လောင်းကြေးထပ်တဲ့ည(စ/ဆုံး)
———————————
“အေးမြ ညည်းကြားပြီးပြီလား”
“ဘာတုန်းအရီးလှရဲ့ ပြောပါအုံး”
“ရွာမြောက်ပိုင်းက ဖိုးသာလှလေ မနေ့ကညနေမိုးချုပ်ချုပ် သင်္ချိုင်းနားကဖြတ်ပြီးပြန်လာတာ သင်္ချိုင်းထဲကသရဲကခြောက်လွှတ်လို့ အခုလန့်ဖျားဖျားနေတယ်ဆိုပဲအေ့။
“ဟယ်ဟုတ်လား သူကလည်းအဲဒီအချိန်ကြီးကြမှ ဘာလို့သင်္ချိုင်းနားကဖြတ်ပြီး ပြန်လာရတာလဲ။
“သူ့အမေ မသိန်းမေက ဟိုဘက်ရွာကိုပဲဖိုးတွေသွားတောင်းခိုင်း လို့သွားတောင်းတာဆိုပဲ။ ပဲဖိုးတောင်းပြီးပြန်အလာ မိုးချုပ်သွားလို့ သရဲခြောက်ခံရတာနေမှာပေါ့အေ။
“သူ့နေရာမှာဆိုကျုပ်သာဆိုရင် အဲဒီနေရာမှာတင်ပွဲချင်းပြီး သေသွားလောက်တယ်အရီးလှရေ”
“အေးပေါ့ သူ့လိုသန်သန်မာမာ ယောကျာ်းကြီးတောင်အခုလောက် ဖြစ်သွားတာ၊ငါတို့လိုမိန်းမသားတွေဆို အသက်ပါထွက်သွားရချေရဲ့အေ။
“ဘာတွေများအသက်ထွက်နေရတာလဲ အရီးလှရဲ့”
“ဘာဖြစ်ရမလဲ မိထိုက်ရယ် ဖိုးသာလှသရဲခြောက်ခံရတဲ့အကြောင်းပြောနေကြတာအေ့”
“ဘယ်လိုခြောက်ခံရလို့လဲ အရီးလှရဲ့”
“မနေ့ကညနေစောင်းတုန်းက ဟိုဘက်ရွာကနေပဲဖိုးတွေတောင်းပြီး ပြန်အလာ၊သင်္ချိုင်းထဲကသရဲက နောက်ကလိုက်လာပြီးခြောက်လှန့် လွှတ်လိုက်လို့၊အခုဖိုးသာလှလန့်ဖျား ဖျားနေပြီလေ။
ဒါကြောင့်သူ့နေရာမှ ငါတို့မိန်းမသားတွေ ဆိုရင်တစ်ခါတည်းအသက်ပါ ထွက်လောက်တယ်လို့ ပြောနေကြတာ”
“အံမယ်လေး အရီးလှရယ် ဒီလောက်လေးခြောက်ခံရတာများ အဖြစ်သည်းနေလိုက်တာရှင်။
“ဟဲ့,ဒီလောက်လေးလို့ပြောရအောင် ညည်းသာသူ့နေရာမှာဆို ဘယ်လိုလုပ်မလဲအေ့။
“ကျွန်မကတော့ မကြောက်ပေါင် သရဲဆိုတာဂျိုနဲ့လားလို့တောင် မေးလိုက်ချင်သေးတယ်”
“မထိုက်ကသရဲမကြောက်တတ်ဘူးလား
“မကြောက်လို့ပြောတာပေါ့အေ့ သရဲဆိုတာအလကားပါအေ မရှိတာကိုအရှိလုပ်ပြီး လူတွေက ပြောနေကြတာပါအေ”
“သရဲဆိုတာတကယ်ရှိတာပါမထိုက်ရဲ့ ”
“သရဲတကယ်ရှိတယ်ပြောရအောင် အေးမြညည်းကသရဲကိုမြင်ဖူးလို့လား”
“မြင်တော့မမြင်ဖူးပါဘူး ဒါပေမယ့်သူများတွေအခြောက်ခံရတယ် ဘုရားဟောထဲမှာလည်းပါတယ်လေ မြင်အပ်မမြင်အပ်ဆိုတဲ့အရာတွေ ဘာလဲမထိုက်ကဘုရားဟောတွေကို ဆန့်ကျင်ချင်သေးတာလား”
“ဘုရားဟောတာကိုဆန့်ကျင်တာ မကျင်တာအပထား၊ငါ့သဘောကတော့ သရဲဆိုတာတကယ်မရှိဘူး။
“ဒါဖြင့်မိထိုက် ညည်းနဲ့ငါနဲ့ အလောင်းအစားတစ်ခုလုပ်မလား”
“ဘာအလောင်းအစားလဲအရီးလှရဲ့ ပြောစမ်းပါအုံး”
“ညည်းကိုမနက်ဝေလီဝေလင်းကြီး အမဲသားစိမ်း၅တွဲကိုင်ပြီး သင်္ချိုင်းထဲကဖြတ်ခိုင်းမယ် အမဲသားတွဲတွေလုံးဝမလျော့ရဘူး၊ပြီးတော့သင်္ချိုင်းကိုတစ်ပတ်ပတ်ပြီး ရွာကိုပြန်လာနိုင်ရင် ညည်းကိုငါက ဆန်တစ်အိတ်အလကားပေးမယ် ဘယ်လိုလဲ စိန်ရဲလား”
“လုပ်လိုက်လေ ကြာသလားလို့ ဒါမျိုးဆိုမိထိုက်တို့ကသိပ်စိတ်ဝင်စားတာ။ ကျွန်မလုပ်နိုင်ရင်သာ အရီးလှကတိမပျက်ပါစေနဲ့”
“အိုအေ,မိလှတို့က လူကြီးပါ လူကြီးစကားတည်စေရမယ် ဟုတ်ပြီလား”
“ကောင်းပြီ အရီးလှ ညနေကြရင်အမဲသားတွဲတွေ ကျွန်မလာယူမယ်”
“သြော်ဒါနဲ့ မိထိုက် ညည်းကိုငါတစ်ခု ပြောရအုံးမယ်”
“ဘာလဲ အရီးလှ”
“အမဲသားတွေလာယူပြီးမှ သင်္ချိုင်းထဲမသွားပဲ ဟိုယောင်ယောင် သည်ယောင်ယောင်မလုပ်ပါဘူးလို့ ငါ့ကိုကတိပေးနိုင်မလား။
“အို့ ဘာလဲအရီးလှက ကျွန်မကိုအထင်သေးတာလား မိထိုက်ပါအရီးလှရယ် ဒီလောက်ကသွေးမနည်းပါဘူးရှင် မယုံရင်အရီးလှနောက်ကနေလိုက် ကြည့်လို့ရပါတယ်ရှင်”
“မလိုက်တော့ပါဘူး မိထိုက်ရယ် ညည်းကိုယုံပါတယ်”
“မထိုက်အစား ကျွန်မတော့ ရင်တွေတုန်ပါတယ်တော်”
ဤသို့ဖြင့်အရီးလှနှင့်မထိုက်၏ လောင်းကစားပွဲကစတင်ခဲ့လေ သည်။
မထိုက်လည်းညနေစောင်းသည်နှင့်အရီးလှအိမ်သို့သွားကာအမဲသားတွဲ၅တွဲအား ယူပြီးအိမ်၌သိမ်းထားလိုက်သည်။
မနက်၃နာရီထိုးသည်နှင့်အိမ်မှ ထွက်လာခဲ့သည်။ ပထမဦးစွာအရီးလှအိမ်သို့ဝင်ကာ သင်္ချိုင်းထဲသို့သွားတော့မည့်အကြောင်း ဝင်ပြီးအသိပေးလိုက်သည်။ ပြီးမှရွာထဲကထွက်ခဲ့တော့သည်။
လက်နှိပ်ဓာတ်မီးအရောင်ကြောင့် ပတ်ဝန်းကျင်အားကောင်းစွာမြင် ရလေသည်။ ပတ်ဝန်ကျင်းတစ်ခုလုံးပိန်းနေအောင် မှောင်လျက်ရှိနေသည်။ လောကကြီးတစ်ခုလုံး မထိုက်နှင့် သူမ၏ဓာတ်မီးအလင်းရောင်သာ ရှိနေတော့သည်။ တဖြည်းဖြည်းနှင့်မထိုက်တစ်ယောက် သင်္ချိုင်းဆီသို့ရောက်လာခဲ့သည်။
“အူ ဝူး ဝူ အူး’
ရုတ်တရက်ဆွဲဆွဲငင်ငင်အူလိုက်သည့် ခွေးအူသံကြောင့်မထိုက်ရဲ့တစ်ကိုယ်လုံး ကြက်သီးမွှေညှင်းများထသွားလေ သည်။ သင်္ချိုင်းထဲသို့စတင်ခြေလှမ်းလိုက်သည် နှင့်စိတ်ထဲတွင်မသိုးမသန့်ဖြစ်ကာ အနည်းငယ်ခြောက်ခြားလာသည်။
“ဂီး ဂီး” “ဖလပ် ဖလပ် ဖလပ်”
“ဟင့်’
ရုတ်တရက်နံဘေးမှဖြတ်ပျံသွားသော ညည့်ငှက်တစ်ကောင်ကြောင့်မထိုက် လန့်ဖျန့်သွားသည်။ ယခုမှသင်္ချိုင်းထဲသို့စပြီးဝင်ရုံ ရှိသေးသည်ခြောက်ခြားမှုက တစ်စတစ်စဖြင့်တိုးလာနေတော့သည်။
“ရှပ် ရှပ် ရှပ်”
“ဟင်”
အနောက်မှကြားလိုက်ရသည့် အသံကြောင့်ကမန်းကတန်း မီးဖြင့်ထိုးကြည့်လိုက်သည်။ ခြုံပုပ်များလှုပ်ရှားယိမ်းထိုးနေသည် သက်ရှိနှင့်တူသည့်အရာဟူ၍ လုံးဝမတွေ့ရပေ။
“ဘုတ်” “ဟာ”
အနောက်မှဘုတ်ကနဲဟူသည့် အသံကြောင့်ဓာတ်မီးဖြင့်ထိုးကြည့် လိုက်ရာမြေကြီးခဲတုံးတစ်တုံးကိုသာ တွေ့ရသည်။ မထိုက်လည်းမိမိစိတ်ကိုမိမိပြန်တင်းကာ သင်္ချိုင်းထဲသို့စတင်လျှောက်လှမ်းလာ တော့သည်။ လက်မှဆွဲထားသည့်အမဲသားစိမ်းက ပရလောကသားများရဲ့အကြိုက်ဆုံး အရာဖြစ်နေသည်။
ထိုအသားစိမ်းများကို ကိုင်ဆွဲကာ သင်္ချိုင်းကိုတစ်ပတ် ပတ်ရမည်မှာ မိမိအတွက်တစ်ကမ္ဘာလောက် ကြာသည်ဟုထင်ရလေသည်။ မြေပုံထဲကအလောင်းကောင်ကြီးများက ရုတ်တရက်ထွက်ပေါ်လာပြီးမိမိခြေထောက်အားဆွဲထားမည်လားဟု တွေးတောကာကြောက်နေမိပြန်သည်။
“အီး ဟီးဟီး”
ဟင်”
သွေးပျက်ဖွယ်ညည်းသံကြီးက နားထဲသို့အတိုင်းသားဝင်ရောက်လာ လေသည်။ သင်္ချိုင်းကြီးတစ်ခုလုံး မည်းမည်းအရိပ်ကြီးများ၊ဖြူဖြူအရိပ်ကြီးများက တရွေ့ရွေ့လှုပ်ရှားသွားလာနေကြ သည်။ မထိုက်လည်းရသမျှဘုရားစာ အကုန်ရွတ်ဆိုပေမယ့် ထိုအရာများက ပျောက်ကွယ်သွားခြင်းမရှိသေးပေ။
ထိုအချိန် မိမိလက်ထဲမှ အသားစိမ်းတွဲအား တစ်ယောက်ယောက်က လာပြီးဆွဲသလို ခံစားလိုက်ရသည်။ မထိုက်လည်းဓာတ်မီးရောင်ဖြင့် ထိုးကြည့်လိုက်ရာ
“အား,,,,,
အသားစိမ်းတွဲအား အရိုးစုလက်ကြီးက ဆွဲယူနေသည်ကိုမြင်လိုက်ရပြီး ထိတ်လန့်တကြားအော်ဟစ်မိလိုက် တော့သည်။
“လွှတ် လွှတ်စမ်း မအေ×သရဲ”
ကြောက်ကြောက်လန့်လန့်ဖြင့် ပါးစပ်မှဆဲဆိုလိုက်ပြီးအရိုးစုလက်ကြီး ထံမှအသားတွဲအား အားကုန်ဆောင့်ဆွဲ လိုက်သည်။
အမဲသားတွဲကထိုအရိုးစုလက်ကြီးထံမှ အကောင်းအတိုင်းပြန်ပါလာလေသည်။ ယခုမှသင်္ချိုင်းဧရိယာ၏တစ်ဝက်ပင် ရှိသေးသည်၊ခြောက်လှန့်မှုမျိုးစုံဖြင့် ခြောက်လှန့်ခြင်းခံနေရလေသည်။ မထိုက်လည်းမြန်မြန်လျှောက်နိုင်လျှင် ဤသင်္ချိုင်းအတွင်းမှမြန်မြန်ထွက်နိုင် မည်ဟုသိကာခြေလှမ်းအား ခပ်သွက်သွက်လျှောက်လိုက်တော့ သည်။
“ကြိုက်သလောက်ခြောက်ကြ ကြိုက်သလိုခြောက်ကြစမ်း ငါမကြောက်ဘူး ငါမကြာက်ဘူး သရဲဆိုတာတကယ်မရှိဘူး”
မိမိစိတ်ကိုမိမိအားပေးသည့်အနေဖြင့် ပါးစပ်မှတတွတ်တွတ်ရွတ်ဆိုနေ သည်။ လက်ထဲမှအသားစိမ်းတွဲကိုလည်း ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ပြီး ခပ်မြန်မြန်လျှောက်လှမ်းနေသည်။
တစ်ခါတယံအမွေးအမျှင်များနဲ့ လက်ကြီးများကအသားတွဲအား လာရောက်ဆွဲနေကြသည်။ အသားတွဲအားသရဲလက်ထံပါမသွား စေရန်ဂရုတစိုက်ဖြင့်စောင့်ကြည့်နေ ရသည်။
တဖြည်းဖြည်းနှင့်သင်္ချိုင်းတစ်ပတ် ပြည့်တော့မည်ဖြစ်သည်။ မထိုက်လည်းအားတတ်သွားပြီး ခြေလှမ်းကိုအရင်ကထက်ပိုပြီး အားစိုက်ကာလျှောက်လိုက်သည်။
သင်္ချိုင်းထဲမှနာနာဘာဝ၊ပရလောက သားများကလည်း မထိုက်နောက်ကို သည်းကြီးမဲကြီးဖြင့်လိုက်လာနေ ကြသည်။ မိမိနေရာ၌တခြားသူသာဆိုလျှင်ထိုနေရာမှာပင်ထိတ်လန့်ပြီး လဲကျသေဆုံးသွားနိုင်သည်။ တဖြည်းဖြည်းနှင့်သင်္ချိုင်းဧရိယာ အားကျော်လွန်လာခဲ့ပြီဖြစ်သည်။
သင်္ချိုင်းထဲမှသရဲများလည်း မထိုက်နောက်ကိုဆက်မလိုက်လာတော့ပဲသင်္ချိုင်းအတွင်း၌သာ ကျန်ရစ်ခဲ့ကြ လေသည်။ မထိုက်လည်းမောဟိုက်နေသည့် ရင်အစုံကိုဖိကာအမောဖြေနေ လိုက်သည်။ ပြီးနောက်ရွာသို့ပြန်လာခဲ့တော့သည်။
ရွာထိပ်ရောက်တော့ မိမိအား ထွက်စောင့်နေသည့် အရီးလှနှင့် ရွာသူရွာသားအချို့အားမြင်လိုက် ရသည်။
“မိထိုက်ညည်းလုပ်နိုင်ခဲ့ပြီပဲ ငါထင်ကိုမထင်ထားခဲ့ဘူးအေ ဒီပွဲမှာညည်းနိုင်ပါတယ်။ ငါလည်းငါ့ကတိအတိုင်းညည်းကို ဆန်တစ်အိတ်ပေးလိုက်ပါ့မယ်ကွယ်”
“အံမယ်လေး အရီးလှရယ် ကျွန်မအရီးလှပေးတဲ့ဆန်တစ်အိတ် လည်းမယူချင်တော့ပါဘူး။ နောက်ကိုလည်းဘယ်တော့မှ အခုလိုသရဲတစ္ဆေတွေရှိတဲ့နေရာကို အလောင်းအစားလုပ်ပြီးမသွားဝံ့တော့ပါဘူးရှင်”
“ညည်းဘာဖြစ်ခဲ့လို့လဲ မိထိုက်” “ကျွန်မအခုတော့မပြောပြနိုင်သေးဘူး ပြီးမှအပြည့်အစုံရှင်းပြပါ့မယ် အခုတော့ကျွန်မကိုရေလေးတစ်ခွက် လောက်တိုက်ကြပါရှင်။ ကျွန်မမောလွန်းလန့်လွန်းလို့ သေရပါလိမ့်မယ်”
“ဟဲ့ဟဲ့ ရေတစ်ခွက်လောက် တိုက်လိုက်ကြပါကွယ်
” “ခဏခဏ ကျုပ်သွားခပ်ပေးမယ်”
ရွာသားတစ်ယောက်ကအလျင်အမြန် ပြေးထွက်သွားပြီးရေတစ်ခွက်အား ခပ်တိုက်လိုက်သည်။ ရေခွက်ထဲမှရေများအား တစ်ကျိုက်ထဲမော့သောက်ပြီး ခေတ္တခဏအမောဖြေလိုက်သည်။
ပြီးမှသင်္ချိုင်းထဲတွင်မိမိကြုံတွေ့ခဲ့သော အကြောင်းအများကို အလုံးစုံရှင်းပြ လိုက်တော့သည်။ နားထောင်နေကြသည့်အရီးလှနှင့် ရွာသူရွာသားအပေါင်းတို့လည်း ပါးစပ်အဟောင်းသားများဖြစ်ကာ ထိတ်လန့်နေကြတော့သည်။
“မိထိုက်ညည်းကိုငါတကယ် ချီးကျူးပါတယ်ကွယ်၊တော်ရုံယောကျာ်းတစ်ယောက်တောင် မသွားရဲတဲ့နေရာကိုညည်းတစ်ယောက် တည်းသွားရဲတဲ့သတ္တိ ငါတကယ် အံ့သြမိပါတယ်အေ။ ညည်းလက်ခံချင်နေမခံချင်နေ ငါကတော့ငါပြောထားတဲ့အတိုင်း ဆန်တစ်အိတ်ပေးရမှာပါ ဟုတ်တယ်လေ ညည်းအသက် မတော်လို့သေဆုံးသွားရင် ဘယ်လိုလုပ်မလဲ ဆန်တစ်အိတ်ထက်စာရင် အသက်တစ်ချောင်းကပိုပြီး အရေးကြီးပါတယ်လေ”
“ဟုတ်ပါတယ် အရီးလှရယ် ကျွန်မလည်းမလောင်းသင့်တာကိုမှ စိန်ခေါ်ပြီးလောင်းလိုက်မိတာ ကျွန်မအမှားလည်းမကင်းပါဘူးရှင်”
“ကဲကဲ ညည်းလည်းနားလိုက်အုံး”
“ဟုတ်ကဲ့အရီးလှ”
ဆန်တစ်အိတ်လောင်းကြေးထပ်ကာ
အသားစိမ်းဖြင့်သင်္ချိုင်းထဲတစ်ပတ် ပတ်ရဲခဲ့သည့်မထိုက်၏သတ္တိအား တစ်ရွာလုံးချီးကျူးမဆုံးဖြစ်နေကြ တော့သည်။
ထိုနေ့ကစပြီး မထိုက်လည်း သရဲတကယ်ရှိသည်ကိုယုံကြည်ပြီး မည်သူနဲ့မှအလောင်းအစားမပြု ရဲတော့သည််မှာ ယနေ့ထိတိုင်ပင် ဖြစ်သည်။
ဖြစ်ရပ်မှန်ဇာတ်ကြောင်းအား ပြောပြပေးပါသောအစ်မကိုလည်း ကျေးဇူးတင်ရှိပါကြောင်းပြောကြားပါ ရစေ။
ပရလောကသားတို့နှင့်ပတ်သက်လာ လျှင် ဘယ်သောအခါမှ အလောင်းအစားမပြုသင့်ပါကြောင်း ထပ်လောင်းမှာပါရစေ စာဖတ်သူတို့။ ကျေးဇူးအထူးတင်လျက်