သရဲတောမှအပြန်

Posted on

သရဲတောမှအပြန်(စ/ဆုံး)

———————-

လူတိုင်းရဲ့ဘဝမှာ မမေ့နိုင် စရာအကြောင်းတွေ ကြုံဖူးကြလိမ့်မယ်
လို့ကျုပ်ထင်တယ်ဗျ။
တကယ်တော့ ခုပြောမယ့် အကြောင်း အရာက ကျုပ်ဘဝမှာ
ဘယ်တော့မှ မေ့နိုင်မှာမဟုတ် သလို၊
ကျုပ်ဘဝ ရဲ့ အကြီးမားဆုံး နောင်တ တစ်ခုဆိုလည်း မမှားဘူးပေါ့
ဗျာ။
အဖြစ် က ယုံကြည် နိုင်စရာမရှိလောက်အောင် ကိုဆန်းကြည်တာဗျ။

မှတ်မှတ်ရရပြောရမယ် ဆို အဲဒီနေ့က လပြည့်ဗျ။
ကောင်းကင်မှာ လ ကလည်းသာယာတောက်ပနေသလို ကြယ်ကလေးတွေလည်း ထိန်ထိန် လင်းနေတော့ မီးထွန်းစရာတောင် မလိုဘူး
ဗ်။
ကျုပ်တို့ ရောက်နေတာ က သရဲတော မှာပေါ့ဗျ။
အေး သရဲတော ဆိုလို့ပြောရအုန်းမယ်ဗျ။
ဟိုး ယခင်ကတော့ ဒီတောကို သားရဲတော လို့ခေါ်ကြတယ်လို့ကြား
ဖူးတာပဲ​ဗ်။
နောက်မှ သရဲခြောက်လွန်း လို့ သရဲတော လို့ဖြစ်သွားတာပေါ့ဗျာ။
အဲဒီတောက နာမည်နဲ့ တကယ် လိုက်ဖက်တယ်ဗျ။
ဘာလို့လဲ ဆိုရင် အကြောင်းရှိတယ်ဗျ။
ကျုပ်တို့ လမုတော ရွာသားတွေက သရဲတော ဆို ခပ်ဝေးဝေး
ရှောင်ကြတာဗျ။
တစ်ချို့ လူတွေက သူများပြောတာ မယုံလို့ အရဲစွန့် သွားကြတာတွေ
ရှိပေမယ့် သရဲအခြောက်မခံရဘဲ ပြန်လာတဲ့ သူကတော့
ဒီနေ့ထိတိုင် မရှိတာဗျ။
သရဲ တောက လူသူ အရောက်မရှိတော့ သားကောင်တွေ၊ သားငါးတွေ
ပေါမှပေါပေါ့ဗျာ။
သရဲ လုံးဝ မကြောက်ဘူးလို့ ခံယူထားကြတဲ့ သူတွေတောင် ဖနှောင့်
နဲ့ တင်ပါး ကပ်ပါအောင်ပြေးရတဲ့နေရာပေါ့ဗျာ။
ဒါပေမယ့် အဲဒီနေ့က ကျုပ် တင်မြင့်၊ ဦးမောင်ဆိုင် ရယ် ဦးလုံးရယ်
သုံးယောက် တော့ သရဲတော ကို အရဲစွန့်ပြီးရောက်နေကြတာပေါ့ဗျာ။
အမှန်ပြောရရင် ကျုပ်တို့ သုံးယောက်လုံး က တာတေ လန်တွေဗျ။
သရဲတောင် ကြောက်လို့ပြေးရမယ့် သူတွေပေါ့ဗျာ။
ဒါပေမယ့် ကျုပ်တို့ ဟိုးအရင်က ဆို သရဲတောကို ဝေးဝေးရှောင်ကြပါတယ်ဗျ။
ခုတော့ သားကောင်တွေလည်း ရှားလာတော့ သမုဒ္ဒရာ ဝမ်းတထော်
အတွက်သာ မဖြစ်မနေ လာကြရတာပေါ့ဗျာ။
ဇနီး တွေက စိတ်မချကြပေမယ့် အငတ်မှမနေနိုင်တာကိုးဗျ။
ပြီးတော့ မုဆိုးရွာလေဗျာ။
မုဆိုးလုပ်ရင်လုပ် မလုပ်ရင် တံငါလုပ် ယာလုပ်ပေါ့ဗျာ။
****-**********-*–*-*****************
အချိန်က သန်းခေါင်ယံ လောက်ဖြစ်မယ်ဗျ။
ကျုပ်တို့ သုံးယောက်လုံး စောစော ကတည်းက ဘိတွေထောင်၊ ကိုင်း
တွေထောင်ပြီး နားနေကြတဲ့အချိန်ဗျ။
မီးကလေး မွှာ၊ ခေါင်ရည်လေး သောက်လိုက်၊ အသင့်ပါလာတဲ့ အမြည်းလေး နဲ့မြည်း လိုက် ဆေးလိပ်ကလေးဖွှာလိုက်နဲ့
စပ်မိစပ်ရာ စကားပြောနေကြတဲ့ အချိန်ပေါ့ဗျာ။
လေအေး အေး လေး ကရုတ်တရက်ဆို သလို တိုက်ခတ်လာတော့
ကျုပ်တို့ သုံးယောက်လုံး အိပ်ချင်သလိုလို ဖြစ်သွားတယ်ဗျ။
ပြီးတော့ ရုတ်တရက်ဆိုသလို ကောင်လေးနှစ်ယောက် ဗျ။
ကျောင်းသားတွေလို အဖြူ အစိမ်းလေးနဲ့ဗျ။
ပြီးတော့ ကျောပိုး အိတ်တောင်ပါသေးတာဗျ။
သူတို့ အနားရောက်လာတော့ ကျုပ် တို့သုံးယောက်လုံးယစိတ် ညှိ့ခံထားရသလို ဖြစ်နေတာဗျ။
သူတို့ ရုပ်ကိုလည်း အသေအချာမမြင်ရဘူးဗျ။
သူတို့ ကျုပ်တို့ အနားလာထိုင်ပြီး ခေါက်ရည်သောက် အမြည်းစား
ပြီး စကားတွေဖောဖောသီသီ ကို ပြောကြတာဗျ။
သူတို့ ပြောသမျှ ကျုပ်တို့က လိုက်ခေါင်းငြိမ့်ကြတယ်ဗျ။
သူတို့ ဘာပြောမှန်းကိုတော့ တကယ်ကို မသိတာဗျ။
စကားသံ တွေကိုတော့ကြားရတယ် ဒါပေမယ့် ဘာပြောတယ်ဆိုတာ
ကိုတော့နားမလည် ဘူးဗျ။
တစ်ချက်တစ်ချက် သူတို့က ရယ်တောင် ရယ်လိုက်သေးတယ်ဗျ။
ခဏ ကြတော့ လေအေးအေး လည်း နောက်တစ်ခါ ထပ်တိုက်ခတ်
လာတော့ သူတို့ထပြန်သွားတယ်ဗျ။
သူတို့ပြန်သွားလို့ အတန်ကြာမှ ကျုပ်တို့ ပြန်သတိဝင်လာတယ်ဗျ။
သတိဝင်လာ မှ တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး သရဲအခြောက်
ခံလိုက်ရမှန်းသိလိုက်ကြတာပေါ့ဗျာ။
**********************************
ပြောအုန်းမယ်ဗျ။
သရဲတော က တော်တော့ ကို တောထူတာဗျ။
ပြီးတော့ အင်း အိုင်တွေ လည်းပေါ သလို တောင် ဂမူးလေးတွေ စမ်း
ချောင်းလေးတွေလည်း ရှိတယ်ဗျ။
ကျုပ်တို့ သုံးယောက် မွှေးထားတဲ့ မီးကိုငြိမ်းလိုက်ကြပြီး စမ်းချောင်း
ဘက်ကို ငါးတွေဖားတွေများ ရမလားလို့ လာခဲ့ကြတယ်ဗျ။
စမ်းချောင်း မရောက်မီမှာ အပင်ကြီးတစ်ပင်ရှိတယ်ဗျ။
အသေ အချာ ကြည့်မှ ညောင်ကြပ်ပင်မှန်းသိရတာဗျ။
ဘာလို့ လဲဆိုတော့ လက်ထုပ် ပင် မျိုထားတာ မူရင်း အပင်တောင်
ပျောက်လုလု ဖြစ်နေလို့ဗျ။
အဲဒီ အပင်ကို ဦးလုံး က ဓာတ်မီးနဲ့ ပတ်ပြီး ထိုးကြည့်တော့ ချိုး ငှက်
သုံးကောင် အိပ်နေကြတာ တွေ့တယ်ဗျ။
ဦးလုံး က ကျုပ်ကို မီးထိုးပြခိုင်းပြီး သူက ခဲသေနတ်နဲ့ ပစ်တော့ တစ်တောလုံး ဟိန်းသွားတာပေါ့ဗျာ။
ကျုပ်တို့ မှာ က ပစ္စည်းတွေ အစုံပါတယ်ဗျ။
ခဲသေနတ်၊ မှီး၊ လေးဂွ ၊ ဓားတို ၊ အစုံ ပါတယ်ဗျ။
ထိတယ်ဗျ၊ ထိတယ်၊ တစ်ကောင် ထိသွားတော့ ကျန်တဲ့နှစ်ကောင်က
လန့်ပြီး ပျံထွက်သွားကြတယ်ဗျ။
ကျုပ်က မီးထိုးပြလိုက်တော့ ဦးမောင်ဆိုင်က သွား ကောက်တာပေါ့ဗျာ။
ဒီမှာ တင် ရုတ်တရက်ဆို သလို ညောင်ကြပ်ပင် ရဲ့ အနောက်ဘက်က အမွှေးထူထူ နဲ့ ဧရာမ လက်တစ်ချောင်း ထွက်လာပြီး
ချိုးငှက် အသေ ကို ကောက်သွားပါလေရော့ဗျို့။

ကျုပ်တို့ ကိုယ့်မျက်လုံးကိုတောင် ကို မယုံနိုင်ဖြစ်သွားကြတယ်ဗျ။
ရုတ်တရက် ဆို သလို ဦးလုံး က သေနတ်နဲ့ လိုက်ပစ်ပါလေရော။

ထိမထိ ကို တော့ မသိဘူးဗျ။
ဒါပေမယ့် ညောင်ကြပ် ပင် ကြီးကတော့ ငလျင် လှုပ် သလိုကို
ယိမ်းခါသွားတာဗျ။
အဲဒီမှာ ဦးမောင်ဆိုင် ” တောက်” ဆိုပြီးတောက်ခေါက်ပါလေရော။
ဦးလုံး က ” ဟ မောင်ဆိုင် ငါတို့ ရောက်နေတာက သရဲတော ဟ ပြီးတော့ သန်းခေါင်တိုင်နေပြီ မင်းပါးစပ် သတိထားစမ်း တော်ကြာ တစ်တော လုံး လိုက်ပြီးတောက်ခေါက်နေအုန်းမယ်၊ ဒါငါတို့ကို စမ်းနေတာ
အမှားမလုပ် မိကြစေနဲ့ သတိနဲ့သာနေကြဟေ့ ”
ဆိုပြီးပြောတယ်ဗျ။

ကျုပ် တို့ လည်း ညောင်ကြပ်ပင် ကို ပတ်ပြီးကြည့်ကြပေမယ့် ဘာမှ ကိုမတွေ့တာဗျ။

ကျုပ်တို့ အဲဒီနေရာကနေပြီး စမ်းချောင်း ဘက် ဆက်သွားကြတာပေါ့
ဗျာ။
စမ်းချောင်း ရောက်တော့ လှလိုက်တဲ့ ကကတစ် တွေဗျာ။
နည်းတဲ့ အကောင်တွေ မဟုတ်ဘူးဗျ။
တစ်ကောင်တစ်ကောင် အနည်းဆုံး နှစ်ပိဿာ ကျော်ကျော် ကြီးရှိ
လိမ့်မယ် ထင်တယ်ဗျ။
ရေကလည်း ဒူးခေါင်းယမြုပ်ရုံ သာဆိုတော့ ကျုပ် တို့ ဆင်းပြီး
မှီးတွေနဲ့ ဆင်းထိုးကြတာပေါ့ဗျာ။
ကျုပ်နဲ့ ဦးလုံး နဲ့ ဆင်းထိုးကြပြီး ဦးမောင်ဆိုင် က မီးထိုးပြတာပေါ့ဗျာ။
ကျုပ်တို့ ပစ်ပေးတဲ့ ငါးကို ပလိုင်းထဲ ကောက်ထည့် တာလည်း သူပဲ
ပေါ့ဗျာ။
အဲဒီမှာ ပြဿနာ စပြန်ရောဗျို့။

ကျုပ်တို့ ပစ်ပေးတဲ့ ငါး က အကောင် ၁၀ ကျော် လောက် ရှိပြီဗျ။
ဒီတော့ ကျုပ်တို့ က တော် လောက်ပြီဆိုပြီး အပေါ်တတ်ပြီး ပလိုင်းထဲ
ကြည့်လိုက်တော့ သုံးကောင်ပဲရှိတယ်ဗျ။
တကယ်ကို သုံးကောင်တည်းပါဗျာ။

ကျုပ်တို့ မယုံနိုင် ဖြစ်သွားကြတာပေါ့ဗျာ။
ဦးလုံး က ” မောင်ဆိုင် မင်း အသေအချာ ကော ထည့်ရဲ့လား”
လို့တောင်မေးရတယ်ဗျ။
***************************
ဦးမောင်ဆိုင် က ငါးသုံးကောင် ပါတဲ့ ပလိုင်းကိုထမ်းပြီး အလယ်က
ကျုပ်က ယာဘက်၊ ဦးလုံးက ဘယ်ဘက်၊ နဲ့ ဘိထောင်ထား
တာ သွားကြည့် ကြတာပေါ့ဗျာ။

၁၀ မိနစ်လောက် လမ်းလျှောက်ပြီးတော့ ဦးမောင် ဆိုင်က
” ဟာ ငါးသုံးကောင် ကလည်း လေးလိုက်တာ ကွာ ကျောက်ဆောက်ကြီး ကျနေတာပဲတဲ့။

သူက ဒီလိုပြောတော့ ကျုပ် က ပလိုင်းကို မီးထိုးပြီးကြည့်တော့
ဘာမှကို ရှိမနေတာဗျ။

ဒါပေမယ့် ဦးမောင်ဆိုင်ကို ကြည့်ရတာ တကယ် ကို မောဟိုက်နေ
ပုံဗ်။
ကျုပ်လည်း ” ပေးပေး ကျုပ် သယ်မယ်” ပြောပြီး ပလိုင်း ကို မီးထိုး
ကြည့်လိုက်တော့
ဟာ ဦးမောင်ဆိုင် အပေါ် ခွထိုင်ပြီး ပလိုင်း ထဲက ငါး ကို နှိပ်စားနေတာ
နည်း တဲ့အကောင် လားဗျာ။
တစ်ကိုယ်လုံး အမွေးတွေ ဖုံးနေတာဗျ။
နာနာဘာဝ ဆိုတာသေချာ ပေမယ့် လူနာနာဘာဝလား
တိရစ္ဆာန် နာနာဘာဝလား ဆိုတာ မသေးကွဲတာဗျ။
ကျုပ်လည်း ” အောင်မလေး ” ဆိုပြီး ပါးစပ်က လွှတ်ခနဲအော်မိတော့
ဦးလုံး နဲ့ ဦးမောင်ဆိုင် က ဘာဖြစ်တာလဲဆိုပြီး မေးကြရော့။
ဦးမောင်ဆိုင် က သူ့ကျောမှ ခွထိုင်နေတဲ့ အကောင်ကို သူမှမမြင်တာကိုးဗျ။
ဦးလုံး လည်း ဘာပြောကောင်း မလဲ ခဲသေနတ်နဲ့ ပစ်ပါလေရော။
ထိတယ်တော့ ထင်တာပဲဗျ။
ဒါပေမယ့် အဲအကောင်က ဘာမှကို မဖြစ်တာဗျ။
ဦးမောင်ဆိုင် က ” ဦးလုံး မင်း ရူးသွားပြီလား ဘာလို့ငါ့ကို ပစ်နေတာလဲ မတော် လို့ ငါ့ခေါင်းထိရင် ဘယ်နှယ့် လုပ်မလဲ”ဆိုပြီး
အော်ပါ လေ ရော။
ဒီတော့ မှ ကျုပ်က ရှင်း ပြလိုက်တော့ ဦးမောင်ဆိုင် က ကြောက်မယ့်
အစား
” ဦးလုံး ငါးတွေ အကုန်လုံးကိုစားပစ်တာ ဒီအကောင်ပဲ သေအောင်ပစ် သေအောင် ပစ်”
ဆိုပြီး အော်ပြောတော့တာဗျို့။

ဒီမှာတင် အဲဒီအကောင် က သွားဖြဲပြီးရယ် ပြတော့တာ ဗျ။
အောင်မလေး သွားဖြဲလိုက် မှ ပါးစပ် က နား နားသို့ရောက်မှန်းသိလိုက်ရတာပေါ့ဗျ။
ပါးစပ်ထဲမှာတော့ သွားတွေ အပြည့် ဗျ။
ဒါပေမယ့် သွားဖြူတွေတော့ မဟုတ်ဘူးဗျ။
ပါးစပ်မှာလဲ သွေးတွေ ပေကျံနေတာပဲဗျ။
ဦးလုံး ကလည်း မရပ်မနား ပစ်တော့ အဲဒီအကောင် က ဦးမောင်ဆိုင်
ကို ” အုန်း ” ကနဲတစ်ချက် ရိုက်လိုက်ပြီး
” တောက်” တစ်ချက် ခေါက် ကာ တောနက်ဖက်ပြေးဝင်သွားတာဗျ။
ဦးမောင်ဆိုင် ကတော့ မှောက်လျက်လဲသွားတာဗျ။
တော်ရုံနဲ့ သတိ ပြန်မရဘူးဗျ။
ဒီတော့ ကျုပ်တို့လည်း ပစ္စည်း ပစ္စယ တွေကိုထားခဲ့ပြီး ဦးမောင်ဆိုင်
ကိုသယ် လာရတော့တာပေါ့ဗျာ။
ကျုပ်တို့မုဆိုးတစ်သက် ဘာသားကောင် မှမရဘဲ ပြန်လာရတာ ပထမဆုံး အကြိမ်ပေါ့ဗျာ။
***********************************
ကျုပ် တို့ က အားလုံးပြီးသွား ပြီလို့ ထင်ကြပေမယ့် တကယ့် ပြဿနာက ခုမှစမှန်း ကျုပ်တို့ သိလိုက်ရတာက………
******************************
ဒီလိုဗ်။
ဦးမောင်ဆိုင် က နောက်တစ်နေ့ ည ရောက်မှ သတိ ပြန်ရတယ်ဗျ။
သူသတိရလာပေမယ့် မူတော့မမှန်တော့ဘူးဗျ။
သူသတိ ရတယ်ဆိုရင်ပဲ
” ဗိုက်ဆာတယ်၊ ဗိုက်ဆာတယ် ”
ဆိုပြီးပြောတာဗျ။
အဲဒီကတည်း က အသံပြောင်းနေမှန်း ကျုပ်ရယ်၊ ဦးလုံးရယ် က
သတိထားမိကြတယ်ဗျ။
ဦးမောင်ဆိုင် က ဗိုက်ဆာတယ်ပြောတော့ သူ့မိန်းမ က
” တော် စား ဖို့ ကျုပ် အဆင်သင့် ချက်ထားတယ်၊ တော်ကြိုက်တဲ့
ကြက်သား ကာလသားချက်ရော ချက်ထားတယ်”
ဆိုပြီးပြေတော့ ” ဟား ဟား ဟား”ဆိုပြီးရယ်တယ်ဗျ။

ထမင်းစားလည်းစားရော မျက်စိတစ်မှိတ် အတွင်းမှာပဲ ကုန်အောင်
စားပစ်လိုက်တာ တကယ့်ကို မယုံနိုင်စရာဗျ။

အဲဒီနေ့ ကစပြီး နေ့ဘက်ဆို ရင် နေမကောင်း ဘူး ပြောပြီး
ညဘက်ရောက်မှ အိပ်ရာထဲက ထ ထမင်းစားတာဗျို့။
ပြီးတော့ သူ့မိန်းမ ကို လည်း နေ့တိုင်း အသားချက်ခိုင်းတာတဲ့ဗျာ။

ဦးလုံး က ဦးမောင်ဆိုင် ဘာဖြစ်တာလဲ ဆိုတာ ကျုပ်ကို ပြောပြတော့
ကျုပ်ဖြင့် မယုံနိုင်လို့ ဦးလုံး ကိုတောင်ရန်တွေ့လိုက်သေးတာဗျ။
သူပြောတာက
” တကယ့် မောင်ဆိုင် အစစ်က သရဲတောမှာ ကတည်း က
ဟိုသရဲ သတ်လို့ သေသွားပြီ၊ ခု က မောင်ဆိုင်ရဲ့ ခန္ဓာမှာ ဝင်ရောက်
စားသောက်နေတဲ့ တခြားသရဲတစ်ကောင်” တဲ့ဗျ။

ကျုပ်က မယုံတော့ ဦးလုံး က လက်တွေ့ပြမယ် ဆိုပြီးပြောတယ်ဗျ။

ဘယ်လိုလဲ ဆိုတော့ နေ့ဘက် ကျုပ်တို့ ဦးမောင်ဆိုင်ဆီ သွားပြီး
်အိမ်သားတွေရဲ့ ခွင့်ပြုချက်နဲ့ မောင်ဆိုင်ကို အိပ်ရာထဲက ထူလိုက်ပြီး
နေပူထဲ ခေါ်တော့
ကြောက်စရာ ကျောချမ်းစရာကောင်းတဲ့ အသံကြီး နဲ့ သည်းစွာ
အော်ာလေရော။
အိမ်သားတွေက လည်း သူတို့အဖေ ကို ဘာမှ မလုပ်ကြပါနဲ့ ပြောတာကြောင်း ကျုပ်တို့ လည်း လက်လျှော့ လိုက်ကြတယ်ဗျ။
ခုချိန်မှာ သူ့သားသမီး နဲ့ ဇနီး ကိုပြောရင်လည်း ယုံမှာမမဟုတ်တာ။
*****************
ဦးမောင်ဆိုင် ရဲ့မိန်းမကတော့ နေ့တိုင်း အမဲသား ကြက်သားတွေပဲ
ချက်ရတော့တာပေါ့ဗျာ။
ချက်ရင်လည်း အနည်းဆုံး နှစ်ပိဿာတဲ့ဗျ။
ကျုပ်တို့လည်း အခွင့်အရေးကို ချောင်း နေပေမယ့် လုံးဝကို အခွင့်မသာတာဗျ။
**************

တစ်ပါတ်လောက်ကြာတော့ ဦးမောင်ဆိုင်ရဲ့ သားသမီးတွေလည်းသံသယ ဖြစ် လာကြတယ်ဗျ။
အဲဒါက အမဲသား စားတာကြောင်းရယ်၊ နေ့ဘက်ဆို ညဉ်းညူနေပြီး
ညဘက်ဆို ဘာမှမဖြစ်သလို ဖြစ်နေတာကြောင်းရယ်၊ သူတို့ဖွင့်ပြော
လိုတဲ့ တခြားအကြောင်းတွေကြောင်းရယ် ကြောင်းတဲ့ဗျာ။

အဲဒီတော့မှ ကျုပ်တို့ကို လာပြောတာဗျ။
ကျုပ်တို့လည်း လုပ်စရာရှိတာလုပ်ပြီး ရွာက တာဝန်ရှိသူတွေ၊
အသိပေးသင့်ပေးထိုက်သူတွေကို အသိပေးထားကြတာပေါ့ဗျာ။

အစီအစဉ်က ” ကျုပ်တို့က ဦးမောင်ဆိုင် ကို လှည့်ပတ်ပြီး ရွာအပြင်ခေါ်မယ် ပြီးတော့ တတ်သိနားလည်သူတွေက စီမံ ပေးထားတဲ့
သူသေတွေကို မီးသဂြိုင်္တဲ့ အခါသုံးတဲ့ တံစူးဝါး တွေကို ချွန်ထက်နေအောင် လုပ်ပြီး တော့ အခွင့်ရတာနဲ့ သူ့က်ိုထိုးမယ်၊ သူသေသွားရင် ပုပ်တော့မှာမို့ မီးသဂြိုင်္ဖို့ ထင်းတွေနဲ့ လောင်စာဆီတွေပါ အသင့်ပြင်ထားမယ်ပေါ့”
ညရောက် တော့ ကျုပ်ရယ် ဦးလုံးရယ် တခြား ကျုပ်တို့နဲ့ သက်တူ
ရွယ်တူတစ်ယောက်ရယ် ဦးမောင်ဆိုင်အိမ်သို့သွားပြီး
ရွာအနောက်ဘက်မှာ ကျွဲတစ်ကောင်ကို ပိုးထိသွားလို့ ဆုံးသွားကြောင်း ခုမှသိရလို့ အမဲဖျတ်ဖို့ ခုပဲသွားကြတော့မလို့ဖြစ်ကြောင်း
လိုက်ချင်ရင် တစ်ပါတည်း လိုက်ခဲ့ဖို့ ပြေတော့ ဦးမောင်ဆိုင်က
လုံးဝ စဉ်းစားမနေတော့ပဲ ချက်ချင်း အိမ်ပေါ်က ဆင်း လာတာဗျ။

သားကြီးဖြစ်သူက သူပါ လိုက်ပါရစေပြောတော့ ဦးမောင်ဆိုင်က
” မလိုက်နဲ့” တဲ့ဗျ။

ကျုပ်တို့လည်း သူ့သားကြီးကို မျက်ရိပ်ပြရတာပေါ့ဗျာ။
ကျုပ်တို့က ကျုပ်တို့ရဲ့ အစီအစဉ် ကို ဦးမောင်ဆိုင်ရဲ့ အိမ်သူအိမ်သား
တွေကို အစောကတည်းကပြောပြပြီးသားလေဗျာ။
*******************************
ကျုပ်တို့ ရွာပြင်ရောက်တော့ ဦးမောင်ဆိုင် အမဲဖျတ်မယ့် ကျွဲအသေက ဘယ်မှာလဲ ဆိုပြီးမေးတယ်ဗျ။
တကယ်တော့ ဘာ ကျွဲ အသေမှ မရှိပဲ သူ့ကို ဒီအတိုင်း ညာခေါ်ခဲ့တာလေဗျာ။

ဒီတော့မှ ပုန်းနေတဲ့ ရွာသားတွေက ထွက်လာပြီးဝိုင်းထားတော့
ဦးမောင်ဆိုင် က အခြေအနေ ကို နားလည်သွားတယ်ထင်တယ်ဗျ။

“” နင် တို့ နင်တို့ လက်ဦးသွား ကြတယ် နင်တို့လက်ဦးသွားကြတယ်
နို့ မဟုတ်ရင် နင်တို့ တစ်ရွာလုံး ငါ ဂုတ်ချိုးသတ်မယ်”
ဆိုပြီး ကြိမ်းပါလေရော။

ဦးလုံး၊ ကျုပ်၊ ရွာသားတွေ ရော ဘာမှမပြေတော့ပဲ တံစူးနဲ့ ပြိုင်တူ
ထိုး လိုက်ကြတော့ အော်လိုက်တာဗျာ နားတွေတောင်ကွဲထွက်မတတ်ဗျ။

တံစူး က တစ်ချောင်းတည်း မဟုတ်တော့ ဦးမောင်ဆိုင် ခွေလဲကျသွား
တာဗ်။

သူလဲကျလည်း လဲကျရော သူ့ခန္ဓာ က ချက်ချင်း ပိန်ချုံးသွားပြီ
အရိုးပေါ် အရေ တင် ဆိုသလို ဖြစ်သွားတာဗျ။

ပြီးတာ နဲ့ ချက်ချင်း အပုပ်နံ့ ထွက်ပါလေရောဗျို့။

အစကတည်း က သဏာဂုံတင် လို့ရအောင် ရွာကျောင်း ကသံဃာ
တော် တွေကို ပါ ပင့်ထားတော့ ချက်ချင်း သရဏာဂုံတင်ပြီး
ချက်ချင်းမီး သဂြုင်္ိလ် လိုက်ရတာပေါ့ဗျာ။

သူ့သား သမီးနဲ့ မိန်းမတွေက တော့ ငိုလိုက်တာ ပြောမနေပါနဲ့တော့
ဗ်။
ကျုပ်တို့ လည်း ခုမှ စိတ်အေးရတော့ တာပေါ့ဗျ။
******************************

ခုတော့ လွန်ခဲ့တဲ့ နှစ်အနည်း ငယ် ကပဲ ဦးလုံးလည်း လူကြီးရောဂါ
နဲ့ ဆုံးပါးသွားပါပြီ။

ကျုပ်လည်း အဲဒီ အဖြစ်ပျက် ပြီးကတည်းက မုဆိုး အလုပ် မလုပ်တော့ သလို သရဲတော ဘက် ကို လည်း ယောင်လို့တောင်
မသွားဖြစ်တော့ပါဘူးဗျ။

ပြီးတော့ တခြားသူတွေ အဲဘက်ကိုယသွားတယ်လို့ ယနေ့ထက်ထိ
တိုင်မကြားမိတော့ပါဘူးဗျာ။
*******************************

ရွှင်လန်း ချမ်းမြေ့ကြပါစေ
****************************

လေးစားစွာဖြင့် = wizard
************************************

မှချက် ။ ။ ဤ ဇာတ်လမ်းအား ပြောပြပေးသော မေင်ကု အား ထပ်ပြီး
အထူးကျေးဇူးတင်ပါသည်။
********************************