လင်ပျောက်မ

Posted on

*လင်ပျောက်မ*📖📖📖

********************************
—————-
မိခင်က သားလေးလက်ကိုဆွဲလာပြီး ဈေးထဲကိုရောက်လာသည်။
ဈေးထဲတွင် လူတွေစည်ကားနေချိန်ဖြစ်သည်။ သားငယ်က မိခင်လက်ကိုဆွဲလာရင်းက
“အမေ”
“ဘာလဲသား”
“သား … ဟို ကောက်ညှင်းပေါင်း စားချင်လို့”
“သားရယ် အမေ့မှာ ပိုက်ဆံမရှိသေးဘူး။ မင်းအဖေက ဈေးထဲကိုလာခဲ့ ပိုက်ဆံပေးမယ်ဆိုလို့ လာခဲ့တာ။ မင်း အဖေကို ခုထိ ရှာမတွေ့သေးဘူး”
“အမေ … ရေခဲချောင်း စားချင်တယ်”
“သား မပူဆာနဲ့ကွယ် … အမေ မင်းအဖေကိုရှာနေတာ … သူ့ကိုတွေ့ရင် ဝယ်ကျွေးမယ်”
မိခင်က သူ့သားကို လက်ဆွဲကာ သွားပြန်သည်။ သူက တစ်နေရာတွင်
“ဒီမှာရှင် … ကုန်ထမ်းတဲ့ ကိုလှမောင်ကို တွေ့မိကြသလား”
“လှမောင်လား … ပြန်လာလိမ့်မယ် … ငါးတန်းကို ငါးတောင်းတွေ သွားပို့နေတယ်”
သူတို့သားအမိ အဆောက်အအုံတစ်ခု၏ လှေကားတွင်ထိုင်နေကြသည်။ ထိုအချိန်တွင် အကြော်သည်က သူတို့ရှေ့ဖြတ်ကာ
“အကြော်စုံ” ဟုအော်သွားသည်။
“အမေ အကြော်စားချင်တယ်”
“သားရယ် ခဏ ခဏမပြောနဲ့ကွာ … မင်းအဖေတွေ့ရင် ပိုက်ဆံရမှာ။ ပိုက်ဆံရရင်ဝယ်ကျွေးမယ်”
“အဖေကလည်း ကြာလိုက်တာ မလာဘူး”
သူတို့ နာရီဝက်ခန့်အထိ ထိုင်နေကြသေးသည်။ မလာနိုင်သဖြင့် သူက သားကို လက်ဆွဲကာ ငါးဈေးဘက်ကို ထွက်ခဲ့သည်။ ငါးတန်းတွင်လည်း သူ့မိန်းမက သူ့ယောကျ်ားကို လိုက်မေးသည်။
“ခုဏလေးတင် ဒီနားမှာတွေ့သေးတယ်”
“ဘယ် … ဒီအကောင် ပိုက်ဆံရရင် ထုံးစံအတိုင်းနေမှာပေါ့”
ထုံးစံအတိုင်းဆိုသည်ကို သူကကောင်းစွာသိနေသည်။ ထို့ကြောင့်
“အစ်မ အရက်ဆိုင်က ဘယ်နားမှာလဲ”
“ဟို ဈေးအိမ်သာရှေ့ လမ်းတည့်တည့်ဆင်းသွား”
သူတို့သားအမိ အရက်ဆိုင်ကို လိုက်ခဲ့ကြပြန်သည်။
“သားအပြင်မှာနေခဲ့ အမေ အထဲဝင်ရှာလိုက်ဦးမယ်”
မိခင်က ဆိုင်ထဲဝင်ပြီး လျှောက်မေးသည်။
“လှမောင် … ဒီမနက် မလာသေးဘူး”
သူတို့သားအမိ ဈေးထဲကို ပြန်လာကြပြန်သည်။ ကလေးကို လက်ကဆွဲ၊ လင်ကိုလည်း ဟိုကြည့်သည်ကြည့်နှင့် နောက်ဆုံး ကလေးက လက်လွတ်သွားသည်။
“ကိုလှမောင် … ကိုလှမောင်”
သူက ကလေးကိုမေ့ပြီး လူအုပ်ကြားထဲပြေးလိုက်သွားသည်။ ကိုလှမောင်ကို တွေ့၍ထင်သည်။ ကလေးကို မေ့သွားသည်။
“အမေ … အမေ … အမေ”
ကလေးက အမေဟု အော်ကာငိုသည်။
လူတွေက ဝိုင်းလာသည်။
“သားအမေ ဘယ်သွားလို့လဲ”
“အမေ အဖေ့ကိုလိုက်ရှာနေတယ် ဟီး … ဟီး”
“မငိုနဲ့တိတ်တိတ် … ဒီမှာ သကြားလုံးစား”
“စားဘူး”
“အမေ … အမေ … အမေရေ”
“ကလေးသနားစရာကွယ် … သူ့အမေ သူ့ကို စွန့်ပစ်သွားတာလား”
“သားလေးရော့ ရော့ … ဒီမှာ ပေါင်မုန့်လေးစား”
“စားဘူး … အမေရေ … အမေ”
ကလေးက သူ့အမေကို တမ်းတပြီး အော်ငိုနေသည်။
“ကလေးကို ပစ်ပြေးသွားတာနေမယ် … တော်တော် ယုတ်မာတဲ့ကလေးအမေ”
“အမေ … အမေ … ဟီး … ဟီး”
“သား ဒီမှာ ပြောင်းဖူးစား … ရော့ …”
“စားဘူး … သွား … အမေရေ … အမေ”
ကလေးတစ်ယောက်တွက် သူ့အမေကလွဲပြီး ဘာမျှအရေးမကြီး။ ဗိုက်ဆာတာလည်းမေ့နေပုံရသည်။ သူက မိခင်ကို အော်ခေါ်ပြီး လိုက်ရှာသည်။ ကလေးကို လူတွေက ဈေးခေါင်းရုံးကိုခေါ်သွားပြီး သွားအပ်ထားလိုက် သည်။ ကလေးမိခင်က လူအုပ်ကြားကိုရောက်လာပြီး
“ဒီမှာရှင် … ဒီမှာ ကျွန်မ သားလေး ပျောက်သွားလို့ပါ … ဒီနားမှာ ပျောက်သွားတာ။ အပေါ်အင်္ကျီ အနီလေးနဲ့ … တွေ့မိကြသလားရှင် … သားရေ … သားရေ”
“အဲဒီကလေးလေးလား … ဈေးခေါင်းရုံးမှာ သွားအပ်ထားတယ်”
မိခင်ဖြစ်သူက ဈေးခေါင်းရုံးကို ပြေးသည်။
“ကျွန်မ သားလေး … ကျွန်မသားလေး”
“ဒါ ခင်ဗျား သားလား”
“ဟုတ်ကဲ့ပါရှင်”
“ကလေးက ငိုနေတော့တာပဲ … ဘာကျွေးလို့မှလည်း မစားဘူး”
“ကျွန်မလည်း လူကြားထဲမှာ လက်လွှတ်လိုက်မိတာရှင့် … ငါ့သားလေး စိတ်ဆင်းရဲသွားရပြီ”
“အမေကလည်း ဘယ်သွားနေတာလဲ … သားကြောက်လိုက်တာ”
“မကြောက်နဲ့တော့ အမေလာပြီပဲ … ကျေးဇူးပါရှင် ကျွန်မသားလေးကို ပြန်ခေါ်သွားတော့မယ်”
“ခေါ်သွား”
သူတို့ သားအမိ ဈေးခေါင်းရုံးက ထွက်ခဲ့သည်။
“အမေ … အဖေ့ကိုတွေ့ခဲ့လား”
“မတွေ့ဘူး”
“သားဗိုက်ဆာလိုက်တာ”
“အမေလည်း ဆာတာပဲကွယ်”
ထိုစဉ် လူတစ်ယောက်က
“ဟဲ့ … နင် လှမောင်မိန်းမ မဟုတ်လား”
“ဟုတ်ကဲ့”
“နင့်လင် တံတားအောက်မှာ ဖဲရိုက်နေတယ်”
သူတို့သားအမိ တံတားအောက်ကို ပြေးကြသည်။ တံတားအောက်တွင် သူရှာနေသော လင်ကိုတွေ့သည်။
“ကိုလှမောင်”
“ဘာလဲ”
“ကျွန်မတို့သားအမိ ဆာနေပြီ”
“သွားသေလိုက် … ဒီမှာ ဖဲရှုံးနေရတဲ့အထဲ”
“အဖေ သားဗိုက်ဆာတယ်”
“ဟာ … ဒီသောက်ကမြင်းမသားအမိ လာဘ်တိတ်တယ် … ထွက်သွားကြစမ်း”
မိခင်က သားလက်ကိုဆွဲကာ
“လာ သားလေး သွားကြမယ်”
သူတို့ ဈေးထဲပြန်ဝင်ခဲ့ကြသည်။
“အမေ သားဗိုက်ဆာတယ်”
“လာသား”
သူတို့ တစ်နေရာတွင် ထိုင်လိုက်ကြသည်။
“အစ်ကိုကြီး အစ်မကြီးတို့ရယ် … သားလေးဗိုက်ဆာလို့ တစ်ပြားတစ်ချပ်လောက် စွန့်ကြဲခဲ့ကြပါရှင်”
တင်ညွန့်