သိုက်နန်းရှင်မလေးမအိမ်စံ(စ/ဆုံး)
————————————
ဦးခင်မောင်နှင့်ဒေါ်တင်မြသည်အိမ်ထောင်ကျသည်မှာကြာပြီဖြစ်သော်လည်းသားသမီးမထွန်းကား ယခုဆိုလျှင်အသက်၄၀ပင်ရှိပြီ ကျောထောက်နောက်ခံလဲမရှိသဖြင့်တောထဲသွားကာထင်းခွေမျှစ်ချိုးပြီးရွာထဲတွင်ပြန်လည်ရောင်းချကာစား၀တ်နေရေးအခက်ခဲကိုပင်ပန်းကြီးစွာဖြေရှင်းနေရသည်။
ဦးခင်မောင်တောထဲကချိုးယူလာသောမျှစ်များကိုဒေါ်တင်မြကပြုတ်ပြီးရွာထဲတွင်လှည့့်လည်ရောင်းချသည်။လင်မယားနှစ်ယောက်လုံးကစိတ်ကောင်းသည့်အတွက်တစ်ရွာလုံးကခင်မင်ကြပြီးမျှစ်ပြုတ်၀ယ်သည့်အခါဒေါ်တင်မြဆီကဦးစားပေး၍အားလုံးက၀ယ်ယူတတ်ကြသည်။
တစ်နေကုန်အလုပ်လုပ်ပြီးပင်ပန်းထားသမျှကိုညရောက်မှသာသက်တောင့်သက်သာအနားယူရသဖြင့်ဦးခင်မောင်ရောဒေါ်တင်မြပါ ညစာစားပြီးသည်နှင့်ခပ်စောစောပင်အိပ်ယာ၀င်လိုက်ကြသည်။
” အိမ်ရှင်တို့ အိမ်ရှင်တို့ ”
ညကြီးအချိန်မတော်အိမ်ရှေ့တွင်ခေါ်သံကြားသဖြင့်ဦးခင်မောင်နိုးသွားပြီးတံခါးထဖွင့်လိုက်သည်။သူ၏အိမ်ရှေ့တွင်တွေ့လိုက်ရသည်ကားရှေးခေတ်နန်း၀တ်နန်းစားပုံစံအရောင်တလက်လက်ထနေသောပိုးထည်ကို၀တ်ဆင်ထားသည့်အသက်(၁၈)နှစ်အရွယ်ဆံပင်အရှည်ကြီးနှင့်အလွန်ချောမောလှပသည့်မိန်းကလေးတစ်ဦးပင်။
တစ်ဆက်တည်းမှာပင်အလွန်းမွှေးကြိုင်သည့့်ရနံ့ကိုလဲသူရလိုက်သည်။
ထိုသို့ထူးဆန်းသောမိန်းကလေးကိုသူတစ်ခါမှမမြင်ဖူးသဖြင့်အံ့အားသင့်စွာဦးခင်မောင်ကြည့်နေမိသည်။
” ဒီမယ် ဧည့်သည်ကိုအိမ်ထဲခေါ်မ၀င်တော့ဘူးလား ”
ထိုမိန်းကလေးပြောမှပဲဦးခင်မောင်သတိပြန်၀င်လာသည်
” ဟုတ်သားပဲ လာအိမ်ထဲ၀င်ပါမိန်းကလေး ”
တဲစုတ်သာသာမျှရှိသောသူ၏အိမ်ထဲသို့အားနာစွာပဲခေါ်၀င်လိုက်ရပြီးသင့်တော်သောနေရာတစ်ခုတွင်ထိုင်စေလိုက်သည်။
” ညကြီးအချိန်မတော်ဘာကိစ္စများရှိလို့လာရတာလဲမိန်းကလေး ”
” သမီးနာမည်မအိမ်စံပါ ဦးတို့ဆီမှာသမီးနေချင်လို့ပါ ”
ထိုမိန်းကလေးထံမှထင်မှတ်မထားသောစကားကြောင့်ဦးခင်မောင်ပို၍အံ့အားသင့့်သွားတော့သည်။
” ဦးတို့နဲ့နေမယ်ဟုတ်လား မိန်းကလေးကိုကြည့်ရတာချမ်းသာတဲ့အသိုင်းဝိုင်းကပဲဖြစ်မယ် ဦးတို့နဲ့နေဖို့လုံး၀မဖြစ်နိုင်ပါဘူး ”
” ဖြစ်နိုင်ပါတယ်ဦးရဲ့ သမီးဦးတို့နဲ့နေပါရစေနော် ”
” ဦးတို့ကဆင်းရဲတယ် တစ်နေ့စာတစ်နေ့မနဲရှာစားနေရတာ လူတစ်ယောက်ကိုတင်ကျွေးထားမနိုင်တဲ့အဖြစ်မို့မနေပါနဲ့ကွယ် ”
သူ့ထံအတင်းတောင်နေနေသောမိန်းကလေးကိုကြည့်ပြီးဦးခင်မောင်အားနာစွာသူ့အခက်ခဲကိုပြောပြလိုက်ရသည်။
” အဲ့ဒီအတွက်မပူပါနဲ့ ဦးတို့အဆင်ပြေအောင်သမီးလုပ်ပေးမယ် သမီးကိုဒီမှာတော့ပေးနေပါနော် ”
ထိုမိန်းကလေးအတင်းပူစာနေသောကြောင့့်ဦးခင်မောင်လဲအားနာပြီးပေးနေရန်ဆုံးဖြတ်လိုက်သည်။
” မိန်းကလေးနေချင်တယ်ဆိုရင်လဲနေပါတော့ ဦးခွင့်ပြုပါတယ် ”
” တစ်ကယ်နော်ဦး နေခွင့်ပြုတဲ့အတွက်ကျေးဇူးတင်ပါတယ် ”
၀မ်းသာစွာပြုံးရယ်ပြီးချစ်စရာအမူရာလေးဖြင့်ကျေးဇူးတင်စကားပြောနေသောမိန်းကလေးကိုကြည့်ပြီးဦးခင်မောင်ပြုံးလိုက်သည်။
ထို့နောက်ထိုမိန်းကလေးသည်အငွေ့အဖြစ်ပြောင်းလဲသွားပြီးပျောက်ကွယ်သွားတော့သည်။
ထို့အခါမှဦးခင်မောင်လန့်နိုးလာခဲ့ပြီးထကာစောစောကမိန်းကလေးကိုရှာလိုက်သည် သို့ပေမယ့်မတွေ့ အိမ်ထဲတွင်တော့ထူးဆန်းစွာမွှေးရနံ့တွေသာရနေလေသည်။
” ငါအိမ်မက်မက်တာလား ဒါဆိုဘာလို့အမွှေးနံ့တွေကကျန်နေရတာလဲ ”
အိမ်မက်လိုလိုတစ်ကယ်လိုလိုစိတ်ထဲဇဝေဇ၀ါဖြင့်ထူးဆန်းသောမိန်းကလေးကိုသာဦးခင်မောင်ပြန်လည်မြင်ယောင်နေမိသည်။
မနက်မိုးလင်းသောအခါညကအိမ်မက်အကြောင်းကိုဇနီးဖြစ်သူအားပြောပြလိုက်သည်။
” အခုထိငါ့စိတ်ထဲမှာထူးဆန်းသလိုဖြစ်နေတုန်းပဲ ”
” ဘာမှအစွဲလမ်းမထားပါနဲ့ ဒီလိုပဲအိမ်မက်တတ်ပါတယ် ကဲ ရှင်မျှစ်သွားချိုးမှာဖြင့်သွားတော့ တော်ကြာကျမပြုတ်ရောင်းဖို့အချိန်နောက်ကျနေမယ် ”
” အေးပါဟာအေးပါ ”
ပြောရင်းဦးခင်မောင်မျှစ်ချိုးရန်တောသို့သွားတော့သည်။
အခန္း(၂)
ရက်အနည်းငယ်ကြာသော်
ဒေါ်တင်မြမျှစ်ပြုတ်နေရင်းမိုက်ခနဲ့ဖြစ်သွားသဖြင့့်လဲမကျသွားအောင်ထိန်းထားလိုက်ရသည်။
” ဘာဖြစ်တာလဲမိန်းမ ”
ဒေါ်တင်မြနားသို့အပြေးသွားရင်းဦးခင်မောင်စိုးရိမ်တကြီးမေးလိုက်သည်။
” ခေါင်းတအားမူးလာလို့ပါ ”
” အဲ့ဒါဆိုအိမ်ထဲမှာခဏလှဲနေလိုက် မျှစ်ပြုတ်အိုးကိုငါကြည့်လိုက်မယ် ”
ဇနီးသည်ကိုအိမ်ထဲသို့တွဲသွားလိုက်သည်။
” တင်မြရေတင်မြ ”
” ဒေါ်စာဥပါလား လာလေ ”
” မျှစ်ပြုတ်၀ယ်ဖို့စောင့်နေတာ တင်မြထွက်မလာလို့အိမ်လိုက်လာတာ ”
” ခေါင်းမူးနေလို့ခုလေးတင်ပဲအိပ်ယာထဲလှဲနေရတယ်ဒေါ်စာဥရေ အဲ့ဒါကြောင့်မျှစ်ပြုတ်အိုးကျနော်ကြည့်နေရတာ ”
” ဟုတ်လား ဒါဆိုအဒေါ်သွားကြည့်ပေးမယ် ”
ဒေါ်စာဥကရွာထဲမှာလက်သည်လဲလုပ်သလိုခေါင်းမူးဗိုက်အောင့်ရောဂါလောက်တော့သူဆေးစပ်ပေးလျှင်သက်သာကြသည်။
ဒေါ်တင်မြကိုဒေါ်စာဥစမ်းကြည့်လိုက်ပြီးအံ့အားသင့်သွားသည်။
” ခင်မောင်နဲ့တင်မြတို့တော့အသက်ကြီးမှကံပေါ်ပြီ ”
ဒေါ်စာဥစကားကိုဦးခင်မောင်နားမလည်။
” ဘာကံပေါ်တာလဲဒေါ်စာဥ ”
” နင့်မိန်းမတင်မြမှာကိုယ်၀န်ရှိနေပြီ ”
” ဗျာ တစ်ကယ်လား ၀မ်းသာလိုက်တာ ”
ဦးခင်မောင်၀မ်းသာလွန်း၍ထခုန်မိမတတ်ဖြစ်သွားသည်။ဒေါ်တင်မြလဲသူတို့အရမ်းလိုချင်နေသည့်ရင်သွေးလေးရတော့မည်ဆိုသဖြင့့်အရမ်း၀မ်းသာသွားသည်။
နောက်တစ်နေ့နံနက်စောစောတွင်ပင်မျှစ်ချိုးသွားရန်ဦးခင်မောင်ပြင်ဆင်နေလေသည်။
” ဒီနေ့စောလှချည်လား ”
” ဒါပေါ့မိန်းမရ မကြာခင်ငါတို့မှာသားသမီးရလာတော့မယ်လေ အဲ့ဒါကြောင့်အရင်ကထက်ပိုပြီးငါအလုပ်ကြိုးစားရမယ် ”
” ကောင်းပါပြီရှင်ကောင်းပါပြီ ”
” ကဲ ဒါဆိုငါသွားတော့မယ် ”
ဦးခင်မောင်တောထဲသို့ထွက်လာလိုက်သည်။တောထဲသို့ရောက်သော်ဝါးရုံကြားတွင်မျှစ်ချိုးနေစဉ်အ၀ကိုအ၀တ်ဖြင့်စည်းနှောင်ထားသည့့်စဉ့်အိုးအသေးလေးတစ်လုံးကိုတွေ့လိုက်ရသည်။
…. ဘယ်သူလာချထားပါလိမ့် …..
ထိုစဉ့်အိုးကိုကောက်ယူကာအထဲတွင်မည့်သည့်အရာရှိနေသည်ကိုသိလိုသဖြင့်စည်းထားသောအ၀တ်ကိုဖြည်လိုက်သည် ထိုအခါအထဲတွင်အရောင်တလက်လက်ထနေသောလက်၀တ်ရတနာမျိုးစုံအပြည့်ရှိနေသည်ကိုတွေ့လိုက်ရသဖြင့်အလွန်အံ့အားသင့်သွားသည်။
” လက်၀တ်ရတနာတွေအများကြီးပါလား ဘယ်သူ့ပစ္စည်းပါလိမ့် ”
ထိုအခါလက်၀တ်ရတနာတွေနှင့်ရောနှောနေသောရှေးခေတ်ပုရပိုက်ပုံစံရှိသည့်လက်နှလုံးမျှသာရှိသောစာရေးထားသည့်အရာကိုတွေ့သွားပြီဆွဲထုတ်ကာစာကိုဖတ်ကြည့်လိုက်သည်။
” ထိုက်သူစံဆိုပါလား ဒါဆိုငါနဲ့ထိုက်လို့ငါရတာလား ”
ဦးခင်မောင်အရမ်း၀မ်းသာသွားပြီးမျှစ်မချိုးတော့ပဲထိုစဉ့်အိုးကိုအ၀တ်ဖြင့်လုံအောင်ထုပ်ကာအိမ်သို့အမြန်ပြန်လာတော့သည်။
” အစောကြီးပြန်လာပါလား မျှစ်လဲပါမလာဘူး ဘာဖြစ်လို့များလဲကိုခင်မောင် ”
အစောကြီးအိမ်သို့ပြန်လာသောခင်ပွန်းသည်ကိုဒေါ်တင်မြအံ့ဩစွာမေးလိုက်သည်။
ဦးခင်မောင်လဲအ၀တ်ဖြင့်ထုပ်ထားသောစဉ့်အိုးကိုဒေါ်တင်မြအားဖွင့်ပြလိုက်သည်။
” ဟင် လက်၀တ်ရတနာတွေအများကြီးပါလား ရှင်ဘယ်ကရတာလဲ ”
သည်လောက်များသည့်ရတနာတွေကိုတစ်ခါမှမမြင်ဖူးသည့်အတွက်ဒေါ်တင်မြအံ့ဩနေလေသည်။
ထို့အခါဦးခင်မောင်လဲအလုံးစုံကိုရှင်းပြလိုက်ပြီးစာကိုပါထုတ်ပြလိုက်သည်။
” ဒါ ဒါဆိုကျမတို့နဲ့ထိုက်လို့ရတာပေါ့နော် ”
” ဒါပေါ့မိန်းမရ ငါတို့အခုလိုဘ၀မျိုးနဲ့မနေရတော့ဘူး ငါတို့ချမ်းသာပြီကွ ”
” ကျမဖြင့်၀မ်းသာလိုက်တာရှင် ဒါဟာကျမတို့ရဲ့ရင်သွေးလေးအကျိုးပေးတာပဲဖြစ်မယ် ”
ဒေါ်တင်မြစကားကြောင့်အိမ်မက်ထဲကမိန်းကလေးကိုဦးခင်မောင်ပြန်မြင်ယောင်လာပြီးထိုမိန်းကလေးကြောင့်သည်လက်၀တ်ရတနာတွေသူရခဲ့သည်ဆိုတာကိုယုံကြည်လိုက်သည်။
ထို့နောက်လက်၀တ်ရတနာကိုထုခွဲရောင်းချကာတစ်ချို့တစ်၀က်ကိုလှူသည် တစ်ချို့တစ်၀က်ကိုစီးပွားရေးလုပ်ရန်အတွက်အရင်းနှီးအဖြစ်ထားသည် ထိုအချိန်တွင်ရွာထဲမှဆန်စက်ပိုင်ရှင်တစ်ဦးကသူ၏ဆန်ကြိတ်စက်ကိုရောင်းသဖြင့်ဦးခင်မောင်လဲထိုဆန်စက်ကို၀ယ်ယူလိုက်သည်။ ထိုမှစ၍ဆန်စက်ပိုင်ရှင်သူဋ္ဌေးဦးခင်မောင်အဖြစ်သို့ပြောင်းလဲသွားတော့သည် ဦးခင်မောင်လက်ထက်မှထိုဆန်စက်ပို၍တိုးတက်ကာစီးပွားရေးအဆင်ပြေနေတော့သည်။
အခန္း(၃)
အချိန်ကာလကြာလာသည်နှင့်အမျှ ဒေါ်တင်မြကိုယ်၀န်မှာရင့်သထက်ရင့်လာပြီးသမီးလေးကိုကျန်းမာစွာဖွားမြင်သွားသည်။ကလေးမှာအသားဖြူ ဖြူ နှင့်အလွန်ချစ်စရာကောင်းသည်မို့ဦးခင်မောင်ရောဒေါ်တင်မြပါလက်ပေါ်ကမချ အစစအရာရာလိုလေးသေးမရှိအောင်လဲထားသည်။သမီးလေးကိုအိမ်မက်ထဲကမိန်းကလေး၀င်စားသည်ဆိုတာဦးခင်မောင်ရောဒေါ်တင်မြပါလက်ခံလိုက်ပြီးသမီးလေး၏နာမည်ကိုလဲအိမ်မက်ထဲကမိန်းကလေးနာမည်အတိုင်းမအိမ်စံဟူ၍ပင်ခေါ်ဝေါ်လိုက်သည်။
သည်လိုနှင့်မအိမ်စံလေးတစ်ဖြည်းဖြည်းနှင့်ကျောင်းနေသည့်အရွယ်သို့ပင်ရောက်လာခဲ့သည်။ဦးခင်မောင်လဲစီးပွားရေးတိုးသထက်တိုးတက်လာပြီးရွာထဲတွင်အချမ်းသာဆုံးသူတစ်ဦးဖြစ်လာခဲ့သည်။
မအိမ်စံလေးသည်တစ်ခြားသောကလေးများနှင့်မတူ ဆော့ကစားခြင်းမရှိပဲအေးအေးဆေးဆေးနေတတ်သည် သူမတွင်သူငယ်ချင်းဟူ၍တိုးတက်နှင့်စိုးကြီးနှစ်ယောက်သာရှိသည်။
ညနေကျောင်းဆင်းချိန်ရောက်သဖြင့်မအိမ်စံ တိုးတက်နှင့်စိုးကြီးတို့သုံးယောက်စကားတပြောပြောဖြင့်အိမ်သို့ပြန်လာနေလေသည်။
” ဟယ် ဟိုမှာငါ့အဖိုးစောင့်နေတယ် ငါစကားသွားပြောလိုက်အုံးမယ်နင်တို့ခဏစောင့်နေ ”
လမ်းဘေးရှိသရက်ပင်ဆီသို့လက်ညိုးထိုးပြကာပြောပြီးနောက်မအိမ်စံအားရ၀မ်းသာပြေးသွားသဖြင့်တိုးတက်နှင့်စိုးကြီးလဲကြောင်သွားသည်။အဘယ်ကြောင့်ဆိုသော်ထိုသရက်ပင်နားတွင်မည်သူ့ကိုမှသူတို့မတွေ့သောကြောင့်ပင်။
မအိမ်စံသည်မတွေ့တာကြာပြီဖြစ်သောအဖိုးသူ့ဆီသို့လာသဖြင့်အရမ်း၀မ်းသာနေတော့သည်။
” သမီးဆီအဖိုးလာတာလားဟင် ”
၀တ်ဖြူ စင်ကြယ်နှင့်မုတ်ဆိတ်မွှေးဖြူ ဖြူ ဆံပင်ဖြူ ဖြူ လက်တွင်လဲတောင်ဝှေးကိုင်ထားသောအဖိုးအိုကမအိမ်စံကိုဖက်ထားလိုက်သည်။
” အဖိုးကမြေးကိုအရမ်းလွမ်းနေတာ အခုလဲငါ့မြေးလူ့ပြည်မှာအဆင်မှပြေပါ့မလားလို့လာကြည့်တာ ”
” အဆင်ပြေပါတယ်အဖိုး အဖေနဲ့အမေကသမီးကိုအရမ်းချစ်တာ လိုလေသေးမရှိအောင်လဲထားတယ် ”
” ငါ့မြေးပျော်ရင်အဖိုးလဲပျော်တယ် ကဲ အဖိုးသွားတော့မယ် ”
” ဟုတ်ကဲ့ ”
အဖိုးထွက်သွားမှမအိမ်စံလဲသူငယ်ချင်းတွေဆီပြန်လာလိုက်သည်။
တိုးတက်နှင့်စိုးကြီးသည်မအိမ်စံကိုနားမလည်သလိုကြည့်လိုက်ပြီး
” နင်ပြောတော့နင့်အဖိုးလာတယ်ဆို ငါဘယ်သူ့ကိုမှမတွေ့ဘူး ”
” ငါလဲမတွေ့ဘူး ”
သူငယ်ချင်းတွေအမေးကိုမအိမ်စံပြုံးလိုက်ပြီး
” ငါ့အဖိုးကနင်တို့မမြင်ရဘူးဟ အဲ့ဒါတွေထားလိုက် အိမ်ပြန်ကြမယ် ”
မအိမ်စံကိုနားမလည်နိုင်ပဲနှစ်ယောက်သားခေါင်းကုတ်ကာအိမ်သို့ပြန်လာခဲ့ကြသည်။
အခန္း(၄
သည်လိုနှင့်မအိမ်စံတစ်ဖြည်းဖြည်းအရွယ်ရောက်လာခဲ့ပြီးအသက်(၁၇)ပင်ရှိလာခဲ့သည်
အရွယ်ရောက်လာသည်နှင့်အမျှမအိမ်စံသည်မြင်သူတိုင်းငေးရသောအလွန်ချောမောလှပသည့်မိန်းကလေးတစ်ဦးဖြစ်လာခဲ့သည်။သည်အရွယ်ထိတိုးတက်နှင့့်စိုးကြီးသည်မအိမ်စံနှင့်တတွဲတွဲပင်။
သူတို့သုံးဦးစလုံးမကြာခင်ဆယ်တန်းစာမေးပွဲကြီးကိုဖြေရတော့မည်ဆိုသဖြင့်ခြံထဲတွင်စာအတူထိုင်ကျက်နေကြသည်။
” ဟင် အဖိုးလာတယ် ”
ခြံအပြင်ဘက်ကိုကြည့်ကာမအိမ်စံပြောပြီးကပြာကယာပြေးထွက်သွားပြီးမတွေ့တာကြာပြီဖြစ်သောအဖိုးနှင့်စကားပြောနေလိုက်သည်။
တိုးတက်နှင့်စိုးကြီးမှာတော့မအိမ်စံတစ်ယောက်တည်းစကားပြောနေသည်ကိုသာမြင်ရလေသည်။
တစ်အောက်အကြာမှမအိမ်စံခြံထဲပြန်၀င်လာခဲ့သည်။
သည်တစ်ခါလဲတိုးတက်နှင့်စိုးကြီးနားမလည်နိုင်
” ငယ်ငယ်တုန်းကလဲအခုလိုအဖိုးလာတယ်ဆိုပြီးတစ်ယောက်တည်းစကားပြောတယ် အခုလဲဘယ်လိုဖြစ်ရတာလဲ ငါတို့နားမလည်နိုင်တော့ဘူး ”
” နင်တို့ငါ့ကိုနားမလည်နိုင်တာအများကြီးပါ အခုလဲငါ့အဖိုးငါ့ဆီလာတာ တစ်နေ့ကျရင်နင်တို့ကိုအဖိုးနဲ့မိတ်ဆက်ပေးမယ် ”
” စောင့်ကြည့်တာပေါ့ ”
တိုးတက်ဘုဆက်ဆက်လေးပြောလိုက်သည်။
တစ်နေ့အသိအိမ်သို့မအိမ်စံသွားလည်ပြီးပြန်အလာလမ်းတွင်
” ဟေ့ ခဏရပ်ပါအုံး ”
အနောက်မှအသံကြောင့်မအိမ်စံလှမ်းလက်စခြေလှမ်းတို့ကိုရပ်လိုက်ပြီးနောက်သို့လှည့်ကြည့်လိုက်သောအရက်နံ့မွှန်ထူနေသောတစ်ရွာတည်းနေသူတင်ထွန်းကိုတွေ့လိုက်ရသည်။
” တင်ထွန်းပါလား ဘာကိစ္စရှိလို့လဲ ”
” ရှိတာပေါ့မအိမ်စံလေးရဲ့ ကို့ရဲ့ရင်ထဲမှာမင်းကိုပြောချင်တဲ့စကားတွေအများကြီးရှိနေတာ ဟဲဟဲ ”
အာလေးလျှာလေးသံကြီးဖြင့်တင်ထွန်းပြောလိုက်သဖြင့်မအိမ်စံနှာခေါင်းရှုံ့လိုက်သည်။
” ငါ့မှာပြောစရာမရှိဘူး ”
ပြောပြီးရှေ့ဆက်သွားရန်ပြင်လိုက်စဉ်သူမ၏ရှေ့တွင်တင်ထွန်းကာထားလိုက်သည်။
” ငါ့ရှေ့ကဖယ်ပါ ငါအိမ်ပြန်ရမယ် ”
” မဖယ်နိုင်ဘူး ကိုကမအိမ်စံလေးကိုချစ်နေတာ မအိမ်စံလေးဆီကအဖြေရမှဖယ်ပေးမှာ ”
မအိမ်စံစိတ်ပျက်သွားတော့သည် ထို့ကြောင့်ရှောင်ကွင်းပြီးသွားရန်ပြင်လိုက်စဉ်သူမ၏လက်ကိုတင်ထွန်းဖမ်းထားလိုက်သည် ရုတ်တရက်မို့မအိမ်စံလဲလန့်သွားသည် အကူညီတောင်းဖို့ကလဲလမ်းသွားလမ်းလာလူတစ်ဦးမှရှိမနေ ထို့ကြောင့်အတင်းရုန်းလိုက်သည်။
” ငါ့ကိုလွှတ် ”
” မလွှတ်နိုင်ဘူး ကို့ကိုအဖြေပေး ”
မအိမ်စံမျက်ရည်ဝဲလာတော့သည်။
” တောက်…. ငါ့မြေးကိုနှောက်ယှက်ရဲတယ်ပေါ့ ”
ဒေါသတကြီးအသံတစ်ခုနှင့်အတူမုတ်ဆိတ်ဖြူ နှင့်အဖိုးအိုတစ်ဦးရောက်လာခဲ့ပြီးတင်ထွန်းကိုသူကိုင်ထားသောတောင်ဝှေးဖြင့်အားကုန်ရိုက်ချလိုက်သည်။
” ဖြောင်း ”
” အ ”
” အဖိုးရောက်လာတယ် ”
မအိမ်စံအလွန်၀မ်းသာသွားသည်။
တင်ထွန်းမှာအဖိုးအို၏ရိုက်ချက်ကြောင့်လဲကျကာမေ့သွားတော့သည်။
” ငါ့မြေးကိုနှောက်ယှက်ချင်အုံးအဲ့ဒါ ”
” အဖိုးရောက်လာလို့တော်သေးတယ် ”
” မြေးကိုအဖိုးစိတ်မချတော့ဘူး အဖိုးနဲ့ပြန်လိုက်ခဲ့တော့ ”
” ဟင် အခုတော့မလိုက်ပါရစေနဲ့အဖိုး သမီးကိုအချိန်နဲနဲပေးပါအုံးနော် အဲ့ဒါပြီးရင်သမီးအဖိုးနဲ့ပြန်လာနေပါ့မယ် ”
” ကောင်းပြီ အချိန်နဲနဲထပ်ပေးမယ် ကဲ အဖိုးသွားမယ် ”
အဖိုးပျောက်ကွယ်သွားမှမအိမ်စံအိမ်သို့ပြန်လာခဲ့လိုက်သည်။
တင်ထွန်းကိုတော့လမ်းသွားလမ်းလာလူတစ်ဦးကတွေ့ရှိပြီးသူ၏အိမ်သို့သယ်ဆောင်သွားခဲ့သည်။
တင်ထွန်းသတိရလာသည့်အချိန်မှစ၍စိတ်နှင့့်လူမကပ်တော့ပဲအဖိုးအိုသူ့အားရိုက်ခဲ့သည့်အကြောင်းတတွတ်တွတ်ပြောနေပြီးစိတ်ဂယောင်ချောက်ချားဖြစ်ကာအပြင်းဖျားတော့သည်။ သူ၏မိဘများလဲစိတ်ပူပြီးဆေးခန်းပြသော်လည်းမသက်သာပဲတစ်ဖြည်းဖြည်းပိန်ချုံးလာကာရက်အနည်းငယ်အကြာတွင်ဆုံးသွားတော့သည်။ထိုအခါမအိမ်စံကြောင့့်တင်ထွန်းဆုံးသွားခဲ့ဟုအားလုံးကပြောဆိုကြပြီးမအိမ်စံကိုလဲသိုက်ကလာသည်ဟုတစ်ရွာလုံးပြောဆိုနေကြတော့သည်။ထို့ကြောင့်ဦးခင်မောင်နှင့်ဒေါ်တင်မြလဲသမီးလေးအတွက်အလွန်စိတ်မကောင်းဖြစ်နေကြသည်။
အခန္း(၅)
” တစ်ရွာလုံးကနင့်ကြောင့်တင်ထွန်းသေရတာလို့ပြောနေကြတယ် ပြီးတော့နင်ကသိုက်ကလို့လဲပြောနေကြတယ်ဟာ ”
တိုးတက်စကားကြောင့်မအိမ်စံပြုံးလိုက်ပြီး
” နင်ရောအဲ့လိုထင်လား ”
” မထင်ပါဘူးဟာ ရွာကလူတွေကလဲခက်တယ် ”
” အဲ့ဒါအမှန်တွေဆိုရင်နင်ငါ့ကိုခင်အုံးမှာလား ”
” ငါနင့်ကိုဘာဖြစ်ဖြစ်ခင်တယ် ပြီးတော့ ”
” ပြီးတော့ဘာလဲ ဆက်ပြောလေ ”
သူငယ်ငယ်တည်းကမအိမ်စံကိုအရမ်းခင်မင်ခဲ့သည် အခုအရွယ်ရောက်လာတော့မအိမ်စံကိုတစ်ဖြည်းဖြည်းချစ်လာခဲ့သည် သူ၏ရင်ထဲကစကားတွေကိုပြောဖို့ဆုံးဖြတ်လိုက်ပြီး
” ငါနင့်ကိုချစ်တယ်ဟာ ”
တိုးတက်ရုတ်တရက်ကြီးပြောလိုက်သဖြင့့်မအိမ်စံရှက်သွေးဖြာသွားပြီးခေါင်းငုံ့ထားလိုက်သည်။
” ငါ့ရင်ထဲမှာရှိတဲ့အတိုင်းပြောတာပါ နင်စိတ်ဆိုးသွားလား ”
မအိမ်စံခေါင်းခါပြလိုက်သည်။
” မဆိုးပါဘူး ”
” ဒါဆိုနင်ရောငါ့ကိုချစ်လား ”
” ဟာ နင်ကလဲ ”
” ဖြေပါဟာ နင့်ကိုသဘောကျတဲ့သူတွေများနေတာငါစိတ်မချဘူး ငါ့ကိုအဖြေပေးပါနော် ”
မအိမ်စံလဲနဂိုတည်းကတိုးတက်ကိုသံယောဇဉ်ရှိနေသည်မို့အဖြေပေးရန်ဆုံးဖြတ်လိုက်သည်။
” ငါလဲနင့်ကိုချစ်ပါတယ်ဟာ ”
” တစ်ကယ်နော် ငါအရမ်းပျော်တယ်ဟာ နင့်ကိုလဲတစ်သက်လုံးသစ္စာရှိရှိနဲ့ချစ်သွားမယ် ”
ပြောရင်းမအိမ်စံကိုရင်ခွဲထဲဆွဲယူပွေ့ဖက်ထားလိုက်သည်။ထိုအခိုက်တန့်တစ်ယောက်၏ရင်ခုန်သံကိုတစ်ယောက်ကြားနေရသလိုလိုပင်။
ချစ်သူမအိမ်စံကိုအိမ်ပြန်လိုက်ပို့ပြီးနောက်သီချင်းလေးတညည်းညည်းဖြင့်တိုးတက်အိမ်သို့ပြန်လာလိုက်သည်။
” သားဘယ်ကပြန်လာတာလဲ ”
အိမ်ထဲရောက်သည်နှင့်မိခင်ဖြစ်သူဆီးကြို၍မေးလိုက်သည်
” သားသူငယ်ချင်းမအိမ်စံနဲ့အပြင်ခဏသွားပြီးပြန်လာတာပါ ”
” သားအဲ့ဒီကောင်မလေးနဲ့ဒီနေ့ကစပြီးအပေါင်းသင်းမလုပ်နဲ့တော့ ”
” ဘာလို့လဲမေမေ သားနဲ့သူကငယ်ငယ်တည်းကခင်လာကြတာလေ ”
မိခင်ဖြစ်သူတားမြစ်မှုကိုတိုးတက်နားမလည်နိုင်။
” သူ့သတင်းကိုသားလဲကြားမှာပါ သူ့ကြောင့့်တင်ထွန်းသေခဲ့ရတယ် အဲ့ဒါကြောင့့်သားကိုလဲမေမေစိတ်ပူတယ် သူနဲ့မပတ်သတ်ပါနဲ့သားရယ် ”
” လူတွေကမဟုတ်ကဟုတ်ကတွေပြောနေတာပါ သားတော့မယုံဘူး ဒါပဲဗျာမေမေ ”
မိခင်ဆက်တားနေမည်စိုး၍တိုးတက်စကားဖြတ်ကာအခန်းထဲအမြန်၀င်လိုက်သည်။
အခန္း(၆)
မအိမ်စံ တိုးတက်နှင့်စိုးကြီးတို့သုံးယောက်စလုံးစာမေးပွဲဖြေလို့ပြီးစီးသွားခဲ့လေပြီ။
” ငါတို့စာမေးပွဲဖြေလို့ပြီးပြီဆိုတော့အမှတ်တရလေးဖြစ်သွားအောင်တစ်နေရာရာကိုအလည်သွားကြရင်မကောင်းဘူးလား ”
” ဟုတ်တယ် အဲ့ဒီအစီစဉ်မဆိုးဘူး ”
မအိမ်စံစကားကိုတိုးတက်ထောက်ခံလိုက်သည်။
” ဘယ်နေရာကိုသွားမလို့လဲ ”
” သဘာ၀ရှူ ခင်းတွေလဲရှိ ပန်းလေးတွေလဲရှိတဲ့တောကိုအလည်သွားကြမယ် ”
” ကောင်းတယ် တောကိုငါတို့တစ်ခါမှမရောက်ဖူးဘူး သွားကြတာပေါ့ ”
” တောကိုဟုတ်လား ”
အလွန်ကြောက်တတ်သောစိုးကြီးမျက်နှာရှုံ့မဲ့သွားသည်။
” ဘာလဲ မင်းကမလိုက်ဘူးလား ”
” နင်တို့သွားမယ်ဆိုလဲလိုက်ရတော့မှာပေါ့ ”
စိုးကြီးမလိုက်ချင်လိုက်ချင်နှင့်လက်ခံလိုက်သည်။
ထို့ကြောင့်နောက်တစ်နေ့တွင်တောထဲသို့သူတို့သုံးယောက်အလည်ခရီးထွက်တော့သည်။တောထဲသို့ရောက်သော် သဘာဝတောပန်းလေးတွေကိုခူးလိုက်ဓါတ်ပုံရိုက်လိုက်ဖြင့်သုံးယောက်စလုံးပျော်ရွှင်နေကြသည်။
” နင်တို့ကိုငါပြောထားတာမှတ်မိလား ”
မအိမ်စံရုတ်တရက်အမေးကြောင့်တိုးတက်နှင့့်စိုးကြီးခေါင်းခါပြလိုက်ရင်း
” ဘာကိုလဲ ”
” ငါ့အဖိုးနဲ့ပေးတွေ့မယ်ဆိုတာလေ ”
” ေဩာ် မှတ်မိပြီ ”
” ဒါဆိုငါ့နောက်လိုက်ခဲ့ ”
ပြောရင်းရှေ့သို့ဦးဆောင်ကာမအိမ်စံသွားလိုက်သဖြင့်တိုးတက်နှင့်စိုးကြီးလဲလိုက်လာခဲ့သည်။
တစ်အောက်မျှသွားပြီးနောက်မအိမ်စံရပ်လိုက်ပြီးပြုံးရယ်ကာ
” ရောက်ပြီဟေ့ ”
မအိမ်စံအော်ပြောသံအဆုံး၌မြေကြီးမှာမြေငလျင်လှုပ်သကဲ့သို့ပြင်းထန်စွာတုန်ခါလာသည့်အတွက်တိုးတက်နှင့်စိုးကြီးမတ်တပ်ခိုင်အောင်မနဲရပ်နေရသည် မအိမ်စံမှာတော့မည်သို့မှမဖြစ်ပဲနဂိုအတိုင်းသာရပ်နေလေသည်။
ထိုစဉ်သူတို့ရပ်နေသောနေရာ၌အခိုးငွေ့များထွက်လာသဖြင့်တစ်ယောက်ကိုတစ်ယောက်မမြင်ရတော့ချေ။၊
တစ်အောက်အကြာတွင်အခိုးငွေ့များပြယ်ပျောက်သွားပြီးရှေးခေတ်ဘုရင်တွေစံမြန်းသည့်နန်းတော်အလားရွှေရောင်တလက်လက်နှင့့်ခမ်းနားထည်ဝါသောနေရာတစ်ခုသို့သူတို့အားလုံးရောက်နေသည့်အတွက်တိုးတက်နှင့်စိုးကြီးအံ့အားသင့်နေတော့သည်။
” ဟင် မအိမ်စံနင့်အင်္ကျီကဘာလို့ပြောင်းသွားတာလဲ ”
မအိမ်စံ၏အ၀တ်စားများသည် ခုဏကလာခဲ့စဉ်က၀တ်ခဲ့သည့်အ၀တ်စားမဟုတ်တော့ပဲရွှေရောင်တလက်လက်ထနေသောရှေးခေတ်နန်း၀တ်နန်းစားပုံစံပြောင်းသွားသဖြင့်တိုးတက်နှင့်စိုးကြီးပို၍အံ့ဩသွားတော့သည်။
” ဟိုမှာငါ့အဖိုးလာနေပြီ ”
၀တ်စုံအဖြူ ဆံပင်ဖြူ နှင့်မုတ်ဆိတ်မွှေးပါဖြူ ဖွေးနေပြီးတောင်ဝှေးတစ်ချောင်းကိုင်ထားသောအဖိုးအိုကိုမအိမ်စံညွှန်ပြကာပြောလိုက်သည်။အဖိုးအိုလဲသူတို့နားရောက်လာခဲ့သည်။
” ငါ့မြေးရောက်လာပြီပဲ ”
” ဟုတ်တယ်အဖိုး ဒါကသမီးရဲ့သူငယ်ချင်းတိုးတက်နဲ့စိုးကြီးပါ ”
တိုးတက်နှင့်စိုးကြီးကိုမအိမ်စံညွှန်ပြပြီးမိတ်ဆက်ပေးလိုက်သည်။စိုးကြီးမှာအဖိုးအိုကိုမြင်သည်နှင့်ကြောက်လန့်ကာတိုးတက်အနောက်တွင်ကွယ်နေလိုက်သည်။
တိုးတက်ကတော့အဖိုးအိုကိုပြုံးပြကာ
” ဟုတ်ကဲ့ ကျနော်ကတိုးတက်ပါအဖိုး တွေ့ရတာ၀မ်းသာပါတယ် ”
” ဒါနဲ့ မြေးရဲ့ချစ်သူကဘယ်သူလဲ ”
” အဖိုးသိနေပြီပေါ့ တိုးတက်ကသမီးချစ်သူပါအဖိုး ”
” ဟုတ်ကဲ့ ကျနော်ကမအိမ်စံရဲ့ချစ်သူပါ ”
” ငါ့မြေးကိုမောင်ရင်တစ်ကယ်ချစ်တာလား အဖိုးကလက်ထပ်ပေးမယ်ဆိုယူနိုင်လား ”
မထင်မှတ်ထားသောစကားကြောင့်တိုးတက်၀မ်းသာသွားသည်။
” ဟုတ်ကဲ့ မအိမ်စံကိုကျနော်တစ်ကယ်ချစ်တာပါ လက်ထပ်ယူနိုင်ပါတယ် ”
တိုးတက်အဖြေကိုအဖိုးအိုသဘောကျသွားသည်။
” အဲ့ဒါဆို လူ့ပြည်လူ့ရွာကိုမပြန်ပဲဒီသိုက်နန်းမှာတစ်သက်လုံးနေနိုင်လား ”
သိုက်နန်းဆိုသဖြင့်စိုးကြီးပို၍ကြောက်လန့်ကာတုန်နေပြီးတိုးတက်ကိုပြန်ရန်လက်ကုတ်လိုက်သည် သို့ပေမယ့်တိုးတက်ဂရုမစိုက်ပဲ
” မအိမ်စံနဲ့အတူသာနေရမယ်ဆိုဘယ်နေရာမှာဖြစ်ဖြစ်ကျနော်နေနိုင်ပါတယ် ”
” ဟားဟား ဟားဟား…. အောင်ပြီကွ ဟားဟား ဟားဟား ”
အဖိုးအို၏ကြက်သီးထဖွယ်ရယ်သံကြောင့်အကြောက်လွန်နေသောစိုးကြီးမှာရုတ်တရက်ထွက်ပြေးတော့သည်။ထိုသို့ပြေးနေရာအကြောက်လွန်ပြီးကတုန်ကယင်ဖြစ်နေသောကြောင့်ခြေလှမ်းတို့မခိုင်တော့ပဲခြေခေါက်ကာလဲကျသွားတော့သည်။
အခန္း(၇)
မအိမ်စံ၊တိုးတက်နှင့်စိုးကြီးတို့ညနေထိပြန်မရောက်လာကြသေးသဖြင့်မိဘများစိတ်ပူပင်စွာစောင့်နေကြသည်။
” ဒီကလေးသုံးယောက်နှယ်ဘယ်တွေများသွားလို့ခုထိပြန်မရောက်သေးတာလဲ ”
ထိုစဉ်ဦးစံသိန်းနှင့်ရွာသားနှစ်ယောက်စိုးကြီးကိုထမ်းကာရောက်လာခဲ့သဖြင့့်စိုးကြီး၏မိဘများထိတ်ထိတ်ပြာပြာဖြစ်သွားကြသည်။
” သား သားဘာဖြစ်လို့လဲ ”
” တောထဲထင်းခုတ်သွားရင်းခေါင်းမှာဒဏ်ရာနဲ့သတိမေ့နေတဲ့စိုးကြီးကိုတွေ့လို့ထမ်းခေါ်လာရတာပါ သူဘာဖြစ်ခဲ့တယ်ဆိုတာတော့ကျနော်တို့မသိဘူး ”
စိုးကြီးကိုသတိမေ့နေရာမှထမ်းခေါ်ခဲ့သည်ဆိုသည့်သတင်းကြားသည်နှင့်တိုးတက်၏မိဘနှင့်မအိမ်စံ၏မိဘဖြစ်ကြသောဦးခင်မောင်နှင့်ဒေါ်တင်မြတို့ပါရောက်လာကြသည်။
” ကျမတို့ရဲ့သမီးလေးရောမတွေ့ခဲ့ဘူးလား ”
” ကျမသားတိုးတက်ကိုရောမတွေ့ဘူးလား ”
ဦးစံသိန်းခေါင်းခါပြလိုက်သည်။
သုံးယောက်လုံးမိဘတွေကိုဘာမှမပြောပဲအတူတူထွက်သွားရာမှယခုစိုးကြီးသာသတိမေ့ပြီးပြန်ရောက်လာခဲ့သဖြင့်မအိမ်စံနှင့်တိုးတက်အတွက်မိဘတွေရင်မှာအပူမီးတောက်လောင်နေပြီးစိုးကြီးပြန်သတိရအလာကိုသာမျှော်လင့့်တကြီးစောင့်ဆိုင်းနေကြသည်။
” ဟင် လူတွေပါလား ”
စိုးကြီးမျက်လုံးပွင့်လာပြီးစကားသံထွက်လာသဖြင့်အားလုံး၀မ်းသာသွားကြသည်။အပျော်ဆုံးကစိုးကြီး၏မိဘတွေပင်။
” သားသတိရလာပြီနော် ”
စိုးကြီးဘာမှပြန်မဖြေပဲအားလုံးကိုမျက်လုံးပြူ းကာကြောင်ကြည့်နေသည်။
” အဒေါ်ရဲ့သမီးမအိမ်စံဘယ်မှာလဲဟင် ”
” အဒေါ်သားတိုးတက်ရောဘယ်မှာလဲသား ”
” မအိမ်စံ တိုးတက်… သူတို့တွေမရှိတော့ဘူး မုတ်ဆိတ်မွှေးဖြူ နဲ့အဖိုးကြီးခေါ်ထားလိုက်ပြီ ဟိဟိ ”
ပြောရင်းစိုးကြီးတစ်ယောက်ကလေးလိုရယ်နေလေသည်။
“ဟင် ”
” သူ့ကိုကြည့်ရတာပုံမှန်မဟုတ်ဘူး ခေါင်းကဒဏ်ရာကြောင့်ထင်တယ် ဆေးခန်းပြမှဖြစ်မယ် ”
ဦးစံသိန်း၀င်ပြောလိုက်သည်။ထို့နောက်စိုးကြီးကိုဆေးခန်းပို့လိုက်ရာဆေးစစ်ချက်အရခေါင်းကဒဏ်ရာမပြင်းထန်ပေမယ့်တစ်စုံတစ်ခုကိုအကြောက်လွန်ထားပြီးဦးနှောက်ပျက်သွားကာစိတ်မနှံ့ဖြစ်သွားခဲ့သည်ဟုဆရာ၀န်ပြောကြားခဲ့သည်။
” ဒါဆိုစိုးကြီးပြန်မကောင်းနိုင်တော့ဘူးလားဒေါက်တာ ”
” အဲ့ဒါတော့အတိကျပြောလို့မရဘူး ကံကောင်းရင်တော့ပြန်ကောင်းလာနိုင်ပါတယ် ”
အားလုံးသက်ပြင်းချလိုက်ပြီးစိတ်မကောင်းဖြစ်သွားသည်။
မအိမ်စံနှင့်တိုးတက်ကိုတစ်ရွာလုံးကဝိုင်းကူရှာသော်လဲမတွေ့သဖြင့်မိဘတွေမှာသားသမီးအတွက်အိပ်ယာထဲတွင်ပင်လဲခဲ့ရသည်။အားလုံးကသူတို့သူငယ်ချင်းသုံးယောက်တောထဲသွားရာမှမအိမ်စံနှင့့်တိုးတက်ကျားစားခံထိပြီးစိုးကြီးတစ်ယောက်သာအသက်မသေပဲပြန်ရောက်လာသည်ဟုပဲမှတ်လိုက်ကြသည်။
အကယ်၍စိုးကြီးသာပြန်ကောင်းခဲ့လျှင်သူတို့ဘယ်ကိုရောက်ခဲ့ပြီး ဘာတွေဖြစ်ခဲ့သည်ဆိုတာကိုပြန်လည်ပြောပြနိုင်မည်ဖြစ်ပေသည်။
ပြီးပါပြီ
(စာဖတ်သူအပေါင်းတို့ကိုကျေးဇူးတင်လျှက်)
နေဇင်မင်းသော်