လေးပါးသီလ(စ/ဆုံး)
——————–
ရပ်ကွက်ထိပ်က ဆိုက်ကားဂိတ်မှာ ကိုရှည်ကြီးဆိုလျင် မသိတဲ့သူမရှိပေ။လက်လုပ်လက်စားဘဝတွေဆိုပေမဲ့ ကိုရှည်ကြီးတို့ကတော့ မကောင်းမှုဖြင့်
အသက်မမွေး။လျာပေါ်မြက်ပေါက်ပါစေ ခိုးမစားဘူးဆိုသည့် အမျိုးပဲဖြစ်သည်။
ငယ်ငယ်ကရွာဦးကျောင်းမှာနေတုန်း ဆရာတော်ဆုံးမဖူးသည့် စကားကိုအမြဲလိုက်နာနိုင်အောင်ကြိုးစားနေထိုင်ခဲ့သည်မှာ ကြာချေပြီ။
“ဟဲ့ ငရှည်တို့ ငတာတို့ နင်တို့ဘ၀မှာဘယ်လောက်ပဲ ငတ်ပြတ်နေအောင်ဆင်းရဲနေပါစေ ငါးပါးသီလကိုတော့ မဖောက်မိစေနဲ့ဟေ့”
ဆရာတော့်ဆုံးမစကားအတိုင်း ကျင့်ကြံနေထိုင်ခဲ့ကြသည်မို့ သာမန်လက်လုပ်လက်စားဘဝပေမဲ့ ငတ်တော့မငတ်ခဲ့ကြပေ။
ယခုနှစ်မိုးရာသီထဲ မိုးကောင်းလွန်းသည်ကတစ်ကြောင်း၊စီးပွားရေးအခြေအနေမကောင်းကြသည်မို့ကိုရှည်ကြီးတို့ ဆိုက်ကားသမားတွေအတွက် အလွန်ကြပ်တည်းကြသည့် အချိန်ပဲဖြစ်လေသည်။
ကိုရှည်ကြီးမှာ ဇနီးမတုတ်ရယ် သားနှစ်ယောက်နဲ့ သမီးထွေးတစ်ယောက်ဆိုလျင် အားလုံးမိသားစုငါးယောက်ရှိလေသည်။သားနှစ်ယောက်က တစ်နှစ်ကြီးတစ်နှစ်ငယ်နဲ့ ၆နှစ်၇နှစ်ထဲ ရောက်နေကြချေပြီ။အထွေးဆုံးသမီးကတော့ ခုမှ ၃နှစ်ထဲ ၀င်ကာစရှိသေးသည်။
“ကိုရှည်ရေ နက်ဖြန်ခါအတွက် ဆန်နဲ့ဆီမရှိတော့ဘူးနော်”
“အေးပါ မတုတ်ရာ ငါကြံပါအုန်းမယ်”
မိသားစုအရေးမို့သာ ကြံဖန်မယ်ပြောရတာ ယခုလိုမိုးထဲရေထဲ ဘယ်သူမှအပြင်မထွက်ကြပေ။သူ့လိုဘ၀တူ ဆိုက်ကားသမားတွေခမျာ မလုံတလုံဂိတ်အမိုးအောက်မှာ ခိုက်ခိုက်တုန်အောင်အအေးဒဏ်ကိုအန်တုရင်း မိသားစု၀မ်းရေးအတွက် စီးမဲ့သူတွေကို စောင့်မျှော်နေကြမှာ မလွဲပင်။
“ဟူး ဘယ်လိုလုပ်ရပါ့မလဲကွာ”
သက်ပြင်းရှည်ကြီးကိုချရင်း မိုးကအေးနေပေမဲ့သူစိတ်အိုက်နေမိသည်။ဒါတောင်နွေတုန်းက အိမ်အမိုးလေးထပ်မိုးထားလိုက်နိုင်လို့ မိုးထဲရေထဲသူတို့မနေရတာဖြစ်သည်။
အိမ်ဘေးက မောင်စိန်တို့ကတော့ အလုပ်မရှိတော့ ငါးမျှားသွားကြချေပြီ။မိုးကောင်းတာမို့ ငါးအတော်ရကြသည်။သူ့ကိုလိုက်ခဲ့ဖို့ခေါ်ပေမဲ့ သူမလိုက်သွားဖြစ်ပေ။စိတ်ထဲမှာ ဆရာတော့်မျက်နှာကို
မြင်ယောင်နေမိတာကြောင့် မကောင်းမှုဆို မလုပ်ဖြစ်အောင် ထိန်းတတ်နေပြီဖြစ်သည်။
“ဟေ့ အရှည်ကြီး အိမ်ထဲမှာလားဟေ့”
“ဗျို့ အထဲမှာပါ”
“အေး ထွက်လာအုန်းကွာ”
“ဟော ကိုအောင်တင်ပါလား မိုးထဲရေထဲ ကိစ္စရှိလို့လားဗျ”
“အေး ငါ့အိမ်ရှေ့မှာ မြောင်းဖော်ပေးစမ်းပါကွာ ငါကြည့်ပေးပါ့မယ်”
“ဟာ ရပါတယ် ကျနော် ဖော်ပေးပါ့မယ်”
နက်ဖြန်အတွက်ကို ခေါင်းခဲနေရတဲ့အချိန်မှာ အခုလို အလုပ်ကအဆင်သင့်လာပေးနေတော့ သူငြင်းလိုက်လို့မဖြစ်ပေ။ဘာအလုပ်ပဲဖြစ်ဖြစ် သွားလုပ်ရမှာဖြစ်သည်။
ရေမြောင်းတွေကိုရေစီးရေထွက်ကောင်းအောင် ပေါက်ပြားနဲ့လိုက်ပေးလိုက်တော့ ရေပြန်ကျသွားတော့သည်။မိုးကတော့ ခုချိန်ထိကောင်းနေဆဲပင်။ကိုအောင်တင်ပေးလိုက်တဲ့ မြောင်းဖော်ခလေးကနက်ဖြန်အတွက်တော့ ၀မ်းမီးငြိမ်းစေမှာဖြစ်သည်။
“ဒိန်း ဒလိန်း ဂျိမ်း”
“ဟင်း ဟင်း”
မိုးခြိမ်းသံအကျယ်ကြီးကြောင့် မတုတ်လန့်နိုးလာခဲ့သည်။ဘေးမှာလဲ ညည်းသံလိုလိုကြားရတာကြောင့် မီးထွန်းပြီးကြည့်လိုက်တော့ ကိုရှည်ကြီးတစ်ယောက် မိုးထဲရေထဲ အအေးမိပြီး ကိုယ်တွေခြစ်ခြစ်တောက်ပူကာဖျားပြီထင်သည်။
“ဟင် သမီး သမီးလေး”
ယောကျာင်္းဖြစ်သူဖျားလို့ထပြီးပြုစုမယ်ကြံသေး သမီးထွေးကပါကိုယ်ပူတက်ကာ ဖျားနေတာကြောင့် မတုတ်ပျာယာခေတ်သွားတော့သည်။
“ကိုရှည်ကြီး ကိုရှည်ကြီး ထပါအုန်း”
“အင်း ဘာလို့လဲ မတုတ်ရာ အား ကျွတ် ကျွတ်”
“သမီး သမီး အဖျားတက်နေလို့”
“ဟင် သမီးလေး”
နှစ်ယောက်သား တတ်သမျှမှတ်သမျှ ပြုစုကြသော်လည်း ကလေးကသက်သာလာခြင်းမရှိတာကြောင့် ချွေးပျံလာကြတော့သည်။သိပ်မကြာခင် မိုးလဲလင်းတော့မှာမို့ မအိပ်တော့ဘဲ ထိုင်နေကြတော့သည်။
“ကိုရှည် တော်ဆေးဆရာသွားပင့်မှရမှာ သမီးကခုထိမသက်သာသေးဘူး”
“အေး အေးပါကွာ”
ကိုယ်တိုင်ကဖျားနေသော်လဲ သားဇောသမီးဇောနဲ့မို့ မိုးထဲရေထဲ ဆေးဆရာပင့်ရအောင်ထွက်လာတော့သည်။ရပ်ကွက်ထိပ်နားမှာ ကျန်းမာရေးဆေးပေးခန်းရှိတာကြောင့် ကျန်းမာရေးမှူးကိုပင့်လာခဲ့သည်။
“ဆရာ ကျမတို့သမီးလေး အခြေအနေ”
“ကလေးက ဆေးရုံတင်မှရမယ်ဗျာ သွေးလွန်တုပ်ကွေးလက္ခဏာပြနေတယ် အချိန်မီတင်မှရမယ်”
“ရှင်”
“ဗျာ”
စားဖို့တောင်မနဲရှာနေရတဲ့ ခုလိုချိန်ကြီးမှာ ဆေးရုံတင်ဖို့ဆိုတာကြီးကို သူတို့မစဉ်းစားရဲပေ။ဒါပေမဲ့လဲ မဖြစ်ဖြစ်အောင်တော့ ကြံဖန်ရတော့မှာပဲဖြစ်သည်။အထက်အိမ်က ဆိုင်ကယ်ရှိတာကြောင့် အကျိုးအကြောင်းပြောပြပြီး မတုတ်နဲ့သမီးကို ဆေးရုံလွတ်လိုက်တော့သည်။
သူကတော့နေမကောင်းတဲ့ကြားထဲက ငွေရလိုရငြား ဆိုက်ကားယူပြီးဂိတ်ကိုထွက်လာခဲ့သည်။မိုးအေးအေးနဲ့ကွေးချင်ပေမဲ့ သမီးလေးကျန်းမာရေးအတွက်မို့ သူဇွတ်ထွက်လာတာဖြစ်သည်။ဂိတ်ရောက်တော့ သူအပါအ၀င်မှ နှစ်ယောက်ထဲရှိလေသည်။ကျန်တဲ့သူတွေကတော့ ဘ၀၀မ်းရေးအတွက် ငါးဖမ်းသွားကြသူနဲ့ အလုပ်ပြောင်းကြပြီဖြစ်သည်။
ထိုစဉ်မှာပဲ ဂိတ်ဘက်ကို လူနှစ်ယောက်မိုးရေရွဲစိုလို့ ရောက်လာလေသည်။
“ဒီမှာ ဆိုက်ကားအားလားမသိဘူး”
“ဟုတ် အားပါတယ်”
“နှစ်ယောက်လုံးလား မသိဘူး”
“ကျမက တစ်လမ်းသွားမှာ”
“ဒါဆို ဟိုဘက်မှာတစ်စီးရှိသေးတယ်”
အသက်လေးဆယ်အရွယ် လူချမ်းသာစာရင်း၀င်သူလို့ပြောနိုင်တဲ့ အမျိုးသမီးကိုတင်ပြီး ကိုရှည်ကြီးနင်းထွက်လာခဲ့သည်။တော်တော်လေးနင်းမိတော့အိမ်ကြီးတစ်အိမ်ရှေ့အရောက်မှာ သူ့ကိုရပ်ခိုင်းပြီးဆင်းလေသည်။
“ဒီမှာ ဆိုက်ကားခ”
“ဟုတ် ကျေးဇူးပါခင်ဗျာ”
ပိုက်ဆံအိတ်ထဲ ပြည့်ညှက်နေတာကို ကြည့်ပြီးကိုရှည်ကြီးတံတွေးမြိုချမိသည်။ဒီလောက်များတဲ့ငွေတွေကို ကိုင်ဖို့မပြောနဲ့ အိပ်မက်ပင်မမက်ဖူးချေ။အမျိုးသမီးက ရေးကြီးသုတ်ပျာနဲ့ အိမ်ကြီးဆီလျောက်သွားချိန်မှာ ပိုက်ဆံအိတ်မှာကျကျန်ခဲ့လေသည်။အော်ပြီးသတိပေးဖို့သူ့စိတ်က သတိပေးနေပေမဲ့ ဒီနေ့ကျမှ ကိုရှည်ကြီးနှုတ်ကနေ ဘာသံမှထွက်မလာခဲ့ပေ။
ပိုက်ဆံအိတ်ကို အမြန်ကောက်ပြီး ဆေးရုံဘက်ကို အပြင်းနှင်းလာတော့သည်။ရင်ထဲပူလောင်နေပြီးနေရထိုင်ရခက်နေသော်လဲ ကျန်းမာလာပြီဖြစ်တဲ့ သမီးလေးကိုကြည့်ပြီး သူ့စိတ်ကိုဖြေနေရသည်။
အဲ့နေ့ကကိစ္စကို သူကလွဲပြီးဘယ်သူမှမသိပေမဲ့နောက်ကျောမလုံသလိုခံစားနေရသည်။ငယ်ငယ်ကဆုံးမခဲ့တဲ့ ဆရာတော်ရဲ့စကားကို ဖောက်ဖျက်မိခဲ့ပြီးချိန်ကစလို့ ဘုရားရှိခိုးတိုင်း မျက်နှာပူနေရသည်။
ဒီညတော့ သေသေချာချာ စိတ်စုစည်းပြီး ဘုရားရှိခိုးမလို့ကြံပြီး ကိုရှည်ကြီးဘုရား၀တ်ပြုနေလေသည်။
“ပါဏာတိပါတာ ဝေရာမဏိ သိက္ခာပဒံ သမာဓိယာမိ”
စိတ်ထဲမှာ ဆရာတော့်မျက်နှာကို မြင်ယောင်နေမိတာကြောင့် နှုတ်ကနေဘာသံမှထွက်မလာတော့ဘဲ ငူငူငိုင်ငိုင်ကြီးနဲ့ဘုရားကျောင်းဆောင်ရှေ့မှာထိုင်နေမိလေသည်။တစ်ကြိမ်တစ်ခါကျူးလွန်မိခဲ့ဖူးတဲ့ အမှားတစ်ခုကြောင့် ဘုရားရှိခိုးတိုင်း လေးပါးသီလနဲ့အဆုံးသတ်နေခဲ့တာ ကြာပြီပဲဖြစ်သည်။
ယခုဆိုလျင် သမီးတောင် အရွယ်ရောက်လို့ အလုပ်နဲ့အကိုင်နဲ့ ဖြစ်နေချေပြီ။ဦးရှည်ကြီးကတော့ ခုထိ လေးပါးသီလထဲ တဝဲလည်လည် ရှိနေတုန်းပင်ဖြစ်ပါ
တော့သည်။
မိုးငွေ့(ဗန်းမော်)