လိုက်လာသူ(စ/ဆုံး)
——————
မသဒ္ဓါရေစာ စားရ၍လားမသိ ထမင်းကစား၍မြိန်လှသည်။ ဗူးသီးရေလုံပြုတ်ဟင်းကိုမှ ဗူးသီးချည်းချက်ထားသည်မဟုတ်ဘဲ ယမန့်နေ့ကကျန်နေသော ကြက်ပေါင်ခြောက်ကို ထည့်ချက်ထားသည်။ မတူးကလည်း
ကျုပ်နည်းတူ ထမင်းတစ်ပန်းကန်ပြီးတစ်ပန်းကန် ထည့်စားလေရာ ဆန်(၃)လုံးချက်သည် တက်တက်စင်အောင်ပြောင်နေတော့၏။
” အစ်ကို ထမင်းထည့်အုံးမလား….”
” အေး…ထမင်းကျန်သေးရင်ထည့်ကွာ….ငါ့မိန်းမလက်ရာ တယ်စားလို့ကောင်းပါ့….”
” ကျုပ်လက်ရာကောင်းတာမဟုတ်ဘူးတော့… ဟင်းကောင်းပါလို့ တော်စားလို့ကောင်းနေတာ….”
” မသိတော့ဘူးကွာ…စားလို့ကောင်းတာတော့အမှန်ဘဲမိန်းမရေ….”
ထမင်းစားသောက်ပြီးကျုပ်ကဝါးကုလားထိုင်လေးပေါ်မှာထိုင်ပြီး ထမင်းလုံးစီနေသည်။ ကျုပ်မိန်းမ မတူးကတော့ စားသောက်ပြီးသားပန်းကန်ခွက်ယောက်များ ဆေးကြောနေ၏။ ကျုပ်တို့နှစ်ယောက် အိမ်ထောင်သက်တမ်းကြာပြီဖြစ်သော်လည်း ကလေးမရသေးချေ။ ကျုပ်မိန်းမက ကလေးလိုချင်သော်လည်း စီးပွားရေးကအဆင်မပြေသည်မို့ မယူဘဲနေကြခြင်းပင်။
ကျုပ်ကရွာထဲမှအလုပ်ခေါ်လျှင် အိမ်သာကျွင်းတူးမကျန်အလုပ်လုပ်သူပင်။ ကျုပ်မိန်းမ မတူးကလည်း အလုပ်ရွေးသူမဟုတ်ချေ။ ကျုပ်တို့လင်မယားနှစ်ယောက် အလုပ်ကိုမရွေးသော်လည်း ငွေကြေးကကျုပ်တို့ကိုရွေးသည်။ ဘယ်ငွေကြေးမှကျုပ်တို့ဆီကြာကြာမနေချေ။ စီးသည့်ရေ ဆည်သည့်ကန်သင်း ဆိုသလို ကျုပ်မိန်းမ မတူးကလည်း ကျုပ်အပ်သမျှကို ချွေတာကာသုံးစွဲတတ်သော်လည်း ကျုပ်တို့လင်မယားမှာသုံးစွဲဖို့ရာ ငွေကြေးဖောဖောသီသီမရှိချေ။
ကျုပ်တို့လင်မယားနှစ်ယောက်လုံးကမိဘဆွေမျိုးမရှိသည့် တစ်ကောင်ကြွက်သမားပင်။ သို့ကြောင့် ကျုပ်တို့၌အားကိုးစရာမရှိ။ ကိုယ်လုပ်မှကိုယ်စားရသည်။ ကျုပ်မိန်းမ မတူးကသန္ဓေတားဆေးနဲ့မတည့်၍လားမသိ။ အလွန်ပင်ပိန်ညှောင်လွန်းလှ၏။ သို့ကြောင့် ကျုပ်မိန်းမ မတူးကို အသားဓာတ်ပါသည့်အစားအသောက်များ ကျွေးချင်သည်။ သို့သော်ဝယ်ကျွေးဖို့ရန် ငွေမရှိချေ။ သို့ကြောင့် မကြံကောင်းမစည်ရာသည့်အလုပ်ကို ကျုပ်ကြံစည်မိသည်။ ထိုအကြံအတိုင်း ရွာထဲရှိကြက်တစ်ကောင်ကို လူလစ်တုန်း လေးဂွစာကျွေးပြီးပုဆိုးဖြင့်ပတ်ကာ ယူလာခဲ့တော့သည်။ နှစ်ပိဿာခန့်ရှိမည့် ကြက်ဖကြီးကို ကျုပ်တို့လင်မယားနှစ်ယောက် သုံးလေးနပ်စားရသည်။
အိမ်၌မွေးထားသောကြက်ဖကြီးပျောက်သွားရာ အမေသည်ငိုကြီးချက်မနှင့်အဖေ့ကိုတိုင်ပြောတော့၏။ အမေသည် ထိုကြက်ဖကို သားအရင်းလို သဘောထားသူဖြစ်လေရာ ကြက်ဖကြီးပျောက်သွားသဖြင့် ရင်ထုမနာဖြစ်နေတော့သည်။
” အမလေးဟယ်….ဘယ်ကလေကဝခွေးကများ ငါ့သားကို ခိုးသွားတာလဲအေ….ငါ့သားကို ခိုးသွားတဲ့သူခိုးရေ…. နင်တို့တစ်မိသားစုလုံး ဝမ်းလျှောပါစေတော်….ငါ့သားကိုသတ်တဲ့အတွက် နင်တို့ခလေးတွေလည်း ပြန်ပြီးသတ်ခံရပါစေတော်… ”
အမေကထိုသို့ကျိန်စာတိုက်လေရာ အဖေကကြားဝင်ပြီးတားလိုက်ရ၏။
” ခင်ဆုံရယ်….ခိုးတဲ့လူကခိုးပြီးသွားပြီ…ဘာလို့ကျိန်ဆဲနေရတာလဲကွာ…ဝဇီဗေဒထိတိုင်းရှတဲ့…. နူတ်ကြမ်းရင် လာဘ်ပိတ်တတ်တယ်တဲ့ကွ….မင်းနှယ်ကလေးမဟုတ်သူငယ်မဟုတ်နဲ့…”
” အိုတော်…. ကျိန်ရမှာဘဲ ကျုပ်သားကိုမှခိုးစားရသလားတော်….ဒီသောက် သခိုးတွေ ငတ်…ငတ်လွန်းတယ်….ကျုပ်သားကိုသတိရတိုင်း ဒင်းတို့ကိုကျိန်ဆဲနေမှာ….သူများပစ္စည်းအချောင်လိုချင်တဲ့ဟာတွေ ဘာလုပ်လုပ်အဆင်မပြေပါစေနဲ့တော်….”
” တော်တော့လို့ ခင်ဆုံရဲ့….. ဘေးပတ်ဝန်းကျင်ကိုအားနာအုံးလေကွာ…”
” အိုဟယ်…..ကျုပ်က ကြက်သူခိုးကိုကျိန်နေတာလေတော်….သူတို့ကသူခိုးမဟုတ်ရင်ဘာနာစရာလိုလိုလဲ….”
” အဲဆိုမင်းသဘောကွာ ငါမပြောဘူးဟုတ်ပြီလား…..”
အဖေကထိုသို့ပြောပြီး ရှောင်ထွက်သွားတော့၏။ အမေကား အနောက်မှတတွတ်တွတ်ကျိန်နေဆဲပင်။
နွေရာသီအချိန်၌ရေနည်းသဖြင့် ရွာမြောက်ဘက်ရှိရေကန်ထိရေသွားခပ်ရ၏။ သောက်ရေသုံးရေအကုန်ထိုရေကန်၌သာခပ်ရသဖြင့် ရေမှာနှောက်ကျိနေ၏။ မတူးလည်းအိမ်၌ရေကုန်နေသဖြင့် ပုံးဝါကြီးကိုယူပြီးရေခပ်ဆင်းလာ၏။ အဝတ်လျှော်စရာများနေသဖြင့် အဝတ်လျှော်ရေချိုးနေရာ ညနေ(၆) နာရီကျော်မှပြီး၏။ ထိုအချိန်၌ ကန်တွင်လူစဲစပြုနေပြီ။ မတူးလည်းရေပုံးဝါကိုခေါင်းပေါ်မနိုင့်တနိူင်ရွက်ပြီး လက်တစ်ဖက်၌ လျှော်ပြီးသားအဝတ်များကို သယ်လာ၏။
” ကျွတ်… ကျွတ်….အသက်ရလာတော့ ခါးတွေလည်းနာပါ့အေ….ဟင်း….”
ရေပုံးကိုရွက်ကာထလိုက်ရင်း မတူးတစ်ယောက်ညည်းနေမိ၏။
” မဖြစ်ပါဘူး အသက်တွေကြီးလာရင် ကိုယ့်ကိုပြန်ကြည့်ဖို့ သားသမီးလေးတွေမွေးအုံးမှဘဲ….အရွယ်လွန်သွားရင် ကလေးယူလို့မရတော့ဘူး….”
သူ့ကိုယ်သူနှစ်သိမ့်သလိုပြောရင်း အိမ်သို့ပြန်လာခဲ့၏။
လကွယ်ညဖြစ်ရာ ပတ်ဝန်းကျင်တစ်ခွင်လုံးပိန်းပိတ်အောင်မှောင်နေ၏။ ပိုးပုရစ်အော်သံတို့က ဟိုမှသည်မှညံညံစီစီထွက်ပေါ်လာ၏။ နေ့လယ်နေ့ခင်းယာတောထဲအလုပ်ပင်ပင်ပန်းပန်းလုပ်ကြရလေရာ ညပိုင်း၌စောစီးစွာအိပ်ယာဝင်ကြသဖြင့်တစ်ရွာလုံးတိတ်ဆိတ်နေ၏။ ကျုပ်ကအိမ်အတွက်အသားဟင်းရဖို့ ရွာနဲ့ဝေးသည့်ချောင်းထဲမှ ဂဏန်း၊ပုဇွန်၊ဖား စသည်ကိုလိုက်ရှာနေရာ ည (၉) နာရီခန့်မှအိမ်ကိုပြန်ရောက်လာ၏။ ထိုအချိန်ထိ ကျုပ်မိန်းမ မတူးကမအိပ်ဘဲကျုပ်ကိုစောင့်နေဆဲပင်။
” ဘုတ်..ဘုတ်…ဘုတ်…”
” မတူး…မတူးရေ…ကျုပ်ပြန်လာပြီဟ…တံခါးဖွင့်အုံး… ”
ကျုပ်ကထရံတံခါးကိုထုပြီးခေါ်လိုက်ရာမတူးက အသံပြုပြီးတံခါးလာဖွင့်ပေး၏။
” အစ်ကို နောက်ကျလှချည်လား….ဟင်…ဒါနဲ့နောက်ဘေးဝင်သွားတာဘယ်သူလဲအစ်ကို…”
” ဟ…မတူး…ကျုပ်တစ်ယောက်ထဲပြန်လာတာလေ…ဘယ်ကလူရှိရမှာလဲကွ….”
မတူးက ကျုပ်အနောက်ကိုကျော်ကြည့်ပြီး ထိုသို့မေးလေရာ ကျုပ်လည်းကြောင်အမ်းအမ်းဖြစ်သွား၏။ ကျုပ်တစ်ယောက်ထဲဆိုသောကြောင့်မတူးလည်း ကျုပ်လက်ကိုအမြန်ဆွဲပြီး
” အစ်ကိုတစ်ယောက်ထဲဟုတ်လား….ဒါဆို အိမ်ထဲမြန်မြန်ဝင်တော်…”
ဆိုကာတံခါးကိုအမြန်ပြန်ပိတ်ပြီး ဂျက်ချထားလိုက်၏။
” အစ်ကို …အစ်ကို့နောက်မှာလူတစ်ယောက်ပါလာတာကျုပ်တွေ့တယ်တော့….”
” ကျုပ်ကတစ်ယောက်ထဲပြန်လာနေကြပါမတူးရ…ဘယ်ကလာလူပါလာရမှာလဲ….”
” ကျုပ်အဟုတ်ပြောတာတော်ရဲ့…ရှင့်ဆီက ညှီနံ့တွေရလို့ သရဲတွေလိုက်လာတာလားမှမသိတာတော်….”
” ပေါက်ကရကွာ… ကဲအိပ်တော့…ကျုပ်လည်းအဝတ်စိုတွေလဲဲပီး လာခဲ့မယ်ဟုတ်လား….”
ကျုပ်ကမတူးကြောက်စိတ်ဝင်နေမည်စိုးသဖြင့် ပါလာသောငါး၊ပုဇွန်၊ဖားတို့ကို မကင်ခိုင်းတော့ဘဲ ကျုပ်ကိုယ်တိုင် ဒန်အိုးတစ်လုံးထဲထည့်ပြီးဖုံးထားလိုက်ပြီးမှ အဝတ်စားလဲကာ အိပ်ယာဝင်ခဲ့လိုက်၏။
” အမေ…အမေ…”
ရေးတေးတေး ခေါ်သံကြားလိုက်သဖြင့် မတူးတစ်ယောက် နားစွင့်နေမိ၏။ တစ်ယောက်ယောက်က သူ့အမေကိုခေါ်နေသည့်အသံ။ သူမက သားသမီးမရှိသဖြင့် သူ့ကိုခေါ်နေခြင်းဖြစ်မည်မဟုတ်ဟုတွေးပြီး မြေပဲကိုသာဆက်ထုနေ၏။
” အမေ….အမေလို့….”
ထိုသို့ထပ်ခေါ်လေရာ မတူးက မြေပဲထုနေသည်ကိုရပ်ပြီး ဟိုဟိုသည်သည်ဝေ့ကြည့်ကာ
” ဘယ်သူလဲ… ဘယ်သူ့ခေါ်တာလဲ…”
ဆိုပြီးပြန်ပြောလိုက်၏။ ထိုအခါ အိမ်နောက်ရှိကုက္ကိုလ်ပင်အနောက်မှ အဝတ်ဗလာနှင့် လူတစ်ယောက်က ထွက်လာပြီး
” အမေ့ကိုခေါ်တာလေ…သား…အမေတို့နဲ့လာနေလို့ရမလား….”
မတူးကထိုအဝတ်ဗလာနဲ့လူကိုတအံ့တဩကြည့်ပြီး
” ဟင်…မင်း…မင်း..အစ်ကိုနဲ့အတူပါလာတဲ့သူဘဲ…နေစမ်းပါအုံး….မင်းကကျုပ်ကိုဘယ်လိုခေါ်လိုက်တာ…အမေဟုတ်လား…”
” ဟုတ်တယ်…ကျုပ်ကိုအဖေက ခေါ်လို့လိုက်ခဲ့တာ…အမေကျုပ်ကိုလက်ခံပါလား….”
” တော်ပါအေ ရှုပ်ရှုပ်ရှက်ရှက်တွေ…. မင်းဘယ်သူမှန်းလဲမသိဘဲနဲ့…သွားသွား… မျက်စိရှက်စရာကြီးအေ…”
မတူးက ထိုလူကိုကြည့်ပြီးမျက်နှာပြန်လွှဲကာ ထိုသို့ဆိုလေရာ ထိုလူမှာလှည့်ထွက်မသွားဘဲမတူးနားပို၍တိုးလာပြီး
” မရဘူး…မသွားဘူး…ကျုပ်အမေတို့နဲ့နေမှာ….”
” ဟာ…မခေါ်ဘူး…မခေါ်ဘူး…သွားသွား…. ”
” မသွားဘူး နေမှာ….အမေတို့နဲ့နေမှာ…”
ဆိုကာ မတူး၏ကိုယ်ပေါ်သို့ခုန်တက်လေ၏။ ထိုအဖြစ်ကြောင့် မတူးမှာကြောက်အားလန့်အားဖြင့်အော်တော့၏။
” အမလေး….အစ်ကိုရေ…ကယ်ပါအုံး… သွား… သွား…မခေါ်ဘူး….မခေါ်ဘူး….”
” မတူး….မတူး…ဘာတွေအော်နေတာလဲကွာ အလန့်တကြားနဲ့…”
မတူး၏အော်သံကြောင့်ကျုပ်လည်းနိူးသွား၏။ မတူးမှာကျုပ်ခေါ်နိူးလိုက်ရာ
ချွေးသီးချွေးပေါက်များဖြင့် အသက်ကိုပြင်းပြင်းရှူနေ၏။
” ကျုပ်….ကျုပ်အိပ်မက်ဆိုးတွေမက်လို့တော်ရေ….”
” ဟုတ်လား… ဘာတွေမက်လို့ ဒီလောက်ထိအော်နေရတာလဲပြောပါအုံး…”
ကျုပ်ကမေးလိုက်ရာမတူးလည်း သူ့အိပ်မက်ကိုအစအဆုံးပြန်ပြောပြ၏။
” မင်းစိတ်စွဲလို့မက်တာပါကွာ…ကဲကဲ ဘာမှတွေးမနေနဲ့ဟုတ်ပြီလား… အချိန်ရှိသေးတယ် ပြန်အိပ်အုံး….”
ကျုပ်ကမတူးကိုနှစ်သိမ့်ပြီးပြန်အိပ်ပျော်သွား၏။
နွေဦးပေါက်ပြီဖြစ်သဖြင့် ရွက်ဟောင်းတို့က ပင်အိုကိုစွန့်ပြီး မြေခသွားကြ၏။ မြင်လေရာတောင်အထပ်ထပ်၌ မြူခိုးများဆိုင်းလေရာ မည်သည့်အရာမှသဲကွဲစွာမမြင်ရချေ။
မတူးကပျင်းပျင်းရှိသည်နှင့် အိမ်ရှေ့တွင်ထိုင်ရင်း အဝေးကိုငေးကြည့်နေ၏။ သူ့စိတ်ထဲ၌အရင်ကမက်ခဲ့ဖူးသောအိပ်မက်အကြောင်းသာ ပြန်တွေးနေမိ၏။
” ခေါင်းတွေမူးဝေနေတာဘဲ….”
ထိုသို့ငေးရင်းဆွေးရင်း ခေါင်းတွေအုံလာပြီး နေထိုင်မကောင်းသလိုဖြစ်သွား၏။ ရင်ထဲ၌လည်းမအီမသာဖြစ်ကာ ပျို့ချင်သလိုဖြစ်နေ၏။
” အော့….”
ဖိနပ်ချွတ်နေရာ၌ပင် ရင်ဘတ်ကိုဖိပြီး အန်ချလိုက်၏။ သို့သော်အန်မရ။
” ဟယ်…ရင်တုန်နေသလို…မူးဝေနေသလိုနဲ့အေ….ဘယ်လိုကြီးဖြစ်တာလဲမသိ….”
မတူးတစ်ယောက်ညည်းနေမိ၏။ အားရသည်အထိအန်လိုက်ပြီးမှ အိမ်ထဲဝင်ပြီး မဟာဖြေဆေးထုပ်ရှာကာ ခပ်ခါးခါးဖျော်သောက်လိုက်၏။
မတူး ထိုသို့ခေါင်းမူးဝေပြီး အန်ချင်နေသည်မှာ သုံးလေးရက်ရှိနေပြီ။ မဟာဖြေဆေးသောက်လည်းသက်သာမလာချေ။ သို့ကြောင့် စိတ်ထဲဘဝင်မကျဖြစ်ပြီး ဒေါသလည်းထွက်လာသည်။
” စိတ်ကတိုလာပြီဟယ်….ဘာဆေးသောက်သောက်မပျောက်နေဘူး….ဘာဖြစ်နေတာလဲ….”
မတူးတစ်ယောက်စိတ်အလိုမကျမှုများဖြင့်မြည်တွန်တောက်တီးနေ၏။ ကျုပ်လည်း မတူးမြည်တွန်တောက်တီးလွန်းလှသဖြင့် နားတွေပူလှပြီ။
” မတူး….မိန်းမ…. မင်းတနေ့ကုန်ပြောနေတော့တာ….ဘာဖြစ်နေတာလဲကွာ….”
” တော်မသိပါဘူးအေ….ကျုပ်အလိုလိုနေရင်းဒေါသတွေထွက်နေတာ….လူကလဲမူးဝေပြီး ပျို့ဘဲပျို့ချင်နေတာအေ….ဒီရက်ပိုင်းဘာဖြစ်မှန်းကိုမသိဘူး….”
” မတူး….မင်းအမျိုးသမီးရောဂါ ပုံမှန်ဖြစ်ရဲ့လားကွ….”
” ဘာလဲအမျိုးသမီးရောဂါက…”
” မင်းနှယ်ကွာ ဝေးလိုက်တာလွန်ရော….ဟိုဟာလေ…မင်းတို့တစ်လတစ်ခါဖြစ်နေတဲ့ဟာကိုပြောတာ… ”
” ဪ…သိပြီ…အင်း…ကျုပ်ဒီလထဲ မတွေ့သေးဘူးအစ်ကိုရဲ့…အဲဒါဘာဖြစ်လို့လဲဟင်….”
” မတူးရာ မင်းနှယ် တကယ်အ တာဘဲကွာ….ငါကြားဖူးတာက လင်ရှိမိန်းမတွေအဲဒါမတွေ့တော့ရင် ကိုယ်ဝန်ရတာတဲ့ကွ…သေချာတော့ငါလည်းမသိဘူး…..”
ကျုပ်စကားကြောင့်မတူး၏မျက်ဝန်းအစုံမှာ ဝိုင်းစက်ပြူးကျယ်သွား၏။
” အမလေး…. မဟုတ်ပါစေနဲ့လို့ဘဲ ကျုပ်ကဆုတောင်းပါတယ်အစ်ကိုရယ်….”
” ဟ….ဘယ်လိုကြီးလဲမတူးရ…မင်းကလေးအမေဖြစ်လာမှာလေ….မင်းဘဲ သားသမီးတစ်ယောက်ဖြစ်ဖြစ်ရရင်လိုချင်တယ်ဆိုကွ… ”
” လိုတော့လိုချင်တာပေါ့….ဒါပေမဲ့ ကျုပ်ဟိုနေ့ညက မက်တဲ့အိပ်မက်ထဲက သရဲကြီးဖြစ်နေရင် ဘယ်လိုလုပ်မလဲဟဲ့….”
မတူးထိုသို့ပြောမှ ကျုပ်လည်း မတူး၏အိပ်မက်ကိုသွားသတိရမိ၏။
” ဟူး……”
” ဟင်း…..”
လင်မယားနှစ်ယောက်လုံး ဘာမှဆက်မပြောဖြစ်ဘဲ သက််ပြင်းသာကိုယ်စီချကြ၏။ ကျုပ်ထင်သည့်အတိုင်းပင် မတူးမှာကိုယ်ဝန်စွဲကပ်နေခြင်းပင်။
” အစ်ကို….. ကျုပ်ငါးဟင်းစားချင်တယ်တော်….”
ကျုပ်ထင်းပေါက်နေစဥ်မတူးကထိုသို့ဆိုလာ၏။
” မတူးရယ်….ဒီရာသီကြီး ဘယ်ကငါး ရှိရမှာလဲမတူးရယ်….စျေးသွားဝယ်ရင်တော့ရနိူင်ပါရဲ့ ကျုပ်တို့မှာငွေပိုငွေလျှံမရှိဘူးလေကွာ….”
” အစ်ကို ဟိုးဘက်ဒွေးချောင်းထဲငါးသွားရှာလေ ….သူများမလာရဲတဲ့ ဒွေးပင်ခြေရင်းကချောင်းအကွေ့မှာ ငါးတအားပွက်တာအစ်ကိုရဲ့…..”
မတူးစကားကြောင့် ကျုပ်မျက်လုံးပြူးသွား၏။ မပြူးဘဲရှိရိုးလား။ မတူးပြောသည့်ဒွေးချောင်းသည် ငါးဖမ်းသမားတို့ခြေရာချင်းထပ်သည့်နေရာ။ ထိုဒွေးပင်ကွေ့ဆိုသည့်နေရာကိုမူ မျက်စိလည်လို့ပင် ဘယ်သူမှမသွားဖူးချေ။ အခြောက်အလှန့်ကြမ်းသည်ဆိုသည့်နေရာ။ လူစားသည်ဟုနာမည်ကြီးသည့်နေရာပင်။
” မင်းကျုပ်ကိုသေစေချင်လို့လားမတူးရ….အဲနေရာဒီလောက်ကြမ်းတာမင်းမသိတာလဲမဟုတ်ဘူး….”
” ရှင်စိတ်ချလက်ချသာသွား….ငါးတွေအများကြီးရလာလိမ့်မယ်တော့….”
” မင်းဟာတိကျလှချည်လား….အဲနေရာငါးရှိတယ်လို့ မင်းကိုဘယ်သူပြောလဲကွ….”
” ကျုပ်စိတ်ထဲအလိုလိုသိနေတယ်…..တော်စကားမများနဲ့ ကျုပ်ဒီနေ့ငါးမှမစားရရင်သေသွားမလားဘဲတော့…..”
မတူးကထိုသို့ပြောရာကျုပ်လည်းသနားစိတ်ဝင်သွား၏။ ကိုယ်ဝန်ဆောင်မိန်းမတို့ချဥ်ချင်းတက်လျှင် မကျွေးဘဲထားမိပါက ကိုယ့်ကိုယ်တစ်သက်လုံးမကျေနပ်တတ်ဟုကြားဖူးလေရာ ကျုပ်လည်းမတူးပြောသည့်အတိုင်းသွားကြည့်ရန်ဆုံးဖြတ်လိုက်၏။
” အေးပါကွာ…. မင်းစားချင်တာငါရအောင်ရှာပေးပါ့မယ်မိန်းမရာ….”
ကျုပ်ကငါးထိုးသည့်မှိန်းနှင့်လွယ်ပလိုင်းယူပြီး ဒွေးပင်ချောင်းသို့လာခဲ့၏။ ထုံးစံအတိုင်းပင် ချောင်း၌ ငါးဖမ်းသူတို့ဖြင့်စည်နေ၏။ ကျုပ်ကထိုလူတို့ကိုနူတ်ဆက်ပြီး အောက်ကိုစုန်ဆင်းကာ ဒွေးပင်ကွေ့ရှိရာသို့လာခဲ့၏။ နေ့ခင်းကြောင်တောင်ပင်ရှိသော်ငြားထိုနေရာသည် ချောက်ခြားစရာကောင်းလှ၏။ ကျုပ်လည်းမိန်းမမျက်နှာကိုမြင်ယောင်ပြီး ကြောက်စိတ်များဖျောက်ကာ ဒွေးပင်ကွေ့ချောင်းထဲသို့ဆင်းလာခဲ့၏။ ချောင်းဘေးရှိ သဖန်းပင်ပေါ်မှသဖန်းသီးမှည့်တို့ကရေထဲသို့တဖြုတ်ဖြုတ်ကြွေကျနေ၏။
” ပလုံ….ပလုံ….”
” ဗြုတ်….”
” ဗြုတ်….”
ကျုပ်လည်းထိုအသံကြောင့်နောက်ကြောမလုံသလိုဖြစ်နေ၏။ ကြောက်စိတ်ကကြီးစိုးနေရာ ငါးဖမ်းသည့်နေရာကိုအာရုံမရဖြစ်နေ၏။ စိတ်ကိုအတတ်နိူင်ဆုံးစုစည်းလိုက်ပြီး ငါးရှာနေမိ၏။ ခဏ၌ငါးခပ်ကြီးကြီးတစ်ကောင်ကကျုပ်အရိပ်အောက်ကိုကူးလာ၏။
” ဟန်ကျတာဘဲကွ….လာထား….”
ကျုပ်လည်းမှိန်းကိုအသင့်ချိန်ပြီးငါးကိုထိုးဖမ်းလိုက်၏။ ထိုနေ့၌ ကျုပ်ငါး(၂)ပိဿာခန့်ရလိုက်၏။ ငါးရှားသည့်ဒေသဖြစ်ရာ ငါး(၂)ပိဿာရဖို့ကလွယ်သည်ကိစ္စမဟုတ်ချေ။
မတူးကိုယ်ဝန်ရှိပြီးနောက် သူပြောသောစကားလိုလိုမှန်နေတတ်သည်။
အသားဟင်းစားချင်လျှင် သူပြောသည့်နေရာ၌ ထောင်ချောက်ဆင်ထားလိုက်လျှင်သားကောင်သေချာပေါက်မိသည်။
” အစ်ကို ကျုပ်တို့ကလေးလည်း မကြာခင်လူ့လောကထဲရောက်လာတော့မှာနော်….”
” အင်းလေ အဲဒါဘာဖြစ်လို့လဲ မတူးရ…”
” တော်ကြာ ကလေးကကျုပ်တို့နဲ့မတူဘဲ သရဲကြီးမွေးလာရင်ဘယ်လိုလုပ်မလဲရှင့်…..”
” ပေါက်ကရကွာ….လူကသရဲမွေးမလားကွ….မင်းနှယ် တကယ်ပေါက်ကရတွေတွေးနေတာဘဲ….”
” ကျုပ်စိတ်ထဲဒီကလေးကတစ်ခုခုထူးဆန်းနေသလိုဘဲအစ်ကိုရဲ့….ကျုပ်စားချင်တဲ့ဟာတွေဆို ကျုပ်ပြောတဲ့နေရာသွားရှာရင်တွေ့တာဘဲလေ….”
” တိုက်ဆိုင်သွားတာပါကွာ….ပေါက်ကရသုံးဆယ်တွေ တွေးမနေနဲ့ဟုတ်လား….မွေးခါနီးဖွားခါနီးဆိုတော့ အတွေးများရင်မကောင်းဘူး….”
ညကြီးသန်းခေါင်၌ မတူးတရေးနိူးလာသည်။ ထရံအိမ်ကလေးဖြစ်သဖြင့် လေများကထရံပေါက်မှတိုးဝင်လာနေကြသဖြင့် လူကချမ်းစိမ့်စိမ့်ဖြစ်လာသည်။
” ဂျစ်…. ဂျစ်….”
” ဂျစ်…ဂျစ် .. ဂျစ်… ”
ခေါင်းရင်းဘက်၌ထရံကိုကုတ်ခြစ်နေသည့်အသံကြားရသဖြင့် မတူးတစ်ယောက်နားစွင့်နေမိသည်။
” သူမွေးတော့မှာကွ….လူဖြစ်သွားတော့ကျုပ်တို့ကိုမေ့သွားမလားနော်….”
” မမေ့လောက်ပါဘူးကွာ….”
တစ်ယောက်နှင့်တစ်ယောက် တီးတိုးပြောနေသည့်အသံများ။ ထိုပီပီသသ အသံတို့ကြောင့်မတူးခေါင်းမွေးများထောင်သွားရသည်။
” အစ်ကို….အစ်ကိုရေ…”
ေကြာက်နေသည်မို့ ယောကျာ်းကိုနိူးလိုက်သည်။
” ဟာ…ဘာလဲမတူးရာ….ညကြီးသန်းခေါင်….”
” ကျုပ်….ကျုပ်အသံတွေကြားလို့အစ်ကိုရဲ့….”
” ဘာသံလဲမတူးရ….မင်းကွာ ပေါက်ကရတွေတွေးနေတော့ မင်းစိတ်ကမင်းကိုပြန်ခြောက်တာနေမှာပေါ့ကွာ….”
” မဟုတ်ဘူး အစ်ကိုရ….အိမ်ထရံကုတ်ခြစ်နေတဲ့အသံတွေလည်းကြားရတယ်…သူတို့ အချင်းချင်းပြောနေတာရောဘဲ….”
” မင်းစိတ်ထင်တာနေမှာပါကွာ…မွေးခါနီးဖွားခါနီးဆိုတော့ မင်းစိတ်တွေကယောင်ချောက်ချားဖြစ်နေတာပါ…ဘာမှမရှိဘူးဟုတ်ပြီလား…ပြန်အိပ်တော့….”
ကျုပ်ကမတူးကို နှစ်သိမ့်ပြီးပြန်အိပ်ပျော်သွား၏။
စနေနေ့မနက်ခင်းကြီး။ မတူးကဗိုက်နာသည်ဆိုကာအော်ဟစ်နေ၏။
” ကျုပ်မွေးတော့မယ်ထင်တယ်အစ်ကိုရေ….အား…ကျွတ် ကျွတ်…. ”
” ဟုတ်မယ်မတူး….နေအုံးကျုပ်ရွာထဲက လက်သည်မလုံးပုကိုသွားခေါ်လိုက်မယ်….”
မတူးကခေါင်းသာငြိမ့်ပြ၏။ ကျုပ်လည်းမတူးကိုစိတ်ပူပြီး အရပ်လက််သည်ခေါ်ဖို့ထွက်သွား၏။
ဗိုက်ကနာလှသဖြင့် မတူးမှာအော်ဟစ်နေရ၏။ အရပ်လက်သည်လည်းရောက်မလာသေးချေ။ အရေးထဲခြံမှစကားပြောသံကကြားရသေးသည်။
” သူမွေးတော့မှာကွ…. ဘယ်လိုလေးဖြစ်မလဲငါတွေ့ချင်နေပြီ….”
” ငါတော့သွေးညှီနံ့တွေဘဲရနေတယ်…ငါသူ့အချင်းတွေစားချင်တယ်ကွာ….”
” မင်းစားလို့မရဘူးကွ….သူကငါတို့နဲ့အတူတူဘဲ…မင်းသူ့အချင်းကိုစားလို့မရဘူး…”
ပီပီသသကြီးကြားလိုက်ရသောစကားကြောင့်မတူးမှာခေါင်းနပန်းကြီးသွားရ၏။ ထိုခဏ၌ ယောကျာ်းဖြစ်သူနဲ့အတူ အရပ်လက်သည်တို့ရောက်လာ၏။ အော်ဟစ်ညည်းညူသံတို့ကြားရပြီးနောက် ကလေးငိုသံထွက်လာ၏။ အရပ်လက်သည်ကြီး၏ အသံလည်းတဆက်တည်းထွက်လာ၏။
” ညည်းတို့ကံကောင်းတာဘဲအေ…ယောကျာ်းလေးမွေးတာဟဲ့….”
” အချင်း….ကလေးအချင်း….”
မတူးကထိုသို့အော်ရာ လက်သည်ကြီးမှာ မျက်လုံးပြူးသွားပြီး
” ကလေးအချင်းလည်းထွက်ပြီအေ့…ဘာဖြစ်လို့လဲမတူးရ…”
” ကလေးအချင်းကိုသူတို့စားကြမှာ….”
” ပေါက်ကရတွေဟယ်…နင့်ကလေးအချင်း ဘယ်သူကစားမှာလဲအေ….”
” မဟုတ်ဘူး…. ခြံထဲမှာသူတို့ရှိတယ်….သူတို့စားမှာ….”
မတူး၏စကားကြောင့်လက်သည်ကြီးမှာ သွေးလေချောက်ချားသည်ထင်ပြီး
” ဒုက္ခပါဘဲအေ…ထွန်းအောင်…ဟဲ့ထွန်းအောင်…မင်းမိန်းမကိုလာနှစ်သိမ့်ပါအုံးအေ….”
ဟုဆိုလာ၏။
ကလေးငယ်၏အသားအရေမှာမည်းကြုတ်နေ၏။ နူတ်ခမ်းလည်းထူအမ်းပြီး အလွန်ရုပ်ဆိုးလေ၏။ ထိုကြောင့်ကလေး၏အမည်ကိုဖိုးမဲဟူ၍ပေးကြ၏။ မတူးမှာထိုကလေးကိုကြည့်ပြီး အိပ်မက်ကိုပြန်သတိရနေမိ၏။ ဆော့ကစားတတ်သည့်အရွယ်၌လည်း တခြားကလေးများက ဖိုးမဲလေးနှင့်မကစားချင်ကြချေ။ ထို့ကြောင့်ဖိုးမဲမှာ ခြံထဲ၌နေပြီးတစ်ယောက်ထဲဆော့ကစားနေတတ်၏။
” အမေ….အမေရေ..”
” သားလေး…အမေဒီမှာရှိတယ်လေ….”
” အမေ…သားသူငယ်ချင်းတွေက ဗိုက်ဆာလို့တဲ့ သူတို့ကို သားထမင်းကျွေးလို့ရလား….”
သားဖြစ်သူစကားကြောင်မတူးမှာကြောင်အမ်းအမ်းဖြစ်သွား၏။
” ဘယ်မှာလဲသားသူငယ်ချင်းတွေ….”
” ခြံထဲမှာလေအမေရဲ့…”
” သား နေကောင်းရဲ့လားကွယ်….”
” သားနေကောင်းပါတယ်အမေရဲ့…သားသူတို့နဲ့ဆော့ရတာပျော်တယ်…”
” ဘယ်သူတွေနဲ့လဲသား….”
” သူတို့ကသားတို့လိုလူတွေမဟုတ်ဘူးအမေရ… ”
” လာသား….အိမ်ထဲမှာနေကြမယ်….”
မတူးကသားဖြစ်သူ၏လက်ကိုဆွဲပြီး
အိမ်ထဲသို့ခေါ်သွင်းလေ၏။
နောက်တစ်နေ့၌သားဖြစ်သူကိုဘုန်းကြီးကျောင်းသို့ခေါ်သွားပြီး ပရိတ်ကြိုးလုပ်ပေးလိုက်၏။
ကျုပ်လည်းသားလေးမွေးပြီးမှ မုဆိုးအလုပ်ကိုလုပ်ရတော့၏။ သားပြောသည့်နေရာ၌သွားပြီးသားကောင်ပစ်ကာ မုဆိုးအလုပ်ကိုလုပ်နေ၏။ သည်အလုပ်ဖြင့် မိသားစုဝမ်းရေးကိုဖြေရှင်းနေရ၏။ တစ်နေ့ကျုပ်တောမှပြန်အလာ သားငယ်သည် မတူးကိုဂျီကျနေ၏။ ကျုပ်ကချော့မော့သော်လည်းအငိုမတိတ်ချေ။
” ဘာဖြစ်တာလဲ သားရယ်…အဖေ့ကိုပြော…”
” သားရဲ့သူငယ်ချင်းတွေက စိတ်ဆိုးနေကြတယ်….သားနဲ့အတူမဆော့ရတော့လို့တဲ့….”
” ဒါများ ငိုစရာလားသားရယ်….”
” သူတို့က သားရဲ့လည်ပင်းက ကြိုးကိုကြောက်ကြတယ်….သူတို့ကို ထိရင် အရမ်အော်ကြတာ….သားကိုအဲဒါမဝတ်ဖို့ပြောကြတယ်…သားကိုအဲဒါကြီးဖြုတ်ပေး….”
ဖိုးမဲပြောသည်မှာလည်ပင်းကပရိတ်ကြိုးကိုဆိုခြင်းပင်။ ထိုကိစ္စကြောင့်ကျုပ်တို့လင်မယားနှစ်ယောက် စိတ်ရှုပ်ကြရသည်။ သားငယ်သည် ပရလောကသားတွေနဲ့ သူငယ်ချင်းဖြစ်နေခြင်ပေလော။
တနေ့ကျုပ်တို့လင်မယားနှစ်ယောက် သားငယ်ကိုသင်္ကန်းစီးပေးရန်တိုင်ပင်ကြသည်။ ထိုအချိန် ဆော့ကစားနေသော သားငယ်သည် ဒေါသတကြီးဖြင့် ကျုပ်တို့ဘေး၌လာထိုင်၏။
” အမေနဲ့အဖေ….သားကိုသင်္ကန်းစီးပေးဖို့တိုင်ပင်နေကြတာမလား….”
” ဟုတ်တယ်လေသားရဲ့….သားကဘာဖြစ်လို့လဲ….”
” သားသင်္ကန်းမစည်းချင်ဘူးအမေ…”
” ဟော…ဘာဖြစ်လို့လဲ သားရဲ့….”
” သားသူငယ်ချင်းတွေနဲ့ မခွဲချင်ဘူးဗျာ….”
” သား….သူငယ်ချင်းတွေကဘယ်သူတွေလဲဟင်….”
” အမေတို့မသိပါဘူးဗျာ…သားပြောထားမယ်….သားကိုသင်္ကန်းအတင်းစည်းပေးရင် သားအမေတို့နဲ့တသက်လုံးမနေတော့ဘူးဗျာ….”
ကျုပ်တို့လင်မယားနှစ်ယောက်လည်းသားငယ်၏စကားကြောင့် ဝမ်းနည်းသွားရ၏။
မတူးမရှိတုန်းသားငယ်ကိုကျုပ်ေခါ်ပြီးမေးကြည့်သည်။
” သား …သားသူငယ်ချင်းတွေက သရဲတွေလား….”
” ဟုတ်တယ် အဖေ….အဖေဘယ်လိုသိတာလဲ….”
” သိတာပေါ့ကွာ…. ဒါနဲ့သားကဘာလို့သူတို့ကိုတွေ့နေရတာလဲကွ….”
” သားလည်းအရင်ဘဝကသရဲလေအဖေရ…သားကဒွေးပင်ချောင်းကနေ အဖေ့နောက်လိုက်လာခဲ့တာလေ….အဲတုန်းက အမေကသားကိုကြည့်နေသေးတာဗျ….”
ဖိုးမဲ၏စကားကြောာင့်ကျုပ်မှာလွန်ခဲ့သည့် (၁၀) နှစ်ကညတစ်ညကိုပြန်လည်သတိရသွား၏။
” ဟုတ်လားသား….”
” ဟုတ်တယ် အဖေ….သားပြောထားမယ်…သားကိုသင်္ကန်းစည်းပေးတာနဲ့ သားအဖေတို့ဆီကနေထွက်သွားမှာ…အဖေအရင်တုန်းက သူများကြက်ခိုးစားဖူးတယ်မလား….အဲဒါကြက်ပိုင်ရှင်က ကျိန်စာတိုက်ထားတယ်….သားသူငယ်ချင်းတွေပြောတာ အဲကျိန်စာကသာကိုထိမှာတဲ့….”
သား၏စကားကြောင့်ကျုပ်မှာ မှားခဲ့ဖူးသည့်အမှားကိုပြန်လည်ပြင်ဆင်ခွင့်ရချင်နေမိတော့သည်။
ကျုပ်မိန်းမ မတူးလည်း သားငယ်ကိုချစ်သည့်ဇောဖြင့် သင်္ကန်းကိုရအောင်စည်းပေးလိုက်၏။ ထိုအချိန်မှစ၍ ကျုပ်တို့ရင်၌ဖြစ်သော သားငယ်မှာ နေထိုင်မကောင်းဖြစ်ပြီး ကျုပ်တို့ရင်ခွင်ကိုအပြီးတိုင်စွန့်ခွာသွားတော့၏။ ကျုပ်တို့လင်မယားသာ သားငယ်၏စကားကိုနားထောင်ပြီး သင်္ကန်းမစည်းပေးခဲ့မိလျှင် သားငယ်သည် ကျုပ်တို့ရင်ခွင်၌ ရှိနေအုံးမည်သာ။…..။
# ပြီး
# ခွန်း