လူ့ငမိုက်ထွန်းကျော်

Posted on

လူ့ငမိုက်ထွန်းကျော်(စ/ဆုံး)

—————————

“ဒေါ်မြင့်ခိုင် ဒေါ်မြင့်ခိုင်”

“ဟဲ့ လှသောင်း ငါဒီမှာဘာဖြစ်လာတာလဲ
အော်ကြီးဟစ်ကျယ်နဲ့”

“ခင်ဗျားသား ထွန်းကျော် အရက်ဆိုင်မှာ
ရန်ဖြစ်လို့ဗျ ဘယ်သူမှလည်းဆွဲလို့မနိုင်ဘူး”

“ဟေ ဟုတ်လား ဘယ်သူနဲ့ဖြစ်တာလဲဟင်
လှသောင်း”

“မောင်ဝင်းနဲ့ ဖြစ်တာဗျ အခုလိုက်ခဲ့ဦး
ဟိုမှာတော်တော်သောင်းကြမ်းနေကြပြီ”

“ငါအခုပဲလိုက်ခဲ့မယ် ”

“လာဗျာ ကျွန်တော်နဲ့လိုက်ခဲ့ ဒေါ်မြင့်ခိုင်”

“အင်း ဒီကောင်လေးနဲ့တော့ခက်တော့တာပဲ
ဘုရားဘုရား ကျွန်မသားလေး ဘာမှမဖြစ်ပါစေနဲ့ဘုရား ”

===============

“ထွန်းကျော်ကိုဘာကောင်ထင်နေလဲ
ဟေ့ကောင် မောင်ဝင်း ”

“မင်းဟာမင်းဘာကောင်ကြီးဖြစ်ဖြစ်
စောက်ဂရုကိုမစိုက်ဘူးကွရှင်းလား”

“အုံး ဂွမ်း ဒုန်း”

“ကဲကွာ ခွပ်”

“အား ‘

“သေပေတော့ ငဝင်း”

“ဟဲ့သား ထွန်းကျော် တော်တော့
သားထွန်းကျော် လက်လွန်ခြေလွန်ဖြစ်ကုန်ပါ့မယ်
ဟဲ့ဆွဲကြပါဦး”

“ဟေ့ကောင်တွေ အခုရပ်ကြစမ်း”

“ဟင် သူကြီးလာနေပြီ ”

“သူကြီးလာတယ်လေ့”

သူကြီးလာသည်ဆိုမှရန်ပွဲကငြိမ်ကျသွားသည်။

“ထွန်းကျော် မောင်ဝင်း မင်းတို့တွေ
ရန်ဖြစ်ပြီးသတ်နေကြလို့ ငါလိုက်လာရတာကွ
ပြောကြစမ်းဘယ်လိုဖြစ်ကြတာလည်း”

“သူကြီး ဒီကောင် မောင်ဝင်းက
ကျုပ်ထိုင်နေကြ နေရာကို လာထိုင်လို့
ဒီကောင့်ကိုပညာကောင်းကောင်းပြလိုက်တာ”

“သူကြီး အရက်ဆိုင်ဆိုတာ ပိုက်ဆံပေးပြီး
သောက်ရတာပါ ဒါ့ကြောင့် ဘယ်ထိုင်ခုံမှာပဲ
ဖြစ်ဖြစ် ထိုင်ခွင့်ရှိပါတယ် ဒါကြောင့် ကျုပ်ကြိုက်တဲ့နေရာကျုပ်ထိုင်တာသူကြီး
ဒါကိုဒီကောင်ထွန်းကျော် အရင်လာရန်စလို့
ပြန်သတ်ရတာပါ”

“သွားစမ်းပါကွာ မင်းတို့ဒါလေးအတွက်နဲ့
ရန်ဖြစ်စရာလား မင်းတို့ကလေးတွေလား
နေရာလုနေရအောင် ဟမ် မရှက်ကြဘူးလား
မင်းတို့မှာလူ့အသိစိတ်လေးမရှိကြတော့ဘူးလား
လာခဲ့မင်းတို့၂ယောက်ကို ထိတ်တုံးခက်ပြီး
ဒဏ်ပေးရမယ် ဟေ့ကောင် သံခဲ ဝဏ္ဏ
ဒီကောင်တွေကိုခေါ်လာခဲ့ ”

“ဟုတ်ကဲ့သူကြီး ဟေ့ကောင်တွေလာ
မင်းတို့လိုက်ခဲ့ ”

“သူကြီး ကျွန်မတောင်းပန်ပါတယ် ကျွန်မသားလေးကို ထိတ်တုံးမခက်ပါနဲ့”

“ဒီမှာ ဒေါ်မြင့်ခိုင် ခင်ဗျားသားကို
ခင်ဗျားကြပ်ကြပ်အလိုက် ဒါကြောင့်
ဒီကောင်ဒီလောက်ဆိုးနေတာ
ဒီကောင်ကိုဒဏ်ပေးတဲ့အနေနဲ့ကျုပ်ခေါ်သွားရမှာပဲဒေါ်မြင့်ခိုင်”

သူကြီးကခပ်ပြတ်ပြတ်ပြောပြီးထွက်သွားလေသည်

သူကြီးကထွန်းကျော်နှင့်မောင်ဝင်းကို
၂ရက်တိတိဒဏ်ပေးလိုက်လေသည်။

………………………

“အမေ့ အမေ ကျုပ်ပြန်လာပြီ
ဗိုက်ဆာတယ်ဗျာ ထမင်ခူးပေး”

“သြော် အေးအေး သားခဏနော်
အမေဒီမှာအလုပ်ကလုပ်လက်စတန်းလန်းကြီး
ဖြစ်နေသေးလို့”

“ဟ အဲ့အလုပ်ကအရေးကြီးသလား
ကျုပ်ကအရေးကြီးတာလား အမေ့
မလိုချင်ဘူးဗျာ အခုစားချင်တယ် ”

“အေးပါ လုပ်ပေးပါ့မယ် အမေ့သားကလည်း
ဇွတ်”

“ကဲ ရော့ စားလို့ရပါပြီ”

“ဟ ဒါပဲလားဟင်းက”

“ဒါပဲရှိတယ်သားရယ် အမေ့မှာလည်း
ဟင်းကောင်းဝယ်ဖို့ ပိုက်ဆံမကျန်တော့လို့”

“ဟ မရှိရှာပြီးချက်ပေါ့ဗျ ဒီဟင်းနဲ့တော့
ကျုပ်မစားနိုင်ဘူး သွားစမ်းကွာ”

“ခွမ်း ဂလွမ်”

ထွန်းကျော်က ထမင်းပန်းကန်အား
လွှင့်ပစ်လိုက်လေသည်။

“သား ဘယ်လိုလုပ်လိုက်တာလည်း”

“ခင်ဗျားမြင်တဲ့အတိုင်းလုပ်လိုက်တာပဲ”

“သားရယ် ထမင်းဆိုတာ လူ့ရဲ့ကျေးဇူးရှင်
မစားချင်ရင်နေ မစော်ကားရဘူးသားရဲ့”

“မသိဘူး ကျုပ်စားချင်တာမရရင်
ကျုပ်ကဒီဟင်းတွေကျုပ်ကဘာလုပ်ရမှာလည်း”

“နောက်ရက်မှ အမေချက်ပေးပါ့မယ်
သားရယ် အမေ့မှာမရှိလို့ပါ ”

“မလိုချင်ဘူးဗျာ အခုကျုပ်ကို
ဟင်းရအောင်ဝယ်ပေးဗျာ ဒါပဲပြောမယ်”

“အေး ပါ အေးအေး”

ဒေါ်မြင့်ခိုင် တစ်ယောက်ရွာထဲက
ဟင်းချက်ရောင်းသည့်ဆိုင်သို့
အပြေးထွက်ခဲ့ရတော့သည်။

“မိဖြူ ငါ့ကိုအမဲသားလေး၂တုံးလောက်
ရောင်းပါလားအေ ငါနောက်ရက်ပေးပါ့မယ်”

“ထွန်းကျော် စားဖို့မလား အရီး”

“အေး ဟုတ်တယ် မိဖြူ ရယ်
ဒီနေ့ချက်တဲ့ဟင်းကိုမကြိုက်လို့
ငါ့ကိုရန်လုပ်နေတယ်လေ ဒါနဲ့ငါလည်း
နင့်ဆီပြေးလာခဲ့တာပဲ”

“အရီးမြင့်ခိုင်လည်း ထွန်းကျော်ရဲ့ဝဋ်တွေ
ဘယ်တော့များမှကုန်မပါ့မလည်းမသိဘူး”

“အေးပေါ့ဟယ် သားသမီးဆိုတော့လည်း
ငါ့မှာဒီအတိုင်းပဲကြည့်နေရတယ်
ဘယ်လိုမှဆိုဆုံးမလို့လည်းမရဘူး”

“ရော့ ဒီမှာအရီး အရီးမျက်နာနဲ့မလို့
ကျွန်မကရောင်းတာနော် ထွန်းကျော်သာဆိုရင်
ကျွန်မလှည့်ကိုမကြည့်တာ”

“အေးပါ နင့်ကိုငါနောက်မှပေးမယ်နော်”

“ရတယ်အရီး နောက်အေးအေးဆေးဆေးမှပေး
ရတယ်”

============

ဟင်းချက်ထုပ်လေးဆွဲကာထွက်သွားသည့်
ဒေါ်မြင့်ခိုင်အားကြည့်ပြီး သက်ပြင်းတစ်ချက်
ချနေမိတော့သည်။

ထွန်းကျော်က တစ်နေ့တစ်မျိုးမရိုးနိုင်အောင်
ဆိုးနေပေမယ့် မိခင်ဖြစ်တဲ့ဒေါ်မြင့်ခိုင်ကတော့
သားဆိုးသမီးဆိုးပစ်ရိုးထုံးစံမရှိဆိုသည့်အတိုင်း
သားဖြစ်သူထွန်းကျော်ကိုအင်မတန်ချစ်ရှာပေသည်။

အရက်ဖိုးဆိုရင် တောင်းလို့ရမှကြိုက်သည်
တောင်းလို့မရလျှင်လုယူတတ်သည်
အိမ်မှာရှိသည့်ပစ္စည်းတွေလည်း ခိုးယူပေါင်နှံကာ
အရက်ဖိုးရအောင်လုပ်ယူတတ်ပြန်သည်။

ဒေါ်မြင့်ခိုင်ကတော့ သူများခိုင်းသမျှ
အလုပ်လေးတွေလုပ်ရကာ ဝမ်းစာရှာဖွေနေရသည်
ထို့ကြောင့်ရွာထဲကလူများကပြောကြသည်

အားကောင်းမောင်းသန်သားက
မအေအိုကြီးရှာကျွေးတာစားပြီး
မအေကိုစော်ကားတဲ့ကောင် ဒင်းတစ်နေ့ကံကြီး
ထိုက်ဦးမယ် ဆိုပြီးအမြဲပြောတတ်ကြလေသည်။

ဘုရားမသိတရားမသိသံဃာလည်းမသိ
လူကြီးမိဘကိုလည်းသိတတ်ရကောင်းမှန်း
မသိသူဖို့ ရွာကလူများကထွန်းကျော်ဆိုရင်
ဝေးဝေးကရှောင်ကြသည်။

…………………………

“အမေ့ ကျုပ်အရက်သောက်ချင်တယ်
ကျုပ်ကိုအရက်ဖိုးပေး”

“မရှိပါဘူးသားရယ် အမေ့မှာ”

“ကြာတယ်ဗျာ ခင်ဗျားပေးမှသာပေးစမ်းပါ
လျာတွေရှည်မနေနဲ့ ပေး”

“တကယ်မရှိလို့ပါသားရယ်”

“ခင်ဗျား ဘုရားစင်ပေါ်ကိုပိုက်ဆံတွေ
သွားသွားထည့်နေတာကျုပ်မမြင်ဘူး
ထင်နေလား”

“သားရယ် အဲ့ပိုက်ဆံတွေက ရွာဘုရားကြီး
ပြန်လည်မွမ်းမံရင် လှူရအောင်လို့
အမေစုဆောင်းထားတာပါ သားရယ်
ဘုရားကိုရည်မှန်းပြီးလှူမယ့် ပိုက်ဆံတွေကို
သားစိတ်နဲ့တောင်မပစ်မှားကောင်းပါဘူးကွယ်”

“ဘာလို့မပစ်မှားကောင်းတာလည်း
မသိချင်ဘူးဗျာ ကျုပ်ကိုအဲ့ပိုက်ဆံပေး
ကျုပ်အရက်သောက်ချင်တယ်
ခင်ဗျားပေးရင်ပေး မပေးရင်ကျုပ်ပါသာ
ကျုပ်ယူမယ်”

“ဟဲ့ သားမလုပ်ပါနဲ့ကွယ် အမေတောင်းပန်ပါတယ်
သား သား လူလေးမင်းမှားမယ်”

ထွန်းကျော်က ပြောပြောဆိုဆို အိမ်ပေါ်တက်ကာ
ဘုရားစင်၏အနောက်မှ စုဗူးအားယူကာ
ခွဲလိုက်သည်။

“ခွမ်း”

“ဟား ဟား ဒီလောက်ဆိုရင် ငါ့အတွက်
တစ်ပတ်စာလောက်မပူရတော့ဘူး”

“သားရယ် လူလေးမလုပ်ပါနဲ့အမေတောင်းပန်ပါတယ်
ဒါဘုရားကိုရည်မှန်းထားတဲ့ပိုက်ဆံတွေမလို့
အမေ့ကိုပြန်ပေးပါနော် ”

“ဖယ်စမ်းပါဗျာ လာမရှုပ်နဲ့ ကဲ”

“အောင်မယ်လေး အားကျွတ်ကျွတ်ကျွတ်”

မိခင်ဖြစ်သူဒေါ်မြင့်ခိုင်အား သန်မာလှသည့်
ယောက်ျားအားဖြင့်တွန်းလိုက်သည့်အတွက်
အိမ်ပေါ်မှာပက်လက်လန်လဲကျသွားသည်
ထောက်မိတဲ့လက်တစ်ဖက်က အကြောတင်
သွားကာမလှုပ်နိုင်တော့။

ထွန်းကျော် ဒေါကြီးမောကြီးဖြင့် အရက်ဆိုင်
သို့ထွက်သွားမှ အိမ်နီးချင်းများရောက်လာကြပြီး

“ဒေါ်မြင့်ခိုင် ကျုပ်တို့အသံတွေကြားလို့
လာချင်နေတာ ထွန်းကျော်ကိုကြောက်လို့သာ
မလာရဲတာပါရှင် ဘာဖြစ်သွားသေးလဲဟင်”

“ရ ရပါတယ် လက်ကောက်ဝတ်အကြောတင်သွားရုံလေးပါ
ဘာမှမဖြစ်ပါဘူး”

“တောက် ဒီကောင်ကံကြီးထိုက်မယ့်ကောင်
မွေးထားတဲ့မအေကိုကွာ ရက်ရက်စက်စက်
တွန်းထုတ်ပစ်ရတယ်လို့ ကွာ”

“အေးကွာ ဒီလိုကောင်မျိုးသာငါ့ညီ
ငါ့သားဖြစ်ကြည့် ငါကိုယ်တိုင်အသေသတ်ပစ်ချင်တယ်”

“ဒေါသတွေလျှော့ကြပါဦး ဒီကအရီးမြင့်ခိုင်ကို
ဆေးလေးဘာလေးလိမ်းပေးကြဦး”

“လာ လာအရီး ထိုင်နိုင်လား”

“အေး အေး ငါထိုင်နိုင်ပါတယ်ကွယ်
အင်း ကိုထွန်းသာရေ ရှင်ကတော့
ဝဋ်ကျွတ်သွားပြီး ဘာမှမသိနိုင်ပေမယ့်
့ကျွန်မမှာတော့ ရှင့်သားရဲ့ဒဏ်တွေကို
အခုထိခံနေရတုန်း ဟီး ဟီး ဟီး”

“မငိုပါနဲ့ အရီးမြင့်ခိုင် ကျွန်မတို့လည်း
ရှိနေတာပဲ ဘာမှအားမငယ်နဲ့နော်”

==============

ထွန်းကျော်ကတော့ အရက်ဆိုင်မှာ
အမြည်းကောင်းစားကောင်းသောက်ကောင်း
နေလေသည်။

ဘုရားအတွက်ရည်စူးရည်မှန်းထားသည့်
ငွေတွေကိုလည်းတစ်ရက်ပြီးတစ်ရက်ဖြုန်းတီး
လိုက်ပေသည်။

လူမိုက်နှင့်ငွေအတူမနေဟူသော
စကားလိုပင် ထွန်းကျော်လက်ထဲ ငွေအားလုံး
၅ရက်ပင်မကြာပါ အားလုံးကုန်ဆုံးသွားတော့သည်။

“အမေ ခင်ဗျားမှာ စုထားတဲ့ပိုက်ဆံရှိသေးလား
ကျုပ်ကိုပေး”

“ဘာမှလည်းမရှိတော့ဘူး ဘာမှလည်းစုမထားနိုင်ဘူး မင်းသုံးလို့
မင်းဖြုန်းလို့ကုန်ပြီ ”

“ဟာဗျာ နားငြီးတယ် ”

“နားငြီးလည်းမတတ်နိုင်ဘူး ငါလည်း
မင်းကိုသည်းခံပြီးနေလာတာ လွန်လှပြီ
မင်းငါ့အိမ်ကအခုထွက်သွား သွား သွား”

“ဒီမယ် အဖွားကြီး ခင်ဗျားအိမ်မှာကျုပ်က
သိပ်နေချင်လို့များနေတယ်ထင်နေသလား
ကျုပ်သွားမယ် ကျုပ်သေလည်း ခင်ဗျားမငိုနဲ့
ခင်ဗျားသေလည်း ကျုပ်မလွမ်းဘူး
သဘောပေါက်လား”

“အမယ်လေး ကြွကြွ ကြိုက်တဲ့နေရာကြွ
သွားငါနဲ့ဝေးလေ ကောင်းလေပဲ”

==============

တကယ်တော့ ဒေါ်မြင့်ခိုင် စိတ်ပေါက်တုန်းသာ
ပြောလိုက်မိသည်။
သူ့ရင်ထဲမှာမီးလောင်နေသည့်အလား
ပူပြင်းလွန်းလှပေသည်။

အိမ်ကထွက်သွားသည့်သား ဘာဖြစ်နေမလဲ
ဘာလုပ်နေမလဲဆိုတာ စဉ်းစားရင်း
အိပ်မပျော်နိုင်ဖြစ်နေရပေသည်။

“အရှင်ဘုရား တပည့်တော်မသားလေးကို
ကြည့်ရှုစောင့်ရှောက်ပေးတော်မူပါ ဘုရား”

=============

“ဟာကွာ အရက်သောက်ချင်ပါတယ်ဆိုမှ
ပိုက်ဆံကလက်ထဲမရှိဘူး အဖွားကြီးကလည်း
ငါ့ကိုအိမ်ကနှင်ချလိုက်သေးတယ်
ငါဘယ်လိုလုပ်ရမလဲ ကြံစမ်း ထွန်းကျော်
မင်းကြံစမ်းကွာ”

“ဟာ ဟုတ်ပြီ ဟား ဟား ဟုတ်ပြီ”

ထွန်းကျော် တစ်ယောက်သူ့အကြံနှင့်သူ
အပျော်ကြီးပျော်ပြီး ရွာ၏ဘုရားကြီးဆီသို့
ရောက်လာခဲ့သည်။

ဘုရားရှေ့ရောက်တော့ ဘုရား၏အဝင်ဝ
တံခါးကြီးကပိတ်ထားလေသည်။

“တံခါးကသော့ခတ်ထားတာပဲ ငါဘယ်လို
လုပ်ဖွင့်ရမလဲ ”

အနီးဝန်းကျင်လိုက်ရှာကြည့်လိုက်တော့
ကျောက်တုံးအကြီးများစွာတွေ့လိုက်ပြီး
အမာဆုံးကျောက်တုံးတစ်တုံးကို
ယူလိုက်သည်။

“ဒုန်းဒုန်း ဒုန်း ”

“ဟာ ဘာသံလဲဟ ‘

“အေးကွ ဟုတ်ပါရဲ့ ဘာသံပါလိမ့်
တဒုန်းဒုန်းဒုန်းနဲ့ ဘုရားဘက်ကလာတဲ့
အသံထင်တယ်ကွ လာသွားကြည့်ရအောင်”

ဘုရားအနီးနေထိုင်သူများက အသံကြား၍
လာရောက်ကြည့်ရှုကြလေသည်။

“ခွမ်း”

“ဟာ ငွေတွေအများကြီးပဲ ဟေဟေး
ဒီလောက်ဆိုငါ့အတွက် လုံလုံလောက်လောက်
သောက်လို့စားလို့ရပြီကွ ”

“ဟင် ထွန်းကျော် မင်းဘုရားအလှူခံပုံးကို
ရိုက်ခွဲပြီး အလှူငွေတွေခိုးနေပါလားကွဟေ”

ထွန်းကျော် ဘုရားအလှူခံပုံးထဲကငွေတွေ
ခိုးတာလူမိသွားတော့ ပိုက်ဆံများကို
ရသလောက်ယူကာ လူနှစ်ယောက်အကြား
အတင်းတိုးကာထွက်ပြေးလေသည်။

“ဟေ့ကောင် လိုက် လိုက်လိုက်
လာကြပါဦးဗျို့ ထွန်းကျော် ဘုရားငွေတွေ
ခိုးပြေးလို့ လာကြပါဦး ”

ရွာသား၂ယောက်ကအော်သဖြင့် ရွာထဲက
လူများလည်းနိုးသွားကြပြီး မီးတုတ်များထွန်းငြှိသူကငြှိ တုတ်ဓားဆွဲကာ
လိုက်ကြလေသည်။

“ဟေ့ကောင် ထွန်းကျော် မင်းမပြေးနဲ့
မင်းပြေးလို့ မလွတ်ပါဘူးကွာ”

“ဖုံး ဘုန်း ဘုန်း ဟောဟဲ ဟဲ ဟဲ
ဟာ ငါ့ကိုမှီတော့မယ် ငါဘယ်လိုလုပ်ရမလဲ”

“လိုက်ဟေ့ လိုက်ကြ မိလို့ကတော့ကွာ”

ထွန်းကျော် ရှေ့ကပြေး နောက်ကလူအုပ်ကြီး
ကလည်းသည်းသည်းမည်းမည်းလိုက်
နေတုန်းပင်။

“မဖြစ်ဘူး ငါသူတို့မမြင်အောင်တောထဲဝင်ပြေးမှ

“ဟာ ဟိုကောင်ထွန်းကျော် တောထဲဝင်ပြေး
သွားပြီ မလွတ်စေနဲ့ မျက်စိကိုရှင်ရှင်ထားကြ”

ထွန်းကျော် မှောင်မှောင်မဲမဲကြီးထဲ
အတင်းစွတ်ပြေးသည်။

ဘာဆိုဘာမှသိပ်မမြင်ရ တစ်ခါတစ်ခါ
မှောက်လျက်လဲလေသည်။
ရွာကလူတွေမိရင်အသေဆော်မည်ဆိုတာ
သိသဖြင့်အတင်းကုန်းရုန်းကာထပြီး
ပြေးလေသည်။

တစ်နေရာသို့ အရောက် ထွန်းကျော်နောက်က
လူအုပ်ကြီးကိုလှည့်အကြည့် ခြေချော်ကျသွားလေတော့သည်။

“စွပ် အွန့် ”

“အား ”

“ဒီအနားလေးတင်ပျောက်သွားတာကွ
လိုက်ရှာကြစမ်း”

“ဟာ ဟိုမှာ ထွန်းကျော် သစ်ငုတ်ကြီးဗိုက်စိုက်လို့

“ဘယ်မှာလဲ မီးတုတ်ထိုးပြီးပြစမ်း”

“ဟာ ”

“ဟေ ”

“ကောင်းတယ် ဒီလိုလူ့ငမိုက် ဒီလိုပဲ
သေတာကောင်းတယ်”

“မှတ်ထား မပစ်မှားကောင်းတဲ့ အရာကို
ပစ်မှားလို့မင်းအခုလိုဖြစ်ရတာ နည်းတောင်နည်းသေးတယ် ”

“အ အဟွတ် အား ”

ထွန်းကျော် ပါးစပ်ထဲမှသွေးများစီးကျနေသည်
ရွာသားများ၏တစ်ယောက်တစ်ခွန်း
ပြောနေသံများကိုလည်း သူကြားနေရသေးသည်

ထိုစဉ် အမျိုးကြီးတစ်ဦးအပြေးအလွှားရောက်
လာလေသည်။

“သား သားလေး ကျွန်မသားလေးရော
ကျွန်မသားလေးကိုမသတ်ကြပါနဲ့ရှင်”

ဒေါ်မြင့်ခိုင်ဖြစ်သည် သား၏သတင်းကိုကြား၍
အတင်းပြေးလိုက်လာခြင်းဖြစ်သည်။

“ဒေါ်မြင့်ခိုင် ခင်ဗျားသား ကဟိုမှာ”

“ဟင် သားလေး ဖြစ်မှဖြစ်ရလေသားရယ်”

“ခင်ဗျားသားက ဘုရားငွေတွေကို
ခိုးပြီးအပြေးကျွန်တော်တို့တွေကနောက်က
လိုက်တော့ ခင်ဗျားသားတောထဲဝင်ပြေးတာ
အခုခင်ဗျားမြင်တဲ့အတိုင်းပဲ
သူ့အပြစ်သူသင့်နေပြီလေ”

“အောင်မယ်လေး သားလေးရယ်
ဖြစ်မှဖြစ်ရလေ အမေအတန်အတန်ပြောပါတယ်
မပစ်မှားကောင်းတာကို မလုပ်ပါနဲ့လို့
အခုတော့အမေ့သားကြီး ကိုယ်ကျိုးနည်းပါပေါ့လား ဟီး ဟီး ဟီး”

“သား သ သားကို ခွင့် ခွင့်လွှတ်ပါအမေ ”

“သား”

ထွန်းကျော် နောက်ဆုံးတောင်းပန်စကား
ပြောရင်းအသက်ထွက်သွားလေတော့သည်။

“သား သားလေး သားလေးရဲ့ အမေရင်ကျိုးပါပြီသားရယ်”

ဒေါ်မြင့်ခိုင်အတွက်အားလုံးက
စိတ်မကောင်းဖြစ်ပေမယ့် လူ့ငမိုက်
ထွန်းကျော်ကိုတော့ သနားမည့်သူ တစ်ဦးတစ်ယောက်မှမရှိပေ။

ရွာထဲကလူ့ငမိုက်ထွန်းကျော် သေဆုံးသွားပြီး မိခင်ဖြစ်သူ
ဒေါ်မြင့်ခိုင်လည်း အေးချမ်းရာအမှန်ဖြစ်သော သာသနာ့အရိပ်သို့အပြီးတိုင် ဝင်ရောက်ခဲ့လေတော့သည်။

မပစ်မှားကောင်းသည့်အရာများကို
ပစ်မှားမိကြသူများ၏နောက်ဆုံး
အဆုံးသတ်ဟာမည်သို့မှကောင်းလိမ့်မည်
မဟုတ်ပေ

ပြီးပါပြီ ……
#အောင်ဓူဝံ #ရေစကြို