ဝိညာဉ်ကျောင်းသူ

Posted on

ဝိညာဉ်ကျောင်းသူ(စ/ဆုံး)
————————–
(၂၀၀၅)ခုနှစ် ဇူလိုင်လဆန်း ကျောင်းဖွင့်ကာလ …
ကျွန်မတို့ မြို့လေးက မန္တလေးနဲ့ မနီးမဝေးမှာ ရှိတယ် ..
အဲ့ဒီ့တုန်းက ကျွန်မက (၉)တန်း ကျောင်းသူ ..
ကျွန်မနာမည် က “မိုးမိုးအေး” ..
ကျွန်မ တက်တဲ့ အထကကျောင်းမှာ (၉)တန်း (၂)ခန်းရှိတယ် ..
(A)ခန်းနဲ့ (B)ခန်းပေါ့ ..
ကျွန်မက (B)ခန်းမှာ တက်ရတယ် ..
ကျောင်းသား/ကျောင်းသူ(၃၀)ယောက်ကျော် ရှိပြီး
မိန်းကလေး ကျောင်းသူက ပိုများတယ် ..
ယောက်ျားလေးက (၁၀)ယောက်ကျော်ပဲ ရှိတယ်လေ ..
ကျောင်းတက်ရတာက တစ်ပတ်မှာ (၅)ရက်ဆိုတော့
စာသင်ခန်းသန့်ရှင်းရေးက ..
ကျောင်းသား/ကျောင်းသူ ကိုယ့်အတွဲနဲ့ကိုယ်
(၅)ယောက်တစ်တွဲ
ကိုယ့်ရက်နဲ့ကိုယ် တာ၀န်ယူရတာပေါ့ ..
ကျွန်မတို့ အတွဲမှာက ..
ကျောင်းသား(၂)ယောက်၊ ကျောင်းသူ(၃)ယောက်ပေါ့ ..
စာသင်ခန်းသန့်ရှင်းရေး တာ၀န်ကျတာက ..
ရှေ့တစ်ပတ် တနင်္လာနေ့မှ ..

သောကြာနေ့ ကျောင်းဆင်းချိန် ရောက်တော့..
ကျွန်မတို့ ထိုင်ခဲ့တဲ့ (၂)ယောက်ထိုင် ထိုင်ခုံရှည်တွေကို
စာရေးစားပွဲရှည်တွေပေါ် တင်ခဲ့ရတယ် ..
ဒါက လုပ်ရိုးလုပ်စဉ်ပါ ..
နောက်တစ်နေ့ သန့်ရှင်းရေးလုပ်မယ့် အဖွဲ့တွေ
တံမြက်စည်းလှဲ သန့်ရှင်းရေးလုပ်ရတာ
လွယ်ကူအောင် တင်ပေးခဲ့တဲ့ သဘောပေ့ါ ..
ကျောင်းဆင်းတာနဲ့ ကျွန်မလည်း ..
အိမ်ကို အမြန်ပြန်လာခဲ့လိုက်တယ် …
အိမ်နဲ့ ကျောင်းနဲ့က စက်ဘီးနဲ့ဆို
(၁၀)မိနစ်လောက်ပဲ စီးရတယ် ..
မန္တလေးမှာ ကျွန်မ အဒေါ်နဲ့အတူနေတဲ့
အဖွားက ရေချိုးခန်းမှာ ချော်လဲလို့
ခြေထောက်အရိုးအက်ပြီး ဆေးရုံတင်ထားတာ
သွားကြည့်မလို့လေ ..
အဖေနဲ့ အစ်ကိုကတော့ သိသိချင်းတည်းက သွားနှင့်ပြီ .
အမေနဲ့ ကျွန်မက ကျောင်းဆင်းပြီးမှ သွားမှာ ..
အိမ်ရောက်တာနဲ့ ကျောင်း၀တ်စုံလဲ ..
အ၀တ်အစားတစ်ချို့နဲ့ အခြားလိုအပ်တာယူပြီး
ကျွန်မနဲ့ အမေ လိုင်းကားနဲ့
မန္တလေးကို တက်လာခဲ့လိုက်တယ် …
အဒေါ်အိမ်ကနေတစ်ဆင့် ဆေးရုံကိုသွား
အဖွားကို သွားကြည့်ပြီး လိုအပ်တာတွေ ဝိုင်းလုပ်ပေး..
ညကျရင်တော့ အဒေါ်အိမ်မှာပဲ ပြန်အိပ်ပါတယ် ..
အဲ့ဒီလိုနဲ့ မန္တလေးမှာ (၂)ညအိပ် (၃)ရက်နေပြီး
ကျွန်မ ကျောင်းတက်ရမှာမို့
အမေနဲ့ ကျွန်မ တနင်္ဂနွေနေ့ ညနေစာစားပြီးမှ
လိုင်းကားနဲ့ မြို့ကို ပြန်လာလိုက်ပါတယ် ..
အိမ်ပြန်ရောက်တော့ ည(၈)နာရီကျော်ပြီ ..
မနက်ဖြန်ကျောင်းတက်ဖို့ ပြင်ဆင် …
စာခဏကျက်ပြီး ညအိပ်လိုက်တော့တယ် …

နောက်တစ်နေ့ တနင်္လာနေ့ ..
စာသင်ခန်း သန့်ရှင်းရေး လုပ်ရမှာမို့ ..
မနက်(၇)နာရီ(၄၅)မိနစ်လောက်
ကျွန်မ လမ်းလျှောက်ထွက်ခဲ့လိုက်တယ် ..
မိုးအရမ်းရွာနေလို့ စက်ဘီးထားခဲ့ပြီး
ကျောင်းနဲ့ အိမ်ကလည်း သိပ်မဝေးတာမို့ပါ ..
မိုးကလည်း သည်းနေလို့ ..
ကျောင်းသား/ကျောင်းသူတစ်ချို့ နည်းနည်းပဲ
ဟိုတစ်ယောက်ဒီတစ်ယောက် တွေ့ရသေးတယ်..
ကျွန်မတို့ (၉)တန်း စာသင်ခန်းက ..
ကျောင်းရဲ့ အနောက်ဘက် အောက်ထပ်မှာလေ …
စာသင်ခန်းရှေ့ ရောက်တော့
စာသင်ခန်းတံခါး ပွင့်နေတယ် ..
ကျွန်မတို့ စာသင်ခန်းတံခါးသော့က ..
နံပါတ်(၃)လုံး လှည့်ဖွင့်ရတဲ့ တရုတ်သော့ပါ ..
သော့နံပါတ်ကို အတန်းပိုင်ဆရာမနဲ့
ကျောင်းသား/ကျောင်းသူတွေ အားလုံး သိတယ်လေ..
ရိုးရိုးခတ်တဲ့ သော့သုံးရင်
သော့ကျန်ခဲ့တာ သော့ပျောက်တာနဲ့
အဆင်မပြေတာမို့ ကျောင်းသားတစ်ယောက်က
လှူထားတဲ့ သော့ပါ …

စာသင်ခန်းသော့ ဖွင့်ထားတယ်ဆိုတော့
စာသင်ခန်း သန့်ရှင်းရေးလုပ်မယ့်
ကျွန်မတို့အဖွဲ့ထဲက တစ်ယောက်
ကြိုရောက်နေပြီလို့ ကျွန်မ တွေးထင်လိုက်တယ် ..
အဲ့ဒါနဲ့ ရေစိုနေတဲ့ ထီးကို ..
စာသင်ခန်းအပြင်က ရေစိုထီးတွေ ထည့်တဲ့ ရေပုံးထဲထည့်ပြီး
စာသင်ခန်းထဲ ၀င်လိုက်တာပေါ့ …
စာသင်ခန်းထဲ ရောက်တော့ ..
ထိုင်ခုံတွေ အောက်ကို မချထားရသေးပါဘူး ..
အခန်းထဲ ဝေ့ကြည့်လိုက်တော့ ..
ကျောင်းသူတွေထိုင်တဲ့ဘက်
(၂)တန်းမြောက် စာသင်ခုံမှာ ..
သူငယ်ချင်း “သီတာစိုး” ကို တွေ့လိုက်တယ် ..
စာသင်ခန်း အရှေ့ကို မျက်နှာမူပြီး ထိုင်နေတာပါ ..
သူ့ထိုင်ခုံတစ်လုံးပဲ အောက်ချထားတာ ..
ကျွန်မနေရာက သူ့အနောက် (၄)တန်းမြောက်မှာလေ..

ကျွန်မလည်း ကျွန်မနေရာမှာ
လွယ်အိတ်ချပြီး သီတာစိုး ကို
စကားလှမ်းပြောလိုက်ပါတယ် …
“ဟဲ့ ! သီတာစိုး ..
ဒီနေ့က နင့် သန့်ရှင်းရေးအလှည့်မှ မဟုတ်တာ ..
ကျောင်းကို ဘာလို့ အစောကြီး လာတာလဲ?” ..
သူ ပြန်မဖြေပါဘူး ..
အဲ့ဒီ့နောက် သီတာစိုး က စာရေးခုံပေါ် လက်တင်ပြီး
ခေါင်းကို ဘေးတစောင်းထား မှောက်အိပ်နေပါတယ် ..
သြော် .. သူ နေမကောင်းဘူး ထင်တယ် လို့
ကျွန်မလည်း တွေးလိုက်ပါတယ် ..
“နင် နေမကောင်းဘူးလား?” မေးတော့လည်း
ပြန်မဖြေဘဲ ဟုတ်တယ် ဆိုတဲ့ သဘောနဲ့
ခေါင်းပဲ လှုပ်ပြပါတယ် …
အဲ့ဒါနဲ့ ကျွန်မလည်း ထပ်မမေးတော့ပါဘူး ..
တံမြက်စည်း လှဲနှင့်မယ်ဆိုပြီး
စာသင်ခန်း အနောက်တံခါးနဲ့
ကော်ရစ်တာဘက် ပြတင်းပေါက်တွေ ဖွင့်ပြီး
ယောက်ျားလေးအတန်းဘက်ကနေ
တံမြက်စည်း စလှဲနေလိုက်ပါတယ် ..

တစ်၀က်လောက် အရောက်မှာ
သီတာစိုး တစ်ယောက် ထိုင်နေရာက ထပြီး
စာသင်ခန်း အနောက်ပေါက်တံခါးကနေ
အခန်းအပြင်ကို ထွက်သွားတာ မြင်လိုက်တယ် ..
အပေါ့သွားတာ ဖြစ်မှာပေါ့ …
ကျွန်မလည်း တံမြက်စည်း ဆက်လှဲနေလိုက်တယ် ..
ခဏနေတော့ ကျွန်မတို့သန့်ရှင်းရေးအဖွဲ့ထဲက
စန္ဒာအေးနဲ့ လင်းထိုက် အခန်းထဲ ရောက်လာတယ် ..
လင်းထိုက် က “စောလှချည်လား မိုးမိုးအေး” တဲ့ ..
မိုးရွာနေလို့ စောစောထွက်ပြီး လမ်းလျှောက်လာတာလို့
ကျွန်မလည်း ပြန်ဖြေလိုက်တယ် ..
စန္ဒာအေး က ကျွန်မအနားရောက်လာပြီး
“နင့်အဖွား ဆေးရုံတက်လို့
မန္တလေး သွားနေတာဆို” မေးလို့
“အေး .. ဟုတ်တယ် .. …
အဖွားခြေထောက် အရိုးအက်သွားလို့ဟ ..
သောကြာနေ့ ညနေ ကျောင်းဆင်းပြီးကတည်းက သွားတာ
မနေ့ညကမှ အမေနဲ့ ငါ အိမ်ပြန်ရောက်တယ်” ..
“ဟင် ! အဲ့ဒါဆို …
နင် သီတာစိုး သတင်းမကြားရသေးဘူးပေါ့ ..”
“ဘာသတင်းလဲဟ” ..
“သီတာစိုး ပြီးခဲ့တဲ့ သောကြာနေ့ ညနေစောင်း
ကျူရှင်က အပြန် သူစီးလာတဲ့ စက်ဘီးကို
ကုန်ကားကြီးက တိုက်သွားလို့
ပွဲချင်းပြီးသေသွားတယ်ဟ ..
မနေ့ကပဲ သူ့အသုဘ ချတာ ..” ..
ကျွန်မ ကြားရတဲ့စကား
ကိုယ့်နားတောင် ကိုယ်မယုံဘူး ဖြစ်သွားတယ် …
“နင် ပြောတာ တကယ်လား?ဟာ”..
“တကယ်ပေါ့ဟ …” ..
“အဲ့ဒါဆို ခုနက ငါတွေ့ခဲ့တဲ့ သီတာစိုး …
သီ … တာ … စိုး … က ……….. ”

ကျွန်မ လောကကြီးနဲ့ အဆက်ပြတ်သွားပါတယ်…
မျက်လုံးထဲမှာလည်း အမှောင်အတိကျလို့ ..
သတိမေ့မြောသွားပါတော့တယ် …

“ဟဲ့ !!! မိုးမိုးအေး .. မိုးမိုးအေး …”

မကြားတစ်ချက် ကြားတစ်ချက် ….
ကျွန်မ သတိပြန်ရတော့
ထိုင်ခုံ ခုံတန်းရှည်(၂)ခု ပူးထားတဲ့အပေါ်မှာ ..
သူငယ်ချင်း တစ်ယောက်ရဲ့ပေါင်ပေါ်
ခေါင်းတင်ပြီး လဲနေပြီ ..
အနားမှာလည်း သူငယ်ချင်းတွေ .
အတန်းပိုင်ဆရာမနဲ့ ဘာသာရပ်ဆရာမတစ်ချို့ရော ..

“သမီး မိုးမိုးအေး .. သတိရလာပြီလား?
သမီးဘာဖြစ်လို့လဲ?
ဆရာမတို့ ရှိတယ် .. ပြောပြပါဦး သမီးရယ် .. ”

ကျွန်မ သတိပြန်၀င်တာနဲ့ …
ငိုချလိုက်ပါတော့တယ် …
ဆရာမတွေနဲ့ သူငယ်ချင်းတွေက ဝိုင်းချော့ကြ …
ခဏအကြာမှာတော့ …
ကျွန်မ စိတ်ပြန်ငြိမ်လာတယ် ဆိုရမှာပေါ့ရှင် …
ကျွန်မ ကျောင်းကို ရောက်တော့
စာသင်ခန်းထဲ ၀င်တဲ့အချိန်
သီတာစိုးကို တွေ့လို့ စကားတောင်ပြောလိုက်သေးတယ်လို့ ..
ပြောပြလိုက်တော့..
အားလုံး အံ့အားသင့်သွားကြပါတယ် …
သူငယ်ချင်းကျောင်းသူတစ်ချို့လည်း ငိုကြ ..
ကြောက်ကုန်ကြတာပေါ့ရှင် …
ကျွန်မလည်း အရမ်းကို ကြောက်လန့်သွားရပါတယ် ..
သီတာစိုး မှ ကျွန်မသူငယ်ချင်း သီတာစိုး ပါရှင်..
တကယ်ပါ …
ကျွန်မ သီတာစိုး ကို တကယ်ကို တွေ့ခဲ့ရတာပါ…
အတန်းထဲက ကျောင်းသားကျောင်းသူတွေသာ သိတဲ့
နံပါတ်နဲ့ သော့ကို သီတာစိုး ဖွင့်ခဲ့တာပါ …
ကျွန်မ ဖွင့်ပြီး ၀င်ခဲ့တာ မဟုတ်ပါဘူး ..
မယုံကြည်တဲ့သူတစ်ချို့လည်း ရှိကြမှာပါ …
အတိအကျ သေချာပြောနိုင်တာကတော့ ..
သောကြာနေ့က သေဆုံးသွားတဲ့ …
ကျွန်မ သူငယ်ချင်း သီတာစိုး ကို ..
ကျွန်မကိုယ်တိုင် မျက်လုံးနဲ့ တပ်အပ်မြင်တွေ့ခဲ့ရတာပါ ..

သူငယ်ချင်း သီတာစိုး တစ်ယောက် …
ကျောင်းကို ဘာလာလုပ်တာလဲ ?
မကျွတ်မလွတ်ဘူးလား ?
ခုချိန်ထိ အဖြေ မထုတ်နိုင်သေးပါဘူးရှင် …
အဲ့ဒီ့နောက်တော့ လအတော်ကြာတဲ့အထိ ..
သန့်ရှင်းရေးလုပ်မယ်ဆိုရင် ..
ပင်မကျောင်းဆောင် အ၀င်၀မှာ လူစုပြီးမှသာ …
စာသင်ခန်းထဲ ၀င်တဲ့ အလေ့အထ..
ကျွန်မတို့ သူငယ်ချင်းတွေ ရသွားပါတော့တယ်…

သူငယ်ချင်း သီတာစိုး ကောင်းရာမွန်ရာ
ဘုံဘ၀မှာ ရရှိခံစား စံစားနိုင်ပါစေလို့
ဆုတောင်းရင်း … ။

Thanks for audience.

#LuGyiThar_6
2016 Oct 230900