သုဘရာဇာကြီး ငပန်း

Posted on

သုဘရာဇာကြီး ငပန်း ( စ၊ ဆုံး)
ရေးသားသူ ထမံ ( တောင်ငူ)
*******
အိုင်ပီထွန်းမောင်တစ်ယောက် မြင်းလှည်းစီးကာ မြို့အစွန် သုသာန်ဆီကို ရောက်ရှိလာတယ်။
အိုင်ပီထွန်းမောင် သုသာန်ထဲကိုဝင်လိုက်တော့ အတော်လေး မှောင်ရီနေချေပြီ။
သုသာန်ဇရပ်အပေါ်ဆီက မီးရောင်ကို အိုင်ပီထွန်းမောင် လှမ်းမြင်ရတယ်။ မီးရောင်ကြောင့် ဇရပ်အပေါ်ဆီကို ရှင်းလင်းစွာ လှန်းမြင်နေရပြီး လူသူလေးပါးကိုတော့ မမြင်ရဘူး။ ပတ်ဝန်းကျင်ကတော့ သုသာန်တစ်စပြင်ပီပီ အိပ်တန်းတက် ကျီးငှက်တို့ နေရာလုယက်ရင်း အော်မြည်သံက စီစီညံအောင် ထွက်ပေါ်နေတယ်။
အိုင်ပီထွန်းမောင် သတိကြီးစွာထားရင်း ဇရပ်အနားကို ရောက်လာပေမယ့် အခုထိ လူရိပ်သူရိပ်ကို မမြင်ရဘူး။
ဇရပ်အပေါ်ထိသာ ရောက်လာခဲ့တယ်။ လှုပ်ရှားမှု လုံးဝ မရှိခဲ့။ သုသာန်တစ်ခုလုံး သူတစ်ယောက်သာ ရှိနေတဲ့ အသွင်ဖြစ်နေတယ်။
တိတ်ဆိတ်မှုဟာ အန္တရာယ်ရှိနိုင်တဲ့ အလားအလာဆိုတာ အိုင်ပီထွန်းမောင် နားလည်လေတယ်။ ဒါကြောင့် သတိကို ပိုမိုကပ်လို့ ဇရပ်ပတ်ဝန်းကျင်ကို ကြည့်လေတယ်။
‘ မင်း ဘယ်သူလဲ။ ဘယ်က ရောက်လာတာလဲ…’
အသံသြရှရှကြီးနဲ့ မေးမြန်းတဲ့ အသံ။ လူကိုတော့ မမြင်ရသေးဘူး။ အိုင်ပီထွန်းမောင် ပြန်မဖြေဘဲ အသံကြားရာကို လိုက်လံ ကြည့်ရှုရှာဖွေလိုက်တယ်။
‘ ဟေ့ကောင် မင်းကို မေးနေတာလေ…’
အသံက ထပ်မံ ထွက်ပေါ်လာတော့ အိုင်ပီမင်းခေါင် ခပ်ဖွဖွ ပြုံးလိုက်မိပြီး စိတ်ကို လျော့ချလိုက်ကာ ဇရပ်ကြမ်းပြင်ဆီမှာ ထိုင်ချလိုက်လေတယ်။ ပြီးတော့ ဆေးလိပ်တစ်လိပ်ကို ထုတ်ကာ မီးညှိဖွာရှိုက်လိုက်ပြီး…။
‘ ခင်ဗျားကကော ဘယ်မှာလဲ ဘယ်သူလဲ…’
‘ ဒီနေရာက ငါ့နေရာ။ ဒါကြောင့် ငါ မေးတာကို အရင်ဖြေ…’
‘ သုသာန်ဆိုတာ လူတိုင်းပိုင်ဆိုင်တဲ့ နေရာလေ။ ဒါကို ခင်ဗျားနေရာလို့ ပြောရဲတယ်လား…’
‘ ဟား…ဟား…ဟား…ဟော့ဒီ့မှာက လူသေတွေချည်း နေကြတာ။ လူသေဆိုတာ ဘာမှမလုပ်နိုင်တော့ဘဲ မြေကြီးရဲ့ ဝါးမျိုမှုကို ခံကြရတဲ့သူတွေ။ ဒီနေရာက ဒိလူတွေကို သေရင် မြှုပ်နှံဖို့အတွက်ပဲ သတ်မှတ်ထားတာ။ ငါကတော့ သူတို့အားလုံးထဲမှာမှ တစ်ယောက်ထဲသော လူရှင်ပဲ…’
‘ ခင်ဗျားက သုဘရာဇာကြီးလား…’
‘ မင်း မဆိုးဘူးပဲ…’
ဖြေသံနဲ့အတူ ဇရပ်အောက်ဆီက လှုပ်ရှားသံနဲ့အတူ သုဘရာဇာကြီး ထွက်လာတယ်။
လှေကားအတိုင်း သုဘရာဇာကြီးတက်လာတာကို အိုင်ပီထွန်းမောင်က ဆေးလိပ်သောက်ရင်း အေးအေးလူလူ ထိုင်ကြည့်နေတယ်။
သုဘရာဇာကြီးက အိုင်ပီထွန်းမောင်အရှေ့ဆီကို ရောက်လာပြီး မျက်နှာချင်းဆိုင်ဆီမှာ လာထိုင်လေတယ်။
‘ ဟူး…ဒိအရပ်က ခွေးတွေကလည်း တယ်ဆိုးတယ်ကွာ။ နေ့လည်က မြှုပ်ထားတဲ့ အလောင်းကို လာဖော်နေလို့ ပြန်ဖို့နေရတယ်…’
မဆီဆိုင်တဲ့ စကားကို သုဘရာဇာကြီးက ဆိုလာတယ်။ အိုင်ပီထွန်းမောင်က သုဘရာဇာကြီးစကားကို အာရုံမထားဟန်နဲ့ ဆေးလိပ်ကိုသာ သဲသဲမည်းမည်း ဖွာရှိုက်လိုက်ပြီး စီခံကို လွှင့်ပစ်လိုက်လေတယ်။
‘ ခင်ဗျား…လူသေထမင်းကို စားလာတာလား…’
‘ ဟေ…အေး အဲ့ဒါက နေ့ခင်းကတည်းက ငါ စားပြီးပြီ။ ဒါနဲ့ မင်းက ဘာလို့မေးတာတုန်း…’
‘ ဘာကြောင့်မှတော့ မဟုတ်ပါဘူး။ ခင်ဗျားနှုတ်ခမ်းမှာ အဆီဝင်းနေတာရယ် ပြီးတော့ ခင်ဗျားဆီက သွေးညှီနံ့လိုလို ရမိလို့ပါ…’
‘ ဪ…ဒါလား ဟဲ…ဟဲ ငါက သုဘရာဇာလေကွာ…’
‘ အဲ့ဒိ့တော့ လူသားတွေ စားလာတာဆိုပါတော့…’
‘ ဟ…ဟေ့ကောင်။ သုဘရာဇာဆိုတိုင်း လူသားစားတယ် ထင်တော့သလား…’
တကယ်တော့ အိုင်ပီထွန်းမောင်က ဒီလူကြီးပုံစံဟာ မူမမှန်ဘူးလို့ ထင်မြင်မိတဲ့အတွက် အစ်အောက်လိုက်တာ ဖြစ်တယ်။ ဒိမေးခွန်းကြောင့် သုဘရာဇာကြီး မျက်နှာက ကွက်ခနဲတစ်ချက်ဖြစ်သွားပေမယ့် ချက်ချင်းပဲ ဟန်ပြန်တည်လိုက်နိုင်ပြီး စကားပြန်ပက်တော့ အိုင်ပီထွန်းမောင်က…။
‘ ကျုပ်က စနောက်တာပါဗျာ။ ကျုပ်တို့ အရပ်မှာ လူသားစားတဲ့ သုဘရာဇာ ဦးခွေးဆိုတာ ရှိလို့ သတိရမိပြီး စနောက်လိုက်တာ…’
‘ စကားကို ဆင်ခြင်ပြောကွာ။ ဒါနဲ့ မင်းက သာမန်လူ မဟုတ်ဘူး။ ပုလိပ်ဘက်က စုံထောက်တစ်ယောက် မဟုတ်လား…’
‘ ဟုတ်တယ် ကျုပ်က အိုင်ပီထွန်းမောင်ပဲ…’
‘ အေး…ငါကတော့ သုဘရာဇာကြီး ငပန်းပဲ။ မင်းရဲ့ လာရင်းကိစ္စကို ပြောပါဦး…’
‘ ကျုပ် တရားခံနှစ်ယောက်အနောက်ကို လိုက်နေတာ။ မြင်းလှည်းဂိတ်မှာ စုံစမ်းတော့ သုသာန်ကို လာကြတယ် ပြောတယ်…’
‘ ဪ…သူခိုးလေးနဲ့ သူဋ္ဌေးသား ခြေကျိုးကို ပြောတာထင်တယ်…’
‘ ဟုတ်တယ်ဗျ။ တစ်ယောက်က ခြေထောက်ကျိုးနေတယ်…’
‘ သူတို့ ညနေကတည်းက ထွက်သွားကြလေပြီ…’
အိုင်ပီထွန်းမောင် မျက်ခုံးတွေ ပင့်တက်သွားရတယ်။
‘ သူတို့က ဘယ်ကို သွားတာလဲ…’
‘ ဒါတော့ ငါ ဘယ်သိမလဲကွာ…’
‘ နည်းနည်းလေယ အရိပ်အမြွက်လောက်တောင် မသိဘူးလား…’
သုဘရာဇာကြီးငပန်းက ခေါင်းကို ရမ်းခါတယ်။
‘ သူတို့ ဇရပ်ပေါ်မှာ အိပ်တယ်။ ငါက လူသေမြှုပ်ဖို့ လုပ်တယ်။ ညနေကျ ငါ လူသေမြေမြှုပ်ပြီးချိန် သူတို့နှစ်ယောက် နှုတ်ဆက်ပြီး ထွက်သွားကြတယ်…’
‘ ခင်ဗျားကိုကော စကားပြောကြလား။ သူတို့ပုံစံကကော ဘယ်လိုမျိုးလဲ…’
‘ ပြောတာပေါ့ကွာ။ သူတို့ပုံစံကျတော့ သူခိုးလို့ ပြောတဲ့ကောင်လေးက ကိုယ်ခန္ဓာ တောင့်တင်းတယ်။ သူဋ္ဌေးသားကတော့ နည်းနည်း အကောင်အထည်သေးတယ်။ ရုပ်ရည်ကတော့ နှစ်ယောက်စလုံး ကြည့်ရတာ ခပ်ချောချောပါပဲ…’
‘ သူတို့ ဘယ်အချိန်လောက်က ထွက်သွားကြတာလဲ…’
‘ ညနေမတိုင်ခင်က ထွက်သွားကြတာပဲ…’
အိုင်ပီထွန်းမောင် နောက်ကောက်ကျသွားပြန်ပြီလို့ တွေးရင်း စိတ်ထဲ မချင့်မရဲ ဖြစ်သွားလေတယ်။
‘ မင်းက သူတို့ကို ဘာကြောင့် လိုက်ဖမ်းနေတာလဲ…’
‘ သူတို့အထဲက တစ်ယောက်က ပုလိပ်ငါးယောက်အပါအဝင် လူ ၂၀ လောက်ကို တစ်ပြိုင်ထဲ သတ်ထားတာဗျ…’
‘ ဟ…တယ်ဟုတ်တဲ့ ကောင်တွေပါလား။ သူတို့နှစ်ယောက်ကို ငါမြင်မိသလောက်ကတော့ ရည်ရည်မွန်မွန်ပါပဲ။ လူ နှစ်ဆယ်လောက် သတ်လာတယ်ဆိုတာ မဟုတ်တန်ပါဘူး။ ဖြစ်နိုင်မှာလည်း မဟုတ်ဘူး…’
‘ တကယ်ဗျ။ သူတို့နှစ်ယောက်ထဲက တစ်ယောက်၊ အထူးသဖြင့် ခင်ဗျား ပြောတဲ့ သူခိုးကောင်လို့ ကျုပိတော့ ယူဆတယ်။ အဲ့ဒီ့ကောင်က သာမန်မဟုတ်ဘူး။ အစီအရင်တစ်ခုကို အောင်မြင်ထားပြီး သူခိုးကြီး ငတက်ပြားလို အစွမ်းရှိနေတဲ့ ကောင်ဗျ…’
‘ ဘယ်လို…’
သုဘရာဇာကြီး ရှူးရှူးရှားရှား ဖြစ်သွားရတယ်။
ပြီးတော့ ပြာပြာသလဲနဲ့ အိုင်ပီထွန်းမောင်ကို မေးခွန်းထုတ်လေတယ်။
‘ ကဲပါ…ဒါတွေက ခင်ဗျားနဲ့ မဆိုင်ပါဘူး။ ကျုပ် သွားဦးမယ်ဗျာ…’
‘ ဪ…အေး…’
သုဘရာဇာကြီး ငပန်း စိတ်လှုပ်ရှားနေရင်းက အလွယ်ဖြေလိုကိတော့ အိုင်ပီထွန်းမောင်လည်း နေရာဆီက ထပြီး ဇရပ်အောက်ဆီကို ဆင်းကာ လှမ်းထွက်သွားခဲ့တယ်။
‘ တပ်မှူးတို့ သင်တို့သုံးယောက်ကို ဘကြီးတော်တို့ လက်ထက် အယုဒ္ဓယကို အောင်မြင်စဉ်က ရရှိလာတဲ့ ကျင့်စဉ်ပုရပိုက်သုံးစုံကို တစ်စုံစီ ပေးအပ်မယ်။ ဒီအထဲက ကျင့်စဉ်တို့ကို သင်တို့ ကာကွယ်ပါ။ တိုင်းပြည်နဲ့ ပြည်သူအတွက် အသုံးချပါ။ ကိုယ်ကျိုးတော့ မဖက်ပါစေနဲ့…’
သုဘရာဇာကြီး ငပန်းတစ်ယောက် နားထဲမှာ ကြားယောင်လာတဲ့ သီပေါကိုယ်တော်ရဲ့ မိန့်ကြားသံ။
ဒိတုန်းက သူဟာ သီပေါကိုယ်တော်ရဲ့ အနီးကပ် လက်ရွေးစင် ကိုယ်ရံတော်တပ် လေးဖွဲ့အထဲက အနောက်ဘက်အရပ်မှာ တာဝန်ယူရတဲ့ အနောက်ဝန်းဆောင်ရဲ့ တပ်မှူးတစ်ယောက်။ သီပေါကိုယ်တော် မိန့်ကြားနေတာက အခြားအရပ်သုံးမျက်နှာရြ ကိုယ်ရံတော်တပ်မှူးများဖြစ်တဲ့ တပ်မှူးဘထူး၊ တပ်မှူး ငမုန်းနဲ့ တပ်မှူးငသုံတို့ သုံးယောက်ကို။
သီပေါကိုယ်တော်က ပုရပိုက်တွေကို တပ်မှူးသုံးယောက်လက်ကို အပ်ပြီး နန်းတော်ဆီက ထွက်ခွာသွားစေခဲ့တယ်။ သူကတော့ ကျန်ရစ်တဲ့ ကိုယ်ရံတော်တပ်အားလုံးကို ပေါင်းစည်းပြီး တပ်ပေါင်းစုရဲ့ တပ်မှူးအဖြစ်နဲ့ ကျန်ရစ်ရလေတယ်။
အရှင်နှစ်ပါး ပါတော်မူပြီးနောက်မှာတော့ သူတို့ တပ်ဖွဲ့လည်း ပျက်ယွင်းပြီး သူလည်း ကိုယ်ရောင်ဖျောက်လို့ ရှောင်ပြေးပုန်းကွယ်ခဲ့ရတယ်။
ဒိအရေးကို မတိုင်ခင်မှာ သူ သီပေါကိုယ်တော်ကို ပုရပိုက်တွေအကြောင်း မေးမြန်းကြည့်ဖူးတယ်။
ပုရပိုက်သုံးခုမှာ တစ်ခုက သိဒ္ဒိဝင်ဓား ပြုလုပ်တဲ့ အစီအရင်အတတ်တစ်ခုဖြစ်ပြီးတော့ တစ်ခုကကျ မှော်သွင်းနည်းတစ်ခုဖြစ်တယ်။ နောက်ဆုံးတစ်ခုကတော့ ကြောင်မျက်ရှင်အစီအရင် ( ဝါ ) သူခိုးကြီးငတက်ပြားလို ဖြစ်အောင် စီရင်နည်းဖြစ်ကြောင်း သိထားရလေတယ်။
အခုကျ နေ့ခင်းတုန်းက သူခိုးကောင်လေးလို့ သူ့ကိုယ်သူ သုံးနှုန်းသွားသူ ကောင်လေးဟာ ကြောင်မျက်ရှင်အစီအရင် ( ဝါ ) ငတက်ပြားလို အစီအရင်ကို အောင်မြင်ထားသူလို့ စုံထောက်က ပြောသွားခဲ့တယ်။
ဒီကောင်လေးဟာ ပုရပိုက်အစီအရင်ကို ပြုလုပ်အောင်မြင်ထားသူလား မသိ။ သုဘရာဇာကြီးငပန်းမှာ တွေးရင်းတောရင်း ရင်တွေ တဒိတ်ဒိတ် ခုန်လာခဲ့တယ်။
ဒီပုရပိုက်တွေကို သူရှောင်ပြေးလာပြီး နောက်ပိုင်းကာလများမှာထဲက လိုက်လံရှာဖွေနေခဲ့တာ နှစ်ပေါင်းမနည်းတော့ပြီ။ သူ လက်ရှိ ဒီသုသာန်ဆီမှာ သုဘရာဇာအဖြစ် နေထိုင်နေရတဲ့ အကြောင်းအရင်းကလည်း ဒီပုရပိုက်သုံးခုအထဲက တပ်မှူးငသုံရရှိခဲ့တဲ့ မှော်သွင်းပုရပိုက်ဟာ ဒီသုသာန်ဆီမှာ တပ်မှူးငသုံရဲ့ အလောင်းနဲ့အတူ မြှုပ်နှံခံထားရတယ်ဆိုတာ သိရှိပြီးနောက် အခုလို ပုံဖျက်နေထိုင်ကာ အချိန်ရှိတိုင်း ရှာဖွေနေခြင်းသာ ဖြစ်တယ်။
အခုတော့ ထင်မှတ်မထားပါဘဲ ကြောင်မျက်ရှင်ပုရပိုက် သတင်းကိုပါ ရရှိခဲ့ပြီ။ လက်ရှိ ရရှိတဲ့ သတင်းက သေသေချာချာ အတည်တော့ ပြုဖို့ခက်နေသေးပေမယ့် ကြောင်မျက်ရှင်ပုရပိုက်ရဲ့ သတင်းအစအနသာ ဖြစ်ပါစေတော့လို့ သုဘရာဇာကြီး ဆုတောင်းလိုက်မိတယ်။ သူသိလိုတာကို စုံထောက်ဆီ မေးမြန်းဦးမှ ဖြစ်ပေမယ့်။
သုဘရာဇာကြီးငပန်း အတွေးလွန်ရာကနေ သတိဝင်လာတော့ စုံထောက်ဖြစ်သူ အိုင်ပီထွန်းမောင်ကား သုသာန်ဝင်းအပြင်ပဆီကို ရောက်နေချေပြီ။
‘ ဟေ့…ဟေ့ စုံထောက်။ ဟေ့ စုံထောက်…’
သုဘရာဇာကြီးငပန်း သုသာန်ဇရပ်ဆီကနေ အပြေးဆင်းပြီး အိုင်ပီထွန်းမောင် အနောက်ဆီကို လိုက်ဖို့ ကြိုးစားတယ်။ ဒါပေမယ့်လည်း သုဘရာဇာကြီး သုသာန်ထိပ်ဆီကို ရောက်ချိန်မှာတော့ အိုင်ပီထွန်းမောင်ဟာ ညပိုင်းပြေးဆွဲတဲ့ မြင်းလှည်းတစ်စီးကို တားမြစ်စီးနင်းလို့ အဝေးဆီကို ရောက်ရှိသွားခဲ့ပါပြီ။
******
နှစ်ရက်ခန့်အကြာ…။
ဦးဘထူးနဲ့ တာနောတို့ သရဝဏ်ရွာအနီးဆီမှာပဲ တိတ်တဆိတ်ပုန်းအောင်းနေထိုင်ရင်း မင်းခေါင်ရဲ့ မိသားစု အခြေအနေကို စုံစမ်းနေကြတယ်။
‘ အဲ့ဒီ့နေ့က မင်းခေါင်ရောက်လာတယ်ဆိုတာကိုတော့ ပုလိပ်တွေသိကြတယ်။ ကံကောင်းတာတစ်ခုကတော့ မင်းခေါင်က ညနေ
မစောင်းခင်မှာ ပြန်ထွက်သွားခဲ့တာပဲ။ ဒိအတွက်လည်း မထွေးငယ်တို့ သားအမိကို ခေါ်စစ်ကြသေးတယ်တဲ့။ သားအမိတွေက ငွေပြတ်သွားလို့ လာယူတာဆိုပြီး ပြောလိုက်တယ်လို့ သိရတယ်။ အဲ့ဒါကို ဖြေပြီးတော့ ပုလိပ်က ဘာမှထပ်မမေးတော့ဘူးတဲ့…’
တာနောက သူရရှိလာတဲ့ သတင်းတို့ကို ပြောပြလာတယ်။ သတင်းတွေကို ဦးဘထူးက ခေါင်းကို ခပ်သာသာ ညိတ်လို့ နားထောင်လေပြီးနောက်…။
‘ ပုလိပ်က မင်းခေါင်ကို သံသယ တရားခံ အဖြစ်တော့ သတ်မှတ်ထားလိုက်ပြီပဲ…’
‘ ဗျာ…အကိုကြီး။ ဘယ်လိုကြောင့်လဲ…’
တာနောက ဦးဘထူးစကားကို နားမလည်နိုင်စွာနဲ့ ပြန်မေးလာတယ်။
ဟုတ်တယ်လေ။
ပုလိပ်ကတောင် သံသယမရှိတော့တာမို့ မင်းခေါင်ရဲ့ မိသားစုကို ထပ်မံစစ်မေးမှု မပြုလုပ်တော့တာကို။ ဒါကို ဦးဘထူးက ပုလိပ်က မင်းခေါင်ကို သံသယတရားခံအဖြစ် သတ်မှတ်လိုက်တယ်ဆိုလေတော့ တာနော နားမလည်နိုင်တာ မမှားဘူး။
‘ တာနော…’
‘ ဗျာ…အကိုကြီး…’
‘ ငါတို့ ဒီကနေ ထွက်မှရမယ်။ မင်းရွာထဲကို ဝင်နေတာလည်း ပုလိပ်က သိလောက်တယ်။ မကြာခင် ငါတို့ကို ရှိရာကို သိပြီး သူတို့ လာဝိုင်းနိုင်တယ်…’
‘ ဟုတ် ထွက်မယ်ဆိုရင်တော့ ထွက်ပါ့မယ် အကိုကြီးရာ။ ဒါပေမယ့် ဘယ်အရာတွေကို ဘယ်လို ဆက်စပ်တွေးလိုက်တာလဲဆိုတာတော့ ကျုပ်ကို ဗဟုသုတအဖြစ် ပြောပြဦး…’
‘ အင်း…ပြောပြမယ် တာနော…’
ဦးဘထူးက ဆေးတံထဲကို မီးတို့ပြီး ဖွာလိုက်တယ်။
သူတို့ လက်ရှိပုန်းအောင်းနေတာက ရွာအနောက်ဘက်က ဘုန်းကြီးကျောင်းပျက်ကြီးအထဲရှိတဲ့ ဂူဘုရားအပျက်ထဲမှာ။ ဒီကနေ တာနောက ရွာထဲကို ပုံစံအမျိုးမျိုးနဲ့ ရုပ်အသွင်ဖျက်ပြီး ဝင်ရောက်စုံစမ်းနေတာဖြစ်တယ်။
‘ ပထမတစ်ချက် ငါပြောပြမယ် တာနော…’
‘ ဟုတ်ကဲ့ အကိုကြီး…’
‘ မင်းခေါင်က ဘစီကြောင့် ဝရမ်းပြေးဖြစ်သွားတယ်။ ဟုတ်သလား…’
‘ ဟုတ်တယ်လေ အကိုကြီးရ…’
‘ ပြီးတော့ မြသစ်ကိစ္စ။ မြသစ်က မင်းခေါင်ရဲ့ ချစ်သူ။ ဘစီကြောင့် မြသစ်နဲ့ မင်းခေါင် ကွဲရတယ်။ ဘစီကြောင့် မြသစ် သေရတယ်။ ဒီတော့ ပူပူနွေးနွေးအနေနဲ့ တစ်လောကလုံးမှာ ဘစီကို အမုန်းဆုံးလူက မင်းခေါင်ပဲ ရှိတယ်။ အဲ့ဒီ့ညနေမှာလည်း မင်းခေါင်ကို မြင်ထားသူတွေရှိတယ်။ ဒီတော့ မင်းခေါင်က သံသယထားခံရတာ အတိအကျပဲ…’
‘ ဒါပေမယ့် အကိုကြီး…’
‘ အင်း…ပြော…’
‘ အခု သတ်ဖြတ်သွားသူက တစ္ဆေတစ်ကောင်လိုပဲ သိပ်မြန်လွန်းတယ်ဆိုပြီး ပြောနေကြတယ်။ ကျုပ် တွေးမိတာကတော့ မင်းခေါင်ဟာ အဲ့ဒီ့လို ဖြစ်လာနိုင်မယ်ဆိုပြီး ဘယ်သူမှ တွေးမှာမဟုတ်သလို အဲ့ဒီ့သူဟာ မင်းခေါင်ပါလို့လည်း ပြောဖို့ရာတော့ ခက်တယ်နော်…’
‘ အင်း…မင်းပြောတာလည်း ဟုတ်သားပဲ…’
ဦးဘထူးရဲ့ လစ်ဟာမှုကို တာနောက ဖြည့်စွက်တွေးကူလိုက်တာပါ။ ဦးဘထူးက သူ့ဟာကွက်ကို ချက်ချင်းလက်ခံတယ်။ ပြီးတော့…
‘ ငါ့စိတ်ထင်တော့ ဘာကြောင့်ဖြစ်ဖြစ် မင်းခေါင်ကို သူတို့ သံသယထားတာတော့ သေချာတယ်။ မင်းခေါင်ရဲ့ မိသားစုကို
လွယ်လွယ် လွှတ်ပေးထားတာလည်း ငါးစာချတယ်လို့ ငါထင်မိတယ် တာနော…’
‘ ဒါဖြင့် ကျုပ်တို့ ဘယ်လို လုပ်ကြမလဲ အကိုကြီး။ မင်းခေါင်ရဲ့ မိသားစုကို ကယ်ထုတ်ပြီး ခင်မှုန်တို့သားအမိလိုမျိုး ရွာကို လိုက်ပို့လိုက်ရမလား…’
‘ မင်းခေါင်လည်း သူ့မိသားစု အန္တရာယ်ကို တွက်ချက်မှာပဲကွ။ သူလည်း ထက်သူပဲဆိုတော့ သူ့မိသားစုကို ခေါ်ထုတ်သွားဖို့တော့ ကြိုးစားမှာပဲ။ ဒါပေမယ့် သူ့မိသားစု ကျန်ရစ်တယ်။ ငါတို့ မသိနိုင်တဲ့ အကြောင်းတစ်ခုတော့ ရှိမယ်ဆိုတာ သေချာတယ်…’
‘ ဟုတ်ကဲ့ အကိုကြီး…’
‘ ထားပါ အဲ့ဒါတွေ။ လတ်တလောတော့ကွာ ငါတို့တော့ ဒီကနေ ခွာပြီး မင်းခေါင်ကို လိုက်ရှာကြရမယ်…’
‘ ဒါဖြင့် သူ့ မိသားစုကိုကော အကိုကြီး…’
‘ သူတို့တောင် ငါးစာသုံးချင်လို့ ချောချောချူချူ လွှတ်သေးတာပဲကွာ။ ငါတို့က ဘာကို ပူပန်စရာလိုတော့မလဲ။ ငါတို့ သူတို့သားအမိအတွက် နောက်ကြောင်းပူစရာ မလိုတော့ဘဲ စိတ်အေးလက်အေးနဲ့ မင်းခေါင်ကို အရှာထွက်ကြတာပေါ့။ ကဲကွာ…ပစ္စည်းတွေ သိမ်း။ အခုကိုပဲ ငါတို့ ထွက်ကြမယ်…’
‘ ဟုတ်ကဲ့ အကိုကြီး။ ဒါနဲ့ ကျုပ်တို့ မင်းခေါင်ကို ဘယ်ဆီလိုက်ရှာကြမလဲ…’
‘ ဒါကတော့ကွာ စုံစမ်းရင်း ရှာဖွေရမှာပေါ့…’
‘ ဟုတ် ဟုတ် အကိုကြီး…’
တာနောလည်း ပစ္စည်းတို့ကို အမြန်ဆုံး သိမ်းဆည်းလိုက်လေတယ်။
တစ်ခဏအတွင်းမှာပဲ ပြီးစီးပြီးနောက် နှစ်ယောက်သား မြင်းကိုယ်စီနဲ့ ကျောင်းပျက်ကြီးရဲ့ အနောက်ဘက် တောတန်းဆီကနေ ထွက်ခွာခဲ့ကြတော့တယ်။
သူတို့ ထွက်ခွာသွားပြီး တစ်နာရီခန့်အကြာမှာတော့ လူအင်အား အတော်များများပါတဲ့ ပုလိပ်တွေဟာ လက်နက်ကိုယ်စီနဲ့ ကျောင်းပျက်ကြီးကို လာဝိုင်းကြတော့တာပါပဲ။
*******
မြင်းလှည်းဆိပ်ဆီကို ဦးဘထူးနဲ့ တာနောတို့ ရောက်လာခဲ့ကြတယ်။
မြင်းလှည်းသမားတို့ဆီကို မင်းခေါင်ရဲ့ ပုံပန်းသဏ္ဍာန်ကို ပြောပြပြီး မေးမြန်းလေတော့ မြင်းလှည်းသမား အံ့ကြီးက…။
‘ အဲ့ဒိ့ပုံပန်းသဏ္ဍာန်ဆို လွန်ခဲ့တဲ့ နှစ်ရက်က သုသာန်ဆီကို ကျုပ် လိုက်ပို့ပေးခဲ့တဲ့ ကောင်လေးနှစ်ယောက် ဖြစ်မယ်ထင်တယ်…’
‘ နှစ်ယောက် ဟုတ်လား…’
‘ ဟုတ်တယ်ဗျ နှစ်ယောက်။ တစ်ယောက်ကတော့ နောင်ကြီးတို့ ပြောတဲ့ ကောင်လေးပဲ။ ကျန်တစ်ယောက်ကတော့ ခြေထောက်တစ်ချောင်း ကျိုးနေတယ်ဗျ…’
ဦးဘထူးနဲ့ တာနောတို့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်မိကြတယ်။ မင်းခေါင်နဲ့အတူ ဘမင်းပါလာတာကို သူတို့မသိကြဘူးလေ။ ဘမင်းကို မင်းခေါင်သတ်တဲ့အထဲပါပြီး မီးလောင်သွားခဲ့ပြီလို့ပဲ သူတို့ ယူဆထားကြတာကိုး။
‘ ဘယ်သူဖြစ်နိုင်မလဲ တာနော…’
‘ ကျုပ်လည်း မတွေးတတ်ဘူး အကိုကြီး…’
နှစ်ယောက်သား အဖြေကို ရှာမရခင်မှာပဲ မြင်းလှည်းသမား အံ့ကြီးက…။

‘ အဲ့ဒီ့ညနေမှာပဲဗျာ။ စစ်ကိုင်းဂါတ်က စုံထောက် အိုင်ပီထွန်းမောင်လည်း သူတို့ကို လာမေးသေးတယ်။ ကျုပ်တောင် သုသာန်အထိ လိုက်ပို့ဖြစ်လိုက်သေးရဲ့…’
‘ အိုင်ပီထွန်းမောင် ဟုတ်လား…’
‘ ဟော…နောင်ကြီးတို့ကလည်း စုံထောက်တွေ မဟုတ်လား။ အိုင်ပီထွန်းမောင်ကနဲ့ အတူတူပဲ မှတ်လားဗျ…’
‘ ဪ…ဟုတ်တယ်။ ဒီလူက ကျုပ်တို့ထက် အစောရောက်လာတယ်ဆိုလို့ အံ့အားသင့်နေကြတာဗျာ…’
တာနောက ရောချလိုက်လေတယ်။
‘ အင်းလေ…ဒီလိုမျိုး နောင်ကြီးတို့ စုံထောက်အချင်းချင်းတောင် သူက ခြေလှမ်းတွေ သာနေသေးတာ။ ဒီနယ်မှာ သူက နာမည်ကြီးနေတာ မဆန်းပါဘူးဗျာ…’
‘ အိုင်ပီထွန်းမောင် သုသာန်ကို သွားတာ ဘာအကြောင်းထူးသေးလဲ…’
ဦးဘထူးက ဝင်မေးလာတယ်။
‘ အဲ့ဒါတော့ မပြောတတ်ဘူးဗျ…’
‘ ဘာမှထူးပုံမရပါဘူးဗျာ။ အဲ့ဒီ့ညက ကျုပ်ကောင်းမှုတော်ဘက်က အပြန် သုသာန်အရှေ့မှာ သူတစ်ယောက်ထဲ ကျုပ်မြင်းလှည်းကို ငှါးစီးတာဗျ…’
တခြား မြင်းလှည်းသမားတစ်ယောက်က ဝင်ပြောလာတယ်။
‘ အကိုကြီး ဘာမေးဦးမလဲ…’
‘ ရပြီ တာနော။ နှုတ်ဆက်ပြီး သွားကြစို့…’
မြင်းလှည်းသမားတို့ကို တာနောက နှုတ်ဆက်လိုက်တယ်။ပြီးတော့ နှစ်ယောက်သား မြင်းလှည်းဆိပ်ကနေ ခပ်သုတ်သုတ်ပဲ ပြန်ထွက်ခဲ့ကြတယ်။
‘ တာနော် အခြေအနေတွေကတော့ ပိုပြီး ရှုပ်ထွေးနေပြီကွာ…’
‘ ဟုတ်တယ်နော် အကိုကြီးယူဆလိုက်တာ ကွက်တိပဲ…’
‘ ဘာကိုလဲ တာနော…’
‘ မင်းခေါငိကို သံသယထားနေပြီဆိုတာလေ…’
‘ အင်း…လောလောဆယိတော့ အဲ့ဒါကို အသာထားပြီး မင်းခေါင်နဲ့အတူ ဘယ်သူပါလာတာလဲဆိုတာ ပိုသိချင်တယ်။ ခြေထောက်လည်း ကျိုးနေတယ်ဆိုတော့ စဉ်းစားရတော့ ခက်သကွာ…’
တာနော ချက်ခနဲ တစ်စုံတစ်ခုကို တွေးမိလိုက်တယ်။
‘ အကိုကြီး…မင်းခေါင်နဲ့ ပါသွားတာ ဘမင်းဖြစ်မယ်ထင်တယ်…’
‘ ဘယ်လို…’
‘ ကျုပ် ဆက်စပ်ပြီး တွေးကြည့်တာ။ သရဝဏ်က သင်္ချိုင်းထဲမှာ ဒေါ်အေးသီ အလောင်းကို တွေ့တယ်။ ပထမတစ်ချက် ဒေါ်အေးသီကို ကယ်ထုတိသူက မင်းခေါင်ပဲ…’
‘ ငါ သဘောပေါက်ပြီ။ မင်းခေါင်က အေးသီကို ကယ်ထုတ်မှုရဲ့ အကြောင်းအရင်းကတော့ ဘမင်းပဲ။ ဒါဆိုရင်တော့ ဘမင်းဟာ ဘစီနဲ့ ပြဿနာကြီးကြီးရှိထားပုံရလိမ့်မယ်…’
‘ ဟုတ်မယ် အကိုကြီး။ ဘာကြောင့်လဲဆိုတော့ သူ့အဖေကို သတ်မယ့်သူကို မတားမြစ်ဘဲ အမေကိုပဲ ကယ်ထုတ်ဖို့ ပြောတယ်ဆိုတော့ မြသစ်ကိစ္စကြောင့် သားအဖချင်း ပြဿနာကြီးကြီး ဖြစ်ထားတာ ဖြစ်မယ်…’
‘ ဒိလောက်နဲ့တော့ မဖြစ်တန်ဘူး။ သူတို့သားအဖရဲ့ ပြဿနာဟာ ဒီထက်မက နက်နဲနေလိမ့်ဦးမယ်…’
‘ ဘမင်းဖြစ်ကြောင်း အတည်ပြုနိုင်ရင်တော့ ဒီအကြောင်းတရားက သေချာသလောက်ပဲ အကိုကြီး…’
‘ ငါတို့ သုသာန်ကို သွားကြမယ်…’
‘ ဟင်…ဘာလို့လဲ အကိုကြီးရ…’
‘ သုသာန်ကို မင်းခေါင်တို့ သွားခြင်းက ပုလိပ်တွေရဲ့ ရန်ကနေ ရှောင်ဖို့ ဖြစ်နိုင်တယ်။ ဒါက မြို့က သုသာန်ဆိုတော့ သုဘရာဇာတော့ ရှိမှာပဲ။ အဲ့ဒီ့ကို သွားပြီး မေးမြန်းစုံစမ်းကြည့်ရင်တော့ အကြောင်းတစ်ခု ထူးခြားလာမယ်လို့ ထင်တယ်…’
‘ ဒါဖြင့်လည်း သွားကြတာပေါ့ အကိုကြီးရာ…’
ဦးဘထူးနဲ့ တာနောတို့လည်း တိုင်ပင်နှီးနောပြီးကြတာနဲ့ သုသာန်ဆီကို မေးမြန်းလို့ ထွက်ခဲ့ကြပါတော့တယ်။
******
သုသာန်ထဲဆီကို ဥိးဘထူးတို့နှစ်ယောက် ရောက်တော့ ဘယ်သူမှ ရှိမနေဘူး။
‘ ဒိသုသာန်မှာ သုဘရာဇာ မရှိဘူးထင်တယ် အကိုကြီး…’
‘ ရှိတော့ ရှိမှာပါ။ ဇရပ်အပေါ်မှာ လူနေတဲ့ ခြေစလက်စတွေ တွေ့နေတာပဲ…’
နှစ်ယောက်သား ဇရပ်အပေါ်ဆီကို တက်လာကြတယ်။
အခုအချိန်အထိ လူသူအရ်ိပ်အယောင်တောင် မတွေ့ရသေးဘူး။
‘ ဪ…ဧည့်သည်တွေ ရောက်နေတာပဲ…’
ခြေသံမကြား၊ လှုပ်ရှားသံမကြားပါဘဲ ထွက်ပေါ်လာတဲ့ အနောက်ပါးက သုဘရာဇာကြီးငပန်းရဲ့ အသံ။
ဦးဘထူးတို့ လှည့်ကြည့်လိုက်ကြတယ်။ ဒီအခါ သုဘရာဇာကြီးငပန်းက ဦးဘထူးကို မှတ်မိသွားခဲ့ပြီး…။
‘ ဪ…ဘယ်သူများလဲလို့ တပ်မှူးဘထူးပါလား…’
‘ တပ်မှူး ငပန်းပဲ…’
တာနောက ရေရွတ်လိုက်တယ်။ ဦးဘထူးက…
‘ တပ်မှူးငပန်း။ ကျုပ်တို့တတွေ မဆုံ၊ မတွေ့ရတာ နှစ်တွေတောင် အတော်ကြာရောပေါ့…’
နှစ်ပေါင်းများစွာ မတွေ့ဖြစ်ခဲ့ကြပေမယ့် ထင်မှတ်မထားဘဲ ပြန်တွေ့လာချိန် နှုတ်ဆက်မှုတွေက သိပ်ပြီး လှုပ်ခတ်မှု ရှိမနေဘူး။ နေ့စဉ်နေ့တိုင်း တွေ့နေကြသူတွေလိုပဲ သာမန်လိုပဲ နှုတ်ဆက်နေကြတယ်။
‘ ဟုတ်တယ်ဗျာ။ ကဲ…ရောက်တုန်းရောက်ခိုက် ထိုင်ကြဦး။ ကျုပ်ဆီတော့ ဧည့်ခံစရာက မရှိဘူး…’
‘ ရပါတယ် တပ်မှူး။ ကျုပ်တို့လည်း ကိစ္စတစ်ခု အရေးကြီးလို့ ဒီကိုလာခဲ့တာပါ…’
‘ သူခိုးကောင်လေး ကိစ္စ ထင်ပါရဲ့…’
ဦးဘထူးက စကားစလိုက်ရုံရှိသေး၊ သုဘရာဇာကြီးငပန်းက ကြိုတင်ပြောလိုက်တယ်။ တာနောက အံ့သြသွားခဲ့ပေမယ့် ဦးဘထူးကတော့ အံ့သြဟန်မပြဘဲ…။
‘ တပ်မှူးက ကျုပ်တို့လာရင်းကိစ္စကို ကြိုသိနေတာပဲ…’
သုဘရာဇာကြီးငပန်းက ခပ်ဖွဖွရယ်လေတယ်။ ပြီးတော့ မျက်ဝတန်းတွေက ဆေွးးမြေ့သွားတဲ့အသွင်ဖြစ်သွားခဲ့ပြီး…။
‘ ကျုပ်တို့ချင်း တပ်မှူးဆိုတဲ့ နာမ်စားကြီးကို အတိတ်ဆီမှာ ထားရစ်ပြီး စကားပြောကြတာ ပိုကောင်းမယ်ထင်တယ် ကိုဘထူး…’
ဦးဘထူးက ခေါင်းကို ညိတ်လိုက်တယ်။
‘ ကောင်းပါတယ် အတိတ်တွေက ကောင်းမွန်ခဲ့တာမှ မဟုတ်တာ…’
‘ ကဲပါ…ကျုပ်တော့ ဒီအကြောင်းတွေ မပြောချင်တော့ဘူး။ အခု ကိုဘထူးတို့ လာရင်းက သူခိုးကောင်လေးကိစ္စမဟုတ်လား…’
‘ ဟုတ်ပါတယ်။ ဒါနဲ့ ကိုငပန်းက ဘယ်လိုများ ကြိုတင်သိနေတာလဲ…’
‘ ဘယ်လိုသိရသလဲဆိုတော့က ပုရပိုက်တွေအကြောင်းကို ကျုပ်သိထားလို့ပါပဲ…’
‘ ကိုငပန်းက ပုရပိုက်တွေအကြောင်းကို သိနေတယ်…’
‘ သိတာပေါ့ဗျာ…အဲ့ဒီ့တုန်းက ကိုယ်တော်ကြီးက ကျုပ်တစ်ယောက်ကိုပဲ ချန်ပြီး ခင်ဗျားတို့သုံးယောက်ကို အခေါ်ရှိတယ်ဆိုကတည်းက ကျုပ်မပါဝင်တဲ့ အရေးကြီးတာဝန်တစ်ရပ်ဆိုတာ သိမိလိုက်တယ်။ ကျုပ် သစ္စာဖောက်တယ်ပဲ ပြောရမလားတော့ မသိဘူး။ ဘာအကြောင်းလဲဆိုတာ သိချင်မိလွန်းလို့ ကျုပ် တိတ်တဆိတ်နားထောင်ဖြစ်ခဲ့တယ်…’
ဦးဘထူးက ခေါင်းကိုညိတ်ရင်း နားထောင်တယ်။
‘ ပုရပိုက်သုံးခု။ ခင်ဗျားတို့ကို သစ္စာရေတိုက်ပြီး ပေးတယ်။ ခင်ဗျားတို့ ချက်ချင်းထွက်သွားကြရတယ်။ ကျုပ်က ကိုယ်ရံတော်တပ်ပေါင်းစုကို ဆက်လက်ဦးစီးပြီး ကျန်ရစ်ရတယ်။ ပုရပိုက်တွေရဲ့ အကြောင်းစုံကိုကကျ ကိုယ်တော်ကြီးတို့ မလိုက်ပါမီမှာ ကျုပ် အသနားခံပြီး မေးမြန်းခဲ့တာ။ တစ်ခုက ဓားအစီအရင်၊ တစ်ခုက ကြောင်မျက်ရှင်အစီအရင်၊ တစ်ခုကတော့ မှော်သွင်းအတတ်တစ်ခုပဲတဲ့…’
‘ ကျုပ် သဘောပေါက်ပြီ ကိုငပန်း။ ထီးနန်းကျိုးပျက်ပြီးနောက်ပိုင်းမှာ ခင်ဗျား ပုရပိုက်တွေအနောက်ကို လိုက်ခဲ့တယ်။ အကြောင်းစုံကို သိထားသူမို့ မင်းခေါင်နဲ့ ဆုံချိန်မှာ ခင်ဗျား ဒိကအချင်းအရာ ပုရပိုက်နဲ့ ပက်သက်နေမယ်လို့ ခင်ဗျားယူဆတယ်မဟုတ်လား။ အခု ကျုပ်တို့ ရောက်လာကြတော့ ပိုသေချာသွားတာပေါ့…’
‘ အမှန်ပဲ ကိုဘထူး…’
‘ ဟုတ်ပါပြီဗျာ။ ဒါဖြင့်လည်း အခု ကျုပ်တို့လာရင်းကိစ္စဖြစ်တဲ့ မင်းခေါင်တို့ ဘယ်ဆီကို သွားသလဲဆိုတာ ခင်ဗျား ပြောပြပေးနိုင်မလား…’
သုဘရာဇာကြီးငပန်းက ခေါင်းကို ညိတ်လိုက်တယ်။
‘ သိတာပေါ့ဗျာ။ ဒါပေမယ့် အပေးအယူတော့ ရှိရမယ်…’
‘ ဘယ်လို အပေးအယူလဲ…’
‘ သူတို့သွားတဲ့နေရာကို ကျုပ်ဘက်က ပြောပြပေးမယ်။ ကိုဘထူးတို့ဘက်ကတော့ ကျုပ်ဆီကို ကြောင်မျက်ရှင်အစီအရင် ပုရပိုက်ကို ပြန်ပေးရမယ်…’
‘ ဘာ…’
ဦးဘထူးရဲ့ ကျယ်လောင်တဲ့ စကားသံအဆုံး တာနောကလည်း ဆတ်ခနဲခုန်ထပြီး သုဘရာဇာကြီးငပန်းကို တိုက်ခိုက်ဖို့ လုပ်ဆောင်လိုက်တယ်။
‘ ထိုင်နေလိုက်ပါ တာနော။ မင်းတို့ နှစ်ယောက်ပေါင်းတိုက်ရင်တောင် ငါ့ကို မယှဉ်နိုင်ပါဘူး…’
သုဘရာဇာကြီးရဲ့ အပြောကို တာနောက ခပ်ထေ့ထေ့ ရယ်မောရင်း တုန့်ပြန်လိုက်တယ်။
‘ တာနော ထိုင်နေလိုက်ပါ…’
ဦးဘထူးက ပြောလိုက်တော့ တာနောက အံ့အားသင့်သွားတဲ့ မျက်နှာထားနဲ့…။
‘ အကိုကြီး…’
‘ ထိုင်နေလိုက်ပါ တာနောရယ်။ သူပြောတာက တရားနည်းလမ်းကျပါတယ်…’
‘ ဘာကို တရားနည်းလမ်းကျရမလဲ အကိုကြီးရာ။ သတင်းစကားပြောပြရုံနဲ့ ဒိလောက်အထိ တောင်းဆိုစရာ မလိုဘူးလေ…’
‘ သိပ်ကို လိုအပ်တာပေါ့ တာနောရာ။ တရားနည်းလမ်းလည်း သိပ်ကိုကျတယ်။ လောကမှာ အပေးအယူဆိုတာ ရှိတယ်မဟုတ်လား။ ငါ့ဘက်က မင်းတို့အတွက် အရေးကြီးတဲ့အရာကို ပေးတယ်။ ငါလိုအပ်တာကို မင်းတို့က ပြန်ပေးရမယ်။ ဘယ်နေရာမှာများ နည်းလမ်းမကျတာ ရှိနေလို့လဲ…’
‘ နည်းလမ်းက ကျတယ်ဗျ။ ဒါပေမယ့် အပေးအယူက မတန်မရာ။နည်းလမ်း မတန်မရာကို ခင်ဗျား တောင်းဆိုနေတာဗျာ…’
‘ လောကမှာ မတန်မရာဆိုတဲ့ စကားက ရှိတာမှန်ပေမယ့် သဘောတူညီမှုရှိရင် ဒီစကားဟာ အကျုံးမဝင်ပါဘူး…’
‘ ဟာ…ဒီလူတော့…’
တာနောက အရှေ့ကို ခြေလှမ်းတက်ပြီး သုဘရာဇာကြီးငပန်းကို ကန်ကျောက်တိုက်ခိုက်ဖို့ ကြိုးစားလိုက်တဲ့အချိန် ဦးဘထူးက ကြားကနေ ဝင်ကာလိုက်ကာ…။
‘ တာနော…မင်းဘယ်လိုဖြစ်နေတာလဲ။ ငါပြောနေတာတောင် မရဘူးလား…’
‘ အကိုကြီး…’
‘ တာနော…ဒီကိစ္စကို ငါဖြေရှင်းမယ်။ မင်း လွတ်ရာမှာ သွားနေပါ…’
‘ အကိုကြီး ကျုပ်တို့…’
‘ သွားပါ တာနော။ သွားပါ…’
‘ တောက်…’
တာနောတစ်ယောက် မကျေမချမ်းဖြစ်ကာ နေရာကနေ ထွက်သွားခဲ့တယ်။
ဥိးဘထူးက သုဘရာဇာကြီးကို ကြည့်လိုက်တယ်။
‘ ခင်ဗျား…ပုရပိုက်ကို ဘာကြောင့်လိုချင်တာလဲ…’
သုဘရာဇာကြီးက မေးခွန်းကို သဘောကျပြီး ရယ်မောသမှုပြုလာတယ်။
‘ မေးသင့်ပါတယ်… မေးသင့်ပါတယ်။ ဟား…’
သုဘရာဇာကြီးက သက်ပြင်းမမယ်၊ ရယ်မောသံမဟုတ်တဲ့ ဒွိသက်ပြင်းကို ချလိုက်ကာ…။
‘ အခုဆိုရင် ထီးနန်းကျိုးပျက်ခဲ့တာ တစ်ဆယ့်ခြောက်နှစ် ပြည့်တော့မယ်။ ကိုယ်တော်ကြီးက ယုံကြည်လို့ ပုရပိုက်သုံးခုကို အပ်နှံခဲ့တဲ့ ခင်ဗျားတို့က အခုထိ ဘာမှမလုပ်နိုင်သေးဘူး။ ဒါကြောင့် ခင်ဗျားတို့ကိုယ်စား ခင်ဗျားတို့ မလုပ်နိုင်ဘဲ လေးဖင့်နေတဲ့ တာဝန်ကို ကျုပ်တစ်ယောက်ထဲ လုပ်ဆောင်မယ်…’
ဦးဘထူး ခေါင်းကို တဆတ်ဆတ် ညိတ်လိုက်တယ်။ ပြီးတော့ ခပ်အေးအေး လေသံနဲ့ပဲ…။
‘ ကိုငပန်း။ ခင်ဗျား အတွေးတော့ ချော်နေပြီဗျာ။ တကယ်တော့ ဒီပုရပိုက်တွေကို အပ်နှင်းချိန် ကိုယ်တော်ကြီးမှာခဲ့တဲ့ စကားတွေကို ခင်ဗျား မကြားခဲ့လို့ပါ…’
သုဘရာဇာကြီးငပန်း လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့တယ်။ သူ တိတ်တဆိတ်နားထောင်ခဲ့တုန်းက ပုရပိုက်များ အပ်နှင်းပြီး သစ္စာရေသောက်သုံးပြီးချိန်မှာ လူရိပ်သူရိပ်လှုပ်ရှားမှုကို တွေ့မိတာမို့ အမြန်ဆုံး ပြန်လည်ပြီး ထွက်ခွာခဲ့တာလေ။
‘ ကိုယ်တော်ကြီးက ဘာမိန့်ကြားခဲ့တာလဲ…’
‘ ကိုယ်တော်ကြီး မိန့်ကြားခဲ့တာက ဒိပုရပိုက်တွေကို အပ်နှင်းတယ်ဆိုတာက စစ်မီးတွေကို ဖန်တီးဖို့ရာ မဟုတ်ဘဲ ပြည်သူပြည်သားတို့ကို စွမ်းတဲ့ဘက်ကနေ စောင့်ရှောက်ပေးဖို့ပဲ အမှာ ရှိခဲ့တာပါ…’
‘ မဟုတ်တာဘဲဗျာ…’
သုဘရာဇာကြီးက ဦးဘထူးစကားကို လက်မခံနိုင်ပြီ။
‘ ကျုပ် အမှန်ကို ပြောနေတာပါ…’
‘ ခင်ဗျား သတ္တိမရှိလို့ သူရဲဘောကြောင်တဲ့ စကားကို ဆိုနေတာပါ ကိုဘထူး…’
‘ ကျုပ် သစ္စာပြုပြီးတောင် ပြောရဲပါတယ်…’
သုဘရာဇာကြီးငပန်း ငြိမ်သက်သွားတယ်။
‘ ကဲပါ…ကိုငပန်း။ ခင်ဗျားက ပုရပိုက်ကို လိုချင်တယ် မဟုတ်လား။ ကျုပ် ပေးခဲ့ပါ့မယ်။ ဒါပေမယ့် မင်းခေါင် သွားတဲ့နေရာကိုတော့ ခင်ဗျား အတိအကျ ပြောပြရပါမယ်…’
‘ ကောင်းပြီလေ။ ကျုပ် ပြောပြမယ်။ အရင်ဆုံး ကျုပ်ဆီကို ပုရပိုက်အပ်ပါ…’
ဦးဘထူးလည်း လွယ်အိတ်ထဲဆီက ကတ္တီပါစနဲ့ ပတ်ကာထားတဲ့ ပုရပိုက်ထုပ်ကို သုဘရာဇာကြီးငပန်းဆီ အပ်လိုက်တယ်။ သုဘရာဇာကြီးက ပုရပိုက်ကို အကြိမ်ကြိမ်အခါခါ စစ်ဆေးပြီးချိန်မှာတော့…။
‘ ခင်ဗျားကောင်လေးနဲ့ သူ့သူငယ်ချင်းက ပဲခူးကို ထွက်သွားကြတယ်။ ရွှေမော်ဓောနဲ့ နီးတယ်လို့လည်း ပြောသံကြားမိတယ်…’
‘ သူတို့က ဘာအတွက် သွားကြတာလဲ…’
‘ ခြေကျိုးနေတဲ့ သူဋ္ဌေးသားကို လိုက်ပို့မှာလို့တော့ သိရတယ်…’
‘ ကောင်းပါပြီ ကိုငပန်း။ ကျုပ်ကို ခွင့်ပြုပါဦး…’
ဦးဘထူးလည်း ထိုင်ရာက ထပြီး ဇရပ်ဆီကနေ ဆင်းသက်လိုက်လေတယ်။
အောက်ရောက်တော့ တာနောက အခြေအနေကို သိလိုပေမယ့် ဦးဘထူးက ဘာမှမပြောဘဲ ထွက်ခွာသွားတာမို့ အနောက်ပါးဆီကနေ အပြေးလိုက်သွားပါတော့တယ်။
*******
လော်ရီကားကြီး ရပ်လိုက်တာနဲ့ မင်းခေါင်တစ်ယောက် အိပ်ပျော်သွားရာက ဆတ်ခနဲ နိုးလာရတယ်။
နိုးနိုးချင်း ပတ်ဝန်းကျင်ကို ကြည့်မိတော့ လမ်းခုလတ်မှာပဲ ရှိနေသေးတယ်။ အရှေ့ဆီက ဆူညံညံ စကားပြောသံတွေ ထွက်ပေါ်လာလို့ မင်းခေါင် နားစွင့်မိလိုက်ပါရဲ့။
‘ မင်းတို့ကားက ဘာတွေ တင်လာတာလဲ…’
‘ ဘာမှမတင်ပါဘူး။ အခုမှ ပဲခူးကို ကုန်တင်သွားမှာပါ…’
‘ လူပါလား…’
‘ ပါပါတယ်…’
‘ ခရီးသည်လား…’
‘ လမ်းကြုံလိုက်လာကြတာ…’
‘ မင်းတို့မှာ ငွေဘယ်လောက်ပါသလဲ…’
‘ မ…မပါဘူးဗျာ…’
‘ လိမ်တာပဲကွ…’
ပြောဆိုသံနဲ့အတူ ထုထောင်းထိုးကြိတ်သံတွေက ထွက်ပေါ်လာတယ်။
‘ ဓားပြတိုက်နေတာပဲ…’
မင်းခေါင် လှဲအိပ်နေရာက ထလိုက်တယ်။
ကားကြီးက အမိုးအကာမပါတာမို့ မင်းခေါင် ထလာတာကို ကားအရှေ့ဆီက ဓားကိုင်ဓားပြတွေက မြင်သွားလေတယ်။
‘ ဟေ့ကောင်…မင်း ဒီကို ဆင်းလာခဲ့စမ်း…’
‘ အင်း…ဆင်းခဲ့မယ်…’
မင်းခေါင် အကြောအချင် တစ်ချက်ဆန့်လိုက်တယ်။
ပြီးတော့ ကားအရှေ့ကနေပဲ ခုန်ချလို့ အောက်ကို ဆင်းလိုက်လေတယ်။ အောက်ရောက်တော့ ဓားပြတွေအကြားကို အေးအေးလူလူပဲ လှမ်းသွားလိုက်ကာ ရပ်နေလိုက်တယ်။
‘ မင်းလွယ်အိတ် ငါတို့ကိုပေး…’
မင်းခေါင်လည်း လွယ်အိတ်ထဲက အထုပ်တစ်ထုပ်ကို ထုတ်ယူလိုက်ပြီး ကျန်တဲ့ လွယ်အိတ်အခွံကိုသာ ဓားပြတွေဆီ ကမ်းပေးလိုက်တယ်။
‘ ဟေ့ကောင်…အဲ့ဒီ့အထုပ်ပါ ပေးစမ်း…’
‘ ဘာအတွက် ပေးရမှာလဲ…’
‘ ဟာ…ဒီ မအေပေးကတော့။ ဟေ့ကောင် ဒါ ဓားပြတိုက်နေတာကွ။ မသေချငိ အထုပ်ပေးစမ်း…’
‘ ဒါဖြငိ့ ကျုပ်ကလည်း ခင်ဗျားတို့ကို ပြန်ပြောမယ်။ ခင်ဗျားတို့လည်း မသေချင်ရင် ကျုပ်အရှေ့က ထွက်သွားကြတော့…’
‘ ဘာကြ…’
‘ ဟာ…ကြာပါတယ်ကွာ…’
မင်းခေါင်ရဲ့ ခနဲ့စကားတွေအဆုံး စိတ်မရှည်သူ ဓားကိုင်ဓားပြတစ်ယောက်က ခုန်ဝင်လို့ ဓားနဲ့ အတင်းဝင်ပိုင်းလာတယ်။
‘ ဒိလောက်နဲ့များကွာ…’
မင်းခေါင်က ကိုယ်ကိုအသာယို့လို့ ရှောင်လိုက်ပြီး ခုန်ဝင်လာသူ ဓားပြကို ဂုတ်က ဆွဲလို့ အရှိန်နဲ့ မြေပြင်ဆီကို ဆောင့်ချလိုက်တယ်။
‘ အွတ်…’
ဓားပြခမျာ တုတ်တုတ်တောင် မလှုပ်တော့ဘူး။
အခြားသုံးယောက်က ထပ်ပြီး ပြေးဝင်လာတယ်။
မင်းခေါင်လည်း သွက်လက်စွာ ရှောင်တိမ်းလိုက်ကာ မျက်စိတစ်မှိတ်၊ လျှပ်တစ်ပြက်အတွင်းမှာပဲ လက်သီးချက် ကန်ချက်တို့နဲ့ ဓားပြသုံးယောက်ကို အလဲအသိပ် လုပ်ချလိုက်တယ်။
‘ ဟေ့ကောင်တွေ…အခြေအနေ မဟန်ဘူးဟ။ ပြေး…ပြေး…’
ဓားပြတို့ အားလုံးပေါင်းပါမှ ခြောက်ယောက်။ လဲနေတာက လေးယောက်။ လက်ကျန်နှစ်ယောက်က ထွက်ပြေးဖို့ ကြိုးစားလေပြီ။
အရည်အသွေးမရှိ လက်နက်အားကိုးဖြင့်သာ ဗိုလ်ကျနေခြင်းဖြစ်ရာ မင်းခေါင်လို လူမျိုးနဲ့ တွေ့တော့ အခြေမလှဘဲ ပြေးဖို့ ကြိုးစားကြတော့တယ်။
ဒါပေမယ့််လည်း မင်းခေါင်က ထွက်ပြေးသူနှစ်ယောက်အနောက်ကို အပြေးလိုက်ပြီး ဇက်ပိုးကို တစ်ချက်စီ အုပ်ချလိုက်လေတယ်။
မြေဆီကို ဘိုင်းခနဲ ပစ်ကျပြိး လဲကုန်ချိန်
ကားသမားနှစ်ယောက်ကား လဲကျနေတဲ့ ဓားပြတို့ကို ဓားများကောက်ကိုင်ကာ ဖမ်းဆီးထားကြပြီပင်။
‘ ခင်…ခင်ဗျားက လူ…လူကော ဟုတ်ရဲ့လား…’
ဓားပြတို့က ပြာပြာသလဲနဲ့ မင်းခေါင်ကို မေးလာတယ်။
မင်းခေါင်က ပြုံးလိုက်တယ်။
‘ ကျုပ်နာမည်က မင်းခေါင်။ အပြည့်အစုံ ပြောရရင်တော့ စောရမင်းခေါင်…’
‘ ဗျာ…ခင်…ခင်ဗျားက ‘
‘ ဟုတ်တယ် ကျုပ်က သူခိုးတစ်ယောက်ပဲ… ‘
‘ ကျုပ်…ကျုပ်တို့ တောင်းပန်ပါတယ်ဗျာ…’
‘ ခင်ဗျားတို့ကို ဘာမှမလုပ်ပါဘူး။ ကိုယ့်ဘာသာကိုယ် ပြင်ယူကြပေါ့။ နောက်တစ်ကြိမ် ကျုပ်နဲ့ပြန်ဆုံလို့ ဒိအလုပ်ကို လုပ်နေဆဲပဲဆိုရင်တော့ ခင်ဗျားတို့ကို နေရာမှာတင် အဆုံးစီရင်ပေးမယ်…’
‘ မ…မလုပ်တော့ပါဘူးဗျာ…’
ဓားပြများရဲ့ တောင်းပန်မှုကို မင်းခေါင် ကျေနပ်လိုက်ပါတယ်။
သိပ်မကြာလိုက်တဲ့ အချိန်မှာတော့ မင်းခေါင်တို့စီးနင်းလာတဲ့ လော်ရီကားကြီးဟာ နေရာဆီကနေ ပဲခူးမြို့ဆီကို ဦးတည်လို့ ထွက်ခွာသွားခဲ့လေတော့တယ်။
ပြီးပါပြီ။
ထမံ(တောင်ငူ)