်း ဝိုင်းအုံလာတာပေါ့ ..

ကျွန်တော် မေးကြည့်တော့ ..
“တစ်ယောက်ယောက်က ကျွန်တော့် ပုခုံးကို ..
ကန်ချလိုက်လိုက်သလိုပဲ ဗိုလ်ကြီး ..
ရုတ်တရက်ကြီးဗျာ .. အနောက်လန်ပြုတ်ကျတာ ..”
“အေး !!! .. ငါလည်း သေချာမြင်လိုက်တယ်ကွ ..
မင်း ပြုတ်ကျတဲ့အချိန် မင်း ဖက်ထားတဲ့ ပင်စည်အပေါ်မှာ မည်းမည်းကောင်တစ်ကောင် ဖျတ်ခနဲတွေ့လိုက်တယ် ..
မင်းလည်း ပြုတ်ကျရော အဲ့ဒီ့ကောင် အုန်းပင်ပေါ် ..
ပြန်တက်ပြေးသွားတာ .. တော်တော်မြန်တယ်ကွ ..”
(အဲ့ဒီ့ မည်းမည်းကောင်ကို ကျွန်တော်တစ်ယောက်တည်း
မြင်တွေ့လိုက်ရတာပါ ..
အပင်အောက်မှာ အုန်းသီးကောက်နေတဲ့ ဆေးတပ်သား
အောင်သိန်း လည်း မမြင်လိုက်ရဘူးပြောတယ် ..)

“အဲ့ဒါဆို သရဲလား? မသိဘူးနော် ဗိုလ်ကြီး ..”
“ပြောလို့တော့ မရဘူး .. လူမနေတဲ့ ရွာပျက်ဆိုတော့ ..
နာနာဘာဝတွေ ဘာတွေလည်း ခိုအောင်းနေနိုင်တာပဲ ..
ငါလည်း တစ်ခါမှ ကြုံဖူးတာ မဟုတ်ဘူး ..
ဒီတစ်ခါပဲ မြင်ဖူးတာဟ .. ဘာပဲဖြစ်ဖြစ် ..
မေတ္တာပို့ပေးလိုက်တာ ကောင်းပါတယ်” ဆိုပြီး ..
ကျွန်တော်လည်း အုန်းပင် ပင်စည်ကို လက်နဲ့ ထိပြီး ..
မြင်အပ် မမြင်အပ် ပုဂ္ဂိုလ်ကို မေတ္တာပို့ပေးလိုက်မိတယ် ..

အုန်းသီးဖတ်နုနုလေးနဲ့ တပည့်တွေ လုပ်ပေးတဲ့ ..
အုန်းဖာလူဒါလေးကလည်း သောက်လို့ ကောင်းချက် ..
တပည့်ကျော် ကျော်မင်း ကတော့ အုန်းပင်ပေါ်က ..
ပြုတ်ကျတဲ့ ဒဏ်နဲ့ ထော့နဲ့ထော့နဲ့ ဖြစ်သွားတာပေါ့ ..
အဲ့ဒီ့နောက် ရွာပျက်နဲ့ ကပ်လျက် ချောင်းမှာ ရေဆင်းချိုး..
ညနေစာ စားပြီး ည(၇)နာရီလောက်မှာ ..
တပ်စုတွေ နေရာချထားတဲ့ အိမ်တွေဆီ ..
အခြေအနေ လိုက်ကြည့်ရင်း စကားစမြည် ပြောနေချိန်..
တအုန်းအုန်း တဝုန်းဝုန်းနဲ့ ထုသံရိုက်သံတွေ ကြားရရော..

“ဟေ့ !!!… ဘာသံတွေလဲဟ .. ထွက်ကြည့်စမ်း ..”
တပည့်တွေကို ပြောလည်း ပြော ..
ကျွန်တော်ရောက်နေတဲ့ တပ်စု(၂) နေတဲ့ အိမ်ပေါ်ကနေ
အောက်ဆင်းပြီး ရွာလယ်လမ်းမပေါ် ထွက်လာခဲ့တယ် ..
စစ်သည်အချို့လည်း အသံကြားရာဘက်ဆီကို
စူးစမ်းနေကြတာပေါ့ ..

“ဗိုလ်ကြီး ကြားရတာ ဟိုရှေ့ဘက်ကလောက် အသံပဲဗျ”
ကျွန်တော် နားစွင့်ကြည့်လိုက်တော့ ဟုတ်တယ် ..
ကျွန်တော် ရောက်နေတဲ့ နေရာနဲ့ သိပ်မဝေးတဲ့ ..
အရှေ့နေရာဘက်လောက်က အသံ ..
ကင်းသမားကလည်း သေနတ်အသင့်ပြင်ထားတယ် ..
ကျန်တဲ့ စစ်သည်တွေလည်း သေနတ်ကျည်ထိုး ..
ကျွန်တော်နဲ့အတူ အသံကြားရာဆီ ဖြည်းဖြည်းချင်း ..
ကပ်သွားလိုက်ကြတယ် ..
တစ်ဖက်က ရန်သူဖြစ်နေရင် မီးရောင်မြင်တာနဲ့ ..
လှမ်းပစ်မှာ စိုးတာနဲ့ လက်နှိပ်ဓာတ်မီးတွေ မထိုးသေးဘဲ..
အသင့်ကိုင်ထားခိုင်းလိုက်ပြီး ကပ်သွားကြတယ်..
ကြားရတဲ့ အသံက ပိုနီးလာတယ် ..
ကျွန်တော်တို့ နေရာဖြန့်ယူရင်း ထပ်ကပ်ကြည့်တယ်..

ကြားလိုက်ရတာက လူအသံ ..
မပီမသ မသဲမကွဲ ..
နားစိုက်ထောင်ကြည့်တော့ သေချာပြီ ..
ဒါ လူတစ်ယောက်ရဲ့ အသံ ..
ညကလည်း လအလင်းရောင် အနည်းငယ် ရှိချိန်မို့ .. ပတ်၀န်းကျင်ကို မမြင့်တမြင် အခြေအနေ ..
“ကြားရတဲ့ အသံက ဒီအိမ်ပေါ်က ဖြစ်လောက်တယ် ..”
ဆရာ စံသိန်း ကျွန်တော့် အနားကပ်ပြီး သတင်းပို့တယ် ..
“အင်း ! ဖြစ်နိုင်တယ်ဗျ .. ခဏနားထောင်ကြည့်စမ်း ..”
အသံကြားရာအိမ်ပေါ်ကို ကျွန်တော်တို့ သေနတ်တွေ ထိုးချိန်ရင်း အသံကို နားစွင့်ကြည့်နေလိုက်ကြတယ် ..
ကြားရတာတော့ လူနှစ်ယောက် ..
ဒီထက်လည်း ပိုများနိုင်တယ် ..
ကြားနေရတဲ့ အသံက မသဲကွဲ ..
ဗမာစကားတော့ မဟုတ်ဘူးဗျ ..
အဲ့ဒါတော့ သေချာတယ် ..
ကရင်ပြည်နယ် နယ်မြေမို့ ကရင်စကား ဖြစ်လိမ့်မယ်လို့
ကျွန်တော် တွေးလိုက်မိတယ် ..

ဒါဆို ဘယ်သူ ရောက်နေတာလဲ?
သူပုန်လား? ရွာသားတွေလား?
ရွာသားတွေတော့ ဖြစ်စရာ အကြောင်း မရှိ ..
ရွာသား ဆိုရင်လည်း ဒီဘက်ကို မလာရဘူး ..
သွားလာခြင်း မပြုရဘူးဆိုတာ စစ်မြေပြင်ညွှန်ကြားချက် ..
ထုတ်ပြန်ထားပြီးသား ..
သူပုန်နဲ့ မှားမှာစိုးလို့ ရွာဥက္ကဋ္ဌတွေကို ပြောထားပြီးသား..
ဒီနယ်မြေမှာ ဘယ်သူမဆို တွေ့တာနဲ့ ပစ်မှာပဲလေ ..
ဒါဆို သူပုန်ပဲ ဖြစ်စရာအကြောင်း ရှိတော့တယ် ..
တိုက်ပွဲတစ်ခု ဖြစ်ပွားတော့မယ့် အခြေအနေမို့ ..
အချိန်ကလည်း သိပ်ဆွဲလို့ မဖြစ် ..
ရန်သူက ကျွန်တော်တို့နဲ့ လက်တစ်ကမ်းအကွာမှာ ..
အဲ့ဒါနဲ့ ကျွန်တော်လည်း အနားမှာ ရှိတဲ့ ..
တပ်သား ချိုကြီး ကို တပ်ခွဲက စစ်သည်တွေကို ..
အသင့်ပြင်ထားဖို့ သွားပြောခိုင်းလိုက်တယ် ..

ကျွန်တော့် အမိန့်ရတာနဲ့ ချိုကြီးလည်း နောက်ဆုတ်ပြီး
ခြေသံလုံလုံနဲ့ ပြန်လှည့်ပြေးပြီး သွားသတင်းပို့တာပေါ့ ..
အဲ့ဒီ့အချိန်ထိ အိမ်ပေါ်က ကြားနေရတဲ့ အသံတွေက မပျောက်သေးဘူး ..
မကြားတစ်ချက် ကြားတစ်ချက်ရှိသေး ..
ကျွန်တော်တို့လည်း နေရာဖြန့်ခွဲယူပြီး အသင့်ပြင်လို့ ဆက်နားစွင့်နေလိုက်တယ် ..
အိမ်ပေါ်မှာ ဘယ်နှစ်ယောက်ရှိနေလဲတော့ မသိ ..
အခု ကျွန်တော်နဲ့အတူ ပါလာတာက (၇)ယောက် ..
ကျွန်တော်နဲ့ဆို (၈)ယောက် ..
ဒီလောက်ဆို ကိုယ်က လက်ဦးမှုယူပြီး ပစ်လို့ရပြီ ..
ကျွန်တော် အချိန်ခဏစောင့်လိုက်တယ် ..
ချိုကြီး သတင်းသွားပို့နေတုန်းဆိုတော့ ..
ကိုယ့်တပ်ခွဲ အသင့်ဖြစ်မယ့်အချိန်ကို တွက်လိုက်တယ် ..
တပည့်တွေလည်း ကျွန်တော့်အမိန့် စောင့်နေကြတယ်..
ခဏစောင့်ပြီး နောက်ချန်တပ်ခွဲ အသင့်ဖြစ်လောက်ပြီဆိုမှ
ကျွန်တော် ဆရာ စံသိန်းကို အနားကပ်ပြောလိုက်တယ် ..

ဓာတ်မီး တစ်ချက် အိမ်ဘက်ကို ဝေ့ထိုးလိုက်မယ် ..
ခဏပဲ မီးထိုးမှာ ..
မီးထိုးလိုက်တာနဲ့ အိမ်ပေါ်ကိုလည်း ပစ် ..
အိမ်ဘေး အိမ်အောက်ဘက်တွေကိုလည်း ပစ်တော့ ..
နေ့ခင်းဘက် မဟုတ်တော့ မတတ်နိုင်ဘူး ..
ရမ်းပစ်ရတော့မှာပဲလေ ..
ဒီ့ထက်ပိုနီးအောင် အနားကပ်လို့လည်း မဖြစ်တော့ဘူး..
သူပုန်က ကိုယ့်အရင်မြင်သွားရင် စ အပစ်ခံနေရဦးမယ်..
ကျွန်တော် ဘယ်ဘက်လက်က ဓာတ်မီးကို ကိုင် ..
ညာလက်က သေနတ်လက်ကိုင်ကို တင်းတင်းဆုပ်လို့
ဓာတ်မီးကို အိမ်ဘက်ကို ချိန်ပြီး မီးထိုးလိုက်တော့တယ် ..

ဓာတ်မီးအလင်းရောင်နဲ့အတူ သေနတ်ပစ်သံတွေ ၀န်းကျင်မှာ ဆူညံသွားတယ် ..
အဲ့ဒီမှာ …
ကျွန်တော် ထိုးလိုက်တဲ့ ဓာတ်မီးအလင်းရောင်ကြောင့် ..
ကျွန်တော်တို့ မြင်လိုက်ရတာက ..
တအူးအူး တဝါးဝါး အော်သံတွေနဲ့အတူ ..
အိမ်အောက် ဆင်းပြေးတဲ့ ..
အိမ်နံရံတွေပေါ် ကုပ်ကတ်တက်နေတဲ့ ..
မည်းမည်းသဏ္ဍာန်အကောင်တွေပဲဗျ ..
တစ်ဖက်က ပြန်လှန် ပစ်ခတ်သံ မရှိ ..

“ရပ် !!! ….”

ပစ်ခတ်မှု ရပ်တန့်ဖို့ အမိန့်ပေးလိုက်တာကြောင့် ..
ကျွန်တော့် အဖွဲ့ အပစ်ရပ်လိုက်ကြတယ် ..
တအူးအူး တဝါးဝါး အော်သံတွေ ထပ်ကြားရတယ် ..
“ဗိုလ်ကြီး ဘာကောင်တွေလဲ မသိဘူးဗျ ..”
ဆရာ စံသိန်း တို့လည်း မြင်လိုက်ရတာမို့ ..
အံ့အားသင့်နေသယောင် ရှိတယ် ..
ကျွန်တော် အသင့်ပြင်ခိုင်းထားပြီး ဓာတ်မီးကို ..
အိမ်ပေါ်ကို လိုက်ထိုးကြည့်လိုက်တယ် ..
နောက်ချန် တပ်စုက စစ်သည်အချို့လည်း ..
ကျွန်တော်တို့အဖွဲ့နဲ့ လာပူးပေါင်းနေပြီ ..

ရုတ်တရက် ကျွန်တော်လည်း အဖြေပြန်မပေးနိုင်သေး ..
အိမ်ပေါ်ကို ဓာတ်မီးနဲ့ ဝေ့ထိုးကြည့်တော့လည်း ..
ဘာလှုပ်ရှားမှုမှ မတွေ့ရတော့ဘူး ..
အိမ်အောက် အိမ်ဘေးတွေကိုလည်း ကျန်တဲ့ စစ်သည်တွေက ဓာတ်မီးတွေနဲ့ လိုက်ထိုးကြည့်တယ်..
ဘာထူးခြားမှု မရှိ ..

တပ်စုတပ်ကြပ်ကြီး မျိုးမောင် ကလည်း ..
“ဗိုလ်ကြီး ဘာတွေ့လိုက်လဲ?..” တဲ့ ..
“အင်း !!! ကျွန်တော့်အထင် ညနေက ကျော်မင်းကို
အပင်ပေါ်ကနေ တွန်းချတဲ့ အကောင်တွေပဲ နေလိမ့်မယ်..
ကဲ ! လာဗျာ .. အိမ်နား ကပ်ကြည့်ရအောင်” ဆိုပြီး ..
ကျွန်တော်တို့ ဂရုစိုက်ပြီး အိမ်နားကပ်လာခဲ့လိုက်တယ် ..
အိမ်ကိုလည်း ခပ်လှမ်းလှမ်းက ဝိုင်းထားလိုက်တယ် ..

“အထဲမှာ ဘယ်သူရှိလဲ? ထွက်လာခဲ့စမ်း ..”
တုန့်ပြန်သံ မကြားရ ..
အိမ်က ခြေတံရှည် တစ်ထပ်ပျဉ်ထောင်အိမ် ..
တက်ရှင်းတော့ ကျွန်တော်က ၃ ယောက်မြောက်..
ဘာအရိပ်အယောင်မှ မတွေ့ ..
ဒါပေမယ့် တွေ့ခဲ့တာတွေတော့ ရှိတယ်ဗျ ..
အဲ့ဒါက ဖုန်အလိမ်းလိမ်းတက်နေတဲ့ ..
အိမ်ကြမ်းခင်းမှာ ခြေရာပေါင်း များစွာ ..
အကွက်လိုက် အကွက်လိုက် အများကြီး ..
လူကြီး ခြေရာတွေရော ကလေးခြေရာလို သေးသေးလေးတွေရော အစုံပဲ ..
ပတ်၀န်းကျင် လိုက်ရှင်းတဲ့ ဆရာကြီး ထွန်းအေး က ..
ဘာမှ မထူးကြောင်း လာသတင်းပို့တာနဲ့ ..

“ကဲ !!! … အဖွဲ့တွေ .. ဘာမှ မဟုတ်ဘူး ..
ပြန်ကြမယ်ဟေ့ .. ဘယ်သူမှ မဟုတ်ဘူး ..
ကျော်မင်း အမျိုးတွေဟေ့ ..”
(နာနာဘာဝတွေလို့ ဆိုလိုလိုက်တာပါ …)
ကျွန်တော်တို့အဖွဲ့ ရယ်သံတွေ ဆူညံသွားတယ် ..
အိမ်နံရံ ပျဉ်ပြားတွေမှာတော့ ကျည်၀င်ပေါက်တွေနဲ့ပေါ့ ..
ကိုယ်က သူပုန်တွေ မှတ်နေတာကိုး ..
သူပုန် မဟုတ်ဘဲ ရွာစောင့်တစ္ဆေတွေ ဖြစ်နေတာတော့ ..
မတတ်နိုင် ..

နောက်တစ်နေ့ နေ့လယ်စာ စားပြီးချိန်ကျတော့ ..
စစ်ကြောင်းရုံးက အခြားနယ်မြေတစ်ခုကို
ဆက်သွားဖို့ ညွှန်ကြားချက်ပေးတယ် ..
တပည့်ကျော် တာဇံ(ခ) ကျော်မင်း က .. ရွာစောင့်တစ္ဆေကောင်ရဲ့ လက်ချက်ကြောင့် ခြေထောက်နာနေတာမို့ တပည့်ကျော်ရဲ့ ..
စက်လက်သေနတ်အလေးကြီးကို ..
ကျွန်တော်နဲ့ တပ်ခွဲရုံးက စစ်သည်နှစ်ယောက် ..
အလှည့်ကျ ထမ်းရင်း ချီတက်ခဲ့ကြရတာပေါ့ဗျာ ..

ကမြောင်နီရွာပျက်မှာ စခန်းချခဲ့ချိန် ..
အုန်းဖာလူဒါလေးလည်း သောက်လို့ ကောင်းပါရဲ့ ..
ရွာပျက်စောင့်တစ္ဆေတွေကလည်း ..
အနေအစားပျက်အောင် ..
နှောင့်ယှက်လိုက်ကြပါလေရဲ့ ..
သြော် .. မှတ်မှတ်ရရပါပဲဗျာ … ။

Thanks for audience.
2017 December 241400
#လေးစားစွာcreditပေးပါသည်