လူပို

Posted on

လူပို(စ/ဆုံး)
——-
အိမ်ပြန်ရတော့မည်ဆိုသည့်အသိက ဖိုးသားကိုအလွန်တရာပျော်ရွှင်စေခဲ့သည်။အပျော်လွန်ပြီးမနေ့ညက တစ်ညလုံး အိပ်မရသောကြောင့် မနက်လင်းသည့်အခါ မျက်လုံးအစုံတို့သည် အလွန်တရာကျိန်းစပ်လျက်ရှိ၏။

ထုံးစံအတိုင်း မနက်ငါးနာရီလောက်တွင်ထခဲ့ပြီး ဆိုင်အတွက်လိုအပ်သည်များကို ဖိုးသားနိုင်သလောက်ကူရသည်။

ယနေ့အဖို့ ဖိုးသား အလုပ်လုပ်သော လက်ဖက်ရည်
ဆိုင်သည် ယခင်နေ့များလို စားပွဲခုံများခင်းကြင်း
ရောင်းချစရာ မလိုတော့ပါ။ ကိုဗစ်၁၉ ရောဂါဖြစ်ပွားနေမူကိုလျော့ချနိုင်ရန်အတွက် ဆိုင်များအားလုံး ပါဆယ်စနစ်ဖြင့်သာရောင်းချရမည်ဟု မနေ့ ညနေက ရပ်ကွက်ထဲတွင် လော်စပီကာနဲ့အော်သွားသောကြောင့် အလုပ်ရှင်ဦးလေးကြီးက သည်နေ့ဆိုင်ခင်းကြင်းရန်
မလိုတော့ကြောင်း ပြောထားပြီးဖြစ်သည်။

ပါဆယ်၀ယ်သူများသာရောင်းတော့မည်ဖြစ်သောကြောင့် ဆိုင်တွင်စားပွဲထိုး လုပ်ရသည့် ဖိုးသားအတွက် အလုပ်က မယ်မယ်ရရမရှိတော့ပါ။

လက်ဖက်ရည်ဖျော်သည့် အစ်ကိုကြီးနှင့် မုန့်ကြော်သည့်သူများတော့ ပုံမှန်အတိုင်းသူ့နေရာနဲ့သူဆက်လုပ်ကြရသည်။ သူနှင့်အတူ လုပ်ဖော်ကိုင်ဘက်နှစ်ယောက်ကိုတော့ သည်နေ့အလုပ်လုပ်စရာမလိုတော့ပဲ အိမ်ပြန်ရမည်ဟု အလုပ်ရှင်ဦးလေးက ပြောထား၏။

မည်သို့ပင်ဆိုစေကာမူ အိမ်ပြန်ရမည်ဆိုသောအသိကြောင့် ဖိုးသား အလွန်တရာပျော်ပါသည်။သူအိမ်မပြန်ရတာ ဘယ်လောက်ကြာပြီလဲ။ကြာဆို သူ့ခန့်မှန်းခြေ တစ်နှစ်ကျော်ကျော်လောက်တော့ရှိတော့မည်။

အမေနှင့်မတွေ့ရသည်မှာလည်း ယခုဆိုအတော်လေးကြာပြီဖြစ်သောကြောင့် အမေ့ကိုလည်းဖိုးသား လွမ်းလှပါသည်။ ဖိုးသား သည်ဆိုင်ကိုရောက်ပြီး မေမေ နဲ့တစ်ခေါက်သာ တွေ့ရသေး၏။ သူ့ကို ဆိုင်လာပို့ပြီးတစ်လလောက်တွင် မေမေသည် သူ့လစာယူဖို့ ဆိုင်ကိုတစ်ခေါက်လာ သေးသည်။ နောက်ပိုင်းတွင် တော့ လစာကို ဆိုင်ရှင်ဦးလေးကြီးက ဖုန်းနဲ့လွှဲပေးလိုက်သည်ဟုပြောပါသည်။ထိုအချိန်က စပြီး မေမေ့ကို ဖိုးသား မတွေ့ရတော့သည်မှာ ယနေ့ထိဖြစ်၏။

တစ်ခါတလေမေမေ့ကိုသတိရလွန်းသောအခါ မေမေပေးထားသည့် ဖုန်းနံပါတ်ကို ဆိုင်ရှင်ဦးလေးက ဆက်ပေးတတ်ပါသည်။ မေမေအသံကြားသည့်အခါ ဖိုးသားသည် မေမေ့ကိုသတိရလွန်းသောကြောင့်ငိုမိ၏။ မဖြစ်နိုင်မှန်းသိသော်လည်း မေမေ နှင့်ဖုန်းပြောရတိုင်း “သားအိမ်ပြန်လာလို့မရဘူးလားမေမေ ” လို့ မေးမိသေးသည်။ သို့သော်လည်းမေမေ့ထံမှ ကြားရသော စကားများသည် အမြဲတမ်းအတူတူပင် ဖြစ်သောကြောင့် သူအလွှတ်ပင်ရနေလေပြီ။

“အိမ်ကိုဘာပြန်လုပ်မှာလဲဖိုးသားရယ်…။ ပိုက်ဆံရအောင်လို့ နင့်ကို အဲဒီဆိုင်မှာအလုပ်သွင်းထားတာ။ အပိုစကားတွေ မပြောစမ်းနဲ့။

အိမ်မှာနင်ကူလုပ်နိုင်တာဘာရှိလဲ။အိမ်မှာဆို ထမင်းတောင်နပ်မှန်တာမဟုတ်ဘူး။ အဲဒီမှာဆို နင်၀၀ လင်လင်လည်းစားရတယ်။ အမေလည်းပိုက်ဆံရတယ်။ပြန်မလာနဲ့။ အဲဒီမှာအလုပ်ကြိုးစား။

ဖိုးသားပြန်လာချင်ရင်နောက်ကျ အမေ ကိုယ်တိုင်လာခေါ်မယ်။ ဟုတ်ပြီလား။”

ထိုသို့ပြောနေကြဖြစ်သော်လည်း မေမေသည် သူ့အားတစ်ခါမှ လာခေါ်ခဲ့ခြင်းမရှိခဲ့ပါပေ။ မေမေ့ စကားကြားတိုင်း ဖိုးသား မျက်ရည် ဝဲမိသည်။

ဆိုင်မှာ ဖိုးသား မပျော်ပါ။
အမေပြောသလို ထမင်းနပ်မှန်အောင်စားရသော်လည်း အလုပ်လုပ်ရသည်မှာ ပင်ပန်းလွန်းလှပါသည်။ မနက် ဝေသီဝေလင်းထပြီး လူကျလွန်းသော လက်ဖက်ရည်ဆိုင်တွင် အလုပ်ကနားရသည်ဟူ၍မရှိပါ။

တစ်ခါတလေ တနေကုန်ပင်ပန်း လွန်းသောတန်ကြောင့် ညပင်မအိပ်နိုင်သဖြင့် ဖိုးသားတစ်ယောက်တည်း အိပ်ယာထဲတွင် ခိုးငိုခဲ့ရဖူးသည်။

ဒါတွေကိုမေမေ မသိတာလားမေမေရယ်…။

ခုတော့ ဘယ်လိုပြောပြော ဖိုးသား
အိမ်ပြန်ရတော့မည်။

မေမေလာမကြိုလည်း လှိုင်သာယာတွင်ရှိသော မေမေ့အိမ်ကလေးကို ဖိုးသား ပြန်တတ်ပါသည်။လက်ဖက်ရည်ဆိုင်ရှေ့ကဖြတ်သွားသော လှိုင်သာယာပြန်သည့် လိုင်းကားကြီး များကို ဖိုးသား နေ့တိုင်းတွေ့နေကြ ဖြစ်၏။ တွေ့တိုင်းလည်း ကားပေါ်ပြေးတက်ပြီး အမေ့ဆီပြန်ချင်စိတ်တွေဖြစ်ပေါ်ခဲ့ဖူးသည်။

သို့သော်လည်း တစ်ခါမှ ထိုစိတ်ကူးများ မအောင်မြင်ခဲ့ပါ။

ယခုတော့ သူပြန်ရတော့မည်။

ခိုးပြန်ရတာမျိုးမဟုတ်ပဲ ဆိုင်ရှင်ဦးလေးကြီးကိုယ်တိုင်ပြန်ခိုင်းသောကြောင့် မေမေလည်း သူအိမ်ပြန်လာခြင်းအတွက် ဖိုးသားကိုဆူမည်မဟုတ်ပါ။

တွေးရင်းဖိုးသားသည် အားပါးတရပြုံးမိပြန်သည်။

***

ဖိုးသားသည် ဆိုင်ရှင်ဦးလေးကြီးပေးလိုက်သည့် မုန့်ဖိုးတစ်သောင်းနှင့် ဆိုင်ကယူခဲ့သော အီကြာကွေးနှင့် ကြက်သားပေါက်စီမုန့်ထုပ်ကို လက်ထဲတွင်ကျစ်ကျစ်ပါအောင်ဆုပ်ရင်း ကားပေါ်အပြေးတက်ကာ အိမ်သို့ပြန်ခဲ့လေသည်။

ရင်ထဲတွင် ကြည်နူးမူအပြည့်နှင့် မတွေ့တာကြာပြီဖြစ်သောမေမေ့မျက်နှာလေးကို စိတ်ကူးထဲပုံဖော်ကာပြုံးမိသေး၏။

မေမေ့ကို ဖိုးသား လွမ်းလှပြီ။
အိမ်ဘေးက ကစားဖော်ကစားဖက် ဖိုးထူးနဲ့ မိကျော့တို့ကိုလည်း သတိရလှပြီ။ ရောဂါကြောင့်ကျောင်းတွေလည်းပိတ်ထားရတယ်ဆိုတော့ ဖိုးထူးတို့လည်းအိမ်မှာရှိနေကြမှာ။ သူတို့နဲ့တူတူ မဆော့ရတာတောင်ဘယ်လောက်ကြာပြီလဲ။

တွေးနေရင်းတစ်စုံတစ်ယောက်ကိုသတိရသွားတော့ ဖိုးသားမျက်နှာညိုးသွားရပြန်သည်။

ဒီအချိန်ဆို အိမ်ထောင့်မှာ အရက်ထိုင်သောက်နေကြ ဟိုလူကြီးလည်း ရှိနေမှာ။

မေမေ ယောကျာင်္းဆိုသည့် အဲဒီလူကြီးကရော ဖိုးသားအိမ်ပြန်လာတာကို ကြိုက်ပါ့မလား။ အဲဒီလူကြီး၏ မျက်နှာမည်းမည်းကြီးကိုတော့ ဖိုးသား မကြည့်ချင်ပါ။ အဲဒီလူကြီးအိမ်မှာရှိမနေရင်ကောင်းမှာ။

အဲဒီလူကြီးကို ဖိုးသား မချစ်ပါ။

ဖေဖေဆုံးပြီး တစ်နှစ်ကျော်လောက်တွင် မေမေသည် အဲဒီလူကြီးကို အိမ်ပေါ်ခေါ်လာသည်။အဲဒီလူကြီးအိမ်ပေါ်ရောက်လာပြီးကတည်းက မေမေသည် ဖိုးသားကိုမချစ်တော့ဟုဖိုးသားထင်သည်။

အဲဒီလူကြီးကလည်း ဖိုးသားကို အကြောင်းမရှိ အကြောင်းရှာပြီး ခဏခဏရိုက်သည်ပင်။ မေမေ က
မရိုက်ဖို့၀င်တားလျှင် မေမေ့ကိုပါရိုက်တတ်သည်။ တစ်နေ့တစ်နေ့ ဘာအလုပ်မှ မလုပ်ပဲ မေမေ့ဆီက အရက်ဖိုးကို လက်ဖြန့်တောင်းပြီး နေ့တိုင်း အရက်မူးနေတတ်တဲ့လူကြီးဖြစ်သည် ။ ဖြစ်နိုင်လျှင် ဘယ်ကမှန်းမသိတဲ့ အဲဒီလူကြီးကို သူ့အိမ်ကိုပြန်ပြီး မောင်းထုတ်ပြစ်ချင်သည်။

အရင်ဖေဖေရှိစဉ်တုန်းက ဖိုးသားပျော်သည်။

ဖေဖေ ဆုံးပြီးနောက်တော့လည်း ဖိုးသား မေမေနှင့် နေရတာပျော်သေးသည်။ မေမေ အဲဒီလူကြီးကို အိမ်ပေါ်ခေါ်လာပြီးကတည်းက ဖိုးသားအပျော်တွေ ပျက်စီးခဲ့ရပါသည်။

“အဲဒီလူကြီးကို မေမေက ဘာဖြစ်လို့အိမ်ပေါ်ခေါ်လာတာလဲမေမေ။ သူ့ကိုအိမ်ကိုပြန်ပို့လိုက်ပါလား။ သား အဲဒီလူကြီး ကိုမချစ်ဘူး။ အဲဒီလူကြီးကိုမုန်းတယ်။ မေမေရော မမုန်းဘူးလားဟင်။

သူ့အိမ် ပြန်ပို့လိုက်ပါမေမေရယ်။ သားကိုလည်း ရိုက်တယ်။ မေမေ့ကိုလည်း ရိုက်တယ်လေ။ နောက်ပြီး အဲဒီလူကြီးကနေ့တိုင်းအရက်သောက်နေတာ။ မေမေက အဲဒီလူကြီးကိုချစ်လို့လား။”

ဟု ထိုလူကြီး အိမ်မှာမရှိခိုက် သူမေးတော့ မေမေသည် ဖိုးသားကို ကောင်းကောင်းပြန်မပြောပါ။ နောက်တစ်ခါပြောလျှင် အရိုက်ခံရမည်ဟု ချိန်းခြောက်တတ်ပါသေးသည်။

မှတ်မိသေးသည်။

အဲဒီနေ့က လမ်းထဲက ဖိုးသားနဲ့ကစားဖော်ကစားဖက် ဖိုးထူးနှင့် မိကျော့တို့ နှစ်တန်းအောင်ပြီး သုံးတန်းတက်ဖို့ ကျောင်းသွားအပ်ကြတော့ မေမေလည်း ဖိုးသားကို ကျောင်းအပ်ပေးမယ်ပြောသည်ကို ထိုလူကြီးက လက်မခံပါ။

ဖိုးသားကို “ကျောင်းဆက်ထားစရာမလိုဘူး။ ပိုက်ဆံကုန်တယ် ” ဟုပြောပါသည်။ အဲဒီနေ့က မေမေနှင့် ထိုလူကြီး အကြီးအကျယ်ရန်ဖြစ်ကြပါသည်။ ရန်ဖြစ်ရင်း မေမေ့ကိုလည်းရိုက်သည်။ဖိုးသား ၀င်တားတော့ ဖိုးသားကိုပါရိုက်သည်။

နောက်တော့မေမေက ဖိုးသားကို ဖက်ပြီးငိုရှာသည်။ ဖိုးသား မေမေ့ကို သနားရုံက လွဲလို့ဘာတတ်နိုင်မှာလဲ။

ဖိုးသားမေမေ့ကိုချစ်ပါသည်။
အရင်ကလို မေမေနှင့်အတူ နှစ်ယောက်တည်းနေခဲ့တဲ့ အချိန်များကို ဖိုးသားလွမ်းလှသည်။

အရင်တုန်း ကတည်းက ဖိုးသားတို့အိမ်က အဆင်မပြေသော်လည်း ပျော်စရာကောင်းသည်။ ထိုလူကြီးရောက်လာပြီးတော့ အိမ်မှာ အရင်ထက် ထူးပြီးလည်း ပြေပြေလည်လည်ရှိမလာပါ။ တစ်နေ့တစ်နေ့ အရက်မူးပြီး မေမေနှင့်ဖိုးသားကို ရိုက်သည်သာ ပိုလာပါသည်။

မေမေ ဘာကြောင့် အဲဒီလူကြီးကို အိမ်မပေါ်က မောင်းမချတာလဲ ။ ဖိုးသား သိချင်လိုက်တာ..။

နောက်ဆုံးတော့ ဖိုးသားကျောင်းမနေရတော့ပဲ မေမေ နှင့်အတူ တွန်းလှည်းနှင့် ရေသန့်ဘူးခွံလိုက်ကောက် ရင်းအချိန်တွေကုန်ခဲ့သည်။

လက်ဖက်ဆိုင်ကို မေမေလာပို့သည့်အချိန်က ဖိုးသားအသက် ၉ နှစ်လောက်သာရှိသေးသည်။ မေမေ နှင့်တစ်ခါမှ မခွဲဖူးသည့်ဖိုးသားကို မေမေသည် စိတ်ချလက်ချဖြင့် လက်ဖက်ရည်ဆိုင်က ဦးလေးကြီးဆီ အပ်ခဲ့သည်။ မေမေပြန်သွားတော့ ဖိုးသားလိုက်ငိုမိသည်။ မေမေကတော့ ဖိုးသားကို တစ်ချက်ကလေးမျှပင်လှည့်မကြည့်ပါ။

ဖိုးသားကိုချန်ထားခဲ့သည်။

အဲဒီအချိန်က စပြီး ဖိုးသားသည် မေမေရှိရာအိမ်ကို မပြန်ဖြစ်ခဲ့ခြင်းပင်။

ခုတော့မေမေတို့အိမ်လေးမှာ ဘယ်လိုတောင်ပြောင်းလဲ သွားပြီလဲမသိ။ မေမေ အရင်လို ရေသန့်ဘူးခွံတွေ လိုက်ကောက်နေသေးလား။ ဟိုလူကြီးကရော မျက်နှာနီကြီးနဲ့ အိမ်ထောင့်မှာထိုင်ပြီး အရင်လို အရက်ထိုင်သောက် နေသေး လား။ ဖိုးသားတွေးရင်းသက်တစ်ချက်ကိုဟင်းခနဲချမိ သည်။

ဘယ်လိုပဲဖြစ်ဖြစ်ပါ မေမေသည် သူပြန်ရောက်လာတာကိုမြင်ရင်၀မ်းသာလိမ့်မည်ဟု ဖိုးသားထင်သည်။

ရုတ်တရက် ဖိုးသားကို တွေ့ရင်မေမေ ငိုမှာလား။
သူ့ကိုပြေးဖက်မှာလား။ မသိပါ….။

ဖိုးသားကတော့ မေမေရင်ခွင်ထဲ ခေါင်းတိုး၀င်ပြီးမေမေ့ကို အကြာကြီး ဖက်ထားချင်မိသည်။ပြီးတော့ “ဘာဖြစ်လို့သားဆီမလာတာလဲမေမေရယ် ” ဆိုပြီး မေမေ့ကို ငိုငိုပြီးပြောရဦးမည်။ ပြီးတော့ ဆိုင်ရှင် ဦးလေးကြီးပေးလိုက်သည့် မုန့်ဖိုးငွေတစ်သောင်းကို ဟိုလူကြီးမသိအောင်မေမေ့ကို တိတ်တိတ်လေး ခိုးပေးမည်။

ဆိုင်က ယူလာသည့် ပေါက်စီကိုမေမေ့ကို ခွံကျွေးမည်။ မေမေက ကြက်သားပေါက်စီ ကို အရမ်းကြိုက်တာ ဖိုးသားသိသည်။

အီကြာကွေးကိုတော့ ဖိုးထူးနှင့်မိကျော့ကို တစ်ယောက်တစ်ချောင်းကျွေးရမည်။ ဟိုလူကြီးအတွက်တော့ မပါပါ။ ဟိုလူကြီးကို ဖိုးသားစေတနာမရှိပါ။ တွေးရင်း လက်ကဆွဲထားသည့် မုန့်ထုပ်ကို ဖိုးသားငုံ့ကြည့်လိုက်သေးသည်။

ရင်ထဲတွင် ရှေ့ရေးကို ကြိုတွေးပြီး စိတ်လှုပ်ရှားလျက်ရှိလေသည်။

***

ကားသည် တစ်မှတ်တိုင်ပြီး တစ်မှတ်တိုင် ကျော်လာသည်။ ဘုရင့်နောင်တံတားပေါ်ရောက်သည့်အခါ ဖိုးသားသည် မှတ်တိုင်ကျော်သွားမည်စိုးပြီး ပြတင်းပေါက်ကနေ ခေါင်းကို ပြူကာကြည့်ထားသည်။

သူတို့နေသောနေရာသည် ဘုရင့်နောင် တံတားကြီးနဲ့ နည်းနည်းနီးသည်ကို ဖိုးသားအလွှတ်ရသည်။ တစ်ခါတလေ မေမေနှင့်ရေသန့်ဘူးခွံလိုက်ကောက်သည့်အခါ သည်တံတားအောက်ဖက်ထိရောက်တတ်သောကြောင့် ဖိုးသားသည် နေရာများကိုကောင်းကောင်းမှတ်မိနေခြင်းဖြစ်ပါသည်။

စက်မူဇုန်မှတ်တိုင်သို့ရောက်သည့်အခါ ဖိုးသားသည် ကားပေါ်မှ အတင်းတိုးကျိတ်ပြီး လူကြီးများနှင့်အတူ အလု အယက် ပြေးဆင်းခဲ့သည်။

ကားများ တဝီဝီဖြင့် အဆက်မပြတ်ပြေးဆွဲနေသော လမ်းမထက်တွင် ကားရှင်းမည့်အချိန်ကို စောင့်ပြီး လမ်းကိုအပြေး ကူးခဲ့၏။စက်မူဇုန်ဘက်သို့ချိုးသည့်လမ်းလေးအတိုင်း လျှောက်လာပြီး လမ်းဘယ်ဘက်တောင့်ချိုး လမ်းသွယ်လေးကို ကွေ့လိုက်လျှင် ဖိုးသားတို့၏ကျူးကျော်အိမ်ကလေးဆီရောက်ပါသည်။

လက်ထဲက မုန့်ထုပ်နှင့် ပိုက်ဆံတစ်သောင်းကို ကျစ်ကျစ်ပါအောင်ဆုပ်ရင်း အိမ်ကိုအပြေးလေးသုတ်ခြေတင်ခဲ့သည်။ မေမေ့အိမ်လေးကိုလှမ်းမြင်ရသည့်အခါ ဖိုးသားသည် အလွန်တရာပျော်ရွှင်သွား၏။ ဖိုးသား လှမ်းမြင်နေရသော ကျူးကျော်အိမ်တန်းရှည်၏ အစွန်ဆုံးအိမ်ကလေးသည် ဖိုးသားတို့အိမ်ကလေးဖြစ်ပါသည်။

အနီးရောက်တော့ မေမေ့ အိမ်လေးကို သေသေချာချာ မြင်ရပါပြီ။ မေမေ့ အိမ်ကလေးမှာ ဘာမှ ထွေထွေ ထူးထူး ပြောင်းလဲသွားတာမျိုးတော့မရှိပါ။ အိမ်နောက်တွင် အရင်က ကာထားသည့် တာလဘတ်များနေရာမှာတော့ သံချေးတက်နေသည့် သွပ်မည်းမည်း ကြီးများ ကာထားသည်ကိုတွေ့ရပါသည်။

ဖွင့်လျက်သားဖြစ်နေသည့်အိမ်တံခါးကြောင့် အထဲတွင်မေမေရှိနေသည်ကိုသိပြီး ဖိုးသား အလွန်တရာပျော်ရွှင်သွားရသည်။ထို့ကြောင့် အိမ်ရှေ့ရောက်ရောက်ချင်းပင် အမေ့ကို တစာစာအော်လိုက်မိသည်။

“မေမေရေ… မေမေ… သားပြန်လာပြီ။ မေမေရေ…။ မေမေ…။ ‘’

ဖိုးသားသည် မေမေ့ကိုအော်ရင်းပင်အိမ်ထဲသို့အပြေးလေး၀င်ခဲ့မိသည်။ အိမ်ထဲ၀င်၀င်ခြင်းတွေ့လိုက်ရသည့် မြင်ကွင်းကြောင့် ဖိုးသားခြေလှမ်းများ တုံ့ခနဲဖြစ်ကာ ကိုယ်ရှိန်ပြန်သတ်လိုက်မိသည်။

အိမ်ထဲတွင်မေမေသည် ကလေးငယ် တစ်ဦးအား ပွေ့ဖက်ပြီး အိပ်ပျော်နေသည်။ ကလေးငယ်လေးက မေမေရင်ခွင်ထဲမှာ နို့စို့ပြီး အိပ်နေ၏။

ဘာရယ်မသိ ဖိုးသား ရင်ထဲ၀မ်းနည်းပြီးငိုချင်သွားသည်။မေမေက ဖိုးသားထက်ပိုချစ်ရမယ့် ကလေး လေးရှိနေလို့ ဖိုးသားကိုပစ်ထားတာ ဖြစ်မှာ လို့တွေးပြီး မျက်ရည်သွေ ရစ်သိုင်းလာသည်။

သို့သော်..ဖိုးသားမငိုပါ။ အိမ်ထောင့်တွင်ထိုင်ကာ သူ့ကို မျက်လုံးနီကြီးဖြင့် ပြူးကြည့်နေသော ဟိုလူကြီးကိုတွေ့လိုက်ရသောကြောင့်ဖိုးသားမငိုမိအောင်ထိန်းထားလိုက်သည်။

ဖိုးသားအိမ်ပေါ်ရောက်တော့ မေမေ နိုးလာသည်။

ကလေးကိုနို့တိုက်နေရင်းမှ မေမေသည် ရုတ်တရက်ထ ထိုင်ပြီး ဖိုးသားကို မြင်သည့်အခါ အံ့သြသွားသည်။ မေမေ သည် အတော်လေးပိန်ကာ အိုစာသွားသည်ပင်။ ဖိုးသားမေမေ့ဆီ အပြေးသွားမယ်လုပ်ပြီးမှ မသွားဖြစ်ပဲ မေမေနှင့်မလှမ်းမကမ်းတွင်ထိုင်ကာ အမေ့ကိုပြုံးပြလိုက်မိသည်။

“ဟင်….ဖိုးသား။ ဘာဖြစ်လို့ပြန်လာတာလဲ။ နင်အလုပ်က ခိုးပြန်လာတာလား။ ဘာပြန်လုပ်တာလဲ`

ရုတ်တရက်မေမေ့ထံက ကြားလိုက်ရသည့်စကားက ဖိုးသားမျှော်လင့်ထားသည့် စကားမဟုတ်သောကြောင့် ၀မ်းနည်းသွားသည်။

မေမေကိုတွေ့လျှင် ပြေးဖက်ပြီး မေမေ့ရင်ခွင်ထဲမှာ အကြားကြီးငိုမည်ဟူသော စိတ်ကူးများက အဝေးဆုံး သို့လွှင့်စင်ကုန်သည်။ လက်ထဲက ပါလာသော မုန့်ထုပ်ကိုအမေ့ကိုလှမ်းပေးရင်းပြောလိုက်သည်။

“ခိုးပြန်လာတာမဟုတ်ဘူးမေမေ။ ဆိုင်ရှင်ဦးလေးကြီးက ပြန်ခိုင်းတာ။ ရောဂါဖြစ်နေလို့ ဆိုင်ပိတ်ရမှာမို့တဲ့။’’

“ငါတော့ စိတ်ညစ်တော့တာပဲ ဖိုးသားရယ်။ ပိုက်ဆံက လိုပါတယ်ဆို။ ဒီရောဂါကလည်း ပြီးလည်းမပြီးနိုင်တော့ဘူး။ တော်တော်လေးဂြိုလ်မွေတဲ့ရောဂါ။ ဒီအတိုင်းဆို လကုန်လစာမရတော့ဘူးပေါ့။ဆိုင်ရှင်ဦးလေးက နင့်ကိုပိုက်ဆံနည်းနည်း တောင် မပေးလိုက်ဘူးလား။”

ရုတ်တရက်ကြားလိုက်ရသည့်စကားကြောင့် ဖိုးသား ပြန်မပြောနိုင်သေးပဲ မေမေ့ကို စိုက်ကြည့်နေမိသည်။ မေမေသည် ဖိုးသားပြန်လာတာကို နည်းနည်းလေးပင်၀မ်းသာဟန်မတူပါ။

ဟိုလူကြီးကလည်း စိတ်ပျက်သလို စုတ်သပ်ပြီး အိမ်ပေါ်ကနေ ခြေလှမ်းကျယ်ကြီးဖြင့်ဆင်းသွားသည်။ဖိုးသား ရစ်သိုင်းလာသောမျက်ရည်တို့ကို မျက်တောင်များနှင့်ပုတ်ထုတ်ရင်း အမေ စိတ်ချမ်းသာအောင်ပြောလိုက်သည်။

“ဆိုင်ရှင်ဦးလေးကြီးက ပြောလိုက်ပါတယ်မေမေရယ်။ ဆိုင်တွေပြန်ဖွင့်လို့ရပြီလို့ သတင်းကြားတဲ့အခါ ပြန်လာခဲ့ပါတဲ့။ လောလောဆယ်တော့ အိမ်မှာ ခဏပြန်နေခိုင်းတာပါ။ ပြီးတော့ ပိုက်ဆံတစ်သောင်းလည်းပေးလိုက်တယ်။”

သူပြောပြောဆိုဆို လက်ထဲက ပိုက်ဆံကိုလှမ်းပေးတော့ အမေက အားရ၀မ်းသာ လှမ်းယူသည်။ ပြီးတော့ နိုးလာသည့် ကလေးကို ရင်ခွင်ထဲပွေ့ချီကာ နို့ပြန်တိုက်နေ၏။

သူ့ကိုတော့မေမေသည် တစ်ချက်ကလေးမျှပင် ပြန်မကြည့်တော့ပါ။ ဖိုးသား လည်း မေမေ့ရင်ခွင်ထဲက ကလေးကို ညီလေးလား၊ ညီမလေးလားလို့ မမေးတော့ပဲ အိမ်ပြင်သို့ထွက်ခဲ့လိုက်သည်။

ရင်ထဲတွင်တော့ စိတ်မကောင်းခြင်းများစွာကြီးဆိုးလျက်ပင်။

***

မနက် စောစောစီးစီး အိမ်ထောင့်တွင် ကိုးယိုးကားယားထိုင်ကာ အရက်သောက်နေသော ထိုလူကြီးကို ကြည့်ပြီးဖိုးသားသည် စိတ်ပျက်စွာဖြင့် အိမ်အပြင်သို့ ထွက်ခဲ့လိုက်သည်။မေမေကတော့ မီးဖိုထဲတွင် မနက်စာ ချက်ပြုတ်နေ၏။ ကလေးကတော့ ပုခက်ထဲတွင် အိပ်ပျော်နေပါသည်။

ဖြစ်နိုင်လျှင် ထိုလူကြီး၏ မျက်စိအောက်မှာ ဖိုးသားမနေချင်ပါ။ အမြဲတမ်း ရန်လိုသည့် ဒေါသမျက်လုံးများကို ဖိုးသားမုန်းလှသည်။

မနက်က စောစောစီးစီးအမေထံ အရက်ဖိုးတောင်းနေစဉ် အမေသည် ဖိုးသား ပြန်ပေးထားသော ပိုက်ဆံထဲကနေ ပေးလိုက်သည်ကို ဖိုးသားမြင်လိုက်သည်။ ဖြစ်နိုင်လျှင်ဖိုးသားပိုက်ဆံဖြင့်ထိုလူကြီးကို အရက်ဖိုးမပေးချင်ပါ။ သို့သော်လည်း ဖိုးသားမတတ်နိုင်။ အမေ့ဆန္ဒအတိုင်းသာ ရှိပါစေတာ့ ဟုခပ်ပေါ့ပေါ့သဘောထားလိုက်မိသည်။

အိမ်အပြင်ဘက်ထွက်ပြီး ဖိုးထူးတို့ဆီအလည်သွားမည်ဟု စိတ်ကူးလိုက်စဉ် အမေ့စကားသံထွက်ပေါ်လာသောကြောင့် ဖိုးသားသည် ခြေလှမ်းများ တုန့်ခနဲ့ ရပ်သွားရသည်။

“ဖိုးသား…ဒါက ဘယ်သွားမှာလဲ။”

“ဖိုးထူးတို့အိမ်ဘက်သွားခဏ အလည်သွားမလို့ပါ မေမေ။”

“မသွားရဘူး ပြန်လာခဲ့။ ဒီမှာ ထမင်းခူးထားတယ်။စားပြီးရင် ဘူးခွံတွေသွားကောက်ရမယ်။ အရွယ်က မရောက်သေးဘူး လမ်းသလားချင်မနေနဲ့။ဘယ်လောက်ရရ သွားရှာကောက်ခဲ့။အိမ်မှာနေရင် လူပိုဖြစ်လို့မရဘူးနော်။ အလုပ်နားထားတယ်ဆိုပြီး လူပိုလို့မနေနဲ့ ငါပြောတာကြားလား။”

ရုတ်တရက်မေမေ့စကားကြားရသည့်အခါ ဖိုးသား အလွန်တရာ၀မ်းနည်းသွားသည်။

သားက မေမေ့အတွက် အိမ်မှာလူပို တဲ့လားမေမေရယ်။ အိမ်ထောင့်မှာထိုင်ပြီးအရက်သောက်နေတဲ့ လူကြီးကတော့ လူပို မဟုတ်ဘူးတဲ့လား။ သားက မေမေ့ရဲ့သားပါ ။ သားက လူပို မဟုတ်ဘူးမေမေ။လူပိုဖြစ်ခြင်းဖြစ် အဲဒီလူကြီးက ဖြစ်ရမှာ ..။

အရက်ထိုင်သောက်နေသော ထိုလူကြီးကို ဖိုးသား လက်ညိုးထိုးပြီး ပြောလိုက်ချင်သော်လည်း စကားသံများက အပြင်သို့ ထွက်မလာပဲ စိတ်ထဲကသာပြောလိုက်မိသည်။

ဖိုးသား ပြောလိုက်လျှင် အရက်သောက်နေသည့် ထိုလူကြီးက သူ့ကိုမူးမူးနှင့်ထ ရိုက်လိမ့်မည်။ မေမေ ၀င်ဆွဲသည့်အခါ မေမေ့ကိုပါ ရိုက်လိမ့်မည်။ သူအရိုက်ခံရမည်ကိုမကြောက်သော်လည်း မေမေအရိုက်ခံရမည်ကိုတော့ ဖိုးသား ကြောက်ပါသည်။

တွေးရင်း သူခြေလှမ်းတို့ကို နောက်ပြန်ဆုတ်လာခဲ့မိသည်။ မေမေ အရံသင့်ခူးထားသည့် ထမင်းကို စားချင်စိတ်မရှိသည်နှင့် မစားတော့ပဲ အိမ်ဘေးတွင်ချိတ်ထားသော ဆာလာအိတ်စုတ်လေးကို ပုခုံးပေါ်တင်ကာ ဘူးခွံကောက်ဖို့ထွက်ခဲ့ လိုက်သည်။

အပြင်မှာ နေတွေပူနေသည်။
သူ့ရင်ထဲမှာလည်း ၀မ်းနည်းလွန်းသောကြောင့်
ဗလောင်ဆူနေသည်။

ပါးပြင်ပေါ်သို့ တလိမ့်လိမ့် ကျဆင်းလာသော မျက်ရည်များကိုတော့ ဖိုးသားသည် ခါတိုင်းလို မျက်တောင်ဖြားနှင့် မပုတ်ထုတ်တော့သလို သုတ်လည်း မသုတ်တော့ပါ။

မျက်ရည်တွေ အလိုရှိသလိုသာ
တလိမ့်လိမ့်ကျဆင်းပါစေတော့လေ..…။

ညီလေးငယ်
မြဝတီမဂ္ဂဇင်း
၂၀၂၁ ခုနှစ်၊ ဖေ​ဖော်ဝါရီလ။

***

တခြားသောဝတ္ထုများကိုဖတ်ရှုရန် Page ကို Follow လည်းလုပ်ထားပါနော်။