အစေခံမ(စ/ဆုံး)
————-
အိမ်တွင် ခိုင်းစေသည့် မိန်းကလေးများကို ယခုခေတ်တွင် အိမ်ဖော်၊ အိမ်စေဟု ခေါ်ကြသော်လည်း ကျွန်တော်တို့ ငယ်စဉ်ကမူကား အစေခံ၊ အစေခံမ ဟူ၍သာ ခေါ်ကြပါသည်။ ကျွန်တော် ယခုရေးသားဖော်ပြမည့် အမျိုးသမီး၏ဖြစ်ရပ်နှင့် ဟပ်မိအောင်၊ ပို၍ လေးနက်ထိခိုက်အောင် “အစေခံမ”ဟု နင့်နင့်သီးသီးပင် သုံးနှုန်းလိုက်ပါသည်။
ထိုအစေခံမ၏ အမည်ကို “မကြင်” ဟု ရရစ်ဖြင့်ရေးရမည်လော၊ “မကျင်” ဟု ယပင်ဖြင့် ရေးရမည်လောဟု တွေးတောဒွိဟ သံသယဖြစ်နေသောကြောင့် သတ်ပုံစာအုပ် တစ်အုပ်တွင် ကြည့်မိပါသည်။
ကြင်၏ အဓိပ္ပာယ်မှာ ကြင်နာသည်၊ ကြင်ဖော်၊ လွန်းကြင်ငှက်၊ ကြင်စဦးတို့ ဖြစ်ရာ မေတ္တာရသ၊ မေတ္တာသရုပ်ဖော်သည်ဟု ထင်ပါ၏။
ကျင်၏ အဓိပ္ပာယ်ကား ကျင်ပေါက် ကစားသည်၊ ရွက်ကျင်၊ ရွက်ဟောင်း၊ ဆန့်ကျင်၊ သံသရာ၌ ကျင်လည်သည်၊ သံတံကျင်၊ ကျင်ကြီးကျင်ငယ်၊ ကျွမ်းကျင်၊ ဆံထိုးဆံကျင် ဟူ၍ ဖြစ်ရာ ဂရုဏာရသနှင့် ဒုက္ခသရုပ်ပို၍ ပေါ်သည်ဟု ထင်ပါ၏။
ဟုတ်ပါသည်။ မကျင်သည် ကလေးတွေပေါက်၍ ကစားသည့် ဂျင်လို အပေါက် အခတ်ခံခဲ့ရပါသည်။ ဒုက္ခဝဲဩဃတွင် ဂျင်ကဲ့သို့ ချာချာလည်း လည်ခဲ့ရပါသည်။ ရွက်ကျင် ရွက်ဟောင်းကဲ့သို့ သူတပါး မထင်မဲ့မြင်ပြုခြင်း၊ ဂရုမစိုက်ခြင်း ခံရရှာပါသည်။ အများကလည်း ဆန့်ကျင်ဖက် ပြုကြ၏။ ဒုက္ခသံသရာတွင်လည်း ကျင်လည်ခဲ့ပါသည်။
သံတံကျင်ဖြင့် အထိုး ခံရသည့်သဖွယ် ဆင်းရဲခြင်းအဖုံဖုံ ကြုံခဲ့ရပါ၏။ ကျင်ကြီးကျင်ငယ်နှင့်မခြား စက်ဆုပ်ရွံ့ရှာခြင်းလည်း ခံရရှာပါသည်။
သို့သော် သူ့လုပ်ငန်းတာဝန်တို့ကိုကား ကျွမ်းကျင်စွာ ဆောင်ရွက်ခဲ့ပါ၏။ ကျွန်တော့်အနေဖြင့် ပြောရလျှင် သူသည် ဆံထိုးဆံကျင်သဖွယ် လေးစားထိုက်၊ ဂုဏ်ပြုထိုက်သူသာ တည်း။
ထို့ကြောင့် ကျွန်တော်ရေးသားဖော်ပြမည့် အစေခံမ အမည်ကို “မကျင် ဟု ယပင့်နှင့် ရေးပါမည်။
ကျွန်တော် လူမှန်းသူမှန်းသိစ သူတစ်ပါးပြောသည့် စကားကို နားလည်စအရွယ် ကပင် မကျင်ကို သိပါသည်။ တနည်းပြောရလျှင် မကျင်၏ အမည်ကြားနေရပါသည်။
“ဟဲ့ – -မကျင် ဘာလုပ်လိုက်စမ်း၊ ဟဲ့ – – မကျင်
ဘယ်သွားလိုက်စမ်း၊ မကျင် ဒီကိုလာအုံး ” စသည်ဖြင့် မကျင်၏ အမည်ကို ခေါ်သံအော်သံများမှာ နေ့စဉ်နှင့်အမျှ အချိန်တိုင်းပင် ကြားနေရလေရာ မကျင်ဟူသော ဝေါဟာရကို ကျွန်တော် ရှေးဦးရှေးဖျား နားရည်ဝခဲ့ပါ သည်။
မကျင်နှင့် ကျွန်တော် အဘယ်မျှ ကံစပ်မိသနည်းဆိုသော် သူ့အမည်ကို ကြားရ ဖန်များသဖြင့် ကျွန်တော်စ၍ စကားပြောသည်မှာ “မကျင်”ဟုခေါ်ခြင်း ပြောခြင်းပင် ဖြစ်ပါ၏။
မကျင်သည် ကျွန်တော့်ထက် အသက် ၁၆-နှစ်ကြီးသဖြင့် အဒေါ်အရွယ်၊ အစ်မကြီးအရွယ် ဖြစ်သော်လည်း အခြားသူများ ခေါ်ကြသည်ကို ကျွန်တော် သံယောင်လိုက်ကာ “မကျင်”ဟု ပင် ခေါ်ပါ၏။
မကျင်ကလည်း သူ့ကို မကျင်ဟု ခေါ်သည်ကို သဘောကျဟန် တူပါ၏။ ကျွန်တော်နှင့် စကားပြောလျှင် သူ့ကိုယ်သူ မကျင်ဟုသုံးကာ `မကျင်ပြောမယ်၊ မကျင်လုပ်ပေးမယ်၊ ကျင်နဲ့ သွားကြရအောင်”ဟု ပြောတတ်ပါသည်။
မကျင်ကား ကျွန်တော်၏ ဒုတိယ မိခင်၊ တနည်းပြောရလျှင် ကျွေးမိခင်ဟု ခေါ်နိုင်ပါသည်။ မေမေသည် ကျွန်တော့်ကို မွေးရုံသာ မွေးထုတ်လိုက်ပြီး ကျွန်တော်၏ စားရေး၊ နေရေး၊ ကျွန်တော့်ကို အစစပြုစုစောင်ရှောက်ရေးမှန်သမျှ မကျင်က လုံးဝတာဝန်ယူရပါသည်။ ကျွန်တော့်ကို မကျင်က ထိန်းသိမ်းချီချော့ရ၏။ ကျွန်တော်အိပ်လျှင် မကျင်ပင် ပုခက်လွှဲပေးရ၏။ ကျွန်တော် နို့ဆာလျှင် မကျင်က ဖျော်လိုက်ရ၏။ ကျွန်တော့် အဝတ်အစားကို လျှော်ဖွပ် ပေးရသည်မှာလည်း မကျင်၊ ကျွန်တော့်ကို ရေချိုးပေး၊ အဝတ်အစားလဲပေး သည်မှာလည်း သူပင်။
ညအိပ်လျှင်ပင် ကျွန်တော်နှင့်မကျင်မှာ တခန်းတည်းအိပ်ရလျက် ကျွန်တော် နိုးလာလျှင် ချော့၊ ကျွန်တော်နို့ဆာလျှင် တိုက်ဖြင့် မကျင်မှာ ကျွန်တော့်မိခင်ရင်းထက်ပင် အလုပ်များနေရှာပါသည်။
(၂)
ကျွန်တော်တို့အိမ်တွင် အစေခံ လုပ်နေရရှာသူ မကျင်၏ အကြောင်းကို အစပျိုးပြီးနောက် ကျွန်တော့်မိဘများအကြောင်း ပြောပြဖို့ လိုပါလိမ့်မည်။
ကျွန်တော့်ဖခင်မှာ ကိုယ်ဒူး ကိုယ်ချွန်ကာ ပညာသင်ကြားကြိုးစား ဆောင်ရွက်ခဲ့သဖြင့် အရာရှိကြီးတစ်ဦးဖြစ်လာသူ ဖြစ်ပါသည်။
ဖေဖေက သူ့အကြောင်းကို အောက်ပါအတိုင်း ပြောပါသည်။
“ဖေဖေတို့ မျိုးရိုးဟာမညံ့ပါဘူး။ ဖေဖေ့အဖိုးဟာ မြန်မာရှင်ဘုရင်လက်ထက်က မြို့တစ်မြို့ကို အုပ်ချုပ်ရတဲ့ မြို့ဝန်ပါ၊ မြန်မာရှင်ဘုရင်ကို အင်္ဂလိပ်က ဖမ်းသွားတော့ ဖေဖေ့ အဘိုးဟာလဲ မြို့ဝန်မဟုတ်တော့ဘူး၊ သာမန်ဆင်းရဲသား ဖြစ်သွားတာပေါ့။
“ဖေဖေ့ အမေကျတော့ ဆင်းရဲသားဘဝ လုပ်ကိုင်ရှာဖွေစားရပေမယ့် ဖေဖေ့ကို မြို့တစ်မြို့ပို့ပြီး အင်္ဂလိပ်ကျောင်းမှာ ထားပေးတယ်။ ဆင်းရဲသားဆိုတော့ ကျောင်းစရိတ်နဲ့ ထမင်းစရိတ်အတွက် ဖေဖေတို့ အဖေမှာ အင်မတန် ဝန်လေးနေရှာတယ်ဆိုတာ ဖေဖေသိပါတယ်။ ဒါကြောင့် တစ်နှစ်တတန်း အောင် အောင်ကြိုးစားခဲ့တယ်။
“ဆယ်တန်းအောင်တဲ့အခါ ကောလိပ်ကို ဆက်မနေဘဲ ကျောင်းထွက်ပြီး ကျောင်းဆရာလုပ်တယ်၊ အဲဒီလို ကျောင်းဆရာလုပ်ရင်း အိုင်အေကို အလွတ်ဝင်ဖြေတယ်။ အိုင်အေ အောင်တော့ ဘီအေဖြေတယ်။
“ဘီအေအောင်တဲ့အခါ အရာရှိကလေးဖြစ်လာတယ်။ ဖေဖေရိုးရိုးသားသား ကြိုးကြိုးစားစား လုပ်ခဲ့ပါတယ်။ ဒါကြောင့်လဲ တစ်ဆင်ပြီးတစ်ဆင့်ရာထူးတက်တက်လာပြီး အခု ဒီအခြေနေမျိုးရောက်လာရတယ်”
ဖေဖေသည် ရိုးသားရုံ၊ ကြိုးစားရုံသာလျှင်မက အလွန်အေးသူတစ်ယောက်ပင်ဖြစ်ပါသည်။
မေမေ့အကြောင်းကို မေမေကိုယ်တိုင်ကလဲပြောသည်။ ဖေဖေကလဲပြောသည်။ အခြားသူများ ပြောကြသည်များကိုလည်း ကျွန်တော်ကြားရဘူးပါ၏။
မေမေသည် ဆွေကြီးမျိုးကြီးမှ ပေါက်ဖွားလာသူဟု အဆိုရှိပါ၏။ မေမေတို့ ဘိုးစဉ် ဘောင်ဆက်မှစ၍ ဆွေမျိုးသားချင်းအားလုံးတို့သည် ရာကြီးထူးကြီးရှိသူများ၊ ချမ်းသာကြွယ်ဝသူ များချည်း ဖြစ်သည်ဟုဆိုပါသည်။
ထို့ကြောင့်မေမေသည် အမျိုးဂုဏ်၊ စည်းစိမ်ဂုဏ်၊ လင့်ရာထူးဂုဏ်တို့ကြောင့် လွန်စွာ မာန်မာနခက်ထန်သူဟု ကျွန်တော်ဆိုချင်ပါသည်။
ကျွန်တော်တို့အိမ်တွင် အစေခံ၊ ထမင်းချက်၊ မာလီ၊ ဒရိုင်ဘာ၊ ကလေးထိန်း စသည်ဖြင့် အလုပ်သမားတော်တော်များများရှိရာ နေထွက်ကနေဝင်ဆိုသလို ကိုယ့်အလုပ်သမား တွေကို မေမေကဆူသံ ဆဲသံကြိမ်းမောင်းသံများကို နေ့စဉ်နှင့်အမျှ ကြားနေရလေရာ မေမေ့ကို ကျွန်တော်ပင်ကြောက်ရွံ့နေမိပါ၏။
မေမေသည် ကြောက်လည်းကြောက်စရာပင်။ အိမ်မှအလုပ်သမားများကို ကြိမ်းမောင်းရုံ ဆဲဆိုရုံသာလျှင်မက သူဒေါသထွက်လာလျှင် တစ်ဆယ်သားခန့်ရှိမည်ထင်ရသော ဝတ်ထားသည့်ကြိုးလိမ်လက်ကောက်ကြီးဖြင့် အလုပ်သမားတို့၏ခေါင်းကို ခေါက်တတ်ရိုက်တတ်ပါသေး သည်။
ထို့ကြောင့် မေမေစိတ်ဆိုး၍ ဆူဆူညံညံလုပ်လျှင် ကျွန်တော်အကြောက်ကြီးကြောက်ကာ နေစရာမရှိဖြစ်လျက် ဖေဖေ့အနားသို့ဖြစ်စေ၊ မကျင်အနားသို့ဖြစ်စေ ကပ်ရပါသည်။
ထိုအခါတွင် ဖေဖေက ကျွန်တော်စိတ်ပြောင်းသွားစေရန် အခြားစကားများကိုပြော နေ၏။
မကျင်အနားသို့ကပ်လျှင် မကျင်ကကျွန်တော့်ကို အိပ်ခန်းတွင်းသို့ခေါ်သွားကာ အိပ်ပျော်အောင်ချော့သိပ်တတ်ပါသည်။ ကျွန်တော်အိပ်မပျော်လျှင် အိမ်ပေါ်မှ ဆင်းခဲ့ကြပြီး အိမ်ဝင်းထဲ၌ စိုက်ထားသော ပန်းများကိုခူးခြင်း၊ သို့မဟုတ် ဒန်းပေါ်တွင် ကျွန်တော့်ကိုတင်ကာ မကျင်က လွှဲပေးခြင်းဖြင့် ကျွန်တော်စိတ်ပျော်မွေ့အောင် ပြုပေးပါသည်။
ထို့ကြောင့်ကျွန်တော်သည် ဖေဖေ့ကိုအချစ်ဆုံးဖြစ်လျက် မကျင်ကို ဒုတိယချစ်ကာ၊ မေမေတတိယလိုက်ပါသည်။
ကြောက်ရွံ့ထိတ်လန့်ခြင်းသည် မုန်းတီးရွံ့ရှာခြင်းပင် ဖြစ်သည်ဟူသော သဘောကို ကျွန်တော်ငယ်စဉ်ကပင် နားလည်ခဲ့ပါသည်။
တစ်နေ့တွင် မေမေ၏ဆူသံဆဲသံ ရိုက်သံပုတ်သံများကြားရသဖြင့် ကျွန်တော်ပြေး ၍ကြည့်ရာ အခြားသူကိုမဟုတ်။ မကျင်ကို ရိုက်နှက်နေခြင်းဖြစ်ရာ• • •
“မေမေတော်ပါတော့”ဟု သံကုန်ဟစ်ပြီး အော်ငိုမိပါသည်။
ကျွန်တော်၏ ငိုသံကြားသဖြင့် ဖေဖေအပေါ်ထပ်မှ ပြေးဆင်းလာကာ “ကလေးရှေ့မှာ မနှိပ်စက်ပါနဲ့”ဟုပြော၏။
“ဘာလဲ၊ ရှင့်မယားကိုနှိပ်စက်လို့ နာသလား´ဟု မေမေက ရန်တွေ့၏။
“ကလေးငယ်ငယ်အရွယ်မှာ ရိုက်တာ၊ နှက်တာ၊ နှိပ်စက်တာတွေကို မြင်ရရင် စိတ်ဓာတ်ပျက်ပြားပြီး ဦးနှောက်ဝေဒနာဖြစ်တတ်တယ်”ဟု ဖေဖေက တည်ငြိမ်စွာပြောပြီး အပေါ်ထပ်သို့ ပြန်တက်သွား၏။
ကျွန်တော်လည်း မကျင်လက်ကိုဆွဲကာ ကျွန်တော့်အိမ်ခန်းသို့လာခဲ့သည်။
“မကျင်ကို မေမေကဘာဖြစ်လို့ရိုက်တာလဲ”ဟု ကျွန်တော်က မေးလိုက်၏။
“အလကားပါ ရိုက်တာမဟုတ်ပါဘူး။ မမကစိတ်ဆိုးရင် အော်တတ်တယ်မဟုတ်လား”ဟု၊ မကျင်ကပြော၏။
ကျွန်တော်စိတ်မကောင်းဖြစ်မည်ဆိုးသဖြင့် မကျင်က လျော့၍ပြောခြင်း ဖြစ်ပါလိမ့် မည်။
ထို့နောက် ကျွန်တော်စိတ်ပြောင်းသွားစေရန် အခြားစကားများကို မကျင်ပြောပြနေ လေသည်။
(၃)
မေမေက သူ့စရိုက်အတိုင်း အိမ်ရှိအလုပ်သမားများကို ဆူဆဲ ရိုက်နှက်ပြုမြဲဖြစ်ရာ ကျွန်တော် စိတ်မကောင်းဖြစ်ရ၏။ အထူးသဖြင့် မကျင်ကိုဆဲလျင်၊ ရိုက်လျှင် ကျွန်တော်ငိုရသည်။
ဖေဖေသည် ကျွန်တော်စိတ်ချမ်းသာစေရန် ဆောင်ရွက်ပေး၏။ ကျွန်တော်တို့မြို့တွင် အင်္ဂလိပ်ကပြား အမျိုးသမီးကြီးတစ်ဦးက ကလေးကျောင်းဖွင့်ထား၏
အသက် ၃-နှစ်မှ ၅-နှစ်ရွယ် ကလေးများကို ထိုကျောင်းက လက်ခံကာ စာအနည်းငယ်မျှသာ သင်ပေးပြီး ကဗျာရွတ်၊ အက၊ ကစားနည်း၊ စည်းကမ်းတကျနေထိုင်နည်း၊ ယဉ်ကျေးခြင်း စသည်တို့ကို သင်ပေးသည်။
ကျွန်တော်အသက် ၃-နှစ်အရွယ်တွင် ထိုကျောင်း၌ ကျွန်တော်နေရရာ မေမေကစိတ်မချသဖြင့် မကျင်လိုက်၍ ကြည့်ရှုစောင့်ရှောက်နေရသည်။၊
ထို့ကြောင့် ကျွန်တော်လည်း နားမငြီးရ၊ စိတ်မညစ်ရတော့။ မကျင်လည်း အဆဲအရိုက် မခံရတော့။ ဖေဖေ့ကို ကျွန်တော်တို့ နှစ်ယောက်စလုံးက ကျေးဇူးတင်လိုက်ရပါသည်။ ကလေးကျောင်းတွင် ကျွန်တော် ၃-နှစ်နေပြီးနောက် အစိုးရကျောင်းသို့ပြောင်းရွှေ့နေထိုင်ရာ မကျင်ကကျောင်းသို့လိုက်ပို့ပြီး ကျွန်တော့်ကို တစ်နေ့လုံးကြည့်ရှုစောင့်ရှောက်နေပါသည်။ ညနေကျောင်းလွှတ်သောအခါတွင်မှ မကျင်နှင့်ကျွန်တော် အိမ်သို့ပြန်ခဲ့ကြ၏။ ဤကဲ့သို့ ကျောင်းပို့ ကျောင်းစောင့်အလုပ်ကိုကား မကျင်ကလည်း အလွန်လုပ်ချင်၏။ မေမေကလည်း သဘောကျကျေနပ်ပါသည်။
တစ်နေ့တွင် နံနက်စောစော ကျွန်တော်အိပ်ရာမှထသည်နှင့် တစ်ပြိုင်နက် မကျင် က နေ့စဉ်ပြုမြဲအတိုင်း ကျွန်တော့်ကိုမျက်နှာသစ်ပေးပြီး ကော်ဖီနှင့်မုန့်များတိုက်ကျွေးသည်။
ထိုစဉ်တွင် ကျွန်တော်မကျင်၏ မျက်နှာကို ကြည့်မိရာ ခါတိုင်းနှင့်မတူ စိတ်မချမ်းသာ သည့် အမူအရာပေါ်နေပါသည်။
“မကျင်ကို မေမေရိုက်သလား”ဟု ကျွန်တော်မေးလိုက်၏။
“မရိုက်ပါဖူး ဘာဖြစ်လို့မေးတာလဲ”ဟု မကျင်ကပြန်မေးသည်။
“မကျင်မျက်နှာက စိတ်ညစ်နေသလိုပဲ”
`စိတ်မညစ်ပါဘူး။ နည်းနည်းနေမကောင်းလို့ပါ”ဟု မကျင်ကပြန်ပြော၏။
မကျင်၏မျက်နှာကို ကျွန်တော်မကြာမကြာကြည့်မိရာ ကျွန်တော်ကြည့်တိုင်း မကျင် သည် ပြုံးပြုံးရွှင်ရွှင် လုပ်ပြသော်လည်း ဟန်ဆောင်၍ပြုံးနေကြောင်း ကျွန်တော်ရိပ်မိပါသည်။
ထမင်းစားခါနီးတွင် မကျင်က ကျွန်တော့်ကိုရေချိုးပေး၊ အဝတ်အစားလဲပေးပြီး ထမင်းခူး၍ကျွေးပါသည်။
ဤနေ့တွင်မကျင်အလုပ်လုပ်နေပုံမှာ ခါတိုင်းထက် နှေးကွေးလေးကန်နေသည်ဟု ကျွန်တော်ထင်မိသည်။
ထမင်းစားပြီးလျှင် မကျင်သည် ကျွန်တော်၏မျက်နှာကို စူးစိုက်ကြည့်ရှုနေပုံမှာလည်း ထူးခြားလှသည်ဟု ထင်စရာပင်။
“ဟဲ့- – – မကျင်၊ သားသားကို ခုထက်ထိကျောင်းသွားမပို့သေးဘူးလား”
မေမေ၏ အော်ဟစ်မေးမြန်းသံကြားရ၏။
`ဟုတ်ကဲ့မမ၊ ပို့ပါတော့မယ်”
မကျင်က ပြောပြောဆိုဆို ကျွန်တော့်လက်ကိုဆွဲကာ အိမ်ထဲမှထွက်ခဲ့လျက် ကျောင်းသို့ လာခဲ့ကြသည်။
မကျင်အတွက် ကျွန်တော်စိတ်ထဲမှာထင့်နေ၏။ မကျင်စိတ်မကောင်းစရာတစ်ခုခု တွေ့နေပြီဟု ကျွန်တော်တွေးမိကာ ကျွန်တော်လည်းစိတ်မကောင်းဖြစ်မိသည်။
ကျွန်တော်ကျောင်းတက်နေစဉ်တွင်လည်း မကျင်အကြောင်းကိုပင် မကြာခဏတွေးမိကာ စိတ်မကြည်မသာဖြစ်ရသည်။
နေ့လယ်မုန့်စားလွှတ်ချိန်တွင် မကျင်ကကျွန်တော့်ကို ကော်ဖီနဲ့မုန့် တိုက်ကျွေးသဖြင့် ကျွန်တော်စားသောက်နေစဉ် မကျင်မျက်ရည်ကျနေသည်ကိုတွေ့ရ၏။
“မကျင် ဘာဖြစ်လို့ငိုနေတာလဲ”ဟု ကျွန်တော်က မေးလိုက်သည်။
“မကျင်မငိုပါဘူးလူကလေးရဲ့ မျက်စိထဲကိုပိုးကောင်ဝင်သွားလို့ပါ ဟု မကျင်က ပြောကာမျက်ရည်များကို သုတ်ပစ်၏။
ကျွန်တော်ကျောင်းပြန်တက်သောအခါတွင်လည်း မကျင်၏အကြောင်းကိုပင် စဉ်းစားနေမိပါသည်။
ညနေကျောင်းလွှတ်ချိန်၌ မကျင်ကျွန်တော့်ကို မကျင်စောင့်မျှော်နေကျနေရာတွင် မကျင်ကိုမတွေ့ရဘဲ ကျွန်တော်တို့အိမ်ဖော်အမျိုးသမီး မပုကိုသာတွေ့ရ၏။
“မကျင်ဘယ်သွားသလဲ”ဟု ကျွန်တော်က မပုအားမေးရာ မပုက “မမခိုင်းလို့တခြား သွားနေတယ်၊ နင်ငါနဲ့လိုက်ခဲ့ ”ပြောကာ ကျွန်တော့်လက်ကိုဆွဲခေါ်သွားပါသည်။
အိမ်သို့ရောက်သည်နှင့် တစ်ပြိုင်နက် မေမေ့အား မကျင်ဘယ်သွားသလဲ” ဟုမေးရာ မေမေကလည်း မပုပြောသလိုပင် “မေမေခိုင်းလိုက်လို့ တခြားသွားတယ်”ဟု ပြော၏။
`မကျင်ဘယ်တော့ပြန်လာမှာလဲ”ဟု ကျွန်တော်ကမေးရာ မေမေက တော်တော်ကြာ ပြန်လာမယ်”ဟု ပြော၏။
သို့သော် တော်တော်ကြာသော်လည်း မကျင်ပြန်မလာ၊ ညစာစားချိန်တွင်လည်း မရောက်၊ အိပ်ချိန်ကျသည့်တိုင်အောင် မကျင်ကိုမတွေ့ရသောအခါတွင်ကား မကျင်ကို ကျွန်တော် သတိရဝမ်းနည်းကာ ငိုပါသည်။
ဖေဖေကျွန်တော့်ကို ချော့သဖြင့် ဖေဖေ့ကိုပင်-
မကျင်ဘယ်သွားသလဲ”ဟုမေးပါသည်။
“မကျင်ကိစ္စရှိလို့ သူတို့ရွာပြန်သွားတယ်”ဟု ဖေဖေကပြော၏။
“သူတို့ရွာက ဘယ်မှာလဲ”
“ဒီမြို့နဲ့ဆယ်မိုင်လောက်ဝေးတယ်”
“ကျွန်တော် မကျင်ဆီကိုလိုက်သွားချင်တယ်။ မကျင်ကိုလွမ်းတယ်”
“မကျင်မကြာခင်ပြန်လာပါလိမ့်မယ် သားရယ်”ဟုဖေဖေကချော့၍ ပြောပါသည်။
ညစာစားချိန်တွင် မပုက ကျွန်တော့်ကိုကျွေး၏။ အစဉ်သဖြင့် မကျင်ကျွေးနေကြဖြစ်ရာ မပုကျွေးသည်ကို မကျေနပ်သဖြင့် ကျွန်တော်များများမစားပေ။
ကျွန်တော်ထမင်းစားနေစဉ်တွင် မေမေက မပုကိုမေး၏။
“သားသားထမင်းကောင်းကောင်းစားနိုင်ရဲ့လားဟေ့”
“သိပ်မစားဘူးမမ၊ မကျင်မကျွေးလို့စိတ်ကောက်နေတယ်”
“ချော့ကျွေးလိုက်ပါအေ”
မပုက ကျွန်တော့်ကို ချော့ကျွေးသော်လည်း ကျွန်တော်မစားတော့ပဲ ထမင်းစားပွဲမှ ထသွားသည်။
ညအိပ်ချိန်သို့ရောက်သောအခါ ကျွန်တော်အိပ်ရာဝင်၏။ အရင်ကဆိုလျှင် အိပ်ခန်း တစ်ခုထဲတွင် ကျွန်တော်ကခုတင်တစ်လုံး၊ မကျင်ကခုတင်တစ်လုံးဖြင့် အိပ်၏။ သို့သော် မကျင် သည် သူ့အိပ်ရာကို ခင်းရုံခင်းထားပြီး ကျွန်တော်နှင့်အတူ တစ်ခုတင်တည်းအိပ်၏။
“လူကလေး မတော်တဆခုတင်ပေါ်မှ လိမ့်ကျမှာစိုးလို့ လူကလေးနဲ့အတူ မကျင်အိပ် တာ၊ ဒီလိုအိပ်တဲ့အကြောင်း မမကိုမပြောပါနဲ့နော်”ဟု မကျင်ကပြောသည်။
မကျင်ပြောပြမှာကြားသည့်အတိုင်းပင် မကျင်နှင့်ကျွန်တော် အတူအိပ်ကြောင်း မေမေ့ကို ပြောမပြပါ။ ဤအကြောင်းကို မေမေသိလျှင် မကျင်ကိုဆူမည်။ ဆဲမည်၊ ရိုက်မည်မှာ သေချာပါ၏။
မကျင်သည် မေမေ၏ ဆူဆဲ ရိုက်နက်ခြင်းခံခဲ့ရသည်များကို ကျွန်တော် မကြာခဏ ကြားမြင်တွေ့ရှိရသဖြင့် မကျင်ကို သနားသည်။ သနားခြင်းသည် ချစ်ခြင်းထက်ပင် အသဲခိုက်တတ်ကြောင်း ကျွန်တော်ငယ်စဉ်က မသိသော်လည်း ကြီးသောအခါ ကောင်းစွာ သဘောပေါက်ပါ၏။
မကျင်မရှိသဖြင့် ကျွန်တော့်အခန်းထဲတွင် မပုလာ၍အိပ်သောအခါ ကျွန်ဟော် မကျေမနပ်ဖြစ်သဖြင့် “သွား၊ မပုလာမအိပ်နဲ့”ဟု အော်ဟစ်ပြောလိုက်ပါသည်။
မပုကား ကျွန်တော့်အခန်းထဲက ခုတင်တစ်လုံးတွင် အိပ်မြဲအိပ်နေရာ ကျွန်တော့်မှာ မကျေနပ်ခြင်း၊ စိတ်ဆိုးခြင်းများကြောင့် အိပ်၍မပျော်တော့ပဲ မကျင်အကြောင်းကိုသာ တွေးနေ မိသည်။
မကျင်က ကျွန်တော့်ကို ကြင်နာယုယပုံများ၊ ကျွန်တော့်အတွက် မကျင် လုပ်ကိုင်ဆောင်ရွက်ပေးခဲ့ပုံများစသည်ဖြင့် မကျင်၏အကြောင်းကိုသာ ကျွန်တော်တွေးနေမိရာ အိပ်၍မပျော်နိုင်ဘဲ မျက်စိအကြောင်သားဖြစ်နေ၏။
”ဟဲ့-မပု၊ သားသားအိပ်ပြီလား”
မေမေလှမ်း၍မေးသဖြင့် မပုသည် ကျွန်တော့်အနီးသို့လာ၍ကြည့်ပြီး-
“မအိပ်သေးဘူးမမ´ဟု ပြောလိုက်၏။
“သားသားအိပ်တော့လေ၊ ညဉ့်နက်နေလှပြီ´ဟုမေမေကပြောသည်။
“မအိပ်ဘူး၊ မကျင်နဲ့မှအိပ်မယ်´´ဟု ကျွန်တောကပြောရင်း ဝမ်းနည်းလာပြီးငိုနေမိသည်။
ဖေဖေသည် ကျွန်တော့်အခန်းသို့ဝင်လာကာ
“ ဖေဖေတို့နဲ့ အတူအိပ်နော်၊ သားကလိမ္မာပါတယ်”ဟုချောပြီး ကျွန်တော့်ကိုခေါ်သွားပါ၏။
ဖေဖေနှင့်မေမေ၏အလယ်တွင် ကျွန်တော်အိပ်ရသော်လည်း မကျင်ကိုသတိရကာ ဝမ်းနည်းပက်လက်ဖြစ်ပြီး’”မကျင်ကိုခေါ်ပေး။
မကျင်ကိုခေါ်ပေး”ဟုအော်ရင်းငိုနေမိသည်။ –
“အခုညတော့ ညဉ့်နက်နေပြီသားရဲ့။ မကျင်တို့ရွာက ဆယ်မိုင်လောက်ဝေးတာ နက်ဖြန်တော့မှ မကျင်ကိုသွားခေါ်ပေးမယ်”ဟု ဖေဖေကပြော၏။
ကျွန်တော်အတန်ငယ်စိတ်အေးသွားကာ အငိုတိတ်ပြီး အိပ်မပျော်တပျော်ဖြစ်နေစဉ် ဖေဖေနှင့်မေမေပြောဆိုနေကြသည့် စကားများကို ကြားရပါသည်။
အမှန်မှာကား ကျွန်တော်အိပ်ပျော်သွားပြီထင်သဖြင့် သူတို့စကားပြောနေကြခြင်းဖြစ်၏။
“သားကိုသနားပါတယ်ကွာ နက်ပြန်တော့ မကျင်ဆီတစ်ယောက်ယောက်လွှတ်ပြီး အခေါ်ခိုင်းမှဖြစ်မယ်”ဟု ဖေဖေကပြောသည်။
“ကျွန်မတော့ ဒီကောင်မကိုခေါ်တောင်မခေါ်ချင်ဘူး။ သားသားက ဒီကောင်မကို ပိုချစ်နေတာကို နည်းနည်းမှမကျေနပ်ဘူး””ဟု မေမေကပြော၏။
“မင်းကလဲ သဝန်ကြောင်လိုက်တာကွာ၊ ကလေးဆိုတာ ဒီလိုပဲပေါ့။ လက်သာတဲ့လူကို ချစ်တာမျိုးဘဲ။ နောက်ပြီးတော့ မကျင်ကလည်း တို့သားအပေါ်မှာ အင်မတန်ဂရုစိုက်တယ်၊ ချစ်တယ်မဟုတ်လား ဒီတော့ သားကလဲပြန်ချစ်တာပေါ့”
“ကျွန်မတို့သားက ကျွန်မတို့ကိုပဲ ချစ်စေချင်တယ်၊ တခြားလူကို မချစ်စေချင်ဘူး”
“ချစ်တာဟာ ကုန်နိုင်ခန်းနိုင်တာမှ မဟုတ်ဘဲကွာ၊ တွန့်တိုနေစရာမရှိပါဘူး။ ချစ်တာက ကောင်းတာပေါ့ကွ၊ စိတ်အေးချမ်းသာဖြစ်တယ်၊ မုန်းတာဟာ ဒေါသပဲ၊ စိတ်မချမ်းသာရဘူး”
“ဘာပဲဖြစ်ဖြစ် သားသားက ကျွန်မကိုဘဲ အမေလိုချစ်စေချင်တယ်”
“ဟုတ်ပါတယ်လေ၊ သားက မင်းကိုအမေလိုချစ်မှာပေါ့ အမေပဲဟာ၊ မကျင်ကိုတော့ အဒေါ်လို အစ်မလိုချစ်မှာပေါ့။ ဒါထက် အရေးကြီးတာရှိတယ်”
“ဒါထက် အရေးကြီးတာကဘာလဲ”ဟု မေမက မေး၏။
“မကျင်က ` သားကိုချစ်လို့၊ ဂရုစိုက်လို့ သားက မကျင်ကိုပြန်ချစ်တယ်၊ အခု သူချစ်တဲ့ မကျင်မရှိတော့လို့ အကြီးအကျယ်စိတ်မကောင်းဖြစ်နေတယ်၊ တို့သားကလေး ဒီလို စိတ်မကောင်းဖြစ်နေတာကို ဒီလိုဘဲ ကြည့်နေထိုက်သလား၊ စိတ်ကောင်းအောင် လုပ်မပေး ထိုက်ဘူးလား”
“ခဏမို့ စိတ်မကောင်းဖြစ်တာပါ၊ ကြာတော့လဲ မေ့သွားမှာပေါ့”ဟု မေမက ပြော၏။
“မင်းထင်ချင်သလို မေ့သွားရင်တော့ ကောင်းပါရဲ့၊ မမေ့ပဲဆိုးသထက်ပိုပြီး ဆိုးလာမယ်ဆိုရင်တော့ သိပ်ပြီးစိုးရိမ်စရာကောင်းလာလိမ့်မယ်၊ ဘာဖြစ်လို့လဲဆိုတော့ ကလေးအရွယ်ဆိုတာ ဦးနှောက်တို့ နှလုံးသားတို့ အင်မတန်နုတယ်၊ ဒီတော့ ကလေးအရွယ်မှာ သောကတွေ ဒုက္ခတွေ ပူပန်စရာတွေ များများတွေ့ရရင် သူတို့ဦးနှောက်နဲ့နှလုံးသားကလေးတွေကို ထိခိုက်ပြီးကြီးလာတဲ့အခါ လူစဉ်မမှီ လူတန်းမစေ့ဘဲ ဦးနှောက်ဝေဒနာရှင် ဖြစ်လာတတ်တယ်”ဟု ဖေဖေက ရှင်းပြ၏။
“ကျွန်မ မကျေနပ်တာကတော့ မကျင်က သားသားကိုချစ်တာ ဂရုစိုက်တာ လွန်လွန်းတယ်ထင်လို့ဘဲ၊ ဥစ္စာရှင်ထက် သူခိုးကနှမျောဆိုတာလို အမေအရင်းထက် သူက ပိုမိုလွန်းနေတော့ သားသားကကျွန်မထက် မကျင်ကိုပိုချစ်သွားမှာ သိပ်စိုးရိမ်နေတယ်”
မေမေ၏စကားကိုကြားရသောအခါ ကျွန်တော်ကပြောလိုက်၏။
“မကျင်ကို မေမေ့ထက်ပိုမချစ်ပါဘူး။ မေမေ့ကိုသာ မကျင်ထက်ပိုချစ်ပါတယ်။ မကျင်ကိုပြန်ခေါ်ပေးပါနော်မေမေ” ဟုပြောလိုက်ရာ
“ဟော-သားသားတောင် အိပ်မပျော်သေးပါကလား”
မေမေရောဖေဖေပါ သံပြိုင်ဆိုလိုက်ကြ၏။ ထို့နောက် မေမေကပြောသည်။
“နက်ဖြန်လူလွှတ်ပြီး မကျင်ကို အခေါ်ခိုင်းပေးမယ်၊ သားသားအိပ်တော့”
ထိုအခါတွင်မှ ကျွန်တော် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွား၏။
(၄)
မေမေ၏ ကတိအတိုင်းပင် မကျင်ကို အခေါ်ခိုင်းရာ မကျင်ရောက်လာသဖြင့် ကျွန်တော်ဝမ်းသာလုံးဆို့နေ၏။
ထိုအခါတွင် မကျင်က ကျွန်တော့်ကို သတိပေးသည်။
“မကျင်ကို လူကလေးသိပ်ပြီးတော့ အရောမဝင်နဲ့၊ ခပ်မှန်မှန်နေ၊ လူကလေး မကျင်ရောလွန်း၊ ချစ်လွန်းရင် မမကခွဲပစ်မှာစိုးရတယ်”
မကျင်ပြောသည့်အဓိပ္ပာယ်ကို ကျွန်တော် ကောင်းကောင်းနားလည်ပါသည်။
မေမေသည် မိခင်တစ်ယောက်အနေဖြင့် သူတစ်ယောက်တည်းသာ ကျွန်တော့်ကို ချစ်ချင်၏။ အခြားအမျိုးသမီးက ကျွန်တော့်ကို သားကဲ့သို့ချစ်သည်ကို မေမေမရှုစိမ့်ပေ။
ထို့ကြောင့် မကျင်ပြောသည့်အတိုင်းပင် ကျွန်တော်နှင့်မကျင်မှာ သိပ်ပြီးရောနောခြင်းမပြုကြဘဲ ခပ်တန်းတန်း ခပ်မှန်မှန်ပင် နေကြလေရာ မေမေကလည်း အတော်သဘောကျနေပုံ ပေါ်ပါသည်။
မကျင်ကို ကျွန်တော်ချစ်ခြင်း၊ သနားခြင်းမှာ အကြောင်းထူးတစ်ခုကြောင့်လည်း ပါ ပါသည်။
ကျွန်တော်တို့အိမ်တွင် အိမ်ဖော်တော်တော်များများရှိရာ မေမေဆဲဆိုရိုက်နှက်သည့် ဒဏ်ကိုမခံနိုင်ကြသဖြင့် အဟောင်းထွက်သွားလိုက်၊ အသစ်ဝင်လာလိုက်ဖြင့် တစ်ယောက်ပြီးတစ်ယောက် အလဲအပြောင်းဖြစ်နေသော်လည်း ကျွန်တော် မမွေးခင်ကပင် ကျွန်တော်တို့အိမ်သို့ ရောက်နေခဲ့သော မကျင်မှာ သူ့အလိုအလျောက်အိမ်မှ ထွက်သွားခြင်း၊ တနည်းပြောရလျှင် ကျွန်တော်နှင့်ခွဲခွာ သွားခဲ့ဘူးခြင်းမပြုခဲ့ဘူးပေ။ မေမေနှင်ချသဖြင့် အိမ်ကဆင်းသွားရသည်သာ ရှိခဲ့ဘူး၏။
တစ်ခါတစ်ခါတွင် မကျင်ပြောပြတတ်၏။ “လူကလေး မေမေဒဏ်ကို မခံနိုင်လို့ ထွက်သွားမယ် ကြံပေါင်းများလှပြီ၊ လူကလေးနဲ့ မခွဲနိုင်လို့ မသွားဖြစ်တာ”
ဤမျှ ကျွန်တော့်ကိုချစ်သော မကျင်ပါပေ။
မေမေချစ်ပုံကလည်းတစ်မျိုး ဖြစ်၏။ သူတစ်ယောက်သာလျှင် ကျွန်တော့်ကို သားလို ချစ်ချင်လျက် အခြားသူက ကျွန်တော်ကိုသားလို မချစ်စေလိုပေ။
ထို့ကြောင့် မေမေချစ်ပုံမှာ ရယ်စရာကောင်းလျက် မကျင်၏ချစ်ပုံမှာ သနားစရာကောင်းသည်ဟု ကျွန်တော်ထင်၏။
မည်သို့ပင်ဖြစ်စေ ကျွန်တော်သည်မေမေ၏ ရယ်စရာကောင်းသော ချစ်ခြင်း၊ မကျင်၏ သနားစရာကောင်းသော ချစ်ခြင်းတို့ကို ခံယူလျက် မိခင်နှစ်ယောက်၏ ကြင်နာယုယခြင်းမျိုးဖြင့် ကြီးပြင်းလာခဲ့ရသည်မှာ ကံကောင်းသည်ဟု ပင်ဆိုရပါမည်။
ကျွန်တော့် အသက်လည်းတဖြည်းဖြည်းကြီးလာပြီဖြစ်ရာ မကျင်ကလည်း ကျွန်တော့်ကို ပိုက်ထွေးယုယခြင်း မပြုတော့သဖြင့် မေမေ၏ချစ်သဝဏ်ကြောင်မှုများလည်း မပေါ်တော့ပါ။
ကျွန်တော် ၁၀-တန်းအောင်သည့် အချိန်တွင် ရန်ကုန်တက္ကသိုလ်သို့ သွားရောက်… ပညာသင်ကြားရမည့်ကိစ္စပေါ်လာ၏။
မေမေက သားသားနဲ့အတူ မေမေပါ ရန်ကုန်လိုက်နေချင်ပါရဲ့ကွယ်၊ သို့ပေမင့် မေမေက ကျန်းမာရေးမကောင်းလို့ခက်တယ်”ဟု ပြောရှာသည်။
ဖေဖေက မေမေ့ကိုဆုံးမ၏“ကျန်းမာရေးကောင်းအောင် အနေအထိုင် အစား အသောက်ကို ကျန်းမာရေးနဲ့ ညီညွတ်အောင်လုပ်ပေါ့ကွ၊ နောက်ပြီးတော့ ဒေါသကိုလည်း သိမ်းဆည်း။ ဒေါသကြီးလွန်းတဲ့ လူများဟာ ကျန်းမာရေး ချွတ်ယွင်းတတ်တယ်”
ထို့နောက် ဖေဖေက ကျွန်တော့်ကို ဆက်၍ဆုံးမပါသည်။
“ဖေဖေတို့ ငယ်ငယ်တုန်းကတော့ မိဘဆင်းရဲလို့ ဆယ်တန်းအောင်ပေမယ့် တက္ကသိုလ်ကျောင်း မနေနိုင်ပါဘူးကွာ။ ကျောင်းဆရာအလုပ်လုပ်ရင်း ကိုယ့်ဒူး ကိုယ်ချွန်ကြိုးစားရင်း ဘီအေဘွဲ့ရအောင် မအိပ်မနေစာကျက်ခဲ့ရတယ်။ သားကတော့ ကံကောင်းပါတယ်။ ကံကောင်း သလို လူကလဲကောင်းရမယ်။ ကျောင်းနေတယ်ဆိုတာ ပညာလည်းတတ်ရမယ်၊ စာမေးပွဲလည်း အောင်ရမယ်။ ပညာသာတတ်ပြီး စာမေးပွဲမအောင်ရင်လဲ မဖြစ်ဘူး။ စာမေးပွဲတော့ အောင် ပညာမတတ်ရင်လည်း၊ မကောင်းဘူး။ ဒီတော့ ပညာတတ်ပြီးစာမေးပွဲအောင်ပေ့စေ”
“ဟုတ်ကဲ့ဖေဖေ၊ ဖေဖေပြောသလို ဖြစ်အောင် ကျွန်တော်ကြိုးစားပါ့မယ်” ဟု ပြန်ပြောလိုက်၏။
“ပညာဆိုတာ ကုန်တယ်ဆုံးတယ်လို့မရှိဘူး။ သို့ပေမယ့် ကိုယ်လက်လှမ်းမီသလောက် တတ်နိုင်သလောက်တော့ ပြီးအောင်ဆုံးအောင် သင်ရမှာပေါ့။ ရန်ကုန်တကသိုလ်မှာ မဟာဝိဇ္ဇာ ဟာ အတန်းအမြင့်ဆုံးပဲ။ ဒီတော့ မဟာဝိဇ္ဇာအောင်သည်အထိ သားက ကြိုးစားပြီးဝင်၊ ဖေဖေတို့ သားအတွက် ဘာမှလိုလေသေးမရှိရအောင် အားလုံးတာဝန်ယူမယ်”
ဖေဖေက ကျွန်တော်ပညာသင်အားရှိအောင် အားပေးစကားပြောပြီးနောက် ရန်ကုန် တက္ကသိုလ်သို့သွား၍ သင်ကြားရာတွင် ကျွန်တော့် နေရေး၊ စားရေးအတွက် တိုင်ပင်ကြပြန်သည်။
ကျောင်းအိပ်ကျောင်းစား ဘော်ဒါနေရန်မှာ ကျွန်တော်အနေအထိုင်ကျဉ်းကြပ်မည်။ အစားအသောက် စိတ်တိုင်းကျ မဖြစ်မည်ကို မေမေက အလွန်စိုးရိမ်သည်။ ထို့ကြောင့် မေမေက အကြံတစ်ခုပေး၏။
“ရန်ကုန်မှာ မေမေ့အမျိုးတွေရှိတယ်။ သူတို့အိမ်မှာ နေရင်ကောင်းကောင်းလည်းနေ ရမယ်၊ ကောင်းကောင်းလည်းစားရမယ်”
မေမေ့စကားကိုကြားရသောဖေဖေက အဓိပ္ပါယ်ပါသောအပြုံးမျိုးဖြင့် ပြုံးပြီးပြော လေသည်။
“မင့်အမျိုးတွေ အိမ်မှာနေရင် ကောင်းကောင်းစားရမယ်ဆိုတာကတော့ ဟုတ်ပါ တယ်။ ကောင်းကောင်းနေရမှာတော့ မဟုတ်ဘူး”
”အို–ရှင်ကလဲ မဟုတ်တာပြောတော့မယ်။ ကျွန်မ ညီမများနေတာက နှစ်ထပ် တိုက်အကျယ်ကြီးရှင်၊ ဘာဖြစ်လိုကောင်းကောင်းမနေရမှာလဲ၊”
နေဖို့အတွက်တော့ အနှောက်အယှက် ဖြစ်မှာဘဲ”
“ဘာဖြစ်လို့လဲ”ဟု မေမေက အံ့ဩသံဖြင့်ပြန်မေးပါသည်။
`ငါရန်ကုန်ကိုရောက်တိုင်း မင်းညီမများတိုက်မှာ တည်းတာဘဲ။ သူတို့အကြောင်းသိတာပေါ့။ မင်းညီမကလဲ မင်းလိုဘဲ ပူညံပူညံကျွတ်စီကျွတ်စီ လုပ်တတ်တယ် မဟုတ်လား။ ဒီတော့ ငါ့သားအေးအေးလူလူ ဘယ်မှာနေရတော့မလဲ”
“သူတို့ဟာ သူတို့ဆူတာပဲ၊ ကိုယ်လဲ ကိုယ့်ဘာသာ ကိုယ်နေပေါ့”
“ဒီလို ဘယ်ဖြစ်မလဲကွ။ တစ်အိမ်ထဲနေတဲ့လူတွေက ဆူညံပြီးပွက်လောရိုက်နေရင် ဘယ်လို အေးအေးလူလူနေလို့ဖြစ်ပါ့မလဲ”
“ဒီလိုဆိုရင်သားသားကို ဘော်ဒါပဲထားရမလား”ဟု မေမေကမေး၏။
“အကောင်းဆုံးနည်းကတော့ ကျောင်းနားနီးနီးမှာ အိမ်တစ်လုံးငှားနေပြီး အိမ်က ကျောင်းတက်၊ စားမှုသောက်မှုအတွက်ကိုတော့ မင်းဖြစ်ဖြစ်၊ မကျင်ဖြစ်ဖြစ်တာဝန်ယူပြီး ချက်ပြုတ်ကျွေးတာပေါ့”ဟု ဖေဖေက မေမေကိုပြောပြသည်။
“အဲဒီလိုဆိုတော့ ကျွန်မကိုယ်တိုင် ရန်ကုန်လိုက်နေပြီး ကျွေးမွေးစောင့်ရှောက်ချင် တယ်။ သို့ပေမယ့် ကျုပ်ကကောင်းကောင်းမကျန်းမာတော့ လုပ်ပေးနိုင်မှာမဟုတ်ဘူး။ တခြား တစ်ယောက်ယောက်နဲ့ဆိုပြန်တော့လဲ စိတ်မချဘူး”
“မကျင် ဆိုရင်စိတ်ချရပါတယ်။ မင်းသားမွေးလာကတည်းက ဒီနေ့အထိ သားတာဝန် တွေအားလုံးကို မကျင်ပဲလုပ်ကိုင်ဆောင်ရွက်ပေးနေတာပဲ မဟုတ်လား။ ဒီတော့၊ ဒီလိုလုပ်၊ ကျောင်းဖွင့်ခါနီးတော့ သားနဲ့အတူမင်းနဲ့ငါရယ် မကျင်ရယ်သွားကြမယ်။ ရန်ကုန်ကျတော့ မင်း ညီမအိမ်မှာအဆင်ပြေရင်လဲ သူတို့အိမ်မှာနေပြီးကျောင်းတက်ပေါ့။ ဒီလိုမနေချင်ဘူးဆိုရင် ကျောင်းနားမှာအိမ်တစ်လုံးငှားနေပြီး ကျောင်းတက်၊ ဒီလိုလဲအဆင်မပြေဘူးဆိုရင် ကျောင်းအိပ် ကျောင်းစားဘော်ဒါနေပေါ့ ဟုတ်လားသား၊ သဘောကျရဲ့လား”
ဖေဖေက နည်းလမ်းတွေစုံအောင် ပြောပြပြီးနောက် ကျွန်တော့်ဆန္ဒကို မေး၏။
“ဖေဖေပြောတာကောင်းပါတယ်။ ကျွန်တော်ကသဘောကျပါတယ်”ဟု ပြန်ပြော လိုက်ပါသည်။
(၅)
ရန်ကုန်တက္ကသိုလ်မဖွင့်မီ အတော်စောစောကပင် ကြိုတင်၍ ဖေဖေ မေမေနှင့် မကျင်ပါ ကျွန်တော်နှင့်အတူ ရန်ကုန်သို့သွားကြ၏။
မေမေ၏ ညီမဝမ်းကွဲတော်သူ၏ တိုက်တွင် ကျွန်တော်တို့ တည်းခိုကြပါသည်။ အမေနှင့်သူတို့ ညီမမှာဝမ်းကွဲပင် ဖြစ်သော်ငြားလည်း ညီမအရင်းနှင့်မခြား ချစ်ခင်ကြသည်ကို တွေ့မြင်ရသောအခါ တစ်ခါက ဖေဖေပြောပြသည်ကို သတိရမိပါ၏။
“သူတို့အမျိုးက ကျီးမျိုးကွ၊ သူတစ်ပါးအပေါ်မှာသာ ရက်စက်တတ်တာ၊ သူတို့အမျိုး ချင်းကြတော့ အင်မတန် ချစ်ကြတယ်”
` ဖေဖေပြောသည့်အတိုင်းပင် မေမေနှင့်ဒေါ်ဒေါ်မှာ အလွန်ချစ်ကြသော်လည်း အိမ်ဖော်များအပေါ်တွင်မူကား မေမေကဲ့သို့ပင် ဒေါ်ဒေါ်သည် ရက်စက်ကြမ်းကြုတ်သည့် အပြောအဆို အမူအရာမျိုးကို ကြားရမြင်ရလေရာ မေမေ့ကို ကျွန်တော်ကြောက်ရွံ့သလိုပင် ဒေါ်ဒေါ်ကို လည်း ကြေက်ရွံ့မိပါသည်။
ထို့ကြောင့် ကျွန်တော်သည် သူတို့အိမ်တွင်နေပြီး ကျောင်းတက်ရန် ဒေါ်ဒေါ်က အားတက်သရော စိတ်ပါလက်ပါပြောသော်လည်း ကျွန်တော်က စဉ်းစားပါ့မယ်”ဟုသာ မတင်မကျ ပြောထားရပါသည်။
မေမေနှင့်ဒေါ်ဒေါ်တို့၏ ကွယ်ရာတွင် ဖေဖေ က
ကျွန်တော့်သဘောကို မေးပါ၏။
“သားကကော ဘယ်မှာနေချင်စိတ်ရှိသလဲ”
အမှန်ပြောရရင်တော့ ဒေါ်ဒေါ့်ကို ကျွန်တော်ကြောက်တယ်”
`အေး..ဟုတ်တယ်၊ ကြောက်လဲကြောက်စရာဘဲ၊ နောက်ပြီးတော့ ဒါထက်တစ်ခု အရေးကြီးတာတစ်ခုလဲ ရှိတယ်”
”ဘာလဲဖေဖေ”ဟု ကျွန်တော်က ပြန်မေးလိုက်၏။
“သူတို့မှာ သမီးပျိုနှစ်ယောက် ရှိတယ်မဟုတ်လား၊ ဒီကလေးမတွေဟာ ပညာကို ကြိုးကြိုးစားစားမသင်ဘူး၊ တစ်ယောက်မှ ဆယ်တန်းမအောင်ဘူး၊ သူတို့ရည်ရွယ်ချက်က ဝင်ငွေကောင်းကောင်းရတဲ့ အရာရှိတို့၊ လူချမ်းသာတို့၊ အဲဒီလူမျိုးကို ရွေးယူပြီး မင်းကတော်၊ သူဌေးကတော် လုပ်ဖို့လောက်ပဲ စိတ်ကူးထည့်တာ၊ ဒီလိုမိန်းကလေးမျိုးကို ဖေဖေကသဘော မကျပါဘူး။ ရှင်းရှင်းပြောရရင် အဲဒီလို မိန်းကလေးမျိုးနဲ့ ဖေဖေ့သား အကြောင်းပါသွားမှာစိုးတယ်
“ဒီလိုဆိုရင် ဖေဖေက မေမေ့ကိုတော့ ဘာဖြစ်လို့ယူသလဲ”
ကျွန်တော်က ရယ်စရာလိုလို၊ တစ်ကယ်လိုလိုဖြင့် မေးလိုက်၏။
“အေး• • • သားမေးမယ်ဆိုလဲ မေးစရာဘဲ၊ ဖေဖေက လူရိုးလူအေး မဟုတ်လား။ လောကအကြောင်းကို သိပ်သိတာမဟုတ်ဘူး။ ဖေဖေအရာရှိဖြစ်လာတော့ မင်းမေမေ့မိဘတွေက ဖေဖေ့မိဘများဆီသွားပြီး စကားကြောင်းကြတယ်၊ ဖေဖေ့မိဘတွေက သဘောတူလို့ ဖေဖေယူလိုက် ရတာ၊ သားကြတော့ ဖေဖေ့အဖြစ်မျိုးမကြုံစေချင်ဘူး”
“ဟုတ်ကဲ့ ဖေဖေ၊ ကျွန်တော် ဖေဖေ့စကားကို နားထောင်ပါ့မယ်”
‘သားမေမေကို ကျေးဇူးတင်ဖို့ကောင်းတာ တစ်ခုတော့ရှိတယ်”ဟု ဖေဖေကပြော သဖြင့်”ဘယ်အတွက် ကျေးဇူးတင်ရမှာလဲ”ဟု ကျွန်တော်ကပြန်မေးလိုက်၏။
”တခြားကိစ္စတွေမှာ `ဘယ်လောက်ပဲဆိုးဆိုး သားအပေါ်မှာတော့ ဘယ်တော့မှ မဆိုးဘူး၊ သားကိုချစ်တဲ့နေရာမှာ ဘယ်မိခင်နှင့်မှ မတူအောင် ချစ်တဲ့မိခင်ပဲ၊ ဒါကြောင့် ဖေဖေက သူ့ကိုကျေးဇူးတင်တယ်”
“သားကို အလွန်အကျွံချစ်တာဟာ ဖေဖေပြောတဲ့ ကျီးမျိုးတွေဆိုတာ မျိုးကြောင့် လားမှမသိဘဲ”
“ဟုတ်တယ်၊ အဲတာလဲ ကျီးစိတ်ပဲ၊ သို့ပေမယ့် ဘာပဲဖြစ်ဖြစ် သားကို ချစ်ဖော်ရတာကို ပဲ ဝမ်းလည်းသာရတယ်၊ ကျေးဇူးလဲတင်ရတယ်”
“ဖေဖေနဲ့မေမေက တစ်မျိုးစီ တစ်ဘာသာစီပဲနော်”ဟုကျွန်တော်က ပြောလိုက်၏။ ဖေဖေက ကျွန်တော့်အတွက် ဆုံးမစကားပြောပါသည်။
“လူတွေဟာ ရဟန္တာမဟုတ်တော့ အားလုံး အကောင်းချည်း ဘယ်ဖြစ်နိုင်မလဲကွာ၊ အကောင်းများပြီး အဆိုးနည်းရင် လူကောင်းပေါ့၊ အကောင်းနည်းပြီး အဆိုးများရင် လူဆိုးပေါ့၊ ဒီတော့ လူကောင်းဖြစ်ချင်ရင် အဆိုးနည်းပြီး အကောင်းများအောင်ကြံရ၊ ပြောရ၊ လုပ်ရမယ်၊ ကောင်းတဲ့လူကိုတွေ့ရင် ဆရာတင်ပြီး ကောင်းတာတွေကို အတုယူ၊ မကောင်းတဲ့ လူကိုတွေ့ရင်လဲ ဆရာတင်ပြီး သူလို မကောင်းမဖြစ်အောင်ဆင်ခြင်’”
ကျွန်တော့် နေရေးထိုင်ရေးတွက် အဆုံးအဖြတ်မပေးရသေးသဖြင့် ဒေါ်ဒေါ်တို့တိုက် တွင်ပင် ကျွန်တော်တို့နေကြ၏။
တစ်နေ့တွင် ဖေဖေသည် အပြင်မှပြန်လာပြီးနောက် ဝမ်းသာအားရပြောသည်။
“သားနေဖို့နေရာရခဲ့ပြီ´´
ဘယ်မှာလဲ ဘယ်မှာလဲ ဟု မေမေရော ဒေါ်ဒေါ်ပါ အမောတကော မေးကြ၏။
“တက္ကသိုလ်ကျောင်းနဲ့ အနီးကလေးရယ်၊ တစ်ထပ်တိုက်ကလေး၊ ကောင်းကကောင်း နဲ့၊ တက္ကသိုလ်က အင်္ဂလိပ်ပါမောက္ခကြီးတစ်ယောက် ပင်စင်ယူပြီး ဘိလပ်ပြန်တော့မှာမို့ သူပိုင်တဲ့တိုက်ရော တိုက်ပေါ်ကအိမ်ထောင်ပရိဘောဂတွေပါ ဈေးပေါပေါနဲ့ရောင်းမယ်တဲ့၊ ဈေးကလဲ တကယ် သက်သာပါတယ်၊ ဒါကြောင့် စရံငွေတောင် ပေးခဲ့ပြီးပြီ”
“ဖြစ်မှဖြစ်ရလေရှင်၊ ကျွန်မတို့ကိုများ တိုင်ပင်ဦးရောပေါ့ ကျွန်မတို့ တိုက်ကနေပြီး ကျောင်းတက်ပါလို့ အတန်တန်ပြောရက်သားနဲ့များ တိုက်စရံပေးခဲ့ရတယ်လို့ အံ့ဘဲအံ့ပါရဲ့´ဟု ဒေါ်ဒေါ်က ကဲကဲဆတ်အပြစ်တင်၏။´
“ဈေးအင်မတန်သက်သာတော့ သူများဦးသွားမှာစိုးလို့ စရံပေးခဲ့ရတာကွ၊ သားလဲ ကျောင်းနား နီးနီးနေရအောင်လို့ပေါ့။ မင်းတို့မှာ အခုတိုက်တစ်လုံးရှိတယ်မဟုတ်လား။ အဲဒီတိုက် ဝယ်ပြီးရင် မင်းတို့မှာ တိုက်နှစ်လုံးပိုင်နေပြီလို့ သဘောထားပေါ့ကွာ”
ဖေဖေက ဘယ်သဘောဖြင့် ထိုကဲ့သို့ ပြောလိုက်လေသည် မသိရသော်လည်း ဒေါ်ဒေါ် ကမူကား ဖေဖေ့စကားအတွက်အများကြီး သဘောကျကာ ပီတိဖြစ်နေပုံပေါ်နေပါသည်။
“ငါတို့သားနဲ့မင်းတို့ သမီးလက်ထပ်ပြီးရင် အခုဝယ်မယ့်တိုက်ဟာ မင်းတို့ တိုက်ပဲပေါ့ ကွာ” –
ဤသဘောဖြင့် ဖေဖေကပြောသည်ဟု ဒေါ်ဒေါ်က အယူရှိဟန်တူပါ၏။ ဖေဖေတိုက် ဝယ်မည်ကို မကန့်ကွက်တော့ပါ။
မကြာမီတွင် ဖေဖေတိုက်ဝယ်ပါ၏။ ကျောင်းဖွင့်ရန် ရက်အတန်ကြာလိုသေးသော် လည်း ကျွန်တော်တို့သည် ထိုတိုက်သစ်သို့ ပြောင်းရွှေ့နေထိုင်ကြပါသည်။
ကျောင်းဖွင့်သောအခါ၌ ကျွန်တော်နီးနီးနားနားကျောင်းတက်ရပါပြီ။ ကျောင်းဖွင့်ပြီး နောက်ရက်အတော်ကြာသည့်တိုင်အောင် ဖေဖေနှင့်မေမေတို့သည် ကျွန်တော်နှင့်အတူ နေကြပြီးနောက် သူတို့မြို့သို့ပြန်ကြရမည်ဖြစ်သောအခါ မေမေက- – –
“သားသားနဲ့ ညအိပ်ညနေတစ်ခါမှ မခွဲဖူးဘူး။ အခုရက်တွေလတွေအကြာကြီးခွဲနေရတော့မယ်”ဟုဆိုကာ ငိုပါတော့သည်။
မေမေငိုနေသည်ကို မြင်ရသောအခါ ကျွန်တော်လည်း မျက်ရည်ဝဲလာရင်း ဖေဖေပြော ပြခဲ့ဘူးသည်ကို နားထဲက ကြားယောင်နေမိပါသည်။
“သားကိုချစ်တဲ့နေရာမှာ ဘယ်မိခင်နဲ့မှ မတူအောင်ချစ်တဲ့မိခင်ပဲ”
မေမေသည် ကျွန်တော့်နေရေးထိုင်ရေး၊ ပညာသင်ရေး၊ ကျန်းမာရေးအတွက် မပြီးနိုင်မဆုံးနိုင်အောင် မှာတမ်းရှည်ကြီးမှာပါသည်။ ထို့နောက်ပြောပြန်၏။
`သီတင်းကျွတ်တို့ ဒီဇင်ဘာတို့မှာ ရက်တော်တော်များများကျောင်းပိတ်တဲ့အခါ သားသား ဆက်ဆက်ပြန်ခဲ့နော်”
”ဟုတ်ကဲ့ မေမေ ပြန်ခဲ့ပါ့မယ်”ဟု ဝန်ခံကတိပေးရပါ၏။
ထို့နောက် မေမေက မကျင်အား
”ဟဲ့ – မယ်နဂျီ၊ သားကိုအထူးဂရုစိုက်နော်”ဟုအော်
ငေါက်၍ မှာ၏။
မကျင်အား မယ်နဂျီဟုခေါ်ခြင်းမှာ နဂျီကောင်များသည် သူတို့အုံများထဲသို့ အခြားပိုးကောင်ငယ်ကလေးများကို သွင်းကာ မိမိ၏ သားမဟုတ်ပဲ သားအမှတ်ဖြင့် ချစ်ခင်နေသည်ဟူသော အယူအဆရှိကြ၏။
ထို့အတူပင်လျှင် မကျင်သည် သူ့သားမဟုတ်သော ကျွန်တော့်ကို သားကဲ့သို့ ချစ်နေသဖြင့် မယ်နဂျီဟု မေမေကခေါ်ခြင်းဖြစ်သည်။
မေမေသည် မကျင်အား ပုတ်ပုတ်ခတ်ခတ်ပြောလိုက်ချေသေး၏။
“အေးပါလေ . . . ငါသားအတွက် စိတ်မချလို့သာ မှာရတာပါ။ မယ်နဂျီကတော့ သားသားကို ဂရုစိုက်မှာသေချာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အတုက အစစ်ထက်တောင် ပိုတတ်ကဲတတ် သေးတယ်မဟုတ်လား”
မေမေက ဘယ်လိုပဲသွားပုပ်လေလွင့်ပြောပြော မကျင်မှာမူကား သူ့ကိုမပြောသလို မတုန်မလှုပ် ခေါင်းငုံ့၍ခံရှာလေသည်။
ဖေဖေက မနေနိုင်သဖြင့် ဝင်၍ပြော၏။
“မင်းကလဲကွာ .. မင်းသားကို ဂရုတစိုက်စောင့်ရှောက်ပေးမဲ့သူကို ကျေးဇူးတင် ရမယ့်အစား ပုတ်ပုတ်ခတ်ခတ်ပြောနေတော့ စောင့်ရှောက်ပေးမယ့်သူက စိတ်ပျက်မသွားပေ ဘူးလား”
ဖေဖေ့စကားကို ကြားရသောအခါတွင်မှ မေမေသည် သူ့အမှားကို သိသွား ဟန်တူသည်။ မကျင်အားနောက်ထပ် ဘာမျှမပြောတော့ပေ။
မည်သို့ပင်ဖြစ်စေကာမူ မေမေသည် သနားစရာကောင်းသော အမျိုးသမီးတစ်ယောက် ဟု ကျွန်တော်မြင်ပါသည်။
မေမေနှင့်ဖေဖေတို့ သူတို့မြို့သို့ ပြန်တော့မည်ဖြစ်သဖြင့် ကျွန်တော်ဘူတာရုံသို့ -လိုက်ပို့ရာ ရထားအထွက်တွင် မေမေသည် တစ်ရှုံရှုံ့ငိုရင်း ပါသွားပါသည်။
မေမေပြန်သွားပြီးနောက် ရက်အနည်းငယ်အတွင်းမှာပင် မေမေ့ထံမှစာရ၏။ ကျွန်တော့်ကို သတိရကြောင်း၊ ကျွန်တော်ကျန်းမာရန် ဆုတောင်းကြောင်းစသည်ဖြင့် ကျွန်တော့် နေထိုင်ရေး၊ ပညာသင်ကြားရေးအတွက် မေမေဆုံးမတတ်မြဲအတိုင်းပင် သူ့စာထဲတွင်ပါ၏။
မေမေသည် သူ့မွေးနေ့ဖြစ်သော ဗုဒ္ဓဟူးနေ့တိုင်း ကျွန်တော့်ထံသို့စာထည့်၏။ မေမေ့စာရသည်နှင့်အမျှ ကျွန်တော်ကလည်းစာပြန်ရေးရသည်။
မေမေအပျော်ဆုံးအချိန်အခါကား နွေရာသီကျောင်းပိတ်ရက်ရှည် ပိတ်ချိန်တည်း။ ထိုရက်တွင် ကျွန်တော့်မေမေထံပြန်ရ၏။ မကျင်မှာ အိမ်စောင့်နေရသဖြင့် မလိုက်ပေ။
သီတင်းကျွတ်ပွဲတော်နှင့် ခရစ်စမတ်ပွဲတော်ရက်အတွက် ရက်အတော်များ ကျောင်းပိတ်လျှင်လည်း မေမေထံသို့ ကျွန်တော်ပြန်ဖြစ်အောင်ပြန်ရသည်။
ကျောင်းဖွင့်သည့် လများအတွင်း တနင်္ဂနွေနေ့တိုင်းပင် ကျွန်တော်ရော မကျင်ပါ စိတ်ညစ်ကြရပါသည်။ အကြောင်းမူကား ထိုနေ့တွင် ဒေါ်ဒေါ်နှင့်သူ့သမီးနှစ်ယောက်တို့သည် ကျွန်တော်တို့ အိမ်သို့ရောက်လာကြကာ သူတို့အိမ်သဖွယ် ချယ်လှယ်လုပ်ကိုင်ကြ၏။ နံနက်စာရောညစာပါ ချက်ပြုတ်စားသောက်ကြ၏။ မကျင်ကိုလည်း အပြစ်ရှာကာ ကြိမ်းမောင်း တတ်ပေသေးသည်။
သူတို့ကွယ်ရာတွင် မကျင်က ပြော၏။ “လူကလေးသာ မကျင်သားဆိုရင် ဒီလိုဟာ တွေနဲ့ မပေးစားဘူး”
ကျွန်တော်လည်း သူတို့ကို စိတ်မဝင်စားပါ။ ကျွန်တော်သည် ဖေဖေ့သား ပီသစွာ စာကိုသာလျှင် ကြိုးစားသင့်သဖြင့် တစ်နှစ်တတန်းမှန်မှန် အောင်ခဲ့ပါသည်။ မဟာဝိဇ္ဇာတန်း နောက်ဆုံးနှစ်သို့ ကျွန်တော်ရောက်ရှိသင်ကြားနေစဉ်တွင် ဒုတိယ ကမ္ဘာစစ်မီးသည် ကျွန်တော်တို့ ပြည်သို့ကူးစက်လာကာ အင်္ဂလိပ်နှင့်ဂျပန် စစ်ကြေညာလိုက်လေ သည်။
ကျောင်းများပိတ်သဖြင့် ကျွန်တော်သည်လည်း ဖေဖေနှင့်မေမေထံ ပြန်သွားရာ မကျင်လည်းအတူပါ၏။
စစ်ကြီးဖြစ်လာပြီဖြစ်သဖြင့် အားလုံးစိတ်မကောင်းဖြစ်ကြသလိုပင် မေမေသည် စိတ်မကောင်းဖြစ်သော်လည်း ကျွန်တော်နှင့်အတူ ကြာရှည်လေးမြင့်နေရခြင်း အတွက်ကား ဝမ်းသာ လေသည်။
အင်္ဂလိပ်စစ်တပ်များ မြန်မာပြည်မှ
ယင်းသို့ဆုတ်ခွာကြရာတွင် ကျွန်တော်တို့မြို့မှာ ဆုတ်ခွာသည့်လမ်းတွင် တည်ရှိနေသဖြင့် ဂျပန်တပ်များ၏ ဗုံးဒဏ်ကိုလည်းခံရ၏။ တစ်ဖန် ဂျပန်စစ်တပ်ထားရှိသဖြင့် အင်္ဂလိပ်ဗုံးဒဏ်ကိုလည်း မကြာခဏခံနေကြရ၏။
ထို့ကြောင့် မြို့ပေါ်တွင် မနေဝံ့ကြတော့ပဲ ကျွန်တော်တို့မိသားစုမှာ ၁၀-မိုင်မျှဝေးသည့် မကျင်တို့ရွာသို့ ပြောင်းရွှေ့နေထိုင်ကြရသည်။
မကျင်တို့ရွာမှာ စစ်ဘေးစစ်ဒဏ်မခံရပဲ အေးချမ်း၏။ ရွာသူရွာသားများမှာလည်း သဘောသကာယကောင်းကာ စိတ်ကောင်းစေတနာကောင်းရှိကြသဖြင့် ကျွန်တော်တို့ စိတ်အေးချမ်း သာနေရပေသည်။
တစ်နေ့တွင် ကျွန်တော်သည် ရွာလမ်းမအတိုင်းလျှောက်ခဲ့ရာ ကျောင်းသူကျောင်းသား ကလေးများ စာသင်ကြားနေရာ ကျောင်းသို့တွေ့ရ၏။ စစ်ဘေးစစ်ဒဏ် ကင်းလွတ်သဖြင့် ကျောင်းဖွင့်လှစ်မြဲဖွင့်လှစ်ကာ သင်ကြားနေနိုင်ခြင်းဖြစ်သည်။
ကျွန်တော်ကျောင်းပေါ်သို့တက်သွားရာ”လာပါဆရာ လာပါ”ဟု ဆရာမကလေး က ဖိတ်ခေါ်ရင်း နေရာထိုင်ခင်းပေး၏။
“ဆရာတို့မိသားစု စစ်ပြေးအဖြစ်နဲ့ ကျွန်မတို့ရွာရောက်လာကြတာကြားပါတယ်။ ဆရာတို့ အိမ်မှာနေတဲ့ဒေါ်ကျင်က ကျွန်မအဒေါ်ပါ”
ဒေါ်ကျင်လက်ပေါ်မှာ ကျွန်တော်ကြီးခဲ့ရတာပါ။ ကျွန်တော့် ဒုတိယ အမေဘဲဆိုပါတော့”ဟု ကျွန်တော်က ပြောလိုက်၏။
“ဆရာ့ကို တောင်းပန်ချင်တာတစ်ခု ရှိပါတယ်။ ဆရာတတ်နိုင်ရင်ပေါ့လေ ”ဆရာမကလေးက အားနာသည့် အမူအရာဖြင့်ပြော၏။
“ကျွန်တော့်ကို ခိုင်းချင်တာရှိရင် ခိုင်းပါ။ ဘာမှ အားနာစရာမရှိပါဘူး”ဟု ကျွန်တော်က ပြောလိုက်သည်။
“ကျွန်မ မြန်မာဆယ်တန်းနဲ့ အထက်တန်းဆရာဖြစ် အောင်ပါတယ်ဆရာ၊ သို့ပေမယ့် အင်္ဂလိပ်စာတော့ မတတ်ပါဘူး။ ဒီတော့ ဆရာ့ဆီမှာကျွန်မ အင်္ဂလိပ်စာသင်ချင်ပါတယ်။ ဆရာ ဝန်မလေးဘူးဆိုရင်ပေါ့လေ”
“ဝန်မလေးပါဘူး။ ကျွန်တော်သင်ပေးပါ့မယ်။ ဆရာမ အားတဲ့အချိန်လာပါ်”ဟု ကျွန်တော်က ပြောလိုက်ပါသည်။
ညနေကျောင်းဆင်းချိန်တိုင်းပင် ဆရာမ မအေးမေသည် ကျွန်တော်တို့နေသည့် အိမ်သို့လာရာ ကျွန်တော်က အင်္ဂလိပ်စာသင်ပေးရ၏။ မအေးမေသည် ဉာဏ်ကောင်းရုံ သာမက လုံ့လဝီရိယလည်းကောင်းသူဖြစ်ရာ အံ့ဩလောက်အောင်ပင် တိုးတက်မှု၊ တတ်မြောက်မူရှိပေသည်။
သို့သော် မအေးမေနှင့်ပတ်သက်၍ စိတ်မချမ်းသာစရာ တွေ့ကြုံရ၏။ တစ်နေ့တွင် မအေးမေ ကျွန်တော့်ထံ စာသင်မလာသဖြင့် နေထိုင်မကောင်းဖြစ်နေသလောဟု တွေးကာ သူ့အိမ်သို့ ကျွန်တော်လိုက်သွား၏။
“လာဆရာ၊ ဆရာလာလိမ့်မယ်လို့တော့ ကျွန်မအထင်သား”ဟု မအေးမက ပြော၏။ သူ့မျက်နှာညှိုးငယ်နေသည်ကို ကျွန်တော် အကဲခတ်လိုက်မိသည်။
“ပြောစမ်းပါအုံး၊ ဆရာမ ဘာဖြစ်လို့ ဒီနေ့မလာတာလဲ”
“ဆရာသင်ပေးလို့ အင်္ဂလိပ်စာ အခြေခံတော်တော်ရနေပြီ အဟုတ်လားဆရာရယ် ဒီတော့ ကျွန်မဘာသာ ဆက်ပြီးကြိုးစားသွားရင် ဖြစ်ပါပြီ။ ဆရာသင်ပေးနေတာ ပင်ပန်းမှာ စိုးလို့ ကျွန်မမလာတာပါ”
“ဒီလို မဟုတ်နိုင်ပါဘူးလေ၊ မှန်ရာကန်ရာပြောပါ၊ အကြောင်းထူး တစ်ခုရှိလို့ မလာတာကို ကျွန်တော်ရိပ်မိပါတယ်”
“ဆရာကဘယ်လိုထင်လို့လဲ”ဟု မအေးမေက မေး၏။
“ကျွန်တော်အထင်ပြောရရင်တော့ ဆရာမမလာပါနဲ့လို့ မေမေကပြောလို့ထင်တာဘဲ”
မအေးမေက ဘာမျှပြန်မပြောဘဲ ပြုံးနေ၏။
“ဆရာမကို ဘယ်သူလာပြောသလဲ၊ ဖုံးမထားပါနဲ့ ဆရာမရယ်၊ ကျွန်တော်လည်း သိသင့်သလောက် သိပြီးပါပြီ။”
“ဆရာတို့မေမေက ပြောခိုင်းလို့ ဒေါ်ကျင်လာပြောပါတယ်”
“ဘယ်လိုပြောသလဲ”
`ပြောပုံက မကောင်းပါဘူး ဆရာရယ်၊ မသိချင်ပါနဲ့”ဟု မအေးမေက ဝမ်းနည်းသံဖြင့်ပြောရှာသည်။
“ပြောသာပြောပါ ဆရာမရယ်။ အကျိုးအကြောင်း ဘာမှမသိရရင် ကျွန်တော် စိတ်မကောင်းဖြစ်နေတော့မှာပေါ့”
မအေးမေသည် ကျွန်တော့်ကို ကရုဏာသက်သော မျက်လုံးဖြင့် ကြည့်ပြီးနောက် ပြောပြ၏။
“တိုတိုပြောရမယ်ဆိုရင် ဆရာ့ဆီကို ကျွန်မလာပြီး အင်္ဂလိပ်စာမသင်ပါနဲ့တဲ့”
“ဘာဖြစ်လို့လဲဟု ကျွန်တော်က ဖြတ်မေးလိုက်သည်။”
မအေးမေသည် ရှက်ရွှံ့သည့် အမှုအရာဖြင့် ခေါင်းငုံ့ပြီး ဆရာနဲ့ကျွန်မနဲ့ကို စိတ်မချဘူးထင်ပါရဲ့”ဟု ပြော၏။
“ဒီလောက်ပြောရင် ကျွန်တော်သိပါပြီ။ ရန်ကုန်မှာနေတဲ့ သူ့တူမတစ်ယောက်နဲ့ ကျွန်တော့်မေမေက ပေးစားချင်တယ်။ ကျွန်တော်က မစုံမက်ပါဘူး။ ဖေဖေကလဲ သဘောမတူပါဘူး”
“အဲဒီအကြောင်းလဲ ဒေါ်ကျင်က ပြောပြပါတယ်။
ဆရာ့မေမေကတော့ အိုးချင်းထား အိုးချင်းထိ၊ ကြိုးချင်းထား ကြိုးချင်းငြိဆိုတာလိုဖြစ်မှာ စိုးဟန်တူပါတယ်။ ဒီတော့ ကျွန်မကို ဆရာအင်္ဂလိပ်စာ သင်မပေးပါနဲ့ တော့ ဆရာရယ်”
“မဆိုင်ပါဘူးဆရာမရယ်။ ကျွန်တော်သင်မြဲသင်ပေးပါရစေ။ မေမေအယူသီးမှုကြောင့် ဆရာမပညာသင်ကြားရေးပျက်မယ်ဆိုရင် မေမေမှာလဲ တာဝန်မကင်းဘူး၊ ကျွန်တော်လဲ စိတ်မကောင်းဖြစ်တော့မှာဘဲ။ ဒီတော့ ကျောင်းပိတ်တဲ့နေ့မှာ ဆရာမတို့အိမ်ကို ကျွန်တော်လာပြီး သင်ပေးပါ့မယ်။ ဒီလိုသင်ပေးရမှလဲ ကျွန်တော်စိတ်ကျေနပ်မှုဖြစ်မှာပါ”
“ဒါတော့ ဆရာသဘောပေါ့လေ၊ ဆရာစိတ်မကောင်းမဖြစ်စေချင်ပါဘူး”
အစေခံမ (ဒုတိယပိုင်း – ဇာတ်သိမ်း)
____________________________________ ရန်အောင်
(၆)
ဆင်အိပ်ရာဆင်နှိုး”ဟူသော စကားကဲ့သို့ပင် မေမေက ကျွန်တော်နှင့်ဆရာမ မအေးမေ ချစ်ခင်စုံမက်သွားကြမည်ကိုစိုးသည်ဟု ဆိုသောအခါတွင်မှ မအေးမေကို ကျွန်တော်ပို၍ စိတ်ဝင်စားလာသည်။ ဂရုတစိုက် အကဲခတ်၍ကြည့်မိသည်။ အထူးသဖြင့် မေမေ့တူမများဖြစ်ကြသော ရန်ကုန်မှ အမျိုးသမီးများနှင့် မအေးမေ ကို နှိုင်းယှဉ်၍ကြည့်မိသည်။ ယင်းသို့ နှိုင်းယှဉ်ကြည့်သောအခါတွင် မယှဉ်သာအောင် ကွာခြားနေ သည်ကိုတွေ့ရ၏။
တစ်ခါတွင် ဖေဖေနှင့်စကားပြောရင်း စပ်မိသဖြင့် မအေးမေအကြောင်းကို ပြောမိသည်။
“ဒီရွာက ကျောင်းဆရာမကလေးဟာ စိတ်နေစိတ်ထားအပြောအဆို အနေအထိုင် ရော အကျင့်စာရိတ္တရော အလွန်တော်တယ် ဖေဖေ”
“အေးကွ ရုပ်ကလေးကလဲ တော်တော်ချောတယ်။ နာမည်နဲ့လိုက်အောင် အေးအေးလူလူလဲ ရှိတယ်။ မင်းမေမေ့တူမများနဲ့တော့ တစ်ဘာသာစီပဲ။ သားအိမ်ထောင်ပြုမယ်ကြံရင် ဒီလိုမိန်းကလေးမျိုးကို ရွေးသင့်တယ်”
“မီးလောင်ရာလေပင့်”ဆိုသလို မအေးမေကို ကျွန်တော်စိတ်ဝင်စားသည်ထက် ဝင်စားအောင် ဖေဖေက တိုက်တွန်းနှိုးဆော်ပေးသကဲ့သို့ ဖြစ်သွားလေသည်။ ကျွန်တော်တို့သည် စစ်ကာလတစ်လျှောက်လုံး မအေးမေတို့ရွာတွင် အေးချမ်းစွာနေထိုင်ကြရ၏။
စစ်ကြီးပြီးသွားသောအခါတွင် ကျွန်တော့်မှာ ဝမ်းသာဝမ်းနည်းဖြစ်ရသည်။ လူအပေါင်းတို့ ဒုက္ခအမျိုးမျိုး တွေ့ကြုံခဲ့ရသည့် စစ်ကြီးပြီးသွားပြီဖြစ်သဖြင့် ဝမ်းသာပါ၏။
သို့သော် မအေးမေနှင့် ခွဲခွာရတော့မည်ဖြစ်သည့်အတွက် စိတ်မကောင်းဖြစ်ရသည်။ – အတူနေစဉ်က မအေးမေကို ကျွန်တော်စွဲစွဲလမ်းလမ်းရှိလှသည်ဟုမထင်။ သာမန်မျှလောက်သာ ခင်မင်နေခြင်းဖြစ်သည်ဟု ထင်၏။ ယခုကဲ့သို့ ခွဲခွာရတော့မည်ဖြစ်သည့်အခါတွင်မှ ကျွန်တော်အကြီးအကျယ်စိတ်မကောင်းဖြစ်ရခြင်းမှာ မအေးမေကို အစွဲကြီးစွဲနေပြီဖြစ်ကြောင်း ထင်ရှား၏။
ထို့ကြောင့် ကျွန်တော့်စိတ်ထဲတွင် ရှိသမျှကို ဖွင့်ပြောလိုက်သည်။
‘ဖြစ်နိုင်မယ်ဆိုရင်တော့ ကျွန်တော်ဆရာမနှင့်အတူ တစ်သက်လုံးအတူနေချင်ပါ တယ်”
“ကျွန်မကလဲ အဲဒီလိုပဲ အတူနေချင်ပါတယ်။ သို့ပေမယ့် ဆရာ့မေမေစိတ်မကောင်း ဖြစ်မှာစိုးတယ်။
ဒီတော့ အတူနေလို့ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ပါဘူးဆရာရယ်”ဟု ဝမ်းနည်းသံ ကလေးဖြင့် ပြောရှာ၏။
ကျွန်တော်တို့ မြို့သို့ထွက်ခါနီး မအေးမေကို နောက်ဆုံးနှုတ်ဆက်ခြင်းဖြင့် နှုတ်ဆက် ရာတွင် ကျွန်တော် ရင်တစ်ဝှမ်းလုံး ပူပန်လောင်မြိုက်နေလျက် မအေးမေမှာ မျက်ရည်ကလေး လည်၍နေရှာ၏။ ကျွန်တော်တို့အကြောင်းကို ရိပ်မိသောဖေဖေကမူကား `ချစ်ခင်ပေါင်းသင်း၊ ဆက်ဆံခြင်းကား၊ ကွေကွင်း နောက်ဆုံးရှိချေ၏ဆိုတဲ့ တရားအတိုင်းပေါ့ကွာ”ဟုပြောလေသည်။
(၇)
စစ်ပြီးစတွင်ပင် ကျွန်တော်နှင့်မကျင်သည် ရန်ကုန်သို့ပြောင်းရွှေ့နေထိုင်ကြကာ ကျွန်တော်က တက္ကသိုလ်ကျောင်း၌ မဟာဝိဇ္ဇာတန်းကို နောက်ဆုံးနှစ်တွင် သင်ကြားနေသည်။
မအေးမေနှင့်ကျွန်တော်သည် အမြဲပင် စာအဆက်အသွယ်ရှိနေ၏။ တစ်နည်းပြောရလျှင် စာကို အောင်သွယ်လုပ်ကာ သမီးရည်းစားဖြစ်နေကြပါပြီ။ သို့သော် တစ်ကယ်ပေါင်းရဖို့ မှာ ဖြစ်နိုင်မည့်ကိစ္စမဟုတ်ဟု နှစ်ယောက်စလုံး သိထားကြပါ၏။ မေမေက ဘယ်နည်းနှင့်မျှ သဘောတူမည် မဟုတ်သောကြောင့်တည်း။
မအေးမေကို သတိရတိုင်း သူ့အကြောင်းကို မကျင်နှင့်ပြောနေရ၏။
“မအေးမေ ဒီနှစ်အင်္ဂလိပ်ဆယ်တန်းဝင်မယ်တဲ့။ သူက မြန်မာဆယ်တန်းအောင်ပြီး ဖြစ်တော့ အင်္ဂလိပ်တစ်ဘာသာပဲဝင်ရမယ်။ ဆယ်တန်းအောင်ရင် တက္ကသိုလ်မှာနေနိုင်တယ်”ဟု ကျွန်တော်ကပြောရာ မကျင်ကဝမ်းသာအားရဖြင့် `ဆယ်တန်းအောင်ပြီး ရန်ကုန်ကျောင်းလာနေ *နိုင်ပါစေ၊ သူမလေးနဲ့လဲ အကြောင်းပါပါစေ”ဟု ဆုတောင်းလေသည်။
ကျွန်တော် မဟာဝိဇ္ဇာတန်း အောင်သလိုပင် မအေးမေလည်း ဆယ်တန်းအောင်၏။ ကျွန်တော်က
ရန်ကုန်တက္ကသိုက်တွင် ဆရာလုပ်ရသဖြင့် လုပ်ရာ မအေးမေကလည်း ပညာရေး တက္ကသိုလ် ပထမနှစ်ကျောင်းသူဖြစ်လာသဖြင့် ကျွန်တော်တိုချင်း အတော်နီးစပ်လာကြပါသည်။ သို့သော်မေမေ
မကျေမနပ်ဖြစ်မည်ကို သိထားကြသဖြင့် တစ်အိမ်စီနေကြ၏။
မေမကရော၊ မေမေ့ညီမ ဒေါ်ဒေါ်ကပါ၊ ဒေါ်ဒေါ့်သမီး ခင်ခင်ထူးနှင့် ပေးစားရန် ကျွန်တော့်ကို အပူတပြင်းနားချကြသည်။ ကျွန်တော်ကလည်း ခင်ခင်ထူးကို မစုံမက်၊ ဖေဖေက လည်း သဘောမတူ၊ မကျင်ကပါ ကန့်ကွက်သဖြင့် ကျွန်တော်တို့ သုံးယောက်ကတစ်ဖက်၊ မေမေနှင့် ဒေါ်ဒေါ်ကတစ်ဖက် အတိုက်အခံဖြစ်နေကြသည်။
မေမေနှင့် ဒေါ်ဒေါ်က ချက်ချင်းလောလောဆယ် လက်ထပ်ပေးလို၏။ ကျွန်တော်နှင့် ဖေဖေက အကြောင်းအမျိုးမျိုးပြကာ နေ့ရွေ့၊ လရွေ့ လုပ်နေကြသည်။
မေမေသည် မြေနိမ့်ရာ လှံစိုက်တော့၏။ ကျွန်တော်က ခင်ခင်ထူးကို မယူလိုကြောင်း ငြင်ဆန်နေခြင်းမှာ မကျင်၏ ပယောဂပါသည်။ မကျင်သည် သူ့တူမ၊ မအေးမေနှင့် ပေးစား လိုသဖြင့် ကဖျက်ယဖျက် လုပ်နေသည်ဟု မေမေအယူရှိရာ မကျင်ကို ကျွန်တော်နှင့်အတူ မထားတော့ဘဲ ပြန်ခေါ်ပြီး အခြားအမျိုးသမီးတစ်ယောက်ကို ကျွန်တော်နှင့်အတူ ထား၏။
မေမေကား လင်ကောင်းသားကောင်း ရပါ၏။ စည်းစိမ်ဥစ္စာပြည်စုံစွာ နေရပါ၏။ သို့သော် ကံဆိုးရှာပါသည်။ ဒေါသမာန်မာန အားကြီးလွန်း၍လား မပြောတတ်၊ နှလုံးရောဂါ ကပ်ရောက်လာလေရာ လအနည်းငယ် အတွင်းတွင်ပင် ကွယ်လွန်သွားရှာပါသည်။
မေမေကွယ်လွန်သွားသောအခါ မကျင်သည် ကျွန်တော်နှင့်အတူ လာနေ၏။ ဖေဖေ၏ ဆန္ဒအရ မအေးမေသည်လည်း ကျွန်တော့်အိမ်သို့ ပြောင်းရွှေ့လေရာ ကျွန်တော်တို့သည် သိုက်သိုက်ဝန်းဝန်း ဖြစ်နေကြပါပြီ။
မေမေကွယ်လွန်ပြီးနောက် ၂-နှစ်အကြာတွင်မှ ဖေဖေ၏ သဘောတူညီချက်အရ ကျွန်တော်နှင့် မအေးမေတို့ လက်ထပ်ကြပါ၏။ ရင်းနှီးသော မိတ်ဆွေသင်္ဂဟများနှင့် ဆွေမျိုးသား ချင်းများဖြင့်သာ ခပ်ကျဉ်းကျဉ်း အခမ်းအနားကျင်းပရာ ဒေါ်ဒေါ်တို့သားအမိတတွေ လာရောက်ခြင်းမပြုကြပါ။
ဖေဖေကဆို၏။ “သားမေမေလဲ ဆုံးသွားရော၊ သူတို့အမျိုးတွေနဲ့ ဖေဖေတို့ တစ်ခါတည်း ပြတ်ကြရောပဲ၊ ဒါပဲကောင်းတယ်၊ သူတို့နဲ့ ဖေဖေတို့က စရိုက်ချင်း၊ အယူအဆချင်း၊ စိတ်နေစိတ်ထားချင်းမတူဘူး။ တစ်ဘာသာစီ၊ တခြားစီပဲ”
(၈)
ဖေဖေသည်လည်း သက်ရွယ်ကြီးရင့်လာပြီဖြစ်သဖြင့် သူ့မြို့မှ တိုက်ကိုရောင်းကာ ရန်ကုန်တွင် ကျွန်တော်တို့နှင့်အတူ လာရောက်နေထိုင်၏။
ကျွန်တော်က တက္ကသိုလ်တွင် ဆရာလုပ်သည်။
မအေးမေက အထက်တန်းကျောင်း တစ်ကျောင်းတွင် ဆရာမ လုပ်သည်။ ဖေဖေကမူကား တရားစာဖတ်၊ တရားအားထုတ်၊ စပ်မိသည်အခါ တရားစကားပြောသည်။
ယင်းသို့ဖြင့် တငြိမ့်ငြိမ့်စီးသော မြစ်ရေပမာ ကျွန်တော်တို့ဘဝမှာ အေးဆေးစွာဖြင့်ပင် တစ်နှစ်ပြီးတစ်နှစ် ကုန်လွန်ခဲ့ရာ ကျွန်တော်တို့မှာ သားသမီးသုံးယောက် ထွန်းပေါက်ရရှိခဲ့ပြီ။ ကျွန်တော့် သားသမီးတွေက မကျင်ကို အမေကျင်ဟု ခေါ်ကြရာ ကျွန်တော်နှင့် မေအေးမေကပါ ကလေးတွေ၏ သံယောင်လိုက်ပြီး အမေကျင်ဟုပင် ခေါ်ကြပါ၏။
အမေကျင်ကား ကျွန်တော်တို့ အိမ်ထောင်အတွက် ဇာတ်လိုက်ဟုပင် ဆိုနိုင်ပါ၏။ ကျွန်တော်ငယ်စဉ်က အမေကျင်၏ လက်ပေါ်တွင် ကြီးပြင်ခဲ့ရသလို ကျွန်တော့် သားသမီးများမှာ လည်း အမေကျင်၏ လက်ပေါ်တွင်ပင် ကြီးကြရပါသည်။
ထိုကြောင့် ဖေဖေ မကြာခဏပြောလေ့ရှိ၏။
“မကျင်ကျေးဇူးဟာ သားအပေါ်မှာရော၊ သားက မွေးတဲ့ မြေးတွေအပေါ်မှာရော အင်မတန်ကြီးပါပေတယ်ကွာ။ မကျင်စိတ်ချမ်းသာအောင် ထားကြပါ ဖေဖေမရှိတောင်မှ မကျင်နဲ့ နေကြ။ မင်းတို့လက်ပေါ်မှာတွင် မကျင်အသက်ပျောက်သွားပေစေ”
ဖေဖေ မမှာသည့်တိုင်အောင် ကျွန်တော်တို့ ဤအတိုင်းဆောင်ရွက်ကြမည် ဖြစ်ပါသည်။
ဖေဖေမကြာခဏ ပြောတတ်သည့် စကားရှိသေး၏။
“ရုပ်ရှင်ရုံမှာ လက်မှတ်ရအောင် တန်းစီနေသလို လူတိုင်းဟာလည်း တန်းစီနေကြတာပဲကွ ”
တစ်နေ့ကျတော့ ကိုယ်အလှည့်ရောက်လာတာပဲ။ ဘာအလှည့်လဲ သိလား၊ သေလှည့်၊ လူတိုင်း တန်းစီနေကြတာက သေမင်းတံခါးဝလေ”
ဖေဖေပြောသည့်အတိုင်းပင် အသက် ၈၀-ကျော်နေပြီဖြစ်သော ဖေဖေသည် သေမင်း၏ တံခါးဝသို့ ရောက်နေပေပြီ။
“ဖေဖေတော့ သေရမှာ သိပ်မကြောက်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အကုသိုလ် နည်းနိုင်သမျှနည်းအောင်၊ ကုသိုလ်များနိုင်သမျှများအောင် ဖေဖေအားထုတ်ခဲ့တာဟာ နှစ်ပရိစ္ဆေဒ ကြာလှပါပြီ –
သေရမည်ကို သိပ်ပြီးမကြောက်လှဟုဆိုသော ဖေဖေသည်လည်း သေမင်း၏နိုင်ငံသို့ လိုက်ပါသွားရရှာချေပြီ။
(၉)
အမှတ်တရ ဝါဆိုလပြည့်နေ့ကြီးဖြစ်၏။ ဤနေ့တွင် ဖေဖေ့ကို အထူးသတိရကာ ဖေဖေ့အကြောင်းကို စဉ်းစားနေမိသည်။
ကျွန်တော်နှင့်မအေးမေကား ကျွန်တော့်ဖေဖေနှင့် မေမေတို့၏ နေရာကိုယူထားကြပေပြီ။ ဖေဖေနှင့်မေမေတို့ ကွယ်လွန်သလို ကျွန်တော်တို့လည်း နောင်သောအခါတွင် ကွယ်လွန်ကြလျက် ကျွန်တော့်သားသမီးများက ကျွန်တော်တို့နေရာကို ယူကြပေလိမ့်မည်။
ထို့နောက် ကျွန်တော်၏ မြေးများ၊ မြစ်များက အဆင့်ဆင့်နေရာယူကာ လူဟောင်းထု ပျောက်ပျောက်သွားပြီး လူသစ်တွေ ရောက်ရောက်လာပေလိမ့်မည်။
ဖေဖေရှိစဉ်က ပြောသည် စကားတခွန်းကို ကျွန်တော်ကြားယောင်နေမိ၏။
“ဗေဖေတော့ သေရမှာ သိပ်မကြောက်လှဘူး။ ဘာဖြစ်လို့လဲဆိုတော့ အကုလို နည်းနိုင် သမျှနည်းအောင်၊ ကုသိုလ်များနိုင်သမျှများအောင် ဗေဗေအားထုတ်ခဲ့တာဟာ နှစ်ပရိစ္ဆေဒ ကြာလှပါပြီ”
အစိုးရအမှုထမ်းအဖြစ်မှ ဖေဖေအနားယူပြီးနောက် အမြဲလိုပင် စာတွေဖတ်နေသည် ကိုတွေ့ရ၏။ ဖေဖေ ဘာစာအုပ်တွေ ဖတ်နေသနည်း။ ဖေဖေဖတ်ခဲ့သည့် စာအုပ်များကို ကျွန်တော်သိချင်စိတ်ပေါက်လာသည်။ ထိုစာအုပ်များထဲမှ စိတ်ဝင်စားစရာကောင်းသည့် စာအုပ် များကို ကျွန်တော်ဖတ်ကြည့်ရလျှင် ကျွန်တော့်အတွက် အကျိုးရှိလိမ့်မည်ဟု ကျွန်တော်ယုံကြည် သည်။ ထို့ကြောင့် ဖေဖေ့ စာအုပ်ဘီရိုကြီးကိုဖွင့်၍ မွှေနောက်ကြည့်၏။
— စာအုပ်တစ်အုပ်၏ အကြားတွင် ညှပ်ထားသည့် စာချုပ်တစ်ခုကို တွေ့ရသဖြင့် ကျွန်တော်ဖတ်ကြည့်ရာ အံဩလွန်းသဖြင့် သတိလစ်သလို ဖြစ်သွား၏။
ထိုစာချုပ်ထူကြီးကား ကျွန်တော်တို့၏ ဘဝကို တစ်မျိုးတစ်ပုံ ပြောင်းလဲပစ်လိုက်လေ တော့သည်။ အရှေ့ကို အနောက်ဖြစ်အောင်၊ အထက်ကိုအောက်ဖြစ်အောင် ပြောင်းပြန်ပြောင်းလွှဲ ပစ်လိုက်သည်နှင့်တူ၏။
ကျွန်တော်၏စိတ်များ ချောက်ချားလှုပ်ရှားလွန်းလှသဖြင့် ဝမ်းသာရမည်လော ဝမ်းနည်းရမည်လောဟု ခွဲခြား၍မရအောင် ဖြစ်ရတော့သည်။
ထိုစာချူပ်ကို တွေ့ပြီးနောက် ဘာလုပ်ရမည်မသိ၊ ယောင်ချာချာဖြစ်နေ၏။
ကျွန်တော့်အမူအရာ ထူးခြားဖောက်ပြန်နေသည်ကို မြင်ရသော မအေးမေကပင် အံ့ဩကာ-
“ဆရာဘာဖြစ်နေသလဲ၊ ဆရာကြည့်ရတာတစ်မျိုးကြီးပဲ”ဟု ပြောလေသည်။
(၁၀)
ထူးခြားသောစာချုပ်ကို တွေ့သည့်နေ့၊ ညအချိန်တွင် ဧည်ခန်းထဲ၌ ကျွန်တော်တို့ စည်းဝေးကြသည်။ ကျွန်တော်တို့ ဇနီးမောင်နှံနှစ်ယောက်၊ သားသမီးသုံးယောက်နှင့် အမေကျင်ပါ အားလုံးပေါင်း ၆-ယောက်၊ အိမ်ရှိလူကုန်ဖြစ်သည်။
ကိစ္စမှာ စိတ်ဝင်စားစရာ အကောင်းဆုံးဖြစ်၏။ အရေးကြီးဆုံးကိစ္စဟုလည်း ဆိုနိုင် ပါသည်။ ကိစ္စက အရေးကြီးလွန်းသဖြင့် ကျွန်တော် ဘာကစ၍ ပြောရမည်မသိဖြစ်နေ၏။
အိမ်သားအားလုံးသည် ကျွန်တော့်ကို ငေးစိုက်ကြည့်ရှုကာ ကျွန်တော် ဘာပြောမည်ကိုနားစွင့်နေကြ၏။
ကျွန်တော့်စိတ်ထဲတွင် ပေါ်ရာကို ပြောလိုက်မိသည်။
“အမေကျင်ကို ကြည့်ကြစမ်း၊ တို့ အိမ်သူအိမ်သားတွေထဲက ဘယ်သူနဲ့ အမေကျင်နဲ့ တူသလဲ”
ကျွန်တော့်အမေ ထူးဆန်းသဖြင့် အံ့ဩသွားကြကာ မည်သူမျှ အဖြေမပေးကြချေ။
အတန်ကြာမှ မအေးမေက “အမေကျင်က ကျွန်မအဒေါ်မဟုတ်လား ဆရာရယ်၊
ဒီတော့ ကျွန်မနဲ့အမေကျင်နဲ့ တူတာပေါ့”ဟု ပြော၏။
အမေကျင်နဲ့ ကျွန်တော်နဲ့ တူတယ်”
ကျွန်တော့်သားငယ်က ပြောလိုက်ရာ အားလုံးပြုံးကြ ရယ်ကြသည်။
”အမေကျင်နဲ့ အဖေနဲ့ တော်တော်တူတယ်” ဟု ကျွန်တော့်သမီးအကြီးက ပြောလိုက်ရာ ကျွန်တော်အတော် အံ့ဩသွား၏။ ဟုတ်ပါသည်။ မှန်ထဲတွင် မြင်ရတွေ့ရသည့် ကျွန်တော်ပုံနှင့် ဓာတ်ပုံထဲက ကျွန်တော် ရုပ်ဆင်းသဏ္ဌန်တို့သည် အမေကျင်နှင့် အတော်ကြီး တူနေကြောင်း ကျွန်တော်သတိထားမိသည်။
ကျွန်တော့်ကို `မေမေကိုယ်ဝန်ရှိစဉ်က အမေကျင်ကို မေမေမြင်တွေ့နေရသဖြင့် စိတ်စွဲလမ်းကာ ကျွန်တော်နှင့် အမေကျင်တူခြင်းဖြစ်သည်ဟု မေမေရှိစဉ်က ပြောဖူးပါ၏။
“ကိုင်း – – – အမေကျင် ကျွန်တော်နဲ့ အမေကျင်တူတယ်လို့ ကျွန်တော့်သမီးက ပြောနေပြီ၊ ဒါကို အမေကျင်ကကော ဘာပြောချင်သလဲ၊ ဘာပြောစရာရှိသလဲ”
ကျွန်တော်တို့အိမ်တွင် အမေကျင်သာလျှင် ဇာတ်လိုက်ဖြစ်ပါသည်။ အမေကျင် ကြောင့်သာလျှင် ကျွန်တော်အမှတ်တရ ဤစာကို ရေးနေရခြင်းဖြစ်ပါသည်။ ထို့ကြောင့် ဇာတ်လိုက်ဖြစ်သော အမေကျင်အား ကျွန်တော်မေးလိုက်ခြင်း ဖြစ်ပါ၏။
အမေကျင်၏ အဖြေကတော့ “အမေကျင် ဘာမှပြောစရာမရှိပါဘူး လူကလေး ရယ်”ဟူ၍ ဖြစ်ပါသည်။
“အမေကျင်ကို ကျွန်တော် တစ်ခုမေးမယ်၊ အမေကျင် မှန်မှန်ဖြေရမယ်နော်၊ ဘယ့်နှယ်လဲ ကျွန်တော်ပေးတာကို အမေကျင် မှန်မှန်ဖြေမယ်မဟုတ်လား”
အမေကျင် သိတယ်ဆိုရင်တော့ မှန်မှန်ဖြေပါ့မယ် လူကလေးရယ်”ဟု အမေကျင် က အသံသာသာကလေးဖြင့် ပြော၏။
ကျွန်တော်မေးခွန်းတစ်ခုကို `မေးလိုက်ရာ အမေကျင်ရော ကျွန်တော့်ဇနီးနှင့် သားသမီးများပါ အတိုင်းမသိ အံ့ဩသွားကာ ပါးစပ်အဟောင်းသားဖြင့် ငေးငိုင်နေကြသည်။ ကျွန်တော့် မေးခွန်းမှာကား-
“ကျွန်တော့်အမေအရင်း ဘယ်သူလဲ၊ အမေကျင် မှန်မှန်ပြောပါ”ဟူ၍ ဖြစ်၏။ အတန်ကြာသောအခါတွင်မှ အမေကျင်က အေးစက်စက်ဖြင့်ဖြေ၏။
`ဆုံးသွားတဲ့ မင်းကတော်ဟာ လူကလေးအမေအရင်းပေါ့ကွယ်၊ ဒါများအဆန်း လုပ်ပြီး `မေးနေရသေးတယ်”
“အမေကျင် ပြောတာမဟုတ်ဘူး။ ကျွန်တော့်အမေအရင်းက အမေကျင်ဘဲ” အားလုံး “ဟာ” “ဟင်” ဖြစ်ကုန်ကြကာ ကျွန်တော့်ကို စူးစိုက်ကြည့်နေကြသည်။
“လူကလေးက မဟုတ်တာတွေ တောက်တီးတောက်တက် မြောနေပြန်ပါပြီ။
အမေကျင်က လူကလေးအမေ မဟုတ်ပါဘူးကွယ်”
“ဟုတ်တယ်၊ ဟုတ်တယ်၊ အမေကျင်ဟာ ကျွန်တော့်ရဲ့ အမေ၊ ကျွန်တော်စာချုပ် တွေ့ထားပြီးပြီ။
ဘာစာချုပ်တွေ့ထားတာလဲ”ဟု အမေကျင်က အံ့ဩသော မျက်နှာထားဖြင့် မေး၏။
“ဒီနေ့ ဖေဖေ့ကို ကျွန်တော် အားကြီးသတိရတယ်၊ ဖေဖေက ကျွန်တော့်ကို သတိပေးနေတာများလား မပြောတတ်ဘူး၊ ဖေဖေ့ကိုသတိရလွန်းလို့ အလွမ်းပြေအဖြစ်နဲ့ ဖေဖေ့စာအုပ် ဘီရိုကိုမွှေနှောက်ပြီး ရှာကြည့်မိတယ်။ အဲဒီဘီရိုထဲက စာချုပ်တွေ့တာပဲ”
“ဘာစာချုပ်လဲ”ဟု ဒေါ်ကျင်ကမေးပြန်၏။
“အမေကျင်က ကျွန်တော့်ကို ဖေဖေနဲ့မေမေတို့ထံမှာ အပိုင်ပေးထားတဲ့စာချုပ်။ – အဲဒီစာချုပ်ထဲမှာ ကျွန်တော်ဟာ အမေကျင့်သားဖြစ်ကြောင်း သေသေချာချာ ဖော်ပြထားတယ်”
အမေကျင်သည် ကျွန်တော့်စကားကို နားထောင်ရင်း တွေဝေစဉ်းစားနေ၏။ ထို့နောက် ကောက်ကာငင်ကာပြောလိုက်သည်။
“အဲဒီစာချုပ်က လူကလေးဖေဖေ လုပ်ကြံပြီး ရေးထားတဲ့ စာချုပ်ဖြစ်ပါလိမ့်မယ်ကွယ်”
”ဟာ— အမေကျင်ကလဲ မဟုတ်နိုင်တာဘဲ၊ ဖေဖေက ဘာဖြစ်လို့ လုပ်ကြံရေးရမှာလဲ”ဟု ကျွန်တော်က ခါးခါးသည်း ငြင်းလိုက်၏။
“ဒီလိုလေ… လူကလေးဖေဖေဟာ အလွန်အမြော်အမြင်ကြီးတယ် မဟုတ်လား၊ လူကလေး ဖေဖေနဲ့မေမေ ဆုံးသွားကြတဲ့အခါမှာ လူကလေးစိတ်မကောင်း ဖြစ်နေလိမ့်မယ်။ မိဘကို လွမ်းနေလိမ့်မယ်၊ အဲဒီလိုဖြစ်မှာစိုးလို့ စိတ်မကောင်းတာ နည်းနည်းသက်သာသွားအောင် မိဘကို လွမ်းတာလဲ နည်းနည်းပြေပျောက်အောင် လူကလေးအမေဟာ အမေကျင်ဘဲလို့ လူကလေး ဖေဖေကလုပ်ကြံခဲ့တာ ဖြစ်မှာပေါ့ကွယ်”…
အမေကျင်ပြောသည့်စကားမှာ ယုတ္တိရှိသဖြင့် ဟုတ်များဟုတ်လေသလားဟု ကျွန်တော်တွေးတောနေစဉ်တွင် အမေကျင်က ပြောပြန်၏။
“နောက်ပြီးတော့ လူကလေးရဲ့ ဖေဖေနဲ့မေမေတို့ မရှိတဲ့နောက် အမေကျင် တစ်ယောက်ထဲ ကျန်ရစ်ခဲ့တဲ့အခါမှာ လူကလေးက အမေကျင်ကို ပိုပြီးချစ်အောင်၊ ဂရုစိုက်အောင် လူကလေး အဖေကြံစည်ခဲ့တာလဲ ဖြစ်နိုင်ပါတယ်”
အမေကျင်၏ စကားအတွက် စာချုပ်ကို ကျွန်တော်သံသယ ဖြစ်လာ၏။ ထို့ကြောင့် စာချုပ်ကိုသွား၍ယူကာ သေသေချာချာကြည့်မိသည်။ စာချုပ်မှာ ဟောင်းမြေ့လှပြီ။ စာချုပ် ရက်စွဲမှာလည်း ကျွန်တော် ၃-လသားအရွယ်ကဖြစ်၏။ အမေကျင်က လုပ်ကြံပြောခြင်းတည်း။
“မဟုတ်မဟတ် လုပ်ဇာတ်တွေ ခင်းမနေပါနဲ့တော့ အမေကျင်ရယ်၊ အမေကျင်ဟာ ကျွန်တော့် အမေရင်း၊ ကျွန်တော်က အမေကျင့်သားအရင်း ဟုတ်တယ်မဟုတ်လား”
ဤအခါတွင် အမေကျင်သည် ဘာမျှမပြောတော့ဘဲ ပြုံးနေ၏။ တိတ်တိတ်နေခြင်း ဖြင့် ဟုတ်ကြောင်းဝန်ခံလေသည်။
“အမယ်လေး–တော်သေးတာပေါ့၊ သားအမိမှန်းမသိဘဲ ကျွန်တော်တို့ နှစ်ယောက် စလုံး သေသွားကြရင် ဘယ်လောက်အသည်းနာစရာကောင်းလိုက်မလဲ၊ ဒီလိုမဟုတ်ဘဲ အမေကျင် သေသွားတဲ့နောက်မှ ကျွန်တော် အမေသားမှန်းသိရင်လဲ ရင်ထုမနာဖြစ်စရာကြီးပဲ၊ ဒါထက်”
ကျွန်တော် စကားမဆက်နိင်တော့ပါ။
(၁၁)
အမေကျင်ကို ကျွန်တော်မေးလိုသည့်ကိစ္စကို မမေးဝံ့အောင်ဖြစ်နေသည်။
ထိုကိစ္စက ကျွန်တော့်အဖေကိစ္စ။
ကျွန်တော်သည် ကွယ်လွန်သွားပြီဖြစ်သော ဖေဖေ့ကို အဖေအရင်းဟု တသက်လုံး မှတ်ထင်လာခဲ့၏။ သို့သော် ဖေဖေသည် ကျွန်တော့်အဖေအရင်းမဟုတ်ကြောင်း သိရသောအခါ ပြောမပြတတ်အောင် စိတ်မကောင်းဖြစ်ရတော့သည်။
ကျွန်တော့်အဖေအရင်းကား မည်သူနည်း၊ ဘယ်မှာနေသနည်း၊ ကျွန်တော့် အဖေ အရင်းသည် မသေမပျောက်သေးဘဲရှိသေးလျှင် ထိုအဖေနှင့် တွေ့ရပေမည်။ အဖေကိုဝတ်ကြီး ဝတ်ငယ် ပြုရပေမည်။
သို့သော် ကွယ်လွန်သူ ဖေဖေ့ကို ကျွန်တော့်ဖခင်စာရင်းမှ ထုတ်ပယ်လိုက်ရမည်မှာ ဝမ်းနည်းစရာအကောင်းဆုံး၊ စိတ်မချမ်းသာစရာ အကောင်းဆုံးတည်း။
ယခုမှ ကျွန်တော်သိပါပြီ။ အမေကျင်သည်လည်းကောင်း၊ ဖေဖေသည်လည်းကောင်း၊ ဟုတ်တိုင်းမှန်ရာကို ဖွင့်မပြောခြင်း၊ တနည်းပြောရလျှင် ကျွန်တော် အမေကျင်သားဖြစ်ကြောင်း ဖွင့်မပြောခြင်းမှာ ဤကိစ္စအတွက်ပင်ဖြစ်သည်။
ဤကိစ္စဆိုသည်မှာ ကျွန်တော့်အဖေရင်းကိစ္စ ဖြစ်ပါ၏။
တော်ပါသေးသည်။ ဖေဖေကွယ်လွန်ပြီးသည် နောက်တွင်မှ ဤကိစ္စပေါ်လာသဖြင့် တော်ပါသေး၏။ ဖေဖေရှိစဉ်ကသာ ဖေဖေ့သား မဟုတ်ကြောင်း ကျွန်တော်သိလျှင် ဖေဖေ အဘယ်မျှ စိတ်မကောင်း ဖြစ်ရှာပေမည်နည်း။
ကျွန်တော်လည်း အထူးစိတ်မကောင်းဖြစ်ရပါ၏။ ဖေဖေ့ကို အဖေအရင်းစာရင်းမှ ဖျက်ပြီး တစ်ခါမျှမတွေ့ဘူး၊ မမြင်ဘူးသည့် သူတစ်ယောက်ကို ကျွန်တော့်အဖေရင်းဟု အသိအမှတ်ပြုပေတော့မည်။
ဤရင်နာစရာကိစ္စကို ကျွန်တော်တွေးမိကာ မျက်ရည်ဝဲမိသည်။
သို့သော် ကျွန်တော်စမိသည့် ဇာတ်လမ်းကို ဆုံးအောင်ကရပေးတော့မည်။ “ ကျွန်တော် မမေးချင်သည့် မေးခွန်ကိုပင် စိတ်မပါဘဲ မေးလိုက်ရ၏။
“ကျွန်တော့်အဖေရင်းကို ပြောပါအုံး’”
အမေကျင် ပြောပြသည်ကို ကြားရသောအခါ ကျွန်တော်အံဩလွန်းသဖြင့် ”ဟာခနဲ အော်လိုက်မိ၏။
အမေကျင် ပြောပြသည်ကတော့-…
“လူကလေး အဖေအရင်းကတော့ လူကလေး အဖေပါပဲ”
ကျွန်တော်က အံဩဝမ်းသာစွာဖြင့် “ပြောစမ်းပါအုံး၊ ပြောစမ်းပါအုံး၊ အမေကျင်နဲ့ ဖေဖေဘယ်လိုဖြစ်ကြပုံလဲ၊ ဇာတ်စုံခင်းပြပါအုံး”ဟု ပြောလိုက်၏။
ကျွန်တော်တို့ သားအမိသားအဖ ငါးယောက်စလုံးသည် အမေကျင်၏ မျက်နှာကို စူးစိုက်ကြည့်ရှုကြကာ အမေကျင်ပြောသည့်စကားကို နားစွင့်နေကြသည်။
“အမေကျင် ဆယ်နှစ်သမီးအရွယ်က မိဘတွေဆုံးသွားလို့ အားကိုးရာမဲ့ဖြစ်ပြီး လူကလေးဖေဖေတို့ အိမ်မှာ အစေခံလုပ်နေရတယ်။ အမေကျင် ဆယ်ငါးနှစ်သမီးအရွယ်ကျတော့ လူကလေးဖေဖေနဲ့ မှားယွင်းမိခဲ့ကြတယ်”
အမေကျင်သည် စကားဆက်မပြောဘဲ ရပ်နေ၏။ ဖေဖေနှင့်အမေကျင် အဘယ်ကြောင့် မှားယွင်းမိကြသည်ကို ကျွန်တော်တွေးတောစဉ်းစားမိခြင်းနှင့် အမေကျင်ပြောကြားချက်တို့မှာ တထပ်တည်းလို ဖြစ်နေခြင်းတည်း။
“ဒီလိုမှားယွင်းမိကြတာဟာ အကြောင်းရင်းရှိပါတယ်၊ လူကလေး မေမေက ဆူပူ သောင်းသောင်းကျန်းကျန်းနဲ့ လူကလေးဖေဖေကို စိတ်မချမ်းမသာဖြစ်အောင် အလွန်လုပ်တယ် မဟုတ်လား၊ အိမ်ထောင်သာယာမှုနည်းနည်းကလေးမှ မရရှာဘူး၊ ဒီတော့ သာယာမှုရှာချင်တာပေါ့ ဒါကြောင့် အမေကျင်နဲ့ မှားယွင်းမိကြတာပါ”
“ကျွန်တော်လဲ ဒီလိုပဲ ထင်ပါတယ်။ နောက်ပြီးတော့ အမေကျင်ကလဲ တော်တော် ချော၊ တော်တော်လှတယ်မဟုတ်လား”
ကျွန်တော်နောက်ပြောင်၍ ပြောခြင်းမဟုတ်ပါ၊ အမေကျင်ငယ်စဉ်က အလွန်လှ သဖြင့် လူတိုင်းက အံ့ဩလက်ဖျားခါရသည်ဟု မေမေပြောဖူးပါသည်။ ယခု အဖွားအိုကြီး ဖြစ်နေသည့်တိုင်အောင် ငယ်စဉ်က ချောခဲ့ လှခဲ့သည့် အရိပ်လက္ခဏာများ ကျန်ရှိနေပါသေးသည်။
တစ်နည်းပြောရလျှင် “အမယ်ကြီးအို အချောအလှကြီး”ဟုဆိုနိုင်ပါ၏။
ကျွန်တော့် ဖေဖေသည် လူချောလူလှ မဟုတ်ပါ။ မေမေဆိုလျှင် တော်တော် အကျည်းတန်ပါသည်။ သို့ဖြစ်ပါလျက် ကျွန်တော်ရုပ်ဆင်းသဏ္ဌန် တင့်တယ်ခြင်းမှာ အမေကျင်၏ ရင်သွေးဖြစ်သောကြောင့်ဖြစ်ပါ၏။
ပြောပါအုံး၊ ကျွန်တော့်ကို အမေကျင်ကိုယ်ဝန်ရှိတော့ မေမေ့ဆီက ဘီလူးထွက် ထွက်ရောဆိုပါတော့”
“မမကသာ ဟုတ်တိုင်းမှန်ရာသိရင် အမေကျင်ကို သတ်တောင်သတ်ပစ်လိမ့်မယ်၊ ဒီတော့မမကို အသိမပေးဝံ့ဘဲ လူကလေး ဖေဖေနဲ့ တိုင်ပင်ကြရတယ်”
“အဲဒီတုန်းက အမေကျင့် ကိုယ်ဝန်ကို ဖျက်ချဖို့တောင် စိတ်ကူးမထည့်ကြဘူးလား”ဟု ကျွန်တော့်က မေးလိုက်၏
“အမယ်လေး၊ မတော်တာတွေ လူကလေးရယ်၊ ကိုယ့်ရင်သွေးကလေးကို သတ်ပစ်ရက်ပါ့မလားကွယ်၊ ကိုယ်တိုင်သာ အသေခံရင် ခံမပေါ့”ဟု အမေကျင်က ဆတ်ဆတ်ခါပြောသည်။
“ကျွန်တော့်ကို ကိုယ်ဝန်ရှိလာတော့ ဘယ်လိုလုပ်ကြတုံး၊ ဆက်ပြောစမ်းပါအုံး”ဟု
ကျွန်တော်က မေးလိုက်၏။
“လူကလေးကို ကိုယ်ဝန်ရှိတော့ လူကလေးဖေဖေက အစီအစဉ်တွေအားလုံး လုပ်ပေးတယ်၊ ကိုယ်ဝန်ရှိစဆိုတော့ ကိုယ်ဝန်ရှိမှန်း ဘယ်သူမှ မသိကြသေးဘူး။ အမေကျင်နဲ့ လူကလေးဖေဖေဘဲ သိတယ်၊ အဲဒီအချိန်မှာ တောကိုခဏသွားနေအုံးမယ်ဆိုပြီး သွားနေတယ်၊ နောက်မကြာခင်ပဲ တောကလူတစ်ယောက်နဲ့ အမေကျင်နဲ့ အကြောင်းပါနေပြီလို့ မမနဲ့ ကိုကိုဆီ စာရေးလိုက်တယ်”
“ဒီလိုစာရေးတော့ မေမေက ယုံရောလား”
“ဟုတ်တယ်၊ ယုံတယ်။ နောက် လူကလေးကို မျက်နှာမြင်တော့လဲ သားယောက်ျား ကလေးမျက်နှာမြင်တဲ့အကြောင်း စာရေးတယ်၊ လူကလေး သုံးလသားလောက်ရှိတော့ အမေကျင် ယောက်ျားဆုံးသွားပြီလို့ စာရေးလိုက်တယ်၊ ဒီတော့ မမနဲ့ကိုကိုက ကလေးကို ခေါ်ပြီးလာခဲ့ပါလို့ စာပြန်ရေးလို့ လူကလေးနဲ့ အမေကျင် လာကြရတာပေါ့”
“ဒီတော့မှ မေမေက ကျွန်တော့်ကို မြင်ဘူးတယ်ပေါ့နော်”
“ဟုတ်တယ်၊ လူကလေးကို မြင်တော့ မမက သိပ်ချစ်တယ်၊ `လူကလေးကလဲ ချစ်လဲ ချစ်စရာကြီးကိုး၊ ဒီတော့ မမကပြောတယ်၊ လူကလေးကို သူမွေးစားမယ်တဲ့၊ ဒီတော့ အမေကျင်က ပြန်ပြောလိုက်တယ်၊ ကျွန်မသားကလေးကို ကျွန်မမခွဲနိုင်ဘူးလို့၊ ဒီတော့ မမက “ညည်းလဲ တို့အိမ်မှာနေပြီး ကလေးထိန်းလုပ်နေပေါ့၊ ဒီလိုဆိုရင် ညည်းတို့သားအမိအတူ နေရမှာပေါ့”လို့ မမပြောတယ်၊ အမေကျင်က စဉ်းစားပါရစေအုံး”လို့ မမကို ပြန်ပြောပြီး ကိုကိုနဲ့ တိုင်ပင်ကြည့်တယ်”
“ဖေဖေကကော ဘာပြောသလဲ”ဟု ကျွန်တော်က မေးလိုက်၏။
“လူကလေး ဖေဖေက ပြောတယ်၊ သူမွေးစားချင်ရင် မွေးစာပေစေ၊ ကိုယ့်သားဟာ ကိုယ့်သားပဲပေါ့တဲ့၊ နောက်ပြီးတော့ မမက မွေးစားရင် လူကလေးရဲ့ နေထိုင်ရေး၊ ပညာသင်ရေး၊အစစအရာရာ အားလုံးအဆင်ပြေမယ်လို့ လူကလေး ဖေဖေက ပြောသေးတယ်၊ ဒါနဲ့ မမကို ပေးလိုက်ရရောဆိုပါတော့။ သို့ပေမယ့် အမေကျင် တသက်လုံး စိတ်မချမ်းသာခဲ့တာကတော့ ကိုယ့်ရင်သွေးဖြစ်ပါရက်နဲ့ ကိုယ်သားလို့မပြောရတာ၊ သားအမိချင်း တစ်ယောက်နဲ့တစ်ယောက် အမေမှန်း၊ သားမှန်း မသိရတာကိုတော့ဖြင့် စဉ်းစားမိတိုင်း မျက်ရည်ကျမိပါတယ်”
အမေကျင်သည် ပြောရင်းပင် ဝမ်းနည်းလာဟန်တူ၏။ မျက်ရည်များဝဲနေသည်။ “သို့ပေမယ့် ဪ– ငါ့သားကလေးဟာ သူဌေးသားအဖြစ်နဲ့ ချမ်းချမ်းသာသာ ကောင်းကောင်းမွန်မွန် နေရပါကလားလို့ တွေးပြီး စိတ်ကိုဖြေရတယ်”
အမေကျင်သည် ပြောရင်းမျက်ရည်သုတ်ရှာ၏။
“ဒီလိုဆိုရင် အမေကျင်ရယ်၊ မေမေသေသွားတဲ့အခါမှာ ကျွန်တော့်အမေဟာ အမေကျင်ဘဲလို့ ပြောပြပါလား၊ ဘာဖြစ်လို့ ဖုံးထားရတာလဲ”ဟု ကျွန်တော်က မေးလိုက်သည်။ “လူကလေးဟာ ကိုကိုနဲ့ မမတို့ရဲ့သား၊ အရာရှိကြီး၊ လူချမ်းသာကြီးတွေရဲ့သားလို့ လူကလေးကိုယ် လူကလေးထင်နေရာက အမေကျင်လို အစေခံမကြီးရဲ့ သားဖြစ်ကြောင်းသိရရင်
စိတ်မကောင်း ဖြစ်သွားမှာစိုးလို့ မပြောတာပါကွယ်”ဟု အမေကျင်က ဝမ်းနည်းသံဖြင့်ပြော၏။
“ဒါကတော့ အမေကျင်တွေးပြီး စိုးရိမ်တာပါ။ ကျွန်တော်ဟာ အမေကျင့်လက်ပေါ်မှာ ကြီးလာရလို့ အမေကျင့်ဘဲ အမေအရင်းလို ချစ်နေတာကို အမေကျင်လဲ အသိသားနဲ့”
အမေအရင်းလိုချစ်တာနဲ့ အမေအရင်းဖြစ်မှန်းသိတာနဲ့ တခြားစီပါ လူကလေးရယ်”
“အရင်ကဟာတွေ ထားပါတော့လေ၊ အခုအမေကျင်နဲ့ ကျွန်တော် အမေမှန်း သားမှန်သိကြရတော့ ဝမ်းမသာဘူးလား”ဟု ကျွန်တော်က မေးလိုက်၏။
“ဟာ – – – မေးမှမေးတတ်ပါလေ့ လူကလေးရယ်၊ အမေကျင် ဘယ်လိုဝမ်းသာနည်း ဝမ်းသာမှန်းတောင် မသိတော့ဘူး၊ အမေကျင် ဝမ်းသာပုံကို ပြောမပြတတ်တော့ပါဘူးကွယ်၊သိန်းထီပေါက်တာတောင် ဒီလောက်ဝမ်းသာမယ် မထင်ဘူး။ နောက်ပြီးတော့ လူကလေးကို ကျေးဇူးလဲတင်တယ်”
“ကျွန်တော့်ကို ဘာဖြစ်လို့ ကျေးဇူးတင်တာလဲ”ဟု ကျွန်တော်ကမေးလိုက်၏။
“လူကလေးက ဒီအကြောင်းတွေကို ဖွင့်ပြောပေလို့သာ အမေကျင် ဝမ်းသာရတာပေါ့ ကလေးမွေးစားတဲ့ စာချုပ်တွေ့ပေမယ့် လူကလေးကသာ ဖုံးထားရင် အမေကျင်သေသည့်တိုင်အောင် စိတ်ချမ်းသာရတော့မှာမဟုတ်ပါဘူးကွယ်၊ နောက်ပြီးတော့ လူကလေး မေမေကိုလဲ ကျေးဇူးတင်ထိုက်ပါတယ်”
“မေမေ့ကို ဘာဖြစ်လို့ ကျေးဇူးတင်ထိုက်ကာလဲ”ဟု ကျွန်တော်ကမေးလိုက်၏။
“သားအရင်းမဟုတ်ပေမယ့် သားအရင်းနဲ့မခြား လူကလေးကို ချစ်ရှာတယ်၊ ဂရုစိုက် ရှာတယ်”
အမေကျင်ကပြောမှ သွားလေသူ မေမေ့ကို သတိရကာ ကျေးဇူးတင်ရပါသည်။ ကျွန်တော်က အမေကျင်နှင့် သားမှန်းအမေမှန်း သိကြပြီဖြစ်သဖြင့် ဝမ်းသာလှပါ၏။ သို့သော် စိတ်မကောင်းခြင်းတစ်ခု ဖြစ်မိသည်ကား ကျွန်တော့် ဇနီးမအေးမေက ကျွန်တော့်ကို အထင်အမြင်သေးလေမည်လားဟု တွေးမိခြင်းကြောင့်ဖြစ်ပါသည်။
သို့သော် မအေးမေ၏စကားကို ကြားရသောအခါ ကျွန်တော် အံ့ဩခြင်း ဝမ်းသာခြင်းဖြစ်ရပါ၏။
“ဆရာက ခုမှသိတာကိုး၊ ကျွန်မတို့ကတော့ ဆရာဟာ အဒေါ့်သား ဖြစ်တဲ့အကြောင်း ကျွန်မရွာမှာ ဆရာတို့လာနေကတဲက သိပြီးသားပါ၊ ဆရာစိတ်မကောင်းဖြစ်မလားလို့ ဖွင့်မပြောတာပါ” တဲ့လေ။
#ရန်အောင်
ဆရာကြီး ရန်အောင် အား အစဉ်ချစ်ခင်လေးစားကြည်ညိုလျက်….
စာပေချစ်မြတ်နိုးသူများနှင့်တကွ မြန်မာနိုင်ငံသူ/နိုင်ငံသား၊ ကမ္ဘာသူ/ကမ္ဘာသားများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ…🙏🌹🥰