လက်ခုပ်ပင်၌ ရှိနေသူ(စ/ဆုံး)
——————————
“သရဲဗျို့ သရဲ ကယ်ကြပါဦး”
ည၁၁နာရီခန့်အချိန်၌ အရပ်ထဲ၌ ကျယ်လောင်စွာထွက်ပေါ်လာသော အော်သံကြောင့် တိတ်ဆိတ်ငြိမ်သက်နေသော ၀န်းကျင်သည် လှုပ်လှုပ်ရှားရှားဖြစ်သွား၏။
အချို့အိမ်များဆီမှ မီးလင်းလာကာ အချို့သူများက ထွက်ကြည့်ကြ၏။
” ဟာ မရီချိုရဲ့သား ဖိုးထွေးပါလားဟ ညကြီးမင်းကြီး ဘယ်ကသရဲခြောက်လွှတ်လိုက်လို့လဲ”
” ဘကြီးစိုး ကယ်ပါဗျ …သရဲ သရဲကြီး ”
ဖိုးထွေးက ဘကြီးစိုးအိမ်သို့ အားကိုးတကြီး၀င်ရောက်ကာ အော်ရင်း မေ့လဲကျသွားလေသည်။
ဘကြီးစိုးလဲ ဖိုးထွေးအား ပြေးပွေ့လိုက်၏။
မကြာမီ အိမ်နီးချင်းများလည်းရောက်လာကြသောကြောင့် ဖိုးထွေးအား အိမ်ပေါ်ပွေ့တင်ကြကာ အချို့သူများကလည်း ဖိုးထွေး၏မိခင်ဖြစ်သူထံသို့အကြောင်းကြားကြလေသည်။
ဖိုးထွေးသည် အသက်နှစ်ဆယ်၀န်းကျင်အရွယ်ခန့်ရှိကာ တစ်နယ်တွင် လက်သမားအလုပ်သွားရောက်လုပ်ကိုင်နေသူတစ်ဦးဖြစ်သည်။
အဘယ်ကြောင့်ညကြီးမင်းကြီးပြန်ရောက်လာကာ မည်သည့်နေရာမှသရဲခြောက်လိုက်သည်ဟူကား မသိရသေးပေ။
သရဲဟုအော်ကာ မေ့လဲသွားသောကြောင့် ဘာမှမေးမရသေးပေ။
မကြာမီဖိုးထွေး၏မိခင်ဖြစ်သူနှင့် အဖွားဖြစ်သူတို့သည် ဘကြီးစိုးအိမ်သို့ရောက်လာကာ ဖိုးထွေးအားကြည့်လျက် စိုးရိမ်ပူပင်နေကြ၏။
” ဘကြီးစိုးရယ် ကျွန်မသားလေးဘယ်လိုဖြစ်ရတာလဲ၊ ညကြီးမင်းကြီး ဘယ်လိုလုပ်ဒီကိုပြန်လာပြီး ဘယ်ကသရဲခြောက်လွှတ်လိုက်တာလဲ ”
” ကျုပ်တို့လဲဘယ်သိပါ့မလဲ ရီချိုရဲ့၊ နင့်သားအော်သံကြောင့် ငါတို့လည်းနိုးလာတာ၊ နင့်သားဖြင့် ပုဆိုးတောင်မပါဘူး အောက်ခံဘောင်းဘီလေးနဲ့ သရဲဆိုပြီး အော်ပြေးလာတာပဲ၊ ငါလဲနင့်သားအသံကြောင့် အိမ်ရှေ့ထွက်ကြည့်တော့ နင့်သားက ငါ့ဆီပြေးလာပြီး မေ့လဲသွားတာပဲ ၊ ခုတော့ ပရိတ်ရေလေးဘာလေး တိုက်ထားတယ်၊ နင့်သားသတိရလာမှသာ မေးကြည့်ရမှာပဲ”
“ကျုပ်မြေးလေး ဘာမှတော့မဖြစ်လောက်ဘူးမို့လားကိုစိုး”
ဖိုးထွေး၏ အဖွားဖြစ်သူစကားကြောင့်
” အကြောက်လွန်ပြီး သတိမေ့သွားတာပါ မယ်တင်ရယ်၊ သူသတိရလာမှ မေးကြည့်တာပေါ့”
နောက်တစ်နေ့နံနက်၌ ဖိုးထွေးမှာ သတိပြန်ရလာသော်လည်း ကြောင်တောင်တောင်ဖြစ်ကာ ဘာမှမေးမရပေ။
” သားလေးဖိုးထွေး အမေ့ကိုကြည့်စမ်းပါ၊ သားက ဘာလို့ညကြီးမင်းကြီးပြန်လာတာလဲ ၊ ဘယ်ကသရဲခြောက်လွှတ်လိုက်တာလဲ”
ဖိုးထွေးက သူ့မိခင်အားကြည့်ကာ ပြူးတိပြူးကြောင်ဖြင့်ကြည့်ကာ
” သရဲကြီး သရဲကြီး၊ ခေါင်းပြားကြီးနဲ့သရဲကြီး ငါ့နောက်လိုက်လာတယ် ၊ ငါ့ကိုခေါ်နေတယ် ကြောက်တယ်၊ ကြောက်တယ်”
“ကဲ ရီချိုရေ၊ နင့်သားကိုတော့ ဘာမှမေးမရတော့ဘူး၊ အတော်လေးလန့်ပြီး ရှော့ရသွားတာနေမှာ”
“ဒါဆိုဘယ်လိုများလုပ်ကြမလဲ ဘကြီးစိုးရယ်”
” မြို့ဦးကျောင်းမှာရောက်နေတဲ့ အာဂန္တုဂ ရဟန်းတစ်ပါးက ယခင်ရဟန်းမ၀တ်မီ လူ၀တ်ကြောင်ဘ၀တုန်းက အထက်လမ်းပယောဂကုဆရာတဲ့၊ ဒါကြောင့် ဖိုးထွေးကို အဲ့ဒီရဟန်းဆီခေါ်သွားပြီး အကူအညီတောင်းကြည့်ရင်ကောင်းမယ်ထင်တယ် ရီချို”
” ဟုတ်ကဲ့ ဘကြီးစိုး ၊ ဘကြီးစိုးပြောသလို သားလေးကို အဲ့ဒီကိုယ်တော်ဆီ ခေါ်သွားမယ် ၊ ဘကြီးစိုးလဲ လိုက်ခဲ့ပေးပါနော်”
” အေးပါ ငါ့တူမရယ်၊ လိုက်ခဲ့မယ်”
မြို့ဦးကျောင်းသို့ရောက်သောအခါ အာဂန္တုဂရဟန်းထံ လျှောက်ထားရာ ထိုရဟန်းက ဖိုးထွေးအားကြည့်ကာ
” အိမ်း ဒီသူငယ်က ပြန်လမ်းမှာ အမှားပြုခဲ့ပုံရတယ် သူ့မွေးနံကိုတွက်ကြည့်တော့လည်း မရဏာထဲရောက်နေတယ် အသက်အန္တရာယ်စိုးရိမ်ရတယ်”
” အရှင်ဘုရား တပည့်တော်မရဲ့သားလေး ဖိုးထွေးကိုကယ်ပါဦးဘုရား သူကသားလိမ္မာလေးပါ မှောက်မှားမိတာရှိရင်လည်း တောင်းပန်ပါတယ် ၊ သားလေးအသက်အန္တရာယ်မထိခိုက်အောင်သာ ကူညီပေးပါဘုရား ”
” အိမ်း ခုနစ်ရက်သားသမီးဒုက္ခရောက်နေတော့ ကူညီပေးရမှာပေါ့ ကဲ ဒကာမကြီးဆီကို မကျေနပ်သူကို ၀င်ပူးကပ်စေပြီးမေးရမှာပဲ အဆင်ပြေလားဒကာမကြီး ”
” တင်ပါ့ဘုရား တပည့်တော်သားလေးအတွက်ဆို ဘာမဆိုလုပ်ပါ့မယ်ဘုရား ”
” ကဲ ဆံပင်ဖြန့်ချလိုက်ပါဒကာမကြီး ”
ဒေါ်ရီချိုတစ်ယောက် ဆံပင်ဖြန့်ချပြီး မကြာမီ တစ်ကိုယ်လုံးတုန်ရင်လာကာ မျက်လုံးမှာပြူးကျယ်ကာ နီမြန်းလာ၏။
” ကဲ ဒီဒကာလေးကို နှောင့်ယှက်တဲ့သင်က ဘယ်သူလဲ ဘယ်အရပ်မှာနေသလဲ”
” ငါက ရပ်ကွက်လမ်းထိပ်က လက်ခုပ်ပင်ကြီးမှာနေတဲ့ အရက်သမားငတင်ပဲ၊ လွန်ခဲ့တဲ့ဆယ်နှစ်က အဲဒီနားမှာ အရက်မူးပြီးပြန်အလာ ထော်လဂျီတိုက်လို့သေသွားပြီး လက်ခုပ်ပင်ကြီးမှာ နေခဲ့ရတယ်၊ ဒီကောင်က ငါနေတဲ့အပင်ကိုသေးပန်းပြီး ညစ်တီးညစ်ပတ်တွေဆဲတယ်၊ ငါအခုကျွတ်ချိန်တန်ပြီ၊ အပင်မှာနေတဲ့အကောင်ကြီးက ငါ့အစား သူ့ကိုအလုပ်အကျွေးပြုဖို့ အခြားသူလာမှ သွားရမယ်ဆိုလို့ ဒီကောင့်ကို ငါ့နေရာမှာအစောင့်အဖြစ် ထားခဲ့မလို့ သူ့ကိုခေါ်မလို့လိုက်လာတာ ”
” မင်းက အကုသိုလ်ကြောင့် သေပြီး ပြိတ္တာဖြစ်ရတယ်၊ ဒါတောင်အသိတရားမရသေးဘဲ သူများကို ဒုက္ခပေးဖို့ကြံစည်တယ်၊ သူကမိဘကို အလုပ်အကျွေးပြုနေသူပဲ ၊ မင်းခေါ်ချင်တိုင်းခေါ်ရမယ်ထင်နေလား ”
” ဟား ဟား ဟား သူက မကြာခင်သေမယ့်သူပဲ၊ သူ့မှာ ကိုယ်ရောင်ကိုယ်ဝါ မရှိတော့ဘူး၊ လူတွေဟာ လူ့ဘ၀ကံကုန်ခါနီးရင် အရောင်မှိန်တယ်၊ ငါမခေါ်လဲ သူက မကြာခင်သေမှာပဲ ဟား ဟား ဟား ”
ဒေါ်ရီချိုထံ၀င်ပူးကပ်နေသော ပရလောကသား ၏စကားကြောင့် ဘကြီးစိုးလည်း ဖိုးထွေးအတွက်လွန်စွာစိုးရိမ်သွား၏။
” အရှင်ဘုရား ဖိုးထွေးလေးကိုကယ်ပါဘုရား ”
” မစိုးရိမ်ပါနဲ့ဒကာကြီး၊ ကိုယ်တော်အတတ်နိုင်ဆုံးကူညီပါ့မယ်”
” ကျေးဇူးကြီးလှပါတယ်ဘုရား”
” ကဲ လူ့ဘ၀တုန်းက ငတင်လို့အမည်ရတဲ့ ပြိတ္တာဘုံက ဒကာကြီး၊ သင်လည်းကျွတ်ချိန်တန်ပြီဆိုတော့ ကိုယ်တော်တို့ သင့်အတွက်ရည်စူးပြီး အမျှပေးဝေတာကို သာဓုခေါ်ပါ၊ ဒါမှ သင်လည်း ဒီဘ၀ကနေ ကူးပြောင်းရမယ့်ဘ၀သစ်မှာ ကောင်းကောင်းမွန်မွန်နေရမယ်၊ ဒီကလေးရဲ့ မသိလို့မှောက်မှားမိတာကိုလည်းတောင်းပန်ပါတယ်၊ ကိုယ်တော်တို့ ဒကာကြီးနေတဲ့ လက်ခုပ်ပင်မှာ ဒကာကြီးနာမည်ကိုလာခေါ်ပြီးအမျှဝေပေးပါ့မယ်၊ ဒီလောက်နဲ့ကျေနပ်ပါလို့ပဲ ဦးဇင်းတို့က တောင်းပန်ပါတယ်၊ သင်ကျေနပ်မယ်ဆိုရင် ဘယ်သူ့ကိုမှ ထပ်ပြီးမနှောင့်ယှက်ပဲ သင့်နေရာသင်ပြန်ပြီး သင့်ကိုလာခေါ်ချိန်ထိ စောင့်ပေးပါ”
ဦးဇင်း၏ ပြောစကားအပြီး ဒေါ်ရီချိုထံပူးကပ်နေသော အရက်သမားငတင်ခေါ် ပြိတ္တာဘုံသားသည် ပြန်လည်ထွက်ခွာသွားလေသည်။
ထိုအချိန်မှ ဖိုးထွေးမှာလဲ အသိနှင့်သတိပြန်လည်လာလေတော့သည်။
” ဟင် ဘကြီးစိုး သားဘယ်လိုလုပ်ပြီး ဘုန်းကြီးကျောင်းကိုရောက်နေတာလဲ”
ထိုအခါ ဘကြီးစိုးက ညကအဖြစ်အပျက်များအားပြန်လည်ပြောပြရာ
” ဟုတ် ကျွန်တော် ညကပြန်လာတုန်းက အရက်မူးနေတော့ လမ်းထိပ်က လက်ခုပ်ပင်ကြီးအောက်မှာ အပေါ့သွားနေရင်း အပင်ကြီးက လှုပ်လာတော့ ဆဲရေးတိုင်းထွာပြီးစိန်ခေါ်မိတယ်၊ အဲဒီအချိန်မှာပဲ လက်ခုပ်ပင်ကြီးပေါ်ကနေ ခေါင်းပြားချပ်နေတဲ့လူက ဇောက်ထိုးကြီးဆင်းလာပြီး ကျုပ်အရှေ့ကို ဝုန်းခနဲခုန်ချလာလို့ အရမ်းလန့်ပြီး အော်ပြေးမိတာ၊ နောက်ပိုင်း ဘာမှမသိတော့ဘူးဗျာ ”
” သားရယ် မသေကောင်း မပျောက်ကောင်းကွယ် အမေ့မှာ စိုးရိမ်လိုက်ရတာ”
” အိမ်း ဒကာလေး မမြင်အပ်တဲ့ ပရလောကသားတွေကို စိန်မခေါ်ရဘူး၊ အပေါ့တွေဘာတွေကိုလည်း အပင်ကြီးတွေအောက်မသွားရဘူး၊ ဒကာလေးက ကံနိမ့်နေတော့ ပိုဆိုးတာပေါ့၊ အသက်ပါ ပါသွားနိုင်တယ်၊ ဒကာလေးက ကံလဲနိမ့်နေတယ်၊ ဇာတာကလည်း မရဏာထဲ ကျနေတယ်၊ ကံမြင့်အောင် သာသနာ့ဘောင်ထဲ ၀င်စေချင်တယ် ဒကာလေး ”
” တင်ပါ့ဘုရား ၊ တပည့်တော် ရဟန်း၀တ်ပါ့မယ်ဘုရား ”
” အိမ်း ကောင်းလေစွ သာဓု သာဓု သာဓု ”
နောက်ရက်၌ ဒေါ်ရီချိုတို့သည် လက်ခုပ်ပင်ကြီး၌ မှီတင်းနေထိုင်ကြသော ငတင်နှင့်တကွ မမြင်အပ်သော ပုဂ္ဂိုလ်များအား ကုသိုလ်ပြုအမျှပေးဝေကာ ဖိုးထွေးသည်လည်း သာသနာ့ဘောင်သို့၀င်ရောက်ခဲ့လေသည်။
ညနက်အချိန်၌ ပဲခူးတိုင်းဒေသကြီးရှိ မြို့ငယ်လေး၏ ရပ်ကွက်လေးတစ်ခု၌ မဟူရာ ပိတ်ကားကြီးလွှမ်းခြုံထားသကဲ့ ပိန်းပိတ်အောင်မှောင်နေလေသည်။ လေပြင်းများတိုက်ခတ်မှုကြောင့် ညအမှောင်ထုကြား၌ တစ္ဆေကောင်များ ခြေကားယားလက်ကားယားဖြင့် ကနေသည့်ဟန်ဖြစ်ပေါ်နေ၏။
ပတ်၀န်းကျင်တစ်ခုလုံးက အမှောင်ထုအောက်၌ တိတ်ဆိတ်စွာ အိပ်မောကျလျှက်ရှိရာ သစ်ပင်များလေတိုက်ရာမှ ထွက်ပေါ်လာသော အသံမှတစ်ပါး အခြားမကြားရပေ။
ထိုစဉ်
” သူခိုးဗျို့ သူခိုး ”
တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သော အသံတစ်ခု။
” ဟာသူခိုးတဲ့ ၊ အားတီရဲ့အော်သံပဲ”
အားတီသည် ရပ်ကွက်ထဲ၌ ကုန်စုံဆိုင်ကြီးဖွင့်လှစ်ထားသော တရုတ်လူမျိုး လူကုန်ထံတစ်ဦးဖြစ်၏။
” သူခိုးတဲ့ဟေ့ လိုက်ဟ၊ လိုက်ကြ”
ကင်းစောင့်လူငယ်တစ်စု၏ အော်သံများထွက်ပေါ်လာကြသည်။
တိတ်ဆိတ်နေသောပတ်၀န်းကျင်သည် ညနက်သန်းခေါ်ယံအချိန်၌ ဆူညံသံများဖြင့် အသက်၀င်လာ၏။
” ဟိုမှာ သူခိုး ဟေ့ မပြေးနဲ့”
” တီ တီ တီ”
” ကျွီ”
” ဒုန်း ..အား”
ကားဟွန်းတီးသံ၊ ဆူညံသော ကားဘရိတ်အုပ်သံနှင့်အတူ လူတစ်ဦး၏ နာကျင်စွာ အော်ဟစ်သံများဖြင့် အကျည်းတန်သွားလေ၏။
” ဟာ တိုက်ပြီ၊ သေပြီနေမှာ ”
ကင်းစောင့်လူငယ်များရောက်ချိန်၌ သူခိုးဆိုသူမှာ ကုန်တင်ကားကြီး၏ အောက်၌ ကားဘီးအောက်တွင် ဦးခေါင်းမှာ ပြားချပ်ကာ အသက်ဝိညာဉ်ကင်းမဲ့နေလေပြီ။
လွန်ခဲ့သော ဆယ်နှစ်ခန့်က အရက်သမားငတင်အား ထော်လဂျီတိုက်၍ သေဆုံးခဲ့သောနေရာ၌ လူတစ်ဦးမှာ ကားတိုက်ကာ ထပ်မံသေဆုံးခဲ့လေပြီ။
သွေးညှီနံ့များက ပတ်၀န်းကျင်တစ်ခုလုံး၌ ပျံ့နှံ့နေ၏။
ထိုအနီးရှိ လက်ခုပ်ပင်ကြီးသည်ကား လေအဝှေ့၌ ပျော်ရွှင်စွာ မြူးထူးကနေဟန်ဖြင့် တရှဲရှဲမြည်ကာ ဘယ်ညာယိမ်းနွဲ့နေသည်။
ထိုည၌ ထိုနေရာသည် မစည်ကားအပ်ပဲ စည်ကားနေ၏။
တွေ့မြင်ရသူအဖို့မှာလည်း စုပ်တသပ်သပ်ဖြင့် ပြောစမှတ်ပြုနေကြ၏။
အမျိုးသမီးနှင့်ကလေးငယ်များသည်ကား ထိုနေရာသို့ လာရောက်ကြည့်ရှုခြင်းမပြုကြပေ။
ဘကြီးစိုးသည် ရုပ်ပျက်ဆင်းပျက်အလောင်းအားတစ်လှည့် လက်ခုပ်ပင်ကြီးအားတလှည့်ကြည့်ကာ စိတ်ထဲ၌
” ငတင်တော့ လူစားလဲသွားလေသလားပဲကွာ ”
ဟုတီးတိုးရေရွတ်နေမိ၏။
မြို့ဦးကျောင်း၌
ဖိုးထွေးခေါ် ဦးဇင်း နန္ဒာသည် တရားထိုင်နေရာမှ ဘေးသို့ လဲကျသွားရာ
” ဟာ ကိုယ်တော် ….ကိုယ်တော် ဘာဖြစ်တာလဲ ”
အခြားကိုယ်တော်များက လှုပ်ခါနိုးကြသော်လည်း ဦးဇင်းမှာ ပြန်လည်သတိလည်မလာတော့ပေ။
သို့သော် ဦးဇင်းနန္ဒာ၏ မျက်နှာသည်ကာ ပြုံးယောင်သန်းလျက် ပျံလွန်တော်မူသွားခြင်းဖြစ်၏။
” ငိုမနေပါနဲ့ ဒကာမကြီးဒေါ်ရီချို၊ ဒကာမကြီးသားဟာ သေမယ့်ကံပါပေမဲ့ တရားရိပ်မှာ ဘာ၀နာပွားရင်း ကံကုန်တဲ့အတွက် ကောင်းရာသုဂတိလားမှာပါ၊ သာဓုခေါ်ပါ ဒကာမကြီး၊ အကယ်၍ သူသာ သာသနာ့ဘောင်ထဲမ၀င်ခဲ့ရင် သေနေ့စေ့တာနဲ့ လောဘ ဒေါသ မောဟနဲ့ သေရမှာမလွဲပါပဲ၊ လက်ခုပ်ပင်နားမှာ ကားတိုက်လို့သေရတဲ့ သူရဲ့သေခြင်းမျိုးသာ ဒကာမကြီးသား သေခဲ့ရင် ဘယ်လိုလုပ်မလဲ”
” တင်ပါ့ဘုရား ၊ တပည့်တော်သဘောပေါက်ပါပြီဘုရား၊ တပည့်တော်ရဲ့သား အတွက် မျက်ရည်မကျအောင် ကြိုးစားပါတော့မယ်ဘုရား ”
” သာဓု သာဓု သာဓု ”
အိမ်ထဲမှကြွချီသွားသော မြို့ဦးကျောင်းဆရာတော်နှင့်တကွ သံဃာတော်များအား ဦးသုံးကြိမ်ချကာ မျက်ရည်များသုတ်ရင်း
” သားလေး ဖိုးထွေး ကောင်းရာဘုံဘ၀ရောက်မယ်လို့ အမေယုံကြည်ပါတယ်ကွယ်”
ဒေါ်ရီချိုနှုတ်မှ တိုးတိုးဖွဖွရေရွတ်လိုက်မိ၏။
ဘကြီးစိုးသည် ဒေါ်ရီချိုအားကြည့်ကာ ခေါင်းတဆတ်ဆတ်ညိမ့်လျှက် ငတင်၀င်ရောက်ပူးကပ်စဉ်က ပြောသောစကားများအား ပြန်လည်ကြားယောင်လာ၏။
“သူက မကြာခင်သေမယ့်သူပဲ၊ သူ့မှာ ကိုယ်ရောင်ကိုယ်ဝါ မရှိတော့ဘူး၊ လူတွေဟာ လူ့ဘ၀ကံကုန်ခါနီးရင် အရောင်မှိန်တယ်၊ ငါမခေါ်လဲ သူက မကြာခင်သေမှာပဲ”
” အင်း သေခါနီး တရားဘာ၀နာနဲ့ ထိတွေ့ခွင့်ရသွားတာ သိပ်ကိုကံကောင်းပါတယ် ဖိုးထွေးလေးရယ်”ဟု ဘကြီးစိုးနှုတ်မှ တိုးတိုးဖွဖွညည်းညူလိုက်ကာ ဆုံးဖြတ်ချက်တစ်ခုအားပိုင်နိုင်စွာချလိုက်လေ၏။
နောက်ရက်များ၌ မြို့ဦးကျောင်းရှိစေတီ၌ တရားဘာ၀နာပွားများအားထုတ်နေသော အသက်ကြီးကြီးရဟန်းတစ်ပါးအား ဖူးတွေ့ကြရ၏။
ထိုရဟန်းသည် ဘကြီးစိုးမှတစ်ပါး အခြားသူမဖြစ်နိုင်ပေ။
လမ်းထိပ်ရှိ လက်ခုပ်ပင်ကြီးသည်လည်း အခြောက်အလှန့်ကြမ်းသည်ဟု နာမည်ကြီးလျှက်ရှိ၏။
” သရဲဗျို့ သရဲ ခေါင်းပြားကြီးနဲ့သရဲ လက်ခုပ်ပင်ကြီးအောက်မှာ ငုတ်တုတ်ထိုင်နေတာဗျ”
ညအချိန် လူငယ်နှစ်ဦး၏ အော်သံပြေးသံကြောင့် ရဟန်းအိုကြီးသည် ကျိန်းစက်နေရာမှလန့်နိုးလာ၏။
ဩ မဂ္ဂင်ရှစ်ပါးဟူသော တရားကိုမကျင့်ကြံသရွေ့ အပါယ်လေးဘုံမှာ ကျင်လည်နေရအုံးမှာပါလား အနိစ္စ၊ ဒုက္ခ၊ အနတ္တတွေပါလားဟု တွေးရင်း….
လေးစားလျက်
စာရေးသူ နန်းကြာညို