သမီးရဲ့ဦး

Posted on

သမီးရဲ့ဦး(စ/ဆုံး)

—————-

ခုတလော Fri requestတွေ
လာအပ်တာ
သတိထားမိတာကြာပြီ။
ငယ်ငယ်ချောချော လေးတွေပါလား
လက်ခံပေးလိုက်ပါမယ်လေ

တကယ်တော့
မအေးမေနဲ့ လူလွတ်ကိစ္စ ဖြစ်ပြီးကတည်းက
မိုးတိမ်ယံ ဘဝက ကျွတ်ခဲ့တာကြာပါပြီ။
ကိုလှဘူး
DBVကြည့် ခေတ်သစ်ကြည့် YouTube ကြည့်ရုံလောက်သာ၊သတင်းလေးဘာလေး ထူးခြားဖြစ်စဉ်တွေကြည့်ရအောင်
ဖေ့ဘွတ်ထဲဝင်ဖြစ်တာများတယ်။
သို့ပေမယ့်
ကိုလှဘူးလို အသက်ခြောက်ဆယ်ကျော်ကို
ဘယ့်နှာကြောင့် ကောင်မလေး ချောချောလေးတွေလာအပ်နေပါလိမ့်။
ကိုယ့်ရုပ်ကို မှန်ထဲပြန်ကြည့်တော့လည်း ဆေးမဆိုးထားတာကြာလို့ ဆံပင်ဖြူနဲ့ဆံပင်နက်တွေရောနေပုံက ခဲရောင်ပေါက်နေပြီး မုတ်ဆိတ်ဖြူငုတ်စိတွေနဲ့ ဘယ်လိုမှ လူငယ်ပုံမပေါက်။

ဒါဆို ဘာကြောင့်လဲ။
ကိုလှဘူး Fri request လာအပ်တဲ့ ကလေးမတွေ အားနာပါးနာနဲ့ အကုန်လက်ခံလိုက်ပါတယ်။
ကိုယ့်သမီးထက်တောင် ငယ်မယ့်အရွယ်လေးတွေပါလား။
သူတို့ဝေါထဲဝင်ကြည့်တာ စာကောင်းပေမွန်လေးတွေ၊ဘုရားအဆုံးအမတွေ တင်ထားပါလား။

အိမ်က အေးမေတို့နဲ့များကွာပါ့ကွာ

အခုဘာတဲ့
Tiktok ဆိုတာလားပဲ
ဆိုင်ထဲ ပတ်ချာလည့်ပြီး ရိုက်တင်လိုတင်
ဟင်းတွေချက်ပြီးတင်လိုတင်
သူ့ကိုယ်သူမင်းသမီး ထင်နေတာလားပဲ
မပြောသာတာက သူက သူ့ဆိုင်ကပစ္စည်းအသစ်ရောက်လာရင်ကြော်ငြာ ရိုက်တင်လိုက်ပြီးတာနဲ့
ဟိုက ဒီက လှန်းမှာကြတော့တာ။
အခုက ဆိုင်အထိတောင် လာမဝယ်ကြတော့ဘူး။
မမအေးမေ
အိမ်အရောက်ပို့ပေးပါဆိုတာနဲ့
မအေးမေကပါဆယ်တွေ ထုပ်ပြီး delivery လက်ထဲအပ်လိုက်တော့တာ။
ဒီခေတ်
စီးပွားရေး တောင်မှ online ကနေအလုပ်လုပ်ကြတာ
လွယ်ကူမြန်ဆန်နေရောပဲ။
ကျုပ်လည်း ဘယ်နေရလိမ့်မလဲ။
ကိုလှဘူး ကျွန်မကိုပါဆယ်ကူထုပ်ပေးအုန်းဆို
ကူလုပ်နေရတာ။

ဟောဗျာ

အခုပဲ ဖရန့်လက်ခံယုံရှိသေး
မက်ဆင်ဂျာက တတောင်တောင်နဲ့
စာတွေဝင်လာပါရောလား

အကိုကြီး

ခင်ချင်လို့ပါ

အကိုကြီးရဲ့ တည်ကြည်ခန့်ငြားတဲ့ ပရိုဖိုင်ပုံကိုကြည့်မိတာနဲ့
အကိုကြီးက စိတ်ကောင်းရှိသူ ဖြစ်မယ်ဆိုတာ သိပါတယ်။

အယ်

ကိုလှဘူး ကိုယ့်ပရိုဖိုင်ပုံ ဘာတင်ထားမိပါလိမ့်

အော် မိသားစု ဘုရားဖူးရင်း ကိုလှဘူးတစ်ယောက်ထဲကို အေးမေ ရိုက်ပေးထားတာ၊ ဘုရားနောက်ခံထားပြီးတစ်ယောက်ထဲ လက်အုပ်လေးချီနေပုံဆိုတော့
ကလေးမ ထင်ချင်လဲ ထင်လောက်ပါတယ်လေ

ကိုလှဘူး အပြုံးနဲ့ ကျေနပ်သွားပါတယ်။

စာပြန်အုန်းမှပါလေ

မင်္ဂလာပါ သမီးရေ
ဦးက အကိုအရွယ်တော့မဟုတ်ပါဘူး
အသက်ခြောက်ဆယ် ကျော်ပါပြီ

ဟင် ဟုတ်လား

မထင်ရဘူးနော် ဦးရေ

အခုလိုစာပြန်ပေးတာ ကျေးဇူးတင်ပါတယ်ဦးရယ်
သမီးကလေ မိဘမရှိတော့ဦးတို့အရွယ်တွေဆို ခင်မင်နေမိတာ

အို ကိုလှဘူး သနားမိသွားပါတယ်။

သမီးက မြန်မာပြည်မှာမနေပါဘူး ဦးရယ်

ထိုင်းမှာအလုပ်လုပ်နေပါတယ်

သမီးဇာတိက တောင်ကြီးကပါ
ဦးကရော ဘယ်မြို့မှာနေတာလဲ
ဘာအလုပ်လုပ် လဲဟင်

ကလေးမလေး ရိုးရိုးသားသားလေးပါလားဆိုပြီး ကိုလှဘူး
စာပြန်လိုက်ပါတယ်

ဦးက ပြည်မှာနေတာပါ

အလုပ်ကတော့ ပင်စင်စားပါကွယ်

ဦးပုံစုံကိုမြင်ကတည်းက အရာရှိတစ်ယောက်ဖြစ်မယ်ဆိုတာ သမီးထင်ပါတယ်။

ဒါပဲနော် ဦးရေ
နောက်ရက်ဆုံချင်ပါသေးတယ်။

ဘာလိုလိုနဲ့ ကလေးမလေးနဲ့ စကားပြောဖြစ်တာ တပတ်ရှိလာပြီ။
ဦးရေ
သမီးဖေ့ဘွတ်မက်ဆင်ဂျာက ပျက်ချင်လို့ စကားပြောရမကောင်းဘူး
သမီးကို Viber ဖုန်းနံပါတ်လေးပေးပါလား

အင်းပေါ့
ပေးလိုက်တယ်

သူက ထိုင်းက ကုမ္မဏီခပ်ကြီးကြီးတစ်ခုခုကဝန်ထမ်းဆိုတာသိရတယ်။ လစာလည်းကောင်းတဲ့အပြင် အပို ဝင်ငွေတစ်ခုလည်း ထပ်ရှာနိုင်သေးသတဲ့။
အော် ငယ်ငယ်ရွယ်ရွယ်နဲ့ တော်လိုက်ကြတာ

အဲဒီလိုကနေ
ဦးရေ ဦးကပင်စင်စားဆိုတော့ ဝင်ငွေက ရပ်နေမှာနော်
သမီးလုပ်နေတဲ့ အပိုဝင်ငွေ ရတဲ့အလုပ် ဦး စိတ်ဝင်စားရင်
သမီး ပြောပြပေးမယ်

အဲ
လဘက်ရည်ဖိုး၊ဘာဖိုးညာဖိုး မအေးမေဆီက လက်ဖြန့်နေရတာ ကိုလှဘူးသိပ်ဘဝင်မကျဖြစ်နေတာနဲ့ အတော်ပဲ။
သမီးလုပ်တဲ့အလုပ်ကဘာလဲ
လွယ်ပါတယ် ဦးရယ်
သမီး ပြောပြပေးမယ်
ဦးမှာ K pay တို့ ဘာတို့ဖွင့်ထားတဲ့ အကောင့်ရှိလား

ဟင်

အဲဒါ ဦးမှာတော့မရှိဘူး၊ ဦးရဲ့အမျိုးသမီးမှာတော့ ဖွင့်ထားတယ်

အဲဒါဆို ဦးရဲ့ဖုန်းထဲဘာမှမရှိဘူးလား အသစ်ထပ်ဖွင့်ပြီး ကိုယ့်ဖာသာ ငွေထည့်ထားပေါ့ ဦးရဲ့

ဦးက ဘောစိပဲ

ဇွတ်အထင်ကြီး

အေးမေက ကိုယ်ရတဲ့ပင်စင်တောင် တစ်လတကြိမ်ပေးမထုတ်ဘူး၊ ခြောက်လတစ်ခါမှ ထုတ်ရတာ၊ထုတ်လို့ရလည်း သူ့အကုန်အပ်ရတာ။ပြောပြန်ရင်လည်းကိုလှဘူးသိက္ခာကျပါတယ်။

အေးပါ နောက်မှ ဦးဆိုင်သွားပြီးဖွင့်လိုက်မယ်။

မြန်မြန်လုပ်နော်ဦး
သမီးဆို ဖုန်းကနေအပိုဝင်ငွေရတာ တလကို သိန်းနှစ်ဆယ်နီးပါးရှိတယ်။ မြန်မာပြည်ကအမေတို့ကိုအဲဒါနဲ့ပြန်ပို့ပေးနေတာ

ဟိုက် ရှားဘား
တလကိုသိန်း20 ၊ ကိုယ့်မှာပင်စင်လေးတစ်လ တစ်သိန်းခွဲတောင် များလှချည်ထင်နေတာ

ဒါနဲ့ ‌မအေးမေကို နည်းနည်းမေးကြည့်အုန်းမှပါ

အေးမေ ဟိုလေ ဖုန်းထဲကွာ ပိုက်ဆံထည့်လို့ရတဲ့ဟာ
အဲဒါ ငါ့ဖုန်းထဲထည့်လို့ ရဘူးလား

အေးမေက ကျုပ်ကို မျက်လုံးကြီးလှန်ကြည့်ရင်း
ရှင်က ဘာလုပ်မလို့လဲ

ဟုတ်ဘူးလေဟာ ငါ့ဖုန်းထဲ အဲဒါထည့်ထားတော့ အလုပ်လေးဘာလေးလုပ်လို့ရတာပေါ့

ဟင် ရှင် ဖေ့ဘွတ်က ပိုက်ဆံရမယ့်ဂိမ်းတွေကြည့်ပြီး ကစားချင်နေတာလား
သွားမလုပ်နဲ့တော်ရေ
အဲဒါ ကရှေ့ပိုင်းအယောင်ပြပြီး နောက်ပိုင်း ဘဝပါပျက်စေသတဲ့

ဟာ

ကြံကြီးစည်ရာကွာ ငါကအဲဒါမျိုးတွေဝါသနာမှမပါတာမင်းလည်းသိသားနဲ့
အဲဒါဆို ဘာလို့ ရှင်က kpay တို့ wave payတို့ထည့်ချင်နေရတာတုန်း

မင်းမသိသေးပါဘူးကွာ

ဒီတစ်ခါတော့ကိုလှဘူးအနိုင်နဲ့ ပြောချပလိုက်တယ်။တစ်နေ့ ငွေအများကြီးဝင်လာမှ ရော့ အင့်ဆိုပြီး အထုပ်လိုက်ပြစ်ချပြလိုက်စမ်းမယ်။

ဒီလိုနဲ့ကိုလှဘူးလည်း ဘာpay မှမထည့်ဖြစ်သေးဘူး။
သို့ပေမယ့်
ပထမ ကလေးမလေးလိုပုံစံနဲ့ နောက်ထပ်အကောင့်တွေကလည်း စကားလာပြောပြန်ရော

ကိုလှဘူးလည်း အပျင်းပြေ ဘာညာသာရကာ ဖောရှောလုပ်ပြီး ပြန်ပြောလိုက်ပါတယ်။

ဒီ‌တစ်ယောက်ကျ ဂျပန်တဲ့
အဲ နောက်တစ်ယောက်က ဟိုကလေးမလို ထိုင်းကပဲ
အလုပ်တွေကလည်း ကုမ္မဏီဝန်ထမ်းတွေ
မိဘမရှိတာလည်း တူနေပြန်ပြီ
ဇာတိကလည်း ကလော ၊ တောင်ကြီး နဲ့တူနေကြပြန်ရောဗျာ
ပထမကလေးမလေးကလဲ
ဦး အကောင့်မဖွင့်သေးဘူးလား ခဏခဏမေးနေပြီ။
သူ ပြောတာက သူ့အကောင့် ထဲဝင်ပြီး ဦးက ဈေးဝယ်ပေးယုံပဲတဲ့
သမီး ရမယ့်ဝင်ငွေထဲကနေ ဦးကို ရာခိုင်နှုန်းနဲ့ပြန်ပေးမယ်ပြောတယ်။
ရုံးမှာသာ စာရင်းဇယားပိုင်တဲ့ ကိုယ့်လို အသက်ကြီးသူက IT နည်းပညာတွေ ဘယ်လိုပဲသင်သင် ခုထိ ကိုယ့်ပုံတောင်သေသေချာတင်တတ်တာမဟုတ်ဘူး။

အဲဒါနဲ့ပဲ မအေးမေ Tiktok ရိုက်နေတာ မသိမသာ ကြည့်ရင်း

ငါ့မိန်းမ အတော်ဟုတ်တာပဲ ၊ အဲဒီပညာတွေ မင်းဘယ်လိုတတ်သလဲ

အော် ဒီလိုပါပဲ ကိုလှဘူးရယ်
ကျွမ်းကျင်ရာလိမ္မာတဲ့
တစ်ချို့ဆို ဘာအတန်းပညာမှ မယ်မယ်ရရမတတ်ဘူး
Tiktok မှာ ရယ်စရာ‌‌ေလး‌ေတွရိုက်ပြ ၊ငပိရည်တို့စရာမျိုးစုံနဲ့စားပြတာတောင်လူကြိုက်များသွားပြီး ဆယ်လီတွေဖြစ်
ကြော်ငြာတွေခေါ်ရိုက်ရာက အခုတော့ ဘွဲ့ရသူတွေထက်တောင်
ချမ်းသာနေကြတာ ကိုလှဘူးရေ

online က သုံးတတ်သူအတွက်တော့ တကယ့်ဈေးကွက်ကြီးပါ

ဟုတ်လား
ဒါနဲ့ အဲဒီလိုအွန်လိုင်းကနေ အခြား ပိုက်ဆံဝင်တဲ့နည်းရှိတယ်ဆို
မအေးမေက ကျုပ်ကို မယုံသင်္ကာကြည့်နဲ့

ရှင် ဘာတွေ လုပ်မိနေလဲ ကိုလှဘူး
ကျွန်မကို မှန်မှန်ပြောနော်

အွန်လိုင်းမှာ အလိမ်အညာတွေကလည်း အများကြီးရှင့်

ပေးပေး ကိုလှဘူး ရှင့်ဖုန်း

ဘာလုပ်မလို့တုန်း

ခဏပြစမ်းပါဆို

မပေးချင်ပေးချင်နဲ့ လက်ထဲကဖုန်းကို မအေးမေကဆတ်ကနဲ ယူကြည့်ပါလေရော

ကျုပ်အကောင့်ထဲ့ဝင် ဟိုဟိုဒီဒီကြည့်နေရင်းက
အေးမေ ရယ်ပါလေတော့တယ်

ဘာတုန်းဟ

အော် ကိုလှဘူး ကိုလှဘူး
သမီးရဲ့ ဦးကနေ အီးတမူး ဖြစ်တော့မလို့

ကျွန်မက်ုအရင်လာမေးတာမှန်သွားတယ်
ကိုယ့်ဘာသာကြိတ်လုပ်နေမယ်ဆိုရင်တော့ ဂျင်းမိတော့မှာတော့

ဟင် ဘာဂျင်းလဲ

ဒီလိုကိူလှဘူးရေ
အခု ကျားဖြန့် လူလိမ်ဂိုဏ်းတွေပေါ်နေတာ၊ အွန်လိုင်းကနေ မက်လုံးတွေပေးပြီး အကောင့်တွေဝင်ခိုင်း ပြီးရင်သူတို့ကနည်းအမျိုးမျိုးနဲ့ ရှင့်အကောင့်ထဲမှာရှိသမျှ ငွေ ထုတ်ယူကြတာ

ငါ့မှာ အဲလိုပိုက်ဆံထည့်ထားတဲ့အကောင့်တစ်ခုမှမရှိဘူးလေ

ဒါကြောင့်လည်းကံကောင်းတာပေါ့

ဟောဒီမှာကြည့်
ကျွန်မထဲမှာ လာအပ်ထားတာ ငယ်ငယ်ချောချောကောင်လေးတွေအများကြီးပဲ

ဘာ

ကျုပ် နည်းနည်းတော့အူတိုသွားတယ်။ ကြည့်လိုက်တော့ဟုတ်သား ၊ကိုယ်တွေသားအရွယ်လေးတွေလောက်

ရှင်ကလဲ လန့်လိုက်တာ

အဲဒါ ကျားဖြန့်လူလိမ်တွေချည်းပဲ

သူတို့ပုံအစစ်လည်းမဟုတ်ဘူး ၊ထိုင်း၊ဖိလစ်ပိုင်၊မလေး၊အင်ဒိုက မြန်မာရုပ်နဲ့ဆင်တဲ့ သူတွေပုံ ယူသုံးထားတာ
ကျွန်မတို့လို မိန်းမတွေဆီလည်း မမ၊ မမနဲ့ လာစကားပြော၊အဲဒီကနေ တဆင့်တက်ပြီး နည်းမျိုးစုံနဲ့ လိမ်ကြတာ
ယုံတဲ့သူတွေကတော့ပါသွားကုန်ပြီ

အရင်က နိုင်ငံခြားသားလူမျိုးခြားတွေပုံနဲ့လိမ်တာမဟုတ်လား

အခုက အဲဒီလိမ်နည်းကရိုးသွားပြီးလူသိများကုန်ပြီလေ။

ဒါကြောင့်
အမျိုးသမီးဆို ယောင်္ကျားလေးအကောင့်နဲ့တစ်မျိုး မိန်းကလေးအကောင့်နဲ့ ယောင်္ကျားတွေဆီအပ်၊အမျိုးမျိုးပါပဲ

ကျွန်မတို့ မိန်းမတွေဆီတောင် အဲလိုသမီးအရွယ်လေးတွေလည်းလာအပ်နေကကြတာကိုလှဘူးရေ

တော်ပါသေးတယ်

ရှင့်ဖုန်းထဲ တပြားမှမရှိတဲ့အဖိုးကြီးမှန်းသိရင် သူ့ဘာသူ လစ်သွားလိမ့်မယ်

မအေးမေ စကားကြောင့်

ကိုလှဘူး အောင့်သက်သက် ဖြစ်သွားရင်းက

မင်းမလဲ တနေ့တနေ့ Tiktok ပဲရိုက်နေနော်

မအေးမေက ဟက်ဟက်ပက်ပက် ရယ်လိုက်ရင်း

ဒါပေမဲ့ လည်း ဦး ရယ်

လူဆိုတာဟာခက်တယ် မလာနိုင်မှန်းသိရက်နဲ့တောင်

လက်ညိုးနဲ့လက်မအဝိုင်းကလေးလုပ်ပြပြီး

ကိုလှဘူး ကို မခို့တရို့ ဟန်လုပ်ပြရင်း စနေပြန်သေးဗျာ။

မြမြဦးခင်

လူအချင်းချင်းလှည့်ပတ်ခြင်း ကင်းဝေးကြပါစေ