ဝဋ်ကြွေးကြမ္ပာမရှောင်သာ

Posted on

ဝဋ်ကြွေးကြမ္ပာမရှောင်သာ(စ/ဆုံး)

————————————-

တစ်မျှော်တစ်ခေါ် ကျယ်ပြောလှသည့်
ရေပြင်ဖွေးဖွေးကြီးတွင် သစ်ပင်စုများနှင့် ကိုင်းပင်ဖုတ်တို့
မှာ ထိုးထိုးထောင်ထောင်။ တာကြီးအပြင်ပိုင်းကမ်းနား
တန်းနှင့် ဝန်းကျင်တစ်ခိုမှာ ရေဝင်စပြုနေပေပြီ။

မြစ်ရေပြည့်လျှံ၍ ရွာကိုရေဝင်လျှင် အနိမ့်ပိုင်း
ဂျပန်တံတားအောက်တာချိုင့်မှစ၍ ရေကြီးစမြဲ။ ထိုမှ
တဖြည်းဖြည်း ကမ်းနားပိုင်းတစ်ခွင်လုံး ပြည့်လျှမ်းသွားစေ
၏။ ခုလိုရေတက်စ ကိုင်းဥများပေါ်ချိန် ကြွက်ထိုးသမားတို့
တစ်စခန်းထကြပေတော့မည်။

ရေလွတ်ရာရေပြင်ထက် တစ်ဝက်တစ်ပျက်မြင်နေရသော
သစ်ပင်များပေါ်တွင် အသိုက်လုပ်နေသည့် သက်ရှိ
သတ္တဝါလေးများကရှိနေကြသည်။ အထူးသဖြင့် ‘ကြွက်’ ။

အရသာဆိမ့်အီသည့် ကိုင်းဥများကို စားသောက်ပြီး
အဆီစုကာ ဝဖီးနေကြသောကြွက်များအဖို့ အန္တရာယ်
အထူပြောဆုံးကာလ။

ကြွက်ထိုးသမားများရန်နည်းတူ မြွေဆိုးများစားသောက်ခံရခြင်း ဘေးနှစ်ရပ်စလုံးနှင့်
ကြုံဆုံနေကြရသည်။ ကိုယ်ခန္ဓာဆူဖြိုးနေသောကြွက်
တို့မှာ ကြွက်ထိုးသမားများနှင့် မြွေဆိုးတို့အကြိုက်။

ကိုစစ်မောင်တစ်ယောက် လှေငယ်တစ်စင်းဖြင့်
တကူးတက ကြွက်ထိုးနေခြင်းမှာ စီးပွားရေးအတွက်ထက်
ဝါသနာအရ လုပ်ကိုင်နေမှုနှင့် ကြွက်သားကို အာသာပြင်း
ပြင်းစားလိုခြင်းအကြောင်းခံသည် ဆိုရမည်။

ကိုစစ်မောင် ကြွက်သားကြိုက်သည်။ ကြိုက်သမှ
တမက်တမောကြိုက်ခြင်းမျိုး။ ချက်ပြုတ် ကြော်လှော်
ကင် နည်းလမ်းအဖုံဖုံ ဟင်းမည်အားလုံးကို ကြွက်သားဆို
မကြိုက်မရှိ။

ကိုစစ်မောင်၏ မိရိုးဖလာလုပ်ငန်းက လယ်သမား။
ခြံသမား။ မိုးတွင်းကာလ အလုပ်ပါးသွားချိန် ကြွက်ထိုးရန်
ကိစ္စမှာ ကိုစစ်မောင်အတွက် အပန်းမကြီးလှ။ ဝါသနာပိုးက အချိန်ရောက်လေတိုင်း ထလာပြီး ကြွက်မထိုးရမနေနိုင်။

မိဘဆွေမျိုးသားချင်း ! သားမယား၏ အငြိုငြင်ခံ၍
ဇွတ်လုပ်နေသူ။ နေ့နေ့ညည အားလပ်သည့်အခါတိုင်း
လှေငယ်တစ်စင်းနှင့် လက်စွဲတော် မှိန်းနှစ်ချောင်းကိုင်
ကာ ကြွက်လိုက်ပြီးထိုးနေကျ။ ဝယ်စားလျှင် ရနိုင်လင့်
ကစား ကိုယ်တိုင်ထိုးခြင်းက ပို၍ ချိုမြိန်လေသလားမသိ။

ဗုဒ္ဓဘာသာတွင် ပါဏာတိပါတကံ သူ့အသက်သတ်ခြင်းအား ရှောင်ကြဉ်ရာရှောင်ကြဉ်
ကြောင်းမှာ အလေးထားဖွယ် သီလတစ်ပါးဟူ၍လည်း
သတိမမူ။ ပြောခက်ဆိုခက် လှော်တွင်းနက်သည့်လူစား။
မိဘစကားကိုပင် လုံးဝနားမဝင်။

” စစ်မောင် ! မင်းလည်း ငယ်တော့တာမဟုတ်ဘူး။
သားတွေ ! သမီးတွေရနေပြီပဲ။ အဖေ ! အမေတွေက
ဘုရားနဲ့တရားနဲ့။ မင်းတစ်ယောက်တည်း အကုသိုလ်
ကောင်။ ရသတဏှာကို မင်း ဒါလောက်မခုံမင်စမ်းပါနဲ့
ကွာ။ တစ်နေ့ ဒုက္ခတွေ့မယ်။ ဘယ့်နှယ်ဗျာ – မြွေမကြောက် ! ကင်းမကြောက် ”

သို့နှယ် အဖေလုပ်သူ ဆူမာန်နေပေမယ့်
တစ်ခွန်းတစ်ပါဒမျှ ခွန်းတုံ့မပြန်သော်လည်း သူလုပ်နေကျ
အလုပ် ရှိရင်းစွဲ သူ့ဝါသနာကိုတော့မစွန့်။ ပြောင်ပြောင်
တင်းတင်းမလုပ်ဝံ့သော်မှ ခိုးကြောင်ခိုးဝှက်လုပ်မြဲလုပ်
လျက်။

အများအများ လုပ်နေသဖြင့် သူလည်း အများထဲက
လူသားတစ်ယောက်မို့ ကြီးမားသော အပြစ်တစ်ခုဟု
လုံးဝသူမမြင်။

” ကိုစစ်မောင် ! စားစရာရှားလွန်းလို့တော်။ ရှင်ပဲ
ကြွက်သားဆို အငမ်းမရ အစားကြမ်း ! လူကြမ်း။ ကျွန်မတို့လည်း တောသူပါပဲ။ ဒါပေမယ့် စားဖို့နေနေ
သာသာ မြင်တာနဲ့ အော်ဂလီဆန်ပြီး အန်ချင်တယ် တကယ်ပဲ ”

ဇနီးသည်၏ အပြောကြောင့် သူကခပ်ပြုံးပြုံး။

” မင်းမှမကြိုက်ဘဲကိုကွ။ ကြိုက်လိုက်တဲ့အမျိုးသမီးတွေ
တစ်ပုံကြီး။ တချို့များ ကြက်သားနဲ့တောင်မလဲဘူးတဲ့။
မင်းတစ်ခါလောက်မြည်းကြည့်ပါလား ”

” တော်စမ်းပါ ! ပြောတာနဲ့ ပျို့ပျို့တက်ချင်လာပြီ။
ရှင့်အတွက် ချက်ပြုတ်ပေးနေရတာပဲ အလွန်ကြီး ”

မဲ့ကာရွဲ့ကာပြောနေသည့် ဇနီးသည်ကိုကြည့်၍
ကိုစစ်မောင် တဟားဟား။

တွေးကြည့်ပြန်တော့ ကြွက်ထိုးသမားတို့ဘဝမှာလည်း
အန္တရာယ်မကင်းလှ။ ကြွက်ကိုအာရုံပြု၍ ထိုးနေရသည့်
တိုင် အသိုက်ထဲနှင့် သစ်ပင်ပေါ်မှ မြွေဆိုးများရန်က
တစ်မှောင့်။

မြွေကို ကြွက်အမှတ်ဖြင့် ထိုးလိုက်မိသောမှိန်းချက်ကြောင့် မှိန်းရိုးကို ခွေပတ်ဆင်းလာပြီး အန္တရာယ်ပြုသည့်အခါ
လှေငယ်ပေါ်တွင် မရှောင်သာမတိမ်းသာ။ အချို့မြွေများကလည်း လှေသံ ! လူသံကြောင့်
သစ်ပင်ပေါ်မှဖြုတ်ချကာ ဒုက္ခပေးတတ်ပြန်၏။

တစ်နှစ်တစ်နှစ် ကြွက်ထိုးသမားတို့ မြွေကိုက်ခံရသူပင်
နှစ်ဦး ! သုံးဦးထက်မနည်း။ ထို့အကြောင်းကြောင့် ကြွက်ထိုးသမားများ လှေဖြင့်ကြွက်ထိုးသည့်အခါ ကြွက်သိုက်အောက်တည့်တည့်မှမထိုးဘဲ စွေစွေစောင်း
စောင်းမှထိုးခြင်းက မြွေအန္တရာယ်ကာကွယ်မှုတစ်ခုပင်။

ထိုးသည့်မှိန်းရိုးကို ဝါးကျစ်ဖြင့်ရှည်ရှည်လျားလျား
လုပ်ထားရသည့်အပြင် ထိုးပြီးပြီးချင်း ထိုးမိသည့်
သတ္တဝါကို မှိန်းနှင့်အတူဝေ့ဝဲကာ လှေဝမ်းအပြင်
လွှဲထုတ်လိုက်ရသည်။ ကြွက်ထိုးသမားများအဖို့
အန္တရာယ်မှာ လက်တစ်ကမ်းသာသာ။

ဝမ်းစာရေး သို့မဟုတ် အစားတစ်လုတ်အတွက်
အသက်အန္တရာယ်ထိပါးလာနိုင်ခြင်းကို မပြတ်သတိထား
နိုင်မှတန်ရုံ။ မလွယ်ပါဘဲလား။ လူကြီးသူမများပြောလေ့
ပြောထရှိသော ရှေးစကားအရ အသွားမတော်တစ်လှမ်း!
အစားမတော် တစ်လုတ်ဆိုသည်မှာ ဒါမျိုးထင်ပါ့။

********-********-********

နေပင်အတော်စောင်းခဲ့ပြီ။

အချိန်ကုန်သလောက် သူ့မှာတွက်ခြေမကိုက်။ ယနေ့အဖို့
ကိုစစ်မောင် ရောင်းနိုင်ဖို့အသာထား သူစားရန်ပင် လုံလုံ
လောက်လောက်မရသေးသဖြင့် လှေတစ်စင်းနှင့် သစ်ပင်စုများရှိရာ တဝဲလည်လည်။

အပင်တွေက မအူ ! သရက်နှင့် ကုက္ကိုများပေမည်။
ကြွက်ထိုးသမားများကြောင့် ကြွက်ရှားနေလေသလား
မသိ။ သစ်ပင်အုပ်တွေနှံ့သည့်တိုင် ကြွက်တစ်ကောင်
တစ်မြီးမှမမြင်။ လှေကိုရေသံမကြားစေရန် လှော်ခတ်ရင်း
တစ်ဖက် သစ်ပင်စုသို့ပြောင်းမည့်ဆဲဆဲ သူနားစွင့်မိသည်။

သူ့နားထဲသို့ လှုပ်ရှားသံတစ်ခုက တိုးဝင်လာသဖြင့်
အတွေ့အကြုံအရ ယဉ်ပါးနေသည်မို့ အသံကြားရာဆီ
လှေဦးကိုမသာလှည့်၍ ယက်ခတ်လိုက်၏။ သစ်ပင်ထက်
ကို လှမ်းကြည့်လိုက်သော်လည်း လုံးဝမမြင်။ ချိုးချိုးချွတ်ချွတ်သံမျှပင် မကြားရလေအောင် လှေကိုထိန်းပြီး သစ်ပင်ပေါ် မော့ကြည့်ကာရှာဖွေနေမိ
သည်။

” ဟာ – နည်းတဲ့ကြွက်ကြီးမဟုတ်ဘူး ”

သူ အံ့သြသွားသည်မှာ အမှန်။ အလုံးအထည်ကြီးမားလှ
သည့် ဒီလိုအကောင်ကြီးကြွက်မျိုးကို ကြွက်ထိုးလာခဲ့သော သက်တမ်းတစ်လျှောက် မတွေ့ဘူးခဲ့။ အရွယ်အစားမှ ကြောင်မတစ်ကောင်နီးနီး။

ကြွက်ကြီးက သစ်ကိုင်းပေါ်တွင် တစ်ခုခုစားနေသယောင်
တမြုံ့မြုံ့စားနေသော်လည်း တဒုတ်ဒုတ်အသံ မြည်နေသည့်အတွက် မြင်ရခြင်းပါ။

ကိုစစ်မောင် စိတ်ရှည်လက်ရှည်စောင့်နေစဉ် ကြွက်ကြီးက အကိုင်းခွ သစ်ရွက်နောက်ဝင်သွားခဲ့သည်။
သစ်ရွက်များ ဝိုင်းစုနေခဲ့သည့်အသိုက်ကို ဖြုန်းစားမြင်တွေ့ရန် မလွယ်ပါ။ ကြွက်ကြီးက အသိုက်တွင်းမဝင်ဘဲ အသိုက်ဘေးမှာရပ်နေမှန်း
သစ်ရွက်ကြားမှထွက်နေသောအမြီးကို မြင်ရုံဖြင့်
ခန့်မှန်းနိုင်၏ ။

ကိုစစ်မောင် အသိုက်ထဲဝင်မှ အပိုင်ထိုးမည့်အစီအစဉ်
ရှိပေမယ့် ကြွက်ကမလှုပ်မယှက်။ ကိုစစ်မောင်အနေနှင့်
မနက်ပိုင်း သမီးဖြစ်သူ ကျောင်းမသွားခင်က မှာလိုက်သည့်စကားကို ကြားယောင်လာ၏ ။

” အဖေ ! သမီးကို ကျောင်းစိမ်းလုံချည်ဝယ်ပေးပါ။
နှစ်ထည်တည်းဆိုတော့ ထည်ဝတ်ထည်လဲမရဘူး အဖေရဲ့ ”

အပျိုဖြန်းသမီးလေးက သိတတ်ပြီး မပူဆာလင့်ကစား
မိဘကသိသိတတ်တတ်ဝယ်ပေးနေကျ။ မိုးတွင်းဆိုသည်
က လယ်သမားအတွက် အပတ်မလည်တတ်သေး။ ယမန်နှစ်က စပါးတွေပျက်စီးပြီး (မျိုးထားဖို့ပင်အနိုင်နိုင်)
စပါးထွက်မကောင်းသဖြင့် ရွှေတိုရွှေစလေးများကို ပေါင်နှံ
ခဲ့ရသည်။

ဒီကြွက်ရလျှင် သမီးအတွက် အဆင်ပြေလောက်မည်။
ကိုစစ်မောင် စဉ်းစားမနေတော့။ မှိန်းကိုယူကာ အသင့်ပြင်လိုက်၏ ။

ကြွက်ကြီး သစ်ပင်ပေါ်ငြိမ်ချက်သားကောင်းနေခိုက်
ကိုစစ်မောင် ခပ်စောင်းစောင်းမှ ချိန်ဆပြီး အသိုက်ဘေး
ကြွက်ကြီးရှိရာသို့ ထိုးအားပြင်းပြင်းနှင့် ထိုးလိုက်သည်။
စီးစီးပိုင်ပိုင် ထိထိမိမိ ထိုးချက်တစ်ခုပါ။ ထိချက်ကလည်း
သေးမည်မဟုတ်ပါ။ မကြည့်ဘဲနှင့် သိပြီးသား။

ဖြန်းစားကြောက်ခမန်းလိလိ စူးစူးဝါးဝါးအော်သံကြီးမှာ
ဝန်းကျင်တစ်ဝိုက်ညံသွားတော့သည်။ အခြားကြွက်တို့ကို
ထိုးခဲ့ပေါင်းများပါပြီ။ ကျွိကျွိမြည်သံသာသာ။ အချို့မှာ
အော်ပင်မအော်နိုင်။ ခုကောင်မှာ ကြီးလည်းကြီး ! ထိုးမိ
သည်က သေကွင်းသေကွက်မဟုတ်။ အဓိကမကျသော
ညာပေါင်ကို ထုတ်ချင်းခတ်သွားသဖြင့် အော်နေသည့်
အသံမှာ ပွတ်လောညံလျက်။ တခွီးခွီးနှင့် တွန့်လိမ်ရုန်းကန်နေဆဲတွင် မြင်ရသည်ပင် ထိတ်လန့်စရာ။

ဗရုန်းဗရင်းဖြစ်နေချိန်တွင် ကြွက်တစ်ကောင်က အသိုက်မှထွက်၍ အပင်ထိပ်တက်သွားသည်။ လက်စသတ်တော့ အသိုက်ထဲက ကြွက်မကို စောင့်ရှောက်နေသောကြွက်ထီးကြီးကို ထိုးမိခြင်းပါလား။
အသိုက်ထဲတွင် ကြွက်ကလေးများ ရှိနိုင်သေးသည်။ ကြွက်ကြီးကို လှေဘက်ဆီသို့ မှိန်းအရိုးအား လှည့်အယူ
တွင် တွေ့ရာမြင်ရာများကို ဒေါသတကြီး တဂျစ်ဂျစ်ကိုက်
နေပြန်၏ ။

သို့နှယ် ဒေါသထန်သောကြွက်မျိုးအား မတွေ့စဖူးမို့
ကိုစစ်မောင်မှာ ဘာလုပ်၍ဘာကိုင်ရမှန်းမည်မသိ။ မှိန်းနှင့်ထိုးခဲ့ပြီးမှတော့ မတတ်နိုင်ပါ။ ရေတွင်နှစ်ထားရန်
အကြံပေါ်လာ၍ ရေပြင်သို့ရွှေ့ယူလိုက်မိသည်။

မှိန်းတွင် အထစ်တစ်ထစ်ပါသောကြောင့်
လွတ်မထွက်တန်ကောင်းဟူသည့်အတွေးမှာ တက်တက်စင်အောင် လွဲခဲ့ရပြီ။ ဆောင့်ဆောင့်ရုန်းမှု
ကြောင့် မှိန်းတံကျွတ်ထွက်သွား၍ ရေထဲ အလျင်အမြန်
ကူးခပ်ကာ သစ်ပင်ပေါ်သို့တက်သွားသည်။

မြန်ဆန်လွန်းသဖြင့် အမီလိုက်ရန်မလွယ်။ ကိုစစ်မောင်မှာ
ပါးစပ်အဟောင်းသား။ မမီကမ်းနိုင်သောသစ်ကိုင်းထက်
ဆီမှ စိုက်စိုက်မတ်မတ်သူ့ကိုကြည့်နေသည့် ကြွက်ကြီး။
သူ့ကိုယ်တွင် သွေးတို့က တစက်စက်။ ကိုစစ်မောင်အဖို့
မိပြီးခါမှ လွတ်သွားရသည့်အတွက် မခံချင်စိတ်တို့မှာ တဖွားဖွားပေါ်လာသည်။

” တောက် – ညံ့လိုက်တဲ့ငါ။ မှိန်းတစ်ချောင်းအပိုရှိနေသေးရင် သင်းကိုထိုးရင်
ဟင်း – သင်းဘာခံနိုင်မလဲ သေပြီပေါ့။ ခုတော့ ”

ကိုစစ်မောင် တောက်တခေါက်ခေါက်နှင့် လွတ်သည့်ငါး
ကြီးနေသလိုမျိုး မချင့်မရဲဖြစ်နေရှာသည်။ လှေပြန်မထွက်
မီ လှေဦးလှည့်၍ သစ်ပင်ပေါ်က ကြွက်ကြီးကို အနီးကပ်
တစ်ခါထပ်ကြည့်မိ၏။ ကြွက်ကြီးမှာ မျက်နှာမလွှဲဖယ်သေး။ သူ့ကိုစူးစူးဝါးဝါးကြည့်နေဆဲ။
သူ့အကြည့်မှာ ခါးသီးမုန်းတီးနေသောဟန်ပန် ! စက်ဆုပ်
နေသည့်ပုံပင်။ ဒေါသခိုးများ ဆူဝေနေသဖြင့် သွားစွယ်များမြင်သာသည်အထိ သွားကြီးကိုဖြဲကာ
ရန်ပြုချင်သောအသွင်။

တိရစ္ဆာန်တစ်ကောင်ဟု သိနေသည့်တိုင် သူ့အကြည့်က
ရင်တွင်းဖောက်ဝင်သွားမတတ် ပြင်းထန်စူးရှလှပါဘိ။
ကိုစစ်မောင် စိုးထိတ်မှုကြောင့်ပေလားမသိ။ တစ်ခုခုကို
ကြောက်ရွံ့စိတ်များဝင်လာပြီး လှေကို ရွာဘက်သို့ဦးလှည့်ကာ သုတ်သုတ်ကလေးလှော်ခဲ့သည်။
အချိန်မှာ နေဝင်ဖျိုးဖျ။

********-********-********

အိမ်အပြန်တစ်လမ်းလုံးတွင်လည်း ကြွက်ကြီးကို
မြင်ယောင်နေမိသည်။

ကြွက်ကြီး၏ စူးရဲခက်ထန်သောအကြည့်က သူ့ကိုခြောက်လှန့်နေလေသလား မပြောတတ်။ တစ်ကိုယ်လုံး ရေတွေစိုရွှဲလျက်ရှိသည့်နည်းတူ သွေးတို့ကစက်လက်။ နီကြောင်ကြောင်မျက်စိအစုံနှင့်
ပြူးဝိုင်းပြီးကြည့်နေသောအကြည့်ကို သူမေ့မရ။

အားမတန်၍ မာန်လျှော့လိုက်ရသော်မှ ဖြစ်နိုင်ပါက
ကုတ်ခြစ်ကိုက်ဖဲ့ပစ်မည့်အနေအထား။ သူ့အကြည့်
ကြောင့် ယောက်ျားကြီးတန်မဲ့ ကျောထဲစိမ့်သွားမိသည်။
ရင်ထဲတွင် ကြောက်စိတ်နှင့်အတူ စိုးရိမ်စိတ်ကလေးဝင်
လာခဲ့၏ ။

‘ ငါဘာတွေသူရဲဘောကြောင်နေမိပါလိမ့်။ ဘာစိုးရိမ်ရမှာလဲ ‘

သူ့အတွေးထဲမှ မေးခွန်းအတွက် တကယ်တမ်း
ရေရေရာရာအဖြေမရှိသေး။ အိမ်ပြန်ရောက်ခဲ့သည့်တိုင်
သူ့အမူအရာက ကြောင်စီစီ ငေါင်ငေါင်ငူငူမို့ ဇနီးသည်က
ပင် တအံ့တသြ။ စကားတဖောင်ဖောင်ပြောတတ်သူ
တစ်ဦးအဖို့ နှုတ်ဆိတ်သွားသဖြင့် ထူးထူးဆန်းဆန်းဟု
ပြောရမည်။

ကိုစစ်မောင်တစ်ယောက် အိပ်သည်အထိ ညနေပိုင်းမှ
အဖြစ်က တရစ်ဝဲဝဲကပ်ငြိပါလာတုန်း။ စဉ်းစားခြင်း
အမျှင်တန်းလန်းများဖြင့် တော်တော်နှင့် အိပ်မပျော်။

********-********-********

ကိုစစ်မောင်လှေလေးမှာ တလှုပ်လှုပ်။ နေဝင်ခါနီးမို့
အလင်းရောင်က အားနည်းသွားပေပြီ။ သစ်ပင်တစ်ပင်
အောက်တွင် ကိုစစ်မောင် မှိန်းကိုအသင့်ကိုင်၍ မြင်တွေ့
နေရသည့် ကြွက်သိုက်ကို ချိန်ရွယ်နေဆဲ။ မိမိရရထိုးလိုက်ပြီး မှိန်းကို ဆွဲယူခဲ့ရာ ကြွက်အစား
ပါလာသည်က မြွေတစ်ကောင်။

မြွေက မှိန်းကို မလွတ်တမ်း ရစ်ပတ်ထားသဖြင့်
ကိုစစ်မောင် ရေတွင်နှစ်လိုက်သည်။ ရေထဲတွင် မြွေမှာ
တဝုန်းဝုန်းနှင့် လူးလူးလွန့်လွန့်။ မှိန်းကိုင်ထားသည့်
ကိုစစ်မောင်မှာ အမောတကော မျက်လုံးပြူးမျက်ဆန်ပြူး။

” ဘုရား ဘုရား ! ကံကောင်းလို့ပါလား ”

ကိုစစ်မောင်အတွေးနှင့်အတူ ဟူးခနဲ သက်ပြင်းကြီးချလိုက်၏။ ထိုစဉ် သစ်ရွက်သစ်ကိုင်းများ
ကျိုးပဲ့သံနှင့်အတူ မြွေကြီးတစ်ကောင်က သစ်ပင်ထက်မှ
သူ့အပေါ်တည့်တည့်ပြုတ်ကျလာပြန်သည်။ မြွေကြီးက
မှိန်းကိုင်ထားသည့် လက်နှင့်ကိုယ်ကို ရစ်ပတ်ထားသည့်
အတွက် လုံးဝမလှုပ်သာ။

မြွေကြီး၏ ရစ်ပတ်မှုကို ကျန်လက်ဖြင့် ဆွဲဖြေရန်
ကြိုးစားသည့်တိုင် မလွယ်။ မြွေ၏ လုံးပတ်က ကြီးသည့်
အပြင် အလျားကလည်း ရှည်သည်။ သူ့ခန္ဓာကိုယ်တစ်ခု
လုံးမှာ တင်းရင်းသည့်ညှစ်အားကြောင့် အသက်ရှူပင်
ကျပ်လာသလိုလို။ ရင်တွင်းလည်း ဆို့ပိတ်ပြီး ပေါက်ကွဲလု
မတတ်။ မျက်စိများပြာဝေကာ ရုန်းကန်အားမရှိတော့ပေ။

ထိုအခိုက် မြွေခေါင်းကြီးက ထောင်ထလာပြီး ကြီးမားသည့် ပါးပျဉ်းခွက်နှင့် ပါးစပ်မှာဟလျက် ချွန်ထက်
ရှည်လျားသောအစွယ်များကို မြင်နေရသည်။ မြွေကြီးက
ပေါက်ရန်အရိုန်ယူလိုက်ရာ လွတ်နေသောလက်ဖြင့်
ကာကွယ်သော်လည်း မလုံခြုံနိုင်။ မြွေခေါင်းကြီးမှာ တလှုပ်လှုပ်တယမ်းယမ်း။

အနီးရောက်လာသောအခါ မြွေခေါင်းမဟုတ်တော့။
ကြွက်ခေါင်းကြီးအဖြစ် ပြောင်းလဲသွားသည်။ ဒေါသတကြီးဖြစ်နေသည့် ကြွက်ကြီးက လည်ပင်းကို တအားကုန်ကိုက်ခဲလိုက်သည်တွင် ပြင်းပြင်းထန်ထန်
နာကျင်မှုနှင့် ကျယ်လောင်စွာအော်ဟစ်ခြင်းမှာ
တစ်ပြိုင်တည်းဖြစ်သွားစေ၏ ။

” အား ”

” ကိုစစ်မောင် ! ကိုစစ်မောင်ဘာဖြစ်လို့လဲ ”

အိပ်ရာမှ အလန့်တကြား နိုးထလာစဉ် စိုးရိမ်ပူပန်မှုနှင့်
မေးနေသူမှာ ဇနီးသည် မတင်မြိုင်။ သူအိပ်မက်မက်နေ
ခြင်းပါလား။ ရင်ထဲမှာ မောဟိုက်ကြောက်လန့်ခြင်းတို့ဖြင့်
လှိုက်ဖိုနေဆဲ။ တစ်ကိုယ်လုံး ချွေးစေးများပြန်လျက်။

” ငါအိပ်မက်မက်နေတာပါကွာ ”

” အိပ်မက်မက်တယ်သာဆိုတယ် ထအော်တဲ့အသံကြီးက
မထိတ်သာမလန့်သာ။ တကတဲ – အသည်းထိတ်စရာ
ကြီးပါတော် ”

ဇနီးသည်၏စကားကို ပြန်မပြောအား ! ရေတစ်ခွက်
ထသောက်လိုက်မှ ပူလောင်နေသောရင်မှာ အေးမြသွား
စေသည်။ စွဲလမ်းမှုဆိုသည်ကအခက်သား။ ယမန်နေ့က
အဖြစ်များမှာ သူ့အတွက်တစ်သက်မေ့မရ။ အိပ်မက်ထဲ
အထိ ကြွက်ကြီး ပါလာသည်။ ကိုစစ်မောင်ယောင်ယမ်း၍
ကိုယ့်လည်ပင်းကိုယ်စမ်းကြည့်မိသည်ကပင် တကယ်လေလားဟူသော စိုးရိမ်စိတ်။ ကိုစစ်မောင် စိတ်ပျက်လက်ပျက် ခေါင်းကိုကုတ်ဖွမိ၏ ။

********-********-********

” အေး – အဖြစ်ကတော့ အဲဒီအတိုင်းပါပဲကွာ ”

ကိုစစ်မောင် ဇနီးသည်မတင်မြိုင်ကို ဇာတ်လမ်းကုန်စင်
ပြောပြလိုက်သည်။

” အဲဒါကြောင့် ကျွန်မပြောတယ်မဟုတ်လား။ အကောင်လှောင်တွေ သတ်ရင် ငရဲကြီးတာကတစ်မျိုး။
သူတို့မှာ သားတစ်ကွဲ ! မယားတစ်ကွဲဝဋ်လိုက်မှာကို
လည်း ကြောက်စရာမဟုတ်လား။ အဖေ ! အမေနဲ့ ကျွန်မတို့တစ်တွေမကြိုက်တဲ့ဒီအလုပ်ကြီးမလုပ်ပါနဲ့လား
ရှင်။ ကျွန်မတောင်းပန်ပါတယ် ”

” အေးပါကွာ ! ငါလည်း နောင်တရပါပြီ မလုပ်တော့ပါဘူး
လှေကိုလည်း ရောင်းပစ်လိုက်မယ်။ သမီးကို ကျောင်းစိမ်း
လုံချည်ဝယ်ပေးရမှာကွ ”

ထိုနေ့မှစ၍ ကိုစစ်မောင်မှာ ယခင် ကိုစစ်မောင်
မဟုတ်တော့။

” ကိုစစ်မောင် ! ကြွက်ထိုးမသွားဘူးလား ”

” အေးကွာ ! စိတ်မပါတော့လို့ မသွားတော့ဘူးဟေ့ ”

သို့နှယ် ကိုစစ်မောင်၏အပြောင်းအလဲကို အဖြစ်မှန်မသိသေးသော သူစိမ်းတစ်ရံဆံများက အံ့သြဘနန်း။ မိဘမောင်နှမများ ! ဇနီးနှင့် သားသမီး
နှစ်ယောက်အဖို့ စိတ်နှလုံးအေးချမ်းသွားခဲ့ရပါပြီ။

********-********-********

ကိုစစ်မောင် ထိုနေ့က သူ့အဖေအိမ်နောက်
မီးဖိုဆောင်ကို ပြန်ဆောက်ရန် ဝါးသွားခုတ်ရမည်။
စောစောစီးစီးကတည်းက ဇနီးသည်ပေါင်းပေးသည့်
ကောက်ညှင်းငချိပ်နှင့် ငါးကြော်ကို စားပြီးခဲ့ပေပြီ။

အဖေ့ဝါးခြံက ကျုံတနော်တွင်ရှိသဖြင့် အဖေ့အတွက်
လှည်းတစ်စီး ! သူ့အတွက် လှည်းနှစ်စီးလိုမည်ဖြစ်၍
အစ်ကို့လှည်းကို ငှားလာခဲ့ရပါသည်။ ဝါးခုတ်ရန်အတွက်
အဖေ့သူရင်းငှားနှစ်ယောက်နှင့် သူ့ညီတစ်ယောက်လိုက်
မည် ဖြစ်သည်။

လှည်းများက နံနက် (၅) နာရီထွက်မှ အပြန်အချိန်ကောင်းရောက်နိုင်မည်။ ရွာမှ စောစောပင်
ထွက်ခဲ့ပြီး ကျုံတနော်အရောက်တွင် လိုအပ်သည့်ဝါးများ
မြန်မြန်ဆန်ဆန်ခုတ်ခဲ့ရာ ဦးဆုံး အဖေ့အတွက် ဝါးယားနှင့် ဆီမီးထူးများ လုံလုံလောက်လောက်ရသွား
သည့်တိုင် ဝါးနက်ဝါးကမပြည့်စုံတတ်သေးပါ။

ဝါးပိုးဝါးက အပင်အုံထဲတွင် ညပ်မနေစေရန် ခုတ်ပြီးနောက် ဆွဲပြေးရ၏။ သို့မှသာ ရှောရှောရှူရှူ
သယ်ပိုးယူဆောင်နိုင်မည်။ ဝါးနက်မှာ တစ်မျိုးတစ်ဘာသာ။ အကိုင်းအခက်များသဖြင့် အားစိုက်ပြီး တဖြည်းဖြည်းဆောင့်ဆွဲရသည်။ ဆွဲပါများသောအခါ ဝါးရုံအတွင်းမှထွက်လာသည့်
အနေအထားတွင် ဘေးကိုင်းများ ရှင်းရပေတော့မည်။

ဝါးပိုးက ဘေးကိုင်းသေးသဖြင့် ရှင်းရာတွင်လည်း
လွယ်ကူသည်။ ဝါးက လှည်းနှစ်စီးရနေလင့်ကစား
ဝါးနက်ဝါးမှာ မပြည့်တတ်သေး။

‘ ဒီကောင်တွေ ဘာကြောင့်များကြာနေပါလိမ့် ‘

ကိုစစ်မောင်၏ညီတစ်ယောက်နှင့် သူရင်းငှားနှစ်ယောက်တို့ ဝါးနက်ဝါးခုတ်နေသည်မှာ
ကြာလှပါပကော။ ကိုစစ်မောင် နောက်ကလိုက်သွားရာ
ဝါးနက်ရုံများက မခုတ်သည်မှာ ကြာပြီဖြစ်၍ တောထနေသဖြင့် ဆွဲရန်မလွယ်။ အပြင်ဘက်မှ
ဝါးတို့က နုလွန်းလှ၍ နှစ်ပေါက်အောင်ခံမည့်ဝါးများ
မဟုတ်ပါလေ။

သူတို့ခုတ်နေသည့်ဝါးများက ရင့်သော်လည်း အတွင်းပိုင်း
ကျနေသောကြောင့် ဆွဲရခက်၏။ သူတို့ဘေးတွင် ဝါးပုံတစ်ပုံ။ ယခုဆွဲနေသော ဝါးများရလျှင် လှည်းတစ်စီး
က ပြည့်လောက်ပေပြီ။

ကိုစစ်မောင် မနေသာ ဝင်ကူဆွဲပေးရသည်တွင်
တစ်ဦးအတွက် အဆင်ပြေသွားသည်။ တစ်ဦးရှင်းနေခိုက်
နောက်တစ်ဦးကို ဆက်ဆွဲပေးရာ ဝါးရုံပြင်ရောက်သွား၏။
တစ်ဦးလည်းအဆင်ပြေသွားပြန်သည်။ ပြီးစီးရန်မလိုတော့ပါ။ ဝါးတောထဲတွင် ကျန်နေသူတစ်ဦး
မှာ သူ့ညီတစ်ယောက်တည်း။ သူခုတ်ထားသည့်ဝါးက
အတွင်းသို့ရောက်လွန်းသည်။

” ငါဆွဲပေးမယ် ညီလေး ! မင်းက ထစ်ခံနေမယ့်
အကိုင်းတွေ မီသမျှ ခုတ်ပေးကွာ ”

ကိုယ့်ဘက်သို့ ကိုစစ်မောင်က အားနှင့်ဆောင့်ဆွဲနေစဉ်
သူ့ညီက အကိုင်းတွေရှင်းနေဆဲ။ မမျှော်လင့်ဘဲ ဝါးလုံးက
ဆွဲရာသို့ အားဖြင့်စိုက်ဆင်းသွား၍ စောင်းခုတ်ထားသည့်
ဝါးလုံးမှာ ကိုစစ်မောင်ကိုယ်ခန္ဓာပေါ် စူးနစ်သွားသည်။
အကိုင်းများနှင့် ဝါးအလေးချိန်မှာမသေးလှ။

” အား ”

ကိုစစ်မောင်၏အသံနက်ကြီးနှင့် အော်သံမှာ
ကျယ်ကျယ်လောင်လောင်။

********-********-********

ကိုစစ်မောင်ကို ဆေးရုံတင်ပြီးကုသရသည်မှာ
တစ်လကျော်ကျော် နှစ်လနီးနီး။ အလုပ်ပျက်အကိုင်ပျက်!
ကုန်လိုက်သည့်ငွေကလည်း မဆံ့ရင်ကန်။

” ကျုပ်ခြေထောက်တစ်ဖက် ဆာတာတာဖြစ်နေတာ
အဲဒီဝါးပင်ဆွဲမိလို့ပေါ့။ ဖြစ်စမှာ တစ်ချိန်တုန်းက မှိန်းနဲ့
ထိုးမိပြီး ကျုပ်ကို လှန့်ခြောက်နေတဲ့ ကြွက်ကြီးသတိရ
လိုက်တယ်။ ကြွက်ကြီးထိုးမိတာလည်း ညာဘက်ပေါင်!
ကျုပ်ဖြစ်ခဲ့တာလည်း ညာဘက်ပဲ။

တိုက်ဆိုင်တယ်ပဲပြောပြော ကျုပ်မှာ ဥပါဒါန်အစွဲအလမ်း
ရှိတာတော့ အမှန်ပဲ။ မြတ်ဘုရားဗုဒ္ဓတောင်မှ ဝိပါက်တော်
ဆယ့်နှစ်ပါးခံခဲ့ရတယ်လို့ အပါဒါန်အဋ္ဌကထာမှာ ဆိုထား
တယ်။ ကျုပ်တို့လို သာမန်ပုထုဇဉ်တစ်ယောက်အဖို့ ပိုဆိုး
တာပေါ့။

ပြုမိတဲ့ အကုသိုလ်ဟာ နွားနောက်ကို လှည်းဘီးလိုက်သလို သံသရာမဆိုင်း ခံရတတ်တယ်။
ဒါကြောင့် နှစ်တိုင်း အလုပ်အကိုင်းနည်းတဲ့ သီတင်းကျွတ်
လ တရားစခန်းပွဲဝင်နေတယ်လေ။ နို့-ဒကာကြီးက တန်ခူးလမှဝင်မှာဆို။ အခုဘာကိစ္စလာတာလဲ ”

” မှန်ပါ့ ! အဲဒီကျမှ အားပါတယ်ဘုရား။ ဒါပေမယ့်
တပည့်တော်က ဒီကျောင်းရဲ့ ဂေါပကတစ်ယောက်မို့
တရားစခန်းရက် နံနက်ပိုင်းလာပေးနေရတာပါ။ လိုတာရှိလည်း မိန့်ကြားပါဘုရား။ ဆောင်ရွက်ပေးပါ့မယ်”

” မလိုပါဘူးကွယ် ! အားလုံးပြည့်စုံပါတယ်။ သာဓု သာဓု
သာဓု သွားမယ်နော် ”

ပြောရင်းဆိုရင်း ကိုစစ်မောင်တစ်ဖြစ်လဲ ဦးစန္ဒိမာဘွဲ့ခံ
ဒုလ္လဘရဟန်းကြီးမှာ သီတင်းသုံးရာ သိမ်ကျောင်းသို့
တရွေ့ရွေ့ထွက်ခွာသွားပါတော့သည်။

ဗုဒ္ဓဘာသာဝင်များအနေနှင့် ဝိပါကဝဋ်ဆိုသည်
ကြောက်စရာပါပဲလား။

(ကာယကံရှင်များ၏ အမည်နာမလွှဲပြောင်းရေးသားထား
ပါသည်။)

လေးစားလျက်
မူရင်းရေးသားသူ> မျိုးသစ်

ပြန်လည်မျှဝေပါသည်။
စာချစ်သူအပေါင်း စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံနိုင်ကြပါစေ
Maypalae 📖