ဟိုတယ်ပေါ်ကတစ္ဆေ(စ/ဆုံး)
—————————
ကြာတာကတော့ ကြာမြင့်ခဲ့ပြီ ဖြစ်ပါသည်။ ခန့်မှန်းကာလအားဖြင့် ခရစ်သက္ကရာဇ် ၂၀၀၇ ခုနှစ် ‘ရွှေဝါရောင် တော်လှန်ရေး’ မတိုင်မီ အနီးဝန်းကျင်လောက်က ဖြစ်ပေလိမ့်မည်။ ထိုစဉ်က ကြေးရတက်အနွယ်ထဲမှ သူငယ်ချင်းတစ်ဦးက စာရေးသူ၏ နေအိမ်သို့ ညနေစောင်းအချိန်၌ ပေါက်ချလာ၍ ကျွန်တော်က အကြောင်းကိစ္စ မေးမြန်းရာ သူက အဆိုပါည၌ ကြေးကြီး ဖဲဝိုင်းတစ်ဝိုင်း ရှိကြောင်း ပြောပြီး သူနှင့်အတူ အဖော်လိုက်ခဲ့ရန် ဆိုပါသည်။ ဤတွင် ကျွန်တော်သည် ဖဲကစား ဝါသနာမပါသော်လည်း အိမ်၌ လုပ်စရာ ကိုင်စရာ မည်မည်ရရ မရှိ၍ ပျင်းပျင်းရိရိ ရှိနေသည်နှင့်အညီ သူငယ်ချင်းနှင့်လည်း အပြင်သို့ လျှောက်မထွက်ရသည်မှာ ကြာမြင့်ပြီဖြစ်၍ မဆိုင်းမတွပင် သူခေါ်ဆောင်ရာ ထလိုက်လာခဲ့ပါသည်။ သို့နှင့် တက္ကစီတစ်စီး ငှားစီး၍ ကျွန်တော်တို့သည် နေရာတစ်နေရာသို့ ထွက်လာခဲ့ကြ၏။
ကနဦးတွင် သူတို့ လူကုံထံများ၏ ဖဲဝိုင်းအား လုံခြုံ စိတ်ချရသည့် နေအိမ်တစ်အိမ်အိမ် (သို့မဟုတ်) တိုက်ခန်းတစ်ခန်းခန်း၌ လျှို့ဝှက်စွာ ပြုလုပ်ကြလိမ့်မည်ဟု ထင်မှတ်ခဲ့သော်လည်း တကယ်တမ်း ရောက်ရှိသွားသည့် နေရာကို တွေ့မြင်လိုက်ရချိန်တွင်တော့ ကျွန်တော့်အနေဖြင့် အံ့အားသင့်သွားခဲ့ပါသည်။ အကြောင်းမှာ အဆင့်မြင့် ဟိုတယ်ကြီးတစ်ခု ဖြစ်နေခြင်းကြောင့်ပင်။
အဆိုပါဟိုတယ်မှာ နေ့စဉ်နှင့်အမျှ ကျွန်တော် ဖြတ်သန်း သွားလာနေကျ နေရာ၌ ရှိ၍ အတော်အတန် အတွေ့အမြင်ဖြင့် ရင်းနှီး ကျွမ်းဝင်လျက် ရှိသော်လည်း ဟိုတယ်၏ အတွင်းပိုင်းသို့ ကျွန်တော် တစ်ခါမျှ မရောက်ဖူးခဲ့ချေ။ ယင်းဟိုတယ် မဖြစ်ခင် ဆောက်လုပ်ရေး လုပ်ငန်းခွင်ကြီးကတည်းက ကျွန်တော် မြင်တွေ့နေကျ ထိုနေရာမှာ ယခင်က ရပ်ကွက်လေးတစ်ခု ရှိခဲ့ဖူးသည် (ထိုရပ်ကွက်၌ ကွယ်လွန်သူ နိုင်ငံကျော် ရုပ်ရှင်မင်းသားကြီးတစ်ယောက် သူသရုပ်ဆောင် မဖြစ်ခင်ဘဝ အိမ်ထောင်ကျကာစက နေထိုင်သွားဖူး၏)။
ထိုရပ်ကွက်ကို မြို့ပြစီမံကိန်း ရေးဆွဲကာ တိုက်တန်းလျားများအဖြစ် ယင်းခေတ်အာဏာပိုင်များမှ ပြောင်းလဲ ဆောက်လုပ် နေရာချပေးပြီးနောက် နှစ်ပေါင်းအတန်ငယ် ကြာမှ ယင်းနေရာအနီး ကားလမ်းကပ်လျက် နေရာတစ်လျှောက် ဟိုတယ်ကြီးနှင့်တကွ စျေးဝယ်စင်တာတစ်ခုကိုပါ စီးပွားရေး လောကသားများအား ဆက်လက် ခွင့်ပြုခဲ့သောကြောင့် စျေးဝယ်စင်တာနှင့် ဟိုတယ်ကြီးမှာ တွဲလျက် ဖြစ်လာခဲ့၏။ ထိုသို့ စီးပွားအဆောက်အဦကြီး ရုပ်လုံးမဖြစ်သေးမီ တည်ဆောက်ဆဲကာလတုန်းကလည်း ၎င်းနေရာ၌ ဆောက်လုပ်ရေးယာဥ်များ၊ ဆောက်လုပ်ရေးအလုပ်သမားများစွာဖြင့် နေ့စဥ် အလုပ်ရှုပ်လျက် ရှိသည်ကို ကြိမ်ဖန်များစွာ ကျွန်တော် မြင်တွေ့ခဲ့ဖူးပြီး ဖြစ်ပါသည်။
သို့ဖြင့် စင်တာနှင့်အတူ တွဲလျက် ယခု ဖွင့်လှစ်ခဲ့သည်မှာ နှစ်အနည်းငယ်သာ ရှိသေးသော အထပ်မြင့်ဟိုတယ်မှာ များစွာ ကြီးကျယ် ခမ်းနားလျက်ရှိသော အသွင်အပြင်ဖြင့် အတွင်း၌ ကျွန်တော်တို့အား စောင့်မျှော်နေဟန် ရှိနေလျှင် ဤဟိုတယ်၌ အထက်တန်းစား လူချမ်းသာများမှ လွဲ၍ မိမိလို အလယ်အလတ်တန်းပင် မရောက်တရောက် အောက်ခြေလူတန်းစားများအဖို့ သက်ဆိုင်ခြင်းအလျဉ်း မရှိသလို ခံစားလိုက်ရ၏။ ဟိုတယ်၏ ခမ်းနား ကြီးကျယ်၍ အနောက်တိုင်းဆန်သော ဧည့်ကြိုခန်းမအတွင်းရှိ ဧည့်ကြိုကောင်တာဆီ ကျွန်တော်တို့ ရောက်ရှိလာကြပြီး၊ သူငယ်ချင်းက ဧည့်ကြိုဝန်ထမ်းမလေးတစ်ဦးအား လူနာမည်နှင့် အခန်းနံပါတ်အား မေးမြန်းပြီးနောက် ဓါတ်လှေကားမှတဆင့် အပေါ်သို့ ကျွန်တော်တို့ တက်ရောက်သွားကြရာတွင် အလွှာ ၆ ထပ်သို့ ရောက်ရှိသွားခဲ့ကြပါသည်။
ရောက်ရှိသွားရာ အလွှာ ၆ ထပ်က ဓါတ်လှေကားတံခါးအဖွင့် တိတ်ဆိတ်ငြိမ်သက် တည်ငြိမ်ရင့်ကျက်သည့် ဣန္ဒြေဖြင့် တစ်မျိုး စီးကြိုငံ့လင့်နေသည့် စင်္ကြံတွင် ခင်းကျင်းထားသည့် ကော်ဇောနီကြီးပေါ်မှ ကျွန်တော်နှင့် သူငယ်ချင်းတို့မှာ မိမိတို့ သွားလိုရာ အခန်းနံပါတ်ဆီ ဦးတည် လျှောက်လှမ်းလာခဲ့ကြသည်။ အဆိုပါအခန်းနံပါတ်သို့ မရောက်ခင် လမ်းခုလပ် ရိုးရိုးလှေကားအတက်အဆင်း ထောင့်တစ်နေရာတွင် ဝန်ထမ်းတစ်ယောက် ထိုင်နေသော ကောင်တာငယ်လေးတစ်ခုကို ကျွန်တော်တို့ ဆက်လက်ရောက်ရှိသွားစဥ် မည်သည့်အခန်းကို အဘယ်ကိစ္စအတွက် လာပါသနည်းဟု မေးမြန်းသည့် ဝန်ထမ်းအား သူငယ်ချင်းက စကားများ ပြောဆို ဖြေကြားနေခိုက် ကောင်တာ၏ အနောက်ရှိ စင်မြင့်တန်းကလေးဆီ ကျွန်တော်သည် အမှတ်တမဲ့ လှမ်းကြည့်မိရာ တစ်စုံတစ်ခုကို မထင်မှတ်ဘဲ တွေ့လိုက်ရချိန်တွင် စဉ်းစဉ်းစားစား ဖြစ်သွားရ၏။ အကြောင်းမှာ ‘ပရိတ်ရေ’ ဟူသော ဆော့ပင်န်မှင်အပြာဖြင့် စာလုံးရေးထိုးထားသော စာရွက်ဖြူတစ်ရွက် ကပ်နှံထားသည့် ရေပုလင်းတစ်လုံးကို တွေ့ရှိလိုက်ရသောကြောင့် ဖြစ်သည်။
ကျွန်တော်၏ စိတ်အတွင်း တစ်မျိုးတစ်မည် ဖြစ်သွာခဲ့သော်လည်း မိမိနှင့် မဆိုင်သည့် ကိစ္စဖြစ်၍ အဆိုပါကောင်တာမှ ဝန်ထမ်းမှာ ဘုရားတရား အတော်အတန် လိုက်စားသူ ဖြစ်သောကြောင့် ယင်းသို့ ပရိတ်ရေကို အန္တရာယ်ရှင်း ဘေးကင်းသဘောမျိုးဖြင့် ကိုယ်နှင့်မကွာ ဆောင်ထားရသည်ဟု သတ်မှတ်လိုက်ပြီး သူညွှန်ပြရာ အခန်းဆီသို့ ကျွန်တော်တို့ သွားရောက်ကြလေ၏။
သွားလိုရာ အခန်းဝသို့ ရောက်သောအခါ သူငယ်ချင်းက တံခါးခေါက်လိုက်လျှင် အခန်းတံခါးအား လူတစ်ယောက်မှ လာဖွင့်ပေးပြီး သူငယ်ချင်းအား အတွင်းသို့ ဝင်ရန် အချက်ပြရာ ကျွန်တော်တို့ ဝင်ရောက်သွားကြသောအခါ ဖဲဝိုင်းတည်ရန် စောင့်စားနေကြသည့် လူအနည်းငယ်အား တွေ့ရှိလိုက်ရသည်။ ထိုလူအားလုံးမှာ ပိုက်ဆံရှိ သားသမီးများ ဖြစ်ပုံရပြီး ကျွန်တော်တို့ထက် အသက်ကြီးသူများသာ ပို၍ များလေ၏။ သူတို့သည် ရည်ရည်မွန်မွန် ရှိလှပြီး အတွင်းသို့ ရောက်ပြီးသကာလ တံခါးပိတ်ပြီးနောက်မှ ကျွန်တော်တို့အား ဖက်လဲတကင်း ကြိုဆိုကြလေသည်။
သူတို့နှင့် ကျွန်တော်တို့ မိတ်ဆက်စကားများ အတန်ငယ် ပြောကြားပြီးနောက် ဖဲဝိုင်းစရန် သူတို့ဘာသာသူတို့ ဆက်လက် တိုင်ပင်နေကြသည့်အခိုက်တွင် ဖဲရိုက်ဝါသနာ လုံးဝမပါသူ မိမိမှာ ဟိုတယ်အခန်းအား ဘေးဘီဝဲယာ အကဲခတ် ကြည့်မိလျှင် ယင်းအခန်းမှာ မိသားစုအခန်းကြီးတစ်ခန်း ဖြစ်နေပြီး ကွန်ဒိုတိုက်ခန်းတမျှ အတော်အတန် ကျယ်ဝန်းလှကြောင်း တွေ့ရှိရ၏။ အခန်းအတွင်းပိုင်းမှာ သပ်ရပ် ကြော့ရှင်းလှသော ဥရောပအပြင်အဆင်မျိုး ရှိသောကြောင့် ငွေကြေးအဖိုးအခ အဆမတန်ပေးချေရမည့် ဤအခန်းကြီးတွင် တစ်ညတာ တည်းခိုကာ ဖဲချိန်းရိုက်ကြသည့် ၎င်းတို့အား နားမလည်နိုင်အောင်ပင် ရှိနေတော့သည်။ ကျွန်တော်လည်း အပြင်ဝရံတာဘက်ကို အပျင်းပြေ လျှောက်သွားကြည့်ကာ မိမိတို့ ဗဟန်းမြို့ပြ ညအလှများကို ခဏတာ ယစ်မူးမိနေစဉ်မှာ သူငယ်ချင်းနှင့် သူ၏ မိတ်ဆွေများ ဖဲဝိုင်းကောင်းနေကြပြီ ဖြစ်လေ၏။
ဟိုတယ်ရေခဲသေတ္တာထဲမှ ထုတ်ယူ သောက်သုံးနေသော ဘီယာနှစ်လုံးအား ကုန်ခမ်းသွားသည်အထိ ကျွန်တော် မော့ချအပြီးမှာတော့ ည ၁၁ နာရီနီးပါး ရှိနေလေပြီ။ ဖဲဝိုင်းကို ကြည့်လိုက်၊ တယ်လီဗေးရှင်းမှ ပြသနေသည့် ရုပ်သံအစီအစဉ်များကို ကြည့်လိုက်၊ ဝရံတာအပြင်ဆီ ထွက်ကာ ညလေညှင်းအေးကို ခံစားရင်း ဘီယာပုလင်းလေး ကောက်မော့နေသည့် ကျွန်တော်သည် ဟိုဒီရောက်ယှက် အတွေးနက်နေစဉ် အစောအစီး ဖဲရှုံးသွားသည့် လူတစ်ဦးက ဘီယာနှစ်ပုလင်း ဆွဲယူလာကာ ကျွန်တော့်ဆီ တစ်ပုလင်းဖောက်ကာ လှမ်း၍ကမ်းရင်း ဖဲဝိုင်းကိစ္စ အာဘောင်သန်ရင်း ပြောဆိုနေပါတော့သည်။
အတန်ကြာမှ သူက ဖဲရိုက်လောင်းကစား ဝါသနာမပါသည့် ကျွန်တော့်ကို အားနာသွားဟန် ဖြစ်သွားပြီးနောက်မှာ သူ့အမည်နှင့် နေရပ်လိပ်စာ စတင်မိတ်ဆက်လေရာ သူ၏ နေရာကား ဤဟိုတယ်နှင့် မလှမ်းမကမ်းရှိ ကွန်ဒိုမီယံကြီးတစ်ခု၌ ဖြစ်ကြောင်း သိရှိရလေသည်။ သူက ထိုသို့ ဆိုသဖြင့် ကျွန်တော်လည်း ပြီးခဲ့သည့် နှစ်က ထိုကွန်ဒိုအောက်ရှိ စျေးဆိုင်တန်းလျားမှာ ရှိသည့် ဘီယာဆိုင်တွင် ထိုင်နေစဉ် ကွန်ဒို ၁၂ လွှာပေါ်မှ ဆယ်ကျော်သက်ရွယ် မိန်းမငယ်တစ်ဦးသည် ကျောင်းစာပိ၍ စိတ်ဖိစီးမှုဖြစ်ပြီး ၎င်း၏ တိုက်ခန်းအလွှာမှ ခုန်ချရာ ဦးနှောက်များပင် ထွက်ကျ၍ မျက်စိရှေ့မှောက် သေဆုံးရသည်ကို မြင်ဖူးသည်ဟု စကားအလျဉ်းသင့်သဖြင့် ပြောမိ ပြောရာ ပြောမိလေလျှင် သူသည် ထိတ်လန့်သွားပုံ တစ်မျိုးဖြစ်သွားပြီးနောက် တစ်စုံတစ်ရာအား တွေးတောနေပုံ ထပ်ပေါက်သွား၏။ (ထိုစဉ်က G-Mail, G-Talk ခေတ် ဖြစ်ပြီး ထို Social Network များတွင်ပင် ကောင်မလေး၏ အရုပ်အဆင်းပျက်နေသော ရုပ်အလောင်းပုံများ အလွန်တရာ ပျံ့နှံ့ဖူးလေသည်။)
ခဏကြာမှ သူက အဆိုပါမိန်းကလေး ခုန်ချသည့် အလွှာမှာပင် နေထိုင်သူ ဖြစ်ကြောင်း ပြောပြပြီး ယင်းမိန်းကလေး သေဆုံးစဉ်က သူကိုယ်တိုင် ဆင်းကြည့်ခဲ့ဖူးကြောင်း၊ ထိုစဥ်က ၎င်းဝတ်ဆင်ထားသည်မှာ ဂါဝန်အနီဝမ်းဆက်နှင့် ဖြစ်၍ ထိုမြင်ကွင်းကို ယခုထက်တိုင် မေ့ပျောက်မရကြောင်း ပြောဆိုပြီးနောက် ကျွန်တော့်အား တစ္ဆေသရဲ အယုံအကြည် ရှိပါ၏လောဟု အထူးအဆန်း မေးမြန်းလာခဲ့ပါသည်။
နဂိုကတည်းကမှ သဘာဝလွန် ကိစ္စရပ်များ၌ အလွန်တရာ ဝါသနာထုံမွှန်းလွန်းသူ ကျွန်တော်က သူ၏အမေးစကားအား ကြားသိလိုက်ရသောအခါ တစ်ခုခုတော့ ထူးပြီဟု စိတ်ထဲ အတပ်သိလိုက်ပြီးသည့်နောက် မေးနေစရာပင် မလိုအောင် ယုံကြည်သက်ဝင်သူ ဖြစ်ကြောင်း ပြောလိုက်ပါသည် (ထိုစဉ်ကတည်းက စာရေးသူမှာ ရုပ်နယ်လွန်ဆိုင်ရာ ကိစ္စရပ်များကို ရောက်လေရာ အရပ်ဒေသ၌ လေ့လာ စူစမ်းတတ်သူတစ်ဦး ဖြစ်ပြီး ယင်းကာလက ယခုလို စီကာပက်ကုံး စာမရေးတတ်သေးသော်လည်း တစ်နေ့ ဤအကြောင်းများ စာပြန်ရေးနိုင်ရမည်ဟု မိမိဝါသနာအရ သံဓိဋ္ဌာန် ပျိုးထားခဲ့သူတစ်ဦးလည်း ဖြစ်ပါသည်)။
ဤသို့ ကျွန်တော် ဆိုလိုက်ပြီးနောက် သူက ယင်းမိန်းကလေးမှာ ကွယ်လွန်ပြီး တစ်လကျော် နှစ်လနီးပါး မကျွတ်မလွတ်သေးဘဲ ၎င်းတို့ကွန်ဒို ၁၂ လွှာ၏ စင်္ကြံလမ်းများအတွင်း၌ ပြီးခဲ့သည့် နှစ်က ခြောက်လှန့်ခဲ့ဖူးကြောင်း ပြောပြလေတော့ရာ ကျွန်တော်လည်း စိတ်ဝင်တစား နားစိုက်ထောင်နေလိုက်ပါတော့သည်။ သူ့ပြောပုံအရ မိန်းကလေးတို့ မိသားစုမှာ တရုတ်လူမျိုးစစ်စစ် မဟာရနကိုးကွယ်သူများဖြစ်ပြီး မိန်းကလေးမှာ တက္ကသိုလ်ကျောင်းသူ စာကြမ်းပိုးတစ်ဦးဟုလည်း ဆိုသည်။ အဆိုပါမိန်းကလေးမှာ တစ်ရက်တွင် စာမေးပွဲရမှတ် နည်းပါး၍ သူကြိုးစားသလောက် အရာမရောက်သောအခါ နေ့စဥ်နှင့်အမျှ တငိုငိုတရယ်ရယ်ဖြစ်လာသောကြောင့် မိသားစုက စိတ်ကျန်းမာရေးဆရာဝန်များ ခေါ်ယူ တိုင်ပင် ကုသပေးနေရင်း တစ်နေ့ ပြတင်းတံခါးပေါက်မှတဆင့် အောက်သို့ ခုန်ချကာ သူ့ကိုယ်သူ အဆုံးစီရင်သွားခဲ့ခြင်း ဖြစ်တော့သည် ဟူ၏။
ယင်းသို့ ဖြစ်ပျက်ခဲ့ပြီးနောက်ပိုင်း မိန်းကလေး၏ မိသားစုတိုက်ခန်းမှ ရေချိုးခန်းအတွင်းရှိ ရေပန်းများ သူ့အလိုလို ခဏခဏပွင့်ကာ မိန်းကလေး၏ အခန်းတံခါးချပ်မှာလည်း တကျွီကျွီနှင့် ပွင့်လိုက်ပိတ်လိုက် အကြိမ်ကြိမ်ဖြစ်နေသည့်အပြင် တစ်ခါတရံ ကိုယ်ထင်ပြမှုများပါ ရှိကြောင်း၊ ထို့အပြင် ၁၂ လွှာ ကွန်ဒိုစင်္ကြံများ၌ သန်းခေါင်ယံချိန် ရောက်လျှင် ဟိုဟိုသည်သည် လမ်းလျှောက်သွားနေသည့် ကျယ်လောင်လှသည့် ဒေါက်ဖိနပ်သံများ ထွက်ပေါ်လာတတ်ပြီး တချို့အခန်းများက သူခိုးကပ်သည်အထင်နှင့် တံခါးဖွင့်လှစ် ထကြည့်ကြလျှင် မိန်းကလေးအား တွေ့မြင်ကြရသည့် အဖြစ်မျိုး နေ့စဉ်ရက်ဆက်ဆိုသလို ပေါ်ပေါက်လာခဲ့တော့သည်။
ထိုသို့ ဖြစ်စဉ်များ ဖြစ်ပွားနေခိုက် ယခု ကျွန်တော်နှင့် စကားပြောလျက်ရှိသူ မိတ်ဆွေမှာ တစ်ညသောအခါ တစ်လွှာတည်းရှိ သူ့အခန်းသို့ အပြင်မှ ပြန်လာရာ ရုတ်တရက် ဂါဝန်အနီဝမ်းဆက်ဝတ် မိန်းကလေးမှာ သူ၏ ပိတ်ထားသည့် တိုက်ခန်းတံခါးချပ်မှ အပြင်သို့ တိုးလျှိုပေါက် ထွက်လာသည်နှင့် ထိပ်တိုက်တိုးသဖြင့် တပ်အပ် မြင်တွေ့လိုက်ရလျှင် ထိတ်လန့်တကြားဖြစ်ကာ ကြောက်ဖျားပင် ဖျားခဲ့ဖူးကြောင်း ဆို၏။
ထိုနောက်ပိုင်းများ၌လည်း အလွှာပတ်ဝန်းကျင်တစ်ဝိုက်၌ အလားတူ ပုံသဏ္ဌာန်မျိုး အကြိမ်ကြိမ်အလီလီ ကြုံတွေ့လာကြရသောအခါ ကွယ်လွန်သူ မိန်းကလေးမှာ ကိုယ်ယောင်ထင်ရှားပြ၍ ခြောက်လှန့်မှုလော၊ အမျှအတမ်း တောင်းခံမှုလော ဝေခွဲမရကြသော်လည်း ထိုစိတ်ဆင်းရဲမှု ဒဏ်များကို ဆက်လက်မခံစားနိုင်ကြတော့သည့် အခြားတိုက်ခန်းနေ ထေရဝါဒများက မဟာရန သူတို့မိသားစုအား ကွယ်လွန်သူအတွက် ရည်စူး၍ မည်သို့သော ကိစ္စရပ်များ ဆောင်ရွက်ပေးသနည်းဟု သွားရောက် လေ့လာ စူးစမ်းကြရာ မဟာရနအယူဝါဒ ထုံးတမ်းဓလေ့ဖြင့်သာ ပြုလုပ်ပေးခဲ့သဖြင့် ယခုကဲ့သို့ မကျွတ်မလွတ်ဘဝဆိုးမှ မိန်းကလေးမှာ ရုန်းမထွက်နိုင်သေးကြောင်း သိရှိကြရသောအခါ သူ၏ မိသားစုအား ၁၂ လွှာရှိ တိုက်ခန်းများမှ နေထိုင်သူ ထေရဝါဒလူကြီးလူကောင်းတချို့က စိတ်ရှည်လက်ရှည် နားသွင်းကြည့်ကြပါမှ တဖြည်းဖြည်းနှင့် လက်ခံလာကြပြီး နောက်ဆုံး၌ ထေရဝါဒ၏ နည်းနာအရ ရဟန်းသံဃာတော်များ ပင့်ဖိတ်၍ ကွယ်လွန်သူအတွက် သင်္ကန်းပရိက္ခရာ လှူဖွယ်အသွယ်သွယ်အား ရည်စူး လှူဒါန်းပေးသည့်အခါကျမှ ၁၂ လွှာတစ်ဝိုက်၌ ခြောက်လှန့်မှုများ လုံးဝ ပျောက်ကွယ်သွားရသည်ဟု သူ၏ စကားအား မိတ်ဆွေသည် ဤနေရာ၌ အဆုံးသတ်လိုက်လေသည်။
သူ၏ စကား အဆုံးသတ်သွားပြီ ဖြစ်သော်လည်း စိတ်ပါဝင်စားစွာ တစ်ချိန်လုံး နားစိုက်ထောင်လာခဲ့သော ကျွန်တော်က ခေါင်းတညိတ်ညိတ်ဖြင့် ဖြစ်ရပ်ဆန်းကြယ် ထိုအကြောင်းအရာအား ခေါင်းထဲ အဆုံးမသတ်နိုင်သေးဘဲ ဆက်လက်တွေးတောမိလျက် ရှိနေစဉ် မိတ်ဆွေက ဖဲဝိုင်းမှာ ကြာမြင့်ဦးမည် ဖြစ်၍ ယခုအချိန်တွင် နီးစပ်ရာ ကေတီဗွီတစ်ခု၌ နှစ်ယောက်သား သွားရောက် သီချင်းသီဆိုမည်ဟု ပြောဆိုလာသဖြင့် ကျွန်တော်မှာ အားနာပါးနာနှင့် အတန်တန် ငြင်းဆန်ပါသော်လည်း မရသဖြင့် နောက်ဆုံး၌ မိတ်ဖြစ်ဆွေဖြစ် သူ၏ တောင်းဆိုမှုကို လက်ခံလိုက်ရတော့၏။
ထိုသို့ဖြင့် မိတ်ဆွေနှင့် ကျွန်တော်မှာ ဖဲဝိုင်းရှိ လူများနှင့် သူငယ်ချင်းအား ပြောဆို အသိပေးကာ ဟိုတယ်အခန်းထဲမှ ထွက်ခဲ့ကြပါသည်။ ဟိုတယ်စင်္ကြံမှ ဓါတ်လှေကားရှိရာ ကျွန်တော်တို့ လျှောက်လှမ်းသွားကြစဉ် ရိုးရိုးလှေကား အတက်အဆင်းနားမှ ပရိတ်ရေတစ်ပုလင်းနှင့် ဝန်ထမ်းတစ်ယောက် စောင့်နေသည့် ကောင်တာငယ်အား ဖြတ်ကျော်လာခဲ့သည့် အချိန်တွင် အနောက်မှ ထိုဝန်ထမ်းက ကျွန်တော်တို့အား လှမ်းခေါ်ကာ ဓါတ်လှေကားမှာ မကြာမီက စက်ချို့ယွင်းသွားသဖြင့် ယခုညအဖို့ အလုပ်မလုပ်နိုင်တော့ကြောင်း၊ မနက်ပိုင်း ဆာဗစ်ဆင်ဝင်ပြီးမှ ဆက်လက်အလုပ်လုပ်နိုင်မည် ဖြစ်ကြောင်း အသိပေးသဖြင့် ကျွန်တော်တို့လည်း ဓါတ်လှေကားအစား ရိုးရိုးလှေကားမှသာ အောက်သို့ ဆင်းသက်လာခဲ့ကြ၏။
ကျွန်တော်တို့ တည်းခိုရာ ဟိုတယ်အလွှာ ၆ လွှာမှ အောက်ထပ် ၅ လွှာသို့ ရောက်သောအခါ ထိုအလွှာ၌လည်း အပေါ်လွှာနည်းတူ လှေကားအတက်အဆင်းနံဘေး၌ ဝန်ထမ်းတစ်ဦးနှင့် ကောင်တာငယ်တစ်ခု ထားရှိထားသဖြင့် ကျွန်တော်လည်း ကောင်တာ၏ အနောက်ရှိ စင်မြင့်အထက် အမှုမဲ့အမှတ်မဲ့ လှမ်းကြည့်မိစဉ်၌ ‘ပရိတ်ရေ’ ဟူ၍ စာတန်း ရေးထိုးထားသော ရေပုလင်းတစ်လုံးအား ထပ်မံ တွေ့ရှိလိုက်ရပြန်၏။ ထိုအခါ ကျွန်တော်မှာ တစ်ချက်မျှ ကြောင်အမ်းအမ်း ဖြစ်သွားခဲ့မိသော်လည်း အပေါ်အလွှာက ဝန်ထမ်းနည်းတူ ယခုအလွှာမှ ဝန်ထမ်းလည်း ဘုရားတရား လိုက်စားပုံရသည်ဟု ဖြေတွေးကာ အောက်ထပ် ၄ လွှာသို့ ဆက်လက်ဆင်းသက်လာခဲ့ပြန်ပါသည်။ နောက်အလွှာသို့ ရောက်သောအခါ အပေါ်အလွှာများနည်းတူ ဝန်ထမ်းတစ်ဦးနှင့် ကောင်တာငယ်တစ်ခုအပြင် ပရိတ်ရေပုလင်းတစ်လုံး ထပ်မံတွေ့ရှိရပြန်သဖြင့် လွန်စွာမှ ထူးဆန်းလှသည်ဟု ဆိုရပေတော့မည်။
ဆိုရသော် ကျွန်တော်တို့ တည်းခိုကြရာ ၆ လွှာမှ စ၍ ဆင်းသက်လာကြရာတလျှောက် မြေညီထပ်သို့ ရောက်သည်အထိ အလွှာအားလုံး၏ ကောင်တာများအတွင်းရှိ ‘ပရိတ်ရေ’ ဟု ရေးထိုးထားသော ရေပုလင်းများမှာ ကျွန်တော့်အား အလွန်အမင်းပင် ဆွဲဆောင်နေလေပြီ ဖြစ်၏။ မိမိ၏ စိတ်ဆန္ဒအရ ဝန်ထမ်းများအား ထိုရေပုလင်းများ ဆောင်ထားကြရသည့်ကိစ္စ မေးမြန်းလိုက်ချင်သော်လည်း နံဘေးမှ မိတ်ဆွေမှာ မိမိအား အတော်အတန်ပင် စပ်စုနိုင်လွန်းသူဟု ထင်မှတ်မှားမည် စိုးရိမ်သောကြောင့် ဘာမျှမပြောဘဲ နေလိုက်ရပါသည်။
ဤသို့ဖြင့် ဟိုတယ်အပြင်သို့ ရောက်ရှိသောအခါ လူသွားလူလာ လွန်စွာ ရှင်းလင်းနေပြီး ညဉ့် ၁၂ နာရီ ထိုးပြီးနေပြီ ဖြစ်၏။ ဟိုတယ်အပေါက်ဝမှ ကျွန်တော်တို့ ထွက်လာခဲ့ကြတော့ ဟိုတယ်၏ မျက်နှာချင်းဆိုင်ရှိ လူနေကန်ထရိုက် တိုက်ခန်းများမှ အိမ်စီးကားများက ကြားအတွင်းရှိ လမ်း၏ တစ်ဖက်တစ်ချပ်၌ အပြည့်အဝ နေရာယူထားကြခြင်းကြောင့် မည်သည့်အငှားတက္ကစီယာဉ်မျှ ရပ်နားထားခြင်းကို မတွေ့ရှိရလျှင် ကျွန်တော်တို့မှာ ထိုလမ်းအပြင်ရှိ မိန်းလမ်းမကြီးဆီသို့ လျှောက်လှမ်းလာခဲ့ကြပါသည်။
ထိုကားလမ်းမကြီး၏ လမ်းဆုံလမ်းခွ မီးပွိုင့်အနားအရောက် ကျွန်တော်တို့ ရပ်တန့်ပြီး ဖြတ်သန်းလာမည့် တက္ကစီယာဉ်များအား စောင့်မျှော်လျှက် ရှိနေစဉ်တွင် အရှိန်ပြင်းစွာ မောင်းနှင်လာသော ပြိုင်ကားတစ်စီးမှာ မီးပွိုင့်မီးနီကို စည်းကမ်းမဲ့စွာ ကျော်ဖြတ်သွားခဲ့လျှင် မိတ်ဆွေဖြစ်သူမှာ ယင်းပြိုင်ကားအား မြည်တွန်တောက်တီးလိုက်ပြီးနောက်တွင် ပြီးခဲ့သည့် လအနည်းငယ်က ထိုသို့ အရှိန်အဟုန် ပြင်းထန်စွာ မောင်းနှင်လာသော အိမ်စီးကားတစ်စီး ယခုမီးပွိုင့်ကပ်လျက်ရှိ မော်တော်ပီကယ်ကင်းတဲနံဘေးရှိ အုတ်တံတိုင်းအား ဆလစ်ရိုက်ကာ ညဉ့်သန်းခေါင်ကျော် မနက် ၂ နာရီခန့်တွင် ဝင်တိုက်ခဲ့ခြင်းကြောင့် ကားပေါ် လိုက်လံပါရှိသူ လူငယ်လူရွယ်အမျိုးသား လေးဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး ထိုအချိန်က ယင်းအနီးအနား ကွန်ဒိုပေါ်တွင် နေထိုင်သော သူကိုယ်တိုင် ဆင်းကြည့်ခဲ့ဖူးကြောင်းအား ပြောဆိုလာပါသည်။ ထိုအခါ ကျွန်တော်က ထိုကားပေါ်မှ သေဆုံးသူများထဲမှ အငယ်ဆုံး တစ်ယောက်မှာ ကျွန်တော်နှင့် ခင်မင် ရင်းနှီးသူ ညီငယ်တစ်ယောက် ဖြစ်ကြောင်း ပြောလိုက်လျှင် မိတ်ဆွေမှာ တစ်ချက်မျှ အံ့အားသင့်သွားခဲ့ပြီးသည့်နောက် ထပ်ဆင့်အားနာသွားဟန် ဖြစ်နေသဖြင့် ဘာမျှ မဖြစ်ကြောင်း ပြောရ၏။
မှန်ပါသည်။ ထိုပွဲချင်းပြီး ကားအက်စီးဒင့်ဖြစ်၍ သေဆုံးသွားကြသူ လေးဦးထဲမှ တစ်ဦးမှာ အမှန်တကယ်ပင် ကျွန်တော်နှင့် ခင်မင် ရင်းနှီးသူ ညီငယ်တစ်ဦးဖြစ်ပြီး ထိုညီငယ်မှာ ဗဟန်းမြို့နယ်အတွင်း နေထိုင်သူတစ်ဦးပင် ဖြစ်၏။ ထိုအခင်းဖြစ်ရပ်၏ အစအား ပြန်လည်ပြောပြရသော် ထိုညီငယ်မှာ ကျွန်တော်၏ ညီအစ်ကိုများနှင့် ငယ်စဉ်ကတည်းက အတူတကွ ဘောလုံးကန်ရင်း ရင်းနှီးလာခဲ့သူ ဖြစ်ပါသည်။ ထိုညီငယ်မှာ သူဆုံးပါးသည့်အချိန် မတိုင်ခင်ကပင် မိန်းမရခဲ့ပြီး ထိုဇနီးမယားနှင့်ပင် မိဘအိမ်၌ အတူတကွ နေထိုင်နေကာ တစ်ရက် ပြည်ပမှ အလုပ်လုပ်၍ ပြန်ရောက်လာသော သူ၏ အစ်ကိုဝမ်းကွဲဆိုသူနှင့် ဆုံကြ၏။ ထိုရက်တွင် သူအပါအဝင် သူ့အစ်ကို၏ သူငယ်ချင်းနှစ်ယောက်ပေါင်း လေးယောက်သား မြို့ထဲ ၁၉ လမ်းရှိ ဘီယာဆိုင်တစ်ဆိုင်၌ သွားသောက်ကြရာ၌ သူ၏ အစ်ကိုဖြစ်သူက နေအိမ်မှ ကားကို ကိုယ်တိုင် ယူဆောင် မောင်းနှင်ခဲ့၏။ ထိုသို့ ဘီယာဆိုင်၌ ပြန်လည်ဆုံဆည်းခြင်း အထိမ်းအမှတ်ဖြင့် အောင်ပွဲခံကြအပြီး M3 ဟိုတယ်ရှိ ကေတီဗွီသို့ သီချင်းသွားဆိုကြကာ ထပ်မံသောက်စားကြပြန်သည်။
ဤသို့ ရေချိန်လွန်လာကြပြီးနောက် မနက် ၂ နာရီ ထိုးခါနီး၌ ပြန်လာကြရာ ယခု ကျွန်တော်တို့ ရပ်နေသည့် နေရာ၏ အရှေ့ တစ်ဖက်ကားလမ်း ပလက်ဖောင်းရှိ မော်တော်ပီကယ်ကင်းတဲရုံး၏ နံဘေးနားမှ အုတ်တံတိုင်းကြီးအား ဆလစ်ရိုက်ကာ အရှိန်ပြင်းထန်စွာဖြင့် တိုက်မိခဲ့ရာ ကားပေါ်ပါသမျှ လေးဦးသားစလုံး မရှုမလှ ပွဲချင်းပြီး သေဆုံးကြရတော့၏။ ထိုသို့ ကံဆိုးမိုးမှောင်ကျ ဇာတ်သိမ်းသွားကြရရှာသော သူတို့၏ နာရေးအသုဘအား ကျွန်တော်တို့ ညီအစ်ကိုများပါ လိုက်ပါ ပို့ဆောင်ကြပြီး ရေဝေးသို့ ရောက်သောအခါ အသုဘရှု ခန်းမတစ်ခုတည်း၌ လေးဦးစလုံး၏ အခေါင်းကိုယ်စီဖြင့် အလောင်းများအား စီတန်းထားရှိပြီး ဝတ်ပြုအဖွဲ့မှ ဝတ်ရွတ်ဖတ်၍ သရဇ္စျာယ်နေကြစဉ် ကျွန်တော် အနီးကပ် သွားကြည့်စဥ် အခေါင်းများ၌ ကပ်ထားသည့် စာရွက်များအထက် ကွယ်လွန်သူများ၏ အမည်ကင်ပွန်းများအရ နေ့နာမ်များ ကောက်ကြည့်သောအခါ လေးဦးသားစလုံးမှာ ကြာဿပတေးသားများ ဖြစ်နေကြပြီး သေဆုံးသည့် နေ့မှာလည်း ကြာဿပတေးနေ့ ဖြစ်နေကြောင်းအား အံ့အားသင့်ဖွယ်ရာ တွေ့ရှိရပါတော့သည်။ အဘယ်ကြောင့် သေဆုံးသူ လေးဦးသားစလုံးမှာ တူညီစွာ ကြာဿပတေးသားများ ဖြစ်နေကြပြီး၊ အဘယ်ကြောင့် ကြာဿပတေးနေ့၌ ကွယ်လွန်အနိစ္စ ရောက်ကြရသနည်း။
ဤသို့ဖြင့် ကွယ်လွန်သူများအား သင်္ဂြိုဟ်မှုများအပြီး နောက်ရက်များမှ စတင်ကာ ကွယ်လွန်သူတို့၏ နေအိမ်များ၌ ကိုယ်ယောင်ထင်ရှား ပြသမှုများ ပေါ်ပေါက်လာပါတော့သည်။ ယင်းသို့ ဖြစ်လာကြရာမှ ကျွန်တော်နှင့် ခင်မင် ရင်းနှီးသည့် ညီငယ်၏ အိမ်၌ ဖြစ်ပျက်ခဲ့သမျှသာ အနည်းအကျဉ်း ကျွန်တော် သိခွင့် ရရှိခဲ့ပါသည်။ သိရှိခဲ့ရသမျှမှာ ကွယ်လွန်သူ ညီငယ်၏ ဇနီးသည် အိပ်စက်ရာ ခြင်ထောင်အပြင်၌ ညစဉ်ညတိုင်းလိုလို ညဉ့်သန်းခေါင်ကျော် မနက် ၂ နာရီခန့်ဆိုလျှင် လူပုံသဏ္ဌာန် အရိပ်နက်နက်တစ်ခု ပေါ်ပေါက်လာပြီး ဘယ်ပြန်ညာပြန် ခေါက်တုံ့ခေါက်ပြန် လျှောက်လှမ်းလေ့ ရှိသည်ဟူ၏။ နေ့စဉ်ရက်ဆက် ထိုအဖြစ်အပျက်အား ခဏခဏ ကြုံတွေ့ရသောအခါ ကွယ်လွန်သူ၏ ဇနီးဖြစ်သူခမျာ ထိုအိမ်၌ ဆက်လက်မနေဝံ့တော့သဖြင့် ယောက္ခမဖြစ်သူတို့အား ခွင့်ပြုချက် တောင်းကာ သူ့မိသားစု နေအိမ်သို့ ပြန်သွားလေ၏။
ထို့အပြင်ကို ကွယ်လွန်သူ ညီငယ် သက်ရှိထင်ရှား ရှိခဲ့စဉ်က ညစဉ် ဂစ်တာတီးနေကျ သူတို့ လမ်းထိပ်မှ အုပ်ခုံလေးပေါ်မှာ ညဉ့်နက် လူပြတ်သည်နှင့် အရိပ်မဲမဲတစ်ခု ငုတ်တုတ်ထိုင်လျှက် ရှိသည်ကို တစ်ရပ်ကွက်တည်း နေထိုင်သူအချို့မှ တွေ့မြင်ရမှု ဖြစ်စဉ်များ ပေါ်ပေါက်ခဲ့ပါသေးသည်။ ထိုကိစ္စများ၏ နောက်ပိုင်းဖြစ်ရပ်များအား ထပ်မံမစုံစမ်းရက်တော့သဖြင့် ကျွန်တော် မသိရှိခဲ့သော်လည်း မိမိ၏ အာရုံအတွင်း၌မှု အဘယ်သို့ ကြဿပတေးသား လေးယောက်စလုံးမှာ ကြာဿပတေးနေ့၌ အလွန်အမင်း ထူးဆန်း တိုက်ဆိုင်စွာဖြင့် အတူတကွ ကွယ်လွန် တိမ်းပါးကြကြောင်းကို မစဉ်းစားဘဲ မနေနိုင်အောင် ဖြစ်ရ၏။
အထက်ဖော်ပြပါ ယခုအကြောင်းအရာများအား ကျွန်တော်က စောစောက အခင်းဖြစ်ပွားရာ နေရာမှ ကေတီဗွီတစ်ခုသို့ ငှားစီးလာခဲ့သော တက္ကစီယာဉ်ပေါ်တွင် မိတ်ဆွေဖြစ်သူ၏ မေးမြန်းမှုကြောင့် ကွယ်လွန်သူ ညီငယ်နှင့် မည်သို့မည်ပုံ ခင်မင် ရင်းနှီးကြောင်း ပြောကြားရာမှတဆင့် အလျဉ်းသင့်၍ ထူးခြားဖြစ်စဉ်များကိုပါ ထပ်မံပြောကြားလိုက်ရာ မိတ်ဆွေက ပါးစပ်အဟောင်းသားဖြင့် ဤသို့ တဆက်တည်း ဆိုလာပါတော့၏။ အကြောင်းကား အဆိုပါကွယ်လွန်သူ ကြာဿပတေးသားများ၏ အခင်းဖြစ်စဉ်များ ဖြစ်ပျက်ပြီးချိန်မှ စ၍ အပတ်စဉ် ကြာဿပတေးနေ့ သန်းခေါင်ကျော် ၂ နာရီခန့် ရောက်လျှင် ကားအက်စီးဒင့် ဖြစ်ရာ နံဘေးကပ်လျက်က မော်တော်ပီကယ် ကင်းတဲရုံးမှန်များမှာ အကျိုးအကြောင်းမဲ့စွာ သူ့အလိုလို တခွမ်းခွမ်းဖြင့် ကျယ်လောင်စွာ မြည်ဟီးကာ ကျကွဲလေ့ရှိကြောင်း ညကင်းကျ မော်တော်ပီကယ်များက ဖွင့်ဟ ပြောဆိုလာကြသည် ဟူ၏။
အခင်းဖြစ်ချိန်တုန်းကလည်း ကားက ဆလစ်ရိုက်၍ အရှိန်ဖြင့် အုတ်တံတိုင်းအား ဝင်တိုက်စဉ် နံဘေးကပ်ရပ်ရှိ ယင်းမော်တော်ပီကယ် ကင်းတဲရုံးကလေး၏ မှန်ပြတင်းများမှာ Wave နှင့် Vibrate ရိုက်ခတ်၍ ထိုအချိန်က ဤသို့ ကျကွဲခဲ့ဖူးကြောင်း မိတ်ဆွေက ထပ်မံ ပြောကြားလာလျှင် ထူးဆန်းလှစွာသော ၎င်းအဖြစ်အပျက်များအား ဆက်စပ် တွေးခေါ်ကြည့်သော် လွန်စွာ မအံ့သြဘဲ မနေနိုင်အောင် ရှိနေပေတော့သည်။
ထိုအချိန်၌တွင်ပင် တက္ကစီယာဉ်မှာ ကေတီဗွီတစ်ခု၌ ရပ်လိုက်၍ ကျွန်တော်တို့၏ အတွေးမျဉ်များမှာ ပြတ်တောက်သွားခဲ့ပြီး ကားပေါ်မှ ဆင်းကာ ကေတီဗွီထဲ ဝင်လျက် အခန်းတစ်ခန်းကို တစ်ဆက်ရှင်ယူကာ ဘီယာဂျားများနှင့် စားဖွယ်အမြည်းများ မှာယူ သောက်စားကြရင်း သီချင်းတကြော်ကြော် သီဆိုကြ၏။ ထိုသို့ ကေတီဗွီ၌ တစ်ဆက်ရှင် ပြည့်ပြီးနောက် ကျသင့်သမျှကို မိတ်ဆွေမှ အကုန်ဒကာခံ ရှင်းကာ မူရင်းဟိုတယ်ရှိရာသို့ တက္ကစီတစ်စီး ထပ်မံငှားစီးလျက် ကျွန်တော်တို့ ပြန်လာကြ၏။
ဟိုတယ်နားအရောက် ဟိုတယ်အဝ တိုက်တန်းလမ်းကြားသို့ ကားက ဝင်မရသဖြင့် ကျွန်တော်တို့ အစအဦးက ကားတားခဲ့ရာ နေရာတွင်ပင် ရပ်တန့်စေကာ ကားပေါ်မှ ဆင်းလာခဲ့ကြပြီးနောက် တက္ကစီယာဉ်လည်း သူ့လမ်းကြောင်း သူဆက်လက်ကာ ထွက်ခွာသွားစဉ်၌ ပါတ်ဝန်းကျင်တဝိုက် ကားသွားကားလာနှင့် လူသူလေးပါး ကင်းမဲ့တိတ်ဆိတ်စွာဖြင့် ရှိနေလေ၏။
ထိုနေရာမှ ဟိုတယ်ဘက်ဆီသို့ ကျွန်တော်တို့ ခြေဦးစတင် လှည့်လိုက်ကြစဉ်မှာတင် တခွမ်းခွမ်းနှင့် မှန်ကျကွဲသံများက ညဉ့်နက်သန်းခေါင်ကျော်၏ ဆိတ်ငြိမ်မှုများကို ဖြိုခွင်း ဖျက်ဆီးကာ ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့တော့၏။ တဒင်္ဂအတွင်း ကျွန်တော်တို့ နှစ်ဦးသား အထိတ်တလန့် ဖြစ်သွားကြကာ အသံကြားရာ လှမ်းကြည့်မိတော့မှ သာလွန် အံ့အားသင့်ရချေပြီတည်း။
မှန်သည်။ စာရှုသူ ပရိသတ်များ၏ အတွေး မှန်ကန်သည်ဟု ဆိုရပေမည်။ မှန်ကွဲသံများ လာရာ အရင်းအမြစ်ကား ဟိုမှာဘက်ကမ်း ကားလမ်းတစ်ဖက်ခြမ်းရှိ မော်တော်ပီကယ် ကင်းတဲရုံးကလေးမှ ဖြစ်ချေသည်။ ကင်းတဲရုံးအတွင်းမှ တာဝန်ကျသူများကလည်း ဖြစ်မည့် အရေးအား ကြိုတင် တွက်ဆထားကြပုံဖြင့် အတွင်းတစ်ယောက် အပြင်တစ်ယောက် မအိပ်မငိုက်ဘဲ စောင့်ကြည့်နေပုံ ရပြီး တစ်ဦးနှင့် တစ်ဦးပင် ပခုံးများ လှုပ်၍ အချက်ပြကာ ဘေးပတ်ဝန်းကျင်တဝိုက်အား အေးအေးလူလူ လှည့်ပတ် ကြည့်ရှုလျှက် ရှိလေသည်။
ဤအခြင်းအရာတို့အား တွေ့မြင်ရ၍ မော်တော်ပီကယ်များအကြား ထိုကိစ္စမှာ ဖြစ်နေကျ ပုံစံမျိုးဖြင့် ရှိနေခြင်းကို တွက်ဆမိချေသည်။ ထိုအချိန်၌ မှင်တက် အံ့သြလျက် မော်တော်ပီကယ် ကင်းတဲရုံးဆီ ကြည့်နေသော ကျွန်တော့်ကို နံဘေးကပ်လျက်က မိတ်ဆွေမှာ တဆတ်ဆတ်နှင့် လက်တို့ကာ သူ၏ နာရီကို ပြသနေကြောင်း တွေ့ရှိရ၍ ကျွန်တော်က ကြည့်မိရာ သန်းခေါင်ကျော် မနက် ၂ နာရီခန့်သို့ နာရီလက်တံများက ရွေ့လျား ရောက်ရှိနေကြောင်း တွေ့ရှိလိုက်ရသောအခါ ကျွန်တော့်အနေဖြင့် မည်သို့ ဖြစ်ပျက်နေမည်ကို စာရှုသူများ စဉ်းစားကြည့်နိုင်၏။
ထို့နောက် ကျွန်တော့်ခေါင်းထဲ ယနေ့သည် ကြာဿပတေးနေ့ ရောက်ရှိခဲ့ပြီဖြစ်ကြောင်း မှတ်ချက်ပြုမိ၍ ကြောက်ရွံ့မှုအစား သနားကရုဏာစိတ်များ ဝင်ရောက်လာခဲ့ပါသည်။ သို့သော်ငြား မိမိအနေဖြင့် ထိုစိတ်ခံစားချက်မှတပါး ဘာမျှ မတတ်နိုင်သဖြင့် အံ့သြ ထိတ်လန့်နေသော မိတ်ဆွေကို ခေါ်ငင်ကာ ဟိုတယ်ဆီ လျှောက်လှမ်းခဲ့ပါတော့သည်။ (နောက် ရက်သတ္တပတ်ခန့်တွင် ကာယကံရှင် မိသားစုများမှ ထိုနေရာ၌ ရဟန်းသံဃာများအား ပင့်ဖိတ်ကာ ဘာသာရေးဆိုင်ရာ လုပ်ဆောင်စရာ ရှိသည်များ လုပ်ဆောင်ခဲ့ပြီးနောက် ထိုအဖြစ်အပျက်များ ထပ်မံမဖြစ်ပွားတော့ကြောင်း နောင်အခါမှ သိရှိခဲ့ရပါသည်။)
လမ်းလျှောက်ရင်းဖြင့် ကျွန်တော့်မှာ စိတ်မကောင်းခြင်းများ မင်းမူ ကြီးစိုးနေသော်လည်း မိတ်ဆွေဖြစ်သူခမျာ ကြားဖူးနားဝ ဖြစ်ရပ်ဆန်းတစ်ခုအား ကျွန်တော်နှင့်ကျမှ ကြုံတောင့်ကြုံခဲ ကြုံတွေ့လိုက်ရခြင်းကြောင့် လွန်စွာ ထိတ်လန့်တုန်လှုပ်နေပုံ ရလေသည်။ နှစ်ဦးသား စကားတစ်ခွန်းမျှ မပြောနိုင်ကြဘဲ ဟိုတယ်အတွင်းသို့ ဝင်ရောက်လာကြပြီးနောက် လှေကားမှ အပေါ်သို့ တက်မည်ပြုစဉ် ဝန်ထမ်းတစ်ဦးက ကျွန်တော်တို့အား တွေ့မြင်သွား၍ လှမ်းခေါ်ကာ မကြာမြင့်သေးမီက စက်ချို့ယွင်းသွားသော ဟိုတယ်ဓါတ်လှေကားမှာ သူ့အလိုလို ပြန်ကောင်းသွားပြီ ဖြစ်ကြောင်း ပြောဆိုရာ ကျွန်တော်တို့မှာ ၆ လွှာသို့ အပင်ပန်းခံကာ ရိုးရိုးလှေကားမှ တက်မနေကြတော့ဘဲ အေးအေးလူလူ ဓါတ်လှေကားမှ တက်ရန် ဆုံးဖြတ်လိုက်ကြပါသည်။
သို့နှင့် ဓါတ်လှေကားရှိရာ သွား၍ ကျွန်တော်တို့ အတွင်းသို့ ခလုတ်နှိပ်၍ ဝင်ကာ မိမိတို့ သွားမည့် ၆ လွှာသင်္ကေတ ခလုတ်အား ဆက်နှိပ်လိုက်လျှင် ဓါတ်လှေကား တံခါးနှစ်ချပ် ပြန်ပိတ်လာခဲ့၏။ ထိုအချိန်၌ လက်တစ်စုံမှာ တံခါးနှစ်ချပ်အကြား ဝင်ရောက်လာခဲ့သောကြောင့် တံခါးများ ပြန်ပွင့်သွားခဲ့လေသည်။ သို့နှင့် လက်ပိုင်ရှင်ကို ကျွန်တော်တို့ ကြည့်လိုက်ကြသောအခါ စုတ်ပျက် နွမ်းလျလျက် ရှိသော အဝတ်အထည်များအား ဆင်ယင်ထားသည့် အမျိုးသမီးတစ်ဦး ဖြစ်နေကြောင်း တွေ့ရှိလိုက်ရ၏။
ထိုအမျိုးသမီးမှာ ဓါတ်လှေကားထဲ ဝင်ရောက်လာကာ ကျွန်တော်တို့ နှစ်ဦး၏ အနောက်၌ နေရာယူလိုက်လျှင် ကျွန်တော်တို့လည်း တစ်ဦးကို တစ်ဦးကြည့်ကာ မျက်ခုံးပင့်၍ ဘာအတွက်ကြောင့် စုတ်စုတ်ပျက်ပျက် ထိုအမျိုးသမီးမှာ ဤဟိုတယ်သို့ ဝင်လာရကြောင်း မတွေးတတ်အောင် ရှိနေကြပေတော့သည်။ သန့်ရှင်းရေးဟု ဆိုပါကလည်း ဤကဲ့သို့ ဟိုတယ်ကြီးမျိုးရှိ သန့်ရှင်းရေးများမှာ သပ်ရပ် ကြော့ရှင်းလှသော ယူနီဖောင်းများ ရှိနေရချေမည်။ သို့ကြောင့် ဟိုတယ် သန့်ရှင်းရေး မဖြစ်နိုင်ဘဲ စည်ပင်မှ ညတာဝန်ကျ အမျိုးသမီးတစ်ဦးအား အပေါ်လွှာတစ်ခုရှိ အမှိုက်များအား လာရောက် သိမ်းဆည်းရန် ဟိုတယ်မှ အခကြေးငွေ ပေးကာ ခေါ်ဆောင်ထားခြင်း ဖြစ်ရမည်ဟု ကျွန်တော်တို့ ဖြည့်တင်း တွေးမိလိုက်ကြပါသည်။
ထို့နောက် ကျွန်တော်လည်း မိမိတို့ တက်မည့် အလွှာ ၆ ခလုတ်ကို ထပ်မံနှိပ်ပြီးနောက် ဓါတ်လှေကားတံခါးများ ပိတ်ဆို့သွားပါတော့သည်။ သို့သော် ကျွန်တော်တို့အနောက်မှ ခပ်စုတ်စုတ်အမျိုးသမီးမှာ သူတက်ရောက်မည့် အလွှာအထပ် နံပါတ်ခလုတ်အား မနှိပ်ပါဘဲ ငြိမ်ချက်သား ကောင်းနေရာ သူတက်ရောက်မည့် အလွှာမှာ မိမိတို့ သွားမည့် ၆ အလွှာပင် ဖြစ်လိမ့်မည်ဟု တွေးမိလိုက်ကြပါသည်။ ဓါတ်လှေကားမှာ အပေါ်များသို့ တည်ငြိမ်စွာနှင့် တက်သွားနေချိန် ကျွန်တော်မှာ ကြေးမှုံပမာ အရိပ်ထင်ဟပ်လျက် ရှိသော အလူမီနီယံ တံခါးချပ်များမှတဆင့် မိမိ၏ ပုံရိပ်နှင့် မိတ်ဆွေ၏ ပုံရိပ်တို့ကို မြင်တွေ့နေရပါသည်။ သို့သော်ငြား ကျွန်တော်တို့ အနောက်မှ အမျိုးသမီး၏ အရိပ်မှာ ပျောက်ဆုံးနေသဖြင့် ကျွန်တော့်အနေနှင့် တစ်ချက်မျှ စဉ်းစဉ်းစားစား ဖြစ်သွားခဲ့၏။ သို့သော် အမျိုးသမီးမှာ အရပ်ပုကာ သေးသွယ်သည့်ခန္ဓာရှိသူတစ်ဦး ဖြစ်သောကြောင့် ကျွန်တော် (သို့မဟုတ်) မိတ်ဆွေ တစ်ယောက်ယောက်၏ အနောက်၌ ကွယ်ပျောက်နေခြင်း ဖြစ်နိုင်ကောင်းသည်ဟုပင် ကျွန်တော် တွေးမှတ်လိုက်ပါသည်။
ဤသို့ဖြင့် ၆ လွှာသို့ ရောက်ရှိလာခဲ့၍ တံခါးနှစ်ချပ် ရှဲကာ ပွင့်လှစ်သွားသောအခါ ကျွန်တော်တို့လည်း ထွက်လာခဲ့ကြစဉ်သမယတွင် မလှမ်းမကမ်း ရိုးရိုးလှေကားနံဘေးကပ်လျက်နားရှိ အလွှာကောင်တာဆီမှ ဝန်ထမ်းမှာ ကျွန်တော်တို့အား ကြည့်ကာ ခဏအကြာ မျက်လုံးပြူး မျက်ဆံပြူး ဖြစ်သွားပြီးနောက် ကျွန်တော်တို့ဆီ လက်ညိုးထိုးကာ သူ၏ ပါးစပ်ကို ဟလျက် တစ်စုံတစ်ရာ ပြောမည့်ဟန် ပြင်နေသော်လည်း အာစေးမိထားသည့်နှယ် ဖြစ်နေပြီး မည်သည့်စကားအသံမျှ ထွက်ပေါ်မလာသောကြောင့် ကျွန်တော်တို့လည်း ဘာဖြစ်၍ ဘာပျက်နေမှန်း မသိကြဘဲ နားမလည်နိုင်စွာ ရှိနေကြ၏။
ထိုစဉ်၌ပင် ထိုဝန်ထမ်းအမျိုးသား ပါးစပ်ဖျားမှ ထစ်ငေါ့စွာဖြင့် “သရဲ သရဲ” ဟူသည့် အသံများ မပီကလာ ပီကလာ ထွက်ပေါ်လာပြီးနောက် သူ၏ အနောက် စင်မြင့်အထက်မှ ‘ပရိတ်ရေ’ ဟု ရေးထိုးထားသော ပုလင်းကို အလျင်အမြန် လှမ်းယူလိုက်သောကြောင့် ကျွန်တော့်အနေဖြင့် ဟိုတယ်သို့ ရောက်စကတည်းက ခေါင်းထဲ ဖြေရှင်းမရခဲ့သော ပုဒ်စာတချို့မှာ လျှပ်တပြတ်အတွင်း ရှင်းလင်းသွားခဲ့ပြီးနောက် အလျင်အမြန် အနောက်လှည့်ကာ ကြည့်လိုက်စဥ်မှာပင် ဓါတ်လှေကား တံခါးချပ်များမှာ ပိတ်ဆို့သွားခဲ့ပြီ ဖြစ်လေသည်။
ထိုအချိန် ကျွန်တော်တို့လည်း တို့ဆေးမိထားကြသူများပမာ ဓါတ်လှေကား တက်သွားရာပြ ဒစ်ဂျစ်တယ်ဖန်သားပြင်အား မလှုပ်မယှက် ကြည့်မိနေကြခိုက် အလွှာနံပါတ်ကုဒ်များမှာ ၇ လွှာ၌ ချက်ချင်း ရပ်တန့်သွားလေသည်။ ထို့နောက်တွင်တော့ စက္ကန့်ပိုင်းတစ်ခုအကြာ၌ အပေါ် ၇ လွှာဆီမှ ဝန်ထမ်းတစ်ဦးမှာ သူ၏ ပရိတ်ရေပုလင်းကို ကိုင်ပြီး ကျွန်တော်တို့ ရှိရာ ၆ လွှာသို့ အူယားဖားယား ပြေးဆင်းလာခဲ့တော့၏။ ထိုအခါကျမှ ကျွန်တော်တို့ သတိပြန်ဝင်လာပြီး ခဏစောင့်ကြည့်ကြရာ အခြားအလွှာများ၌ ဘာမျှ ဆက်၍မဖြစ်တော့ကြောင်း သိရှိရ၏။
ဝန်ထမ်းနှစ်ဦးမှာ ယခုအဖြစ်အပျက်များအား မည်သူမျှအား မပြောပါရန် အသည်းအသန် တောင်းဆိုလာ၍ အကယ်၍များ ယခုကိစ္စ အပြင်သို့ ပေါက်ကြားသွားပါက သူတို့ခမျာ အလုပ်ပြုတ်ရလိမ့်မည် ဖြစ်ကြောင်း ပြောဆိုကြသဖြင့် ကျွန်တော်တို့ကလည်း သူတို့၏ တောင်းဆိုမှုကို လိုက်လျောပါမည်၊ သို့သော် ယခုကိစ္စအား ရှင်းလင်းအောင်ပါ မိမိတို့အား ရှင်းပြသင့်ကြောင်း ပြန်လည် ပြောဆိုကြရာ ကျွန်တော်တို့ အလွှာမှ ဝန်ထမ်းမှာ သက်ပြင်းတစ်ချက် ချပြီး ဤသို့ ပြောပြပေ၏။
ဤဟိုတယ်ကြီး မဖြစ်သေးမီ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကြီး ဖြစ်ဆဲရှိတုန်းအခါက မဆလာအိတ်ထမ်း အလုပ်ကြမ်းသမ အမျိုးသမီးတစ်ဦးမှာ မတော်တဆ ခြေချော်လက်ချော် ဖြစ်ကာ အလွှာတစ်ခုပေါ်မှ ပြုတ်ကျကာ ဘိလပ်မြေဖျော်သည့် လှည့်စက်ကြီးအတွင်း ကျရောက်လျက် သေဆုံးသွားခဲ့ဖူးသည့် သမိုင်းရှိကြောင်း၊ ဤဟိုတယ်ကြီး ဖွင့်လှစ်ပြီးချိန်မှ စ၍ ထိုအမျိုးသမီးမှာ မကျွတ်မလွတ်သေးဘဲ တစ္ဆေသရဲ ဘဝဖြင့် အလွှာတိုင်းသို့ တက်ရောက်ကာ ဝန်ထမ်းများကိုသာ ရံဖန်ရံခါ ခြောက်လှန့်မှုများ ရှိကြောင်း၊ သို့ကြောင့် မန်နေဂျာသို့ ထိုအကြောင်းအား ဝန်ထမ်းများက တင်ပြရာ မန်နေဂျာမှာ ဗုဒ္ဓဘာသာဝင်ဖြစ်၍ ဘုန်းကြီးပင့်ကာ ပရိတ်တရားရွတ်ကာ အမျှအတမ်း ဝေပေးလိုသော်ငြား သူ၏ အထက်မှ လူကြီးများမှာ ဘာသာခြား နိုင်ငံခြားသားများ ဖြစ်သောကြောင့် ဤကိစ္စအား တင်ပြသောအခါ လုံးဝ ခွင့်မပြုကြကြောင်း၊ အကယ်၍ နောက်တစ်ကြိမ် ဤသို့ သတင်းများ ထပ်မံထွက်ပေါ်ကာ အပြင်သို့ သတင်းပျံ့နှံ့သွားပါက ဝန်ထမ်းများမှာ အလုပ်ပြုတ်ကြရမည့်အပြင် ဟိုတယ်၏ ဂုဏ်ကျက်သရေအား ထိခိုက်စေမှုဖြင့် တရားစွဲဆိုခံထိမည် ဖြစ်ကြောင်း၊ ထို့ကြောင့် မန်နေဂျာမှ မိမိတို့ဘာသာ မိမိတို့ တိတ်တဆိတ် ဖြေရှင်းကြရန် တိုင်ပင်ခဲ့ပြီးနောက် အလွှာတိုင်း၌ ပရိတ်ရည်ပုလင်းများအား ထားရှိခွင့် ပြုခဲ့ကြောင်း စသဖြင့် အကျဉ်းချုံ့ကာ စုန်ချည်ဆန်ချည် ပြောပြခဲ့ပါသည်။
ထိုအခါကျမှ ကျွန်တော်နှင့် မိတ်ဆွေတို့မှာ ဓါတ်လှေကားထဲ မကျွတ်မလွတ်သူ နာနာဘာဝ အမျိုးသမီးနှင့် အတူတကွ စီးခဲ့မိကြသည့် မိမိတို့၏ ဘူမသိကိုးမသိ အဖြစ်ကို တနုံ့နုံ့နှင့် တွေးတော ကြောက်ရွံ့လာခဲ့ကြသောကြောင့် ထိုဟိုတယ်၌ ဆက်လက်မနေဝံ့တော့သဖြင့် ဖဲကစား၍ မပြီးနိုင်ကြသေးသော သူငယ်ချင်းနှင့် အခြားသူများအား အလျင်အမြန် နှုတ်ဆက်ကာ ကိုယ်စီနေအိမ်များသို့ ချက်ချင်းပြန်အိပ်ကြရလေတော့သတည်း။
ဇော်မင်းအောင် (နက်ရှိုင်းထက်)
ဖေဖော်ဝါရီလ၊ ၂၂ ရက်၊ ၂၀၂၂ ခုနှစ်