လောဘနွံ

Posted on

လောဘနွံ(စ/ဆုံး)
————–

ညစ်ထပ်ထပ်အဝတ်အစားကိုဝတ်
၍ဥပဓိရုပ်က သရဲတစ္ဆေတစ်ကောင်လို
ဆိုးရွားလှသောလူတစ်ယောက်မှာအုတ်ဂူဖြူဖြူဖွေးဖွေး မှတ်တိုင်ထိုးထိုး
ထောင်ထောင်ဖြင့်ရှိသော မြယာကုန်း
သင်းချိုင်းမှဇရပ်ပေါ်ထိုင်လျှက် အစိမ်းသေ လူဦးခေါင်းခွံ့တစ်ခုကိုထုတ်ကာ အမြတ်တနိူးပွတ်သပ်နေသည် ။

ဇရပ်အတွင်းရှိနေသောသူအမည်မှာမြေဒူးဟုအမည်တွင်၍ အလုပ်အကိုင်မှာ အောက်လမ်းဆရာဟု
ခေါ်ရမည်ဖြစ်သည် ။

သရဲတစ္ဆေများကိုမွေး၍လူများကို
ပူးကပ်ကာ သူပူးကပ်ခိုင်းထားသောလူ
ကိုသူကိုယ်တိုင်ပင်သရဲနှင်၍အခကြေး
ငွေယူတတ်သည် ။

တစ်ယောက်နဲ့တစ်ယောက်၊တစ်အိမ်နဲ့တစ်အိမ်မတည့်၍ ပျက်စီးရာပျက်စီး
ကြောင်းအဖြစ်မြေဒူးကို အခကြေးငွေ
ပေး၍လာငှားပါက မသန့်သော သင်ချိုင်းမြေမှာ အိမ်ခြံသို့သွင်းခြင်း၊ ဘီလူးအင်းများမြုတ်ခြင်းဖြင့်တဖက်
အိမ်သားများ စီးပွားပျက်ဘဝပျက်စေ.ရန်စီမံလေ့ရှိိသည် ။

ဘီလူးအင်းမြုတ်ထားသောအိမ်မှာ
အကောင်အထည်မမြင်ရသော ဘီလူး
တစ်ကောင်၏ နှောင့်ယှက်ခြင်းများကို
ကြုံကြရသည်။

အကယ်၍ အချိန်မှီသာ ဘီလူးအင်းကို
ဆရာသမားများနဲ့မဖယ်ရှားနိူင်ပါက၊တစ်အိမ်လုံးကိုပင်ဘီလူးက တစ်ယောက်ပြီးတစ်ယောက်သတ်စားတတ်သည် ။

ဘီလူးအင်းကိုအောက်လမ်းဆရာတိုင်း စီမံတတ်ဖို့မလွယ်ကူသလို၊ဈရ တော်ရုံတန်ရုံပညာအဆင့်ရှိသောအပေါ်လမ်းဆရာများလည်း ဘီလူးအင်းကို
မဖယ်ရှားနိူင်ပေ ။

မြေဒူးမှာ ဘီလူးအင်းကိုပြုလုပ်ဖန်တီးနိူင်သောအောက်လမ်းဆရာတစ်ယောက်ဖြစ်သည်။

သရဲမွေး၊ ဘီလူးအင်းစီမံအုပ်ချုပ်နိူင်
သောအောက်လမ်းဆရာမျိုးက အဆင့်မြင့်သည့်အထဲတွင်ပါသည်ဟုဆိုရမည်
ဖြစ်သည် ။

မြယာကုန်းရွာနဲ့သင်းချိုင်းမှာအတော်လှမ်းလှမ်းအရပ်တွင်ရှိသည် ။

ခန့်မှန်းခြေအားဖြင့်ဆိုပါက မိနစ်နှစ်ဆယ်နီးပါးလျှောက်ရမည်ဖြစ်သည် ။

နေကျဲကျဲတောက်ပူနေသောအချိန်တွင် ၄၀ ကျော်အရွှယ်အဒေါ်ကြီးတစ်
ယောက်မှာခေါင်းတွင်ပဝါခြုံလျှက်
ကွင်းပြင်ကြီးကိုဖြတ်၍ သင်းချိုင်း
ကုန်းဖက်သို့လာနေသည်။

အဒေါ်ကြီးမျက်လုံးများမှာပတ်ဝန်း
ကျင်ကိုမလုံမလဲဖြင့် ကျီးကန်းတောင်း
မှောက်ဖြင့်ရှိနေသည်။

ဝတ်စားထားသောအဝတ်အစား၊
တံတောင်ဆစ်အထိရောက်နေသော
လက်ကောက်များက အဒေါ်ကြီးမှာ
ကြွယ်ဝချမ်းသာသူဟုဖော်ပြနေသည် ။

​ မြယာကုန်းရွာတွင်အချမ်းသာဆုံး
ဟုဆိုရမည့် သူဌေးကြီးဦးဘုန်းကြွယ်ဆိုလျှင် အနီးပတ်ဝန်းကျင်ရွာများကပါ
သိကြသည် ။

မျိုးရိုးစဥ်ဆက်ချမ်းသာကြွယ်ဝသူ
ဖြစ်သည့်အပြင်ကြိုးစားလုပ်ကိုင်သူ
ဖြစ်သောကြောင့်လယ်၊ဥယျဥ်ခြံမြေ
ဧကပေါင်းများစွာအပြင် အတွင်းပစ္စည်းရွေငွေများလည်းအများ
အပြားရှိသူဖြစ်သည် ။

ဦးဘုန်းကြွယ်တွင် လွန်ခဲ့သော သုံးနှစ်ခန့်ကဇနီးဖြစ်သူဆုံးပါးသွားသည်။

ဇနီးဖြစ်သူဆုံးပါးသည့်ဦးဘုန်းကြွယ်
မှာအထီးကျန်အဖော်မဲ့ဖြစ်ရသည် ။

သားတစ်ယောက်သမီးတစ်ယောက်ရှိ
သော်လည်း

သားသမီးများမှာတခြားမြို့ရွာများ
တွင်အိမ်ထောင်ရက်သားကျနေကြသည်။

အထီးကျန်၊အဖော်မဲ့ခြင်းကိုအကြောင်းပြုပြီး ဦးဘုန်းကြွယ်တစ်ယောက်သူ့ထက်ဆယ်နှစ်ခန့်ငယ်သော
ဒေါ်မြခင်ဆိုသောအမျိုးသမီးကိုလက်
ထပ်လိုက်သည်မှာတစ်နှစ်ကျော်ခန့်ရှိပြီ
ဖြစ်သည် ။

ယခုနေပူကျဲတဲတွင်ကွင်းပြင်ကိုဖြတ်သန်းသွားနေသောအမျိုးသမီးကြီး
အမည်မှာ ဒေါ်မြခင်ဖြစ်ပြီးဦးဘုန်းကြွယ်ဇနီးဖြစ်သည် ။

ဒေါ်မြခင်မှာသင်းချိုင်းကုန်းဇရပ်ဆီသို့ဦးတည်သွားနေခြင်းဖြစ်သည် ။

” သူဌေးကတော်ကြီးတောင်ရောက်
လာပြီးကိုး ကျွန်တော်မျိုးရဲ့ သင်းချိုင်း
ဇရပ်ပေါ်ကနေကြိုဆိုပါတယ်..ဟားဟား…”

”…သေနာကောင်မြေဒူး… စကားပြေရင်နောက်တီးနောက်တက်နဲ့.. ၊… ”

ဒေါ်မြရှင်ဇရပ်အတွင်းဝင်လိုက်ချိန်တွင်အောက်လမ်းဆရာမြေဒူးမှ စနောက်နေခြင်းကို ဒေါ်မြခင်ကဆဲဆိုလိုက်ခြင်းဖြစ်သည် ။

တကယ်က ဒေါ်မြခင်နဲ့မြေဒူးမှာ
မောင်နှမအရင်းတော်စပ်ကြသည် ။

ဒေါ်မြခင်မှာ တဖက်ရွာမှဖြစ်ပြီးဦးဘုန်းကြွယ်နဲ့အိမ်ထောင်ကျပြီး မြယာကုန်းရွာတွင်နေထိုင်ခြင်းဖြစ်သည်။

ဟိုးယခင်က အိမ်ထောင်နှစ်ဆက်ကျဖူးသော်လည်း သားသမီးအဖတ်မတင်
သောမုဆိုးမတစ်ယောက်လည်းဖြစ်သည်။

” …ပြောစမ်းပါအုံး၊ ငါ့ကိုအခုမှ
အရေးတကြီးလူမသိ ၊ သူမသိခေါ်ရတဲ့
ကိစ္စ ၊ အရင်တုန်းက ငါတို့အမျိုးမှာအောက်လမ်းဆရာမရှိဘူး၊ ရှက်လှပါချည်ရဲ့ဆိုပြီး အဖက်မလုပ်ကြတာလေ……”

” ..ဟေ့..မြေဒူး စကားနာထိုးမနေနဲ့၊
အခုအရေးကြီးတဲ့အချိန်ရောက်နေလို့
နင်အကူအညီလိုလို့….”

” ငါ့အကူအညီလိုတယ်ဆိုတော့ကောင်းတဲ့အစီအစဥ်တော့ မဖြစ်နိူင်ဘူး၊ လူမိုက်နှင်းတိုးခိုင်းမယ်ပေါ့….”

” …ငါတို့တသက်လုံးမပူမပင်မကြောင့်
မကြနေသွားရမယ့်ကိစ္စကိုပြောချင်လို့
နင့်ဆီလာတာနော် ၊… နင်စကားနာထိုး
နေရင်တော့စကားပြောရတာ အဆင်မပြေဘူး.. မြေဒူး….”

” ချမ်းသာမယ့် ကိစ္စဆိုရင်တော့ စိတ်ဝင်စားတယ် ပြောဟာ ဘယ်လိုကိစ္စမျိုးလဲ ငါကဘာလုပ်ရမလဲ….”

” နင့်ကို အိမ်ကိုတခါတည်းအိမ်ကိုတန်း
ပြီးမခေါ်တဲ့အကြောင်းက အိမ်မှာဆိုရင်
ငါပြောချင်တဲ့ ကိစ္စလွတ်လွတ်လပ်လပ်
ပြောလို့မရမှာစိုးလို့ပဲ…. ။

ဒီလိုမြေဒူး ငါယောက်ကျားအဘိုးကြီး
ရုတ်တရက်ကောက်ခါငင်ကာဖျားရာက
တဆင့်ခုဆိုအတော်ကြီးအခြေအနေဆိုးနေပြီ၊ ခုဆိုသူ့ကျန်းမာရေးအခြေအနေက နေ့လားညလားပဲ…. ”

” ..ဟာ.ဒါဆိုနင်ကသူချန်ခဲ့တဲ့အမွေတွေနဲ့ အေးဆေးဇိမ်ကျပြီပေါ့ဟာ…”

” ဘယ်ကလာ…အဘိုးကြီးပါးစပ်က
လေသံပစ်နေတာက ငါ့ကိုလယ်တွေ
ဥယျဥ်တွေနဲ့ခုနေတဲ့ အိမ်ကိုပေးမယ့်
သူ့သားသမီးနှစ်ယောက်ကို အတွင်းပစ္စည်းရွှေငွေတွေပေးခဲ့မယ်လို့
လေသံပစ်နေတယ်….”

”…အိမ်တွေလယ်တွေ၊ဥယျဥ်တွေကနည်းမှမနည်းတာ အဲတာနဲ့တင် နင်သူဌေးတစ်ယောက်လိုနေနိူင်နေပြီပဲ…”

” နင်က အတွေးတယ်တိမ်တာကိုး၊
ဦးဘုန်းကြွယ်တို့က မိဘ ဘိုးဘွားအစဥ်
အဆက်ချမ်းသာလာတာ ၊ရွေကို စလယ်တောင်းနဲ့တောင်ချိန်ရတယ်တဲ့
အဲလောက်ထိကိုချမ်းသာတာ…”

” ဟေ…များလှချည်လားဟ…”

” များလို့ပစ္စည်းတွေအားလုံးငါလိုချင်
လို့ပြောနေတာပေါ့.၊ အဲဒါကြောင့်နင့်ဆီ
အကူအညီလာတောင်းရတာ၊ သူ့သားသမီးတွေကိုစာရေးပြီးငါ့ကိုမှာခိုင်း
တာငါအချိန်ဆွဲပြီး စာမပို့ပဲထားတယ်၊

ဒါပေမယ့်.. ကြာကြာအချိန်ဆွဲထားလို့မရဘူးလေ ကြာနေရင်ပတ်ဝန်းကျင်က
ရိပ်မိလာနိူင်တယ်၊ သားသမီးတွေရောက်လာရင် ရူပ်ကုန်လိမ့်မယ် ။

ဒါကြောင့် ငါတို့ဖက်
ကကြံစည်စရာရှိတာ ကြိုတင်ကြံစည်
ထားနိူင်မှတော်ကာကျမှာ….”

” အေးပါ နင့်ကိစ္စကိုငါသဘောပေါက်
ပြီ၊ ဒီတော့ မနက်ဖြန်ကျရင်နင့်အိမ်ကို
ငါလာနေပြီး အခြေအနေကြည့်စီစဥ်
ကြတာပေါ့… ”

”..ကောင်းပြီ မြေဒူး..၊ ရော့.. ဒီပိုက်ဆံတွေယူထား အဝတ်အစားသန့်သန့်ပြန့်
ပြန့်ဝယ်ဝတ်ပြီးလာစမ်းပါ ၊
တကတည်း ငါ့မောင်လို့ပြောရမှာရှက်
ဖို့ကောင်းတယ် ၊စုတ်ပြတ်နေတာပဲ…၊..”

” ..နင်အလိုရှိမှ ငါအပေါ် ကြင်နာပြနေ၊
အတော်ချစ်ဖို့ကောင်းတဲ့အမပဲ…၊
နင်ကိစ္စအဆင်ပြေသွားလို့ ငါ့ကိုပစ်
ထားရင်တော့ ငါမွေးထားတဲ့သရဲနဲ့
ဂုတ်ချိုးသတ်ခိုင်းမှာ….”

” ပေါက်ကရတွေပြောမနေနဲ့မြေဒူး၊
ငါ့ကိစ္စအောင်မြင်ရင် နင်ကိုသူဌေးပေါက်စတစ်ယောက်ဖြစ်အောင်ငါပေး
မယ် ၊ ပြီးတော့ နင်ဘယ်မိန်းမလိုချင်လဲ
လက်ညိူးသာထိုးပြလိုက် ၊ ရွှေဘယ်
လောက်တင်တောင်းရတောင်းရ ငါလိုက်တောင်းပေးမယ်… ”

….ဟီး..ဟီး…ဟီး…ဒီလိုဆိုရင်အမအကြံအစည်အောင်မြင်ဖို့ ကျုပ်ဘာမဆိုလုပ်ပေးမယ်ဗျာ..စိတ်သာချ….

….ကဲ. ငါထွက်လာလည်းကြာပြီ မြေဒူး ​၊ ငါပြန်တော့မယ်….

မြေဒူးနဲ့ဒေါ်မြခင်မောင်နှမနှစ်ယောက်မှာယောက်ကျား အမွေများအားလုံးလက်ဝါး
ကြီးအုပ်နိူင်မည့်အရေးကြံစည်တိုင်ပင်နေကြခြင်းဖြစ်သည် ။

ရုပ်ဆိုးသည့်အပြင်အောက်လမ်းပညာပါတတ်သော မြေဒူး
ကိုအမျိုးသမီးလေးများကကြောက်လန့်ကြသောကြောင့် မြေဒူးတစ်ယောက်
သူများတကာလိုဇနီးမယားလိုချင်သော်လည်းကြိုက်မည့်သးမရှိဖြစ်နေသည် ။

မြေဒူး အားနည်းချက်ကိုသိသောအမ
ဖြစ်သူမှာ သူ့ယောက်ကျားအမွေအားလုံးလက်ဝါးကြီးအုပ်မည့်အရေးကိစ္စတွင်မြေဒူးကိုအကြိုက်အလိုက်ပြော၍ သူ့ကိုကူညီခိုင်းနေခြင်းဖြစ်သည်။

နောက်တစ်နေ့ မနက်ပိုင်းတွင်ဝယ်ပြီးသည်နဲ့တန်းဝတ်လာဟန်တူသောအဝတ်အစားတောက်တောက်ပြောင်ပြောင်များဝတ်၍ ဦးဘုန်းကြွယ်အိမ်သို့
ရောက်လာခဲ့သည် ။

အဖြူရောင်အင်ကျီ၊ ပုဆိုးအစိမ်းကွက်သည် ။
မဲနက်သောမြေဒူးအသားအရေနဲ့တခြားစီဖြစ်နေသည် ။

ဒေါ်မြခင်က မြေဒူးကိုသူ့မောင်အဖြစ်လူမ မာလာမေးသူများကိုမိတ်ဆက်ပေးလိုက်သည် ။

အားလုံးမှာ မြေဒူးနဲ့ဒေါ်မြခင်မောင်နှမတော်သည်ဆို၍ အံ့သြကြကုန်သည် ။

ဒေါ်မြခင်က ဖြူဖြူဖွေးဖွေး လှလှပပဖြစ်၍ မြေဒူးက မဲသဲ၍ ရုပ်ဆိုးသော
ကြောင့်ဖြစ်သည် ။

ဦးဘုန်းကြွယ်မှာ အိပ်ယာပေါ်တွင်
လဲလျောင်းနေသည် ။

ဆန်ပြုတ်ကိုပင်တဇွန်းကုန်အောင်မသောက်နိူင်တော့သော ဦးဘုန်းကြွယ်
အခြေအနေကနေ့လား၊ညလားအခြေအနေမျိုးဖြစ်သည် ။

ဒေါ်မြခင်မှာအတွင်းစိတ်သဘောထားကောက်ကျစ်သော်လည်း အပြင်ပန်းမျက်နှာချိုသူတစ်​ယောက်ဖြစ်သည် ။

ပတ်ဝန်းကျင်အမြင်တွင် ဒေါ်မြခင်မှာ
လူအများချီးကျုးရလောက်အောင်လူမမာလင်ယောက်ကျားအပေါ်ပြုစု
သူတစ်ယောက်ပင် ။

လင်ယောက်ကျား ချေး၊သေးပေနေသောအဝတ်များကို ချော်ဖွတ်၍ အနား
တွင်နေကာလိုအပ်သည်များ မနားတမ်း
ပြုစုပေးကာ လင်ယောက်ကျားအတွက်
စိတ်ပူပန်သောကရောက်နေသော ဇနီးမယားဟန်ပန်မျိုးရှိနေသည် ။

ဦးဘုန်းကြွယ်လူမမာသတင်းလာမေးသူများကို မျက်ရည်လေးစမ်းစမ်း
ဖြင့် သူယောက်ကျားမှာလူတဖက်သား
အပေါ်ကူညီတတ်သူ၊ဘာသာရေးကိုင်း
ရိူင်း၍စိတ်နှလုံးသားမွန်မြတ်သူဖြစ်ကြောင်း ပြောပြနေတတ်သည် ။

ညဆယ်နာရီခန့်ရောက်ချိန်တွင်
ဦးဘုန်းကြွယ်တစ်ယောက် ဒေါ်မြခင်
ကိုလှမ်းခေါ်၍ အခန်းအတွင်းဝင်သွား
ရာ ဦးဘုန်းကြွယ်တစ်ယောက်အမော
ဖောက်၍ အသက်ကိုပင်ပန်းဆင်းရဲစွာ
ရူနေသည်ကိုတွေ့လိုက်ရသည် ။

ဦးဘုန်းကြွယ်တစ်ယောက်အမောဖောက်နေရင်း ရုတ်တရက်ငြိမ်ကျကာ
ဆုံးပါးသွားတော့သည်။

…မြေဒူး…မြေဒူး…..

..ဘာလဲ အစ်မ… ဘာဖြစ်လို့လဲ…

…တိုးတိုးဟဲ့ အဖိုးကြီးဆုံးပြီ နင်လုပ်ငန်း စတော့လေ…

ဒေါ်မြခင်မှာမြေဒူးကိုလှမ်းခေါ်၍
ဦးဘုန်းကြွယ်ဆုံးသွားပြီဖြစ်ကြောင်း
ပြောပြလာသည် ။

” အစ်မ.. နင့်ယောက်ကျားကို ဖုတ်
သွင်းဖို့လုပ်ရမယ် သင်းချိုင်းကုန်း
အမြန်သယ်ဖို့လုပ်ရမယ်… ”

” ..လုပ်စရာရှိတာ အမြန်လုပ်လေဟယ် ၊ ဘာတွေဝေနေတာလဲ…”

”…နင့်ယောက်ကျားငါ သင်းချိုင်းကုန်းသယ်သွားတော့မယ် အစ်မ ၊…
ငါနောက်ဖေးကသွားမှာမို့ လူရိပ်လူ
ချည်ခနကြည့်ပေး… ”

မြေဒူးမှာတုတ်တုတ်ခိုင်ခိုင် ဗလတောင့်တောင့်မို့ ပိန်ပိန်ပါးပါး ဦးဘုန်းကြွယ်ကိုနောက်ကျောတွင်ကုန်းပိုး၍
ပြုတ်မကျစေရန် စောင်ပါးတထည်
ကို ဦးဘုန်းကြွယ်ကျောပေါ်မှသိုင်း၍
အစနှစ်ဖက်ကို သူ့ရင်ဘတ်တွင်ပူးချည်
လိုက်သည် ။

ဒေါ်မြခင်ဖွင့်ပေးသောအိမ်နောက်ဖေး
တခါးမှထွက်၍ နောက်ဖေးဝါးကပ်ခြံကို ဒေါ်မြခင်က မြေဒူးထွက်ရန်ဖွင့်ပေး၍လက်နှိပ်ဓာတ်မီးကိုမြေဒူးကို
ပေးလိုက်သည် ။

ဦးဘုန်းကြွယ်အိမ်ခြံနောက်ဖေးတွင် လူနေအိမ်ခြေမရှိပဲ လယ်ကွင်းပြင်ကျယ်ကြီးသာ ရှိနေသည် ။

” ..ငါတို့ပြန်လာရင် နောက်ဖေးကပဲ
လာမယ် ၊ တခါးဖွင့်ပေးဖို့စောင့်နေပါ
အစ်မ…”

” အေးပါ၊ အစစအရာရာသတိထား
ဒီကိစ္စကငါ့အတွက် သေရေးရှင်ရေးလို
အရေးကြီးတယ် ၊ ဒီတော့အမှားအယွင်း အတိမ်းအစောင်းမရှိစေနဲ့. ။…”

မြေဒူးမှာ ဦးဘုန်းကြွယ်အလောင်းကို
ခက်ခက်ခဲခဲ သယ်ပိုး၍ အိမ်နောက်ဖက်ကွင်းပြင်ကိုဖြတ်၍ သင်းချိုင်းကုန်းသို့ သွားနေသည် ။

တောရွာသဘာဝမို့ကိုးနာရီခန့်ဆိုလျှင်မီးခွက်မူတ်၍ အိပ်ကျပြီမို့တစ်ရွာ
လုံးတိတ်ဆိတ်မဲမှောင်နေသည် ။

ရွာလည်လမ်းတလျှောက်ခွေးများစုရုန်း၍ မဲမဲမြင်ရာထိုးဟောင်လျှက်ရှိနေကြသည် ။

သင်းချိုင်းကုန်းခြုံပုတ်တောအုပ်များအောက်တွင်နေ၍ ညအချိန်အစာရှာရန်ထွက်လာသော ခွေးအ အုပ်ကြီး
များမှာ ဦးဘုန်းကြွယ်အလောင်ကြီးကို
သယ်လာသော မြေဒူးကိုတွေ့ရချိန်လန့်ဖျတ်၍ပြေးကုန်ကြသည် ။

သို့ရာတွင် ဝေးဝေးလံလံသို့ပြေးခြင်း
ကားမဟုတ် လူသေကောင်များဖော်စား
၍လူသေအနံ့များနဲ့ယဥ်ပါးနေသောအကောင်များမို့ မနီးဝေးခြုံများကိုအကာအကွယ်ယူ၍ မြေဒူးနောက်လိုက်
လာနေကြသည် ။

သင်းချိုင်းအလယ်မှ သစ်ခြောက်ပင်ကြီးတွင်ခြုံနွယ်များတွယ်တက်ပေါက်နေကြရာ လေတချက်အဝှေ့တွင်
ခြုံနွယ်များက ယိမ်းထိုးသွားသောကြောင့် မကောင်းဆိုးဝါးကောင်ကြီး
တစ်ကောင်သက်ဝင်ယိမ်းထိုးလူပ်ရှား
နေသည်နဲ့တူနေသည် ။

ဇရပ်အနီး ရေသဖန်းပင်ပေါ်မှ လင်ကောင်ပိုးငှက်တစ်ကောင်က ကျက်သရေကင်းမဲ့စွာအော်မြည်နေသည် ။

လင်းကောင်ပိုးငှက်မှာ ကျက်သရေကင်းမဲ့သော ငှက်ဆိုးအဖြစ်သတ်မှတ်ထားကြပြီး ညအချိန်တွင်ကျက်စားတတ်သော ညငှက်မျိုးဖြစ်သည် ။

လူမမာရှိသောအိမ်အနီးထိုငှက်လာအော်ပါက လူသေတတ်သည်ဟုအယူ
ရှိကာ မဂ်လာမရှိသောငှက်ဆိုးအဖြစ်
သတ်မှတ်ထားကြသည် ။

ဒါပေမယ့်မြေဒူးလိုအောက်လမ်းဆရာ
တစ်ယောက်ကိုမည့်သည့်ကြောက်လန့်စရာကမှခြောက်လှန့်နိူင်မည်မထင်ပေ။

မြေဒူးမှာ ဇရပ်အတွင်းဝင်လိုက်ပြီး ဦး
ဘုန်းကြွယ်အလောင်းကို ဇရပ်ကြမ်းပြင်ပေါ် ဘုန်းခနဲမြည်အောင်ပစ်
ချလိုက်သည် ။

”…ဟူး…လေးလိုက်တဲ့ မသာကြီး…
ချွေးတောင်ပြန်တယ်… . ”

မြေဒူး အလောင်းသယ်လာရသော
ကြောင့်မောပန်းနေရာ ဇရပ်ပေါ်ခနတဖြုတ်နားနေလိုက်သည် ။

ပြီးနောက်အချိန်ဆွဲ၍ မဖြစ်သောကြောင့် အစ်မဖြစ်သူထံမလာခင်သင်း
ချိုင်းကုန်းဇရပ်အနီးသူဝှက်ခဲ့သော
သူ့လွယ်အိတ်အစုတ်ကြီးကိုသွား
ယူလိုက်သည် ။

အသက်ပျောက်နေသောဦးဘုန်းကြွယ်အလောင်းခေါင်းရင်းတွင်ဆောင့်
ကြောင့်ထိုင်၍ လွယ်အိတ်အတွင်းမှ အစိမ်းသေမသာခေါင်းခွံနဲ့လက်ဖျံရိုး
ကိုထုတ်ယူလိုက်သည် ။

ဖယောင်းတိုင်တစ်ချောင်းကိုဦးခေါင်းအနီးထွန်းညှိလိုက်ရာ ပတ်ဝန်းကျင်မှာအနည်းငယ်လင်းသွားသည် ။

…တုံ…တုံ…တုံ…တုံ…….

…ပေတိုး….ပေတိုး…ငါဆရာခေါ်နေတယ် ရောက်ရာအရပ်က ၊ ငါဆင့်ခေါ်
သံကြားရင်အ​မြန် လာပါ….

တိတ်ဆိတ်နေသော မြယာကုန်းရွာသင်းချိုင်းဇရပ်တွင် မြေဒူးနူတ်မှာ မန္တာန်ရွတ်ဖတ်သံ ၊ လူအရိုးခေါင်းခွံကို
လူလက်ဖျံခေါက်သံ၊ သရဲကိုအမိန့်ပြန်
ခေါ်နေသံများထွက်ပေါ်နေသည် ။

ယခုဦးခေါင်းခွံမှာ ဓားခုတ်ခံရ၍သေ
သွားသော ပေတိုးဆိုသော လူတစ်ယောက်၏ ဦးခေါင်းခွံနဲ့လက်ဖျံကိုယူ၍
ပေတိုးကိုသူ့မကောင်းမူအတွက်ခိုင်းစားရန် သရဲအဖြစ်မွေးထားခြင်းဖြစ်သည်။

မကြာမှီ သင်းချိုင်းကုန်းအတွင်းပိုင်းမှခြုံနွယ်များကိုတိုးဝှေ့၍ ကြောက်လန့်
စရာရုပ်သွင်ဖြင့်သရဲတစ်ကောင်မှာ ဇရပ်ပေါ်တက်လာသည် ။

သရဲကြီးတစ်မှာ ဦးဘုန်းကြွယ်အလောင်းခြေရင်းတွင်ဆောင့်ကြောင့်
ထိုင်လျှက်ရှိသည် ။

…ပေတိုး အခုသေနေတဲ့လူနာမည်က
ဘုန်းကြွယ်တဲ့ မင်းသူ့ကိုယ်ထဲဝင်ပြီးသူ့
အယောင်ဆောင်ရမယ် ၊ မင်းလုပ်ရမယ့်တာဝန်က အမွေတွေကို
သားသမီးတွေကိုမပေးပဲ သူ့မိန်းမကို
အားလုံးပေးရမယ် ကြားလား။

ဒီလိုလုပ်ပေးတဲ့အတွက်မင်းကိုနေ့စဥ်
အသားကျွေးမယ် ၊ ခိုင်းတာကိုတစ်ခုမှ
မလွဲစေနဲ့ကြားလား….

သရဲကြီးပေတိုးမှာမြေဒူးစကားကို
နားလည်ကြောင်းခေါင်းငြိမ့်ပြလိုက်သည်။

ပြီးနောက်.. ၊

ပက်လက်လှဲ၍အသက်ပျောက်နေသော
ဦးဘုန်းကြွယ်ကိုယ်ခန္ဓာအတွင်းသို့တိုး
ဝင်လိုက်ပါတော့သည် ။

မကြာမှီအချိန်တွင် ဇရပ်ပေါ်စန့်စန့်ကြီးလဲနေသော ဦးဘုန်းကြွယ်အလောင်းကြီးမှဆန့်ဆန့်ကြီးမတ်တတ်
ရပ်လာသည် ။

မြေဒူးမှာ သရဲပေတိုးပူးကပ်ထား
သော ဦးဘုန်းကြွယ် ရုပ်ခန္ဓာကြီးကိုကြည့်၍သဘောကျစွာဖြင့်ပြုံးလိုက်သည် ။
ဖယောင်းတိုင်မီးကိုငြိမ်း၍ ပစ္စည်းများသိမ်းကာ သင်းချိုင်းကုန်းအတွင်း
မှမြေဒူးထွက်ခွာလာရာ ဦးဘုန်းကြွယ်
ကိုယ်အတွင်းဝင်ခိုနေသောပေတိုးလည်း မြေဒူးနောက်လိုက်လာတော့သည် ။

ရွာအနီးချည်းကပ်မိချိန်တွင်
မြယာကုန်းရွာမှရှိသမျခွေးများမှာ တဝုတ်ဝုတ်အမှောင်အတွင်းထိုးဟောင်ကြ
၍ ဆွဲဆွဲငင်အူသံကြီးကကြားရသူကို ကြက်သီးထဖွယ်ရာရှိနေပါသည် ။

ဦးဘုန်းကြွယ်မှာ စိတ်သဘောထားပြည့်ဝသူဖြစ်၍ကုသိုလ်အရေး
လည်းလက်မနှေးသော ကျောင်းကန်၊ဇရပ်အလှူရှင်တစ်ယောက်လည်းဖြစ်သည် ။

ထို့ကြောင့် လူနာမေးသူများဖြင့်.အိမ်တွင်မပြတ်ရှိနေသည်။

ယနေ့မနက်လူနာလာမေးသူများမှာ
ဦးဘုန်းကြွယ်အခြေအနေကိုကြည့်၍
အံ့သြကုန်ကြသည် ။

ညကပင်အိပ်ယာပေါ်လဲနေပြီးအားလုံးကအခြေအနေမကောင်းဟုသတ်မှတ်ထားကြသော ဦးဘုန်းကြွယ်မှာယနေ့မနက်တွင်ထူထူထောင်ထောင်ဖြစ်နေသည်။

ဆန်ပြုတ်တပန်းကိုသောက်၍
ကြက်ကြော်ကြီးအားပါးတရကိုက်ဖဲ့စား
လျှက်ရှိနေသည် ။

…ကိုဘုန်းကြွယ်က ရာသက်ပန်အသားငါးရှောင်ထားတယ်ပြောတာ
အခုကြက်ကြော်တွေစားလို့ပါလား..

…အော်..ရှင်..ဒါကတော့ လူမမာနလန်ထစဆိုတော့ အဟာရပြတ်တော့ အသားတွေဘာတွေ အာသီသရှိမှာပေါ့
စိတ်မကောင်းမဖြစ်အောင်မပြောပါနဲ့ရှင်….

…အော်.. ကျွန်တော်ကလည်းစကားအဖြစ်ပြောတာပါ၊ ကိုဘုန်းကြွယ်အခုလိုကျန်းမာနေတာမြင်ရတာ ဝမ်းသာပါတယ်….

ရာသက်ပန်အသား၊ငါးမစားရန်ရှောင်ထားကြောင်းသိသူတစ်ယောက်ကပြော
လာသောစကားကြောင့် ရုတ်တရက်
​ေဒါ်မြခင်မျက်နှာပျက်သွားသေးသည်။

သို့ရာတွင်.. ၊ မကောင်းမူနဲ့ပတ်သက်၍
ညဏ်ပြေးသူပီပီ ထိုသူပြောစကားကို
ချက်ကျလက်ကျ ပြန်၍ချေပလိုက်ခြင်းဖြစ်သည် ။

ဦးဘုန်းကြွယ်မှာသူ့ကိုလာနူတ်ဆက်သော အသိမိတ်ဆွေများကိုစိမ်းစိမ်းကြီးကြည့်၍ရှိနေပါတော့သည် ။

ဒေါ်မြခင်မှာ မြေဒူးမှာကြားထားချက်အရ အိမ်ဘုရားစင်မှ ဘုရားရုပ်ပွားတော်များကို တခြားနေရာသို့
ရွေ့ထားပြီး ဦးဘုန်းကြွယ်အခန်းကို
နေရောင်ခြည်မဝင်စေရန်အခန်းပြတင်း
ပေါက်များအသေပိတ်၍လိုက်ကာစများ ကာရံပေးထားသည် ။

ထို့အပြင် ဦးဘုန်းကြွယ်မကျန်းမာစဥ်ကာလ သားနဲ့သမီးမလာကြလားဟု
မေးမြန်းကြသောပတ်ဝန်းကျင်စကားကိုပြန်ပြောသောဒေါ်မြခင်စကားမှာ

…ကျွန်မစာရေးပြီးမှာပါတယ်ရှင်၊ ဒါပေမယ့် ရောက်မလာကြပါဘူး ၊ အလုပ်မအားလို့ မလာနိူင်တာဖြစ်မှာပါလေ၊
ဒါပေမယ့် သူတို့အဖေကြီးခမျာမီတော့
သားသမီးတွေကိုတွေ့ချင်ရှာတာပေါ့…

…..ဟာဗျာ..အတော်မိုက်တဲ့သားသမီးတွေ အဖေတစ်ယောက်လုံးဒီလောက်အသည်းအသန်ဖြစ်နေတာ၊ အလုပ်က
ဘာအရေးလဲ ၊ အဖေသေရင်အဖေအစားရမှာမဟုတ်ဘူး၊ အလုပ်ကမသေ
မချင်းလုပ်သွားရမှာ….

…ရှိပါစေရှင် သူတို့လေးတွေလည်း
ကို့အဖေတစ်ယောက်လုံးခုလိုဖြစ်နေတာလာချင်ရှာကြမှာပေါ့ ၊ တကယ့်
မအားလပ်လို့ဖြစ်မှာပါ..အစ်ကိုကြီးဘုန်းကြွယ်ကို ကျွန်မပဲ ပိုပြီးဂရုစိုက်လိုက်ပါ့မယ်….

တဖက်ကမီးစတစ်စကိုင်ရိူ့၍တခြားတဖက်က ရေတမူတ်ကိုင်ကာငြိမ်းတတ်သည်လူမျိုးဆိုသည်မှာ ဒေါ်မြခင်ကိုပြောရမည်ပင်။

သားသမီးများအပြစ်ကို မသိမသာလေးဖော်ထုတ်၍လူရှေ့ပြောတတ်ပြီး
ကြားရသူများကဦးဘုန်းကြွယ်သားနဲ့
သမီးကိုအပြစ်တင်ကြရာ သူကပင်အပြစ်မမြင်ကြရန်ပြောနေသည် ။

ဒေါ်မြခင်က အများအမြင်တွင်တကယ့်မယားဝတ္တရားကျေပွန်သူဟုအမြင်
မျိုးရစေရန်ဖန်တီးယူထားသည် ။

အကြံအစည်ရှိသူပီပီ အိမ်တွင်လက်တိုလက်တောင်းခိုင်းသောကောင်
မလေးကို ဦးဘုန်းကြွယ်မကျန်းမာချိန်မှာပင်တခြားနေရာနှင်ထားသည် ။

သူမကောင်းမူလုပ်ရပ်များလွတ်လွတ်လပ်လပ် လုပ်နိူင်ရန်အတွက် အိမ်တွင်လူပိုမထားခြင်းဖြစ်
သည် ။

ဦးဘုန်းကြွယ်ဆုံးပြီးကိုယ်တွင်းသို့
သရဲပေတိုးသွားထားပြီဖြစ်ကြောင်း။

သရဲပေတိုးကို သူ့စကားနဲ့ အစ်မဖြစ်သူ
စကားနားထောင်ရန်ပြောထားကြောင်း
မြေဒူးက ပြောလာ၍ ဒေါ်မြခင်က ဦးဘုန်းကြွယ်ကိုယ်တွင်းဝင်နေသော သရဲ
ပေတိုးကိုခိုင်းစေကြည့်ရာ သူစကားကို
အမှန်ပင်နားထောင်ကြောင်းတွေ့ရသည် ။

သူ့ဖက်ကအစစအရာရာ
သေချာသည့်အခြေအနေရောက်သောအခါမှ ဦးဘုန်းကြွယ်သားသမီး
များကိုမကျန်းမာ၍ရောက်လာရန်စာရေး၍မှာသည့်စာများကိုပင် သားသမီးများထံရောက်မည်စိုး၍လမ်းမှဖျောက်ပစ်တတ်သော ဒေါ်မြခင်မှာ
ဦးဘုန်းကြွယ်မကျန်းမာ၍အမြန်လာ
ရောက်ပါရန် သားဖြစ်သူထံသို့စာတစ်စောင်၊ သမီးဖြစ်သူထံသို့စာတစ်စောင်
သူကိုယ်တိုင်၍ မြို့ပေါ်စာတိုက်မှတဆင့် ပို့လိုက်ပါသည် ။

စာပို့၍နှစ်ရက်မြောက်နေ့တွင်
နယ်ဝေးတွင်အိမ်ထောင်ရက်သားကျနေကြသော
ဦးဘုန်းကြွယ်သားနဲ့ သမီးမှာအိမ်သို့
အူယားဖားလျှားရောက်လာကြတော့
သည် ။

…အဒေါ်ရေ သမီးတို့ အဖေနေမကောင်းဘူးစာရတယ်ဆိုတာနဲ့ ချက်ခြင်းလိုက်လာကြတာ ၊ ခုအဖေရော
အခြေအနေဘယ်လိုရှိလဲ…

….အစောကြီးကတည်းက ကျွန်တော်
တို့လှမ်းအကြားလိုက်ရောပေါ့….

…မင်းတို့အဖေ အခန်းထဲမှာရှိတယ်
သွားတွေ့ကြ ၊မင်းတို့ကိုတမျော်မျော်လုပ်နေတာ….

ဦးဘုန်းကြွယ်သားနဲ့သမီးမှာ
အစိုးရဝန်ထမ်းမို့တာဝန်ကျရာနေရာ
တွင်မိသားစုဖြင့်ရွေ့ပြောင်းနေထိုင်ကြ
သူများဖြစ်သည် ။

သားဖြစ်သူက သစ်တောဖက်တွင်
တာဝန်ထမ်းဆောင်နေခြင်းဖြစ်ပြီး၊သမီးဖြစ်သူက အလယ်တန်းပြဆရာမတစ်ယောက်ဖြစ်သည် ။

မောင်နှစ်မနှစ်ယောက်မှာ ဖခင်မကျန်းမာကြောင်းသတင်းကြား၍ကတိုက်ကရိုက်ထွက်လာကြခြင်းဖြစ်ပြီး မြယာကုန်းရွာ၏
အနီးဆုံးမြို့ဖြစ်သောပြည်တော်သာမြို့
ကားဂိတ်တွင်ဆုံကြပြီးရွာသို့ရောက်လာ
ကြခြင်းဖြစ်သည် ။

ဦးဘုန်းကြွယ်သားသမီးများရောက်လာချိန်တွင် ဒေါ်မြခင်မှာ ပြုံး၍
ခရီးဦးကြိုပြုနေသည် ။

သားနဲ့သမီးမှာ ခရီးရောက်မဆိုက်ဖခင်ဖြစ်သူအားမေးမြန်း၍ ဦးဘုန်းကြွယ်အခန်းသို့ဝင်သွားကြသည် ။

သားနဲ့သမီးရောက်ကြောင်းသိသည်
နဲ့ အစ်မဖြစ်သူနဲ့ ဦးဘုန်းကြွယ်သားသမီးများ စကားပြောနေချိန်တွင်
မြေဒူးမှာ ဦးဘုန်းကြွယ် ကိုယ်တွင်းခို
ကပ်နေသော ပေတိုးကို သင်စရာရှိသည်များတတွတ်တွတ်သင်ကြားပေး
နေသည် ။

…ဟေ့ကောင်နဲ့ကောင်မ ငါသေပြီထင်
ပြီးအမွေလာယူကြတာလား ၊ ငါမသေ
သေးဘူးကွ အကောင်းကြီးရှိသေးတယ်…..

…အဖေရယ် သမီးတို့မှာအဖေ့အပေါ်
အဲလိုစိတ်မျိုးမရှိပါဘူး ၊ အဖေနေမကောင်းတဲ့ စာရတာနဲ့ ချက်ခြင်းလိုက်
လာတာ အဖေမို့အဲလိုစကားပြောထွက်တယ်…

..ဟုတ်ပါတယ် အဖေရာ အဲလိုတော့
မပြောသင့်ပါဘူး ၊ အဖေပြောလိုက်တဲ့
စကားကြားရတာ သားတို့စိတ်မကောင်းဘူး….

…မင်းတို့ ဘာဖြစ်ဖြစ် ငါစိတ်မဝင်စား
ဘူးကွာ ၊ အရေးအကြောင်းဆိုရင်ငါ့
အနားရှိပေးတာဆိုလို့မြခင်တစ်ယောက်ပဲရှိတယ်၊ ဒီတော့ ငါ့ပစ္စည်းတွေ၊ ငါ့ပိုင်ဆိုင်မူတွေကို မြခင်ကိုအကုန်လွဲပေးဖို့ငါဆုံးဖြတ်လိုက်ပြီ…

…အဖေ စိတ်ထင်ရာလုပ်ချင်တိုင်းလုပ်
လို့ရမလားဗျ ၊ အမွေတွေကိုမမက်ပေ
မယ့် သားသမီးတွေဖြစ်တဲ့ ကျွန်တော်
တို့လည်း ရခွင့်ရှိတယ်…

ဒေါ်မြခင်နဲ့ မြေဒူးမှာ အခန်းအတွင်း
ဖြစ်ပျက်နေသည်များကိုကြည့်၍အပျော်ကြီးကြိတ်ပျော်နေကြသည်။

ဦးဘုန်းကြွယ်မှာ အခန်းအတွင်းဝင်လာသော သားနဲ့သမီးကို မျက်ထောင့်နီ
ကြီးဖြင့်ကြည့်လျှက် လေသံမာမာထန်ထန်ပြောနေရာ သားနဲ့သမီးမှာ အံ့သြ
ကုန်ကြသည် ။

သူတို့ဖခင်သည် စကားကိုအေးဆေး
ပြောတတ်၍ ဒေါသ မာန်မာန မရှိသူတစ်ယောက် သားသမီးများအပေါ်
ယခုအသက်အရွယ်အထိစကားမာမာ
မပြောဖူးသူဖြစ်သည် ။

ယခုသူတို့ဖခင်မှာ အရင်နဲ့မတူအပြောင်းလဲကြီးပြောင်းလဲနေခြင်းကြောင့် ဦးဘုန်းကြွယ်သားနဲ့သမီးမှာ အံ့သြကြသလို ဖခင်ဖြစ်သူ ဆက်ဆံပုံကြောင့် မိန်းမသားဖြစ်သောသမီးဖြစ်သူ
တင်တင်ခိုင်မှာ တရူံရူံ့ငို၍ သားဖြစ်
သူ အောင်သိန်းထွန်းမှာ အမွေကိစ္စပါ
လာ၍ ဖခင်ဖြစ်သူက မတရားအမွေ
ခွဲနေခြင်းကြောင့် ဒေါသထွက်နေသည် ။

ဒေါ်မြခင်မှာ မြေဒူးကိုလက်ကုတ်၍
တနေရာရှောင်ခိုင်းလိုက်သည် ။

ယခုကိစ္စတွင်သူသဘောထားကြီးကြောင်းပြသရမည့်အခြေအနေမို့ အခန်းအတွင်းဝင်လိုက်သည် ။

…စိတ်လျှော့ပါအစ်ကိုကြီးရယ် ၊ သားနဲ့သမီးက ခုမှပြန်ရောက်တာ ဘယ်လိုစကားတွေပြောနေရတာလဲ ၊

မင်းတို့အဖေကျန်းမာရေးမကောင်း
စိတ်တိုနေတော့ စိတ်ထင်ရာပြောနေတာပါကွယ် ၊

သားနဲ့သမီး စိတ်မကောင်းမဖြစ်ကြ
ပါနဲ့….

တတ်လည်းတတ်နိူင်သည့်ဒေါ်မြခင်ပင်။
ဦးဘုန်းကြွယ်ကိုချော့မော့
စကားဆိုရင်းသားသမီးများကိုလည်း
စိတ်ပြေနှစ်သိမ့်စေရန်ချော့မော့လိုက်သည် ။

ညရောက်၍ညစာစားပြီးချိန်တွင်
အောင်သိန်းထွန်းနဲ့ တင်တင်ခိုင်မှာခြံ
ပြင်သို့လမ်းလျှောက်ထွက်ကြသည် ။

ခြံပြင်သို့လမ်းထွက်လျှောက်ရခြင်း
အဓိအကြောင်း သူတို့ဖခင်အကြောင်း
ဆွေးနွေးတိုင်ပင်လို၍လည်းဖြစ်သည် ။
…အဖေဘယ်လိုဖြစ်နေတာလဲ အစ်ကိုရေ အဖေကြည့်ရတာ ဘီလူးသရဲစီးနေ
သလိုပဲ ငါတို့အပေါ်ပြောလိုက်တာကလည်း လွန်ရော…

…သိပ်ဝမ်းနည်းမနေပါနဲ့ဟာ ၊ ငါဒေါ်မြခင်နဲ့ရုပ်ရုပ်ဆိုဆိုး သူ့မောင်ကိုစိတ်ထဲ
သိပ်မသ်ကာဘူးဟာ ၊ အဖေကိုသူတို့
ဆေးများခပ်ထားတာလားမသိဘူး…

..နင်ပြောတာတော့ဟုတ်တယ် ဒေါ်မြရှင်က ငါတို့နဲ့စကားပြောရင်လိုတာထက် အမူအယာက ပိုနေတယ် ၊ သူ့မောင်ကြည့်ရတာကလည်း ဘီလူးသရဲ
လိုပဲ တသက်လုံးပစ်ထားတဲ့သူ့မောင်ကိုအဖေမကျန်းမာတော့မှ အိမ်ခေါ်တင်
ထားတယ် ဒါမရိုးသားဘူး….

…ဒီကိစ္စအဖြေမပေါ်မချင်း ငါတို့ဒီမှာ
နေကြမယ် ၊ မနက်ဖြန်ငါဒေါ်မြခင်တို့
ရွာကိုသွားပြီး အခြေအနေ တခုခုထူး
လိုထူးငြားစုံစမ်းကြည့်မယ်ဟာ..

မောင်နှမနှစ်ယောက်မှာဖခင်ကြီးအခြေအနေနဲ့ပတ်သက်၍တိုင်ပင်ကြရင်းအိမ်သို့ပြန်လာခဲ့ကြသည် ။

အိမ်ရောက်သောအခါ အပေါ်ထပ်တွင်ပြင်ထားသော သူတို့အခန်းများတွင် ဝင်၍အိပ်စက်ရန်ပြင်လိုက်ကြသည်။

အောင်သိန်းထွန်းမှာမအိပ်နိူင်သေးပေ။
သူ့အဖေပြောင်းလဲနေသောပုံစံ၊ အမွေကိစ္စကိုခရီးရောက်မဆိုက်ပြောပြီးဒေါ်မြခင်ကိုအားလုံးပေးမည်ဟုပြောသောစကားများမှာ သူ့အဖေစိတ်နဲ့လားလားကြီးဆန့်ကျင်ဖက်ဖြစ်နေသည် ။

အောင်သိန်းထွန်းအိပ်ယာပေါ်မှ
လူးလဲထလိုက်သည် ။ သူ့အဖေအခန်း
ကိုစောင့်ကြည့်ခြင်းဖြင့်အခြေအနေတခုခုထူးလာနိူင်ကြောင်းတွေးရင်း အောက်ထပ်သူ့အဖေအခန်းတည့်တည့်
နေရာတွင်ရှိသောအခန်းလွတ်တခုသို့
ခြေဖွနင်း
ဝင်၍ ဟနေသော ပျဥ်ကြားမှတဆင့်
အောက်သို့ချောင်းကြည့်လိုက်မိသည် ။

အောက်ထပ် ဦးဘုန်းကြွယ်အခန်း
မှာမီးမှိန်မှိန်လေးထွန်း၍ ခွေခေါက်လဲလျှောင်းနေသော ဖခင်ဖြစ်သူကိုတွေ့နေရသည် ။

မကြာမှီအခန်းအတွင်းသို့မြေဒူးဟု
ခေါ်သော ဒေါ်မြရှင်မောင်ဝင်လာသည်ကိုတွေ့လိုက်ရသည်။

မြေဒူးဆိုသူလက်တွင် ဇလားတစ်ခု
ပါလာပြီး ဇလားအတွင်းလှမ်းကြည့်လိုက်ရာ အမဲသားစိမ်းများကိုတွေ့လိုက်
ရသည်။

ဘာကြောင့်ညအချိန်မတော် အမဲသားစိမ်းများယူလာသည်ကိုနားမလည်နိူင်စွာဖြင့် အောင်သိန်းထွန်းမှာ
အခန်းအတွင်းမြင်ကွင်းကိုဆက်လက်
ကြည့်ရူနေပါသည်။

ခွေခေါက်လှဲနေသော ဦးဘုန်းကြွယ်
မှာအသားနံ့ရသွားသောအခါဆတ်ခနဲ
ထထိုင်ရင်း မြေဒူးလက်တွင်းမှ အမဲသားများကို အာသာငမ်းငမ်းမျက်လုံးများဖြင့်ကြည့်ရူလျှက်ရှိနေပါ
သည် ။

…ပေတိုးရေ မင်းတော်တယ် ၊ ငါလည်းငါ့ကတိအတိုင်းမင်းကိုညတိုင်း
အသားကျွေးတယ်နော် ၊ .ရော့..စားစား…

မြေဒူးက သူ့လက်ထဲမှအမဲသားဇလားကို ဦးဘုန်းကြွယ်ရှေ့ချပေးရာ
ဦးဘုန်းကြွယ်မှာ အသားစိမ့်းများကို
လက်နှစ်ဖက်ဖြင့်ကိုင်၍အားပါးတရ
ကိုက်ဖဲ့စားသောက်နေသည် ။

ထိုမြင်ကွင်းကိုကြည့်၍ အောင်သိန်းထွန်းတစ်ယောက် အံ့သြမူကြောင့်အသံ
ထွက်အော်မိမတတ်ဖြစ်သွားသည် ။

ဦးဘုန်းကြွယ်ကိုယ်အတွင်းသရဲပေတိုးဝင်ခို၍ အမဲသားစားနေမှန်းမသိသော အောင်သိန်းထွန်းအတွက် ဖခင်ဖြစ်သူ အမဲသားစိမ်းများစားနေသည်
ကိုမြင်ရသောမြင်ကွင်းက ထိတ်လန့်
အံ့သြစေပါသည် ။

အမဲသားနှစ်ပိသာက ခနအတွင်း
ကုန်သွားရာ မြေဒူးဆိုသူမှာ ဇလားကိုကိုင်၍ အပြင်သို့ထွက်သွားပါတော့သည်။

ဦးဘုန်းကြွယ်မှာ အိပ်ယာပေါ် ပက်လက်လှန်လှဲချလျှက်မျက်လုံးများ
မှေးမှိတ်ထားရာမှဆတ်ခနဲ မျက်လုံးကို
ဖွင့်လိုက်ကာ အောင်သိန်းထွန်း ချောင်းကြည့်နေရာ ပျဥ်ကြားအပေါက်တည့်တည့်သို့ နီရဲခက်ထန်သောမျက်လုံးများဖြင့်မော့ ကြည့်လာသောကြောင့် အောင်သိန်းတစ်ယောက် ကပျာကသီနောက်ဆုတ်၍ အပေါက်မှမျက်လုံးခွာ
လိုက်သည် ။

ကြောက်လန့်အံ့သြစိတ်ကြောင့်အောင်သိန်းထွန်းရင်မှာ ကုလားဘုရား
ပွဲလှည့်သလို တဒိန်းဒိန်း တဒုန်းဒုန်းဆူ
ညံ့လျှက်ရှိနေပါသည် ။

သူဖခင်ကြီးအသားစိမ်းများစားနေသောမြင်ကွင်းကသူ့အတွေးအာရုံတွင်တရစ်ဝဲဝဲဖြင့်မိုးလင်းသည်အထိအိပ်မပျော်နိူင်အောင်ရှိနေပါသည် ။

နောက်တစ်နေ့မနက်ရောက်သော
အခါ အောင်သိန်းထွန်းတစ်ယောက်ဒေါ်
မြခင်တို့ရွာသို့ထွက်လာခဲ့သည် ။

သူမြင်တွေ့ခဲ့ရသောဖခင်ကြီးနဲ့ပတ်သက်သောကြောက်လန့်ဖွယ်ရာအကြောင်းအရာများကို ညီမဖြစ်သူကို
မပြောပြသေးပေ ။

အကယ်၍ဖခင်အကြောင်းညီမကို
ပြောပြလိုက်ပါက စိတ်ထိခိုက်ကြေကွဲ
မည့်အရေးရှိသလို သူဖခင်ယခုဖြစ်ပျက်နေသော အကြောင်းအရင်းအမှန်
ကိုအတိအကျမသိရသေးခင် ဒေါ်မြခင်တို့မောင်နှမရိပ်မိကုန်မည်စိုး၍လည်းဖြစ်သည် ။

နံနက်စာစားသောက်ပြီးသောအခါ အောင်သိန်းထွန်းမှာဖခင်ကြီးကိုအခန်း
အတွင်းဝင်ကြည့်ရာမြေဒူးဆိုသူကိုပါ
အခန်းအတွင်းတွေ့ရသည် ။

…အဖေနေရထိုင်ရသက်သာရဲ့လား…

…ငါနေကောင်းနေပြီဟေ့ကောင်၊ဘာမှမဖြစ်တော့ဘူး ၊ ရပ်ကွက်လူကြီးတွေခေါ်ပြီး မြခင်ကို အကုန်ပေးလိုက်တော့မယ် ၊ မင်းတို့ပြန်တော့.. ..

….ဒီအိမ်ရယ် ၊တခြားပိုင်ဆိုင်မူတွေက
အဖေတစ်ယောက်တည်းပိုင်တာမဟုတ်ဘူး ၊ အမေလက်ထက်ပွားလာတာလည်းရှိတယ် ၊ ဒီတော့ အဖေသဘော
ဆန္ဒတစ်ခုတည်းနဲ့ အဖေနောက်မိန်းမကိုအကုန်ပေးလို့မရဘူးဆိုတာ မှတ်ထားပါ….

…တောက်….

ဦးဘုန်းကြွယ်စကားကို ကလန့်တိုက်ပြော၍ အောင်သိန်းထွန်းအခန်းပြင်ထွက်လာရာ ဦးဘုန်းကြွယ်၏တောက်
ခေါက်သံကိုကြားလိုက်ရသည် ။

ညီမဖြစ်သူတင်တင်ခိုင်ကိုသူဒေါ်မြခင်တို့ရွာကိုသွား၍ သတင်းစုံစမ်းမည်ဖြစ်ကြောင်းထိုအကြောင်းကို ဒေါ်မြခင်တို့ကိုပြောမပြရန် ညီမတင်တင်ခိုင်
ကိုမှာကြား၍ အောင်သိန်းထွန်းမှာ ဒေါ်
မြခင်တို့ရွာသို့ ထွက်ခွာလာခဲ့သည် ။

ဒေါ်မြခင်တို့ရွာကိုရောက်၍အကျိုး
အကြောင်းစုံစမ်းကြည့်ရာ မြေဒူးဆို
သောမေယင်ဖြစ်သူအကြောင်းစိတ်ဝင်စားဖွယ်ရာသိလိုက်ရသည် ။

မြေဒူးမှာမကောင်းဆိုးဝါးအောက်လမ်းပညာရပ်များကိုတတ်မြောက်သောအောက်လမ်းဆရာ
ဖြစ်ပြီး ဆိုးသွမ်းသူဖြစ်သောကြောင့်
မိဘများက အိမ်ပေါ်မှနှင်ချထားရာ
မိဘများဆုံးပါးချိန်ထိရောက်မလာကြောင်းသိရသည် ။

အရပ်တကာနယ်တကာလှည့်နေသောမြေဒူးမှာကြောက်လန့်စရာအောက်လမ်းအတတ်ပညာများဖြင့်
အရပ်တကာနယ်တကာလှည့်၍ လူများကို ဒက္ခပေးနေသည်ဟု သတင်းသိုးသိုး
သန့်သန့်ကြားရကြောင်း သိရသည်။

မိမိရွာပြန်ရောက်သောအခါ အောင်သိန်းထွန်းမှာသူညကမြင်ခဲ့ရသော ဖခင်ကြီးအသားစားနေသောမြင်ကွင်း၊
ကြားခဲ့ရသောမြေဒူးအကြောင်းများနဲ့
ဆက်စပ်၍ ဖခင်ကြီးကိုမြေဒူးတို့တစ်ခုခုမကောင်းသောအတတ်ဖြင့်
ပြုလုပ်ထားသည်မှာဖြစ်နိူင်ကြောင်း
ပြောပြရာညီမဖြစ်သူ တင်တင်ခိုင်မှာ
မိန်းမသားပီပီစိုးရိမ်စိတ်များဝင်သွား
ပါတော့သည် ။

” အဖေတစ်ခုခုဖြစ်နေပြီဆိုရင်ဘယ်လိုလုပ်ကြမလဲ အစ်ကို၊ မနက်ကလည်းဘုရားကျောင်းဆောင်ပေါ်မှာ ပန်းတွေညိူးပြီး ဘုရားဆင်းတုတော်မတွေ့လို့မေးကြည့်တာ ဒေါ်မြခင်က ရွှေချဖို့တခြားနေရာပို့ထားတယ်တဲ့၊
ဘုရားပုံတော်လေးဖြစ်ဖြစ်ရှိမလားလို့
ညီမလိုက်ရှာတာ တအိမ်လုံးသာနှံ့တယ် ဘာပုံတော်မှမတွေ့ဘူး ၊
ဒီအတိုင်းသာဆိုရင်သူတို့အဖေ့ကို
တခုခုလုပ်ထားကြပြီ ဘာလုပ်ကြမလဲ
အစ်ကိုရယ်….. ”

” အဲဒီလောက်လည်းစိတ်မပူပါနဲ့ ငါကြံပါအုံးမယ် ၊သူတို့က ဒီနေ့လည်မှာ
လူကြီးစုံရာတွေရှေ့အမွေတွေခွဲဖို့စီစဥ်ထားတာ၊ အဖေကိုတစ်ခုခုလုပ်ထားတယ်ဆိုတော့ အဖေကလည်းဒေါ်မြခင်ကို အမွေတွေအားလုံးလွဲပေးမှာကျိန်းသေနေတယ်.။

ဒီကိစ္စတွေကို ငါရွာဦးကျောင်းဆရာ
တော်ကိုလျှောက်ပြီး ဘာလုပ်ရမလဲ
တိုင်ပင်ကြည့်မယ် ၊ နင်ကအိမ်ကိုဟန်မပျက်ပြန်၊ ငါ့ကိုမေးရင် မတွေ့တာကြာ
တဲ့ရွာကသူငယ်ချင်းတွေနဲ့တွေ့လို့ သူတို့နဲ့လိုက်သွားတယ်ပြော ကြားလား….”

” အိမ်ကိုပြန်ရမှာတောင် ခပ်လန့်လန့်
ပဲအစ်ကိုရယ် ၊ မတော် အဖေကလည်ပင်းထညှစ်နေမှ…..”

” သူတို့လက်ထဲ အမွေတွေမရောက်သေးပဲငါတို့ကို အန္တာရယ်မပြုပါဘူး
နောက်ပြီး အဖေက သူ့အတွင်းပစ္စည်း
တွေထားတဲ့ မြေအောက်ခန်းသော့ကို
ရွာဦးကျောင်းဆရာတော်ဆီအပ်ထား
တာသူတို့မသိဘူး ၊ သိများသိရင်ယူပြီး
နေတာကြာရောပေါ့.. ကဲ..ငါသွားပြီ….”

မြယာကုန်းရွာကျောင်းဆရာတော်
ဦးသုမဂ်လမှာ အောင်သိန်းထွန်းပြော
ပြလာသောသူ့ ဖခင်ကြီးအကြောင်းများနားထောင်၍ တအံ့တသြဖြင့်ရှိနေသည် ။

” ဒကာရယ် အမှန်ပြောရရင်ဆရာတော်
အနေနဲ့ ခုလိုကိစ္စမျိုးနားမလည်သလို
ဝင်လည်းမပါချင်ပါဘူး ၊ ဒါပေမယ့်
ဦးဘုန်းကြွယ်က ဆရာတော်ရဲ့ဒကာ
အရင်းကြီးမို့ သူဒုက္ခကြုံနေရချိန်ပစ်ထားလို့မရပြန်ဘူး ၊ ဒီတော့ကာ ဒီလို
အရေးကိစ္စမျိုးနားလည်သူတစ်ယောက်
နဲ့ဆရာတော်က ဒကာကိုတွေ့ပေးမယ်… ”

ကျွန်ပ်သက္ကမှာ ကျွန်ပ်တတ်ကျွမ်းရာ
ဆေးပညာရပ်၊ စုန်း၊ဖုတ်၊သရဲတစ္ဆေ စသောမကောင်းဆိုးဝါးပူးကပ်ခံရသူများ
ကိုချွတ်ပေးနှင်ပေးသူဖြစ်သည် ။

အရပ်တကာနယ်တကာလှည့်၍ကျွန်ပ်တတ်ကျွမ်းရာပညာများဖြင့် ခုနှစ်ရက်
သားသမီးများဘေးဒုက္ခကိုကူညီကယ်တင်ပေးနေသူလည်းဖြစ်သည် ။

ကျွန်ပ်မှာမြန်မာပြည်မြေလတ်ပိုင်းဒေသမှမြယာကုန်းဆိုသောရွာတွင် ငယ်စဥ်က သူငယ်ချင်းဖြစ်ခဲ့ဖူးသော

အောင်သိန်းထွန်းဆိုသူပြောပြလာသောအကြောင်းအရာများနားထောင်ပြီးသောအခါ ကျွန်ပ်မှာ အောင်သိန်းထွန်းဖခင်ကြီးကို ဖုတ်သွင်းထားကြောင်းတန်းသိလိုက်သည် ။

ကျွန်ပ်သိထားသောအကြောင်းအရာ
များကိုဆရာတော်ကြီးအားတင်လျှောက်လိုက်ပါသည်။

ဆရာတော်က မြယာကုန်းရွာမှရပ်မိရပ်ဖလူကြီးများကို တိုးတိုးတိတ်တိတ်ခေါ်လာရန်ကျောင်း
သားလေးတစ်ယောက်ကို အခေါ်လွတ်
လိုက်ပါသည် ။

ရပ်ရွာလူကြီးများရောက်လာသော
အခါ အောင်သိန်းထွန်းကသူ့ဖခင်ကြီး
အခြေအနေ၊ ဒေါ်မြခင်တ်ု့အခြေအနေကိုအကြမ်းဖျင်းပြောပြရှင်းပြရာထိုကဲ့
သို့ကိစ္စများသူတို့တသက်တွင်တကြိမ်
တခါမှမကြုံဖူးခဲ့ကြသောကျေးရွာလူ
ကြီးများအံ့သြသင့်ကုန်ကြသည် ။

” မနက်ကဒေါ်မြခင် ကျုပ်တို့ဆီလာ
သွားတယ် ၊ အမွေကိစ္စပြောစရာရှိလို့
နေ့လည်အိမ်ကိုလာခဲ့ပေးပါတဲ့…၊
ဒီအတိုင်းဆို ရှေ့ဆက်ဘယ်လို လုပ်ကြမှာလဲ…”

” ကျွန်ပ်ကတော့ ဒီလိုလုပ်ချင်တယ်၊
ရပ်ရွာလူကြီးတွေအနေနဲ့ သူတို့ခေါ်တာ
သွားပြီး စာချုပ်အတုတစ်ခုလုပ်ရမယ်၊
နောက်မြေတိုက်ခန်းဖွင့်ဖို့သော့ကိုရော
အတုလုပ်ပြီး သူတို့ကိုလောလောဆယ်
ပေးလိုက်မယ် ၊ ပြီးမှသူတို့ဘာဆက်လုပ်မယ်စောင့်ကြည့်ရမှာပေါ့.၊
ဒီနေရာမှာပိုပြီးသဘာဝကျအောင်
ဒီကအောင်သိန်းထွန်းက အမွေခွဲတဲ့ကိစ္စမကျေနပ်ကြောင်း ယုတ္တိရှိအောင်
သောင်းကျန်းပြလိုက်မယ်ဆိုရင်သူတို့
ယုံသွားလောက်ပါတယ်…. ”

အားလုံးဘာဆက်လုပ်ရမည်ကိုမစဥ်းစားတတ်အောင်ရှိနေကြစဥ် ကျွန်ပ်ကဝင်၍အကြံပေးလိုက်ခြင်းဖြစ်သည်။

တခြားအကြံကောင်းများမရှိရာကျွန်ပ်ပေးသောအကြံအတိုင်းလုပ်ဆောင်ရန်ဆုံးဖြတ်လိုက်ကြပါတော့သည် ။

ကျွန်ပ်မှာ ကျောင်းပေါ်မှနေ၍အခြေအနေကိုနားစွင့်လျှက်ရှိနေပါသည် ။

ညနေစောင်းအချိန်တွင် အောင်သိန်း
ထွန်းကျွန်ပ်ထံရောက်လာပြီးနေ့လည်ကလူကြီးများရောက်လာချိန်တွင် သူဖခင်က အမွေများကို ဒေါ်မြခင်အားပေးကြောင်းစာချုပ်စာတန်းဖြင့်
ရပ်ရွာလူကြီးများရှေ့တွင်လွဲပေးကြောင်းပြောချိန်တွင် ကျွန်ပ်မှာကြား
ထားသည့်အတိုင်းအောင်သိန်းထွန်းမှာ
စတင်သောင်းကျန်းပါတော့သည် ။

သားသမီးများကိုမပေးပဲနောက်မိန်းမကို အမွေအားလုံးပေးခဲ့သည်မှာ ယုတ္တိ
မရှိကြောင်းပြောလာသည် ။

သူလက်မခံနိူင်ကြောင်း ယခုအိမ်ပေါ်မှလည်းဆင်းမပေးနိူင်ကြောင်းအော်ဟစ်ပြောဆိုနေချိန်တွင် မြေဒူးမှာ
သူ့ဖခင်နား အနားသို့ကပ်၍တီးတိုးစကားဆိုနေသည်ကိုတွေ့ရပြီး ခနအကြာဦးဘုန်းကြွယ်မတ်တတ်ရပ်လာပြီး
သူ့ကိုမျက်ထောင့်နီကြီးများဖြင့်ကြည့်၍.. မင်းအိမ်ပေါ်ကဆင်းမလားမဆင်းဘူးလား မဆင်းရင်မင်းကိုငါသတ်မယ်ဟုဆိုကာ ဝင်လုံးကြောင်းပြောလာသည် ။

ဆက်လက်၍ သူ့ကိုဝင်လုံးသော ဖခင်ဦးဘုန်းကြွယ်မှာ အဆမတန်အင်အားကြီးသန်မာ၍ အောက်သို့ရောက်သွားရာဦးဘုန်းကြွယ်ကသူ့လည်ပင်းကိုညှစ်
ထားသည်မှာ လူသုံးလေးယောက်ပင်ဝိုင်းဆွဲဖြုတ်ရသည်ဆိုလာသည် ။

အကြောင်းအရင်းမှန်မသိ၍ငိုယိုနေသော ညီဖြစ်သူကို အခြေအနေကိုအကြမ်းဖျင်းပြောပြ၍ ပြန်ခိုင်းလိုက်
ပြီဟုဆိုလာသည် ။

” ဒီအတိုင်းဆိုရင်တော့ ၊ မောင့်ရင့်မှာအန္တာရယ်ရှိလာပြီ၊ ဒါကလည်းတနည်းအားဖြင့်တမျိုးကောင်းပါတယ်.”

” ..ဗျာ.. ဆရာကြီး ကျွန်တော်မှာ ဘယ်လိုအန္တာရယ်မျိုးရှိနေတာလဲ… ”

” ဒီလိုရှိတယ် မောင်ရင် လူရှေ့မှာ
မောင်ရင်တို့သားအဖ သတ်လား၊ပုတ်လားရန်ဖြစ်ကြတာက ဒေါ်မြခင်တို့
အကွက်ဖြစ်သွားတယ်၊ မောင်ရင်က
အိမ်ပေါ်ကမဆင်းဘူးဆိုတော့သူတို့မှာ
စိတ်မအေးနိူင်သေးဘူး ဒီတော့မောင့်ရင်ကို ဖုတ်သွင်းထားတဲ့ မောင်ရင်အဖေနဲ့ သတ်ခိုင်းလာနိူင်တယ် ။
အဖေနဲ့သား အမွေကိစ္စကြောင့် ရန်ဖြစ်
ကြရင်းအဖေကသားကိုသတ်လိုက်တယ်ပေါ့… ကဲ.. ဘယ်လောက်နေရာ
ကျတဲ့အကွက်လဲ….”

” ဆရာကြီးပြောမှပဲ သူတို့လုပ်မယ့်အကွက်တွေးမိတော့တယ် ၊ ကျော်မကောင်းကြားမကောင်းတွေဖြစ်လာတော့မှာပဲ ဘယ်လိုလုပ်ကြမလဲ…”

” ကျွန်ပ်ကြံစည်ထားတာတွေရှိပါတယ်
စိတ်မပူပါနဲ့ ၊ တစ်ခုတော့ပြောမယ်နော်
ဘယ်လိုအရေးကိစ္စကြောင့်ဖြစ်ဖြစ်အိပ်
မပျော်ပါစေနဲ့ ဒေါ်မြခင်ချက်ကျွေးတာ
တွေမစားမိပါစေနဲ့…..”

ကျွန်ပ်မှာလုပ်ကိုင်ရမည့်အလုပ်များ
အောင်သိန်းထွန်းကိုပြောပြလိုက်ပါသည် ။

ညသည်တစွန်းတစလရောင်ကြောင့်
ပတ်ဝန်းကျင်ကိုရိုးတိုးရိပ်တိတ်မြင်နေရသည် ။

မြယာကုန်း သင်းချိုင်းမှခွေးအအူသံ
များကြားနေရသည် ။

ဦးဘုန်းကြွယ်တို့အိမ်ကြီးနဲ့မနီးမဝေး
နောက်ဖေး ကွင်းမှခြုံနွယ်များကိုအကာ
အကွယ်ယူ၍ ကျွန်ပ်နဲ့အတူ ရွာထဲမှသတ္တိကောင်းသည်ဟုရွာလူကြီးထည့်
ပေးလိုက်သော လူငယ်တယ်ယောက်မှာ တုတ်၊ဓား၊ လှံ လက်နက်အပြည့်အစုံဖြင့် ဦးဘုန်းကြွယ်အိမ်သို့မမှိတ်မသုန်စိုက်ကြည့်နေကြပါသည် ။

လူငယ်များမှာမည်သည့်အရေးကိစ္စ
ကြောင့်ဆိုသည်ကိုတစွန်းတစကြားထားကြသောကြောင့် မကြောက်လန့်သည့်အပြင် ဖုတ်ကောင်ကိုဖမ်းရမည်ဆို
၍စိတ်အားပင်တက်ကြွနေကြသည် ။

ညကိုးနာရီခန့်တွင်ဦးဘုန်းကြွယ်တို့တအိမ်လုံးမီးမှိတ်သွားသည်ကိုတွေ့ရသည် ။

ကျွန်ပ်မှာ အောင်သိန်းထွန်းအတွက်
အနည်းငယ်စိတ်ပူနေမိသည် ။

အကယ်၍ ကျွန်ပ်ပြောသည့်အတိုင်း
အောင်သိန်းထွန်းလိုက်လုပ်၍ တခုခု
ချွတ်ချော်တိမ်းစောင်းသွားမှာစိုးရိမ်စိတ်ဝင်နေမိခြင်းဖြစ်သည် ။

ကျွန်ပ်တို့မှာ အိမ်ကြီးကိုမမှိတ်မသုန်စောင့်ကြည့်နေကြရာ အချိန်မှာလည်း ညဆယ့်တစ်နာရီခန့်
ရောက်ရှိလာသည် ။

အခြေအနေကားယခုထိထူးခြားမူမရှိသေးပေ။
ဖုတ်ကောင်ဖမ်းမည့်လူငယ်များမှာ
ယခုထိမည်သည့်အရာကိုမှမတွေ့ရသောကြောင့် ငိုက်မျဥ်း၍ပင်ရှိနေကြသည်။

ကျွန်ပ်မှာလည်း ကျွန်ပ်အတွေးကိုသံသယဝင်လာမိသည် ။
ကျွန်ပ်အတွေးသည်ယခုညမဟုတ်ပဲ
တခြားညများတွင်လည်းဖြစ်ကောင်း
ဖြစ်လာနိူင်သည်ဟုတွေးလာမိသည် ။

သို့ရာတွင် အချိန်ကစောနေသေးသည်မို့ ဆက်၍စောင့်နေမိသည်။

…အား….

ထိုအချိန်မှာပင်နာကျင်စွာအော်ဟစ်သံကြားလိုက်ရခြင်းနဲ့အတူ ဦးဘုန်းကြွယ်
ခြံနောက်ဖေးဆီသို့ လူတစ်ယောက်ပြေးလာနေသည်။
ခြံစည်းရိုးအဖြစ်ကာရန်ထားသော
ဝါးကပ်ကိုကိုယ်လုံးဖြင့်တိုက်ချရင်း
ခြံပြင်ထွက်၍ သင်းချိုင်းကုန်းဖက်ဆီဦးတည်၍ပြေးရန်ဟန်ပြင်နေသည်။

….ဟေ့ကောင်လေးတွေဖုတ်ကောင်ပဲ.. မလွတ်စေနဲ့…

..အဲတာဖုတ်ကောင်.. လူမဟုတ်ဘူး

…ယား..ယား…ယား…

…..ဒုတ်….

….စွတ်….

အော်သံကြားချိန်ကတည်းက အဆင့်သင့်ဖြစ်နေကြသော ကာလသားလူငယ်များမှာ ထိုလူကိုရုတ်တရက်တွေ့လိုက်ကြရာ ဦးဘုန်းကြွယ် ဖြစ်နေခြင်း
ကြောင့်ခနမျကြောနေကြသေးသည်။

ကျွန်ပ်ကဖုတ်ကောင်ဖြစ်ကြောင်းအော်ဟစ်သတိပေးသောအခါမှညာသံပေး၍ ဓားလှံများဖြင့်ဝိုင်းခုတ်ကြပါ
သည် ။

သို့ရာတွင် ဓားချက်၊လှံချက်များထိသော ဖုတ်ကောင်မှာမည်သို့မျခံစားရဟန်မတူပဲ သူသင်းချိုင်းကုန်းပြေးလမ်း
ရှေ့တွင်ပိတ်ရပ်နေသော လူငယ်နှစ်ယောက်ကိုလက်ပြန်တုတ်၍ပြေးသွားပါသည် ။

လူငယ်နှစ်ယောက်မှာမြေကြီးပေါ် လဲကျ၍ နာကျင်စွာငြီးငြူနေကြလျှက်ရှိနေပါသည် ။

ဖုတ်ကောင်မှာကားလူငယ်တစ်ယောက်ပစ်လိုက်သောလှံက ကျောတွင်စိုက်လျှက်သားဖြင့်ပါသွားသည် ။

ကျွန်ပ်တို့မှာလဲကျနေသောလူငယ်များကို အရေးမစိုက်အားဖုတ်ကောင်
နောက်သို့ပြေးလိုက်ခဲ့ကြပါသည် ။

သင်းချိုင်းကုန်းအတွင်းရောက်သောအခါ ဖုတ်ကောင်မှာ သူပိုင်နက်ကို
ရောက်နေပြီမို့ကျွန်ပ်တို့ကို မျက်နှာခြင်းဆိုင်အနေအထားရင်ဆိုင်လာပါသည်။

….သေချင်လို့ ငါ့နောက်လိုက်လာကြတယ်ပေါ့ မင်းတို့လည်ချောင်းသွေးကို
ဖောက်သောက်ပြီး ဝိညဥ်ကို ငါ့အခိုင်း
အစေအဖြစ်ထားမယ်….လာကြ…
သေချင်တဲ့အကောင်တွေရှေ့တိုးလာကြ…

နက်ကျောလေသံသြရှရှအက်ကွဲကွဲ
ပြောလာသောစကားကြောင့် လူငယ်များမှာကြောက်လန့်တုန့်ဆိုင်းကုန်ကြသည် ။

….အားလုံးမကြောက်ကြနဲ့ ဓားလှံတွေ
မသုံးကြနဲ့တော့ ဒီကြိုးနဲ့ ဝိုင်းပတ်ချည်လိုက်ကြ….

ကျွန်ပ်မှာလူငယ်များမကြောက်လန့်စေရန်အားပေးစကားပြော၍ သိမ်ဝင်ပရိတ်ချည်ကြိုးကို လေးငါးဆယ်ပင်
လုံးကျစ်ထားသောကြိုးဖြင့်ဖမ်းခိုင်းလိုက်ရာ လူငယ်နှစ်ယောက်မှာကြိုးစတဖက်တချက်စီကိုကိုင်၍ ကြိုးကိုလူခါးလည်ခန့်အမြင့်ရအောင်ကိုင်ကာ ဖုတ်ကောင်ထံပြေး၍ လူငယ်နှစ်ယောက်ကဝိုင်းကြီးပတ်ပတ်ပြေးသလို
ပြေးလိုက်ကြရာ ပရိတ်ချဥ်ကြိုးများက
ဖုတ်ဝင်နေသော ဦးဘုန်းကြွယ်ကိုယ်လုံးကိုရစ်ပတ်ကုန်သည် ။

အစပထမ ဒေါသမာန်ထောင်လွားနေသောဖုတ်ကောင်မှာ ယခုကားနာကျင်
စွာအော်ရင်းအသနားခံတောင်းပန်နေရှာပါသည်။

…သေတဲ့လူကိုယ်ထဲဝင်ပြီး စားသောက်ရုံမက လူတွေကို ဒုက္ခပေးနေတဲ့အကောင် ခုဘဝမှာပဲတသက်လုံးနေသွားချင်လို့လား….

… ..​မြေဒူးဆိုတဲ့အောက်လမ်းဆရာ
ခိုင်းလို့လုပ်နေရတာပါ ဆရာကြီးရယ်..
သူက ကျုပ်ဦးခေါင်းခွံနဲ့ လက်ဖျံရိုးကို
ယူပြီးကျုပ်မှာသူခိုင်းတာမှန်သမျ
ငြင်းဆန်ပိုင်ခွင့်မရှိပါဘူး…

…တကယ်လို့ မင်းခေါင်းခွံနဲ့လက်ဖျံ
ရိုးကိုငါရှာပြီးကောင်းကောင်းမွန်မွန်
မြုတ်နှံပေးမယ် ၊ မင်းနောက်ထပ်လူတွေကို ဒုက္ခမပေးဘူးလို့ကတိပေးနိူင်
မလား….

…ပေးနိူင်တာပေါ့ ဆရာကြီးရယ် ၊
ကျုပ်လည်း အဲဒီလိုအလုပ်မျိုး ယုတ်မာတဲ့အောက်လမ်းဆရာစကား
မလွန်ဆန်နိူင်လို့လုပ်နေရတာပါ…

…ကဲ.. ကောင်းပြီ မင်းကတိတည်မယ်လို့ ငါယုံတယ် ဒီခန္ဓာကခွာပြီးမင်းသွား
လိုရာသွားတော့….

…ကျုပ်တို့ဖုတ်တွေကလူတစ်ယောက်ကိုယ်ထဲ ကိုယ့်သဘောဆန္ဒအလျှောက်ဝင်ရင် ကိုယ့်သဘောဆန္ဒအလျှောက်ပြန်ထွက်လို့ရပါတယ်၊
ဒါပေမယ့် တစ်စုံတစ်ယောက်ကထည့်ထားရင်တော့ ပြန်ထုတ်ပေးမယ့်လူရှိမှ
ထွက်လို့ရပါတယ်ဆရာကြီး…

…ကဲ ဒီလိုဆိုရင်လည်းကျွန်ပ်ကပဲ
မင်းကို ဒီခန္ဓာကိုယ်က ခွာနိူင်ဖို့အရေး
ပြန်ထုတ်ပေးရတော့မှာပေါ့….

ထိုအချိန်မှာပင်သင်းချိုင်းကုန်းအတွင်းသို့ ရပ်ရွာလူကြီးများနဲ့ အောင်သိန်းထွန်းတို့လိုက်လာကြပါသည် ။

နောက်မှအောင်သိန်းထွန်းပြောပြချက်အရ. အိပ်ယာထဲတွင်လှဲ၍အိပ်
မပျော်စေရန်သတိထားနေသော်လည်း
လူကမှေးခနဲတချက်ဖြစ်သွားချိန်တွင် သူ့လည်ပင်းသို့လက်ကြီးနှစ်ဖက်လာ
ဆုတ်ကိုင်ကြောင်း သိုးရာတွင် ကျွန်ပ်ပေးထားသောအဆောင်ကြိုးကိုလည်ပင်းတွင်ဆွဲထားရာအဆောင်ကြိုး
ကိုထိမိ၍ နောက်ဆုတ်သွားချိန်တွင်
ကျွန်ပ်ပေးထားသော သိမ်ဝင်သပိတ်
ကွဲပေါ်တွင် အင်းကွက်ဆွဲထားသော
သပိတ်ကွဲဖြင့်ပစ်ပေါက်လိုက်ရာနာကျင်စွာအော်ဟစ်၍ထွက်ပြေးသွား
ကြောင်း။

မနီးဝေးတွင်ရပ်ကြည့်၍အံ့သြနေသောအောက်လမ်းဆရာမြေဒူးကိုတွေ့၍ ဆဲဆို၍ထိုးကြိတ်ရာ မြန်မာ့လက်ဝှေ့ကိုဆရာကောင်းကောင်းထံသင်ထားသော အောင်သိန်းထွန်းထိုးချက်များကြောင့် မြေဒူးလည်းအိမ်ပေါ်
မှဆင်းပြေးသွားချိန်တွင် မြေဒူးယူမသွားလိုက်ရသောလွယ်အိတ်ကိုယူ၍
ကျေးရွာလူကြီးများရောက်လာချိန်တွင်
ကျွန်ပ်တို့ထွက်သွားရာသင်းချိုင်းဖက်သို့လိုက်လာကြခြင်းဖြစ်သည် ။

ကျွန်ပ်မှာ မြေဒူးလွယ်အိတ်ကိုယူကြည့်ရာ လူခေါင်းခွံတစ်ခု၊ လက်ဖျံရိုးတစ်ခုနဲ့အတူ အောက်လမ်းပညာရှင်များအသုံးပြုသော ပစ္စည်းများတွေ့လိုက်ရပါသည် ။

ကျွန်ပ်မှာဦးဘုန်းကြွယ်ထံဝင်နေသောသရဲပေတိုးကိုပြန်ထုတ်သောအလုပ်များဆက်လက်ဆောင်နေရသည်။

သရဲပေတိုးထွက်သွားချိန်မှာတော့
ဦးဘုန်းကြွယ်မှာ မြေကြီးပေါ်အရုပ်ကြိုးပြတ်လဲကျသွားပါသည် ။

ဦးဘုန်းကြွယ်မှာ အသားအရည်များအရည်ပျော်ပြီး ခန္ဓာကိုယ်အတွင်း
မှလောက်ကောင်များထွက်လာသည်ကို
ကိုကြည့်ရင်းအားလုံးတအံ့တသြရှိနေကြတော့သည် ။

ဆိုးရွားလွန်းသော အပုတ်နံ့ကြောင့်
ဦးဘုန်းကြွယ်အလောင်းအနီးမှနောက်ဆုတ်၍ ခပ်ခပ်လှမ်းလှမ်းမှကြည့်နေကြသည်။

ကျွန်ပ်တို့မှာညတွင်းချင်းပင်ဦးဘုန်းကြွယ်အလောင်းကိုမြေမြုတ်သဂြိုလ်လိုက်ကြသည် ။

ကျွန်ပ်တို့ ဦးဘုန်းကြွယ်အလောင်းကို
မြုတ်နှံနေကြချိန်မှာပင်မြယာကုန်း ရွာပြင်တောစပ်ဆီမှနာကျင်စွာအော်လိုက်သောအော်သံကြီးတသံကြားလိုက်ရပါသည် ။

မည်သူတစ်ယောက် ၊မည်သည့်အတွက်ကြောင့်အော်သည်ဟုရွာသားများစဥ်းစားတွေးတော၍မရကြပေ။

ကျွန်ပ်မှာသရဲပေတိုးဦးခေါင်းခွံနဲ့လက်ဖျံရိုးကိုလည်း သင်းချိုင်းကုန်းတစ်နေရာတွင်မြုတ်နှံလိုက်ပါသည် ။

ကျွန်ပ်မှာထိုအရေးကိစ္စများဆောင်ရွက်ပြီးသောအခါဘုန်းကြီးကျောင်းသို့ပြန်၍ရေမိုးချိုး
လိုက်သည် ။
အချိန်မှာလည်း
အာရုံဦးအလင်းပင်မြင်နေရပြီဖြစ်သည်။

ကျွန်ပ်လည်းဆရာတော်ကိုဦးဘုန်းကြွယ်နဲ့ပတ်သက်၍ယခုညကြုံရသော
အကြောင်းပြောပြတင်လျောက်၍တရေးတမောအိပ်လိုက်သည်။

အိပ်ယာမှနိူးလာချိန်တွင် အောင်သိန်းထွန်းနဲ့ရပ်ရွာလူကြီးများဘုန်းကြီးကျောင်းပေါ်ရောက်လာသည်ကိုတွေ့လိုက်ရသည် ။

ကျွန်ပ်ကိုတွေ့သောအခါအောင်သိန်းထွန်းမှာကျေးဇူးတင်စကားဆိုလာရင်း
ထူးခြားသောအကြောင်းအရာတစ်ခုပြောပြလာသည် ။

” ကျွန်တော်အရေးကိစ္စကိုအစစအရာရာ လိုက်ကူညီပေးတဲ့ဆရာကြီးကိုကျေးဇူးတင်ပါတယ်၊

ဆရာကြီးရေ. ဒါနဲ့ရွာပြင်တောစပ်မှာ
လူသေအလောင်းတစ်လောင်းတွေ့တာ
ဘယ်သူများလဲမှတ်တယ် ၊
အောက်လမ်းဆရာမြေဒူးဖြစ်နေတယ်
ဆရာကြီးရေ မျက်နှာကနောက်စေ့နေရာရောက်အောင် ဇက်ကြီးလည်ပြီး
သေနေတာ၊ မသေခင်မချိမဆန့်ဝေဒနါ
အတော်ခံစားသွားရပုံပဲ.၊ ဘယ်သူသတ်သွားတယ်မဆိုနိူင်ဘူး…”

” သူသရဲမွေးပြီးဒုက္ခပေးခဲ့သူတွေထဲကတစ်ယောက်ယောက် မကျေနပ်လို့သတ်သွားတာလည်းဖြစ်နိူင်တာပဲလေ…..အမိုက်ဇာတ်သိမ်းသွားတာပေါ့…..”

ကျွန်ပ်မှာ မြေဒူးသေသည်ဆိုသည်နဲ့
သရဲပေတိုးကိုပြေးမြင်မိသော်လည်း
မသေချာသောကြောင့်မပြောဖြစ်ခြင်းဖြစ်ပါသည်။

သရဲပေတိုးမှာသူအပေါ်အထိန်းအချုပ်
မရှိသောအခါ ဟိုးအရင်က သူကိုခိုင်းစေအနိူင်ကျင့်ခဲ့သောအောက်လမ်းဆရာကိုသတ်လိုက်ဟန်တူသည်။

” ဒေါ်မြခင်ကြီးကတော့ အရူးမီးဝိုင်းပဲ
ဆရာကြီးရေ၊
သူ့မကောင်းမူတွေလည်းပေါ်၊ သူ့မောင်လည်းဆုံးဆိုတော့ မိုးမလင်းခင်ပဲ
ရွာကထွက်သွားလေရဲ့…”

ကျွန်ပ်မှာ ဒေါ်မြခင်ကြီးအဖြစ်ကြောင့်သတိသံဝေဂတရားတစ်ခုရမိပါသည် ။

လောဘစိတ်အမှောင်းအတွင်းနယ်ကျွံ၍ လောဘနွံနစ်ကာ မပြုလုပ်သင့်သည့်အမှားများကျုးလွန်သော ဒေါ်မြခင်အဖြစ်က ကြောက်လန့်သံဝေဂရဖွယ်ရာပင်ဖြစ်ပါတော့သည်။

=============================

ပြီးပါပြီ

မြူခိုးအလက်ာ