လိင်ထုံကူးတဲ့ ကဝေမယ် ( စ/ဆုံး)
———————————-
ညဦးပိုင်းအချိန်။ ပြင်ပဆီမှာ မိုးတို့က တစ်ဖျောက်ဖျောက် ကျဆင်းလို့နေတယ်။ဒီအချိန် ပဲခူးမြို့ပေါ်က ရပ်ကွက်တစ်ခုအတွင်း အိမ်ကလေးတစ်လုံးဆီမှာတော့…။
ဆေးဆရာကြီးဦးမောင်းတစ်ယောက် သူ့အရှေ့ဆီက ဟောင်းနွမ်းလွန်းနေပြီး စာရွက်တွေက ဆွေးမြေ့နေကာ ကိုင်တာတောင် သတိထားလို့ ကိုင်နေရပြီဖြစ်တဲ့ ကျမ်းစာအုပ်ကြီးကို ဖယောင်းတိုင်မီး လက်ဆီက ကိုင်ပြီး အသည်းအသန် ဖတ်မှတ်နေလေတယ်။
ဆေးဆရာကြီးဟာ ကျမ်းစာအုပ်ကြီးရဲ့ စာတွေကို သဲသဲမဲမဲ ဖတ်ရှုနေတာဖြစ်ပြီး မှတ်သားစရာတို့ကိုလည်း နံဘေးဆီက စာရွက်ဆီမှာ မှတ်သားသညှာပြုနေလေတယ်။
တစ်ချက်တစ်ချက်မှာ ကျမ်းစာပါစာပိုဒ်တို့ကို အသံထွက်ကာ ရွတ်ဆိုနေတတ်ပြန်ပြီး တစ်ချို့စာပိုဒ်တွေကိုဆို မှတ်မှတ်ထင်ထင်ဖြစ်အောင် နှစ်ခေါက်သုံးခေါက်ရွတ်ဆိုနေရင်း ရှိနေပါတယ်။
‘ ဒေဝါနတ်ကျမ်း၊ ဤဆေးကျမ်းကို၊ နှီးယူခေါင်စဉ်း၊ လူစဉ်သွေဖ၊ ဆေးပြဿဒ်လို၊ ကြည်စင်ဖော်ထား၊ ပြဒါးရည်လှ၊ မြေတွင်ဝကာ၊ ဂါထာကုမ္မာန်၊ ကုရသန်သည့်၊ တေဝေနေဇော၊ နတ်မည်သြက ဆေးလာကရယ် လျှမ်းပပေမည်…’
ဆေးဆရာကြီးဟာ ကျမ်းစာအုပ်ကြီးကို အပြီးထိဖတ်ရှုပြီးစီးချိန် နောက်ဆုံးကျန်ရစ်တဲ့ ဆေးကျမ်းကြီးနဲ့ ပက်သက်ပြီး တင်စားထားတဲ့ စာပိုဒ်ကို သုံးခေါက်ထက်မနည်း ရွတ်ဖတ်လိုက်လေတယ်။
ပြီးတဲ့အခါမှာတော့ ကျမ်းစာအုပ်ကြီးကို အမြတ်တနိုးနဲ့ ယုယစွာ ပိတ်လိုက်လေပြီး သေသေချာချာ သိမ်းဆည်းလိုက်လေတယ်။ နောက်တော့ ကျေနပ်စွာ ပြုံးလိုက်ကာ…။
‘ ဒီဆေးကျမ်းကြီးအတိုင်းသာ ဆေးတွေကို ဖော်စပ်နိုင်ခဲ့မယ်ဆိုရင် ဒီဇမ္ဗူမှာ ငါက လက်သစ်ဇီဝကရယ်လို့ ကြွေးကြော်နိုင်ပြီကွ…’
လို့ ရေရွတ်လိုက်ပါတယ်။ ဒီလိုနဲ့ပဲ နောက်တစ်ပါတ်အကြာမှာတော့…။
ဆေးဆရာကြီးဦးမောင်းတစ်ယောက် တပည့်တူသားဖြစ်သူ မောင်ဖိုးစည်ကို ခေါ်လို့ ဆေးကျမ်းကြီးထဲက ဆေးတွေကို ဖော်စပ်ဖို့ရာ ရိုးမအတွင်းက ဆေးပင်ဝါးပင်တွေ ပေါများပေါက်ရောက်တတ်တဲ့ မြိုင်ဟေဝန်တောဆီကို ဝင်ရောက်ခဲ့ပါတော့တယ်။
*******
‘ ဟေဝန်မြိုင်တန်း သာမောပေလှ ရဂုံနိုင် ပန်းကြာစုံ ဆေးလက်ျာတို့ ပေါက်ရောက်ပေလူး ထူးစေဦးရယ်…’
ဆေးဆရာကြီး ဦးမောင်းက အရှေ့ကနေ ကျိုင်းတုတ်ကိုင်လို့ အရှေ့ကနေ ဟိုရမ်း၊ ဒီရမ်းသွားရင်း ဆေးပင်ရှာဖွေနေတယ်။ အနောက်ပါးက မောင်ဖိုးစည်ကတော့ အထုပ်အပိုးတွေကို ထမ်းပိုးရင်း သူအတွက် တစ်ခါမှ မရောက်ဖူးသေးတဲ့ တောနက်ခေါင်ခေါင်ဆီက အတွေ့အကြုံ၊ အမြင်အသစ်အဆန်းတွေကို တအံ့တသြငေးမောရင်း လိုက်ပါတယ်။
‘ ဆေးကျမ်းအရတော့ ဆီမီးတောက်ပန်းပင်ကို အရင်ဆုံးရှာဖွေရမယ် မောင်ဖိုးစည်ရေ…’
အမေးမရှိပါဘဲ ဦးမောင်းက ပြောလာတယ်။ ဒီအခါ မောင်ဖိုးစည်က ဘေးပတ်းဝန်းကျင်ကို ငေးမောနေရာကနေ သတိဝင်လာပြီး…။
‘ ဆီမီးတောက်ဆိုတာ ဟိုအနီနဲ့ အဝါစပ်ကြား သိပ်ကိုလှတဲ့ အပင်ကို ပြောတာမဟုတ်လား ဆရာကြီး…’
‘ အေး…အမှန်ပဲပေါ့…’
‘ ဒီတောထဲမှာ ရှိပါ့မလား…’
မောင်ဖိုးစည်ရဲ့ အမေးကြောင့် ဦးငမောင်း ပြုံးလိုက်တယ်။
ပြီးတော့ ပုံမှန်လေသံနဲ့ပဲ…။
‘ မရှိရိုးလား မောင်ဖိုးစည်ရယ်။ ဒီမြိုင်ဟေဝန်ဆိုတဲ့ တောကြီးမှာ တိလောကိတ္ထဇော်ဂျီက ဆေးပင်ပေါင်းတစ်သောင်းကျော် လာရောက်စိုက်ပျိုးထားခဲ့တာ။ ဒီတောကြီးကို လောကီဘက်က မြိုင်ဟေဝန်လို့ ခေါ်တယ်။ တို့သာမန်လူတွေအတွက်ကတော့ ဆင်မလိုက်တောပေါ့ကွယ်…’
ဦးမောင်းက ပြောပြတာကို မောင်ဖိုးစည်လည်း ခေါင်းညိတ်လို့ မှတ်သားလိုက်တယ်။
စကားပြောရင်း သူတို့ဆက်တိုးကြတော့ အရှေ့အတော်လှမ်းရာနေရာဆီက အနီနဲ့အဝါစပ်ထားတဲ့ ဆီမီးတောက်ပန်းပင်တွေ အများအပြားကို လှမ်းမြင်လိုက်ကြရတယ်။ ဦးမောင်းက ဝမ်းသာအားရပဲ အပြေးတော့ မောင်ဖိုးစည်လည်း အနောက်က ပြေးလိုက်ရတာပေါ့။
ဆီမီးတောက်ပန်းပင်တွေကို ခူးဆွတ်ကြတယ်။
ခူးဆွတ်လို့ပြီးတော့ နှစ်ယောက်သား အမောပြေအဖြစ် အနားမှာပဲ ထိုင်နေလိုက်ကြတယ်။ မောင်ဖိုးစည်က နက်ရှိုင်းလှတဲ့ တောတောင်တွေအထဲကို ဝေ့ဝိုက်ကာကြည့်ပြီး တစ်စုံတစ်ခုကို အတွေးပြုမိသွားတယ်။
‘ ဆရာကြီး…’
‘ ဟေ…’
‘ နတ်မိမယ်ဆိုတာ တကယ်ရှိသလား…’
မောင်ဖိုးစည်ရဲ့ အမေးကြောင့် ဦးမောင်း မျက်လုံးတွေ ပင့်တက်သွားရတယ်။
‘ ဟော…ဘယ်လိုကြောင့်များ မေးလာတာတုန်း…’
‘ ဪ…ငယ်ငယ်တုန်းက အခုလို တောနက်ကြီးတွေအထဲမှာ နတ်မိမယ်တွေရှိတတ်တယ်လို့ အဘိုးအဘွားတွေက ပြောပြဖူးတာ အမှတ်ရလို့ပါ…’
‘ အဲ့ဒါတွေက ပုံပြင်သက်သက်ပါကွာ…’
‘ ဪ…ဒါဆို အပြင်မှာ မရှိဘူးပေါ့…’
‘ အေးပေါ့ကွ…’
‘ အဟီး…’
မောင်ဖိုးစည် သူ့အတွေးနဲ့သူ ရှက်ကိုးရှက်ကန်းဖြစ်ပြီး ရယ်မိလိုက်တယ်။
‘ ဒါပေမယ့်ကွ။ ငါစာတစ်အုပ်မှာ ဖတ်မှတ်ဖူးတာတော့ရှိတယ်။ ထူးခြားဖြစ်ရပ်လေးပေါ့ကွာ…’
မောင်ဖိုးစည် စိတ်ဝင်စားသွားရတယ်။
‘ ဘာများလဲ ဆရာကြီးရ…’
‘ မင်းပြောတဲ့ နတ်မိမယ်နဲ့ လိင်ဆက်ဆံဖူးတဲ့ဘုရင်တဲ့ကွ။ ပုဂံခေတ်ကလို့ ရေးထားတယ်…’
‘ ဟာ စိတ်ဝင်စားစရာ ကောင်းလှချည်လား။ ပြောပြစမ်းပါဦး ဆရာကြီးရာ…’
‘ အေး ထူးဆန်းလို့ မှတ်တော့မှတ်ထားတယ်ဆိုပေမယ့် ဘယ်ဘုရင်လဲလို့ ငါလည်း အသေအချာတော့ မမှတ်မိတော့ဘူး။ အင်းဝဘုရင် ပထမမင်းခေါင်လား၊ ဒုတိယမင်းခေါင်လား။ ဒါမှမဟုတ် ပုဂံခေတ်က တရုတ်ပြေးမင်းလို့ခေါ်တဲ့ နရသီဟပတေ့လား။ မသေချာဘူးကွာ။ ဒါပေမယ့် နရသီဟပတေ့အနေနဲ့ပဲ အဆင်ပြေသလို ငါပြောလိုက်တော့မယ်…’
‘ အို…ဘယ်မင်းဖြစ်ဖြစ် ပြောမှာသာ ပြောပြစမ်းပါ ဆရာကြီးရာ။ ကျုပ် သိပ်သိချင်နေပြီဗျ…’
‘ ဟေ့ကောင်…ကိုယ့်ကိုယ်ကိုလည်း ထိန်းစမ်းဦး။ ငါ မင်းကို ပြောပြမှာက မဟုတ်မဟတ်အတွက် မဟုတ်ဘူး။ ဗဟုသုတအနေနဲ့ ပြောပြမှာ…’
‘ ဟုတ်ပါပြီ ဆရာကြီးရယ်။ ကျုပ်ကလည်း ဗဟုသုတအတွက်ပါဗျ…အဟီး…’
မောင်ဖိုးစည် မချင့်မရဲနဲ့ ရယ်မိလိုက်တယ်။ တကယ်တမ်းကျတော့ လူပျိုပေါက်ကာလသားတစ်ယောက်အနေနဲ့ ဗဟုသုတအပြင် အခြားကော ပါတာပေါ့လေ။ ဦးမောင်းကတော့ မောင်ဖိုးစည်ကို ဘာမှမပြောတော့ဘဲ သူပြောပြမယ့်အကြောင်းကိုသာ ဆက်လေတယ်။
‘ ဒီလိုရယ်ကွ…’
‘ ဟုတ်ကဲ့…’
‘ ဟေ့ကောင်…ငါ့စကားကို လိုက်မထောက်နဲ့…’
‘ ဪ…ဟုတ်ကဲ့ ဟုတ်ကဲ့…’
စကားအလျင်ပျက်သွားရတာမို့ ဦးမောင်းက မာန်လိုက်တယ်။ မောင်ဖိုးစည်လည်း သိချင်စိတ်ရှိတာမို့ ငြိမ်ကုတ်နေလိုက်တယ်။
‘ နရသီဟပတေ့မင်းကြီး တရုတ်တွေကျူးကျော်လာလို့ ပုသိမ်မြို့ဆီကို ထွက်ပြေးတုန်းက လမ်းခုလတ် တောထဲဆီမှာ မိုးကြီးရွာသွန်းတာကြောင့် သူ့နောက်ပါသားတွေနဲ့ ကွဲထွက်သွားတယ်တဲ့ကွ။ မိုးတွေက သိပ်သည်းအောင်ရွာနေတာဆိုတော့ နောက်ပါတွေကလည်း နီးရာစပ်ရာခိုကပ်ကြသလို ဆင်ထိန်းကလည်း ဆင်ပေါ်ကနေ ဆင်းပြေးတယ်တဲ့။ မင်းကြီးကလည်း မိုးကကောင်းလွန်းတော့ ကြောက်စိတ်ကဲပြီး ဆင်အပေါ်မှာ ဝပ်နေမိတာ။ မိုးသံကြောင့် အသံဗလံတွေလည်း မကြားရဘူးပေါ့ကွာ။ နောက်ဆုံး မိုးတိတ်ချိန်ကျမှ မင်းကြီးက ဝပ်နေရာကနေ ထကြည့်တော့ သူ့လူတွေနဲ့ အတူရှိမနေတော့ဘူး။ သူတစ်ယောက်ထဲ ဆင်တစ်ကောင်နဲ့ တောထဲမှာ ဝဲလည်လည်ဖြစ်နေရပြီ။ မိုးက ရွာထားတာဆိုတော့ ပတ်ဝန်းကျင်တစ်ခုလုံးကလည်း တောခိုးတောင်ငွေ့တွေနဲ့ ပိတ်သည်းနေတယ်။ ဆင်ကြီးက ခြေဦးတည့်ရာဆီ သွားနေတာပေါ့။ ငါ့ ကွမ်းတစ်ယာ ပေးစမ်းကွာ…’
‘ မင်းကြီးက ပြောတာလား…’
ဦးမောင်းက သူဝါးဖို့ ကွမ်းတစ်ယာတောင်းတာ။ စကားက ဆက်သွားတော့ မောင်ဖိုးစည်က နားမလည်လိုက်ဘူး။ ဒါကြောင့် ပြန်မေးလိုက်တယ်။
‘ မင်းဘကြီး မင်းကြီးက တောင်းရမှာလား။ ငါ ဝါးဖို့ တောင်းတာကွ…’
‘ ဪ…ဟုတ်ဟုတ်…’
‘ တကယ့် ဒူတူတူကောင်ပါပဲကွာ…’
မောင်ဖိုးစည် ခွန်းတုန့်မပြန်ဘူး။ ပုလိုင်းထဲက ကွမ်းအစ်ကို ထုတ်ပြီး ကွမ်းတစ်ယာကို ယာလို့ ဦးမောင်းဆီ ကမ်းပေးလိုက်တယ်။ ဦးမောင်က ကွမ်းယာကို ယူလို့ ဝါးလိုက်ကာ ပျစ်ခနဲ ကွမ်းတံတွေးကို ထွေးထုတ်လိုက်တယ်။
‘ ဆက်ပါဦး ဆရာကြီးရ။ စိတ်ဝင်စားနေမိပြီ…’
‘ အေးပါကွ။ ဆက်ပြောမှာပေါ့။ ဆင်ကြီးက ခြေဦးတည့်ရာသွားနေတာကို မင်းကြီးက ဘာမှမလုပ်တတ်ဘူး။ ဆင်အပေါ်ကနေပဲ ဒီအတိုင်း ထိုင်လိုက်နေမိရင်း တစ်နေရာရောက်တော့ ဆင်ကြီးက ကျီးခနဲ ကြောက်အားလန့်အား ထအော်တယ်။ မင်းကြီးလည်း ဘာဖြစ်သလဲဆိုပြီး ထိတ်ထိတ်ပြာပြာပေါ့ကွာ။ အဲ့ဒီ့အချိန်မှာ ကောင်းကင်ဆီက အလင်းဖြာဖြာကြီးက ကျဆင်းလာပြီး ဆင်ကြီးရဲ့အထက် လေဟာနယ်ထဲမှာ ရပ်တန့်သွားတယ်။ မင်းကြီးလည်း ဘာဖြစ်မလဲဆိုပြီး တအံ့တသြ ကြည့်နေမိတာပေါ့။ အလင်းရောင်ကြီးက ရုတ်တရက်ပြယ်သွားတယ်။ အဲ့ဒီ့အခါ လေဟာနယ်အထဲမှာ ရပ်နေတဲ့ ဝတ်လစ်စလစ် မိန်းမပျိုတစ်ယောက်တဲ့ကွ…’
‘ အလိုလေး…’
‘ ခန္ဓာကိုယ်ကောက်ကြောင်းက ရှိုက်ကြီးရှိုက်ဖိုအသွယ်သွယ်နဲ့ကိုမှ မိမွေးဖမွေးအတိုင်း မြင်နေရတာတဲ့ကွာ။ ဆံပင်ကလည်း နက်မှောင်ပြီး အရှည်ကြီးရယ်တဲ့ကွ…’
‘ ဆက်ပြောပါတော့ ဆရာကြီးရာ ကျုပ်ဖြင့် ရင်တွေတုန်လာပြီ…’
‘ ဟေ့ကောင် တဏှာရူးမနေနဲ့။ ဗဟုသုတကွ အသေအချာနားထောင်…’
‘ ဟုတ်ပါတယ် ဆရာကြီးရယ်။ ဗဟုသုတပါဗျ။ လုပ်ပါ ဆက်ပြောပြပါတော့ဗျာ…’
‘ မင်းကြီးလည်း ငေးရီပြီး ကြည့်နေမိတယ်။ အဲ့ဒီ့အချိန်မှာပဲ မိန်းမပျိုက လေပေါ်ကနေ မင်းကြီးရှိရာဆီကို ဆင်းသက်လာတယ်။ နောက်တော့ မင်းကြီးနဲ့ သံဝါသပြုတော့တာပဲတဲ့လေ…’
‘ ဆင်ကြီးအပေါ်မှာပဲလား…’
‘ အေး…ဆင်ကြီးမပေါ်မှာပဲတဲ့ကွ…’
‘ ဆက်ပြောပါဦး ဆရာကြီးရ…’
‘ သံဝါသပြုလို့ပြီးတော့ မိန်းမပျိုက မင်းကြီးရဲ့ ရင်ခွင်ထဲကနေ ရုန်းထွက်တယ်။ ပြီးတော့ ကောင်းကင်ဆီပျံတက်သွားပြီး ပျောက်ကွယ်သွားတော့တယ်တဲ့ကွ။ မင်းကြီးကတော့ အဲ့ဒီ့နတ်မိမယ်ကို မသွားပါနဲ့ မသွားပါနဲ့ဆိုပြီး အဝတ်အစားတောင် ပြန်မဝတ်နိုင်ဘဲနဲ့ အော်နေတာ သူ့နောက်ပါသားတွေ ပြန်လာရှာလို့ တွေ့တဲ့အထိပဲတဲ့လေ…’
‘ ထူးဆန်းလိုက်တာဗျာ။ နောက်များမှာကော အဲ့ဒီ့နတ်မိမယ်က မင်းကြီးဆီပြန်လာသေးလား…’
‘ မလာတော့ဘူးလေကွာ။ အဲ့ဒီ့တစ်ကြိမ်ပဲ။ မင်းကြီးကတော့ နတ်မိမယ်နဲ့ တွေ့ပြီးကတည်းက ဘယ်မိန်းမမှကို အနား အကပ်မခံတော့ဘူးတဲ့။ အဲ့ဒီ့စိတ်နဲ့ ရူးနှမ်းသလိုဖြစ်သွားရာက နောက်ဆုံး သားတော်ဖြစ်သူပြည်မြို့စားက လုပ်ကြံသတ်တာကို ခံလိုက်ရတယ်တဲ့လေ…’
‘ စိတ်မကောင်းလိုက်တာ။ တကယ်ဆိုရင် နတ်မိမယ်က လာကယ်ပြီး ပေါင်းသင်းရမှာကို…’
‘ ပေါင်းသင်းတာ မပေါင်းသင်းတာထက် အဲ့ဒီ့စာထဲမှာ ထပ်ရေးထားတာက အဲ့ဒီ့လို နတ်မိမယ်တွေ၊ နတ်သမီးတွေနဲ့ ဆက်ဆံမိသူတိုင်းက တစ်ပါတ်အတွင်း အသက်ကံကုန်ရတယ်လို့ ရေးထားတယ်ကွ…’
‘ ဟာ…အဲ့ဒီ့လိုကြီးလား။ အမလေး ဒါဆိုရင်တော့ တော်ပါပြီဗျာ။ နတ်မိမယ်နဲ့ တွေ့ချင်စိတ် မရှိတော့ပါဘူး…’
မောင်ဖိုးစည်က ပြာပြာသလဲ ပြောလိုက်တော့ ဦးမောင်းက ရယ်တယ်။
‘ မင်းကတော့ နတ်မိမယ်နဲ့ တွေ့မယ်မထင်ဘူး။ တွေ့ရင်းတွေ့ ဒီတောဒီတောင်ထဲမှာ ကဝေမယ်နဲ့ပဲ တွေ့လိမ့်မယ် အဟေးဟေး…’
‘ ဟာ…ဆရာကြီးကတော့ နောက်ပြီဗျာ။ ကျုပ်က နတ်မိမယ်တောင် ကြောက်နေမိတာ။ ကဝေမယ်ဆို သာဆိုးပြီဗျ…’
မောင်ဖိုးစည်အပြောကြောင့် ဦးမောင်း ပြုံးလိုက်တယ်။ ပြီးတော့…။
‘ ကဲ ကဲ…ကောင်လေး။ မင်း နားထောင်ချင်တာလည်း နားထောင်ပြီးပြီ။ နားတာကလည်း အမောပြေပြီဆိုတော့ ထပ်ရှာကြဦးစို့…’
‘ ဒီတစ်ခါ ဘာရှာရမှာလဲ ဆရာကြီး…’
‘ ဆင်တစ်ရပ်လွတ်တဲ့ဆီမှာ ရှိနေတဲ့ ဆင်တုန်းမနွယ်ပင်…’
‘ ဪ…ဟုတ်ဟုတ်…’
******
မောင်ဖိုးစည်တစ်ယောက် ဆေးဆရာကြီးဦးမောင်းနဲ့အတူ မြိုင်ဟေဝန်ထဲကို ဆေးပင်အရှာလိုက်ကူနေခဲ့တာ ဒီကနေ့ဆိုရင် သုံးရက် ပြည့်ပြီ။
သူတိူ့ဟာ တောကြီးရဲ့ တစ်နေရာဆီမှာ တဲငယ်တစ်လုံးထိုးပြီး နေကြရင်း နေ့ခင်းဘက်ဆို တစ်တောလုံးတစ်တောင်လုံး နှံ့နေအောင် လှည့်လည်လို့ ဆေးပင်ရှာကြပါတယ်။ ရရှိထားတဲ့ ဆေးပင်တွေကိုတော့ တဲကလေးဆီမှာပဲ စုပုံထားရစ်ပြီး ထပ်မံလိုအပ်နေသေးတဲ့ ဆေးပင်တို့ကို ရှာဖွေပါတယ်။
ဒီကနေ့မှာတော့ မနက်ခင်း မိုးလင်းစကတည်းက ဆေးပင်တို့ကို ရှာဖွေလာတာ နေထန်းတစ်ဖျာ အချိန်မှာတော့ ကောင်းကင်က ရုတ်တရက်ကြီး အုံ့ဆိုင်းမှိုင်းညှို့လာလေတယ်။
‘ မိုးရွာတော့မယ် ထင်တယ်။ တောထဲမှာ မိုးရွာရင် သိပ်အန္တရာယ်များတယ်။ တဲဆီကို ပြန်ကြစို့လား…’
ဦးမောင်းက တောအတွင်းကို မကြာခဏ ဆေးပင်ရှာရင်း ရောက်ဖူးသူမို့ တောတောင်အကြောင်းကို သိတယ်။ ရုတ်ခြည်းတက်လာတဲ့ မိုးရိပ်မိုးခြည်က သည်းထန်စွာ ရွာသွန်းတတ်ပြီး လျှိုတွေမြောင်တွေအကြားကို စုဝေးကာ တောင်ကျရေအဖြစ် စီးဆင်းတတ်တယ်။ မိုးကြောင့် တောင်ပေါ်မြေတို့ဟာ ချော်ချွတ်ပြီး လူတွေခြေချော်လက်ချော်လည်း ဖြစ်တတ်တယ်။
ဒါကြောင့် ဦးမောင်းက ဆေးပင်ကို ထပ်မရှာတော့ဘဲ တဲဆီကို ပြန်ဖို့ ပြောလေတယ်။ နှစ်ယောက်သား တဲဆီကို ပြန်လာကြတယ်။ တဲဆီကိုရောက်ပြီး မကြာခင်မှာတော့ မိုးက သည်းသည်းထန်ထန်ကိုပဲ ရွာသွန်းပါတော့တယ်။
မိုးရွာတော့ နှစ်ယောက်သား ဆေးပင်ရှာဖို့ရာက အဆင်မပြေတော့ဘူး။ တဲဆီမှာပဲ နေကြရင်း ရရှိထားတဲ့ ဆေးပင်တို့ကို အမျိုးအစား ခွဲထုတ်တာ၊ သိမ်းဆည်းထုပ်ပိုးတာတွေ လုပ်ဆောင်နေလိုက်ကြတယ်။ နေ့လည်ခင်းကျတော့ နှစ်ယောက်စလုံး မိုးအေးအေးနဲ့ တစ်ရေးတစ်မော အိပ်စက်ကြတယ်။
ဒီအခါ မောင်ဖိုးစည်ဟာ ထူးဆန်းတဲ့ အိပ်မက်တစ်ခုကို မြင်မက်လေတယ်။
အိပ်မက်ထဲမှာ အလွန်တစ်ရာကိုပဲ လှပလွန်းတဲ့ မိန်းမပျိုတစ်ယောက်။ မိမွေးဖမွေးအတိုင်း အဝတ်အစားရယ်မပါဘဲ ကိုယ်လုံးတီးနဲ့ ရှိုက်ဖိုအသွယ်သွယ်ကို ထိပါးတို့ပြရင်း မောင်ဖိုးစည်ဆီကို လှမ်းလာနေတယ်။
မျက်ဝန်းတွေက မောင်ဖိုးစည်ဆီမှာပဲ မြွေတစ်ကောင်ရဲ့ ညှိ်ု့ငင်မှုလိုမျိုး စူးစိုက်လို့ ကြည့်နေကာ အဲ့ဒီ့အကြည့်မှာ မောင်ဖိုးစည်ဟာ ရင်တုန်ပန်းတုန်ဖြစ်နေရလေတယ်။ အနားကိုရောက်လာရင် ဘာလုပ်လို့ဘာကိုင်ရမယ်မှန်းလည်း မသိဘူးပေါ့။ ဒါပေမယ့် ကြည့်နေတုန်းမှာပဲ မိန်းမပျိုရဲ့ အသွင်ဟာ ရုတ်ခြည်း ရှည်မျောမျောနဲ့ အရိပ်မည်းမည်းကြီးတစ်ခုအသွင်ကို ပြောင်းလဲသွားလေတယ်။ မောင်ဖိုးစည်လည်း အလန့်တကြားနဲ့ ဟစ်အော်ဖို့ ဟန်ပြင်လိုက်တယ်။ ဒီအခိုက်မှာပဲ…။
‘ မောင်ဖိုးစည်…မောင်ဖိုးစည် ထ ထ…’
ဦးမောင်းရဲ့ လှုပ်နှိုးမှုကြောင့် မောင်ဖိုးစည်တစ်ယောက် အိပ်မက်ကနေနိုးလာရတယ်။
‘ ငါ…ငါ အိပ်မက်မက်နေတာပဲ…’
အိပ်ရာဆီက ထထိုင်လိုက်မိပြီး ကိုယ့်ဘာသာ စမ်းစစ်လို့ ရေရွတ်လိုက်မိတယ်။ ပြင်ပမှာတော့ မိုးက လုံးလုံးလျားလျား တိတ်နေခဲ့ပြီ။
‘ မောင်ဖိုးစည် ထချေတော့…။ မိုးတိတ်တုန်းလေး တို့တစ်တွေ ဒီအနီးအနားကို ဆေးပင် ထွက်ရှာကြရအောင်…’
‘ ဪ…ဟုတ်ကဲ့ ဆရာကြီး…’
မောင်ဖိုးစည်လည်း ကပြာကသီနဲ့ပဲ ဆေးပင်ရှာထွက်ဖို့ပြင်ဆင်မိတယ်။ အိပ်မက်အကြောင်းကိုလည်း သူ မေ့သွားခဲ့တယ်။
တဲဆီကနေ ထွက်ပြီး နှစ်ယောက်သား မိုးရွာပြီးစအချိန်မှာ တောင်ပေါ်တောင်ကြားတွေဆီမှာ ဆေးပင်လိုက်ရှာကြတယ်။ နှစ်ပင်သုံးပင်ရပြီးတော့ မိုးက ချုပ်စပြုလာတာမို့ တဲဆီကို ပြန်လာခဲ့ကြတယ်။ အပြန်လမ်းခရီးမှာ အနောက်ကနေ တစ်စုံတစ်ယောက်က ကြည့်နေသလိုမျိုး မောင်ဖိုးစည် ခံစားရတာကြောင့် အနောက်လှည့်ကြည့်ပေမယ့် ဘယ်သူ့ကိုမှ မမြင်ရဘူး။ ဦးမောင်းကတော့ ပုံမှန်အတိုင်းရယ်ပဲ။ မောင်ဖိုးစည်လည်း သူ့ဘာသာ စိတ်အထင်ကြောင့်ရယ်လို့အလွယ် တွေးခဲ့လိုက်ပြီး ဦးမောင်းရဲ့ အနောက်ကနေ ခပ်သုတ်သုတ် လိုက်ခဲ့မိပါတော့တယ်။
တဲဆီကို ပြန်ရောက်တော့ ညစာအတွက်ကို ချက်ပြုတ်ပြင်ဆင်လေပြီး စောစီးစွာနဲ့ပဲ ထမင်းစားသောက်လို့ ညဦးပိုင်းမှာပဲ အိပ်ရာဝင်လိုက်ကြတယ်။ ညလည်လောက်မှာ မိုးက သည်းထန်စွာရွာပြန်တယ်။ အိပ်နေတဲ့ မောင်ဖိုးစည်ကတော့ ဒိအချိန်မှာ နေ့ခင်းက မက်သလို အိပ်မက်မျိုးကိုပဲ ထပ်တူထပ်မျှ မက်ရပြန်တယ်။ ထူးတော့ထူးနေပြီ။ ဒါပေမယ့်လည်း အိပ်ရာက နိုးပြန်တော့ အမှတ်တမဲ့ဖြစ်သွားရပြန်တယ်။
နောက်တစ်နေ့ မနက်မှာတော့ မောင်ဖိုးစည်ဟာ အိပ်ရာက နိုးချိန် စိတ်အစဉ်က လေးလံထိုင်းမှိုင်းနေတယ်။ ဒါပေမယ့်လည်း ဦးမောင်းနဲ့အတူ ပုံမှန်အတိုင်း ဆေးပင်ရှာဖွေဖို့ ထွက်လာခဲ့ပါတယ်။ မိုးက ဖွဲဖွဲရွာနေတယ်။ ညတုန်းကလည်း မိုးရွာထားတာမို့ တောင်တက်လမ်းတွေက ချောနေတယ်။
‘ ဒီအတိုင်းသာ ဆက်တိုက်မိုးရွာနေမယ်ဆိုရင်တော့ တစ်ရက်နှစ်ရက်ဆို တို့ပြန်မှဖြစ်မယ်ထင်တယ်…’
ဦးမောင်းက ပြောလာတယ်။ မောင်ဖိုးစည်က ဘာမှပြန်မပြောဘူး။ သူတို့ရှာဖွေထားတာမှာလည်း ဆေးပင်အမျိုးအမည် အတော်လေးတော့ စုံလင်နေပြီဆိုတော့ ပြန်ရင်လည်း ပြန်ပေါ့။ ဒိလိုပဲ လွယ်လွယ်တွေးထားလိုက်တယ်။
တစ်နေရာရောက်တော့ ဦးမောင်းဟာ မြေပြင်က တစ်စုံတစ်ခုကို သွားမြင်လိုက်တယ်။ ဝက်ဝံကောင်တစ်ကောင်ရဲ့ ခြေရာ။ ခြေရာက မြေစိုစိုဆီမှာ နစ်ဝင်လို့ ထင်းနေတယ်။
‘ မောင်ဖိုးစည်ရေ အန္တရာယ်ကောင်တော့ ဒီနားမှာ ရှိနေပြီ။ တို့အမြန်ဆုံး ပြန်ကြစို့…’
ဦးမောင်းက ပြောပြီး ခြေလှမ်းတွေကို အနောက်ကြောင်း ပြန်လှည့်တယ်။ ဒါပေမယ့်လည်း ကံမကောင်းအကြောင်းမလှလေတော့ သူတို့ပြန်လှည့်ကာမှ ဝက်ဝံကောင်နဲ့ ပက်ပင်းတိုးရလေပြီ။
မည်းနက်နေတဲ့ အမွှေးအသွင်နဲ့ ဝက်ဝံကောင်ဟာ သူတို့နှစ်ယောက်ကိုမြင်တာနဲ့ ချက်ချင်းပဲ မတ်တပ်ရပ်လို့ မာန်ဖီတယ်။ အရွယ်ရောက်ပြီးသားကောင်ဆိုတော့ အရပ်အမြင့်က ခြောက်ကျော်သွားတယ်။ ဒီလောက်ကြီးမားတဲ့အကောင်ကို တိုက်ခိုက်ဖို့ရာက မောင်ဖိုးစည်တို့နှစ်ယောက်စလုံးမှာ ဓားမကလွဲပြီး အခြားဘာမှမပါ။
‘ မောင်ဖိုးစည်ရေ ပြေးတော့ဟေ့…’
တောအတွေ့အကြုံရှိတဲ့ ဦးမောင်းက ပြောပြောဆိုဆိုပဲ ပလိုင်းတွေဘာတွေအကုန်ပစ်ချလို့ ထွက်ပြေးတယ်။ မောင်ဖိုးစည်လည်း အစက ကြောင်အမ်းအမ်းရှိနေပေမယ့် သတိဝင်လာချိန်မှာ အနောက်လှည့်လို့ ပြေးပါတော့တယ်။
ကံဆိုးသူ မောင်ဖိုးစည်လို့ပဲ သမုတ်ရတော့မယ်ထင်တယ်။ ဝက်ဝံကောင်က အရင်ဆုံးထွက်ပြေးတဲ့ ဦးမောင်းကို မလိုက်။ မောင်ဖိုးစည်ကိုသာ သည်းမည်းပြီး လိုက်တော့တယ်။ ဦးမောင်းက သူ့ကို ဝက်ဝံကမလိုက်မှန်းသိတော့ နံဘေးဘက် ကြောအပေါ်ကို တက်ပြေးပြီး မောင်ဖိုးစည်ကို စိတ်ပူမိကာ…။
‘ မောင်ဖိုးစည်ရေ ပြေး ပြေး…’
လို့ အားပေးပါတယ်။
မောင်ဖိုးစည်ခမျာလည်း အသက်ဘေးမို့ အားသွန်ခွန်စိုက်ကို ပြေးပါတယ်။ ဒါပေမယ့်လည်း မိုးဖွဲဖွဲကျနေတဲ့အချိန်၊ အရင်က ရွာထားတဲ့ မိုးကြောင့် ချောနေတဲ့ တောင်ပေါ်လမ်းဆီမှာ တစ်ကြိမ်တော့ ခြေချော်လေပြီး အောက်ဆီကို ပြုတ်ကျသွားခဲ့ပါတော့တယ်။
*******
မောင်ဖိုးစည်ရဲ့ အာရုံတွေဟာ အမှောင်တိုက်ဆီကနေ တဒင်္ဂနိုးထလာရတယ်။
ခန္ဓာကိုယ်တစ်ခုလုံး ငြိမ့်ညောင်းစွာ လှုပ်ခတ်နေတာကို ထူးကဲစွာခံစားမိနေရတယ်။ ဘာကြောင့်မှန်းမသိ။ တစ်စုံတစ်ခုက ခန္ဓာကိုယ်အနှံ့ကို ညင်သာစွာပွတ်သပ်ကိုင်တွယ်နေတာကိုလည်း ခံစားမိနေရတယ်။ ဒီအထိအတွေ့တွေမှာ သူ့စိတ်ခံစားချက်တွေက နစ်ဝင်ပြီးသာယာမိနေသလိုပါပဲ။
လေးလံလွန်းနေတဲ့ မျက်ဝန်းတွေကို အားတင်းလို့ ဖွင့်ဟကြည့်မိတယ်။ ပထမတစ်ချက် အဖွင့်မှာ သူဟာ တဲတစ်လုံးအတွင်းဆီမှာ ရောက်ရှိနေတာကို မြင်မိလိုက်တယ်။ မျက်ဝန်းတွေက ပြန်လည်မှေးမှိတ်သွားပြန်တယ်။ နောက်တစ်ကြိမ် အားတင်းလို့ ပြန်ဖွင့်ကြည့်လိုက်ပြန်တယ်။
အို…မိန်းမပျိုတစ်ယောက်ပါလား။ မိန်းမပျိုက သူ့ခန္ဓာကိုယ်အပေါ်ဘက်ဆီမှာ မိမွေးဖမွေးအတိုင်းပဲ အဝတ်အစားဗလာနဲ့ ရှိနေတယ်။ အို…သူလည်း မိန်းမပျိုနဲ့ အတူတူပါလား။ သူတို့ချင်း ခန္ဓာကိုယ်တွေကလည်း ပူးကပ်ငြိတွယ်နေတယ်။ မိန်းမပျိုဆီက ဆံနွယ်ရှည်တို့က သူ့ခန္ဓာကိုယ်အပေါ်ဆီမှာ အပုံလိုက်ရှိနေတယ်။ ဒါဟာ သူတို့ချင်း…။ မောင်ဖိုးစည်ဆက်မတွေးရဲတော့ဘူး။ စိတ်ကို အားတင်းလိုက်ကာ နှုတ်ဖျားကနေ…။
‘ မင်း…မင်း…ဘယ်သူ…’
မိန်းမပျိုက မောင်ဖိုးစည်ရဲ့ စကားတောင်မဆုံးသေးဘူး။ နှုတ်ခမ်းတွေဆီကို သူ့လက်ညှိုးလေးနဲ့ ညင်သာစွာ ထိပိတ်လိုက်တယ်။ ဒိအခိုက် အထိအတွေ့ကို ပိုမိုလို့ ခံစားမိလိုက်ပြီး မောင်ဖိုးစည်တစ်ယောက် မျက်ဝန်းတွေက မှေးမှိတ်သွားရပြန်ပါတယ်။
******
ဦးမောင်းတစ်ယောက် မောင်ဖိုးစည် ပြုတ်ကျသွားရာ ချောက်ထဲဆီကို ခဲရာခဲဆစ်ဆင်းပြီး လိုက်လံရှာဖွေနေပါတယ်။ ရှာဖွေမှုတစ်လျှောက်မှာလည်း နှုတ်ကနေ တောအူသံပေးလို့ ရှာဖွေခဲ့တယ်။ သူ ဒီချောက်ထဲကို ဆင်းပြီးရှာဖွေနေတာ နာရ်ီအနည်းငယ်ကြာနေပြီ။ အခုထိ မောင်ဖိုးစည်ကိုတော့ မတွေ့သေးဘူး။
‘ အူး……လူရှိသလား…’
နှုတ်ကနေ အဆက်မပြတ်ဟစ်အော်ရင်း ဦးမောင်း တောကို တိုးဝင်လာနေမိတယ်။ တစ်နေရာကိုရောက်တော့ စမ်းချောင်းကလေးနံဘေးက တဲကလေးတစ်လုံးကို လှမ်းတွေမိလေတယ်။
တဲကလေးဆီသွားပြီး အကူအညီတောင်းမယ်ရယ်လို့ တွေးကာ ဦးမောင်းခပ်သုတ်သုတ် ခြေလှမ်းလိုက်ပါတယ်။ တဲအနားကို ရောက်လုရောက်ခင်မှာတော့ ခြေလှမ်းတွေကို ရပ်လိုက်ပြီး တဲရှင်ကို လှမ်းအော်ဖို့ ဟန်ပြင်လိုက်တယ်။ ဒီအခိုက်မှာပဲ သူ့အနောက်ဆီက ခြေသံကြားလိုက်ရပြီး…။
‘ နင် ဘယ်သူလဲ။ ဒီကို ဘာလာလုပ်တာလဲ…’
မာချာခက်ထန်လွန်းတဲ့ အသံကြောင့် ဦးမောင်းလှည့်ကြည့်လိုက်မိတော့ အသက်ရှစ်ဆယ်အရွယ်လောက်ရှိမယ့် အဘွားအိုကြီးတစ်ယောက် တောင်ဝှေးထောက်လို့ ရပ်နေတာကို တွေ့လိုက်ရတယ်။ စိတ်ကလည်း ဒီတောထဲမှာ ဒီအမယ်ကြီးက ရိုးမှရိုးပါရဲ့လားပေါ့။
‘ ဟဲ့…ငါမေးနေတယ်လေ…’
‘ အဲ…ဟုတ်။ ကျုပ်…ကျုပ် တူလေး ဝက်ဝံကောင်ကြောင့် ဒီချောက်ထဲ ကျသွားတာကို လိုက်ရှာနေတာပါ…’
ဦးမောင်းရဲ့ အဖြေစကားအဆုံး အဘွားအိုက ခပ်စိမ်းစိမ်း စိုက်ကြည့်လာပြီး။
‘ ဘယ်သူမှ ဒီချောက်ထဲကို ကျမလာဘူး။ မင်း ဒီနေရာက ထွက်သွားလိုက်တော့…’
‘ ဟာ…မဟုတ်ဘူး။ ကျုပ်တူလေးကျသွားတာကို ကျုပ်မျက်စိနဲ့… ‘
‘ ဟဲ့ကောင် ဘယ်သူမှကျမလာဘူးလို့ ငါပြောပြီးပြီ။ ကာလနာတိုက်ချင်နေတာလား။ ငါဒေါသမထွက်ခင် နင် သွားလိုက်တော့…’
အဘွားအိုက အတင်းကိုပဲ မာန်မဲလွှတ်နေတယ်။ ဦးမောင်းလည်း မောင်ဖိုးစည် ဒီချောက်ထဲကို ကျသွားတာက မျက်မြင်ဆိုတော့ ဒေါသက ထောင်းခနဲ ထွက်သွားရရင်း…။
‘ ကျုပ် မျက်စိအရှေ့တင် ကျသွားတာမို့လို့ ဆင်းရှာတာဗျ။ ဒါကို ခင်ဗျားက မဆီမဆိုင် ဟိန်းလားဟောက်လား လာလုပ်နေသေးတယ်…’
‘ တယ်…ဒီကောင်ဟာလေ မသာပေါ်ချင်နေတာပဲ။ ဟဲ့…ငနက်ကျော် နင် အသက်ဝင်စမ်း…’
အဘွားအိုက ပြောပြောဆိုဆိုနဲ့ သူ့လက်က ကိုင်ထားတဲ့ အနက်ရောင်တောင်ဝှေးကို မြေဆီပစ်ချလိုက်တယ်။ တောင်ဝှေးက မြေဆီကိုကျတာနဲ့ ရုတ်ခြည်းအနက်ရောင်မြွေကြီးတစ်ကောင်အသွင်ကို ပြောင်းလဲသွားကာ ပါးပြင်းကြီးထောင်ရင်း တဖူးဖူးနှာမှုတ်နေပါတယ်။ ဒီအခိုက်မှာပဲ အဘွားအိုကြီးဟာ သူ့ခေါင်းကြီးကို လက်တစ်ဖက်နဲ့ ဆွဲဖြုတ်ပြလိုက်တယ်။ ခေါင်းကြီးက ခန္ဓာကိုယ်ဆီက ပြုတ်ထွက်ပြီး လက်ဆီမှာ တန်းလန်းကြီးဖြစ်လို့ရယ်။
ဒီမြင်ကွင်းကြောင့် ဦးမောင်းမှာ ဒေါသတွေပျောက်ပြီး ‘ ဟာ…’ ခနဲဖြစ်ကာ သွေးပျက်သွားရလေပြီး…။
‘ အ…အမေကြီးရယ်။ ကျုပ်က မသိလို့ ပြောမှားဆိုမှားရှိတာပါ။ ကျုပ်ကို ဗွေမယူပါနဲ့ဗျာ။ သွားဆိုသွားပါ့မယ်…’
လို့ဆိုပြီး ချာခနဲလှည့်ထွက်လို့ နောက်လှည့်မကြည့်စတမ်းပြေးပါတော့တယ်။
‘ တောက်…ငါ့မှာ အလုပ်ရှိနေသေးလို့ နင်ကံကောင်းသွားတယ်မှတ်…’
အဘွားအိုကြီးက သူ့ခေါင်းကို နေရာတကျပြန်တပ်ရင်း ဦးမောင်းရဲ့ နောက်ကျောကို ကြည့်လို့ ရေရွတ်ကြိမ်းဝါးလိုက်တယ်။ ပြီးတော့ တဲဆီကို လှမ်းဝင်သွားချိန် တောင်ဝှေးကနေ ပြောင်းသွားတဲ့ မြွေကြီးက အနောက်ကနေ လျောခနဲ လိုက်ပါသွားပါတယ်။
******
ဦးမောင်းတစ်ယောက် ကြောက်အားလန့်အားနဲ့ လျှိုအထဲကနေ အပြေးတက်ခဲ့မိပါတယ်။ အဆင်းတုန်းက ခက်ခဲပေမယ့် အခုပြန်တက်တော့ ကြောက်စိတ်ရဲ့ စေ့ဆော်အားကြောင့် ဘယ်ကဘယ်လို အပေါ်ပြန်ရောက်လာတယ် မသိဘူး။
အပေါ်ရောက်ပြန်တော့လည်း တဲဆီကိုရောက်အောင် အားသွန်ခွန်စိုက်ပြေးနေမိပြန်တယ်။ ပါးစပ်ကလည်း စုန်းမကြီး၊ စုန်မကြီးဆိုပြီးလည်း အဆက်မပြတ် ရေရွတ်နေမိလေတယ်။ သူ့ဘဝမှာ အခုလိုမျိုး အဖြစ်အပျက်မျိုး တစ်ခါမှ မကြုံဖူးခဲ့ဘူး။ ဘယ့်နှယ့် မျက်ဝါးထင်ထင်ကြီးကိုပဲ တောင်ဝှေးကနေ မြွေအဖြစ်ကို ပြောင်းသွားစေတယ်။ ပြီးတော့ သူ့ကို ရန်မူတိုက်ခိုက်ဖို့ စေပါးလာတယ်။ သွေးပျက်စရာသိပ်ကောင်းလွန်းတဲ့ အခိုက်အတန့်ပဲ။
သူသာ ဆောလျင်အောင် မတောင်းပန်မိခဲ့ရင်၊ အမြန်ဆုံးသာ မပြေးမိခဲ့ရင် အခုလောက်ဆို အဘွားအိုကြီးပြောသလို မသာပေါ်နေလောက်ပြီ။
ဦးမောင်းတစ်ယောက် ပြေးလာလိုက်တာ တဲဆီကို ရောက်လာတယ်။ တဲအထဲကို အပြေးဝင်လိုက်တော့ တစ်စုံတစ်ယောက်ကို ဝင်တိုက်မိလိုက်ပြီး…။
‘ အမလေးဗျ…စုန်းမကြီး ကယ်ကြပါ…’
ဦးမောင်းတစ်ယောက် ဟစ်အော်ရင်း ဖင်ထိုင်ရက်လဲကျသွားလေတယ်။ တစ်ဖက်က သူတိုက်လိုက်သူဟာလည်း သူ့လိုပဲ လဲကျသွားတယ်။
တိုက်မိသူကို ဦးမောင်း ကပြာကယာပဲ ကြည့်လိုက်တော့ သူရူးတစ်ယောက်။ ဆံပင်က စုတ်ဖွားပြီး နီကြောင်လို့နေကာ အဝတ်အစားတွေကလည်း ပေရေပေပွလို့ရယ်။ ဘာတွေထည့်ထားမှန်းမသိ၊ ဖောင်းကားနေတဲ့ လွယ်အိတ်ကြီးတစ်လုံးကိုလည်း သိုင်းလွယ်ထားပြန်သေးတယ်။
‘ အား…ရိုး…ရိုး…ငါသူတော်နတ်သားလေး နာလိုက်တာနော်…’
သူရူးဆီက ညည်းတွားသံကြောင့် ဦးမောင်း ရယ်ချင်စိတ်ဖြစ်မိသွားရတယ်။ ဒါပေမယ့်လည်း အခုနက ကြုံလာရတဲ့စုန်းမကြီးကို မျက်စိထဲ ချက်ချင်းမြင်ယောင်လာမိတာမို့ ကြောက်စိတ်ပြန်ကဲသွားလေရကာ…။
‘ စုန်း…စုန်းမကြီး…’
‘ ဟင်…ဘယ်က စုန်းမကြီးတုန်း…’
‘ စုန်းမကြီး…လျှိုထဲမှာ…အဲ…နေဦး။ မင်းကကော လူစင်စစ်ဟုတ်ရဲ့လား…’
‘ ဟင်…ငါသူတော်နတ်သားလေးက လူ…ဘယ်ဟုတ်ပါ့မလဲကွယ့်…’
‘ လူ…လူ မဟုတ်ဘူးဆိုတော့ မင်းကို ဟိုစုန်းမကြီးက လွှတ်လိုက်တာမလား…’
‘ ဘယ်က စုန်းမကြီးတုန်း။ ငါသူတော်က နတ်သားလေး။ ငါလေးက နတ်သားလေး သူတော်ဟဲ့…’
သူရူးက ဟိတ်နဲ့ဟန်နဲ့ လုပ်ပြောလိုက်တယ်။ ဦးမောင်းလည်း စိတ်ထဲ စုန်းမကြီးလွှတ်လိုက်တာမဟုတ်ဘူးလို့ ယုံကြည်လိုက်မိကာ…။
‘ စုန်းမကြီး…ငါ စုန်းမကြီးကို တွေ့လာလို့…’
‘ နင်က ရောက်ကတည်းက ဒီစုန်းမကြီးပဲ ပြောနေတော့တာပဲ…’
‘ စုန်းမကြီးက ကြောက်စရာကြီးဟ။ ခေါင်းကြီးကို သူ့ခန္ဓာကိုယ်ကနေ ဆွဲဖြုတ်ပြတာ…’
သူရူး မျက်လုံးတွေ ကလယ်ကလယ်ဖြစ်သွားတယ်။
‘ နင် အတော်ကြောက်နေတာပဲ။ ကဲ…ကဲ…ကြောက်စိတ်ကို ဖယ်လိုက်တော့။ နင် ပြောတဲ့ စုန်းမကြီးကို ငါသူတော်လေး ဖြေရှင်းပေးမယ်…’
‘ မင်း သွားလို့မရဘူးနော်။ သွားရင် မင်းကိုပါ သူသတ်လိမ့်မယ်…’
‘ ကဲ… ပြောမှာသာ ပြောစမ်းပါ…’
ဦးမောင်းလည်း ဟုတ်ဟုတ်မဟုတ်ဟုတ် လူတို့သဘောအရ မိမိတွေ့လာရတာကို တစ်ပါးသူဆီပြောတတ်တဲ့ ဥာဉ်အတိုင်း သူကြုံခဲ့ရတာကို ပြောပြလိုက်တယ်။
‘ အဲ့ဒီ့စုန်းမကြီးက ဘယ်နားနေတာလဲ…’
‘ ဟိုဘက်နားက လျှိုထဲမှာ…’
‘ ငါသူတော် နတ်သားလေး သွားလိုက်မယ်…’
သူရူးက ပြောပြောဆိုဆိုပဲ နေရာကနေ လှမ်းထွက်သွားတယ်။ ဦးမောင်းကတော့ သူရူးကို အပြည့်အဝမယုံကြည်ရဲတာမို့ တဲဆီမှာပဲ ကျန်ရစ်ရင်း တောဆီကနေ ပြန်ဖို့ကို ပစ္စည်းတွေ ကပြာကသီလိုက်သိမ်းနေပါတော့တယ်။
******
သူတော်တစ်ယောက် အကြောက်လွန်နေတဲ့ လူကြီးညွှန်ပြရာ လျှိုထဲဆီကို ဆင်းဖို့လုပ်လိုက်တယ်။
တကယ်တော့ သူတော် ဒီတောထဲကို ရောက်နေရတဲ့ အကြောင်းက ဘိုးသိကြားက လူယောက်ျားနဲ့ သံဝါသပြုကာ ထုံကူးမယ့် ကဝေမကြီးတစ်ယောက်ကို ဆုံးမစေဖို့ စေလိုက်တာကြောင့်ပဲ။
အခုနက အကြောက်လွန်နေတဲ့သူရဲ့ ပြောပုံအရတော့ ကဝေမကြီးဟာ သူ့အတွက် သားကောင်အဖြစ် မောင်ဖိုးစည်ဆိုတဲ့ ကောင်ကလေးကို ဖမ်းဆီးမိထားလိုက်လေပြီ။
‘ သူတော်…’
နားထဲ ပဲ့တင်လာတဲ့ ခေါ်သံကြောင့် သူတော်ရဲ့ ခြေလှမ်းတွေက တန့်ခနဲဖြစ်သွားရတယ်။
‘ ဘိုးသိကြား…ဟီး…ဟီး…သူတော်အခုပဲ သွားနေတာ ရောက်တော့မယ်…’
‘ နင် နောက်ကျတော့မယ် မြန်မြန်သွား။ ဟိုကဝေမကြီးက သုံးကြိမ်မြောက် သံဝါသပြုပြီးရင် သူ့ရဲ့ ကဝေထုံကူးမှုကိစ္စပြီးပြီ။ အဲ့ဒီ့အခါကျ လက်ငင်းကိုပဲ လူ့အသက်တစ်ချောင်းဆုံးပါးမှာဖြစ်သလို နောက်များမှာလည်း လူ့အသက်တွေ ထပ်ပြီး ဆုံးပါးရလိမ့်မယ်…’
‘ ဟုတ်ကဲ့ ဘိုးသိကြား…’
‘ နင် စိတ်လိုက်မာန်ပါလည်း လျှောက်လုပ်မနေနဲ့ဦး။ နင့်ဆီက ကျောက်စိမ်းကဝေနဲ့ပဲ ဒီကိစ္စကို ဖြေရှင်းခိုင်းချေ။ ကြားလား…’
ဘိုးသိကြားလို့ သူတော်သုံးနှုန်းတတ်သူ ဘိုးဇာတိက အရင်လို သူတော်တစ်ယောက် စိတ်လိုက်မာန်ပါ သတ်ဖြတ်မှာတွေကို ဖြစ်မလာစေဖို့အတွက် သတိပေးစကားဆိုတယ်။
‘ စိတ်ချပါ ဘိုးသိကြားရယ်။ သူတော် ကိုယ့်ဘာသာ ထိန်းကျောင်းတတ်နေပါပြီ…’
‘ ပြောလိုက်ရင် ဒီလိုပဲ…’
ဘိုးသိကြားအသံပျောက်သွားတယ်။ သူတော်လည်း လျှိုထဲကို ဆက်ဆင်းခဲ့ပြီး လှမ်းလာတော့ တဲကလေးကို လှမ်းတွေ့ရလေပြီ။ တဲကလေးဟာ သူတော်ရဲ့ အမြင်မှာ လှုပ်လှုပ်ခတ်ခတ်ဖြစ်နေတာကို တွေ့မိလိုက်တယ်။
‘ ဟင်း…ငါ အထဲဝင်သွားလို့ မဖြစ်ဘူး။ အပြင်ကနေပဲ လှမ်းခေါ်ထုတ်မှဖြစ်မယ်…’
သူတော်က ပြောပြောဆိုဆိုပဲ အနီးက ခဲလုံးတွေကို ကောက်လိုက်ပြီး တဲဆီကို လှမ်းလို့ ပစ်ပါတော့တယ်။
တဘုန်းဘုန်းခဲတွေကျနေတော့ တဲအတွင်းကနေ ထဘီရင်လျားထားတဲ့ မိန်းမပျိုတစ်ယောက် ဒေါသတကြီးထွက်လာတယ်။
‘ ဟဲ့…ဘယ်က သောက်ရူးကောင်လဲ။ ငါ့ တဲကို ခဲနဲ့ပေါက်နေတာ သေချင်နေတာလား…’
မိန်းမပျိုက ဒေါသတကြီးပြောပေမယ့် သူတော်ကတော့ တဟားဟားရယ်မောနေတယ်။
‘ ဟဲ့ ခွေးမသားလေး။ နင့်ကို ပြောနေတာ။ နင်မနာတတ်ဘူးလား…’
‘ အမလေးလေး မလုပ်ပါနဲ့။ အဘွားအိုကြီးက အသက်နဲ့ မလိုက်အောင် ငယ်ရွယ်နုပျိုနေလို့ သူတော်က အံ့သြပြီး ရယ်မိတာပါ။ အသက်နဲ့ လိုက်ဖက်အောင် မူလပြန်လိုက်ပါ။ အဲ့ဒါဆို သူတော်မရယ်တော့ဘူး…’
တစ်ဖက်က မိန်းမပျိုဟာ ရှူးရှူးရှားရှားဖြစ်သွားပြီး သူ့တစ်ကိုယ်လုံးကို လက်နဲ့သပ်ချလိုက်တော့ နဂိုမူလအသွင် အဘွားအိုကြီး ဖြစ်သွားလေတယ်။
‘ အဟီဟီ…ငါသူတော် နတ်သားလေးရဲ့ စကားကို နားထောင်သားပဲ။ ထပ်ပြီးတော့ ကလိရဦးမယ်…အဟီဟီ…’
သူရူးက သူ့ဘာသာ တစ်ယောက်ထဲ တီးတိုးရေရွတ်လိုက်ပြီး အဘွားအိုကြီးကို ကြည့်ကာ…။
‘ တဲထဲက လူသားလေးကိုပါ နင့်စက်တွေ ရုတ်ပြီး ပြန်လွှတ်ပေးလိုက်…’
‘ ဘာ…နင်က ဘာကောင်မို့လို့ ငါ့ကို အမိန့်လာပေးနေတာလဲ…’
‘ ငါသူတော်က နတ်သားလေးမို့ အမိန့်ပေးနေတာပေါ့…’
‘ အရူးက သက်သက်လာနှောက်ယှက်နေတာပဲ။ အမြန်ဆုံး ရှင်းပစ်တာကောင်းမယ်…’
အဘွားအိုကြီးက ရေရွတ်ပြီး သူတော့်ဆီကို တောင်ဝှေးနဲ့ လှမ်းပစ်လိုက်တယ်။ တောင်ဝှေးက လမ်းခုလတ်တင် မြွေနက်ကြီးတစ်ကောင်ဖြစ်သွားလေပြီး လွင့်ပျံလာတော့ သူရူးက လွယ်အိတ်ထဲက တစ်စုံတစ်ခုကို ထုတ်ယူကာ ပြန်ပစ်လိုက်တယ်။
ဒိအခါ ‘ ဂျိမ်း…’ ခနဲ အသံနဲ့အတူ ပတ်ဝန်းကျင်တစ်ခုလုံး စိမ်းဖန့်တဲ့ အလင်းရောင်တွေ ဖြာထွက်လင်းချင်းသွားလေပြီး လွင့်ပျံလာနေတဲ့ မြွေနက်ကြီးဟာ အပိုင်းပိုင်းပြတ်ထွက်သွားခဲ့သလို တစ်ဖက်က အဘွားအိုကြီးဟာလည်း တစ်စုံတစ်ယောက်က ခြေသိမ်းရိုက်ချလိုက်သလိုဖြစ်ကာ ဒူးတုပ်ရက်သား လဲကျလို့ သွေးပွက်ပွက် အန်ထွက်လာပါတယ်။
သူတော်က လက်ကို ဖြန့်ချလိုက်တယ်။ ဒီအခါ ဖြာထွက်နေတဲ့ အလင်းရောင်တွေက လက်ဖဝါးဆီမှာ လာရောက်စုဝေးပြီး ကျောက်စိမ်းအရုပ်ကလေး ဖြစ်သွားခဲ့ပါတယ်။
‘ ကျောက်စိမ်းအရုပ်လေးက စွမ်းသားပဲ…’
သူတော်က ပြောပြီးတာနဲ့ အရုပ်ကလေးကို လွယ်အိတ်ဆီ ပြန်ထည့်လိုက်တယ်။ နောက်တော့ တဲဆီကို လှမ်းသွားလိုက်ချိန် တဲအထဲက ကပိုကရိုနဲ့ လူငယ်တစ်ယောက် ပြေးထွက်လာပါတယ်။
‘ မောင်ဖိုးစည်ဆိုတာ သူပဲ နေလိမ့်မယ်…’
‘ နတ်မိမယ်…အို နတ်မိမယ်။ ကျုပ်ဆီက ထွက်မသွားပါနဲ့…’
မောင်ဖိုးစည်ဟာ နှုတ်ကနေ တစ်ဖွဖွဟစ်အော်ပြီး ကြောင်စီစီမျက်ဝန်းတွေနဲ့ ဟိုဒီပြေးလွှားရင်း ရှိနေရာက သူတော့်ကိုမြင်တော့ နတ်မိမယ်ဆိုပြီး ပြေးချလာတယ်။
သူတော်လည်း သူ့ဆီပြေးလာတဲ့ မောင်ဖိုးစည်ကြောင့် မျက်လုံးပြူးသွားရပြီး အိတ်ထဲက ချည်မန်းကွင်းလေးကို ထုတ်ပြီး အလျင်အမြန်စွပ်ချလိုက်ရပါတယ်။
ချည်မန်းကွင်းစွပ်မိသွားချိန်မှာတော့ မောင်ဖိုးစည်ဟာ ဟင်းခနဲ သက်ပြင်းချရင်း မူလအသိပြန်ဝင်လာခဲ့ပါတယ်။ သူ့နံဘေးက ဒူးထောက်ရက်သား ဖြစ်နေတဲ့ အဘွားအိုကြီးကို မြင်တော့ ရုတ်တရက် မောင်ဖိုးစည်ဟာ အံ့သြသွားရတယ်။ ပြီးတော့ သူတော်ကို ကြည့်ပြီး…။
‘ နတ်မိမယ်ကော…’
‘ နတ်မိမယ် မရှိဘူး။ သူ့ကိုလည်း နင် စိတ်ဝင်စားမနေနဲ့ မောင်လူသား။ ဟိုမယ် နင့်ဆရာကြီးက ပြန်တော့မှာမို့ အချိန်မီအောင် မြန်မြန်သွားချေ။ ငါသူတော်လေး နင့်ကို လိုက်ပို့ပေးမယ်…’
သူတော်က ပြောပြောဆိုဆိုပဲ မောင်ဖိုးစည်လက်ကို ဆွဲလို့ လျှိုအပေါ်ကို တက်ခဲ့လိုက်ပါတယ်။
အပေါ်ရောက်ပြီးတဲ့နောက်မှာတော့ တဲဆီကို ခပ်သုတ်သုတ် လှမ်းလာခဲ့တယ်။ ရောက်လုလုအချိန်မှာတော့ သူတော်ဟာ မောင်ဖိုးစည်ဆီကို အင်းတစ်ချပ်ပေးပြီး တဲကိုရောက်တာနဲ့ တန်းပြီး မျိုချဖို့မှာကာ တစ်ယောက်ထဲ ပြန်စေလိုက်ပါကာ ရပ်ကြည့်လို့ နေရစ်ရင်းက…။
‘ သူတို့ ဆရာတပည့်ချင်း ပြန်ဆုံရင်တော့ အချင်းချင်းပြောဆိုကြရင်း အကြောင်းစုံကို ဂဃနဏ နားလည်ကုန်ကြလိမ့်မယ်…’
လို့ ရေရွတ်လိုက်ပါတယ်။ ပြီးတော့ ကျောခိုင်းလိုက်ကာ သူ့အိတ်ထဲဆီက အုန်းလက်မြင်းကို ထုတ်ယူပြီး တက်ခွစီးလို့ ပြေးထွက်သွားပါတော့တယ်။
ပြီးပါပြီ။