လှေကြုံ

Posted on

လှေကြုံ(စ/ဆုံး)
————-

အချိန်ကား ညနေမှောင်ရီ ပျိုးစ
အချိန် ဖြစ်လေသည်။ ပြာသိုလဖြစ်၍ မြူနှင်းတို့တဖွဲဖွဲ
ကျလျက် ရှိသည်။ လေပြေ၊ လေညင်းကလေးများ တိုက်ခတ်လာ
တိုင်း ရေခဲရည်များဖြင့် ပက်ဖျန်းလိုက်သည့်နှယ်
အေးစိမ့်နေတော့သည်။ အသည်းခိုက်၍ တုန်နေအောင်
ချမ်းအေးသော ညသည် ဒီလိုညမျိုးပင် ဖြစ်လိမ့်မည်။

အနွေးထည် အထပ်ထပ်ဝတ်ထား၍သာအနည်းငယ် အချမ်းသက်သာ နေသေးသော်လည်း အနွေးထည်သာ မဝတ်ထားခဲ့လျှင် မတွေးရဲပေ။ ထိုသို့အချိန်မျိုးတွင် အခြားသူတို့ အိမ်ထဲတွင် စောင်ခြုံပြီး ကွေးနေကြပြီဖြစ်သော်လည်း တိုက်မောင်းတစ်ယောက် အိမ်သို့ပြန်ရန် လှေကြုံစောင့့်၍ နေရခြင်းဖြစ်လေသည်။

ကောင်းကင်ယံတွင် လမင်းကြီးပင်
ချမ်းအေးလွန်းနေ၍လားပင် မသိ မြူနှင်းများကြား
လမင်းကြီး၏ ကိုယ်ရောင်ကိုယ်ဝါသည် ထွန်းလင်းတောက်ပစွာ ထွက်ပေါ်လာခြင်း မရှိပေ။ ပြာသိုလ လပြည့်နေ့ည ဖြစ်ပါလျက် လမင်းကြီးပင် အအေးဒဏ် မခံနိူင်၍လားမသိ လောကဒတ်တစ်ခုလုံးကို အလင်းရောင် လုံလောက်စွာ မပေးစွမ်းနိူင်ပေ။

တိုက်မောင်းသည် ကုန်သည်တစ်ဦးဖြစ်ပြီး တစ်မြို့ဝင်၊ တစ်မြို့ထွက်၊ တစ်ရွာဝင်၊ တစ်ရွာထွက်ဖြင့် ကုန်ရောင်း၊ ကုန်ဝယ်ပြုလုပ်သော ကုန်သည်တစ်ဦးဖြစ်သည်။ တိုက်မောင်းတစ်ယောက်
သည်အခေါက်တွင်တော့ တစ်လကျော်ကျော်ပင် ကြာသွားသောကြောင့် အိမ်သူ သက်ထား ဇနီးချောလေး
မခင်လေးအား လွမ်းနေမိသည်။ တိုက်မောင်း၏ လွယ်အိတ်ထဲတွင် ကုန်ရောင်း၊ ကုန်ဝယ်ရာတွင် ရရှိခဲ့သော
အမြတ်အစွန်းများ အတော်ပင်ပါလာသောကြောင့် သတိထားနေရသည်။ မိမိတို့ရွာဘက်တွင် သူခိုး၊ ဓားပြများက အလွန်သောင်းကျန်းသောကြောင့် ဖြစ်သည်။

တိုက်မောင်းတစ်ယောက် လှေကြုံလာမည့် နိူးနိူးဖြင့် စောင့်မျှော်နေသည်မှာ အတော်ပင် အချိန်ကြာမြင့်လေပြီ။ အချိန်နှင့် ဒီရေသည် လူကိုမစောင့် သောကြောင့် တစ်ဖြည်းဖြည်းနှင့် အမှောင်ထုများပိုမိုကြီးစိုးလာလေသည်။ လှေမလာသောကြောင့်
ချောင်းထဲဆင်းပြီး မိမိရွာသို့ ကူးသွားချင်သည်။ သို့သော်လည်း ချောင်းရေကနက်၊ ချောင်းရေမျက်နှာပြင်က မြစ်နှင့်မခြားမနား ကျယ်ဝန်းသောကြောင့် မကူးရဲပေ။

ရေထဲဆင်း၍ ကူးပြန်လျှင်လည်း ဒီအအေးဓာတ်နဲ့ဆို ရေခဲတိုက်ထဲ ထည့်ထားတဲ့ မသာနဲ့ မခြားမနားဟု တိုက်မောင်းတွေးရင်း ချောင်းကမ်းပါးပေါ်မှ မိမိရွာကလေးဆီသို့ လှမ်းမျှော်ကြည့်နေမိသည်။

မိမိရွာသို့ ပြန်ချင်သော်လည်း လှေကြုံမရသဖြင့် ဒုက္ခရောက်နေသည်။ မိမိရှေ့တွင်
တည်ရှိနေသော ချောင်းကြီးသည် တောင်ကျချောင်းကြီးဖြစ်ပြီး လူအများ မကြာခဏ သေကြေပျက်စီးကြသောကြောင့် လူသေချောင်းဟူသော နာမည်ဆိုးကြီးဖြင့်
သာကျော်ကြားလေသည်။ လူသေချောင်းအတွက် ဖားရှာ၊ ငါးရှာ၍ အသက်မွေးဝမ်းကျောင်းပြုသော တံငါသည်များလည်း ရှိကြသည်။

ချောင်းရေမျက်နှာပြင်ကြီးသည် ရေခိုး၊
ရေငွေ့များ ကောင်းကင်ယံသို့ ပျံတက်လျက် မြူများဆိုင်းနေသည်မှာ မိမိအား ကလူကျီစယ်နေသည့်အလား တိုက်မောင်း ထင်နေမိသည်။ တစ်ချက် တစ်ချက် ဝေ့တိုက်လိုက်သော လေပြေ၊ လေညင်းကလေးများကြောင့် အသည်းခိုက်မတက် အေးစိမ့်၍နေတော့သည်။

” အင်း…..ဒီအချိန်မှာ ငါတို့ရွာက ကိုစံထွန်းသာ လာရင် ကောင်းမှာဘဲ “ဟု တိုက်မောင်း တွေးနေမိသည်။ ကိုစံထွန်းမှာ တိုက်မောင်းနှင့် မိတ်ဆွေများဖြစ်ပြီး တစ်ရွာထဲနေ၊ တစ်ရေထဲသောက်ကြသော တစ်ရွာတည်း သားချင်းများဖြစ်သည်။

ချောင်းရေမျက်နှာပြင် တစ်ခုလုံး ရေခိုး၊
ရေငွေ့များနှင့် မြူများဆိုင်းနေသောကြောင့် ကမ်းမမြင်
လမ်းမမြင်နိူင်သော ဘဝသို့ တိုက်မောင်းရောက်၍ နေသည်ဟု ထင်နေမိသည်။ ရွာနှင့် နီးလျက်ဖြင့် ဝေးနေရသည်။

တိုက်မောင်း ချောင်းရိုး တစ်လျှောက်
လှမ်းမျှော် ကြည့်နေခိုက် နီကျင့်ကျင့် မီးရောင်ကလေးကြောင့် ဝမ်းသာနေမိသည်။ ထိုမီးရောင်ကလေးသည် တစ်ရွေ့ရွေ့ဖြင့် မြူများကို ထိုးခွဲလျက် လာနေတော့သည်။
ထိုမီးရောင်ကလေးကို အားပြု၍ လှေလှော်၍ လာနေသော လူတစ်ယောက်ပင်။
တိုက်မောင်းလည်း ဝမ်းသာအားရဖြင့်
လှေလှော်၍ လာနေသူအား ” ဟေး…ဟေး….” ဟု အသံပြုရင်း လက်မြှောက်၍ ဝေ့ယမ်းပြနေမိသည်။ ထိုလှေပေါ်မှ လူလည်း တိုက်မောင်းအား မြင်သွားဟန်ရှိသည်။ တိုက်မောင်းဆီသို့ အေးဆေးစွာ လှေလှော်၍
ချောင်းကမ်းပါးဘေးနားသို့ လှေကပ်ရက်ပေးလိုက်တော့သည်။

” ဟာ….”

ထိုလှေပေါ်မှ ထိုင်နေသူအား ကြည့်၍
တိုက်မောင်းတစ်ယောက် ကြက်သီး၊ မွေးညင်းများ တစ်ကိုယ်လုံး ထ၍ထောင်လာတော့သည်။

ထိုလှေပေါ်မှ ထိုင်နေသောသူသည်
အစာအာဟာရပျက်၍ ပိန်လှီချိနွဲ့နေဟန်ရှိပြီး ခန္ဓာကိုယ်တစ်ခုလုံး ရေစိမ်ထားသည့် ဝက်သားတုံးသဖွယ် ဖြူဖတ်ဖြူရော်ဖြင့် အရိုးအပေါ် အရည်တင်လျက် အတွင်းသို့ပြန်လည် နစ်ဝင်နေသော မျက်တွင်းဟောက်ပက်နှင့် ပြူးကြောင်ကြောင်မျက်လုံးကြီးသည် အပြင်ကို အနည်းငယ်ထွက်လျက် ခြောက်ကပ်နေသော နူတ်ခမ်းသားများအား
နားထင်သို့ မချိတ်ရုံတမယ် မိမိအားရယ်ပြလိုက်ရာ ပါးစပ်ထဲမှ အဝါရောင်အဆင်းရှိ ကျိုးတို့ကျဲတဲ သွားများသည် ကြောက်မက်ဖွယ်ရာပင် ဖြစ်ပြီး မျက်နှာကြီးတစ်ခုလုံး ပွယောင်းယောင်းဖြင့် ခန္ဓာကိုယ်ပေါ်တွင် ဝတ်ဆင်ထားသော အဝတ်အစားများသည်လည်း ဟောင်းနွမ်းစုတ်ပြတ်၍ မည်းညစ်နေတော့သည်။
ထိုသူအား လှေပေါ်တွင် ထွန်းထားသော မီးအိမ်၏ အလင်းရောင်ဖြင့် အထင်းသား မြင်နေရလေသည်။

ထိုသူအားကြည့်ပြီး တိုက်မောင်း ရင်တထိတ်ထိတ်ဖြင့် ထိတ်လန့်ကြောက်ရွံနေမိသည်။

” ဟေး…..ကိုတိုက်မောင်း ကျွန်တော့်ကို မမြင်ဖူးတာကျနေတာဘဲဗျာ ကြည့်နေလိုက်တာ ဒီတစ်ခေါက် ကုန်ရောင်းသွားတာ အတော်ကြာသားဘဲဗျ
ဟီးဟီး….” ဟု ထိုလှေပေါ်တွင် ထိုင်နေသောသူမှ မိမိအား ဖော်ဖော်ရွေရွေဖြင့် မေးမြန်းကာ မိမိနာမည်ပါ သိနေသောကြောင့် တိုက်မောင်း အံသြနေမိသည်။

” ခင်ဗျားက….ကျွန်တော့်ကိုသိလို့လားဗျ….”

” ဟီးဟီး….ကိုတိုက်မောင်းကလည်းဗျ တစ်ရွာထဲနေတဲ့သူတွေဘဲ သိတာပေါ့ဗျ…”

” ခင်ဗျား….နာမည်ကဘယ်သူလည်းဗျ
သိလို့ရမလား….”

” ကိုတိုက်မောင်းကလည်းဗျာ ကျွန်တော်
စံထွန်းလေဗျာ ဟီးဟီး…. မသိဘူးလား…”

” ဟုတ်လား တောင်းပန်တယ်….
ကိုစံထွန်းရယ် ခင်ဗျားက အရင်ကနဲ့မတူ ပိန်လိုက်တာဗျာ ကျွန်တော် ရုတ်တရက် မမှတ်မိဘူး ဖြစ်နေတာ ”

” ဟီးဟီး….ဟုတ်လားဗျ ကျွန်တော်တောင် သတိမထားမိလိုက်ဘူး စားရတစ်လှည့် မစားရတစ်လှည့်ဆိုတာ ပိန်တာပေါ့ဗျာ…ဟီးဟီး….
ဒါနဲ့ ကိုတိုက်မောင်းမှာ စားစရာလေး ဘာလေးမပါဘူးလား ကျွန်တော် ဗိုက်ဆာနေလို့….”

” အော်….ပါတယ်ဗျ ဒီမှာရော့….”

တိုက်မောင်းလည်း လွယ်အိတ်ထဲမှ
အစာပြေစားရန်ထည့်လာသော မုန့်အချို့ကို ကိုစံထွန်း
အား ပေးလိုက်ရာ ကိုစံထွန်းတစ်ယောက် မုန့်များအား အငမ်းမရစားသောက်လိုက်တာ ခဏအတွင်းမှာပင် မုန့်များ ကုန်သွားတော့သည်။

” ဟီးဟီး….ကျေးဇူးပါ ကိုတိုက်မောင်း
ရာ အခုမှဘဲ နည်းနည်းသက်သာသွားတော့တယ် လာလေဗျာတက် ခင်ဗျား အိမ်ပြန်မှာမို့လား ကျွန်တော်လိုက်ပို့ပေးမယ်….”

” ဟုတ်တယ်ဗျ ဒါနဲ့ ခင်ဗျား ဘယ်လိုလုပ်ပြီး သိတာလည်း…ကိုစံထွန်းရ” ဟု တိုက်မောင်း တအံတသြမေးနေမိသည်။

” ဟီးဟီး….ခင်ဗျား ချောင်းကမ်းပါးပေါ်ကနေ လှေကြုံမျှော်နေတဲ့ နောက်တော့ အိမ်မပြန်လို့ ဘယ်ပြန်မှာမို့လို့လည်းဗျ နောက်ပြီး ခင်ဗျားရဲ့ဇနီးချောလေး မခင်လေးကို ခင်ဗျား သတိရနေပြီ မဟုတ်လား….ကျွန်တော်မှန်းရင် လွဲခဲပါတယ် ကိုတိုက်မောင်းရာ ဟီးဟီး….”

” ဟဲဟဲ….ဟုတ်တယ်ဗျ ကိုစံထွန်းက အရင်တုန်းကထက် လူအကဲခတ် အတော်ကောင်း
လာပြီဘဲဗျ….”

” ဟီးဟီး….. ကျေးဇူးဗျ လာဗျာ လှေပေါ်တက် ကျွန်တော်လည်း သိပ်အချိန်မရဘူး သွားစရာရှိတယ် ကိုတိုက်မောင်းရ….”

ကိုစံထွန်း လှေပေါ်ခေါ်သည်နှင့် တိုက်မောင်း တက်လိုက်ပြီး ချောင်းတစ်ဖက်ကမ်းသို့ ကူးကြရတော့သည်။

” ကိုစံထွန်း အတော်ပိန်ကျသွားတာဘဲဗျာ
နေမကောင်းဘူးလား….” ဟု တိုက်မောင်း စံထွန်းကို ကြည့်၍ စိတ်မကောင်းစွာဖြင့် မေးနေမိသည်။

” ဟီးဟီး….ကျွန်တော် နေကောင်းပါ
တယ် ကိုတိုက်မောင်းရ သူ့ဟာသူပိန်ကျသွားတာ ကျွန်တော်လည်း ဘယ်တက်နိူင်ပါ့မလည်း အနိစ္စတရားပေါ့
မဟုတ်လား….ဟီးဟီး…”

” ဟုတ်ပါပြီဗျာ….ဒါနဲ့ ခင်ဗျားတို့ လင်မယား ရန်ဖြစ်ကြသေးလား ကျွန်တော်ရွာ ပြန်ရောက်
တဲ့နေ့တိုင်း ခင်ဗျားတို့လင်မယား ရန်ဖြစ်နေကြတာ
အမြဲတွေ့နေရတယ် ကိုစံထွန်းရ….လင်မယားချင်း ရန်မဖြစ်ပါနဲ့ဗျာ ခင်ဗျား မိန်းမ မတင်အေးသနားပါတယ်ဗျာ
သူ့မှာကလေးတစ်ဖက်နဲ့ ခင်ဗျားက အရက်သောက်လိုက် ရမ်းကားလိုက်နဲ့ဆိုတော့ မကောင်းဘူးဗျ…ကျွန်တော်က စေတနာနဲ့ပြောတာနော် ကိုစံထွန်း….”

” ခင်ဗျား ပြောတာဟုတ်ပါတယ် ကိုတိုက်မောင်းရာ ဟီးဟီး….ကျွန်တော့် မိန်းမနဲ့သားလေးကိုတော့ လွမ်းတယ်ဗျာ မတင်အေးနဲ့ ရန်ဖြစ်ချင်ရင်တောင်
ကျွန်တော် မဖြစ်နိူင်တော့ပါဘူးဗျာ ”

” ဟားဟား….ခင်ဗျား စကားက အဆန်း
ကြီးပါလား ကိုစံထွန်းရ တစ်အိမ်တည်းနေပြီးတော့
ရန်ဖြထစ်ချင်ရင်တောင် မဖြစ်ရဘူးဆိုတော့ ဟားဟား…”

” ဟီးဟီး….တကယ်ပြောတာ ကိုတိုက်မောင်းရ ခင်ဗျားမယုံရင် ရွာရောက်ရင် ကျွန်တော့်မိန်းမ မတင်အေးကို မေးကြည့်ဗျာ….”

” ဟုတ်ပါပြီဗျာ ကိုစံထွန်းက တကယ့်လူဘဲ ဟားဟား….”

” ဟီးဟီး….ကျွန်တော့်ကိုသာ ကိုတိုက်မောင်းက ပြောနေတယ် ခင်ဗျားကျတော့ မခင်လေးကို အရမ်းလွမ်းနေတာ မဟုတ်လား…..”

” ဟဲဟဲ…ဒါပေါ့ဗျ ကျွန်တော်အရမ်းချစ်လွန်းလို့ ယူထားတဲ့ မိန်းမဘဲဗျ ခင်ဗျားလိုတော့ မရက်စက်ဘူး ကိုစံထွန်းရ….”

” ဟီးဟီး…. ကျွန်တော်က ရက်စက်တာ မဟုတ်ပါဘူးဗျ ချစ်လို့ကျီစယ်တဲ့ သဘောပါ ကိုတိုက်မောင်းရာ….”

” ဟားဟား….ကိုစံထွန်းရာ ချစ်လို့ဘဲ မုန်း
လို့ရင် ဓားနဲ့ထိုးမယ့် သဘောလား….”

” ဟီးဟီး….မထိုးပါဘူး ကိုတိုက်မောင်းရာ
ကျွန်တော် ချစ်လို့ ယူထားတဲ့မိန်းမဘဲဗျာ….” ဟု တိုက်မောင်းနှင့် စံထွန်းတို့နှစ်ယောက် ရယ်မော၍ အပြန်အလှန်စကားများ ပြောနေစဉ် ဆိုးဝါးပြင်းထန်၍ အော့အန်ချင်စရာ ကောင်းသော ပုပ်အက်အက် အပုပ်နံ့ဆိုးဆိုးကြီး တိုက်မောင်း၏ နှာခေါင်းထဲသို့ အတင်းတိုး
ဝင်လာတော့သည်။

” ဝေါ့…..ထွီ….”

” ကိုတိုက်မောင်း ခင်ဗျား ဘာဖြစ်သွားတာလည်းဗျ….”

” ခင်ဗျား ဘာအနံ့မှ မရဘူးလား ကိုစံထွန်းရ
ဆိုးလိုက်တဲ့ အပုပ်နံ့ကြီးဗျာ လူသေကောင် အပုပ်နံ့ကြီး ကျနေတာဘဲဗျာ….”

” ဟီးဟီး….ကျွန်တော်နှာခေါင်း ပိတ်နေတယ် ကိုတိုက်မောင်းရ ဘာအပုပ်နံမှ မရဘူး…”

” ကောင်းရောဗျာ…..”

တိုက်မောင်းတစ်ယောက် အပုပ်နံ့ကြီးသည်မိမိနှင့် အနည်းငယ်သာ ဝေးကွာသော နေရာတွင် ရှိနေသည်ဟု ထင်နေမိသည်။ မိမိနှင့် မျက်နှာချင်းဆိုင်တွင် စကားပြော၍ လှေလှော်နေသော စံထွန်း၏ မျက်နှာကြီးသည်လည်း ပုံမှန်ထက် ဖောင်းပွ၍ နေပြီး ထိုဖောင်းပွနေသော အသားထဲမှ အဝါရောင် အရည်အရွဲများကျနေသည်ကို အထင်းသား မြင်နေရတော့သည်။ စိတ်ထဲတွင်လည်း အတွေးပေါင်းစုံဖြင့် လုံးထွေးသတ်ပုတ်လျက် မိမိရွာသို့ အမြန်ရောက်ပါစေဟု ဆုတောင်းနေမိသည်။

ချောင်းကမ်းပါးပေါ်သို့ ရောက်သည်နှင့် တိုက်မောင်း အမြန်လှေပေါ်မှ ဆင်းလိုက်မိတော့သည်။ လှေပေါ်မှ ချောင်းကမ်းပါးပေါ်သို့ ရောက်သည်နှင့် အပုပ်နံ့ဆိုးဆိုးကြီးပင် ကွယ်ပျောက် သွားသောကြောင့် တိုက်မောင်းလည်း အပြင်လေကို တစ်ဝကြီးရှူရှိုတ်မိသည်။
ထိုသို့ရှူရှိုတ်လိုက်တော့မှ အသက်ရှူဝ သွားတော့သည်။

လှေပေါ်တွင် ကျောက်ရုပ်ကြီး ပမာ ငိုင်ငိုင်ကြီးထိုင်နေသော စံထွန်းကို တိုက်မောင်းကြည့်၍

” ကိုစံထွန်း လာလေဗျာ ရွာထဲအတူတူပြန်ကြမယ် ” ဟု ခေါ်နေမိသည်။

” ကျွန်တော်သွားရတော့မယ် ကိုတိုက်မောင်း ရွာထဲရောက်ရင် ကျွန်တော့်မိန်းမကို ပြောပေးပါ
ကျွန်တော်အရမ်းသတိရတယ်လို့ သားကလေးကိုလည်း ရှင်ပြုပေးဖို့ ပြောပေးပါဗျာ ကျွန်တော်သွားတော့မယ်
ကိုတိုက်မောင်း….” ဟု စံထွန်းပြော၍ လှေကိုအမြန်လှော်ခတ်ကာ မြူများကြား ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။

” ဘယ်…..ဘယ်ကိုလည်း ကိုစံထွန်း
ဟေး…ကိုစံထွန်း နေဦးလေဗျာ…ဟာ…ဟေ့လူ..”
တိုက်မောင်း အော်ဟစ်၍ ခေါ်နေသော်လည်း စံထွန်းထံမှ ပြန်လည်ဖြေကြားခြင်းမရှိတော့ပေ။

တိုက်မောင်းတစ်ယောက် ဇဝေဇဝါဖြင့်
စံထွန်းအကြောင်းကို စဉ်းစားရင်း ရွာထဲမှ မိမိနေအိမ်ဆီသို့ ပြန်လာခဲ့တော့သည်။

အိမ်ရှေ့ကွပ်ပျစ်တွင် တိုက်မောင်း ထိုင်ရင်း စံထွန်းပြောသော စကားများကို ပြန်လ်ာကြားယောင်ရင်း အလိုလို ဝမ်းနည်းလာမိသည်။

” ဟင်….အကို ပြန်ရောက်နေပြီလား
ခင်ကိုတောင် အသံမပြုဘူး နေရောကောင်းရဲ့လား “ဟု တိုက်မောင်း၏ ခါးကိုဖက်၍ ပြုံးစစဖြင့် ပြောနေသော ဇနီးချောလေး မခင်လေးပင် ဖြစ်သည်။

” နေကောင်းပါတယ် ခင်ရယ်….. ဒါပေမယ့်….”

” ဟုတ်ကဲ့…ဆက်ပြောလေ ကိုရယ် ဘာလို့ရပ်သွားတာလည်း….”

” ခင့်ကို ကိုယ်မေးစရာရှိတယ် ”

” ဟုတ်ကဲ့…မေးလေ ကို..”

” ကိုစံထွန်းကြီး သတင်းဘာကြားသေးလည်း….”

” ပြောရမှာတော့ စိတ်မကောင်းစရာဘဲ
ကိုရယ် မနက်ဖြန်ဆို ကိုစံထွန်းကြီးအတွက် တစ်လပြည့်
သပိတ်သွတ်ပွဲ ရှိတယ် ကို….”

” ဟင်….”

ဇနီးဖြစ်သူ၏ ပြောစကားကြောင့် တိုက်မောင်းတစ်ယောက် ထိတ်လန့်တုန်လှုပ် သွားတော့သည်။

” ကိုစံထွန်း ဘာဖြစ်လို့လည်း ခင်ရဲ့…”

” လွန်ခဲ့တဲ့ တစ်လလောက်က တောင်ကျချောင်းထဲမှာ ငါးသွားဖော်တုန်း တောင်ကျရေနဲ့ပါသွားတာတဲ့ ကိုရဲ့… ကိုစံထွန်း အလောင်းကိုတောင် တစ်ဖက်ကမ်းက ရွာရဲ့ ချောင်းစပ်မှာ တွေ့ရတာတဲ့ သနားစရာဘဲ ကိုရယ်…..”

” ဟုတ်ရော ဟုတ်ရဲ့လား ခင်ရယ်…..”

မိမိကို ရွာသို့ရောက်အောင် လှေဖြင့် လိုက်ပို့ခဲ့ပြီး လှေပေါ်မှာ စကားများပင် ပြောခဲ့သောကြောင့်
တိုက်မောင်း မယုံ၍ မေးနေမိသည်။

” ဟုတ်ပါတယ် ကိုရယ်…. ကို မယုံရင်
ကိုစံထွန်းတို့အိမ် ခင်အခုသွားမလို့ ကိုလိုက်ခဲ့လိုက်လေ”

တိုက်မောင်းလည်း ဇနီးဖြစ်သူ ခေါ်သည်နှင့် အနားပင် မယူတော့ဘဲ စံထွန်းတို့ အိမ်ဘက်သို့ လျှောက်လာခဲ့တော့သည်။

ဇနီးဖြစ်သူ ပြောသည်ကို မယုံ၍ တိုက်မောင်း လိုက်ကြည့်မိတာ အမှန်ပင်ဖြစ်သည်။ စံထွန်း၏
အိမ်တွင် စံထွန်းအား တစ်လပြည့် သပိတ်သွတ်ရန် ပြင်ဆင်နေကြလေပြီ။ ရပ်ရွာ ထဲကလူကြီးများနှင့် ဖဲရိုက်နေသောသူအချို့ကို တွေ့နေရသည်။

တိုက်မောင်းလည်း စံထွန်းအကြောင်းကို ပြန်တွေးရင်း စိတ်မကောင်း ဖြစ်နေမိသည်။ မိမိကို ရွာသို့ရောက်အောင် လှေဖြင့် ပို့ပေးခဲ့သည်မှာ အမှန်ပင်။
သို့သော် စံထွန်းကွယ်လွန်ခဲ့သည်မှာ တစ်လပင်ကြာခဲ့လေပြီ။ မည်သို့မျှ မတွေးတက် ဖြစ်နေရသည်။

စကားဝိုင်းတွင် တိုက်မောင်း ဝင်ထိုင်ရင်း
ရပ်ရွာထဲကလူကြီးများနှင့် စံထွန်း၏ ဇနီးနှင့် သားလေးအား စံထွန်းမှာကြားခဲ့သော စကားများကိုပြောပြ
ရင်း မိမိမြင်တွေ့ခဲ့ရသော အကြောင်းများကို
ပြောပြလိုက်ရာ တိုက်မောင်း၏ ဇနီးဖြစ်သူပင် တအံတသြဖြစ်နေရတော့သည်။

ထိုသို့ပြောလိုက်တော့မှာ တိုက်မောင်းသိ
လိုက်ရသည်မှာ မိမိအား လှေဖြင့်ရွာရောက်အောင် ပို့ဆောင်ပေးခဲ့သော စံထွန်းမှာ လူမဟုတ်ဘဲ ပရလောကသား တစ်ဦးသာ ဖြစ်နေသောကြောင့် တိုက်မောင်းသူ့အဖြစ်ကို သူတွေးရင်း ကြက်သီးတဖျန်းဖျန်း
ထ၍ နေတော့သည်။

ထိုနေ့ညတစ်ညလုံး တိုက်မောင်းတို့ ဇနီးမောင်နှံနှင့် ရပ်ရွာ လူကြီးများ စကားလက်ဆုံကျလိုက်တာ အာရုဏ်တက်သည် အထိပင်ဖြစ်သည်။
တိုက်မောင်းတို့ ဇနီးမောင်နှံလည်း စံထွန်း၏ သပိတ်သွတ်ပွဲတွင် ဝိုင်းဝန်းကူညီ၍ တရားနာ၊ ရေစက်ချ
အမျှ ပေးဝေခဲ့တော့သည်။

စံထွန်းအား နာမည်ခေါ်၍ ရေစက်ချ အမျှပေးဝေကြရာ ဝမ်းနည်း ကြေကွဲမှုများ ကိုယ်စီဖြင့်

” ကိုစံထွန်းရေ….ဘဝဆက်တိုင်း ဆက်တိုင်း
ဒီလို အဖြစ်ဆိုးမျိုးကြီး မကြုံရပါစေနဲ့ဗျာ….
အမျှ….အမျှ….အမျှ…..ကိုစံထွန်းရေ….. ကျွန်တော့်ကို
ကူညီပေးခဲ့တဲ့ ကိုစံထွန်းကြီး တစ်ယောက် ကောင်းရာ သုဂတိ လားပါစေလို့ ကျွန်တော် ဆုတောင်းလိုက်ပါတယ်ဗျာ…..ရောက်ရာအရပ်က သာဓုခေါ်ပါ….
သာဓု….သာဓု….သာဓု…….ကိုစံထွန်းရေ….” ဟု တိုက်မောင်း၏ ရင်ထဲတွင် ဝမ်းနည်း ကြေကွဲစွာ ရေရွတ်နေမိလေတော့သည်။

[ ဤတွင် ကျွန်ုပ် ရေးသားသော ” လှေကြုံ ” အမည်ရှိ
လျှိုဝှက်ဆန်းကြယ် ပရလောက ဝတ္ထုသည် ပြီးမြောက်ခဲ့လေပြီဖြစ်သည်။ ]

စာဖတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့
ကြပါစေ………။

အစဉ်အမြဲ ကြိုးစားလျက်ပါ
ရာဇာ

မူရင်းရေးသားသူကိုလေးစားစွာခရက်ဒစ်ပေးပါသည်
Sai Min Thant