သမီးလေးဇုံဇုံ

Posted on

သမီးလေးဇုံဇုံ(စ/ဆုံး)
——————–

ဇုံဇုံ ၂နှစ်သမီးအရွယ်အရောက်မှာ ဆရာဝန်က ဇုံဇုံကို ဉာဏ်ရည်မမီတဲ့ကလေးလို့ အတိအလင်းကြေညာလိုက်ပါတယ်။ အဲဒီတခဏ ဆရာဝန်နဲ့မျက်နှာချင်းဆိုင်ထိုင်နေတဲ့ ကျွန်တော်နဲ့ ကျွန်တော့်ဇနီးတို့နှစ်ယောက် ကြက်သေသေသွားပါတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ပျော်ရွှင်မှုတွေ အမှောင်ထဲ တစ်သက်တာပိတ်လှောင်ခံလိုက်ရပြီဆိုတာကို ကျွန်တော်သိလိုက်တယ်။ ဇုံဇုံကတော့ တံထွေးတယိုယိုနဲ့ စားပွဲခုံပေါ်မှာ တွားသွားနေခဲ့တယ်။

ဇုံဇုံကို ဉာဏ်ရည်မမီတဲ့ကလေးလို့ မသိခင်ကာလက ကျွန်တော်တို့မိသားစုဟာ အရမ်းပျော်ရွှင်တဲ့မိသားစုပါ။ လူတွေရှေ့မှာ ကျွန်တော်သမီးလေး ချောကြောင်း၊ လှကြောင်း ကျွန်တော်အမြဲကြွားခဲ့တယ်။ အိမ်ပြန်ရောက်တိုင်း ကျွန်တော်အရင်ဆုံးလုပ်တတ်တဲ့အလုပ်က မိုးရွာပြီးစ ကြာပန်းလေးလို ဖြူဖြူနီနီရောယှက်နေတဲ့ ဇုံဇုံပါးပြင်နုနုလေးကို ပွေ့ဖက်နမ်းရှုံ့တာပါပဲ။ နို့နံ့လေးသင်းနေတဲ့ မျက်နှာလေးက ဖုတ်ပြီးစပေါင်မုန့်လေးလို နွေးအိလို့။ အော်.. အဲဒီတုန်းက ဒီသမီးလေးကို ကျွန်တော်အရမ်းချစ်ခဲ့တာပဲ။

ဇုံဇုံအသက်၂နှစ်ပြည့်တော့ တခြားအသက်တူကလေးနဲ့ တော်တော်ခြားနားလာတာကို တွေ့ရတယ်။ စကားအပြောနောက်ကျတဲ့အပြင် နှေးနှေးကွေးကွေးပြောတဲ့ စကားတွေကလည်း ထစ်ထစ်အအနဲ့။ မားမားမတ်မတ် မရပ်နိုင်သလို လမ်းလည်းကောင်းကောင်း မလျှောက်တတ်ခဲ့ဘူး။ အားကတော့ အတော်ကြီးတယ်။ ဘာမပြော ညာမပြောနဲ့ “ဖြန်း..”ခနဲမြည်အောင် တခြားသူကိုရိုက်တတ်တယ်။

ဇုံဇုံ ၄နှစ်အရွယ်မှာ သူ့ကို ကျွန်တော်မူကြိုကျောင်းပို့လိုက်တယ်။ အဲဒီနေ့က ဇုံဇုံကို သူ့အတန်းဖော်တွေ စနောက်ကြတယ်။ ရုတ်တရက် ဇုံဇုံစိတ်ဖောက်သလိုဖြစ်ပြီး လူတွေကို လိုက်ရိုက်တော့တယ်။ ကိုက်လည်းကိုက်သလို၊ အတင်းလည်း လိုက်ဆွဲဖဲ့လို့ ဝရုန်းသုန်းကားနဲ့ တစ်တန်းလုံး ဗျောင်းဆန်နေတော့တယ်။ ဆရာမက ဇုံဇုံကို အခန်းတစ်ခုမှာပိတ်လှောင်လိုက်ပြီး ကျွန်တော့်ကို မြန်မြန်လာခေါ်ဖို့ ဖုန်းဆက်ပါတယ်။

ကျွန်တော်ရောက်သွားတဲ့အချိန် ပိတ်လှောင်ခံထားရတဲ့ ဇုံဇုံရဲ့ပါးစပ်ကနေ မပီကလာစကားသံတွေ “ရိုက်တယ်… သမီးကိုရိုက်တယ်”လို့ အော်ပါတယ်။ ကျွန်တော့်ကိုဇဝေဇဝါကြည့်နေတဲ့ သူ့မျက်လုံးထဲမှာ မျက်ရည်တွေ ပြည့်နှက်လို့နေပါတယ်။

ကျွန်တော်အရမ်းဒေါသဖြစ်မိတယ်။ ကျောင်းအုပ်ကြီး အမြန်ရောက်လာပြီး ကျွန်တော်ကို တောင်းပန်စကားဆိုပါတယ်။ ဒေါသစိတ်ပြေမှ စက်ဘီးကိုတွန်းပြီး နေရာကနေ ကျွန်တော်ထွက်လာခဲ့တယ်။

ဇုံဇုံကို ကျွန်တော်ချိုချဉ်တစ်လုံး ဝယ်ပေးလိုက်တယ်။ ဇုံဇုံ ချက်ချင်းပဲ ဝမ်းသာအားရထအော်ပါတယ်။ အော် ဦးနှောက်ပုံမှန်မဟုတ်သူမို့ပဲလား… အခုနားကဖြစ်ပျက်တာတွေကို သူလုံးလုံးလျားလျား မေ့သွားခဲ့တယ်။ ခနော်ခနဲ့သွားနေတဲ့ စက်ဘီးနောက်ခုံမှာသူထိုင်ပြီး မျက်နှာကို ကျွန်တော်နောက်ကျောမှာ သူကပ်ထားလိုက်တယ်။ ဒီလိုအချိန်မျိုးမှာ ဒါဟာ သူ့အတွက် ကောင်းကင်ဘုံပါပဲ။

ကျွန်တော့်အတွက်တော့ ဇုံဇုံဟာ ငရဲဖြစ်ခဲ့ပါတယ်။

ဇုံဇုံ ကျောင်းနေလို့မဖြစ်တာကြောင့် ဇုံဇုံကိုစောင့်ရှောက်ဖို့ ကျွန်တော့်ဇနီး အလုပ်ကထွက်လိုက်ရပါတယ်။ အိမ်က အိုးခွက်ပန်းကန်တွေ ဇုံဇုံရိုက်ခွဲတယ်ဆိုတာ မကြာခဏပါ။ ကုတင်အပေါ်အောက် နေရာမခွဲဘဲ ကျင်ကြီး၊ ကျင်ငယ်စွန့်တာလည်း ရှိသေးတယ်။ သူ့ကို ကျွန်တော်တို့ အပြင်သိပ်မခေါ်ထွက်ဘဲ အိမ်မှာပဲ ထားတာတောင် အပူလောင်ခံရလိုက်၊ ဓာတ်လိုက်ခံရလိုက်….. နဲ့ လမ်းလျှောက်ရင်တောင် တွဲထားရပါတယ်။ မတွဲထားရင် ရှေ့ကိုဟပ်ထိုးလဲလိုက်၊ နောက်လှန်ကျလိုက်နဲ့ ဘာကိုင်ကိုင် လက်မမြဲဘဲ ပါးစပ်ကနေလည်း မပီကလာစကားသံတွေ ထွက်နေတတ်ပါတယ်။ အိမ်ပြန်ဖို့ကို ကျွန်တော်အရမ်းကြောက်ခဲ့သလို အိမ်ကို ဧည့်သည်လာမှာလည်း ကျွန်တော်အရမ်းစိုးရိမ်ခဲ့မိတယ်။

ဇုံဇုံကို တစ်ချက်ကြည့်လိုက်မိတိုင်း လူ့ဘဝက မျှော်လင့်ချက်မဲ့လိုက်တာလို့ ကျွန်တော်ခံစားမိတယ်။ ဒါ့အပြင် ဇုံဇုံ ဖျားနာပါစေလို့တောင် ကျွန်တော်ဆန္ဒပြုမိတယ်။ သူဖျားနာခဲ့ရင် ဆေးမကုပေးဘဲ သူ့ကံနဲ့သူ သွားပါပေါ့။ ဒါပေမယ့် ဇုံဇုံ ဒေါင်ဒေါင်မြည်ကျန်းမာခဲ့တယ်။ ကံကြမ္မာရယ် ကျွန်တော့်ကို ဘာကြောင့်ဒီလိုအဖြစ်မျိုးနဲ့ တစ်သက်စံအကျဉ်းသား ဖြစ်စေခဲ့တာလဲ….

ဒီလိုနဲ့တစ်နေ့မှာ ဇုံဇုံကိုခေါ်ပြီး ရှန်ဟိန်းကဆေးရုံတစ်ရုံဆီ ကျွန်တော်ရောက်လာခဲ့တယ်။ အဲဒီနေ့က ကောင်းကင်ဟာ ကြည်လင်လို့။ ဆေးရုံရှေ့မြက်ခင်းပြင်ပေါ် ကျွန်တော်တို့ထိုင်နေရင်းက ဇုံဇုံကို ကျွန်တော်ပြောတယ်။

“ဇုံဇုံ… လာ .. သမီးကို ဖေဖေ အင်္ကျီအသစ်လဲပေးမယ်။ သမီးအနား ဖေဖေမရှိတော့တဲ့အခါ သမီးကို အင်္ကျီထပ်ပေးမယ့်သူ ရှိမှာမဟုတ်ဘူး.. သိလား”

ဇုံဇုံက အ,တတရယ်ရင်း ကျွန်တော့်ကိုကြည့်နေတယ်။ ဟင်း… သူ ဘာနားလည်လိမ့်မလဲ။

သူ့ရဲ့ဖြူနုနုလက်လေးကို ကျွန်တော်ဆုပ်ကိုင်လိုက်တယ်။ ပြီးတော့ သူ့ကို တစ်ချက်ငုံ့နမ်းလိုက်ပြီး နေရာကနေ ကျွန်တော် ချာခနဲလှည့်ထွက်လာခဲ့တယ်။

ရထားလက်မှတ်ကို တင်းတင်းဆုပ်ပြီး ရထားဘူတာမှာ ကျွန်တော်အကြာကြီး ထိုင်နေမိတယ်။ လက်မှတ်ဖြတ်ဂိတ်ဆီသွားဖို့ ကျွန်တော်အင်အားမဲ့နေပါတယ်။ ကျွန်တော်မရှိရင် ဇုံဇုံ ငိုလေမလား၊ ချမ်းနေမလား၊ ပူနေမလား၊ ဆာနေမလား၊ ကြောက်နေမလား၊ သူ့ကို တစ်ချက်သွားကြည့်ဖို့ ကျွန်တော်ဆုံးဖြတ်လိုက်တယ်။

ဆေးရုံဖက် ကျွန်တော်ပြန်လှည့်လာတယ်။ ဇုံဇုံကို နေရာမှာမတွေ့မိတော့ဘူး။ ဝရံတာက ထိုင်ခုံတစ်ခုပေါ် ကျွန်တော် မရဲတရဲထိုင်ချလိုက်ချိန် အမျိုးသမီးနှစ်ဦးရဲ့ စကားပြောသံကို ကျွန်တော်ကြားလိုက်မိတယ်။

“မနေ့က ကလေးတစ်ယောက် အပစ်ခံလိုက်ရပြန်ပြီ။ ဒီနေရာမှာ ပစ်ထားလိုက်တာနဲ့ ဆေးကုခံရမယ်များ ထင်နေလား မသိဘူး။ တကယ်ဆို ဘယ်သူမှ ဂရုစိုက်ကြတာ မဟုတ်ဘူး…. ”

စကားသံတွေကို နားထောင်ရင်း ကျွန်တော်တစ်ကိုယ်လုံး ထုံကျင်သွားမိတယ်။ လူနာခန်းဖက်ဆီ အရူးတစ်ယောက်လို ကျွန်တော်ပြေးသွားလိုက်မိတယ်။ ဇုံဇုံ… ဇုံဇုံ ရှိနေသေးလား…

ဆေးရုံထဲ အပြေးလွှားရှာရင်း ဇုံဇုံကို ကျွန်တော်အော်ခေါ်နေမိတယ်။ အဲဒီတခဏ လောကကြီးတစ်ခုလုံး ရုတ်တရက် အသံမဲ့သွားသလိုပဲ… တိတ်ဆိတ်လို့။ တိမ်တွေ သစ်ရိပ်တွေ လူ့မျက်နှာတွေ ကျွန်တော်မျက်စိရှေ့မှာ ချာလပတ်လည်နေတော့တယ်။ နေဝင်ချိန်ဟာ အဲဒီတဒင်္ဂမှာ ရုတ်တရက် ကျရောက်လာခဲ့သလိုပဲ….

ကျွန်တော် သတိလည်လာတဲ့အချိန် ဇုံဇုံကို ကျွန်တော်ဘေးမှာ ထိုင်နေတာတွေ့လိုက်တယ်။ သူ့လက်ကလေးနဲ့ ကျွန်တော့်ပါးပြင်ကို ပွတ်သပ်လို့၊ ပါးစပ်ထောင့်မှာ သရေတွေယိုစီးလို့၊ မပီကလာနဲ့ “ဖေဖေ.. ဖေဖေ”လို့ ခေါ်လို့…

ကြောက်စရာကောင်းတဲ့ ဒီနေရာကခွာပြီး ဇုံဇုံကို အိမ်ခေါ်ပြန်ဖို့ ကျွန်တော်ဆုံးဖြတ်လိုက်တယ်။ ရထားလက်မှတ်ဝယ်ပြီးချိန် ဒီနေရာကို ကျွန်တော်ဘာလာလုပ်သလဲလို့ ပြန်တွေးမိတယ်။ ကျွန်တော်ဘာကြောင့် စိတ်ပြောင်းသွားလဲ၊ သွားလိုက် လာလိုက်နဲ့ ဘာလုပ်နေသလဲ၊ ကျွန်တော်ခြေရင်းနားမှာ ဆော့ကစားနေတဲ့ ဇုံဇုံကို ကျွန်တော်စိုက်ကြည့်လိုက်မိတယ်။ ကျွန်တော် ဘာတွေတွေးနေတယ်ဆိုတာ သူဘယ်သိနိုင်မလဲ…

ရထားထွက်ခါနီး လူအုပ်ကြားထဲ ကျွန်တော်ပြေးဝင်လိုက်တယ်။ နောက်ကို လုံးဝလှည့်မကြည့်ခဲ့တော့ဘူး။ ရထားက ဥသြရှည်ကြီးတစ်ချက်ဆွဲပြီး ဘူတာက ထွက်ခွာခဲ့တော့တယ်။

ရထားပေါ်ထိုင်နေတဲ့ ကျွန်တော်ခန္ဓာကိုယ်တစ်ခုလုံး ချွေးတွေနဲ့စိုရွဲနေပါတယ်။ ကျွန်တော့်ခေါင်းထဲမှာ ဗုံတွေတီးခတ်နေတဲ့အလား ကျွန်တော့်နှလုံးတွေက ကြေးစည်တီးနေသလို တဆတ်ဆတ် တုန်ခါနေတော့တယ်။ အဲဒီအရာတွေကိုမစဉ်းစားမိဖို့ ကျွန်တော့်ကိုယ်ကျွန်တော် ဇွတ်အတင်းသတိပေးနေမိတယ်။

ဆိတ်ဆိတ်ငြိမ်ငြိမ်ထိုင်နေတဲ့ လူတွေထဲမှာ ဒီလောက်ရက်စက် ကြောက်စရာကောင်းတဲ့လူတစ်ယောက်လည်း ထိုင်နေတယ်ဆိုတာကို ဘယ်သူသိနိုင်မလဲ…

အဲဒီလူက ငါးနှစ်အရွယ်သူ့သမီးလေးကို အခုလေးတင်ပဲ ဘူတာရုံမှာစွန့်ပစ်ခဲ့တယ်ဆိုတာကို ဘယ်သူသိနိုင်မလဲ…

အဲဒီ အ,တီး အ,တ ကလေးလေးဟာ လွန်ခဲ့တဲ့၁ဝမိနစ်ခန့်ကပဲ စားလို့အကောင်းဆုံးလို့ သူထင်တဲ့မုန့်ကို သူ့ဖခင်ပါးစပ်ထဲ ထိုးထည့်ပေးခဲ့သေးတယ်။

ဒီလောကထဲ သူ့ကို ကျွန်တော်ခေါ်လာခဲ့တယ်၊ ဒီလောကမှာပဲ သူ့ကို ကျွန်တော်စွန့်ပစ်ခဲ့တယ်။ ရက်ရက်စက်စက် ကျွန်တော်ထွက်သွားလိုက်တယ်။ သေခြင်း ရှင်ခြင်း၊ နာကျင်ဝမ်းနည်းခြင်းတွေအားလုံး ဒီငါးနှစ်အရွယ်ကလေးပေါ် ကျွန်တော်ပုံချခဲ့လိုက်တယ်။

ကျွန်တော်နဲ့မျက်နှာချင်းဆိုင်ထိုင်နေတဲ့ ဖခင်တစ်ဦးက သူ့သမီးလေးကို ငှက်ပျောသီးခွာပြီး ကျွေးနေတယ်။ ကလေးက နွဲ့ဆိုးဆိုးနေတယ်။ မိခင်က ကလေးကိုချော့မော့နေတယ်။ အိုး… ဘယ်လောက် နှစ်လိုဖွယ်ကောင်းလိုက်တဲ့ ပုံရိပ်လဲ…

ကျွန်တော် ထရပ်လိုက်တယ်။ သန့်စင်ခန်းဆီရောက်တော့ ရထားနံရံကို ခေါင်းနဲ့တအားဆောင့်လိုက်မိတယ်။ ရထားက ဂျူံးဂျူံးဂျတ်ဂျတ်အသံကြီးနဲ့ ကျွန်တော့်ကိုပြန်အော်တယ်။ အနံ့ နံဟောင်တဲ့သန့်စင်ခန်းထဲမှာ ကျွန်တော်ချုံးပွဲချငိုကြွေးနေမိတယ်။ ကျွန်တော်ရဲ့ညစ်ပတ်ပေရေတဲ့အနံ့ကို ကျွန်တော်ခံစားမိတယ်။ ကျွန်တော်ရင်ထဲက ညစ်ညမ်းမှုတွေဟာ ဒီသန့်စင်ခန်းထက်တောင် နံစော်နေခဲ့ပါပေါ့လား..

ကျွန်တော်ပြန်လာတာကိုတွေ့တော့ ကျွန်တော့်ဇနီး ဘာမှမမေးဘဲ ကျွန်တော့်ကိုပဲ ကြည့်နေခဲ့တယ်။ ကျွန်တော်ဖြည်းဖြည်းချင်း ဒူးထောက်ချပြီး အားရပါးရ ငိုကြွေးလိုက်မိပြန်တယ်။

အိမ်တစ်အိမ်လုံး တိတ်ဆိတ်လို့… မီးကစားတဲ့ကလေး မရှိတော့ဘူး၊ လူကိုဒုက္ခပေးတဲ့ကလေး မရှိတော့ဘူး၊ သရေတယိုယိုနဲ့ကလေးတစ်ယောက် ဧည့်သည်တွေရှေ့ ထွက်မလာတော့ဘူး၊ ပစ္စည်းတွေလျှောက်ပစ်တဲ့ကလေး မရှိတော့ဘူး၊ အိုးခွက်ပန်းကန်တွေ ရိုက်ခွဲမယ့်ကလေး မရှိတော့ဘူး… မရှိတော့ဘူး…. မရှိတော့ဘူး။

ကျွန်တော့်လည်ပင်းပေါ် လက်ကလေးကို ယုံယုံကြည်ကြည်ချိတ်ထားတတ်တဲ့ကလေး မရှိတော့ဘူး၊ ချိုချဉ်စုပ်ရင်း မျက်နှာလေးကို ကျွန်တော်နောက်ကျောပေါ်အပ်ထားတတ်တဲ့ကလေး မရှိတော့ဘူး၊ လက်တွေ ခြေထောက်တွေ တုတ်နှောင်ခံရပြီး မျက်ရည်အဝဲသားနဲ့ ရိုက်တယ်.. မီးကိုရိုက်တယ်လို့ပြောတဲ့ ညစ်တီးညစ်ပတ် ကလေးလေးတစ်ယောက် မရှိတော့ဘူး။

အိမ်က တိတ်ဆိတ်နေတယ်၊ ချောက်ချားစရာကောင်းလောက်အောင် တိတ်ဆိတ်နေတယ်၊ အုတ်ဂူတစ်ခုလို ငြိမ်သက်နေတယ်။ ဒီအိမ်ရဲ့အသံတွေ၊ ဒီအိမ်ရဲ့အရောင်တွေ၊ ဒီအိမ်ရဲ့ခံစားချက်တွေအားလုံး ဇုံဇုံနဲ့အတူ ပါသွားခဲ့ပြီ။ ဇုံဇုံကို ကျွန်တော်လွမ်းတယ်၊ လွမ်းတယ်… ကြောက်ဖို့ကောင်းလောက်အောင် လွမ်းနေမိတယ်။

ရှန်ဟိန်းမြို့ဆီ ကျွန်တော်သွားပြန်တယ်။ ဇုံဇုံကို နေရာအနှံ့လိုက်ရှာမိတယ်။ ပုံကြီးချဲ့ထားတဲ့ ဇုံဇုံ့ဓာတ်ပုံကိုကိုင်ပြီး နေ့တိုင်းလိုက်ရှာခဲ့တယ်။ မိတ္တူပွားထားတဲ့ လူပျောက်လက်ကမ်းကြော်ငြာတွေ နေရာအနှံ့လိုက်ဝေခဲ့တယ်။ ရဲစခန်း၊ စည်ပင်သာယာ.. ကျွန်တော်အကုန်သွားခဲ့ပြီးပြီ။

၁၈ရက်… ၁၈ရက်တိတိ… အိမ်ခြေမဲ့ကလေးထိန်းသိမ်းရေးစခန်းတစ်ခုမှာ ပိန်ခြောက်မည်းတူးနေတဲ့ဇုံဇုံကို ကျွန်တော်တွေ့ခဲ့တယ်။

ဇုံဇုံကိုတွေ့လိုက်တဲ့တခဏ ပျောက်ဆုံးနေတဲ့ ဒီရက်အတောတွင်းမှာ ဇုံဇုံဘယ်လိုနေခဲ့သလဲဆိုတာကို ကျွန်တော်မတွေးရဲခဲ့ဘူး။ အမည်းမှောင်ဆုံး၊ မျှော်လင့်ချက်မဲ့တဲ့ ဒီရက်တွေကို သူဘယ်လိုကျော်ဖြတ်ခဲ့သလဲ ကျွန်တော်မတွေးရဲခဲ့ဘူး။ ကျွန်တော်ကိုမြင်တော့ ကျွန်တော့်ဆီ ဇုံဇုံမလာပါဘူး။ ကျွန်တော်နဲ့ ခြေလှမ်းအနည်းငယ်ကွာတဲ့နေရာမှာရပ်ပြီး သူငိုတယ်၊ ငိုတယ်၊ ဘာစကားမှမပြောဘဲ သူငိုခဲ့တယ်။ ကျွန်တော်တို့ သားအဖနှစ်ယောက် တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး ရှိုက်ကြီးတငင် ငိုတယ်။ လည်ချောင်းဝမှာလည်း တစ်ဆို့လို့.. စကားတစ်ခွန်း မဟနိုင်ခဲ့ဘူး။

ခဏတွင်းချင်း ဇုံဇုံကြီးပြင်းလာခဲ့သလိုပဲ.. ၁ဝနှစ်သမီးအရွယ် ရောက်ခဲ့သလိုပဲ။ အရွယ်ရောက်သူတစ်ဦးရဲ့အကြည့်နဲ့ ကျွန်တော့်ကို သူကြည့်နေခဲ့တယ်။ ဒါဟာ ဉာဏ်ရည်မမီသူတစ်ဦးရဲ့ ရင့်ကျက်တဲ့အကြည့်.. ကျွန်တော် တည့်တည့်ပြန်မကြည့်ရဲခဲ့ဘူး။ သူဟာ ဉာဏ်ရည်ချွတ်ယွင်းသူဆိုပေမယ့် သူ့ရဲ့သံယောဇဉ်၊ သူ့ရဲ့ခံစားချက်က သာမန်ကလေးတစ်ယောက်လို ပုံမှန်ဖြစ်ခဲ့ပါတယ်။

ဇုံဇုံ့နား ကျွန်တော်သွားလိုက်တယ်။ သူ့ရှေ့မှာ ထိုင်ချပြီး သူ့ကိုပွေ့ဖက်လိုက်တယ်။ ညစ်တီးညစ်ပတ် အူတူတူ အ,တတ ဒီကလေးကို ရင်နာနာနဲ့ ပွေ့ဖက်ထားလိုက်တယ်။ ဇုံဇုံက သူ့လက်ကိုမြောက်ပြီး ကျွန်တော့်ပါးပြင်ပေါ်ရိုက်ချလိုက်တယ်။ တစ်ချက်.. နှစ်ချက်.. သုံးချက်… တစ်ဘက်ကရိုက်ရင်း တစ်ဘက်ကငိုလို့။ “ဘုံး”ခနဲ ကျွန်တော်ဒူးထောက်လဲကျသွားတော့တယ်။ သမီးရှေ့မှာ ကျွန်တော်ဒူးထောက်လို့.. မျက်ရည်တွေက အဆက်မပြတ်စီးဆင်းလို့… ကျွန်တော် စကားတစ်ခွန်းမှ မပြောနိုင်ခဲ့ဘူး။

ကျွန်တော့်ကိုရိုက်ပြီးတဲ့နောက် ကျွန်တော့်ရင်ခွင်ထဲ သူခေါင်းတိုးဝင်ပြီး ကျွန်တော့်ကို သူတင်းတင်းဖက်ထားလိုက်တယ်။ ပြီးနောက် ကျွန်တော့်ရင်ခွင်ကို တဒုံးဒုံးထုပြီး နှလုံးကွဲအက်တဲ့အသံမျိုးနဲ့ …

“ဖေဖေ… ဖေဖေ…”လို့ အော်ခေါ်ပါတော့တယ်။

ကျွန်တော့်နှလုံးသားတွေ ကွဲကြေနေပါပြီ၊ ကျွန်တော့်ရင်တွေ နာကျင်နေပါပြီ။ ငှက်မွှေးတွေလို လွှင့်ပျံကွဲကြေနေသလိုမျိုး နာကျင်လိုက်တာ။ ဒီလိုပုံစံမျိုးနဲ့ ကျွန်တော့်ကို သူခွင့်လွှတ်လိုက်ပါတယ်။ သူဟာ ပုံမှန်ကလေးတွေလိုပဲ အသိအမှတ်ပြုခံရဖို့ကို တောင့်တခဲ့တာ၊ ပုံမှန်ကလေးတွေလိုပဲ လေးစားခံရဖို့၊ ချည်းကပ်ခံရဖို့ကို တောင့်တခဲ့တာ၊ ပုံမှန်ကလေးတွေလိုပဲ ငြင်းဆန်ခံရမှာ၊ အထီးကျန်မှာ၊ ပစ်ပယ်ခံရမှာ၊ စွန့်ပစ်ခံရမှာကို သူကြောက်ခဲ့ပါတယ်။

ကျွန်တော်ရဲ့တောင့်ခံနိုင်တဲ့အင်အားက အဲဒီတခဏမှာ တာရိုးကျိုးသွားတဲ့ရေတွေလို ပြိုပျက်ခဲ့ရပါတယ်။ ကျွန်တော့်ဒီတစ်သက် ဒီသမီးလေးကို ကျွန်တော်စွန့်ပစ်မိတော့မှာ မဟုတ်ပါဘူး။ ကျွန်တော် ဖျားနာသည်ဖြစ်စေ၊ ဆင်းရဲပင်ပန်းသည်ဖြစ်စေ၊ သဘာဝဘေးအန္တရာယ် ကြုံကြိုက်သည်ဖြစ်စေ၊ စစ်ပွဲတွေဖြစ်စေ… ဘာပဲဖြစ်နေစေ ဖြစ်နေစေ.. သမီးလေးရဲ့နောက်မှာရပ်ပြီး သူ့အတွက် နွေးထွေးမှု၊ လုံခြုံမှု၊ ချစ်ခြင်းမေတ္တာ၊ စားဝတ်နေရေးတွေ ကျွန်တော်ဖြည့်ဆည်းမှာပါ။ သူ့ကိုတစ်ယောက်တည်းထားပြီး ကျွန်တော်ဘယ်မှ ထွက်မသွားတော့ပါဘူး။

မူရင်းရေးသားသူ — ဇုံဇုံရဲ့ဖခင်