ဝဲကြီးချောင်းကတစ္ဆေပျော်(စ/ဆုံး)
————————————-
ပြာသိုလထဲရောက်နေပြီမို့ ပတ်ဝန်းကျင်တစ်ခုလုံး နှင်းတွေ
တဖွဲဖွဲကျဆင်းပိတ်မှောင်လို့နေ၍ ဆောင်း၏အအေးဓာတ်
ကား အရိုးထဲအကြောတွေထဲထိပါ ခိုက်ခိုက်တုန်အောင်
အေးလွန်းချမ်းလွန်းနေသည်ကြားက တစ်ချက်တစ်ချက်
ဆောင်းလေးကလေးများဝင်ရောက်တိုက်ခက်လိုက်ပြီဆို
အသဲတွေထဲထိပါစိမ့်၍ မခံရပ်နိုင်အောင်အေးလွန်းလို့နေ
လေသည်။
ဒီလိုအအေးဓာတ်လွန်ကဲသောပြာသိုလရဲ့ အအေးဒဏ်ကို
ပဲခူးရိုးမတောင်ခြေအနီး ပဲခူးရိုးမတောကြီးကို ထမင်းအိုးဟင်းအိုးကြီးသဖွယ်အမှီပြုအားထား၍ လုပ်ကိုင်ရှုာဖွေ
စားသောက်နေကြသူ မြိုင်တောဆိုတဲ့ အိမ်ခြေ၅၀ကျော်မျှ
သာရှိတဲ့ ရွာလေးအတွင်းနေထိုင်နေကြသူများအဖို့ ရိုးမတောင်တန်းကြီးနှင့် မြိုင်တော ရွာလေးနဲ့အရမ်းနီးကပ်လွန်း
၍ တောတောင်သဘာဝ၏ အအေးဓာတ် ဆောင်း၏အအေးဓာတ်ပေါင်း၍ အအေးဒဏ်ကိုပိုခံစားနေရလေ၏။
မြိုင်တော ရွာလေးမှာ နေထိုင်ကြသူများမှာ အသက်မွေး
ဝမ်းကြောင်းဝမ်းစာအတွက် လယ်ယာလုပ်ကိုင်ကြသူများ
နှင့် ရွာအနောက် ရိုးမတောကြီးထဲဝင်၍ သားကောင်ကြီးငယ်တွေကိုပစ်ခတ်ဖမ်းဆီး၍ မုဆိုးအလုပ်ဖြင့် အသက်
မွေးဝမ်းကြောင်းပြုနေသူများ မှုိနုတ်မျှစ်ချိုး သစ်ဥသစ်ဖု
ဆေးမြစ်တူးနေကြသူများ သစ်ခုတ် ဝါးခုတ်လုပ်နေကြသူများအပြင် ပဲခူးရိုးမတောင်တန်းကြီးဆီကနေ စီး
ဆင်းလာတဲ့ ဝဲကြီးချောင်းဟု ခေါ်ဝေါ်ကြသည်စမ်းချောင်းကလေးထဲ ရေမုဆိုးအလုပ်ဖြင့်အသက်မွေးဝမ်းကြောင်းပြုနေကြသူများလည်း ရှိနေကြသေးလေသည်။
ယခုလည်း နံနက်စောစော ရောင်နီတောင်မလာသေးခင်အချိန် ဝဲကြီးချောင်းကလေးထဲ လှေငယ်လေးတစ်စီးဖြင့် လူနှစ်ယောက် သဲကြီးမဲကြီးငါးရှာနေကြသည်။
ပြာသိုလနံနက်ခင်ရဲ့ အအေးဓာတ်ကို အိမ်ထဲမှာစောင်လေးခြုံကွေး၍ ဇိမ်ရှိရှိအေးဆေးမနေနိုင်ကြပဲ လှေလေးတစ်စီးနှင့် ငါးရှာနေကြသူနှစ်ဦးမှာတော့ မြိုင်တော
ရွာကလေးမှာ နေထိုင်ကြသူများဖြစ်တဲ့ ကျင်သန်းနဲ့စိန်တုတ်ဆိုသည် သူငယ်ချင်းနှစ်ပင်ဖြစ်လေသည်။
ဟေ့,ကောင်ကျင်သန်း မင်းပိုက်ဖော်တာမပြီးသေးဖူးလားကွ,,မြန်မြန်လုပ်ပါဟ,,
စိန်တုတ်မှာ လှေအနောက်ကနေလှော်တက်လှော်ရင်း တစ်ခုခုကို စိုးရမ်ပူပင်နေသောအသံဖြင့် လှေဦးကနေတန်းချသော ပိုက်များကိုဖော်နေသည် သူငယ်ချင်းဖြစ်သူ ကျင်သန်းကို ပြောလိုက်၏။
ဟေ့,ကောင် စိန်တုတ်မင်းဘာကိုစိုးရိမ်ပြီးကြောက်နေတာတုန်းကွ,, ဒီမှာငါးတွေပိုက်တွေထဲအထိမိကောင်းနေ
တာကို ဘာမှကြောက်စရာမလိုတော့ပါဘူး စိန်တုတ်ရာ
မကြာခင်မိုးပဲလင်းတော့မှာကို
ကျင်သန်းမှာ သူတို့နှစ်ဦးမနေ့ကညနေထဲကလာ၍ တန်းချ
ထားသော ပိုက်တွေထဲ ငါးတွေအထိအမိကောင်းနေတာ
ကတစ်ကြောင်း မကြာခင်မိုးလင်းတော့မည်ကတစ်ကြောင်း
ကြောင့် တစ်ခုခုကိုစိုးရိမ်ပူပန်ကြောက်လန့်နေသော သူငယ်ချင်းဖြစ်သူ စိန်တုတ်ကိုအားပေးစကားနှစ်သိမ့်လိုက်ပေမဲ့
သူကိုတိုင်ကလည်း စိုးရိမ်မကင်းဖြစ်နေရ၏။
ဟား….ကျင်သန်းရာ ဒီနေရာအကြောင်းသိရဲ့သားနဲ့ လုပ်ကွာ မြန်မြန် ငါတို့တားထားတဲ့ ပိုက်တွေကို သူများတွေခိုး
ဖော်သွားမှာကြောက်လို့သာ မိုးမလင်းခင်စောစောလာရတယ် စိတ်ထဲတော့ လန့်နေမိတယ်ကွ,,
အေးပါစိန်တုတ်ရာ ဒီတစ်ခုဖော်ပြီးရင်ပြီးပါပြီကွ,, ဒီနေ့တော့ ငါတို့နှစ်ယောက်ထောပြီဟေ့,, ဒီလောက်များတဲ့ငါး
တွေကို ငါတို့နှစ်ယောက်တစ်ခါမှ ရဖူးတာမဟုတ်ဖူးကွ,,
ကျင်သန်းတစ်ယောက် ရထားသည်ငါးများကိုကြည့်ရင်း
အပျော်ကြီးပျော်နေလေသည်။
ကျင်းသန်းမှာ နောက်ဆုံးပိုက်ကိုရေထဲမှ မ၍ဆွဲဖော်လိုက်စဉ် ပိုက်ကပါမလာ ရေအောက်တွင်တစ်ခုခုတိုးနေသလိုဖြစ်နေ၏။
ဟား…စိန်တုတ် ငါတို့ပိုက်ထဲငါးကြီးတစ်ကောင်ဝင်တိုးနေပြီထင်တယ်ကွ,, ငါတို့နှစ်ယောက်တော့ ဒီနေ့ပွပေါက်တိုး
ပြန်ုပြီနဲ့တူတယ် လာကူဆွဲတင်ပေးပါအုံးကွ,,စိန်တုတ်ရ,,
ဟာ……ဟုတ်လားကျင်သန်း ဒါဆိုရင်တော့ ငါတို့နှစ်ယောက်အတွက် ဒီနေ့ကံကောင်းတဲ့နေ့ဖြစ်မယ်ကွ,,ဟား….ဟား…..လာပြီ…လာပြီ
စိန်တုတ်တစ်ယောက် ငါးကြီးကြီးတစ်ကောင် ပိုက်ထဲဝင်တိုးနေသည်ဆိုတာနှင့် ဝမ်းသာအားရဖြစ်ခါ ကျင်သန်းရှိရာ
လှေဦးသို့ ရောက်သွားပြီး ကျင်သန်းတစ်ယောက်ထဲမတင်လို့မရသည်ပိုက်ကို နှစ်ယောက်တူတူဆွဲမတင်လိုက်သည်။
သူတို့နှစ်ယောက် ပိုက်ကိုဆွဲမတင်လေ ပိုက်ထဲမှာဝင်တိုးမိ
နေသည်အရာကား ရေအောက်ကိုပြန်ပြန်ဆွဲယူရုန်းကန်နေ
လေသည်။
ဟား….ကျင်သန်း ငါတို့ပိုက်ထဲမှာမိနေငါးက တော်တော်ကြီးပုံရတယ်ကွ,, ငါတို့နှစ်ယောက်လုံးပိုက်ကို ဆွဲတင်နေတာတောင် မနည်းဆွဲယူနေရတယ်တယ်ကွ,,
အေးဟုတ်တယ် စိန်တုတ်ရ,,တော်တော်ကြီးပုံရတယ် ဒီလောက်အရုန်းသန်တဲ့ငါးတွေ့မယ် ငါတို့နှစ်ယောက်လုံးအားကုန်သုံးပြီး ဆွဲတင်ကြမယ်
အေး….ကောင်းတယ်ကျင်သန်း မင်းပြောသလိုလုပ်ကြတာပေါ့
ကျင်သန်းနဲ့စိန်တုတ်မှာ သူတို့ပိုက်ထဲငါးကြီးတစ်ကောင်မိ
နေပြီး ရေအောက်ကနေရေပေါ်သို့ ဆွဲမဖော်နိုင်သေးပဲ ခုချိန်ထိ ငါးကိုမမြင်ရသေး၍ အားမလိုအားမရတွေဖြစ်နေကြ၏။
ကျင်သန်းနဲ့စိန်တုတ်မှာ နှစ်ယောက်တူတူရှိသမျှအားသုံး၍
ကြိုးစားပြီး ပိုက်ကိုဆွဲတင်လိုက်သောအခါ ပိုက်ကတစ်ဖြေးဖြေးရေပေါ်ကိုပါလာလေ သူတို့စိတ်တွေမှာပိုလှုပ်ရှား
လာလေ တစ်စတစ်စ ရေပေါ်သို့ပေါ်လာချိန်မှာတော့ ပိုက်ထဲတွင်တွေ့လိုက်ရသည်အရာကား
ဟား…ဟင်း…..ဘာ….ဘာ..ကြီးတုန်းဟ,,
ဟီး…..ဟီး….ဟီး…..ဘာ…ဘာ..ကြီးတုန်းမဟုတ်ပါဘူးကွ,,
ဒီမှာသေချာကြည့်ကြလေကွာ,,
ကျင်သန်းနဲ့စိန်တုတ်တို့နှစ်ယောက်သား ပိုက်ထဲမှာပါလာအရာကို အံ့သြစွာနှစ်ယောက်သားကြည့်နေခိုက် ပိုက်ထဲမှပါလာသည်အရာက လှုပ်လှုပ်ရှားရှားဖြစ်လာပြီး ပိုက်ထဲကနေ သူတို့နှစ်ယောက်ကို မျက်စိကြီးပြူးပြ လျှာအရှည်ကြီးထုပ်ပြရင်း ခေါင်းပေါ်မှာရှည်လျှားသည်ဆံပင်တွေကလည်း ရေတွေစိုပြီးမျက်နှာပေါ်ကပ်နေပြီး အသံသြသြကြီးဖြင့်ရယ်ပြရင်း စကားပြန်
ပြောနေသည်။
ဒီတော့မှ,ကျင်သန်းနဲ့စိန်တုတ်လည်း သတိဝင်လာ၍
အောင်….မ….လေး…ဗျ,,သရဲ…သရဲ….
အ..မ…လေး..ဗျ,,သရဲ…သရဲ..ပြေး…ပြေး..
ဝုန်း…..ဝုန်း…
ဗြမ်း….ဗြမ်း…
ကျင်သန်းနဲ့စိန်တုတ်တို့နှစ်ယောက်သား ကြောက်လန့်တကြားလှေပေါ်ကနေခုန်ချ၍ ရေကူးပြေးလိုက်တာ ကမ်းပေါ်ကိုဘယ်လိုဘယ်လိုရောက်သွားမှန်းမသိချေ။
နောက်မှာကျန်ခဲ့သည် သူတို့နှစ်ယောက်ကို ခြောက်လိုက်သောသရဲတစ္ဆေကောင်ကြီးကတော့ မနက်အာရုံဦးအလင်းရောင်အောက်မှာ ချောက်ချားစရာကောင်းသော အသံကြီးဖြင့် သူတို့နှစ်ယောက်ကို လက်ယပ်အော်ခေါ်နေ
၏။
ဟေ့,,ကောင်တွေ….ဟေ့,,ကောင်တွေ ဒီမှာမင်းတို့လှေနဲ့ ငါး
တွေကျန်ခဲ့ပြီလေကွာ,,ပြန်လာယူကြပါအုံးဟ,,ဟား…..ဟား….ဟား….
ကျင်သန်းနဲ့စိန်တုတ်တို့နှစ်ယောက်မှာတော့ ရွာပြန်ရောက်သည်နှင့် နှစ်ယောက်စလုံး လန့်ဖျား ဖျားကုန်ကြသည်။
နောက်တစ်နေ့မှာတော့ ကျင်သန်းနဲ့စိန်တုတ်တို့နှစ်ယောက်ကို ဝဲကြီးချောင်းကသရဲခြောက်လိုက်သည်ဆိုသော သတင်းမှာ မြိုင်တော ရွာတစ်ရွာလုံးပျံနှံ့သွားလေ၏။
××××××××××××××××××××××××××××××××××××××
မြိုင်တောရွာကလေးအတွင်း နေထိုင်နေကြသူတွေများထဲတွင် နေခန့်,တို့မိသားစုလည်းပါဝင်ပေသည်။
နေခန့်မှာ ညီအကိုမောင်နှမများများစားစားမရှိ အကိုဖြစ်သူ
ဖိုးဟန်တစ်ယောက်သာရှိလေပြီး အဖေဦးဘိုးထွန်း အမေ
ဒေါ်စန်းလေး နေခန့်ရယ်လေးယောက်သာရှိကြလေသည်။
နေခန့်မှာ အသက် ၂၅နှစ်ဖြစ်ပြီး အကိုဖြစ်သူဖိုးဟန်ကတော့ ၃၀ကျော်ပြီ ဖြစ်သည်တိုင်အောင် ညီအကိုနှစ်ယောက်လုံး ခုချိန်ထိအိမ်ထောင်မပြုကြသေး မိဘနှစ်ပါးကို ရေမုဆိုးကုန်မုဆိုးအလုပ်တွေဖြင့် ရှာဖွေကျွေးမွေးနေကြသည် သားလိမ္မာများဖြစ်ကြသည်။
ဒီနေ့နံနက်စောစော နေခန့်တစ်ယောက် မနေ့ကရိုးမတောထဲ
ဝင်ရောက်အမဲပစ်ထွက်စဉ် တောဝက်တစ်ကောင်ရလာ၍
ထိုတောဝက်သားကို ချက်ပြုတ်စားသောက်လို့ ကျန်သည်ဟင်းအိုးကို အမေကထမင်းကြမ်းစားရင် ပူပူနွေးနွေး
စားလို့ရအောင် မနက်စောစောထ၍ နွေးထားသဖြင့် ထိုတောဝက်သားဟင်းလေးနဲ့ ထမင်းကြမ်းကို ရေနွေးပူပူလေး
မှုတ်သောက်ရင်း အဆာပြေစားလိုက်လေ၏။
တောဝက်သားဆို နေခန့်တစ်ယောက်ကြိုက်လွန်း၍ မနေ့က
ရလာသည် တောဝက်ကို အိမ်အတွက်သုံးပိဿာဖယ်ပြီး
ပိုတာကို ရွာထဲရောင်းလေသည်။
နေခန့်တစ်ယောက် ထမင်းကြမ်းစားပြီးသည်နှင့် ထုံးစမ်အတိုင်း ခံတွင်းကချဉ်လာပြန်၍ အိမ်ပေါ်တန်းလျားစားပွဲ
ခုံပေါ်ဆေးလိပ်ခွက်ထဲမှ ကြယ်နီတစ်လိပ်ကိုနှိုတ်ယူလိုက်ပြီး မီးညှိ၍ ခံတွင်းအချဉ်ပြေ အရသာခံသောက်နေချိန်
နေခန့်,,ရေ့…နေခန့်,,
ဟဲ့,ခြံရှေ့က ဘယ်သူများတုန်း ဒီလောက်အော်ခေါ်နေတာ
သားနေခန့်,ကြားရင်လည်း ပြန်ထူးလိုက်လေ
ခြံရှေ့ကအော်ခေါ်သံကြောင့် မီးဖိုးချောင်းထဲ ထမင်းဟင်းတွေချက်နေတဲ့ အမေကကြား၍ ကျွန်တော်ကို လှမ်းပြော
နေခြင်းဖြစ်သည်။
အမေရေ….အဲ့တာဘယ်သူမှမဟုတ်ဘူး ဟိုကောင် လင်း
အောင်အသံပဲ အမေရေ့……………
အမေ့ကို လှမ်းပြောလိုက်ပြီး အိမ်ပေါ်ပြတင်းပေါက်ကနေ
ခြံရှေ့ကိုလှမ်းကြည့်လိုက်ပြီး
ဟေ့,,…..ကောင်လင်းအောင် မနက်စောစောကျက်သရေမရှိ
တဲ့ မင်းအသံပြဲကြီးနဲ့အော်ခေါ်မနေနဲ့ ငါအိမ်ပေါ်မှာရှိတယ်
အိမ်ပေါ်တက်လာခဲ့ကွ,,
ဒီတော့မှ,, လင်းအောင်က ခြံထဲဝင်လာ၍ အိမ်ပေါ်တက်
လာပြီး ကျွန်တော်ထိုင်နေတဲ့ တန်းလျားခုံပေါ်ဝင်ထိုင်လိုက်
လေ၏။
ကဲဆို လင်းအောင် မင်းမနက်အစောကြီး ဘာအရေး
ကြီးကိစ္စရှိလို့ လာဆီခြေဦးလှည့်လာရတာတုန်းကွ,,
ဘာရယ်မဟုတ်ပါဘူးကွာ,, မင်းဒီနေ့ တောထဲဝင်မှာလား
ဝဲကြီးချောင်းထဲဆင်းမှာလားလို့ သိချင်လို့လာမေးရင်း
မင်းနဲ့လည်း စကားလေးဘာလေးပြောရအောင် ထွက်လာခဲ့တာပဲ နေခန့်ရ,,
ငါဒီနေ့တော့ တောထဲမဝင်တော့ဘူးကွ,,မနေ့ကငါတောဝက်
တစ်ကောင်ရလာတော့ ဒီနေ့ငါ ဝဲကြီးချောင်းထဲဆင်းမလား
လို့စိတ်ကူးနေတာ လင်းအောင်ရ,,ငါတို့တွေ တောထဲနေတိုင်းဝင်ပြီးအမဲပစ်ထွက်ရင် သားကောင်တွေမျိုးတုန်း
ကုန်မှာပေါ့လင်းအောင်ရာ ငါတို့တွေ သားကောင်တွေကို
ပစ်ခတ်ဖမ်းဆီကြတာ ဝမ်းစာပဲမဟုတ်လား စီးပွားဖြစ်ရှာဖွေနေကြတာမှမဟုတ်တာ
အေး…မင်းပြောတာလည်းဟုတ်တာပဲ နေခန့်ရ,ဒါနဲ့မင်းဒီနေ့
ဝဲကြီးချောင်းထဲဘယ်အချိန်ဆင်းမှာတုန်းကွ,,ငါလည်းမင်း
နဲ့ တူတူလိုက်ရှာမလို့,နေခန့်,,
မင်းလိုက်ခဲ့မယ်ဆိုတော့ ပိုကောင်းတာပေါ့လင်းအောင်ရာ
ငါလည်းအဖော်ရတာပေါ့ ငါကတော့ မိုးချုပ်ခါနီးမှဆင်းမလားလို့ လင်းအောင်ရ,,
ကောင်းပါမလား နေခန့်,မိုးချုပ်မှဆို ဟိုဓနိတောနားက အစ
အနောက်သန်တဲ့ တစ္ဆေကောင်နဲ့ တိုးနေအုံးမယ် ဟိုတစ်နေကတောင် မနက်ဝေလီဝေလင်း ကျင်သန်းနဲ့စိန်တုတ်တို့
ငါးသွားရှာတာ အဲကောင်စနောက်လိုက်လို့ လှေကိုချောင်းထဲ ပြစ်ထားခဲ့ပြီး ဒီအတိုင်းပြန်ပြေးလာခဲ့ရတယ်တဲ့ ရွာရောက်တော့ လန့်ဖျား ဖျားပါလေရော နှစ်ယောက်သား
ဟား….ဟုတ်လား လင်းအောင်ရ,,
အေး…ဟုတ်တယ်နေခန့်,, ဒီကောင်တွေလန့်ဖျား ဖျားတော့
ဟိုတစ္ဆေသရဲကောင်က ဝင်ပူးပြီးပြန်တောင်းပန်တယ်ဆိုပဲကွ,,သူပျော်ချင်လို့ စနောက်လိုက်တာ လွန်းသွားကြောင်း နောက်ပြီး ကျင်သန်းနဲ့ စိန်တုတ် ချောင်းထဲပြစ်ထားခဲ့တဲ့ လှေတွေနဲ့ ပိုက်တွေရော ငါးတွေပါ ဒီကောင်တွေ
ကပ်နေကြကမ်းစပ်နားကို ပြန်ယူလာခဲ့ပေးတယ်ဆိုပဲကွ,,
ဟား…ဟုတ်လားလင်းအောင် တော်တော်အံ့သြဖို့ကောင်း
တာပဲကွ, ငါတစ်သက် ဒီလိုပျော်ချင်လို့ စနောက်တဲ့သရဲသစ္ဆေလိုမျိုး တစ်ခါမှကြားလည်းမကြားဖူး ကြုံလည်းမကြုံဖူးပါဘူးကွာ,,ဘာပဲပြောပြောညကြရင်တော့ကြုံရအုံး
မှာပေါ့ ညခင်းဘက်မှ ငါးရှာရတယ်ဆိုတာ လင်းအောင်ရ
ညခင်းဘက်ရောက်ပြီဆိုတာနဲ့ ဘယ်တံငါသည်ရေမုဆိုးမှ
ဝဲကြီးချောင်းထဲ ငါးဆင်းမရှာကြရဲတော့ဘူးမလား ဟိုကောင်ခြောက်လှန့်စနောက်မှာစိုးလို့ ဒီတော့ ငါးတွေက မြူးချင်တိုင်းမြူးနေကြပြီလေကွာ နောက်ပြီး အဲ့ဒီတစ္ဆေကောင်နေတဲ့ ဓနိတောနားမှာက ပိုပြီးတောင် ငါးတွေပေါနေ
သေးတယ်ကွ,,ဘာလဲ မင်းက ညခင်းဘက်ဆိုတော့ မလိုက်ရဲတော့ဖူးလားကွ,,လင်းအောင်ရ,,
မဟုတ်ပါဖူး နေခန့်ရာ မင်းတောင်သွားရှာရဲသေးတာပဲငါက
ဘာလို့မသွားရဲရမှာလည်းကွ,,စိတ်ချမိုးချုပ်ခါနီး ငါမင်းဆီ
လာခဲ့မယ်
လင်းအောင်နဲ့ ကျွန်တော်စကားခဏတစ်ဖြုတ်ထိုင်ပြောနေကြရင်း လင်းအောင်ကအိမ်မှာလုပ်စရာလေးတွေရှိသေးလို့ဆိုပြီး ကျွန်တော်ကိုနူတ်ဆက်ကာ ပြန်သွားလေ၏။
ထိုနေ့ကတော့ မိုးမြန်မြန်ချုပ်ပါစေလို့ စိတ်ထဲဆုတောင်းနေ
မိသည်။
အချိန်တွေကတစ်ဖြေးဖြေးကုန်လာ၍ ညနေစောင်းအချိန်
လောက်ရောက်လာသည်နှင့် ရေမိုးချိုး ထမင်းကို အမေချက်ထားတဲ့ အမေလက်ရာ တောဝက်သားဟင်းလေးနဲ့
ငပ်ိရည် တို့စရာကို ခရမ်းခေါင်းသီးပြုတ်၊ ခြံထဲစိုက်ထားသည် သခွားသီးတွေကို ခူးပြီး အနေတော်အကွင်းလေး
တွေကွင်းထားသေး၏။ငပိရည်နဲ့ တို့စရာကလည်းကောင်း
တောဝက်သားဟင်းလေးကလည်းကောင်းနှင့် စားချလိုက်တာ နှစ်ပန်းကန်ကျော်လောက်ကုန်သွားလေသည်။
ထမင်းစားသောက်ပြီးတာနှင့် ခံတွင်ူအချဉ်ပြေကြယ်နီဆေး
ပေါလိပ်ကလေးထိုင်ဖွာရင်း လင်းအောင်အလာကိုစောင့်
မျှော်နေလိုက်သည်။
ဟေး…..နေခန့်ရေ….အဆင်သင်ဖြစ်ရင်သွားကြမယ်လေကွာ,
ခြံရှေ့ လင်းအောင်အသံကြားပြီဆိုတာနဲ့ မီးဖိုချောင်ထဲဝင်၍ ထမင်းလေးလုံးချက်အိုးလေးထဲ ထမင်းလုံးလောက်ထည့်ပြီးတာနှင့် ဝက်သားဟင်းသုံးဆယ်သားလောက်ရောထည့်ခါ အဖုံးလေးပြန်ဖုံးလိုက်ပြီး ကြယ်နီဆေးလိပ် ငါးလိပ်လောက်ယူ တောင်လေးတစ်လုံးထဲ ထည့်၍ နေခင်းထဲကအဆင်သင့် လုပ်ထားသည် အိမ်အောက်တားပိုက်တွေကိုယူလိုက်ပြီး နှစ်ယောက်သားဝဲကြီးချောင်းလေးဆီသို့ ထွက်လာခဲ့လေ၏။
ဝဲကြီးချောင်းကလေးမှာ ရွာရဲ့အနောက်ဘက်တွင်တည်ရှိပြီး ရိုးမတောထဲအမဲပစ်ထွက်ပြီဆို ထိုချောင်းကလေးကို
လှေနဲ့ဖြတ်ကူးသွားရလေသည်။
မြိုင်တော ရွာလေးနဲ့ ဝဲကြီးချောင်းကလေးနဲ့ဆို အများဆုံး
နှစ်မီးနစ်လောက်သာလှမ်းရှောက်ရလေ၏။
မြိုင်တောရွာမှာနေသူများမှာ အိမ်တိုင်းလို လှေတစ်စီးလောက်တော့ရှိကြရလေ၏။
ကျွန်တော်နဲ့ လင်းအောင်လှေထားတဲ့ကမ်းစပ်နေရာရောက်တော့ ပါလာတဲ့ပစ္စည်းတွေကို လှေပေါ်တင် ကမ်းစပ်ငုတ်တစ်ခုတွင်ချည်နှောင်ထားသောလှေကြိုးကို ဖြည်၍ လှေကို ဓနိတောရှိရာဘက်ဆီသို့ ဦးတည်ထွက်လာခဲ့၏။
နှစ်ယောက်သားစကားတပြောပြောနှင့် ဓနိတောနေရာရောက်သည်နှင့် ပတ်ဝန်းကျင်ကိုတစ်ချက်အကဲခတ်ကြည့်လိုက်တော့ ပတ်ဝန်းကျင်တစ်ခုလုံး ပြာသိုလပြည့် လအလင်းရောင်အောက်တွင် ရှင်းရှင်းလင်းလင်းမြင်တွေ့နေရပြီး ဘာတစ်ခုမှထူးခြားမှုမတွေ့ရပေ။
ကဲလင်းအောင် ပိုက်တွေ တန်းချဖို့လုပ်တော့ ခုချိန်ထိတော့
ဟိုကောင်အရိပ်ယောင်တောင်မတွေ့ရသေးဘူးကွ,,
ဟား…မင်းကသူကိုတွေ့ချင်သေးတာလား နေခန့်ရ,,
ကျွန်တော်ပြောသောစကားကြောင့် လင်းအောင်က ကျွန်တော်သေချာကြည့်ရင်းမေးသည်။
အေးပေါ့ကွာ တစ်ခါတစ်လေတော့ ကြုံဖူးတယ်ရှိအောင်
တော့ ကြုံချင်သေးတာပေါကွာ,,
ကျွန်တော်တို့နှစ်ယောက်သား စကားတပြောပြောနဲ့ တား
ပိုက်တွေကို တန်းချဖို့ပြင်စဉ်နေချိန်
ဝုန်း…..ဗြမ်း….ဗြမ်း
ဟ…..ဟ…ဘာလဲဟ,,
အမှတ်တမဲ့ အနီးနားကနေ ရိပ်ကနဲမည်းမည်းအရာတစ်ခု ရေထဲသိုထိုးကျလာပြီး ကျွန်တော်တို့နှစ်ယောက်ကို ရေတွေနှင့် ထိုးပက်လိုက်တာ နှစ်ယောက်သား လန့်ပြီး လှေပေါ်ကနေ ရေထဲကိုပြုတ်ကျသွားလေသည်။
ဟား….ဟား…..ဟီး….ဟီး….မင်းတို့ကွာ,ညကြီးအချိန်မတော် ဒီလောက်အေးနေတဲ့ကြားက ချောင်းထဲရေဆင်းချိုး
ရတယ်လို့,ဟား…….ဟား…….ဟား….
အသံကြားရာ နှစ်ယောက်သားကြည်လိုက်တော့ ပါးစပ်ပြဲပြဲကြားက လျှာအရှည်ကြီးတွဲလောင်းကျနေပြီး မျက်စိ
ကြီးကလည်းတစ်လုံးလုံးနည်းတာကြီးမဟုတ် ခေါင်းကဆံရှည်ကြီး မျက်နှာကိုတစ်ဝက်ဖုံးနေ၍ စိတ်ချောက်ချားဖွယ်စရာ တွေ့လိုက်လေ၏။
ဟား…..မင်း….မင်း…ဒီနားတစ်ဝိုက်မှာစနောက်နေတဲ့တစ္ဆေ
ကောင်မဟုတ်လား
ကျွန်တော်လည်း သရဲတစ္ဆေဆိုတာမကြောက်တက်ပေမဲ့
ခုလိုမျိုးကိုရှေ့ကြီးမှာ ဒီလိုပုံဆန်ကြီးနဲ့ဗြုန်းစားကြီးတွေ့လိုက်ရတော့ ကြက်သီးတော့ထနေမိသည်။
အေး…ဟုတ်တယ်..ငါကဒီနားတစ်ဝိုက်မှာ ငါတစ်ယောက်ထဲနေရတာ ပျင်းလာတာနဲ့ ဒီနားတစ်ဝိုက်ငါးလာရှာတဲ့သူတွေကို ငါအပျင်းပြေစနောက်နေတဲ့သူပဲ မင်းတို့ကငါ့ကို
တွေ့တာတောင် မကြောက်မလန့်ကြဘူးပဲ မင်းတို့လိုငါးလာ
ရှာတဲ့သူတွေများကြတော့ ငါခုလိုစနောက်လိုက်ပြီဆို ကြောက်လန့်ပြီး ထွက်ပြေးကြတော့တာပဲ
ကျွန်တော်နှစ်ယောက်လည်း ရေထဲလှေပေါ်ပြန်တက်လိုက်ကြပြီး ရေထဲကတအစအနောက်သန်သော တစ္ဆေကြီးကို
ကဲ…..အစအနောက်သန်တဲ့ တစ္ဆေပျော်ကြီးရေ မင်းအတွက် ငါတို့ ထမင်းတွေဟင်းတွေယူလာခဲ့တယ် မင်းစားဖို့ ရော့…ဒီမှာလာစားအုံး ဒီမှာ မင်းထမင်းစားပြီးလို့
ဆေးလိပ်သောက်တက်ရင် ဆေးလိပ်ပါ ပါတယ်ယူသောက်
ကျွန်တော်ပြောလိုက်တာနှင့် တစ္ဆေကြီးမှာ ထမင်းအိုးကိုကြည့်၍ ဝမ်းသာပျော်ရွှင်သွားပြီး အားရပါးရလက်
ကြီးတွေနဲ့ နှိုက်စားနေလေသည်။
ထမင်းစားပြီးတာနဲ့ ကြယ်နီဆေးလိပ်ကို ကျွန်တော်က မီး
ညှိပေး၍ ပေးလိုက်သည် ကြယ်နီဆေးလိပ်အား ပါးစပ်
ကြီးတေ့ခါ မီးတွေကိုရဲနေအောင်အားရပါးရ ရှိုက်ဖွာနေ၏။
ကဲ မင်းလည်းစားသောက်ပြီးပြီဆိုတော့ ငါတို့လည်းငါတို့အလုပ် ငါတို့လုပ်လိုက်ကြအုံးမယ်
တစ္ဆေကြီးအားပြောလိုက်ပြီး ပါလာတဲ့ပိုက်တွေအကုန်လုံး
နှစ်ယောက်သားလိုက်ချနေကြရသည်။
ပိုက်တွေအကုန်လုံးလိုက်ချပြီးသည်နှင့်,
ကဲ တစ္ဆေပျော်ကြီးရေ…မင်းစနောက်လိုက်လို့ ငါတို့တွေလည်း တစ်ကိုယ်လုံးရေတွေစိုရွဲကုန်ပြီး အေးကုန်ပြီ
လာတို့ အိမ်ပြန်ပြီး အဝတ်တွေလဲတစ်ရေးလောက်အိပ်
လိုက်အုံးမယ် မင်းငါတို့ကျွေတဲ့ထမင်းဟင်းတွေကိုလည်း
စားပြီးပြီဆိုတော့ ငါတို့ချထားတဲ့ပိုက်တွေထဲငါးများများ
ရအောင် ကူပြီးမောင်းသွင်းပေးထားပါအုံးကွာ,ငါတို့တွေ
မနက်ဝေလီဝေလင်းအချိန် ပြန်လာခဲ့မယ် မင်းငါတို့ပိုက်တွေထဲ ငါးများများမောင်းသွင်းပေးထားမယ်ဆို နောက်တစ်ခါ ငါတို့လာရင် ခုလိုမျိုးမင်းကို ထမင်းတွေဟင်းတွေ
အဝကျွေးမယ် မင်းနဲ့လည်းဆော့ပေးအုံးမယ် ကဲငါတို့ပြန်ပြီ
ကျွန်တော်လှမ်းအော်ပြောတော့ တစ္ဆေကောင်ကြီးက ကျွန်
တော်တို့ကိုသေချာ စိုက်ကြည့်ရင်နားထောင်နေ၏။
အိမ်ပြန်လမ်းတွင်တော့ လင်းအောင်က ကျွန်တော်ကို
နေခန့်,မင်းနဲ့ကွာ,ဟိုကောင်ကြီးကို ဘာမဟုတ်တာတွေပြော
နေတာလည်း တော်ကြာ ပိုက်တွေထဲ ငါးမောင်းသွင်းမပေးပဲ ဝင်နေတဲ့ငါးတွေပါ ပြန်လွှတ်ပေးလိုက်လို့ ဟုတ်ပေ့
ဖြစ်နေအုံးမယ်ကွာ,,
ဒါကတော့ လင်းအောင်ရာ မနက်ကြမှပဲ ဘာဖြစ်မလဲဆိုတာ
သ်ိရမှာပဲ ငါးမရတော့ရော ဘာဖြစ်လဲကွာ ငါးတို့က စီးပွား
ုဖြစ်ရှာကြတာမှ မဟုတ်တာ
လင်းအောင်နဲ့ ကျွန်တော်လည်း အိမ်ပြန်ရောက်သည်နှင့်
သူအိမ်မပြန်တော့ပဲ ကျွန်တော်အဝတ်အစားတွေလဲဝတ်၍ အိပ်ရာထဲအေးအေးနှင့် နှစ်ယောက်သားစောင်ခြုံကွေးရင်း
တစ်ရေးတစ်မောအိပ်ပျော်သွားလေ၏။
မနက်ဝေလီ ဝေလင်းအချိန်ထ၍ နှစ်ယောက်သား ပိုက်တွေဆီပြန်လာဖော်ချိန်မှာတော့ ထင်မထားသောဖြစ်ရပ်နှင့်
ကြုံလေပြီ ပိုက်တွေထဲတွင် ငါးတွေဆိုတာ နည်းတာမဟုတ်
မြင်လိုမကောင်းအောင် ဖွေးဖွေးလှုပ်နေလေသည်။
ကျွန်တော်တို့နှစ်ယောက်သား အပျော်ကြီးပျော်နေမိပြီး
တစ္ဆေကြီးကို လိုက်ရှာကြည့်တော့ ဓနိတောကမ်းစပ်တွင်ကျွန်တော်တို့ နှစ်ယောက်ကိုသေချာစိုက်ကြည့်နေပြီး
ဟေး….ကောင်တွေ ငါတာဝန်တော့ကျေပြီနော် မင်းတို့ကတိအတိုင်း ဒီညငါကို ထမင်းဟင်းတွေအဝလာကျွေးရင်း ငါနဲ့ဆော့ရမယ်
ကျွန်တော်တို့ နှစ်ယောက်ဘက်ကလည်း ကတိတည်ရတော့မှာပေါ့ဗျာ,, ကတိဆိုတာ ပေးထားပြီးမတည်ရင် ပြဿနာဆိုတာဖြစ်တာမျိုးမဟုတ်လား အိမ်ပြန်လမ်းတွင်တော့ နှစ်ယောက်သားမျက်နှာပေါ်မှာ အပြုံးတွေကိုစီနဲ့ပေါ့ဗျာ,,
အဲ့ညကရောက်တော့ ကျွန်တော်တို့ပေးထားတဲ့ကတ်ိအတိုင်း ထမင်းတစ်ပြည်ချက်နဲ့ ရွာထဲမှာအမဲသားပေါ်လို့
တစ်ပိဿာဝယ်ချက်ပြီး တစ္ဆေပျော်ကြီးကို ကျွေးရတော့
တာပေါ့ဗျာ,, ဒီလိုနေရက်တွေကြာလာတာနဲ့အမျှ တစ္ဆေပျော်ကြီးနဲ့ ကျွန်တော်တို့နှစ်ယောက်နဲ့ အရမ်းခင်မင်ရင်နှီးမှုတွေရလာပြီး ဘဝချင်းမတူပေမဲ့ နေ့ရက်လနှစ်တွေကြာ
လာသည်နှင့်အမျှ ခင်မင်မှုသံယောဇဉ်ကြိုးဆိုတာ ခိုင်မြဲ
လာခဲ့တာပေါ့ဗျာ,,ခင်မင်မှုသံယောဇဉ်ကြိုးဆိုတာကလည်း
ရေရှည်မခိုင်မြဲနိုင်ပဲ တစ်ချိန်ချိန်မှာ ခွဲခွာရမယ်ဆိုတာမထည့်တွက်မိခဲ့တဲ့ ကျွန်တော်တို့နှစ်ယောက် တစ္ဆေပျော်ကြီး ကျွတ်လွတ်ချိန်ရောက်မှ သိလိုက်ရ၍ ပူပင်သော
ရောက်ခံစားနေကြရတာပေါ့ဗျာ,, ခုချိန်ရောက်မှ ခံစားနေရ
တော့လည်း ဘာမှမထူးတော့ပြီ မဟုတ်လားဗျာ,,တစ်ချိန်ချိန်မှာ မည်သူမဆိုချစ်တဲ့ခငိတဲ့သူတွေနဲ့ ခွဲခွာသွားရမယ်ဆိုတာ ကျွန်တော်တို့ သတိလွတ်နေမိခဲ့တာကိုဗျ,,
အစနောက်သန်တဲ့ တစ္ဆေပျော်ကြီးကတော့ ဘယ်ဘဝကို
ရောက်သွားသည်ဆိုတာ ကျွန်တော်တို့မသိနိုင်တော့ပေ။
ပြီး
*ရှိုင်း*
(၂၉)ပုဒ်မြောက်
*စာရေးဆရာအပေါင်းအားအထူးလေးစားလျှက်*
ဒီဇာတ်လမ်းမှာ အမှားများစွာလိုအပ်ချက်များစွာပါရှိမည်လိုထင်ပါတယ် ပါရှိခဲ့လျှင်ခွင့်လွှတ်နားလည်
ပြင်ဖတ်ပေးကြပါလို့ စာရေးချိန်နည်းပါးလွန်း၍ မအားလပ်
သည်ကြားက ရေးရသည်ဇာတ်လမ်းမို့ပါ
စာရေးပြီးချိန် 22.1.2022.စနေနေ့.12:19.a.m