သေနတ် နှင့် မုဆိုး

Posted on

ဗိုလ်တာရာ (ရဲဘော်သုံးကျိပ်)
သေနတ် နှင့် မုဆိုး အပိုင်း (၁)

“သေနတ်နှင့်မုဆိုး”ဟူသော စာအုပ်ကို ရေးရခြင်းအကြောင်း ၎င်းကို အနည်းငယ်အစီရင်ခံပါရစေ…

ဤစာအုပ်ကို ဤအမည်နာမနှင့် မရေးလျှင် မဖြစ်သော အရေးကိစ္စကြောင့် ရေးလိုက်ရခြင်းလည်းဖြစ်ပေ၏။

အကြောင်းမှာ ကျွန်တော်၌ ရက်ပေါင်း-လပေါင်းများစွာက တင်ရှိနေသော စာကြွေးများ၊သို့မဟုတ် မိတ်ဆက်စာများနှင့်အတူ စုံစမ်းမေးမြန်းချက်၊အကြံဥာဏ် တောင်းဆိုချက်များ၊ ဆွေးနွေးချက်များနှင့်ချီကာ မေးခွန်းပေါင်းစုံတို့ အဆုံးသတ်နေကြသည့် ကျွန်တော်၏စွန့်စားခဏ်း ဝတ္ထုများ၏ စာဖတ်ပရိသတ်များထံမှ သေနတ်အကြောင်း၊ မုဆိုးအကြောင်း၊ တောတိရစ္ဆာန်အကြောင်း စုံစေ့အောင် မေးမြန်းစုံစမ်းချက်များကို စုပေါင်း၍ ဖြေဆိုရန်အတွက် ဤသေနတ် နှင့် မုဆိုး ဝတ္ထုကို မရေးလျှင်မဖြစ်တော့သည့် အခြေအနေကြောင့် ရေးသားလိုက်ရခြင်းဖြင့် ပြဿနာများအနက်မှ သေနတ် ပြသာနာတရပ်ကို ဖြေဆိုခြင်း၊ ရင်ဆိုင်လိုက်ခြင်းဖြစ်ပေ၏။

ကျွန်တော်၏ စာဖတ်ပရိသတ်များအနက်မှ အသက်အငယ်ဆုံး ၇-တန်းကျောင်းသားညီငယ်များမှစ၍ တပ်မတော်သားများ၊ အရာရှိ ကြီးငယ်များ၊ နယ်ဘက် သစ်တောအရာရှိများနှင့် မုဆိုးဝါသနာ
ဆိုင်သော လိုရင်းအပိုင်း လိုရင်းလက်နက်များ အကြောင်းနှင့် ၎င်းတို့၏ တံခိုးသတ္တိ ခရီးရောက်ပုံများအကြောင်း၊ ချို့ယွင်းချက်များ အကြောင်း၊ လက်နက်ပြုလုပ်သော တိုင်းပြည်ကြီးများ၏ မူရင်း လက်နက်ကုမ္ပဏီကြီးများ ရာဇဝင်များကိုလည်း အလျဉ်းသင့်လျှင် သင့်သလို ပညာပေးအနေဖြင့်၊ ရတောင့်ရခဲသော ဗဟုသုတအနေဖြင့် ရေးသား ဖေါ်ပြသွားမည်ကိုလည်း ကြိုတင်၍ သတိပေးအပ် ပါ သည်။

စာရေးသူ၌ ဤကဲ့သို့ နှစ်ရှည်လများ ကိုယ်တွေ့စွန့်စားခဏ်းများ အကြောင်းပြုကာ လက်နက်မျိုးစုံ လက်ဆွဲပြုခဲ့ရာမှ ရရှိအပ်သည့် သေနတ်လက်နက်များ၊ အမျိုးအမည်များ၊ ပြောင်းဝအကျယ်အဝန်း များအကြောင်းကို အသေးစိပ်မှတ်မိသရွေ့ ပြန်လည်ကာ စာဖတ်ပရိသတ်သို့ သတင်းပေးခြင်း၊ အသိပေးခြင်းလုပ်ငန်းအနေဖြင့် စာဖတ်ပရိသတ်သို့ ကျေးဇူးတုံ့ပြန်ခြင်းလည်းဖြစ်ပေ၏။

သေနတ်လက်နက်အကြောင်းကို မကြာခဏမေးမြန်းစုံစမ်းကြသော ကျွန်တော်၏စာဖတ်ပရိသတ်များဆီမှ အမှာစာများကို သီးသန့် ဖိုင်တွဲကာ ကျွန်တော်၏ စာရေးခမ်း၌ ထားရှိခဲ့၏။ တနေ့နေ့တွင် အခွင့်အလမ်းကြုံကြိုက်ခဲ့သော် ကျကျနနဖြေဆိုရန်လည်း ကြံစီ၏။

သို့ရာတွင် အခြေအနေက အခွင့်မပေးခဲ့သည်ကြောင့် ချက်ခြင်းဖြေဆိုခွင့် မရလေလေ သေနတ်အကြောင်း မေးမြန်းသည့်စာများ ဆွေးနွေးချက်စာများက တစောင်ပြီးတစောင် တထပ်ပြီးတထပ် တိုးလာခဲ့ပေသည်။ နေ့စဉ်နေ့တိုင်း သေနတ်အကြောင်း မေးမြန်းချက်စာထုကြီးကို မြင်ရလေလေ ကျွန်တော့်အနေနှင့် စိတ်မကောင်းလေလေ ဖြစ်ခဲ့ပေ၏။

သေနတ်အကြောင်းချည်း ပညာခဏ်းအနေနှင့် စာအုပ်တအုပ် ရေးရလျှင်လည်း ဝတ္ထုသွား ဝတ္ထုအလာကို ကြိုက်နှစ်သက်သူများအဘို့ ပျင်းရိငြီးငွေ့ဖွယ်ကောင်းပေမည်။

ဒုတိယအချက်မှာ .၁၂ ဘို့ တလုံးပြူး နှစ်လုံးပြူး သေနတ်များသည် ပြောင်းဝအကျယ် အနေအထားအားဖြင့် .၃၀ ဘို့ အတွင်းရှိ ရိုင်ဖယ်ပြောင်းဝများထက် အဆပေါင်းများစွာ ကျယ်ဝန်းနေသည်ကို မျက်မြင်တွေ့ရှိနေရသည်ကြောင့် .၁၂ ဘို့ သေနတ်များက ရိုင်ဖယ်သေနတ်များထက် စွမ်းအားရှိကြောင်း၊အရေးပါ အရာရောက်ကြောင်း မှတ်ယူနေကြသူ တော်တော်များများကိုလည်း ကျွန်တော်ကိုယ်တိုင် တွေ့မိမှတ်သားမိခဲ့သည်။

တတိယအချက်မှာ မည်သည့်ပြောင်းဝအကျယ်ရှိ သေနတ်လက်နက်မျိုး အတွင်း၌ ကျည်ဆံ သို့မဟုတ် မည်သည့်ယမ်းတောင့်တို့ ထည့်ထည့် ပစ်ခတ်၍ ရသည်ဟူ၍ ထင်မှတ်နေကြသော ပရိသတ်များ သည်လည်းကောင်း၊ ပြောင်းဝအတွင်း၌ ထည့်၍ ပစ်ခတ်လိုက်သော ကျည်ဆံသည် ကျည်ဆံအခွံရော၊ ကျည်ဆံအဖူးရော သိမ်းကြုံး၍ လေသေနတ်ခဲကျည်ဆံထွက်သွားသလို ပေါက်ကွဲထွက်သွားသည်ဟူ၍ ထင်မှတ်နေကြသော မုဆိုးဝါသနာပါသူများသို့လည်းကောင်း၊ ဤ “သေနတ်နှင့်မုဆိုး” ဝတ္ထုအဖြစ်အပျက်များကို ရေးသားခြင်းအားဖြင့် တိကျမှန်ကန်သော သဘောပေါက်စေသော သေနတ်နှင့် ခဲယမ်းမီးကျောက်များအကြောင်း သင်္ခဏ်းစာများကို ပေးအပ်ရရှိစေပါအံ့။

သေနတ်အကြောင်းရေးရလျှင် အမှတ်(၁) လေသေနတ် အငယ်စား .၁၇၇ ဘို့ မှစ၍ .၂၂ ဘို့ လေသေနတ်၊ .၂၂ ဘို့ ရိုင်ဖယ်အတန်းမှ ကမ္ဘာပေါ်၌ အင်အားအကြီးမားဆုံးဖြစ်သည့် .၅၇၇ ဘို့ ရိုင်ဖယ် ကြီးများ၊ •၆၀၀ ဘို့ ရိုင်ဖယ်ကြီးများအဆုံး၊ ပြောင်း အကျယ်နှင့် ကျည်အားများအကြောင်းကို အသေးစိပ်ရေးပေလိမ့်မည်။ များစွာ အသေးစိပ်ရေးရလျင် ဤဝတ္ထုစာအုပ်မျိုး လေးငါးအုပ်ပင် မလောက်တမ်း ကျယ်ဝန်းလှပေလိမ့်မည်။

ထို့ကြောင့် မုဆိုးများနှင့် ဝါသနာရှင်များ၏ လူကိုယ်တိုင်သော်လည်းကောင်း၊ စာတိုစာရှည်ကြီးများ ဖြင့်သော်လည်းကောင်း၊ လူကြုံပါး၍တဖုံ၊ နေ့စဉ်ရက်ဆက် စုံစမ်းမေးမြန်းကြသော ပြဿနာမေးခွန်းများအနက် ပဋ္ဌမဦးဆုံးကျွန်တော်ရင်ဆိုင်ရမည့် ပြဿနာမှာ မုဆိုးလက်နက် သို့မဟုတ် ခေတ်မှီသော သေနတ်လက်နက်များ အကြောင်းပင် ဖြစ်လေ၏။

တောပစ်ဝါသနာပါသူ၊ မုဆိုးဖြစ်လိုသူ၊ စွန့်စားခဏ်းကို စာမျက်နှာမှ လက်တွေ့ခဏ်းသို့ ကိုယ်တိုင်ဆင်းလိုသူများအတွက် သေနတ်အကြောင်း မသိလျှင်၊ မကျွမ်းကျင်ခဲ့လျှင် မဖြစ်နိုင်တော့ပါ။ ကောင်းကောင်းကြီး နားလည် သိကျွမ်းရမည်။

စောင်းသမားသည် သူ၏လက်တွင်းမှ စောင်းကို မလွတ်နိုင်တမ်း ခင်မင်ယုယမြတ်နိုးသလို၊ မုဆိုးတို့မည်သည် မိမိ၏ချစ်ရဲဘော်လည်းဖြစ်သော၊ အားကိုးအားထားရာလည်းဖြစ်သည့် သေနတ်လက်နက်အကြောင်းကို ကျွမ်းကျင်တတ်မြောက်ရပေမည်တကား။

သေနတ်အကြောင်းရေးရလျှင်၊ ဝေဘန်ရလျှင်၊ ဆွေးနွေးရလျှင် ဆုံးအံ့မထင်။ သို့ရာတွင် သေနတ်၏ အဓိက လိုရင်းအချက်များကိုသာ မူတည်၍ မုဆိုးဝါသနာရှင် ညီငယ် အကိုကြီးများနှင့် နှမငယ်များကို ပညာပေးခြင်းဆန္ဒဖြင့် ဆက်လက်ရေးသား ဆွေးနွေးသွားပါတော့မည်။

ယခုခေတ်စားနေကြသော .၂၂ ဘို့ ရိုင်ဖယ်ကလေးကိုပင် ကျွန်တော်၏ စာဖတ်ပရိသတ်ထဲမှလည်းကောင်း၊ ပြင်ပလူငယ်လူရွယ်များက ဧရာမအားကိုးလောက်သော တောကြီး တောင်ကြီးထဲသို့ ဖေါ်ပြပါ .၂၂ ဘို့ သေနတ်ကိုအသုံးပြုကာ ဆင်ကြီး ကျား ကြီးများကို ကျကျနနကြီး ရင်ဆိုင်နိုင်အောင် စွမ်းဆောင်သော လက်နက်ကောင်းတလက်ဟူ၍ ထင်မှတ်ခဲ့ကြသည်။ ကျွန်တော့်ဆီကိုလည်း စာနှင့် လူအနေနှင့် ရင်းနှီးစွာ တိုင်ပင်စုံစမ်းခဲ့ကြပေသည်။

နစ်နာချက်များရှိမည်မှာ သေချာနေသည်ကြောင့် ပညာခဏ်းနှင့် ဝတ္ထုသွား နှစ်မျိုးတွဲ၍ စာအုပ်တအုပ်ရေးထုတ်ရန် ရည်ရွယ်လိုက်ပါသည်။ ထို့ကြောင့်လည်း သေနတ်နှင့်မုဆိုးအမည်ရှိ စာအုပ်တစ်အုပ်ကို သီးသန့် ထုတ်ဝေလိုက်ရခြင်းသာ ဖြစ်ပါသည်။

စာဖတ်ပရိသတ်များအနေနှင့် ကိုယ်ကြိုက်ရာ ပညာခဏ်းများ၊ ဝတ္ထုခဏ်းများကို ဖတ်ရှုရင်း သေနတ်အမျိုးအမည်၊ အမျိုးအစား၊ စွမ်းအားသတ္တိ၊ ချို့ယွင်းချက်များကို ဂရုတစိုက် ဝတ္ထုသွားများမှ ဖေါ်ထုတ် မှတ်သားနိုင်ပါစေသတည်း။

ခေတ်သည် တနေ့တခြားပြောင်းလွဲမှု၊ တိုးတက်မှုတွေ ရှိနေသကဲ့သို့ လက်နက်လောက၌လည်း ပြောင်းလွှဲတိုးတက်မှုတွေ တသီကြီး တည်ရှိနေသည်ကို အထူးသတိပြုရန်လိုပေသည်။

စစ်ကြိုကာလက အမဲပစ်သေနတ်များထုတ်လုပ်ရာ၌ အင်္ဂလန်၊ ဂျာမဏီ၊ ဘယ်လ်ဂျီယံ တို့သည် ရှေ့တန်းမှ ပြေးနေခဲ့သလောက် ယခုမျက်မှောက်ခေတ်၌ အမေရိကန်ပြည် တပြည်တည်းသာ အမဲပစ်သေနတ်ခေတ်၌ ချွန်ထွက်နေသည်ကို စာရေးသူသည် သတိပြုမိ၏။

စစ်ကြိုခေတ်က အင်မတန်အရေးပါလှသော နှစ်လုံးပြူးရိုင်ဖယ်ကြီးများ၏ နေရာကို အမေရိကန်တို့သည် “မက်နမ်”ရိုင်ဖယ် သို့မဟုတ် ယမ်းအား ကောင်းမွန်လှသော “မဂ္ဂဇင်း” ရိုင်ဖယ်များဖြင့် အစားထိုးကာ လက်နက်ခေတ်တခေတ်ကို နေရာအတင်းယူနေကြလေပြီ။

အောင်မြင် မအောင်မြင်သည့် အခြေအနေသည် နောက်ပိုင်း အမဲပစ်သေနတ်များ၏ ရာဇဝင်အကြောင်းက သက်သေခံနေပေလိမ့်မည်။

အမေရိကန်တို့၏ ကြွေးကြော်သံမှာ တလက်လျှင် ဒေါ်လာ လေးငါးထောင်တန် နှစ်လုံးပြူးရိုင်ဖယ်ကြီးများ၏အစား တလက်လျှင် ဒေါ်လာ လေးငါးရာမျှသာပေးရသော အရည်အချင်းတူညီသော ယမ်း၏ ပေါက်ကွဲမှုအား ညီမျှသည့် ‘မက်နမ်’ မောင်းထိုး သေနတ်၊ ‘မဂ္ဂဇင်း’ သေနတ်များကို ထုတ်လုပ်ရောင်းချခြင်းက အဖက်ဖက်က ကောင်းမွန်ကြောင်း ကြွေးကြော်သံပင်ဖြစ်ပေ၏၊

xxx xxx xxx

ကျွန်တော် နေ့ခင်းစာရေး၍ အရှိန်တက်နေစဉ်တွင် ကျွန်တော်၏ တပည့်တဦးက အိမ်ရှေ့ဧည့်ခမ်း၌ ဧည့်သည် လူငယ်လူရွယ်များ ရောက်ရှိနေကြောင်း သတင်းပို့လာ၏။ ထို့ကြောင့် ကျွန်တော်အတွက် တဖက်ကဧည့်သည်တွေ ဒုက္ခခံမနေကြရန်အလို့ငှာ ကျွန်တော်သည် စာရေးခြင်းအလုပ်ကို ရပ်တန့်လိုက်ပြီး ဧည့်သည်များဆီသို့ စာရေးခမ်းမှထွက်လာခဲ့ရပေ၏။

မြို့ခံလူငယ်တဦးနှင့် မျက်နှာစိမ်း ဧည့်သည် လူရွယ် သုံးဦးတို့ကို တွေ့လိုက်ရပြီး၊ သူတို့လက်ထဲ၌ .၂၂ ဘို့ရိုင်ဖယ်နှစ်လက်ကို ကိုင်ထားကြောင်း တွေ့လိုက်ရပြီး ဦးဘိုးဟန်ကြီးက ဧည့်ခံစကား ပြောဆိုနေကြသည်။

ကျွန်တော် ဝင်ရောက်ထိုင်လိုက်သည်နှင့်တပြိုင်တည်း မြို့ခံလူရွယ်က

“ဟောဒီက ကျွန်တော့် မိတ်ဆွေတွေက ဗိုလ်မှူးကြီးနဲ့ တွေ့ချင်လို့ပါတဲ့။ ပြီးတော့ သူတို့ရဲ့ .၂၂ ဘို့ ရိုင်ဖယ်အကြောင်း အနည်းငယ် ဆွေးနွေးချင်လို့ တွေ့ခွင့်တောင်းပါတယ်”

“ဆွေးနွေးနိုင်ပါတယ်….ဘယ်မြို့ကလာကြပါသလဲ”

ကျွန်တော်က ပြန့်လည်မေးမြန်းလိုက်သည်တွင် ဧည့်သည်လူရွယ်နှစ်ဦးသည်…

“ကျွန်တော်တို့ မြန်မာပြည်အထက်ပိုင်းကပါခင်ဗျာ။ ဗိုလ်မှူးကြီးရေးတဲ့ စာအုပ်တွေထဲမှာ ပွိုင့်တူးတူးသေနတ်ဟာ ငှက်ပစ် ကြက်ပစ်တဲ့ သေနတ်လောက်ဘဲ ရေးထားတာဖတ်ရလို့ ကျွန်တော်တို့ တွေ့ဆုံမေးမြန်းချင်လို့ပါဘဲ”

အစချီကာ သူတို့၏ .၂၂ ဘို့ ရိုင်ဖယ်များကိုကြည့်လိုက်ပါသည်။

“မှန်ပါတယ် ၊ ပွိုင့်တူးတူး သေနတ်ကလေးတွေဟာ အသီးအနှံဝင်းခြံစိုက်ပျိုးခင်းတွေကို ဖျက်ဆီးဒုက္ခပေးတတ်တဲ့ ငှက်တွေ၊ ရှဉ့်တွေ၊ ကြောင်တွေ၊ ယုန်တွေကို သုတ်သင်ရှင်းလင်းတဲ့ သေနတ်ကလေးတွေဖြစ်ပါတယ်။ ဒီကမိတ်ဆွေတွေ စိတ်ထဲရှိတာတော့ သိပါရစေ”

ရိုးသားပွင့်လင်းစွာ ကျွန်တော်က လမ်းခင်းပေးလိုက်ပါသည်။

“ကျွန်တော်တို့ သေနတ်နှစ်လက်ကတော့ ဂျီတောင်ပစ်လို့ရတယ်၊ တောဝက်နဲ့ ဆတ်တွေလဲ ပစ်ရင် ရမယ်လို့ ယုံကြည်ပါတယ် ဗိုလ်မှူးကြီး။ ဒီ ပွိုင့်တူးတူး ကျည်ဆံအင်အားဟာ မသေးဘူးလို့ ကျွန်တော်တို့ထင်ပါတယ်။ တဆိတ်ရှင်းလင်းပြပါအုံးခင်ဗျာ”

ဆံပင်တိုတိုနှင့်လူရွယ်သည် သူ၏မောင်းပြန်ပွိုင့်တူးတူးသေနတ်ကို များစွာ အားကိုးအားထားဟန်ဖြင့် ကြည့်ရင်း ဆွေးနွေးတင်ပြပါသည်။

“မှန်ပါတယ် အလှည့်သင့်ရင် သားကောင်ရဲ့ ချက်ကောင်း နေရာကောင်းကိုထိရင် ပွင့်တူးတူးသေနတ်နဲ့ ဂျီလဲ ရနိုင်ပါတယ်။ ဒါပေမဲ့ ပစ်တိုင်း ခတ်တိုင်း ဂျီကို မရနိုင်ပါဘူး။ ဒါကိုတော့ မငြင်းနိုင်ပါဘူး၊ကျွန်တော်ကိုယ်တိုင်လဲ မကြာခဏ စမ်းသပ်တဲ့သဘောနဲ့ ဂျီကို ပစ်ခတ်ခဲ့ဘူးပါတယ်။ တခါတခါ ပွိုင့်တူးတူးနဲ့ ဂျီကို နေရာကောင်း လက်ပြင်မှာ မှန်ပြီး လိမ့်ကျသွားတာတောင် ချက်ခြင်း လူးလဲထပြီး ပြေးထွက်သွားတာ ကြုံခဲ့ရပါတယ်”

ကျွန်တော်၏ ဖြေကြားချက်ကို အဖေါ်တဦးက ကျေနပ်ဟန် မတူသေးဘဲ…

“ဂျီတောင်ရရင် ဝက်ရော၊ ဆင်ရော ဘာမို့လို့လဲဘဲ.. ရရမှာပေါ့ ဗိုလ်မှူးကြီး။ အင်မတန်ပြင်းထန်တဲ့ သေနတ်ပါ”

ထပ်မံ၍ စောဒကတက်လာသည်ကြောင့်….

“ပွင့်တူးတူးသေနတ်ဟာ ပြင်းတယ်၊ ခရီးရောက် မရောက်ဘူးဆို ယမ်းချိန်ကို ပဌမတွက်ဆကြည့်ရှုဘို့လိုပါတယ်။ •၂၂ ဘို့ ကျည်ဆံတတောင့်ဟာ ယမ်းအား အချိန်အနည်းဆုံး ဆယ်ငါးဂရိမ်က နေပြီးအများဆုံး လေးဆယ်ငါးဂရိမ်အထိသာ စီးနင်းပြီး၊ကျည်ဆံဖူးရဲ့ အင်အားဟာလဲ အင်မတန်သေးတဲ့ .၂၂ ပြောင်းဝအကျယ်သာ ရှိပါတယ်။ ဒါကြောင့် ကျွန်တော်အကြံပေးလိုတာကတော့ ဂျီလောက်အထိတော့ ချက်ကောင်းကိုပစ်ခတ်နိုင်ရင် ရနိုင်ပါတယ်။ ရပါလိမ့်မယ်လို့ မပြောလိုပါဘူး။

ဝက်တွေ ဆတ်တွေဆိုရင် စိတ်မချရဘူး။ အထူးသဖြင့် ဝက်ဆိုရင် ပွင့်တူးတူးနဲ့ ပစ်ခတ်ရင် ဝက်တောင်းနဲ့ တွေ့လို့ကတော့ မုဆိုးကို အန္တရာယ်ပြန်ပေးနိုင်တယ်”

“ဝက်တွေ၊ ဆတ်တွေအထိ ရအောင် ပစ်ခတ်လိုရင် .၁၂ ဘို့ နှစ်လုံးပြူးနဲ့ ပစ်ပါ။ ဒါမှမဟုတ်ရင် . ၄၄ ဘို့ကစပြီး အထက် ပြောင်းကျယ်ရှိတဲ့ ရိုင်ဖယ်နဲ့ပစ်ပါ။ ဒီ .၂၂ ဘို့ ရိုင်ဖယ်ထက် ခတ်ပြင်းပြင်း ပစ်ခတ်လိုရင် ပွိုင့် နှစ်ဆယ်နှစ် မက်နမ်ရိုင်ဖယ်ကို သပ်သပ်ကိုင်ပါ။ ဂျီကိုတော့ ပစ်ခတ်တတ်ရင် ရပါလိမ့်မယ်။ ဝက်ကိုတော့ မပြောရဲပါဘူး။ ဆတ်လဲ တူးတူးမက်နမ်ရိုင်ဖယ်နဲ့ဆိုရင် ရကောင်း ရပါတယ်လို့ ပြောလိုက်ပါရစေ”

ဤသို့ အချက်အလက်အစုံနှင့် ရှင်းလင်းပြောပြပါမှ ကျွန်တော်၏ မိတ်ဆွေများသည် အတော်သဘောပေါက်သွားကြပြီး၊ ပွိုင့် တူးတူးမက်နမ်ရိုင်ဖယ် ရှိကြောင်းကို သိရှိသွားကြပြန်၏။ သူတို့သည် ပွိုင့်တူးတူး ရိုးရိုးလောက်ကိုသာ သိရှိပြီး ‘မက်နမ်’အမျိုးအစားကြောင်းကိုမူ လုံးဝ မသိရှိကြကြောင်းကိုလည်း ရိုးသားစွာ ဝန်ခံကြပါသည်။

ဆက်လက်၍ ကျွန်တော်က ပွိုင့်တူးတူး မက်နမ်ရိုင်ဖယ် (.၂၂၂ ရိုင်ဖယ်မျိုး) ရှိကြောင်းပါ ပြောကြားလိုက်၏။

သို့ရာတွင် ဖေါ်ပြပါသေနတ်မျိုးကို ကျိုးစားပမ်းစားနှင့် ဝယ်ယူရရှိနိုင်သော်လည်း ကျည်ဆံများများ ရရှိရေးအတွက်မှာ ပြဿနာဖြစ်နိုင်ကြောင်းကို တင်ပြဆွေးနွေးပါသည်။

လူရွယ်မုဆိုးလေးဦးသည် ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားကြပြီး ကျေးဇူးတင်ကြောင်း အထပ်ထပ်ပြောကြားလျက် ရှေ့ကို စာပေမှဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ၊သူတို့အား လက်နက်အကြောင်း၊ တောကောင်အကြောင်း ပညာပေးသင်္ခဏ်းစာများ ရေးပါရန် မေတ္တာရပ်ခံပြီး နှုတ်ဆက်ကာပြန်သွားကြပါတော့သည်။

နောက်ထပ် ကျည်ဆံအတွက် အားကိုးနေသောမိတ်ဆွေတဦးကို တွေ့ရပါသည်။ သူသည် တပ်မတော်အရာရှိ လက်ဖတင်နင်တဦး ဖြစ်ပေသည်။

သူသည် သားကောင် အလတ်များ၊ ဆတ်များ၊ ဝက် များကို စက်သေနတ် (ဘရင်း) ဂျီသရီးနှင့် ပစ်ခတ်ခဲ့ဘူးကြောင်း၊ ကျားကိုလည်း ဘရင်းနှင့်ပစ်ခတ်ရရင် ရမည်ဖြစ်ကြောင်း ဆွေးနွေးလာ၏။ သူကလည်း မုချ ကျားကို လည်းကောင်း၊ ဆင်ကို လည်းကောင်း၊ စက်သေနတ်နှင့် ပစ်ခတ်ရရင် ရမည်ဖြစ်ကြောင်း အတတ်လောက် အပိုင်အနိုင် ပြောဆိုနေပြန်၏။

ဤနေရာ ဤပြဿနာမျိုး၌ ကျွန်တော်သည် စစ်သုံးလက်နက်နှင့် တပ်မတော်စည်းကမ်းဥပဒေအရ အပြင်ပလောက၌ အမဲမပစ်စေလိုပါ။ ပြည်တွင်းပြည်ပ ရန်သူကိုသာတိုက်ရန်အတွက် .၃၈၃ ရိုင်ဖယ်၊ .၃ဝ၃ ဘရင်း၊ .၃ဝဂ ဂျီသရီးမောင်းပြန်လက်နက်များ ထားရှိခြင်းသာ ဖြစ်ပေ၏။ နောက်တချက်ကလည်း ကျည်အားနှင့် ဖိ၍ ပစ်ခတ်နိုင်တိုင်း သားကောင်ကြီးများကို ရရှိနိုင်သည်ဟူသော အစွဲအလန်းမှာ မမှန်သောကြောင့်တည်း။

.၃ဝ၃ ကျည်ဆံအင်အားသည် ယမ်းချိန် ၁၀၀-၁၉၀ အများဆုံး ၂၁၅-ဂရိမ် အထိသာ စီးနင်းသော ကျည်ဆံအင်အားမျိုးသာဖြစ်​၏။ ကြီးငါးကြီးဖြစ်သော ကျား၊ စိုင်၊ ကြံ့ ၊ ပြောင်၊ ဆင် သတ္တဝါကြီးမျိုးကို ပစ်ခတ်ရာ၌ ယမ်းအင်အား ဂရိမ် ၂၄၀-၂၅၀ ထက် မသေးသော ကျည်ဆံမျိုးသာ စိတ်ချရတော့ သည်။ သို့မဟုတ် သတ္တဝါကြီးများ၏ တုံ့ပြန်ရန်မူခြင်းအန္တရာယ်ကို ခံရစေနိုင်၏။

နောက်တချက်မေးစရာရှိသည်။ ကျည်ဆံချက်ပေါင်းများစွာနှင့် ဖိ၍ သွန်၍ ပစ်ခတ်လျှင် သားကောင်ကြီးများ ရနိုင် မရနိုင် ဟူသော အချက်အလက်ပင်ဖြစ်၏။

ကျွန်တော်၏ တိကျသောအဖြေမှာ ကျည်ဆံပစ်ခတ်မူအရည်အတွက်ထက် ‘ချက်ကောင်း’ နေရာကို နှစ်ချက် သုံးချက် ထိမှန်ခြင်းဖြင့် သားကောင်ကြီးများကိုကျဆုံးရရှိနိုင်ကြောင်းကို ပွင့်လင်းစွာဖေါ်ပြလို၏။

လက်တွေ့သာဓကများကလည်း မကြာခဏ ရှိနေသည်ကြောင့် ဤသို့ အတိအလင်းရေးသားနိုင်ခြင်းဖြစ်၏။

တကြိမ်က ကျွန်တော်၏ရဲဘော်များ ဦးနု၊ မောင်ထွန်းတို့ လူစုသည် အုပ်ရှစ်လှိုင်းရွာ အနောက်ဘက် ‘သိုး’တောထဲသို့ အမဲလည်ထွက်သည်။ ဆင်သင်းကွဲ စွယ်ဆင်ပေါက်ကြီးတကောင်ကို တွေ့ရ၍ .၃ဝ၃ ရိုင်ဖယ် (အင်္ဂလိပ်မဂ္ဂဇင်းဦးတို)နှင့် ဝိုင်း၍ပစ်ခတ်ကြရာ စုစုပေါင်း အချက် ခြောက်ဆယ်ကျော် ထိမှန်ခဲ့သည်။

ဆင်တကောင်လုံး သွေးတွေဖုံးနေသော်လည်း လဲကျဘို့ မဆိုထားဘိ။ သေနတ်သမားတွေကို တုံ့ပြန်ကာ လိုက်၍ ထိုးနေသည်ကြောင့် သေနတ်သမားတွေက မနည်းလွှတ်အောင် ပြေးလွှားရှောင်ရှားခဲ့ရပေ၏။

နောက်တနေ့နံနက်မှု ဆင်ပစ်သေနတ်ကြီးတွေကိုယူပြီး ရှစ်မိုင်ကျော်လောက်၌ ဣန္ဒြေမပျက်တမ်း သွားရင်းလာရင်း ဖေါင်းတောတွေကို စားသောက်နေသော ဆင်ဆိုးကြီးကို သုတ်သင်ခဲ့ရပေ၏။

မုဆိုးစာပေ ပရိသတ်များအဘို့ ကျည်ဆံအရေအတွက်ပြဿနာကို ယခုလက်တွေ့သာဓကတခုနှင့်ပင် ရှင်းလောက်ပေပြီ။

စာရေးသူအနေနှင့်လည်း အမဲပစ်ခတ်ကြသည်ဆိုရာဝယ် တရားမျှတမှု၊ ဘက်မျှတမှုကို တနည်းကောင်းအားဖြင့် စဉ်းစားစေရန်ဆန္ဒ ရှိပေသည်။

ဆင်ကို ဆင်ပစ်သေနတ်နှင့် ပစ်ခတ်၍လည်း ရနိုင်ပေ၏။ ထို့ထက် လေယာဉ်ပျံပစ်အမြောက်နှင့် ပစ်ခတ်လျင်လည်း ရနိုင်ပေ၏။ ထို့ထက် ကျင်းပစ် အမြောက်ကြီးတွေနှင့် ဖိ၍ ပစ်ခတ်ပါလျှင် ပိုပြီးရနိုင်ပေ၏။

သို့ရာတွင် သတ္တဝါနှင့် လက်နက်နှင့် မျှတမှုကို ဦးစား ပေးရန် အရေးကြီး၏။ မုဆိုးမည်သည် အကုသိုလ်အလုပ်ကိုပင် ဝါသနာအရ လုပ်ရသော်လည်း သတ္တဝါသားကောင်တို့လည်း လွတ်လပ်မှုတရားမျှတမှုအခွင့်အလမ်း ပေးရစမြဲပင် ဖြစ်ပေ၏။

သားကောင်နှင့် သင့်တင့်ညီမျှသော သေနတ်လက်နက်ကိုသုံးရန် အရေးကြီး၏။ လိုအပ်သော သေနတ်လက်နက်ဟူသည် မိမိပစ်ခတ်မည့် သားကောင်နှင့်ပတ်သက်၍ အင်အားများစွာ မသေးစေရ။ မကြီး မားစေရ။ ဤကား သတ္တဝါနှင့် လက်နက်နှင့် မျှတမှုအကြောင်း ရေးသားရင်း မုဆိုးကောင်းတို့၏ ကျင့်စဉ် ကျင့်ဝတ်တရပ်ကို ဖေါ် ပြခြင်းပင်ဖြစ်ပေ၏။

နောက်ပြဿနာတချက်ကား မုဆိုးကောင်းတဦး၌ ရှိသင့်ရှိထိုက်သော သေနတ်ဦးရေစာရင်းပင် ဖြစ်ပေ၏။ ဤပြဿနာလည်း အင်မတန် အရေးကြီးလှပေ၏။

ရှေးနှစ်ပေါင်းများစွာကျော်လောက်က အမဲလိုက် မုဆိုးများအချို့၌ လေးဂိုင်း သုံးလေးချောင်း၊ လေးကြိုးအပို နှစ်ချောင်း သုံးချောင်း အပိုပါနေကြဖြစ်၏။ ဥရောပနိုင်ငံများ၌ မုဆိုးတယောက် အဖို့၌ သေနတ်ဦးရေစာရင်းသည် ဆယ်ဂဏန်းကျော်နေ၏။ ဥစ္စာပစ္စည်းအခြေအနေကြည့်၍ ပြည့်စုံလျှင် ပြည့်စုံသလို အမဲပစ်သေနတ်အမျိုးမျိုး ထားရှိ၏။

အာဖရိကတိုက်မှ မုဆိုးများအဘို့၌မူကား ကမ္ဘာ ကျော် နံမည်ကျော် ပဋ္ဌမတန်းစား အမဲပစ်သေနတ်မျိုးစုံကို တန်းစီလျက် ထားမြဲဖြစ်ပေ၍။

ဗမာပြည်အဘို့၌ကား တောတောင်ထူထပ်သော တိုင်းပြည်ဖြစ်၍လည်းကောင်း၊ သားကောင်ကြီးငယ်များ ပေါများသော တိုင်းပြည်ဖြစ်၍လည်းကောင်း၊ မုဆိုးနံမည်ရှိသူများအဘို့၌လည်းကောင်း သေနတ်ကောင်းများစွာ ထားရှိရန်လိုပေလိမ့်မည်။

သက်ဆိုင်ရာအစိုးရဋ္ဌာနကလည်း လက်နက်ကိုင်ဆောင်သည့် ဥပဒေအရလည်းကောင်း၊ တကယ် ဝါသနာရှင် မုဆိုးကောင်းများကို အထူးအခွင့်အရေးတရပ်အနေဖြင့် လက်ရှိလက်နက် ကိုင်ဆောင်ခွင့်ဥပဒေထက် အထူးအခွင့်အာဏာကို ပေးသင့်သည်ဟုယူဆပါသည်။

ကျွန်တော်ဆီသို့ လက်နက်ကိုင်ဆောင်ရေးနှင့်ပတ်သက်၍ မုဆိုးတယောက်လျှင် သေနတ်ဘယ်နှစ်လက်ကိုင်ဆောင်သင့်သည်ဟူသော မေးခွန်းများ မေး မြန်းလာကြ​၏။ မရှိမဖြစ်သော အကျဉ်းခြုံး၍ သေနတ်ကိုင်ဆောင်ခဲ့ရလျှင် လေးလက်မှ ငါးလက်ဖြစ်သည်။ တကယ့်မုဆိုးကြီးများအတွက် လက်နက်ကိုင်ဆောင်ခွင့်ရခဲ့လျှင် ကိုင်ဆောင်ရမည့် လက်နက် ဦးရေမှာ ဆယ်နှစ်လက်မှ အထက်ဖြစ်ပေသည်။

အကျဉ်းချုံး၍ ကိုင်ဆောင်လိုသော မုဆိုးများအတွက် သေနတ်ဦးရေနှင့် အမျိုးအစားစာရင်းမှာ အောက်ပါအတိုင်းဖြစ်ပေ၏ ။

ပွိုင့်တူးတူးသေနတ်တလက်၊ နှစ်လုံးပြူး ( .၁၂ ဘို့) တလက်၊ ရိုင်ဖယ်အပေါ့စားတလက်( .၂၇၀- .၂၇၅ မှ .၃၀၀ ဘို့အထိ) ၊ စတုတ္ထလက်နက်နက်မှာ .၃၇၅ဘို့ မှ .၅၀၀ဘို့အထိ ပြင်းထန်သော လက်နက်ကြီးများဖြစ်သည်။

သေနတ် ဆယ်နှစ်လက်မှ အထက်သို့ စာရင်းပါ လက်နက်များအတွက်မူကား ကျယ်ပြန့်နိုင်သလောက် ပိုမိုခရီးရောက်နိုင်ပေလိမ့်မည်။

ဥပမာ စာရင်းတခုပေးရလျှင်

.၁၇၇ ဘို့ သို့မဟုတ် .၂၂ လေသေနတ်တလက်

.၂၂ ဘို့ ရိုင်ဖယ်တလက်။

.၁၂ ဘို့ နှစ်လုံးပြူးတလက်။

.၂၇၅ ဘို့ မှ .၃၀၀ ဘို့ အထိ ရိုင်ဖယ်တလက်။ –

.၃၇၅ မက်နမ်မှ .၄၁၆ ဘို့ အတွင်းရိုင်ဖယ်တလက်။

နှစ်လုံးပြူးရိုင်ဖယ်နှစ်လက်။ .၄၅၀ ဘို့၊ .၄၇၀ ဘို့၊ .၅၀၀ ဘို့ တို့ ဖြစ်သည်။

.၁၂ ဘို့ ကျည်ဆံခြောက်တောင့် ဆက်ပစ်နိုင်သော သေနတ်တလက်။

.၃ဝ၈ ဘို့ သို့မဟုတ် .၃၀-၀၆ ဘို့ ဆက်ပစ်ခတ်နိုင်သော ရိုင်ဖယ်တလက်ဖြစ်သည်။

.၄၄ မက်နမ် ခြောက်လုံးပြူးတလက်။

.၄၄ ရိုင်ဖယ် အငယ်တလက်။

ဤစာရင်းကား သာမန်မုဆိုးတဦး၏ ရှိသင့်ရှိထိုက်သော စာရင်းသာ ဖြစ်ပါသည်။

လက်နက်ကိုင်ဆောင်သူ မုဆိုးများအဘို့၌လည်း လက်နက်ကိုင်ဆောင်ခွင့်ဥပဒေကို တိတိကျကျ လိုက်နာကိုင်သရန်နှင့် မတော်တဆ ထိခိုက်မှုများကို ကြိုတင်ကာကွယ်ရေး လုပ်ငန်းများအတွက် အင်မတန် ဂရုစိုက်ရန် အရေးကြီးလှပေ၏။

ဤသေနတ်များ အကြောင်းနှင့် စာဖတ်ပရိသတ်များ၏ ဆွေးနွေးမေးမြန်းချက်များကို ယခု ကျွန်တော်၏ ဖြေကြားလွှာနှင့် သဘောထားများကို ပြန်လည်တင်ပြခြင်းဖြင့် ကျေနပ်နှစ်သိမ့်တော်မူကြရန် အနူးအညွတ်တောင်းပန်ရင်း ‘သေနတ်နှင့်မုဆိုး’ ဖြစ်ရပ်များ အတွေ့အကြုံများ အကြောင်းကို ဆက်လက်၍ ဝတ္တုသွားဆန်ဆန် တင်ပြအစီရင်ခံသွားမည် ဖြစ်ပါကြောင်း။

xxx xxx xxx

(အကျဉ်းအကြားနှင့် နှစ်လုံးပြူးရိုင်ဖယ်)

မိုးအကုန် ဆောင်းအကူးပေမို့ နေရောင်က မလင်း တလင်းနှင့် တောတွင်းမြေရပ်တွင် အစိုဓါတ်က လွှမ်းချယ်နေ၏။ ဝါးရုံရိပ်မှောင်တွင်းမှ ခြင်ကောင်တအုပ်ကလည်း ကျွန်တော်တို့ မုဆိုးတသိုက်၏ လည်ဂုတ်နှင့် နားရွက်များအနီး၌ တစီစီဝဲပျံကာ သွေးစုပ်ရန် မာန်တပြင်ပြင် ရှိချေ၏။

ကျွန်တော်၏ မျက်လုံးနှစ်လုံးတဝိုက်၌ မကြာခဏ နှောက်ယှက်ခြိမ်းချောက်နေသော မျက်မွေးလိမ် တကောင်ကို ကျွန်တော်သည် စိတ်ဆိုးမာန်ဆိုးနှင့် မောင်းနှင်ကာထုတ်ရင်း တောတွင်းအခြေအနေကို အကဲခတ်နေမိပါသည်။

ဦးဘိုးဟန်ကြီးနှင့် ကိုဘိုးရံတို့နှစ်ယောက် အဖို့၌ လည်း ဖောပြွန်ချောင်းရွာမှ လမ်းပြနှစ်ယောက်နှင့် သားကောင်ကြီးများ၏ ခြေရာသစ်ကြီးများကို ကြည့်ကာ ကြည့်ကာနှင့် သားကောင်ကြီးများ ဦးဆောင်ပြီး တက်မည့်ဒေသများကို ခန့်မှန်း တွက်ဆနေကြတော့သည်။

မြေပျော့ပျော့ ရွှံ့တပိုင်း သဲတပိုင်း တောတွင်း ကျင်းပြန့်များပေါ်၌ကား ဧရာမ ခြေရာကွက်ကြီးများကို တသီကြီး တွေ့နိုင်ပေမည်။ ဧရာမခြေရာကွက်ကြီးများကား ကျွန်တော်တို့ မုဆိုးသုံးဦးကို ကျကျနနကြီး ဖိတ်ခေါ်နေသလောက် မကြာမတင် ကာလ၌ တွေ့ကြုံရမည့် မုဆိုးနှင့် သားကောင်ကြီးများ တိုက်ပွဲ၏ နိဒါန်းအတွက် အရေးတကြီး တပ်လှန့်၍ နိုးနေစေပါပြီ။

ဧရာမခြေရာကွက်ကြီးများကား အဘယ်သားကောင်ကြီးများ၏ ခြေရာများ ဖြစ်ပါသနည်း။

သစ်ဆွဲကျွဲပေါက်ကြီးများ၏ ခြေရာကွက်ကဲ့သို့ ကြီးမားလျက် တွေ့ရပြီး ရှေ့ပိုင်း၌ကား သစ်ဆွဲကျွဲခြေရာများလို ဝိုင်းမနေဘဲ ရှေ့သို့ ချွန်ထွက်နေသော ဧရာမ ခြေရာကြီးတွေသာ ဖြစ်ပေသည်။

ခြေရာကွက်ကြီးတွေသည် ထပ်ထပ် ကြမ်းနေရုံမျှမက တခုနှင့်တခု နင်းကာ ကျော်ကာ တက်နေသောလက္ခဏာတွေကို တွေ့ရပေသည်။

တချို့နေရာများ၌ သစ်ပင်ငယ်များ၊ မြက်ပင်များကို ကိုယ်အလေးချိန် ပိဿာ ငါးရာ-ခြောက်ရာ အချိန်စီးနင်းသော အရှိန်ဖြင့် ဖိကာ နင်းကာ သွားခဲ့သည်ကြောင့် မြက်ပင်တွေ၊ သစ်ပင်ကလေးတွေ ပိပြား ကြေနွမ်းနေတော့သည်။

သားကောင်ကြီးများ၏ ခြေရာ ခြေကြောင်းနောက်သို့ လိုက်လံနေကြသော မုဆိုးတသိုက်အဘို့ ခြေရာကွက်ကြီးတွေကို အဘယ်နည်းနှင့်မျှ အပျောက်မခံနိုင်ကြချေ။ ခြေရာကွက်ကြီးများ၏ ရှေ့ သုံးလေးမိုင်အကွာ၌ အင်မတန်ကြီးမားသော သားကောင်ကြီးတွေသည် အသက်ရှင်ကာ လှုပ်လှုပ်ရှားရှားနှင့် စားရင်း သောက်ရင်း တွေ့ရှိပြီး မုဆိုးတွေက လက်ဦးပါက လှလှပပ ပစ်ခတ်နိုင်ခွင့်ရရှိနိုင်မည့် အရေးအခင်းကြောင့် ဖြစ်ပေသည်။

မိုးတွင်းကာလက ပေါက်ရောက်ခဲ့သော အရင့်ဘက်သို့ရောက်ရှိနေသည့် မျှစ်ကြမ်းများကို ကောင်းနိုးရာရာတို့ကို ချိုးဖဲ့စားသောက်သွားကြသည့် လက္ခဏာများကို အရှင်းသား တွေ့နေရပေသည်။ သား ကောင်ကြီးများ ထွက်ခွါသွားရာ တလျှောက်၌ မပျောက်ပျက်နိုင်သော အင်မတန်မှထင်ရှားလှသည့် စွပ်ကြောင်းကြီးတွေအဖြစ်သာ တွေ့မြင်နေရခြင်းဖြစ်ပေသည်။

“သိပ်မဝေးဘူးဗျ…..အလွန်ဆုံး လေးငါးမိုင်ဘဲ၊ စားရင်း သွားရင်းမို့ ကျုပ်တို့ ရုတ်တရက်မမှီနိုင်ဘဲရှိနေတာ။တချီတမောင်း လေက်တော့ တွေ့ကြသေးတာပေါ့ဗျာ။ ခုနစ်ကောင်အုပ်ဘဲ။ ခလေးတွေပါ ပါတော ဒီအကောင်တွေ သိပ်ပြီး ခြေမသွက် မကြဲနိုင်ဘူးပေါ့”

ဦးဘိုးဟန်သည် သူ၏ နဖူးပြင်မှ ချွေးပေါက်ကြီးများကို မျက်နှာသုတ်ပုဝါသေးသေးကလေးနှင့် သုတ်လိုက်ရင်း ခြေရာကွက်ကြီးတွေကို ကြည့်ကာ ပြောလိုက်ပြန်သည်။

“လိုက်မလို့ ပစ်မလို့ စခမ်းက အစောကြီး ထွက်လာခဲ့တာဘဲ။ ပစ်နိုင်မှ ဖြစ်မှာပေါ့ အရီးဟန်ရ။ ဘယ်ရာဇဝင်အရိုင်းခံမလဲ။ မြင့်ပေစေ… မတ်စောက်ပေစေ၊ ဘယ်တောင်ကမ္ဘားဖြစ်ဖြစ် ဘိုးရံတို့က မျောက်လွှဲကျော်တွေနဲ့ ပြိုင်ပြီး တက်ပြလိုက်အုံးမယ်”

ကိုဘိုးရသည် ကွမ်းကိုတမြုံ့မြုံ့ဝါးရင်း ကျွန်တော်တို့ တနံနက်ခင်းလုံး အဆက်မပြတ် လိုက်လံနေသော သားကောင်ကြီးများကို ကြုံးဝါးရင်း ကြွေးကြော်လိုက်တော့သည်။

ကျွန်တော်သည် ခရီးလမ်းပန်း အခြေအနေကို အသေးစိပ် ပြန်လည်၍ လေ့လာလိုက်မိသည်။

ဘာလိုလိုနှင့် ခြေလျင် တောင်တက် တောင်ဆင်း ကျင်းပြန့်ကိုဖြတ်နှင့် သားကောင်ကြီးများ နောက်သို့လိုက်ခဲ့ကြသည်မှာ နံနက် ခြောက်နာရီကဆိုလျှင် ယခု ကိုးနာရီခွဲ အချိန်သို့ ဆိုက်ရောက်ခဲ့ခြင်းကြောင့် ခရီးအကွာအဝေး အဖျင်းဆုံး ရှစ်မိုင်နှင့် ဆယ်မိုင်ကြားဝယ် ပေါက်ရောက်ခဲ့တော့သည်။

သားကောင်ကြီးများကို အစဉ်တစိုက် ခြေရာခံနေသောဒေသနှင့် နယ်မြေကား ပျဉ်းမနားမြောက်ဘက်နယ် ဘိုးစောင်တောင်ခြေရှိ ဘိုးစောင်ကြိုးဝိုင်း၏ အနောက်စွယ်ဒေသတလျှောက်ဖြစ်ပေ၏။

ပျဉ်းမနားမြို့နှင့် အနီးကပ်ဆုံး ဂျီ၊ ဝက်၊ ဆတ်မှ သားကောင်ကြီးများ အပေါများဆုံးဒေသတခုကို ရုတ်တရက်မေးမြန်းလိုက်လျှင် အလွယ်တကူ ညွှန်ပြရန်မှာ ဘိုးစောင်တောင်ခြေတဝိုက်သာ ရှိပါသည်။

ပျဉ်းမနားမြို့နှင့် ခြောက်မိုင်နှင့် ရှစ်မိုင်မျှလောက်သာ ဝေးပြီး လှည်း ဂျစ်ကားတို့ဖြင့် နာရီပိုင်းအတွင်း ရောက်နိုင်ပေ၏။ ဘိုးစောင်ကြိုးဝိုင်း၏ တောဆက် ခင်ဆက်မှာလည်း ကောင်းလှတော့၏။

တောဆက် ခင်ဆက်ဆိုရာ၌ ရှင်းရှင်းနှင့် လွယ်လွယ်ကူကူရေးရလျှင် ကြိုးဝိုင်းနှင့် ရိုးမခြေရှိ သစ်တောများ ဆက်စပ်နေရာ ကျောထောက်ခံ နယ်မြေဖြစ်ပေသည်။

ဝါးလိုက်ချောင်းဖျားခံရာ ပဲခူးရိုးမတောင်ခြေရှိ မိုးစွေသစ်တောကြိုးဝိုင်းနှင့် သုံးနေရာ သုံးဋ္ဌာနမှ ဆက်စပ်နေသော ဘိုးစောင်ကြိုးဝိုင်း ဖြစ်ခဲ့ခြင်းကြောင့် အချိန်အခါအလိုက် သားကောင်ကြီးငယ် တို့သည် ဘိုးစောင်တောင်ပေါ်မှဆင်းကာ တောင်ဘက်လားသော် ပေါက်ကတောင်၊ နံချွန်ကွင်းမြှောင် အထိ ဖြန့်၍ဆင်းကြသည်။

အရှေ့ဘက်လားသော် ရွာတောင်ဘူတာတဝိုက်ရှိ သစ်တောများအတွင်းအထိ သားကောင်တွေ ဖြန့်ဆင်းကြသည်။

ယခု စာရေးသည့်အချိန်အထိ ဘိုးစောင်တောင်တဝိုက်၌ အလွန်တရာရှားပါးစပြုသော စိုင်တအုပ် လက်ကျန်ရှိနေသေးကြောင်း သိရပေ၏။

သို့ရာတွင် ဘိုးစောင်တောင်ကြိုးဝိုင်းအဘို့ သာမန် မုဆိုးများအတွက် အခက်အခဲပြဿနာတရပ် ရှိနေလေသည်။ ထိုပြဿနာကား တောင်ကမ်းကြီးမားခြင်းပင် ဖြစ်ပေ၏။ တောင်ကမ်း ချောက်ကမ္ဘားများမှာ တလွန်တရာမတ်စောက်ခြင်း၊ နက်ရှိုင်းခြင်း ရှိပြီး၊ တောင်တက်ရာ၌ အများအားဖြင့် မတ်တတ်ရပ်၍ မတက်နိုင်ဘဲ လေးဘက်ကုန်းကာ ကပ်သီးကပ်သပ် တက်ရသော အခက်အခဲများကြောင့် စိတ်ဓါတ်ပျော့သောမုဆိုးများ တပ်ဆုတ်ပြေးရသည်မှာ များပြား လှပေ၏။

နွေအခါ၌ ရေရှားပါးသောပြဿနာမှာလည်း မုဆိုးများအဘို့ ဘိုးစောင်ကြိုးဝိုင်းထဲသို့ မဝင်ဝံ့စေခြင်းဖြစ်၏။ သို့ရာတွင် တောတောင်ဒေသ အခြေအနေကို ကျွမ်းကျင်သော မုဆိုးများအဘို့၌ကား ဘယ်နေရာ၊ ဘယ်ချောင်းကွေ့ ၊ ဘယ်ကျောက်အိုး တွင် မည်သည့်အချိန်အထိ သောက်ရေရနိုင်ကြောင်းကို မှတ်သားသိရှိထားပါလျှင် ရေပြဿနာမှာ မပူပင်ရတော့ချေ။

ဘိုးစောင်တောင်၏ ထူးခြားချက်များမှာ သစ်ပင်သစ်ရွက်မျိုးစုံ ပေါက်ရောက်သော တောင်ထူးတောင်မြတ် ဖြစ်ခြင်း ဖြစ်ပေသည်။ နနွင်းပင်၊ ကရဝေး၊ သစ်ကြပိုး၊ ချေးပင်၊ ကလောပင်၊ ပြင်းတော်သိမ်ပင် စသည့် ဟင်းချက်ရာ၌ လည်းကောင်း၊ ဆေးဝါး ဘက်၌လည်းကောင်း၊ အသုံးဝင်သည့် အပင်မျိုးစုံအပြင် ဝါးမျိုးစုံ၊ ကြသောင်းဝါးရုံ၊ တင်းဝါးမှစ၍ ပျဉ်းကတိုး၊ ကျွန်း၊ ကညင်၊ သစ်ရာပင်များ အစုံ ဆယ့်နှစ်မျိုးသစ်ရာကျွန်းတွေပါ အပြိုင်အဆိုင် ပေါက်ရောက်ရာ တောင်ဆန်းကြီး ဖြစ်ပေ၏။

ကျွန်တော်နှင့် ဦးဘိုးဟန်၊ ကိုဘိုးရတို့အဘို့တွင် ဤ ဘိုးစောင်ကြိုးဝိုင်းကို အိမ်ဦးနှင့်ကြမ်းပြင်သဘွယ် စေ့စေ စပ်စပ် ကျွမ်းကျင်ခဲ့သလောက် ကျောဖြတ် ခင်ဖြတ် လမ်းကူးတွေကို အလွတ်ရနေခဲ့သည်ကြောင့် သားကောင်ကြီးများအတွက် လွတ်လမ်းမရှိခြင်းသာ နိဂုံးချုပ်ပေလိမ့်မည်။

မျောက်ညိုတအုပ်က ကျွန်တော်တို့လူစုကို ရုတ်တရက် တွေ့မြင်သွားသည်ကြောင့် ဝါးရုံတန်းများပေါ်မှ ဒိုးပင်ကြီးများဆီသို့ တဝုန်းဝုန်း ပြေးရှောင်နေကြသည်။

ကျွန်ဘော်သည် .၄၇၀ဘို့ နှစ်လုံးပြူးရိုင်ဖယ်ကို ဘယ်ဘက်ပုခုံးမှ ညာဘက်ပုခုံးသို့ ပြောင်းရွှေ့ကာ ထမ်းလိုက်ပြီး သစ်ပင်တပင်ကို နောက်ကျောနှင့်မှီကာ ဦးဘိုးဟန်၏ ခြေရာခြေကြောင်းခံနေပုံကို လှမ်းကြည့်မိသည်။

ကျွန်တော်၏ .၄၇၀ ဘို့ နှစ်လုံးပြူးရိုင်ဖယ်မှာ ဝက်စလီရစ်ချပ်ကုမ္ပဏီမှ လုပ်ထားသော ပြောင်းရှည် နှစ်ဆယ့်ရှစ်လက်မရှိ အချိန် ဆယ်နှစ်ပေါင်ခွဲ စီးနင်းသည့် နှစ်လုံးပြူးရိုင်ဖယ်ပင် ဖြစ်ပေ၏။

နောက်မှန်ချိန် ကိုက်တစ်ရာမှ ငါးရာအထိ ကောက်၍ ကုန်း၍ရသော ချိန်ခွက်ကလေးများဖြင့်လည်းကောင်း၊ ရှေ့မှန်ချိန်နောက်၌ ညချိန် ဝိုင်းကလေးတစ်ခုကို လချေးသုတ်ကာ “ချိန်ကွင်းကလေး” အဖြစ်နှင့် အပိုပြုလုပ်ထားသော ရိုင်ဖယ်ကောင်းတလက် ဖြစ်ပါသည်။

ကျွန်တော်၏လက်စွဲတော် သေနတ်နှစ်လက်အနက် အကြီးစား ဆင်ပစ်ရိုင်ဖယ်ထဲမှဆိုလျှင် .၄၇၀ နှစ်လုံးပြူးရိုင်ဖယ်နှင့် .၅ဝဝ ဘို့ နှစ်လုံးပြူးရိုင်ဖယ်ဖြစ်ချေ၏။

ဂျိဆင်းရူဘီကုမ္ပဏီမှ ပြုလုပ်ထားသော .၅၇၇ ဘို့ နှစ်လုံးပြူးရိုင်ဖယ်(မောင်းဖုံး)အဖို့ သယ်ရ ပိုးရ သည်မှာ သာမန်ရိုင်ဖယ်ကြီးတွေထက် နှစ်ပေါင် သုံးပေါင်ခန့် ပိုမိုလေးနေ၍ အင်မတန်အရေးကြီးသော အချိန်အခါများ၌သာ အသုံးပြုလေ့ရှိပါသည်။

မဂ္ဂဇင်းရိုင်ဖယ်ထဲမှာ ကျွန်တော်၏ လက်စွဲတော် သေနတ်နှစ်လက်မှာ .၃၇၅ မက်နမ်(ဟူလင်အယ် ဟူလင်ရိုင်ဖယ်)နှင့် .၄၁၆ ဂျိမ်းရူဘီ မော်တာရိုင်ဖယ် နှစ်ဖြစ်လေသည်။

.၃၇၅ မက်နမ်ရိုင်ဖယ်၏ ပြောင်းအရှည်သည် နှစ်ဆယ့်ငါးလက်မ ရှိပြီး၊ .၄၁၆ မော်တာရိုင်ဖယ်၏ ပြောင်းရှည်မှာလည်း နှစ်ဆယ့်ငါးလက်မရှည်ပြီး ဆယ် ပေါင်ကျော်ကျော်ကလေးမျှသာ လေး၍ ကိုင်ရ တွယ်ရသည်မှာ အင်မတန်ကောင်းမွန်လှပေသည်။

ဦးဘိုးဟန်ကြီးသည် သူ၏ညာဘက်လက်ထဲမှ .၅၀၀ ဘို့ နှစ်လုံးပြူးရိုင်ဖယ်ကို မြေပြင်၌ အသာထောင်ကာ သားကောင်ကြီးများ၏ ခြေရာကွက်ကြီးများ၏ အခြေအနေကို နီးနီးကပ်ကပ်ငုံ့ကာ လေ့လာ နေပြန်တော့သည်။

“ဟောဒီနေရာမှာ သားကောင်ကြီးတွေ ရပ်ပြီး စမြုံ့တောင် ပြန်သွားသေးတယ်၊ ခလေးတွေက နိုဆွဲစို့တဲ့ ခြေရာကလေးတွေဗျ”

အိုးဘောင်ခတ်ထားသလိုထပ်နေသော သားကောင် ခြေရာတွေကြီးများ၏ ခြေရာစုံတို့ကို ကြည့်လိုက်ပြီး ဝေဘန်လိုက်ပါသည်။

ကိုဘိုးရံအဘို့၌ သူ၏အချစ်တော် .၄ဝ၄ မော်ဇာမဂ္ဂဇင်းရိုင်ဖယ်ကို ဇော်ထမ်း ထမ်းကာ ပစ်ခတ်မှုအတွက် အာရုံစောနေပုံ တွေ့ နိုင်ပေ၏။ သူ၏မျက်လုံးများက သားကောင်ကြီးများ ကျင်းပြန့်ကနေ၍ တောင်ကုန်း တကုန်းပေါ်သို့ တက်သွားသည့် လမ်းကြောင်းဆီသို့ မမှိတ်မသုန် မျှော်မှန်းရမ်းဆကာ ရှေ့ခရီးစဉ်အတွက် အကဲခတ်နေပုံတွေ့နိုင်ပေ၏။

ကိုဘိုးရအဘို့ လျင်မြန်စွာဖြင့် ခြောက်ချက်တိတိ ဆက်၍ပစ်ခတ်နိုင်သော .၄၀၄ မော်ဇာမဂ္ဂဇင်း ရိုင်ဖယ်ကို အင်မတန် နှစ်သက်နေခဲ့သူဖြစ်သည်။ .၄ဝ၄ မော်ဇာရိုင်ဖယ်သည် မော်ဇာမဂ္ဂဇင်းရိုင်ဖယ်များအနက် အစွမ်းကောင်းဆုံး၊ အားအကြီးဆုံး ရိုင်ဖယ်ကောင်းတလက်လည်း ဖြစ်ပေ၏။

ဂျာမဏီ ပြည်လုပ် ကရပ်(ပ်) လက်နက်ရုံကြီးအတွင်း၌ ထုတ်လုပ်သော အမဲပစ်ရိုင်ဖယ်ကြီးတလက်ဖြစ်၍ အချိန်အဆ၌ အင်မတန်ကောင်းမွန်သလောက် ယမ်းအားအနေနှင့်လည်း .၄၀၁ ဂရိမ် စီးနင်းပြီး ကြီးငါးကြီး သတ္တဝါကြီးများကို တချက်ဆို တချက်နှင့် ချက်ပိုင်ပိုင် ထိမှန်လျှင် နေရာမရွှေ့နိုင်လောက်အောင် ပြင်းထန်ခရီးရောက်သော သေနတ်မျိုး ဖြစ်ပေ၏။

“ကဲ… ဆက်ပြီးလိုက်ကြရအောင်၊ ကျုပ်တို့ နှစ်စုခွဲပြီး လိုက်ကြမယ်”

– ဆက်ရန် –

စာရေးသူ – ဗိုလ်တာရာ(ရဲဘော်သုံးကျိပ်)
စာစီစာရိုက် – မုဆိုး တံငါ စာပေများ