အစွဲချွတ်စံအိမ်(စ/ဆုံး)
———————-
ခရီးဆောင်အိတ်ကို ထိုင်ခုံဘေးမှာ ချလိုက်ပြီးသည့် နောက် ခန့်စည်ဖြိုး လျော့ရဲရဲပြုံးလိုက်သည်။ ထိုအပြုံးက ကျွန်မကို လှောင်ရယ်လိုက်သည့်သဘောမှန်း ရုတ်ခြည်းဆိုသလို နားလည် လိုက်၏။ ဟုတ်သည်။ ထိုအပြုံးက လှောင်ပြုံးတစ်ပွင့်ပဲ။ စောစော က ကျွန်မ နားချတားမြစ်နေသည့်အကြောင်းအရာ မှန်သမျှကို ကန့်လန့်တိုက်ကာ ရယ်မြိုက်လိုက်သည့်သဘော။
*“ကိုကို – .မယုံမရှိနဲ့နော်၊ ဒီအိမ်ကြီးမှာ-
ကျွန်မက ပြောပြီးသား အကြောင်းအရာကို နောက် တစ်ဖန် ပြောဆိုရန် စကားစလိုက်သည့်အခါတွင် သူ့မျက်နှာ ချက်ချင်းတည်သွားပြီး- – -**မိမိုး…တော်တော့ကွာ၊ အဲဒီအကြောင်းတွေ ထပ် မပြောနဲ့တော့၊ ကိုကို့ဆုံးဖြတ်ချက်ကို မပြင်နိုင်ဘူး””
ခန့်စည်ဖြိုး၏ ကြည်လင်ပြတ်သားသော အသံက ဧည့်ခန်းတစ်ခုလုံး ပဲ့တင်ထပ်သွားသည်။ သွေးပျက်နေသော ကျွန်မစိတ်ကြောင့်ပဲလား မဆိုတတ်၊ ထိုအသံ၏နောက်မှာ ညည်း တွားသံတစ်သံ ကပ်ပါလာသလို ခံစားလိုက်ရတာကြောင့် ကြက်သီးမွေးညင်းထသွားကာ ခန္ဓာကိုယ်ကို ကျုံ့လိုက်ရင်း ပတ်ဝန်းကျင်သို့ ဝေ့ဝဲကြည့်မိသည်။ ဧည့်ခန်းတစ်ခုလုံး ညို့မှိုင်းမှိုင်း ပုံသဏ္ဌာန်ပေါက်နေသည်။ ဒါတောင်မှ နေ့ခင်းကြောင်တောင်။ ညချမ်းအချိန်သာဆို ဘယ့်နှယ်များ နေမလဲ။ ကျွန်မ ဆက်၍ပင် မတွေးဝံ့တော့။
““ဟုတ်ပါပြီ၊ ကိုကို မကြောက်ပေမဲ့ မိမိုးက ဘယ်လို လုပ်ရမှာလဲ””
““ဘာကြောက်စရာလိုတုံး၊ နင်နဲ့ငါ တစ်ခန်းတည်း တည်းမှာပဲဥစ္စာ၊ ဘာဖြစ်မှာလဲ””
““အဲဒါကတော့ ဟုတ်ပါတယ်၊ ဒါပေမဲ့ မိမိုးက ဒီအိမ် ကြီးမှာကို မနေရဲတာ ကိုကိုရယ်၊ မတည်းပါနဲ့နော်…နော်လို့””
““မရဘူး၊ လာချွဲမနေနဲ့ အငယ်မ၊ နင့်ကို ဘယ်သူ လိုက်ခိုင်းလို့လဲ၊ နင့်ဘာသာနင် လိုက်လာပြီးတော့ နင် တည်းချင် ချင် မတည်းချင်ချင် ငါကတော့ ဒီမှာပဲ တည်းမှာ၊ ငါ့အကြောင်းနဲ့ ငါရှိလို့ ဒီမှာ တည်းကို တည်းရမယ်””ခပ်တည်တည်မျက်နှာထားနှင့် တစ်ချက်လွှတ်အမိန့် ချ လိုက်သော ခန့်စည်ဖြိုး၏ စကားကြောင့် ကျွန်မ ပင့်သက်ရှိုက်ရုံမှ တစ်ပါး ဘာတတ်နိုင်ပါ့မလဲ။ နောက်ပြီး စောစောကပြောသွား သော ငါ့အကြောင်းနဲ့ငါဆိုသော စကား၏ အဓိပ္ပာယ်ကို ကျွန်မ သိနှင့်ပြီးသား။ ထိုကိစ္စက ပေါ့သေးသေး မဟုတ်သလို ကျွန်မ သွေးပျက်ချောက်ချားနေသော အကြောင်းအရာနှင့်လည်း တိုက် ရိုက်ဆက်စပ်နေသည်။
…
မနက်ကနေ ယခုထက်တိုင် နေလင်းဦးအပေါ် ကျွန်မ စိတ်တိုနေဆဲ။ ခန့်စည်ဖြိုး၏ သူငယ်ချင်း ဒုတိယနှစ်ကျောင်းသား လေး နေလင်းဦးက ကျွန်မအပေါ် မေတ္တာသက်ဝင်နေသူ။ သို့သော် “ညီမ လိုချင်ရင် ယောက်ဖကိုဖား” ဆိုစကားကို ကန့်လန့်ထော် လော်ပြုကာ နေလင်းဦးက ခန့်စည်ဖြိုးကို ရန်စကားဆိုသည်။
““မင်း – – -ဗဟန်းမြို့နယ်(…)လမ်းထဲက သီဟရတနာ တည်းခိုရိပ်သာ စံအိမ်ကြီးကို သိတယ်မဟုတ်လား၊ အဲဒီအိမ်က တကယ်သရဲခြောက်တာတဲ့ကွ၊ ငါ့သူငယ်ချင်း Supernatural hunters အဖွဲ့က အဲဒီအိမ်ကြီးကို သွားလေ့လာပြီးပြီ။ သူတို့တောင် တော်တော်အခြောက်ခံလိုက်ရတယ် ပြောတာပဲ။ အဲ… မင်း သိမှာ ပါ။ မင်းနဲ့တောင် နည်းနည်းရင်းနှီးပါတယ်။ မိုးမြင့်သော် ဆိုတဲ့ မိန်းမလျာကောင်လေ။ မင်း သိမှာ သေချာပါတယ်ကွာ ဟဲဟဲ။ အဲဒီကောင်ဆို အခု မိန်းမ လုံးလုံးဖြစ်သွားပြီတဲ့။ သရဲက ဘယ်လိုခြောက်လွှတ်လိုက်သလဲတော့ မသိဘူး၊ မိန်းမစိတ်ကို လုံးလုံး ပြောင်းသွားတာ ဟိတ်ကောင်ရေ၊ အခုဆို ငါတို့ကိုတောင် အရင် လို ပခုံးဖက်၊ ပေါင်ပုတ် မပေါင်းတော့ဘူး။ ဗိုင်းကောင်းကျောက်ဖိဖြစ်သွားပြီဟေ့၊ အဲဒါ မင်းရော စိတ်မဝင်စားဘူးလား၊ သွား မတည်းချင်ဘူးလား””
ထိုစကားများကို နေလင်းဦးက ရယ်ကျဲကျဲ ဆိုခဲ့ခြင်းပါ။ ပုံစံက သူ့စတိုင်အတိုင်း မထီမဲ့မြင် မျက်ခုံးနှစ်ဖက်ကို ဟန်ပါပါ ကျုံ့ထားလို့။ နှုတ်ခမ်းထောင့်မှာလည်း မဲ့ပြုံးလေးတစ်စက်က ဖိတ်တစ်ဝက် စင်တစ်ဝက်နှင့်။
သူ့စကားတွေကို နားဆင်ရင်း ခန့်စည်ဖြိုး အူကြောင် ကြောင် ဖြစ်သွားခဲ့သည်။ တစ္ဆေ သရဲများအကြောင်း သူ စိတ် မဝင်စားတာကို နေလင်းဦး အသိဆုံးပါ။ ဒါနဲ့များ ဘာလို့ လာမေး တာပါလိမ့်။ ပုံစံကလည်း ပြီတီတီ ကျွတ်ဆတ်ဆတ်နဲ့။ နေလင်းဦး ၏ ပုံစံနှင့် စကားများအပေါ် ခန့်စည်ဖြိုး နားမလည်နိုင် ဖြစ်သွား ကာ ဘုဆတ်ဆတ် ပြန်မေးလိုက်သည်။
“ဘာဖြစ်လို့ ငါက သွားတည်းရမှာလဲ၊ မင်းသူငယ်ချင်း Supernatural hunters တွေ အရူးထတိုင်း ငါက ဘာလို့ လိုက် လုပ်ရမှာလဲ၊ ငါမှ တစ္ဆေ သရဲတွေကို အယုံအကြည် မရှိတာ”
““အမယ်…အပိုတွေ မပြောစမ်းပါနဲ့၊ မင်း ကြောက်လို့ မဟုတ်လား၊ မယုံဘူး . . .မယုံဘူးနဲ့ စိတ်ထဲက လန့်နေပြီးတော့များ မသိရင် ခက်မယ်၊ ငကြောက်ကောင်””““ဟိတ်ကောင် မင်း ရန်စကား မဆိုနဲ့နော်၊ ငါ လုံးဝ မကြောက်တတ်ဘူး””
“မင်း မကြောက်ဘူးဆိုရင် အဲဒီမှာ တစ်ည သွားတည်း ပြလေ၊ အဲဒါဆိုရင် ငါ ယုံမယ်””
““အေးကွာ၊ တွေ့ကြသေးတာပေါ့၊ ငါ သွားတည်းပြ မယ်၊ မှတ်ထားနော် နေလင်း၊ ပြီးရင်သာ ငါ့နှမကို ရဖို့ အောင် သွယ်ခိုင်းမယ် မကြံနဲ့၊ ငါ့ကို ဘလိုင်းကြီး စိန်ခေါ်တဲ့ မင်းကို ငါ လုံးဝမကျေနပ်ဘူး မှတ်ထား”
“အေးပါကွာ၊ မင်းသာ သရဲခြောက်ခံရတုန်း ဓာတ်ပုံ လှလှ တွဲရိုက်လာခဲ့၊ ဟ…ဟ..
ပြောပြောဆိုဆိုနှင့် နေလင်းဦးက ခန့်စည်ဖြိုး၏ ပခုံးကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်သည်။ သို့သော် ထိုအပြုအမူကို မနှစ်သက်သူ ခန့်စည်ဖြိုးက နေလင်းဦး၏လက်ကို ဆတ်ခနဲ ပုတ်ထုတ်လိုက်ပြီး ဆန့်ကျင်ဘက်အရပ်ဆီသို့ ထွက်ခွာသွားတော့ ၏။ အဲသည်နောက် ခန့်စည်ဖြိုးတစ်ယောက် တစ္ဆေခြောက်သည့် တည်းခိုအိမ်ကြီးတွင် သွားရောက်တည်းမည့်သတင်းက ဘော်ဒါ တွေကြား ပျံ့နှံ့သင်းသွားခဲ့ပြီ။
အစပိုင်းက မေတ္တာယိုင်မလို ဖြစ်နေခဲ့သော ကျွန်မမှာ လည်း နေလင်းဦးအပေါ် စိတ်ဆိုးရအခက်၊ ကျိန်ဆဲရအခက်။ ဘာစိတ်ကူးနဲ့များ ကိုကို့ကို ရန်စကားဆိုခဲ့ပါလိမ့်။ အလိုလိုကမှ စိတ်ဆတ် ဒေါသထွက်လွယ်သူ ခန့်စည်ဖြိုးက ပေါင်းရသင်းရခက်လှသည့်အထဲ ယခုလို စိန်ခေါ်ခဲ့မှတော့ ရှေ့ဆက် ဘယ့်နှယ် လုပ် အဆင်ပြေပါတော့မလဲ။ ချစ်သူနှင့် အစ်ကိုကြားမှာ ကျွန်မ စိတ်သောက များခဲ့ရသည်။ သို့တိုင် ပြဿနာက ထိုမျှဖြင့် မပြီးသေး။
““သမီးရယ်… ညည်း လိုက်သွားပါကွယ်၊ သမီးက အငယ်ဆိုပေမယ့် အကျိုးသင့်အကြောင်းသင့် တွေးတတ်တယ်၊ ခန့်ခန့်က ဘာမှနားလည်တာ မဟုတ်ဘူး၊ အခုလည်း ဘာမဟုတ် တဲ့ကိစ္စလေးအပေါ် အတေးအမှတ်ထားပြီး မိုက်မိုက်ကန်းကန်း သွားဦးမယ်၊ ကိုယ်က ဘာဆိုတာကို သဘောမပေါက်ဘူး၊ တကယ်ပဲ စိတ်ညစ်ပါတယ်။ အမေ စိတ်ပူတယ် သမီးရယ်၊ သမီး လိုက်သွားလိုက်နော်၊ သိတဲ့အတိုင်းပဲ သမီးရဲ့အစ်ကိုက နော်မယ်(normal)လည်း ဟုတ်တာမဟုတ်ဘူးလေ””
ခန့်စည်ဖြိုး တစ္ဆေခြောက်သည့် စံအိမ်ကြီး၌ တစ်ည သွားရောက်တည်းခိုမည့်အကြောင်းကို မေမေ သိသွားသည့်အခါ ထိတ်လန့်တုန်လှုပ်သွားရှာသည်။
သားသမီးအပေါ် စိုးရိမ်ရသည်မှာ မိဘများ၏ ငြင်းပယ် မရသော ဒုက္ခတစ်မျိုးပင်။ ချော့တစ်လှည့် ခြောက်တစ်ခါ တောင်း ပန်ပါသော်ငြား ခန့်စည်ဖြိုးက မိခင်၏စကားကို လိုက်နာခြင်း မရှိဘဲ ပယ်ရှားခဲ့တာကြောင့် နောက်ဆုံးမှာ အစ်ကိုဖြစ်သူကို လိုက်လံစောင့်ရှောက်ပါ ရန် မေမေက ကျွန်မကို တောင်းဆိုခဲ့သည်။ ကျွန်မ ဘယ်လိုလုပ် ငြင်းရက်မှာလဲ။ ကျွန်မကိုယ်တိုင်လည်းသောကဖက်နေရသည်ပဲဥစ္စာ။ ခန့်စည်ဖြိုး ဆိုသော ကျွန်မအစ်ကို က တကယ့်ကို ပြောမနိုင်ဆိုမရ လူမိုက်ကန်းလေး။ နောက်ပြီး သူက သာမန်လူတစ်ယောက်လို သဘာဝကျသော အသိဉာဏ်မျိုး လည်း ရှိသူတစ်ယောက်မဟုတ်။
နေလင်းဦး၏ သွေးထိုးမြှောက်ပေးမှုကြောင့် သရဲခြောက် သည့် စံအိမ်ကြီးဆီသို့ ခန့်စည်ဖြိုး ထွက်လာခဲ့သည့်အတွက် သူ့ကို စောင့်ရှောက်ရန် ကျွန်မ လိုက်ပါလာခဲ့ရသည်။ စံအိမ်ကြီးက သတင်းကြီးသည်နှင့် လိုက်ဖက်ညီလောက်အောင် ချောက်ချားဖွယ် ကောင်းနေသည်။ အင်္ဂလိပ်မင်းလက်ထက်က ဆောက်လုပ်ထား သော စံအိမ်အိုကြီးတစ်လုံး ဖြစ်သည်နှင့်အညီ ဟောင်းအိုနွမ်းလျမှု တို့က သက္ကရာဇ်တို့ကို အလံထူပြနေသည်။ နှစ်တစ်ရာကျော် ကောင်း ကျော်လောက်ပြီ။ ဘယ်လောက်ကြာပြီလဲဆိုတာတော့ ကျွန်မလည်း မခန့်မှန်းတတ်။ ကျွန်မက ရှေးဟောင်းပစ္စည်းတစ်ခု ကို သုတေသနပြုရန် ရောက်လာသူမှ မဟုတ်ဘဲ။ မဖြစ်မနေ အခြေအနေမို့သာ ရောက်လာခဲ့တာပါ။ မဟုတ်ပါက ဤသို့သော စံအိမ်မျိုးကို စိတ်ကူးနှင့်တောင် ကျွန်မ ရောက်ဖြစ်မည် မထင်။
ခန့်စည်ဖြိုးက ဧည့်ခန်းထဲရှိ ထိုင်ခုံတစ်လုံးတွင် ထိုင်ကာ ခရီးဆောင်အိတ်ကို ပစ်ချပြီး အေးအေးလူလူ ထိုင်နေသည့်တိုင် ကျွန်မကတော့ တတ်နိုင်သလောက် နားချကြည့်နေမိဆဲ။ အခန်း မယူရသေးသရွေ့ လှည့်ပြန်၍ ရသေးသည်ပဲလေ။ သို့သော်အရာမထင်ခဲ့။ ဤတည်းခိုခန်းမှာ မတည်းရန် အမျိုးမျိုး တောင်းပန်နေပေမယ့် ခေါင်းမာလွန်းသောသူက ကျွန်မစကားကို လက်မခံခဲ့ပါ။ နားညည်းလာသည့်အခါ ကျွန်မကို အော်ငေါက် ထုတ်သဖြင့် နောက်ဆုံး ကျွန်မကပဲ အလျှော့ပေးကာ သူ့နောက်သို့ လိုက်ခဲ့ရသည်။ ရှေ့အနာဂတ်က မည်သို့ ကြမ္မာဖန်လာလေမလဲ ကျွန်မလည်း မဝံ့မရဲ မှန်းဆကြည့်နေမိဆဲ။
အခန်းယူတော့ အခန်းနံပါတ်က (၁၃)။
နံပါတ်(၁၃)က အနောက်တိုင်းအယူမှာဆို နိမိတ်မကောင်း ဟု ကြားဖူးသဖြင့် ကျွန်မမှာလည်း မဆီမဆိုင် ပို၍ကြောက်လန့် သွားခဲ့သေး၏။ သူကတော့ ကျွန်မ ကြောက်နေတာမြင်တိုင်း ရယ်ချည်းသာနေသည်။ ကျွန်မက သူ့အတွက် ဂျိုကာတစ်ကောင် လိုဖြစ်နေပြီ။ သို့ကြောင့် သူကြောက်ရမည့်အလှည့်ကို မြန်မြန် ရောက်ပါစေဟူ၍သာ ကျွန်မ တွင်တွင်ဆုတောင်းမိတော့သည်။
ဆုတောင်းပြည့်,မပြည့် မသိသေးပေမယ့် လကတော့ ကွယ်နေခဲ့ပြီ။ ယနေ့ညကို လမိုက်ည ဖြစ်လိမ့်မည်ဟု ကျွန်မ လုံးဝမျှော်လင့်မထားခဲ့။ ကြယ်စင်မှုန်မွှားတို့က နက်ပြာရောင် ကောင်းကင်ထက်မှာ နတ်သမီးနှင်တံပမာ တလက်လက်ဖြာနေ သည့်တိုင် ကျွန်မ ကြောက်စိတ် မပြယ်လွင့်နိုင်။ ထိုစကြာဝဠာ အလှက ကျွန်မသောကကို မဖယ်ရှားနိုင်ပါ။ ကျွန်မ ခြောက်ခြား သွေးပျက်နေရပါပြီ။ တစ်ချက် တစ်ချက် လေပြင်းတွေက ပြတင်း ပေါက်ကနေ ငယ်သံပါအောင်အော်ကာ ပြေးဝင်လာတတ်ရာထိုအသံက ကျွန်မစိတ်ကို တိုး၍ တိုး၍ ချောက်ချားစေသည်။
အခန်းကြီးက တိတ်ဆိတ်လွန်းလှသည်။ တည်းခိုဆောင် တစ်ခုလုံးလည်း လူသူလေးပါး ဆိတ်သုဉ်းနေသည့်အလား အသေ ကောင်တစ်ကောင်လို ငြိမ်သက်နေသည်။ တကယ်လည်း လူရှိပုံ မရ။ ရန်ကုန်မြို့ထဲမှာ ဤကဲ့သို့ တစ္ဆေခြောက်သည်ဟု သတင်း ကြီးနေသော တည်းခိုခန်းကို ဘယ်သူက တကူးတက လာတည်း ပါ့မလဲ။ ခန့်စည်ဖြိုးလို လူမိုက်က လွဲလို့ပေါ့။
အံ့သြပါရဲ့။ ကျွန်မပါးစပ်က ထုတ်ဖော်ရေရွတ်မိမတတ်။ ခန့်စည်ဖြိုးက တကယ်ပဲ သတ္တိကောင်းလွန်းသူပါလား။ တံခါး ပေါက်ဘေးက ကုတင်မှာ အသာအယာ ကျောမှီကာ စာအုပ် တစ်အုပ်ကို ခပ်အေးအေး ဖတ်နေသည်။ သူက စာဖတ်အလွန် သန်သူ။ စက်ပစ္စည်းတွေ ဘယ်လောက်ပဲ တိုးတက်လာပါစေ၊ လူ့အသိဉာဏ်ကို စာအုပ်စာပေကသာ ထိန်းကြောင်းပြုပြင်နိုင်မှန်း သူ သိ၏။ ခက်တာက သူ ဖတ်သည်မှာ သူရဲကောင်းပုံပြင်တွေ။ လူတစ်ယောက်ကို သတ္တိဗျတ္တိ ရှိစေရန် ရေးသားဂုဏ်တင်ထား သော ဂန္တဝင်ဟီးရိုးဇာတ်လိုက်ကြီးများအကြောင်း။
ထိုအရာများကိုဖတ်ကာ ခန့်စည်ဖြိုးကလည်း ထိုပုဂ္ဂိုလ် ကြီးများလို သတ္တိရှိချင်နေသည်။ ကိုယ်နှင့် သင့်မှန်း၊ မသင့်မှန်း မသိ၊ သတ္တိပြချင်နေသည်။ ဒါဟာ စာအုပ်ကောင်းများကို ဖတ် လျက်သားနှင့် အယူလွဲကာ အစိမ်းသမား ဖြစ်သွားရခြင်းပင်။ -စာအုပ်က မည်မျှပင် လမ်းပြပါစေ မယူတတ်သူအဖို့ တလွဲတွေးမည်ဖြစ်သလို သဘာဝကျကျ မတွေးဆတတ်သူ ခန့်စည်ဖြိုးက လည်း စာအုပ်များကို ကိုးကားကာ တစ်မျိုးတွေးထားသည်။ အရွယ်ရောက်လာကတည်းက စာအုပ်ထဲက ဟီးရိုးဇာတ်ကောင် များလို သတ္တိရှိသော ယောက်ျားကောင်းတစ်ယောက် ဖြစ်လိုစိတ် တို့က ခန့်စည်ဖြိုး၏ရင်၌ ပြင်းပြခက်ထန်နေလေ၏။
““ဟိတ်ကောင်မလေး. . .ငါ့ကို ဘာလို့ ငေးကြည့်နေတာ လဲ၊ အိပ်တော့လေ””
ခန့်စည်ဖြိုး၏ မျက်နှာကို ငေးကာ အတွေးနယ်လွန်နေ ခိုက် . ထိုအသံ ထွက်ကျလာသဖြင့် ကျွန်မ မဲ့လိုက်မိသည်။ တစ်ဆက်တည်းမှာပဲ နှုတ်ခမ်းကို တစ်တောင်လောက် စူပစ်လိုက် သည်။
““ဘယ်လိုလုပ် အိပ်ရဲမှာတုံး ကိုကိုရဲ့၊ မိမိုး ကြောက်တာ ပေါ့””
““အေး…နင်ကသာ ကြောက်နေ၊ ငါ မျှော်တဲ့သရဲက ခုထိ အရိပ်အယောင်တောင် မတွေ့ရသေးဘူး၊ ငါ ထင်ပါတယ်၊ ဟိုအကောင် သပ်သပ်လျှောက်ပြောတာ၊ နင့်ကို စာလိုက်ပေးရင် ငါ လက်သီးနဲ့ထိုးမယ် ကြိမ်းထားလို့ သပ်သပ်ရန်စတာ၊ ငါ သိသားပဲ””
ခန့်စည်ဖြိုးက နှုတ်စောင့်ခြင်းမရှိ ပိုးစိုးပက်စက် ပြော ့ထည့်လိုက်သဖြင့် ကျွန်မမှာ ကြက်သီးများပင် တဖြန်းဖြန်းထသွား ရပြီ။ ဘယ့်နှယ် ငါမျှော်တဲ့သရဲက ခုထိ မတွေ့ရသေးဘူးဆိုပဲ။ပြောရဲလိုက်ပုံများ။ သို့ပေမယ့် သူ့ကို နှုတ်လှန်မထိုးဝံ့သဖြင့် ကျွန်မလည်း ကြောက်ကြောက်နှင့်ပဲ စောင်ခြုံထဲ ဝင်နေလိုက်သည်။
ခန့်စည်ဖြိုး၏ ကုတင်က တံခါးပေါက်နားမှာဖြစ်ပြီး ကျွန်မကုတင်က သူ့နံဘေးမှာဖြစ်နေ၍ ဘာပဲပြောပြော တော်သေး သည်ဟု ကိုယ့်ကိုယ်ကို နှစ်သိမ့်ရသည်။ သရဲက နေရာတိုင်းကို ဖောက်ထွင်းဝင်လာနိုင်မှန်း သိပေမယ့် လူ့စိတ်၏ သဘာဝအတိုင်း တံခါးနားနေပါက တစ္ဆေခြောက်ခံရဖို့ ပိုသေချာသည်ဟု ယုံကြည် နေမိဆဲ။ သရဲက ဘယ်လိုပုံသဏ္ဌာန်များ ရှိမလဲ။ ကြောက်စရာ တော့ ကောင်းမှာအမှန်ပဲ စသဖြင့် ရောက်တတ်ရာရာတွေးကာ ချောက်ချားနေမိသော်ငြား တဖြည်းဖြည်းနှင့် ညနက်လာသည်။ တွေးရင်း တွေးရင်း ပျင်းရိလာကာ နောက်ဆုံးမှာ မကြောက်လန့် နိုင်တော့ဘဲ လုံးလုံးအိပ်ပျော်ခြင်းအဖြစ်သို့ ရောက်ရှိသွားခဲ့တော့ သည်။
**ဂျစ် ဂျစ် ဂျစ် ဂျစ်……”
တံခါးကို တဂျစ်ဂျစ် အသံမြည်အောင် မည်သူများ ပြုလုပ်နေပါလိမ့်။
အစပိုင်းမှာ တိုးဖွဖွ ထွက်ပေါ်လာသော ထိုအသံက တဖြည်းဖြည်းနှင့် ကျယ်လောင်လာသည်။ စိတ်ပန်းလူပန်းနှင့်မို့ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေသော ကျွန်မပင် ဖျတ်ခနဲ လန့်နိုး လာကာ အသံလာရာဆီသို့ လှမ်းကြည့်လိုက်တော့ . .
*”အမယ်လေးပါးစပ်က ထိုသို့ အော်မိမတတ် သွေးပျက်သွားခဲ့ရသလို ရင်ထဲမှာလည်း ဒိန်းခနဲ။ တွေ့မြင်လိုက်ရတာ တံခါးရွက်ကို ရှည်လျားလျား လက်သည်းများနှင့် ကုတ်ခြစ်နေသူတစ်ယောက်။ အဲဒါ ဘယ်သူလဲ။ မျက်နှာနှင့် ကိုယ်တစ်ပိုင်းကိုသာ ထင်ထင် ရှားရှား တွေ့နေရပြီး အောက်ပိုင်းကမူ ကွယ်ပျောက်နေသည်။ တွေ့မြင်နေရသည့် မျက်နှာကြီးကလည်း ညိုညိုမည်းမည်းနှင့် ကျက်သရေ ကင်းမဲ့လိုက်ပါဘိ။
ဒါ ..မိမိုး ကြောက်လန့်နေမိတဲ့ တစ္ဆေ သရဲ ဆိုတာများ
လား။
ကြောက်ကြောက်နှင့် ကြည့်နေရင်း စိတ်ထဲက သမ္ဗုဒ္ဓေ ဂါထာကို အမြီးအမောက်မတည့် ရွတ်ဆိုလိုက်မိရာ ကြောက်မက် ဖွယ် မျက်ဝန်းတစ်စုံနှင့် အကြည့်ချင်း ဆုံလိုက်ရသည်။ မြတ်စွာ ဘုရား. . .သူ့မျက်ဝန်းတွေက ရဲရဲနီလို့။ ဒါဆို…ဒါ…တစ္ဆေ… တစ္ဆေပေါ့ ။
ကျွန်မက ကြောက်အားလန့်အားနှင့် ဘုရားစာ ရွတ်မိစဉ် မကျေမချမ်း စိုက်ကြည့်ပြီး ဖျတ်ခနဲ ပျောက်ကွယ်သွား၏။ ကျွန်မ မှာလည်း သွေးပျက်ချောက်ချားလွန်းသဖြင့် အားခနဲ ကြုံးအော် လိုက်ချင်ပေမယ့် အသံက မထွက်။ ထမင်းလုံးတစ္ဆေ အခြောက်ခံရ သလို အသံက လည်ချောင်းဝမှာ တစ်ဆို့ပျောက်ကွယ်နေသည်။
ဒါ……ဘာသဘောလဲ။ တစ္ဆေ သရဲက ဘုရားစာကို ကြောက်လို့ ထွက်ပြေးပျောက်ကွယ်သွားတာလား။ဟိုဟိုသည်သည်တွေးရင်း ကျွန်မရင်ထဲ မောဟိုက်လာ သဖြင့် မျက်ဝန်းများ မှေးစက်ကာ ပြန်လည်အိပ်ပျော်သွားခဲ့သည်။ စောစောက အဖြစ်အပျက်ခမျာ အိပ်မက်တစ်ပုဒ်ပမာ လွင့်ကျ ပျောက်ဆုံးသွား၏။ သို့သော် အိပ်မက် မက်ခဲ့တာ မဟုတ်မှန်း ကျွန်မ အလိုလိုသိနေသည်။
ညသန်းခေါင်ယံကို ချောက်ချားဖွယ် အော်သံနက်ကြီးက ဖုံးလွှမ်းသွားခဲ့သည်။ ထိုအော်သံကို ကြားလိုက်ရသည်နှင့် တစ်ပြိုင် နက် ကျွန်မလည်း အိပ်ပျော်နေရာမှ လန့်နိုးကာ ဝုန်းခနဲ ထထိုင်မိသည်။ “ဘာသံလဲ၊ ဘယ်ကလဲ၊ သေချာတာတော့ ဒါ ကိုကို့ အသံ”။ ထိုသို့ တွေးမိသည်နှင့် နံဘေးသို့ လှည့်ကြည့်လိုက်သည့် အခါ ကုတင်ပေါ်၌ တစ်ယောက်တည်း လုံးထွေးရုန်းကန်နေသော ခန့်စည်ဖြိုးကို တွေ့လိုက်ရ၏။
**မမိုက်ရိုင်းနဲ့ .. သွား… ကဲဟာ..တဏှာရူးကြီး–သွား..””
ပါးစပ်ကလည်း အော်ဟစ်ပြောဆိုလို့။ ဘယ်သူနဲ့များ သတ်ပုတ်နေပါလိမ့်။ ကျွန်မအမြင်မှာတော့ တစ်ယောက်တည်း ရုန်းကန်နေတာပါ။ သို့သော် တစ်စုံတစ်ယောက်နှင့် လုံးထွေး သတ်ပုတ်နေရသည့်အလား အင်တိုက်အားတိုက်။ အရှက်သိက္ခာ´ ကို ကာကွယ်ရန် ကြိုးပမ်းနေသော မိန်းမပျိုတစ်ယောက်ကဲ့သို့တွန်းထိုးနေရင်းမှာပဲ ခန့်စည်ဖြိုးခမျာ ကျွန်မဘက်သို့ အားကိုးတကြီး လှည့်ကြည့်သည်။ တအံ့တသြ လှမ်းကြည့်နေမိသူ ကျွန်မနှင့် အကြည့်ချင်း ဆုံသွားခဲ့သည်။
ကျွန်မအသက် ၂ဝ ရှိပါပြီ။ ခန့်စည်ဖြိုးက ကျွန်မထက် ၅ နှစ်ခန့် ကြီးသည်။ အရွယ်ရောက်လာပြီးနောက် မောင်နှမပမာ ကြီးပြင်းလာခဲ့ရသော သက်တမ်းတစ်လျှောက်လုံး သူ့ထံ၌ ထိုကဲ့ သို့အကြည့်မျိုးကို ကျွန်မ မတွေ့ဖူးခဲ့။ ကျားကျားလျားလျား ရှိချင် လွန်းခဲ့သော သူက မည်သူ့ကိုမျှ အားကိုးလိုခြင်း မရှိခဲ့။ ယခုမူ ခန့်စည်ဖြိုး လှမ်းကြည့်လိုက်သော အကြည့်က သူ့အရှက်၊ သူ့ သိက္ခာအတွက် ကူညီပါရန် တောင်းခံနေသည့် အကြည့်မျိုး။
ဘာတွေဖြစ်နေသလဲ ကျွန်မ မသိပေမဲ့ တစ်ခုခုလုပ်ဖို့ တွေးလိုက်မိ၍ ရုန်းကန်တွန်းထိုးနေသော ခန့်စည်ဖြိုးဆီသို့ ကျွန်မ ပြေးဝင်သွားလိုက်သည်။ သူ့ပခုံးနှစ်ဖက်ကို ဆွဲကိုင်ကာ လဲနေရာမှ ဆွဲထူလိုက်သည်။ အံ့သြစရာပါပဲ။ ကုတင်ပေါ် လဲနေသော သူ့ခန္ဓာကိုယ်က သာမန်ထက် အဆမတန် လေးလံနေသည်။ တစ်စုံတစ်ယောက်က အပေါ်က ဖိထားသကဲ့သို့ အတော်လေး ပိတ်များနေသည်။ ကျွန်မလည်း အားကုန်သုံးကာ ဆွဲထူလိုက်သည့် အခါကျ သူကြွလာသည်။ ဘီလူးစီးသလို ထမရပြုမရ ရုန်းကန် တွန်းထိုးနေရာမှ သူ နိုးထခွင့် ရခဲ့ပြီ။
ကျွန်မ ဆွဲထူ၍ ရလျှင်ရချင်း ကုတင်ပေါ်မှ သူ ထလျှင် ထချင်း ကျွန်မကို အတင်းပွေ့ဖက်ကာ သူ ငိုပါတော့သည်။ဘာတွေဖြစ်ပျက်ခဲ့သလဲ ကျွန်မ နားမလည်နိုင်သေး။ မေးလည်း မမေးဝံ့၍ သူ့ကို အသာဖက်ကာ ကျောကုန်းကို ပွတ်သပ်ပေးမိသည်။ သူကလည်း ဘာမျှမဖြေ။ ငိုချည်းသာနေသည်။ အန္တရာယ် မှ လွတ်မြောက်လာရသူတစ်ယောက်လို ရှိုက်ကြီးတငင်ငိုနေသည်။ ဘယ်အရာက သူ့ကို ချောက်ချားစေခဲ့တာလဲ။ အခန်းထဲမှာ မကောင်းဆိုးရွား အငွေ့အသက်တွေ လွှမ်းပတ်နေသကဲ့သို့ ခံစားမိပေမယ့် ဟုတ်ချင်မှ ဟုတ်မည်။ ဒါဟာလည်း ကျွန်မ၏ စိတ်ထင် ယောင်ထင်မှားဖြစ်မှုတစ်မျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်တာပါပဲ။
..
တစ္ဆေခြောက်သည့် စံအိမ်မှ ကျွန်မတို့ ပြန်လာပြီးနောက် ခန့်စည်ဖြိုး အချိုးပြောင်းသွားခဲ့သည်။ ဂန္တဝင်သူရဲကောင်းကြီးများကို အားကျကာ သဘာဝလွန်အယူအဆများ ထွေးပိုက်ထားခဲ့သော ခန့်စည်ဖြိုးဘဝကနေ မူလဘူတ ကျွန်မအစ်မ ခန့်စည်ဖြိုးဘဝကို ကူးပြောင်းလာခဲ့သည်။ မည်သည့်အကြောင်းအရာကများ သူ့ကို ဘဝပြောင်းစေခဲ့သလဲ။ ဒါကိုပဲ ကျွန်မ သိချင်မိ၏။
““အဲဒီတည်းခိုခန်းမှာ လူတစ်ယောက် သေခဲ့ဖူးတယ်၊ သေသူက အရက်သမားကြီးတဲ့၊ သူက မူးရုံတင်မကဘူး၊ ဘူး လည်း ဘူးတဲ့လူကြီး၊ အဲဒီလူကြီး သေပြီးကတည်းက အဲဒီတည်းခို ခန်းမှာ သရဲခြောက်တော့တာပဲ။ ခြောက်ပုံကလည်း သူများနဲ့ မတူဘူးတဲ့၊ ယောက်ျားလျာ၊ မိန်းမလျာတွေကို ပိုပြီးကြမ်းကြမ်း ခြောက်သတဲ့၊ ဘယ်လိုခြောက်သလဲဆိုတာတော့ ကြုံဖူးသူပဲသိလိမ့်မယ်””
နေလင်းဦး ပြောပြသဖြင့် ထိုတည်းခိုခန်းတွင် စတည်းချ ကာ ခြောက်လှန့်နေသော တစ္ဆေ၏ ရာဇဝင်ကို အကျဉ်းချုံ့ သိခဲ့ရ၏။ ထိုကိစ္စများ ဖြစ်ပွားပြီး နှစ်လခန့်အကြာမှာ နေလင်းဦးနှင့် ကျွန်မ ချစ်သူတွေ ဖြစ်ခဲ့ကြသလို ခန့်စည်ဖြိုးဟာလည်း သူ၏ မိတ်ဆွေထဲက ရည်ရည်မွန်မွန်တစ်ယောက်နှင့် တစ်နှစ်အလွန်မှာ အိမ်ထောင်ပြုသွားခဲ့သည်။
မီးသင်္ဂြိုဟ်စက်ထဲက ထွက်လာသကဲ့သို့ ညိုညစ်မည်း တူးနေသူတစ်ယောက် တံခါးရွက်ကို လက်သည်းနှင့်ခြစ်ကာ တဂျစ်ဂျစ် အသံပြုနေပုံကို ရံဖန်ရံခါ ကျွန်မ ပြန်လည်မြင်ယောင်မိသည်။ ထိုဖြစ်ရပ်က အိပ်မက် မက်ခဲ့တာလား။ ဒါမှမဟုတ် စံအိမ်မှာ နေထိုင်နေသည့် တစ္ဆေက ကိုယ်ထင်ပြခြောက်လှန့်ခဲ့ ခြင်းလား။ ဘုရားစာ ရွတ်ဆိုခဲ့မိသည့် ကျွန်မကို ထိုတစ္ဆော ကြောက်ရွံ့နေလေသလား။
အဲဒီတစ္ဆေက ဘယ်သူတွေကို ဘယ်လိုခြောက်လှန့်နေ သလဲ။ ကိုယ့်ကိုယ်ကို ယောက်ျားတစ်ယောက်လို ပြုမူနေထိုင်နေသူ ခန့်စည်ဖြိုးကိုရော စိတ်ပြောင်းလောက်တဲ့အထိ ကြောက်လန့်သွား အောင် ဘယ်လိုများ ခြောက်လှန့်လိုက်သလဲ။
ဒါတွေကတော့ ယခုထက်တိုင် ကျွန်မ ဖြေရှင်း၍ မရနိုင် သည့် ပဟေဠိပုစ္ဆာတစ်ပုဒ်ပါပဲ။
ဂါဦးနွန်းကို
#crd