ဝဋ်မလည်ချင်သူ(စ/ဆုံး)
———————–
“ငါတို့ကတော့စနိုက်ကျော်မတွေဆိုရင်ဒဲ့ကိုရွံတာဟေ့”
“အေးဟယ်… ဗီဇကိုကမကောင်းကြတာ…
သူများအိမ်ထောင်ကိုဖျက်လိုဖျက်စီးနဲ့စိတ်ဓါတ်ကိုကအောက်တန်းကျတဲ့အတန်းအစားတွေ”
နေ့လယ်နေ့ခင်းထမင်းစားနားချိန်မှာဖုန်းကြည့်ရင်း
ဖေ့စ်ဘုတ်ပေါ်မှာလတ်တလောခေတ်စားနေတဲ့အိမ်ထောင်ရေးအရှုတ်အရှင်းသတင်းတစ်ခုအားလုပ်ဖော်ကိုင်ဖက်တွေကဝေဖန်နေကြတာကို ဘာမှတ်ချက်မှဝင်မပေးမိပဲ ဝတ်လွှာဒီအတိုင်းလေးသာနားထောင်နေမိပါသည်။
ဒီလိုအပြင်းအထန်ရှုံ့ချပြောဆိုသံတွေကြားရတဲ့အခါတိုင်း မျက်နှာပျက်မသွားမိအောင်ထိန်းထားရင်းက “ငါ့ကိုများစောင်းပြောနေကြတာလေလား”ဆိုတဲ့ အိုးမလုံအုံပွင့်တဲ့အတွေးတွေနဲ့လူမသိသူမသိတစ်ယောက်တည်းရှက်ရွံ့သိမ်ငယ်နေခဲ့ရတဲ့အရင်အချိန်တွေကိုပြန်သတိရလာမိပါသည်။
တစ်ချို့သောလူမှုစည်းဖောက်ပြန်ကြသူတွေက
သူတို့ကိုဝိုင်းပြီးပြစ်တင်ဆဲဆိုတာခံရလျှင်တောင်မျက်နှာပြောင်ပြောင်နှင့်မရှက်မကြောက်ပြန်နှုတ်လန်ထိုးတတ်ကြပါသည်။
ဝတ်လွှာကတော့မြန်မာ့ယဉ်ကျေးမှုနှင့်လူမှုစည်းကမ်းကိုလိုက်နာလက်ခံကျင့်သုံးသော
မိသားစုကပေါက်ဖွားလာခဲ့သူမို့ စိတ်အလိုကိုလိုက်ပြီး မကျော်သင့်တဲ့စည်းကိုကျော်မိကတည်းက ကိုယ့်ကိုယ်ကိုယ်လိပ်ပြာမလုံစွာနဲ့ပဲအပြစ်သားတစ်ယောက်လိုရှင်သန်နေထိုင်ခဲ့ရဖူးပါသည်။
တစ်ချိန်တုန်းကဆိုလျှင် စနှိုက်ကြော်လို့နှိမ့်ချခေါ်ဆိုကြကာလူ့အသိုင်းအဝိုင်းကပါဖယ်ကျဉ်ခံရလေ့ရှိတဲ့အမျိုးသမီးတွေကိုမြင်ရတိုင်း….
“ငါ့ဘဝမှာဘယ်တော့မှသူတို့လိုသူတစ်ပါးအိမ်ထောင်ကိုဖျက်ဆီးတဲ့သူမဖြစ်စေရဘူး”
လို့ ခိုင်ခိုင်မာမာသံဒိဌာန်ချထားခဲ့ဖူးသလို၊ ထိုစည်းမစောင့်သူတွေကိုလည်းအလွန်ပင်အထင်အမြင်သေးကာနားမလည်နိုင်အောင်ဖြစ်ခဲ့ဖူးပါသည်။ တစ်နေ့ကျရင် ဒီလိုအဖြစ်မျိုးထပ်တူထပ်မျှကိုယ်တိုင်ကိုယ်ကျကြုံလာရလိမ့်မယ်လို့အိပ်မက်တောင်ယောင်လို့မမက်ခဲ့ဖူးတဲ့အချိန်ကပေါ့လေ။
************
ဝတ်လွှာသည်အတန်အသင့်ထက်မြက်သွက်လက်သောမိန်းမလှလေးတစ်ယောက်ဖြစ်ပြီးစိတ်ဝင်စားသူတစ်ချို့ရှိခဲ့ပါသော်လည်း ချစ်သူရည်းစားရယ်လို့တစ်ယောက်မျှမထားဖူးခဲ့ပါ။ အချိန်တန်လို့မိဘလုပ်ငန်းထဲမှာ အောက်ခြေကစပြီးဝန်ထမ်းတစ်ဦးအဖြစ်အလုပ်ဝင်ချိန်အထိလည်းလွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါးသာနေထိုင်ရင်း အလုပ်၊ မိသားစုနှင့် သူငယ်ချင်းများသာသူ့ဘဝမှာရှိခဲ့ပါသည်။
တစ်နေ့နေ့တစ်ချိန်ချိန်မှာအိမ်ထောင်ပြုဖြစ်ခဲ့လျှင်
ကိုယ့်ကိုသိပ်ချစ်၊ သိပ်အလိုလိုက်၊ ကိုယ်ဆိုးသမျှသည်းခံခွင့်လွှတ်ကာ၊ သူ့ကိုယ်သူထက် ဇနီးဖြစ်သူအတွက်ကိုသာတွေးပြီးစိုးရိမ်ပူပန်ပေးနေမည့်သူမျိုးနှင့်လက်ဆက်ရမည်၊ အိမ်ထောင်ရေးကံကောင်းမည်ဟု ဆွေစဉ်မျိုးဆက်အားကိုးတိုင်ပင်ရာဗေဒင်ဆရာကြီးကဟောထားခဲ့သည့်အတိုင်းဖြစ်လာလိမ့် မည်ဟုယုံကြည်ပြီး အပူမရှာပဲ အေးအေးဆေးဆေးသာနေခဲ့ပါသည်။
ဒီအချိန်မှာဒါဖြစ်ကိုဖြစ်ရမယ်လို့သတ်မှတ်ပြီးသားဟုဆိုကြသောလူသားတို့၏ကံကြမ္မာသည်
တစ်ကယ်ကိုပဲ ရှောင်လွှဲလို့မရနိုင်လေဘူးလား…..
ရှေးဘဝကဆုတောင်းမှားမိခဲ့တာမျိုးလား…..
ဒါမှမဟုတ် မိမိကိုယ်တိုင်ကစိတ်ကိုထိန်းချုပ်နိုင်စွမ်းကင်းမဲ့ခဲ့ခြင်းလေလားလို့ ဝတ်လွှာမှာယခုထိတိုင်အဖြေမရှိခဲ့ပါ။
သို့ပေမယ့် ဘဝတစ်ခုလုံးကပြောင်းကပြန်ဖြစ်ပြီး ဂုဏ်သိက္ခာတွေနှင့်ရင်းရလျှင်တောင်မှ အမှားကိုမပြင်နိုင်၊ ပြင်ချင်စိတ်မရှိသည့် အစွဲအလန်းကြီးလွန်းသော၊ ခေါင်းမာသော၊ တစ်ဇွတ်ထိုးဆန်သောမိမိ၏စိတ်ကြောင့်သာဖြစ်သည်ဟု သိသိကြီးနှင့်ယခုထက်ထိတိုင်ဝန်မခံလိုပဲ ဒါဝဋ်ကြွေးပဲ၊ ဒါဟာရေစက်ဆိုးပဲလို့မသိစိတ်ထဲကနေ ကံကြမ္မာကိုသာပုံချချင်နေမိတုန်းသာ။
မောင်နှင့်သူ့ရဲ့တွေ့ဆုံမှုကအနည်းငယ်တော့ဆန်းကြယ်ခဲ့ပါသည်။
တစ်နေ့ ရုံးမှာ ငွေအပေးအယူကိစ္စနှင့်ပတ်သက်၍ စီးပွားဖက်မိတ်ဆွေသစ်တစ်ဦးထံမိုဘိုင်းစနစ်ဖြင့်ငွေလွှဲပေးရာမှာ ငွေကျပ်သိန်းငါးဆယ်ကိုဖုန်းနံပါတ်တစ်လုံးမှားယွင်းပြီးပို့လိုက်မိပါသည်။
အံ့ဩစရာကောင်းလောက်အောင်ပင် ဖြစ်တောင့်ဖြစ်ခဲထိုကေပေးအကောင့်နှစ်ခုတို့၏ပိုင်ရှင်များ သည်ဖုန်းနံပါတ်တစ်လုံးတည်းသာကွာသောနာမည်တူလူနှစ်ယောက်ဖြစ်နေခဲ့တာပင်။
မျက်စိရှန်းပြီးဖုန်းနံပါတ်ကိုထပ်မစစ်မိပါပဲ
လူအမည် “ဦးကျော်စွာမင်း” ကိုသာနှစ်ခါစစ်ပြီး၊
မှန်ပြီ၊ သေချာပြီဆိုကာပို့လိုက်မိခြင်းသာ။
ပို့ပြီးပြီးချင်း မိတ်ဖက်လုပ်ငန်းရှင်ထံ ငွေလွှဲပြေစာကိုဓါတ်ပုံရိုက်ပို့လိုက်ကာ အလုပ်တစ်ခုပြီးပြီဆိုပြီးစိတ်အေးလက်အေးနေမိချိန်မှာ ဖုန်းဝင်လာခဲ့ပါသည်။ ငွေလက်ခံယူဖို့စောင့်နေသူက ပြေစာတွင်ဖုန်းနံပါတ်မှားနေသည်မို့ သူ့ဆီငွေမဝင်သေးကြောင်းအသိပေးလာခဲ့ခြင်းဖြစ်တာမို့ ဝတ်လွှာငယ်ထိပ်မြွေပေါက်ခံလိုက်ရသလိုတောင်ဖြစ်သွားရတော့သည်။ ဝတ်လွှာစိတ်အေးအေးထားပြီး မှားလွှဲမိသောဖုန်းနံပါတ်သို့ အလျင်အမြန်ဖုန်းခေါ်ရပါတော့သည်။
“ဟဲလို… အမိန့်ရှိပါခင်ဗျာ… ကျော်စွာမင်းပါ”
တစ်ဖက်ကဩဇာပြည့်ဝပြီးချိုသာသောအမျိုးသားတစ်ဦး၏အသံကိုကြားလိုက်လျှင်ကြားလိုက်ရချင်းပဲ လူကိုမမြင်ရသော်လည်း ဝတ်လွှာရဲ့ရင်ထဲမှာနှစ်ခြိုက်ခြင်းကိုသိသိသာသာပဲခံစားလိုက်ရပါသည်။
“ဟုတ်ကဲ့… ကျွန်မကနှင်းဝတ်လွှာကုမ္ပဏီကပါရှင်… အခုနကလေးတင်ပဲ လူကြီးမင်းရဲ့ကေပေးအကောင့်ထဲကိုသိန်းငါးဆယ်မှားလွှဲမိလို့အကြောင်းကြားတာပါရှင့်”
“ခင်ဗျာ… ဟုတ်လား… ကျွန်တော်အစည်းအဝေးခန်းထဲဝင်နေလို့ ငွေအဝင်မစစ်ကြည့်မိသေးဘူးဗျ”
အသံကိုနားထောင်ပြီးအသက်ကိုခန့်မှန်းကြည့်မိရသလောက်ဝတ်လွှာနှင့်ရွယ်တူအသက်သုံးဆယ်နီးပါးခန့်ဖြစ်မည်ဟုတွက်ဆမိပါသည်။
“ဟုတ်ကဲ့… အကောင့်ပိုင်ရှင်ချင်းနာမည်တူနေတော့ ဖုန်းနံပါတ်ကိုပြန်မစစ်လိုက်မိတဲ့ကျွန်မရဲ့အမှားပါပဲရှင်”
“ဪ… အဲလိုဖြစ်သွားတာလားဗျ…
ကျွန်တော်ကြည့်ပြီးမနက်ဖြန်မှပြန်လွှဲပေးလိုက်လို့ရမလားဗျာ… ဒီမနက်ကကျွန်တော်ကိစ္စတစ်ခုအတွက်ငွေချေလိုက်မိလို့ ဒီနေ့အတွက်ငွေလွှဲလစ်မစ်ကုန်သွားပြီမို့ပါ”
“ရှင်… ဟုတ်လား”
ဝတ်လွှာစိတ်ညစ်သွားမိသည်။ ပိုက်ဆံကဒီနေ့လွှဲပေးမှကိုဖြစ်မည့်အပြင် ငွေရေးကြေးရေးနှင့်ပတ်သက်လျှင်တိကျပြတ်သားပြီးစည်းကမ်းကြီးသောဖေဖေဒီကိစ္စကိုသိသွားမှာလည်းဝတ်လွှာစိုးပါသည်။ ကိုယ့်လက်ထဲလည်းစိုက်ပေးစရာပိုက်ဆံကအဲ့လောက်မရှိ။ ရုံးပိုက်ဆံကိုနှစ်ကြိမ်လွှဲထားတာကိုစာရင်းစစ်က နေ့စဉ်ရီပို့တ်တင်လိုက်လို့ ဖေဖေများတွေ့သွားခဲ့ရင်ခေါင်းဆင်နင်းခံရတာကပင်သက်သာပေဦးမည်။
“ဟို… ကိုကျော်စွာမင်းရှင့်… ကျွန်မဘက်မှာပြဿနာလေးနည်းနည်းရှိနေပါတယ်…ငွေကဒီနေ့လွှဲကိုလွှဲပေးရမှာမို့ပါရှင်… ဘယ်လိုများကူညီပေးနိုင်ပါမလဲ”
တစ်ဖက်ကခဏငြိမ်သွားပြီး စဉ်းစားနေဟန်တူပါသည်။ ပြီးမှ….
“ဒါဆိုဒီလိုလုပ်ဗျာ…. ကျွန်တော်လည်းကေပေးထဲထည့်စရာကက်ရှ်တွေရှိနေတဲ့အထဲက ငါးဆယ်ကိုခင်ဗျားကိုပေးရင်ရောဖြစ်မလား… ခင်ဗျားကဘယ်မြို့ကလဲ… ဒီနေ့ကျွန်တော့်ဆီကိုလာယူနိုင်ပါ့မလား”
ဟယ်…ဟုတ်သားပဲ…. စိတ်လောနေတာနှင့်သူနှင့်ကိုယ်နှင့်တစ်မြို့တည်းနေကြသည်လို့ချည်းတစ်ထစ်ချတွက်ထားမိတာ။
“ကျွန်မကရန်ကုန်၊ ကမာရွတ်မြို့နယ်ကပါ…”
“တော်သေးတာပေါ့ဗျာ…
ကျွန်တော့်ကုမ္ပဏီကလှည်းတန်း၊ စံရိပ်ငြိမ်လမ်းထဲမှာဗျ… ခင်ဗျားဘယ်အချိန်လာယူနိုင်မလဲ… ကျွန်တော်အပြင်သွားစရာလေးရှိနေလို့ပါ…
တစ်ကယ်လို့ကျွန်တော်မရှိလည်းရုံးမှာပြောပြီးမှာထားခဲ့ပေးပါ့မယ်… ခင်ဗျားမှတ်ပုံတင်ရယ်၊ ငွေလွှဲထားခဲ့တဲ့အထောက်အထားတွေရယ်သေချာပြပြီးပြန်လာယူလို့ရပါတယ်ဗျ”
စိတ်သက်သာရာရသွားပုံရတဲ့သူ့အသံကိုနားထောင်ရင်း ဝတ်လွှာလည်းအခုမှသက်ပြင်းချနိုင်ပါတော့ သည်။
“ဟုတ်ကဲ့… ကျွန်မညနေငါးနာရီအရောက်လာခဲ့ပေးပါ့မယ်… ကျေးဇူးပြုပြီးလိပ်စာအတိအကျလေးတစ်ချက်လောက် ကျွန်မဆီကိုမက်စေ့ခ်ျပို့ထားပေးပါရှင့်”
ညနေရုံးစောဆင်းပြီး ငွေအပြေးအလွှားသွားယူကာ၊ ငွေရပြီးလျှင်လုပ်ငန်းရှင်မိတ်ဆွေထံသွားပေးရန်အစီအစဉ်ဆွဲရသည်။
ဒီလိုနှင့်ပဲ သူတည်ထောင်ထားတဲ့ “KSM Marketing Agency” ကိုရောက်သွားရခြင်းဖြစ်ပါသည်။
အဲဒီမှာတင်ဇာတ်လမ်းကစတော့တာပဲဖြစ်သည်။
ဝတ်လွှာဘဝတစ်လျှောက်လုံး ကျောင်းမှာ၊ သင်တန်းတွေမှာ၊ အလုပ်မှာ၊ ကိုယ့်ပတ်ဝန်းကျင်မှာချောမောခန့်ညားသောအမျိုးသားကြီးငယ်များစွာကိုမြင်တွေ့ဆက်ဆံခဲ့ဖူးပေမယ့်တစ်ခါဆိုတစ်ခါမျှမတုန်လှုပ်ခဲ့ဖူးသောနှလုံးသားလေးသည် ယောကျာ်းပီသပြီးရုပ်ရည်တည်ကြည်သန့်ပြန့်သော်လည်း သိပ်ပြီးထူးခြားနေတာမျိုးမဟုတ်ပါသောသူ့ကိုမြင်လိုက်ရသည်နှင့်တဒိတ်ဒိတ်ခုန်လှုပ်လာခဲ့ပါတော့သည်။
သူသည်လည်းကိုယ့်နည်းတူခံစားခဲ့ရပါကြောင်းနောက်တော့ပြန်ပြောပြခဲ့ပါသည်။
စကားပြောကြတော့သွက်လက်သောဝတ်လွှာမှာ ပြောစရာစကားရှာမရသလိုထစ်အပျောက်ဆုံးနေခဲ့ပြီး၊ အယောင်ယောင်အမှားမှားတွေဖြစ်နေခဲ့ရသလို စကားနည်းပုံရသောသူကလည်းလိုအပ်သည်ကိုသာပြောတာမို့ ငွေထုပ်ယူပြီးပြန်မယ်အလုပ်မှာ သူပြောလိုက်တဲ့စကားတစ်ခွန်းကြောင့် နှလုံးသားလေးတောင်ရုတ်တရက်အခုန်ရပ်သွားခဲ့ရပါသည်။
“ကျွန်တော်ကပုံမှန်ဆိုရုံးကပြန်တာနောက်ကျတတ်တယ်ဗျ….ဒီနေ့တော့ကျွန်တော့်သမီးလေးသုံးနှစ်ပြည့်မွေးနေ့မို့အိမ်စောစောပြန်တော့မလို့လုပ်နေတုန်းမှာမဝတ်လွှာရောက်လာလို့ကိုယ်တိုင်ပြန်ပေးဖြစ်သွားတာ… နောက်တစ်ခါဆိုသတိထားပါဗျ… ငွေအမောင့်ကမနည်းဘူးလေ”
ဪ…. သူ့မှာက ကာမပိုင်ဇနီးမယားသာမက၊ ကိုယ်ပိုင်မိသားစုလေးပါရှိနှင့်နေပါပကောလားလေ….
************
ဝတ်လွှာသည်ထိုနေ့မှစ၍ စိတ်တွေမငြိမ်မသက်ဖြစ်ရကာ ကိုယ့်စိတ်နှင့်ကိုယ်အတွင်းကြိတ်တိုက်ပွဲတွေပြင်းထန်နေခဲ့ပါသည်။ ဦးနှောက်က စဉ်းတောင်မစဉ်းစားသင့်ဘူးလို့အပြင်းအထန်ကန့်ကွက်နေတဲ့ကြားက နှလုံးသားကတော့သူ့ကိုတွေ့ချင်မြင်ချင်၊ သူ့အသံလေးကြားချင်နေတဲ့စိတ်တို့ကထိန်းမရအောင်ရုန်းကြွလို့နေခဲ့ပါသည်။ သို့ပေမယ့် ကိုယ်ကမှ ရှေ့သို့ခြေတစ်လှမ်းမတိုးလျှင် သူနှင့်ထပ်ဆုံဆည်းပတ်သက်စရာအကြောင်းကိုမရှိတော့သည်မို့ အနည်းဆုံးတော့ သူ့ဆီအကြောင်းရှာပြီးဖုန်းမဆက်မိအောင်ကိုယ့်ကိုယ်ကိုယ်မနည်းချုပ်ထိန်းထားခဲ့ရပါသည်။ “ဒါဟာ ဘဝမှာမတော်တဆခလုပ်တိုက်မိတာမျိုးပါပဲ…ငါမလုပ်သင့်တာကိုမလုပ်ဘူး”လို့ကြိတ်မှိတ်အားတင်းပြီးသူ့ကိုအချိန်တိုင်းသတိရတမ်းတနေမိတဲ့စိတ်ကိုဖြေရပါသည်။
ဝတ်လွှာဘယ်လိုပဲကြိုးစားမေ့ဖျောက်ပစ်ပါသော် လည်း သူနှင့်ထပ်ပြီးဆုံတွေ့စေဖို့ဖြစ်ရပ်တစ်ခုကဖန်လာခဲ့ပါတော့သည်။ အဲဒီနေ့ကဖေဖေအပြင်ကိုကိစ္စတစ်ခုနှင့်ကိုယ်တိုင်ကားမောင်းသွားရင်းအက်ဆီးဒန့်ဖြစ်ခါ ဆေးရုံတင်ရပြီး အရေးပေါ်ခွဲစိတ်ကုသမှုခံယူရန်သွေးလိုအပ်လာခဲ့ပါသည်။ ဖေဖေက AB သွေးဖြစ်ပြီးဆေးရုံမှာမလုံလောက်၍ နောက်သွေးတစ်ပုလင်းခန့်အသင့်ဆောင်ထားရန်မိသားစုကိုရှာခိုင်းပါတော့သည်။ အဲဒီအချိန်မှာပဲ ဝန်ထမ်းတစ်ယောက်ရဲ့မိခင်ဆေးရုံတက်နေလို့သတင်းလာမေးတဲ့သူ့ကိုအမှတ်မထင်ပြန်တွေ့လိုက်ရပြီး သူကလည်းဝတ်လွှာကိုမှတ်မိကာ AB သွေးလိုလျှင်လှူပါ့မည်ဆို၍ ဖေဖေ့အတွက်သွေးလှူပေးသွားခဲ့ပါသည်။
အဲဒီဖြစ်ရပ်ဖြစ်သွားပြီးတဲ့နောက်မှာ ဝတ်ရည်တို့နှစ်ယောက်ဟာခပ်ခွာခွာနေဖို့အစွမ်းကုန်ကြိုးစားကြရင်းကတစ်နေ့ထက်တစ်နေ့ပိုလို့နီးကပ်လာခဲ့ကြကာအရူးအမူးချစ်မိကြပါတော့သည်။
မောင်တို့ဆွေစဉ်မျိုးဆက်၏ထူးဆန်းသောဓလေ့မှာ အမျိုးနီးစပ်ထဲကနှစ်ဝမ်းကွဲ၊ သုံးဝမ်းကွဲမောင်နှစ်မအချင်းချင်းပြန်ပြီးစပ်ဟပ်ပေးစားလေ့ရှိခြင်းပဲဖြစ်ပါသည်။ မောင်တို့သည်ခေတ်လူငယ်များဆိုပေမယ့် သူတို့ဆယ်ကျော်သက်အရွယ်ငယ်ကတည်းက လူကြီးများမှ “သူဟာတော့မင်းတစ်ချိန်မှာလက်ထပ်ရမည့်ဇနီးလောင်း၊ ခင်ပွန်းလောင်းနော်” ဟူသောအသိကိုရိုက်သွင်းခံထားကြရသူများမို့ အလုပ်ရှုတ်ခံပြီးရည်းစားသနာရယ်လို့ထားမနေကြတော့ပဲ အချိန်တန်လျှင်လူကြီးတွေစီစဉ်ပေးတဲ့အတိုင်းလက်ထပ်လိုက်ကြကာ အဆင်ပြေပြေရှေ့ဆက်သွားကြသူများပါသည်။
မောင့်ဇနီးသည် မောင်နှင့်သုံးဝမ်းကွဲညီမတော်စပ်သောချစ်စဖွယ်မိန်းမငယ်လေးတစ်ဦးဖြစ်ကာ၊ သမီးလေးကလည်းအဖေနှင့်အမေဆီကအလှမှန်သမျှအကုန်ရပြီးချစ်စရာကောင်းလှပေသည်။
မောင့်အပြောအရတော့ သူ့ဘဝမှာအချစ်ဆိုတာဝတ်လွှာနှင့်တွေ့ပြီးချိန်မှသိနားလည်လာခဲ့ရသည်ဟုဆိုပါသည်။ ဝတ်လွှာကလည်းမောင့်လိုပဲမို့မောင့်အချစ်ကိုအကြွင်းမဲ့ယုံကြည်မိပါသည်။
ဝတ်လွှာတို့နှစ်ဦးစလုံးသည် မမျှော်လင့်ပဲတွေ့ဆုံကာကိုယ်စီစိတ်မထိန်းနိုင်ပဲချစ်ကြိုက်မိခဲ့ကြပေမယ့် နှစ်ဦးစလုံး၏အသိုင်းအဝိုင်းသာမက၊ ကိုယ်တိုင်ကပါလူမှုရေးဖောက်ပြန်မှုကိုမနှစ်မြို့တတ်ကြသူများမို့ အမှားတွေကျူးလွန်မိနေကြမှန်း ကောင်းကောင်းနားလည်သဘောပေါက်ကြပါသည်။ သို့သော် တစ်ယောက်ကိုတစ်ယောက်မစွန့် လွှတ်နိုင်ကြသည်မို့အမှားသံသရာထဲမှာတဝဲလည် လည်ဖြစ်နေခဲ့ရပါသည်။
ဝတ်လွှာတို့နှစ်ယောက်တွင် မောင်သည်ဝတ်လွှာ၏ ရည်းစားဦး၊ အချစ်ဦးမို့ မောင့်ဘက်ကသာပြတ်သားနိုင်သည်ဆို မိဘဆွေမျိုးများအားလုံးကိုရဲရဲဝံ့ဝံ့ဆန့်ကျင်ပြီးဘယ်သူမှမသိနိုင်သောအဝေးတစ်နေရာတွင် နှစ်ယောက်တစ်ဘဝထူထောင်ဖို့အထိမိုက်မိုက်မဲမဲစဉ်းစားထားမိပါသော်လည်း….
မောင်ကတော့ပါးစပ်ကသာ “ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် မောင်ကဝတ်လွှာဘက်မှာပဲအမြဲတမ်းရှိနေမှာပါ…” လို့ဆိုပေမယ့် ဝတ်လွှာနှင့်မောင့်ရဲ့ပတ်သက်မှုကို သူ့မိသားစုမပြောနှင့်၊ သူကျင်လည်ရာအသိုင်းအဝိုင်းကသူတွေသိရှိသွားမှာတောင်စိုးရွံ့တတ်သူဖြစ်သည်။
နှစ်ယောက်သားလက်ချင်းတွဲပြီးလျှောက်လည်ကြလို့ မိတ်ဆွေတစ်ယောက်ယောက်ကိုဖြတ်ကနဲတွေ့လိုက်ရလျှင်တောင် လက်တွဲချက်ချင်းဖြုတ်ပြီး ဝတ်လွှာကိုတစ်ယောက်တည်းလမ်းမအလယ်ခေါင်ကြီးမှာချန်ထားခဲ့ဖို့ဝန်မလေးတတ်သူဖြစ်သလို၊
သူ့ဇနီးရှေ့မှာဖုန်းပြောမိလျှင်လည်း ဝတ်လွှာကိုမိတ်ဆွေတစ်ယောက်လိုသာခပ်ပြတ်ပြတ်ပြောတတ်သူဖြစ်ပါသည်။ ဝတ်လွှာသည်လည်းမိန်းမကောင်းလေးတစ်ဦးမို့ရှက်တတ်ပါသည်။
သို့သော် မောင့်ကိုချစ်စိတ်တစ်ခုတည်းကြောင့်
မောင့်လောက်တော့အရာရာမှာပတ်ဝန်းကျင်ကိုဂရုမစိုက်တတ်ခဲ့ပါ။
ဝတ်လွှာတို့စတွဲကြပြီးမကြာမှီမှာပဲ လက်တံရှည်သောဖေဖေက ဝတ်လွှာတို့အကြောင်းကိုသိရှိသွားခဲ့တော့ ဝတ်လွှာကသတ္တိတွေကောင်းလွန်းစွာပဲမိဘဆွေမျိုးတွေကိုဆန့်ကျင်အံတုခဲ့ပါသည်။
မိဘတွေကယူကျုံးမရဖြစ်ကာအသည်းအသန်ခြိမ်းခြောက်တားမြစ်ကြပေမယ့် ဝတ်လွှာကခေါင်းမာလွန်းစွာ မောင့်ကိုလက်တွဲမဖြုတ်ခဲ့ပါ။ မောင့်အသိုင်းအဝိုင်းမှာတော့ ဝတ်လွှာသည် မောင့်ရဲ့သာမန်မိတ်ဆွေတစ်ယောက်ဟုသာသိထားကြပါသည်။
ဝတ်လွှာတို့ချစ်သက်တမ်းကြာလာသည်နှင့်အမျှ မောင်ကဝတ်လွှာအပေါ်မှာချစ်တာမှန်ပေမယ့်
ဝတ်လွှာလောက်တော့ဘဝတစ်ခုလုံးကိုလောင်းကြေးထပ်ပြီးဆင်ခြင်ဉာဏ်ကင်းမဲ့စွာချစ်ရဲသူမဟုတ်မှန်းပိုလို့သိလာခဲ့ရပါသည်။
ဝတ်လွှာသည်ကမူးရှူးထိုးနှင့်တစ်ဇွတ်ထိုးဆန်နေသော်လည်း မိကောင်းဖခင်သားသမီးမို့ ကိုယ်ချင်းစာစိတ်တော့လုံးလုံးမပျောက်သေးပါ။ ဝတ်လွှာမှာတစ်ယောက်တည်း နှလုံးသားဆန္ဒနှင့် ဦးနှောက်အသိဉာဏ်တို့ကြားဗြာများလို့နေခဲ့ရသည်။
မောင့်မှာက သူနဲ့မတွေ့ခင်ကတည်းကအခိုင်အမာတည်ဆောက်ထားပြီးသောမိသားစုအသိုက်အမြုံလေးကရှိနှင့်ပြီးသားဆိုတာကိုလည်းနားလည်သဘောပေါက်သည်မို့ ကိုယ့်စိတ်ကိုတင်းပြီး
မောင်နှင့်လမ်းခွဲလိုက်ကြဖို့အကြိမ်ကြိမ်ဆွေးနွေးခဲ့ဖူးပါသည်။
ဝတ်လွှာမှလမ်းခွဲဖို့ပြောလေတိုင်း “ဝတ်လွှာသာမရှိတော့လျှင် မောင့်ဘဝသည်အဓိပ္ပါယ်မရှိတော့ပါ”
ဟုဆိုကာဆောက်တည်ရာမရဖြစ်နေတတ်သော
မောင့်ကို ကိုယ့်ကိုယ်ကိုယ်ထက်ပိုသနားရလွန်း၍
ဝတ်လွှာမထားခဲ့ရက်တော့ပါ။
မိဘများကဝတ်လွှာကိုဒီအတိုင်းဆက်လွှတ်မထားတော့ပဲ လူကြီးချင်းလည်းရင်းနှီးနေကြသလို
ဝတ်လွှာကိုလည်းငယ်ကတည်းကသံယောဇဉ်ရှိနေသော သူတို့မိတ်ဆွေ၏သားနှင့်အိမ်ထောင်ချပေးရန်စီစဉ်ပါတော့သည်။ ဒီအချိန်မှာတော့ အမြဲတမ်းသူ့ဘက်မှာရပ်ပါမည်ဆိုသည့် မောင့်ရဲ့ကတိစကားကိုယုံကြည်ခဲ့သောဝတ်လွှာသည် မောင့်ကိုပြတ်ပြတ်သားသားရွေးချယ်ဖို့ တေ့တေ့ဆိုင်ဆိုင်စကားပြောရပါတော့သည်။ ဘယ်လိုဆုံးဖြတ်ရမှန်းမသိတော့အောင်စိတ်တွေရှုတ်ထွေးညစ်ညူးစွာနှင့်ခေါင်းကြီးငိုက်စိုက်ချကာတွေဝေနေသောမောင့်ကို မျက်ရည်တွေကြားကဝတ်လွှာငေးကြည့်ရင်းရင်တွေနာရပါသည်။ တစ်ကယ်တမ်းဘဝနှင့်ယှဉ်၍ရွေးချယ်ရမည့်အချိန်ရောက်လာချိန်မှာတော့မောင်သည်မိသားစုကိုသာဦးစားပေးရွေးချယ်သွားခဲ့ပါလေသည်။
မောင့်ရဲ့ဆုံးဖြတ်ချက်ဟာအမှန်ကန်ဆုံးဖြစ်ခဲ့သည်ဆိုတာကို ဝတ်လွှာကြေကွဲစွာ သို့သော် ဂုဏ်ယူစွာဖြင့်ကျေကျေနပ်နပ်ကြီးလက်ခံပေးခဲ့ပါသည်။ ကမ္ဘာပေါ်မှာဝတ်လွှာအမြင်ချင်ဆုံးကပြုံးပျော်နေသောမောင့်မျက်နှာသာဖြစ်ပြီး၊ မမြင်ချင်ဆုံးက
မောင့်မျက်ရည်တွေသာမို့ ဝတ်လွှာရင်ကွဲခံပြီးနားလည်ခွင့်လွှတ်ပေးခဲ့ပါသည်။
မောင်သိပ်ချစ်သောသမီးလေးသည် မိခင်ရင်း၊ ဖခင်ရင်းတို့၏ရင်ခွင်မှာသာပျော်ရွှင်လန်းဆန်းစွာနှင့်ကြီးပြင်းလာသင့်သည်မဟုတ်ပါလား။ ဝတ်လွှာဘဝမှာ နောင်တအရဆုံးဖြစ်ရပ်သည် မောင့်အချစ်တွေကို သူ့မိသားစုဆီကဖဲ့ယူခဲ့မိခြင်းသာဖြစ်ပါလေသည်။
**********
“ဝတ်လွှာရေ ဖုန်းလာနေတယ်လေ…မကိုင်ဘူးလား.. ဘာတွေတွေးနေတာလဲ”
ဝတ်လွှာသည်အတွေးတွေထဲနစ်မျောနေရာမှ စာရင်းကိုင်မမမွှေးရဲ့သတိပေးသံကြောင့်ပစ္စုပ္ပန်ကိုပြန်လည်ရောက်ရှိလာခဲ့ရပါသည်။ ဘယ်သူများဖုန်းခေါ်ပါလိမ့်လို့ကြည့်မိတော့ နှစ်နာရီခြားတစ်ခါဖုန်းခေါ်တတ်ပါသော ချစ်ခင်ပွန်းကိုကြီးဖြစ်နေခဲ့တာကြောင့်…
“ဟုတ်… ကိုကြီး… ပြော…”
ကိုကြီးနှင့်သာဆို ကိုယ့်ကိုယ်ကိုယ်ဆယ်ကျော်သက်ချာတိတ်မလေးတစ်ယောက်လိုခံစားရပြီး အသံကိုကချွဲချွဲနွဲ့နွဲ့ဖြစ်သွားတတ်ပါသည်။
“လွှာလေး ဖုန်းချက်ချင်းမကိုင်လို့ဘာများဖြစ်နေလဲလို့ကိုကြီးစိတ်တောင်ပူသွားရတယ်”
သိပ်ကိုပိုတဲ့ကိုကြီးပါ….
အိမ်ထောင်ဖက်ကို “ကိုယ်ချစ်ထက် သူချစ်ကိုသာရှာယူပါ”ဆိုတဲ့ ရှေးလူကြီးတွေရဲ့စကားကသွေးထွက်အောင်မှန်လှပါသည်။ မိဘတွေစီစဉ်ပေးတဲ့အိမ်ထောင်ရေးဖြစ်ပေမယ့် မယူခင်ကတည်းက မောင်နှင့်ချစ်သူဖြစ်ခဲ့သည့်အကြောင်း၊ ဝတ်လွှာ ၏ရွေးချယ်မှုမဟုတ်ပဲ မောင့်ရဲ့ဆုံးဖြတ်ချက်ကြောင့်သာလမ်းခွဲခဲ့ရတဲ့အကြောင်းတွေ ကိုကြီးကိုတစ်ခုမှထိမ်ချန်မထားပဲပြောပြတော့ ကိုကြီးကဒီအဖြစ်တွေကိုသဘောထားကြီးစွာနှင့်ပြည်ဖုံးကားချကာခွင့်လွှတ်မြတ်နိုးသွားနိုင်ပါကြောင်းကတိပေးခဲ့တာကြောင့်လက်ထပ်ဖြစ်ခဲ့ပါသည်။
ကိုကြီးသည် ဇနီးဖြစ်သူကိုအစစအရာရာမှာအသေးစိတ်ကအစပူပန်စွာကြင်ကြင်နာနာစောင့်ရှောက်တတ်ကာ၊ သူ့ရှေ့မှာတစ်မျိုး၊
ကွယ်ရာမှာတစ်မျိုး သူ့စကားနားမထောင်တတ်သောဝတ်လွှာကိုကလေးတစ်ယောက်လိုသည်းခံပြီးချစ်ပေးတတ်သူမို့ဝတ်လွှာစိတ်ချမ်းသာရပါသည်။ ဒီလောက်တောင်ကိုယ့်အပေါ်မှာချစ်ပေးနိုင်သူကို ဝတ်လွှာကရောဘယ်လိုနှလုံးသားမျိုးနှင့်ပြန်မချစ်ပဲနေနိုင်ပါ့မည်နည်း။
“ဝတ်လွှာဖုန်းသံမကြားလိုက်မိလို့ပါကိုကြီးရဲ့…”
“လွှာလေးထမင်းစားပြီးပြီလား…
အချဉ်ပေါင်းသည်တွေလာရင်ခေါ်ဝယ်စားမနေနဲ့ဦးနော်…. ဟိုတစ်ခါလိုဝမ်းကိုက်ရင် လွှာလေးခံစားနေရမှာကိုကြီးမကြည့်ရက်ဘူး… ဒီတစ်ခါပိတ်ရက်ကျရင်ကိုကြီးကိုယ်တိုင်အိမ်မှာသန့်သန့်ရှင်းရှင်းလုပ်ကျွေးမယ်ကြားလား….
ခဏနေအဆာပြေစားဖို့ ပီဇာနဲ့ကော်ဖီအေးကိုဒလီနဲ့ပို့ပေးလိုက်မယ်နော်…ဟုတ်ပြီလား”
“အင်းပါကိုကြီးရဲ့…. ပီဇာကရှစ်လက်မသုံးချပ်မှလောက်မှာနော်… မမမွှေးတို့အားလုံးအတွက်ပါဝယ်ထည့်ပေးလိုက်ပါ”
ကိုကြီးကိုပီဇာမှာနေတာလို့ မမမွှေးတို့ဘက်ကိုပါလှည့်ပြောလိုက်တော့ သူတို့ပျော်သွားကြပါသည်။
“အောင်မလေး… မမမွှေးလည်း ကိုကြီးလို
ဝတ်လွှာကိုတုန်နေအောင်ချစ်တဲ့သူမျိုးများတွေ့ရင် အပျိုကြီးဘဝကိုတစ်ခါတည်းစွန့်လွှတ်ပစ်လိုက်မှာ…”
ဆိုပြီးပြောကာ မမမွှေးတို့တစ်သိုက် ဝတ်လွှာကိုအားကျချစ်ခင်စိတ်နဲ့ပြုံးပြီးကြည့်နေကြပါသည်။
“အင်းပါ…. ကိုကြီးသိပါတယ်…
ညနေကျရင်ကိုကြီးငါးနာရီအတိလာကြိုလို့ရမလား
ဖေဖေ့ကိုဒီတစ်ရက်လောက်ခွင့်တောင်းကြည့်ပါလားဟင်”
“ဘာဖြစ်လို့လဲကိုကြီးရဲ့…”
“ဪ… ကိုကြီးကအရေးကြီးနိုင်ငံခြားဧည့်သည်တစ်ယောက်နဲ့ဆီဒိုးနားမှာညနေခြောက်နာရီအလုပ်ကိစ္စချိန်းထားလို့ လွှာလေးကိုအရင်အိမ်ပြန်ပို့ပြီးမှအမှီပြန်သွားမလို့လေ”
“အလုပ်ရှိရင်မလာနဲ့တော့လေကိုကြီးရဲ့…
လွှာလေးဖေဖေ့ဒရိုက်ဘာကိုအိမ်ပြန်ပို့ခိုင်းလိုက်မှာပေါ့”
“ဪ… ကိုယ့်မိန်းမလေးကိုစိတ်မချလို့ကိုယ်တိုင်လာကြိုပါမယ်ဆိုမှ… ကိုကြီးပဲလာခဲ့ပါ့မယ်…
လွှာလေးစောင့်နေနော်”
“အိုခေ.. အိုခေ… ဆီးယူကိုကြီး”
ဖုန်းချပြီးတော့ဝတ်လွှာပြုံးနေမိပါသည်။ အိမ်ထောင်သက်ရလာလေလေ ပိုပိုပြီးသည်းလာလေလေဖြစ်နေသောကိုကြီးကို သူများတွေစလည်းစချင်စရာပါပဲ။
ကိုကြီးရဲ့မေတ္တာရိပ်မှာ သားသားမီးမီးတွေပွားစည်းလာသည်အထိနောင်နှစ်ပေါင်းများစွာတိုင်အခုလိုပဲအေးချမ်းစွာခိုလှုံခွင့်ရချင်ပါသည်လေ။ အခုအချိန်မှာတော့ မိသားစုလေးတစ်စုတည်မြဲဖို့ဝတ်လွှာတောင့်တတတ်နေပြီဖြစ်သလို သူတစ်ပါးအိမ်ရာကိုပျက်စီးဖို့ကြံရွယ်ခဲ့ဖူးသည့်အတိတ်ကအရိပ်ဆိုးတွေကြောင့် ကိုယ့်အလှည့်မှာပြန်ဝဋ်လည်မှာကိုလည်းသေမတတ်ကြောက်နေခဲ့ပြီဖြစ်ပါသည်။
လူဆိုတာကိုယ်တိုင်ကြုံတွေ့ခံစားလာရမှသာထပ်တူကိုယ်ချင်းစာစိတ်ထားနိုင်သည်မဟုတ်ပါလား။
တစ်ချိန်ကအသည်းနင့်အောင်ချစ်ခဲ့ဖူးသည့်မောင့်ကိုအတိတ်မှာသာချန်ထားရစ်ခဲ့နိုင်ပြီမို့ မောင်တို့မိသားစုလေးလည်းအနှောက်အယှက်ကင်းကင်းပျော်ရွှင်နေကြလိမ့်မည်ဟု မေတ္တာစိတ်သက်သက်နှင့်မျှော်လင့်ဆုတောင်းပေးနေမိပါသည်။
မောင်နှင့်ပတ်သက်ဖူးခဲ့သည့်အတိတ်ဆိုတာကြီးကဖျက်မရနိုင်သည်ကိုတော့ ကိုကြီးခွင့်လွှတ်နားလည်ပေးစေချင်သလို၊ အခုအချိန်မှာတော့ ကိုကြီးသာလျှင်ဝတ်လွှာရဲ့အသက်၊ ဝတ်လွှာရဲ့ကမ္ဘာဆိုတာကို ကိုကြီးလည်းနှလုံးသားချင်းခံစားသိမြင်နိုင်လိမ့်မည်လို့ယုံကြည်ထားပါသည်။
ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင်လေ ဝတ်လွှာရင်ထဲမှာတစ်သက်စာလှိုက်လှိုက်လှဲလှဲတောင်းချင်မိတဲ့တစ်ခုတည်းသောဆုကတော့…
“အရှင်ဘုရား… တပည့်တော်မပြုခဲ့မိတဲ့အမှားတွေကြောင့်ဝဋ်ပြန်မလည်ပါရစေနဲ့… ကိုကြီးလည်းအခုလိုပဲတပည့်တော်အပေါ်မှာတစ်သက်လုံးချစ်ခင်စောင့်ရှောက်ပေးနိုင်တဲ့သူဖြစ်ပါစေဘုရား”လို့သာ…
“ပြီးပါပြီ”
#Way
15032025