သေရွာပြန် ဖိုးတေ(စ/ဆုံး)
————————–
“ဟဲ့။ဖိုးတေ။နင့်မလဲနော်။တစ်ရက်တစ်ရက်နေဖင်ထိုးအောင်အိပ်။နေ့လည်မှ ပိုက်သွားချတော့ဘယ်လိုလုပ်ပြီး ငါးရတော့မတုန်းဟဲ့။”
လေးကန်ရွာလေးရဲ့အစွန်ကအိမ်တစ်အိမ်မှာ မိခင်ဖြစ်သူဒေါ်လုံးတင် ရဲ့ ကြိမ်းမောင်းသံကို ဂရုမစိုက်ပဲအိပ်မြဲအိပ်နေတဲ့ ဖိုးတေ။ နာမည်နဲ့လိုက်အောင် ပေပေတေတေနေတတ်ပြီး ယမကာကိုလည်းအလွန်ကြိုက်တတ်သူ။ နေ့ခင်းဆိုပိုက်ချ ညနေရောက်ရင် ရွာလည်က ဘုံဆိုင်မှာ မူးပြီးမှောက်နေတတ်တယ်။
“ဟာ။အဘွားကြီးကလည်း နားငြီးလိုက်တာ။အေ့….။”
မနေ့ကသောက်ထားတဲ့အရှိန်ကမပြေသေးဟန်နဲ့ လေချဉ်ပါတက်လိုက်သေး။ ဒေါ်လုံးတင်ကို
အမေလို့တောင်တစ်ခွန်းမခေါ် စရိုက်ကြမ်းကြမ်းနဲ့ပြောတတ်ဆိုတတ်တဲ့ဖိုးတေ။ ကမန်းကတန်းမျက်နှာသစ်၊ငါးဖမ်းပိုက်ကိုလွယ်ပြီး လေးကန်ရွာရဲ့ အနောက်ဘက်က အင်းထဲမှာ ပိုက်ချဖို့
ဖိုးတေထွက်သွားတော့တယ်။ နွေလယ်နေကအတော်ပူပြင်းနေတာမို့ ချွေးသံတစ်လုံးလုံးနဲ့အင်းထဲမှာ ဖိုးတေတစ်ယောက်တည်း။ ပိုက်ချလိုက်ဆွဲယူလိုက်နဲ့ လုပ်နေရင်း ငါးတစ်ကောင်တစ်လေတောင် ပါမလာတာမို့ ဖိုးတေစိတ်တိုနေလေပြီ။
“ငါ-မ အင်း။ငါးကိုမရဘူး။တော်ပြီ။ကိုသာဓုရဲ့ဘုံဆိုင်ပဲသွားတာကောင်းတယ်။”
ပါးစပ်ကလည်း ဆဲရေးတိုင်းထွာရင်း ပိုက်မချတော့ပဲ ရွာထဲကိုပြန်ဝင်လာခဲ့တယ်။ ဒေါ်လုံးတင်ကတော့ ရွာဦးကျောင်းမှာ ဥပုသ်စောင့်သွားတာမို့အိမ်မှာမရှိ။အိမ်ထဲမှာပိုက်ထားပြီး အိမ်နောက်ဖေးကိုဝင်သွားလိုက်တယ်။ ခနအကြာမှာပြန်ထွက်လာပြီးရွာလယ်က ဘုံဆိုင်ကို ခြေဦးလှည့်တော့တာပေါ့။
“ကိုသာဓု။တစ်လုံးပေးဗျာ။အမြည်းဘာရှိတုန်း။”
“ဟေ့ဟေ့။ဒီမယ်ဖိုးတေ။အကြွေးဆိုရင်တော့မရောင်းပေးနိုင်ဘူးနော်။”
“ဟာခင်ဗျားကြီးအတော်စကားများတာပဲ။ဒီမှာတွေ့လား။”
ဖိုးတေ ခါးပိုက်ထဲက ငါးခူကြီးနှစ်ကောင်ကိုမြင်လိုက်ရတော့ ကိုသာဓုမျက်နှာဝင်းလက်သွားတယ်။
“ငါကစတာပါဖိုးတေရာ။သောက် စိတ်ကြိုက်သောက်။ဟဲဟဲ။”
ငါးခူနှစ်ကောင်ကိုတွေ့လိုက်တော့ ကိုသာဓုလေသံပြောင်းသွားတယ်။
” ဟင်းးး။ ခင်ဗျားကြပ်ကြပ်သတိထား။ဖိုတေအကြောင်းကောင်းကောင်းကြီးသိတယ်မလား။”
“သိ..သိပါတယ်ဖိုးတေရာ။ငါကစတာပါ။အမြည်းကတော့ လက်ဖက်သုပ်ပဲရှိတယ်။”
“ဘာနေနေဗျာ။ကျုပ်ကိုတစ်လုံးအရင်လာချ။”
ယမကာလေးဝင်ပြီဆိုရင် ရွာရိုးကိုးပေါက် ဆဲရေးတိုင်းထွာရင်း ရန်ရှာတတ်တဲ့ ဖိုးတေအကြောင်းကို လေးကန်တစ်ရွာလုံး ကလေးကအစခွေးအဆုံးသိထားကြတာမို့ ကိုသာဓု ဘာမှမပြောသာ။ ကိုသာဓုလာချပေးတဲ့ အရက်ကို ရေမရောပဲ တစ်ကျိုက်တည်းမော့ချလိုက်တာ တစ်ဝက်တောင်ကျိုးပါပေါ့။
“အားးးးးး။ ကောင်းလိုက်တာကိုသာဓုရာ။ထွီ။”
“ရေမရောပဲ ဒီလိုဆက်သောက်နေရင် မင်းသေလိမ့်မယ်နော်။”
“အိုဗျာ။လူဆိုတာ သေတစ်နေ့မွေးတစ်နေ့။အချိန်တန်သေရမှာပဲ။မဟုတ်ဘူးလား။ခင်ဗျားအမြည်းက ကြာလှချည်လားဗျ။”
“လာပါပြီကွာ။လာပါပြီ။”
ဖိုးတေရှေ့မှာ စတီးပန်ကန်ပြားလေးနဲ့ လက်ဖက်သုပ်တစ်ပွဲလာချပေးသွားတယ်။
“ဟိတ်လူ။ကျုပ်အရင်နေ့ကသောက်တာတွေရောဒါလေးနဲ့ချေလို့ရတယ်မလားဗျ။”
“အေးပါကွာ။မင်းစိတ်ချမ်းသာသလိုလုပ်။ဟုတ်ပြီလား။ဒီနေ့တော့စောစောပိတ်မယ်ကွာ။ငါလည်းဟိုဘက်ရွာကိုသွားစရာရှိသေးတယ်။”
“ဒါဆိုကျုပ်အိမ်မှာသောက်ဖို့တစ်လုံးထည့်ပေးလိုက်ဗျာ။ကျုပ်ပြန်တော့မယ်။”
“ဒါလေးတော့ ကုန်အောင်သောက်သွားလေကွာ။”
“တော်ပါပြီဗျာ။ဒီချိန်ဆိုအဘွားကြီးပြန်ရောက်နေလောက်ပြီဗျ။ကျုပ်ပြန်တော့မယ်။”
” အေးအေး။ဒါဆိုလည်း ဂရုစိုက်တော့ပြန်ကွာ။”
အချိန်ကား ညနေစောင်း။ ရွာလယ်လမ်းမှာဖိုးတေ တစ်ယောက် ပုဆိုးမနိုင်ပဝါမနိုင်နဲ့ ဒယိမ်းဒယိုင်လျောက်လာနေတယ်။ လက်ထဲမှာအရက်ပုလင်းကိုင်လာတဲ့အပြင်ခါးကြားမှာလည်းအရက်ပုလင်းတစ်လုံး။
“ကိုကြီးကျော်။ကိုကြီးကျော်။တို့ကိုကြီးကျော်။အေ့။ ထူးလည်းထူးတယ်။မူးလည်းမူးတယ်။တို့ကိုကြီးကျော်။ဟေ့။အေ့။ထွီ။”
“အီ…..။အီ…..။”
ဖိုးတေကိုမြင်တာနဲ့ ရွာထဲကခွေးတွေလန့်နေဟန်။တအီအီနဲ့ အမြှီးကုပ်ပြီး အိမ်အောက်ဆီကို အလျိုလျိုပြေးဝင်သွားကြတယ်။ ဖိုးတေကလည်း ဖိုးတေ မူးလာပြီဆိုရင် ခွေးတောင် အလွတ်မပေး တွေ့ရာတုတ်နဲ့လိုက်ရိုက်တတ်သေးတာ။ နောက်ဆုံးတော့ အိမ်ရှေ့ကိုရောက်လာခဲ့ပြီ။
“အဘွားကြီး။အေ့။ ဗျို့အဘွားကြီး။”
” ဟဲ့ဖိုးတေ။နင် မူးလာပြန်ပြီလားဟယ်။စိတ်တွေလည်းညစ်ပါတယ်။တစ်နေ့တစ်နေ့ဒီမကောင်းတဲ့ဟာတွေပဲလုပ်နေတော့တာ။လာ လာ အိမ်ထဲကို ပတ်ဝန်းကျင်ကလူတွေမြင်ရင် ဘယ်လောက်ရှက်စရာကောင်းလိုက်မလဲ။”
” ဘာပတ်ဝန်းကျင်လည်း။အဲ့ဒီပတ်ဝန်းကျင်က ကျုပ်တို့ကိုထမင်းကျွေးထားလို့လား။ပြောစမ်းပါအုံး။ဖိုးတေဆိုတဲ့ကျုပ်က ဘယ်ကောင့်မှ ေ-ာက်ဂရုမစိုက်ဘူး။အေ့။”
“အေးအေး။ဟုတ်ပြီ။ကဲအိမ်ထဲကိုလာပါတော့။နင်မရှက်ပေမဲ့ငါရှက်တယ်ဟဲ့။”
ဖိုးတေ အိမ်ထဲကို ဒယိမ်းဒယိုင်နဲ့ဝင်သွားတယ်။
အိမ်ထဲရောက်တာနဲ့ ခေါင်းတောင်မထောင်နိုင်တော့ပဲတစ်ချိုးတည်း အိပ်ပျော်သွားတော့တယ်။
အဲ့ဒီညမှာ ဖိုးတေ အိပ်မက်ဆိုးတွေမက်တယ်။
အိပ်မက်ထဲမှာကတော့ အင်းရဲ့အလယ်မှာဖိုးတေတစ်ယောက်တည်းပိုက်ချနေတုန်း တစ်စုံတစ်ယောက်ကတွန်းချလိုက်တာမို့ ဖိုးတေလှေပေါ်ကပြုတ်ကျသွားတယ်။ရေထဲကိုရောက်တော့လည်း ပြန်တက်လို့မရ။ ရေအောက်ကနေလက်တွေအများကြီးက ဖိုးတေ တက်လို့မရအောင်ဆွဲထားတယ်။ တစ်ဖြေးဖြေး ဖိုးတေ အသက်ရှူကြပ်လာတယ်။မျက်ခွံတွေလေးလာတယ်။နောက်ဆုံးမှာတော့ ရှိသမျှ အားကုန်သုံးပြီး ဖိုးတေ အော်လိုက်တယ်။
“အားးးးးးးးးး။”
” ဟဲ့ ဖိုးတေ။ အလန့်တကြားနဲ့ဘာဖြစ်တာလဲ။ကြည့်ပါအုံးချွေးတွေလည်းရွှဲလို့။”
ဘုရားဝတ်ပြုနေတဲ့ ဒေါ်လုံးတင် သားဖြစ်သူဖိုးတေရဲ့အော်သံကြောင့် အပြေးရောက်လာတယ်။
“ကျုပ်ဘာမှမဖြစ်ပါဘူး။အိပ်မက်ဆိုးတွေမက်နေတာနေမယ်။”
ဖိုးတေရဲ့စကားကြောင့် ဒေါ်လုံးတင် စိတ်ထဲ မတင်မကျဖြစ်သွားတယ်။
“အေးအေး။အဲ့ဒါဆို ဆက်အိပ်ချင်လည်းအိပ်။”
ဒေါ်လုံးတင်ဖိုးတေအနားက ထသွားတယ်။ ဆက်အိပ်ချင်လည်းအိပ်ဆိုပေမဲ့ ဖိုးတေမျက်လုံးတွေကကြောင်နေပြီမို့ ဘယ်လိုမှအိပ်မရတော့။ အိမ်နောက်ဖေးသွား မျက်နှာသစ်ပြီး ပိုက်ကိုယူကာ အင်းထဲကိုထွက်ခဲ့ပါတော့တယ်။ လမ်းတစ်လျောက်မှာလည်း ညကမက်ခဲ့တဲ့အိပ်မက်အကြောင်း စဉ်းစားရင်း ခြေလှမ်းတွေက လေးကန်လို့နေတယ်။ လျောက်လာရင်းကနေ အင်းစပ်ကိုရောက်တော့ ငှက်တစ်စင်းကိုယူပြီးအင်းလယ်ကိုရောက်အောင်လှော်တော့တာပေါ့။
အင်းလယ်ကိုရောက်တော့ ပိုက်ချရင်း ဆေးလိပ်ဖွာနေလိုက်တယ်။ ခဏစောင့်လိုက်ပြီး ပိုက်ကိုဆွဲတင်တော့ ဆွဲလို့မရ။ရေအောက်မှာပိုက်နဲ့ခြုံ တစ်ခုခုနဲ့ငြိနေတာဖြစ်ရမယ်ဆိုပြီး ဖိုးတေ အင်္ကျီချွတ်ကာ အင်းထဲကိုခုန်ဆင်းသွားတယ်။ အင်းနားမှာမွေးပြီး ငယ်စဉ်ကတည်းက ဖားနှိုက်ငါးရှာလုပ်နေသူမို့ ဖိုးတေ ရေကူးကျွမ်းတယ်။ ရေအောက်မှာပိုက်ကိုလိုက်ရှာပေမဲ့ ဖိုးတေမတွေ့။
အသက်ရှူကြပ်လာတာမို့ ရေပေါ်ပြန်တက်မယ်အလုပ် ဖိုးတေရဲ့ခြေထောက်ကို တစ်စုံတစ်ယောက်က ဖမ်းဆွဲထားတယ်။ ရုန်းကြည့်တယ်၊ဒါလည်းမလွတ်သေး။ အားကုန်သုံးပြီးရုန်းပေမဲ့လည်း အောက်ကိုပဲဆွဲချသွားတယ်။
မတတ်သာတဲ့အဆုံးဖိုးတေ လက်လျော့လိုက်ပါတော့တယ်။
*****
“အမလေးဖိုးတေ။အဖြစ်ဆိုးလှချည်လားငါ့သားရဲ့။အီးးးးဟီးးးး။”
အင်းစပ်မှာ ကန်တော့ပွဲတွေထိုးထားပြီး ဖျာလိပ်နဲ့ပတ်ထားတဲ့ဖိုးတေရဲ့အလောင်းကိုဖက်ကာ ရှိုက်ကြီးတငင်ငိုကြွေးနေသူကတော့ ဖိုးတေရဲ့မာတာမိခင် ဒေါ်လုံးတင်။ လေးကန်ရွာတစ်ရွာလုံးက ဖိုးတေအကြောင်းကို သိနေပြီးသားမို့ ဒေါ်လုံးတင်တစ်ယောက် ဝဋ်ကျွတ်သွားပြီလို့သာတီးတိုးပြောဆိုနေကြတယ်။ ရေနစ်သေသူမို့ ဖိုးတေနှုတ်ခမ်းတွေပြာနှမ်းပြီး မျက်ကွင်းတွေညိုနေတယ်။ အင်းထဲမှာရေနစ်တာဆိုတော့ ရွာထဲကို
မသယ်တော့ပဲ အင်းစပ်မှာတင် တဲထိုးပြီး အသုဘ မဏ္ဍပ်ဆောက်ထားကြတာပေါ့။
*****
“လူလေးဖိုးတေ။ဖိုးတေ။”
အသံကိုကြားနေရပေမဲ့လည်း ဖိုးတေမျက်လုံးတွေဖွင့်မရ။ ကြိုးစားပြီးဖွင့်ကြည့်လိုက်တော့အလင်းရောင်တွေစူးနေတာမို့ ဘာကိုမှသဲသဲကွဲကွဲမမြင်ရ။ မျက်လုံးကိုပွတ်သပ်ပြီးကြည့်လိုက်တော့ ဖိုးတေတစ်ခါမှမရောက်ဖူးတဲ့နေရာကိုရောက်နေတယ်။ ဘေးပတ်ဝန်းကျင်ကလည်းအဖြူရောင်တွေသာဖုံးနေတာမို့ ဘာကိုမှမမြင်ရဘူးပေါ့။ သူ့ရဲ့ဘေးမှာကတော့ အဖိုးကြီးတစ်ယောက်။
“လူလေးဖိုးတေ။ တယ်လည်းအကုသိုလ်ကြီးတဲ့ကောင်ကိုးကွ။”
” နေပါအုံး။အဘကကျုပ်ကိုသိလို့လား။”
” သိတာမသိတာအသာထား။အခုလိုအဘနဲ့ဆုံရတာမင်းအမေပြုခဲ့ဖူးတဲ့ ကုသိုလ်အကျိုးတွေကြောင့်မို့ပဲ။အခုချိန်ပြန်ရင် အချိန်မနှောင်းသေးဘူးကွဲ့။ ကဲကဲ။ ပြန်ပေတော့လူလေး။ပြန်ပေတော့။ မပြန်ခင်အဘတစ်ခုတော့မှာလိုက်မယ်။
လူလေးကမ်းကုန်အောင်ဆိုးခဲ့မိုက်ခဲ့ပြီးပြီမလား။
အမေ့နို့ဖိုးဆပ်ချိန်တန်ပြီလူလေး။အမေ့နို့ဖိုးဆပ်ချိန်တန်ပြီ။”
ထူးဆန်းတဲ့အဖိုးအိုကတွန်းလှဲလိုက်ချိန် ဖိုးတေ ချောက်ကြီးတစ်ခုထဲကိုကျသွားသလိုခံစားလိုက်ရတယ်။
*****
“ရေ….။ရေပေးပါ။အင်းးး။အဟွတ်။”
ဖျာလိပ်ထဲကထွက်လာတဲ့အသံကြောင့် အနီးအနားကလူတွေလန့်ပြီး ထွက်ပြေးကုန်ကြတယ်။
“အမလေး။ဖိုးတေဖုတ်ဝင်သွားပြီ။ပြေးကြ။ပြေးကြတော့။”
အင်းစပ်က အသုဘမဏ္ဍပ်လေးမှာ ရုတ်ရုတ်သဲသဲတွေဖြစ်ကုန်တယ်။ မကြောက်မလန့်တစ်ယောက်တည်းကျန်နေခဲ့သူကတော့ ဒေါ်လုံးတင်။
“ဟင်။ငါ့သားဖိုးတေ။ငါ့သားလေး။မသေဘူးနော်။အမလေးကံကြီးပေလို့ပေါ့ငါ့သားရယ်။ငါ့သားရေသောက်ချင်လို့လား။အမေတိုက်မယ်။အမေတိုက်မယ်ငါ့သား။”
ဒေါ်လုံးတင် အနားမှာချထားတဲ့ရေခွက်ကိုယူပြီး ထလာတဲ့ဖိုးတေကိုတိုက်လိုက်တယ်။ ဒီအကြောင်းကိုရွာဦးကျောင်းကဆရာတော်ဘုရားသိသွားပြီး အသုဘမဏ္ဍပ်ရှိရာကြွလာတယ်။
“တကာဖိုးတေ။အခုကတကာဖိုးတေဟုတ်ပါတယ်နော်။”
“တင်ပါ့ဘုရား။တပည့်တော်ဖိုးတေအမှန်ပါဘုရား။”
“အေးကွယ်။ရပ်ရွာထဲကလူတွေက တစ်ယောက်တစ်ပေါက်ပြောဆိုနေကြတော့ ဆရာတော်ကိုယ်တိုင်ကြွလာတာပဲကွဲ့။ကဲတကာဖိုးတေဘာတွေဖြစ်ခဲ့လဲပြောပြပါအုံး။”
“တင်ပါ့ဘုရား။ ဖြစ်ပုံကတော့ ဒီလိုပါဘုရား။
……………….။”
ဖိုးတေတစ်ယောက် အင်းထဲမှာပိုက်ချရင် ဖြစ်ပျက်ခဲ့တဲ့အရာတွေကို တစ်လုံးမကျန်ပြန်ပြောပြလိုက်တော့ တစ်ရွာလုံးက အံ့ဩနေကြတာပေါ့။
“တယ်လဲထူးဆန်းပေသကိုး။သေကံမရောက်သက်မပျောက်ပဲ ပြန်ရောက်လာတာကိုက ဒေါ်လုံးတင်ရဲ့ ကုသိုလ်တရားကြီးမားလှပါပေတယ်။သာဓုသာဓုသာဓုကွယ်။”
“ဒါနဲ့အရှင်ဘုရား။တပည့်တော်မရှင်းတာတစ်ခုရှိပါတယ်ဘုရား။”
“အေးဘာများတုန်းကွဲ့။”
“အဲ့ဒီလူကြီးပြောတဲ့ အမေ့နို့ဖိုးကျေအောင်ဆပ်ဆိုတာဘာကိုပြောတာလဲဘုရား။”
“ဒါကဒီလိုရှိတယ်ကွဲ့။ အမေ့နို့ဖိုးကျေအောင်ဆပ်ဆိုတာ မွေးသမိခင်ကျေးဇူးရှင် အသက်ရှင်နေစဉ်အတွင်းမှာ လုပ်ကျွေးပြုစုတာဟာလည်းနို့ဖိုးဆပ်တယ်လို့ယူဆလို့ရတယ်ကွဲ့။နောက်ပြီး ကိုယ့်ရဲ့မိခင် တိမ်းပါးကွယ်လွန်သွားတဲ့အခါ ကွယ်လွန်သူကောင်းရာမွန်ရာရောက်အောင် တရားဘာဝနာအားထုတ်ပြီး မေတ္တာပို့အမျှဝေတာဟာလည်း အမေ့နို့ဖိုးကျေအောင်ဆပ်တာနဲ့အတူတူပါပဲတကာ။”
“တင်ပ့ဘုရား။တပည့်တော်နားလည်ပါပြီဘုရား။”
*****
အထက်ပါဖြစ်ရပ်ဖြစ်ပွားပြီး တစ်လလောက်အကြာပြီးမှာတော့ လေးကန်ရွာလေးမှာ ခြိမ့်ခြိမ့်သဲ မဟာအလှူပွဲကြီးကျင်းပတယ်။ ရပ်ထဲရွာထဲက လူကုံတန် သူဌေးကြီးတွေစုပေါင်းပြီး တစ်ရွာလုံးက ရှင်မပြုရသေးတဲ့ ကလေးတွေကိုရှင်ပြုပေးတဲ့ အလှူကြီးပေါ့လေ။ အဲ့ဒီအထဲမှာ ဒေါ်လုံးတင်ရဲ့သား ဖိုးတေလည်းပါတာပေါ့။ အသက်
နှစ်ဆယ်ကျော်ပြီမို့ ဖိုးတေက ပဉ္ဇင်းခံရတယ်။
ဦးပဉ္ဇင်းဖိုးတေရဲ့ ဘွဲ့အမည်ကတော့
“အရှင်နန္ဒိယ”တဲ့လေ။ သားဖြစ်သူကို သင်္ကန်းဝတ်နဲ့မြင်ပြီးသွားပြီဖြစ်တဲ့ဒေါ်လုံးတင်ဟာအသက်အရွယ်လေးလည်းရပြီမို့ တရားရိပ်သာကိုအပြီးဝင်ရောက်သွားတော့တယ်။အဲ့အချိန်ကနေစလို့
လေးကန်ရွာတစ်ရွာလုံးကတော့ ဖိုးတေကို
“သေရွာပြန်ဖိုးတေ”ဆိုပြီးတော့ အမည်ပေးလိုက်ကြတာပေါ့လေ။
မှတ်ချက်။ ။ စိတ်ကူးယဉ်ရေးသားထားသောဇာတ်လမ်းဖြစ်ပါသောကြောင့်အမှားပါသွားခဲ့ရင်တောင်းပန်အပ်ပါသည်။
သင်ဆရာ မြင်ဆရာ ကြားဆရာအပေါင်းအား
ဦးထိပ်ထားလျက်
မောင်ပိုင်(ပုလဲ)