အစုန်အဆန်

Posted on

အစုန်အဆန်(စ/ဆုံး)

——————-

‘ဘာစားချင်လဲ စု၊ဈေးလေးကဒေါ်မြဝင်းမုန့်ဟင်းခါးစားမလား၊ဆိုင်သစ်ဖွင့်တာ၊လူတွေအများကြီးစားနေကြတော့ကောင်းမယ်ထင်တာပဲ’
‘မစားချင်ပါဘူး ကိုရယ်၊အလိုလိုမှ မူးချင်အန်ချင်နေရတဲ့အထဲ’
‘တခုခုတော့စားလိုက်ပါဦးကွာ၊မနေ့ကလည်းဟုတ်တိပတ်တိမစားဘူး၊ဒီတိုင်းဆိုအာဟာရနည်းပြီးကိုယ်ဝန်ထိခိုက်လိမ့်မယ်’
လက်ထောက်ဆရာဝန်ဒေါက်တာခင်စုမွန်မှာတာဝန်မလစ်ဟင်းအောင်ထမ်းဆောင်နေရပေမဲ့ သားဦးကိုယ်ဝန်လွယ်ခါစမို့ တခွေခွေ၊ခင်ပွန်းသည်ကိုထွန်းလင်းက စားကောင်းသောက်ဖွယ်မျိုးစုံဝယ်ကျွေးပေမဲ့မစားနိုင်။
စုမွန်တို့အညာမှာဧရာဝတီမြစ်ရေကြီးချိန်ဝါခေါင်လ..
တနေ့မှာစုမွန်တို့ဇာတိရွာကဘုန်းကြီးပိုင်စက်လှေနဲ့ဝမ်းကွဲမောင်တယောက်ရေးကြီးသုတ်ပျာရောက်လာတယ်၊ရွာသားတွေအရေးပေါ်လိုအပ်ရင် ဘုန်းကြီးစက်လှေသုံးဖို့ ဆရာတော်ကခွင့်ပြုပေးတယ်။
‘ရေတွေတအားတိုးနေတာ ဘာလို့လာခဲ့တာလဲ ငါ့မောင်’
‘မမယု ညတည်းကဗိုက်နာနေတာ မမွေးသေးလို့၊မမကိုခေါ်ပေးချည်းပြောနေလို့ လာခေါ် တာ’
တဦးတည်းသောညီမခင်ယုမွန်ကသူ့ကိုတမ်းတနေတယ်ဆိုရုံမျှနဲ့ စုမွန် ရှည်ရှည်ဝေးဝေးစဥ်းစားမနေ၊နှစ်ခါခေါ်စရာမလို၊ရွာကိုလိုက်ဖို့ ဆေးဝါး ပစ္စည်းကိရိယာနဲ့အဝတ်အစားတွေပျာရိပျာယာထည့်နေပေပြီ။
ခင်ပွန်းသည် ကိုထွန်းလင်းကမနေသာ။
‘မင်းတို့အစ်မစုမွန်က ကျန်းမာရေးသိပ်မကောင်းဘူးကွ၊ရေတအားများနေတော့ ငါစိတ်မချဘူး၊ရွာမှာကျန်းမာရေးဆရာမကြီးဒေါ်နှင်းဝေရှိသားပဲကွာ၊အချိန်ကျရင်မွေးမှာပါ’
‘အန်တီဝေကလဲအဲ့လိုပြောတာပဲ၊သမီးဦးတုန်းက သူပဲမွေးပေးတာ လွယ်တယ်တဲ့၊ခုလဲအနေအထားမှန်တယ်၊စိတ်မပူနဲ့တဲ့၊ရေကြီးချိန်မို့ မစုလာရတာအန္တရာယ်များတယ်တဲ့၊ဒါပေမဲ့ မမယုကခေါ်ခိုင်းနေလို့ သူကျေနပ်အောင်လာခေါ်ရတာ ‘
မီးဖွားတဲ့ကိစ္စလွယ်ချင်လွယ် ခက်ချင်ခက် ညီမဆန္ဒအတိုင်းအနားမှာရှိနေပေးချင်တဲ့စုမွန်၊’အစ်မကြီး အမိအရာ’မဟုတ်လား။
စုမွန်ဟာ ခင်ပွန်းသည်ရဲ့ခွင့်ပြုချက်တောင်မယူ၊
မစားမသောက် မဖီးမလိမ်း လူမမာရုပ်ပေါက်နေသူဟာ ဘယ်ကအားတွေရတယ်မသိ ခရီးဆောင်အိတ်ကိုကိုယ်တိုင်ဆွဲလို့ သူကရှေ့က၊ရေမိုင်လေးဆယ်ခရီးဆိုပေမဲ့ လာချင်သူအတွက်အနီးကလေးကိုး။
‘ကို့ကို အိတ်ပေးလေ စု၊ချော်ပြုလဲပါ့မယ်ကွာ၊ဖြည်းဖြည်းသွားပါ’
မိုးရာသီဆိုတော့ လမ်းတွေကရွှံ့ရေစိုစို၊ကျောက်ခဲတွေကထိုးလို့ထောင်လောင်၊လျှပ်ရောင်ကတဝင်းဝင်း၊မိုးကလည်းရွာချင်ရင် ချက်ချင်း။
တရိပ်ရိပ်တက်နေတဲ့ရေက ကမ်းပါးအစပ်နားထိရောက်နေပေပြီ၊ရေကူးတတ်တယ်ဆိုရုံကိုယ်ဝန်ဆောင်ဇနီးသည်ကို ကိုထွန်းလင်းမသွားစေလို။
‘သတိထားနော် စု၊ဖြည်းဖြည်း၊လှေအဆင်း မြင်းအတက်တဲ့ခင်ဗျ’
‘အင်းပါ ၊စိတ်မပူပါနဲ့၊ဆရာကြီးကိုအကျိုးအကြောင်းပြောပြီး ခွင့်စာတင်ပေးဖို့သာမမေ့ပါနဲ့’
စက်လှေမှာစောင့်နေတဲ့ကိုစံမောင်က ကိုထွန်းလင်းလက်ထဲကခရီးဆောင်အိတ်ကိုလှမ်းယူလိုက်ရင်း-
‘ကျွန်တော်တို့က ခေါ်ပေးပါဆိုလို့သာလာခဲ့ရတာ၊ကိုထွန်းလင်းကြီးကမမစုကိုထည့်ပေးမယ်တောင်မထင်ဘူးဗျ’
ကိုထွန်းလင်းကမချိပြုံးနဲ့-
‘မင်းတို့အစ်မကတားလို့ရတဲ့အမျိုးမှမဟုတ်တာကွာ’
‘စိတ်မချရင်လိုက်ခဲ့ပါလားဗျ’
‘ရုံးတက်ရဦးမှာကွ၊အိမ်စောင့်လဲမရှိဘူး’
သံယောဇဉ်ကြီးလွန်းတဲ့စုမွန်၊ညီမငယ်ကိုငွေကြေးသာမကအဝတ်အထည် ဆေးဝါး ရိက္ခာ စေတနာဗရပွ ဝေမျှတတ်သူ။
အရာရာ’စု’သဘောမို့ ကိုထွန်းလင်းမှာငြူစူကန့်ကွက်ခြင်းမရှိ၊နားလည်ခွင့်လွှတ်ပေးမြဲသာ။
ပြည့်လျှံဖြိုးမောက်နေတဲ့မြစ်ရေဖွေးဖွေးမှာဗေဒါတွေ ဒိုက်တွေ ရေမြှုပ်ဝါဝါတွေခပ်သွက်သွက်မျောနေကြ၊ရေဘေးအန္တရာယ်ကြောင့် ကျွန်းပေါ်ကခြေတံရှည်အိမ်တွေတောင် လူနေတော့ဟန်မတူ၊ရာသီဥတုမကောင်းလို့ စုမွန်တို့စက်လှေမှတပါးအသွားအလာမရှိ။
ကိုထွန်းလင်းဟာ စက်အား ရေစီးအားနဲ့ကိုစံမောင်ရဲ့ကျွမ်းကျင်မှုတို့ကြောင့် အရှိန်အဟုန်နဲ့ပြေးနေတဲ့စက်လှေငယ်ကိုမြင်ကွင်းမှပျောက်ကွယ်သည်အထိမျှော်ငေးလျက်။
အစုန်ခရီးမို့ ရေစီးကသန် မြန်ပေမပေါ့လေ။
စက်လှေဆိပ်ကအပြန်မိုးစိပ်စိပ်ကျလာတော့ ကိုထွန်းလင်းခမျာဇနီးသည်အတွက် စိုးရိမ်သောကဖြစ်ရပြန်တယ်၊စက်လှေမှောက်တဲ့သတင်းဆိုးတွေမကြာခဏကြားရတယ်မို့လား။
ဘုရား သိကြား မလို့ မိုးမသည်းပါစေနဲ့၊လှိုင်းလေမထန်ပါစေနဲ့၊ချစ်ဇနီးစုဘေးကင်းပါစေ။

စုမွန်ဟာညီမငယ်ကိုတတ်အားသမျှကူညီဖေးမရင်း တတ်သည့်ပညာမနေသာဆိုသလိုကျန်းမာရေးပြဿနာများကိုဆွေးနွေးကုသပေးရင်း နှစ်သုံးဆယ်ခန့်ကြာတော့ အခြေအနေတွေကအများကြီးပြောင်းလဲသွားခဲ့ပြီ။
အိုဇာတာကောင်းတဲ့ခင်ယုမွန်ကသားသမီးသုံးယောက်လုံးထွန်းထွန်းပေါက်ပေါက်ဖြစ်လို့ ရန်ကုန်ရွှေမြို့တော်မှာအခြေကျနေခဲ့ပြီ။
စုမွန်ကတော့ခရိုင်မြို့ကြီးတမြို့မှာပင်စင်ယူခါနီးဆေးရုံအုပ်ကြီးပေါ့၊စုမွန်ထက်အသက်၂နှစ်ပိုကြီးတဲ့ခင်ပွန်းသည်ကလည်းမခွဲအတူ။
တနေ့မှာခင်ပွန်းသည်ဦးထွန်းလင်းဟာ အသည်းရောင်အသားဝါရောဂါဖြစ်လို့ စုမွန်ရဲ့ဆေးရုံမှာပဲဆေးရုံတက်ခဲ့ရတယ်၊အထူးကုဆရာဝန်ကြီးတွေကြပ်မတ်ကုသတဲ့ကြားကအသည်းအသန်ဖြစ်ခဲ့တယ်။
သတိကောင်းကောင်းမလျင် ကယောင်ကတမ်း တွေဖြစ်တော့စုမွန်မျက်လုံးပြူးရပြီ၊သားသမီးသုံးယောက်လုံးကဝန်ထမ်းပေါက်စတွေမို့တာဝန်ကိုယ်စီနဲ့အဝေးမှာ၊ဒီမြို့မှာစုမွန်ရဲ့ဆွေမျိုးသားချင်းမရှိ။
မပြောကောင်းမဆိုကောင်း ခင်ပွန်းသည် ရုတ်တရက်ကွယ်လွန်ခဲ့ရင် စုမွန်ဘယ်လိုစီမံရမယ်မသိ၊ အရေးကြီးသွေးနီးဆိုသလို ရန်ကုန်ကညီမငယ်ကိုသတိရမိတယ်၊ရွာမှာဆိုသူ့ခင်ပွန်းဦးဝင်းမြင့်က သာရေးနာရေးသူမပါရင်မပြီးဆိုတာမျိုး။
စုမွန်ဟာလူနာဆောင်အပြင်ဘက်ထွက်ပြီး ယုမွန်ထံဖုန်းဆက်ဖို့ချီတုံချတုံ၊ဘဝအခြေအနေမြင့်မားသွားတဲ့ညီမငယ်ဟာ အစ်မရဲ့ဒုက္ခတွေကိုမျှဝေခံစားလိုစိတ်ရှိပါဦးမလား။
‘ဟဲလို-ယုမွန်လား၊ကိုထွန်းလင်းအသည်းရောင်လို့ဆေးရုံတင်ထားရတယ်၊ဒီညအခြေအနေအတော်ဆိုးလို့အရမ်းစိတ်ပူနေရတယ်၊သူဆုံးပါးခဲ့ရင် တို့တယောက်တည်းဒါမျိုးကိစ္စမလုပ်တတ်ဘူး၊အဲ့ဒါညီမတို့နှစ်ယောက်လုံးမလာနိုင်လဲ မောင်ဝင်းမြင့်လာပေးနိုင်မလားလို့၊ရန်ကုန်နဲ့ဒီနဲ့တိုက်ရိုက်ကားတွေရှိတယ်’
‘ကိုဝင်းမြင့်ကမအားဘူး မမ၊သူ့မြေးကျောင်းကြိုကျောင်းပို့၊ဈေးသွားချက်ပြုတ်၊အိမ်မှုကိစ္စသူပဲလုပ်နေတာ၊ဒီမှာကိုယ့်အလုပ် သူ့အလုပ်နဲ့ ဘယ်သူမှမအားဘူးမမ’
ခွန်အားမဖြစ်တဲ့ညီမငယ်စကားကြောင့် စုမွန် စကားမဆက်နိုင်တော့။
တကယ်တော့ ဦးထွန်းလင်းဟာခဲအိုဆိုပေမဲ့ ချစ်ဇနီးအလိုကျယုမွန်တို့မိသားစုအတွက်ဆိုမငြိုမငြင်လုပ်ကိုင်ဆောင်ရွက်ပေးခဲ့သူ၊သူတို့မှာတော့ ခဲအိုဦးထွန်းလင်းသေမလိုဖြစ်တာထက် သူတို့ရဲ့နိစ္စဓူဝကိစ္စတွေကပိုအရေးကြီးနေပါလား။
ကိုယ့်တုန်းကမိုးထဲရေထဲစွန့်စွန့်စားစားသွားခဲ့ပေမဲ့ သူတို့အတွက်တော့ကိုယ်ကဘာမှမဟုတ်ပါလား။
ဒါလောက်အလုပ်များသူတွေကို အကူအညီတောင်းမိတဲ့ငါဟာတော်တော်အလိုက်ကန်းဆိုးမသိတာပဲ၊ငါဘယ်လောက်သောကရောက်နေတယ်ပြောလည်းသူတို့စာနာတတ်မှာမဟုတ်ပါဘူးလေ..
အားကိုးရာမဲ့သလိုဖြစ်သွားတဲ့စုမွန်ဟာ စိတ်ကိုအနိုင်နိုင်ထိန်းပြီးတော့ဖုန်းချလိုက်တယ်။
‘အေး အေး ဒါပဲနော်’
ဦးထွန်းလင်းဟာအလွန်ကံကြီးလို့ သေမင်းလက်ထဲကလွတ်မြောက်ခဲ့တယ်၊ဆေးရုံဆင်းပြီး
တလလောက်ကြာတော့ ယုမွန်ရောက်လာပြီးနှစ်ညအိပ်သွားခဲ့တယ်၊ချစ်ညီမကဟင်းတခွက်နှစ်ခွက်ချက်ကျွေးတော့ မနာတတ်တဲ့စုမွန်ကခရီးစရိတ်နဲ့မုန့်ဖိုးတွေပိုပိုသာသာပေးတာပေါ့၊သူကအကြီးကိုး။

ပင်စင်ယူပြီးတော့ စုမွန်တို့ဇနီးမောင်နှံဟာလက်ထောက်ဆရာဝန်ဘဝကနေခဲ့တဲ့မြို့မှာအခြေချခဲ့တယ်၊ဇာတိရွာရဲ့ခရိုင်မြို့ပေါ့။
ဆယ့်သုံးနှစ်အကြာ ပြီးခဲ့တဲ့ဆောင်းမှာတော့ အေးချမ်းသာယာတဲ့စုမွန်တို့မြို့လေးဟာ စစ်ရိပ်စစ်ငွေ့တွေသန်းလာတယ်၊အသက် ၇၀ ကျော် စုမွန်တို့ဇရာအိုဇနီးမောင်နှံဟာအများနည်းတူစစ်ရှောင်ကြရပြီ၊သားသမီးတွေဆီသွားဖို့ခက်ခဲတော့ မြို့ကြီးကအမျိုးတယောက်အိမ်မှာအားနာနာနဲ့တည်းခိုနေထိုင်ကြရတယ်။
အဲ့မြို့မှာညီမခင်ယုမွန်ရဲ့သားကြီးရန်နိုင်ကျော်ကဌာနတခုမှာတာဝန်ကျနေတယ်၊သူကလွန်ခဲ့တဲ့နှစ်လေးဆယ်ကျော်ကစုမွန်နဲ့ကျန်းမာရေးဆရာမကြီးဒေါ်နှင်းဝေမွေးဖွားပေးခဲ့တဲ့ကလေးပေါ့။
အသားညိုညိုကျစ်ကျစ် နက်မှောင်ရွှန်းစိုတဲ့မျက်ဝန်းနဲ့ချစ်စဖွယ်ကလေးငယ်ကို အားလုံး ကချစ်စနိုးနဲ့’ဖိုးညို’လို့ခေါ်ခဲ့ကြတယ်။
ရေကူးမကျွမ်းဘဲ အသက်ကယ်အင်္ကျီမပါဘာမပါ ဖိုးညိုကိုမွေးပေးဖို့ စက်လှေလေးနဲ့လိုက်သွားခဲ့တာ ခုနေတွေးကြည့်တော့အသည်းထိတ်စရာ။
ခုတော့ဖိုးညို(ရန်နိုင်ကျော်)မှာရုံးကပေးတဲ့ဝန်ထမ်းတိုက်ခန်းနဲ့ကားတစီး၊ကိုယ်ပိုင်ကားကတစီး၊ဇနီးရယ် သမီးရယ်အတော်လေးအဆင်ပြေနေတယ်ဆိုတော့ဝမ်းမြောက်ဂုဏ်ယူစရာ။
စုမွန်တို့တည်းခိုတဲ့အိမ်ကိုဖိုးညိုတို့ဇနီးမောင်နှံလာရောက်ကန်တော့နှုတ်ဆက်ကြတယ်။
‘လိုအပ်တာရှိရင်ပြောပါ ဦးကြီး၊ဒီမှာနေတုန်းဘုရားဖူးရအောင် ကျွန်တော်အားတဲ့တရက်လိုက်ပို့ပေးမယ်၊ကြီးစုရော ဦးကြီးရောနှစ်ယောက်လုံးပိန်တယ်၊ကျန်းမာရေးဂရုစိုက်ကြဦး’
သန့်ပြန့်ခံ့ညားနေတဲ့တူတော်မောင်ကို စုမွန်တို့မောင်နှံကပီတိအပြုံးတွေနဲ့ကြည့်မဝ၊စစ်ရှောင်ခဲ့ရတဲ့ဒုက္ခတွေမေ့ပြီး သိတတ်လိမ္မာတဲ့တူကလေးကို ဆုမွန်ကောင်းတွေပေးကြတာပေါ့။
‘တူလေးတူမလေးမိသားစု ကျန်းမာချမ်းသာကြပါစေ၊ဘေးရန်ကင်းကြပါစေ၊ရာထူးတိုးပါစေ….’
တပတ်လောက်ကြာတဲ့တညမှာ ကိုချူချာဦးထွန်းလင်းဟာချောင်းဆိုးသွေးပါဖြစ်လာတယ်၊စုမွန်ဟာခင်ပွန်းသည်ကို ပါလာတဲ့ဆေးလေးတိုက်ထားပြီး မနက်မှဆေးခန်းပို့ပေးရတော့မယ်။
စုမွန် စဥ်းစားရပြီ။
‘ဖိုးညိုမှာကားရှိပေမဲ့ ဗုဒ္ဓဟူးနေ့ရုံးဖွင့်ရက်ဆိုတော့သူအားပါ့မလား၊သွေးပါတာသိပ်မများတော့ရင် ညနေတူမောင်ရုံးဆင်းချိန်မှဆေးခန်းသွားရမယ်၊သူကဒီမြို့မှာအနေကြာတော့နှံ့စပ်တယ်၊ယုမွန်ကိုလဲကိုယ့်သောကတွေပြောပြချင်တယ်၊ဖိုးညိုကိုသူပြောပေးရင် ပိုတောင်အဆင်ပြေနိုင်တယ်’
သို့ပေမဲ့ တခါအငြင်းခံခဲ့ရဖူးတဲ့စုမွန်ဟာ ညီမနဲ့ဖုန်းပြောဖို့ကို အထက်လူကြီးနဲ့ပြောရမှာလိုတွန့်ဆုတ်မိတယ်။
အို..ဒါလောက်ကလေးကတော့ သူတို့အဖို့အပန်းမကြီးတန်ရာ၊ဆိုးတိုင်ပင်ကောင်းတိုင်ပင် ဒီညီအစ်မနှစ်ယောက်ပဲရှိတာမို့လား။
‘ဟဲလို-ယုမွန်လား၊ညသန်းခေါင်လောက်ကြီး ကိုထွန်းလင်းချောင်းဆိုးတော့သွေးတွေပါလာလို့ညီမရေ၊အဲ့ဒါဆေးခန်းလိုက်ပို့ပေးဖို့ ဖိုးညိုကို ပြောမလို့’
‘ဖိုးညိုတို့ရုံးကတအားအလုပ်ရှုပ်တာ မမ၊ထမင်းစားချိန်တောင်မမှန်ဘူး၊တခါတလေသူ့တပည့်လေးတွေနဲ့ဖြစ်သလိုစားလိုက်ရတယ်၊ညနေပြန်ချိန်လည်းမမှန်ဘူး၊နောက်ကျတာများတယ်၊စနေ တနင်္ဂနွေ ရုံးပိတ်ရက်တော့ပို့ပေးနိုင်မလားပဲ’
စုမွန်မျှော်လင့်သလို ညီမကဖိုးညိုကိုမပြောပေးတဲ့အပြင် ဟန့်တားပိတ်ပင်တဲ့စကားတွေက စိတ်မသက်သာဖွယ်၊စုမွန်မှာရင်နာနာနဲ့ဆွံ့အသလိုဖြစ်ရှာရ၊ဖိုးညိုကိုလည်းမဆက်ချင်တော့၊အမှန်တော့သူ့အမေပြောလို့သူသိပြီးလောက်ပြီလေ။
ချောင်းဆိုးသွေးပါအရေးကြီးတာကိုရုံးပိတ်ရက်စောင့်ရမယ်တဲ့၊သူ့မိသားစုဆိုရင်နာမည်ကျော်ဆေးရုံကြီးတွေကိုချက်ချင်းပြေးမှာမဟုတ်လား၊စုမွန်နားလည်သလောက်တော့ ဖိုးညိုတို့ဌာနကဒါလောက်အလုပ်ရှုပ်စရာအကြောင်းမရှိ။
ယုမွန်ဟာအစ်မကိုကူညီဖို့ထက် တီဘီရောဂါဆိုရင်သူ့သားကိုကူးမှာစိုးရိမ်သလားမသိ၊ဖိုးညိုကို ကိုယ့်ဟာကိုယ်ဆက်လိုက်ရင်တောင်အဆင်ပြေချင်ပြေဦးမယ်၊ငါကိုကအမှတ်မရှိ၊ညီမကိုအားကိုးမိတာကိုက ငါ့အမှား။
စုမွန်ဟာအခြေအနေအရပ်ရပ်ကိုတွေးတောဆင်ခြင်ပြီး သူများကိုအားကိုးချင်မိတဲ့ကိုယ့်ကိုယ်ကိုယ်ပြစ်တင်မဆုံး။
မိဘနဲ့သားသမီး ဆရာနဲ့တပည့် အကြီးနဲ့အငယ်မေတ္တာဆက်နွယ်မှုအဖုံဖုံမှာ အစုန်လွယ်သလောက်အဆန်ခက်တာသဘာဝပေကိုး။
စုန်ရေဟာကျောက်တုံးကျောက်ဆောင်အမှိုက်သရိုက် ဒိုက် အတားအဆီးမှန်သမျှကိုအရှိန်အဟုန်နဲ့ဖြတ်ကျော်နိုင်ပေမဲ့ ဆန်ရေကတော့အားမာန်မပါ ဝေ့ချာချာ။
‘စုန်ချင်လို့စုန်တဲ့စုန်ရေ ‘နဲ့’ မဆန်ချင်ဘဲဆန်ရတဲ့ဆန်ရေ’ ကွာချင်တိုင်းကွာပေါ့။
စုမွန်ဟာခင်ပွန်းသည်ကို’အိုးဝေ’လေးနဲ့ပုဂ္ဂလိကဆေးရုံကိုလိုက်ပို့ရင်း ကျေးဇူးဆပ်ခွင့်မရလိုက်တဲ့ စုန်ရေကျေးဇူးရှင်များကို စာနာစိတ်ဖြင့်အကြိမ်ကြိမ်ဦးခိုက်လျက်…
ထို့အတူမေတ္တာယူပြီးမေတ္တာမပေးနိုင်ကြသူများကိုနားလည်ခွင့်လွှတ်လျက်။#အင်ကြင်း (ကသာ)
23.9.2024