သံယောဇဉ်မီး(စ/ဆုံး)
———————-
“ဖိုးခွေးရေ ဖိုးခွေး”
“ဟေ ဘာလဲလူမုန်း”
“ဟိုမှာလေ ဟိုမှာကြည့်လိုက်စမ်းပါ”
ဖိုးခွေးတစ်ယောက် လူမုန်းပြရာသို့လှမ်းကြည့်လိုက်ရာ ရေထမ်းပုံးဆိုင်းကိုထမ်းကာရေခပ်ပြန်လာသည့် ရွာလယ်ပိုင်းမှပန်းနုလေးကိုတွေ့လိုက်ရလေသည်။ ပန်းနုလေးဟာ အခုမှအသက်၁၇/၁၈နှစ်ခန့်ရှိသေးကာ မိန်းကလေးတို့မှာရှိသင့်သောကိုယ်ခန္ဓာအစိတ်အပိုင်းတို့ဟာ သူ့နေရာနှင့်သူအချိုးကျစွာရှိနေပြီး ဝင်းအိသောအသားအရေနှင့်ဖွံ့ထွားသောကိုယ်ကာယတို့က မြင်မိသူပုရိသယောကျာ်းသားတို့ကို စပါးကြီးမြွေတစ်ကောင်ညှို့သည်ထက် ညှို့အားပြင်းထန်လှပေသည်။ အခုလည်းဖိုးခွေးတစ်ယောက် ပန်းနုလေးကိုဘယ်လောက်ကြည့်နေမိသည်မသိ ပန်းနုလေးဟာ သူတို့နှစ်ယောက်ရှေ့ကဖြတ်ပြီး သူမအိမ်ဝိုင်းအပေါက်သို့ပင်ရောက်သွားလေပြီ။ ဖိုးခွေးကအခုထက်ထိမျက်နှာမလွဲသေးပေ။
“ဟေ့ကောင်ဖိုးခွေး”
“ဟာ လန့်လိုက်တာလူမုန်းရာ ဖြေးဖြေးလုပ်ပါဟ”
“ဘာလို့ ဒီလောက်လိုက်ကြည့်နေတာလဲကွ ပန်းနုလေးဟာ ငါအရင်ဦးထားသူဆိုတာလည်းသတိရပါဦးဖိုးခွေးရာ”
“ဒါတော့ ဒါပေါ့ကွ ဒါပေမယ့်ဒီနှစ်ထဲပန်းနုလေးတအားလှလာတယ် နော်”
“အေးလေ လှလို့လည်းငါအသည်းစွဲနေအောင်ချစ်နေမိတာပေါ့ ဒီလိုလုပ်မယ်ဖိုးခွေး”
“ဟေ ဘယ်လိုလဲဟ”
“ညရောက်ရင် ငါတို့နှစ်ယောက်ပန်းနူတို့အိမ်သွားချောင်းမယ်ကွာ”
“ဟာ ဖြစ်ပါ့မလားကွာ သူ့အမေကမကျွတ်မလွတ်ဖြစ်နေတယ်လို့ လူပြောများနေတယ်နော့”
“ဖိုးခွေးရာ ကောလဟာလစကားတွေကို ယုံမနေပါနဲ့ကွာ ညကြရင်ငါနဲ့အဖော်လိုက်ခဲ့ပါနော် နော်သူငယ်ချင်း”
“ဒါတော့ ခွင့်လွှတ်ပါလူမုန်း ငါကလူလူချင်းသာမိုက်ကယ်လုပ်ရဲတာ သရဲတော့ ငါအားကြီးကြောက်တယ်ဟ”
“လုပ်ပါသူငယ်ချင်းရာ ငါ ဒေါ်တောအရက်ဆိုင်ကအရက်တစ်လုံးတိုက်ပါ့မယ်”
“တကယ်လားလူမုန်း”
“တကယ်ပေါ့”
“အေး ဒါဆိုရင်တော့ငါလိုက်ခဲ့ပေးမယ်”
“အေးပါ အဲ့လိုလုပ်ပါသူငယ်ချင်းရာ”
လူမုန်းတို့ရွာကအိမ်ခြေနှစ်ရာ့ငါးဆယ် သုံးရာနီးပါးရှိလေသည်။ ပန်းနုတို့အိမ်ကရွာလယ်ခေါင်ရဲ့အနောက်ဘက်နှစ်အိမ်ကျော်မှာတည်ရှိပြီး ရွာလယ်အရှေ့အနောက်လမ်းမကြီးရဲ့တောင်ဘက်တွင်ရှိလေသည်။ ပန်းနုတို့အိမ်နှင့်လမ်းသာခြားတဲ့မျက်စောင်းထိုးလေးက ဒေါ်တောရဲ့အိမ်မှာတောအရက်ချက်ပြီးရောင်းလေသည်။ ပန်းနုအမေဆုံးပါးသွားခဲ့တာဟာ တစ်နှစ်ကျော်ကျော်လောက်ရှိပေမဲ့ မကျွတ်မလွတ်ဖြစ်ကာသူ့အိမ်မှာရှိနေသေးသည်ဟု တွေ့ဖူးသူများစကားအရတစ်ရွာလုံးသိနေလေသည်။ တစ်ညမှာပေါ့ အဲ့ဒီညက အရက်သမားကိုကံသိန်းတစ်ယောက် ညနေကတည်းကချက်အရက်တစ်လုံးအိမ်မှာဝယ်ပြီးသောက်နေတာ အရက်ကအစောသောက်ထား၍ကိုးနာရီလောက်ကြတော့ လမစ်မကိုက်ကာအိပ်မပျော်ဖြစ်နေတာနဲ့ဒေါ်တောအိမ်သို့ထွက်လာခဲ့လေသည်။ကိုကံသိန်းကအရှေ့ချောင်သား(ရွာအရှေ့ပိုင်းသား)ဆိုတော့ ဒေါ်တောရဲ့အိမ်သို့သွားလိုလျှင်ပန်းနုတို့အိမ်ရှေ့ကဖြတ်သွားရလေသည်။ ပန်းနုတို့အိမ်ဝိုင်းတံခါးပေါက်ရဲ့အနောက်ဘက်သို့လေးငါးခြောက်လှမ်းလှမ်းလိုက်သည့်အခါ မြောက်ဘက်ဘေးကတောအရက်ရောင်းသောဒေါ်တောရဲ့အိမ်ဖြစ်လေသည်။ ဒေါ်တောအိမ်သို့ရောက်တော့ အရက်ထိုင်သောက်နေသူလေးငါးယောက်ရှိတာနဲ့ကိုကံသိန်းလည်း တန်းမပြန်ပဲသူတို့နားဝင်ထိုင်ကာ စကားပြောရင်းသောက်နေလိုက်လေသည်။ သူ့အတွက်အရက်တစ်ပိုင်းကုန်မှနောက်ထပ်တစ်ပိုင်းကိုအိမ်အတွက်ထည့်ယူကာ အရက်ရောင်းသည့်အိမ်ကထွက်လာခဲ့လေသည်။ လမ်းပေါ်ရောက်မှဆေးလိပ်သောက်ချင်လာ၍နားကြားကဆေးလိပ်ကိုဖြုတ်ယူပြီး အိတ်ကပ်အတွင်းမှမီးခြစ်ကိုစမ်းလိုက်ရာ မီးခြစ်ကပါမလာချေ။ ဒါနဲ့ကိုကံသိန်းလည်းပန်းနုတို့အိမ်ရှေ့ရောက်လာ၍လှမ်းကြည့်လိုက်ရာ ပန်းနုတို့အိမ်ဟာခြံဝိုင်းစည်းရိုးခတ်မထားသောကြောင့် အိမ်ရှိရာအထိလှမ်းမြင်နေရလေသည်။ လရောင်မလင်းတလင်းရဲ့အောက် ပန်းနုတို့အိမ်ရှေ့ဝိုင်းအလည်ကောင်မှာ ဆေးလိပ်မီးတရဲရဲကိုမြင်လိုက်ရာ ကိုကံသိန်းဝမ်းသာသွားလေသည်။ ဒါဟာ ပန်းနုရဲ့အမေအိပ်မပျော်လို့ကုလားထိုင်ပေါ်တွင်ဆေးလိပ်ထိုင်သောက်နေခြင်းဖြစ်ရမည်။ ဆေးလိပ်မီးဝင်ညှိဦးမှဟု တွေးကာပန်းနုတို့အိမ်ဝိုင်းအတွင်းသို့လှမ်းဝင်လိုက်လေသည်။ထိုသို့လှမ်းဝင်လိုက်ပြီးမှကိုကံသိန်းခေါင်းထဲသို့အတွေးတစ်ခုဝင်ရောက်လာကာ
“ဟာ ပန်းနုအမေဆုံးသွားတာကြာပြီပဲ ဒါဆိုရင် ဒါ ဒါ ဟာ သရဲ သရဲ အား ကယ်ကြပါဦး ကယ်ကြပါဦးဗျ”
ကိုကံသိန်းတစ်ယောက်အရက်မူးနေသည်ကိုပင်စိတ်ကသတိမပြုမိတော့လေပဲ ကြောက်လန့်တကြားအော်ဟစ်ပြီး ဖနောင့်နှင့်တင်ပါးတသားတည်းဖြစ်အောင် ပြေးထွက်သွားလေတော့သည်။ ထိုသို့မကြာခဏဆိုသလို လူအများတွေ့နေရသောကြောင့် ပန်းနုအမေဟာမကျွတ်မလွတ်ဖြစ်နေကြောင်း ရွာထဲမှာသတင်းထွက်လာခဲ့လေတော့သည်။
ဖိုးခွေးနှင့်လူမုန်းနှစ်ယောက်သား ညရှစ်နာရီအချိန်လောက်တွင် ပန်းနုတို့အိမ်ရှေ့သို့ရောက်လာခဲ့ပြီး တိတ်တဆိတ်ချောင်းမြောင်းနေလိုက်လေသည်။ အကြံကတော့ တကယ်လို့ပန်းနုအိမ်ရှေ့သို့ထွက်လာလျှင်စကားဝင်ပြောမည်ပေါ့။ ခဏအကြာတွင်လူမုန်းကသူ့စကားအတိုင်း ဖိုးခွေးကိုအရက်တစ်လုံးဘိုးပေးလိုက်ရာ ဖိုးခွေးတစ်ယောက်ဒေါ်တောအရက်ဆိုင်ဘက်သို့ဝင်သွားလေသည်။လူမုန်းကတော့ ဆက်လက်ချောင်းမြောင်းနေဆဲ။မချောင်းလို့လည်းမဖြစ်ပေ။ ဗြောင်ဝင်သွားပါက ပန်းနုရဲ့အနီးမှာအမြဲရှိနေသည့် တင်နိုင့်လက်သီးစာမိမှာ ကြောက်ရသေးသည်မဟုတ်လား။ တင်နိုင်ဆိုတာကယောကျာ်းစိတ်ဝင်နေသည့်မိန်းကလေးဖြစ်လေသည်။ မိန်းကလေးဆိုပေမဲ့အထင်မသေးလိုက်နှင့် သူ့လက်သီးကတကယ်ပြင်းတာ တော်ရုံတန်ရုံယောကျာ်းလောက်ကိုတော့ တင်နိုင်ကမမှုချေ။ တင်နိုင်ကလည်းမိဘမဲ့တစ်ကောင်ကြွက်၊ ပန်းနုလေးကလည်းမိဘများမရှိတော့၍အဖော်မဲ့နေကာ တင်နိုင်ကအတူလာနေပြီးစောင့်ရှောက်ထားခြင်းဖြစ်လေသည်။ ထို့ကြောင့်လူမုန်းခမျာ ပန်းနုကိုမြင်တွေ့ချင်သော်လည်း တင်နိုင်လက်သီးကြောက်သောကြောင့်အိမ်ရှေ့လမ်းဘေးကနေ အသာကပ်ပြီးချောင်းနေရလေသည်။
“အင်း”
လူမုန်းတစ်ယောက် ရှေ့သို့သဲသဲမဲမဲချောင်းနေရာ နောက်ကျောဘက်မှသက်ပြင်းချသံကြားလိုက်လေသည်။ သူ့စိတ်ထဲမှာပေါ့ ဖိုးခွေးအရက်သောက်ပြီးလို့ပြန်ရောက်လာခြင်းရယ်လို့။ထို့ကြောင့် တစ်စုံတစ်ရာလှည့်မပြောပဲ ရှေ့သို့သာအာရုံစိုက်ပြီးဆက်ချောင်းနေလိုက်လေသည်။
“ဟင်း”
ဒုတိယအကြိမ်သက်ပြင်းချသံပေါ်ထွက်လာလေသည်။
“ပျင်းနေပြီလားဖိုးခွေး ခဏလောက်စောင့်ပါဦး သူ့မျက်နှာလေးမြင်ချင်သေးတဟ်ကွာ”
လူမုန်းကတီးတိုးပြောလိုက်ပေမယ့် ဖိုးခွေးဆီကတစ်စုံတစ်ရာတုန့်ပြန်လာခြင်းမရှိချေ။ ထို့ကြောင့်
“ဟေ့ ဖိုးခွေး ငါမေး”
လူမုန်းကစကားပြောရင်း နောက်ကျောဘက်လှည့်ကြည့်လိုက်ရာ သူ့နောက်ကျောမှာကပ်ပြီးရပ်နေသူကိုမြင်လိုက်သည်နှင့်စကားဆုံးအောင်မပြောနိုင်တော့ပဲ
“ဟာ သရဲ သရဲ အား………ကယ်ကြပါဦး…ကယ်ကြပါဦးဗျ သရဲ သရဲ”
လူမုန်းတစ်ယောက်အသံကုန်ဟစ်ပြီး ခြေဦးတည့်ရာသို့ပြေးထွက်သွားလေတော့သည်။သူ့နောက်ကျောဘက်မှာမြင်လိုက်ရသည်က ဆံပင်ရှည်ကြီးအားဖားလျားချထားသည့်အမျိုးသမီးတစ်ယောက်ရဲ့ပုံရိပ်ပင်ဖြစ်လေသည်။ ထိုသို့ဖြစ်ပြီးကြောက်လန့်အားကြီးကာလူမုန်းတစ်ယောက် တစ်ပတ်ခန့်ဖျားသွားရလေသည်။ ရွာထဲမှာထိုသို့မကြာခဏဖြစ်နေသောအခါ ရွာရှိရပ်မိရပ်ဖတို့မနေသာတော့ချေ။ အခုဆိုလျှင် ညအချိန်ပန်းနုတို့အိမ်ရှေ့ကဖြတ်လျှောက်ရမှာကိုပင်ကျောချမ်းနေကြလေသည်။ထို့ကြောင့်ရပ်ရွာလူကြီးများ ပန်းနုတို့အိမ်သို့ရောက်လာခဲ့ပြီး
“ဦးတို့လည်းမပြောချင်ပေမယ့် အများအတွက်အနှောက်အယှက်ဖြစ်နေရလို့ အခုလိုစီစဉ်ထားကြောင်းပြောရတာပါငါ့တူမ”
“ဟုတ်ကဲ့ ပန်းနုနားလည်ပါတယ်ဦးကြီး”
“အေးလေ သားမိချင်းသံယောဇဉ်ကိုဦးတို့ကိုယ်ချင်းစာပါတယ် အခုဟာကဘဝခြားသွားပြီလေ ဒီလိုဆက်နေဖို့မသင့်တော့ဘူး ညအချိန်ဆိုခလေးသူငယ်တွေအတွက် မိဘတွေတအားစိုးရိမ်ကြတယ် ကလေးပါလာရင်ဒီဝိုင်းရှေ့ကတောင်မဖြတ်ရဲတဲ့အထိပါ ဒါ့ကြောင့် လာမယ့်လပြည့်နေ့မနက်မှာ ဆွမ်းတရားနာပွဲလေးလုပ်မယ် ငွေရေးကြေးရေးလည်းမပူပါနဲ့တူမလေး တူမလေးတို့ဘဝကိုဦးတို့သိနေတာပဲ ရပ်ရွာကပဲစုပြီးအကုန်အကျခံပေးပါ့မယ်”
ရပ်ရွာလူကြီးတို့က ပန်းနုရဲ့အိမ်သို့လာပြီးထိုသို့အကျိုးသင့်အကြောင်းသင့်ပြောပြသောအခါ ပန်းနုစိတ်မကောင်း ညှိုးနွမ်းသောမျက်နှာလေးဖြင့်
“ဟုတ်ကဲ့ဦးကြီး ဦးကြီးတို့အဆင်ပြေသလိုစီစဉ်ကြပါ ငွေရေးကြေးရေးအတွက်လည်း အားလုံးကိုပန်းနုကျေးဇူးတင်ပါတယ်ရှင်”
“ကောင်းပြီတူမလေး အခုလိုအလွယ်တကူလက်ခံတာကျေးဇူးပါကွယ် ကဲ ဦးတို့လည်းအလုပ်ရှိသေးလို့ပြန်ဦးမယ် ဆွမ်းတရားနာဖို့အတွက်လည်းစီစဉ်ရဦးမယ်လေ”
“ဟုတ်ကဲ့ ကောင်းပါပြီရှင်”
ရပ်ရွာလူကြီးများပြန်သွားသောအခါ ပန်းနုတွေးပြီးမျက်ရည်ကျမိလေသည်။သြော် အမေ အမေ ဘဝခြားနေတာတောင်မှသမီးဖြစ်သူကိုစိတ်မချသောကြောင့် အိမ်ကမခွါပဲနေနေလေသည်။ ဒါဟာ မိခင်တစ်ယောက်ရဲ့သားသမီးအပေါ်ထားရှိသည့်မေတ္တာသံယောဇဉ်စိတ်ပင်ဖြစ်လေသည်။
ဆွမ်းတရားနာသောနေ့သို့ရောက်လာခဲ့လေပြီ။ ဆရာတော်ကြီးများမှပန်းနုလေးရဲ့အမေကို တရားဟောကာ မိမိနှင့်သင့်တော်သောဘုံဘဝသို့ကူးသင့်ကြောင်းဟောပြောဆုံးမပြီးလျှင် ပန်းနုကိုယ်တိုင်လည်းသူမမိခင်အား နားဝင်အောင်အသေချာပြောသင့်ကြောင်း အကြံပေးရာ ပန်းနုလည်းလူအများစိတ်ချမ်းသာစေရန်အတွက် မိမိဆန္ဒမပါသော်ငြားလည်း ကျလာမည့်မျက်ရည်ကိုအံကျိတ်တင်းခံကာ
“အမေရေ………သမီးနဲ့အမေဟာ ဘဝချင်းကမတူတော့ဘူးလေ…အဲ့ဒါကြောင့်သမီးအနားမှာအမေဆက်နေဖို့မသင့်တော့ပါဘူး…သမီးအခုလိုပြောတာဟာ အမေ့ကိုသမီးမချစ်လို့မဟုတ်ပါဘူး…အမေ့ကိုသမီးအရမ်းချစ်ခဲ့ရပါတယ်…သမီးကိုအမေချစ်တာကိုလည်းသမီးအသိဆုံးပါအမေ…ဒါပေမယ့် ဘဝချင်းမတူတော့တဲ့အတွက်…အမေသွားလိုရာကိုလွတ်လွတ်လပ်လပ်သွားပါအမေ…သမီးကိုစိတ်ချပါ…သမီးကလေးလည်းမဟုတ်တော့ပါဘူး…နောက်ပြီးတော့သမီးအနားမှာ တင်နိုင်လည်းအမြဲရှိနေလို့ ဘယ်သူမှမစော်ကားရဲပါဘူးအမေ…အမေ…အခုတရားပွဲဟာ အမေ့အတွက်ရည်စူးပြီးပြုလုပ်ပေးတာမို့…အမျှဝေတဲ့အခါမှာ…အမေသာဓုခေါ်ပြီး…အမေ့အတွက်သင့်တော်တဲ့ဘဝကိုကူးပါတော့အမေရယ် အဟင့် ဟင့်”
ပန်းနုမငိုမိအောင်တင်းခံထားပေမဲ့ စကားဆုံးကာနီးမှာ ရင်ထဲကဆို့တက်လာပြီး ဘယ်လိုမှထိန်းထားလို့မရ ဟင့်ခနဲရှိုက်မိပြီး ပူနွေးသောမျက်ရည်တို့ကပါးပြင်ပေါ်ကနေလျှောကနဲစီးဆင်းသွားရလေသည်။ ထိုအချိန်ပန်းနုရဲ့အနီးမှာပေါ့။ လူအားလုံးသာမြင်ခွင့်ရှိခဲ့မယ်ဆိုလျှင် ပန်းနုရဲ့မိခင်ကြီးဟာ သမီးကိုစိတ်မချသောမျက်ဝန်းနှင့်အသေချာကြည့်နေပြီး ပန်းနုမျက်ဝန်းကမျက်ရည်တို့စီးကျလာသည်ကိုမြင်သောအခါ သူမ၏အရိုးပေါ်အရေတင်ဖြစ်နေသည့် လက်ချောင်းသေးသေးလေးများနှင့်ယုယညင်သာစွာဖွဖွလေးသုတ်ပေးနေလေသည်။ထို့အတူ သူမ၏မျက်ဝန်းနှစ်ဖက်မှာလည်းကြေကွဲမျက်ရည်တို့လမ်းသွယ်နေရကာ သမီးဖြစ်သူပန်းနုလေးကိုမခွဲနိုင်မခွါရက်ကြည့်နေမိလေသည်။ ထို့စဉ်ခဏမှာပင်
(“အားလုံး ကြားကြားသမျှ အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လော့”
“သာဓု သာဓု သာဓု”)၃
ပန်းနုရဲ့အမေဟာ မျက်ရည်ကြားကနေ အားလုံးနှင့်အတူသာဓုလိုက်ခေါ်နေလေသည်။ သာဓုခေါ်၍ပြီးသောအခါ သမီးဖြစ်သူပန်းနုကိုနောက်ဆုံးအနေနှင့်ရီဝေသောမျက်ဝန်းဖြင့်ကြည့်လိုက်ပြီး
“အမေ့သမီးလေး အမေသွားတော့မယ်ကွယ်…သမီးလေးအနားကအမေမခွါချင်ပေမယ့် အမေနဲ့သမီးဟာဘဝချင်းအတူတော့လို့ မခွဲချင်ပဲခွဲရတော့မယ် နောင်သံသရာဘဝတစ်ခုခုမှာလူဖြစ်ခွင့်ရခဲ့ဦးမယ်ဆိုရင် အမေ့သမီးလေးနဲ့အမေပြန်ဆုံပါရစေလို့ ဆုတောင်းခဲ့ပါတယ်ရယ်…အမေသွားတော့မယ် နော်”
ပန်းနုမိခင်ရဲ့ဝိညာဉ်ဟာ ထိုသို့ပြောဆိုပြီးသောအခါ မျက်ရည်တွေကြားကနေ သမီးဖြစ်သူပန်းနုရဲ့ပါးပြင်သို့ဖွဖွလေးတစ်ချက်နမ်းရှိုက်လိုက်လေသည်။ပြီးသည်နှင့်သူမဝိညာဉ်ဟာ အခိုးအငွေ့များအလားပျောက်ပျယ်သွားရလေတော့သည်။ ထို့စဉ်ခဏမှာ
“ဟင်”
ပန်းနုရင်ထဲမှာထိတ်ခနဲ တကိုယ်လုံးရှိအကြောအချဉ်တို့သည်လည်းဖျင်းခနဲဖြစ်သွားရလေသည်။မိမိပါးသို့တစ်စုံတစ်ယောက်ထိလိုက်သလိုအေးခနဲပင်။ ထို့ကြောင့် ယောင်ရမ်းကာ မိမိပါးပြင်သို့လက်ဖြင့်အသာစမ်းလိုက်မိပြီး
“အမေ အမေသမီးကိုနှုတ်ဆက်သွားတာလား… အို အမေရယ် သမီး သမီးဘယ်လိုမေ့နိုင်တော့မှာလဲ…အမေပြုမူနေကျအတိုင်း…သမီးပါးကိုအမေနမ်းသွားတယ်ဆိုတာ သမီးမမြင်ရလည်းသိနေပါတယ်အမေရယ် အဟင့် ဟင့် အမေကောင်းရာသုဂတိလားပါစေ”
ပန်းနုတစ်ယောက် ထိုသို့တိုး
တိုးလေးရေရွတ်ဆုတောင်းပေးရင်း ပါးပြင်ကစီးဆင်းလာသည့်မျက်ရည်ပူများကိုပုခုံးပေါ်တွင်တင်ထားလေသော ယောဂီရောင်တဘက်လေးနှင့်ဆွဲယူသုတ်လိုက်ကာ ဒီနေရာလေးမှာပဲ ကျွနုပ်စိုင်းဇာနည်ရေးသားသော သံယောဇဉ်မီး ဟုအမည်ရသည့်ဇာတ်လမ်းလေး နိဂုံးကပါတ်အဆုံးသတ်ပါပြီခင်မျာ။
——————ပြီးပါပြီ—————–