သံစဉ်ရိုင်းတေး(စ/ဆုံး)
———————
“အီကျီမဲ….အီကျီမဲ.. ဂူး..ဂူး..တောက်..တောက်…အီကျီမဲ.. .အီကျီမဲ…ဂူး..ဂူး..တောက်…တောက်..”
အီကျီမဲကို ခေါ်လိုက်တဲ့ ရောင်ဂျေးရဲ့အသံတွေက တုန်ယင်ပြီး ဆို့နင့်နေတယ်။ ဘောလုံးကွင်း တောင်ဘက်ထိပ်က ရောင်ဂျေးရဲ့ အော်ခေါ်သံကြားတော့ ဘောလုံးကွင်းမြောက်ထိပ်မှာ ခွေခွေလေး အိပ်နေတဲ့ အီကျီမဲက ခေါင်းထောင် လာတယ်။
“အေး ဟုတ်ပြီကွ၊ ခွေးက ခေါင်းထောင်လာတယ်။ ဟေ့ကောင် ရောင်ဂျေး ဆက်ခေါ်၊ ဆက်ခေါ်”
ဦးစိုးက ရောင်ဂျေးကို ဆက်ခေါ်ဖို့ ပြောနေပေမယ့် ရောင်ဂျေးပါးစပ်က နောက်ထပ်ခေါ်သံ ထွက်မ လာတော့ဘူး။ ဖြစ်နိုင်ရင် အီကျီမဲကို ရောင်ဂျေးဆီမလာဘဲ ဟိုး အဝေးကြီးကို ထွက်ပြေးသွားစေချင်တာ။ ဒါပေမယ့်ဗျာ အဖေက “ဆက်ခေါ်ပေးလိုက် ပါသားရယ်”လို့ ပြောတော့ ရောင်ဂျေးလည်း စိတ်အားတင်းပြီး မခေါ်ချင်ခေါ်ချင်နဲ့ အီကျီမဲကို ဆက်ခေါ်ရတယ်။
**********
“ရောင်ဂျေးရေ..ဒီမှာသားအတွက် ဘဘမျိုးက ခွေးလေး ထည့်ပေးလိုက်တယ်”
အဖေက ဝိုင်းထဲ ၀င်၀င်လာချင်း ရောင်ဂျေးကို လှမ်းအော်ပြောတယ်။ ဘဘမျိုးဆိုတာ ရွာမြောက် ဖျားမှာနေတဲ့ အဖေ့ရဲ့အစ်ကို၊ တစ်ကိုယ်တည်းလူပျိကြီး။ ဘဘမျိုးအိမ်မှာ ခွေးလေးတွေ ပေါက်နေတယ် ကြားလို့ အဖေ့ကို တောင်းခိုင်းလိုက်တာ။
“ဟေး…ဒါမှ တို့ဘဘမျိုးကွ”
ရောင်ဂျေးက ခွေးလေးကို လက်နှစ်ဖက်နဲ့မပြီး ခါယမ်းတော့ ရောင်ဂျေးကို မျက်လုံးပြူးလေးနဲ့ ပြန် ကြည့်တယ်။ ခွေးလေးက တစ်ကိုယ်လုံး မဲနက်ပြီး ၀ကစ်ကစ်နဲ့ ချစ်စရာလေး။ ခွေးလေးက ဗိုက်ဆာလို့နေ မှာ ရောင်ဂျေးလက်ကို သူ့လျှာနဲ့ သပ်နေတာ တပြတ်ပြတ်နဲ့ အသံတွေတောင်ထွက်လို့။ အမေ့ စျေးဆိုင်ထဲ က ကိတ်မုန့်တစ်လုံး အမြန်ပြေးယူပြီး ခွေးလေးကို ကျွေးရတယ်။ ရောင်ဂျေးက တစ်ဦးတည်းသောသားမို့ အဖော် အရမ်းမက်တယ်။ အခု လေးတန်းဖြေပြီး နွေရာသီကျောင်းပိတ်ထားတော့ ကစားစရာအဖော် မရှိ တော့ တစ်ယောက်တည်း ပျင်းနေတာ။ အဖေနဲ့အမေက ကုန်စုံဆိုင်ထောင်ထားတော့ စျေးရောင်းနေရတာ နဲ့ အားတယ်ကိုမရှိဘူး။ အခုတော့ ရောင်ဂျေး မပျင်းရတော့ဘူး။ ရောင်ဂျေးဘ၀ထဲ ခွေးလေး ရောက်လာပြီ လေ။
“အဖေ့ ခွေးလေးနာမည် ဘယ်လိုပေးရမလဲ”
အဖေက ခေါင်းကုတ်ရင်း
“ကိုရီးယားမင်းသမီးကြီးသားအမေကို မေးကွာ။ သူကြိုက်တဲ့ ကိုရီးယားမင်းသားနာမည်တွေ ပေးလိမ့်မယ်”
အဖေ့စကားသံအဆုံးမှာ အမေက စျေးဆိုင်ထဲကထွက်လာတယ်။
“အောင်မယ်.. တော်က ကျုပ်ကိုရီးယားကား ကြည့်တာကို မကျေနပ်လို့ သွယ်ဝိုက်ပြောတာမို့လား။ ပြော ချင်ရင်တည့်ပြော။ ကျုပ်က စျေး၀ယ်ရှင်းတဲ့အချိန်မှ ကြည့်တာပါတော့”
အဖေက တဟားဟားရယ်ပြီး ရောင်းဂျေးကို မျက်စပစ်ပြတယ်။
“အဲ့သဘောနဲ့ပြောတာ မဟုတ်ပါဘူး မေကြီးရာ။ မေကြီးက ဇာတ်ကားကြည့်တော့ နာမည်တွေ အများကြီး သိတယ်လေကွာ။ အ..ဟင်း..ဟင်း…”
ကိုရီးယားမင်းသားတွေကို အမေ စွဲလမ်းပုံလည်းကြည့်ဦးလေ။ ရောင်ဂျေးနာမည်ကိုတောင် ကိုရီး ယားမင်းသား လီရောင်ဂျေးနာမည်နဲ့ အဖေ့နာမည်ဦးထွန်းထွန်းကို ပေါင်းစပ်ပြီး ရောင်ဂျေးထွန်းလို့ ပေး ထားတာ။ အမေက ရောင်ဂျေး လက်ထဲက ခွေးလေးကို ကြည့်ပြီး
“သားခွေးက တစ်ကိုယ်လုံး မဲနက်နေတာဆိုတော့ ဟာ..ဟုတ်ပြီ။ အီကျီမဲလို့ ပေးလိုက်”
“ဟာဗျာ..အမေကလည်း ဘယ်လိုနာမည်ကြီးလဲ”
“ဟုတ်တယ် မေကြီးရ၊ နာမည်က တစ်မျိုးကြီးပဲ”
အမေက ရောင်ဂျေးနဲ့အဖေကို မိန့်မိန့်ကြီးပြုံးပြပြီး
“ကျုပ် အခု ကြည့်နေတဲ့ ကိုရီးယား ဇာတ်လမ်းတွဲထဲက မင်းသားနာမည်တော်ရေ့”
လို့ပြောတော့ အဖေရော၊ ရောင်ဂျေးပါ ရယ်မိကြတယ်။ ဒါနဲ့ ခွေးလေးနာမည်က အီကျီမဲဖြစ်သွား ရော။
**********
ရောင်ဂျေးနဲ့ အီကျီမဲက သိပ်ချစ်ကြတာမှ ညီအစ်ကို အရင်းတွေအတိုင်းပဲ။ ရောင်ဂျေး ကျူရှင်သွား ရတဲ့ ညနေခင်းကလွဲပြီး ကျန်တဲ့အချိန်တွေဆို အီကျီမဲနဲ့ပဲ ဆော့နေတာ။ ရောင်ဂျေး မနက်စာစားတဲ့အချိန် အီကျီမဲကိုလည်း ထမင်းထည့်ကျွေးတယ်။ မနက်စာစားပြီး ရောင်ဂျေးနဲ့အီကျီမဲ ပြေးတမ်းလိုက်တမ်း ကစား ကြတယ်။ မောလာရင် ခဏနားပြီး ရေအတူတူချိုးကြတယ်။ နေ့လည်စာစားပြီး ရောင်ဂျေး အိပ်တဲ့အခါ အီ ကျီမဲက ရောင်ဂျေးကုတင်အောက် လာအိပ်တယ်။ အီကျီမဲက ညကျတော့ ခြံဝိုင်းအလယ်က ကြောင်ရှာပင် အောက် သွားအိပ်တယ်။ အီကျီမဲနဲ့ နေ့တိုင်း ဆော့နေတော့ အချိန်တွေ ကုန်သွားတာတောင် ရောင်ဂျေး သတိ မထားမိဘူး။ နွေရာသီကျောင်းပိတ်ရက် ကုန်လို့ ရောင်ဂျေး ငါးတန်းပြန် တက်ရတော့မယ်။ အီကျီမဲ က နှစ်လခွဲအတွင်း ထွားကျိုင်း လာသလို ဥာဏ်ရည်လည်း တော်တော် ဖွံ့ဖြိုးလာတယ်။ ရောင်ဂျေးပြောတဲ့ စကားကိုလည်း နားလည်တယ်။ အိမ်ထဲ လူစိမ်း၀င်လာလို့ တဝုတ်ဝုတ်နဲ့ဟောင်နေရင်`အီကျီမဲ ဟောင် တာအခုရပ်´လို့ အော်လိုက်ရင် ချက်ချင်း ရပ်တယ်။ ပစ္စည်းတစ်ခု အဝေးပစ်ပြီး သွားချီလာခဲ့ဆို ချက်ချင်း ပြေးချီတယ်။ ခြံထာင့်မှာ မစင်စွန့်ဖို့ ပြထားတဲ့နေရာမှာပဲ အီကျီမဲက မစင်စွန့်တယ်။
“အီကျီမဲ.. မင်း လူတွေကို မကိုက်ရဘူးနော်။ လူတွေကို ကိုက်ရင် မင်းကို မခေါ်တော့ဘူး”
အိမ်က ကုန်စုံဆိုင်ဆိုတော့ စျေး၀ယ်လာသူတွေနဲ့ ရှုပ် ထွေးနေတတ်လို့ အီကျီမဲကို လူမကိုက်ဖို့ အမြဲပြောရတယ်။ ပြောမယ့်သာပြောတာပါ။ အီကျီမဲက အခုချိန်ထိ ဘယ်သူ့ကိုမှ မကိုက်ဖူးဘူး။ နောက်ပြီး အမေ့စျေးဆိုင်ကို စျေးလာ၀ယ်တဲ့ ရွာသူရွာသားအားလုံးက အီကျီမဲကို ချစ်ကြတယ်။
“ရောင်ဂျေး မင်းခွေးလေးကို ပတတ်ရပ်ပြခိုင်းဦး”
“ရောင်ဂျေး အီကျီမဲက မင်းပြေးခိုင်းရင်ပြေးပြီး။ ရပ်ခိုင်းရင် ချက်ချင်းရပ်တယ်ဆို”
“ရောင်ဂျေး ၊ရော့ ဒီ ကိတ်မုန့်လေးအဝေးပစ်ပြီး အီကျီမဲကို ကောက်ခိုင်းပြဦး”
အို…စုံနေတာပဲ။ ရွာသားတွေခိုင်းတာအားလုံး အီကျီမဲက လုပ်ပြတော့ အီကျီမဲကို လိမ္မာတယ်ဆိုပြီး ချီးကျူးကြတယ်။ အမေ့ဆိုင်က ကိတ်မုန့်နဲ့ ထန်းလျက်ခဲတွေလည်း ၀ယ်ကျွေးကြတယ်။ ရွာသားတွေထဲမှာ ၀က်သားတုတ်ထိုးသည် ဦးစိုးက အီကျီမဲကို အချစ်ဆုံးလို့ထင်တာပဲ။ အိမ်ကို စျေးလာ၀ယ်တိုင်း အီကျီမဲဖို့ ၀က်ရိုးတွေ ယူလာတတ်တယ်။ အီကျီမဲကလည်းအရမ်း လည်တယ်။ သူ့ကို မုန့်ကျွေးဖူးတဲ့လူဆိုရင် အမြီး တနန့်နန့်နဲ့ ပုဆိုးစဆွဲပြီး အစာ တောင်းတတ်တယ်။
ကျောင်းပြန်ဖွင့်တော့ ရောင်ဂျေး တို့ရွာနဲ့ နည်းနည်းဝေးတဲ့ ရွာက အထက်တန်းကျောင်းကို သွား တက်ရတယ်။ ပထမဆုံး ကျောင်းပြန်တတ်ရတဲ့ နေ့ကဆိုရင် အီကျီမဲကို လွမ်းလွန်းလို့ ရောင်ဂျေးဖြင့် ဘာ စာတွေ သင်သွားမှန်းကို မသိလိုက်ဘူး။ဘာလို့ငိုင်နေတာလဲလို့ ဘေးချင်းကပ်လျက်ထိုင်တဲ့ သူငယ်ချင်းက မေးတော့ ခေါင်းခါပြပြီး အိမ်အမြန်ပြန်ဖို့ ကျောင်းဆင်းချိန်ကိုပဲ စောင့်နေမိတယ်။ ကျောင်းကအပြန် အိမ် ပြန်ရောက်တော့ ရောင်ဂျေး စက်ဘီးတောင် မထောက်ရသေးဘူး။ အီကျီမဲက ခုန် ပေါက်ပြီး ရောင်ဂျေး ရင် ထဲ အတင်းခုန်၀င်တယ်။ တအီအီနဲ့ အော်ပြီး ရောင်ဂျေးလက်ကို လျှာတွေနဲ့ သပ်လို့။ အီကျီမဲလည်း ရောင် ဂျေးကို လွမ်းနေတာနေမှာပေါ့။ အမေ ပြောတာတော့ အီကျီမဲက မနက်ကတည်းက ဘာကျွေးကျွေး မစား ဘဲ ဝိုင်းပေါက်၀ပဲ မျှော်ကြည့်နေတယ်တဲ့။ `နောက် ရက် ငါကျောင်းသွားတဲ့အချိန်ဆို အစာစားရမယ်နော်´ လို့ ပြောပြီး အီကျီမဲကို အစာအမြန်ကျွေးရတယ်။
နောက်နေ့ကစပြီး ရောင်ဂျေးကျောင်းသွားရင် အီကျီမဲက ရွာထိပ်ထိ လိုက်ပို့တယ်။ ကျောင်းဆင်း ချိန်ဆို ရွာထိပ်မှာ အမြီးလေးတလှုပ်လှုပ်နဲ့ လာကြိုနေတာ အချိန် ကွက်တိပဲ။ ရွာထိပ်ဘောလုံးကွင်း တောင်ဘက်ခြမ်းဘေးက လမ်းမကြီးဆိုတော့ စက်ဘီးတွေ၊ ဆိုင်ကယ် တွေ အသွားအလာတွေနဲ့ ရှုပ်နေ တတ်တယ်။ အီကျီမဲကို တိုက်မိမှာစိုးလို့ ကျောင်းဆင်းချိန် ဘောလုံးကွင်း မြောက်ဘက်က လာကြိုဖို့ နေရာ ပြပြီး သင်ပေးရတယ်။ အီကျီမဲကလိမ္မာတော့ သုံးလေးခါမသင်ရပါဘူး။ ကျောင်းဆင်းချိန်ဆို ဘောလုံးကွင်း မြောက်ထိပ်ကပဲ စောင့်နေတာ။ ရောင်ဂျေးပြန်လာတာမြင်မှ ပြေးလာတယ်။
“အီကျီမဲ၊ ဒီနေ့ကျောင်းမှာ ပါဝါရိန်းဂျားလုပ် တိုင်းကစားကြတယ်။ ငါက အနီကောင်လေ။ မိုက်တယ်မို့လား။ နောက်ပြီး ဟိုကောင်ဟိန်းမင်းပြောတာ စိတ်၀င်စားဖို့ ကောင်းတယ်ကွ။ ခွေးမျက်ချေးကို လူ့မျက်လုံးပတ် လည် ဝိုင်းလိုက်ရင် သရဲတွေကြည့်လို့ရတယ်တဲ့။ ဟုတ်လား”
အိမ်ပြန်ရောက်တိုင်း အီကျီမဲကို ကျောင်းကအတွေ့အကြုံတွေ ပြောပြရတာ ရောင်ဂျေးဖြင့် မောကို မမောနိုင်ဘူး။
“ဟဲ့..သား..ရေချိုးတော့လေ။ ကျူရှင်သွားရဦးမယ်။ အီကျီမဲနဲ့ နောက်မှဆော့”
အမေပြောမှ ရောင်ဂျေးလည်း အဖြူစိမ်းချွတ်ပြီး ရေကန်ဆီ ပြေးရတယ်။ အီကျီမဲက ရောင်ဂျေး နောက်ကို ပြေးလိုက်လာတာပဲ။ တခြားခွေးတွေကသာ ရေကြောက်တာ အီကျီမဲက ရေသိပ်ကြိုက်တဲ့ ကောင်။ ရောင်ဂျေးရေချိုးတိုင်း အီကျီမဲကိုပါ ချိုးပေးရတယ်။ ရောင်ဂျေးတို့ သုံးတဲ့ဆပ်ပြာခဲနဲ့ အီကျီမဲကို ဆပ်ပြာတိုက်ပေးလို့ အမေဆူတာ ခဏခဏပဲ။ ရောင်ဂျေးကို ငေါက်မရတဲ့အဆုံး အမေက အီကျီမဲအတွက် ဆပ်ပြာခဲသီးသန့်ထားပေးတယ်။
**********
“သားရေ…မနက်ဖြန် ပျိုးကြဲမယ်လို့ ဦးဇော်မင်းကို သွားပြောပေးဦး”
“ဟာဗျာ.. အဖေကလည်း။ အခုမှကျောင်းက ပြန်လာတာကို”
“သားက လိမ္မာပါတယ်ကွာ။ အပြန်ကျ မုန့်ဖိုးပေးမယ်”
မုန့်ဖိုးဆိုတဲ့ အသံကြားမှ ရောင်ဂျေးရဲ့ စူနေတဲ့ နှုတ်ခမ်းက ပြုံးယောင်သန်းသွားတော့တယ်။ အဖေ ပေးမယ့် ပိုက်ဆံနဲ့ အီကျီမဲကို ကြက်ဖင်ဆီဘူး ၀ယ်ကျွေးရမယ်လို့တွေးပြီး ရွာတောင်ပိုင်းက ဦးဇော်မင်းတို့ အိမ်ကို ပြေးသွားမိတယ်။
“ဦးဇော်မင်း…ဦးဇော်မင်း..ဦးဇော်မင်း”
“ဂီး….ဂီး..ဂီး..”
ဦးဇော်မင်းက ထွက်မလာဘဲ သူတို့အိမ်ရှေ့မှာ အိပ်နေတဲ့ ခွေးကြီးက တဂီးဂီးနဲ့ ဟိန်းပြီး ရောင်ဂျေး ဆီ ပြေးလာတယ်။ ရောင်ဂျေး ရင်တွေ တဒိန်းဒိန်းခုန်လာပြီး လာလမ်းအတိုင်း လှည့်ပြေးရတယ်။ ရောင် ဂျေး နောက်လှည် ု့ကြည့်တော့ ခွေးကြီးက ရောင်ဂျေးနဲ့ နီးလာပြီ။ ရောင်ဂျေး ကြောက်လိုက်တာ။ ခြေဖျား လက်ဖျားတွေ အေးစက်လာပြီး အားကုန်ပြေးမိတယ်။
“ဝုတ်….ဝုတ်….ဂိန်..ဂိန်…”
“ဂိန်…ဂိန်..ဂီး..ဂီး….”
ရောင်ဂျေးနား ခွေးကြီးရောက်ခါနီးမှာပဲ ထင်မှတ်မထားတာ ဖြစ်လာတယ်။ ဘယ်ချိန်က ရောက် လာမှန်းမသိတဲ့ အီကျီမဲက ခွေးကြီးကို ၀င်ကိုက်ပြီး မြေကြီးပေါ်လုံးထွေး နေကြတယ်။ ခွေးကြီးက ပိုကြီး တော့ အီကျီမဲပဲ အကိုက်ခံ နေရတယ်။ ရောင်ဂျေးရင်ထဲ ဘယ်ကသတ္တိတွေ ၀င် လာလဲမသိဘူး။ လမ်း ဘေးက တွေ့တဲ့တုတ်ကိုယူပြီး ခွေးကြီးကို ၀င်ရိုက်ပစ်တယ်။ ဦးဇော်မင်းကလည်း အိမ် ထဲကထွက်လာပြီး တုတ်နဲ့၀င်ရိုက်မှ ခွေးကြီးက ထွက်ပြေးသွားတယ်။
“ရောင်ဂျေး ဘာဖြစ်သွားသေးလဲ”
ရောင်ဂျေးက ခေါင်းခါပြတော့
“အမလေး..တော်သေးတာပေါ့ကွာ။ အဲ့ခွေးအိုကြီးက ဘယ်က ရောက်လာတာလဲ မသိဘူး။အရင်က မတွေ့ ဖူးဘူးကွ”
“ဟုတ်..သားဖြင့် ကြောက်လိုက်တာဗျာ။ တော်သေးတယ် အီကျီမဲ ရောက်လာလို့။ ဒါနဲ့ မနက်ဖြန် ပျိုးကြဲ မယ်လို့ အဖေက ပြောခိုင်းလိုက်လို့”
“အေးအေး လာခဲ့မယ်လို့ ပြောလိုက်”
အီကျီမဲ ကိုယ်မှာ ဟိုခွေးစုတ်ကြီးကိုက်သွားလို့ အပေါက်အပြဲတွေ အများကြီးပဲ။ အိမ်ကျမှ ဆေးဝါ ရည် ထည့်ပေးရမယ်။
**********
အတန်းတင်စားမေးပွဲဖြေဖို့ နီးလာတော့ အခုတလော အီကျီမဲကို ရောင်ဂျေး သိပ်ပြီး ဂရုမစိုက်ဖြစ် ဘူး။ ကျောင်းဆင်းချိန်ဆို အီကျီမဲနဲ့ မကစားဖြစ်တော့ဘူး။ ရောင်ဂျေးဆီ အီကျီမဲ အမြီးလေးနှန့်ပြီး ပြေးလာ တိုင်း `ငါ မအားသေးလို့နော်။ စာမေးပွဲပြီးမှ ကစားရအောင်´လို့ ပြောပြီး မရသေးတဲ့ စာတွေကို ဖိပြီးကျက် ရတယ်။ အီကျီမဲကလည်း အလိုက်သိတယ်။ စာမေးပွဲတွင်း ရောင်ဂျေးရှေ့ကို မလာတော့ဘူး။ နောက်ဆုံး ဘာသာ ဖြေပြီးတာနဲ့ ကျောင်းစျေးဆိုင်က ကြက်ဖက်ဆီဘူးတွေ ၀ယ်ပြီး အိမ်အမြန်ရောက်ဖို့ စက်ဘီး ဒုန်း နင်းခဲ့တယ်။ ရွာထိပ် ဘောလုံးကွင်းမြောက်ဘက်မှာ အီကျီမဲကို မတွေ့ရဘူး။ အီကျီမဲက သူ့ကို ပစ်ထားလို့ စိတ်ဆိုးနေတယ် ထင်တာပဲ။ စာမေးပွဲဖြေနေတဲ့ သုံးရက်လုံး ရောင်ဂျေးကို လာမကြိုဘူး။ အိမ်ပြန်ရောက် ရောက်ချင်း အီကျီမဲကို လိုက်ရှာတော့ ခြံထောင့်မှာ လှဲအိပ်နေတယ်။
“ဟေ့ရောင်.. ငါ့ကို စိတ်ဆိုးနေတာလား။ စာမေးပွဲ ရှိလို့ပါကွ။ ရော့.. မင်းသိပ်ကြိုက်တဲ့ ကြက်ဖင်ဆီဘူး တွေ ၀ယ်လာတယ်”
အီကျီမဲကို ကြည့်ရတာ ရွှင်ရွှင်လန်းလန်းကို မရှိဘူး။ အရင်ဆို ကြက်ဖင်ဆီဘူးဆယ်ခုများ ခဏပဲ စားရတာ။ အခုများ တစ်ခုတောင် မစားချင်စားချင်နဲ့ စားနေတယ်။
“ဟေ့ရောင်..အားရပါးရစားလေကွာ”
အီကျီမဲက အမြီးလေး လှုပ်ပြပေမယ့် အရင်လို သွက်သွက်လက်လက် မရှိဘဲ မျက်စိတွေက စွေ စောင်းနေတယ်။ ကြက်ဖင်ဆီဘူး နှစ်ခုလောက်စားပြီး ချက်ချင်း ပြန်အန်တယ်။ တစ်ကိုယ်လုံး တုန်ယင် နေတယ်။
“အဖေရေ…အဖေ့… ဒီကိုလာဦး။ အီကျီမဲ ဘာဖြစ်တာလဲ မသိဘူး”
ရောင်ဂျေးရဲ့ အော်သံကြောင့် အဖေရော အမေပါ ပြေးလာကြတယ်။
“အဖေ့..အီကျီမဲက ဘာဖြစ်တာလဲမသိဘူး။ တစ်ကိုယ်လုံး တုန်နေတယ်”
အဖေက အီကျီမဲကို စူးစူးစိုက်စိုက်ကြည့်ပြီး
“အီကျီမဲက ရူးနေပြီထင်တယ်။ အမြီးက ကုပ်ပြီး သွားရည်တမြားမြား ကျနေတယ်။ သားနဲ့မေကြီး အီကျီမဲ နား မကပ်ကြနဲ့”
“အဖေ လျှောက်မပြောနဲ့။ အီကျီမဲက ဘာလို့ ရူးရမှာလဲ”
“သား မင်းအဖေစကား နားထောင်လေ။ လာ..အမေ့ဆီ”
အမေက ရောင်ဂျေးလက်ကိုဆွဲပြီး အနောက်ဆုတ်တော့ အီကျီမဲ မျက်လုံးတွေက ဟိုကြည့်သည် ကြည့်နဲ့ ဂနာမငြိမ်တော့ဘူး။ ရောင်ဂျေးကို မှုန်မှိုင်းနေတဲ့ မျက်၀န်းတွေနဲ့ တစ်ချက်ကြည့်ပြီး ဝိုင်းအပြင် ဘက် ထွက်ပြေးသွားတာ ရောင်ဂျေးအော်ခေါ်တာကို ပြန်မလာတော့ဘူး။
**********
“ဦးထွန်း တော်ခွေးက ဘောလုံးကွင်းထဲ ကျောင်းထားတဲ့ ကျုပ်နွားတွေ ၀င်ဆွဲလို့”
“ကိုထွန်း ခင်ဗျားခွေးက ကျုပ်အိမ်ထဲက ကြက်တွေ၀င် ဆွဲသွားတယ်”
“ဦးထွန်း ရှင့်ခွေးက သွားရည်တမြားမြားနဲ့ ရူးနေတာ သေချာပါတယ်။ တော်ကြာ ရွာထဲက ကလေးတွေ လိုက်ကိုက်မှဖြင့်”
အီကျီမဲက အိမ်ကိုပြန်မလာဘဲ ရွာထဲမှာ တော်တော်ကို သောင်းကျန်းနေပြီ။ ရွာသားတွေ လာတိုင် ပါများတော့ အဖေလည်းစိတ်ညစ်လာတဲ့ ပုံပဲ။ အီကျီမဲက အသိစိတ် လုံးဝပျောက်တာ မဟုတ်လောက် သေးဘူး။ နွားတွေ၊ ကြက်တွေ၊ ၀က်တွေသာ ၀င်ဆွဲတာ။ လူတွေတော့ မကိုက်သေးဘူးလေ။ လူတွေက တုတ်ဓားတွေ ကောက်ကိုင်လိုက်တာနဲ့ တန်းပြီး ထွက်ပြေးတာတဲ့။ ရွာထဲက ဆရာ၀န်ကလည်း ခွေးရူးတာ မှန်ရင် သတ်ပစ်ဖို့ အိမ်ကို လာပြောတယ်။ အခုလည်း ရွာသားတွေစုပြီး အိမ်ရောက်လာတယ်။
“ဦးထွန်း ခင်ဗျားခွေးက ကျုပ်သားကို ၀င်ဆွဲတယ်။ ကျုပ်သားက ဂျင်းဘောင်းဘီ၀တ်ထားတာမို့ ပေါက်မသွားတာ၊ နောက်ထပ်လူတွေ ထပ်ကိုက်မှာစိုးလို့ လာပြောတာ”
အဖေက သက်ပြင်းတစ်ချက်ချတယ်။ အဖေ့မျက်နှာက နီရဲလာပြီး
“တောက်…ဒီခွေးတော့ သေမှ အေးမှာပါ။ သတ်ပစ်လိုက်တော့ဗျာ”
“သတ်တာက ဟုတ်တယ်။ ခင်ဗျားခွေးက အရူးပါးဗျ။ လူအုပ် မြင်တာနဲ့ထွက်ပြေးတယ်။ ခွေးကသန်တော့ ကျုပ်တို့ တစ်ယောက်ချင်းဆီကျ သွားမသတ်ရဲဘူး။ အခု ဘောလုံးကွင်း မြောက်ထိပ်မှာ အိပ်နေတာ ကျုပ် တွေ့ခဲ့တယ်။ ခင်ဗျားခေါ်ရင်တော့ သူပြေးလာမှာပါ။ သူလာတဲ့အချိန် ကျုပ်တို့ဝိုင်းသတ်မယ်”
ဦးစိုးက သူ့၀က်တွေ အကိုက်ခံထားရတဲ့အပြင် သူ့သားပါ၀င်ဆွဲခံထားရလို့နေမှာ။ အီကျီမဲ သေမှ ကျေနပ်မယ့်ပုံစံပဲ။ ရွာသားတွေလက်ထဲမှာလည်း တုတ်တွေ၊ ဓားတွေနဲ့။ အီကျီမဲက ရူးသွားပြီဆိုတော့ အရင်လို မချစ်ကြတော့ဘူးနေမှာပေါ့။ အဖေက ရောင်ဂျေးကို အိမ်မှာပဲနေခဲ့ဖို့ အတန်တန် ပြောပေမယ့် အီကျီမဲကိုတွေ့ချင်လို့ အဖေ့ကို မရမကပြောပြီး ရွာထိပ်ကို လိုက်လာခဲ့တယ်။ အီကျီမဲက ရွာထိပ်ဘောလုံး ကွင်းမြောက်ဘက် ရောက်ဂျေးကျောင်းဆင်းရင် လာကြိုနေကျ နေရာမှာ အိပ်နေတယ်။
“ဦးထွန်း ခေါ်တော့လေဗျာ။ ဟေ့မင်းတို့က အရှေ့ကစောင့် ငါတို့က အနောက်က ၀င်ရိုက်မယ်”
အဖေက ရောင်ဂျေးကို တစ်ချက်ကြည့်ပြီး
“အီကျီမဲရေ အီကျီမဲရေ အီကျီမဲ အီကျီမဲ ၊ ဂူး…ဂူ….အီကျီမဲ… အီကျီမဲ..ဂူး..ဂူ..အီကျီမဲ.အီကျီမဲ”
အဖေဘယ်လောက်ခေါ်ခေါ် အီကျီမဲက ထမလာဘူး။
“ရောင်ဂျေး သားခေါ်မှ လာမယ်ထင်တယ်”
“အင့်ဟင်း.. သားမခေါ်နိုင်ဘူး အဖေ။ သူတို့က အီကျီမဲကို သတ်ကြမှာ။ အီကျီမဲ ရူးရတာ သားကိုကိုက် မယ့် ခွေးကြီးကို ၀င်ကိုက်ခဲ့လို့။ အီး..ဟီး..ဟီး”
“သားရယ်။ အီကျီမဲက ရူးနေပြီလေ။ အရင်ဆို လူမပြောနဲ့ တရိစ္ဆာန်တောင် ကိုက်ခဲ့တာမဟုတ်ဘူး။ သူက လူတွေကို လိုက်ကိုက်လို့ ခွေးရူးရောဂါ ပြန့်သွားလိမ့်မယ်။ သားက လိမ္မာတယ်နော်”
အဖေရော ရွာသားတွေကပါ အီကျီမဲကို ခေါ်ပေးဖို့ တတွတ်တွတ် ပြောနေတော့တယ်။ ရောင်ဂျေး တော့ သူတို့အားလုံးကို နားမလည်နိုင်တော့ဘူး။ အီကျီမဲအတွက်လည်း သိပ်၀မ်းနည်းတာပဲ။ ပြီးတော့ ငိုချင်တာပဲ သိတော့တယ်။
**********
“အီကျီမဲရေ ဂူး…ဂူ၊အီကျီမဲ..အီကျီမဲ…ဂူး..ဂူ”
အီကျီမဲက လှဲအိပ်နေရာက ထပြီး လေးလံတဲ့ ခြေလှမ်းတွေနဲ့ ရောင်ဂျေးတို့ လူစုဆီ တစ်လှမ်းချင်း လှမ်းလာတယ်။ အီကျီမဲကဘောလုံးကွင်း အလည်ခေါင် ရောက်နေပြီ။ တကယ်တမ်း အီကျီမဲ လှမ်းလာ တာမြင်တော့ ရောင်ဂျေးဆီလာဖို့ ဆက်ပြီးမခေါ်ရက်ပြန်ဘူး။ ဒီနားကိုရောက်ရင် သူတို့က ဝိုင်းသတ်ကြမှာ မဟုတ်လား။ ရောင်ဂျေးရဲ့ နောက်ထပ်ခေါ်သံ ထွက်မလာတော့ အီကျီမဲက ရောင်ဂျေးတို့လူစုဆီ တစ်ချက် ကြည့်ပြီး နောက်ပြန်လှည့်သွားတယ်။
“ဟာ…ခွေးက ပြန်လှည့်သွားပြီ။ ဟေ့ရောင် ရောင်ဂျေး ဆက်ခေါ်လေကွာ”
“မြန်မြန်ပြန်ခေါ်ပါဟ”
“မြန်မြန်ပြန်ခေါ်။ ရောက်လာတော့မယ်”
လူအုပ်ကြီးရဲ့ ဒေါသသံတွေ ပြည့်လျှံနေတဲ့ အမိန့် ပေးသံလိုလို၊ တိုက်တွန်းသံလိုလို စကားတွေ ဆက်တိုက် ထွက်ပေါ်လာတယ်။ အဖေက ရောင်ဂျေးလက်ကို ခပ်တင်းတင်းဆုပ်ကိုင်ပြီး
“သားကလိမ္မာပါတယ်ကွာ။ ဒါအားလုံး ကောင်းဖို့ပဲ။ ဆက်ခေါ်ပေးလိုက်ပါ သားရယ်”
အဖေ့ရဲ့စကားသံ အဆုံးမှာ “ငါ့ကို ခွင့်လွှတ်ပါအီကျီမဲရာ”လို့ ရင်နာနာနဲ့ တောင်းပန်ပြီး အီကျီမဲကို ထပ်ခေါ်ရပြန်တယ်။ ရောင်ဂျေးရဲ့ အဆက်မပြတ် အော်ခေါ်သံတွေကြောင့် အီကျီမဲက ရောင်ဂျေးတို့လူစု ဆီ ပြန်လှည့်လာတယ်။ အီကျီမဲနဲ့ လူအုပ်ကြီး နီးလာလေလေ ရောင်ဂျေးရင်ထဲ အီကျီမဲအတွက် စိုးရိမ်စိတ် တွေနဲ့ ပူလောင်လာပြီး အီကျီမဲ မျက်၀န်းတွေကို ရင်မဆိုင်ရဲလို့ မျက်လုံးကိုသာ ခပ်တင်းတင်း မှိတ်ထားမိ တယ်။
“မင်းတို့ အဲ့ဘက်က လှံနဲ့၀င်ထိုး။ ဒီဘက်က ဓားနဲ့ခုတ်မယ်”
“ဂိန်…ဂိန်….ဂိန်.”
“ထုဟ။ ခေါင်းကို အမြန်ထု”
ရွာသားတွေရဲ့ အသံနဲ့အတူ အီကျီမဲရဲ့ နာကျင်စွာ အော်ညည်းသံတွေက ရောင်ဂျေးနားထဲ မိုးကြိုး ပစ်ချနေသလိုပဲ။ ရောင်ဂျေး ထပ်ပြီးမကြားချင်တော့တာနဲ့ အိမ်ဘက်ကို ထွက်ပြေးလာခဲ့တော့တယ်။
“ဟေး….သေသွားပြီကွ”
ဘယ်သူ့အသံလဲ ရောင်ဂျေးမသိပါဘူး။ အီကျီမဲ သေသွားပြီလို့ ကြားတော့ ရောင်ဂျေး တစ်ကိုယ် လုံး အားအင်တွေ ကုန်ခန်းသွားသလို ခံစားရတယ်။ ရောင်ဂျေးရဲ့ခေါင်းက ချာချာလည်ပြီး မှောင်ကျသွား တယ်။ ဘာဖြစ်သွားမှန်း မသိပေမယ့် ရောင်ဂျေး မျက်လုံးဖွင့်ကြည့်တော့ သွေးအလိမ်းလိမ်းနဲ့ အီကျီမဲကို ရွာသားတွေက ဝိုင်းရိုက်နေကြတုန်း။
“ဟာ…..တော်ပါတော့ဗျာ။ အီကျီမဲကို ထပ်ပြီး မရိုက်ပါနဲ့တော့ဗျာ။ ..အီး…ဟီး..ဟီး”
အီကျီမဲကို ဝိုင်းရိုက်နေတဲ့ လူတွေကို ရောင်ဂျေး တွန်းထုတ်ပစ်တယ်။
“အီ……ကျီ…….မဲ……”
အသံကုန်အော်ပြီး အီကျီမဲကို ပွေ့ဖတ်ဖို့ ပြင်နေတဲ့ ရောင်ဂျေးကို အဖေက ဆွဲထားတယ်။
“သား..အီကျီမဲက သွေးတွေနဲ့ ပေပွနေတာ။ သားကိုင်လို့ မရဘူးလေ”
အဖေ့လက်ထဲက ရောင်ဂျေး အားကုန် ရုန်းပေမယ့် လွတ်အောင် မရုန်းနိုင်ခဲ့ဘူး။
အီကျီမဲ မျက်လုံး တွေက ပြူးကျယ်ပြီး ရောင်ဂျေးကို ကြည့်နေသလိုပဲ။ မယုံနိုင်ခြင်းများစွာနဲ့ ရောင် ဂျေးကို ကြည့်နေခဲ့တာလား၊ သူ့ကိုသတ်ဖို့ ကြိုးစားတဲ့သူတွေထဲ ရောင်ဂျေးပါ ပါတယ်ဆိုပြီး ရောင်ဂျေးကို စိတ်နာသွားပြီလား။ အီကျီမဲ သေရတာ ရောင်ဂျေးကြောင့်လား။ ရောင်ဂျေး စဉ်းစားရင်း မျက်ရည်တွေ စီးကျလာပြန်တယ်။
“ငါ့ကို မမုန်းပါနဲ့ အီကျီမဲရာ။ အီး….ဟီး…ဟီး….ငါ မင်းကို မခေါ်ချင်ပါဘူးကွာ။ သူတို့ခေါ်ခိုင်းလို့ပါကွာ။ ငါ့ကိုခွင့်လွှတ်ပါကွာ..နော်။ အီး..ဟီး..ဟီ..”
ရောင်ဂျေးလေ အဖေနဲ့ ရွာသားတွေကို မုန်းလိုက်တာ။ နားလည်း မလည်နိုင်ဘူး။ အရင်တုန်းကတော့ သူတို့ပဲ အီကျီမဲကို ချစ်တယ်ဆိုပြီး မုန့်တွေကျွေးကြ၊ လုပ်ခိုင်းချင်တာတွေ လုပ်ခိုင်းကြပြီး တော့။ အခုအီကျီမဲ ရူးသွားတယ်ဆိုတော့မှ ရောင်ဂျေးကို အတင်း ခေါ်ခိုင်းပြီး သတ်ပစ်လိုက်ကြတယ်။ ရောင်ဂျေး မြက်ခင်းပြင် သွေးအိုင်ကြားမှာ သေနေတဲ့ အီကျီမဲကို တစ်ချက် ထပ်ကြည့်လိုက်မိတယ်။ ပြီးတော့ အဖေ့ကို မေးခွန်းတစ်ခု မေးမိတယ်။
“အဖေ သားရူးသွားတယ်ဆိုရင်လည်း သားကို အဲလိုပဲ ဝိုင်းသတ်ကြမှာလားဟင်”
ဟမ်စိုင်း (ဆေးမန်း)
January,2015,ရတီမဂ္ဂဇင်း