ရှင်သန်ခွင့်

Posted on

ရှင်သန်ခွင့်(စ/ဆုံး)
—————-

ကျွန်တော့်နာမည်က ” ဖိုးမဲ ” ပါ။
အစကတော့ ကျွန်တော့်မှာနာမည်မရှိပါဘူး။မရှိဆို မွေးကတည်းက ကျွန်တော်ကိုနာမည်ပေးမဲ့သူမှမရှိပဲ။ ကျွန်တော့် မှာနေစရာနေရာမရှိသလို စားစရာကျွေးမယ့်သူလည်းမရှိဘူး။ကျွန်တော် ဘာသာ ရပ်ကွက်အနှံ လိုက်ရှာစားသောက်ရတာ။
နေစရာနေရာမရှိတဲ့ကျွန်တော့်အတွက် အိပ်စရာဆိုတာ ပူပန်ရရိုးလား။ ခဏခဏ ဆာလောင်တတ်လွန်းတဲ့ ကျွန်တော့် ဝမ်းကို ဖြည့်ဖို့ ရှာဖွေစားသောက်ရင်းက အိပ်ချိန်ရောက်ရင်တွေ့တဲ့နေရာ ထိုးအိပ်လိုက်ရုံပဲ။ ဒါက ကျွန်တော်အတွက်တော့ ခက်ခဲတဲ့အလုပ်မှမဟုတ်ပဲလေ။

အများတကာလို ကျွန်တော်တို့လည်း ကျွန်တော်ကိုမွေးမဲ့ ပိုင်ရှင်ကိုလိုချင်တာပေါ့။ဒါပေမဲ့ ကျွန်တော်တို့ဘ၀က အဲဒီလိုအခွင့်ရေးမှ မရှိပဲ။လမ်းမှာနေ လမ်းမှာစားနဲ့ လုံး၀ အလေအလွှင့်တွေပေါ့။ကျွန်တော်ဒီရပ်ကွက်နဲ့ ဒီလမ်းထဲကို အလေ့လွှင့်တစ်ကောင်ဖြစ်ဖို့ရောက်ခဲ့တာလည်း ကျွန်တော့် သဘောဆန္ဒကြောင့်မှမဟုတ်ပဲ။

အလေလွှင့်တစ်ကောင်ရဲ့ဘ၀က ဘယ်လောက်ဆိုးလဲဆိုတာ ဘယ်သူမှမသိနိုင်ပါဘူး။ ဒီလိုဘဝရောက်လာဖို့ အတွက် ကျွန်တော်တို့လည်း ဘယ်တုန်းကမှ ဆုမတောင်းခဲ့ရိုးအမှန်ပါ။ကျွန်တော်တို့ဆို လူတွေက ရွံ့ကြတယ်။ အမြင်ကတ်ကြတယ်။ ကျွန်တော်တိုဘ၀ကိုတော့ ဘယ်သူမှ ကိုယ်ချင်းမစာကြည့်ကြဘူး။ ကျွန်တော်တို့မှာလည်း အသွေးသားနဲ့ စိတ်နဲ့ကိုယ် နဲ့ပါ။ တကယ်ဆို ကျွန်တော်တို့တွေက စကားသာမပြောတတ်တာ လူတွေပြောတဲ့စကားတွေအားလုံးကိုနားလည်တယ်ဆိုတာဘယ်သူမှ မသိတာလား။
ကျွန်တော့်ကို မွေးတုန်းကတော့ ခင်ဗျားတို့လို မိုးလုံလေလုံရှိတဲ့ အိမ်လေးမှာပဲ။ ကျွန်တော်နဲ့အတူကျွန်တော့်ညီကို မောင်နှမတွေလည်းရှိတယ်။ကျွန်တော်ညီကိုမောင်နှမတွေ ထဲမှာ ကျွန်တော်က အငယ်ဆုံး။ အသေးဆုံး၊ အလီဆုံးပေါ့။
ကျန်တဲ့ ညီကိုမောင်နှမတွေက ဝဝလှလှတွေရယ်။ကျွန်တော်က မွေးကတည်းက သေးသလို အရုပ်လည်းဆိုးတယ်။ ကျွန်တော်ညီကိုမောင်နှမတွေ ရန်လုပ်လွန်းလို့ အမေ့နို့ကိုလည်း ကျွန်တော်ကောင်းကောင်းမစို့ခဲ့ရပါဘူး။
ဒါပေမဲ့ ကျွန်တော်ပျော်ခဲ့တယ်။ အမေ့ရဲ့ နွေးနေတဲ့ ရင်ခွင်ထဲမှာ မောင်နှမတွေနှင့် တို့ဝှေ့ပြီး အိပ်ရတာ ဘာနဲ့မှ မလှဲနိုင်တဲ့အရသာပဲ။
ဒါပေမဲ့ ကျွန်တော့်အပျော်တွေသိပ်မကြာလိုက်ပါဘူး။
ကျွန်တော်နေတဲ့ အိမ်က လူတစ်ယောက်က ကျွန်တော်နဲ့အတူ သိပ်ရုပ်မလှတဲ့ ကျွန်တော်အမနဲ့အကို နှစ်ယောက်ကိုပါ ရွေးပြီး ဧရာမ ခြင်းတာင်းကြီးတစ်တောင်းထဲ ထည့်ဖမ်းတယ်။ပြီး တနေရာရာကိုကားနဲ့တင် ခေါ် သွားတယ်။ အဲတုန်းက ဘာမှမသိပဲ အဖမ်းခံလိုက်ရတဲ့ ကျွန်တော်တို့ကြောက်လိုက်တာ ပြောမပြတတ်အောင်ပဲ ။
ကျွန်တော်တို့ကို ဘာလုပ်မလဲ မသိဘူး။အမေ ပါ ပါလာရင်တော့ ကျွန်တော် တို့မကြောက်ပါဘူး။
ခုတော့ အမေတောင်မသိခင် ကျွန်တော်တို့ကိုခေါ်သွားတာ မကြောက်ပဲနေမလား။ အမေနဲ့ ထပ်မတွေ့ရမှာကြောက် သလို ဘယ်မှာဘယ်လိုနေရမလဲ မသိတော့ ကျွန်တော် ကြောက်လိုက်တာဆိုတာ ပြောမပြတတ်အောင်ပဲ ။
ဒါပေမဲ့ မတတ်နိုင်ပါဘူး။ ကျွန်တော့်ဘဝက ထားရာနေ စေရာသွားကိုး။
တနေရာရောက်တော့ ကားရပ်သွားပြီး တောင်းထဲက ကျွန်တော့်လာထုတ်တယ်။ကျွန်တော့်ကို ခြင်းထဲကထုတ်ထုတ်ခြင်း တွေ့လိုက်ရတဲ့ မြင်ကွင်က ကျွန်တော်နဲ့လုံး၀အစိမ်းသက်သက်။ ကျွန်တော် တစ်ခါမှမမြင်ဖူးတဲ့ ပတ်၀န်းကျင်မှာ။ဘေးပတ်လည်ကို ဝှေ့ကြည့်ပြီး ကျွန်တော်ကြောက်လိုက်တာ။

ကြောက်လို့ ရှိသမျှအားတွေသုံးပြီးအားပါတရ အော်လိုက်ချင်ပေမဲ့ တလမ်းလုံးအော်လာရလွန်းလို့မောနေပြီဆိုတော့ ကျွန်တော် ဆက်လည်းမအော်နိုင်တော့ပါဘူး။ကျွန်တော့််ကို လမ်းထောင့်တစ်နေရာလေးမှာ ထားခဲ့ပြီး ကျွန်တော့်သခင်က ကားကိုပြန်မောင်းထွက်သွားတယ်။ ကျွန်တော်ဝမ်းနည်းလိုက်တာ…။ ကျွန်တော်အကိုနဲ့အမကိုလည်းမထားခဲ့ဘူး။ ကျွန်တော့်တစ်ယောက်တည်း ထားပစ်ခဲ့တာ။
ကျွန်တော် ကားနောက်ကို တတ်နိုင်သလောက်အားနဲ့ ပြေးလိုက်ပါသေးတယ်။

ဒါပေမဲ့ အချည်းနည်းပါပဲ။ ဝေါခနဲမောင်းထွက်သွားတဲ့ကားက ကျွန်တော့်မြင်ကွင်းထဲက ခဏအတွင်းပျောက်ကွယ်သွားတယ်။

အဲဒီနေ့က စပြီး ကျွန်တော်တစ်ယောက်တည်း ဒီရပ်ကွက်လမ်းလေးမှာ ကျင်လည်ခဲ့ရတယ်။ အမေ ကိုရော တူတူဆော့ခဲ့ကြတဲ့ မောင်နမတွေ ကိုပါ တခါမှမတွေ့ရတော့ဘူး။

ကျွန်တော်နှင့်အတူ ရုပ်ဆိုးတဲ့အစ်ကိုနှင့်အစ်မ ကိုလည်း တခြားနေရာသွားပစ်ဟန်တူပါရဲ့။ လူသားတွေဟာ သူတို့သာမလှတာ အလှသိပ်ကြိုက်တတ်ကြတာပဲ။

ဒီလိုနဲ့စွန့်ပစ်ခံအလေလွှင့်တစ်ကောင် ုဖစ်သွားတဲ့ကျွန်တော်ဟာ ဗိုက်ဆာရင်အစားကျွေးမယ့်သူမရှိတော့သလို၊ နို့တိုက်မဲ့ အမေ ဆိုတာလည်းဘယ်ဆီနေမှန်းမသိတော့ပါဘူး။
ကျွန်တော်တစ်ယောက်တည်း ဒီရပ်ကွက်လမ်းလေးမှာလျှောက်သွားရင် ဘယ်မှာနေလို့နေရမလဲမသိဘူး။
ဒုက္ခတွေရောက်တာပြောမပြတတ်အောင်ပဲ။ မိုးတွေရွာချိန်ဆို ရပ်ကွက်ကအုတ်တံတိုင်းပေးမှာ ကပ်ပြီးနေရတယ်၊ မိုးတော့မလုံဘူးပေါ့။ တကိုယ်လုံးဖတ်ဖတ်ရွှဲစိုတာပါပဲ။
ဒီလိုနဲ့ တစ်နေ့တော့ နေစရာ စားစရာ ရလိုရငှါး ဘုန်းကြီးကျောက်းတစ်ကျောင်းကိုသွားခဲ့တယ်။ ကျောင်းမှာ ကျွန်တော်တို့အမျိုးနွယ်တူတွေအများကြီး။ ရုတ်တရက်ဆိုတော့ ကျွန်တော်ပျော်သွားတာပေါ့။

ဒီမှာနေမယ်ဆိုတဲ့စိတ်နဲ့ အထဲကိုပြေး၀င်သွားတဲ့အခါမှာ တော့ ကျွန်တော်ကို ဘယ်သူမှ ဆီးမကြိုကြပါဘူး။ အကောင်ထွားထွားကျိုင်းကျိုင်းကြီးတွေက ကျွန်တော်ကို နှင်လွှတ်ကြတယ်။ မောင်းထုတ်ကြတယ်။ ကျွန်တော်မယ် သူတို့ဆီက မသေရုံသမယ်ပြေးထွက်ခဲ့ရတာ။

နောက်တော့ ကျွန်တော်ဖြင့်ကြောက်လွန်းလို့ အဲဒီအနားတောင်မသွားရဲတော့ပါဘူး။
အချိန်တွေဘယ်လိုပြောင်ပြောင်း ဘယ်သူမှ ကျွန်တော့်ကို ခေါ်မွေးမဲ့သူမရှိသလို ဘယ်သူမှလည်း အစာခေါ်ကျွေးမယ့်သူမရှိပါဘူး။ကိုယ့်အားကိုယ်ပဲကိုးရတာပဲလေ။

ဗိုက်ဆာတဲ့အချိန် ရပ်ကွက်က အမှိုက်ပုံလေးဆီမှာ သွားရောက်ရှာစားရင်တော့ တခါတလေ စားကြွင်းစားကျန်လေးတွေ တွေ့တတ်တယ်။

ဒါပေမဲ့ ဒီအလုပ်ကလည်း သိပ်တော့မလွယ်ပါဘူး။ အမှိုက်လာပစ်မယ့်သူတွေကို အမှိုက်ပုံဘေးမှာထိုင်စောင့်နေမှ ။ ဒီလိုထိုင်စောင့်ရင်း တခါတလေ အမှိုက်လာပစ်သူတွေက သူတို့အနားမလာနိုင်အောင်ခဲတွေ နှင့်ပြစ်ထုတ်တတ်သေးတာ။
ည လူခြေတိတ်မှ ကောင်းကောင်းရှာစားရတယ်။
ကျွန်တော့်စားရတဲ့ အစာတွေက ဝဝလင်လင် မရှိပေမဲ့ အသက်ဆက်ဖို့တော့ လုံလောက်ပါတယ်။
ဒီလို ရှာဖွေစားသောက်လိုက် တွေ့ရာနေရာအိပ်လိုက်နဲ့ ကျွန်တော်လည်း ဒီရပ်ကွက်ရောက်တာ တစ်နှစ်ကျော်ကျော်လောက်ရှိရောပေါ့။

သြော်…. မေ့လို့။
ကျွန်တော့်နာမည် ရလာပုံကိုပြောပြရဦးမယ်။

ကျွန်တော်တို့ရပ်ကွက်အစွန်မှာ စာသင်ကျောင်းကြီးတစ်ကျောင်းရှိတယ်။ အဲဒီကျောင်းကို မနက်မနက်ဆို ကလေးတွေ ကျောင်းသွားကြတယ်။
သူတို့ကျောင်းသွားရင် ကျွန်တော်က ဘာရယ်မသိ နောက်က လိုက်သွားတယ်။ လူကြီးတွေ ထက်စာရင် ကျွန်တော် သူတို့လေးတွေကို ပိုခင်တယ်။ ချစ်တယ်။ ကလေးတွေက ကျွန်တော်တို့အပေါ်နားလည်တယ်။ ကလေးတွေပဲ ကျွန်တော်တို့ကို သူတို့သူငယ်ချင်းလိုဆက်ဆံတာ။ လူကြီးတွေဆို အားအားရှိမောင်းထုတ်ဖို့ပဲသိတာ။

ကလေးတွေက သူတိုနောက်လိုက်သွားရင် တခါတလေ သူတို့ စားတဲ့မုန့်လေးတွေ သူတို့ချိုင့်ထဲက ထမင်းကျန် ဟင်းကျန်လေးတွေကို ကျွန်တော့်ကို ကျွေးခဲ့တတ်တယ်။ သူတို့ကျွေးတဲ့ အစာတွေအားလုံးကျွန်တော်ကြိုက်တယ်။ စားလို့ကောင်းတယ်။ ဒါကြောင့် ကလေးတွေကျောင်း သွားရင် ကျွန်တော် နောက်က အမြဲလိုက်တယ်။ ကျောင်းပြန်ရင်လည်း သူတို့ကို နောက်က လိုက်ပို့တယ်။သူတို့လေးတွေကိုချစ်လို့ တခြားသူတွေ သူတို့ကို အန္တရယ်မပြုအောင် ကျွန်တော်နည်းကျွန်တော်ဟန်နဲ့ လိုက်စောင့်ရှောက်တာလည်းပါတာပေါ့လေ။

သူတို့အိမ်ရောက်ရင်တော့ ကျွန်တော့်ကိုခြံထဲပေးမဝင်ကြပါဘူး။ အိမ်မှာရှိတဲ့လူကြီးတွေက ခြံထဲဝင်မယ်လုပ်ရင် ခဲနဲ့ပြစ်ထုတ်နေကြတယ်။ ဒါကြောင့် နောက်ပိုင်းတော့ ကျွန်တော်လည်း သူတို့ အိမ်ရောက်ခါနီးဆို အဝေးမှာကျန်ကျန်ခဲ့တယ်။
ကလေးတွေက ကျွန်တော့်ကို တွေ့ရင် ဖိုးမဲရေ… လာ ..လာ.. လို့ ခေါ်တတ်တယ်။ကျွန်တော်နဲ့တွေ့တိုင်း ဖိုးမဲ ဖိုးမဲ လို့ ခဏခဏခေါ်တယ်။ အစကတော့ ဒါ ကျွန်တော့်ကိုခေါ်မှန်းမသိပါဘူး။ နောက်တော့ ကြားပါများလို့ ကျွန်တော်ကိုခေါ်မှန်းသိသွားတယ်။ကျွန်တော့်နာမည် ဖိုးမဲ ပေါ့။သူတို့ ဖိုးမဲ လို့ခေါ်လိုက်တာနဲ့ ကျွန်တော်သူတို့နောက် အပြေးလေးသွားတာ..။ သူတို့နောက်ပြေးလိုက်ရတာလည်း ပျော်တယ်။ သူတို့နဲ့ အတူတူရှိနေရရင်လည်းပျော်တယ်။ သူတို့မိဘတွေကျွန်တော့်ကို မွေးရင်ကောင်းမှာပဲလို့ ကျွန်တော်ခဏခဏ စိတ်ကူးယဉ်ဖူးတယ်။
ဒါပေမဲ့ မဲမဲရှည်ရှည် အရုပ်ဆိုးဆိုးကျွန်တော်ကို ဘယ်သူမှ မမွေးချင်ကြပါဘူးလေ။
ဘယ်သူမှ မမွေးချင် မကျွေးချင်နေပါ။ကျွန်တော်အတွက်တော့ ဒီရပ်ကွက်က ကျွန်တော်နေရာ။ကျွန်တော်အိမ်။ကျွန်တော်ရဲ့ ကမ္ဘာငယ်လေးပါပဲ။

***

ကျွန်တော်ဒီရပ်ကွက်မှာအနေကြာတော့ ဒီရပ်ကွက်ကလူတွေ ပါးလုံးကို သိတယ်။ ရင်းနှီးတယ်။ လူစိမ်းလား ဒီရပ်ကွက်ကလူလားဆိုတာ ကျွန်တော်ချက်ချင်းခွဲတတ်တယ်။
မှတ်မိသေးတယ်။ တစ်ညအတွက်ပေါ့ ။ လူစိမ်းတစ်ယောက် ရပ်ကွက်ထဲဝင်လာတယ်။ ညဉ့်နက်နေပြီဆိုတော့လမ်းမှာ ဘယ်သူမှ မရှိတော့ပါဘူး။တစ်လမ်း လုံး ထုံးစံအတိုင်းဒီလို ညအမှောင်ကြီးတွေ ကြီးစိုးလာပြီဆိုကျွန်တော်တစ်ယောက်တည်းလေ။
အဲဒီနေ့ည လမ်းထဲကို ဝင်လာတာ လူစိမ်းဆိုတာကျွန်တော်ကောင်းကောင်းကြီးသိတယ်။သူ့အနံကိုကျွန်တော်မရင်းနှီးဘူး။
ပြီးတော့ ကျွန်တော်အဲဒီလူကိုကြည့်တာ မူမမှန်သလိုပဲ။
ရပ်ကွက်ထဲကခြံအုတ်တံတိုင်းကိုကပ်လိုက်။ အထဲကိုချောင်းကြည့်လိုက်လုပ်နေတယ်။ အမှောင်ထဲကနေ ကျွန်တော်သူ့ကိုကြည့်နေတာကို သူမသိဘူး။
ဒီလိုနဲ့ ကျွန်တော်ကျောင်းလိုက်ပို့နေကြ ကလေးရဲ့ အိမ်ခြံရှေ့ရောက်တော့ အုတ်တံတိုင်းကို ခုန်ကျော်ဝင်ဖို့လုပ်နေတယ်။
အဲဒီအချိန်မှာတော့ ကျွန်တော်ကြည့်မနေနိုင်တော့ပါဘူး။အမှောင်ထဲက ကျွန်တော်ရှိသမျှအားနဲ့ သူ့ကို လှမ်းခုန်ပြီးဆွဲလိုက်တယ်။ကျွန်တော်သူ့ခြေထောက်ကို ဆွဲမိမိခြင်း လုံး၀မလွှတ်တော့ပါဘူး။ သူအုတ်တံတိုင်းပေါ်မှာ တန်းလန်းကြီးဖြစ်လို့ ရှေ့ တိုးမရနောက်ဆုတ်မရနဲ့။ကျွန်တော်ကလည်းသူ့ကို နည်းနည်းလေးမှ မလွှတ်ပေးပါဘူး။ ဒီရပ်ကွက်က ကျွန်တော်နေတဲ့ ရပ်ကွက်ပဲ။ ကျွန်တော်မှာစောင့်ရှောက်ရမယ့်တာဝန်အပြည့်ရှိတယ်။ဒါ ကျွန်တော့်ခံယူချက်ပဲ။ကျွန်တော်အသက်သေရင်သေပါစေ။ ကျွန်တော်ရပ်ကွက်က အိမ်တွေကို တစ်ခုခု လုပ်ဖို့လာရင်တော့ ကျွန်တော်ကငြိမ်ပြီးကြည့်မနေနိုင်ပါဘူး။
နောက်တော့ကျွန်တော့် အော်သံတွေ နှင့် ကျွန်တော်အားပါးတရ ကိုက်ထည့် ခံထားရတဲ့ သူအော်သံတွေကြောင့် ရပ်ကွက်ထဲကလူတွေ နိုးလာကြတယ်။ပြီးတော့ ” သူခိုး…သူခိုး ” ဆိုတဲ့စကားလုံးကို တစ်ယောက်ယောက်က အော်လိုက်တာထင်ရဲ့ ရပ်ကွက်ထဲက အိပ်နေတဲ့သူတွေ နိုးလာပြီး အိမ်ထဲက ထွက်လာကြတယ် ။ အဲဒီနောက်တော့ ကျွန်တော်ကိုက်ထားတဲ့ လူစိမ်းကြီးက ကျွန်တော်ခေါင်းကို အားပါးတရဆောင့်ကန်ပြီး ပြေးထွက်သွားတယ်။ ပြင်းထန်လွန်းတဲ့ သူ့ကန်ချက်ကြောင့် ကျွန်တော်ခေါင်းတစ်ခုလုံး မူးဝေသွားပြီး ဘာမှ ထပ်မအော်နိုင်တော့ဘူး။ နေရာမှာပဲ ခွေခွေလေး အိပ်နေလိုက်တော့တယ်။ကျွန်တော်ပြန်နိုးတဲ့ အချိန်တော့ နည်းနည်းတောင် လင်းချင်နေပြီ။

***

ကလေးတွေ ကျောင်းပိတ်ရင် ကျွန်တော် အရမ်းပျင်းတာပဲ။ ဘယ်သူမှ ကျွန်တော်ကိုအဖက်လုပ်မယ်သူ မရှိတော့ တခါတလေ လူသူအလာနည်းတဲ့နေရာမှာ တနေကုန်အိပ်နေပစ်တယ်။ တခါတလေတော့ ဟိုဘက်လမ်းထဲမှာနေတဲ့ ကျွန်တော်တို့မျိုးနွယ်တူ နီကြောင်ကြောင်အရောင် တစ်ကောင်နဲ့ ဝါစုတ်စုတ်အမွှေးတွေရှိတဲ့ကောင် တို့ ကျွန်တော်နေတဲ့လမ်းထဲရောက်လာပြီး ကစားတတ်တယ်။အဲဒီအချိန်ကြရင်တော့ ပြေးလိုက် လိုက်လိုက်နဲ့ကစားတာ ပျော်စရာပါပဲ။ သူတို့လည်းကျွန်တော်နဲ့ ကြာကြာမနေပါဘူး။ ခဏဆိုပြန်သွားရော။ဒါပေမဲ့ မကြာမကြာတော့ ကျွန်တော့်ဆီလာလည်တတ်တယ်။ သူတို့လည်း ကျွန်တော်လိုပဲ လမ်းပေါ်မှာနေ လမ်းပေါ်မှာစားတဲ့အလေလွှင့်တွေပဲ။ ဘဝတူတွေပေါ့လေ။

***

ကျွန်တော့်ဘဝမှာ ဝဝလင်လင် စားသောက်ရတဲ့ ဒီနေ့ကို ဘယ်တော့မှမမေ့ဘူး။အဝတ်စားလှလှလေးတွေ ဝတ်ထားတဲ့ မိန်းကလေးတစ်ဦးပေါ့။ ဘူးတွေ နဲ့ ကျွန်တော်တို့ကို ထမင်းနဲ့ မုန့်တွေလာကျွေးတယ်။ ဟိုဘက်လမ်းကလာလည်တဲ့ နှစ်ကောင်ကိုရော ကျွန်တော့်ကိုပါ ကျွေးတယ်။ ပြီးတော့ ကျွန်တော်တို့နဲ့ ဓာတ်ပုံလည်းရိုက်တယ်။တသက်နဲ့တစ်ကိုယ် ကျွန်တော်တို့ကို အဲဒီလို တူတူတန်တန်ကျွေးမယ့်သူလို့ မြင်တောင်မမြင်ဖူးခဲ့ပါဘူး။

သူတို့ပြောသံကြားတာတော့ မွေးနေ့အလှူအတွက် ကျွန်တော်တို့ကို ကျွေးတယ်ဆိုလားပဲ။
ဘာဖြစ်ဖြစ်ပါ ကျေးဇူးတင်ပါတယ်။
ကျေးဇူးတင်တယ်လို့ပြန်မပြောတတ်ပေမဲ့ သူ့တို့ကိုကြည့်တဲ့ကျွန်တော်တို့ရဲ့အကြည့်တွေကို ကြည့်ပြီသူတို့နားလည်ပါစေ…။

***

ရာသီဥတုတွေပူလိုက်တာ……။
လူတွေပြောကြတဲ့ နွေဆိုတာကြီးကိုရောက်ပြန်ပြီပေါ့။
နေစရာနေရာမရှိတဲ့ ကျွန်တော် တို့အတွက်တော့ ရာသီတိုင်းက ဒုက္ခတွေချည်းပါပဲ။ မိုးရာသီကြတော့လည်း မိုးရွာလို့နေစရာနေရာမရှိ။ ဆောင်းကြတော့လည် အေးလိုက်တာ။ ခုနွေကြတော့လည်း ပူကပူ၊ ဗိုက်ကဆာနဲ့။
အရ်ိပ်အောက်မှာ ထိုင်နေပေမဲ့ ပူလွန်းလို့ ကျွန်တော်မျက်လုံးတွေတောင်ဝါးတယ်။
ဗိုက်တွေလည်းဆာလိုက်တာ။ ရေတောင်ဘယ်မှာသောက်လို့သောက်ရမယ်မသိဘူး။ ပူလွန်းလို့အလိုလိုနေရင်း မောနေတာ ဟောဟဲဆိုက်ပြီး ကျွန်တော့်လျှာဆို တစ်တောင်လောက်အောက်မှာတွဲကျလို့။
ကလေးတွေလည်း ကျောင်းကိုမလာကြတော့ဘူး။ ကျောင်းကြီးဆိုတာလည်း ကလေးတွေမရှိတော့ တိတ်ဆိတ် ခြောက်ကပ် လို့ပါပဲ။အစာ ရှိနိုးနိုး အမှိုက်ပုံတွေဆီ သွားရှာတော့လည်း ကျွန်တော်တို့လို အမျိုးနွယ်တူတွေ သုံးလေးကောင်က အမှိုက်ပုံပတ်ပတ်လည်မှာ ရှာစားလို့ကုန်ပြီး အမှိုက်လာပစ်မယ်သူတွေကို နေပူကျဲတဲထဲ ထိုင်စောင့်နေကြတာ ကျွန်တော်လိုပဲ လျှာက တစ်တောင်လောက် ထွက်ကျနေပြီ။
ဒီလိုနဲ့ တစ်နေ့တော့ ထုံးစံအတိုင်း ကျွန်တော် ဗိုက်ဆာဆာနဲ့ အစာရှိလိုရှိငှါးလိုက်ရှာနေတုန်း ရပ်ကွက်ထဲကိုလူစိမ်းနှစ်ယောက်ရောက်လာတယ်။ပြီး ကျွန်တော့်ကို လှမ်းခေါ်တယ်။ မသွားသေးပါဘူး။ လူကောင်းလားမသိ လူဆိုးလားမသိဆိုတော့ ကျွန်တော်ဒီအတိုင်းသူတို့ကိုရပ်ကြည့်နေလိုက်တယ်။ သူတို့က ပြောပြောဆိုဆို ကျွန်တော့်ကိုခေါ်ရင်း အိတ်ထဲ ထည့်ထားတဲ့ အသားလုံးလေးတစ်လုံးကို ကျွန်တော့်ရှေ့ကိုလှမ်း ပြစ်ချပေးတယ်။
ကျွန်တော်ပျော်လိုက်တာ။ ကျွန်တော် ဗိုက်တွေ အရမ်းဆာနေတော့ အားပါးတရ စားလိုက်တာပေါ့။

ဝိုး….ကောင်းလိုက်တာ …။
ကျွန်တော်စားဖူးသမျှထဲမှာ အကောင်းဆုံးအသားပဲ။သူတို့လည်း အရင်ကလူတွေလို မွေးနေ့အလှူလာလုပ်တာထင်ရဲ့။
ကျွန်တော် ပစ်ချကျွေးတဲ့ အသားလုံးတစ်လုံးကို စားပြီး ထပ်စားချင်သေးတာမို့ လူစိမ်းနှစ်ယောက်ကို မော့ကြည့်ပြီး တောင်းတော့နောက်တစ်လုံးထပ်ကျွေးတယ်။
ကျွန်တော်လည်း ဗှိုက်ဆာဆာနဲ့ ဝါးတောင်မဝါးပဲ မျိုချပြစ်လိုက်တယ်။
ကောင်းလိုက်တဲ့အသားလုံး။

ကျွန်တော်စားပြီး သိပ်မကြာဘူး ကျွန်တော့်ဗိုက်တွေတဖြည်းဖြည်းနာလာလာတယ်။ပြီးတော့ ကျွန်တော့်လည်ချောင်းတွေလည်း အန်ချင်သလိုလို ပျို့ချင်သလိုလို ဖြစ်လာတယ်။ ခေါင်းတွေလည်းမူးလာပြီး ကျွန်တော့်မျက်လုံးထဲမှာ အမြင်အာရုံတွေ မှုံဝါးလာတယ်။

အစာအိမ်ထဲမှာ တစ်ကောင်ကောင်ဖြတ်ပြေးနေသလို နာလိုက်တာ။ အူတွေကိုအပိုင်းပိုင်းဆွဲဖြတ်နေသလိုပဲ။
ကျွန်တော်မခံစားနိုင်တော့ဘူး။ ဒီလိုဝေဒနာမျိူးကို ကျွန်တော် တစ်သက်နဲ့တကိုယ်တခါမှမခံစားဖူးဘူး။ ခေါင်းတွေလည်းမူးနှောက်ပြီးမထောင်နိုင်တော့ဘူး။ကျနော့် ခြေထောက်တွေလည်ဆွေးမြေ့ပြီးတောင့်မထားနိုင်တော့တဲ့အဆုံး ကျနော်နေရာမှာ ပစ်လှဲချလိုက်တယ်။

ကျွန်တော်ခေါင်းတွေ ချာချာလည်နေတယ်။ စောစော.အစာကျွေးတဲ့ လူနှစ်ယောက်ကိုလည်း မမြင်တစ်ချက် မြင်တစ်ချက်နဲ့။ ဗိုက်တွေထဲမှာ စူးအောင်ပြီးနာ နေတာလည်းမရပ်ဘူး။ အန်ချင်နေပေမဲ့ အန်ဖို့အားအင် ကျွန်တော့်မှာ မရှိတော့ဘူး။အသက်ရှုရတာလည်းမ၀ဘူး။ အသက်ကို ကြိုးစားရှုရင်းကကျနော့်ပါးစပ်ထဲက အမြုံ့ ဖြူဖြူကြီးတွေထွက်လာတယ်။ နားခေါင်းထဲမှာလည်းနာရေတွေကျလို့။ ကျနော့် မျက်လုံးတွေထဲမှာ မျက်ရည်တွေပိုးတိုး ပေါက်တောက်ပဲ။
ကျွန်တော်မခံစားနိုင်တော့ဘူး။ ကျွန်တော့်ကို ဘယ်သူမှမကယ်နိုင်ကြတော့ဘူးလား။ ခဏကြာတော့ ကျနော့်ဘေးကိုလူတွေဝိုင်းလာတယ်။ ကျနော့်ကိုလာကြည့်ကြတာထင်တယ်။

“ဟယ်…သနားပါတယ်…ဖိုးမဲကိုအဆိပ်ကျွေးသတ်လိုက်ပြီ…မကြာဘူးသေတော့မှာ..သနားပါတယ်ဟယ်…”

“ဟုတ်တယ် ..ဟိုဘက်ရပ်ကွက်မှာလည်း ပိုင်ရှင်မဲ့ခွေးတွေမရှိတော့ဘူး အဆိပ်ခတ်သတ်ကုန်ပြီ။”

“သနားပါတယ်။ သတ္တဝါတစ်ခု ကံတစ်ခုပေါ့ဟယ်….ဘယ်တတ်နိင်ပါ့မလဲ….’’

မကြားတစ်ချက်ကြားတစ်ချက် နဲ့ ကြားလိုက်ရတဲ့ သူတို့ရဲ့စကားသံတွေ ကြောင့် ကျွန်တော် အလွန်တရာတုန်လှုပ်သွားတယ်။ ကျွန်တော်တို့ကို အဆိပ်ခတ်သတ်တယ်တဲ့လား။ ကျွန်တော်တို့မှာ ဘာအပြစ်ရှိလို့လဲ။ ကျွန်တော်တို့ဘာသာရှာ စားနေတာကို အဆိပ်ခတ်သတ်တယ်။ လုပ်ရက်လိုက်ကြတာ။ဒါဆိုစောစောက ကျွေးတဲ့အသားတုံးက အဆိပ်လူးထားတာပေါ့၊ မေတ္တာ စေတနာတွေနှင့် ကျွေးတဲ့ အသားလုံးလို့ထင်ခဲ့တာ ကျွန်တော်မှားခဲ့တာပေါ့ ။ ဒီလိုမှန်းသိရင် ကျွန်တော်မစားပါဘူး။ ခုတော့ကျွန်တော့်ကို ဘယ်သူမှ မကယ်နိုင်တော့ဘူး။ ကျွန်တော် သေရတော့မယ်။ဟိုဘက်လမ်းက ကျနော့်လို ဘဝတူ မျိုးနွယ်တူသူငယ်ချင်းနှစ်ယောက်လည်း ကျွန်တော့်ဆီ မလာကြတော့တာ အဆိပ်ခတ်တဲ့အစာကို စားမိပြီး သေ သွားကြပြီထင်ပါတယ်။
လုပ်ရက်လိုက်ကြတာ..။ကျွန်တော်ဒီလမ်းလေးမှာတောင်နေခွင့်မရှိတော့ဘူးပေါ့။ ကျွန်တော့်ရပ်ကွက်ကလူတွေလည်း ကျွန်တော့်ကို မကယ်နိုင်ကြတော့ဘူးလား။

တွေးရင်း ကျွန်တော်မျက်ရည်တွေစီးကျလာတယ်။ အသက်ရှုလိုက်တိုင်း ဗိုက်တစ်ခုလုံး အပေါ်ကို ထိုးထိုးပြီး တက်လို့။ဖြစ်လာမှတော့ ဘယ်တတ်နိုင်ပါ့မလဲ။ပြုသမျှ နုရတဲ့ကျွန်တော်တို့ဘ၀အဖို့ ခံရုံကလွဲပြီးတခြားရွေးချယ်စရာလမ်းမှ မရှိတာ။ကျွန်တော်တို့မှာ ဘာအခွင့်ရေးမှ မရှိသလို ကျွန်တော်တို့ကို ကယ်တင်ဖို့ဘယ်သူမှလည်းမရှိကြဘူး။

ကျွန်တော်ဘယ်သူ့ကိုမှ အပြစ်မတင်ချင်တော့ပါဘူး။ဘယ်သူမှလည်း အပြစ်မရှိပါဘူး ။ ဒီလောကထဲရောက်ရှိပြီး ပိုင်ရှင်မဲ့ ဖြစ်ခဲ့ကြတဲ့ ကျွန်တော်တို့ပဲ အပြစ်ရှိတာပါ။ အမှိုက်ပုံမှာ စားကြွင်းစားကျန်တွေရှာစားတဲ့ကျွန်တော်တို့ပဲအပြစ်ရှိတာပါ။ရှိပါစေတော့ ဘယ်သူ့ကိုမှ အပြစ်မတင်တော့ပါဘူး။ကျွန်တော်တို့ဘဝကိုက မကောင်းတာပါ။ကျွန်တော်သွားရတော့မယ်။ ကျွန်တော်ဝေဒနာတွေကိုလည်းမခံစားနိုင်တော့ဘူး။ ဒီကမ္ဘာမြေပေါ်မှာ ကျွန်တော် တို့မရှိတော့မှ သာယာမယ်ဆိုရင် ကျွန်တော်တို့ အသက်ကိုစတေးရဲပါတယ်။

ကျွန်တော့် မျက်လုံးတွေမဖွင့်နိုင်တော့ဘူး။ ဝေဒနာကြောင့်ကျတဲ့ ကျွန်တော့်မျက်ရည်တွေလည်း မြေကြီးပေါ်မှာ တတောက်တောက်နဲ့ကျကုန်ပြီ။

လူတွေစကားသံလည်းမကြားတချက်ကြားတစ်ချက်နဲ့။

ကျွန်တော်အရမ်းပင်ပန်းနေပြီ။
ကျွန်တော်နားတော့မယ်။ ကျွန်တော့် ရပ်ကွက်က လူတွေအားလုံးကို နုတ်ဆက်ခဲ့ပါတယ်။ပြီးတော့ ကျွန်တော့်လိုဝေဒနာမျိုး ဘယ်သူမှ မခံစားရပါစေနဲ့..။ ကျွန်တော်မျက်လုံးကို မှိတ်လိုက်တဲ့အချိန်မှာ ကျွန်တော့် အတွေးတွေလည်းမရှိတော့ဘူး။ ဝမ်းနည်းမူတွေလည်းမရှိတော့ဘူး။ ခံစားရတာတွေလည်းသက်သာလာပြီ။ ဒါပေမဲ့ ကျွန်တော့် မျက်ရေ တွေတော့ကျနေတုန်းထင်ရဲ့။ ကျပါစေတော့ ကမ္ဘာမြေကြီးပေါ်မျာ ကျွန်တော်တို့လို အဆိပ်သတ်ခံရသူတိုင်းရဲ့ မျက်ရည်တွေတော့ ကျခဲ့ကြမှာပါ။ မျက်ရေ ကျခဲ့လို ကျွန်တော် တို့အပြစ်ရှိခဲ့တယ်ဆိုရင်လည်း နောက်ဘဝမှ ဒီအပြစ်တွေကိုဆပ်ခွင့်ပြုပါတော့…….။

ကျွန်တော်တို့မရှိတဲ့ ကမ္ဘာကြီးသာယာပါစေ…။

ညီလေးငယ်

လျှို့ဝှက်ဆန်းကြယ်မဂ္ဂဇင်း
၂၂ နှစ်ပြည့်အထူးထုတ်၊ စက်တင်ဘာလ။