အချစ်များစွာနှင့်သူမ(စ/ဆုံး)
—————————–
“ပုံ့ပုံ့ရေ… ငါလက်ထပ်တော့မယ်သိလား”
“ဟယ်… တစ်ကယ်ကြီးလားရွှေဥရယ်”
အိမ်ထဲကိုပြုံးဖြီးဖြီးနဲ့ဝင်လာပြီးဆိုင်းမဆင့်ဗုံမဆင့် ပြောချလိုက်တဲ့တဲ့အချစ်ဆုံးငယ်သူငယ်ချင်းဥဥခင်ရဲ့စကားကြောင့် ပုံ့ပုံ့လွင်ခမြာပါးစပ်လေးအဟောင်းသားပင်ဖြစ်သွားရပါသည်။
မွေးကတည်းကပေါင်းလာသည့်သူငယ်ချင်းလို့ပင်ပြောရလောက်အောင်သူတို့နှစ်ယောက်သည်အိမ်ချင်းကပ်ရက်ဖြစ်သလိုမွေးနေ့ကလည်းတစ်ရက်တည်းသာခြားတာမို့တစ်ယောက်အကြောင်းတစ်ယောက်အူမချေးခါးကအစအကုန်သိသည့်အတွင်းသိအစင်းသိတွေသာပင်။
“ကိုသန့်ဇင်နဲ့ပဲလား…”
ပုံ့ပုံ့လွင်ရဲ့မေးပုံကို ဥဥခင်ကခစ်ကနဲတစ်ချက်ရယ်လိုက်ရင်း…
“နင့်ဟာကလည်း… မသိရင် ငါကပဲရည်းစားတွေအများကြီးတစ်ပြိုင်နက်တည်းထားနေလို့ ဟိုလူနဲ့လား ဒီလူနဲ့လား မသေချာသလိုလို ဘာလိုလိုနဲ့ဟယ်”
“ဟင်းး.. နင့်အကြောင်းတော့ငါမသိရင်ခက်ဦးမယ်
မိရွှေဥရေ..” လို့ပုံ့ပုံ့လွင်စိတ်ထဲကတွေးနေမိရင်း ပါးစပ်ကတော့…
“ဪ… နင်ကသိပ်စန်းပွင့်တယ်မဟုတ်လား.. ရွေးချယ်စရာတွေများလွန်းတော့ ဘယ်သူ့ကိုများနောက်ဆုံးရွေးသွားသလဲလို့ အတည်ပြုရတာပေါ့ဟဲ့”
“ဟီးဟီး… ကိုသန့်ဇင်အခုတစ်ခါသင်္ဘောကပြန်ဆင်းလာတာနဲ့ဒီကိုပဲတန်းလာပြီးအမေတို့ဆီမှာတစ်ခါတည်းတောင်းရမ်းလက်ထပ်ယူမယ်တဲ့”
ကိုသန့်ဇင်ကို ဥဥခင်ကရန်ကုန်မှာချိန်းပြီးသွားတွေ့တုန်းကပုံ့ပုံ့လွင်ကိုပါအဖော်ခေါ်သွား၍တစ်ခေါက်တော့တွေ့ဖူးပါသည်။ အလွန်ရိုးသားပြီးလူကြောက်တတ်သူတစ်ဦးဖြစ်ကာ ပုံ့ပုံ့တို့နှစ်ယောက်နဲ့စတွေ့ချိန်မှာသူ့ခမြာယောကျာ်းကြီးတန်မဲ့စကားတွေအထစ်ထစ်အငေါ့ငေါ့နှင့်လက်တွေတောင်တုန်နေခဲ့သည်မှာသနားစရာပင်ကောင်းနေခဲ့သေးတော့သည်။
“ဒါနဲ့… သူ့သားလေးကရော… တစ်ခါတည်းဒီကိုလိုက်လာပြီးနေတော့မှာလား”
ကလေးအကြောင်းမေးမိတော့ဥဥခင်မျက်နှာပေါ်ကအပြုံးကနည်းနည်းလျော့သွားပြီး…
“အင်း…ကလေးကတော့စာမေးပွဲဖြေပြီးချိန်မှသွားခေါ်ရမှာ… ဆယ်ကျော်သက်အရွယ်လေးဆိုတော့ဂျစ်ကန်ကန်လုပ်ချင်နေလို့ငါ့မှာအတော်လေးစည်းရုံးရေးဆင်းရဦးမှာဟေ့… နင်သိတဲ့အတိုင်းပဲလေ… ငါကအစိုးရဝန်ထမ်းဆိုတော့ဣန္ဒြေမပျက်နေနိုင်စားနိုင်တယ်ဆိုပေမယ့်ဘာမှစုမိဆောင်းမိရှိတာမဟုတ်ဘူးဟ…. ငါကမိဘရှိတုန်းလေးမိဘကိုမတောင့်မတမကြောင့်မကျထားချင်တာ… ကိုသန့်ဇင်အလုပ်ကတစ်ခါပင်လယ်ထဲထွက်ရင်ခြောက်လခုနှစ်လနီးပါးအိမ်မပြန်ရဘူးဆိုပေမယ့်ပြန်လာရင်တော့ထုပ်ထုပ်ထည်ထည်လေးပိုက်လာနိုင်တယ်ဆိုတော့အမေတို့ကိုကောင်းကောင်းထောက်ပံ့နိုင်မယ်ဆိုတဲ့အတွေးနဲ့သူ့ကိုလက်ခံလိုက်တာလည်းပါပါတယ်”
သူ ကိုသန့်ဇင်ကိုလက်ထပ်ဖို့ရွေးချယ်ရခြင်းအကြောင်းကိုသေချာရှင်းပြနေတဲ့ဥဥခင်ကို ငေးကြည့်နေရင်းပုံ့ပုံ့လွင်ကတစ်စုံတစ်ခုကိုရုတ်တရက်သတိရသွားဟန်နှင့်စကားဖြတ်၍မေးလိုက်လေသည်။
“ဟဲ့… စကားမစပ်ရွှေဥရယ်… ဟိုအမေရိကားမှာနေတဲ့အစ်ကိုကြီးဆိုတာကရော… ဟိုလေ နင့်မွေးနေ့တုန်းကဒေါ်လာငါးရာပို့ပေးလိုက်တယ်ဆိုတဲ့တစ်ယောက်လေ… သူကရောအားမကိုးရလို့လားဟ”
ဥဥခင်က အသက်သုံးဆယ့်ငါးနှစ်လို့တောင်မထင်ရအောင်ပြင်ဆင်ချယ်သထားတဲ့မျက်နှာလှလှလေးကိုတစ်ချက်မဲ့လိုက်ပြီး…
“သူနဲ့ကအီစီကလီလုပ်ရုံပါဟာ… မြန်မာပြည်ပြန်လာနေမယ့်သူလည်းမဟုတ်ပါဘူး… ဒီအတိုင်းပဲတစ်ခါတစ်လေမုန့်ဖိုးပဲဖိုးလေးလှမ်းပို့ပြီးလိုင်းပေါ်မှာကြူနေတဲ့သူပါ… ငါကအဲလိုလူမျိုးထက်ပိုပြီးအာမခံချက်ရှိတဲ့ကိုသန့်ဇင်လိုလူမျိုးကိုပဲရွေးတော့မှာပေါ့ဟဲ့”
ရွှေဥ… ရွှေဥ… အိမ်ထောင်ရေးမှာစီးပွားတွက်လည်းတွက်တတ်တာပါပဲလားလို့ ပုံ့ပုံ့လွင်မှာဩချရပါပေသည်။ ရွယ်တူသူငယ်ချင်းသာဆိုသည် ပုံ့ပုံ့လွင်ကရိုးရိုးအေးအေးသာနေတတ်ပြီးရည်းစားတောင်တစ်ခါမျှမထားခဲ့ဖူးတဲ့အပျိုကြီးဖြစ်ပေမယ့် ဥဥခင်ကတော့ဆယ်ကျော်သက်အရွယ်ကတည်းကထားလိုက်ရတဲ့ရည်းစားတွေဟောတစ်ယောက်၊ ဟောတစ်ယောက်ဆိုသလိုမို့စရိုက်ချင်းမတူကြပါပေ။ ပုံ့ပုံ့လွင်သည် ဥဥခင်ကိုကြည့်ပြီးတစ်ခါတစ်လေတွေးမိသည်က ဖူးစာဆိုတာလုပ်ယူ၍ရသည်လားဟူသည့်မေးခွန်းပင်။ အဘယ်ကြောင့်ဆိုသော် ဥဥခင်၏ချစ်မှုရေးရာဇာတ်လမ်းအများစုသည် သူကိုယ်တိုင်ကအားသွန်ခွန်စိုက်ကြိုးစားဖန်တီးခဲ့သည်ချည်းသာမို့ပါပေ။
************
ဆယ့်ခြောက်နှစ်အရွယ်လှသွေးကြွယ်ကာစအပျို ပေါက်စလေးဥဥခင်၏ပထမဦးဆုံးသောရည်းစားဦးသည်သူ့ထက်အသက်ဆယ်နှစ်ခန့်ကြီးသောအစိုးရဝန်ထမ်းအရာရှိတစ်ဦးဖြစ်ပါသည်။
ထိုစဉ်က သူတို့နေထိုင်သောနယ်မြို့လေးမှာ သွက်လက်ချက်ချာပြီးခေတ်ဆန်သောဥဥခင်သည် ကာလသားတို့ကြားမှာအလွန်ရေပန်းစားလေသည်။ သင်္ကြန်၊ သီတင်းကျွတ်၊ တန်ဆောင်တိုင်စတိတ်ရှိုးပွဲတွေမှာလည်းသီချင်းတက်ဆိုလေ့ရှိသလို၊ ဖက်ရှင်မယ်ပြိုင်ပွဲဆိုလည်းသူပါမြဲပါပေ။ ရပ်ကွက်ဓမ္မစကြာအသင်းမှာလည်းသူပါသလို၊ ရှင်ပြုနားသကွမ်းတောင်ပန်းတောင်ကိုင်ရာမှာလည်းသူပါတတ်ပါသည်။
တစ်ခုသောသင်္ကြန်ကာလမှာ တစ်မြို့တစ်နယ်မှအလည်လာသောဧည့်သည်အစ်ကိုကြီးအား ဥဥခင်ကမြင်မြင်ချင်းချစ်ကြိုက်မိကာ သူကစတင်ပြီးသွားရောက်မိတ်ဖွဲ့လေတော့သည်။ ထိုအစ်ကိုကြီးကလည်း သင်္ကြန်မဏ္ဌပ်မှာသီချင်းဆိုလိုက်ကလိုက်နှင့်ပေါ်ပြူလာအဖြစ်ဆုံးဥဥခင်ကိုသတိထားမိနေတာမို့အပြန်အလှန်မိတ်ဖွဲ့စကားဆိုကြရင်း သင်္ကြန်တစ်တွင်းလုံးနှစ်ယောက်သားတစ်ပူးတွဲတွဲနှင့်ဖြစ်သွားကြကာ သင်္ကြန်အပြီးမှာတော့ချစ်သူအဆင့်သို့တက်လှမ်းသွားကြပါတော့သည်။
သူတို့နှစ်ယောက်သားမိုးမမြင်လေမမြင်ချစ်ခဲ့ကြသော်လည်း အစ်ကိုကြီးကတစ်နယ်သားမို့ခွင့်ရက်ကုန်တော့ မခွဲနိုင်မခွာရက်နှင့် ဥဥခင်အရွယ်ရောက်သောတစ်နေ့တွင်မိသားဖသားပီပီလာရောက်တောင်းရမ်းယူပါမည်ဟုကတိပေးကာသူ့မြို့သူပြန်သွားခဲ့ပါသည်။ ဥဥခင်လည်းသူ့ချစ်သူ၏ကတိကိုယုံစားရင်းမျက်ရည်လည်ရွှဲနှင့်ကျန်ခဲ့ရပါသည်။ ထိုခေတ်ကဟန်းဖုန်းတွေမပေါ်သေးတာမို့ နှစ်ယောက်သားစာတွေအပြန်အလှန်ပို့ကြ၊ တစ်ခါတစ်ရံဖုန်းပြောကြနှင့်အဆက်အသွယ်တော့မပြတ်ခဲ့ကြပါ။
များမကြာမီမှာပဲ အစ်ကိုကြီးသည် နယ်စပ်ဒေသမြို့ကြီးတစ်မြို့သို့တာဝန်ဖြင့်ပြောင်းရွှေ့သွားခဲ့ရပြန်ပါသည်။ အစ်ကိုကြီးအလုပ်လုပ်သောဌာနသည်နယ်စပ်၌လာဘ်ငွေအလွန်ရွှင်သောဌာနဖြစ်သလို၊ ရုပ်ချောအပြောကောင်းသောအရာရှိမို့ နယ်ခံမိန်းကလေးများအကြားမှာပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဖြစ်လာလေတော့သည်။ ထိုမြို့မှမြို့မျက်နှာဖုံးသူဌေးကြီးတစ်ဦး၏သမီးချောလေးကလည်းအစ်ကိုကြီးကိုချစ်ကြိုက်လေရော အစ်ကိုကြီးမှာမရှောင်နိုင်ပဲငြိမိသွားပါသော်လည်း သူ့ခမြာဥဥခင်ကိုလည်းမပြတ်နိုင်သည်မို့လှေနံနှစ်ဖက်နင်းလျှက်သားဖြစ်နေပေသည်။ ချမ်းသာသောအစ်ကိုကြီး၏မိဘများကတော့ သာမာန်လက်လုပ်လက်စားလူတန်းစားမှပေါက်ဖွားလာသောကလေးမလေးဥဥခင်ထက် သူဌေးသမီးလေးနှင့်သာပို၍သဘောတူတာကြောင့်၊ အစ်ကိုကြီးသည်နောက်ဆုံးမှာဥဥခင်ကိုစွန့်လွှတ်ပြီး ထိုသူဌေးသမီးလေးကိုသာလက်ထပ်သွားပါတော့သည်။
အချစ်ဦး၏လမ်းခွဲခြင်းကိုခံလိုက်ရသောဥဥခင် သည် ကုန်းမြေပေါ်ဆယ်တင်ထားခြင်းခံရသောငါးတစ်ကောင်လိုဖျတ်ဖျတ်လူးကျန်ခဲ့ရရှာပါသည်။
ထိုစဉ်အခါတုန်းက အသည်းတွေကွဲပြီး သူ့ကိုဖက်ကာရှိုက်ကြီးတငင်ငိုခဲ့ဖူးလေသောချစ်သူငယ်ချင်း၏အဖြစ်ကို ပုံ့ပုံ့လွင်မမေ့နိုင်ခဲ့ပါ။
သို့နှင့် သူငယ်ချင်းနှစ်ယောက်တက္ကသိုလ်ကျောင်းသူလေးတွေဖြစ်လာကြပြီး ဒုတိယနှစ်အရောက်မှာ သူတို့မေဂျာကကျောင်းသူ၊ ကျောင်းသားနှင့်ဆရာများအားလုံးပါဝင်တဲ့ကျိုက်ထီးရိုးဘုရားဖူးခရီးစဉ်မှာ ဥဥခင်တစ်ယောက် သူကြိတ်ပြီးခရပ်ရှ်နေတဲ့မေဂျာကင်းလူချောလေးနှင့် ဘယ်သို့ဘယ်ပုံကြိတ်ပုန်းခုတ်လိုက်သည်မသိ ရည်းစားဖြစ်သွားကြပြန်လေသည်။
ထိုဒုတိယရည်းစားကောင်လေးနှင့်လည်း တစ်ကျောင်းလုံးကမျက်စိနောက်ရသည်အထိ အသဲပိုအကဲပိုခဲ့ကြပြန်လေသည်။ ထိုကောင်လေးနှင့်နှစ်နှစ်ခန့်တွဲခဲ့ပြီးနောက်ဆုံးနှစ်အရောက်မှာ ဥဥခင်ကို ရည်းစားဟောင်းအစ်ကိုကြီးကပြန်ဆက်သွယ်လာခဲ့ပါသည်။ အိမ်ထောင်ကျလို့ သမီးလေးတစ်ယောက်ထွန်းကားပြီးမှ လင်မယားအဆင်မပြေကြပဲကတောက်ကဆဖြစ်ကြချိန်မှာ သူသည်ယခုထက်ထိတိုင် ဥဥခင်ကိုချစ်နေဆဲဖြစ်ပြီး၊ သူ့မိဘတွေကိုမလွန်ဆန်နိုင်လို့သာထားသွားခဲ့မိတာကိုနားလည်ခွင့်လွှတ်ပေးပါရန်မျက်ရည်ခံထိုးလေတော့သည်။ နဂိုကတည်းကမတတ်သာလို့သာခွဲခွာခဲ့ရသည့်
ဥဥခင်သည် အစ်ကိုကြီး၏အိမ်ထောင်ရေးအဆင်မပြေမှုများကိုကြားပြီး ဂရုဏာသက်ကာနှစ်သိမ့်ပေးရင်းပြန်လည်လက်ခံစကားပြောဖြစ်လေသည်။
ဒါကို လက်ရှိရည်းစားကသိသွားပြီးအကြီးအကျယ်ဒေါသထွက်ကာ ဥဥခင်ကို နှစ်ယောက်ထဲက တစ်ယောက်ကိုသာပြတ်ပြတ်သားသားရွေးချယ်စေတော့သည်။ ထိုသို့နှစ်ယောက်သားတင်းမာနေကြချိန်မှာ အစ်ကိုကြီးကမြို့သို့ပေါက်ချလာပြီး ဥဥခင်ကိုလာတွေ့တော့ နှစ်ယောက်သားလူမြင်ကွင်းမှာဝမ်းပန်းတနည်းဖက်ပြီးငိုကြသည်ကိုဟိုးလေးတကြော်ပြန်ကြားရသည့်အခါ ဒုတိယရည်းစားနှင့်ဥဥခင်တို့၏ဇာတ်လမ်းကတစ်ခန်းရပ်သွားရပြန်တော့သည်။
ထိုမျှသာမကသေး အစ်ကိုကြီး၏ဇနီးဖြစ်သူကပါဤအကြောင်းကိုသိရှိသွားပြန်ကာ မြို့သို့လိုက်လာပြီး ဥဥခင်ကိုသူ့လင်ယောက်ျားအားမြှုဆွယ်ဖြားယောင်းသိမ်းသွင်းနေပါသည်ဆိုပြီးပတ်ကြမ်းတိုက်ပါလေတော့သည်။ အဲသည်နေ့က ထိုမိန်းမချိန်းဆိုရာနေရာသို့ ပုံ့ပုံ့လွင်ပါအဖော်အဖြစ်လိုက်သွားပေးခဲ့သည်မို့ ဥဥခင်ကမည်သို့တုံ့ပြန်ခဲ့သည်ကို ယခုထက်တိုင်မှတ်မိနေပါသေးသည်။
ဥဥခင်သည် အစွပ်စွဲခံလိုက်ရလို့မျက်နှာတစ်ချက်ပျက်မသွားပဲကိုယ်ဟန်မတ်မတ်ပြင်၍ခြေချိတ်ထိုင်လျှက်က မေးကိုပင့်ကာ မထီတရီအပြုံးဖြင့်…
“ရှင်ကကျွန်မကိုဘလိုင်းကြီးလာစော်ကားနေတာပဲ…
ကိုကြီးက စရိုက်ကြမ်းပြီးနေရာတကာလူမှုရေးသောဘာသောနားမလည်ပဲသဝန်တိုတတ်လွန်းတဲ့သူ့မိန်းမကြောင့်စိတ်ဆင်းရဲနေရတဲ့အကြောင်းတွေပြေးလာပြီးရင်ဖွင့်လို့ ကျွန်မကငယ်သံယောဇဉ်နဲ့နှစ်သိမ့်ပေးခဲ့ရုံပဲရှိတာပါ…
ရှင်ကျွန်မကိုစော်ကားမော်ကားပြောနေတာတွေအခုချက်ချင်းပြန်ရုတ်သိမ်းပြီးတောင်းပန်ပါ….
ရှင်မတောင်းပန်ဘူးဆိုရင် ကျွန်မကရှင်ပြောသလိုရှင့်ယောကျာ်းကိုဖြားယောင်းသိမ်းသွင်းလိုက်ဖို့အလွယ်ကလေးပဲဆိုတာရှင်သိထားပါ… ကျွန်မရှေ့ဆက်လိုက်ရမလား.. မဆက်ရဖူးလားဆိုတာကတော့ ရှင့်အပေါ်မှာပဲမူတည်ပါတယ်… မယုံဖူးဆိုရင် ရှင်စမ်းကြည့်လိုက်လေ” တဲ့လေ…
ဥဥခင်ကတစ်ပြန်တစ်စီးစိန်ခေါ်လိုက်ခါမှ ထိုအမျိုးသမီးလည်းလေသံလျှော့ပြီး ဝတ်ကျေတန်းကျေတောင်းပန်ကာပြန်သွားလေတော့သည်။ ထို့နောက်မှာတော့ ဥဥခင်က အစ်ကိုကြီးကိုလုံးဝအလာလည်းမခံတော့သလို၊ ဖုန်းတောင်မျှလက်ခံစကားမပြောတော့ပါ။ တစ်နှစ်ခန့်အကြာမှာ အစ်ကိုကြီးတို့လင်မယားကွဲသွားပြီး သမီးလေးကိုမိန်းမဘက်မှယူထားလိုက်သည်ဟုကြားရကာ အစ်ကိုကြီးလည်းကျန်းမာရေးမကောင်းရှာပဲ အလုပ်မှထွက်၍သူ့မြို့ပြန်ကာသာ့သနာဘောင်ဝင်ပြီးရဟန်းအဖြစ်ခံယူသွားသည်ဟုကြားရပါသည်။
လေးငါးနှစ်ခန့်အကြာမှာတော့ ပုံ့ပုံ့လွင်တို့သူငယ်ချင်းတစ်သိုက်အပန်းဖြေခရီးထွက်ကြရင်းလမ်းတစ်ထောက်အစ်ကိုကြီးတို့မြို့တွင်ဝင်နားကြတော့ ဥူးဇင်းကြီးသတင်းသုံးနေသောကျောင်းသို့ဝင်ဖူးကြရန်ကြံကြရာ ဥဥခင်မှမလိုက်လိုဟုငြင်းနေ၍ ကြုံတုန်းခဏဝင်ကြရအောင်ပါဟုအတင်းဆွဲခေါ်တော့လိုက်လာပါသည်။
အံ့ဩစရာကောင်းသည်က ဥူးဇင်းကြီးသည်ကျန်းမာရေးချို့တဲ့သောကြောင့်အရင်လိုထောင်ထောင်မောင်းမောင်းချောချောခန့်ခန့်ကြီးမဟုတ်တော့ပဲ အတော်လေးရုပ်ကျပြီးပိန်လှီနေတာတွေ့ရ၍ ပုံ့ပုံ့လွင်တောင်စိတ်မကောင်းဖြစ်ပြီးမျက်ရည်ကျမိပေမယ့် ဥဥခင်ကတော့ သာမာန်မိတ်ဟောင်းဆွေဟောင်းနှင့်ပြန်တွေ့ပြီးစကားပြောရသလို အေးအေးဆေးဆေးတည်တည်ငြိမ်ငြိမ်သာပင်။ ဥူးဇင်းကြီးအားကျန်းမာရေးဂရုစိုက်ဖို့သာမှာကြားနေခဲ့ပါသည်။
ဥဥခင်၏ပြတ်သားမာကြောသောစိတ်ဓါတ်ကို ပုံ့ပုံ့လွင်အသေအချာသိလိုက်ရတာက နောက်ထပ်တစ်နှစ်ခန့်အကြာမှာ ဥူးဇင်းကြီးပျံလွန်တော်မူသွားပြီဟူသောသတင်းကြားရစဉ်ကဖြစ်သည်။
သူသိပ်ချစ်ခဲ့ရသောချစ်ဦးသူဆုံးပါးသွားပြီဖြစ်ကြောင်းကြားလိုက်ရချိန်မှာဘာခံစားချက်မှမပြပဲ “အင်း…ဟိုတစ်ခါတွေ့ကတည်းကအခြေအနေသိပ်မကောင်းတော့ဘူးဆိုတာငါရိပ်မိပါတယ်” လို့တစ်ခွန်းသာဆိုခဲ့ပါသည်။
************
တတိယမြောက်ရည်းစားကောင်လေးကတော့ ပုံ့ပုံ့လွင်တို့သူငယ်ချင်းတွေထုံးစံအတိုင်းတစ်နှစ်တစ်ခါအပန်းဖြေခရီးထွက်ကြရာမှ ငွေဆောင်ခရီးစဉ်မှာဆုံတွေ့ချစ်ကြိုက်ခဲ့ကြခြင်းဖြစ်ပါသည်။
ထိုရန်ကုန်သားလေးနှင့်ဇာတ်လမ်းကလည်း ဥဥခင်ကပဲသွားမိတ်ဆက်ရာကစခဲ့ခြင်းဖြစ်လေသည်။ ကောင်လေးကဥဥခင်ကို မမ၊ မမနှင့်အလွန်စွဲလန်းချစ်ခင်ရှာပါသည်။ ထိုအချိန်မှာဟန်းဖုန်းတွေပေါ်နေပြီမို့ တစ်မြို့တစ်ရွာစီပြန်ရောက်သွားကြလည်း သူတို့နှစ်ယောက်ကတော့နေ့စဉ်ဖုန်းအဆက်အသွယ်မပြတ်ကြပါ။
ထိုသို့ချစ်နေကြရင်း တစ်နေ့မှာကောင်လေးက ဥဥခင်ဆီလိုက်လာရာ ဥဥခင် ၏မိဘများကတွေ့ရှိသွားပြီး ခေတ်ရှေ့အလွန်ပြေးသောဝတ်ပုံစားပုံ၊ တက်တူးတွေ၊ နားကပ်တွေဝတ်ဆင်ထားပုံ၊ ပမာမခန့်ဟန်ပန်တို့အပြင်၊ ဥဥခင်ထက်အသက်ငယ်သည်ကိုမကြိုက်ဟုဆိုကာ ဖြတ်ခိုင်း၍ မရွှေဥကတိကနဲဖြတ်ချလိုက်တော့ ကောင်လေးမှာအသည်းကွဲရရှာလေသည်။ အချိန်အတော်ကြာသည်အထိ ဥဥခင်ကိုဆက်သွယ်ဖို့ကြိုးစားရှာသေးသော်လည်း ဥဥခင်ကပြတ်သားစွာပဲရှောင်ဖယ်နိုင်ခဲ့သည်မို့ ကြာတော့ကောင်လေးကလက်လျှော့သွားခဲ့တော့သည်။
ပုံ့ပုံ့လွင်က “နင်ဘယ်လိုမှမခံစားရဘူးလားရွှေဥရယ်”ဆိုတော့ ဘာစကားမှပြန်မပြောပဲ ပခုံးနှစ်ဖက်ကိုဟန်ပါပါတွန့်၍သာပြုံးပြပါသည်။ သူ့အပြုံးရဲ့အဓိပ္ပါယ်ကို ပုံ့ပုံ့လွင်ခမြာယနေ့ထက်တိုင်အဓိပ္ပါယ်မဖော်နိုင်ခဲ့ရှာပါ။
************
နောက်နှစ်အနည်းငယ်အကြာမှာတော့ အင်တာနက်၊ ဖေ့ဘုတ်ခေတ်သို့ရောက်ရှိလာခဲ့လေပြီ။
ဘွဲ့ရပြီးကတည်းကပုံ့ပုံ့လွင်ကတော့မိဘပွဲရုံမှာဈေးကူရောင်းပေးနေခဲ့သလို၊ ဥဥခင်ကလည်းသူတို့မြို့ကအစိုးရရုံးတစ်ရုံးမှာအလုပ်ဝင်နေခဲ့ပါသည်။ အခုတော့ ဥဥခင်ကအပြင်မှာရည်းစားမထားတော့ပဲ၊ ခေတ်နှင့်အညီ လိုင်းပေါ်မှာအီစီကလီပေါင်းများစွာထားပြီးရင်ခုန်ပျော်ရွှင်နေကြောင်းသာသူပြောသမျှပုံ့ပုံ့လွင်ကြားသိနေရပါသည်။
စနေတစ်ရက်မှာတော့ ရုံးပိတ်ရက်မို့ ဥဥခင်တစ် ယောက် ပုံ့ပုံ့လွင်၏ပွဲရုံသို့ မချိုမချဉ်မျက်နှာပေးနှင့်ရောက်ရှိလာတာကြောင့် သူ့အကြောကိုကောင်းကောင်းသိသောပုံ့ပုံ့လွင်ကတစ်ခုခုတောင်းဆိုစရာရှိ၍ဖြစ်မည်ဆိုတာကိုကြိုသိလိုက်ပါသည်။
“ကဲ… မရွှေဥ… ပြော… ငါဘာလုပ်ပေးရမှာတုန်း”
“အဟီး… ငါ့သူငယ်ချင်းလေးကတော်လိုက်တာဟယ်”
ဥဥခင်ကပြောပြောဆိုဆိုနှင့် သူ့ပါးကိုလိမ်ဆွဲနေ၍ ခေါင်းကိုစောင်းရှောင်ရင်း ပုံ့ပုံ့လွင်က…
“နာတယ်ဟဲ့ရွှေဥရဲ့… ပြောမှာသာပြောစမ်းပါ”
ဥဥခင်ကမျက်နှာပိုးသတ်လိုက်ပြီး…
“ငါ ကိုထင်လင်းအောင်နဲ့ကြိုက်နေတာနင်သိတယ်မဟုတ်လား”
ရန်ကုန်မြို့မှာနေသောကိုထင်လင်းအောင်သည်မုဆိုးမမိခင်ကြီး၏တစ်ဦးတည်းသောသား၊ အစ်မလေးယောက်တို့၏တစ်ဦးတည်းသောမောင်လေး၊ ကုမ္ပဏီတစ်ခုတွင်မန်နေဂျာလုပ်နေသောလူပျိုကြီးတစ်ဦးဖြစ်ပါသည်။ ဥဥခင်နှင့်လိုင်းပေါ်မှာတွေ့ခဲ့ကြပြီးအပြန်အလှန်စကားပြောကြရင်းချစ်သူတွေဖြစ်ခဲ့ကြသူဖြစ်သည်။ ပြီးခဲ့သည့်လကပင် ဥဥခင်နှင့်မိဘများကိုလာတွေ့သွားသေးသည်။
“အေး.. သိတယ်လေ… ဘာဖြစ်လို့လဲ”
“အေး… အဲဒါလေ… သူ့အမေတွေ၊ အစ်မတွေနဲ့ငါဖုန်းပြောကြည့်ပြီးပြီ… သူတို့ကလည်းသဘောတူကြတယ်… ငါ့မိဘတွေကလည်းမကန့်ကွက်ကြဘူးဆိုတော့ ဝါကျွတ်ရင်မင်္ဂလာပွဲလုပ်ဖို့စီစဉ်ထားကြတယ်… အဲဒါကြောင့် ရန်ကုန်သွားပြီး ယောက္ခမလောင်းတွေ၊ ယောင်းမလောင်းတွေနဲ့သွားတွေ့ဖို့ရယ်၊ မင်္ဂလာဝတ်စုံချုပ်ဖို့ပစ္စည်းတွေဝယ်ဖို့ရယ်ရှိတယ်… အဲဒါ နင်ငါနဲ့တစ်ပါတ်လောက်ရန်ကုန်ကိုအဖော်လိုက်ခဲ့ပေးပါလားဟယ်…နော်… သူငယ်ချင်းကြီးနော်”
သူ့အလိုကိုအမြဲလိုက်လေ့ရှိသောသူငယ်ချင်းမှန်းသိလို့လာချွဲနေတဲ့ဥဥခင်ကို ပုံ့ပုံ့လွင်ကမျက်စောင်းရွယ်မိပေမယ့် စိတ်ထဲကတော့ဝမ်းသာနေမိပါသည်။
သူတို့အသက်တွေသည်သုံးဆယ်နားကပ်နေကြပြီမို့ ဥဥခင်ကိုသူငယ်ချင်းမကရည်းစားမကျတွေနဲ့ လိုင်းပေါ်မှာပတ်ရှုတ်နေမည့်အစား အခုလိုအတည်အတံ့အိမ်ထောင်ပြုလိုက်စေချင်သည့်ဆန္ဒရှိခဲ့သည်မို့လေ။
သည်လိုနှင့် ဥဥခင်အိမ်ထောင်ကျသွားခဲ့ပြီး၊ လင်မယားနှစ်ယောက်စလုံးကကိုယ့်မြို့မှာအလုပ်အကိုင်ကိုယ်စီနဲ့မို့ သူကခွင့်ယူပြီးကိုယ့်ဆီလိုက်လာလိုက်၊ ကိုယ်ကခွင့်ယူပြီးသူ့ဆီလိုက်သွားလိုက်နှင့်သာနေခဲ့ကြရသည်။ ကိုထင်လင်းအောင်၏ အစ်မလေးယောက်စလုံးကအပျိုကြီးတွေမို့ သူတို့မောင်လေးကမွေးသောတူ၊ တူမလေးတွေကိုချီချင်နေကြပြီဖြစ်၍ သူတို့စုံတွဲကိုကလေးအမြန်ယူရန်တိုက်တွန်းကြလေသည်။ အတူနေကြရချိန်ပဲနည်း၍လား၊ ဘယ်သူကများချို့ယွင်းချက်ရှိနေ၍လည်းတော့မသိပါ၊ သူတို့အိမ်ထောင်သက်သုံးနှစ်တိုင်သည်အထိသားသမီးမရကြရှာပါ။ သို့နှင့် ဗေဒင်ယတြာတွေအလွန်ယုံသောဥဥခင်ကသူတိုင်ပင်ဆွေးနွေးနေကြဆရာပုဏ္ဏားဆီကိုမေးမြန်းကြည့်တော့ အချိန်နည်းနည်းတော့စောင့်ရလိမ့်ဦးမည်၊ ကလေးကအချိန်တန်ရင်သူ့အလိုလိုရောက်လာပါလိမ့်မည်ဟုသာဟောလိုက်သည်တဲ့။
သည်လိုနှင့်တစ်မြို့နှင့်တစ်မြို့ကူးလူးသွားလာနေထိုင်ကြရင်း ရန်ကုန်တွင်ကိုဗစ်နိုင်တင်းကပ်ရောဂါကြီးစတင်ဖြစ်ပွားလာခဲ့တော့သည်။
ကိုထင်လင်းအောင်တစ်ယောက်အလုပ်မှနေ၍ရောဂါကူးစက်လာကာ အပြင်းအထန်နေမကောင်းဖြစ်တော့သည်။ ဥဥခင်ကအလုပ်မှခွင့်ယူပြီး လော့ခ်ဒေါင်းမချခင်လေး ယောက်ျားရှိရာဆီအပြေးလေးရောက်လာကာပြုစုပေးရတော့သည်။ တစ်လကျော်ခန့်ရောဂါကိုအပြင်းအထန်ခံစားခဲ့ရပြီးနောက်ကိုထင်လင်းအောင်မှာတစ်ဖြည်းဖြည်းပြန်ပြီးသက်သာလာခဲ့တော့မှ ဥဥခင်ခမြာသက်ပြင်းချနိုင်တော့သည်။
“ဥရေ… ကိုနေမကောင်းဖြစ်တုန်းနေ့မအိပ်ညမအိပ်ပြုစုရလို့မင်းလည်းပင်ပန်းနေပါပြီကွာ… အလုပ်ကလည်းခွင့်ရက်စေ့တော့မယ်ဆိုတော့သန်ဘက်ခါလောက်ပြန်လို့ရအောင်ကိုလေယာဉ်လက်မှတ်ဖြတ်ခိုင်းထားတယ်… ကို့ကိုယုယုယယနဲ့ဂရုတစိုက်စောင့်ရှောက်ပေးလို့မင်းကိုကျေးဇူးတင်ပါတယ်ကွာ”
သူ့ကိုကြင်နာစွာကြည့်ရင်းလှိုက်လှိုက်လှဲလှဲကျေးဇူးတင်စကားဆိုနေတဲ့ခင်ပွန်းဖြစ်သူကို ဥဥခင်ကပြုံး၍ကြည့်ရင်းက…
“အို… ကိုကလည်း လင်မယားအချင်းချင်းကြားမှာကျေးဇူးတင်စရာလိုလို့လားကွယ်… ဒါကဝတ္တရားဆိုတာထက် ဥကိုယ်တိုင်လိုလိုချင်ချင်၊ စေတနာ၊ မေတ္တာအပြည့်နဲ့ပြုစုပေးခဲ့တာပါ”
“အင်း… အဲဒီမေတ္တာစေတနာတွေကိုခံစားမိလို့လည်းကိုကကျေးဇူးတင်ရတာပေါ့ကွယ်.. ဪ.. ဥရေ…
ကိုအရမ်းပိန်သွားလို့လားမသိဘူး လက်ထပ်လက်စွပ်ကချောင်ပြီးလျှောလျှောကျနေလို့ဥပဲသိမ်းထားပေးဦးနော်…ရော့..”
ကိုထင်လင်းအောင်က ဥဥခင်လက်ကိုဆွဲယူလိုက်ပြီး သူ့ရဲ့လက်ထပ်လက်စွပ်ကလေးကို လက်ဖဝါးထဲအသေအချာထည့်ပေးနေတော့ ဥဥခင်စိတ်ထဲတစ်မျိုးကြီးခံစားလိုက်ရပေမယ့် ဘာစကားမှတော့မဆိုမိပါ။
“ကိုနေမကောင်းဖြစ်နေတာနဲ့ဘုရားခန်းကိုတက်ပြီးဝတ်မပြုရတာကြာနေပြီ… ခဏအပေါ်ထပ်တက်ပြီးဘုရားရှိခိုးလိုက်ဦးမယ်နော်”
“ကိုကအခုမှနေကောင်းခါစလေ… ဆရာဝန်တွေကအမောမခံနဲ့၊ သိပ်လှုပ်လှုပ်ရှားရှားမလုပ်နဲ့ဦးလို့ပြောထားသေးတယ်မဟုတ်လား”
“ရပါတယ်ဥရယ်… ဖြည်းဖြည်းချင်းနားပြီးတက်သွားပါ့မယ်”
အဲဒီလိုနှင့် အိမ်ပေါ်ထပ်တက်ဘုရားရှိခိုးအပြီးပြန်ဆင်းလာသောကိုထင်လင်းအောင်သည် အောက်ထပ်ပြန်အရောက်မှာမောသည်၊ အသက်ရှုကြပ်သည်ဟုဆိုသောကြောင့် ဆရာဝန်ပြေးခေါ်ကြသော်လည်းအချိန်မမှီတော့ပဲအသက်ဆုံးရှုံးသွားရလေတော့သည်။ ဆရာဝန်၏မှတ်ချက်ကတော့
ကိုဗစ်ဗိုင်းရပ်စ်ပိုးသည်အဆုတ်ကိုကိုက်စား၍ အဆုတ်၌အနာဖေးများတက်ကာသွေးခဲလေးများစို့နေရာက လှုပ်ရှားလိုက်သည့်အခါ ထိုသွေးခဲလေးတွေကပြုတ်ထွက်ပြီးနှလုံးသွေးကြောတွင်ပိတ်ကာအသက်သေဆုံးသွားရခြင်းဖြစ်သည်ဆို၏။
အသက်ကိုမရရအောင်ကယ်ခဲ့ပြီးပြန်ကောင်းလာခါမှမမျှော်လင့်ပဲခင်ပွန်းကိုလက်လွှတ်လိုက်ရတော့ဥဥခင်ခမြာ ယူကျုံးမရ၊ အပူလုံးကြွကာ ပဋာမြေလူးဖြစ်ရရှာပါသည်။ သူ့မှာစားမဝင်၊ အိပ်မပျော်နှင့် နေ့နေ့ညညလွမ်းဖျားလွမ်းနာကျကာစိတ်နှင့်လူနှင့်မကပ်ဖြစ်ရချိန်မှာ ပုံ့ပုံ့လွင်ကပဲအနားမှာအဖော်ပြုနှစ်သိမ့်ပေးရပြန်ပါသည်။ သူ့စိတ်ကိုသူဖြေသည့်အနေနှင့်လိုင်းပေါ်မှာအသည်းကွဲပို့စ်တွေတင်ပြန်သည်။ သူစိတ်ချမ်းသာသလိုနေပါစေလို့သာတွေးပြီးမိသားစုကသူ့ကိုဒီအတိုင်းပဲစောင့်ကြည့်ပေးခဲ့ကြပါသည်။
ယောက်ယက်ခတ်အောင်ခံစားနေရရှာသောဥဥခင်သည် စိတ်ထွက်ပေါက်အနေနှင့် ဗေဒင်ဆရာပုဏ္ဏားကြီးထံသွားပြီးမေးမြန်းပြန်သည်။
“တစ်ကယ်တော့နင့်အမျိုးသားကသိုက်ကလာတာဟ… အခုသူ့ကိုလူ့ပြည်မှာသက်တမ်းစေ့လို့သိုက်ကပြန်ခေါ်သွားတာ”
“ဆရာကြီးပြောတော့ ကျွန်မလိုချင်တဲ့ကလေးရမယ်ဆို.. အခုတော့ရလည်းမရဘူး”
“ဟဲ့.. ငါလည်းမြင်တဲ့အတိုင်းပဲဟောတာပဲ…
အခုလည်းငါထပ်ဟောလိုက်ဦးမယ် ကလေးကအချိန်တန်ရင်နင့်ဆီသူ့အလိုလိုရောက်လာမှာက တော့ဒက်ထိပဲ… ပြီးတော့ အခုဆုံးသွားတဲ့နင့်ခင်ပွန်းကနင့်ဖူးစာရှင်အစစ်မဟုတ်သေးဘူး…
နင့်ကိုတစ်ကယ်ချစ်ပြီးသားမှတ်မှတ်မယားမှတ် မှတ်လုပ်ကိုင်ကျွေးမွေးမယ့်ဖူးစာရှင်အစစ်ကထပ်ပေါ်လာဦးမှာ… ဒါပေမယ့်နင့်ဇာတာကသူနဲ့ယူပြီးရင်လည်း အရင်ခင်ပွန်းလိုပဲ သူတစ်နေရာ၊ ကိုယ်တစ်နေရာမကြာခဏခွဲနေရလိမ့်ဦးမှာပဲကွဲ့”
ဆရာကြီးစကားကြားအပြီးမှာ မရွှေဥအငိုတိတ်ရှာလေတော့သည်။
************
တစ်နှစ်လောက်ကွယ်လွန်သူခင်ပွန်းကိုလွမ်းဆွေးတမ်းတနေခဲ့ပြီးနောက်ပိုင်းမှာ ဥဥခင်ဟာအွန်လိုင်းမှာအမျိုးသားမိတ်ဆွေအသစ်တွေထပ်ရလာကာ
သူတို့နှင့်စကားစမြည်ပြောရင်း၊ ရင်ဖွင့်ရင်း၊ စာနာအားပေးတာကိုခံယူရင်းနှင့် တစ်ဖြည်းဖြည်းစိတ်သက်သာရာရလာခဲ့လေသည်။
ထိုအထဲတွင်အမေရိကန်နိုင်ငံမှာနေသောအစ်ကိုကြီးတစ်ယောက်လည်းပါပြီး ဥဥခင်ကိုချစ်ခင်စွဲလန်းကာ မကြာခဏမုန့်ဖိုးများလည်းလှမ်းလွှဲပေးတတ်တာမို့ ဥဥခင်က ထိုအစ်ကိုကြီးကိုသူ၏ဆန်ကာတင်စာရင်းထဲမှာထည့်ထားပါသည်။
တောင်ကြီးမြို့က သူဌေးသားကောင်လေးနှင့်လည်းလိုင်းပေါ်တွင်ဘာလိုလိုညာလိုလိုအခြေအနေရှိပြီး၊ သူ့ဖေ့စ်ဘုတ်ပရိုဖိုင်ဓါတ်ပုံကိုမြင်၍ “မမကချောလို့ခင်ပါရစေ” ဆိုပြီးလာစကားပြောနေသည့်သင်္ဘောသားကောင်လေးတစ်ယောက်လည်းရှိသေး၏။ သင်္ဘောသားဆိုလို့ နိုင်ငံခြားသင်္ဘောသားတော့မဟုတ်ရှာပါ။ ရခိုင်ပြည်နယ်ဘက်ပင်လယ်ပြင်မှာငါးဖမ်းထွက်သောစက်လှေကြီးပေါ်ကသင်္ဘောသားလေးသာဖြစ်ပါသည်။
ဖူးစာဆိုတာထူးဆန်းတယ်လို့ပဲပြောရမလား…
ဒါမှမဟုတ် ဖူးစာဆိုတာဖန်တီးယူလို့ရတယ်လို့ပဲပြောရမလားမသိတော့ပါ။
ထိုကောင်လေးလိုက်သောငါးဖမ်းစက်လှေကြီးပေါ်တွင် စက်မောင်းပဲ့ကိုင်သောတစ်ခုလပ်သားတစ် ယောက်ဖခင်ကိုသန့်ဇင်သည် လိုင်းလည်းမတက်တတ်၊ ဖေ့စ်ဘုတ်လည်းမသုံးတတ်သောသူဖြစ်သော်လည်း တစ်နေ့မှာသင်္ဘောသားကောင်ကလေးက…
“အစ်ကိုကြီး ဒီအစ်မကြီးမချောဘူးလား…
ကျွန်တော့်ကိုဖုန်းနံပါတ်ပေးထားတယ်ဗျ…
အစ်ကိုကြီးကြိုက်ရင်ဖုန်းဆက်ပြီးစကားပြောကြည့်ပါလားဗျ”
ဆိုကာအောင်သွယ်ပေးလေတော့ မြင်မြင်ချင်းစိတ်ဝင်စားမိသည်မို့ မရဲတရဲနှင့်ဖုန်းဆက်ကြည့်ရင်းက ဥဥခင်နှင့်ခင်မင်ရန်အကြောင်းဖန်လာခဲ့ပါသည်။
ပွင့်လင်းဖော်ရွေသောဥဥခင်နှင့်တခဏချင်းရင်းနှီးသွားခဲ့ရပြီး သူ့အလုပ်ကပင်လယ်ထဲတစ်ခါထွက်လျှင်လတွေနှင့်ချီကြာတတ်၍ မိန်းမဖြစ်သူကသူနှင့်သားကလေးကိုပစ်ထားခဲ့ကာတစ်ခြားယောကျာ်းနှင့်ခိုးရာလိုက်ပြေးသွားခဲ့တဲ့အကြောင်းတွေ….
သားလေးကိုဘေးအိမ်ကဆရာမဆီမှာကျောင်းအိပ် ကျောင်းစားအပ်ထားပြီးစောင့်ရှောက်ခိုင်းထားရကြောင်း…
ဆရာမကိုသားဖြစ်သူကအလွန်ချစ်ခင်ပြီးအမေတော်ချင်နေကြောင်း….
သူပင်လယ်ထွက်ပြီးတစ်ခေါက်တစ်ခေါက်ပြန်လာလျှင်သိန်းဆယ်ဂဏန်းအတော်ကြီးကြီးထိရပါကြောင်း….
သူ့သူဌေးကသူရသင့်ရထိုက်တာတွေစုပေးထားတာအတော်များနေပြီမို့ မပေးချင်တော့တာကြောင့်သူ့တူမနှင့်ပေးစားရန်စကားစနေကြောင်းစတာတွေကိုအိတ်သွန်ဖာမှောက်ပြောပြလေတော့သည်။
တစ်ခုထူးခြားသည်က ကိုသန့်ဇင်သည် ကိုထင်လင်းအောင်လိုအသားဖြူဖြူ၊ မျက်ခုံးထူထူ၊ ပိန်ပိန်ပါးပါးနှင့်ရိုးသားပုံခြင်းဆင်တူသူဖြစ်သည်။ သို့နှင့် နှစ်ချီအောင်ဖုန်းပြောကြရင်းကသံယောဇဉ်တွေတွယ်လာကြပြီး ဒီတစ်ခါကမ်းကပ်လျှင် ရန်ကုန်မှာဆုံကြရန်အချိန်းအချက်လုပ်ကြတော့သည်။
ပထမတစ်ခါတွေ့ဆုံရန်ချိန်းထားကြပြီးမှ ရိုးအသောကိုသန့်ဇင်ကိုသူ့မိတ်ဆွေတွေက…
“ခင်ဗျားကရိုးပါဘိသနဲ့… လိုင်းပေါ်မှာတွေ့တဲ့သူတွေဆိုတာယုံရတာမဟုတ်ဘူးဗျ… လူလိမ်တွေနဲ့မိလို့ရှိရင် ခင်ဗျားပါသမျှပစ္စည်းတွေယူပြီးအသတ်ခံနေရလိမ့်မယ်.. မသွားနဲ့”
ဟုဝိုင်းတားကြ၍ ချီတုံချတုံဖြစ်ပြီးနောက်ဆုတ်သွားခဲ့သည်။
သူဘာကြောင့်မလာဖြစ်ဘူးဆိုတာကို ဥဥခင်ကိုအမှန်အတိုင်းဖွင့်ပြောပြတော့ ဥဥခင်ကခွက်ထိုးခွက်လန်ရယ်ပြီး….
“စိတ်ချပါကိုသန့်ဇင်ရယ်… ရှင့်ကိုဥကသတ်မစားပါဘူး… မယုံရင်လူပိုခေါ်ခဲ့ပေါ့… ဥလည်းသူငယ်ချင်းခေါ်လာမှာပဲ”
ဆိုမှ ဒုတိယတစ်ကြိမ်မှာဆိုက်ဆိုက်မြိုက်မြိုက်တွေ့ဖြစ်ကြကာ ယခုလိုလက်ထပ်ကြဖို့အထိအခြေဆိုက်လာခဲ့တော့တာဖြစ်ပါသည်။
**********
ပုံ့ပုံ့လွင်သည် သူ့ကိုမင်္ဂလာသတင်းလာအသိပေးပြီး ပျော်ရွှင်မြုးတူးစွာနှင့်ထွက်ခွာသွားသောချစ်သူငယ်ချင်းဥဥခင်ရဲ့နောက်ကျောကိုလိုက်လံငေးကြည့်နေရင်း ဥဥခင်ရဲ့ဆန်းကြယ်တဲ့အချစ်ရေးနဲ့ဖူးစာအကြောင်းစဉ်းစားနေရာက ဒီတစ်ကြိမ်မှာတော့
မရွှေဥတစ်ယောက်သူ့ကိုချစ်ပြီး၊ သူကလည်းချစ်ခင်ရသောသူနှင့်သက်ဆုံးတိုင်ဘဝခရီးလမ်းကိုရွှေလက်မြဲမြဲတွဲကာလျှောက်လှမ်းနိုင်ပါစေကြောင်းစိတ်ရင်းဖြင့်လှိုက်လှိုက်လှဲလှဲဆုတောင်းပေးရင်းကျန်နေခဲ့ပါတော့သည်။
“ပြီးပါပြီ”
#Way
05/04/2025