အတိတ်ည လူကြမ်း

Posted on

အတိတ်ည လူကြမ်း(စ/ဆုံး)
‎————————
‎“မောင်တို့ချယ်ရီမြေ”

‎ညက တီဗီအဖွင့် ဝင်းဦးနှင့် ခင်သန်းနု၏ မောင်တို့ချယ်ရီမြေသီချင်းဆိုနေသော အခန်းလေးကို တိုက်တိုက် ဆိုင်ဆိုင် သွားကြုံသည်။

‎ထိုနေ့ညကို ကျွန်တော် ကောင်းကောင်းသတိရနေမိသည်။

‎တစ်ခုသောည

‎အတိတ်ညတစ်ည

‎“အစ်ကို … ဝင်းဦးကားအသစ် ရုံတင်တယ်တဲ့”

‎“ဟုတ်တယ် … မောင်တို့ချယ်ရီမြေတဲ့”

‎“ကြည့်ချင်တယ်”

‎“ဒီအချိန်ဆိုရင် လက်မှတ် ဘယ်လွယ်မလဲ”

‎“ဟင့်အင်းကွာ … ကြည့်ချင်တယ် … ကျောင်းတွေပိတ်ရင် ချိန်းဖို့ သိပ်မလွယ်တော့ဘူး … လက်မှတ်ရအောင် လုပ်ပေး”

‎“လက်မှတ်ဝယ်တာတော့ ဟုတ်ပါပြီ … အစ်ကို့မှာ ပိုက်ဆံမရှိဘူး”

‎“ညနေ ကျောင်းဆင်းရင် ပေးလိုက်မယ် … ရအောင်လုပ်”

‎“အေးလေ … ကြိုးစားကြည့်မယ်”

‎ညနေ ကျောင်းအဆင်းတွင် အတာက သူ့ကို ပိုက်ဆံ ၅ ကျပ်လာပေးသည်။

‎“နှစ်ကျပ်ခွဲတန်းက နှစ်စောင်နော်”

‎“ည ၇ နာရီမထိုးမီလည်း ရောက်အောင်လာဦး”

‎“မီးသတ်ရှေ့ ဗာဒံပင်အောက်မှာ စောင့်နေမယ် … ရုံထဲ တူတူဝင်သွားလို့ မဖြစ်ဘူး …”

‎“သိပါတယ် … အဲဒီကပဲစောင့်”

‎ဝင်းဦးကားဆိုလျှင် တစ်မြို့လုံးကြိုက်သည်။ ညနေ ၅ နာရီ လက်မှတ်ကိုလာပြီး တန်းစီသည်။ လက်မှတ် ပေးသည့်အခါတွင် လူတွေကတိုးကြသည်။ တန်းပျက်သွားသည်။ သူက မတိုးနိုင်သဖြင့် လက်မှတ်မရလိုက်။ မှောင်ခိုတွေလက်ထဲ လက်မှတ်ရောက်သွားပြီး ၂ ကျပ်ခွဲတန်းကို ၅ ကျပ်ရောင်းနေသည်။ ယခုမှ ခက်ပြီ။ အတာက ညဆိုလျှင် ထွက်လာမည်။

‎သူက အိမ်ကို စက်ဘီးနှင့် ပြန်ပြေးရသည်။ အိမ်တွင် ချောင်ကြို ချောင်ကြားမကျန် ပိုက်ဆံလိုက်ရှာကြည့်သည်။

‎ငါးမူးစေ့လေးတစ်စေ့သာတွေ့သည်။ အမေ့ထံကလည်း ပိုက်ဆံမတောင်းရဲ။ နောက်ဆုံး မီးဖိုချောင်ထဲက ဒန်အိုး ကြီးတစ်လုံးကို ပုဆိုးနှင့်ထုပ်သွားပြီး သွားပေါင်ရသည်။ ၇ ကျပ်ပဲရသည်။

‎သူက ရုပ်ရှင်ရုံရှေ့ အမြန်ပြန်လာသည်။

‎မှောင်ခိုလက်မှတ်ရောင်းသူများထံမှ ၂ ကျပ်ခွဲတန်းကို ၅ ကျပ်နှင့် လက်မှတ်နှစ်စောင် ဝယ်လိုက်ရသည်။

‎ည ထမင်းစားသောက်ပြီး ရုပ်ရှင်ရုံကိုလာခဲ့သည်
‎သူနှင့် အတာ ချစ်သူတွေဖြစ်သည်မှာ ၂ နှစ်ကြာခဲ့ပြီ။ ယခုတစ်ကြိမ်တွင် အတာက သူ့ကို ပထမဆုံး ရုပ်ရှင် အတူတူကြည့်ရန် အခွင့်အရေး ပေးခြင်းဖြစ်သည်။ သူတို့ အပြင်တွင်လည်း တစ်ကြိမ်မျှ မချိန်းတွေ့ဖူးကြ။ ယခု ပထမဆုံး နှစ်ဦးတည်း ရုပ်ရှင်အတူကြည့်ရတော့မည်။

‎၆ နာရီခွဲလောက်ကတည်းက သူ ဗာဒံပင်အောက် ရောက်နေသည်။ မကြာမီ အတာက စက်ဘီးလေးနှင့် ရောက် လာသည်။

‎“စက်ဘီးကြီးနဲ့ပါလား”

‎“စက်ဘီးကို သွားအပ်လိုက်ဦးမယ်”

‎သူက ရုပ်ရှင်ရုံရှေ့ စက်ဘီးအပ်သည့် နေရာတွင် စက်ဘီးအပ်ပြီး သူရှိရာ နေရာကိုလာသည်။

‎“အိမ်ကို စာသွားလုပ်မယ်ဆိုပြီး လိမ်ထွက်ခဲ့တာ”

‎“ဟုတ်လား … ဒီမှာ လက်မှတ်တွေ”

‎“ဘယ်ဆိုးလို့လဲ … တော်တော်မှ တိုးလိုက်ရသလား”

‎“ဆိုပါတော့”

‎“နေဦး … အတာ အရင်ဆုံး ဝင်သွားမယ် … အစ်ကိုက ရုပ်ရှင်ပြလို့ မှောင်မှ ဝင်ခဲ့နော် … သူများတွေ မြင်ကုန်မယ်”

‎“ပေးလေ ကိုယ့်ကို လက်မှတ်တစ်စောင်”

‎သူက အတာထွက်သွားသည်ကို ငေးကြည့်နေသည်။ ရုပ်ရှင်ပြရန် ခေါင်းလောင်းထိုးသည်။ နိုင်ငံတော် သီချင်း အသံကြားမှ သူက ဗာဒံပင်အောက်က ထွက်ခဲ့ပြီး ရုပ်ရှင်ရုံထဲဝင်လိုက်သည်။

‎C 1, C2 ဆိုတော့ အစွန်ဆုံးဖြစ်သည်။ သူက လက်မှတ်လေးကိုကိုင်လာပြီး A, B, C ရေတွက်ကာ C အတန်းထဲ ဝင်ပြီး အစွန်ကိုလျှောက်လာသည်။

‎“အစ်ကို ဒီမှာ”

‎အတာက သူ့လက်ကို ဆွဲချကာ ထိုင်ခိုင်းလိုက်သည်။]

‎ရုပ်ရှင်ပြပြီ

‎ခင်သန်းနု၏ စွဲမက်စရာကောင်းသည့်အလှ၊ မခို့တရို့အကြည့်နှင့် ဝင်းဦး၏ ညုတုတုအမူအယာတွေ အားပြိုင် ကြပြီ။ ပန်းခြံထဲတွင် သီချင်းဆိုသည့် အခန်းကို ရောက်လာသည်။ အတာက သူ့လက်မောင်းလေးကို လာဆုပ် လိုက်သည်။

‎“ခင်သန်းနုက ချောလိုက်တာ”

‎“အင်း”

‎သူ့ရင်တွေ ခုန်နေသည်

‎အတာက သူ့ပခုံးပေါ် ခေါင်းလေး လာမှီသည်။

‎ရုပ်ရှင်ထဲကအတိုင်းဖြစ်သည်။ သူက လက်လေးတစ်ဖက်နှင့် အတာ့ ပခုံးလေးကို ဖက်ရန် ပြင်လိုက်ပြီးမှ သက်ပြင်းချကာ လက်ကို ပြန်သိမ်းလိုက်သည်။

‎“ဘာဖြစ်လို့လဲ”

‎“ဘာမှ မဖြစ်ပါဘူး”

‎“အို … မောင် … နော်ဇာရွှေကုံး ဂမုန်းခိုင်ရေ

‎ဟင်း …

‎ဆောင်ပို့မယ် မောင်တို့ ချယ်ရီမြေ

‎အတူတူလိုက်မလားသွားမယ်မေ အချစ်ရေ …

‎စိမ်း စိုတင့်မော ယိမ်း မလိုဆင့်နှော ဟို… ချယ်ရီမြေ

‎လန်းတယ် ထိုပန်းကလေးက တဝေဝေ

‎နမ်းဘွယ် ကိုယ်လှမ်းပေးစရာ တချွေချွေ

‎ဂန္ဓရုံထဲ နှံ့စွာ ထုံစွဲ သာယာမယ်လေ

‎ချစ်သူပျော်ဖို့ မောင်တို့ချယ်ရီမြေ

‎ဖွင့်ယူခေါ်လို့ မောင်တို့ချယ်ရီမြေ ဟေး…

‎နှစ်ဖြာတွေးတဲ့ ယနေ့ညအချေ ကမ္ဘာဝေးစေ မမေ့ပေ

‎ရွှင်မဆုံးပြုံးပန်းပွင့်နေ ခင်ရေ

‎ကြယ်ကလေးများ အဆုံးသို့လေ

‎ရှုစားပုံမျက်လုံးတွေ မေကစားကာတဝင့်ဝင့် ပါနေ

‎ချစ်သဲစွဲရစ်ပေါ့မေ

‎ရစ်ဝဲပလေ မြဲတဲ့နှစ်ဦးမေတ္တာ သစ္စာမိုးစွေ

‎စိတ်ကူးနဲ့ မြူးတဲ့ဖေ

‎တကယ်ခင်လျှင် လာပါမေ

‎မောင်တို့… မောင်တို့… ချယ်ရီမြေ

‎အို မောင်… နော်ဇာရွှေကုံး ဂမုန်းခိုင်ရေ

‎ဟင်း… ဆောင်ပို့မယ် မောင်တို့ ချယ်ရီမြေ

‎အတူတူလိုက်မလားသွားမယ်မေ အချစ်ရေ …”

‎သူတို့နှစ်ယောက်စလုံး သီချင်းထဲတွင် နစ်မျောသွားကြသည်။

‎“ကောင်းလိုက်တဲ့ သီချင်းနော် … ခင်သန်းနုက အရမ်းအသံကောင်းတာပဲ”

‎“အဲဒါ ခင်သန်းနု အသံမဟုတ်ဘူး … အဆိုတော် ထားအသံနဲ့ တူတယ်”

‎“သီချင်းကို အရမ်းကြိုက်တာပဲ”

‎ရုပ်ရှင်ကိုပြီးမှာပင်စိုးရိမ်နေမိသည်။ အတာက သူ့ရင်ခွင်ထဲတွင် ခေါင်းလေးကို မှီထားသည်။

‎“ရုပ်ရှင်မကြည့်တော့ဘူးလား”

‎“ဟင့်အင်း … အစ်ကို့ရင်ခုံသံတွေကိုပဲ နားထောင်နေတော့မယ်”

‎“အရူးမလေး … ထကြည့်လေ … ဟိုမှာ ဝင်းဦး ပေါက်ကွဲနေပြီ”

‎“အစ်ကိုက အတာအဲသည်လိုလုပ်ရင် ဒေါသထွက်မှာလား”

‎“မထွက်ပါဘူး”

‎ရုပ်ရှင်ပြီးတော့မည်

‎“အစ်ကို အတာ အရင်ထွက်နှင့်မယ်နော်”

‎“သွားလေ … နောက်က လိုက်ခဲ့မယ်”

‎ပြီးပါပြီ

‎ရုပ်ရှင် စာတန်းအထိုး မီးအဖွင့် သူက လူတွေနှင့်ရောပြီး လိုက်ထွက်လာသည်။ ရုပ်ရှင်ရုံအဝတွင် အတာက စက်ဘီးလေးနှင့်စောင့်နေသည်။

‎“အစ်ကို စက်ဘီးနင်းလေ”

‎“ဘယ်သွားမလို့လဲ”

‎“မပြန်ချင်သေးဘူး … တစ်နေရာရာသွားမယ်”

‎“သွားလေ”

‎သူက စက်ဘီးကိုယူလိုက်ပြီး လူရှင်းသည့်ဘက်က နင်းလိုက်သည်။ အတာက နောက်မှတက်ပြီး သူ့ခါးကို ဖက်ထားသည်။

‎“အစ်ကို”

‎“ဘာလဲ”

‎“ရုပ်ရှင်ကြည့်တာ ကောင်းလား”

‎“ကောင်းတာပေါ့”

‎“နောက်ကြည့်ဦးမယ်”

‎“ဘယ်တော့လဲ”

‎“မနက်ဖြန်”

‎“ဘာကားလဲ”

‎“ဒီကားပဲ ထပ်ကြည့်ချင်တယ်”

‎“ကြည့်လေ”

‎“ဒီတစ်ခါ အစ်ကို ပြရမယ်”

‎“ကောင်းပြီလေ”

‎သူက စက်ဘီးကို နင်းလာသည်။ အတာက ခါးကိုဖက်ထားရာမှ သူ့ကျောကို မျက်နှာလေး အပ်ထား လိုက်သည်။

‎“ဖောင်း”

‎“အို … ဘယ်လိုလုပ်လိုက်တာလဲ … မလုပ်ပါနဲ့ … ကယ်ကြပါရှင်”

‎ဈေးဘက်ကို စက်ဘီးအကွေ့လိုက်တွင် သူ့မျက်နှာကို လူတစ်ယောက်က တုတ်တစ်ချောင်းဖြင့် ဖြတ်ရိုက် လိုက်သည်။ သူက သတိထားပြီး လက်ကို ကာလိုက်သဖြင့် မျက်နှာကိုမထိ။ သို့သော် ဟန်ချက်ပျက်ပြီး စက်ဘီးလဲသွားသည်။

‎“ခွေးမ … တိရစ္ဆာန်မ … လာခဲ့”

‎“အစ်ကို ပြေး … ပြေး”

‎သူက လက်ကိုကိုင်ပြီး မတ်တတ်ရပ်လိုက်လိုက်သည်။ တစ်ယောက်က ဝင်ထိုးပြန်သည်။ သူ့ပါးတွင် ကျင်ခနဲ ဖြစ်သွားပြီး မျက်စိထဲ၌ ပြာသွားသည်။

‎“တော်ပါတော့ … မလုပ်ကြပါနဲ့ … တော်ပါတော့”

‎လူတွေ ဝိုင်းလာကြသည်

‎“တစ်ယောက်မှ မကပ်နဲ့ … ဒါ ကျုပ်ညီမ … ကျုပ်ညီမကို ကျုပ်လာပြန်ခေါ်တာ”

‎“အဖေ … အဖေ … မလုပ်ပါနဲ့”

‎အတာ့အဖေက သူ့ကို ပြေးကန်သည်။ သူက ဗိုက်ကိုနှိပ်ထားလိုက်ပြီး ဒူးထောက်ရက်လဲသွားသည်။

‎“တော်ပါတော့ … ဟိုမှာ အတော်နာနေပြီ … ခင်ဗျားတို့တော်တော့”

‎ဆိုက်ကားဂိတ်မှ ဆိုက်ကားသမားများက လာဆွဲကြသည်။

‎“ညီလေး ရလား”

‎“ဟုတ်ကဲ့ … ရပါတယ်”

‎အတာ့ကို သူ့အဖေနှင့် အစ်ကိုများက ဆွဲခေါ်သွားကြသည်။
‎သူက ဗိုက်ကိုနှိပ်ရင်း အိမ်ပြန်လာသည်။ အိမ်တွင် အမေရောက်နေပြီ

‎“သားရေ … ဟင် ဘာဖြစ်လာတာလဲ”

‎“စက်ဘီးလဲလို့ အမေ”

‎“ဘယ်စက်ဘီးက လဲတာလဲ … မင်းစက်ဘီးက ဟိုမှာ”

‎“အောင်တင်နဲ့ စက်ဘီးအတူစီးရင်း လဲကျသွားလို့”

‎“နေဦး အမေ … မေးဦးမယ် … မနီဆီမှာ သားဒန်အိုး သွားပေါင်တယ်ဆို … ဘာလုပ်တာလဲ ပြောစမ်း”

‎“သား ပိုက်ဆံ နည်းနည်း လိုနေလို့ပါအမေ”

‎“ဘာလဲ ရုပ်ရှင်သွားကြည့်ဖို့မဟုတ်လား”

‎“အမေ ဘယ်လိုသိ …”

‎“သားရယ် … အမေက လိမ်ရင် အရမ်းမုန်းတာ … စောစောကပဲ ကောင်မလေး အဖေနဲ့ အစ်ကိုတွေ အိမ်ကို လာသွားတယ် … သူတို့သမီးကို လာရှာတာ … အမေက ရုပ်ရှင်လဲရင် သူကြည့်နေကျလို့ ပြောလိုက်တယ်။ နောက် ပိုက်ဆံလိုရင် အိမ်ကပစ္စည်းတွေ သွားမပေါင်နဲ့ … အမေ့ကိုပြော”

‎“ဟုတ်ကဲ့”

‎“ပြစမ်း … ပါးစပ်ကသွေးတွေ ထွက်နေပါလား”

‎ကျွန်တော့်အတိတ်တွေက ရုပ်ရှင်ကြည့်နေရသလို ပြန်ပေါ်လာသည်။

‎ဝင်းဦးက ခင်သန်းနုကိုဖက်ပြီး သီချင်းလေး ညည်းလိုက်သည်။

‎“အို မောင်… နော်ဇာရွှေကုံး ဂမုန်းခိုင်ရေ

‎ဟင်း …

‎ဆောင်ပို့မယ် မောင်တို့ ချယ်ရီမြေ

‎အတူတူလိုက်မလားသွားမယ်မေ အချစ်ရေ …”

‎တင်ညွန့်

‎၂၃.၃.၂၀၁၉


‎လူကြမ်း
‎——–

‎သူ့ပါးကို အမေက ကျပ်ထုပ်ထိုးပေးနေသည်။

‎“အား … အမေရယ် နာလိုက်တာ ဖြည်းဖြည်းလုပ်ပါဗျ”

‎“သား … မင်းဘာဖြစ်လို့ ဒီဒဏ်ရာ ရခဲ့သလဲ အမေမသိဘူး … ဒါပေမဲ့ မင်းညံ့လို့ ခံခဲ့ရတာပဲ … အမေ ပြောချင်တဲ့ ညံ့လို့ဆိုတာ ခံပြီးတော့ မထိုးနိုင်ခဲ့လို့ မဟုတ်ဘူး။ မင်း ဒီလို မဖြစ်အောင် မနေနိုင်ခဲ့တာကို ညံတယ် လို့ပြောတာ”

‎“အမေရယ် စက်ဘီးလဲတာပါ”

‎“မိန်းမတွေနဲ့ ပတ်သက်ရင် သားလည်း လိမ်တတ်လာပြီပဲ”

‎ထိုစဉ်

‎“အစ်ကို… အစ်ကို…”

‎“ဟဲ့ … ဘယ်သူလဲ”

‎အမေက ထသွားပြီး တံခါးဖွင့်ပေးလိုက်သည်။ အခန်းထဲကို ဝင်လာသူက အတာ

‎“ဟယ် … အတာ”

‎“သား … သူက ဘာဖြစ်လို့ …”

‎“အတာ ဘာဖြစ်လို့ ဒီကိုလာတာလဲ”

‎“အတာ အိမ်က ထွက်ပြေးလာခဲ့ပြီ အစ်ကို”

‎“ဟင် … ဘယ်လို လုပ်ရမလဲ … အမေ … ဒုက္ခတွေ များကုန်တော့မယ်”

‎“ဟုတ်တယ် … ဒုက္ခတွေ အကြီးကြီး ဖြစ်လာတော့မယ် … ပထမဆုံး သမီး အိမ်က လိုက်လာမယ် … အမေတို့ ဖြေရှင်းကြရတော့မယ်”

‎“အစ်ကို … အတာ အိမ်မပြန်တော့ဘူး … ထွက်ပြေးကြမယ်”

‎“အမေ … ဟုတ်တယ် … သူ့ကို တစ်နေရာ ခေါ်သွားမှ ဖြစ်မယ် … သူ့အိမ်က လိုက်လာရင် ဘယ်လို လုပ်မလဲ … သူ့ကို ရိုက်ကြမှာ”

‎“နေဦး … နေဦး … ခေါင်းအေးအေးထား … သမီး ထွက်လာတာ သူတို့ သိသလား”

‎“မသိဘူး … သမီးကို အခန်းထဲ ထည့်ပိတ်ထားတာ … ရအောင်ခိုးထွက်ခဲ့တာ”

‎“ဘာကြောင့် ဒီလို ထွက်လာတာလဲ … သမီး”

‎“သမီးကို ဝိုင်းရိုက်ကြတယ် … ပြီးတော့ … အစ်ကိုနဲ့ သဘောမတူဘူး … ခွဲကြလိမ့်မယ် …”

‎“သမီးရယ် … သူတို့ အချိန်မရွေးရောက်လာနိုင်တယ်”

‎“ဒါကြောင့်ပြောတာအမေ … အတာ့ကို ဘကြီးတို့အိမ်မှာ သွားဝှက်ပေးထားမယ်”

‎“မဖြစ်ဘူးသား … လာမယ့်ဘေး ရှောင်ပြေးတာ အမေမကြိုက်ဘူး … လာမယ့်ဘေး ပြေးတွေ့ရမယ် … ပထမဆုံး သားကို မေးမယ် … မိန်းကလေးတစ်ယောက်က ယောက်ျားလေးတစ်ယောက်ဆီကို အားကိုး တကြီးနဲ့ အိမ်ကဆင်းလာပါပြီလို့ ပြောနေတယ် … ဒီအချိန်မှာ သားအဆုံးအဖြတ်က အရေးကြီးတယ် … သား ဘက်က သူ့ကို လက်ခံဖို့ အဆင်သင့်ဖြစ်ပြီလား”

‎သူငိုင်နေသည်။ အတာက သူ့ဘေးကို တိုးလိုက်ပြီး သူ့လက်မောင်းကို ကိုင်ထားသည်

‎“အစ်ကို ဘယ်လို လုပ်မလဲဟင် … အတာတော့ မပြန်ဘူး”

‎ထိုစဉ် အိမ်ရှေ့မှ ကားရပ်သံကြားလိုက်ရသည်

‎“ဟေ့ … တံခါးဖွင့်စမ်း … တံခါးဖွင့်”

‎အမေက တံခါးကို ဖွင့်ပေးလိုက်သည်။ ရပ်ကွက်လူကြီးတွေအပြင် အတာ့ အဖေနှင့်အမေ

‎“မိတာ လာစမ်း”

‎အတာက သူ့ကိုဖက်ထားလိုက်ပြီး

‎“အစ်ကို အတာ ပြန်မလိုက်သွားဘူး … အစ်ကိုနဲ့ပဲ နေမယ် … မလိုက်ဘူး … သမီး ခိုးရာလိုက်လာတာ”

‎“မိတာ … လာလို့ ပြောနေတယ်နော်”

‎သူ့အမေက အတာ့ကို ဝင်ဆွဲသည်။ အတာက သူ့ကိုဖက်ထားသည်။ သူ့အဖေကပါ ရောက်လာပြီး သူ့ကို ထိုးသည်။ သူက သူ့အဖေလက်ကို ပုတ်ထုတ်လိုက်ပြီး

‎“ကျုပ်ပြောတာနားထောင် … ခင်ဗျားတို့ ကျုပ်အိမ်ပေါ်ကိုလည်း တက်လာသေးတယ် … ဒီလိုစော်ကားလို့ မရဘူး … ဒီတစ်ချီ ခင်ဗျားထိုးတာကို ငုံ့ခံမယ့်သူမဟုတ်ဘူး”

‎“အောင်မယ် … ခွေးမသား လူပါးဝလို့”

‎“ခင်ဗျား မိုက်ရိုင်းလှချည်လား ကျုပ်အမေကိုများ …”

‎သူက လက်သီးကိုဆုပ်လိုက်ပြီး အတာ့အဖေကို တစ်ချက်တည်း ထိုးချလိုက်သည်။ အတာ့အဖေက နောက်ပြန် ဖင်ထိုင်ကာ လဲကျသွားသည်။

‎“အို … အဖေ … အစ်ကို ဘယ်လို လုပ်လိုက်တာလဲ”

‎“ခင်ဗျား … လူပါးမဝနဲ့ … စောစောကတည်းက လမ်းမှာ မလုပ်ချင်လို့ … ကိုင်း”

‎သူက နောက်တစ်ချက်ထိုးရန်ပြင်လိုက်ရာ သူ့ကို လူကြီးတစ်ယောက်က ဝင်ချုပ်သည်။

‎“ဟေ့ကောင် တော်စမ်း … အေးအေးဆေးဆေးပြောကြမယ်”

‎“တက်လာကတည်းက အဲသည်လို လုပ်ပါလား”

‎အတာ့အဖေက

‎“တောက် … လူပါးဝလို့ … တွေ့လား ခွေးမ … နင့်ကြောင့် ငါတို့ လူကြားထဲမှာ တစ်စက်မှ သိက္ခာ မရှိတော့ဘူး”

‎“သိက္ခာရှိချင်ရင် သိက္ခာရှိရှိ လူကြီးလူကောင်းလို ဖြေရှင်းရတယ်ရှင့် … ရှင်တို့ သမီးက သူ့ဘာသာသူ ရောက်လာတာ … ကျွန်မတို့ ဘာမှ မလုပ်ဘူး … ထိုင်စကားပြောနေတာ … မကျေနပ်ရင် ပြန်ခေါ်သွားကြလေ”

‎အမေက ဝင်ပြောလိုက်ခြင်းဖြစ်သည်။ အတာက သူ့ကို ကြည့်နေသည်။ သူ့အဖေက

‎“ငါ့သားတွေ ပါလာလို့ကတော့ မင်း တစ်စစီဖြစ်သွားမယ်”

‎“ဦးလေး … စကားကို ဆင်ခြင်ပြောပါ … ကျွန်တော် ဦးလေးသမီးကို ဘာမှ မလုပ်ဘူး။ သူ့ဘာသာ ရောက်လာတာ … မေးကြည့် … ခုလည်း ပြန်ခေါ်သွားလို့ရတယ် … စိတ်မဝင်စားဘူး”

‎“အစ်ကို ဘယ်လိုပြောလိုက်တာလဲ”

‎“ဟုတ်တယ် … စိတ်ထဲရှိတဲ့အတိုင်း ပြောလိုက်တာ … စိတ်မဝင်စားဘူး … မိန်းမတဲ့ … ဘာမိန်းမလဲ … အဆင့်အတန်းမရှိ။ ပိုက်ဆံရှိတယ် … လူကြီးလူကောင်းတွေတဲ့ … တစ်ပြားမှ မတန်တဲ့ဟာတွေ … ထွက်သွား … ခင်ဗျားတို့ ထွက်သွားကြ”

‎“အေးဗျာ … ခင်ဗျားတို့ သမီးကို ပြန်ခေါ်သွားကြပါတော့ … ကျွန်တော်တို့ သူတို့သားအမိအကြောင်း ကောင်းကောင်းသိတယ်။ ကောင်းကောင်းမွန်မွန် ရိုးရိုးသားသားတွေ … ခု ခင်ဗျားတို့ သမီးကို ဒီအတိုင်းပဲ တွေ့ရပြီ မဟုတ်လား … ပြန်ခေါ်သွားပါ”

‎“လာ … သမီး”

‎အတာ့အမေက သူ့သမီးကို ဆွဲခေါ်သွားသည်။ အတာက သူ့အမေနောက် ပြန်လိုက်သွားသည်။ သူတို့ အားလုံး အိမ်ပေါ်က ဆင်းသွားကြချိန်တွင် အမေက တံခါးကို သွားပိတ်လိုက်သည်။

‎“အမေ”

‎“ဘာလဲသား”

‎“သား လုပ်လိုက်တာ မှန်သလားဟင်”

‎“မှန်တယ်သား … မှန်တယ် … သားဆုံးဖြတ်လိုက်တာ အရမ်းကောင်းတယ်”

‎“အမှန်တော့ သားက အတာ့ကိုချစ်တာ အမေရယ် … ဒါပေမဲ့ အမေမျက်ရည်တွေကျနေတာကိုကြည့်ပြီး ချက်ချင်းကို လူကြမ်းကြီးထလုပ်လိုက်တာ။ သားမရိုင်းချင်ပါဘူးအမေ။ ကိုယ့်အဖေလောက်အရွယ်ကိုလည်း မထိုးချင်ပါဘူး။ ဒါပေမဲ့သားက ဒီလိုမှ မလုပ်ရင် …”

‎“သားရယ် … အမေ့သားလေး … အမေ့သားလေး”

‎(အတာရေ … မင်း ခုချိန်မှာ ဒီစာကို ဖတ်မိနိုင်ပါစေ)
‎…
‎တင်ညွန့်

‎၂၄.၃.၂၀၁၉