*သမီးပြည့်တန်ဆာ*📖📖📖(စ/ဆုံး)
***************************************
မနက်ဖြန် ဆိုလျှင် ကျွန်တော့ ဆေးခန်း ဆိုင်းဘုတ်အောက်တွင် လူသေများကို ဆေးကုသည် ဟူသော စာကြောင်း တစ်ကြောင်း ဖြည့်စွက် ရေးသားရဦးမည်။
(၂)
ဝါးထရံကာ ဆေးခန်းငယ်လေး၏ ရှေ့ဘက်ခြမ်း ငွေရှင်း ကောင်တာသဖွယ် ပြုလုပ်ထားသော ဆေးဗီရို ဘေးရှိ ပက်လက်ကုလားထိုင်ပေါ်တွင် ထိုင်ကာ တံစက်မြိတ်မှ တပေါက်ပေါက် ကျနေသော မိုးေ၇စက်များကို ကျွန်တော် ငေးကြည့်နေသည်။
မုတ်သုံ ရာသီ တိမ်တိုက်များက မှုန်၇ီသော ရေစက် ရေငွေ့တွေကို ထမ်းပိုးထားရသဖြင့် အလင်းအား ချို့တဲ့နေ၏။ လက်လုပ်လက်စား ဆင်းရဲသား အများစု နေထိုင်ရာ ဆင်ခြေဖုံး ရပ်ကွက်ထဲရှိ ကျွန်တော်၏ ဆေးခန်းငယ်လေးထဲတွင်လည်း အလင်း တစ်၀က် အမှောင်ဘက် တစ်ခြမ်းနှင့်ပင်။
အခုလို မိုးဦးကျမှာ တုပ်ကွေးကွေးသူတွေ ၀မ်းပျက် ၀မ်းလျှော်သူတွေ ပြီးတော့ ဗိုက်ပူနံကားနှင့် သန်ကောင်တွေ ၀မ်းထဲမှာ ပြည့်သိပ် လိမ်ထိုးနေကြသော ကလေးငယ်တွေ ဆေးခန်းဆီ ေ၇ာက်လာတတ်ကြသည်။ ဟိမ၀န္တာတောင်စောင်းက ငါးရှာတဲ့ ငှက်တွေ ဝါဆို အမှီ ေ၇ာက်လာ ကြသလိုမျိုးပေါ့။
တကယ်တော့ သူတို့ ပြသနာက ကျန်းမာေ၇း ချို့တဲ့မှု သက်သက်မဟုတ်။
ကျန်းမာေ၇း ချို့တဲ့တာကို ပျောက်အောင် ကုသပေးဖို့ ဆေးထိုးအပ်ထဲကို ပဋီဇီ၀ ဆေးရည်တွေ ကြိမ်ဖန်များစွာ စုပ်ယူဖူးသည်။ သို့သော် အခါတိုင်းလိုလိုမှာပင် ကျွန်တော့ လက်တွေက တစ်၀က် တစ်ပျက်မှာ တုံ့ဆိုင်းသွားတတ်သည်။ သူတို့ရဲ့ ပိုက်ဆံ မ၇ှိတဲ့ ေ၇ာဂါ ကိုရော ဘာဆေးနဲ့ ကုမှာလဲ……။
အသိပညာ မရှိတဲ့ ရောဂါကိုရော….ပုလင်းကြီး ချိတ်သလို အကြောထဲ တစ်စက်ချင်း သွင်းပေးလို့ ရမှာတဲ့လား။ သြော်…..လူလို နေခွင့် မရခြင်းကိုက နာတာရှည် ရောဂါပါပဲ။
ကြည့်လေ….။ တုပ်ကွေး မိသဖြင့် ဆေးခန်း လာပြသူ လူနာ တစ်ယောက်က ဆေးထိုးပေးပါ ဆ၇ာ ဟု တောင်းဆိုသောကြောင့် ကျွန်တော်က…..
ဘာဖြစ်လို့ ဆေးထိုးပေးရမှာလဲဗျ ရိုးရိုး တုပ်ကွေး ဆိုတာ ၇ ရက်လောက် ကောင်းကောင်း အနားယူလိုက်ရင် ဘာဆေးမှ မလိုဘဲ သူ့ဘာသာသူ ပျောက်တဲ့ ေ၇ာဂါပဲ။ လေကောင်း လေသန့် ရှူ အားရှိတာ စားပေါ့ဗျ။
ဟာ…..ဆရာကလည်း …ဘယ်လိုလုပ်ပြီး နားလို့ ရမှာလဲဗျ။ ဒီနေ့ ကျွန်တော် ကုန်စိမ်း သွားမထမ်းရင် ဒီနေ့ တသ်မိသားစုလုံး ဗိုက်မှောက်နေရမှာပေါ့။ ကဲပါ…ဆရာရယ်…ဆေးထိုးချင်ရင်ထိုး မထိုးချင်နေ မနက် ၃ နာရီ ကုန်စိမ်းကား အချိန်အမှီတော့ အဖျားကျအောင် တစ်ခုခု လုပ်ပေးပါ ဆရာရယ်
လူနာက ညည်းညည်းညူညူ ပြောလာတော့လည်း ကျွန်တော် သက်ပြင်းချရပြန်သည်။ ကျွန်တော် သင်ကြားခဲ့ရသော ဆေးပညာ ကျမ်းစာအုပ်ကြီးများထဲတွင် ကုန်စိမ်းထမ်းဖို့ အချိန်မှီအောင် အမြန် အဖျားကျနည်း ကုထုံးမျိုး မပါခဲ့ချေ။
ကျွန်တော်က ဟောဒီ ဆင်ခြေဖုံး ရပ်ကွက် ဆေးခန်းလေးတွင် လာထိုင် ဖြစ်သည်မှာ တစ်လပင် မပြည့်သေးပေ။ ကျွန်တော်နှင့် တစ်တန်းတည်းသား သူငယ်ချင်း ဆရာ၀န်က ပုသိမ် ဆေးရုံသို့ ပြောင်းရွှေ့ရန် တာ၀န် ကျသောကြောင့် သူထိုင်လက်စ ဆေးခန်းကို ကျွန်တော့ဆီ လွှဲပေးခဲ့ခြင်း ဖြစ်သည်။
ဆေးခန်းကလေးက ဆယ်ပေပတ်လည် ကျဉ်းကျဉ်း ကျုတ်ကျုတ် ပင်ဖြစ်သော်လည်း ရေနံချေး သုတ်ထားသည့် ဝါးထရံ အပြည့် ကာထားပြီး သွပ်မိုးထားသော်ကြောင့် သပ်သပ်ရပ်ရပ် ရှိလှသည်။
အထဲမှာကား လူနာ စမ်းသက်ဖို့ သီးသီးသန့်သန့် အခန်း မဖွဲ့နိုင်။ ဆေးခန်းေ၇ှ့ ဗီရိုဘေးတွင် ပက်လက် ကုလားထိုင် တစ်လုံးနှင့် ခုံတန်း၇ှည် တစ်ခုချထားပြီး အတွင်းဘက် လူနာ ဆေးထိုးသည့် ခုတင်ကြားမှာ လိုက်ကာ ရှည်ရှည် တစ်စ ဆွဲပိတ်လိုက်သည်ကပင် ဆရာ၀န်နှင့် လူနာ ဆွေးနွေး ကုသသည့် အခန်းသဖွယ် ဖြစ်တော့သည်။ လိုက်ကာ အတွင်းဖက်က ဆရာ၀န်နှင့် လူနာ ပြောသမျှကို အပြင်ဘက်တွင် ထိုင်စောင့် နေသည့် တခြား လူနာများက အတိုင်းသား ကြားရသည်။
(၃)
မတတ်နိုင်…။ကျွန်တော့ သူငယ်ချင်း ဆရာ၀န် စီမံ ပေးသွားသလောက် အခန်း အနေအထားက ဒီလောက်သာ ရသည်။ အဲ…ပြီးတော့ ကျွန်တော့ သူငယ်ချင်း ဆရာ၀န် လက်လွှဲပေးခဲ့သမျှထဲမှာ အသုံးအ၀င်ဆုံး နှစ်ခုကတော့ ငွေရှင်း ကောင်တာ အဖြစ် အသုံးပြုရသော ဆေးဗီရိုနှင့် ဆေးခန်း အကူစာရေးလုပ်သော ကိုစိန်သောင်းတို့ပင် ဖြစ်သည်။
အထူးသဖြင့် ကိုစိန်သောင်းက အရင်ခေတ် ဆယ်တန်း စာမေးပွဲကို (ခ) အဆင့်ဖြင့် အောင်မြင်ထားပြီး ကွန်ပေါင်ဒါ သင်တန်း တက်ဖူး သောကြောင့် ရပ်ကွက်ထဲတွင် လူပေါင်းသူပေါင်း ဆန့်ပြီး လည်လည် ၀ယ်၀ယ် ချက်ချက်ချာချာ ၇ှိသည်။ ဒီရပ်ကွက်သား ဖြစ်သောကြောင့် လူနာ အချို့က ဆရ၀န်အား မပြောချင်သော ကိစ္စ တစ်ချို့ကိုပင် သူ့ကိုကျတော့ ယုံယုံကြည်ကြည် ဖွင့်ပြောသည်ကို ကြုံဖူး၏။ ခိုင်းလိုက် စေလိုက်လျှင်လည်း ဖင်ပေါ့သည်။
ယခုလည်း ကျွန်တော် သွားကြည့်ခိုင်းသော လူနာအိမ်ဆီသို့ မိုးထဲရေထဲ မညည်းမညူ သွားကြည့်ပြီး ပုဆိုးအောက်နားစ ရေတစက်စက်ဖြင့် ပြန်ရောက်လာလေပြီ။
ဆ၇ာေ၇…ထင်တဲ့ အတိုင်းပဲဗျ။ လူနာ ကိုယ်တိုင်က လာချင်ပေမဲ့ သူ့မယားက ဆေးဖိုးပေးစရာ မရှိလို့ အားနာပြီး မလာဝံ့တာတဲံ….
ခက်တာပဲ ကိုစိန်သောင်းရာ။ ပိုက်ဆံ မရှိဘူး ဆိုပြီး ဒီအတိုင်း ထားလို့ရတဲ့ ကိစ္စမှ မဟုတ်တာ။ ဒီလူက ဆီးချို အခံရှိတော့ ခြေထောက်က တဖြည်းဖြည်း ပုပ်လိုက် လာနေပြီ။ တော်ကြာ ခြေထောက်ပါ ဖြတ်နေရမှာ စိုးလို့ ပြောတာ
ကျွန်တော်လည်း ဆရာ ပြောတဲ့ အတိုင်း ရှင်းပြတာပါပဲ။ ဒါပေမဲ့ ခက်တယ် ဆရာရေ။ ဆေးခန်း ပြရကောင်းမှန်း သိတာကိုတောင် ကျေးဇူးတင်ရဦးမယ်။ တချို့က တော်ရုံနဲ့ မပျောက်လို့ ရောဂါ ကြန့်ကြာနေပြီလားဆို နတ်ကိုင် သလိုလို လူပြုစားခံရ သလိုလို ထင်ကြသေးတာ ကျွန်တော်တို့ဘက်က အဲဒီလို ဗျ
ကျွန်တော် နာနာကျင်ကျင် ပြုံးမိသည်။ ပြီးတော့ နာနာကျင်ကျင်ပင် ဟားတိုက် သရော်ချင်မိသည်။ ကျိကျိတက် ချမ်းသာသည့် လူ့အသိုင်းအဝိုင်းတွေထဲမှာ အဲဒီလို လူပြုစားတာတွေ ပယောဂတွေနဲ့ တိုက်တာတွေ မကြားဖူးသလောက်ပင်။
တကယ်ဆို တစ်ယောက်နဲ့ တစ်ယောက် စီးပွားချင်းပြိုင် ဂုဏ်ချင်းပြိုင် သားသမီးချင်း စာတော်တာပြိုင် နေကြသော ငွေရှင် ကြေးရှင် ပညာတတ်တွေကြားမှာ ပြုစားကြပါတော့လား။ ပယောဂနဲ့ တိုက်ကြပါတော့လား။ ဒါမှ နိုင်ရင် မြိုးမြိုးမြက်မြက် အကျိုးရှိမယ် မဟုတ်လား။ ( ယုတ္တိရှိအောင် စဉ်းစားကြည့်ရင် ပြောပါတယ်)
ဟော အခုတော့ ပြုစားပြီ ဆိုလိုက်မှဖြင့် ကုန်းကောက်စရာ မရှိအောင် မွဲနေတဲ့ ဆင်းရဲသား လက်လုပ်လက်စားတွေ အချင်းချင်း ကြားမှာချည်းပဲ။
သြော်….ဖြစ်ရလေ…။
ဓနမိုး ထရံကာ စားစရာဆန် နပ်မှန်အောင် မရှိကြတဲ့လူ အချင်းချင်း ပြုစားလိုက်လို့ကော ဘယ်လောက်များနိုင်ပြီး ဘယ်လောက်များ ရှုံးသွားမှာမို့လို့လဲ။ အဲဒီလိုမျိုး ကိုယ့်ဘ၀ကိုယ့်အသိုင်းအဝိုင်း အကြောင်းတော့ ယုတ္တိရှိအောင် မစဉ်းစားတတ်ကြ တစ်ခါလာလည်း လူပြုစားလို့။ တစ်ခါလာလည်း ရိုးရာကိုင်လို့။ တစ်ခါလာလည်း ရွာသူနှောင့်ယှက်လို့နဲ့။
အဲဒီ အကြောင်းတွေ စဉ်းစားမိတိုင်း အသက်ရှူလိုက်သည့် အခါ လေထဲက ဖုန်မှုန့်တွေကို အာခေါင်ထဲမှာ ကြမ်းရှရှ ဝါးမိသလို ခံစားရသည်။
ကျွန်တော် ဆေးကျောင်းသား ဘ၀တုန်းကတော့ ဆရာ၀န် ဖြစ်လျှင် ပျော်စရာ ကောင်းလိမ့်မည်ဟု ရိုးရိုးစင်းစင်းပင် ထင်မှတ်ခဲ့သည်။ လက်တွေ့မှာတော့ အသိဥာဏ် အားနည်းလွန်းတဲ့ လူတွေရဲ့ ကျန်းမာေ၇းကို စိတ်ပူပေးနေရတာဟာ ကိုယ့်စေတနာကို ကြိုးကွင်း လုပ်ပြီး ကိုယ့်လည်ပင်းကို တစ်စတစ်စ ဖြည်းဖြည်းချင်း တင်းအောင် ရစ်ပတ်နေရသလိုပါပဲ။
(၃)
ကျွန်တော် ဒီဆေးခန်းလေးကို ရောက်လာပြီး သုံးလေးရက် အတွင်းမှာပင် လမ်းတစ်ဖက်ခြမ်းရှိ တိုက်ခံ ပျဉ်ထောင်အိမ်မှ ဒေါ်သိန်းမြကို စပြီး သတိထားမိခဲ့သည်။ လူပုံစံက အသားဖြူဖြူ ၀၀ဖိုင့်ဖိုင့်နှင့် လက်သန်းလုံးလောက် ရှိသည့် ရွှေဆွဲကြိုးကြီးကို လည်ကုပ်ထဲ မြုပ်မတတ် ဆွဲထား၏။ ဒူးယားစိမ်း စီးကရက်ကို တစ်လိပ်ပြီး တစ်လိပ် မပြတ်တမ်း ဖွာရှိုက်နေတတ်သည်ကလည်း ဒေါ်သိန်းမြ၏ ထူးခြားသည့် အကျင့် တစ်ခုပင် ဖြစ်သည်။
ဒီရပ်ကွက်လေးထဲတွင် စီးကရက်ကို လက်က မချတမ်း သောက်သည် ဆိုကတည်းက ငွေကြေးချောင်လည်သူ တစ်ယောက်မှန်း ကျွန်တော် အကဲခတ်မိ၏။ ထင်သည့်အတိုင်းပင်။ ညနေစောင်းပြီဆိုသည်နှင့် ဒေါ်သိန်းမြတစ်ယောက် သားရေ ပိုက်ဆံအိတ် တစ်အိတ်ကို ချိုင်းကြား ညှပ်ကာ စာရင်း စာအုပ်တစ်အုပ်ကို ကိုင်ရင်း လမ်းတကာ လှည့်တော့၏။
ဒေါ်သိန်းမြက ပိုက်ဆံသာ အတော်အသင့် ပြေလည်ပေမဲ့ စာတော့ သိပ်မတတ်၇ှာ။ ညမိုးချုပ်လို့ နေ့ပြန်တိုးသိမ်းပြီး ရလာသမျှ ပိုက်ဆံတွေကို တူဖြစ်သူ ကျော်ထူးက အိမ်မှာစောင့်ကာ ဒိုင်ခံရေတွက် ပေးရ၏။ ဒါကြောင့်လည်း ကျော်ထူးက စာကောင်းကောင်း မတတ်သည့် သူ့အဒေါ်ကို စာရင်းလိမ်ကာ တစ်ခါတစ်ရံ ပိုက်ဆံ နှစ်ထောင်မျိုး သုံးထောင်မျိုး တစ်ပတ်ရိုက်လာပြီး သူငယ်ချင်း ဖြစ်သူ ကိုစိန်သောင်း နှင့်အတူ ရပ်ကွက်ထိပ်က အရက်ဖြူဆိုင်သို့ သွားကာ တစ်ခွက် တစ်ဖလား ချတတ်ကြသည်။
ည ၉ နာရီ လောက်ဆိုလျှင် ကိုကျော်ထူး တစ်ယောက် ကျွန်တော့ ဆေးခန်း ရှိ၇ာဘက်သို့ ကူးလာပြီး
ဆရာရေ…ဆေးခန်း ပိတ်တော့မှာလား ။ ကျွန်တော် ဘာကူရဦးမလဲ ဟု မျက်နှာချိုသွေားတတ်၏။ ကျွန်တော်က….
နေပါ ကိုကျော်ထူးရာ…ခင်ဗျားလူ ကိုစိန်သောင်းကို လာခေါ်တာ မဟုတ်လား….ကဲ….သွားစရာရှိတာ ဖြောင့်ဖြောင့်တန်းတန်း သွားကြပါ။ ကျွန်တော့ ဘာသာ ဆေးခန်းပိတ်ပြီး ပြန်လိုက်ပါ့မယ်ဗျာ….
ဟီး….ဟီး ကျေးဇူးပါပဲ ဆရာရေ ကျွန်တော့ အဒေါ်ဆီက ဘတ်ထားတဲ့ ပိုက်ဆံလေးတွေနဲ့ ဒါနမြောက်အောင် အတီးဆိုင်မှာ ရေစက်ချ အမျှဝေလိုက်ဦးမယ်ဗျို့
ကိုကျော်ထူးနှင့် ကိုစိန်သောင်းတို့ နှစ်ယောက်သား ကျွန်တော့ကို နှုတ်ဆက်ပြီး ရယ်ရယ်မောမောနှင့် ထွက်သွားကြသည်။ ကျွန်တော်က ဆေးရောင်ကွက်ကျား ပြယ်လွင့်နေသည့် သစ်သား တံခါးလေးကို ဆွဲပိတ်ပြီး တရုတ် သော့ခလောက် တစ်လုံး ခတ်လိုက်သည်နှင့် ဆေးခန်း ပ်ိတ်သည့် အလုပ်က ပြီးသွားသည်။
ကျွန်တော်က ဆေးခန်းရှေ့က အမှောင်လမ်းလေး အတိုင်း ဖြည်းဖြည်း လျှောက်ကာ ထွက်လာခဲ့၏။ ထို့နောက် ကြုံရာ ဆိုက်ကားဖြင့် ရပ်ကွက်ထဲက ခရိုးခရိုင် ဝါးတဲလေးတွေ အသုဘခေါင်းတွေလို ကျဉ်းမြောင်း မှောင်မိုက်ပြီး လူတွေ အပြွတ်လိုက်၀င်အောင် ၀င်အောင်းနေသော တန်းလျား အိမ်ခန်းတွေ မီးလုံး ဝါကျင့်ကျင့် မှိတ်တုတ်တုတ်များ တွဲလောင်းခိုနေသည့် လမ်းကြိုလမ်းကြားတွေကို ဖြတ်သန်းပြီး ဘတ်စ်ကား ဂိတ်ဆုံးဆီ လာခဲ့သည်။ ပြီးတော့….ထုံးစံအတိုင်း တအိအိ ယိမ်းထိုး မောင်းနှင်သွားသော ဘတ်စ်ကားအိုကြီးပေါ်တွင် နာရီ၀က်လောက် ငိုက်မြည်းလိုက်ပါသွားရဦးမည်။
ဒီလိုနှင့်ပင် အရက်ပြန်နံ့ စူးစူးတွေ တရုတ်နိုင်ငံလုပ် ဆေးဝါးတွေ အနားထောင့်စုတ်ပြဲနေသော ကျန်းမာရေး ပညာပေး ပိုစတာ စာရွက်တွေ ထည့်သွင်းရာ ဆေးခန်းလေးဆီ တစ်နေ့ တစ်နေ့ အသွား အပြန် လုပ်ရင်း ကျွန်တော့ကိုယ် ကျွန်တော် ရှင်သန်နေသည်လား သေဆုံးနေပြီလား မခွဲခြားတတ်တော့။
ရှင်သန်ခြင်း ဆိုတာ ဘာလဲ။ ကိုယ်ရောက်သည့် ပတ်၀န်းကျင်ထဲမှာ စီးမျော နေထိုင်ရင်း အသက်ရှူ နေနိုင်ခြင်းကိုပင် ရှင်သန်ခြင်း ဟု အဓိပ္ပာယ် ဖွင့်ဆိုကြသည်။ ဟောဒီ ရပ်ကွက် ကလေးမှာတော့ သူတို့တစ်တွေသည် အရာအားလုံးနှင့် နေသားတကျ ဖြစ်လွန်းလှ၏။
ညနေခင်းတွေဆို ယောက်ျားသားတွေက နံနံစော်စော် အရက်ဖြူဆိုင်ထဲမှာ ခေါင်းထိုး၀င်ရင်း အပေါစား အရက်ကို ညစ်ပတ်ပေကျံ နေသည့် ပလတ်စတစ်ခွက်ဖြင့် လက်လှည့်သောက်ရင်း ရန်ဖြစ်လိုက် ပခုံးဖက်လိုက်နှင့် နေသားတကျ ရှိနေကြသည်။ မိန်းမ ဖြစ်သူတွေကလည်း နေ့ပြန်တိုး ယူထားသည့် ပိုက်ဆံကို အဆင်ပြေတဲ့ အခါ ပြန်ဆပ်လိုက် ( အဲဒီလို အခါမျိုးတွင် ဟင်းစား ဆုံလေ့ရှိသည်။) မဆပ်နိုင်သည့်အခါမျိုးဆိုလျှင် ကြွေးရှင်နှင့် သူတစ်ပြန် ကိုယ်တစ်ပြန် မိုးမွှန်အောင် ဆဲဆိုတတ်ဖို့ကိုလည်း သူတို့ ပါးစပ်တွေက နေသားတကျ ဖြစ်လွန်းသည်။ နေ့လယ်နေ့ခင်းကျပြန်တော့ တိတ်ဆိတ်နေသည့် မွန်းလွဲနေရောင်အောက်မှာ မိန်းမ သူငယ်ချင်း အချင်းချင်း ကိုယ့်ခေါင်း သန်းရှာရင်း အတင်းပြောရင်း နှင့်လည်း ရပ်ကွက်ကလေးက နေသားကျသည်။
ကျွန်တော်သည်ပင်လျှင် ဒီရပ်ကွက်ကို ရောက်ခါစက ( သူတို့စားသည့် ဟင်းကို မဆိုထားနှင့် ) ထမင်းထဲကိုပင် အချိုမှုန်ု့ကို ဖြူးပြီး ပါးစပ်ထဲ ထည့်ကာ အားပါးတရ ဝါးမျိုချသည်ကို မြင်၇တော့ တုန်လှုပ် ချောက်ချားသွားမိသည်။ ဒါပေမဲ့ ကြာလာတော့လည်း ငါးပိရည် ဖျော်သည့် အထဲ အချိုမှုန့် ထည့်စားတာတွေ ဟင်းချက်သည့် အခါ စားအုန်းဆီ နှင့် အတူ အချိုမှုန့်တွေ ဗုံးပေါလအော ခတ်လိုက်တာတွေဟာ မထူးဆန်းတော့ သလိုမျိုး ကျွန်တော့ မြင်ကွင်းထဲမှာ အမှတ်တမဲ့ နေသားတကျ ဖြစ်လာ၏။ ဒါကိုပဲ ရှင်သန်ခြင်း ဟု ခေါ်လေသလား….။
ကျွန်တော်ကတော့ ကျွန်တော့ကိုယ် ကျွန်တော် သေဆုံးနေပြီဟု ထင်သည်။
တစ်နေ့ ဆေးခန်းတွင် လူရှင်းသည့် နေ့လယ်ခင်း အချိန်၌ ကိုကျော်ထူး တစ်ယောက် လာလည်ရင်း….
ဆရာရေ….. ကျွန်တော့ အဒေါ်လည်း မောတယ် ကြပ်တယ်နဲ့ သူ့ကိုယ်သူ လူပြုစားခံရတယ်လို့ချည်းပဲ တပ်အပ် စွပ်စွဲ နေတာ့တာပဲ။ ပယောဂ ဆရာတွေ ပင့်ပြီး ကုတာလည်း တော်ကြာ သက်သာသလို ဖြစ်လိုက် ဟော တစ်ရက် နှစ်ရက် ကြာရင် ပြန်ဖြစ်လိုက်နဲ့ …။ မလွယ်ပါဘူးဗျာ။ အေးလေ….သူက ရပ်ကွက်ထဲ ငွေတိုးပေးစားတာ ဆိုတော့ မုန်းတဲ့သူတွေ ဘာတွေလည်း ရှိရင် ရှိမှာပေါ့။
ကျွန်တော်က ဒီလို စကားတွေနှင့် နေသားကျနေပြီမို့ ကိုကျော်ထူးကို ဘာမှ မတုံ့ပြန်တော့ဘဲ ပြုံးရုံသာ ပြုံးနေလိုက်တော့သည်။
(၄)
နောက် ငါးရက်ခန့် အကြာတွင်ကား ဒေါ်သိန်းမြ ကိုယ်တိုင ကျွန်တော့ ဆေးခန်းသို့ နေ့ခင်းကြောင်တောင် ရောက်လာပြီး
ဆရာရေ မနက်ဖြန် အိမ်မှာ ဘုန်းကြီး ဆွမ်းကပ်မှာမို့လို့ ကြွခဲ့ပါဦး
ဟင်….ခင်ဗျား မျက်နှာကြီး တစ်ခုလုံးလည်း နီရဲလို့ပါလား ။ လာပါဦး…ဒေါ်သိန်းမြရဲ့ ၀င်ထိုင်စမ်းပါဦးဗျ ဒါနဲ့ ဘာကိစ္စ ဆွမ်းကပ်ရတာတုန်း မွေးနေ့ မွေးရက် တိုက်ဆိုင်လို့လား
ကျွန်တော့ အပြောကြောင့် ဒေါ်သိန်းမြက ၀င်ထိုင်လိုက်ရင်း
မဟုတ်ပါဘူး ဆရာရယ် အန္တရာယ်ကင်း ဆွမ်းကပ်မှာပါ။ အခုတလော အတိုက်အခိုက်တွေ များနေလို့လေ
ဘယ်လို အတိုက်အခိုက်လဲဗျ
သိသိကြီးနှင့် ကျွန်တော်က သူပြန်ဖြေမည့် စကားကို အပျင်းပြေ နားထောင်ရအောင် အစဖော်ပေးလိုက်၏။ ထင်သည့် အတိုင်းပင် ဒေါ်သိန်းမြက
ပယောဂနဲ့ တိုက်တာလေ ဆရာရဲ့။ ဘယ်သူလုပ်သလဲ ဆိုတာလည်း ရိပ်မိပါရဲ့ ဆရာရယ်။ မြောက်ပိုင်းက မိဌေးပဲ ရှိတာ ကောင်မက ကိုယ့်သားသမီးကိုတောင် ဟဝှာ လုပ်ခိုင်းတဲ့ အစားထဲက ဆ၇ာရဲ့။ ကဲပါလေ ဒင်းတို့ အကြောင်းပြောရတာ အကုသိုလ် များပါတယ်။ ဟူး…မောလိုက်တာ
ကဲ….မောရင် ခုတင်ပေါ် ခဏလှဲ။ ကျွန်တော် သွေးတိုင်းပေးမယ်
ကျွန်တော့ စိတ်ထဲ တွက်ဆမိသော ရောဂါ နာမည် တစ်ခု ဟုတ်လိုဟုတ်ငြား အကဲခတ်ရအောင် ဒေါ်သိန်းမြကို လူနာ စမ်းသပ်သည့် ခုတင်ပေါ် လှဲခိုင်းလိုက်သည်။ ဒါကိုပင် ဒေါ်သိန်းမြက ခေါင်းခါခါ လည်ခါခါ ဖြင့်
မဆိုင်ပါဘူး ဆ၇ာရယ် ဒါ ပယောဂ ဆရာရဲ့.. ပယောဂ မြင်းဖြူရှင်က ခွာနဲ့ ရင်ဘတ်ကို စုံကန်လို့ မောနေတာ ဆရာရေ
မြင်းက ခင်ဗျား ရင်ဘတ်ကို စုံကန်မှဖြင့် မောရုံတင် မကဘူး ခင်ဗျား နံရိုးတွေပါ ကျိုးပြီး ဆေးရုံ ေ၇ာက်ပြီပေါ့ဗျ
ကျွန်တော်က ပြုံးစစနှင့် ပြောလိုက်သည်ကို ဒေါ်သိန်းမြက နောက်ပြောင်မှန်း မရိပ်မိဘဲ မျက်လုံးပြူး မျက်ဆန်ပြူးဖြင့်
အို….ဆရာကလည်း တကယ့်မြင်းအစစ် မဟုတ်ဘူးလေ အပြင် ၃၇ မင်း အတွင်း ၃၇ မင်းထဲက အဖ မြင်းဖြူရှင်ကို ပြောတာ။ မြင်းဖြူရှင်ကိုတောင် ခိုင်းနိုင်ပြီ ဆိုမှတော့ သူတို့ ပညာက အတော် မြင့်နေပြီ ဆရာရေ။ ဆယ့်နှစ်ကြိုးတော့ ဆယ့်နှစ်ကြိုး…
အင်း….ဆယ့်နှစ်ကြိုးဆိုတော့ တစ်ဒါဇင်ပေါ့ဗျာ။ ကဲ…လာ…လာ..။ခင်ဗျားကို တစ်ပြားမှ မယူဘဲ သွေးပေါင်ချိန် ပေးမှာ။ အလကားရတုန်း ချိန်သွား။ ကြေး မများနဲ့….
ဒီတော့မှ ဒေါ်သိန်းမြလည်း မျက်လုံးလေး ပေကလပ် ပေကလပ် လုပ်ရင်း စမ်းသပ် လုပ်ရင်း စမ်းသပ် ခုတင်ပေါ် လှဲချလိုက်သည်။ ထိုသို့ လှဲလိုက်သည်နှင့် တစ်ပြိုင်နက် စောစောက နီရဲနေသော ဒေါ်သိန်းမြ၏ မျက်နှာ အသားအရေမှာ ညိုညစ်ညစ် ဖြစ်သွားပြီး မျက်လုံးထောင့် တွေမှာ ရဲတွက်သွားသည်ကို တွေ့လိုက်ရ၏။ အင်း….သူ့ရောဂါကို ကျွန်တော် မှန်းဆမိပါပြီ။
`
ညနေကျတော့ သူ့တူ ကိုကျော်ထူးကို ခေါ်ပြီး အကျိုးအကြောင်း ပြောကာ ဒေါ်သိန်းမြကို နားချခိုင်းရသည်။ အားလုံးက ဝိုင်းပြီး ချော့တစ်လီ ချောက်တစ်လှည့်ဖြင့် စည်းရုံးကာ ဒေါ်သိန်းမြ လက်မှ သွေး 5cc ခန့် ဖောက်ယူတော့ ၀က်သတ်သလို အော်လိုက်သည့် ဖြစ်ခြင်း။
ထိုသွေးကို ဓာတ်ခွဲခန်းပို့ပြီး စစ်လိုက်တော့ အဖြေက ကျွန်တော်ထင်သည့်အတိုင်း polycythaemia ဟု ခေါ်သော သွေးနီဥ ပိုလျှံများပြားလွန်းသည့် ရောဂါ ဖြစ်နေသည်။ အရပ် စကားဖြင့်တော့ သွေးပြစ်သည့် ရောဂါဟု ခေါ်ကြသည်။
ထိုအခါကျမှ ကျွန်တော်က ဒေါ်သိန်းမြကို ဆေးခန်းသို့ ခေါ်ပြီး
ကဲ…ဒေါ်သိန်းမြရေ….ခင်ဗျား မြင်းဖြူရှင် ပယောဂကို ကျွန်တော် နာရီ၀က်အတွင်း ပျောက်အောင် ကုပေးမယ်။ ဘယ့်နှယ့်လဲ
ဒေါ်သိန်းမြ ကတော့ သူတစ်ခါမှ မကြုံဖူးသည့် အဖြစ်အပျက်များကြောင့် ဘာမှ မသိနားမလည်သော ကလေး တစ်ယောက်လို မျက်စိသူငယ် နားသူငယ် ဖြစ်နေတော့၏။
ိ ကျွန်တော်က ဒေါ်သိန်းမြ၏ လက်မောင်းသွေးပြန်ကြောထဲမှ သွေးကို 500cc ခန့် ဖောက်ထုတ်ပစ်ပြီး ဓာတ်ဆားရည် တစ်ပုလင်း ပြန်သွင်းပေးလိုက်သောအခါ နီမြန်း ညစ်ပုတ်နေသော ဒေါ်သိန်းမြ၏ မျက်နှာသည် ပကတိ အသားရောင် အတိုင်း ပြန်ကောင်းသွားပြီး ချက်ချင်းပင် ငေါက်ခနဲ ထထိုင်လေတော့သည်။
ဘယ်နှယ့်လဲ…မောသေးလား ဒေါ်သိန်းမြ
မမေတော့ဘူး ဆရာ သက်သာသွားပြီ
အင်း မှတ်ထားဗျ။ အဲဒါ ဘာပယောဂမှ မဟုတ်ဘူး။ ဘယ်မြင်းဖြူရှင်မှလည်း ခင်ဗျားဆီကို အားအားယားယား မလာဘူး။ ခင်ဗျား ဆေးလိပ်တွေ နင်းကန်သောက်လို့ ဒီရောဂါ ဖြစ်တာ သိပြီလား
အဲဒီလို ပြောပြီး ကျွန်တော် ဆေးလိပ်ဖြတ်ခိုင်းတော့ ဒေါ်သိန်းမြက ကြောက်ကြောက်လန့်လန့်နှင့် ခေါင်းညိတ်ရှာသည်။ အဲဒီကစပြီး ဒေါ်သိန်းမြ တစ်ယောက် ကျွန်တော့ ဆေးခန်းမှာ တစ်ပတ် တစ်ခါ သွေးပေါင်လာချိန်ရ ဆေးစစ်ရ အားဆေးထိုးရနှင့် အရှင် လတ်လတ်ကြီး ဘ၀ ကူးသလို အပြာင်းလဲကြီး ပြောင်းလဲသွားတော့သည်။
ဒီလိုမျိုး အကောင်းဘက်နှင့် ကြုံရတော့လည်း သက်ပြင်း မောမောတွေကြားမှ ကျွန်တော် ခပ်နွမ်းနွမ်းလေး ပြုံးခွင့်ရပြန်သည်။ ရွာတော့မည့် ပြာမှိုင်းမှိုင်း တိမ်စိုင်တွေ၏ အနားစပ်မှာ ငွေရောင်လင်းလက်နေသည်ပဲ။
မုန်တိုင်းစဲလျှင်ဖြင့် နေရောင်ခြည်ကို မြင်တွေ့ခွင့် ရမည် ထင်သည်။
(၅)
ဆရာ ကျွန်မ သမီးကို (၃) လခံဆေး ထိုးချင်လို့ပါ ဆရာ
အသံ ကြားရာ ကျွန်တော် လှမ်းကြည့်လိုက်တော့ အစိမ်းရောင် ပါတိတ် ၀မ်းဆက် တစ်ပတ်နွမ်းကို ၀တ်ထားသည့် အသက်၅၀ကျော်အရွယ် အသားမည်းမည်း ပိန်ကပ်ကပ် မိန်းမကြီး တစ်ယောက်နှင့် အသက် ၁၆ နှစ် ၁၇ နှစ် အရွယ် ကောင်မလေး တစ်ယောက်ကို တွေ့ရသည်။ မိန်းမကြီးက တွန့်လိမ် ကောက်ကွေး နေသည့် သူ့ဆံပင်တွေကို ဖြစ်သလို စည်းနှောင် ထားတာမို့ ဟိုတစ်စ ဒီတစ်စ ဖွာလန်ကျဲနေ၏။
သူ့ဘေးက ကောင်မလေးကတော့ အပွင့်ကြီးကြီး အဆင်ပါသည့် လုံချည်ကို အဝါရောင် တီရှပ် ခပ်ပွပွ တစ်ထည်နှင့် တွဲ၀တ်ထားရာ အဆီအငေါ် မတည့်သည့် အပြင် ကလေးကို လူကြီး ပုံစံ မပေါက်ပေါက်အောင် ဇွတ် အတင်း ဆင်ပေးထားသလိုမျိုး ရုပ်ထွက်ကြမ်းနေတော့သည်။
ကောင်မလေးက ခေါင်းကို မသိမသာ ငုံ့ထားသလောက် မိန်းမကြီးကတော့ ဟောင်းနွမ်းပြီး အရောင်လွင့်နေပြီ ဖြစ်သည့် သူ့ စလင်းဘတ် အိတ်ကြီးကို ပခုံးပေါ် ပင့်တင်ကာ တင်ကာနှင့် မျက်နှာကို မော့ချီထားသည်။
ကျွန်တော်က သူတို့ နှစ်ယောက်ကို စမ်းသပ် ခုတင်ဘေးက ပလတ်စတစ် ထိုင်ခုံပေါ် ထိုင်ခိုင်းပြီး အပြင်က လူတွေ မမြင်အောင် လိုက်ကာစကို ဆွဲပိတ်လိုက်သည်။ ပြီးတော့ ထုံးစံ အတိုင်း လူနာ မှတ်တမ်း စာအုပ်တွင် စာရင်းသွင်းဖို့ ဘောပင်ကို ကောက်ကိုင်ရင်း
နာမည် ဘယ်လို ခေါ်လဲ သမီး
ကေသီခိုင်ပါ ဆရာ
ကလေးမလေးက ခေါင်းပို ငုံ့သွားပြီး ကြားသာရုံမျှ အသံ တိုးတိုးဖြင့် ပြန်ဖြေသည်။
အသက်ကရော
ကလေးမလေးက ကျွန်တော့ မေးခွန်းကို ပြန်မဖြေဘဲ စလင်းလက်နှင့် မိန်းမကြီးကို အားကိုးတကြီး မော့ကြည့်လိုက်၏။ အမေ ဖြစ်ဟန် တူသော ထိုမိန်းမက ခြောက်ကပ်ကပ် အသံဖြင့်
အသက် ၂၀ ပါ ဆရာ
ဟု သူ့သမီး ကိုယ်စား ၀င်ဖြေသည်။ ကျွန်တော့် အကြည့်က ကလေးမလေး၏ နုနယ်သော မျက်နှာဆီသို့ ဖျတ်ခနဲ လှမ်းပြီး အကဲခတ် မိလျက်သား ဖြစ်သွားသည်။ ကျွန်တော့် အထင်တော့ ဒီလို မျက်နှာပေါက်နှင့် ကလေးသာသာ ကိုယ်လုံးကိုယ်ထည်က ဘယ်လိုနည်းနဲ့မျှ အသက် ၂၀ မရှိနိုင်လောက်ဘူးဟု တွက်ဆမိသည်။
ငါများ လူကဲခတ်မှားတာလား
တစ်စုံတစ်ရာ၏ စေ့ဆော်မှုကြောင့် ကျွန်တော့ ပါးစပ်မှ လွှတ်ခနဲ မေးလိုက်မိသည်။
သမီးရဲ့ ခင်ပွန်းကရော ပါမလာဘူးလားကွယ့်
ကျွန်တော့ စကားကြောင့် ကေသီခိုင် ဆိုသော ကလေးမလေးက မေးစေ့နှင့် ရင်ဘတ် ထိလုမတတ် ဦးခေါင်း ငုံ့လျှိုးသွားစဉ်မှာပင် သူ့အမေက ၀င်ပြီး
ဒီလိုပါ ဆရာ သမီးက ဒီလကုန်ရင် မင်္ဂလာဆောင်မှာ မို့လို့ပါ။ အဲဒါ အိမ်ထောင် ကျကျချင်း ကလေးရသွားရင် ကသီ ကုန်ကြမှာ စိုးလို့ ကြိုလုပ်ထားတာပါ ဆရာ
ကျွန်တော့ စိတ်ထဲတွင် ဘာရယ်မသိ ဘ၀င် မကျသလိုလို ဖြစ်မိသော်လည်း ကိုယ့်ဆေးခန်းကို ရောက်လာသည့် လူနာ၏ လိုအပ်ချက်ကို ငြင်းခွင့်မရှိ။ ထို့ကြောင့် ဘာမှ ထွေထွေထူးထူး ဆက်မေးမြန်း မနေတော့ဘဲ ကလေးမလေးကို လူနာ စမ်းသပ် ခုတင်ပေါ် လဲလျောင်းခိုင်းပြီး သုံးလခံ ကိုယ်၀န်တားဆေး Depo ပုလင်းကို ဖောက်ကာ ထိုးပေးလိုက်သည်။ ကိစ္စပြီးတော့ အမေ ဖြစ်ဟန်တူသည့် အမျိုးသမီးက
ဘယ်လောက်ကျသလဲ ဆရာ
ဟု မေးလာသဖြင့် ရှေ့က အကူစာရေး ကိုစိန်သောင်းဆီမှာသာ ရှင်းဖို့ ပြောရင်း ခန်းဆီး လိုက်ကာကို ဆွဲဖွင့်လိုက်သည်။
ခန်းဆီး ဖွင့်ဖွင့်ချင်း မြင်လိုက်ရသည်ကတော့ ဒေါ်သိန်းမြ၏ မျက်နှာပင် ဖြစ်သည်။ ဒေါ်သိန်းမြက အထဲက ထွက်လာသည့် သားအမိကို တစ်ချက် မျက်စောင်းထိုး ကြည့်လိုက်ပြီးနောက် ခုံတန်းရှည်ပေါ်ထိုင်စောင့် နေသည့် လူနာ သုံးယောက်ကို
ဟဲ့ ကောင်မတွေ ညည်းတို့က ဆေးထိုးမှာ မဟုတ်လား။ ကျုပ်က သွေးပေါင်ချိန်ရုံလေးပဲအေ။ ကျုပ်အရင် ၀င်လိုက်မယ်။
ဒေါ်သိန်းမြက ပြောလည်း ပြောရင်း အဖြေကိုပင် မစောင့်တော့ပဲ အတင်းတိုး၀င်ပြီး ဖျိုးခနဲ ဖျတ်ခနဲ လူနာ စမ်းသပ်သည့် ခုတင်ပေါ် လှဲချလိုက်သည်။ ပြီးတော့
ဆရာ…ကျွန်မ ခေါင်းထဲ နောက်တောက်တောက်ကြီး ဖြစ်နေလို့ သွေးများ တိုးနေလား မသိဘူး။ မြန်မြန်လေး ချိန်ကြည့်ပေးပါဦး ဆရာရယ်
သြော် ဒေါ်သိန်းမြရယ ခင်ဗျားနှယ် ခက်လိုက်တာ။ အဲဒီလို လမ်းလျှောက်လာပြီး မနားဘဲ ချက်ချင်း သွေးချိန်လို့ မရဘူးဗျ။ နှလုံးခုန်မှန်အောင် ခဏလေးတော့ ငြိမ်ငြိမ် လှဲနေဦး
အင်းပါလေ ဆရာက လှဲနေဆိုတော့လည်း လှဲရတာပေါ့။ သြော် ဒါနဲ့ စောစောက ထွက်သွားတဲ့ မိဌေးတို့ သားအမိက ဘာလာလုပ်တာလဲ ဆရာ
သြော် ခင်ဗျားနဲ့ သိတယ်ပေါ့
မသိဘဲ နေရိုးလား ဆရာရယ်။ ဟိုတစ်ခါ ကျွန်မကို ပယောဂနဲ့ တိုက်တယ်လို့ ထင်တဲ့ မိန်းမဟာ အဲဒီ မိဌေးပေါ့။ ပြောစမ်းပါ ဆရာရဲ့။ သူတို့ ဘာလာလုပ်ကြတာလဲလို့
ဟာ တခြား လူနာ တစ်ယောက်ရဲ့ အတွင်းရေးကို ဆရာ၀န် တစ်ယောက် အနေနဲ့ ပြောခွင့် မရှိဘူးလေ ဒေါ်သိန်းမြရဲ့
အံမယ်လေး ဆရာရယ်။ ကျွန်မ အပြင်ကနေ အားလုံး ကြားပြီးပါပြီ။ ဟင်း…ဟင်း ကောင်မက မိန်းမလည် သိန်းကြွယ် ဂိုက်ဆိုက်သာ ဖမ်းနေတာ ဥာဏ်က လက်တစ်စစ်နဲ့ လိမ်တာတောင် ယုတ္တိယုတ္တာ ရှိအောင် မလိမ်တတ်ဘူး။ ဝါတွင်းကြီးများ ဒင်းက သူ့သမီးကို မင်္ဂလာဆောင်ပေးဦးမတဲ့ …ယုံပါလိမ့်မယ် အားကြီးကြီး ဟွန်း
ဟုတ်ပါရဲ့ ဒေါ်သိန်းမြ ပြောမှ စဉ်းစားမိသွားသည်။ မြန်မာ ရပ်ရွာ ဓလေ့ ထုံးစံ အရ ဘယ်သူမှ ဝါတွင်း မင်္ဂလာဆောင်လေံ မရှိ။ ကျွန်တော်က ကိုယ့်အတွေးနဲ့ကိုယ် ငြိမ်သွားစဉ်မှာပင် ဒေါ်သိန်းမြက ဆက်ပြီး
သူ့သမီး အပျိုလေးကို သုံးလခံ တားဆေး လာထိုးတယ် ဆိုကတည်းက ဟိုဟာ ဖြစ်တော့မယ် ဆိုတာ ရှင်းနေတာပဲ။ ဒင်းက ကိုယ့် သမီး ခန္တာကိုယ်ကိုတောင် ပိုက်ဆံနဲ့ ရောင်းတဲ့ မအေမျိုး။ ကျွန်မ တိုးတိုးတိတ်တိတ် ကြားမိသလောက် ဆိုရင် အပျိုကို စပြီး ဇာတ်သွင်းရင် ကနဦးမှာ သုံးသိန်းပေးတယ် ဆိုလားပဲ။ အဲဒါ ကောင်မက ပိုက်ဆံ သုံးသိန်း မက်ပြီး သူ့ သမီး အပျိုကို ပန်းဦး ဆက်မှာမို့လို့ ဗိုက်မကြီးအောင် ဒီမှာ ဆေးလာထိုးတာ ဆရာရဲ့
စကားလုံးခါးခါးတွေက ကျွန်တော့ ခေါင်းထဲကို သံနဲ့ ရိုက်သွင်းလိုက်သလို ဒိုင်းခနဲ ဒိုင်းခနဲ ၀င်ဆောင့်လာသည်။ ဆင်းရဲသား ရပ်ကွက်မှာ ဒီလို စျေးကွက်မျိုး ထွန်းကားနေပြီလား။ အမေ ကိုယ်တိုင်က သမီး လက်ကိုဆွဲပြီး ကလေးရဲ့ အပျိုစင် ဘ၀ကို သုံးသိန်းဖြင့် လိုက်ရောင်းနေပြီလား။
သြော်….
အိမ်သာ ကမုတ်ခွက်ထဲက ကိုယ့်အညစ်အကြေးကို ရေဆွဲပြီး ဝေါခနဲ စွန့်ပစ်လိုက်သလိုမျိုး ကိုယ့်ဗိုက်ထဲက မွေးထုတ်ထားသော ကိုယ့်သမီးကို ပြည့်တန်ဆာ စျေးကွက်ထဲ ဝေါခနဲ သွန်ချလိုက်ပုံများ …..လွယ်လိုက်တာ…။
ကျွန်တော်က သွေးပေါင်ချိန်တိုင်းသော ကိရိယာ၏ ရာဘာ ဖုလုံးကို ညှစ်ရင်း ဖြည်းဖြည်းချင်း မြင့်တက်သွားသော ပြဒါးတိုင်ကို အသိမဲ့စွာ ငေးစိုက်ကြည့်နေမိသည်။ ဖိအားတွေ များလေလေ ပြဒါးတိုင်ဟာ အပေါ်ကို မြင့်တတ်လေလေပေါ့။
ကိုယ့်သမီးရဲ့ ကာမကို ပြည့်တန်ဆာ စျေးကွက်တင်ခါ နီးဆဲဆဲ….ကိုယ်၀န်ရှိသွားမှာကို စိုးရိမ်သဖြင့် ဆေးခန်း ခေါ်လာပြီး တားဆေး တိုးပေးဖော် ရတာကိုကပဲ ဆပ်မကုန်တဲ့ မိဘ မေတ္တအနန္တလား။
မိုင်းနင်းမိသူတွေ ဗုံးဆံ ထိမှန်ခံရသူတွေ ကယောင်ကတမ်း လှုပ်ရှား ပြေးလွှားအော်ဟစ်ကြတာကို ကျွန်တော် မအံံ့သြမိတော့။ အခု ကျန်တော် ကိုယ်တိုင်လည်း နာကျင်လွန်းသဖြင့် ရွဲ့ရွဲ့စောင်းစောင်း အတွေးများနှင့် ကယောင်ကတမ်း ဖြစ်နေ၏။
(၆)
ညဉ့်နက်ချိန်မှာ ဆေးခန်းကို ပိတ်တော့ ကိုကျော်ထူးက ပါးစပ်မှာ ယမကာနံ့လေး စိုစိုနှင့် ဝိုင်းကူ သိမ်းပေးရင်း နေ့လယ်က သူ့အဒေါ် ပြောသွားသည့် စိတ်မချမ်းသာစရာ စကား လက်ကျန်ကို ဆက်သည်။ ကိုစိန်သောင်း ကလည်း ကျွန်တော့် မျက်နှာရိပ် မျက်နှာကဲကို ကြည့်ကာ တစ်ခွန်းစ နှစ်ခွန်းစ ၀င်ထောင်၏။
လူပျို ကာလသားကြီးတွေလည်းဖြစ် လည်ချောင်းထဲကို အ၇က်ဖြူ အခိုးတွေကလည်း ဆူဝေနေချိန် ဆိုတော့ သူတို့ ပါးစပ်က ထွက်လာသည့် စကားတွေက အတန်ငယ်တော့ ရိုင်းပျ ကြမ်းတမ်းနေသည်။
အပျိုကို ပါကင် ဖောက်ရင် သုံးသိန်း ဆိုတဲ့ စျေးက ဒေါ်ဌေး အဖို့တော့ မက်စရာပေါ့။ သူ့မှာလည်း ခါးအောင်ပိုင်း သေပြီး အိပ်ရာထဲ လဲနေတဲ့ လူမမာ ယောက်ျားအတွက် ဆေးဖိုးက ရှိသေးတယ် မဟုတ်လား စိန်သောင်းရ
အောင်မလေး ကျော်ထူးရာ အဲဒီ သုံးသိန်းက တစ်ခါပဲ ရမှာလေ။ အဝှာလည်း အပြုခံပြီးရော သူ့သမီးက ဘယ်လိုလုပ်ပြီး လင်ကောင်း သားကောင်း ရတော့မှာလဲ။ ရှေ့လျှောက် ဖာဖြစ်ဖို့ပဲ ရှိတော့တာပေါ့
အမှောင်က စပါးကြီးမြွေ၏ မျက်လုံးလို သားကောင်ကို ညှို့နေ၏။
သားကောင်က ဘယ်သူလဲ။ ကျွန်တော်တို့လား ခင်ဗျားတို့လား
အသိမဲ့ မိုက်မဲခြင်းများကတော့ ဆင်းရဲခြင်းကို မြွေရေခွံလို ခြုံကာ အရာရာကို ဝါးမြိုဖို့ ရောက်လာခဲ့ပြီ။ မြွေ၏ အာခံတွင်းထဲမှ အသေပုပ်နံ့ကို ကျွန်တော် ရနေ၏။
အို မထူးတော့ပါဘူး။ အားလုံးကိုသာ မြိုချပစ်လိုက်ပါတော့။ ဟောဒီမှာ ဘယ်သူ တစ်ဦးတစ်ယောက်မှ အသက်ရှင်ဖို့ ကောင်းလောက်အောင် တန်ဖိုး ထိုက်ထိုက်တန်တန် မရှိပါ။
ဒါနဲ့များ လူတွေတဲ့
ကဲ အံံ့သြဖို့ မကောင်းဘူးလား
ကျပ်ငွေ သုံးသိန်းဟု ခေါ်သော ငွေစက္ကူများကို ဖြုန်းတီး လွှင့်ပစ် နိုင်ရုံလောက်နှင့် မိန်းကလေး တစ်ယောက်ကို ပြည့်တန်ဆာ ဘ၀ ေ၇ာက်အောင် အပျို အင်္ဂါကိုမှ အရသာ ခံချင်လွန်းသာ တဏှာရှင် ယောက်ျားကို ကျွန်တော် အံ့သြသည်။
လူငယ် မာနနှင့် ရုန်းကန်ချင်စိတ် မရှိဘဲ ဖျာပေါ် ကျော်ခင်းပြီး မျက်လုံး စုံမှိတ်ကာ ပိုက်ဆံ လွယ်လွယ်လိုချင်တဲ့ ကလေးမလေးကို ကျွန်တော် အံ့သြသည်။
ကိုယ့်သမီး တစ်ဘ၀စာကို ပိုက်ဆံ သုံးသိန်းဖြင့် ရောင်းပြီး စားသောက် သုံးစွဲရက်သော မွေးသမိခင် ကိုလည်း ကျွန်တော် အံ့သြသည်။
ပြီးတော့… ပြီးတော့ အသားတကျ နေတတ်လွန်းသော ကျွန်တော်တို့နှင့် ခင်ဗျား တို့ကိုလည်း ကျွန်တော် တအံ့တသြ မုန်းတီးရပါဦးမည်။
ဆေးခန်းတံခါးကို ပိတ်ပြီးတော့ ရှေ့က အမှောင်ထုထဲကို ကျွန်တော် ငေးကြည့်နေမိသည်။ မိုးတွင်းမို့လို့လား မပြောတတ်။ ကျွန်တော့ ဆေးခန်းရှေ့ အ၀င် လမ်းကလေးသည် ဗွက်ပေါက် နေ၏။
(၇)
နောက်ထပ် ၅လခန့် ကြာမြင့်ပြီးသော အချိန်လောက် ဖြစ်မည် ထင်သည်။ ကျွန်တော့ ဆေးခန်းထဲသို့ အသား ညိုညို ပိန်ပိန် ဆံပင် နီကြောင်ကြောင်နှင့် အမျိုးသမီးငယ် တစ်ယောက် ၀င်လာသည်။ လူနာ မှတ်တမ်း ေ၇းဖို့ ပေးလိုက်တော့ နာမည်က သန္တာခိုင် အသက်က ၂၇ နှစ်
သူ့အသက်ထက် စာလိုက်လျှင် ရုပ်ရည်က ချုံးချုံးကျ အိုစာ လွန်းနေသည်။ ပြီးတော့ သူ့လက်ဖျံနှင့် လက်ချောင်းကြား အေ၇ပြား တွေပေါ်မှာလည်း အနာဖု စိုစိုလေးတွေ ဗရပွ ရှိနေသည်။
သူ့ အသွင်အပြင်ကို ကြည့်ပြီး ကျွန်တော့ စိတ်ထဲ မသင်္ကာ ဖြစ်နေစဉ်မှာပင် ဆေးခန်း အကူ ကိုစိန်သောင်းက ကန့်လန့်ကာ ပိတ်စနောက်သို့ ခေါင်းပြူလာပြီး
ဆရာ…ဒါလေး တစ်ချက် ကြည့်ပေးပါဦး
ဟု ဆိုကာ စာရွက်ပိုင်းလေး တစ်ရွက်ကို ကမ်းပေး၏။ ကျွန်တော်က ဘာများလဲ ဟု မျက်မှောင်ကုတ်ကာ စာရွက်ခေါက်ကို ယူပြီး ဖြန့်ကြည့်လိုက်တော့ ကိုစိန်သောင်း လက်ေ၇းဖြင့် စာတစ်ကြောင်း ရေးထားသည်ကို တွေ့လိုက်ရသည်။ စာက
ဆရာ…အခု လာတဲ့ လူနာက Retro (+) နော်။ သတိ။
ထိုစာကြောင်းလေးကို ဖတ်ပြီး ကျွန်တော့ စိတ်ထဲမှ သြော် ဟု အသံမထွက်ဘဲ တီးတိုး ညည်းတွားမိသည်။ ကျွန်တော့ ရှေ့တွေ ထိုင်နေသော လူနာ မိန်းကလေးသည် HIV ကူးစက် ခံထားရသူမှန်း ကိုစိန်သောင်းက သိထားခြင်းကြောင့် ကျွန်တော့ကို အသံတိတ်နည်းဖြင့် လှမ်းသတိပေးလိုက်ခြင်း ဖြစ်သည်။
လူနာက ခါးဆစ်ရိုးတွေ ကိုက်နေသည်ဟု ပြောသောကြောင့် ကျွန်တော်က စမ်းသပ် စစ်ဆေးကြည့်ပြီး လိုအပ်သော ဆေးဝါးများ ပေးလိုက်သည်။ လူနာ ပြန်သွားတော့မှ ကျွန်တော်က ဆေးခန်းရှေ့သို့ ထွက်လာပြီး ကောင်တာဘေး ၇ှိ ပက်လက် ကုလားထိုင်တွင် ၀င်ထိုင်လိုက်ရင်း
စောစောက လူနာ အကြောင်းကို ခင်ဗျားက ဘယ်လိုလုပ်ပြီး သိနေတာလဲ ကိုစိန်သောင်း၇ဲ့
ဟာ…ဆရာကလည်း အဲဒါ ဟိုတလောက သူ့သမီးကို လိုင်းသွင်းဖို့ တားဆေး လာထိုးသွားတဲ့ ဒေါ်ဌေးရဲ့ သမီး အကြီးလေ
သြော်
ဒီတစ်ခါ ရေရွတ်မိသည့် သြော် ဆိုသော စကားလုံး၏ အဓိပ္ပာယ်ကိုတော့ ကျွန်တော် ကိုယ်တိုင်လည်း သဲသဲကွဲကွဲ မသိ။ ကိုစိန်သောင်းက ဆက်ပြီး….
အဲဒီ အကြီးမက ဟိုဟာ လုပ်စားနေတာ ၁၅ နှစ် ၁၆ နှစ် သမီး ကတည်းကပဲ ဆရာရဲ့။ သူ့အမေပဲ စပြီး လိုင်းသွင်းခဲ့တာပေါ့လေ။ ဆရာ မြင်တဲ့ အတိုင်း အငယ်မလေးကို ဟိုတစ်ခါ လုပ်သလိုပေါ့
ဒီတစ်ခါတော့ ကျွန်တော့ ပါးစပ်က ဘာစကားလုံးမှပင် မေ၇ရွတ်နိုင်တော့။ ကျွန်တော့ နှုတ်ခမ်းတွေ သွေ့ခြောက်နေ၏။ ကိုစိန်သောင်းက ဆက်ပြီး
အဲဒီ အကြီးမက ပြည့်တန်ဆာ အမှုနဲ့ ထောင်ကျပြီး ထောင်က လွတ်လာတာ မကြာသေးဘူး။ HIV ပိုး ရှိနေမှန်းလည်း အားလုံးက သိနေကြတော့ လုပ်စားလို့ မရတော့ဘူးလေ။ အဲဒါကြောင့် ဒေါ်ဌေးက သမီး အငယ်ကို သူ့အစ်မ လျှောက်တဲ့ လမ်းအတိုင်း လိုက်ခိုင်းတာ ထင်ပါရဲ့ ဆရာရယ်
လျှောက်နေကြတယ်လို့ ပြောရအောင် သူတို့မှ ကိုယ်ပိုင် ခြေထောက်တွေရော ရှိကြရဲ့လား။ သူတို့မှာ မကူး၇ဲ မခတ်ရဲ ဒလိမ့်ခေါက်ကွေး မျောပါနေကြတာ မဟုတ်ဘူးလားဟု ကျွန်တော် တွေးလိုက်မိ၏။
(၈)
မွေးကတည်းက ဆင်း၇ဲတဲ့ မိသားစုမှာ မွေးလာလို့ ဆင်းရဲရတာဟာ အပြစ်မရှိပါဘူး။ ကိုယ်ညံ့လို့မှ မဟုတ်ဘဲလေ။ မှားယွင်းတဲ့ နိုင်ငံေ၇း စနစ်တစ်ခုရဲ့ သားကောင် ဖြစ်ရတာဟာလည်း လူတွေ ညံ့လို့တော့ မဟုတ်ဘူးလို့ ကျွန်တော် ယုံကြည်ထား၏ သို့သော် အစဉ်သဖြင့် သားကောင် ဘ၀မှာပဲ ပျော်မွေ့ နေတာမျိုး ဆင်း၇ဲခြင်းကိုပဲ ယိုးမယ်ဖွဲ့လို့ ရေစုန်မျောနေတာမျိုး ကျတော့ ကိုယ်ညံံ့ရာ ကျသွားပြီ ဖြစ်သည်။
အမေ တစ်ယောက် ညံ့သည် ဆိုလျှင် ပိုဆိုးပြီပေါ့။
အမေ တစ်ယောက် အနေဖြင့် ဆင်းရဲတွင်း ထဲမှ ရုန်းထွက်နိုင်လောက်အောင် အင်အား လုံး၀ မကျန်တော့သည့် အထိ ခြေကုန်လက်ပန်း ကျသွားသော အနေအထားမျိုး ရောက်နိုင်သည်ကို ကျွန်တော် နားလည်သည်။
သို့သော် အမေ တစ်ယောက်သည် ကိုယ့်သားသမီး၏ နှလုံးသားထဲမှာ အခက်အခဲကို ဒူးမထောက် အညံ့မခံသည့် စိတ်ဓာတ်လေး တစ်ခုတော့ ရှင်သန်အောင် ပျိုးထောင်ပေးဖို့ လိုအပ်သည်ဟု ကျွန်တော် ထင်၏။
သြော် အခုတော့……အခုတော့
အမေဖြစ်သူ ကိုယ်တိုင်က သမီးတွေကို လူပီပီသသ ရုန်းကန် ရှင်သန်တတ်ဖို့ သင်မပေးဘဲ ပိုက်ဆံရဖို့ ဆိုရင် ခန္တာကိုယ် ကိုတောူင် ရောင်းစားဖို့ လမ်းပြ ပို့ဆောင် ပေးနေခဲ့ပြီလေ။
ကဲ မိဘ ကျေးဇူးကို ကျွန်တော် ဘယ်လို ဖွဲ့နွဲ့ သီကုံးရမလဲ။
ရေစုန် မျှောလိုက်သူများ သမ္မတ နိုင်ငံတော် အတွင်းမှာ မိဘတွေ သားသမီးတွေ ဆွေမျိုးတွေ အပေါင်းအသင်းတွေ သူသူ ငါငါ ယောင်္ကျား မိန်းမ အားလုံး လူမှန်သမျှ အသိဥာဏ် ကင်းမဲ့ခြင်းနှင့် နေသားကျနေကြသည်။
ဆင်း၇ဲခြင်း နှင့် နေသားကျနေကြသည်။
ရိုင်းစိုင်းရန်လိုခြင်းနှင့် နေသားကျနေကြသည်။
စည်းကမ်းမဲ့ခြင်းနှင့် နေသားကျနေကြသည်။
တစ်ယောက်ကို တစ်ယောက် မလေးစားခြင်းနှင့် နေသားကျနေကြသည်။
ရှင်းရှင်းပြောရလျှင် သူတို့အားလုံးတွင် ရှင်သန်နေသော လူသား တန်ဖိုး ဂုဏ်သိက္ခာ ဟူ တစိုးတစိမှ မရှိကြတော့။
ဟုတ်ကဲ့။
မနက်ဖြန် ဆိုလျှင် ကျွန်တော့ ဆေးခန်း ဆိုင်းဘုတ်အောက်တွင်
လူသေများကို ဆေးကုသည်။
ဟူသော စာကြောင်းတစ်ကြောင်း ဖြည့်စွက်ရပါဦးမည်။
မင်းခိုက်စိုးစန်