သင်္ခါရ

Posted on

သင်္ခါရ(စ/ဆုံး)

————

သည်တလော ရပ်ကွက်ထဲ နာရေးတွေ ဆက်နေ၏။
ကျွန်တော့်အနေဖြင့် နာရေးမဏ္ဍပ်တစ်စုံ စိတ်တူကိုယ်တူ သူငယ်ချင်းတစ်ယောက်နှင့် ကုသိုလ်အလို့ငှာ တည်ထောင်ထားသည်။
နာရေးတွေဆက်လျှင် မဏ္ဍပ်ဆင်ရတာ အခက်ကြုံ၏။
တစ်နေ့တည်း နှစ်ယောက်၊သုံးယောက်ဆုံးသည့် နေ့တွေဆို ပို စကားပြောရသည်။
တချိန်တည်း၊တပြိုင်တည်း မဏ္ဍပ်လာငှားတာ မကြာခဏကြုံရ၏။
ထိုအခါ မည်သူ့နာရေး ဉီးစားပေးရမည် မသိ။
ငွေကြေးမတတ်နိုင်သည့် နာရေးများကို ဉီးစားပေး လုပ်ကိုင်ပေးတတ်သည်မို့ တစ်ခါတစ်ရံ အပြောအဆို ခံရတာလည်း ရှိသည်။
နာရေးဖြစ်သည်နှင့် ကျွန်တော် (သို့မဟုတ်) သူငယ်ချင်းဆီ မဏ္ဍပ်ငှားဖို့ ဖုန်းနှင့်တစ်မျိုး လူကိုယ်တိုင်တသွယ် လာရောက်ဆက်သွယ်ကြတာ များသည်။
ကျွန်တော့်မှာ နာရေးကိစ္စအကြောင်းကြားတိုင်း လိပ်စာအတိအကျနှင့် နာရေးဖြစ်သူ၏ အမည်တို့ကို စနစ်တကျ မှတ်တမ်းပြုစုရပါသည်။
ထို့နောက် မဏ္ဍပ်ထိုးရာတွင် အသုံးပြုရသော သံဖရိန်၊ တာပေါ်လင်အမိုး စသည့်ဆက်စပ်ပစ္စည်းတွေ သယ်ယူဖို့ (ဝေးလျှင်)ကားဖြစ်စေ၊ထွေလာဖြစ်စေ၊(နီးလျှင် ) လက်တွန်းလှည်းဖြစ်စေ၊လူဖြစ်စေ အကြိုလွှတ်ခိုင်းရသည်။
နာရေးရှင်ကို အကြိုအပို့သာစီစဉ်ပေးစေပြီး မဏ္ဍပ်တပ်ဆင်ခြင်းအား အစမှအဆုံးတိုင် လုပ်ကိုင်ပေးတတ်သော ကြောင့် အားလုံးက နှစ်သက်ကြ၏။
ခုနှစ်ရက် လည်သည်နှင့် ပြန်လည်ဖြုတ်ပေး၊ဖျက်ပေးသည့် ပရဟိတအလုပ်မို့ နာရေးကိစ္စပေါ်လာ၍ မဏ္ဍပ်ထိုးလိုသူများ ကျွန်တော်တို့ကို တမ်းတကြတာ မဆန်းပေ။
===================

နာရေးတွေကို မရေတွက်စကောင်းဟု လူပြောသူပြော ကြားဖူး၏။
ခက်တာက နာရေးဖြစ်သောလူသေစာရင်းကို မှတ်တမ်းတင်လေ့ရှိသော ကျွန်တော့်အဖို့ကား နံပါတ်စဉ်တပ်ကာ စာအုပ်တစ်အုပ်နှင့် အမြဲတမ်း အလုပ်ရှုပ်နေတတ်ပါသည်။
စဉ်
ရက်စွဲ
သေဆုံးသူအမည်
အသက်
နာရေးဖြစ်သည့်လမ်း
နာရေးရှင်၏ အမည်
အိမ်အမှတ်
ဆက်သွယ်ရန်ဖုန်းနံပါတ်
စသည်ဖြင့် ဇယားဆွဲကာ စနစ်တကျ မှတ်တမ်းထားနေကြမို့ ကျွန်တော်ကတော့နေ့စဉ်လိုလို အားလပ်သည့်အခါတိုင်း လူသေ(နာရေး) အရေအတွက်နှင့် လမ်းအမည်များအား ရေတွက်ကြည့်နေမိတာ အလေ့အကျင့် တစ်ခုပမာ။
ထူးခြားသည်မှာ ယခုလပိုင်းအတွင်း နာရေးမဏ္ဍပ်အထိုးများနေတာက ကျွန်တော်တို့သူငယ်ချင်းနှစ်ယောက်နေထိုင်ရာ ရပ်ကွက်ရှိ “သီတာလမ်း”ထဲမှာ ဖြစ်သည်။
ဤဖြစ်စဉ်ကို ပိုသတိထားမိသူမှာ မဏ္ဍပ်တစ်ခုပြုလုပ်လှူဒါန်းရန် စတင်အကြံပြုသည့် သူငယ်ချင်းစိုးပိုင်ပင်။
စိုးပိုင်ဆိုသည်မှာ ကျွန်တော့်သူငယ်ချင်းများအနက် ဘာသာရေးအကိုင်းရှိုင်းဆုံး၊စိတ်ထားအနူးညံ့ဆုံး၊ပေါင်းသင်းဆက်ဆံ၍ အကောင်းဆုံး သူတော်ကောင်းတစ်ယောက်ဟု တင်စားလျှင် လွန်အံ့မထင်ပါ။
နေ့စဉ် ဆေးလိပ်ဖိုး၊ကွမ်းဖိုး၊လက်ဖက်ရည်ဖိုးများ တတ်နိုင်သလောက် လျော့ချကာ နာရေးမဏ္ဍပ် ရာသက်ပန်တည်ထောင်လှူဒါန်းရန် ပိုက်ဆံစုဖို့ ကျွန်တော့်ကို စတင်စည်းရုံး လှုံ့ဆော်ခဲ့သူဖြစ်ပါသည်။
“သူငယ်ချင်း ၊ဘဝမှာ ဘာမှမမြဲဘူးကွ ၊ဘာဖြစ်ဖြစ်ခဏလေး”
အလုပ်အားသည့် တစ်ရက်၊ လမ်းထိပ်က “ရွှေစံအိမ်” လက်ဖက်ရည်ဆိုင်မှာ ထိုင်စဉ် သူငယ်ချင်းစိုးပိုင်က ကျွန်တော့်ကို စကားအဆက်အဟပ်မရှိဘဲ ဓမ္မ သံဝေဂဆန်ဆန် ပြောလာ၏။သူ့မျက်လုံးတွေမှာလည်း အကြောင်းအရာတစ်ခုခုကို အလေးအနက်ထား စဥ်းစားနေဟန် ပေါ်သည်။
“ဟေ့ကောင်၊ မင်း ငါ့ကို ​ တရားလာပြ နေတာလား”
ကျွန်တော်က စိုးပိုင်ကို စူးစမ်းချင်စိတ်ဖြင့် နောက်ပြောင်သည့်နှယ် ရယ်ရယ်မောမော ပြောမိသည်။
“မင်း ထင်ချင်သလိုထင်ကွာ”
“ဟေ၊ တယ်ပြတ်သားပါလား”
ကျွန်တော့်စကားကို စိုးပိုင် နားမထောင်ဘဲ သူပြောချင်တာ ဆက်ပြော၏။
“လောကမှာ လူရယ်လို့ဖြစ်လာရင်၊ အသိသတိရှိမှ လူဖြစ်ရကျိုး နပ်မှာကွ ”
“သြော် မင်းကအတော် တရားသိနေတာပေါ့”
စိုးပိုင်ကြည့်ရတာ သည်နေ့မှာ ခါတိုင်းနှင့် မတူ။အလွန် တည်ကြည်လေးနက်ဟန် ပြနေ၏။
“တရားသိတယ်ဆိုတာထက် ၊ သေခြင်းတွေကို အချိန်တိုင်းမြင်နေ ကြားနေရတော့ ပေါ့နေလို့မဖြစ်ဘူးလို့ ယူဆမိတယ် သူငယ်ချင်းရဲ့”
ကျွန်တော် ဘာမှဆက်မပြော နိုင်တော့ပေ။
စိုးပိုင်ပြောတာ အမှန်ပါပဲ။ရပ်ကွက်ထဲမှာ တစ်အိမ်မဟုတ် တစ်အိမ်၊တစ်လမ်းမဟုတ် တစ်လမ်း၊တစ်ယောက်မဟုတ် တစ်ယောက် တဖြုတ်ဖြုတ် ကွယ်လွန်နေကြတာ အခါမလပ်။
“ဒီတော့ မင်းက ဘာလုပ်ချင်လို့လဲ၊ပြောကြည့်ပါ သူငယ်ချင်း”
စိုးပိုင်၏ အမူအရာနှင့် စကားလုံးတွေက လွန်စွာ လေးနက်ကာ ၊တန်ဖိုးရှိနေမှန်း သုံးသပ်မိတာမို့ အလိုက်သင့်မေးခွန်း ကျွန်တော် ပြန်မေးလိုက်ခြင်းပဲ ဖြစ်သည်။

“မသေခင်မှာ ၊ငါကတော့ ကိုယ့်အတွက်ပါမယ့် ကုသိုလ်လေးတစ်ခုလောက် ထိုက်ထိုက်တန်တန် ပြုသွားဖို့ စိတ်ကူးရှိတယ်လေ”
“ဒါဆို မင်းက ဘာဖြစ်ချင်နေတာတဲ့လဲ၊ငါ့ကို ပွင့်ပွင့်လင်းလင်းပြောကွာ”
ထိုအခါမှ
“ငါ နာရေးမဏ္ဍပ်လေးတစ်ခုလောက် ရာသက်ပန်ကုသိုလ်ဖြစ် လှူချင်၊လုပ်ထားခဲ့ချင်တာသူငယ်ချင်း”
စိုးပိုင် ပြောချင်ဖြစ်ချင်နေသော လိုရင်းက ယခုမှရောက်၏။
“အဲ့တော့”
“မင်းလည်း ပါဝင်စေချင်တယ်လေ”
“ဒါနဲ့များ သူငယ်ချင်းရာ၊စကားပလ္လင် ခံနေရသေးလား”
ကျွန်တော့်စကားကြောင့် စိုးပိုင်မျက်လုံးတွေမှာ ပို၍ လင်းလက် တောက်ပလာ၏။
“မင်းအဲ့လို သဘောရှိတော့ သိပ် ကျေးဇူးတင်တယ် ”
“မလိုပါဘူးကွာ ကောင်းတဲ့အလုပ်လုပ်မှာပဲ ကြိုးစားကြည့်ကြတာပေါ့”
ဤသို့လျှင် ကျွန်တော်တစ်ယောက် နာရေးမဏ္ဍပ်အလှူကိစ္စမှာ ပါဝင်ဖြစ်တော့သည်။
ကျွန်တော်စုထားသော မဏ္ဍပ်ဖိုးငွေ မပြည့်မီ​ပင် စိုးပိုင်က ကြိုတင်ငွေ စိုက်ထုတ်၏။
သူနှင့်ရင်းနီးသော သံပန်းသံတံခါးထုတ်လုပ်သည့် အလုပ်ရုံတစ်ရုံ၌ နာရေးမဏ္ဍပ်ကို အလျင်စလိုအပ်နှံကာ ပရဟိတအလုပ်အား စတင်အကောင်အထည် ဖော်စေ​ခဲ့သူ တစ်ဉီးပါပဲ။
ကျွန်တော့်အား နောင်မှသာ
မဏ္ဍပ်ဖိုးကျသင့်ငွေကို အရစ်ကျတဖြည်းဖြည်း ထည့်ဝင်စေလျက် ကုသိုလ်ပြုနိုင်ရန် သိသိသာသာ စွမ်းဆောင်ပေးခဲ့သူလည်း ဖြစ်ပါသည်။
ထို့ကြောင့် စိုးပိုင်ကား ကျွန်တော့်အတွက် အလွန်ချစ်ခင်နှစ်သက်ဖွယ် သူငယ်ချင်း ဖြစ်နေသည်မှာ မဆန်းချေ။ တစ်နေ့သောအခါ သူစဉ်းစားနေမိသော အကြောင်းတရားတစ်ခုကို ကျွန်တော့်အား ရင်ဖွင့်လာတော့၏။
“သူငယ်ချင်း”
“ဘာလဲကွ”
“ကြည့်လုပ်ဉီးဟ”
“ဘာဖြစ်လို့လဲ စိုးပိုင်ရ၊ မင်းနှယ့်•••အစမရှိ အဆုံးမရှိနဲ့”
“နာရေးက တို့လမ်းထဲမှာပဲ ဆက်တိုက် ဖြစ်နေတာလေ”
“အေး ငါလည်းမင်းကို အဲတာပြောမလို့ စဉ်းစားနေတာ”
“ဟုတ်တယ်နော်၊ ပြီးခဲ့တဲ့လတွေကတည်းက သိသိသာသာ တို့လမ်းထဲ နာရေးချည်း ဆက်လာတာလေ”
“ဟုတ်ပါရဲ့ သူငယ်ချင်း”
ကျွန်တော်နှင့် စိုးပိုင် အတွေးတူ၊စိတ်ကူးတူနေ၏။
“ဘာတတ်နိုင်မလဲကွာ သူ့ဘာသာ ဖြစ်လာတာပဲလေ”
“ဟုတ်ပါရဲ့၊ မဏ္ဍပ်လိုက်ဆင်ရင်း ကြက်သီးမွေးညင်းတောင် ထလာပြီကွာ”
“မင်းကလည်း ယောကျာ်းမဟုတ်တဲ့အတိုင်း”
“စတာပါ သူငယ်ချင်း”
စိုးပိုင်မှာ ကျွန်တော့်အား ပြောလည်းပြော မဏ္ဍပ်သံတိုင်မူလီကို တစ်ဘက်မှ အားစိုက်ဖြုတ်နေ၏။
အနှီ သူငယ်ချင်းက တော်ရုံကိစ္စဆိုလျှင် ဘာမှပြောပြတတ်သူ မဟုတ်။
ယခုသူ့စိတ်ထဲ နာရေးဆက်တိုက်ဖြစ်နေတာကို အလေးအနက်ထား သတိပြုမိနေတာ သေချာ၏။
​ဟိုနားတစ်လောင်း၊သည်နားတစ်လောင်းဖြင့် လမ်းထဲမှာ နာရေးက သိသိသာသာ ဆက်နေတာလည်း ဧကန်။
===================

ဖြစ်ချင်တော့ ကျွန်တော်တို့အိမ်နှင့် ဘေးချင်းကပ်လျက်မှာ နာရေးကိစ္စ ပေါ်၏။နေမကောင်းတာက ဆီးချိုရောဂါဖြစ်နေသော ဉီးအေးမြ။
ဉီးအေးမြက ဆီးချိုကြောင့် မကြာခဏ ပုဂ္ဂလိကဆေးရုံ တင်ရသည်။
ဆေးရုံမှဆင်းလျှင် ဆီးချိုရောဂါ အခိုက်အတန့် သက်သာပျောက်ကင်းသော်လည်း ၊ခြေမ ခြေသန်းစသည်ဖြင့် တစ်ချောင်းစီ ဖြတ်လိုက်ရတာများသည်။ရောဂါ ကုသရန်ခြေချောင်းလေးများ ဖြတ်ရတာကို ကျွန်တော် သဘောမတွေ့လှ။
ထို့ကြောင့် ဆီးချိုဖြစ်မှာ ကျွန်တော်လည်းကြောက်သည်။
ဉီးအေးမြ ဆီးချိုတက်တိုင်း အုတ်ကျင်း အထည်စက်ရုံမှာ အလုပ်ဆင်းနေသည့် သူ့မိန်းမဒေါ်လေး အေးလှတစ်ယောက် ခွင့်မကြာခဏ ယူရ၏။ခင်ပွန်းသည်ကို ကိုယ်ဖိရင်ဖိပြုစုရသည်ပေါ့။
တလောက ဉီးအေးမြလည်ပင်းမှာ ကြံကြံဖန်ဖန် အနာစိမ်း ပေါက်၏။ဆီးချိုသမားမို့ အနာရင်းလာကြောင်း ပြောသံကြားရသည်။
အိမ်နီးချင်းကျွန်တော်က အသက်ကြီးမှအိမ်ထောင်ကျသော သားသမီးမထွန်းကားသည့် ဉီးအေးမြနှင့်ဒေါ်အေးလှတို့ကို သနားကရုဏာသက်ကာ သတင်းသွားမေးသည်။
ဤတော့မှ ဆီးချိုရောဂါသမား ဉီးအေးမြလည်ပင်းကအနာ ​ပြည်ပုပ်နံ့ထွက်နေခြင်းနှင့် လည်ပင်းရိုးပေါ်အောင် လှိုက်စားနေတာကို မျက်ဝါးထင်ထင် သိမြင်ခံစားလိုက်ရပါတော့သည်။
ထိုအခါ ကျွန်တော့်မှာ ပရဟိတသမားပီပီ မနေနိုင်တော့ဘဲ အနာပေါက်ကုသည့် ဉီးလေးဆရာတစ်ယောက်အား ဉီးအေးမြ၊ဒေါ်အေးလှတို့ အိမ်သို့ပင့်၍ ကုသစေခဲ့ပါသည်။
ဉီး​လေးဆရာက စိမ်းရွှေရွှေနှင့် အနံ့ပြင်းရှလွန်းလှသော ဆေးဖက်၀င်”တောင်လုံးကျော်ရွက်.”ကို ဉီးစွာကြိတ်၏။ထို့နောက် သူလုပ်နေကြအတိုင်း ဂါထာများ ရွတ်ဖတ်မန်းမှုတ်ရင်း အနာစိမ်းအား အုံစေလျက် ဂွမ်းပတ်တီးစည်းပေးတာ တွေ့ရသည်။
ထိုသို့ဖြင့် တစ်ရက်ခြားတစ်ခါ အနာကို ဖန်ရေဆေးပေးလျက်” တောင်လုံးကျော်ရွက်”ကြိတ် အုံပေးခြင်း၊ ပတ်တီးစည်းပေးခြင်း၊ဂါထာများရွတ်ဖတ်ပေးခြင်းများကို ဟုတ်မှဟုတ်ပါလေစ ဟု အတွေးဖြစ်ခဲ့ဖူးကြောင်း ကျွန်တော် ဝန်ခံပါမည်။
သို့သော် နှစ်ပတ်ခန့်ကြာသောအခါ ဆေးမထိုး ဆေးမသောက်ရဘဲ ဉီးလေး ဉီးအေးမြ၏ အနာစိမ်းမှာ ၊ အမြစ်ပါမကျန် ကျွတ်ထွက်လျက် သိသိသာသာ ပျောက်ကင်းသွားခဲ့သည်ကား ၊မျက်မြင်ဒိဌ။
ထို့ကြောင့် ဖြစ်မည်။
ဒေါ်လေးအေးလှ ကျွန်တော့်ကို အထူးတလည် ကျေးဇူးစကား ဆိုတော့သည်။
“ကျေးဇူးတင်လိုက်တာ ငါ့တူရယ်”
“ရပါတယ် ဒေါ်လေးရဲ့”
“မင်းဉီးလေးက ဆီးချိုတက်လိုက် အနာပေါက်လိုက်မို့ အိပ်ရာထဲလဲပြီး ဘဝဆုံးပြီထင်နေတာ”
“မဟုတ်တာ ဒေါ်လေးရယ်”
“ငါ့တူကျေးဇူးကြောင့်၊မင်းဉီးလေးလည်ပင်းက အနာကြီး ပျောက်ရတာပါကွဲ့”
“ဒီလိုလည်း ဘယ်ဟုတ်ပါ့မလဲ ဒေါ်လေးရယ်၊ဉီးလေးရဲ့ကုသိုလ်ကံနဲ့ ဒေါ်လေးအပြုအစုတွေကြောင့်လည်း ပျောက်ကင်းသွားတာပါ”
“ဒါတော့ဒါပေါ့ကွယ်၊ကိုအေးမြက အနာရင်းပြီး မပျောက်နိုင်ဘဲ အိပ်ရာထဲလဲနေတာ ကြာပြီလေ ”
“ဟုတ်ကဲ့ ဒေါ်လေး”
“ငါ့တူ ဉီးလေးဆရာရဲ့ ဆေးအစွမ်းတွေက အဓိကကျတယ် မဟုတ်လားကွယ်”
“ရပါတယ် ဒေါ်လေးရယ်၊ကျွန်တော်လည်း အတိုင်းမသိ ဝမ်းသာနေမိတာပါပဲ ခင်ဗျာ”
ဒေါ်လေး အေးလှတစ်ယောက် ကျွန်တော့်ကို တခုတ်တရ ကျေးဇူးတင်ရှိကြောင်း ပြောကာ ကျန်ရစ်သည်။ကျွန်တော်လည်း စိုးပိုင်နှင့် နာရေးမဏ္ဍပ် နောက်တစ်ခု၊ထပ်မံလှူဒါန်းရန် တွက်ချက်တိုင်ပင်ဖို့ ချိန်းထားတာမို့ လမ်းထိပ် လက်ဖက်ရည်ဆိုင်သို့ ခပ်သုတ်သုတ် ထွက်လာခဲ့ပါသည်။
“ရောက်တာကြာပြီလား သူငယ်ချင်း”
“ခုနလေးက ပါကွာ”
“တော်သေးတာပေါ့ စိုးပိုင်ရာ
ငါကအရမ်းနောက်ကျပြီထင်နေတာ”
“အေးပါ၊ဒါနဲ့ မင်းကဘာလို့နောက်ကျနေတာလဲကွ”
ကျွန်တော့်အိမ်ဘေးကဆီးချိုရောဂါသည်၊ဉီးအေးမြအကြောင်း အတိုချုပ်အား သူငယ်ချင်းစိုးပိုင်ကို ရှင်းပြလိုက်ရ၏။
စိုးပိုင်က ဉီးအေးမြတို့ကို တစ်လမ်းတည်းမို့မြင်ဖူးရုံသာ ရှိသော်လည်း သူ့အိမ်နှင့်အတန်ငယ်ဝေးတာမို့ ဆီးချိုဖြစ်နေတာ ဂဃဏန သိတာမဟုတ်။
“ငါလည်း မနေနိုင်တာနဲ့ ကူညီလိုက်တယ် သူငယ်ချင်းရေ”
“ဒီလိုဆိုတော့လည်း မင်းကတကယ့် ကယ်တင်ရှင်ကြီးပါလားကွ ဟားဟားဟား”
စိုးပိုင်က ပြောလည်းပြော၊သူ့ဘာသာသဘောကျကာ ရယ်လည်း ရယ်နေ၏။
ကျွန်တော် စိုးပိုင်​ပြောစကားနှင့် ရယ်မောနေပုံကိုကြည့်ကာ ကျေနပ်စွာ ပြုံး၍ ပီတိဖြစ်နေမိပါသည်။
ထိုအခိုက် ကျွန်​တော့်ထံဂဏန်းစိမ်း ဖုန်းနံပါတ်တစ်ခု ဝင်လာ၏။
နာရေးကိစ္စပေါ်လာလျှင် ကျွန်တော့်ထံ အကြောင်းကြားရန် ပေးထားသော ဖုန်းဆင်းကတ်သို့ ဆက်သွယ်ခြင်းပါပဲ။
“ဟယ်လို အမိန့်ရှိပါခင်ဗျာ”
“နာရေးဖြစ်လို့ပါ တူမောင်ရေ”
“ဟုတ် လာပါ့ခဲ့မယ် ဉီးလေး
ဘယ်ကလဲ ခင်ဗျ”
နာရေးဖြစ်လျှင်မဏ္ဍပ်ထိုးရတော့မှာ ကျွန်တော်သိသည်။လိပ်စာအတိအကျရဖို့ ကျွန်တော် ဆက်မေးလိုက်မိသည်။
“ငါ့တူ ဦးကိုမမှတ်မိဘူးလား”
“ဘယ်သူပါလိမ့်ခင်ဗျ”
“တူမောင့်အိမ်ဘေးက ဦးအေးမြလေ”
“ခင်ဗျာ”
“ဒါနဲ့ နာရေးဖြစ်တာက”
“မင်းဒေါ်လေး အေးလှပါ”
“ခင်ဗျာ”
“ခင်ဗျာ”
ကျွန်တော့် နှုတ်ဖျားက ခင်ဗျာပေါင်းများစွာ ပဲ့တင်ထပ်သွားပြီ။
ဆီးချိုဖြစ်၊အနာပေါက်နေတာ ဦးအေးမြ။
ဆုံးသွားတာက ဒေါ်အေးလှ။
ဒေါ်​လေးအေးလှနှင့် ကျွန်တော် စကားပြောလာတာ နာရီပိုင်း မိနစ်ပိုင်းမျှရှိသေးသည်။
ယခု မကြာ​သေးမီကပင် ကျွန်တော်နှင့် ကျေးဇူးစကားတွေ အားပါးတရ တဝကြီး ပြောခဲ့သော ပုဂ္ဂိုလ်။
ယခုဆုံးပြီ ဆိုပါလား။ကျွန်တော်အထိတ်တလန့် ဖြစ်သွားရသည်။
ကွေးသောလက် မဆန့်မီ
ဆန့်သောလက် မကွေးမီ
ဟူသောစကားက ကျွန်တော့်ကိုလာရောက်ခြောက်လှန့်နေသည်လား၊အသိပေးနေလား ။
ဝေခွဲမရတာတော့အသေအချာပင်။

===============
“အူး••• ဝု••• ဝူး ဝူး”
“အူး••• ဝု••• ဝူး ဝူး”
ဒေါ်လေးအေးလှ ရက်လည်သည့်ညမှာ ရပ်ကွက်ထဲ ခွေးတွေတရစပ် ဆွဲဆွဲငင်ငင် အူနေတာပါပဲ။
ကောင်းကင်မှာလည်း ညဉ့်နက်သန်းကောင် ငှက်ဆိုးထိုးသံ တစ်ချက်တစ်ချက်ကြားနေရသည်။
နိမိတ်က ကောင်းလှသည် မဟုတ်ချေ။
ကုသိုလ်ရေးမို့ နာရေးအိမ်တွေ မဏ္ဍပ်လိုက်ဆင်ရသော်လည်း စိတ်ထဲတစ်ခါတစ်ရံ ဘဝင်မကျ ဖြစ်ရသည်။
ခုနှစ်ရက်သားသမီးတွေ ဆုံးပါးမှရသည့် ကုသိုလ်က မှန်မှ မှန်ပါ့မလား။ကျွန်တော်အတွေးဖြင့် ဝေခွဲမရချင်ပြန်။
စိုးပိုင်အဆွယ်ကောင်း၍သာ မဏ္ဍပ်ကုသိုလ်ပါဝင်ခဲ့ရသောကျွန်တော်။
နာရေးရှိလျှင် ဘာအလုပ်တွေ
ရှိရှိပစ်ကာ မဏ္ဍပ်ထိုးဖို့ တက်ကြွ အားသန်နေမိတာ လမ်းကြောင်းများ မှားပြီလား ဆင်ခြင်နေမိသည်။
“ကုသိုလ်ယူတာပဲလေ”ဟူသော အတွေးဖြင့် မိုးလင်းလုမှ အိပ်ပျော်သွားခဲ့ ရပါသည်။

================
“သူငယ်ချင်း ထပါကွ”
“ဟေ၊အေးကွာ အားနာလိုက်တာ”
“ဘာလို့အားနာရမှာလဲ၊မျက်နှာသစ်ပါဉီး.”
“အေးပါ စိုးပိုင်ရ၊ညက အတော်နဲ့အိပ်မပျော်လို့ပါ”
“ဟေ့ကောင်ရာ ဘာမှရှင်းပြမနေနဲ့ မလိုအပ်ဘူးကွ”
“ဟုတ်ပါပြီ သူငယ်ချင်း”
စိုးပိုင်က နာရေးအကြောင်းမရှိလျှင် တော်ရုံကိစ္စနှင့် အိမ်လည် မလာတတ်တာမို့ ကျွန်တော်မျက်နှာကပျာကသီ သစ်လိုက်သည်။
“ဘယ်သွားမှာလဲသူငယ်ချင်း”
“ကိုတင်လှိုင့်အိမ်ကွာ”
“ကိုတင်လှိုင် ဘာဖြစ်လို့လဲကွ”
ကျွန်တော် သိချင်သွားသည်။
“ဘာမှမဖြစ်ဘူး ကွ၊သူ့အိမ်မှာ ရဟန်းခံရှင်ပြုပွဲ မဏ္ဍပ်လေးထိုးချင်လို့ ဖုန်းဆက်အကူအညီတောင်းတယ် သူငယ်ချင်း”
“ဟာ အဲ့ဒါမှအခက်ပဲကွာ
၊ငါတို့က နာရေးပဲမဏ္ဍပ်ထိုးတာလေ”
“သူကလည်း ရပ်ရေးရွာရေးမနှေးတဲ့သူဆိုတော့ ခက်တယ်”
“ဟုတ်တယ်ကွာ”
“လောလောဆယ်တော့ နာရေးမရှိသေးဘူးဟ”
“မင်းဘယ်လိုသဘောရလဲသူငယ်ချင်း”
ကျွန်တော်နှင့်စိုးပိုင် တစ်ယောက်တစ်ခွန်း စကား တပြောပြောလျှောက်လာတာ ကိုတင်လှိုင်တို့အိမ်နား ရောက်မှန်းပင် မသိလိုက်။
ကိုတင်လှိုင်က လမ်းထဲမှာသာရေးနာရေးဖြစ်တိုင်း ၊အလုံးစုံ ရှေ့မှဉီးဆောင် လုပ်ကိုင်ပေးတတ်သူ။ပိုက်ဆံလည်း အရေးဆိုလက်နှေးတတ်သူ မဟုတ်။
သူက လတ်တလော မဏ္ဏပ်အားနေတာ အသေအချာသိ၏။
နာရေးရှိလျှင် ကိုတင်လှိုင်က ကျွန်တော်တို့နှင့် လိုင်းချင်းမတူသော်လည်း တခြားအလုံးစုံကိစ္စများ (အစအဆုံး)ကူညီပေးနေကြ။
“လာကြ၊ထိုင်ကြကွာ”
ကိုတင်လှိုင်တစ်ယောက် ကျွန်တော်နှင့်စိုးပိုင်ကို မြင်မြင်ချင်း အပြုံးနှင့် ဆီးကြိုသည်။
လက်ဖက် တစ်ပန်းကန်၊ဆေးလိပ် တစ်ခွက်၊
ကွမ်းတစ်အစ်တို့ တည်ခင်းကာ သူ့အိမ်မှာ အလှူအတန်းကိစ္စ စကားပြောဆို ဆွေးနွေးနေကြဟန် တူသည်။ရပ်မိရပ်ဖ ဦးးညီပု၊ဦးသာတင့်နှင့်ဦးထွန်းလင်းတို့ပါ ရောက်နေ၏။
“မောင်ရင်တို့ကိုဂုဏ်ယူပါတယ်ကွာ”
ဦးညီပုက ကျွန်တော်နှင့်စိုးပိုင်ကို တွေ့တာနှင့် ချီးကျူးစကားဆိုတော့သည်။
“ကျေးဇူးပါ အဘ.”
ကျွန်တော် ရိုသေစွာဖြေလိုက်၏။
“ရပ်ကွက်ထဲလည်းကွာ ခုတလော နာရေးတွေဆက်နေပါ ရောလား”
“ဟုတ်ကဲ့ခင်ဗျ.”
စိုးပိုင်ကလည်း ဦးထွန်းလင်းစကားကို အလိုက်သင့်ဖြေ၏။
“မောင်ရင်တို့လည်း ပွဲဆက်များလှတော့ ပင်ပန်းနေမှာပေါ့”
“ဒီလောက်လည်း မဟုတ်ရပါဘူး အဘရယ်”
အဘဦးသာတင့် စကားကို အပြုံးဖြင့် ကျွန်တော်ဖြေလိုက်သည်။
ထို့နောက်လမ်းထဲမှ နာရေးများအကြောင်း၊သေဆုံးသည့် ရောဂါများအကြောင်း၊ရပ်ကွက်လမ်းအတွင်း ၊အန္တရာယ်ကင်း ပရိတ်ပဌာန်းများ ရွတ်ဖတ်ကြရန်အကြောင်း စသည်ဖြင့် အာလာပ သလ္လာပ ပြောဆိုဖြစ်ကြသည်။
စကားဝိုင်းအဆုံးသတ်မှာတော့ အားနေသည့် မဏ္ဏပ်အား ကိုတင်လှိုင့်အိမ် အလှူမဏ္ဍပ်အဖြစ် ငါးရက်ခန့်ကြိုတင်ထိုးထားပေးရန် ကျွန်တော်နှင့် စိုးပိုင်သဘောတူ ခဲ့ရပါတော့သည်။
================
ယခုညလည်း မနေ့ညလိုပင် ခွေးအူသံနှင့် ငှက်ဆိုးထိုးသံ တွေ တရစပ် ကြားနေရပြန်သည်။
သို့ပေမဲ့ မနေ့ညက အိပ်ရေးပျက်ထားတာမို့ ကျွန်တော့် မျက်လုံးတွေ ကြောင်မနေဘဲ နှစ်ခြိုက်စွာအိပ်မောကျ သွားခဲ့ပါသည်။
မနက်လင်းတော့ နာရေးသတင်းတစ်ခုက ကျွန်တော့်ထံ ထိတ်လန့်ဖွယ် ရောက်ရှိလာခဲ့သည်။
ညက
သူငယ်ချင်း စိုးပိုင်တစ်ယောက် ဉီးနှောက်သွေးကြောပြတ်ကာ ဆုံးပါးသွားသည့်သတင်းပါပဲ။
ကျွန်တော့်ငယ်ထိပ်ကို မိုးကြိုးအချက်ပေါင်းများစွာပစ်ချခံရသကဲ့သို့၊
ရင်ထဲတွင်လည်း မီးတောင်တစ်ထောင်ခန့် ပေါက်ကွဲသကဲ့သို့ ခံစားခဲ့ရသည်မှာ စာဖွဲ့ မပြနိုင်ပေ။
ဝမ်းနည်းကြေကွဲခြင်း
၊ဆို့နင့်ပူလောင်ခြင်းဝေဒနာတွေက ကျွန်တော့်နှလုံးအိမ်ကို အသက်ရှူရပ်တမျှ ခံစားစေခဲ့ရသည်ဟူလျှင် မည်သူငြင်းအံ့နည်း။
ရဟန်းခံရှင်ပြုအလှူ ရက်အကန့်အသတ်မရှိရွှေ့လိုက်ကြောင်း နာရေးအိမ်မှာ ကိုတင်လှိုင်ပြောနေသံ ကြားရသည်။
သူငယ်ချင်း၏ နာရေးကို ပြုလုပ်နေကြ ထုံးစံအတိုင်း စီစဉ်ရန် ကိုတင်လှိုင် အလုပ်ရှုပ်ပြီတည်း။

============
သေချာတာ တစ်ခုက
အသက်ရှင်စဉ်် ကုသိုလ်ယူတတ်ရန်နှင့် အသိသတိရှိရန် လမ်းပြပေးခဲ့သော ၊လမ်းထဲမှာ နာရေးများဆက်နေကြောင်းမှတ်မှတ်ရရ ပြောကြားခြင်းပြုခဲ့သော၊ သူငယ်ချင်းစိုးပိုင်၏ နာရေးမဏ္ဍပ်ကို မည်သည့်ခွန်အားနှင့်မျှကျွန်တော် တက်ရောက် ဆင်ပေးနိုင်တော့မည် မဟုတ်ချေ။ ။

အောင်မြင့်သောင်း(ဘူမိဗေဒ)
===================