သေရွာပြန်ဘမောင်နှင့်မြေအိုးကိုခွဲပြီးရွှေအိုးကိုယူသူ

Posted on

သေရွာပြန်ဘမောင်နှင့်မြေအိုးကိုခွဲပြီးရွှေအိုးကိုယူသူ
—————————————————————–

“ဖျော ဖျော ဖျော ”

” ဟောဟဲ ဟောဟဲ ဟောဟဲ ”

” ဝုန်း ဝုန်း ဒိန်း ဒလိန်း ဒိန်း ဒိန်း”

သည်းထန်စွာရွာသွန်းနေသော မိုးရေအောက် အသက် လုပြေးလွှားနေရပါသည်။ သူ့ရဲ့နံစောင်းမှာလည်း မြှားချက်ထိထားသောကြောင့် ထိုဒါဏ်ရာမှသွေးတို့မပြတ်ကျကာ နှလုံးကွဲကာလဲကျသေဆုံးလုခမန်း မောဟိုက်နေသော်လည်း နောက်ဆုံးအချိန်ထိ အသက်လုပြေးလွှားနေဆဲပါ။

သူပြေးရင်း လွှားရင်းတောအုပ်ညို့ညို့မှိုင်းမှိုင်းကြီးအား လှမ်းမြင် လိုက်ရရာ ထိုတောအုပ်သို့အရောက်ပြေးလွှားလာခဲ့ပါလေသည်။ တောအုပ်က ပိန်းပိတ်နေတာမို့ တောအုပ်ထဲရောက်လျှင်တော့ အနောက်မှထပ်ချပ်မခွာလိုက်လာနေတဲ့ ရန်သူ့လက်က လွတ်မြောက်ရလိမ့်မည်ဟုမျှော်လင့်ပြီး သူအားတင်းပြေးလွှားလာခဲ့ခြင်းဖြစ်ပါသည်။ သူတောအုပ်အစပ်ရောက်တော့ နောက်တချက်လှည့်ကြည့်လိုက်ရာ နောက်ကနေ ဇွဲနပဲကြီးစွာလိုက်နေတဲ့ရန်သူကိုမြင်ရတော့ မောပန်းခြင်းကို ဂရုမပြုအားပဲ အားသွန်၍တောအုပ်ကြီးထဲပြေးဝင်သွားပါလေတော့သည်။

ကိုဘမောင် မောဟိုက်လွန်းပေမယ့် ဒါဏ်ရာနှင့်ပြေးသွားသော တောဝက်ကြီးနောက်သို့ မျက်ခြေပြတ်မခံပြေး လိုက်လို့လာခဲ့လေသည်။ တောဝက်ကြီးပြေးသွားရာ လမ်း တလျှောက်မှာလည်း အမှတ်များက(သွေးများ)မကြာခဏကျကျန်ခဲ့တာမို့ မကြာခင်အချိန်အတွင်း တောဝက်ကြီးအမောဖောက်ကာ လဲကျတော့မည်ကိုသူအတပ်သိလိုက်လေသည်။ ဒါကြောင့်မနားမနေနှင့်တောဝက်ကြီးပြေးရာအတိုင်းထပ်ချပ်မကွာလိုက်လာခဲ့ခြင်းရယ်ပါ။ ရှေ့မှာတောအုပ်ကြီးတစ်ခုကို လှမ်းမြင်နေရပြီး တောဝက်ကြီးရဲ့ဦးတည်ရာက ထိုတောအုပ်ကြီးဆီသို့ဖြစ်ကြောင်း စိတ်ထဲကခန့်မှန်းမိလေသည်။ ဒီကောင်ကြီးထိုအထဲရောက်လျှင် နေရာကောင်းကောင်းမှာ ခိုတော့မည်မို့ မနားတမ်းပြေးလွှားလိုက်ခဲ့ခြင်းဖြစ်ပါသည်။

ကိုဘမောင်တောအုပ်ထဲသို့ ရောက်လာခဲ့ပါပြီ။ ပြေးလမ်း တစ်လျှောက်မှာအမှတ်များက(သွေးများ)အစောပိုင်းကထက် ပိုပိုများလာတာမို့မကြာခင် သူတောဝက်ကြီးရတော့မည်။ တောဝက်ရလျှင် အိမ်ကနေသူအပြန်လမ်းမှန်းမျှော်ပြီး ဘာသားကောင်ပါလာလေမလဲ မျှော်နေတတ်သောမိန်းမနှင့်သားသမီးလေးတွေရဲ့မျက်နာကိုပြေးမြင်မိလေသည်။ ထို့ကြောင့် ကိုဘမောင်ပြေးအားအရှိန်ကိုအသားကုန်မြှင့်လိုက်ပြီး အမှတ်များ(သွေးများ) ကျရာလမ်းတလျှောက်အတိုင်း စွတ်ပြီးပြေးအဝင်လိုက်တွင် တောအုပ်ထဲမှကြီးမားသော သစ်ပင်ကြီးတစ်ပင်ရဲ့အောက်သို့အကြည့်ရောက်သွားခဲ့သော်

” ဟင် ”

ကိုဘမောင် မိန်းမနှင့်သားသမီးများအတွက် သားကောင်အနောက် လောဘ၊ဒေါသနှင့်ပြေးလိုက်လာသောစိတ်များရုတ်ချည်းပျောက်ကွယ်သွားရကာ ဒူးတုပ်ထိုင်ချလိုက်လေသည်။ လက်ထဲမှဒူးလေးအား ဘေးချပြီး မိုးရေထဲမှာ ကိုယ်ခန္ဓာတစ်ခုလုံးရွှဲရွှဲစိုနေသော တရားကျင့်ကြံအားထုတ်နေသည့် သူတော်စင်သံဃာတော်တစ်ပါးကို ရိုသေစွာရှိခိုးကန်တော့လိုက်လေသည်။ ထိုစဉ့်သူ့ရင်မှ ဒေါသ၊လောဘစိတ်များလျှော့ပါးသွားရကာ သံဃာတော်အပေါ် အလွန်ကြည်ညို သဒ္ဒါစိတ်များပေါ်ပေါက်လာ၍ ခါးမှဓားကြီးအား ဆွဲထုတ်လိုက်ကာ အနီးအနားရှိ ဝါးပိုးဝါးကြီးများကို လိုက်လံခုတ်ယူလိုက်လေသည်။ ပြီးလျှင် သူတောင်စင်သံဃာတော်အတွက် သင့်တင့်လျှောက်ပတ်သော ဝါးအခင်း ဝါးတိုင်နှင့်ဖက်ရွက်များမိုးကာ ကျောင်းသင်္ခန်းလေးဆောက်လုပ်ပြီး သံဃာတော်သူတောင်စင်ကြီးအား ထိုကျောင်းသင်္ခန်းလေးတွင်သီတင်းသုံးရန် လျှောက်တင်ကာလှူလိုက်လေသည်။

တောကျောင်းလေးဆောက်လုပ်လှူတန်းပြီးသောအခါ ကိုဘမောင်လည်း တောဝက်ကြီးရဲ့နောက်ဆက်လက်၍ လိုက်လိုစိတ်အလျင်းမရှိတော့ပဲ သံဃာတော်သူတော်စင်ကြီး အားရိုသေစွာရှိခိုးကန်တော့ပြီး သူ့ရွာလေးရှိရာဆီသို့ စိတ်နှလုံးပီတိဖုံးကာဖြင့် ပြန်လာခဲ့ပါလေတော့သည်။

ကိုဘမောင် အိမ်ပြန်ရောက်တော့ တောထဲမှာ အကြီးအကျယ်မိုးမိလာခဲ့သည်မို့ အဖျားကြီးဖျားလေတော့ရာ မရှိဆင်းရဲသားဘဝမို့ဆေးရုံလည်းမတက်နိုင်လေပဲ ရွာရှိဆေးမြီးတိုများနှင့်ကုသရင်း တစ်စတစ်စအခြေအနေဆိုးလာရကာ နောက်ဆုံးတော့ကိုဘမောင်တစ်ယောက်လူ့လောကကြီးကို အပြီးအပိုင်စွန့်ခွာထွက်သွားရလေတော့သည်။ ကိုဘမောင်အသုဘအား ရပ်ဝေးမှဆွေမျိုးများ အလာကိုစောင့်ခဲ့ရသည်မို့ ချက်ချင်းမသင်္ဂျိုသေးပဲသုံးရက်ထားခဲ့လေရာ အခုသုံးရက်ပြည့်လို့ ရပ်ဝေးမှဆွေမျိုးအားလုံးလည်းရောက်ခဲ့ပြီမို့ အလောင်းမြေချရန် သင်္ချိုင်းရှိရာသို့ ကိုဘမောင်ရဲ့ကိုယ်ခန္ဓာကြီးကို သယ်ဆောင်လာခဲ့ကြပါ လေတော့သည်။
••••••••••

” ဝေါင်း ဝေါင်း ဝေါင်း ”

” ဂါး ဂရား ဂါး ဂါး ဝေါင်း ”

” ဟောဟဲ ဟောဟဲ ဟောဟဲ ”

ကိုဘမောင်အနောက်မှ ဧရာမှခွေးနက်ကြီးတွေအပြေး လိုက်လာနေကြလေသည်။ ကိုဘမောင်လည်း ကြောက်အား လန့်အားနှင့်ဟောဟဲဆိုက်အောင် ပြေးလွှားနေရကာ ကိုယ်ခန္ဓာတစ်ခုလုံးလည်း ဇီးကင်းအရွယ်ရှိချွေးသီး ချွေးပေါက်ကြီးများကျလို့ရယ်ပါ ။

တစ်ချိန်ကတော့ သားကောင်များနောက်သို့ ဇွဲနပဲဖြင့်လိုက်လံခဲ့သောကိုဘမောင် အခုတော့သူကတစ်ပြန် အသက်လုထွက်ပြေးနေခဲ့ရချေပြီ။

အမောဆို့ပြီး နှလုံးကွဲကာလဲကျ သေမတတ်ပြေးလွှားနေ
ရသော်လည်း ကိုဘမောင်လုံးဝမရပ်နားရဲပါချေ။ အနောက်ကိုတစ်ချက် တစ်ချက်လှည့်ကြည့်လိုက်လျှင် အစွယ်တွေ အဖွေးသားနှင့်ခွေးနက်ကြီးများက အသည်းတုန်စရာအတိ။ ရေရှည်ဆိုလျှင် ကိုဘမောင် လွှတ်မြောက်ဖို့ရာ ဘယ်လိုမှမလွယ်ကူတော့ပေ။ ထိုအချိန်အကွေ့တစ်ခုရောက်လာပြီး ကိုဘမောင် ပြေးအကွေ့လိုက်တွင်

” လာ လာ အကုသိုလ်ကောင်ဘမောင် မင်းကိုငရဲပို့ဖို့ အတွက်ငါတို့စောင့်နေကြတာကွ ”

ဟုဆိုပြီး ကိုဘမောင်အား ဧရာမငရဲသားကြီးနှစ်ယောက်ကဆီးကြိုဖမ်းထားလိုက်ကြလေသည်။ ငရဲသားကြီးများက အင်မတန်ထွားကျိုင်းသန်မာလွန်းသည်မို့ ကိုဘမောင်ဟာ ငရဲ သားကြီးနှစ်ယောက်ရဲ့လက်ထဲမှာ အရုပ်ကလေးတစ်ခုသဖွယ်ပင်။ ကိုဘမောင် ရှိသမျှအင်အားတို့ဖြင့်ရုန်းကန်နေသော်လည်းအချည်းနှီးပင်။
ငရဲသားကြီးနှစ်ယောက်က ကိုဘမောင်ကို ခြေဘက်က တစ်ယောက် လက်ဘက်ကတစ်ယောက်ကိုင်လိုက်ပြီးလျှင် အလျှံတညီးညီးတောက်လောင်နေသည့် ငရဲမီးပင်လယ်ကန်ကြီးထဲသို့ လွှဲရမ်းကာပစ်ချလိုက်လေတော့ သည်။

” အား……,……”

ကိုဘမောင်ကြောက်လန့်တကြား အသံကုန်ဟစ်အော် လိုက်ပါတော့သည်။ သူ့ရဲ့ကိုယ်ခန္ဓာကြီးက အလျှံတညီးညီးတောက်လောင်နေသော ငရဲမီးပင်လယ်​ကြီးထဲကျ ကာနီးအချိန်လေးမှာပဲ သူတောထဲတွင်သားကောင်လိုက်ရင်း သူတော်စင် သံဃာရှင်ကြီးအား ဆောက်လုပ်လှူဒါန်းခဲ့သည့် ဝါးကြမ်းခင်းများပေါ်လာပြီး ကိုဘမောင်ရဲ့ကိုယ်ခန္ဓာကြီးကို ငရဲမီးပင်လယ်အထဲသို့မကျရလေအောင် အောက်မှနေပြီးဝင်ရောက် ခံဆောင်ပေးလိုက်လေသည်။

ထိုအခါငရဲသားများက ကိုဘမောင်ကို နောက်ထပ်တစ်ကြိမ်ပြန်ပစ်ချပြန်လေသည်။ ပစ်ချလိုက်တိုင်းလည်း ကိုဘမောင်အောက်မှ ဝါးကြမ်းခင်းကြီးပေါ်ပေါ်လာကာ မီးပင်လယ်အထဲမကျရလေအောင် ဝင်ရောက်ခံဆောင် ပေးလေသည်။ ဒီလိုခံဆောင်ပေးနေသည်ကို အကြိမ်ကြိမ်တွေ့ရလေသောအခါ ငရဲသားကြီးများက ကိုဘမောင် အား ငရဲမီးပင်လယ်ကြီးအတွင်းသို့ထပ်ကာ ပစ်မချလေတော့ပဲ …….

” သြော် ဘမောင်ကသေနေ့မစေ့သေးဘဲကိုး ဘမောင်ဟာ လူ့ပြည်မှာလုပ်စရာတွေ အများကြီးကျန်နေသေးတယ် ငါတို့လူမှားပြီး ခေါ်လာမိတာပဲ ကဲကဲ ဘမောင်ကိုလူပြည်ပြန်ပို့ကြစို့ဟေ့ ”

“ဟုတ်တယ်ဟေ့ ပြန်ပို့စို့ ကဲ ဘမောင်ရေ သွားလေဦးတော့လူ့ပြည်ကို မင်းရဲ့လုပ်စရာရှိတာတွေဆက်လက်လိုက်ဦး”

ငရဲသားကြီးတို့က ထိုသို့ပြောပြီး ကိုဘမောင်ရဲ့ကိုယ်ခန္ဓာ ကြီးအား ဘယ်ညာနှစ်ယောက်ဆွဲပြီး လွှဲရမ်းကာ အထက်သို့ပစ်လိုက်လေတော့သည်။ ကိုဘမောင် တစ်ယောက်လည်း ရင်ထဲအေးခနဲဖြစ်သွားရကာ

” အား……”

” ဟာ သရဲ သရဲ ”

” ဟေ့ အလောင်းကြီးထလာပြီဟေ့ ”

” ပြေးဟေ့ ပြေး ပြေး ပြေး ”

” ဟယ် အလောင်းကောင်ကြီးက ထလာတယ် ”

လူအများပွက်လောရိုက်သွားရလေတော့သည်။ ကိုဘမောင် အလောင်းအား မြေကျင်းထဲထည့်ပြီး မြေဖို့ရန်ချိန်ရွယ်လိုက်စဉ် ကိုဘမောင် အလောင်းကြီးက အားခနဲတစ်ချက်အော်ဟစ်ပြီးထထိုင်လိုက်ရာ အသဲငယ်သူများက ဘာမျှတွေးမနေတော့ပဲ ဝေးရာသို့အော်ဟစ်ထွက်ပြေးကုန်ကြလေသည်။ ကိုဘမောင်တစ်ကိုယ်လုံးကချွေးများနှင့်ရွှဲနစ်လျှက်ရှိလေသည်။

ကြောက်တတ်သူများ ရုတ်ချည်းထွက်ပြေးကြသော်
ကျန်လူစုအထဲမှတွေးတောဆင်ခြင်ဉာဏ်လည်းရှိ သတ္တိလည်းကောင်းသူတစ်ယောက်ကဝင်ပြီး

” နေပါဦးဟ နေကြပါဦး သူမသေလို့ထလာတာဖြစ်နိုင်တယ်ကွ အဖျားကြီးလို့ သတိလစ်မေ့မျောနေတာကို လူတွေကသေတယ်ထင်ကြတာဖြစ်မှာပါ ”

” ရေ ရေပေးကြပါ ရေ ရေဆာတယ် ”

” ဘမောင် မင်း မင်းတကယ်မသေဘူးနော် သြော် အေး အေး ဟေ့ ဟေ့ကောင်တွေရေယူခဲ့စမ်းပါ မြန်မြန် မြန်မြန်လေး ကဲ ရော့ရော့ ဘမောင်ရေသောက်လိုက်ဦး ”

ကိုဘမောင်လည်းမတ်တပ်ထရပ်ကာ လူများပေးတဲ့ရေ ကိုတဝကြီးသောက်ပစ်လိုက်ပါတော့သည်။ ထိုအခါမှ ကိုဘမောင် ရေငတ်ပြေသွားရလျှင် စောစောက ထွက်ပြေးသွားတဲ့လူအများပါ ပြန်လာကြကာ တဆင့်စကားတဆင့်နားနဲ့ကိုဘမောင် အသက်ပြန်ရှင်လာတယ်ဟု ကြားပြီးလာကြည့်သူတွေဝိုင်းဝိုင်းကိုလည်လို့ပေါ့။

” ထူးဆန်းလိုက်တာကွာ ”

” ဟုတ်ပ ဟုတ်ပ တစ်ခါမှမကြုံဖူးသေးဘူး ”

” သေရွာပြန်ဘမောင်ပေါ့ ”

” ဟယ် တကယ်ကြီးကို ပြန်ရှင်လာတယ် ”

သတင်းကြားပြီး ရွာထဲကလူအများလည်း လာကြည့် ကြလေတော့သည်။ ထိုအထဲမှအပျော်ရွှင်ဆုံးသူများကတော့ ကိုဘမောင်ရဲ့ဇနီးနှင့်သားသမီးများဖြစ်ကြလေသည်။

ကိုဘမောင်ရဲ့မိန်းမနဲ့သားသမီးများက ပျော်လွန်းလို့ ကိုဘမောင်ကြီးအားဖက်ပြီး အားပါးတရငိုကြွေးနေကြ လေတော့သည်။ ထိုအခါဘေးမှအသက်ကြီးသူတစ် ယောက်ကဝင်ပြီး

” ဘမောင် မင်းဘယ်လိုဖြစ်ပြီး ပြန်ရှင်လာရတာလဲကွ ဟင် ”

” ကျုပ် ကျုပ်ငရဲပြည်ရောက်ခဲ့တယ်ဗျ အခုငရဲပြည်ကနေ လက်မခံလို့ပြန်လာရတာပါ ”

” ဟေ တကယ်လား ဘမောင် ”

“ဟုတ်တယ်တကယ်ပါအဘ ”

” ဟယ်အံ့သြစရာကောင်းလိုက်တာ ငရဲပြည်ကတောင် ပြန်လာရတယ်တဲ့ ”

” အေးဟယ် ထူးဆန်းလိုက်တာ သေရွာပြန်ကိုဘမောင် ကြီးရဲ့အဖြစ်က ”

” ကဲ ဘမောင် အားလုံးသိရအောင် မင်းဘာတွေကို ဘယ်လိုတွေ့ခဲ့ရတယ်ဆိုတာ ပြောပြပါလား ”

“ဟုတ်တယ် သိချင်တယ်ဗျ ”

“သိချင်ပါတယ် ပြောပြပါကိုဘမောင်ကြီး ”

လူအများက ဝိုင်းဝန်းတောင်းဆိုနေကြလေသောအခါ ကိုဘမောင်ကြီးက

” ကျုပ်ကြုံတွေ့ခဲ့ရတာက ဒီလိုဗျ ……………………….”

ကိုဘမောင်လည်း သူကြုံတွေ့ခဲ့ရတာကို အထက်မှာ ကျွန်ုပ်ဖော်ပြခဲ့သည့်အတိုင်း ရွာသူရွာသား လူအများကို လုံးစေ့ပတ်စေ့ ဖြစ်ကြောင်းကုန်စင်ပြန်လည်ပြောပြလိုက်လေတော့သည်။
••••••

ကိုဘမောင်တစ်ယောက်ထိုသို့ဖြစ်လာခဲ့ရပြီးနောက်ပိုင်း တွင် သူများအသက်သေမှ ကိုယ်ဝမ်းဝရသည့်မုဆိုး အလုပ်ကို ထာဝရစွန့်လွှတ်လိုက်လေသည်။ သူနေထိုင်ရာရွာက ချောင်းမအကျယ်ကြီးရဲ့အနီးမှာမို့ ရွာကလူတွေမြို့ပေါ်သို့သွားသည့်အခါမှာ လူအများသွားလာရေးအဆင်ပြေစေရန် ချောင်းကမ်းစပ်မှာ ဝါးဖောင်လေးတစ်ခုနှင့်လာစောင့်နေပြီး လူအများကိုအဖိုးနှုံးချိုသာစွာဖြင့် ဟိုဘက်ဒီဘက်ပို့ပေးကာ ငွေကြေးဆင်းရဲချို့တဲ့နွမ်းပါးသူများ၊ အသက်အရွယ်ကြီးမားသူနှင့် သံဃာတော်များအား အခကြေးငွေမယူပါပဲ ကုသိုလ်အဖြစ်နဲ့သာ ဟိုဘက်ဒီဘက်ပို့ပေးလေသည်။ ထိုအလုပ်ဟာ သူ့ရဲ့မိသားစုအတွက်လည်းဝင်ငွေရ၊ ကုသိုလ်လည်းရသည်မို့ သူ့ရဲ့အလုပ်ဟာ အင်မတန်မှမွန်မြတ်တဲ့ကုသိုလ်လည်းရ ၊ ဝမ်းလည်းဝအလုပ်ဖြင့်အသက်မွေးဝမ်းကြောင်းပြုနေလေတော့သည်။ သေရွာပြန်ကိုဘမောင်ကြီးဟာ ထိုအလုပ်မှာပင်မွေ့လျော်နေပြီး အသက်ကြီးလို့ဘဝနေဝင်ချိန်အထိ ထိုအလုပ်နှင့်ပင်ပျော်ပျော်ပါးပါးလုပ်ကိုင်ကာ ဘဝကိုအဆုံးသတ်သွားလေတော့သည်။

စာရေးသူ၏အမှာစာ—>
အကျွန်ုပ်လေးစားချစ်ခင်ရပါသော စာပေချစ်သူများလည်း ကိုဘမောင်ကြီးလို အကုသိုလ်အလုပ်ကိုပယ်ပြီး ကုသိုလ်အလုပ်နဲ့ ယှဉ်ကာ အသက်မွေးဝမ်းကြောင်းပြုနိုင်ပြီး ကုသိုလ်လည်းရ၊ဝမ်းလည်းဝ (ဒါမှမဟုတ်) #မြေအိုးကိုခွဲပြီးရွှေအိုးကိုအရယူနိုင်ကြပါစေ…လို့ ဆန္ဒပြုရင်း ဒီနေရာလေးမှာပဲ ကျွန်ုပ်စိုင်းဇာနည်{idea sai}ရေးသားသည့် မြေအိုးကိုခွဲ၍ရွှေအိုးကိုယူသူ ဇာတ်လမ်းလေးနိဂုံးကပါတ်အဆုံးသတ်ပါပြီခင်မျာ။

စိုင်းဇာနည်{idea sai}
2018-10-29

ဝန်ခံချက်
ဤစာမူသည် ကိုယ်တိုင်ရေးစာမူဖြစ်ပါသည်။ မည်သည့်စာပေတိုက်နှင့်မဂ္ဂဇင်းတိုက်များကိုမှ တိုက်ပြိုင်ပေးပို့ထားခြင်းမရှိပါကြောင်း ကျနော်စိုင်းဇာနည်ကတိပြုပါသည်။

Edit-
တကယ်တော့ ဒီစာစုလေးကို 2018ခုနှစ်ကကျွန်ုပ်ရေးသားပြီး မဂ္ဂဇင်းတိုက်သို့Onlineမှလှမ်းပို့ခဲ့သောဇာတ်လမ်းလေးသာဖြစ်ပါသည်။

✍စိုင်းရဲ့စာရှုသူများနှင့်ချစ်မိတ်ဆွေအပေါင်း ၁၃၈၄ခုနှစ်မြန်မာ့မဂ်လာနှစ်သစ်နှင့်အတူကိုယ်၊စိတ်နှစ်ဖြာကျန်းမာ၊ချမ်းသာပျော်ရွှင်ချမ်းမြေ့ပြီး ရန်သူမျိုးငါးပါးနှင့်ကိုးဆယ့်ခြောက်ပါးသောရောဂါဘယတို့၏နှိပ်စက်ဖျက်ဆီးခြင်းမှကင်းဝေးကာအေးမြသာယာသည့်ဘဝ ကိုယ်စီကိုယ်ငှပိုင်ဆိုင်ကြပါစေ။

ဖတ်ရှုအားပေးကြလေသော စာရှုသူတစ်ဦးချင်း၊တစ်ယောက်ချင်းစီသို့ ကျေးဇူးအထူးတင်ရှိပါသည်ခင်မျာ။

***********ပြီးပါပြီ***********

✍စာရှုသူချစ်မိတ်ဆွေအပေါင်းအားအစဉ်၊ထာဝရ ချစ်ခင်လေးစားရပါသည့်~

#SZN{idea sai}
စာပြီးချိန်-⏱4:47Pm[MLS]
April28,2022Thursday
🙏#အမြန်ဆုံးအေးချမ်းသာယာပါစေအမိမြေ🙏