သွေးပျက်ည
_______________________
တကယ်တော့ ကိုယ့်ရဲ့မုဆိုးဘဝမှာအစွဲရှိတယ်။
အဲဒါကဘာလဲဆိုတော့ … …
ပရလောကအတွေ့အကြုံတွေကို ပြန်မပြောချင်တာ…
သရဲကို လက်ခံသော်လည်း
တူတူတန်တန် ပြန်မပြောချင်တာပါပဲ …။
တောတောင်တွေထဲမှာက …တောအလုပ်နဲ့
သားစဉ်မြေးဆက်နေလာတဲ့သူတွေ ရှိကြတယ်။
တောသူတောင်သားဆိုတာသူတို့မှအစစ်…
မြို့ဆိုတာ တစ်လတစ်ခါ တောထွက်လေးရောင်းမှ
ရောက်တတ်တာရယ် … ။
တချို့တွေကျတော့… တောထဲမှာဆင်နဲ့သစ်ထုတ် ဝါးထုတ် ဖားရှာ မျှစ်ချိုးတစ်မိုးရောက်လို့သာ
ဖေါင်စီးပြီး မြို့ရောက်ဖူးတာ…
ဖေါင်စီးလို့ရတဲ့ငွေကို တောထဲအပါမခံဘူး…
တစ်ခါထဲ အကုန်သုံးခဲ့တာ … ။
သြော် …ကိုယ့်စာအုပ်ထဲမှာ
တစ်ခုပြောဖို့ကျန်သွားတယ်။
တချို့မုဆိုးတွေ သိကြပါတယ်
တောလည်သွားရင် …
အိတ်ကပ်ထဲ ပိုက်ဆံမယူရတဲ့တော ရှိတယ် …
ပိုက်ဆံယူချင်ရင်တောင်ဆားနဲ့ရောပြီး ဖက်နဲ့ထုတ်ရသဗျ ။
မုဆိုးရဲ့အိပ်ကပ်ထဲ ပိုက်ဆံပါရင် …
တောကောင်မပေးတဲ့့တောပိုင်တွေရှိတယ်။
ဒီခေတ်စကားနဲ့ပြောပြရရင် …လာဘ် မစားတဲ့တောပိုင်တွေပေါ့ ။
မုဆိုးတယောက်အနေနဲ့ …တောနက်ကြီးတွေထဲမှာ
ကျင်လည်ရတဲ့အခါ…တောသူတောင်သားတွေရဲ့ရိုးရာအစွဲကို မစော်ကားတတ်ဘူး ။
မယုံရင်တောင်မှ မလှောင်ပြောင်ဘူး…
ဒါပေမဲ့ကိုယ့် စိတ်ထဲလုံးဝမကြိုက်တာ
မလုပ်တာ ရှိတယ်။
အဲဒါက သရဲ တစ္ဆေနာနာဘာဝတွေအကြောင်းကို…
တခုတ်တရ ပြန်မပြောတတ်တာပါပဲ ။
မယုံတာတော့ မဟုတ်ဘူး…
တန်းမဝင်ဘူး ဘောင်မဝင်ဘူး လို့
သတ်မှတ်ထားတာ…
တပ်ထဲမှာတာဝန်ထမ်းဆောင်စဉ်ကတည်းက
တချို့စစ်သည်တွေ …
သရဲခြောက်တာကို ညဘက် တကူးတကပြန်ပြောရင်…
သိပ်ပီးတော့နားကြားပျင်း ကပ်မိတာပါ ။
တောသူတောင်သားတွေကို သရဲလိုလိုစုန်းလိုလို ပူးကပ်ပြီး တောင်တောင်အီအီပြောတာတွေကိုလည်း
မကြိုက်ဘူး။
ကိုယ့်စိတ်ထဲ လုံးဝ မနှစ်သက်ပါဘူး ။
အကြောက်စိတ်ဆိုတာကလည်း
တခါတလေကျတော့
လူကို အကျိုးပေးတာရှိတတ်ပါတယ်။
သေမယ်မှန်းလည်းသိပြီးဘယ်သူ့အတွက်မှလည်း
အကျိုးမရှိရင်တော့ ကြောက်သင့်တာပေါ့ ။
တခါတလေကျတော့လည်း …ကြောက်စရာကြီးကို
မျက်ဝါးထင်ထင် မြင်ခဲ့ရတာကိုကအရသာတခုပဲ မဟုတ်လား ?
တကယ်ဆိုရင်ငဌေးနဲ့မှမဟုတ် ကိုယ့်တပည့်
ယိုင်စောအောင်နဲ ့တောလည်လို့ညဖက် နယ်ကျွံပြီး
ပြန်မရောက်ရင်…ဒီလိုပဲ တခါတလေကြုံရတတ်သဗျ ။
ဒါပေမဲ့ တောထဲကပြန်ထွက်တိုင်း…
တပည့်ရေ…ဒီအကြောင်းကိုဘယ်သူ့ကိုမှပြန်မပြောနဲ့ကွ…
မင်းရောငါရောငပေါဖြစ်သွားမယ်ဟေ့ ။
တပည့်ကလည်း ‘ဟုတ် ‘ တဲ့
တစ်ခွန်းထဲပါပဲ …
သူက သေသည်အထိ
ကတိတည်သွားရှာတယ်။
ကိုကျော်သန်းလည်း ပြန်မပြောခဲ့ဘူး ။
စာအုပ်ထဲမှာ တချို့ ပြန်ရေးရတာတောင်
တမလွန်ကတပည့်တွေကို
ခွင့်လွှတ်ဖို့ စိတ်ထဲမှာ တောင်းပန်နေမိရင်း…
လိပ်ပြာမလုံသလိုလို ခံစားမိနေရတာပါပဲ ။
ကိုယ့်စိတ်ထဲ သတ်မှတ်တာဟာ…
သရဲဆိုတာ…
တောထဲက စားမရ သောက်မရ အလကားကောင်…
ညဘက် လာနှောက်ယှက်တတ်တဲ့ကောင် ။
ဒီတော့အမဲကြီးပစ်တဲ့မုဆိုးဟာ
သရဲကို အရေးတယူပြောစရာ အကြောင်းမရှိဘူးလို့ကိုခံယူထားတာပါ ။
fb ပေါ်မှာ ကိုယ့်ဖာသာရေးမိလိုက်လို့…
အဲဒါလေးက စာအုပ်ဖြစ်သွားတော့
ဖုံးထားသမျှပေါ် ဖွက်ထားသမျှကျော်ရပြီ။
အဲဒါကြောင့်မို့ အခု လင့်စင်ပေါ်ကအိပ်ပျက်ညအခန်းရဲ့မြှုတ်ကွက်ကို ရေးပြရပြီပေါ့လေ… ။
သရဲ နာနာဘာဝဆိုတာ မရှိဘူးလို့ မပြောသလို
ရှိတယ်လို့လဲသိနေသလိုလိုပါပဲ … ။
ဒါပေမဲ့ big game မုဆိုး တယောက်က…
သရဲကို အရေးတယူ လုပ်ရင်
ဘယ်မှာ သားကောင်ပစ်ရပါ့မလဲ …။
big game မုဆိုးဆိုတဲ့အမျိုးက
အကောင်ကြီးနောက်ကို လိုက်ရင်း
တောထဲမှာ ကြုံသလို အိပ်ရတာပါပဲ ။
ဒီအချိန်မှာ…အတူလာတဲ့လမ်းပြနဲ့
အပြန်အလှန် အားကိုးရတာ…
သူသိထားတာက
ကိုယ်ဟာ သရဲမကြောက်တတ်တဲ့
သူတယောက် ။
ကိုယ်ဘာတွေကြောက်တတ်တယ်ဆိုတာ…
အကြမ်းဖျဉ်းတော့ သူသိတယ်။
ဒီတော့ သူက ကိုယ့်ကိုအားကိုးသလို…
ကိုယ်ကလည်း သူ့ကို အားကိုး တယ် … ။
တစ်ခါတုန်းက အကောင်ကြီးနောက်လိုက်ရင်း…
ဒီလိုဘဲနယ်ကျွံပြီး တောထဲမှာ ညနက်သွားတယ်။
စခန်းကဝေးတော့ဗိုက်ဆာလာတယ် …
အဲ့ဒီတုန်းကလမ်းပြက မပါဘူး ။
ကိုယ်နဲ့ လမ်းပြလိုက်ဖူးသူတွေထဲမှာတော့
သစ္စာအရှိဆုံးလို့ပြောရမယ့်သူဟာ
တပည့်ကျော် ယိုင်စောအောင်ပေါ့ …။
အကောင်လိုက်ရင်း မှောင်သွားတော့…
အပြန်မှာ ညဘက်ချောင်းဘေး မီးဖိုရင်း ခဏနား
ညမနက်ပေါင်းပြီးအဆာဖြေစားကြရတယ် ။
သင်္ကန်းပင် အမြစ်ဆုံကြားမှာ မီးဖိုလေး ဖို
ဒီလိုပဲ …ပါလာတဲ့ အသားခြောက်လေးထုတ်လို့
မီးကင်ပြီး ကောက်ညှင်းပေါင်းကို ဝါးကျည်တောက်နဲ့ပြန်ပေါင်းစားကြရတာ ။
ယိုင်စောအောင်နဲ့က သစ်ပင်ပါးပျဉ်းအမြစ်ပေါ်မှာ
ဟိုဖက်ဒီဖက် ထိုင်ရင်း…
အသားခြောက်ကို ကောင်ညှင်းပေါင်းနဲ့
ဖက်စိုလေးပေါ်မှာတင်ပြီးတစ်ယောက် တစ်လှည့်
စားနေတုန်း…
” ဗြုန်း ” ခနဲဆို
လူနှစ်ယောက်ကြားမှာလက်တစ်ချောင်း ပေါ်လာတယ် ။
လက္က
တံတောင်ဆစ်အရှည်ကြီးနဲ့…
လက်မောင်းမပါတဲ့လက်ကြီး
အမွှေးတွေကလည်းထူပိန်းလို့…
တပည့်က လက်တို့ပြတော့ပျောက်သွားတယ် ။
မသိချင်ယောင်ဆောင်နေရင် …
တစ်ချက်တစ်ချက် အသားခြောက်ကို
လာ လာဆွဲတာ…
အဲ့ဒီလက်က တစ်ယောက်ယောက် အသားခြောက်ကိုလှန်းမှ ရောင်တော်ပြန်ပြီး ထွက်ထွက်လာတတ်တာ သတိမထားမိရင် မသိသာဘူး ။
သေချာကြည့်တော့မှပဲ …
နှစ်ယောက်အကြား
သစ်မြစ်ဆုံအောက် မြေကြီးထဲကထွက်လာတာကိုး ။
ကိုယ်က ပေါင်ပေါ်မှာတင်ထားတဲ့သေနတ်ကို
အသာလေး မ ပြီးကျည်ထိုးနေတာ…
တပည့်က အသာလက်ပြပြီး
သူ့ဘေးက ရှမ်းဓားမကို
ကိုယ်နဲ့ကွယ်ပြီး ချိန်ထားတယ် ။
ပြီး ကျန်တဲ့လက်တဖက်က …
အသားခြောက်ကို
ဖဲ့စားနေသလိုလို လုပ်တော့…
အဲဒီလက်ကြီးဟာ
သူ့လက်အောက်
သစ်မြစ်ကြားကနေ
အသာထွက် လာ ပါရော … ။
တပ်မတော်တပ်ကြပ်ကလည်း လက်မြန်ချက်…
ဖြတ်ကနဲဆို ဘယ်လက်အရုတ်
ညာလက္ကဓားနဲ့ဆတ်ကနဲခုတ်ချလိုက်တာ…
ဒုတ် ဆို သစ်ပင်ပေါ်ကို
အကောင်တစ်ကောင် မျောက်လိုအော်ပြီး ကမှူးရှူးထိုးတက်ပြေးသံ အတိုင်းသားကြားလိုက်ရတယ် ။
မျောက်တကောင်တက်ပြေးသလိုပဲ …
သင်္ကန်းပင်အမြစ်ဆုံကြားကို
ကြည့်လိုက်တော့လည်း
သူခုတ်လိုက်တဲ့လက်က
သင်္ကန်းပင်အကိုင်းခြောက်ပြတ်ကြီး
အဖျားမှာ ဂွနဲ့ လူလက်ကောက်ဝတ်လောက်
လုံးပါတ်ရှိတယ် ။
တစ်ပေလောက် ပြတ်ကျန်ခဲ့တာ…
တပည့်က ဖျတ်ကနဲဆို အဲ့ဒီသစ်ကိုင်းခြောက်ကို
မီးဖိုထဲ ပစ်ထည့်လိုက်တယ်။
စောစောကအကောင်တက်ပြေးသလို …
သစ်ပင်ပေါ်က အကောင်က တတောလုံးဟိန်းမတတ် မျောက်အော်သလိုအော်ပြီးသစ်ပင်တွေကူးပြီး
ပြေးတာ
အဝေးကြီးရောက်သည်အထိ ကြားနေရတယ် ။
မျောက်ဆိုတာကညဖက်အိပ်တတ်တဲ့ကောင် …
ဒီတော့ ဒီကောင်က ဘာကောင်လဲ တွေးသာကြည့်ပါ
တော့ဒါပေမဲ့အဲဒီတုန်းကအပြန်ဆိုတော့
စားပြီးတာနဲ့စခန်းဘက်ပြန်ခဲ့တော့နောက်ပိုင်းဘာ
ဖြစ်ခဲ့သလဲ မသိခဲ့ပါဘူး ။
ဒါကလည်းအကြိုဖွင့်ပြတဲ့မပြောဖြစ်တဲ့
ဇာတ်လမ်းတစ်ခုပေါ့… ။
ဒီတော့ ပရိတ်သတ်တွေ တောင်းဆိုနေတဲ့
ငဌေးနဲ့လင့်စင်ပေါ်က အိပ်ပျက်ညကို…
အထုတ်ဖြည်ပြရတော့မှာပေါ့လေ … ။
အဲဒီညက …သိတဲ့အတိုင်းတောဆင်က အငြိုးတကြီးနဲ့ တန်းတန်းစွဲ နောက်ကလိုက် ရန်လုပ်ချင်တာ
လေ … … ။
ကိုယ်တွေသာ စခန်းကိုပြန်ရင်
ဒါမှဟုတ် မြေပြင်တစ်နေရာရာမှာ စခန်းချခဲ့ရင်
မလွတ်နိုင်ဘူး နော် …။
ဆင်ကို ပစ်ရအောင်လဲ ချက်ခြင်းသေမှာမဟုတ်ဘူး။
အဲဒီညကတကယ် ကယ်ခဲ့တာဟာ
အစိမ်းသေ ညီနှစ်ယောက်ဆောက်ပေးထားခဲ့တဲ့
လင့်စင်လေးပါ။
ဆင်ကလန့်ပြေးတာမှ
ချောင်းထဲမှာ ဟပ်ထိုး လဲမတတ်ပဲ ။
သူပြေးတာ တခါမှမနားဘူး အဝေးကြီးကိုပြေးတာ…
တိတ်ဆိတ်နေတဲ့တောထဲမှာ
မနားတမ်း တ ဝုန်းဝုန်းပြေးနေတဲ့အသံကို
မိုင်ဝက်လောက်ထိ ကြားနေရတယ် ။
အသံကတဖြည်းဖြည်းဝေးပြီး ပျောက်သွား တယ်။
အမှောင်ထဲမှာ တယောက်နဲ့တယောက်စကားမပြောကြပေမဲ့ ငဌေးကလည်း ဒီအသံကိုပဲငြိမ်ပီး
နားထောင်နေတယ်ဆိုတာ ကိုယ်သိနေတယ် … ။
ဆင်က ဘာကိုများလန့်သွားပါလိမ့်???
စိုင်ထော့ကျိုးကပဲ ဒဏ်ရာကြောင့် သူ့ကိုရန်လုပ်လို့လား???
မဖြစ်နိုင်ဘူး …
သူ့ကိုဒီလို ပြေးရအောင်လုပ်နိုင်တဲ့
အကြောင်းအရာ ကို စဉ်းစားမရဘူး ။
တယောက်နဲ့တယောက် စကားမပြောဘဲ
ငြိမ်နေသော်လည်း…ငဌေးလည်း ဒါကိုဘဲတွေးနေလိမ့်မယ်လို့အမှောင်ထဲမှာ နေရင်း ကိုယ် သိနေတယ် ။
ဘာဘဲဖြစ်ဖြစ် …
လောလောဆယ်တော့ တစ်ရန်အေးသွားပြီ။
လင့်စင်အမြင့်က ပေ၂၀ ဆိုပေမဲ့…ဆင်သာ
ပတပ်ရပ်ပီး နှာမောင်းနဲ့ဆွဲချရင် မှီနိုင်မလားဘဲ ။
ဆင်ကို ဒီလိုလန့်အောင် လုပ်ပေးတဲ့အကြောင်းအရာကို သေချာအဖြေမထုတ်နိုင်ပေမယ့်လည်း…
စိတ်ထဲမှာတော့သက်သာရာရသွားစေခဲ့တာတော့
အမှန်ပါပဲ ။
တစ်လောကလုံး ပုံမှန်ပြန်ဖြစ်သွားပြီး…
မီးဖို နှစ်ခုစလုံးက မီးတောက်လေးတွေ …
တစ်ချက်တစ်ချက် ထတောက်နေတာကလွဲလို့…
ထင်းတွေ မီး ထိုးပေးသူမရှိတော့မီး စွယ်ကလည်းကျိုးနေပြီလေ ။
တိတ်ဆိတ်နေတဲ့တောကြီးထဲမှာ…
စမ်းချောင်း ရေစီးသံလေးက အခုမှ ပိုကျယ်လာသလို…
ပီပီသသ ပြန်ကြားနေရတယ် ။
လရောင်လည်း စောစောကထက် ပိုလင်းလာတော့…
သစ်ရွက်ကြားက လရောင်ကွက်လေးတွေကြောင့် တစ်ယောက်အရိပ်တစ်ယောက် မြင်နေရသလိုလို…
တနေကုန် ပင်ပန်းသမျှ အခုမှ အိပ်ချင်လာလိုက်တာ …။
ငဌေးရဲ့အသက်ရှူသံက တိုးတိုးလေးကြားနေရတယ်…
သူ့ရဲ့အသက်ရှူသံကို စိတ်ထဲကလိုက်မှတ်ပြီး…
တာလီခေါက်သလို တွက်ရင်းကိုယ်လည်း
အိပ်ပျော်တော့မယ် … ။
ကြည့်ရတာတော့ သူလည်း အိပ်ပျော်နေပြီ။
ဒါမှမဟုတ် အိပ်ပျော်တော့မယ်
နှစ်ယောက်သား အသက်ရှူသံလေးက
တိတ်ဆိတ်နေတဲ့တောကြီးထဲက လ့င်စင်ပေါ်မှာ တိုးတိုးလေး ။
ပုဆိုးလေးတွေကိုယ်စီခြုံပြီး ကွေးနေကြတာ…
မုဆိုးတယောက်အတွက် တောတွင်းအိပ်ယာလေးက
လုံခြုံတယ်လို့မဆိုသာသော်လည်း …
တညတာ ခိုလှုံဖွယ် ဆောင်သဉ်္ဇာတခုပါ … ။
ရင်ခွင်ထဲ ထွေးပွေ့ထားတဲ့သေနတ်လေးကြောင့်…
စိတ်က ပိုပီး အားရှိနေသလိုလို မှေးကနဲ အိပ်ပျော်သလိုလို အချိန်မှာပဲ…တဂျစ်ဂျစ်နဲ့တွန်းတိုးသံတွေ
အောက်ဖက်တဲထဲက ထွက်လာတယ် … ။
အမှောင်ထဲမှာ …တဲထဲကို သေချာမမြင်ရဘူး
အသံကအိုးခွက်တွေကို တိုက်ချသံ … ။
သေချာနားထောင်မိတော့…စောစောပိုင်းက ငဌေး
တင်ထားခဲ့တဲ့ ထင်းပုံပေါ်က အသားခြောက်ပန်း
ကန်ကို အလုအယက် လျှာနဲ့ယက်နေသံ … ။
အသံအနေအထားက တစ်ကောင်ထဲမဟုတ်ဘူး…
နှစ်ကောင်အတင်းလုပြီး ဝါးနေသံ
တောဝက်တွေလား??
တောခွေးတွေလား.?
ဂျီသားခြောက်ကို လုစားနေတာပဲ …။
အဲလိုတွေးနေမိတုန်း …
ချွတ်ဆို လင့်စင် လှုပ်သွား လို့
ငဌေးလဲနိုးနေတယ်…
သူလဲကိုယ့်လိုငြိမ်နားထောင်နေတယ် ။
အောက်ဖက်ကအသံက စောစောကထက် ပိုဆူညံလာတယ်။လုစားရုံ မ က ရန်သတ်နေသလိုလို…
တိရိစ္ဆာန် အသံနဲ့မတူဘဲ လူသံနဲ့တူနေတယ် … ။
ထင်းပုံပေါ်က ထင်းတွေပြိုကျသံ…
အသားခြောက်ပန်းကန်ပြုတ်ကျသံတွေ…
ပြီး …သစ်ပင်အောက်က မြေကွက်လပ်မှာ
လူညည်းသံလိုလိုနဲ့… ။
”ဖျောက် ”…
ငဌေးက ဓါတ်မီးထုတ်ပြီး
သစ်ပင်ကိုကျောမှီနေရာကနေ
စောင့်ကြောင့်ပြောင်းထိုင်လိုက်သလို …
ကိုယ်လဲသေနတ်ကို ရှေ့ထုတ်ပြီး…
ဒူးတဖက်ထောက်အနေအထားကို ပြောင်းထိုင်ရင်း
ကျည်တတောင့် အမြန်ထိုးလိုက်တယ် ။
ညနေထဲက ပစ်ပြီးသားကျည်နှစ်တောင့်ကိုအစားထိုးထားလို့ကျည်အိမ်ထဲမှာ ငါးတောင့်
အပြည့်ရှိနေတယ် …။
ကိုယ့်သေနတ်ကို …လင့်စင်အောက် မြေကွက်လပ်ဆီအသာအယာချိန်လိုက်မိချိန်မှာပဲ…
ငဌေး က ဓါတ်မီးခလုတ်ကို ဆတ်ခနဲ ဖွင့်ပြီး
အောက်ကိုမီးထိုးလိုက်ချိန် … ။
မြင်ရတဲ့မြင်ကွင်းနဲ့အတူ
ငဌေးပါးစပ်ကလည်း
ဟာ “ပေသီးပါလား “တဲ့… ။
မြင်ကွင်းက လူကိုနှလုံးသွေးရပ်အသက်ရှုမှားမတတ်ပဲ…ကိုယ်လဲတော်တော်ကြီးကို လန့်သွားတာ … ။
” ဗိုလ်ကြီး … ”
ငဌေးက ကိုယ့်ကိုတိုးတိုးလေး ခေါ်ပြီး
ဓာတ်မီးကို ပိတ်ပစ်လိုက်တယ် ။
” ပေသီးနဲ့သူ့အကိုဗျ ” တဲ့
ကိုယ်က မသိတော့…မီးရောင်အောက်မှာ မော့ကြည့်တဲ့ မျက်နှာတစ်ခုက အသက်ထွက်လောက်အောင်
ကြောက်စရာကြီး ။
မှတ်မိသလောက် တတ်သလောက် ပြောပြရမယ်ဆိုရင်
ဖောသွပ်နေတဲ့ အရုပ်မျက်နှာကြီး…
ပါးစပ်မှာလည်းအမြှပ်တွေ ထွက်လို့ ကိုယ်ခန္ဒာက လူမဟုတ် ခွေးလို့ပြောရမလား ? ။
ငဌေး ကပြောတဲ့ ‘ပေသီး ‘ ဆိုတာ အငယ်ကောင်…
ဒါဆို သူ့ကိုအပေါ်ကခွပြီး လုံးနေတာ’ မိုးညို ” ပေါ့
ပါးစပ်ကအမြှုပ်တွေ ထွက်နေတာ …
သေခါနီး မှိုတောက်တဲ့မျက်နှာတွေလား … ။
ဇာတ်လမ်းက အခုမှစတာ
ကျားကြောက်လို့ရှင်ကြီး ကိုးဆိုသလို…
ဆင်ကြောက်လို့လင့်စင်ကိုးမိပါတယ်
အဖြစ်က ဆိုးချက် ။
ဘယ်လိုလုပ်ရပါ့ …ဆင်းပြေးလို့လဲ မဖြစ်…
ဓါတ်မီး ရောင်မော့ကြည့်ပြီး ငြိမ်သွားတယ်။
ကိုယ်လည်းသေနတ်ကို လန့်ပြီး ကျည်ထပ်ထိုးမိလို့
ဂလောက် ဆို ပြောင်းရင်းထဲကထိုးပီးသားကျည်က
လင့်စင်ကြမ်းပြင်ပေါ်ကို ပြုတ်ကျလို့
လက်တဖက်နဲ့ ပြန်လိုက်ကောက်ရင်း…
” မီးပြန်ထိုးဟ … ငဌေး ရ ” ။
ငဌေး မီးပြန်ထိုးတော့ …
ဟိုနှစ်ကောင်က သစ်ပင်ရင်းမှာမော့ကြည့်လို့ ဗျ …
ခွေး မျက်နှာလိုလို ပြောင်းသွားဘီ…
လူနဲ့မတူတော့…
မြင်ကွင်းက ရှင်းနေတာ …
မီးရောင်အောက်မှာဖောသွပ်နေတဲ့ မျက်နှာနှစ်ခုနဲ့
မဟုတ်တော့ဘဲ…နီရဲနေတဲ့ မျက်လုံးနှစ်စုံ
နဲ့ခွေးမဲနှစ်ကောင် ။
ဒါကို ပြန်ပြောပြရဖို့
တော်တော်ကြီးကို ဆုံးဖြတ်ခဲ့ရတာ… ။
”မီးပြန်ပိတ်လိုက် ”
ငဌေး လည်း ကြံရာမရ
ကိုယ်လည်း ဘာလုပ်ရမှန်းမသိချိန်မှာ
မီး ပြန်ပိတ်ပြီး ငြိမ်နေတာ အကောင်းဆုံးလား … ။
ငြိမ်နေဖို့ ကြိုးစားပေမဲ့ …
နှစ်ယောက်စလုံး ဂဏှာမငြိမ်တော့
လင့်စင်က တချွတ်ချွတ်နဲ့ပေါ့ ။
အမှောင်ထဲမှာပဲ ငဌေးပုခုံးကို အသာညစ်ပြီး…
မကြောက်ဖို့ ကပ်ပြောလိုက်တယ်
ခဏတော့ငြိမ်နေလိုက်ကြတယ် ။
အပေါ်က နှစ်ယောက်ကငြိမ်နေသလို…
အောက်က နှစ်ကောင်ကလည်း ငြိမ်နေတယ်။
ခဏဆိုတာ မိနစ်ဝက်လားပဲ ။
အဲဒီလိုဖြစ်နေချိန်မှာပဲ …
တိတ်ဆိတ်နေတဲ့ အမှောင်ထဲမှာ
သစ်ပင်မှာ ကပ်ရိုက်ထားတဲ့သစ်သားတန်းကို
နင်းတက်လာသံ…
ရုတ်တရက် ကြားလိုက်ကြရတယ် ။
တထစ်ခြင်း နင်းတက်လာတာ
သိမ့်ကနဲဆို …
လင့်စင်ကြမ်းပြင်ကို ဆွဲယမ်းလိုက်သလိုဖြစ်ချိန်မှာ
ငဌေးက ဆဲပြီ ။
ငဌေးဆဲသံက အမှောင်ထဲမှာ
အာလုပ်သံကြီးနဲ့ ရုတ်တရက် ထွက်လာတာ…
ကြောက်စိတ်မွှန်နေတုန်း ငဌေးဆဲသံကို
အားမနာတမ်း ပြောပြပါရစေ…
နားထောင်လို့ကောင်းသလိုလိုပ ။
ငါ ” ဆို တာ ကြီးကို လျှာ လိပ်ပြီးမှ
နောက်က အတွဲလိုက် လွှတ်တာ…
သူ့ဆဲသံကြောင့် …
ဟိုနှစ်ကောင်ခုန်ချ ပြန်ဆင်းပြေးသွားတယ်
ကိုယ်လည်း ကြောက်စိတ်နဲနဲလျော့သွားတယ် ။
မသေခင်တုန်းကလည်း
အဲဒီညီအကိုက ငဌေးကို ကြောက်တယ်ဆိုပဲ ။
” မင်းက သွားကျွေးတာကိုးဟ
နဲနဲ ချပေးလိုက်ကွာ… … ”
ငဌေး ဆဲဆိုပြီး ပစ်ချတယ်…
အငမ်းမရလုစားသံက အတိုင်းသား ။
အမှောင်ကြီးထဲ …
အောက်မှာ လုစားနေကြတာ
ဝက် တွေလား?
ခွေးတွေလား?
လူလား?
သရဲလား … ?
ဝေခွဲမရနိုင်ဘူး ။
ငဌေးကတော့ မသေခင်ထဲက
ရင်းနှီးနေလို့ သာ ပေသီး လို့ပြောဒါ…
ကိုယ့် အမြင်တော့ လူမျက်နှာ
လိုလို တရိစ္ဆာန်လိုလိုပါ …
တော်တော်လေး ကြာတော့ငြိမ်သွားတယ်…
ကျေနပ်သွားကြတယ်ထင်ပါ့…
စိတ်ကသိပ်မသင်္ကာသေးတော့
ငဌေးကိုလက်တို့ပြီး ဓါတ်မီးပါတ်ထိုးခိုင်းလိုက်တယ် ။
တခုဆိုရင်အချင်းချင်းမမှားဖို့နဲ့ ကိုယ့်ဖက်ကိုယ်သာဂရုစိုက်ဖို့ မှာရသေး …
သူ့ဓါတ်မီးသွားရာကို သေနတ်နဲ့လိုက်ချိန်ရင်း
နှစ်ယောက်သား တစ်ယောက်နဲ့တစ်ယောက်
ပုခုံးချင်း ကပ်ထားမိတယ် ။
သေနတ်ကိုင်ထားတဲ့ကိုယ့်လက်ကို…
ငဌေးက အသာလာဆုပ်တယ်
” ပစ်ထုတ်လိုက်မလို့လား ဗိုလ်ကြီး ” တဲ့ ။
ငဌေးလက်ကအမှောင်ထဲမှာ
အေးစက်နေသလိုကိုယ်လက်တွေလည်း
တုန်လို့နေနေပါ့လား။
သူလက်နဲ့လာထိမှ …
ကိုယ့်ဖာသာသတိထားမိလိုက်တယ် ။
သတိဝင်လာတယ် …
သူ့နယ်ဆိုပေမဲ့
ကိုယ်ကသူ့ထက်ပိုကြောက်ပြလို့မရဘူးလေ ။
ကိုယ် က ကြောက်ရင်
သူကပါသူ့ကိုယ်သူခိုကိုးရာမဲ့လို့သူ့ဖာသာထင်သွားမယ်။
ဒါဆိုရင်တော့
ရှိတဲ့နှစ်ယောက်ဟာ စိတ်ဝမ်းကွဲဘီပေါ့ …
မဖြစ်ချေဘူး
ဒီညကိုကျော်ဖြတ်ဖို့
ကိုယ် ကဘဲဦးဆောင်ရမယ်။
တွေးရင်းနဲ့ လက်ရှိအနေထားကို
တွက်ချက်လိုက်တယ်။
ဒီတော့…
သူတို့ကအစာစားခြင်နေတာ…
ကျွေးစေခြင်တာ …
ခက်တာက ဘယ်ထိတောင်းနေမှာလဲ ?
ကုန်သွားရင်ရော … ?
ဘာဘဲဖြစ်ဖြစ် နှစ်ယောက်စလုံး တည်ငြိမ်ဖို့
အရင်လုပ်ရမယ် ။
အခြေအနေကို
လက်တွေ့ကျကျရင်ဆိုင်ဖို့
သတိ ဝင်လာတယ်။
ငါကြောက်နေလို့မဖြစ်ဘူးလို့ကိုယ့်ဖာသာတွေးရင်း…
” ပစ်ထုတ်ရအောင် ဆင်လောက်ကြောက်စရာ
မဟုတ်တာကွာစားချင်လို့လာတောင်းတာပဲ
အခုကျွေးလိုက်လို့ကျေနပ်သွားပြီ
သရဲမြင်ဖူးတာ မင်းရောငါရောကံကောင်းလို့ပေါ့ကွ ” လို့ လိုတာထက်ပိုပြီး
ငဌေးကို ရှင်းပြ ရင်း
အကြောက်ဖြေလိုက်တယ် ။
ရေပေးပါဦးဆိုတော့ …
ဝါးကျည်တောက်နဲ့ ကြိုပီးထည့်လာတဲ
့ရေနွေးနွေးလေး
ငဌေးက ကမ်းပေးတယ် ။
ရေကနွေးနေဆဲဆိုတော့ …
ကြောက်နေတုံး သောက်လိုက်ရတာ အရသာရှိချက်
ရေသောက်ပြီး နဲနဲလေးကြောက်စိတ်ပြေလာတယ် ။
ငဌေးကလည်း ရေနွေးကိုတလှည့်သောက်ရင်း
ဒီညီအကိုနှစ်ယောက်က …
ဆင်ဦးစီးတွေ …ဗိုလ်ကြီးရ
ဆင်ကိုတအားနိုင်တာ…
ငမြှောင်သစ်ဝိုင်းမှာ
သစ်ကုန်သည် သစ်ဆွဲဖိုးမပေးလို့
ညီအကိုနှစ်ယောက်က
ဒါးနဲ့ထိုးပြီးဒီဖက်လာပုန်းနေတာ ။
ဟိုကောင်တွေက
အုပ်စုတောင့်တော့ …
ငွေမပေးဘဲ ပြန်ဆဲလို့
တင်းပြီး ညီက ထိုးတာ
စိတ်ထားကောင်းကြပါတယ်။
အထိုးခံရတဲ့ကောင်လဲ မသေပါဘူး။
ဒီဖက်လာပုန်းနေရင်း
အခုလိုဖြစ်သွားတာ ။
ဦးစီးလောကမှာတော့ …
ဆင်ဆိုးထိန်းတာတကယ်တော်တဲ့ ညီအကိုတွေဗျ
သူတို့စီးခဲ့ မောင်ဆင့် ဆိုတဲ့စွယ်စုံက
လူသတ်တာ ၉ ယောက်ရှိလို့
ကိုးလောင်းဆင်လို့တောင်ခေါ်တာ … ။
ဆင်ပဲ့ချိတ်နဲ့ဦးစီးက ညီအကိုရင်းတွေဆိုတာ
ဆင်ကသိတယ်။
ကြောက်တယ်။ ပဲ့ချိတ်နဲ့ဦးစီးဟာ
အပြန်အလှန်စောင့်ရှောက်ရတာလေ ။
ဆင်ကောက်လို့ထူးခတ်ရင်
ကိုးလောင်းဆင် မောင်ဆင့် က နှစ်ယောက်ခတ်မှရတာကိုး။
ညီက ဆင်ဂုတ်ပေါ်ကနေ
ချွန်းနဲ့ဆင် ပါးချပ်ကို ဆွဲလှန်ထားတုန်း
အစ်ကိုက ဆင်အောက်ဝင်ထူးခတ်ရတာ ။
အဲဒီအချိန်မှာ အပေါ်ကလူက
ဘာအကြောင်းကြောင်းနဲ့မှ မလှုပ်ရဘူး။
သူလှုပ်တာနဲ့အောက်ကလူသေတာပဲ ။
သြော် …
သနားစရာပါ့လား
အပြန်အလှန်စကားပြောကြရင်း
ကြောက်စိတ်တွေ နဲနဲပေါ့သွားစေတယ် ။
ကျွန်တော်က ဒီဘက်တော ရောက်တိုင်း
ဟင်းချက်စရာပေးနေကျဆိုတော့
ကျွန်တော့်ကို ညီအကိုနှစ်ယောက်စလုံးခင်ကြတယ်လေ ။
သူတို့သေတယ်ဆိုတော့ …
ကျွန်တော်တို့ပဲ လာမြှပ်ပေးကြတာ။
ဗျာ …??
ဘုန်းကြီးလား ??
ဒီတောထဲတော့ဘယ်ကဘုန်းကြီး ရှိမှာတုန်း ။
စစ်သားဘဝတုန်းကလည်း …
သင်္ချိုင်း နဲ့ဘုန်းကြီးကျောင်းဆိုတာ
ဟိုတယ်လိုလို အိပ်ယာလိုလိုအမှတ်နဲ့
မကြာခဏအိပ်ခဲ့ဖူးပါရဲ့ ။
ဒါပေမဲ့မုဆိုးဘဝနဲ့က မတူဘူးလေ ။
မုဆိုးဆိုတာက တောထဲအိပ်ရင်
ကိုယ့် နားမျက်စိသာကိုယ့်ရဲ့ အိပ်ဖန်စောင့်ကင်း ကိုး
စစ်သားလိုရိက္ခာမပါဘူး ။
တောကောင်ကြီးတွေနောက်ကို လိုက်တယ်ဆိုတာ
တစ်ကိုယ်ရည်အပေါ့ပါးဆုံး ဖြစ်မှ…
ကိုယ် ပေါ်မှာလည်း ဓား ဓါတ်မီး
မီးခြစ်နဲ့ကျည်ဆံအပို လေး ဆယ်တောင့်လောက်နဲ့
ပခုံးမှာ ချိုင်းကြားနဲ့နှစ်ခေါက်လျှို ပါတ်ထားတဲ့
ပလေကပ်ပုဆိုးတစ်ထည် နဲ့
သေနတ်တစ်လက်ပဲပါတာ ။
တစ်ခါတစ်လေ …
ခါးမှာ ပစ္စတိုတလက် ဆောင်တတ်သော်လည်း
အမြဲမပါတတ်ဘူးလေ ။
အခုတောင်
တပည့်ကျော် စီမံပေးမှုကြောင့်
အသားခြောက် ဓားလှီးမုန့်နဲ့
ဆား ကော်ဖီမစ်လေး ငဌေးလွယ်အိတ်ထဲပါလာတာ ။
တကယ်တော့ဒီနေ့ဖြစ်ပျက်သမျှ အားလုံးက
ဇာတ်ကွက်တစ်ခုလို
အစဉ်အတိုင်း ဖြစ်လာခဲ့တာပါကောလား ။
တောခွေးကြောင့် လမ်းကြောင်းပြောင်းရတယ်။
တောဆင်ကြောင့် ဒီလင့်စင်ပေါ်ရောက်တယ်။
ဒီအစိမ်းသေတွေက
ဆင်ဦးစီးတွေမို့လို့
တောဆင်ကို အဝေးရောက်အောင်မောင်းထုတ်ပေးခဲ့သလားပဲ ။
ငဌေးနဲ့အပြန်အလှန်ပြောရင်း
နှစ်ဦးသား သတ္တိတွေ ပြန်ရလာသလိုပါပဲ။
ရေနွေးဝါးကျည်တောက်တစ်ဘူး တဝက်ကျိုးပြီ။
ပြန်အိပ်ဖို့ မျက်လုံးတောင်စင်းနေကြပြီ ။
စောစောက မောင်းတင်ထားတဲ့သေနတ်ကို
ကျည်တစ်ဝက်ထိုး လုပ်လိုက်ပြီး
သစ်ပင်ကိုပြန်မှီဖို့ ခြေဆင်းလိုက်ချိန်မှာပဲ
” နင့်မေကလွှားဟ … ”
ငဌေးရဲ့ဆဲသံနဲ့အတူ
လင့်စင်ကိုအောက်ဖက်က ဆောင့်ဆွဲခံလိုက်ရသလို
သ်ိမ့်ကနဲ လှုပ်ခါခံလိုက်ရတယ် ။
ငဌေးက
ထခုန်မတတ်ရုန်းလို့
ကိုယ်ပါပြုတ်ကျမလိုဖြစ်ပြီး
သူ့ကို အလန့်တကြားဆွဲထားလိုက်မိသေး ။
” လွယ်အိတ်လာလုတာဟ မအေပေးနှစ်ကောင်က” တဲ့။
သူပြောနေတုန်း
လင့်ကြမ်းပြင် အောက်ကတန်းကို
တချက် ဆောင့်ဆွဲခံလိုက်ရလို့
ကိုယ်တိုင်လည်း ဘေးတန်းဆီ
လက်တဖက်နဲ့ကိုင်ကာဖိနပ်နဲ့ကြမ်းကိုတဗုန်းဗုန်း
ဆောင့်ချရင်း ရောယောင်ပီး
လိုက် ဆဲပစ်လိုက်တယ်။
ဆဲတယ်ဆိုတာလည်း…
စောစောလေးမှာတင်
ပူပူနွေးနွေး ရထားတဲ့
ဆရာငဌေးရဲ ့လက်ချာထဲက မှတ်မိသလောက် ပေါ့။
ရင်ဘတ်ထဲ မှာ ပေါ့သွားတာတော့အမှန်…
” ထပ်ချပေးလိုက်အုံးဟ… ” ။
ပြောနေတုန်းပဲ ငဌေးက …
သူလွယ်အိတ်ထဲက
အထုတ်ဖြေချပြီး ပစ်ချပေးတာ မြင်လိုက်ရတယ် ။
လရောင်ပိုလင်းလာလို့
့သူချပေးတာ မှန်းမြင်နေမိတာ
အောက်ဖက်မှာ
စောစောကလို
တဂျွတ်ဂျွတ်ဝါးသံတွေ
မကြားရတော့ပေမဲ့ ။
ငြိမ်သွားလို့
ငဌေးချပေးတာ
ယူသွားတယ်လို့တထစ်ချတွက်မိတယ် ။
ကြောက်စိတ်နဲ့ဒေါသနဲ့ဟာ
ဆတူ ဖြစ်ကုန်သလားပဲ။
အောက်က ငြိမ်ကျသွားပီး
ဘာသံမှ မကြားရမမြင်ရတော့ပေမဲ့…
ငဌေးရဲ့မိုးမွှန် ဆဲသံက
စက်သေနတ်ပစ်သလို
တဒက်ဒက် မရပ်မနားပဲ ။
ဆဲချက်က ကန်းကုန်ပေါ့။
”အရင်ကလည်း မင်းတို့ကို
ငါပေးကျွေးခဲ့တဲ့ သောက်ကျေးဇူးမကန်းနဲ့ကွ။
ဟေ့ကောင်တွေ
ဒီတခါလာတောင်းရင် သေးနဲ့ပန်းပီးဓားနဲ့ခုတ်မယ်ကွ ”တဲ့။
ငဌေးဆဲနေတုန်း …
ကိုယ်လည်း
လင့်စင်ကြမ်းပြင်ကို
သေနတ်ဒင်နဲ့ဆယ်ချက်လောက်
တဒုန်းဒုန်းဆောင့်နေတော့
ညနက်သန်းကောင်မှာ
တစ်တောလုံး ဆူညံပွက်လောရိုက်လို့။
တော်တော်လေးကြာမှ
ငဌေးလဲမော ကိုယ်လဲမောပြီ။
တောတခုလုံးက
ပြန်ပီးတိတ်ဆိတ်သွားတော့တယ် ။
” ဒီတစ်ခါလာတောင်းရင် အကုန်ချမပေးနဲ့
ကုန်သွားလို့ချပေးစရာမရှိရင်
လင့်စင်ကိုဖျက်ချမလားပဲကွ” ။
တော်ပါသေးရဲ့ … …
ဒါတောင် ညဦးဖက်က
ငဌေးဟာ
အမျှော်အမြင်ကြီးစွာ နှီးဖျာပြီး
လင့်စင်ကိုသေသေချာချာ
ပြန်လုပ်ထားပေလို့သာ ။
အောက်ဖက်ကအသံတွေ
ပြန်တိတ်သွားပြန်ပေါ့။
နောက်တစ်ခါ
ထပ်လာနိုင်တယ်ဆိုတာ…
သိနေသော်လည်း
ဒီတခါတော့ငဌေးဆဲသလို
ကိုယ်လည်း
တခုခုတော့ပြန်လုပ်မယ်လို့
စိတ်ထဲမှာ တေး ထားတယ် ။
ချပေးစရာကော ရှိသေးလား လို့
တိုးတိုးလေးမေးတော့…
ကုန်ပြီဗျ
မုန့်လေးပဲကျန်တော့တယ်။
စောစောက
ရုတ်တရက်ဆိုတော့
လန့်ပြီး ချပေးတာ
များသွားတယ် ဗိုလ်ကြီး ။
သြော် …
သိပ်လည်း မကျန်တော့ပါဘူးလေလို့
ကိုယ်လည်း သူ့ကို
ပြန်အားပေးလိုက်ရသေး ။
ဟုတ်ပ …
ငဌေးမဟုတ်ဘဲ
တခြားတယောက်ယောက်သာဆို
သူ့ကိုထိန်းရမှာနဲ့
ဒါ့ထက်ပိုဆိုး နိုင်သေးလို့
တွေးမိလိုက်သေး…
မိုးလင်းပိုင်းရောက်လာလို့လားပဲ
လ ကပြန်ဝင်သွားလို့ …
တောက
အမှောင်ရိပ်ပြန်ထိုးလာပြီ။
စောစောက လျှော့နေတဲ့ကြောက်စိတ်က
အခုမှပြန် တက်လာသလိုလို ။
အောက်ဖက်က
ဘာသံမွမျကားရေတာ့လို့
ပိုသတိထားပြီး
နေလေလေ
ပိုကြောက်လာလေလေ
သလားပဲ…
တခုခု ဖြစ်လာလေနိုးနိုး
စိုးစိတ်နဲ့မှေးရလို့
အိပ်လဲမပျော် ထ လဲမဖြစ်နဲ့
”အိပ်မရတဲ့လင့်စင်ပေါ်ကည”
လင်းအာရုံ မရောက်သော်လည်း
နီးတော့ နီးနေပြီ … … ။
တလောကလုံးက ပိုပီးမှောင်လာသလို
ရှိသင့်တာထက်ပိုပီး တိတ်ဆိတ်နေတာဟာ
အကြောက်ဖက်ကို တွန်းပို့နေစေသလိုလိုဖြစ်တာ…
တိတ်ဆိတ်နေတာကိုက မသတီစရာ…
လခွမ်းပဲကွာ …
အိပ်မရမဲ့အတူတူ
လာမဲ့ဘေးပြေး တွေ့
အောက်ဆင်း မီးပြန်ဖို ကြမယ်ကွာ
အာရုံတက်ရင် တောင်ကြောပေါ် ပြန်တက် ကြတာပေါ့ ။
လင့်ပေါ်မတက်ခင်ထဲက
အပေါ့သွားဖို့ ဝါးဆစ်ပိုင်းအပို တခု…
ပေးကွာ…
လင့်ပေါ်က
သေးပေါက်မချရဘူးကိုး။
ဒီတော့ ငဌေးရေ…
ရသလောက်ထုတ်ကွာ…
ဆင်းနေရင်းလာဆွဲရင်
ပက်ပစ်လိုက်
မဟုတ်လည်းအောက်မှာ
လိုက်ဖြန်းကွာ။
နှစ်ယောက်သား
အောက်ကိုဆင်း
ထင်းတွေပြန်ထည့်…
မီးဖိုတွေ
ရဲရဲတောက်အောင်ပြန်ဖိုကြ
အလုပ်ကိုရှုပ်လို့…
တဲကိုပါတ်ပီး
မီးဖိုတဖို ထပ်ဖိုလိုက်တယ်…
ဝါးဆစ်နဲ့ရေနွေး ပြန်တည်
မီးဖိုဘေးမှာ
ရပ်ပြီး ရေနွေးသောက်ရင်း••
ဘာဖြစ်ဖြစ်ချမယ်လို
့တွေးရင်း••
အာရုံ တက်အောင်ရင်တမတမနဲ့
စောင့် နေ ရင်း••
ဇောချွေး
မောချွေး
ကြောက်ချွေးတွေ
ကိုယ်စီနဲ့…
ဒီတညကိုမြန်မြန်ကုန်ပါစေလို့
စိတ်ထဲက
ကြိတ်ဆုတောင်းနေမိပါတယ် ။
မီးဖိုတွေကြောင့်လား?
ကျွေးလိုက်လို့လား ??
ဘာမှထူးထူးခြားခြား ထပ်မတွေ့ရတော့့ပါလား…
ဒီလိုနဲ ့…
ရောင်နီမလာခင် မှာဘဲ
ဧည်ဝတ်ကျေပွန်လွန်းတဲ့
မိုးညှိနဲ့ပေသီး တို့ရဲ့
တဲလေးကိုနုတ်ဆက်…
မနေ့က ဖြတ်လာခဲ့တဲ့တောင်ထိပ်ကိုရောက်ပြန်တော့…
သစ်ပင်ဖျားမှာ
နေရောင်ခြည်စလေးတွေက …
ရွှေမှုန်ဖြန်းထားသလို
ဝင်းလက်လှပလို့ပေါ့ ။
တောဆင်ရိုင်းစာမျက်နှာ(၉၉)
မှ…… …… ……ကျေနပ်ကြလိမ့်မယ်လို့ထင်ပါတယ် ကျေးဇူးအထူးဖြင့်
(မိုးအောင်တင်)
ဤစာအုပ်အားသဘောထားကြီးစွာဖြင့် တင်ခွင့်ပြုပါ
သော ဆရာမိုးအောင်တင် အားအထူးပင်ကျေးဇူး တင်ရှိပါသည် 





ဝတ္ထုတိုများစုစည်းမှု့