ရွှေမျိုး

Posted on

ရွှေမျိုး(စ/ဆုံး)

————
“ဟဲ့ မိစု ကျောင်းရောက်ရင်ဟိုမောင်နှမကို မသိသလိုနေနော် ကြားလား”
“ဟုတ်ကဲ့ မေမေ”

ကုန်စုံဆိုင်ကြီးရဲ့အထဲက စကားသံတွေကြောင့် ဖြိုးငယ်လက်ထဲက ဆီဗူးအလွတ်ကို ခပ်တင်းတင်းဆုပ်ကိုင်ထားလိုက်မိသည်။အဖေ့ရဲ့ညီမ သူမရဲ့အဒေါ် သူ့သမီးကို မှာကြားနေသံတွေပဲဖြစ်သည်။

အဖေ့ရဲ့ “သမီးတို့ ဒေါ်လေးဆိုင် ဆီတစ်ဆယ်သား အကြွေးယူခဲ့”လို့ ခိုင်းလိုက်တဲ့စကားသံကို မနာခံနိုင်တော့ဘဲ သူလှည့်ထွက်လာတော့သည်။

တကယ်ဆို အဖေ့ဘက်ရော အမေ့ဘက်ရော ညီအစ်ကိုမောင်နှမတွေပေါပါသည်။
အဘိုးအဘွားတွေကလဲ အတန်အသင့်ပြည့်စုံကြပါသည်။သို့သော်လဲ ဖြိုးငယ်တို့အဖေရော အမေရော လုပ်စားစရာဘာမှမရခဲ့ကြတာဖြစ်မည်။

ဖြိုးငယ်မှာမောင်နဲ့ညီမအငယ်ဆုံးလေးရှိသေးသည်။သူက ၄တန်း မောင်က၂တန်းနဲ့ညီမအငယ်လေးက ကျောင်းမတက်နိုင်သေးပေ။အဖေက ရေခဲချောင်းလှည့်ရောင်းပြီး မိသားစု၀မ်းရေးကို ဖြေရှင်းနေရသည်။အမေက ဟင်းစိမ်းလှည့်ရောင်းကာ အိမ်စရိတ်ကို တစ်ဖက်တစ်လမ်းက ကူရှာသည်။

အဆွေအ၀န်းတွေကြားထဲမှာ ဆင်းရဲနိမ့်ကျလွန်းတာမို့ ဘယ်သူကမှ သူတို့ကိုအဆက်အဆံသိပ်မလုပ်ကြပေ။

“လေးလေး မြအောင် လေးလေး မြအောင်”
“ဘာလဲ ဟိုမောင်နှမ”
“ဟို သမီးတို့ TVလာကြည့်တာပါ”
“ဟေ့ဟေ့ ဘာTVမှမပြဘူး ကိုမြအောင် တော်ဖွင့်ရဲဖွင့်ကြည့်”
“အေးပါ မိန်းမရာ ကဲ ပြန်ကြတော့ TVမပြဘူး”

တစ်ပတ်မှာတစ်ရက်သာလွင့်သည့် ဇာတ်လမ်းလေးကို ဖြိုးငယ်တို့ကြည့်ချင်မိတာအမှန်ပင်။ခုတော့ စိတ်ကူးဟာလက်တွေ့နဲ့ထပ်တူမကျတော့ပေ။

ဒီနေ့ အဖေရောအမေရောအိမ်ပြန်တာနောက်ကျသည်။သူတို့မောင်နှမတွေ ဗိုက်ဆာနေကြသော်လည်း စားစရာဘာမှမရှိချေ။မနက်ကကျန်တဲ့ မုရင်းဆန်ထမင်းကြမ်းတော့ရှိသေးသည်။

“သမီးတို့ရေ ဗိုက်ဆာနေကြပြီလား”
“ဟော မေမေတို့ပြန်လာပြီ”

ကန်စွန်းရွက်ကြော် ငပိဖုတ်နဲ့ ကြက်ဥသုပ်ဟင်းက သူတို့မိသားစုရဲ့၀မ်းမီးကိုငြိမ်းစေခဲ့လေသည်။

“အစ်ကို ဟိုကိစ္စဘယ်လိုစဉ်းစားထားလဲ”
“အစ်မကြီးဆီ အကူအညီတောင်းကြည့်ရမှာပေါ့ နှင်းရယ် သမီးတို့လဲတဖြည်းဖြည်းနဲ့အတန်းကကြီးလာတော့မှာဆိုတော့ အလုပ်ပြောင်းမှပဲဖြစ်မှာ”
“ဟုတ်ပါတယ် အစ်ကိုရယ်”

အုပ်ခံနှစ်ထပ်အိမ်ကြီးကိုမော့ကြည့်ရင်း လှအောင်၀င်သင့်မ၀င်သင့် စဉ်းစားနေမိသည်။သူတို့မောင်နှမတွေထဲမှာ အကြီးဆုံးအစ်မကြီးဖြစ်သည်။သူအိမ်ထောင်မကျခင်က အစ်မကြီးတက္ကသိုလ်တက်နေစဉ်တစ်လျှောက် ကုန်ကျစရိတ်မှန်သမျှကို ခြံလုပ်လယ်လုပ်ပြီးထောက်ခဲ့ရတာဖြစ်သည်။

“အစ်မကြီး အစ်မကြီး”
“ဟေ့ ဘယ်သူလဲ မိန်းမထွက်ကြည့်စမ်းပါဟ”
“လာပြီ လာပြီ”

တစ်ကျပ်သားလောက်ရှိသည့် ရွှေဆွဲကြိုးကြီး၀တ်ကာ ထွက်လာသည့် အစ်မကြီးကို သူပြုံးပြလိုက်သည်။သူ့ကိုမြင်သည်နှင့် တင်းသွားသည့် မျက်နှာကြော မာသွားသည့်အသံတွေကြောင့် စိတ်ကသိကအောက်တော့ဖြစ်သွားရသည်။

“ဘာကိစ္စလဲ လှအောင်”
“ဟုတ် အကူအညီလေးတောင်းမလို့ပါ အစ်မကြီး”
“ဘာအကူအညီလဲ”
“အရင်းအနှီးလုပ်ဖို့အတွက် ငွေ၂သိန်းလိုနေလို့ လာချေး…”
“ဘာ ငွေ ၂သိန်းဟုတ်လား နင်က ငွေလာချေးပြီး ဘာနဲ့ပြန်ဆပ်မှာတုန်း သွားတော့ ငါတစ်ပြားမှမချေးနိုင်ဘူး”
“ကူညီပါ အစ်မကြီးရာ ဖြိုးငယ်တို့တွေအတွက် အလုပ်,လုပ်ချင်လို့ပါ”
“မချေးနိုင်ဘူးလို့ပြောနေတယ်လေ လှအောင်”

အိမ်ထဲ၀င်လိုက်တာနဲ့ မျက်နှာငယ်လေးတွေနဲ့ သူ့ကိုစောင့်နေကြတဲ့ သူ့ရဲ့သံယောဇဉ်အသိုက်အမြုံလေးကိုကြည့်ရင် ရင်မောသွားရသည်။ရေခဲချောင်းရောင်းသည့်အလုပ်က ၀မ်း၀ရုံတောင်အနိုင်နိုင်မို့ စုထားတာလေးနဲ့ ငွေချေးလို့ရခဲ့ရင် ဆိုင်ကယ်တစ်ပတ်ရစ်လေး၀ယ်ပြီး စျေးထဲမှာကယ်ရီဆွဲဖို့တွေးထားတာဖြစ်သည်။

သူ့ရဲ့ညီအငယ်ဆုံး တင်အောင်ကလဲ နေစရာအိမ်အသစ်ရှာဖို့ လာပြောနေလေပြီ။အရင်ကသူ့ကိုယ်ပိုင်အကွက်လေးရှိပေမဲ့သမီးအငယ်ဆုံးလေး မီးဖွားတဲ့အချိန် ငွေလိုလို့ သူ့ညီဆီပေါင်ထားခဲ့တာဖြစ်သည်။ခုတော့ အတိုးရောအရင်းရော မဆပ်နိုင်တော့တာကြောင့် မြေကွက်လေးက အလိုလိုတင်အောင်တို့အကွက်ထဲပါသွားတော့သည်။

“ကိုတင်အောင် ပြောင်းဖူး၂ဖူးကျန်သေးတယ် ဘာလုပ်ရမလဲ”
“ထားထားလိုက်လေ နက်ဖြန်စားလို့ရတာပဲ”
“အင်းပါ အင်းပါ”

အိမ်ဘေးကသူ့ညီလင်မယားရဲ့စကားပြောသံအဆုံးမှာတော့ သမီးအငယ်ဆုံးလေးက ပူဆာလာတော့သည်။

“ဖေဖေ ပြောင်းဖူးစားချင်တယ်”
“အေးပါ ဖေဖေ ၀ယ်ကျွေးမှာပေါ့ သမီးလေးရဲ့ နော်”
“ဟုတ် ဖေဖေ”

ရေခဲပုံးကိုလွယ်ရင်း သူ့ညီတွေညီမတွေနေတဲ့ အခြမ်းဘက်ကို သူထွက်လာခဲ့သည်။ဘာပဲဖြစ်ဖြစ် အရင်းကြီးတွေမို့ အားပေးကြမှာပဲဟု သူတွေးထားလေသည်။

“ဟိုမှာလေ သူဌေးမင်းကြီးကြွလာပြီ ငွေ၂သိန်းတောင် ချေးတာဆိုပဲ”
“ဟုတ်ပကွာ နေစရာမြေကွက်တောင် မရှိတာ ပိုက်ဆံတော့ချေးတတ်သဟ”
“တော်သေးတာပေါ့ မမကြီးတို့များ မချေးလိုက်လို့ ချေးမိလိုက်ရင်တော့ ရေစက်သာချပေတော့ပဲ”

သူ့ကိုလှောင်ပြောင်ထေ့ငေါ့နေတဲ့ လူတွေထဲမှာ သူစိမ်းတရံဆန်တွေနဲပါသည်။ရွှေရှိမှအမျိုးတော်ချင်ကြသည့် သူ့ရဲ့ရွှေမျိုးတွေကသာ အများဆုံးဖြစ်သည်။ရင်ထဲမှာ
တစ်ဆစ်ဆစ်နဲ့နာကျင်ရင်း အိမ်ကိုပြန်လာခဲ့သည်။

“ထွေးငယ်ရေ ရော့ဒီမှာပြောင်းဖူးပြုတ်လာယူ တီတီအေးက စားစေချင်လို့နော်”
“ဟေး”

သူအိမ်ရောက်တော့ ပြောင်းဖူးပြုတ်ကိုင်ထားတဲ့ သမီးထွေးကိုတွေ့ရတာကြောင့်
မေးကြည့်ဖို့သူကပ်သွားလိုက်သည်။သူနမ်းကြည့်လိုက်တော့ပြောင်းဖူးပြုတ်သည်သိုးစော်နံလို့ပျော့နေပြီဖြစ်သည်။

“သမီး မစားနဲ့တော့နော် ဖေဖေအသစ်၀ယ်ပေးမယ်”
“တီတီအေး ပေးထားတာ စားမှာ”

မနေ့ကသူ့ညီလင်မယားပြောနေတဲ့ စကားသံတွေကြားယောင်ရင်း အံကိုကြိတ်ထားမိသည်။ဆုံးဖြတ်ချက်တစ်ခုကို သေချာအောင်စဉ်းစားလို့အပြီးမှာတော့ သူလုပ်ရမည့်အရာသည် သေချာသွားခဲ့ပြီဖြစ်သည်။

“နှင်းရေ အစ်ကိုတို့တစ်ရွာပြောင်းကြရအောင် ဒီမှာပဲဆက်နေလို့မဖြစ်တော့ဘူး”
“ပြောင်းကြတာပေါ့ အစ်ကိုရယ်”
••••••••••••••••••••••••••••••

နှစ်ပေါင်း (၂၀) ။
အချိန်ကာလဟာ လူကိုအတော်ပြောင်းလဲစေသည်။လူနေထူထပ်သည့် မြို့ပေါ်ကဆေးခန်းထဲမှာ အမျိုးသမီးတစ်ယောက်ထိုင်နေသည်။ရှေ့မှာလှဲလျောင်းရင်း ဆေးကုသမှာခံယူနေတဲ့ အန်တီကြီးသည် သူမကိုမကြာခဏကြည့်နေလေသည်။

“ဖြိုး လူနာ၂ယောက်ကျန်သေးတယ် ဆက်ကြည့်မလား”
“ကြည့်လိုက်မယ်လေ ကေသွယ်”

ဆေးကုသမှုခံယူပြီးတော့ ခုနကအန်တီကြီးက သူမဆီလာပြီးစကားပြောလေသည်။

“သမီးကို မြင်ဖူးသလိုရှိနေတယ် သမီးနာမည်က”
“ဖြိုးငယ်ပါ အန်တီ ဒေါက်တာဖြိုးဖြိုးငယ်”
“ဟင် ဦးလှအောင်ရဲ့ သမီးဖြိုးငယ်လား”
“ဟုတ်ပါတယ် အန်တီ ဒါနဲ့ အန်တီက ဖေဖေ့ကို သိလို့လား”
“သိပ်သိတာပေါ့ သမီးဖေဖေရဲ့အစ်မကြီး ဒေါ်ဝေ၀ဟာ အန်တီပဲလေ”
“အော် ဟုတ်ကဲ့ အန်တီ အိမ်ရောက်ရင် ဖေဖေ့ကို သမီးပြောလိုက်ပါ့မယ် ဒါက အိမ်လိပ်စာကတ်ပါ အန်တီ ကိစ္စရှိသေးလို့ ခွင့်ပြုပါအုန်း”

ကြီးမေတော်သူ မိမိကိုတွေ့တာတောင် အားရ၀မ်းသာမရှိလှဘဲ တည်ငြိမ်လွန်းလှတဲ့ တူမဖြစ်သူကိုကြည့်ရင်း စိတ်ထဲအံ့အောမိသွားသည်။

ပန်းတွေဝေနေတဲ့ခြံကြီးနဲ့အဖြူရောင်ဆေးသုပ်ထားတဲ့အိမ်ကြီးရဲ့ ထမင်းစားခန်းထဲမှာတော့ မိသားစု၅ယောက် ထမင်းစားရင်း စကားပြောနေကြသည်။

“အော် ဖေဖေ့ကို သမီးပြောရအုန်းမယ် ဒီနေ့ဆေးခန်းမှာ ဖေဖေ့ရဲ့အစ်မကြီးနဲ့တွေ့ခဲ့တယ်”
“အော် မဝေလား”
“ဟုတ်တယ် ဖေဖေ သမီးလဲ ကိစ္စရှိလို့ စကားနည်းနည်းပြောပြီး ထလာခဲ့တယ် အော် အိမ်လိပ်စာကတ်တော့ ပေးခဲ့လိုက်တယ်”
“သူတို့မလာပါဘူး သမီးရယ်”

သူတို့တွေစိတ်ထဲမှာ သွေးနီးရမဲ့အသိုက်အမြုံတွေမရှိတော့ကြာလေပြီ။သွေးမတော်သားမစပ်တဲ့ လူတွေကြားထဲမှာရရှိခဲ့တဲ့ နွေးထွေးမှုတွေနဲ့နေပျော်ခဲ့ကြပြီဖြစ်သည်။

သမီးကြီးကိုလဲ ဆရာ၀န်ဖြစ်အောင် သူပျိုးထောင်နိုင်ခဲ့သလို သားကိုလဲ စီးပွားရေးလောကထဲ နေရာတစ်နေရာသူပေးနိုင်ခဲ့ပြီဖြစ်သည်။သမီးထွေးကိုတော့ သူဝါသနာပါရာကို ခွင့်ပြုထားတာမို့ စိတ်အေးချမ်းစွာဘ၀ကိုဖြတ်သန်းနေနိုင်ပြီဖြစ်သည်။

တစ်ရက် မိသားစုတွေပိတ်ရက်မှာ အပန်းဖြေနေကြတုန်း ဖုန်းတစ်ခု၀င်လာခဲ့သည်။

“ကလင် ကလင် ကလင်”

စိတ်သွက်လူသွက်ဖြစ်သော သမီးထွေးကထသွားကာ ကိုင်လိုက်ရင်း စပီကာဖွင့်လိုက်သည်။

“ဟဲလို”
“ဟဲလို လှအောင်တို့ နှင်းတို့ ဖြိုးတို့အားလုံးနေကောင်းကြလား ဒီမှာ အားလုံးကလဲ မတွေ့ရတာကြာတော့ တွေ့ချင်နေကြတယ် ရွာကိုလာခဲ့ကြပါအုန်း”
“ဟုတ်ပါရဲ့ဗျာ အစ်ကိုလှအောင်တို့ အစ်မနှင်းတို့သားအမိတွေရော ဒီမှာညီအစ်ကို မောင်နှမတွေကတွေ့ချင်ကြလို့တဲ့ ကျနော် တင်အောင်လေ မှတ်မိလား”
“အစ်ကိုအောင် ညီမလေ ငွေယုံရယ် ကျမလဲ တူမလေးတွေနဲ့ အစ်ကိုတို့ကိုလွမ်းနေတာ”

ဖုန်းထဲကနေဆူညံပွက်လောရိုက်နေတဲ့ရွှေတော်မျိုးတော်တွေရဲ့ အသံကိုနားထောင်နေရင်း လှအောင်ပြုံးမိသည်။အတိတ်ကအဖြစ်အပျက်တွေသည် ခုချိန်ထိမျက်စိမှိတ်တိုင်း ပိတ်ကားထက်မှာထင်ဟပ်နေဆဲဖြစ်သည်။

“ဖေဖေ ရွာကအမျိုးတွေက မောင်နှမတွေစုပေါင်းအလှူကို လာခဲ့ကြဖို့ဖိတ်ပါတယ်တဲ့”
“တော်ပါပြီ သမီးရယ် ဖေဖေတို့ သူစိမ်းတွေကြားထဲ ပျော်ပါတယ်ကွယ်”

မောင်သုည(ခေတ္တလူ့ဘုံ)