သမီးမိုက်(စ/ဆုံး)
————–
အမည်ကသာ မေမျိုးသန့် ဟုဆိုသည်။ ပတ်ဝန်းကျင်က သူမကို မျိုးမှ သန့်ကော သန့်ရဲ့လား ဟု သံသယ မျက်လုံးဖြင့် မကြာခဏ အကြည့်ခံ ရတတ်မြဲ..။ မျိုး မသန့်ဘူး ဟု ဆိုပါက မမြနွယ်၏ သိက္ခာ ကို စော်ကားရာ ရောက်မည်။ပြောလည်း ပြောချင်စရာပေ။ မေမျိုးသန့် ဆိုသော သူမ က ပတ်ဝန်းကျင်၏ အထင်သေးစရာ လုပ်ရပ်ကလေးများ မကြာခဏ လုပ်တတ်သည်။ ပတ်ဝန်းကျင် က မိဘ က ပြောဆို ဆုံးမလို့ မရတဲ့ သမီး မိုက်ကလေးဟု ကွယ်ရာတွင် အတင်းတုတ်တတ်ကြသည်။ ပတ်ဝန်းကျင်က ထိုသို့ ထင်သည်ကိုလည်း အဆိုးမဆိုသာ။ မိခင် ဖြစ်သူ မမြနွယ် ကိုယ်တိုင်ကပင် မျိုးသန့်လေးကို
မထင်ရင် မအေ တောင် ပြန်သတ်မယ့် မိန်းမ ဟု ပတ်ဝန်းကျင်ကို စကားလွှင့်တတ်သည်။
ထို စကားတို့ကို သူမ ပြန်ကြားရသည့် အခါတိုင်း ရင်ထဲက တဆစ်ဆစ် နာကျင်လာသည် ဟု ခံစားရသည်။ ထိုခံစားမှု့ကို ဖုံးကွယ်ရန် ကျစ်ခနဲ အသံပြုကာ နှုတ်ခမ်းတွင် မဲ့ပြုံးကို ဆင်မြဲ ..။ တခါတခါ ဒေါ်မြနွယ်သည် ပတ်ဝန်းကျင် ကြားလောက်အောင် ခုနှစ်သံချီ၍ မျိုးသန့်လေးကို အပြစ်ဆိုသည်။ မထင်ရင် မထင်သလို ခေါင်း ခေါက်တတ်သည်။ နီးရာနှင့် ဆွဲ၍ ရိုက်တတ်သည်။ အသက် ၁၆နှစ်အရွယ် ၊ အပျိုကလေး ဖြစ်လာသော မျိုးသန့်သည် ရှက်ဒေါသ နှက့်အတူ နာကြည်းစိတ်တို့ဝင်လာသည်။ ထိုအခါမျိုးတွင် သားအမိ နှစ်ယောက် စကားများမြဲ..။ မျိုးသန့်လေးသည် ဖခင်ရှိစဉ်က ထိုသို့ မဟုတ်။ အလွန် လိမ္မာကလေး မဟုတ်သည့်တိုင် ဆိုးသွမ်းသော ကလေး မဟုတ်သည်မှာ သေချာသည်။ ကျောင်းတွင် စာတော်သည် ဟု ဆရာ၊ဆရာမများက မကြာခဏ ချီးမွမ်းကြသည်။ မမြနွယ်ကတော့ ခင်ပွန်းဖြစ်သူ ကိုကြင်မောင် ရှိစဉ်ကပင် မျိုးသန့်လေးကို မကြည်။ အပြစ်ပဲ မြင်နေသည်။ မျိုးသန့်လေးကိုမှ မဟုတ် အရာရာကို အပြစ်သာ မြင်တတ်သူ တစ်ဦးဖြစ်သည်ဟု ဆိုရမည်ပင်။ ကုသိုလ်ကံ ထူးသူ မျိုးသန့် ကလေးတော့ ပို၍ အပြစ်မြင် ခံရမြဲ..။ ကျောင်းတွင် အဆင့် ကောင်း ရသော်လည်း မမြနွယ် က အဆင့် တစ် နှစ် သုံးမဝင်၍ ဆူသည်။ စာတော်၍ ဆု ရသော ရွယ်တူ မိန်းကလေးများနှင့်ယှဉ်ကာ မျိုးသန့်လေးကို ဆူမြဲ ဆဲမြဲ။ ထို အခါမျိုးတွင် ကိုကြင်မောင်မနေသာ..။သမီး ဖြစ်သူဘက်မှ နေ၍ ဝင်ပြောရမြဲ..။
“ဟဲ့ မြနွယ်ရဲ့..။ ကလေး 1 to 10ဝင်ရင် တော်ရောပေါ့ ဟ။ အဆင့် တစ်တွေ နှစ်တွေ ရအောင် တို့ သမီးက ကျူရှင်တွေ ဘာတွေ နေရတာမှ မဟုတ်တာ..။ပြီးတော့ အိမ် အလုပ်လည်း ကူရသေး..”
“အို..တော် ကာဆီး ကာဆီး လုပ်နေလို့ အဲ့ဟာမက ရောင့်တက်နေတာ..။ သူ့ ဒီ အလုပ်ရှိတာ စာကြည့်ရမှာပေါ့..။ အိမ် အလုပ်ဆိုလည်း ဘာမှ မယ်မယ်ရရ လုပ်တာ မဟုတ်ဘူး..။ တစ်နေ့လာ ဆော့လိုက် နံ့လိုက်..။ အေး..တော်လည်း ကျပ် ကျပ် အလိုလိုက်..။ တော်ကြာ တော့် ခေါင်းပေါ် ချီး တက်ပါလိမ့်မယ်..”
“ဟေး..မင်း တော်တော် ။ငါ စကားမများချင်ဘူး..”
စကားမများချင်ဘူးဟုဆိုကာ အတော်ခိုင်းသော်လည်း တကယ် တော်ရသည်က ကိုကြင်မောင် တစ်ယောက်တည်း..။ မမြနွယ်ကတော့ ပွစိ ပွစိ လုပ်မြဲ..။ ထိုအခါမျိုး တွင် မျိုးသန့်ကလေးကတော့ မျက်ရည် ဝိုင်းကလေးနှင့် ငိုမဲ့မဲ့လုပ်ကာ ကျောင်းကို သွားရမြဲ..။ ဒီလိုနှင့် မျိုးသန့်လေး ကိုးတန်းတက်ရမည့်နှစ်ကို ရောက်လာခဲ့သည်..။ထိုနှစ်တွင် အိမ်မှ စီးပွားရေး က သိပ်အဆင်မပြေချင်..။ နေပူမရှောင်၊ မိုးရွာမရှောင် အလုပ် လုပ်ရသောဒဏ်ကြောင့် ကိုကြင်မောင် အိပ်ရာထဲ လဲလေသည်..။ မမြနွယ်ကတော့ သမီးဖြစ်သူ မျိုးသန့်ကို ကူဖော် လောင်ဖက်ရအောင်၊ အနည်းဆုံးတော့ ကျောင်းထားရသည့်စရိတ်စခ သက်သာအောင် ကျောင်းထုတ်ချင်သည်။ သို့သော် မျိုးသန့်လေးမှာ စာတော်သဖြင့် ဆရာ၊ ဆရာမများက ဝိုင်းတားကြသည်။ ထိုနှစ်မှာပင် ကိုကြင်မောင် ဆုံးလေသည်။ မမြနွယ်ကို ကိုကြင်မောင် မသေခင် နောက်ဆုံး ဆန္ဒ တစ်ခု တောင်းဆိုသွားသည်။ ထို ဆန္ဒ မှာ သမီးဖြစ်သူ မေမျိုးသန့် လေးကို ပညာရေး ဆုံးခန်းတိုင်အောင် ထားပေးပါ ဟူ၍..။ မမြနွယ်သည် ခင်ပွန်းဖြစ်သူ၏ နောက်ဆုံး ဆန္ဒဖြစ်၍ သူမ ကိုပရဟိတ ဘော်ဒါတွင် ဆယ်တန်း ဆက်ထားသည်။ သို့သော် သမီးဖြစ်သူ အိမ်ပြန်လာတိုင်း သူ့ဝသီ အတိုင်း ကုန်ကျ စရိတ်တွေ တွက်ပြမြဲ။ ဆူဆဲ ပူမြဲပင်..။ သူမ စာလိုက်နိုင်လားဟု တစ်ခွန်းမေးဖော်မရ..။ ယုတ်စွ အဆုံး သူက ပင် စကားတစ်ခွန်း ပြောလိုက်သေး၏။ “လူနာမျက်ဖြူဆိုက်လေ ဆရာကြိုက်လေ” တဲ့။ ဆိုလိုသည်မှာ သူမစာမေးပွဲ မအောင်လေ မမြနွယ်ကတော့ ကြိုက်လေပင်..။ ထိုအခါမျိုး၌ သူမမှာ ဖခင်ဖြစ်သူ သတိရမြဲ..။ တိတ်တိတ်ကလေး ခိုး၍ ငိုရမြဲ..။
တစ်နေ့တော့ မေမျိုးသန့်လေး ဘော်ဒါတွင် ပြဿနာဖြစ်၍ ဒေါ်မြနွယ်ကို ခေါ်သည်။
ပြဿနာတွင် သူမသည် ခံရသူ ဖြစ်သည်။ သို့သော် ဒေါ်မြနွယ်သည် သမီးဖြစ်သူကို အကျိုး အကြောင်းမျှပင် မမေး..။
ဘော်ဒါမှ ကျောင်းသူတွေ ရှေ့မှာပင် သူမကို ဆူပါတော့သည်..။ မျိုးသန့်လေး ခမျာ မျက်ရည်ကျရုံမှ လွဲ၍ ဘာမျှ ရှင်းပြခွင့်မရ..။ ထိုနောက် မေမျိုးသန့် ဟူသော ကျောင်းသူလေးသည် ဘော်ဒါတွင် မကြာခဏ ပြဿနာဖြစ်လေတော့သည်။
တော်ရုံ တန်ရုံ ကိစ္စများပင် သည်းခံနိုင်စွမ်းမရှိတော့. ။ ပြဿနာ ဖြစ်ရမြဲ ..။ ကြာတော့
သူမကို ဘော်ဒါမှ လက်မခံတော့..။
စာလည်း မကြိုးစားတော့သဖြင့် ကျောင်းထုတ်လိုက်ရသည်။ အိမ်တွင် ရှိသမျှ အလုပ်တွေကို သိမ်းကြုံးလုပ်ရလေတော့သည်။ တစ်ခု ပြောင်းလဲလာသည်က သူမသည် အရင်က မေမျိုးသန့် မဟုတ်တော့..။ ဒေါသကြီးလာသည်။ တစ်ခွန်း မခံ ပြန်ပြောတတ်လာသည်။ အရင်က ကျခဲ့ရသည် မျက်ရည်များသည် အခုအခါ ဒေါသအခိုးအငွေ့ များဖြစ်သွားဟန်တူသည်။ မမြနွယ်ကတော့ သမီးဖြစ်သူ အတန်ပညာ သင်ပေးမိ၍ နောင်တရ၍ မဆုံး..။ တစ်နေ့တစ်ခြား ဆိုးသွမ်းလာသော သမီးကို ကြည့်ကာ ကျောင်း ထားမိ၍သာ သူ့ကို လှန်ပြောရဲလာသည်ဟု ထင်မြင်ယူဆနေ၏..။
နေ့စဉ်ရက်ဆက် တကျက်ကျက် စကားများနေသော သားအမိနှစ်ယောက် ကို ပတ်ဝန်းကျင်က ဂရုမစိုက်တော့..။ သို့သော် မေမျိုးသန့်ကလေးကိုတော့ ဖတဆိုး မေအေက ပြောမနိုင်လို့ လွှတ်ထားရတဲ့ သမီးမိုက်ဟူ၍သာ မြင်နေကြလေတော့သည်..။
သို့သော် မျိုးသန့်လေးကို အကောင်းမြင်သူ တစ်ဦးတော့ရှိသည်..။ ကိုကြင်မောင်၏ ညီမ ၊ မေမျိုးသန့် ၏ အဒေါ်..။
“သမီးရယ်..ညည်း အမေနဲ့ တည့်အောင်နေစမ်းပါ။ ကိုယ့်မှာ အဖေရှိတော့တာ မဟုတ်ဖူး၊ အမေပဲ ရှိတော့တာ..”
ထိုအခါမျိုးတွင် သူမသည် ခေါင်းကို ငုံ့ထားမြဲ..။
“သမီး..။ ညည်း မအေကို ပြန် ပြန် ပြောနေတယ်ဆို..”
အပြစ်တင်နေတာမျိုး မဟုတ်ဘဲတစ်ခုခု ဖြေရှင်းချက် လိုချင်လို့ မေးဟန်ရှိသည်မို့ သူမ မဖြေလို့မရ။ မဝံ့မရဲနှင့် အဒေါ် ဖြစ်သူကို မော့ကြည့်မိ၏။ အဒေါ်က သူမထံမှ တစ်စုံတစ်ရာကို မျှော်လင့်နေဟန်..။သို့သော် သူမ ထံမှ ဘာ စကားမှ ထွက်မလာ..။
“သမီးရယ်..။သမီးဟာ သူများတွေ ပြောသလို ဆိုးသွမ်းနေတဲ့ ကလေးမဟုတ်မှန်း ဒေါ်လေး သိတယ်။ ပြီးတော့ မမြနွယ်အကြောင်းလည်း ဒေါ်လေး အသိ..။ ဒါပေမယ့် သား သမီး နဲ့ မိဘဆိုတာ ဘာတွေပဲ ပြောနေ ပြောနေ သား သမီးက အမှားပဲ၊ သား သမီး က အရှုံး ပဲ ကွဲ့
သူတို့က မွေးထားတာလေ..၊သမီးပဲ ငရဲ ရမှာပေါ့..”
ဒီတစ်ခါတော့ သူမ စိတ်က နာလာရပြန်သည်။ နှုတ်မှလည်း လွှတ်ခနဲ..
“ဒါပေမယ့် ….”
စကား ပြောဟန်ပြုပြီးမှ ဘာမှ ဆက်မပြောဘဲ ရပ်ထားလိုက်သည်။
“ဒါပေမယ့်။ ဘာဖြစ်သလဲ သမီး..”
“သူတို့က မွေးထားတာ ဆိုပေမယ့် ဒေါ်လေးရယ် ။ သမီးတို့မှာလည်း လူ့ဘဝ ရောက်ဖို့ ကိုယ် လုပ်ထားတဲ့ ရှေး ကုသိုလ်ဆိုတာ ရှိသေးတယ်လေ..။ သူတို့ ဘယ်လောက်ပဲ မွေးချင် မွေးချင် သမီး တို့ လူဖြစ်ဖို့ ကုသိုလ်ကံမပါဘူးဆိုရင် သား သမီးဖြစ်ခွင့် ရမှာမဟုတ်ဘူးပေါ့ .။ မွေးပေးတာ ကျေးဇူးတင်ပါတယ်။
ဒါပေမယ့် မွေးပေးရတာနဲ့တော့ ငါ မိဘပဲ ဆိုပြီး အာဏာ မပြနဲ့ပေါ့…။ သမီးတို့ ရှေး ကုသိုလ်ကံလေးတော့ ထောက်ဦးမှပေါ့..”
“မဟုတ်သေးဘူး သမီး..။ ဒေါ်လေးပြောမယ်။ သေချာနားထောင်နော်..။အခု ဘုရားသာသာနာကုန်ခါနီးမို့ ဒီလိုတွေ တွေးလာကြတာတဲ့ကွဲ့
ရှေ့တုန်းက လူတွေက မိဘနဲ့ ပက်သက်ရင် ကျေးဇူးတရား နဲ့ ကျေးဇူးဆပ်ဖို့ပဲ တွေးတတ်ကြတာ ဇာတ်တော်တွေထဲမှာ သမီး သတိထားမိမှာပါ..။ အခု ကျ သမီး တွေးနေတာပဲ စဉ်းစားကြည့်..။ ဘယ်လောက်မှားလိုက်သလဲ..။ မိဘကို ကျေးဇူးဆပ်ဖို့ နေနေသာသာ၊ ကျေးဇူးတင်ဖို့တောင် မလိုတော့သယောင် ဖြစ်နေတယ်။ ရှေးကုသိုလ်တဲ့..
ဒါဟာ သမီး အမှားမဟုတ်ဘူးနော်..။ နောက်ဆို အဲ့လိုပဲ တွေးလာကြတော့မှာတဲ့.။ ဒါက ဆုတ်ခေတ်ရဲ့ အစပဲ..။ ဒေါ်လေးကတော့ သမီးကို အဲ့ဒီ ဆုတ်ေခတ်ထဲမှာ ပါမသွားစေချင်ဘူး..”
သမီးအမေက အမေရင်းပါကွယ်..။ သမီးသေချာ သတိထားကြည့် ။ ဘယ်လောက်ပဲ မေတ္တာတွေ ခေါင်းပါးတယ်လို့ နှုတ်က တဖွဖွပြောနေပါစေ။ သူ့ရဲ့ တစ်ချို့ အပြုအမူလေးတွေ မှာ နွေးထွေးတဲ့ မေတ္တာဓါတ်လေး သမီးရှာတွေ့မှာပါ..။
သွားလာနေကြ အိမ်အပြန်လမ်းက အခုမှ ပိုဝေးနေသယောင်။ အဒေါ့် စကားကြောင့် တစ်ခုခုကို ရှာဖွေးရင်း ဖြည်းဖြည်းချင်း လှမ်းနေမိသည်။ တမြည့်မြည့် နာကျင်သည့် ဝေဒနာဟောင်းက ပေါ်လာပြန်သည်။
ပါးစပ်က ပွစိ ပွစိ နှင့် ပြောတတ်သော်လည်း သူမ ထမင်းစားခါနီးတိုင်း ထမင်းပူ ရင် လက်ကလေး ဆွ ဆွပြီး အေးအောင်လုပ်ပေးတတ်တာကို သတိရမိသည်။
ရင်ဘတ်ထဲက နာကျင်နေတဲ့ ဝေဒနာက သိသိသာသာလျော့ပါးလာသည်။
သူမ နေထိုင်မကောင်းလို့ အပြစ်တင်နေတာတောင်မှ ဆေး မသောက် မနေရအောင် အတင်း တိုက်တတ်က ဖျပ်ခနဲ ပေါ်လာသည်။
ရင်ဘတ်ထဲက နာကျင်နေတဲ့ဝေဒနာက အရှင်းပျောက်သွားသည်။ ဝမ်းသာခြင်းလိုလို ကြည်နူးခြင်းလိုလို ခံစားမှု့ တစ်ရပ်က နေရာယူလာပြန်သည်။
သူမ၏ အောင်မြင်မှု့ကိုကိုယ်တိုင် မချီးမွှမ်းသည့်တိုင် တပါးသူက ပြောလာရင်တော့ ပြုံးပြုံး ကြီး တုံ့ပြန်တတ်တာက မေမျိုးသန့်ကို
အခု မျက်စိရှေ့တွင် လာပြုံးပြန်နေသယောင်..။ ဟုတ်ပါရဲ့..။ အရင်က တော့ အမေ့ကို မုန်းတဲ့စိတ်၊ နာကြည်းတဲ့စိတ်တွေကြောင့် သည်အရာတွေ မမြင်ခဲ့တာ..။ ဝမ်းနည်လို့ အကြိမ်ကြိမ်ဝဲခဲ့ရတဲ့မျက်ရည်ကြောင့် အမြင်တွေ ဝေးဝါးခဲ့ရတာ…။ အမေ …။ နှုတ်မှ ခပ်ဖွဖွလေး ရေရွတ်ကြည့်မိသည်။ အခုတော့ အမေ့ သမီးမိုက်ကြီး အမြင်မှန် ရပါပြီ အမေရယ်…။
Note- အကြံပြုအားပေးကြပါဦးရှင့်
ကလောင်းသွေးစမို့ လိုအပ်တာလေးတွေထောက်ပြပေးစေချင်ပါတယ်..။ ဖတ်ရှု့သူ တစ်ယောက်ချင်းစီကို ကျေးဇူးတင်ပါတယ်🙆