အညို(စ/ဆုံး)
———-
ကျွန်မသည်ဆိုင်ခန်းမှန်တံခါးကိုတစ်စုံတစ်ယောက်ကဖွင့်၍ဝင်လိုက်လျှင်တစ်ချွင်ချွင်မြည်လာတတ် သောအချက်ပေးခေါင်းလောင်းသံကိုကြားလိုက်ရသည်မို့ ငွေရှင်းကောင်တာတွင်ထိုင်၍စာရင်းစစ်နေရာမှ ဘယ်သူများပါလိမ့်ဟု တစ်ချက်လှမ်းကြည့်လိုက်မိပါသည်။
အသားညိုညို၊ အရပ်မြင့်မြင့်၊ သွယ်လျလျကိုယ်နေဟန်နှင့်ဆံပင်ရှည်ကြီးကိုကျစ်ဆံမြီးတစ်ချောင်းတည်းကျစ်ခါကျောမှာချထားသောမြန်မာဆန်ဆန်ဝတ်စားထားသည့်မိန်းမငယ်လေးတစ်ဦးဆိုင်ထဲသို့ဝင်လာသည်ကိုတွေ့ရပါသည်။
ကျွန်မ၏ဆိုင်သည် စာရေးကိရိယာမျိုးစုံသာမက၊ သုတ၊ ရသ၊ ဘာသာ ရပ်ဆိုင်ရာစာအုပ်စာတမ်းမျိုးစုံရောင်းချသောဆိုင်ဖြစ်၍ အမျိုးသမီးလေးကကျွန်မ၏ဝန်ထမ်းတစ်ဦးကိုသိလိုသည်များမေးမြန်းနေတာ၊ ဝန်ထမ်းညွှန်ပြသောဝတ္ထုစာအုပ်များခင်းကျင်းထားသည့်စင်တွေရှိရာဘက်ကိုလျှောက်သွားတာ၊ ဝယ်သူတွေသက်တောင့်သက်သာထိုင်ပြီး လိုချင်သောစာအုပ်တွေကိုစိမ်ပြေနပြေမြည်းစမ်းဖတ်ရှုနိုင်အောင်ချပေးထားသည့်ခုံတန်းလေးပေါ်မှာထိုင်ပြီး စာအုပ်ရွေးချယ်ဖတ်ရှုနေတာကို အတန်ကြာအောင်လိုက်ကြည့်နေမိပါသည်။
ထိုမိန်းကလေးကိုကျွန်မစိတ်ဝင်စားမိရသည့်အကြောင်းရင်းမှာ သူသည် တက္ကသိုလ်တက်စဉ်ကကျွန်မနှင့်အထူးရင်းနှီးကျွမ်းဝင်ခဲ့ရသောသူငယ်ချင်းတစ်ဦးနှင့်ပုံပန်းသဏ္ဌန်ချင်းအလွန်တူနေသောကြောင့်ပါပင်။ မိန်းကလေးကိုစိတ်မှတ်မဲ့စွာငေးကြည့်နေရင်းက ကျောင်းပြီးကတည်းကကျွန်မနှင့်အဆက်အသွယ်ပြတ်သလောက်ဖြစ်နေခဲ့ရသောထိုသူငယ်ချင်းကို ပြန်ပြောင်းအောက်မေ့သတိရလာမိကာ သူ့အကြောင်းတွေကခေါင်းထဲအစီအရီဝင် ရောက်လာခဲ့ပါတော့သည်။
************
“သမီးဆိုတာကအရွယ်လေးရောက်လာပြီဆိုတာနဲ့
အမေကိုနေရာတကာမှာခြေရာတိုင်း၊ ပုခုံးချင်းယှဥ် ပြီးနေရာလုတတ်တဲ့ပြိုင်ဘက်ဖြစ်လာတော့တာပဲ… တဲ့… ငါငယ်ငယ်လေးကတည်းက ငါ့အမေအမြဲပြောနေကျစကားလေ…. အဟင်းဟင်း…”
ဒီစကားကို ရယ်သွမ်းသွေးပြီးဘာမှသိပ်မခံစားရလေဟန် ခပ်ဖေါ့ဖေါ့ရင်ဖွင့်ပြောကြားလာခဲ့ဖူးသူကတော့ကျွန်မချစ်ခင်ရတဲ့သူငယ်ချင်း”အညိုစင်”
ပဲဖြစ်ပါသည်။ သူ့နှုတ်ခမ်းတွေကပြုံးရယ်နေပေမယ့်၊သူ့မျက်ဝန်းအစုံကတော့နာကျည်းဆွေးမြေ့ရိပ်တွေယှက်သန်းရင်းနဲ့ပေါ့….
“ဟင်… ဘာပြောလိုက်တယ်…”
တစ်ခါမှမကြားဖူးခဲ့တဲ့စကားမျိုးဖြစ်တာကြောင့် ဘယ်လိုကြီးပါလိမ့်ဟု ကျွန်မမှာကြက်သီးတွေရုတ်တရက်တစ်ဖြန်းဖြန်းထလာရုံသာမက ပါးစပ်ပါအဟောင်းသားပွင့်သွားရသည်အထိတိုင်အောင်ပင်
အညို့အမေဆိုတဲ့အမျိုးသမီးကြီးရဲ့အတွေးအခေါ်ကိုအံ့အားတသင့်နှင့်နားမလည်နိုင်အောင်ဖြစ်ရပါသည်။
အညိုသည်ဧရာဝတီတိုင်းအတွင်းရှိနယ်မြို့လေးတစ်မြို့တွင်မွေးဖွားလူလားမြောက်ခဲ့သူဖြစ်ပြီး၊ စည်းစနစ်ကြီးလှသောအစိုးရဝန်ထမ်းမိဘနှစ်ပါးရဲ့တစ်ဦးတည်းသောသမီးဖြစ်ပါသည်။ သူတို့အခြေ အနေကဝန်ထမ်းမိသားစုဖြစ်တာကြောင့်ဟန်မပျက်နေနိုင်စားနိုင်ရုံသာရှိပြီးသိပ်အချောင်လည်ကြီးတော့မဟုတ်ကြပါ။
အညို့အမေဘက်မှအဖိုးအဖွားများသည်ဥစ္စာဓနတောင့်တင်းသူများဖြစ်ခဲ့ကြပြီး တစ်ဦးတည်းသောသမီးဖြစ်သူအညို့အမေကိုသည်းသည်းလှုပ်ချစ်ခင်အလိုလိုက်ခဲ့ကြကာ လိုတိုင်းတသမျှရစေခဲ့၍
သူသည် တစ်ပါးသူများအပေါ်စာနာညှာတာစိတ်နည်းပါးပြီး၊ အရာရာတွင်ကိုယ့်အတ္တကိုသာရှေ့တန်းတင်တတ်သောအမျိုးသမီးလေးအဖြစ်ကြီးပြင်းလာခဲ့လေသည်။
လောကဓံအလှည့်အပြောင်းအဖြစ် မထင်မှတ်ပါပဲ အဖိုးအဖွားတို့၏အိမ်နှင့်ဆီစက်၊ ဆန်စက်များမီးလောင်ဆုံးရှုံးခဲ့ရချိန်တွင် အထည်ကြီးပျက်သူဌေးသမီးလေးအညို့အမေသည် ယခင်ရွှေထီးဆောင်းခဲ့ရစဉ်ကအကျင့်စရိုက်ကိုမဖျောက်နိုင်ပဲ လက်ညှိုးညွှန်ရာရေမဖြစ်နိုင်တော့သောအခါ
ဘဝတွင်အလိုမကျမှုများစွာဖြင့် အရာရာကိုစိတ်တိုင်းမကျနိုင်ပဲ အမြဲပူလောင်နေခဲ့တော့သည်။ စီးပွားပျက်သွား၍အဖိုးကလည်းစိတ်ဓါတ်တွေကျသွားခဲ့သလို၊ အဖွားမှာလည်းစိတ်ထောင်းကိုယ်ကျေဖြစ်ပြီးအိပ်ရာထဲလဲနေသည်ဖြစ်သောကြောင့်
အညို့အမေသည် ယခင်ကလိုမမော်ကြွားနိုင်တော့ပဲ အိမ်၏စီးပွားရေးအတွက်တစ်ဖက်တစ်လမ်းကအထောက်အကူဖြစ်အောင် အစိုးရဌာနတစ်ခုတွင်အလုပ်ဝင်လုပ်ရပါတော့သည်။
ဤတွင် သူမအလုပ်လုပ်နေသောဌာနသို့တစ်ရပ်တစ်ကျေးမှရာထူးတိုးပြောင်းရွှေ့တာဝန်ကျလာသော အညို့အဖေကိုလူအေးကြီးနှင့်ဖူးစာဆုံရန်အကြောင်းဖန်လာပါတော့သည်။
အညို့အဖေသည်အနုပညာဝါဿနာပါသူတစ်ဦး
ဖြစ်ပြီး ကဗျာတွေစာတွေစမ်းရေးရင်းစာပေလောကတွင်နေရာလေးတစ်ခုရအောင်ကြိုးစားနေသောသူဖြစ်ကာ အနေအေးသော်လည်း အလွန်ခေါင်းမာတတ်ပြီး ယုံကြည်ရာကိုမလွှတ်တမ်းဆုပ်ကိုင်ထားတတ်သည့်သူတစ်ဦးလည်းဖြစ်ပါသည်။ သူ့အယူအဆကိုထိပါးပြောဆိုတတ်သူတွေကို လူမှုရေးသောဘာသောကြည့်မနေပဲ
အားမနာလျှာမကျိုးတုံ့ပြန်တတ်သူဖြစ်သော ကြောင့် လူအများကခွတီးခွကျနိုင်သော လူ့ဂွစာတစ်ယောက်အဖြစ်ရှုမြင်ပြောဆိုခံရလေ၏။
ထိုကဲ့သို့သောမိခင်နှင့်ဖခင်တို့၏အုပ်ထိန်းမှုအောက်တွင်ကြီးပြင်းခဲ့ရပါသောအညိုသည် တစ်ဦးနှင့်တစ်ဦးချစ်ခင်မြတ်နိုးကြပါသော်လည်း ဗီဇကိုယ်စီ
မဖျောက်နိုင်ကြသောမိဘများကြားတွင်ဆားညှပ်ခံရသောပဲကြီးလှော်ကလေးလိုဖြစ်တည်လာခဲ့ရပါ၏။ အညို၏ဝါဿနာနှင့်အကျင့်စရိုက်ကို အဖေဖြစ်သူထံမှအမွေအဖြစ်ဆက်ခံရရှိခဲ့သော်လည်း လူမှုဆက်ဆံရေးအပိုင်းမှာတော့ အညိုကအဖေနှင့်မတူပဲ အားလုံးနှင့်လိုက်လျောညီထွေဖြစ်အောင်ပါးပါးနပ်နပ်ပေါင်းသင်းဆက်ဆံတတ်၍တော်သေးသည်ဟုပြောရမည်ပင်။
အမေနှင့်အဖေသည် ချစ်သူရည်းစားတွေဖြစ်ခါစကတော့တစ်ယောက်နှင့်တစ်ယောက်မည်သို့မည်ပုံဆက်ဆံပြောဆိုခဲ့ကြသည်မသိ၊ အညိုလူမှန်းသိတတ်စအရွယ်ကတည်းကသတိထားမိခဲ့သည်မှာက သူတို့နှစ်ဦးသည် လင်နှင့်မယားရယ်လို့ကောင်းမွန်စွာညှိညှိနှိုင်းနှိုင်းတိုင်တိုင်ပင်ပင်နေကြသည်ဟူ၍
မရှိသလောက်ရှားပါးကာ၊ စကားနှစ်ခွန်းမှသုံးခွန်းပြောမိကြသည်နှင့်အထေ့အငေါ့အငြင်းအခုန်ဖြစ်ရကာအပေါက်အလမ်းတည့်ကြသည်ဟူ၍မရှိပဲ တစ်ကျက်ကျက်ဖြင့် မတည့်အတူနေအိမ်ထောင်ရေးမျိုးသာတည်း။
************
တစ်ဦးတည်းသောသမီးကလေးဖြစ်သည့်အညို့ကို မိဘနှစ်ပါးစလုံးကချစ်ခင်ကြမည်မှာဧကန်မလွဲပေမယ့် အမေကတော့ အညို့အပေါ်မှာသူ့သြဇာမညောင်းမှာစိုးလေသည်လားမသိ၊ ဘယ်သောအခါမှ ပြုံးပြုံးရွှင်ရွှင်ချိုချိုသာသာဆက်ဆံပြောဆိုလေ့မရှိပဲ စည်းတစ်ခုခြားနေသလို ခပ်တည်တည်ခပ်တန်းတန်းခပ်မာမာသာနေလေ့ရှိပါသည်။
အဖေကတော့အမေနှင့် ဖြောင့်ဖြောင့်ကြီးဆန့်ကျင်စွာအညို့ကိုအသည်းစွဲချစ်ခင်လှသလိုတရင်းတနှီး၊ လက်ပွန်းတတီးနေထိုင်ကာ အနီးကပ်ထိန်းကြောင်းပဲ့ပြင်သွန်သင်ပေးရင်း သူ့မေတ္တာကိုပွင့်ပွင့်လင်းလင်းထုတ်ဖော်ပြသတတ်သူဖြစ်၏။
အညိုငယ်စဉ်ကလေးဘဝကတည်းကအနွံတာခံကာ ချီးကလူသေးကလူပြုစုစောင့်ရှောက်ပေးခဲ့သည်မှာလည်းအဖေသာပင်ဖြစ်၏။ အနုပညာသမားမို့ ရိုးရိုးရှင်းရှင်းနှင့်လှပဆန်းကြယ်ကာ၊ ခေါ်ရလွယ်ကူသော “အညိုစင်” ဟူသောအမည်ကိုတောင် အဖေကပဲ အညိုနှင့်လိုက်ဖက်စွာမှည့်ခေါ်ခဲ့ခြင်းဖြစ်လေသည်။
အမေကတော့အိပ်ရေးပျက်လည်းမခံနိုင်သလို၊ နှလုံးမကောင်း၍ ကလေးချီးသေးရွံရှာသည်ဟုဆိုကာ ကလေးကိုမွေးရုံသာမွေးပေးသည့်တာဝန်သာယူခဲ့သူဟုဆိုလျှင်တောင်မှားမည်မထင်ပါပေ။ ဘုန်းကြီးကျောင်းသားတစ်ကောင်ကြွက်ဖြစ်သည့်အဖေသည် သားသမီးတွေအများကြီးပွားစည်းပြီး၊ မိသားစုအကြီးကြီးတစ်ခုအဖြစ်ထူထောင်ဖို့အကြီးအကျယ်ရည်မှန်းမျှော်တွေးကာစိတ်ကူးတွေယဉ်ထားခဲ့သော်လည်း ဘယ်လိုမှညှိနှိုင်းတိုက်တွန်း ၍မရသော အမေ၏သားသမီးကရိကထမခံနိုင်ဟူသော “ဘူးဆိုဖရုံမသီးဘူး” ဆိုသည့်ဆုံးဖြတ် ချက်ကြောင့် အဖေ့မှာအတော်လေးမချင့်မရဲခံစားရကာအလျှော့ပေးခဲ့ရသည်ဟုဆွေမျိုးများကပြန်ပြောပြ၍အညိုသိခဲ့ရပါသည်။
ဒါကလည်းသူတို့နှစ်ဦး၏အိမ်ထောင်ရေးမှာစိတ်ခုစရာဖြစ်သွားခဲ့ရသည့်အကြောင်းအရင်းတစ်ချက်လည်းဖြစ်နိုင်ပါသည်။
အမေကစိတ်မြန်စိတ်ကြီးကာထက်မြက်သူပီပီ၊
ပြန်မပြောနားမထောင်စရိုက်ရှိပြီးခေါင်းမာတတ်သောအဖေ့ကို မည်သည့်အခါမျှစိတ်တိုင်းကျသည်မရှိပဲ မျက်နှာချင်းဆိုင်မိသည်နှင့်တဗြစ်တောက်တောက်ဆူပူနေတတ်သည်မို့ အစေးမကပ်နိုင်ကြသည်လည်းဖြစ်ခြိမ့်၏။
မိဘနှစ်ပါးစလုံးကစည်းကမ်းကြီးသူများဖြစ်ကြသော်လည်း အဖေကတစ်ခါတစ်ရံလျော့လျော့ပေါ့ပေါ့ခွင့်ပြုပေးတာမျိုးရှိပေမယ့်၊ အမေကတော့တစ်စက်ကလေးမှမျက်နှာသာမပေးပဲလုံးဝတင်းကြပ်ထားသူဖြစ်ပါသည်။ အမေ၏စိတ်တိုင်းကျသတ်မှတ်ဘောင်ခတ်ပေးထားသောပုံစံအတိုင်းအစစအရာရာလိုက်နာပြုမူလှုပ်ရှားခဲ့ရသည်မှာမွေးကတည်းကဟုဆိုရမည်မှန်သော်လည်း အညိုသည်လည်းလူသားထဲကသာမန်လူသားမိန်းမငယ်လေးတစ်ဦးသာမို့ သူများစိတ်နှင့်ကိုယ့်ကိုယ်ဖြစ်နေရခြင်းအပေါ်မှာအသားမကျနိုင်စွာပဲရှင်သန်နေထိုင်လာခဲ့ရသည်တွင် နုနယ်သောနှလုံးသားလေးထဲ၌
မကျေနပ်ချက်များဖြစ်ပေါ်လာရပါ၏။
ဤကဲ့သို့မကျေနပ်ချက်တွေကိုတစ်ခါတစ်ရံမှာအော်ဟစ်ပေါက်ကွဲကာဆန္ဒပြလိုက်ချင်ပေမယ့်
ထိုအတွေးများသည် အမေ့မျက်နှာထားကိုမြင်လိုက်ရသည့်တစ်ခဏ သူ့အကြည့်တစ်ချက်နှင့်ပင်
ငယ်ကတည်းကအရိုးထဲအထိစိမ့်အောင်ကြောက်လာခဲ့ရသူမို့ မကျေလည်တာမှန်သမျှကိုလည်ချောင်းထဲမှာတင်ပဲပြန်လည်မျိုချပစ်လိုက်ရသည်ချည်းသာပင်။
အညို၏တစ်နေ့တာသည် အမေဆွဲပေးထားသောအချိန်ဇယားအတိုင်းအတိအကျသွားလာလုပ်ကိုင်ရပါသည်။ သူငယ်ချင်းအပေါင်းအသင်းထားလျှင်လည်း ယောကျာ်းလေးထားခွင့်မပြုသလို၊ မိန်းကလေးသူငယ်ချင်းများနှင့်လည်းဟိုဒီလျှောက်လည်ခွင့်မပြု၊ သူများအိမ်သို့လည်ခွင့်မရှိ၊ သူ့ခွင့်ပြုချက်မရပဲသူငယ်ချင်းတွေကိုအိမ်ခေါ်ခွင့်မရှိပါ။ မိမိအိမ်သို့သူငယ်ချင်းများလာလည်လျှင်လည်းမလှမ်းမကမ်းမှာတစ်ခုခုလုပ်ရင်းမျက်ခြေမပြတ်အကဲခတ်စောင့်ကြည့်နေလေ့ရှိသည်မို့ အနေအထိုင်ကျဉ်းကြပ်လှပါသည်။ သူငယ်ချင်းတွေကလည်းအချင်းချင်းပြောရဆိုရတာလွတ်လပ်ပေါ့ပါးမှုမရှိ၍နောက်ပိုင်းမှာအကြောင်းကြီးငယ်မရှိပါပဲအညို့အိမ်သို့မလာကြတော့ပါ။
အမေ့ကိုအညိုနားမလည်နိုင်သည့်အချက်တစ်ချက်မှာ အဖေနှင့်အညိုတို့သားအဖနှစ်ယောက်တရင်းတ နှီးတစ်ပူးတွဲတွဲနေကြတာ၊ အဖေကအရွယ်ရောက်သမီးကို ကလေးပိစိတစ်ယောက်လိုတစ်ခါတစ်လေ ထမင်းခွံ့ကျွေးတတ်တာ၊ စာအကြောင်းကဗျာအကြောင်းတမေ့တမောရေပက်မဝင်ပြောဆိုဆွေးနွေးကြတာမျိုးမြင်ရလျှင်….
“ဪ… သားအဖနှစ်ယောက်ချစ်ချစ်ခင်ခင်နေကြရှာသည်” ဟုကြည်ကြည်နူးနူးမုဒိတာပွားမပေးနိုင်ပဲ မျက်နှာကြီးရှစ်ခေါက်ချိုးနှင့်ရှုတည်တည်ကြည့်နေတတ်တာပဲဖြစ်သည်။
အခါတိုင်းအလုပ်လုပ်လျှင်တိုးတိုးတိတ်တိတ်နှင့်အသံမမြည်အောင်လုပ်တတ်သောသူက ထိုအခါမျိုးမှာအသုံးအဆောင်ပစ္စည်းတွေကိုဂလုံးဂလွမ်းအသံစုံမြည်အောင်ဆောင့်အောင့်နေတတ်လေသည်။ အညိုကအမေစိတ်မကြည်လင်တာရိပ်မိ၍ မျက်နှာလေးငယ်ကာကျီးကြည့်ကြောင်ကြည့်ဖြစ်နေပြီဆိုလျှင် အဖေက….
“သမီး.. အဲ့ဒီမိန်းမကိုသိပ်ဂရုစိုက်မနေနဲ့…ကိုယ်လုပ်စရာရှိတာသာဆက်လုပ်” ဟုပြောတတ်ကာ…
“အတော်အတ္တကြီးပြီးဝန်တိုစိတ်များတဲ့မိန်းမ..”
ဟုလည်းသူ့ဘာသူမကြာခဏရေရွတ်လေ့ရှိတာကြားရတတ်ပါသည်။
အညိုတို့အပျိုကြီးဖားဖားဖြစ်လာသောခေတ်တွင် မိန်းမပျိုလေးများသည် ဆံပင်အကြေကောက်၊ အဖွာကောက်၊ ဂို့စ်ရုပ်ရှင်ဇာတ်ကားထဲကမင်းသမီးဒမီမိုးလိုဘိုကေဆံပင်တိုကပ်ကပ်လေးတွေညှပ်၊ ရှပ်အင်္ကျီပွပွရှည်ရှည်ကြီးတွေအောက်မှာ ထမီကိုလက်သုံးလုံးခန့်သာပေါ်အောင်ခြေသလုံးဖော်ဝတ်ကြသည့်စတိုင်မျိုးအလွန်ခေတ်စားလာခဲ့သည်။ တက္ကသိုလ်ကျောင်းသူအစ်မကြီးတွေ၊ ရုပ်ရှင်မင်းသမီးအဆိုတော်တွေဝတ်ကြသလို
အညိုလည်း ခေတ်လူငယ်ပီပီ ခေတ်ဆန်ဆန်
လိုက်ဝတ်ချင်မိပါသော်လည်း တစ်သက်လုံးအမေကိုယ်တိုင်ချုပ်၍ဆင်ပေးသော နီညိုရောင်၊ သပြေသီးရောင်၊ အစိမ်းရောင်ပုပ်ပုပ် ပန်းထိုးကြယ်သီးတံတပ်ရင်ဖုံးအင်္ကျီလက်ရှည်ပြောင်တွေကို အောက်ကဒူးနားချိတ်လုံချည်၊ ချည်ထည်ဇင်းမယ်လုံချည်၊ ယောလုံချည်တွေနှင့်သာတွဲ၍ဝတ်ဆင်ရပါသည်။ အသားညိုသောအညိုမှာအမေဆင်ပေးသောအရောင်ရင့်တွေကြောင့်အသားအရည်ကရှိရင်းစွဲထက်တောင်တစ်ရည်ပိုကျကာ ညိုရာမှမှောင်သွားသလိုပင်ထင်ရပါ၏။ အပွင့်အခက်ဒီဇိုင်းနှင့်အပေါ်အောက်ဝမ်းဆက်ဝတ်စုံမျိုးတောင် အညို့မှာမရှိခဲ့ပါ။
အညို ရန်ကုန်သို့တက္ကသိုလ်သွားတက်ရတော့မည်ဆိုတော့ ထိုကဲ့သို့သောဝတ်စုံအသစ်တွေသာချုပ်ပြီးထည့်ပေးလိုက်ပါသော်လည်း အညို့မှာတစ်ခွန်းတစ်ပါဒမှအထွန့်မတက်ရဲခဲ့ပါပေ။
ရန်ကုန်တက္ကသိုလ်ဆိုလို့ အမေကအညို့ကိုလွယ် လွယ်ကူကူနှင့်တက်ခွင့်ပေးလိုက်သည်လို့တော့မထင်လိုက်ပါလေနှင့်။
အညိုတို့မြို့ကဆယ်တန်းအောင်ပြီးလျှင် ဝိဇ္ဇာ/သိပ္ပံကျောင်းသားတွေသည် ပုသိမ်တက္ကသိုလ်သို့သာသွားတက်ကြရစမြဲပေမယ့် အညိုငယ်စဉ်ကတည်းကတမေ့တမောနှစ်သက်စွဲလန်းစွာဖတ်ရှုစိတ်ကူးယဥ်ခဲ့ရသော အဖေ့စာအုပ်စင်မှဝတ္ထုစာအုပ်များထဲကလွမ်းမောဆွတ်ပျံ့ဖွယ်ရာပုံရိပ်တွေနှင့်လွှမ်းခြုံထားတဲ့ ဘွဲ့နှင်းသဘင်နှင့်အဓိပတိလမ်း၊ သစ်ပုပ်ပင်နှင့်ဂျပ်စင်၊ ကံ့ကော်တန်းနှင့်အင်းလျားရေပြင်၊ အဆောင်နေကျောင်းသူလေးတွေရဲ့ပျော်စရာဘဝတွေက မသိစိတ်ထဲအထိ အညို့ကိုဖမ်းစားထားတာကြောင့် ရန်ကုန်တက္ကသိုလ်မှာတက်ခွင့်ရရန်အဖေ့ကိုစစ်ကူတောင်းခဲ့ရသည်။
သို့ပေမယ့် မအောင်မြင်ခဲ့တာကြောင့်
ပုသိမ်တက္ကသိုလ်မှာသာတက်ခဲ့ရသော်လည်း၊
ဇွဲမလျှော့ပဲ ရန်ကုန်တက္ကသိုလ်တွင်ဂုဏ်ထူးတန်းဆက်တက်ပြီးမဟာဘွဲ့ယူဖို့အထိမျှော်မှန်းပြီးကြိုးစားခဲ့ကာ ထပ်မံအရေးဆိုတော့ မလွှတ်ချင် လွှတ်ချင်နှင့် အသစ်ထပ်၍ထုတ်သောစည်းကမ်းချက်များစွာကို တသဝေမတိမ်းလိုက်နာပါမည်ဟု အညို့ဆီကခံဝန်ကတိရပြီးမှသာသွားခွင့်ရခဲ့ခြင်းဖြစ်ပါ၏။
************
ဒီလိုကျပ်ကျပ်တည်းတည်းထိန်းချုပ်နေထိုင်လာရသောအညို့ရဲ့အချစ်ရေးကရောဘယ်လိုများရှိခဲ့ပါသနည်း။
သမီးမိန်းကလေးကိုအုပ်ထိန်းရသည်မှာ
“သမီးတစ်ကောင်နွားတစ်ထောင်”ဟုဆိုရိုးရှိသလို အဖက်ဖက်မှအကွက်စေ့စေ့လုံခြုံအောင်ပိတ်ဆို့ကာရန်ထားပါသော်ငြားလည်း ဆီလိုအပေါက်ရှာ၍ ထွက်တတ်သောသဘောရှိသကဲ့သို့ တက္ကသိုလ်ဒုတိယနှစ်မှာ မိဘများကအညို့အားစောင့်ကြည့်ရန်ခိုင်းစေထားသည့်တစ်မြို့တည်းသားကျောင်းသားများ၏မျက်စိရှေ့မှောက်မှာပင် အတန်းတူသူငယ် ချင်းမီမီ၏ အစ်ကိုတစ်ဝမ်းကွဲ တတိယနှစ်ကျောင်းသားနှင့်သမီးရည်းစားဖြစ်သွားခဲ့ရသည်။ ထိုအစ်ကိုက အညို့ကိုအလွန်ချစ်ခင်ဂရုစိုက်ကာ၊ အညို့သဘောတစ်ခုတည်းသာမို့ တစ်ခါမျှအဲဒီလောက်အထိကိုယ်မှကိုယ်၊ သည်းသည်းလှုပ်အလိုလိုက်အကြိုက်ဆောင်သောသူကိုမတွေ့ခဲ့ဖူးတာကြောင့် အတွေ့အကြုံသစ်အနေနှင့်ရင်ခုန်စိတ်လှုပ်ရှားကာအချိန်တိုအတွင်းအဖြေပြန်ပေးခဲ့သော်လည်း အချစ်အကြောင်းကိုတော့အညိုသိပ်
မသိလှပါ။
ဘယ်လိုပင်အနေအထိုင်ပိရိပိရိ၊ ဘယ်လောက်ပဲဖုံးထားဖုံးထား တစ်ခဏအတွင်းမှာပဲအညိုတို့ရဲ့သတင်းက မိဘတွေနားထဲပေါက်သွားကာ အမေတစ်ယောက်စွေ့စွေ့ခုန်နေသည်ဟုအညိုပြန်ကြားရပါ၏။ ကျောင်းပိတ်ရက်ကသိပ်မလိုတော့သည်မို့ ပြန်လာရင်နင်အသိပဲဆိုသောကြိမ်းသံကို
ရင်တထိတ်ထိတ်နှင့် အိမ်ပြန်ရမှာကြောက်ရွံ့နေသောအညို့ကို အစ်ကိုကအားပေးရင်း အညို့ကိုအချိန်တန်လျှင်သူတစ်ကယ်လက်ထပ်ယူမှာမို့
အခုကတည်းက အုပ်ထိန်းသူလူကြီးခေါ်ကာလိုက်လာပြီး အညို့မိဘတွေကိုအသိပေးထားမည်ဆိုတော့ အနည်းငယ်အားတက်ပြီးကြောက်စိတ်လျော့ပါးခဲ့ရသည်။ အစ်ကိုသည် သူကတိပေးထားသည့်အတိုင်းပဲ သူတို့မြို့မှဦးလေးကိုလှမ်းခေါ်၍ အညိုအပြန်မှာသူတို့ပါတစ်ပါတည်းလိုက်ပို့ခဲ့ကြပါသည်။
အစ်ကိုကတစ်ခြားမြို့တစ်မြို့ကဖြစ်ပြီး သူတို့မွေးချင်းမောင်နှစ်မသုံးယောက်မှာအကြီးဆုံးဖြစ်ကာ မိဘတွေမရှိတော့ကတည်းက မရှိမရှားဦးလေးမိသားစုကပဲထိန်းသိမ်းစောင့်ရှောက်ပြီးကျောင်းထားပေးခဲ့ခြင်းဖြစ်သည်။ အညို့အိမ်ရောက်တော့ အဖေကလူကြီးပီသစွာအစ်ကိုတို့တူဝရီးကိုကောင်းမွန်စွာလက်ခံစကားပြောခဲ့ပေမယ့်၊ အမေကတော့ အညို့ကိုတွေ့တာနဲ့ကျောကိုတဗြန်းဗြန်းထု၍ဆွဲဆောင့်ပြီးအိမ်ခန်းထဲဝင်နေခိုင်းကာ
အစ်ကိုတို့ကိုသဘောမတူနိုင်ကြောင်းအထက်စီးက မောက်မောက်မာမာပြောဆိုနှင်လွှတ်လိုက်လေတော့သည်။ ထိုအချိန်ကစပြီး အညို့ကိုလည်းကျောင်းထုတ်ပစ်မည်ဟုဆိုကာ အိမ်ထဲမှအိမ်ပြင်မထွက်စေတော့ပဲ သူ့မျက်စိအောက်မှာသာနေစေတော့သည်။
ကံကောင်းချင်တော့ အညိုသည်ဒုတိယနှစ်ကိုထူးထူးချွန်ချွန်အောင်မြင်ခဲ့ပြီး ဂုဏ်ထူးတန်းတက်ရန်အမှတ်မှီသည်မို့ ရန်ကုန်တက္ကသိုလ်တွင်ပြောင်းရွှေ့တက်ရောက်ရန်အတိုက်အခံအရေးဆိုတော့ ရန်ကုန်မှာဆိုအစ်ကိုနှင့်ဝေးသွားနိုင်တာကတစ်ကြောင်း၊ အဖေကလည်းအညို့ပညာရေးကိစ္စမို့ အခါတိုင်းလို
အမေ့ကိုအလျှော့မပေးပဲတင်းခံနေတာကြောင့် ဝန်ခံကတိများစွာတောင်းပြီးမှ ကျောင်းတက်ခွင့်ပြုပေးလိုက်ခြင်းဖြစ်၏။
**********
ရန်ကုန်တက္ကသိုလ်မှာဂုဏ်ထူးတန်းလာတက်သည့်အညိုနှင့်ကျွန်မတို့သည်အတန်းဖော်များဖြစ်လာကြသည်မို့ခဏချင်းမှာပင်ခင်မင်သွားကြပြီးသွားအတူလာအတူတစ်တွဲတွဲဖြစ်လာခဲ့ရသည်။ အညိုသည် မိခင်၏အရိပ်အောက်မှလွတ်လပ်ခွင့်ရလာချိန်မှာ သူ့စိတ်ထဲမှာရှိပါသော်လည်းချုပ်တီးထားခဲ့ရသောဆန္ဒအချို့ကိုလက်တွေ့အကောင်အထည်ဖော်ပါလေတော့သည်။
တက္ကသိုလ်တွင်သူနှင့်ဝါဿနာတူသောကဗျာဆရာ၊ စာရေးဆရာကျောင်းသားများနှင့် ရင်းနှီးခင်မင်စွာပေါင်းသင်းဆက်ဆံ၍ ကဗျာစာအုပ်တွေအတူတွဲထုတ်ကြတာမျိုး၊ ကင်န်တင်းရှိလက်ဖက်ရည်ဆိုင်တွင်အတူထိုင်၍စာပေအကြောင်းတမေ့တမောဆွေးနွေးကြတာမျိုးတွေကိုကျေကျေနပ်နပ်ကြီးပြုလုပ်တတ်သလို၊ ကျွန်မနှင့်အတူအတန်းမရှိလျှင်အင်းလျားကန်စောင်းသွားတာ၊ အတန်းလစ်ပြီး
ပို့စ်အမျိုးမျိုးနှင့်ဓါတ်ပုံရိုက်တာတွေပါပျော်ပျော်ကြီးလုပ်လေတော့သည်။ တစ်ခါတစ်လေ အညိုသည်သူ့အဆောင်မှအတူနေအဆောင်သူများထံမှခေတ်ပေါ်အဝတ်အစားများ၊ ကျောပိုးအိတ်များ ခေတ္တငှား၍ အာသာပြေဝတ်ဆင်ပြီးလျှင် ဓါတ်ပုံလှလှလေးတွေရိုက်ကာ သူ့ပုံကိုသူတစိမ့်စိမ့်ထိုင်ကြည့်၍ကြည်နူးနေတတ်သူလည်းဖြစ်ပါ၏။
ကျွန်မရဲ့ဝတ်စားဆင်ယင်မှုကအဲဒီခေတ်အခေါ်အရဆိုဟော့ရှော့ပုံစံဖြစ်ပြီး၊ အညိုကတော့လုံးဝအငြိမ်မြန်မာဆန်ဆန်မို့ လူတွေက ကျွန်မတို့နှစ်ယောက်ဘယ်လိုများတက်ညီလက်ညီတွဲဖြစ်ကြသွားသလဲဆိုတာကိုသိချင်ကြလေသည်။
တစ်ကယ်တော့ အညိုသည် လူကသာအမေ့စိတ်ကြိုက်စတိုင်မျိုးနေပေးရပေမယ့် သူဝတ်ချင်သောအဝတ်တွေသည်ကျွန်မလိုမျိုး….
သူဆိုချင်သောသီချင်းတွေသည်မြန်မာသံတွေမဟုတ်ပဲ ကျွန်မကြိုက်သောလေးဖြူသီချင်းများသာဖြစ်နေခဲ့ပြီး၊ ကျွန်မဗရုတ်ကျသလောက်ထပ်ချပ်မကွာအမှီလိုက်နိုင်သောသူငယ်ချင်းဖြစ်သည်ကိုအံ့သြနေကြသူများအားရှင်းမပြဖြစ်ခဲ့ပါ။
ကျွန်မသည်လည်းစာတွေကဗျာတွေကိုနှစ်ခြိုက်သူမို့ ဟိုစပ်စပ်ဒီစပ်စပ်မတောက်တစ်ခေါက်ရေးဖြစ်ပေမယ့်၊ အညိုတို့လိုပရိုအဆင့်မျိုးမဟုတ်ပဲ
ဝါဿနာရှင်အဆင့်သာဖြစ်ပါသည်။
တစ်ခါက ကျွန်မရဲ့ခရပ်ရှ်ကြောင့် ဖီးလ်တွေတက်ကာကြေကွဲနေရတုန်းက အညိုက ကျွန်မရဲ့ခံစားချက်တွေကိုအငှားယူပြီး ကျွန်မအတွက်ဟုဆိုကာအသည်းကွဲကဗျာတစ်ပုဒ်ရေးပြီးလက်ဆောင်ပေးခဲ့ဖူးသေးသည်။
အညိုသီဖွဲ့ပေးခဲ့သော “ဖန်ကွဲစတွေလိုတလက်လက် တောက်ပ… ပြီး… တဖျတ်ဖျတ်ကြေကွဲ…ငါ့အသည်း က စကတည်းကအက်ပြီးသား… ” ဆိုတဲ့ခပ်မိုက်မိုက်အလန်းစားစာသားလေးတွေကိုအခုထက်ထိတိုင်အမှတ်ရနေဆဲပါပင်။
အညိုရန်ကုန်မှာကျောင်းတက်နေတုန်းအခိုက်မှာ
သူ့ချစ်သူသည် နှစ်ခါသာလာရောက်တွေ့ဆုံခဲ့ဖူးပြီး၊
ကျန်အချိန်များတွင် လက်ကိုင်ဖုန်းများမတွင်ကျယ်သေးသည်မို့ စာအပြန်အလှန်ပို့ကြရင်းအဆက် အသွယ်မပြတ်ခဲ့ကြပါ။
ကျွန်မတို့သည် တက္ကသိုလ်တွင်ဂုဏ်ထူးတန်းကို
သုံးနှစ်သုံးမိုးအတူတက်ခဲ့ကြပြီးသည့်နောက်တွင်သူငယ်ချင်းတစ်ချို့တစ်ဝက်ကမဟာတန်းဆက်တက်ကြသော်လည်း ကျွန်မနှင့်အညိုကတော့မတက်ဖြစ်ကြတော့သည်မို့ ဘွဲ့နှင်းသဘင်တက် ရောက်ပြီးသည့်နောက်မှာ ဝေးကွာသွားခဲ့ကြပါသည်။
ကျောင်းပြီး၍ကျွန်မလည်းလုပ်ငန်းခွင်ဝင်ခဲ့ရာကြိုးစားလေ့လာသင်ယူစရာတွေများလွန်းလှ၍မအားနိုင်ပဲရှိနေချိန် တစ်ရက်တွင် အညို့ဆီမှဖုန်းဝင်လာခဲ့သဖြင့်ဝမ်းသာသွားရပါသည်။
ဘယ်ကနေဆက်သလဲဆိုတော့ သူ့ချစ်သူနှင့်ခိုးရာလိုက်ခဲ့ခြင်းဖြစ်ပြီး ချောင်းသာကမ်းခြေမှနေ၍ ဆက်နေခြင်းဖြစ်ပါသတဲ့ရှင်။
နောက်တော့ အညို့ကိုမိသားဖသားပီပီပြန်အပ်ပြီးမင်္ဂလာဆောင်နှင်းရန်စီစဉ်နေပြီဖြစ်ကြောင်း ကျွန်မကိုအကြောင်းကြားပြီး သူငယ်ချင်းတွေအားလုံးကိုသူတို့မြို့တွင်ကျင်းပမည့်မင်္ဂလာဆောင်သို့လာနိုင်လျှင်အုပ်စုလိုက်ကြီးလာခဲ့ကြပါရန်ဖိတ်ပါသည်။ ကျွန်မတို့သူငယ်ချင်းအားလုံးလည်းလုပ်ငန်းခွင်ကိုယ်စီဝင်နေကြပြီဖြစ်၍ အညို့မင်္ဂလာပွဲကိုသွား
မတက်နိုင်ခဲ့ကြပါ။ အညို့အချစ်ရေး၊ အိမ်ထောင် ရေးအဆင်ပြေပါစေကြောင်းသာအားလုံးကဆုမွန် ကောင်းတောင်းပေးခဲ့ကြပါသည်။
သည်လိုနှင့် အညိုနှင့်အဆက်အသွယ်မရှိကြတော့ပဲနှစ်တွေအတော်ကြာသွားပြီး တစ်ရက်မှာတော့သူငယ်ချင်းတစ်ယောက်ကနေတစ်ဆင့်၊ မိဘတွေနှင့်သာအတူတကွနေထိုင်ခဲ့ကြသောအညိုတို့၏ အိမ်ထောင်ရေးသည်အဆင်မပြေပဲညှိနှိုင်းလို့မရကြတော့သည်အထိဖြစ်ကာကွာရှင်းပြတ်စဲလိုက်ကြလေပြီဟု စိတ်မကောင်းစရာကြားသိရပါသည်။ ဤသို့ဖြစ်ပျက်သွားခဲ့ရတာတွေသည် အညို့မေမေရဲ့စနက်ကင်းမှကင်းပါလေစဟု ကျွန်မတွေးနေမိခဲ့ပါသည်။ အခုနောက်ပိုင်းမှာအညို့ကိုတကူးတကမဆက်သွယ်မိခဲ့ပေမယ့် အင်တာနက်၊ ဖေ့ဘုတ်ခေတ်မို့ အညိုရဲ့ဖေ့စ်ဘုတ်အကောင့်မှာတင်လေ့ရှိသော အောင်မြင်သည့်စီးပွားရေးလုပ်ငန်းတစ်ချို့တည်ထောင်ထားနိုင်ပြီဖြစ်သည့်လုပ်ငန်းရှင်အမျိုးသမီး၊ စင်ဂယ်မားသားတစ်ယောက်အနေ
ဖြင့် တက်ကြွလန်းဆန်း၊ စိုပြေဝဖြိုးနေသောအညို၏ဓါတ်ပုံတွေကိုမြင်တွေ့ရတတ်သလို…. ချစ်စရာသားငယ်နှင့်အားကျစရာမိသားစုဘဝ လေးကိုပိုင်ဆိုင်ထားတာကိုလည်းသိခွင့်ရလို့ကြည်နူးပီတိဖြစ်ရပါသည်။
************
“အန်တီလေး…ဒီမှာစာအုပ်ဖိုးရှင်းမယ်ရှင့်”
ငွေကိုင်ဝန်ထမ်းမလေးက သူတွက်ချက်ပြီးထုတ်ထားသောပြေစာစာရွက်နှင့် စာအုပ်ဖိုးကျသင့်ငွေတို့ကို ကျွန်မထံလှမ်းပေးလာတော့မှ အတိတ်ကိုပြန်ရောက်နေတဲ့ကျွန်မရဲ့အတွေးစတို့
ကရပ်တန့်သွားရကာ ပစ္စုပ္ပန်ကာလဆီသို့ပြန်လည်ရောက်ရှိလာရတော့သည်။
“ဪ… အေးအေး”
ကျွန်မလည်းပြေစာပေါ်ငွေရှင်းပြီးကြောင်းတုံးထုပေးရင်းပြန်အမ်းငွေကို စာအုပ်ဝယ်သောမိန်းမပျိုလေးကိုကမ်းပေးလျှက်ကပြုံးပြလိုက်ကာ…
“သမီးဆိုင်ထဲဝင်လာကတည်းက အန်တီလေးရဲ့သူငယ်ချင်းတစ်ယောက်နဲ့တူလို့လိုက်ကြည့်နေမိတာ… သမီးကကဗျာတွေဖတ်ရတာစိတ်ဝင်စားတယ်လား”
သူလေးဝယ်ထားသောစာအုပ်များထဲတွင်ကဗျာစာအုပ်နှစ်အုပ်ပါနေ၍ဘာရယ်မဟုတ်မေးကြည့်လိုက်မိပါသည်။
“ဟုတ်ကဲ့အန်တီ… ကျွန်မကကဗျာတွေကိုသိပ်ချစ်သလို၊ ကဗျာတွေလည်းရေးဖြစ်ပါတယ်ရှင့်”
သူ့ရဲ့အဖြေကြောင့်ကျွန်မအံ့ဩသွားရပါသည်။ လောကကြီးမှာ လူချင်းအသွင်အပြင်သာမက၊
ဝါဿနာပါတူသူတွေရှိနေတတ်ပါလားဟုတွေးရင်းနှုတ်ဆက်ထွက်ခွာသွားတဲ့ ကျစ်ဆံမြီးကြီးတရမ်းရမ်းနဲ့မိန်းကလေးကိုလိုက်ငေးနေမိပါသည်။
အညိုရဲ့ဖေ့စ်ဘုတ်အကောင့်မှာ သူ့စီးပွားရေးကိုတဖွဲ့တနွဲ့လက်စွမ်းပြရေးသီကြော်ညာထားသောကဗျာဆန်ဆန်အရေးအသားပို့စ်များကလွဲလို့ အရင်ကလိုဆန်းသစ်လှပတဲ့အတွေးအခေါ်တွေ…..
နူးညံ့သိမ်မွေ့တဲ့အသုံးအနှူန်းတွေ….
ထိမိပြောင်မြောက်သောရသတွေပေးစွမ်းနိုင်တဲ့အချစ်အလွမ်းကဗျာများကိုတော့မတွေ့ရတော့ပါ။
ကျွန်မချစ်ရသောသူငယ်ချင်းကတော့…..
ကဗျာတွေသီကုံးဖွဲ့နွဲ့ဖို့ခံစားချက်တွေပဲ
ခြောက်ခမ်းသွားလေပြီလား….
ဘဝအမောတွေကြားမှာကဗျာကိုတစ်ရှိုက်မက်မက်မြတ်နိုးတွယ်တာခဲ့ဖူးတဲ့ဝိညဉ်တွေပဲတိုက်စားခံလိုက်ရလေပြီလားဆိုတာကိုတော့တစ်နေ့နေ့တစ်ချိန်ချိန်မှာ မျက်နှာချင်းဆိုင်တွေ့ပြီးမေးကြည့်ချင်ပါသေးသည်လေ….
“ပြီးပါပြီ”
#Way
27022025