လူခြောက်မွေးတဲ့လင်မယား

Posted on
စာရေးသူ-အောင်ဓူဝံ
[လူခြောက်မွေးတဲ့လင်မယား]စဆုံး ~~~~~~~~~~~~~~~~~~~~
“အား,နာလိုက်တာ ကိုဘခင်ရယ်”
“ညှစ်ထားစိန်ပု ညှစ်ထားမွေးခါနီးပြီ”
အခန်းထဲမှလက်သည်ဒေါ်ဆုံနှင့် ဇနီးဖြစ်သူမစိန်ပု၏အော်သံကြောင့် ကိုဘခင်တစ်ယောက်အပြင်မှာ ပြာယာခတ်နေမိသည်။ တတ်သလောက်မှတ်သလောက် ဘုရားစာများရွတ်ကာဇနီးသည် အဆင်ပြေပြေမွေးဖွားနိုင်ဖို့ဆုတောင်း နေရသည်။
“မွေးပြီဟေ့ မွေးပြီ “
“ဟင်,,,,”
လက်သည်ဒေါ်ဆုံတစ်ယောက် မစိန်ပုမွေးသည့်ကလေးကိုကြည့်ကာ အံ့သြနေမိသည်။
“ဒေါ်ဆုံကျုပ်မိန်းမမွေးပြီလား ဘာလေးမွေးလဲဗျ”
“သြော်,အေး မွေးပြီဟဲ့ ငါအပြင်ရောက်ရင်ပြောပြမယ်ဘခင်”
“ဟုတ်ကဲ့ ဒါနဲ့မစိန်ပုရော နေကောင်းရဲ့လား”
“မင်းမိန်းမပင်ပန်းလို့ခဏမှိန်းနေတယ် အပြင်မှာနေနှင့်ဦးငါလုပ်စရာရှိတာ လုပ်ပြီးရင်ထွက်လာခဲ့မယ်ဘခင်”
“ဟုတ်ကဲ့”
လက်သည်ဒေါ်ဆုံလည်းအခန်းထဲ၌ ရှင်းလင်းစရာများရှင်းလင်းပြီးမှ အပြင်သို့ထွက်လာသည်။
“ဟာဒေါ်ဆုံထွက်လာပြီလားဗျ ကြာလိုက်တာဗျာစောင့်ရတာမောပေါ့”
“ဘခင်ငါမင်းကိုပြောစရာရှိတယ်”
“ဟုတ်ပြောလေ ဒေါ်ဆုံရဲ့ပြောပါ”
“အေးဒီလိုကွဲ့ မင်းမိန်းမမွေးတဲ့ ကလေးကသာမာန်ကလေးမဟုတ်ဘူး လူခြောက်လေးပဲကွဲ့ “
“ဗျာ…..”
“ဟုတ်တယ်မင်းတို့သားဦးလေးဟာ သာမာန်ကလေးမျိုးမဟုတ်ပဲ လူခြောက်လေးမွေးတဲ့အတွက် ငါလည်းစိတ်မကောင်းပါဘူးကွယ်။ ဒါပေမယ့်လူခြောက်လေးမွေးလို့ မင်းတို့လင်မယားစိတ်မညစ်သွားကြနဲ့ ကံအကျိုးပေးမလှရုပ်နဲ့နာမ်နဲ့ခွဲနေရ ပေမယ့်သူလည်းတခြားကလေးတွေလို အသက်ရှင်နိုင်စွမ်းရှိတယ်ဘခင်ရဲ့။ ပြီးတော့လူခြောက်ဆိုတာမျိုးက သူ့ကိုမွေးဖွားပေးတဲ့မိခင်အပေါ်ကို အင်မတန်မှသိတတ်လိမ္မာတဲ့ကလေးမျိုး အချိန်တန်အရွယ်ရောက်တဲ့အခါ သူ့မိဘကိုဥစ္စာပစ္စည်းတွေရှာဖွေပြီး ပေးတတ်တယ်ဘခင်ရဲ့။ လူခြောက်ဆိုပေမယ့်အထင်မသေးနဲ့ သူများမသိတဲ့ဟာသူသိတယ် အဲဒါကြောင့်မင်းတို့တွေကြီးပွားချမ်းသာ လာလိမ့်မယ်လို့ငါယုံကြည်တယ်ဘခင်။ ဒါကြောင့်မင်းတို့၂ယောက် ဒီကလေးကိုလူသားတစ်ယောက်ကို လုပ်ပေးသလိုသူ့ကိုအစစအရာရာ ဂရုတစိုက်နဲ့လုပ်ပေးရလိမ့်မယ်။ နို့တိုက်ချိန်တန်ရင်တိုက်၊အစာကျွေးချိန်ကြရင်ကျွေးရသလို အဝတ်အစားကိုလည်းအရွယ်နဲ့လိုက် အောင်ဆင်ပေးရတယ်ဘခင်ရဲ့။ တစ်ခုတော့ရှိတယ်ဘခင်”
“ဘာများလဲဒေါ်ဆုံ”
“ဒီလူခြောက်လေးကိုသူများလက်ထဲ မရောက်အောင်၊မထိခိုက်အောင် စောင့်ရှောက်ပေးရလိမ့်မယ်။ ကျီးတွေကြောင်တွေကြွက်တွေ ပုရွက်ဆိပ်တွေမကိုက်ပေ့စေနဲ့သိလား တခြားကလေးတွေကိုလည်း အကိုင်မခံမိစေနဲ့ လူခြောက်လေးက လှုပ်ရှားနိုင်စွမ်းမရှိပေမယ့် ဒီခန္ဓာကိုယ်ပျက်ရင်သူလည်းပျက်လိမ့် မယ်ဘခင်သေချာဂရုစိုက်ပါ”
“ဟုတ်ကဲ့ ကျွန်တော်သေချာဂရုစိုက်ပါ့မယ်ဗျာ”
“အေးငါသွားပြီ ဘခင် မင်းမိန်းမကိုလည်းအကျိုးသင့်အ ကြောင်းသင့်ပြောပြလိုက်ပါကွယ်။ ငါတခြားလုပ်စရာလေးတွေရှိလို့ ပြန်လိုက်ဦးမယ်”
“ဟုတ်ကဲ့”
လက်သည်ဒေါ်ဆုံလည်း ကိုဘခင်ကို နှုတ်ဆက်ပြီးပြန်သွားလေသည်။
မကြာမီမစိန်ပုလူခြောက်လေးမွေးသည် ဆိုတဲ့သတင်းကတစ်ရွာလုံး ဟိုးဟိုး​ကျော်သွားပြီး လူခြောက်လေးအားလာပြီးကြည့်ကြ လေသည်။
တစ်ယောက်စနှစ်ယောက်ကနေ ရွာလုံးကျွတ်နီးပါးလာရောက်ကြည့်ရှု ကြလေသည်။ ကိုဘခင်လည်းလူခြောက်လေးကို ထန်းခေါက်ဖာဖြင့်သေချာထည့်ကာ အများမြင်နိုင်အောင်စားပွဲပေါ်၌ ပြသထားလေသည်။
လက်သရမ်းသည့်ကလေးလူကြီးများအားမကိုင်စေရန်အတန်တန်အာပေါက် မတက်ပြောဆိုနေရလေသည်။
လူခြောက်လာကြည့်သည့်အထဲမှ တချို့လူများကလူခြောက်လေးအတွက် လိုရာသုံးဖို့ဆိုကာငွေကြေးများပေးသွား ကြလေသည်။
သူတို့ပေးသည့်ငွေလေးဖြင့်လက်ဖက် ဆေးလိပ်တို့ဝယ်ကာလာသမျှဧည့်သည် တို့ကိုတည်ခင်းဧည့်ခံရလေသည်။ တနေကုန်နီးပါးလူမပြတ်ပဲ လာရောက်ကြည့်ရှုကြသည်မှာ ကိုဘခင်၏အိမ်တွင်ပွဲတော်ကြီးသဖွယ် စည်ကားနေတော့သည်။ ရွာနီးချုပ်စပ်ကလူများသည်လည်း သတင်းကြား၍လှည်းများဖြင့် လာရောက်ကြည့်ရှုကြလေသည်။
လူခြောက်အားတအံ့တသြကြည့်ရင်း ပိုက်ဆံများလည်းပေးသွားကြသည်။ ၂ရက်၃ရက်ခန့်ကြာအောင် လူပြတ်မသွားပဲအလျှိုလျှိုလာရောက် ကြည့်ရှုကြရာကိုဘခင်နဲ့မစိန်ပုတို့လည်း လာသမျှဧည့်သည်များကိုဧည့်ခံရာ ပင်ပန်းနေကြတော့သည်။
ညရောက်သည်နှင့်လူအများစုက ပေးသွားသည့်ငွေအချို့ကိုရေတွက်ရင်း လင်မယားနှစ်ယောက်ပြုံးရွှင်နေကြ တော့သည်။
“မစိန်ပု ဒေါ်ဆုံပြောသွားတဲ့စကားက သိပ်မှန်တာပဲကွာ”
“ဘာကိုလဲကိုဘခင်ရဲ့”
“ငါတို့သားလေးကလူခြောက်လေး ဆိုပေမယ့်မိဘတွေဖြစ်တဲ့ငါတို့ကို ဥစ္စာပစ္စည်းရှာဖွေပေးနေတာကိုလေ”
“အင်းဟုတ်တယ်နော် ဒါတောင်ရက်သားလေးပဲရှိသေးတယ် သူများအရွယ်ရောက်လာရင် ကျုပ်တို့လင်မယားကိုဘာတွေများ ရှာဖွေပေးမလဲမသိဘူး။ ဒါပေမယ့်ရှင်သားလေးခင်မျာသနားစရာ သူများတွေလိုလူသားစင်စစ်မဟုတ်ရှာဘူးလေ။
“သြော်မစိန်ပုရယ် သူ့အကျိုးပေးကြောင့် ဒီဘဝမှာအခုလိုဖြစ်နေရပေမယ့် နောင်ဘဝမှာငါတို့သားလေးက မိဘကိုလုပ်ကိုင်ကျွေးလို့လူသားစစ်စစ် ပြန်ဖြစ်မှာပါကွ။
“ကျွန်မလည်းအဲလိုဖြစ်ပါစေလို့ ဆုတောင်းပါတယ်ရှင်”
“ကဲအချိန်မရှိတော့ဘူးအိပ်တော့”
“နေဦး ကျွန်မတို့သားလေးကို နို့တိုက်ရဦးမယ်လေ”
“အင်း ဒါဖြင့်ရင်ခွက်ထဲညှစ်ထည့်ပြီး သွားတိုက်ကြတာပေါ့”
မစိန်ပုလည်းတိုက်နေကြဖြစ်တဲ့ ဖန်ခွက်လေးထဲသို့နို့ညှစ်ပြီးထည့် လိုက်သည်။ ပြီးနောက်ထန်းခေါက်ဖာလေးအနား၌ နို့ခွက်အားချပေးထားလိုက်သည်။ သူခိုးရန်၊ကြောင်ရန်ကြောက်ရသဖြင့် ထန်းခေါက်ဖာလေးအားမိမိတို့အိပ်ရာ ဘေးတွင်သာထား၍အိပ်ကြလေသည်။ နောက်တစ်ရက်ရောက်တော့,,,,,,,
“ကိုဘခင် ရှင့်ကိုမေးရအုံးမယ်တော့်”
“ဘာလဲ မစိန်ပုရဲ့မေးလေ”
“ကျွန်မတို့သားလေးကို နာမည်ပေးရအုံးမယ်တော့်၊ရှင်ဘယ်လို ပေးမယ်လို့စဥ်းစားထားလဲ”
“ငါကသိပ်ပြီးမပေးတတ်ပါဘူးကွာ မင်းဟာမင်းစဥ်းစားပြီးပေးကြည့်ပေါ့”
“အင်း,ကျွန်မတို့မွေးထားတာက ယောကျာ်းလေးလည်းဖြစ်၊သားဦးလည်းဖြစ်နေတာဆိုတော့ သူ့နာမည်ကိုသားဦးလို့ပဲပေးလိုက်ကြ တာပေါ့”
“သားဦး သားဦး အင်းမဆိုးပါဘူး၊အဲ့နာမည်ကောင်းသား ပဲ။
“ဒါဆိုကျွန်မတို့သားလေးကို သားဦးလို့ပဲခေါ်လိုက်ကြတာပေါ့”
“ကဲ,နာမည်ကင်ပွန်းတပ်ပြီးရင်လည်း ကျွန်တော်မျိုးလယ်ထဲသွားလိုက်အုံး မယ် ဟုတ်ပြီလား”
“ဟုတ်ပါပြီရှင် အလုပ်ပြီးရင် စောစောပြန်လာခဲ့ဦး”
“အေးပါဟ”
ကိုဘခင်လည်းသူများလယ်မှာ သူရင်းငှားလုပ်နေရသည်မို့ ခပ်သွက်သွက်ပင်အိမ်မှထွက်လာခဲ့ တော့သည်။
“ဘခင်ရောက်နေပြီလားဟ”
“အခုလေးတင်ပဲရောက်တယ် ကိုသိန်းရေ”
“အေးကွာ ငါလည်းမအားတာနဲ့ မင်းဆီတောင်မရောက်ဖြစ်ဘူးဘခင်ရာ အခုတောင်ဦးစိုးထွန်းလယ်မှာ သူရင်းငှားလာလုပ်ရင်းနဲ့မှမင်းကိုတွေ့ရ တာ။ ဘယ်လိုလဲအဆင်ပြေရဲ့လား ဘခင်ရ”
“ဒီလိုပါပဲဗျာ တစ်နေ့လုပ်မှတစ်နေ့စားဘဝပဲပေါ့ ကိုသိန်းတို့ရောအဆင်ပြေကြရဲ့လား”
“ရရကုန်ကုန်ဘဝပဲပေါ့ ဘခင်ရာ ငါ့မိန်းမကသူများမိန်းမတွေလို မဟုတ်ဘူးကွ။ အသုံးအဖြုန်းကကြမ်းပါပေ့နဲ့ ချွေတာစားသောက်ဖို့ပြောပေမယ့် အိမ်ကမိန်းမကပြောလို့ကိုမရဘူးကွာ”
“အင်းတဖြည်းဖြည်းနဲ့နားချကြည့်ပေါ့ ကိုသိန်းရာ၊နောက်တော့သူလည်းနားလည် လာမှာပါ”
“အေးပါ ဒါနဲ့မင်းမိန်းမကော နေကောင်းရဲ့လားကွ”
“ကောင်းတယ်ကိုသိန်းရဲ့ အခုမနက်တောင်သားကိုနာမည်ပေးခိုင်း နေလို့ကိုသိန်းရေ”
“ဟဟုတ်လား၊ဘယ်လိုပေးလိုက်သလဲ”
“အင်းကျုပ်မပေးတတ်ပါဘူးဗျာ သူ့ဟာသူပေးလိုက်တာပဲ၊သားယောကျာ်းလေးလည်းဖြစ် ကျုပ်တို့လင်မယားအတွက်သားဦး လည်းဖြစ်နေတော့ မွေးတဲ့ကလေးကို သားဦးလို့ပဲပေးလိုက်တယ်လေ”
“မဆိုးပါဘူးမင်းမိန်းမက နာမည်ရွေးတတ်သားပဲကွ။ ငါကြားဖူးတာကတော့လူခြောက်လေးတွေကသူတို့မိဘတွေကိုချမ်းချမ်းသာသာနေထိုင်နိုင်အောင်ရွှေတွေငွေတွေ ပေးတတ်တယ်တဲ့ကွ။
“ဟုတ်လား,ကျုပ်တို့ကိုတော့ ရွှေတွေရယ်လို့မပေးသေးဘူးဗျ။ သားကိုလာကြည့်ကြတဲ့သူတွေကတော့ သားလေးအတွက်ဆိုပြီးငွေစအနည်း အပါးတော့ပေးသွားကြတယ် ကိုသိန်းရဲ့”
“အေးအဲဒါကလည်း သူ့မိဘတွေကိုတစ်ဖက်တစ်လမ်းက ကူညီပေးတဲ့သဘောဖြစ်မှာပေါ့ကွာ။ မင်းတို့သားလေးကလည်းအခုမှ ရက်ပိုင်းပဲရှိသေးတာမဟုတ်လား နောက်သူအသက်ကြီးလာရင် မင်းတို့ကိုရွှေငွေတွေရှာပေးမယ်လို့ ငါတော့ယုံကြည်တယ်”
“အဟဲ,အဲသလိုဖြစ်ပါစေလို့ပဲ ဆုတောင်းပါတယ်ဗျာ”
ကိုဘခင်လည်းကိုသိန်းနဲ့စကားပြောရင်း လုပ်စရာရှိသည်များကိုလုပ်ကိုင်နေ သည်။
===================
ကိုဘခင်နဲ့မစိန်ပုတို့မွေးထားသည့် သားဦး လေးပင်၈နှစ်အရွယ်သို့ ပင်ရောက်လာခဲ့သည်။
တစ်ညတွင်တော့,
“အမေ အမေတို့သားကိုရှင်ပြုပေးပါ သားကိုရင်ဝတ်ချင်တယ်အမေ”
“သားရယ်အမေတို့မှာ စားဖို့တောင်အနိုင်နိုင်ဖြစ်နေရတာ သားကိုကိုရင်ဝတ်ပေးဖို့ဆိုတာ အမေတို့အတွက်မလွယ်ဘူးသားရယ် အမေစိတ်မကောင်းပါဘူးကွယ်။
“အဲအတွက်တော့ဘာမှမပူပါနဲ့အမေရာ ဒီမှာဒါသားကိုရှင်ပြုပေးဖို့နေရာမှာ သုံးဖို့”
“ဟင်,ရွှေဆွဲကြိုးလေးပါလားသားရဲ့ ဒါကိုသားဘယ်ကရလာတာလဲသား သားသူများပစ္စည်းတွေခိုးလာတာလား”
“ဟာအမေကလည်းပြောရော့မယ် သားဘယ်သူ့ပစ္စည်းကိုမှမခိုးပါဘူးဗျ ဒါသားအစွမ်းအစနဲ့ရှာထားတဲ့ပစ္စည်းဗျ”
“သားကတခြားလူတွေလိုမှ မဟုတ်တာဒီတန်ဖိုးကြီးပစ္စည်းကို ဘယ်လိုအစွမ်းအစနဲ့ရှာနိုင်မှာလဲသားရဲ့”
“သြော်အမေရယ် သားတို့လူခြောက်တွေက အမေတို့လူသားတွေလိုအလုပ်လုပ်ပြီး ရှာမပေးနိုင်ပေမယ့် ပိုင်ရှင်မဲ့ဥစ္စာပစ္စည်း တွေကိုတော့ကိုယ့်ရဲ့ကုသိုလ်ကံရှိ သလောက်ကိုယ့်မိဘကိုရှာပြီးပေးလို့ရပါတယ်ဗျ။ ဒါကြောင့်အမေကဒီရွှေဆွဲကြိုးကို စိတ်သန့်သန့်နဲ့ယူထားပေတော့။ သားပြောတာမမေ့နဲ့နော်အမေ သားကိုကိုရင်ဝတ်ပေးပါ သားသင်္ကန်းစည်းချင်တယ်အမေရ”
“ဟင်,
ဒေါ်စိန်ပုလည်းအိပ်မက်က ဖျက်ကနဲလန့်နိုးသွားတော့သည်။
အိပ်မက်ကနိုးနိုးခြင်းလက်ထဲ၌ အရာဝတ္ထုတစ်ခုအားဆုပ်ကိုင်ထားမိ လေသည်။
ဒေါ်စိန်ပုလည်းမီးအိမ်ကိုထွန်းပြီးကြည့် လိုက်ရာ,
“ဟယ်,ရွှေဆွဲကြိုးလေးပါလား ဒါ ဒါ ငါ့သားလေးကလာပေးသွားတာပဲ ကိုဘခင် ကိုဘခင်ထပါအုံး”
“အွန်း,ဘာလဲကွာ”
“ဒီမှာကြည့်စမ်းပါအုံး ဒါဘာလဲသိလား”
“ဟင်,ဒါရွှေဆွဲကြိုးမလား မင်းဘယ်ကရတာလဲမိန်းမ”
“ကျွန်မတို့သားဦးလေးကပေးတာရှင့်”
“ဘာ,ဘယ်လို”
“ဒီလိုလေ ကိုဘခင်ရဲ့ ခုနကကျွန်မကိုသားလေးက အိပ်မက်ပေးတယ်ရှင့်။ အိပ်မက်ထဲမှာသားလေးက ကိုရင်ဝတ်ချင်တယ်လို့ပြောတယ် အဲဒါနဲ့ကျွန်မကကိုရင်ဝတ်ပေးဖို့အမေတို့မှာအဆင်မပြေဘူးသားရဲ့လို့ ပြောတော့ သားဦးလေးက အမေတဲ့ဒီရွှေဆွဲကြိုးကို ယူပြီးသူ့ကိုသင်္ကန်းစည်းပေးပါတဲ့ အဲသလိုပြောပြီး ကျွန်မလည်းလန့်နိုးသွားတာပဲ”
“အင်းဒါဆို သူပြောတဲ့အတိုင်း ငါတို့သားဦးလေးကိုသင်္ကန်းစည်းပေး ကြတာပေါ့ကွာ။
“ဒါနဲ့ကိုဘခင်ရဲ့မေးပါရစေအုံး သားဦးလေးက တခြားကလေးတွေလိုမှ မဟုတ်တာ သားကိုဘယ်လိုသင်္ကန်းစည်းပေးရမှာလဲ ကျွန်မတော့နားမလည်ဘူး။
“ဒါကတော့ဆရာတော်ကိုပဲ မေးမြန်းကြည့်ရမှာပေါ့မိန်းမရယ်”
“အင်းအင်း,မေးမြန်းပြီးမှပဲ သားအတွက်လိုအပ်တာလုပ်ပေးကြ တာပေါ့ရှင်”
မနက်လင်းသည်နှင့်ဦးဘခင်လည်း ရွာဦးကျောင်းဆရာတော်ထံသို့သွားပြီး လျှောက်ထားလေသည်။ ဆရာတော်အားသိလိုသမျှမေးမြန်းပြီးသည်နှင့်အိမ်သို့ပြန်လာခဲ့သည်။
“ကိုဘခင် ဆရာတော်ကဘာမိန့်လိုက်လဲ
“အေး သားအတွက်ဝမ်းသာစရာပဲကွ သားကိုတခြားကလေးတွေလို သင်္ကန်းစည်းပေးလို့ရတယ်တဲ့ ဒါပေမယ့်တစ်ပတ်လောက်ပဲ ဝတ်ခွင့်ပြုမယ်လို့ဆရာတော်ကြီးက မိန့်တယ်ဟ။
“အင်း,တစ်ပတ်ဆိုလည်းမဆိုးပါဘူး သားဦးလည်းသူ့ဆန္ဒတွေပြည့်ဝသွား မှာဆိုတော့ပျော်နေရှာမှာပဲ”
“အေး,မနက်ဖြန်ကြရင်မင်းနဲ့ငါ မြို့တက်ပြီးတော့ ရွှေဆွဲကြိုးကို ရောင်းကြမယ်။ ပြီးရင်သားအတွက်သင်္ကန်းဝယ်ပြီး ဆရာတော်ထံမှာသင်္ကန်းစည်းပေးကြ တာပေါ့မကောင်းဘူးလား”
“ကောင်းတယ်ကောင်းတယ်”
နောက်တစ်နေ့ရောက်သည်နှင့် ဦးဘခင်နဲ့ဒေါ်စိန်ပုလည်း မြို့တက်ပြီး ရွှေဆွဲကြိုးအားထုခွဲရောင်းချ လိုက်ကြသည်။ ကံကောင်းချင်တော့ရွှေဆွဲကြိုး ရောင်းချလိုက်ရာသိန်းချီပြီးရလိုက်ကြ သည်။ လိုအပ်သည့်ပစ္စည်းများအားဝယ်ယူပြီးမှရွာသို့ပြန်လာခဲ့ကြသည်။
==================
“အင်း,ဒကာကြီးနဲ့ဒါယိကာမကြီးတို့ရဲ့ သားဦးလေးအခုလိုသင်္ကန်းစည်းခွင့်ရ တာဘုန်းဘုန်းလည်းသိပ်ဝမ်းသာမိပါ တယ်ကွယ်”
“တင်ပါ့ တပည့်တော်တို့လည်း သားလေးအတွက်ဝမ်းမြောက်ဝမ်းသာ ဖြစ်မိပါတယ်ဘုရား။
“အိမ်း,ကံအကြောင်းမလှလို့ ဒီဘဝမှာဒီလိုဖြစ်နေရပေမယ့် သူ့ကုသိုလ်ကံကရှိနေသေးတော့ သင်္ကန်းစည်းခွင့်ရတာပဲလို့ ဘုန်းဘုန်း မှတ်ယူတယ်ကွယ့်”
“တပည့်တော်တို့သားလေးလည်း နောက်နောင်ဘဝတွေမှာ ဒီလိုအဖြစ်ဆိုးကိုမကြုံစေချင်ဘူးဘုရား လူသားစစ်စစ်တစ်ယောက်အဖြစ်နဲ့ပဲ သူ့ကိုရှင်သန်စေချင်တယ်ဘုရား”
“အင်း,ဒါယိကာမကြီးရဲ့ ဆုတောင်းတွေပြည့်ဝပါစေလို့ ဘုန်းဘုန်းဆုတောင်းပေးပါတယ်”
ဦးဘခင်နဲ့ဒေါ်စိန်ပုလည်း သားဦးလေးအားသင်္ကန်းစည်းပေးခွင့် ရသဖြင့်ဝမ်းမြောက်ဝမ်းသာ ဖြစ်မိကြလေသည်။ ညရောက်တော့,,,,,,,,,
“ဒကာကြီး”
“ဟာ,သားလေး ဟာယောင်လို့ ကိုရင်ပါလား”
“အခုလိုပြုလုပ်ပေးတဲ့အတွက် ဒကာကြီးနဲ့ဒါယိကာမကြီးကို ကျေးဇူးသိပ်တင်မိပါတယ်။
“ရပါတယ်သားရယ် အဲ,ကိုရင်ရယ် တပည့်တော်လည်းကိုရင်ကို အခုလိုမြင်ခွင့်ရတာသိပ်ဝမ်းသာတာပဲ ကိုရင်ရယ်”
“ကဲ,ကိုရင်လည်း ကျောင်းကိုပြန်ကြွရအုံးမယ် ဒကာကြီးကျန်းမာရေးကိုဂရုစိုက်ပါ”
“တင်ပါ့ဘုရား”
ဦးဘခင်တစ်ယောက် အိပ်နေရာမှ နိုးလာပြီးဝမ်းသာအားရဖြစ်ကာ ဇနီးသည်အားသူ့အိပ်မက်အကြောင်း ပြောပြလေသည်။ ဒေါ်စိန်ပုလည်းဦးဘခင်ပြောသမျှ နားထောင်ပြီးဝမ်းသာမျက်ရည်ကျရ လေသည်။
ဦးဘခင်နဲ့ဒေါ်စိန်ပုတို့လည်း ၇ရက်တိတိဆွမ်းချိုင့်ပို့ကာ ကုသိုလ်ယူနိုင်ခဲ့ကြသည်။ ရွှေဆွဲကြိုးရောင်းချပြီးသည့်နောက်ပိုင်း ရွာမှာအဆင်ပြေပြေချမ်းချမ်းသာသာနဲ့ နေနိုင်စားနိုင်ခဲ့ကြသည်။
သားဦးလေး၈နှစ်ပြည့်ပြီးနောက်ပိုင်း တန်ဖိုးကြီးရတနာပစ္စည်းများ တစ်ခုပြီးတစ်ခုပိုင်ဆိုင်ခဲ့ကြသည်။ သားဦးလည်းမိဘနှစ်ပါးကို သူတတ်စွမ်းသလောက်ရှာဖွေပေးနိုင်ခဲ့ လေသည်။
တစ်နေ့ရောက်တော့ သားဦးဆီမှမမျှော်လင့်သော စကားတစ်ခွန်းအားကြားသိခဲ့သည်။ ထိုစကားတစ်ခွန်းကတော့
“အမေ,သားသွားရတော့မယ်”
“ဟမ်,ဘယ် ဘယ်ကိုသွားရမှာလဲသားရဲ့”
“သားအတွက်လူ့လောကမှာနေဖို့ အချိန်ပြည့်သွားပြီအမေရဲ့။ ဒါကြောင့်သားအမေတို့ကိုနှုတ်ဆက်ခဲ့ပါရစေ။
“ဘာ,သား သားကအမေတို့ကို ခွဲသွားတော့မယ် ဟုတ်လား”
“ဟုတ်တယ်အမေရယ် သားလည်းအမေတို့ကိုမခွဲချင်ပါဘူး ဒါပေမယ့်ကံကြမ္မာကသားကို အမေတို့နဲ့အကြာကြီးနေခွင့်မပြုဘူး နောင်ဘဝဆိုတာရှိရင်အဖေနဲ့အမေဆီမှာပဲလူလာဖြစ်ပါရစေ”
“သားလေးရယ် အမေ့ရင်တွေကွဲပါပြီ”
“အဟင့် အဟင့်”
“မိန်းမ မိန်းမ ဘာဖြစ်တာလဲ ထ ထစမ်းပါအုံး”
“သားလေး သားလေးရော”
“ဘာဖြစ်တာလဲ မိန်းမ ငါ့ကိုပြောပါအုံး”
“ကျွန်မ ကျွန်မ အိပ်မက်မက်တယ်ကိုဘခင် သားလေးကကျွန်မတို့ကိုခွဲရတော့မယ်တဲ့။
“ဘာ,ဘယ်လို”
“ဟုတ်တယ် သာလေးက ကျွန်မတို့နဲ့မခွဲချင်ပေမယ့် ခွဲရတော့မယ်တဲ့၊နောင်ဘဝဆိုတာရှိရင် အဖေနဲ့အမေဆီမှာပဲ လူလာဖြစ်ပါရစေတဲ့ရှင်”
“ဟာကွာ,ဖြစ်မှဖြစ်ရလေသားရာ အဖေတို့မှာ ဒီသားလေးတစ်ယောက်ပဲ ရှိတာကို ကံကြမ္မာကြီးက ရက်စက်လိုက်တာကွာ”
ဦးဘခင်နဲ့ဒေါ်စိန်ပုလည်း သားဦးအားဆုံးရှုံးလိုက်ပြီဆိုသော အသိဖြင့်ယူကျုံးမရဖြစ်ကာ ငိုကြွေးနေကြတော့သည်။
မနက်လင်းတော့ သားဦးလေးအား ထည့်ထားသည့်သေတ္တာအား ဖွင့်ကြည့်လိုက်ရာ သားဦးလေးရဲ့ ခန္ဓာကိုယ်တွင်ပုရွက်ဆိပ်များပင် တက်နေပြီဖြစ်သည်။
ဒေါ်စိန်ပုနဲ့ဦးဘခင်လည်း လူ​ခြောက်လေးအားကိုင်ကာ မျက်ရည်များကျဆင်းလာတော့သည်။
“သားလေးရေ ဖြစ်လေရာဘဝမှာ အခုလိုဘဝဆိုးကြီးနဲ့ဝေးကွာပါစေလို့ အဖေဆုတောင်းပေးလိုက်ပါတယ်ကွာ”
လူခြောက်သားဦးဆုံးပါးသွားသည့် သတင်းအားကြားသိပြီးတစ်ရွာလုံး စိတ်မကောင်းဖြစ်မိကြလေသည်။
သတင်းကြားသိကြသည့်လူများလည်း ဦးဘခင်နဲ့ဒေါ်စိန်ပုအတွက် စိတ်မကောင်းဖြစ်မိကြလေသည်။
သားဦးတစ်ယောက်ဖြစ်လေရာ ဘဝတိုင်းမှာလူသားစင်စစ်ဖြစ်ပါစေဟု ဆုတောင်းရင်း••••••••••••
[အောင်ဓူဝံ]