သစ္စာစီးချင်းထိုးပွဲ(စ/ဆုံး)
————————-
“ဟဲလို.မမလား.ကျွန်တော်.ကောင်းမြတ်ပါ”
“အေး.ပြော.မောင်လေး”
“မမအခု.ဘယ်ရောက်နေပြီလဲ.
မန္တလေးရောက်နေပြီလား.
ကျွန်တော်.အရေးကြီးတဲ့.စကား.ပြောစရာရှိလို့”
“ပြော.မောင်လေး.နောက်ထပ်၁နာရီလောက်ဆို.
မမ.မန္တလေး.ရောက်ပြီ.ပြောလို့ရတယ်”
“ကျွန်တော်ပြောတာ.သေချာနားထောင်.
မမယောက်ျား.ကိုသက်.Ktvက.ကောင်မလေး.
၁ယောက်နဲ့.ထွက်ပြေး.သွားပြီ”
“ဘာ”
“အကြောင်းစုံ.အိမ်ရောက်မှ.ကျွန်တော်အားလုံး
ပြောပြမယ်.ဒါပဲ့နော်မမ.မမကားမောင်းနေတာ
ဖုန်းအကြာကြီး.ပြောလို့.မကောင်းဘူး”
နီ့ရင်မှာ သောက မီးတောက်နေရပြီ။
ကြားလိုက်ရသော သတင်းစကားက
ရင်ဝကို ဆောင့်ကန်ခံလိုက်ရသလိုလိုပါပဲ။
ရင်ထဲမှာ ဝမ်းနည်းနာကျင်မှုနှင့်အတူ မျက်ဝန်းမှ
မျက်ရည်များ သူ့အလိုလို စီးကျလာသည်။
ကိုသက် ရှင်လုပ်ရက်လိုက်တာ။သားလေးရဲ့
မျက်နှာကိုမှ မထောက်။ရှင်လုပ်ရက်တယ်။
နေနှင့်အုံးပေါ့။ရှင်နဲ့ ကျွန်မတွေ့ကြသေးတာပေါ့။
ဒေါသများဆူဝေလာကာ လီဗာကို ခပ်ကြမ်းကြမ်း
ဖိနင်းလိုက်ပြီး ကားကို အမြန်မောင်းလိုက်မိသည်။
နီမန္တလေးကို အမြန်ရောက်ချင်လှပြီ။
အမြန်ရောက်မှ ဖြစ်မည်။
အကြောင်းစုံ သိချင်လှသည်။
နီက နေပြည်တော်သို့ အလုပ်ကိစ္စတစ်ခုဖြင့်
၁ပတ်ခန့် ရောက်နေရာမှ ယခုအလုပ်ကိစ္စပြီး၍
မန္တလေးသို့ ပြန်လာခဲ့ခြင်းဖြစ်သည်။
ဒေါသကို မထိန်းချုပ်နိုင်ပဲ ရင်ထဲမှာ
ယူကျုံးမရ ဆောက်တည်ရာမရ ဖြစ်နေမိသည်။
ဒေါသဖြင့် ဘာကိုမျှမမြင် မဆင်ခြင် မစဉ်းစားနိုင်ပဲ
ရှေ့မှ ကားတစ်စီးကို ခပ်မြန်မြန်
ကျော်တက် ပစ်လိုက်သည့်ခဏ.
မျက်နှာချင်းဆိုင်မှ လာနေသော
ကုန်ကားကြီးတစ်စီးနှင့် ထိပ်တိုက်တိုးတော့သည်။
အရှိန်က မြန်သည်။ရှောင်ချိန်မရ။
ဘရိတ်ကို နင်းသော်လည်း အချိန်မမှီတော့ပါ။
နီထိတ်လန့်တကြားမျက်လုံးကို စုံမှိတ်ချလိုက်သည်။
နီ့ကားလေးကကုန်ကားကြီးဆီသို့ အရှိန်ပြင်းစွာဖြင့်…
“ကျွီး.ဝုန်း.ဒုန်း”
ပြင်းထန်ကျယ်လောင်လှသော ကားချင်းထိခတ်သံ
နှင့်အတူနီ့ရဲ့ကားလေးလေပေါ် မြောက်တက်သွားသည်။
အသည်းခိုက်မျှ နာကျင်လွန်းလှသော ခံစားချက်
ဝေဒနာနှင့်အတူ နီ့အသိအာရုံတခုလုံးက
အမှောင်ကမ္ဘာထဲသို့ ထိုး၍ထိုး၍။
*********************************************
နီသတိရလာသည်နှင့် နီ့တကိုယ်လုံး အရင်ကနှင့်
မတူ လွတ်လပ်ပေါ့ပါးမှုကို ခံစားနေရသည်။
နာကျင်မှု တစုံတရာမရှိ။နေလို့ကောင်းနေသည်။
“ဟင်.ဟိုရှေ့မှာ.လူတစ်စု.ဘာဖြစ်ကြတာပါလိမ့်
ဘုရား.ဘုရား.ကားချင်း.တိုက်ကြတာလား”
နီ.တဖြည်းဖြည်း.ထိုလူအုပ်အနား နီးကပ်လာသည်။
ရဲကားတွေရော.အရေးပေါ်လူနာတင်
ကားတွေရော အများကြီးပါလား။
ယာဉ်တိုက်မှု ဖြစ်တာတော့ သေချာသည်။
နီလူအုပ်ကြားထဲ တိုးဝင်ကြည့်လိုက်သည်။
ထိုလူအုပ်က နီ့ကို သတိမထားမိကြ။
မြင်ကြဟန်လည်းမတူ။
သူတို့ဖာသာသူတို့ တီးတိုး ပြောနေကြသည်။
နီကြားနေရသည်။
“မိန်းကလေးကတော့.ပွဲချင်းပြီးပဲဗျာ.သနားစရာ”
“ဘယ်လိုဖြစ်ကြတာလဲ.မသိဘူး.
ဟိုကုန်ကားမောင်းတဲ့.ကားဆရာလည်း
တော်တော်.ထိသွားတယ်.ပြောတယ်”
“ဟင်”
နီ့နှုတ်မှ အလန့်တကြား အာမေဋိတ်သံ
တစ်ချက် တအံ့တဩ ထွက်သွားရသည်။
ဒါ နီ့ကားပဲ။ကြည့်စမ်း.တိုက်ထားတာ
တော်တော် ပြင်းထန်ပုံရတယ်။
ကားရှေ့ခန်းတခုလုံး ပိန်ချိုင့်လို့ နေသည်။
ဒါဆို နီရော နီ ဒီကားကို မောင်းပြီး
နေပြည်တော်ကနေ ပြန်လာတာလေ။
“လမ်.နည်းနည်း.ဖယ်ပေးကြပါ.ဗျ”
အရေးပေါ်ကယ်ဆယ်ရေးဝန်ထမ်း
၂ယောက် အလောင်း၁လောင်းကို
ထမ်းစင်ဖြင့် သယ်ထုတ်လာကြသည်။
ထမ်းစင်ပေါ်မှ ထိုအလောင်းကို နီ
အနီးကပ် ကြည့်မိလိုက်တဲ့ အခါမှာတော့..
နီထိတ်လန့် တုန်လှုပ်သွားရသည်။
ထမ်းစင်ပေါ်မှာ.သွေးအလိမ်းလိမ်းဖြင့်.
ရုပ်ပျက် ဆင်ပျက်ဖြစ်နေသော နီ့ကိုယ်နီ
ပြန်မြင် လိုက်ရသောကြောင့် ဖြစ်သည်။
ဘုရား.ဘုရား.ဒါ.ဒါ.ငါပဲ။
ဒါဆို ငါက သေသွားခဲ့ပြီပေါ့။
မိမိကိုယ်ကို မိမိ ပြန်ငုံ့ကြည်မိ၏။
ဒါဆို.အခုငါက.ဝိညာဉ်၁ကောင်ဖြစ်နေတာပေါ့။
နီ့ကိုယ်နီ ကိုင်ကြည့်သည်။ကိုင်လို့မရ။
ထိကြည့်သည်။ထိလိုမရ။လေကိုကိုင်မိသလိုပဲ။
ဘေးက လူတွေကို လိုက်ခေါ်ကြည့်သည်။
နီ့ခေါ်သံကို တစ်ယောက်မျှ ကြားကြဟန်မတူ။
“သူ့အိမ်ကို.ဖုန်းဆက်.အကြောင်းကြား
ထားပြီးပြီလား.မောင်သိန်း”
“ဟုတ်ကဲ့.အကြောင်းကြား.ထားပြီးပါပြီ.ဆရာ.
သူ့မိသားစုတွေ.မကြာခင်
ရောက်လာပါလိမ့်မယ်.ဆရာ”
ဘေးက ရဲ၂ယောက် နီ့အလောင်းကို
ကြည့်ပြီး အပြန်အလှန် ပြောနေကြတာကို
နီအတိုင်းသား ကြားနေရသည်။
“အား”ရင်ထဲမှာ ဆောက်တည်ရာမရအသံကုန်
အော်ဟစ်ပစ်လိုက်ရင်း နီချုံးပွဲချ ငိုချပစ်လိုက်သည်။
နီသေသွားပြီပေါ့။နီသေသွားခဲ့ပြီပေါ့။
နီ့မျက်ဝန်းမှ မျက်ရည်များ စီးကျလာသည်။
“မေမေ.ညီမလေး.မောင်လေး.သားလေး”
နီဘာလုပ် ရမလဲ။နီ့အဖြစ်ကို မြင်လှည့်ကြပါအုံး။
နီဘယ်သူ့ကို ပြောပြရမလဲ။
နီ ဘယ်သူ့ကို အကူအညီ တောင်းရမလဲ။
နီ့ကို ကူညီကြပါအုံး။
နီ့ကို ကူနိုင်မဲ့သူ မရှိကြတော့ဘူး လားရှင်။
*******************************************
နီ့ရဲ့အသုဘ၊နာရေး နောက်ဆုံးနေ့ ဖြစ်သည်။
နီ့ရဲ့အသုဘနောက်ဆုံးခရီးကို
လိုက်ပါပို့ဆောင်သူ
လူတွေ များပြားလွန်းလှပါသည်။
သည်းအူပြတ်မျှ ငိုကြွေးနေကြသော
နီ့ရဲ့မေမေ.နီရဲ့ညီမလေး.မောင်လေးနဲ့
၅နှစ်အရွယ်သာ ရှိသေးတဲ့ နီ့ရဲ့ရင်နှစ်သည်းချာ
သားလေးတို့ ငိုကြွေးနေကြသည့်မြင်ကွင်းကို
နီ.ဒီအတိုင်းသာ ရင်နစ်စွာ ငေးကြည့်နေရသည်။
ခေါ်လို့လည်းမရ။အော်လို့လည်းမကြား။
မည်သူ့ကိုမျှ ထိလို့ ကိုင်လို့လည်းမရ။
နီဘာမျှ မတတ်နိုင်။
မေမေငိုနေတာကို နီနှစ်သိမ့်ပေးချင်လှသည်။
မေမေ့မျက်ရည်တွေကို နီသုတ်ပေးချင်သည်။
သားလေးကို နီပွေ့ချီ နမ်းရှိုက်ချင်လှသည်။
မေမေ့.သားလေးရယ်.အခုတော့
မေမေ့သားလေး.အမေမဲ့ရရှာပြီ..
နီယူကျုံးမရစွာ ရှိုက်ကြီးတငင်ငိုချလိုက်မိသည်။
နီကြည့်နေစဉ်မှာပင်.နီ့အလောင်းကို
မီးသဂြိုလ်စက်ထဲ ထည့်သွင်းလိုက်ကြပြီ။
“အမလေး.သမီးကြီးရေ့..မေမေတို့ကို
ထားသွားခဲ့ပြီလား.သမီးကြီးရဲ့”
မေမေ နီ့နာမည်ကို အော်ခေါ်ရင်း
သတိလစ် မေ့လဲသွားသည်ကို နီမြင်နေရသည်။
နီ့ရင်ထဲဆို့နစ်နေသည်။နာကျင်နေသည်။
နီ့မျက်ဝန်းအိမ်မှ မျက်ရည်များက တလိတ်လိတ်။
မောင်လေးနှင့် ညီမလေးက မေမေ့ကို
ပွေ့ချီ ခေါ်ထုတ်လာကြသည်။
နီ့နာရေးကို လိုက်ပါပို့ဆောင်သူများက
မေမေ့ကို ပွေ့ပြီး ကားပေါ်ဝိုင်းတင်ပေးကြသည်။
မောင်လေး.ကောင်းမြတ်နှင့် ညီမလေးစိမ်းတို့ရဲ့
မျက်နှာများက နီရဲ မို့အစ်နေကြသည်။
ငိုထားမှန်းသိသာလှသည်။
မောင်လေးကောင်းမြတ်က အံကိုတင်းတင်းကြိတ်
လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားသည်။
မီးသဂြိုလ်စက်ရှိရာသို့ တချက်လှမ်းကြည့်ကာ
ကားကို မောင်းထွက်သွားတော့သည်။
နီ့ရင်မှာ ဟာပြီး ကျန်ခဲ့သည်။သွားပြီ။
မိသားစုတွေ အားလုံးထွက်ခွါ သွားကြပြီ။
နီ့ကို အားလုံးချန်ထားရစ်ခဲ့ကြပြီ။
ဒါတွေ အားလုံး ဒီလိုဖြစ်ရတာ.ဒင်းကြောင့်။
“ကိုသက်မင်း.ရှင်.ထမင်း.ဝအောင်သာ
စားထားပေတော့.ကျွန်မအခုလို.အသေဆိုးနဲ့
သေခဲ့ရသလို.ကျွန်မ.မိသားစု.စိတ်ဆင်းရဲ.
ကိုယ်ဆင်းရဲခံစားရသလို.ရှင်လည်း
ပြန်ခံစားစေရမယ်.ကြည့်နေ.ရှင်နဲ့ ရှင့်ကောင်မကို
ကျွန်မ.ရအောင်လက်စားချေပြမယ်.တောက်။
ရှင်တို့နှစ်ယောက်ကို ကျွန်မ ဘယ်တော့မှ မကြေဘူး။
ရှင့်ကို.လက်စား.မချေရ.မချင်း.ကျွန်မဒီဘဝ
သာဓုမခေါ်ဘူး.ကောင်းရာ.ဘုံဘဝကို.
ကျွန်မ ဘယ်တော့မှ.မသွားဘူး။
နီလက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။
နှုတ်ခမ်းကို နာနာကျင်ကျင် ကိုက်ပစ်လိုက်သည်။
ဒေါသကြောင့် နီအသားများ
တဆတ်ဆတ်တုန်လာသည်။
မီးဝင်းဝင်းတောက်နေသောမျက်လုံးများဖြင့်
ရင်ထဲမှာတော့.ခင်ပွန်းဟောင်းဖေါက်ပြန်သူ
သစ္စာဖောက် ကိုသက်မင်းနှင့် သူ့ရဲ့မယားငယ်
ကြာကူလီမတို့ကို နာကျည်း ခံပြင်းစွာ
အမုန်းမီးတောက်များ အလျံတညီးညီး
တောက်လောင်လျက်ရှိနေပါတော့သည်။
********************************************
လမိုက်ညအမှောင်ထုက ပိန်းပိတ်အောင်မှောင်နေသည်။
ပတ်ဝန်းကျင် တခုလုံးတိတ်ဆိတ် ငြိမ်သက်နေသည်။
အချိန်ကား ည(၁)နာရီ ဝန်းကျင်ခန့်ရှိပေမည်။
လမ်းထဲသို့ဝင်လာသော နီ့ကိုမြင်သည်နှင့်
ခွေး၁ကောင်က စူးစူးဝါးဝါးထအူလေသည်။
နီဂရုမစိုက်။ရှေ့သို့ ဆက်လှမ်းလာခဲ့သည်။
ခြံတစ်ခြံရှေ့တွင် နီရပ်လိုက်သည်။
ခြံထဲသို့ တချက်အကဲခတ် ကြည့်လိုက်ပြီး
နီ.ဒီအတိုင်း တိုးဝင်လိုက်သည်။
နီ့ခန္ဓာကိုယ်က ခြံတံခါးကို ဖောက်ပြီး
သူ့အလိုလို တိုးဝင်သွားသည်။
နီ တချက်ပြုံးလိုက်သည်။
ဒီလို လကွယ်ည သန်းခေါင်ယံအချိန်ဟာ နီတို့လို
အမှောင်လောကသား မကောင်းဆိုးဝါး
ဝိညာဉ်.ပရလောကသားတို့အဖို့ စွမ်းအင်
အလွန်ထက်မြက်သော အချိန်လည်း ဖြစ်လေသည်။
နီအိမ်ကြီးပေါ်သို့ တလှမ်းချင်းတက်လာခဲ့သည်။
ဒီအိမ်က နီနဲ့ ကိုသက်မင်းတို့ အိမ်ထောင်ကျပြီး
အရင်နေခဲ့တဲ့ ကိုသက်မင်းမိဘများ အိမ်ပါ။
ပြင်ဦးလွင်မြို့တွင်ရှိသည်။
ကိုသက်မင်းမိဘများကမရှိကြတော့ပါ။
ဆုံးပါးသွားခဲ့ကြပါပြီ။
အောက်ထပ်တွင် နီဝေ့ဝဲအကဲခတ်ကြည့်လိုက်သည်။
အောက်ထပ်ရှိအခန်း၁ခန်းထဲတွင်
အသက်၇၀အရွယ်အဖွားအို၁ဦးအိပ်နေသည်။
နောက်ထပ်အခန်း၁ခန်းထဲတွင်
အသက်၂၀အရွယ် ကောင်မလေး၁ယောက်
အိပ်ပျော်နေသည်။နီနှာခေါင်းရှုံ့လိုက်မိသည်။
မယားငယ်မက ဇိမ်ကျလို့။ဒင်ပဲဖြစ်ဖို့များသည်။
တဖန်အိမ်ကြီးပေါ်ထပ်ရှိ ကိုသက်မင်း
အခန်းရှိရာဆီသို့ နီတက်လာခဲ့ပြန်သည်။
အခန်းထဲတွင် မီးရောင်လဲ့လဲ့ကို နီတွေ့ရသည်။
အခန်းကို အတွင်းမှ လော့ချထားသည်။
နီအခန်းထဲသို့ ဒီအတိုင်းတိုးဝင်လိုက်သည်။
ကိုသက်မင်းက ကုလားထိုင်၁လုံးပေါ်တွင်ထိုင်နေသည်။
သူ့ရှေ့စားပွဲပေါ်တွင် အရက်ပုလင်းတွေနှင့်
အမြည်း ပန်းကန်များ စုံစုံလင်လင်။
နီ ခေတ္တမျှ ရပ်ကြည့် နေလိုက်သည်။
ကိုသက်မင်းက အရက်ခွက်ကို ကိုင်သောက်ရင်း
လက်ထဲမှာ ဓါတ်ပုံ၁ပုံကိုလည်း စူးစိုက်ကြည့်နေသည်။
နီသူ့အနားသွားကာ သူ့လက်ထဲမှ ဓါတ်ပုံကို
အနီးကပ်.ကြည့်လိုက်မိသည်။
“ဟင်”နီအံဩသွားရသည်။
သားလေးကို ချီပွေ့ရင်း ပြုံးပျော်
ရယ်မောနေကြသော နီတို့ သားအမိရဲ့ ပုံပါလား။
စိုက်ကြည့်နေတဲ့ သူ့မျက်ဝန်းမှာလည်း
မျက်ရည်စတွေနှင့်။အလို.သူ ငိုလို့ပါလား။
“နီ.နီရာ.မင်းကိုယ့်ကိုအစောကြီး
ထားသွားရက်တယ်ကွာ.
ကိုယ်ဘယ်လိုလုပ်ရမလဲ.ကိုယ်မခံစားနိုင်ဘူး.ကွာ
မင်း.စိတ်ချပါ.မင်း.မရှိတော့ပေမဲ့.မင်းရဲ့ကိုယ်ပွါး
သားလေးကို.မင်းကိုယ်စား.ကိုယ်တသက်လုံး
စောက်ရှောက်ပါ့မယ်လို့ကိုယ်ကတိပေးပါတယ်.ကွာ”
သူပြောနေတာကို နီကြားနေရသည်။
ဘုရား.ဘုရား.သူ နီ့နာမည်ကို တမ်းတနေတာလား။
မယားငယ်ခိုးပြေးသွားတဲ့သူက
နီ့ကိုတမ်းတနေစရာလား။
နီ အံကို တင်းတင်း ကြိတ်လိုက်သည်။
လက်စားချေရမည်။ဒင်းတို့၂ကောင်စလုံးကို။
နီဘာလုပ်ရမလဲ။ဟုတ်ပြီ။
ဟိုကောင်မ ခန္ဓာကိုယ်ထဲ နီ ဝင်ပူးရမည်။
နီသူ့အခန်းထဲမှ အသာလေး ပြန်ထွက်လာခဲ့သည်။
အောက်ထပ်ရှိ အခန်းထဲတွင် အိပ်ပျော်နေသော
မယားငယ်မ ကိုယ်ပေါ် နီလှဲအိပ် ချပစ်လိုက်သည်။
ထူးဆန်းစွာပင် နီ့ရဲ့ဝိညာဉ်က သူ့ရဲခန္ဓာကိုယ်နှင့်
တသားတည်း ဖြစ်သွားသည်။
ဝင်ရောက် ပူးကပ်လို့ ရသွားသည်။
နီမျက်လုံးကို ဖွင့်ကြည်လိုက်သည်။
လက်တွေကို လှုပ်ကြည့်လိုက်သည်။
လှုပ်လို့ရပြီ။ဟာ.နီဝမ်းသာလိုက်တာ။
နီအိပ်ရာပေါ်မှ တဖြည်းဖြည်းချင်း ထလိုက်သည်။
ထို့နောက် မီးဖိုချောင် အခန်းထဲသို့ ဝင်ကာ
သားလှီးဓား ၁ချောင်းကို ယူလာခဲ့သည်။
ကိုသက်မင်းရှိရာ အခန်းဆီသို့
နီတလှမ်းချင်း တက်လာခဲ့သည်။
နီကျေနပ်စွာ မဲ့ပြုံးတချက်ကို ပြုံးလိုက်သည်။
သွေးအေးအေးနှင့် ရက်စက်တော့မည့်
ကောက်ကျစ် စဉ်လဲသောအပြုံး
ဟုဆိုက ပိုမှန်ပေလိမ့်မည်။
“ကိုသက်မင်း”
သူ့နောက်မှ.ခေါ်သံကြောင့် ကိုသက်မင်း
ငိုင်နေရာမှ ဆတ်ကနဲ လှည့်ကြည့်လာသည်။
ကိုသက်မင်း မျက်လုံးများက ရီဝေဝေ။
“ဟင်”
လက်တဖက်က ဓားကိုကိုင်ကာ သူ့ကို
အေးစက်စက်အပြုံးနှင့် ငုံ့မိုးစိုက်ကြည့်နေသော
နီ့ကို သူက မျက်လုံးအပြူးသား
တအံတဩ အလန့်တကြားကြည့်ကာ..
“သူဇာ.မင်း.မင်း.ဒါ.ဘာလုပ်တာလဲ.ငါ့အခန်းထဲ.
မင်း.ဘယ်လို.လုပ်ပြီးဝင်လာတာ.လဲ”
“ဟား.ဟား.ဟား”
နီအားရပါးရ အူလှိုက်သည်းလှိုက် ရီမောလိုက်သည်။
သူ့ရဲ့မယားငယ်မ ကိုယ်ထဲ နီဝင်ပူးကပ်နေတာ
သူ သိသေးဟန်မတူ။
“ဒီမှာ.ကိုသက်မင်း.ရှင်က.ကျွန်မကို.
ရှင့်မယားငယ်မ.သူဇာများ မှတ်နေသလား.
ဟား.ဟား.ဟား.
ကျွန်မက.သူဇာ.မဟုတ်ဘူး.
ရှင့်ရဲ.ဖောက်ပြန်မှု.သတင်းကို ကြားပြီး.
ကားအက်စီးဒင်းဖြစ်လို့.အသေဆိုးနဲ့
သေခဲ့ရတဲ့.နီနီမြင့်ပဲ.
ရှင်ရဲ့.သစ္စာပျက်မှုကို မကျေနပ်လို့
တမလွန်ကနေ.သစ္စာလျော်ကြေး.လာယူတာ.
ဒီနေ့ဟာ.ရှင့်ရဲ့သေနေ့ပဲ.ရှင်တို့၂ယောက်စလုံးကို
ကျွန်မသတ်ရမှ.ကျေနပ်မှာ.ဟား.ဟား”
“မင်းက.နီနီမြင့်.ဟုတ်လား”
“ဟုတ်တယ်.ရှင့်ရဲ့.မယားငယ်မ.ခန္ဓာကိုယ်ထဲ
ဝင်ပူးထားတဲ့.ကျွန်မ.နီနီမြင့်ပဲ”
“နီ.မင်း.မှားမယ်နော်.မင်းကို.ကိုယ်ရှင်းပြပါရစေအုံး”
“ဘာ.အခုမှ.သေရမှာ.ကြောက်လို့.
သွေးရူးသွေးတန်းနဲ့ .ရှင်းပြမယ်လုပ်နေတာလဲ
ကျွန်မကတော့ ရှင့်ကို.ချစ်လိုက်ရတာ.
သားလေးရဲ့မျက်နှာကိုမှ.မထောက်.
ရှင်မို့.လုပ်ရက်တယ်.ဖေါက်ပြန်ရက်တယ်
ရှင့်ကြောင့်.ကျွန်မ.မသေသင့်ပဲ.သေခဲ့ရတယ်.
ရှင့်ကြောင့်.ကျွန်မသားလေးနဲ့
ကျွန်မ သေကွဲကွဲခဲ့ရတယ်.
ကျွန်မတို့.မိသားစုစိတ်ဆင်းရဲ
ကိုယ်ဆင်းရဲဖြစ်ခဲ့ရတယ်
ရှင့်ကို ကျွန်မ သိပ်စိတ်နာတယ်..
ရှင့်ကို.ကျွန်မ.ဒီတသက်မကြေဘူး.ခွင့်မလွတ်ဘူး.
သစ္စာဖောက်.တဏှာရူးကောင်ရဲ့”
နီသူ့ဆီသို့ ပြေးဝင်ကာ ခုန်အုပ်ပစ်လိုက်သည်။
သို့သော် ကြမ်းပြင်ပေါ်မှာ ကျနေသော စောင်ဖြင့်
ခြေထောက် ချိတ်ကာ နီလဲကျသွားသည်။
နီလက်ထဲမှ ဓားကြမ်းပြင်ပေါ် လွတ်ကျသွားသည်။
သူက ဓားကိုပြေးကောက်ကာ နီဘက်သို့ ရွယ်ရင်း
“နီ.ရှေ့တိုးမလာနဲ့နော်.မင်းထင်နေသလို.မဟုတ်ဘူး
ကိုယ်ရှင်းပြတာကို မင်း.နားထောင်ပါအုံးကွာ”
နီလဲနေရာမှ လူးလဲထလိုက်သည်။
သူ့ရှေသို့ တိုးသွားကာ သူလက်ထဲမှ
ဓားကို အတင်းဝင်လု လိုက်သည်။
သူကအလန့်တကြား ငုံ့ရှောင်ရင်း သူလက်ထဲမှ
ဓားဦးချွန်က မထင်မှတ်ပဲ နီ့ရဲ့
ဝမ်းဗိုက်ဆီသို့ စိုက်ဝင်သွားတော့သည်။
နီ့ကိုယ်ထဲမှ သွေးများ ဖြာကနဲ စီးကျလာသည်။
သူအလန်တကြားကြည့်နေသည်။
နီလိုချင်သောအကွက်ကို သူက
ဆိုက်ဆိုက်မြိုက်မြိုက်တိုးဝင်လာသည်။
နီကျေနပ်စွာ ပြုံးလိုက်သည်။
ပြီးတော့ ဟက်ဟက်ပက်ပက်ရယ်မောလိုက်သည်။
“ရှင်.အခုသတ်နေတာ.ရှင်ရဲ့.မယားငယ်မသူဇာနော်
အခု.သူသေပြီ.ရှင်လည်း.သူ့ကိုသတ်မှုနဲ့.
ထောင်ထဲဝင်ရတော့မယ်.
ကျွန်မလို.ချင်တာ.ဒါပဲ.အစကတည်းက.
ရှင်ကိုသတ်ချင်ရင်အလွယ်လေး.
ဒါပေမဲ့.ကျွန်မ.မသတ်ဘူး.
ဘာဖြစ်လို့လဲဆိုတော့.ရှင်အစောနက.
ကျွန်မတို့.သားအမိရဲ့ဓါတ်ပုံကို.ကြည့်ပြီး.ငိုနေတာ.
ကျွန်မတွေ့တယ်.သားလေးကို.စောက်ရှောက်
မယ်ဆိုတဲ့.စကားကို.ကျွန်မကြားရတယ်.
သားလေးမှာ.အမေမရှိတော့ဘူး.အဖေရှိဖို့လိုတယ်
ဘာပဲဖြစ်ဖြစ်.ရှင်ထောင်ကျပြီးရင်.
ပြန်လွတ်လာအုံးမှာပဲလေ.
ဒီနေ့အတွက်တော့ ကျွန်မကျေနပ်တယ်”
“ခဏ.နီ.မင်း.ထွက်မသွားပါနဲ့.အုံး.
ကိုယ်.ရှင်းပြတာကို မင်း.တဆိတ်
နားထောင်ပေးပါအုံး.မင်းရင်ထဲမှာ
အာဃာတ.အစိုင်အခဲတွေ.တော်တော်များနေတယ်.
ဒီအတိုင်း.ထွက်သွားရင်.မင်း.
ဘဝကူးကောင်းမှာ.မဟုတ်ဘူး.
ကိုယ်.ချေဖျက်ပေးပါရစေ.
သူဇာက.မင်းထင်သလို.ကိုယ့်ရဲ့
မယားငယ်လည်းမဟုတ်ဘူး.
ကိုယ်နဲ့သူ ဘာမှလည်းမဆိုင်ဘူး.
ကိုယ့်ရဲ့တူမလေး၁ယောက်လိုပဲ
ကိုယ်သဘောထားတာအခုပြင်ဦးလွင်က.
ကိုယ်တို့ခြံဘေး၂ခြံကျော်က
ဖွါးဖွါးဒေါ်ကြာညွှန့်ရဲ့မြေးမလေးပါ.
ဖွါးဖွါးဒေါ်ကြာညွှန့်က.အရင်.
ကိုယ့်အဖွားရှိစဉ်ကတည်းက ဒီအိမ်ကြီးမှာ
အိမ်တော်ထိန်းလုပ်ခဲ့တဲ့သူ.နောက်ပိုင်း.
အသက်အရွယ်ကြီးလာလို့.မလုပ်နိုင်တာနဲ့
ကိုယ်တို့ ဖွါးဖွါးကပဲ.ခြံလေး.ဝယ်ပေးပြီး.
အိမ်လေးဆောက်ပေးခဲ့တာ.
အခုကိုယ်.ဒီမှာနေတဲ့.အတောအတွင်း
ကိုယ်တစ်ယောက်တည်း စားတာသောက်တာ
အဆင်မပြေအခက်အခဲဖြစ်နေမှာ.စိုးလို့ ဖွါးဖွါးတို့
မြေးအဘွားက.ကိုယ်နဲ့ တကူးတက.လာနေပေးတာ.”
“သူဇာktvမှာ.အလုပ်လုပ်နေတယ်ဆိုတာလည်း.
အစက.ကိုယ်မသိခဲ့ဘူး.ဒီပြင်ဦးလွင်ရောက်မှ
သိရတာပါ.မင်း.နေပြည်တော်သွားပြီး၃ရက်
လောက်အကြာ.နေပြည်တော်က ကိုယ့်သူငယ်ချင်း
ဆီက ဖုန်းဆက်တယ်.မင်းနေပြည်တော်မှာ
အကောင်တစ်ကောင်နဲ့.တွဲသွားနေတယ်ဆိုတဲ့သတင်း
အဲညက.မင်းနဲ့ကိုယ် ဖုန်းထဲမှာ.အကြီးအကျယ်
စကားများပြီး.ရန်ဖြစ်ခဲ့ကြတာ.မင်းမှတ်မိအုန်းမှာပေါ့.
အဲ.ရန်ဖြစ်ပြီး.မနက်ကျတော့.ကိုယ်လည်း
စိတ်ညစ်ညစ်စိတ်ပေါက်ပေါက်နဲ့.သားလေးကို.
မင်းအမေ.အိမ်ပို့ပေးခဲ့တယ်.မင်းအမေအိမ်မှာ.
ဘယ်သူမှမရှိကြဘူး.ထမင်းချက်
မကြည်၁ယောက်ပဲရှိတယ်”
“မိသားစုတွေအားလုံးအလှူအိမ်သွားကြတယ်
ပြောတယ်.ဒါနဲ့သားလေးကို.မကြည်ထံ.
ကိုယ်.အပ်ထားခဲ့တယ်.အကျိုးအကြောင်းတော့.
ကိုယ်.မမှာခဲ့မိဘူး.ပြီးတော့ အဝတ်အစားတွေ.
ထုပ်ပိုးပြီး ပြင်ဦးလွင်က.ကိုယ်တို့.အိမ်မှာ
စိတ်ပြေလက်ပြောက် တစ်ယောက်တည်းနေမယ်လို့
စိတ်ကူးပြီး ပြင်ဦးလွင်.တက်သွားခဲ့တယ်
လမ်းမှာ.သူဇာတို့စီးလာတဲ့.ကားဘီးပေါက်နေလို့.
လမ်းကြုံတာနဲ့.သူဇာ့ကို.လမ်းကြုံခေါ်လာခဲ့တယ်.
ဒါကို.ကောင်းမြတ်သူငယ်ချင်းက.မြင်ပြီး.
ကိုယ် ktvက.မိန်းကလေးတစ်ယောက်နဲ့.
ထွက်ပြေးသွားပြီလို့.ကောင်းမြတ်ဆီ
ဖုန်းဆက်ပြောတယ်.သူဇာက.ပြင်ဦးလွင်ktvဆိုင်မှာ
လုပ်တာ.ကောင်းမြတ်သူငယ်ချင်းက.သိနေတာ
ဖြစ်ပုံရတယ်တကယ်ပါ.နီ.ကိုယ်မညာပါဘူးကွာ.
ကိုယ် နီ.အပေါ်မှာဘယ်တုန်းကမှ သစ္စာပျက်
ဖောက်ပြားခဲ့တာ.မရှိခဲ့ပါဘူးကွာ”
ဒါဆို နီတို့ကိုသက်အပေါ် အထင်လွဲမှားခဲ့ကြတယ်ပေါ့။
ဖြစ်ရလေ.ကိုသက်ရယ်။နီစိတ်မကောင်းလိုက်တာ။
နီစိတ်မကောင်းလိုက်တာရှင်။ဒါပေမဲ့အားလုံးပြီးခဲ့ပြီ။
ဘာမှပြင်ဆင်လို့မရတော့ဘူး.ကိုသက်ရယ်။
ရင်မှာ ဝမ်းနည်းနာကျင်မှုအရှိန်က တလိတ်လိတ်။
“ကိုယ်ဘယ်လောက်.သဝန်တိုပြီး.
ချစ်တတ်တယ်.ဆိုတာ.နီသိပါတယ်ကွာ.
ကိုယ့်မိန်းမအပေါ်.တခြားဘယ်
တစိမ်းယောကျ်ားလေး.တစ်ယောက်မှ.
မျက်လုံးနဲ့.စေ့စေ့ကြည့်တာတောင်
ကိုယ်မခံနိုင်တဲ့.ကောင်ပါကွာ.နီနဲ့သားလေးက
ကိုယ့်ရဲ့အချစ်.ကိုယ့်ရဲ့ဘဝ.ကိုယ့်ရဲ့အနာဂတ်ပါနီရာ.
နီကလွဲပြီး.ကိုယ်.ဘယ်မိန်းမကိုမှ.မချစ်ခဲ့ပါဘူး.
ကိုယ့်အပေါ် အထင်မလွဲပါနဲ့
ကိုယ်သစ္စာဆို.ကျိန်ဆိုဝံ့ပါတယ်.နီရာ”
“လူပျိုဘဝတုန်းက.ကိုယ် ရှုပ်ခဲ့.ပွေခဲ့တာ
မှန်ပေမဲ့.နီနဲ့.လက်ထပ်ပြီးတဲ့.နောက်ပိုင်း
ကိုယ်နီ့အပေါ်မှာ.သစ္စာရှိရှိ.
နီတစ်ယောက်တည်း.ကိုပဲ.ချစ်ခဲ့တာပါ.
တခြား.ဘယ်မိန်းမနဲ့မှ.မဖောက်ပြန်ခဲ့ပါဘူးကွာ
အခုအချိန်ထိပါနီ.နီရုတ်တရက်.ဆုံးသွားပြီ.ဆိုတဲ့
သတင်းလည်း.ကြားရော
ကိုယ်လေ.ဆောက်တည်ရာမရ.ရင်နစ်အောင်.
ကြေကွဲခံစား.နေခဲ့ရတာပါ.နီရာ”
“နီ့ကို.မိဘတွေ.လူကြီးချင်းသဘောတူလို့.
လက်ထပ်ရတာပါလို့.နီက.ထင်မယ်.
တကယ်တော့.အဲလို.မဟုတ်ဘူးနီ.
ပြင်ဦးလွင်ကဟိုတယ်၁ခုမှာ.နီ့ကို.
ပထမဦးဆုံး.မထင်မှတ်ပဲ.
ကိုယ်တွေ့သွားခဲ့တယ်.ကိုယ်နီ့ကို.မြင်မြင်ချင်း.
ရူးရူးမူးမူး.ချစ်သွားခဲ့တာပါ.နီရယ်.
ကိုယ်ဟာ.လူရှုပ်လူပွေမှန်းသိရင်.နီလက်မခံမှာကို
ကိုယ်သိနေတယ်.အဲဒါကြောင့်.နီ့နဲ့လက်ထပ်ခွင့်ရဖို့
လူကြီတွေကနေ.တဆင့်.ကိုယ်ကြိုးစားခဲ့ရတယ်.
ဖြစ်ချင်တော့နီရဲ့ဖေဖေနဲ့.ကိုယ့်ရဲဖေဖေက.
ငယ်သူငယ်ချင်း.အရင်းကြီးတွေ.ဖြစ်နေတယ်လေ
ကိုယ်ကံကောင်းခဲ့ပါတယ်.
ကိုယ်အစစအရာရာ.အဆင်ပြေခဲ့တယ်.
နီ့ကို.ပိုင်ဆိုင်ခွင့်ရတာ.ကိုယ်ဘယ်လောက်ရူးသွပ်
ပျော်ရွှင်ခဲ့ရသလဲဆိုတာ.နီသိမှာမဟုတ်ဘူး.
အခုတော့နီရယ်.နီကိုယ့်ကို.တစ်ယောက်တည်း
ထားခဲ့ရက်တယ်ကွာ.ကိုယ်ရူးတော့မယ်.သိလား”
ပြောရင်း ကိုသက်မျက်ဝန်အိမ်မှ မျက်ရည်များ
တသွင်သွင် အဆက်မပြတ် စီးကျလာသည်။
“နီရာ.ကိုယ့်ကြောင့်.မဟုတ်ပေမဲ့လည်း
ကိုယ့်ပယောဂကြောင့်.နီအခုလို.အဖြစ်ဆိုးနဲ့
သေခဲ့ရတာ.ကိုယ်.ရင်နာလို့.မဆုံးဘူးနီရာ.
နီကိုယ့်ကိုပါ.တခါတည်းခေါ်သွား.ပေးပါလားကွာ.
နီမရှိတဲ့.လူ့လောကကြီးထဲမှာ.ကိုယ်ဆက်ပြီး.
အသက်.မရှင်ချင်တော့ဘူး.နီရာ”
“နီ့အမှားလည်း.ပါပါတယ်.ကိုသက်ရယ်.
စကားတစ်ခုကို.လွယ်လွယ်ယုံ.သေချာ.မစူးစမ်း.
မဆင်ခြင်ပဲ.ကိုယ်တိုင်လည်း.သေချာမသိပဲ.
ယုံစားမိခဲ့တယ်.ဒေါသနဲ့.အမှားအမှန်.မစဉ်းစားပဲ
ဆုံးဖြတ်ခဲ့မိတယ်.မဝေခွဲနိုင်ခဲ့ဘူး”
နင့်သည်းလှိုက်ခါသော ရင်အစုံဖြင့်
နီ့မျက်ဝန်းအိမ်မှာလည်း မျက်ရည်များ
ပိုးပိုးပေါက်ပေါက် စီးကျ လာရသည်။
ကံကြမ္မာရယ်.ရက်စက်လိုက်တာ။
ဘာမဟုတ်တဲ့ အထင်လွဲမှု တစ်ခုကြောင့်
နီတို့ မိသားစုကမ္ဘာလေး.ပြိုပျက်ခဲ့ရပြီ။
ကိုသက်နဲ့သားလေကို နီသေကွဲခွဲခဲ့ရပြီ။
ခင်ပွန်းသည်ကိုသက်လည်း အရမ်းခံစားနေရပြီ။
“ရှင်သေလို့.မဖြစ်သေးဘူး.ကိုသက်.
သားလေး.အတွက်.ရှင်.ဆက်ပြီး
အသက်ရှင်နေမှ.ဖြစ်မယ်.သားလေး.အတွက်.
အဖေတစ်ယောက်.အနေနဲ့.ဖခင်မေတ္တာ.အပြည့်အဝ
ပေးပြီး.ဂရုစိုက်.ပြုစု.စောက်ရှောက်ပေးရမဲ့.
ဖခင်ဝတ္တရား.ရှင့်မှာ.ရှိသေးတယ်.သားလေးကို.
ရှင့်လက်ထဲမှာ.စိတ်ချလက်ချ.ကျွန်မထားခဲ့ပါရစေ.
ရှင်.ကျွန်မကို.ကတိပေးပါ.သားလေး.အတွက်
ရှင်အသက်ရှင်.နေပေးပါ့မယ်လို့.ရှင်ကျွန်မကို
ကတိပေးစမ်းပါ.ကိုသက်ရယ်”
“ပေး.ပေးပါတယ်နီရယ်.မင်း.စိတ်ဖြောင့်ဖြောင့်နဲ့
နောက်ဆံမတင်းပဲ.ကောင်းရာ.မွန်ရာကိုသာ.
သွားပါ.မင်းကို.ဒီလိုဘဝမျိုးနဲ့
ကိုယ်.ရှိမနေ.စေချင်ဘူးနီ.သားလေး.ဘေးမှာ
အဖေတစ်ယောက်အနေနဲ့.ကိုယ်တသက်လုံး
ရပ်တည်.ရှင်သန်နေပေးပါ့မယ်ကွာ.စိတ်ချပါ”
“ကိုသက်.ရှင့်ကို.ကျွန်မနောက်တခု.
ပြောစရာရှိသေးတယ်.
ကားအက်စီးဒင်းဖြစ်လို့.ဆုံးသွားတာ
ကျွန်မတစ်ယောက်တည်းမဟုတ်ဘူး.
ကျွန်မဗိုက်ထဲမှာ
ရှင့်ရဲ့ဒုတိယရင်သွေးလေးပါ ပါသွားတာ”
“ဘာ.ကိုယ့်ရင်သွေးလေးပါပါသွားတယ်.ဟုတ်လား.နီ”
“ဟုတ်တယ်ကိုသက်.နီနေပြည်တော်မှာမူးလဲလို့.
ဆေးခန်းပြတော့ ဆရာဝန်က နီ့မှာရင်သွေးလေး
ရှိနေတယ်တဲ့.ကိုယ်ဝန်က၃လတောင်ရှိနေပြီတဲ့”
“ဟာကွာ.ဖြစ်ရလေနီရာ.နီဘာလို့ ကိုယ့်ကို ကြိုပြီး
အစောကြီးကတည်းက မပြောပြခဲ့ရတာလဲကွာ
ဖြစ်မှဖြစ်ရလေနီရာ.ကိုယ့်ရင်တွေ ကွဲကုန်ပါပြီကွာ”
“ရှင်နဲ့ ရန်ဖြစ်ထားလို့.မပြောပြတာ.မန္တလေး
ရောက်မှ.ရှင့်ကို.ပြောမယ်လို့.ဆုံးဖြတ်ထားတာ”
“ဒုန်း.ဒုန်း.ဒုန်း”
ကိုသက်က ယူကျုံးမရ ကြမ်းပြင်ကို
လက်သီးနှစ်ဖက်ဖြင့် တဒုန်းဒုန်း ထုကာ
ရှိုက်ကြီးတငင် ငိုကြွေးလေတော့သည်။
ခင်ပွန်းသည်ရဲ့သောကဝေဒနာမီးလောင်မြိုက်နေမှုကို
နှစ်သိမ့်ဖြေဖျောက်ပေးဖို့ရာနီ့မှာ ခွန်အားမရှိတော့ပါ။
နီမကြည့်ရက်တော့ပါ။နီ့ရင်ထဲမှာလည်း ဝမ်းနည်းမှုက
လှိုက်တက်ကာဆို့နစ်နာကျင်ရလွန်းပါသည်ကောလေ။
“ကိုသက်.သူဇာမသေသေးဘူး.သူ့ကိုဆေးရုံပို့ဖို့
အမြန်ဆုံးစီစဉ်ပါ.နီသူ့ခန္ဓာကိုယ်ထဲက ထွက်တော့မယ်.”
နီ ဝိညာဉ်ခွါလိုက်သည်နှင့်.သူဇာ့ခန္ဓာကိုယ်က
ကြမ်းပြင်ပေါ် ဒလိမ့်ခေါက်ခွေ့ ကျသွားသည်။
သူဇာလူးလွန့်လာသည်။
“အ.အား.အ ကျွတ်.ကျွတ်”
“နီ.နီ.နီ.မင်းထွက်သွားပြီလား..
မင်း.ဘယ်ရောက်သွားတာလဲ..နီ…..နီ
ကိုယ်ခေါ်တာ.ကြားလား”
ခင်ပွန်းသည်ရဲ့ရင်ကွဲသံကြီးဖြင့်
အက်ရှရှ တစာစာ ခေါ်သံများကို
နီဆက်မကြားချင်။ဆက်မကြားဝံ့။ဆက်မကြားရဲ။
ဆက်ကြားနိုင်စွမ်းခွန်အားလည်း မရှိတော့ပါဘူးလေ။
နီငိုရှိုက်ရင်း နားနှစ်ဖက်ကို လက်နှင့်ပိတ်ကာ
ခြံအပြင်သို့ တရှိန်ထိုးပြေးထွက်လာခဲ့မိပါတော့သည်။
************************************************
ဆက်လက်ကြိုးစားပါဦးမည်။
စစ်နိုင်ထွန်း
၁၆၊၁၁၊၂၀၂၂။