သိုက်သို့အလည်သွားမလား (စ/ဆုံး)
———————————-
ကိုတင်လှတစ်ယောက် ချောင်းရိုးရွာ၊
ရိုးလေးပိုင်းရပ်ကွက်မှာနေသည်။
သူနေသော အိမ်က ရပ်ကွက်အစွန်ဖြစ်ပြီး
ရွာ၏ အစွန်တော့ မဟုတ်။
ချောင်းရိုးရွာကြီးက အိမ်ခြေနှစ်ထောင်ကျော်
ရွာကြီးများသဖြင့် ရပ်ကွက်ကလည်း များလှသည်။
ကိုတင်လှနေသည်က ရိုးလေးပိုင်းရပ်ကွက်အစွန်
ကိုးနဝင်းရပ်ကွက်အစ ဖြစ်သည်။
ထိုရပ်ကွက်နှစ်ခုကို ပေနှစ်ရာအကျယ်
ပေသုံးရာခန့်အရှည်ရှိသော ကွင်းကြီးက
ခြားနေသည်။ ထိုရပ်ကွက်နှစ်ခုကြား
ကွင်းအတွင်း၌ ဗောဓိညောင်ပင်ကြီးတစ်ပင်၊
လေးဆယ့်ငါးတောင့်အမြင့် ဥာဏ်တော်ရှိ
ထုံးဖြူဖြူ စေတီတစ်ဆူ၊ နတ်ကွန်းတစ်ခုတို့
ရှိနေသည်။ တစ်နှစ်တစ်ခါ ရွာတော်ရှင်
နတ်ကန္နားကို ထိုနတ်စင်မှာ ပေးသည်။
ကိုတင်လှတစ်ယောက် အားသည့်နေ့
အလုပ်မရှိသည့်နေ့ ဆိုလျှင် ထိုစေတီပစ္စယံပေါ်
သွားထိုင်ပြီး စာဖတ်လေ့ရှိသည်။ ရပ်ကွက်အတွင်း
သွားလာကြသော လူသွားလမ်းနှင့် အနည်းငယ်
လှမ်းသဖြင့် အေးအေးဆေးဆေး စာဖတ်နိုင်သည်။
တစ်ရက် စာထိုင်ဖတ်နေစဉ် အနီးသို့ သူ့ထက်
နှစ်နှစ်ခန့် ငယ်မည့် အသက်ရှစ်နှစ်ခန့်
မိန်းမချောလေးတစ်ယောက် ရောက်လာသည်။
“အစ်ကို ဒီမှာ ထိုင်နေတာ အတော်ကြာပြီလား”
“အင်း ကြာပြီ ”
“ဒါဆို …ဒီနားက ကျမမောင်လေး ဖြတ်သွားတာ
မမြင်လိုက်ဘူးလား ”
“မမြင်လိုက်ဘူး ၊ တစ်ခုတော့ ရှိတယ်၊ အစ်ကို
စာအုပ်မှာ စိတ်ဝင်စားနေတုန်း ဖြတ်များသွားလားတော့
မသိဘူး၊ ညီမမောင်လေးက ဘယ်အရွယ်လဲ ”
“အသက် ဆယ့်ငါးနှစ် ရှိပါပြီ။ လူရွယ်လေးတစ်ယောက်ပါ”
“ဟာ မတွေ့ဘူး၊ အစ်ကိုက ကလေးတစ်ယောက်ထင်လို့”
“သူက ဒီရွာက မိန်းကလေးတစ်ယောက်ကို
စိတ်ဝင်စားပြီး လူကြီးတွေ တားတဲ့ကြားက
ပျောက်ပျောက်သွားတာ၊ဒါဖြင့် ကျမ ပြန်တော့မယ်”
“မင်းရဲ့ မောင်လေးကို လိုက်မရှာတော့ဘူးလား”
“ရှာမနေတော့ပါဘူး၊ ကျမတို့က နေရာအနှံ
လျှောက်သွားလို့ ရတာ မဟုတ်ဘူးလေ။
အချိန်တန်လို့ ပြန်လာရင် လူကြီးတွေ ဆူလိမ့်မယ်
ကျမသွားပြီ”
ကိုတင်လှ ထိုင်နေရာနောက်ကျောဘက်သို့
လှည့်ထွက်သွားသည်။ ကိုတင်လှလည်း အမှတ်တမဲ့
ထိုင်နေရာက ဘယ်သွားလဲ သိချင်သဖြင့်
ပစ္စယံပေါ်မှ လှည့်ပတ်ပြီး ကြည့်သည်။
စေတီနောက်ဘက် ပေငါးဆယ်ခန့်အကွာ
ရပ်ကွက်စည်းရိုးရှိသည်။
ထိုမှ နောက်ဘက်မှာ စပါးစိုက်သော
လူတစ်ဦးတည်းပိုင်း ငါးဧကခန့်ရှိ လယ်ကွက်ကွင်း
တစ်ခု ရှိသည်။ မြင်နိုင်သမျှ ကြည့်ရာ
ဖြတ်သွားဖြတ်လာ မည့်သူကိုမျှ မတွေ့တော့၊
ကိုတင်လှ ခေါင်းစားသွားသည်။
ထိုလယ်ကွက်က ဦးရွှေနုပိုင် လယ်ကွက်ဖြစ်သည်။
ဘုရားကြီးတောင်ပိုင်း ၊ ဘုရားကြီး
ကွက်သစ်ရပ်ကွက်များသို့
ကိုးနဝင်း၊ ရိုးလေးပိုင်း၊ သာသနာပြု
ရပ်ကွက်များမှ သွားလိုလျှင် နွေရောက်၍
စပါးသိမ်းပြီးပါက ဦးရွှေနုပိုင် လယ်ကွက်ကို
ဖြတ်၍ တစ်ရပ်ကွက်နှင့် တစ်ရပ်ကွက်
ဖြတ်သွားဖြတ်လာရာ လမ်းဖြစ်သည်။
မိုးအခါဆိုလျှင် ရွာလယ်လမ်းမကြီးအတိုင်းသား
သွား၍ ရသည်။
“ဟင် …မိန်းကလေး၊ ဘယ်ဘက်ထွက်သွားလဲ မသိဘူး၊
ဟိုဘက်သည်ဘက်မှာ အပိတ်ကာထားတဲ့ ခြံတွေပဲရှိတယ်၊
လမ်းဆိုလို့ ဘုရားကြီးကွက်သစ်ဘက် ထွက်တဲ့
လမ်းပဲ ရှိတယ်၊ ဘယ်သူမှဆိုလည်း သွားနေတာ
မတွေ့ဘူး၊ လူမှ ဟုတ်ရဲ့လား ”
ကိုတင်လှတစ်ယောက် စေတီတစ်ပတ် ပစ္စယံအထက်မှ
ပတ်ပြီး ကြည့်ကာ စိတ်ထဲမကျေမနပ်နှင့်ပင်
စာထိုင်ဖတ်နေလိုက်တော့သည်။
XXXXX
နောက်နေ့ ညနေ သုံးနာရီခန့် ထိုစေတီသို့ သွားပြီး
စာဖတ်နေလိုက်သည်။လေးနာရီခန့်မှာ ကိုတင်လှ
စာဖတ်နေရာမှ နောက်ဘက်က ခြေသံကြားသဖြင့်
လှည့်ကြည့်လိုက်ရာ မနေ့က မိန်းကလေးကို
ပန်းနုရောင်ဖက်ရှင်လေးနှင့် တွေ့လိုက်သည်။
သိပ်လှတာပဲဟု နှုတ်က မထွက်ဘဲ စိတ်ထဲက
ပြောလိုက်မိသည်။
“ဒီနေ့ရော ဘယ်သူ့ ထွက်ရှာတာလဲ ”
“ဒီနေ့တော့ ဘယ်သူ့မှ မရှာပါဘူး ”
“ညီမရဲ့မောင်လေး မနေ့က ဘယ်အချိန်ပြန်ရောက်လဲ ”
“ညီမပြန်ရောက်တော့ သူက ရောက်နှင့်နေပြီလေ၊
ဒီတော့ သူအဆူခံ လွတ်သွားတာပေါ့ ”
“ဒါနဲ့ ညီမတို့က ဘယ်မှာ နေတာလဲ ”
“ဒီနားမှာပါပဲ ”
“တစ်ခါမှ မမြင်ပါဘူး၊ ဧည့်သည်တွေလို့
အစ်ကိုက ထင်တာ ”
“အစ်ကို မသိလို့ပါ၊ ညီမတို့က ဒီရွာမှာပဲ နေတာပါ ”
ကိုတင်လှက ဘာမှ စောဒက မတက်တော့ဘဲ
ငြိမ်နေရာမှ …
“ညီမ ဒီနေရာကို မကြာမကြာ လာပါလား ”
“ဘာဖြစ်လို့လဲ ”
“ညီမကို ခင်ချင်လို့၊ မနေ့က ညီမပြန်သွားပြီးမှ
ညီမ နာမည်နဲ့ နေရာ မမေးလိုက်ရလို့ ၊ လိုက်ပတ်ပြီး
ရှာနေသေးတယ်၊ အခု ညီမနာမည် သိချင်တယ်
ပြောပြပါလား ”
“နာမည်သိတော့ရော …ဘာလုပ်မှာလဲ ”
“ခင်ချင်လို့ပါ ၊ နာမည်သိထားတော့ တစ်ယောက်နဲ့
တစ်ယောက် ဘယ်မှာတွေ့တွေ့ ခေါ်လို့ ပြောလို့
လွယ်တာပေါ့၊ အစ်ကို နာမည်က တင်လှပါ၊
အစ်ကို ညီမကို တကယ် ခင်ချင်တာပါ ”
“ညီမကို ခင်လို့ အစ်ကိုအတွက် ဘာမှ
ထူးခြားလာမှ မဟုတ်ဘူး၊ ညီမတို့ ဘဝက
မလွတ်လပ်ဘူးအစ်ကို ”
“ဒါပေမဲ့ အခု အပြင်ထွက်လို့ ရတာပဲ မဟုတ်လား ”
“ရတော့ ရတာပေါ့၊ ဒါပေမဲ့ အချိန် အပိုင်းအခြားနဲ့
ခွင့်ပြုချက်ရမှ ထွက်ရတာ ၊ ဟော …စကားပြောလို့
ကောင်းပါတယ်၊ ဟိုမှာ လူတစ်ယောက် လာနေပြီ၊
ကျမသွားမယ် ”
“မင်းနာမည် ပြောသွားဦးလေ”
“မနက်ဖြန် လာခဲ့မယ် ၊ အဲဒီကျမှပဲ ပြောတော့မယ် ”
မိန်းကလေးက ကိုတင်လှအနီးက အမြန်ထွက်သွားသည်။
ထိုစဉ်ဘုရားကြီးတောင်ပိုင်းမှ ကျော်ကြီး၊ နွားရိုက်
ကြိမ်လုံးတစ်လုံးကိုင်၍ ရောက်လာသည်။
“ဟေ့ကောင် တင်လှ၊ စာအုပ်တစ်အုပ်နဲ့ ဘာလုပ်နေတာလဲ။
မင်းအားရင် အိမ်လိုက်ခဲ့ပါလား ”
“မလိုက်သေးပါဘူးကွာ၊ ရှားလော့ဟုန်း ဘာသာပြန်
စာအုပ် မပြီးသေးလို့ ဖတ်နေတာ၊ မနက်ဖြန်ပေးရတော့မှာ”
“ကျော်ကြီး မင်းကို ငါမေးစရာရှိတယ်၊ စောစောက
မင်းဒီဘက်ဝင်လာတော့ ငါနဲ့ စကားပြောနေတဲ့
မိန်းကလေးကို မင်း မြင်လိုက်လား ”
“ဟာ …သောက်ပေါ ငကြောင် ငါအဝေးကြီးကတည်းက
မင်းကို မြင်နေတယ်။ မင်းတစ်ယောက်တည်း ထိုင်နေတာ။
ဘယ်က မင်းအနားမှာ မိန်းကလေးရှိနေရပြန်တာလဲ ”
“ဟာ ငါညာတာ မဟုတ်ဘူး၊ တကယ်ရှိနေတာ ”
“မင်းက စာဖတ်ပြီး စိတ်ကူးယဉ်နေတာ မဟုတ်လား ”
“မဟုတ်ရပါဘူးကွာ၊ မင်းအခု ဘယ်က ပြန်လာတာလဲ ”
“ကိုလွန်းမောင်တို့ရဲ့ ဟာလာစက်မှာ စပါးကြိတ်မလို့
သွားတာ၊ ညဘက်မှာ ငါ့ အလှည့် ရောက်မယ်ဆိုတာနဲ့
အိမ် ခဏ ပြန်လာတာ မင်း မလိုက်တော့ဘူးဆိုလည်း
ငါ့သွားတော့မယ် ”
“အေး …နောက်မှ လာခဲ့မယ်ကွာ”
ကျော်ကြီးထွက်သွားတော့ တင်လှ စဉ်းစားလိုက်သည်။
စောစောက အနီးမှာ စကားလာပြောသော
မိန်းခလေးကို သူ မမြင်ရဟုဆိုသည် ဘာကြောင့်လည်း
စဉ်းစားလို့ မရ။ စိတ်ထဲမှာ သို့လော သို့လောနှင့်
ဝေခွဲမရစွာဖြင့် အိမ်သို့ ပြန်ခဲ့သည်။
XXXXX
တပို့တွဲလပြည့်နေ့ လက တလောကလုံးကို
ထိန်လင်းစွာ သာနေသည်။
တင်လှ ညခုနှစ်နာရီခန့် ဖယောင်းတိုင်ကိုးတိုင်
ပုတီးစိပ်တစ်ကုံးနှင့် စေတီသို့ ထွက်ခဲ့သည်။
ဘုရားဖူးချင်သူများ မိန်းမများက မြေပေါ်မှသာ
ဖူးရသည်။ လူကြီးများကလည်း မြေပေါ်မှသာ
ဖူးရသည်။ ယောင်္ကျားလေးများက ပထမပစ္စယံ
ပေါ်တက်၍ လှည့်ပတ်ပြီး ဖူးကြသည်။
စေတီရံလေးဆူ ရှိသည်။ ရာသီဥတုသာယာသဖြင့်
အိမ်နှင့်လည်း မဝေးသောကြောင့် ပုတီးစိပ်ရန်
စေတီသို့ ထွက်ခဲ့ခြင်းဖြစ်သည်။
ပထမပစ္စယံရှိ အရှေ့ဘက်မုဒ်ပေါက်က
ဘုရားမှာ ဆီမီးကိုးတိုင်လုံး ထွန်းလိုက်ပြီး
ဂုဏ်တော်ကိုးပါး ပုတီးကိုးပတ်စိပ်နေလိုက်သည်။
ပုတီးကိုးပတ်ပြည့်ကာနီးသည့်အချိန်
ပန်းရနံ့လိုလို ရလိုသည်။
ထိုအချိန် ပုတီးကိုးပတ်ကလည်း ပြည့်ပြီး
အမျှဝေ သာဓုခေါ်ပြီး ဘုရားကို ဦးချလိုက်သည်။
ထို့နောက် အသာအယာ ဘေးဘီသို့ လှည့်ကြည့်လိုက်သည်။
“ဟင် ”
မြေပြင်ပေါ်မှ စေတီကို ပုဆစ်တုပ်ထိုင်ကာ
ရှိခိုးနေသော ပဟေဠိဆန်သည့် မိန်းကလေးအား
တွေ့လိုက်ရသည်။
“ဟင် …သိပ်လှတာပဲ ”
ပထမပစ္စယံပေါ်က မြေပြင်ပေါ် ဆင်းခဲ့ပြီး
ပါးစပ်က အသံထွက်သွားသည်။
မိန်းကလေးက ဘုရားကို ဦးချလိုက်ပြီး
ထရပ်လိုက်သည်။
“ဒီည ဝိုင်းဝိုင်းစက်စက် လမင်းကြီးနဲ့
အပြိုင်လှနေတော့တာပဲ”
“အို…အစ်ကိုကလည်း မြှောက်နေပြန်ပြီ”
“တကယ်ပါ ခါတိုင်းမြင်တာထက်ကို ပိုလှတယ် ”
“ကဲ ဒီတစ်ခါတော့ တွေ့တွေ့ချင်း အရင်ဆုံး
နာမည်မေးထားရမယ် …မပြောဘဲ ပြန်သွားမှာ စိုးလို့ ”
“ညီမနာမည်က ခင်နန်းမူပါ ”
“ခါတိုင်း ညဘက်မလာပါဘူး ။ အခု လပြည့်ညမို့
လာတာလား ”
“အမှန် ပြောရမလား ”
“ပြောပါ”
“ဟောဒီ ခင်နန်းမူကို ထပ်များ တွေ့ရဦးမလားဆိုပြီး
ပုတီးလည်းစိပ်ရင်း လာခဲ့တာပါ ”
“ဘာဖြစ်လို့ တွေ့ချင်ရတာလဲ ”
“ဘာဖြစ်ရမှာလဲ အမှန်ပြောရရင် ပထမစတွေ့ကတည်းက
ခင်နန်းမူကို စိတ်ဝင်စားခဲ့တာ၊ နေ့တိုင်းမြင်ချင်လို့။
အခု လပြည့်ညမှာလည်း ရောက်လာမလားဆိုပြီး
မျှော်လင့်စိတ်နဲ့ လာခဲ့တာ ”
“နန်းကိုတော့ တွေ့လို့ ရပါတယ်၊ ဒါပေမဲ့
တွေ့ချင်တိုင်းတော့ တွေ့လို့ မရဘူး ”
“နန်းတို့က ဘယ်မှာနေတယ်ဆိုတာလဲ ပြောဦးမှပေါ့၊
ဒါမှ အစ်ကို နန်းဆီလာလည်လို့ရမှာ”
“နန်းတို့က အစ်ကိုထင်သလို လူမဟုတ်ဘူး ”
“လူမဟုတ်ရင် ဘာလဲဟင်”
“သိုက်နန်းရှင်ပါ၊ သိုက်က အလွန်ကြီးတဲ့
သိုက်တော့ မဟုတ်ဘူး၊ နောင်ပွင့်လာမယ့်
ဘုရားရှင်အတွက် ကျောင်းတော် ဆောက်လှူဖို့
သိမ်းထားတဲ့ ရတနာတွေကို စောင့်နေရတာပါ၊
အစ်ကိုက ချစ်တယ်ဆိုပေမယ့် နန်းတို့က
ချစ်လို့ မဖြစ်ဘူး၊ တစ်ဦးနဲ့ တစ်ဦး၊
ခင်မင်ရင်းနှီးလို့ ရပါတယ်၊ အဆုံးစွန်ပြောမယ်
ချစ်သူအဖြစ်လည်း နေချင်နေလို့ ရပါတယ်၊
ဒါပေမဲ့ လူသားတွေကို မခွဲမခွာ အတူတူနေလို့တော့
မရပါဘူး ”
“အိမ်ထောင်ပြုလို့ မရဘူးပေါ့ ဟုတ်လား ”
“ဟုတ်တယ် အစ်ကို၊ နန်းတို့ တကယ်ခင်ချင်တယ်ဆိုရင်
ခင်လို့ရပါတယ်၊ ရိုးရိုးသားသားဆို အချိန်မရွေးတွေ့လို့
ရပါတယ်၊ အတူတူနေဖို့တော့ မစဉ်းစားပါနဲ့၊
တစ်ဦးကလူ တစ်ဦးက သိုက်နန်းရှင် ဘယ်လိုမှ
မဖြစ်နိုင်ပါဘူး”
“ဒါဖြင့်လည်း အစ်ကို နန်းကို တွေ့ချင်တဲ့အချိန်
တွေ့လို့ ရမယ်ဆိုရင် ကျေနပ်ပါပြီ၊
အစ်ကို နန်းကိုချစ်တယ်၊ အတူမနေရရင်လည်း
မတောင်းဆိုးဘူး၊ နန်းရဲ့ အချစ်ကိုတော့ လိုချင်တယ် ”
“မောင်နှမချစ်က ဖြူစင်ပါတယ် အစ်ကိုရယ်
အသိမိတ်ဆွေ၊ သူငယ်ချင်း၊ မောင်နှမပဲ ဖြစ်ပါရစေနော်”
“မရဘူး ချစ်သူအဖြစ်ပဲနေမယ်၊ ကိုယ့်ကို ချစ်တယ်မို့လား ”
“ချစ်…ချစ်…ပါတယ် အစ်ကို ”
သို့ဖြင့် တင်လှနှင့် ခင်နန်းမူတို့ ချစ်သူအဖြစ်နှင့်
တစ်နှစ်ကျော် နှစ်နှစ်နီးပါး ရှိလာခဲ့သည်။
ခင်နန်းမူတစ်ယောက် တင်လှအနားမှာ ရှိသည့်တိုင်
တင်လှတစ်ယောက်ကိုသာ အခြားသူများ
မြင်ကြရသည်။
တင်လှအနီးမှာ မိန်းကလေးရှိမှန်း မသိကြပါ။
သို့ကြောင့် တင်လှတစ်ယောက် ဥစ္စာစောင့်မနှင်
ချစ်ကြိုက်နေသည်ကို မည်သူမျှ မသိကြခြင်းပင်
ဖြစ်သည်။
XXXXX
တစ်ရက် တင်လှအး ခင်နန်းမူက အထူးအဆန်း
စကားပြောလာသည်။
“အစ်ကို ”
“ပြောလေနန်း၊ မျက်နှာလည်း မကောင်းပါလား ”
“ဟုတ်တယ် အစ်ကို၊ နန်းတို့ နောက်အဝတ်ကြရင်
သိုက်ပြောင်းရတော့မယ် ”
“ဟင် …”
“နန်းတို့က အဝေးကြီးကို ပြောင်းရလား ”
“ရှေးဟောင်းဘုရားတစ်ဆူ အနီးမှာ ရှိတဲ့ သိုက်နဲ့
သွားပေါင်းမှာလား ပြောတယ်၊ ဒီရွာနဲ့ဆို
အနောက်စူးစူးဘက်ကိုလို့ပဲ သိရသေးတယ် ”
“ဒါဆို ကိုယ်တို့ ဝေးကြရပြီပေါ့။
“နန်းလည်း စိတ်မကောင်းပါဘူး”
“ကိုယ်တော့ လွမ်းပြီး ကျန်ရစ်ခဲ့တော့မှာပဲ၊
ကိုယ်လေ နန်းနဲ့ အတူတူ မနေရပေမယ့်
ခွဲပြီးတော့ အကြာကြီး မနေနိုင်ဘူး ”
“အစ်ကို နန်းကို သိပ်ချစ်လား ”
“ချစ်တာပေါ့”
“ဒါဆို နန်းနဲ့တွေ့နိုင်အောင် နည်းတစ်ခု ပေးခဲ့မယ်၊
တစ်လကို တစ်ကြိမ်ပဲ တွေ့ခွင့်ပေးမယ်”
“ဟာ …တစ်လကြီးများတောင်မှ ကြာလိုက်တာ ”
“မဟုတ်ဘူးလေ…နန်းတို့က အဝေးကြီးရောက်ရမှာ၊
အစ်ကို ကြာရင် နန်းကို မေ့သွားမှာပဲ၊ တကယ်လို့
အစ်ကို ဆန္ဒရှိရင် နန်းကို တွေ့ချင် တွေ့နိုင်အောင်ပေါ့ ”
“ခဏခဏ တွေ့လို့ မရဘူးလား ”
“မရဘူး ဂတိတည်မှ တွေ့လို့ရမှာ”
“ကဲပါ …နန်းကိုသာ တွေ့ရမယ်ဆို တစ်လစောင့်ဆိုလည်း
စောင့်ပါမယ် ”
“နန်း ဂါထာမန္တန်တပုဒ် သင်ပေးခဲ့မယ် ”
“သက်သတ်လွတ်စားပြီး နှစ်ဆယ့်ခုနှစ်ရက် သီလ
စောင့်ရမယ် ၊ ဒါဆို နန်းကိုသာ မဟုတ်၊ အခြား
သိုက်တွေထဲကိုလည်း သွားလည်လို့ရတယ်၊
အဲဒီ မန္တန်က သိုက်နဲ့ မိတ်ဆွေဖွဲ့တဲ့ မန္တန်ပဲ၊
သိုက်ထဲက ပစ္စည်း၊ တစ်စေ့တစ်လက်မမှ
မယူရဘူး၊ ယူရင် စည်းဖောက်ပြီး အသက်ကို
နုတ်သွားလိမ့်မယ် ”
“ကဲ …ဒါဆိုလည်း သင်သာပေးတော့၊ ကိုယ်က
စာရေးတာလည်း ဝါသနာပါတယ်၊ စာဖတ်တာလည်း
ဝါသနာပါတယ်၊ သိုက်တွေထဲလည်း ရောက်ချင်တယ်၊
ဗဟုသုတရ ရတာပေါ့ ”
“လပြည့်ည ခုနှစ်နာရီထိုးတာနဲ့ အဲဒီမန္တန်ကို ရွတ်လိုက်၊
နန်းရှိတဲ့ နေရာက လာခဲ့မယ်၊ ညသန်းခေါင် မတိုင်ခင်
ပြန်မယ်၊ နန်းကို တွေ့ချင်ရင် လပြည့်ညတိုင်း ရွက်လိုက်၊
နှစ်ဆယ့် ခုနှစ်ရက် သီလရော စောင့်နိုင်လို့လား၊
သက်သတ်လွတ်က အမြဲစားရတော့မှာနော် ”
“အင်း …ကြာရင် နန်းနဲ့တွေ့ဖို့ ကြိုးစားရင်း
ဘိုးတော်ပဲ ဖြစ်မလား၊ ဘာကောင်ပဲ ဖြစ်မလဲမသိဘူး ”
“အလကား ပြောတာပါ၊ နန်းနဲ့ တွေ့ရမယ်ဆိုရင်
ဘာမဆို လုပ်နိုင်တယ် ”
ထို့နောက် မကြာသောရက်မှာ နန်းတစ်ယောက်
ကိုတင်လှအား နှုတ်ဆက်ပြီး ရွာရှိ ထုံးဖြူဖြူ
စေတီလေးအနီး သိုက်နန်းမှ နှုတ်ဆက်ကာ
အပြီး ပြောင်းရွှေ့သွားတော့သည်။
နန်းမရှိတော့နောက် တင်လှလည်း မနေတတ်
မထိုင်တတ်ဖြစ်ကာ နေ့စဉ် ဘုရားသို့သာ
သွားထိုင်နေမိသည်။
နောက်တော့ နန်းကို တွေ့ချင်ရင် သက်သတ်လွတ်
စားပြီး နှစ်ဆယ့် ခုနှစ်ရက်သီလစောင့်ရမည်ကို
ကြားယောင်လာသည်နှင့် သီလစောင့်ပြီး
သက်သတ်လွတ်စားရန် ဆုံးဖြတ်လိုက်တော့သည်။
နန်းမှာသည့်အတိုင်း သက်သတ်လွတ်စားသည်။
ဥပုသ်ရက်စောင့်သည်။ လပြည့်ရက်ရောက်တော့
ညဦးပိုင်းမှာ မန္တန် ရွတ်ကြည့်လိုက်သည်။
အားလုံးပြီးတော့ နန်းမူကို တမ်းတလိုက်သည်နှင့်
မကြာခင် နန်းမူ အနားသို့ ရောက်လာသည်။
ခင်နန်းမူနှင့် ချစ်စကားများ တဝကြီးပြောဖြစ်သည်။
ဘယ်၍ဘယ်မျှ လွမ်းနေရကြောင်း ပြောပြသည်။
နန်းက ပြန်ကာနီးတော့ အဓိဋ္ဌာန်ဝင်ပါက
အခြားသိုက်ကြီးများသို့ပင် မိတ်ဆွေဖွဲ့ပြီး
သွားလာနိုင်ကြောင်း ပြောပြသည်။
ထိုသို့ သိထားပြီးပါက ညအချိန် စည်းဝိုင်းချ၍
မန္တန်သွားရွတ်ပါက ထိုသိုက်အတွင်းမှ
အဓိကကျသူ သိုက်နန်းရှင်က ထွက်၍
ကြိုဆိုကာ သိုက်အတွင်းသို့ လိုက်ပြလိမ့်မည်
ဖြစ်ကြောင်း ၊ သူပြတာကို ကြည့်၍
သိချင်တာကို မေးပါက ဖြေကြားပေးမည်
ဖြစ်ကြောင်းလည်း ပြောပြသည်။
သူတို့ ပြန်ခိုင်းလျှင် ပြန်ခဲ့ကာ သိုက်အတွင်းမှ
မည့်သည်ပစ္စည်းမှ မယူပါက အန္တရာယ်ကင်းစွာနှင့်
ပြန်လာနိုင်မည်ဟု ခင်နန်းမူက ရှင်းပြခဲ့သေးသည်။
ထို့သို့ စိတ်ရှည်လက်ရှည် ရှင်းပြပြီးသည်နှင့်
ပြန်ရန် ပြင်တော့သည်။
“နန်း နေပါဦး၊ တစ်ခု မသိလို့ မေးပါရစေ၊
အစ်ကိုက (၄၅)ရက် အဓိဋ္ဌာန်ဝင်ပါပြီတဲ့
ဒီကြားထဲမှာ နန်းကို ဘယ်လို တွေ့ရတော့မှာလဲ ”
“အစ်ကိုကသာ အဓိဋ္ဌာန်မပျက် ဆက်လုပ်သွားပေါ့၊
တစ်ကြိမ်တွေ့ပြီး နောက်တစ်ကြိမ်ကြားမှာ အစ်ကိုက
(၄၅)ရက် အဓိဋ္ဌာန်ဝင်တယ်ပဲ ဆိုပါတော့၊ နှစ်ဆယ်
ခုနှစ်ရက် ပြည့်ပြီးလို့ လပြည့်ရက်နဲ့ ကြုံရင်၊
မန္တန်ရွတ်လိုက်ပေါ့၊ နန်းအရောက် လာခဲ့မယ်၊
နှစ်ဆယ့်ခုနှစ်ရက် မပြည့်သေးဘဲနဲ့က
ရွတ်ရင် လာလို့ မရဘူး၊ အစ်ကိုသေသေချာချာ
တွက်ချက်ပြီး အလုပ်,လုပ်၊ ကဲ …နောက်ကျနေပြီ
သွားတော့မယ်အစ်ကို ”
ခင်နန်းမူလည်း နှုတ်ဆက်ပြီး သူ့အပါးက
ပျောက်သွားသည်။ သို့ဖြင့် နောက်နေ့မှစ၍
တင်လှ (၄၅)ရက် အဓိဋ္ဌာန်စဝင်သည်။
နှစ်ဆယ့်ခုနှစ်ရက်ပြည့်ပြီး ဆက်၍ဝင်သည်။
လပြည့်နှင့် ကြုံသည့်ရက်မှာ နန်းနှင့်တွေ့ဖြစ်အောင်
တွေ့သည်။ ထိုတွေ့နေ့မှာလည်း အဓိဋ္ဌာန်
မပျက်အောင် ဆက်ဝင်ခဲ့သည်။
သို့ဖြင့် (၄၅)ရက် အဓိဋ္ဌာန်ပြည့်ခဲ့သည်။
ရွာအနီးအပါးမှာ သိုက်ရှိ/ မရှိ ညနေပိုင်း
လမ်းလျှောက်ထွက်ရင် စနည်းနာသည်။
ချောင်းရင်းရွာ၏ အထင်ကရ မဟာနိဗ္ဗူတာရာမ
ဘုရားကြီးကျောင်းတိုက်ဝင်းအတွင်း သိုက်မရှိ၊
ကျောင်းဝမှရပ်ကာ မန္တန်ကို ရွတ်ကြည့်သည်။
မန္တန်ဆုံးသည်နှင့် မကြာခင် ဘုရားဒကာ၊
ကျောင်းဒကာ ဦးဆင်ကြီး၊ ဒေါ်နှင်းတို့၏
ဂူပြဿဒ်ဟောင်းအနီး ညောင်ကြပ်ပင်နှင့်
မကွာသောနေရာမှ မီးခိုးငွေ့လေးများ တလူလူ
ထွက်လာသည်။
သိုက်ရှိမှန်းမနီးမဝေးတွင် စည်းချကာ အကာအကွယ်
လုပ်ပြီး ဥစ္စစောင့်နှင့် တွေ့နိုင်သော မန္တန်ကို ရွတ်ပါသည်။
မကြာခင်မှာပင် မျက်လုံးပြူးထွက်နေသော
နာနာဘာဝကောင်များ၊ လျှာတစ်လစ်ထွက်နေသော
နာနာဘာဝကောင်များ၊ အစွယ်ကြီးများအပြင်
ထိုးထွက်နေသော သရဲကောင်များ ၊ တင်းပုတ်ထမ်း
ထားသော လူဘီလူးကြီးများ စည်းအပြင်မှာ
ဝိုင်းအုံကာ ခြောက်လှန့်နေပါသည်။
အတွေ့အကြုံလည်း မရှိ၊ မကြောက်ဘူး
ဆိုပေမယ့် တကယ်နဖူးတွေ့ ဒူးတွေ့ကြုံရသည့်အခါ
ဒူးတုန်ကာ မန္တန်ရွတ်ရသည်ပင် အယောင်ယောင်
အမှားမှား ဖြစ်နေသည်။
ထို့နောက် အပြင်က နှောင့်ယှက်သူများ
စည်းအတွင်း မဝင်နိုင်မှန်း သိသောအခါ သေချာစွာ
ထိုင်ချလိုက်ပြီး စိတ်ကို အားတင်းကာ မန္တန်ကို
အဆက်မပြတ် တစ်ခေါက်ပြီးတစ်ခေါက်
ရွတ်နေမိတော့သည်။
အချိန်တစ်နာရီခန့် ကြာသွားသည့်အခါ
ခြောက်လှန့်မှု အနည်းငယ်သာ ရှိတော့သည်။
နန်းကလည်း သေသေချာချာ မှာသွားသည်။
စည်းအပြင်ကနေ၍ သိုက်စောင့်သရဲများ
ခြောက်လှန့်တတ်သည်ဆိုခြင်းကြောင့်သာ
ကြံ့ကြံ့ခံနေနိုင်ခြင်းဖြစ်သည်။
ထိုသို့ ခြောက်လှန့်မှုများစွာ ကြုံရခြင်း
သိုက်အတွင်းသို့ ဝင်၍ လေ့လာချင်သော
စိတ်က ပျောက်သွားရသည် စိတ်လည်း
ကုန်သွားခဲ့သည်။
အစောင့်သရဲများ အဝေးသို့ နှင်သောဂါထာမန္တန်လည်း
မသိ၊ မည်သို့ လုပ်ရမည်မှန်း ၊ မသိသည့်အတူ
ရရှိထားသော မန္တန်ကိုသာ နာနာဖိရွတ်နေသည်။
အချိန်တန် မိုးလင်းလာလျှင် သရဲတစ္ဆေများ
ကွယ်ပျောက်သွားမည်ဟု ထင်ထား၍
စည်းမဖောက်ရန် အိပ်မငိုက်ရန်သာ သတိထားပြီး
ဆုတောင်းနေရသည်။
သရဲတစ္ဆေများ ထွက်သွားစေလိုသည့်အတိုင်း
တတ်သမျှ ဂါထာပေါင်းစုံကို
ရွတ်ပါသော်လည်း သရဲများက
ပျောက်သွားလိုက်တိုးလာလိုက်နှင့်
လက်မှိုင်ချကာ တစ်ညလုံး စည်းအတွင်းမှ
မထွက်ဘဲ မိုးလင်းအောင် ထိုင်ရတော့မည့်
အခြေအနေမျိုး ရောက်၍ နေပါတော့သည်။
ညနှစ်နာရီခန့်ရောက်သောအခါ သိုက်အတွင်းက
သိုက်နန်းရှင် တစ်ယောက် ထွက်လာပြီး တစ္ဆေသရဲများကို
နှင်ထုတ်လိုက်မှ တစ္ဆေသရဲများ ပျောက်ကွယ်သွားတော့သည်။
သိုက်နန်းရှင်ကို ကျေးဇူးတင်ကြောင်းသာ
ပြောပြီး ထိုနေရာက အိမ်သို့ သုတ်ခြေတင်ခဲ့ရတော့သည်။
ထိုအချိန်မှစ၍ ခင်နန်းမူကို တွေ့ရန်မှ တစ်ပါး
အခြားသိုက်တွေဆီ သွားလည်ရန် ကိစ္စကို
လက်လျော့လိုက်သည်။
ထို့နောက် နှစ်နာရီခွဲကျော်မှ အိမ်သို့ ပြန်ရောက်ခဲ့ရသည်။
သီတင်းကျွတ်လအရောက် အလုပ်အားသည်နှင့်
ဘုရားကြီးကျောင်းသို့ မရောက်သည်မှာ အတော်
ကြာခဲ့သည်။ ထို့ကြောင့် ဘုရားသို့ ထွက်ခဲ့သည်။
ဘုရားရင်ပြင်တော်အပေါ် မတက်ခင် စောင်းတန်းဘေး
အုတ်ခုံမှာ အသက် (၇၀)ခန့် အဘိုးကြီးတစ်ယောက်
ထိုင်နေသည်ကို တွေ့လိုက်သည်။
“မောင်ရင်လေး ရွာထဲကပဲလား ”
“ဟုတ်ကဲ့ အဘ၊ အဘ ဘယ်ကပါလဲ ”
“အဘ ပျော်ဘွယ်က လာတာပါ၊ ဒီရွာမှာ
သားရှိလို့ လာလည်ရင်း ဘုရားလာဖူးတာ၊
ဘုရားကြီးက အတော်ကြီးမား ခန့်ထည်တာပဲ၊
ဝင်းကြီးအတွင်းမှာလည်း ကျောင်းတွေ
အများကြီး ”
“ဟုတ်ကဲ့ အဘ၊ ညဘက်ရောက်ရင်
ဘုရားလာဖူးဖို့ မဝံ့ဘူး၊ တစ်ခါတစ်ခါ
အခန့်မသင့်ရင် သိုက်နန်းရှင်တွေနဲ့တောင်
တွေ့နိုင်သေးတယ်”
“ဘကြီးလည်း ဘုရားကြီးကိုကြည့်ပြီး
စိတ်ဝင်စားနေတာ၊ ဒီနေရာမျိုးမှာ သိုက်တွေ
ရှိနိုင်တာပေါ့”
“အဘက သိုက်တွေကို စိတ်ဝင်စားလား ”
“စိတ်ဝင်စားလာတော့ မမေးနဲ့၊ အဘအသက်သုံးဆယ်
လောက်တုန်းက သိုက်ဆရာ တစ်ယောက်နောက်
လျှောက်လိုက်ဖူးတယ်”
အဘိုးကြီးက ဆက်ပြောသည်။
ဘယ်မြို့မှာ ဘယ်ဘုရားသိုက်ရှိသည်။
ဘယ်လိုနေရာမှာ ရှိသည်။ သိုက်ရှိသောနေရာ
ဆယ်ခုခန့်ကို တောက်လျှောက် ပြောပြသည်။
“ဘကြီးက အခု ပြောသွားတဲ့ သိုက်တွေထဲ
ရောက်ဖူးလို့လား ၊ သူများ ပြောတာလား၊
ဒါမှမဟုတ် ဘကြီးက သိုက်ဆရာလား”
“ဘကြီးကိုယ်တိုင်ကတော့ သိုက်ဆရာမဟုတ်ဘူး၊
သိုက်ဆရာနောက်ကလိုက်တဲ့တပည့်ပေါ့၊
သူပြောသမျှ ကြုံဖူးသမျှတွေ
မှတ်သားထားရတာပေါ့ ”
“ဘကြီးတို့ သိုက်တူးတော့ ရွှေတွေ ငွေတွေ
မရဘူးလား ”
“ရဖူးတာပေါ့၊ တပည့်နဲ့ ဆရာနှစ်ယောက်
သိုက်တစ်ခုက ရွှေတစ်ပိဿာကျော်ကျော်
ရဖူးတယ်၊ ဆရာပေးသလောက် ရတာပေါ့၊
ရွှေတွေ ထုခွဲရောင်းချပြီး စားတာပေါ့ ၊
မိန်းမလည်း ယူပစ်လိုက်တာပေါ့၊
တစ်နှစ်လောက်ကြာတော့ ဆရာ ရောက်လာတယ်၊
နောက်ထပ် သိုက်တူးမလို့ လာခေါ်တာ။
ရစရာရှိရင် ရချင်ချင် တစ်ခါရ ရနိုးနိုးဆိုတဲ့
စကားလို ရကိုရစေမယ်ဆိုပြီး သွားကြတာပေါ့၊
ညရှစ်နာရီလောက် သိုက်ရှိရာ ရောက်ခဲ့တယ်၊
ထုံးစံအတိုင်း အစီအရင်တွေ လုပ်ပြီး
ဆရာတပည့် အစွမ်းနဲ့ သိုက်ကို
ဖော်ခဲ့တာပဲ၊ သိုက်တံခါးပွင့်ပြီး
ရွှေငွေရတနာတွေကိုလည်း မြင်ရော
ဘယ်က ဘယ်လို ဖြစ်တယ် မသိပါဘူး၊
ကျားကြီးတစ်ကောင် ဗြုန်းကနဲ ဝင်လာပြီး
ဆရာ့ကို ကျားချီသွားတော့တာပဲ၊
ဘကြီးလည်း ကြောက်လန့်ပြီး သိုက်ထဲက
ခြေကုန်သုတ်ပြေးခဲ့ရတော့တာပဲ၊
ညကလည်း မှောင်မိုက်မည်းမည်း
ဦးတည်ရာ ပြေးခဲ့မိတယ်၊ ထန်းပင်ငယ်လေးတွေရှိတဲ့
နေရာကို ပြေးမိတာကြောင့် ထန်းရွက်
တစ်ရွက်က အဘနဖူးကိုရှပြီး သွေးတွေလည်း
ထွက်လာရော အဘအကြောက်လွန်ပြီး
သတိမေ့သွားခဲ့တယ် ”
“ဘကြီးရဲ့ ဆရာက သေသွားတာပေါ့ ဟုတ်လား ”
“ကျားကိုက်ပါတယ်ဆို သေသွားတာပေါ့ ”
“ဘကြီးလည်း ထန်းလက်ရှတဲ့ ဒဏ်ရာက
သေတဲ့အထိ အနာရွတ်ကြီး ကျန်ခဲ့တယ်
ဒီဒဏ်ရာကို စမ်းမိလေတိုင်း သိုက်ဆိုရင်
ငှက်သိုက်တောင် မကြည့်ချင်အောင်
စိတ်နာနေမိတယ်၊ ဘကြီးလည်း သိုက်ထဲက
ပြန်ရောက်လာပြီး အကြောက်လွန်
သည်းခြေပျက်သွားလို့
အတော်ကုလိုက်သေးတယ်
ဒါနဲ့ မင်းက သိုက်ကို ဘာလို့
စိတ်ဝင်စားရတာလဲ၊ ငယ်ငယ်ရွယ်ရွယ်နဲ့
မသေချင်ပါနဲ့၊ တကယ့်အထင်ကရ
ဆရာတောင်မှ မနိုင်တာ”
“ကျနော့်ရည်ရွယ်ချက်က ချစ်သူနဲ့
တွေ့ရအောင် သိုက်နဲ့ မိတ်ဖွဲ့တဲ့ မန္တန်ရွတ်တာပါ၊
ချစ်သူကို တွေ့ချင်ရင် သီလနှစ်ဆယ့်ခုနှစ်ရက်
စောင့်ထိန်း သက်သတ်လွတ်စားရတယ်၊
အခြားသိုက်တွေကို သွားပြီး မိတ်ဖွဲ့ချင်ရင်
သက်သတ်လွတ်စား (၄၅)ရက် သီလစောင့်၊
ပြည့်ပြီးရင် ညဘက်သွားလိုတဲ့ သိုက်က
ဥစ္စာစောင့်တွေကို မေတ္တာပို့ ဂုဏ်တော်ပုတီးစိပ်။
ပြီးရင် အဲဒီသိုက်ကိုသွားပြီး စည်းချမန္တန်
ရွတ်တာနဲ့ သိုက်က လာ ဆက်သွယ်လိမ့်မယ်၊
သိုက်ထဲ လိုက်သွားပြီး သိချင်တာမေး၊
သူတို့ ပြန်ခိုင်းတာနဲ့ ပြန်၊ ဒါပဲပေါ့ ”
“မင်းရဲ့ နည်းကို ငါ့ကိုလည်း ပေးလို့
မရဘူးလား ”
“ဘကြီးရည်ရွယ်ချက်က လောဘဦးစီးနေတာပဲ
မအောင်မြင်နိုင်ပါဘူး ”
“မင်းကို ဒီနည်း ဘယ်သူပေးတာလဲ ”
“ဒီလို ဘကြီး၊ ကျနော် ဥစ္စာစောင့်သိုက်နန်းရှင်နဲ့
ချစ်သူ ဖြစ်ခဲ့ဖူးတယ်၊ သူတို့ သိုက်ပြောင်းတာနဲ့
ကျနော် စိတ်ခံစားမှု မဖြစ်ရအောင်၊ သူနဲ့
တစ်လတစ်ကြိမ် တွေ့နိုင်အောင် မန္တန်ကို
သင်ပေးသွားခဲ့တာပါ ”
“သိုက်ထဲဝင်ခဲ့ရင် ပစ္စည်းဥစ္စာကို ဘာမှ
မယူပါဘူးလို့ သစ္စာဆိုပြီးမှ သွားရပါတယ် ”
“မင်း သိုက်ထဲ ဝင်ဖူးလား ”
“မဝင်ဖူးဘူး …ဝင်မလို့ …တစ်ခါ ကြိုးစားသေးတယ်၊
တစ်ညလုံး စည်းအပြင်က သရဲတစ္ဆေတွေ
ဝိုင်းခြောက်လှန့်နေတာနဲ့ပဲ …မတွေ့ခဲ့တာ ”
“ဒါဖြင့် မင်း ဘယ်လို ပြန်လာခဲ့တာလဲ ”
“မနက်နှစ်နာရီလောက်မှ သိုက်ထဲက သိုက်နန်းရှင်
တစ်ယောက် ထွက်လာပြီး အစောင့်သရဲတွေကို
အော်ထုတ်လိုက်တာနဲ့ သရဲတွေ ပျောက်သွားတယ်
ဥစ္စာစောင့်မက သိုက်ထဲဝင်ဦးမလား မေးပေမယ့်၊
အချိန်ညဉ့်နက်နေလို့ နောက်မှ လာတော့မယ်ပြောပြီး
ပြန်ခဲ့တယ်၊ နောက်ကို အကျင်စရဏရင့်လာတော့မှပဲ
သိုက်ထဲဝင်ဖို့ ကြိုးစားတော့မယ်၊ ကျနော့်ချစ်သူနဲ့
တွေ့ဖို့ပဲ ကြိုးစားတော့မယ် ”
“ကဲ…အဘ၊ ကျနော် ဘုရားရင်ပြင်တော်ပေါ်
တက်ပြီး ဘုရားဖူးလိုက်ဦးမယ် ”
“အေး …အေး …သွား…သွား အဘတော့ ဖူးပြီးပြီ”
ကိုတင်လှလည်း ဘုရားကြီးကျောင်း ရင်ပြင်တော်ပေါ်သို့
တက်ပြီး ဂန္ဓာကုဋိတိုက်အတွင်းရှိ မဟာမုနိ
ရုပ်ပွားတော်အား ရှိခိုးလိုက်ပါတော့သည်။
ဆရာ ဧကန်မင်း၏ ‘အလောင်းသူခိုး’
စာအုပ်မှ လက်ခ စာဖတ်သူကို ပြန်လည်
ကူးယူဝေမျှပေးပါသည်။
ပြီးပါပြီ
Credit
စာဖတ်သူများ စိတ်ရွှင်လန်းပါစေ