ဝိဥာဉ်ဖြူနှင့်တေးသွားချို

Posted on

ဝိဥာဉ်ဖြူနှင့်တေးသွားချို (စ/ဆုံး)

————————————

လွတ်လပ်ရေးရပြီးကာလ။

တဝေါဝေါနဲ့ရွာနေသည့်မိုးစက်များသည်
အိမ်ခေါင်မိုးထက်မှာ ကျယ်လောင်စွာ
ရွာသွန်းလျက်…။
တစ်လက်လက်နဲ့လက်နေသည့် လျှပ်စီးများက
လွန်စွာကြောက်မက်ဖွယ်ကောင်းလှသည်။
တစ်ချက်တစ်ချက် မိုးခြိမ်းသံများက ကမ္ဘာပြိုသည့်
အလား ထင်ရသည်။ထိုသို့ကြောက်စရာကောင်းသော
မိုးသည်းညသည် မီးပျက်သွားသောကြောင့်
ပို၍ပင်အသက်ဝင်ကာ ကြောက်စရာကောင်းလှသည်။

ထင်လင်း တစ်ယောက် ကျဆင်းလာသည့်
ဆံနွယ်စမှ ချွေးများကို ခပ်ကြမ်းကြမ်း သုတ်လိုက်သည်။
ထင်လင်းက ပန်းချီဆရာတစ်ယောက်ဖြစ်သည်။
တိတ်ဆိတ်သောအရပ်တွင် ပန်းချီဆွဲချင်သည့်
ဆန္ဒကြောင့် မြို့ပြင်တွင်ရှိသော အိမ်ကိုဝယ်ခဲ့
မိခြင်းပင်။

ခါတိုင်းနေ့တွေမှာတော့ ထင်လင်း မကြောက်။
သရဲတစ္ဆေဆိုတာကိုလဲ သူအယုံကြည်မရှိပေ။
သူ အိမ်ကြီးကိုပြောင်းလာခဲ့တာ၄ရက်ပင်
ရှိလေပြီ။တူဖြစ်သူ မောင်မင်းစံကတော့
ကလေးပီပီ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေလေရဲ့…။

မိုးခြိမ်းသံများကလဲ ပို၍ပင် ကျယ်လောင်လှသလို
ခံစားရသည်။မိုးရေစက်တို့သည်လဲ အားမာန်အပြည့်
ရွာသွန်းနေကြသည်။

” တောက်…မီးကလဲ ဘာလို့ပျက်သွားရတာလဲ
မိုးကလဲ မတိတ်နိုင်တော့ဘူး မနက်ဖြန်
ပန်းချီကားချပ်ပို့ရမှာ ဒုက္ခပါဘဲ…”

ထင်လင်းတစ်ယောက် ကြောက်စိတ်ကိုမေ့ပြီး
ဒေါသစိတ်တွေဝင်နေတော့သည်။

ထင်လင်း ရေနံဆီ မီးခွက်ကို ယူပြီး မီးစာထည့်
လိုက်သည်။

” အင်း…မီးမလာတာနဲ့ယှဉ်ရင်တော့
ဒါကတော်သေးတယ်…ဟူး…”

သက်ပြင်းရှည်ကြီး ကိုမှုတ်ထုတ်ပြီး ပန်းချီကားချပ်
ရှေ့ ထိုင်လိုက်သည်။သူစိတ်ဝင်တစား ပန်းချီ
ဆွဲနေစဉ် ရုတ်တရက်ကြားလိုက်ရတဲ့ အသံကြောင့်
လန့်သွားသည်။

“ဟင်…ဒါဘာသံကြီးလဲ… ”

သူ သေသေချာချာ နားစွင့်လိုက်သည်။

“🎼🎼🎼🎻🎻🎻🎼🎼🎼”

“ဟင်…ဒါ…ဒါ တယောသံဘဲ ဘယ်သူ
တယောထိုးနေတာလဲ ဒီအိမ်မှာ ငါနဲ့မင်းစံ
ဘဲ ရှိတာလေ…”
မေးခွန်းတွေ ဖြင့် ထင်လင်း ကြောက်စိတ်တွေ
ထပ်ဝင်လာသည်။

” လူတွေပြောသလို ဒီအိမ်က တကယ်ဘဲ
သရဲ ရှိနေတာများလား…ဘုရား…ဘုရား ”

တယောသံက ပို၍ပင် နီးကပ်လှသည်။
တူတော်မောင်ကို နှိုးချင်ပေမဲ့ ကြောက်မှာ
စိုးရိမ်သည့်အတွက် မနှိုးဘဲ နေလိုက်သည်။

မိုးတွေကလဲ ခုထက်ထိ ရွာသွန်းတုန်းပင်…

” ဗုန်း…”
ထင်လင်း ခေါင်းနားပန်းကြီးသွားတော့သည်။
တစ်စုံတစ်ယောက်က ခုတင်ပေါ်ခုန်တက်
လိုက်သည့်အသံကြောင့်ပင်။
တယောသံကလဲ အဆက်မပြတ်ကြားနေရသည်။

” ဒါ…ဒါ…ငါ့.ငါ့ကို သရဲ ခြောက်နေတာများလား ”
ကြောက်စိတ်တွေ က ငယ်ထိပ်ကိုပင်
ရောက်နေတော့သည်။

” အမလေး…!! ”
ထင်လင်း ငယ်သံပါအောင် အော်လိုက်သည်။
သူ့အသံကြောင့် မင်းစံ လန့်နိုးလာသည်။

” လေးဖေ…လေးဖေ…ဘာဖြစ်တာလဲ”
မင်းစံရဲ့စကားကိုပင်…ထင်လင်း မကြား
ကြောင်နေသည်။

“လေးဖေ…ဘာဖြစ်တာလဲ”
မင်းစံ တစ်ယောက် ကြောင်နေတဲ့ လေးဖေကို
အတင်းလှုပ်နေသည်။
ထင်လင်းလဲ အသိပြန်ဝင်လာတော့သည်။

” မင်းစံ….ဟို..ဟိုမှာ”

ထင်လင်း ညွှန်ရာသို့ မင်းစံကြည့်လိုက်သည်။

” အမလေး….သရဲ ”
မင်းစံက ၁၂နှစ်အရွယ် ကလေးတစ်ယောက်မို့
အရမ်းကိုကြောက်ရွံ့သွားသည်။
သူတို့ရဲ့ရှေ့မှာ အနက်ရောင်တယောကို ကိုင်ထားသည့်
သရဲတစ်ယောက်ကို တွေ့လိုက်ရသောကြောင့်ပင်။
လေးဖေရဲ့လက်ကို ကျစ်နေအောင်
ဆုပ်ကိုင်လိုက်သည်။

သရဲကြီးက သူတို့ကို ဝါးစားတော့မည့်အလား
စိုက်ကြည့်နေသည်။

” ကျုပ်အိမ်ကို မင်းတို့ ဘာလာလုပ်ကြတာလဲ ”

ကျယ်လောင်လှသည့် အသံကြောင့် ထင်လင်းတို့
တူရီး ဒူးတုန်အောင် ကြောက်နေကြသည်။

” ကျွန်…ကျွန်တော်က ပန်း…ပန်းချီဆရာပါခင်ဗျ ”
ထင်လင်းတစ်ယောက် ကြောက်ကြောက်နှင့်
ပြောလိုက်သည်။

သရဲက ထင်လင်းကို သေချာကြည့်လိုက်သည်။

” မင်းက ပန်းချီဆရာပေါ့..”

” ဟုတ်.. ဟုတ်ပါတယ်”

” မင်း ကျုပ်ကို ကြောက်နေတာလား ”

” ဗျာ…ဟုတ်…ဟုတ်ကဲ့”

” မင်းက အနုပညာသမားဆိုတော့ ကျုပ်မင်းကို
ရန်မလုပ်ပါဘူး ကျုပ်ကလဲ မင်းလိုအနုပညာကို
ရူးသွပ်တဲ့သူတစ်ယောက်ပါ ”

သရဲရဲ့စကားကြောင့် ထင်လင်းတို့တူရီး
တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်သည်။

” မင်း ကျုပ်ကို တစ်ခုလောက်ကူညီပါလား ”
ထင်လင်း ထိုသရဲကို ကြည့်လိုက်သည်။

” ကျွန်တော်..က ဘာ..ဘာ ကူညီပေးရမှာလဲ ”

” ကျုပ်မင်းကို ကျုပ်အကြောင်းပြောပြမယ်
မင်းအနေနဲ့ ကျုပ်ကိုဒီဘဝကနေ ကျွတ်အောင်
ကူညီပေးပါ ”

ထင်လင်း စဉ်းစားလိုက်သည်။

” ခင်ဗျားကို ဘယ်လိုကူညီရမှာလဲ”

” ကျုပ်အကြောင်းကိုနားထောင်ပြီးရင် ဘယ်လိုကူညီ
ရမလဲဆိုတာ မင်းသိလိမ့်မယ် ”

” ကျွန်တော်တို့ကို မနှောင့်ယှက်ရင်
ကူညီပေးမယ် ”

” စိတ်ချပါ မနှောင့်ယှက်ပါဘူး ”

” အဲဒါဆိုရင် ပြောပြ ”

” ကျုပ်နာမည်က….လင်းယံ တဲ့….”

” လွတ်လပ်ရေးမရမှီကာလ။ …”

လင်းယံတစ်ယောက် လေလေးချွန်ပြီး ခေါင်းဖီး
နေသည်။သူ၏အဝတ်စားကလဲ သားနားလှသည်။
တက်ကြွနေသော လင်းယံကိုကြည့်ပြီး
သူ၏မိခင် ဒေါ်ခင်ထား ပြုံးလိုက်သည်။

” သား….အရာရှိကြီးတွေကို စိတ်မပျက်အောင်
သေသေချာချာ ဂရုစိုက်နော်…”

” ဟုတ်ကဲ့ပါ အမေရဲ့ စိတ်ချ သား သွားပြီ”

လင်းယံတစ်ယောက် မိခင်ကိုနှုတ်ဆက်ပြီး
တယောကိုဆွဲကာ မြို့ပိုင်မင်းအိမ်သို့
ထွက်လာခဲ့တော့သည်။

လင်းယံက အနုပညာသမားတစ်ယောက်
ဖြစ်သည်။ တယောထိုးခြင်းသည် သူ၏
ဝါသနာတစ်ရပ်ပင်ဖြစ်သည်။
ခန့်ညားချောမောလှသည့်ရုပ်ရည်အသွင်ပြင်နှင့်
သူ၏ပြောင်မြောက်သော အနုပညာကြောင့်
မြို့ပိုင်မင်း၊အရေးပိုင်မင်း၊မြို့တော်ဝန်၊အစရှိသည့်
လူကုံထံများ၏ ပွဲလမ်းသဘင်၌ ဖျော်ဖြေရလေ့
ရှိသည်။ယနေ့သည် မြို့ပိုင်မင်း ဦးစက္က၏
သမီး ထားထားနွယ်၏ ၁၈နှစ်ပြည့်မွေးနေ့အတွက်
တယောထိုး၍ဖျော်ဖြေရမည်ဖြစ်သည်။
ထားထားနွယ်သည် အခြားသူမဟုတ်။
လင်းယံ၏ ချစ်သူပင်ဖြစ်သည်။

” အကို…ထားဖြင့် အကို့ကိုမျှော်လိုက်ရတာ ”
ရောက်ရောက်ချင်း ပြောနေတဲ့ချစ်သူလေးကို
လင်းယံပြုံးပြလိုက်သည်။

” အကိုက ချစ်သူရဲ့မျက်နှာတော်လေးကို
မော်ဖူးချင်တဲ့သူပါဗျာ….ယောက်ခမ ကြီး
ကိုလဲကြောက်ရသေး…တော်ကြာ အစောကြီး
လာလို့ ရိပ်မိမှဖြင့် အခက်သား ထားရဲ့…”

” ဟွန့်…သူဖြင့်အပြောကောင်း အဲ့စကားတွေနဲ့ဘဲ
ထားရဲ့နှလုံးသားကို သိမ်းပိုက်ခဲ့တယ်
အကိုက လူဆိုး…”

ချစ်သူ ထား ကို လင်းယံ သေချာကြည့်ပြီး
ပြုံးလိုက်သည်။

” အကိုက လူဆိုးမဟုတ်ပါဘူး ထား ရယ်
အချစ်သူခိုးလေးတစ်ယောက်ပါ ”

“ခစ်.. ခစ်..”
ချစ်စရာကောင်းအောင် ရယ်မောနေသည့်
ချစ်သူလေးကို ကြည့်ပြီး လင်းယံ
ပြုံးနေမိသည်။

” အော်…မောင်လင်းယံ လာပ လာလာ ”
ဦးစက္က တစ်ယောက် လင်းယံကို အိမ်ထဲခေါ်သွား
တော့သည်။

” ဟေ့…မောင်လင်းယံ မင်းအနုပညာကို
ကျုပ်တို့တော့ တယ်ကြိုက်တယ်ကွယ်
ဒီနေ့လဲ လက်စွမ်းပြအုံးမှာဆိုတော့
အားပေးနေမယ်ဟေ့…”

လင်းယံကိုမြင်မြင်ချင်း အရေးပိုင်မင်းကိုသစ္စာက
ပြောလိုက်ခြင်းပင်။

” ကျေးဇူးတင်ပါတယ် အရေးပိုင်မင်း
ကျုပ်လဲအကောင်းဆုံး ကြိုးစားပါ့မယ် ”

” ကျုပ်တို့ နားဆင်ချင်လှပါဘိ…”

” ဟုတ်ကဲ့ အရေးပိုင်မင်း”
လင်းယံတစ်ယောက် တယောကိုပုခုံးပေါ်တင်ပြီး
ထိခိုက်နာကျင်ဖွယ် တေးသွားတစ်ပုဒ်ကို
ဖော်ကျူ းတော့သည်။
(အသံပိုင်းဆိုင်ရာ လိုအပ်ချက်ကို နားလည်ပေးကြပါရန်)

ထိခိုက်နာကျင်စရာကောင်းပြီး လွမ်းမောစရာ
ကောင်းလှသည့် လင်းယံ၏ ဂီတသံစဉ်အောက်မှာ
ပရိတ်သတ်များ နစ်မြောသွားကြသည်။

” ဖြောင်း…ဖြောင်း…ဖြောင်း ”
လက်ခုပ်သံများက ကျယ်လောင်စွာ
ထွက်ပေါ်လာသည်။

လင်းယံ လဲ ကျေးဇူးတင်စကားပြောပြီး
စင်ပေါ်က ဆင်းလာသည်။

” မောင်လင်းယံ မင်းကိုကြည့်ရတာ မရိုးဘူးဟေ့
ချစ်သူရှိနေပြီလားကွ ဂီတသံစဉ်မှာ လွမ်းရိပ်
တွေသမ်းနေတာ အထင်းသားရယ်”

မြို့အုပ် ဦးသာလှ ရဲ့စကားကြောင့် လင်းယံ
ပြုံးလိုက်သည်။

” ကျုပ်လို အနုပညာသည် တစ်ယောက်မှာ
အလွမ်းဓာတ်ခံ ရှိတာမဆန်းပါဘူး မြို့အုပ်ရယ် ”

” အိုး…ဆိုစမ်းပါအုံး ဘယ်မိန်းကလေးကိုများ
စိတ်ဝင်စားနေတာလဲကွဲ့…”

” ကျုပ်မှာချစ်သူရှိနေပါပြီ သူက မြင့်မြတ်တဲ့
မျိုးရိုးက ဆင်းသက်လာသူပါ
သူ့မိဘတွေက ကျုပ်နဲ့သူ့ကို သဘောတူမှာ
မဟုတ်ဘူးရယ်…”

” အိုကွယ်…လူလူချင်း ဘာသဘောမတူစရာ
ရှိရမှာလဲ မောင်လင်းယံရဲ့ ချစ်သူက
ဘယ်သူလဲ ကျုပ်လိုက်တောင်းပေးမယ် ”

” နေပါစေ မြို့အုပ်ရယ် ကျုပ်ကြောင့်
မြို့အုပ် မျက်နှာပျက်တာ မလိုလားပါဘူး
ကျုပ် ပြသနာ ကျုပ်ဘဲ ရှင်းပါ့မယ် ”

“ကောင်းပါပြီဗျာ…လိုအပ်ရင်တော့
ကျုပ်ကို သတိရလိုက်ပါ မောင်းလင်းယံ ”

” ဟုတ်ကဲ့ပါ မြို့အုပ် ကျုပ်ကို ပြန်ခွင့်
ပြုပါအုံးဗျ ”

” ကောင်းပါပြီ ”
လင်းယံတစ်ယောက် အားလုံးကိုနှုတ်ဆက်ပြီး
ပြန်လာခဲ့တော့သည်။
…………. …………… …………..

” အကို….အဘက ထား ကို ဝန်မင်းရဲ့သားနဲ့
မြန်းဖို့ စီစဉ်နေသပ…”

ချစ်သူရဲ့စကားက လင်းယံနှလုံးသားကို နာကျင်
လွန်းလှသည်။

” အကို ထားကို ချစ်တယ် အကို့ဘဝက
အနုပညာသမားတစ်ယောက်မို့ ခက်ခဲ
ကြမ်းတမ်းလွန်းလှတယ် အနုပညာသမားဆိုရင်
အထင်သေးကြတယ် အဲ့လိုမပြည့်စုံတဲ့အကို့ကို
မြို့ပိုင်မင်းက လိုလားမှာမဟုတ်ဘူး”

” အကို ဒီလိုသာ တွေးနေရင် ထားတို့တကယ်
ဝေးရတော့မယ် ထား အကိုနဲ့မခွဲနိုင်ဘူး ”

” အကိုလဲ ထားနဲ့မခွဲနိုင်ပါဘူး
အကို ဒီတစ်ခေါက် မြို့အုပ်မင်းရဲ့မွေးနေ့မှာ
ဖျော်ဖြေပြီးရင်တော့ ထားကို လက်ထပ်ယူမယ် ”

” အကို တကယ်ပြောတာပါ ထား
အကို တေးသွားတစ်ပုဒ် စပ်ထားလေရဲ့
အဲဒီ့တေးသွားသာ အောင်မြင်ရင်
ငွေစတွေ ပေါလာမှာ ထားရဲ့…”

” အဲဒီ့အခါ ထားတို့ လက်ထပ်ကြမယ်နော် အကို ”

” ဒါပေါ့ထားရဲ့..”
ချစ်သူကို ယုယစွာ လင်းယံဖက်ထားလိုက်သည်။

” တယ် ရာရာစစ…အမျိုးယုတ်
ငါ့သမီးကို လွှတ်လိုက်စမ်း ”

” ဟာ…အဘ ”

“ဟာ…မြို့ပိုင်မင်း”

” ကဲ ကွာ…ခွပ် ”
မြို့ပိုင်မင်းက လင်းယံကို လက်သီးဖြင့်ထိုးလိုက်သည်။

” အဘရယ် အကို့ကိုမလုပ်ပါနဲ့
ထား တောင်းပန်ပါတယ် ”

” ဟယ်…သမီးမိုက် ဖယ်စမ်း…
မနေ့က နင်တို့နှစ်ယောက် ကြည်နူးပြီး
စကားတွေပြောနေကတည်းက ငါသံသယ
ဖြစ်နေခဲ့တာ အခုတော့ငါ့သံသယတွေ
မှန်ရောပေါ့…မင်းလို နုံချာပြီးအဆင့်မရှိတဲ့
ဂီတသမားနဲ့ငါ့သမီးက တန်လို့လားကွဲ့
ငါ့သမီးကို မပက်သတ်နဲ့ အဲ့လိုမှ မဟုတ်ရင်တော့
ငါ မင်းကိုသတ်ရလိမ့်မယ် ”

” ကျုပ် မြို့ပိုင်မင်းရဲ့သမီးကို တကယ်
ချစ်တာပ..ကျုပ်တို့ကို သဘောတူပေးပါ ”

” တယ်…ခွေးပါးစပ်က နတ်စကားထွက်နေပါလား
ငါ့သမီးကို ဒီတစ်သက် လုံးဝမရစေရဘူးဟေ့
လာ…သမီးမိုက်”

မျက်ရည်များဖြင့် လိုက်ပါသွားသည့် ချစ်သူကို
ကြည့်ပြီး လင်းယံ ကျန်ရစ်ခဲ့သည်။

” အမိုက်မ….နင့်ရဲ့ဂုဏ်နဲ့ ဂီတသမားကို
ကြိုက်ရလား ဟင်…ပြောစမ်း ”
ဒေါသထွက်နေတဲ့ အဘကိုကြည့်ပြီး
ထား ငိုနေသည်။

” ငို…သေအောင်ငို နင့်ကိုမနက်ဖြန် ဝန်မင်းရဲ့သား
နဲ့ချက်ချင်းပေးစားမယ် ဒါဘဲ ”

အဘရဲ့ ပြတ်သားလှတဲ့ စကားကြောင့် ထား
ရှိုက်ကြီးတငင်ငိုနေတော့သည်။

” ဟင်….မမလေး ”
ကျွန်သမ မြငွေရဲ့ အလန့်တကြားအော်သံကြောင့်
အိမ်ရှိလူကုန် ထားရဲ့အခန်းထဲပြေးဝင်ကြသည်။

” ဟင် သမီးလေး ”
လက်ကောက်ဝတ်မှာ သွေးတွေနဲ့သေဆုံးနေသော
သမီးကို ဦးစက္က ပွေ့လိုက်သည်။

” မိုက်လှချည်လား အမိုက်မရဲ့…ဘာလို့အခုလို
လုပ်ရတာလဲ အဘ စကားကို ဘာလို့
အန်တုရတာလဲကွယ် ”

သမီးရဲ့အလောင်းကိုဖက်ပြီး ဦးစက္က ငိုကြွေးနေသည်။

“သာမောင်….အိမ်ရှိလူကုန် လင်းယံအိမ်ကို
သွားကြ ဒင်းကို အသေသတ်ပစ်ကြစမ်း”

မြို့ပိုင်မင်း စကားဆုံးသည်နှင့် သာမောင်တို့အဖွဲ့
လင်းယံအိမ်သို့ချီတက်လာကြသည်။

” ကဲ..ကွာ..ခွပ်…ခွပ် ”
သာမောင်နဲ့ အဖွဲ့က လင်းယံကိုဝိုင်းရိုက်ကြသည်။

” အမလေး မလုပ်ကြပါနဲ့…ကျုပ်သားကို
မရိုက်ကြပါနဲ့…”

” အဖွားကြီး မသေချင်ရင် ငြိမ်ငြိမ်နေ
ကျုပ်တို့သခင်ကြီးရဲ့ သမီး သေပြီ သူ့ကြောင့် ”

” ဘာ…ထား သေပြီ ဟုတ်လား ”

” ဟုတ်တယ် မမလေး သေပြီကွ မင်းကိုလဲ
သတ်ပြစ်ဖို့ သခင်ကြီးက အမိန့်ပေးလိုက်တယ် ”

” မလုပ်ကြပါနဲ့ ကျုပ်သားကိုမသတ်ကြပါနဲ့..”

” အမေ ကျုပ်ကိုခွင့်လွှတ်ပါ ထားမရှိတဲ့
ဒီလောကကြီးမှာ ကျုပ်အသက်မရှင်ချင်ဘူး ”

” ကဲကွာ…ချကြစမ်း ”

” ခွပ်..ခွပ် ”

” ထား အကို ထားနောက်လိုက်လာပြီနော်…”
အသက်မဲ့နေတဲ့သားရဲ့အလောင်းကိုဖက်ပြီး
မိခင်ကြီးမှာ ရူးမတတ်ငိုကြွေးနေတော့သည်။

” ကျုပ်ရဲ့ ဇာတ်လမ်းကတော့ ဒါဘဲ ”
ထင်လင်းနဲ့မင်းစံလဲ လင်းယံရဲ့ ဇာတ်လမ်းကို
ကြားပြီး စိတ်မကောင်းဖြစ်နေကြသည်။

” ခင်ဗျားနဲ့ ခင်ဗျားရဲ့ချစ်သူ တမလွန်မှာ
မဆုံကြဘူးလား ”

” ဆုံပါတယ်…သူက ကျွတ်သွားတာကြာပါပြီ
ကျုပ်က မဖျော်ဖြေခဲ့ရတဲ့ ဂီတတေးသွားအစွဲကြောင့်
အခုလို မကျွတ်မလွတ်ဘဝကို ရောက်နေတာပါ
ကျုပ်ရဲ့ဂီတကို နားထောင်ပေးတဲ့သူရှိမှ
ကျုပ် ဒီဘဝက ကျွတ်မှာပါ ကျုပ်အိမ်ပေါ်
လာနေကြတဲ့ သူတွေကို ဂီတတေးသွား နားထောင်
ပေးဖို့ အရိပ်ယောင်ပြအချက်ပြခဲ့ပေမဲ့ သူတို့က
ကျုပ်ကိုကြောက်ပြီး ထွက်ပြေးသွားကြတာ
မင်း ကျုပ်ကိုကူညီပါနော်…”

” ကောင်းပါပြီ…ကျွန်တော် ကူညီပါ့မယ် ”
လင်းယံ ရဲ့မျက်နှာဟာ ဝင်းပသွားတော့သည်။
သူ့ရဲ့ လက်စွဲတော် တယောလေးကိုထုတ်ပြီး
လွမ်းမောဖွယ် တေးသွားတစ်ပုဒ်ကို ဖော်ကျူ း
ဖွဲ့ဆိုနေတော့သည်။
(အသံပိုင်းဆိုင်ရာစကားလုံးအား သီးခံပေးကြပါရန်)

တေးသွားဆုံးသည်နှင့် ထင်လင်းနဲ့မင်းစံရဲ့
ပါးပြင်မှာ မျက်ရည်တွေကစီးကျလာသည်။

” ခင်ဗျားရဲ့ တေးသွားက အရမ်းကို လွမ်းမောဖွယ်
ကောင်းတယ်ဗျာ…ခင်ဗျား ရဲ့အစွဲလမ်းလဲ
ပြည့်ဝသွားပြီဘဲ ကောင်းရာလမ်းကို
သွားလိုက်ပါတော့ ”

” ကျုပ် မင်းကို ကျေးဇူးတင်ပါတယ် ”
လင်းယံတစ်ယောက် ထင်လင်းကို ပြုံးပြပြီး
ပျောက်ကွယ်သွားတော့သည်။

ထိုညက ထင်လင်းတစ်ယောက် မအိပ်စက်တော့ဘဲ
ပန်းချီတစ်ခုရေးဆွဲလိုက်သည်။
ထိုပန်းချီကား …တယောထိုးနေသော ဝိဥာဉ်ဖြူ ၏
ပုံပင်ဖြစ်လေသည်။ထင်လင်း၏ ပြောင်မြောက်သော
အနုပညာလက်ရာအား ပန်းချီချစ်သူများ
နှစ်သက်ခုံမင်ကြတော့သည်။

ပြီးပါပြီ။
လိုအပ်ချက်များရှိပါက ခွင့်လွှတ်ပေးပါရန်။
ဤဇာတ်လမ်းသည် စာရေးသူ၏စိတ်ကူးသာဖြစ်သည်။
တိုက်ဆိုင်မှုရှိပါက ခွင့်လွှတ်ပေးပါရန်။

ခေတ်လူငယ်