အပမှီနေသောအိမ်( စ/ဆုံး)
————————–
ဘာလိုလိုနဲ့အဖိုးနဲ့အဖွားဆီမရောက်တာတောင်(၅)နှစ်ရှိပြီ… အဖိုးနဲ့အဖွားကနယ်မှာနေသောကြောင့်သွားရဝေးသည်ကတစ်ကြောင်း အလုပ်များနေသည်ကတစ်ကြောင်းကြောင့်မသွားဖြစ်ခဲ့။ ထို့ကြောင့်နောက်အပတ်လျှင်အရောက်သွားမည်ဟုဆုံးဖြတ်လိုက်ပြီးရှိသမျှအလုပ်တွေကိုအပြီးသတ်လုပ်ဆောင်ရတော့သည်။ ထို့နောက်အဖေနဲ့အမေကိုနယ်ကအဖိုးနဲ့အဖွားဆီအလည်သွားမည့်အကြောင်းပြောပြပြီးအ၀တ်စားထုပ်ပြင်ကာမနက်စောစောပင်အဝေးပြေးကားဂိတ်သို့ကျနော်ထွက်လာခဲ့လိုက်သည်။ပြီးလျှင်ကားလက်မှတ်၀ယ်ကာနယ်သို့ခရီးဆက်လာခဲ့သည်။ ကားစီးရင်း မကြာခင်မရောက်တာကြာပြီဖြစ်သော ငယ်ငယ်ကအတူနေခဲ့သည့်အဖိုးနှင့်အဖွားဆီရောက်တော့မှာမို့၀မ်းသာပိတိဖြစ်မိသည်။
သည်လိုနှင့်တစ်နေကုန်နီးပါးကားပေါ်တွင်အချိန်ကုန်ပြီးနောက်ကျနော်အရမ်းလွမ်းနေသောအဖိုးနဲ့အဖွားရှိရာရွာသို့ရောက်လာခဲ့တော့သည်။ထို့ကြောင့် ကားပေါ်မှဆင်းလိုက်ပြီးရွာသို့စတင်၀င်လိုက်သည်နှင့်ကျနော်မရောက်ဖြစ်ခဲ့သည့်(၅)နှစ်အတွင်းရွာသည်တော်တော်တိုးတက်ပြောင်းလဲလာခဲ့သည်ဟုသုံးသပ်လိုက်မိသည်။ ယခင်ကအိမ်ကြီးအိမ်ကောင်းသိပ်မရှိသောရွာသည် ယခုဆိုလျှင်သူ့ထက်ငါအပြိုင်အဆိုင်အိမ်ကြီးအိမ်ကောင်းများဆောက်ထားကြသည်။ ဒါကလဲခေတ်အလိုက်ပြောင်းလဲလာကြတာဖြစ်မည်။ လမ်းတွင်ယခင်ကခင်မင်ခဲ့သည့်တွေ့သမျှသူများတစ်လမ်းလုံးနှုတ်ဆက်လာခဲ့ရင်းနှင့်နောက်ဆုံးတော့အဖိုးနဲ့အဖွားအိမ်ရှေ့သို့ရောက်လာခဲ့သည်။
” အဖိုး…အဖွား…သားရောက်လာပြီ ”
ကျနော့အသံကြားသည်နှင့်အဖိုးနဲ့အဖွားအိမ်ရှေ့သို့အမြန်ထွက်လာကြသည်။
” ဟင်….မြေးလေးလာတယ် ”
မထင်မှတ်ပဲကျနော့ကိုမြင်လိုက်ရသဖြင့်အဖိုးရောအဖွားပါအံ့အားသင့်သွားကြပုံရသည်။
” လာမယ်ဆိုလဲကြို ပြီးအကြောင်းကြားပေါ့မြေးရဲ့ ခုတော့ဗြုန်းစားကြီးရောက်လာရတယ်လို့ ”
” ခုလိုရုတ်တရက်ရောက်လာတော့အဖိုးနဲ့အဖွားပိုပြီး၀မ်းသာသွားတယ်မဟုတ်လား ”
” ၀မ်းသာတာပေါ့မြေးရဲ့… အဖွားကလေငါ့မြေးကိုအရမ်းတွေ့ချင်နေတာ ”
” မြေးအဖွားနှစ်ယောက်နောက်မှအလွမ်းသယ်ကြ တစ်နေကုန်ကားစီးထားရတော့မြေးလေးပင်ပန်းနေမှာပေါ့ … အိမ်ထဲအရင်၀င်ပြီးအနားယူပါအုံး ”
” ဟုတ်သားပဲ… လာမြေး အိမ်ထဲအရင်၀င်ပြီးနားလိုက် ”
ကျနော်ရောက်လာသည့်အတွက်အဖိုးနဲ့အဖွားပျော်ရွှင်နေသလိုကျနော်လဲအရမ်းပျော်နေမိသည်။ သည်လိုနှင့်ခဏမျှအနားယူရေချိုးပြီးသည်နှင့်ညစာစားချိန်ရောက်ပြီမို့ညစာစားရတော့သည်။ ထို့နောက်အဖိုးအဖွားနှင့်အတန်ကြာသည်အထိစကားပြောပြီးမှအိပ်ယာ၀င်လိုက်သည်။ အိပ်ယာ၀င်ပြီးအတန်ကြာသည်ထိအိပ်၍မပျော်ပဲဖြစ်နေသောကြောင့်ခြံထဲတွင်လမ်းလျောက်ရန်ကျနော်ဆင်းလာခဲ့လိုက်သည်။ လမင်းကြီးကလည်းထိန်ထိန်သာ ပတ်၀န်းကျင်ကလဲတိတ်ဆိတ်နေပြီးတစ်ခါခါလေပြေလေးများတိုက်ခက်လာသဖြင့်တစ်နေကုန်ကားစီး၍ပင်ပန်းထားသမျှလန်းဆန်းသွားတော့သည်။
” ဒုန်းး…..ခွမ်းး ”
” တောက်…”
ရုတ်တရက်ခြံချင်းကပ်ခေါင်းရင်းအိမ်မှတစ်စုံတစ်ခုကျကွဲသံနှင့်အတူတောက်ခက်သံကြီးကိုကြားလိုက်ရသည်။ ခြံအကျယ်ကြီးမို့အိမ်ချင်းကအလှမ်းဝေးသော်လည်းတိတ်ဆိတ်နေသောညမှာမို့အတိုင်းသားကြားနေရခြင်းဖြစ်သည်။
” ဒုန်းး…ခွမ်း…ဒုန်းး….”
” တောက်…”
အသံထပ်မံထွက်လာသဖြင့်ကျနော်လဲဆက်ပြီးနားစွင့်နေလိုက်သည်။
” ညနက်သန်းခေါင်ကြီးရန်ဖြစ်နေကြတာလား…. ဘယ်လိုလူတွေပါလိမ့် ”
ထိုသို့တစ်စုံတစ်ခုကျကွဲသံ တောက်ခက်သံကိုအချိန်အတော်ကြာသည်အထိကျနော်နားစွင့်နေပြီးထိုအသံရပ်သွားမှသာအိမ်ပေါ်သို့ပြန်တက်လာပြီးအိပ်လိုက်သည်။
မနက်မိုးလင်းသည်နှင့်မျက်နှာသစ်ပြီးအဖွားပြင်ထားသောမနက်စာစားပွဲသို့ကျနော်၀င်ထိုင်လိုက်သည်။
” မြေးရဲ့အဖွားလက်ရာထမင်းကြော်နဲ့ပဲပြုတ်ဆီဆမ်း အားရပါးရစားနော်မြေး ”
” ဒါမျိုးမစားရတာကြာပြီ အဖွားလက်ရာကိုအမြဲသတိရနေတာ ”
” မြေးကြိုက်တာသိလို့ကိုအဖွားကြော်ထားပေးတာ များများစား ”
” ဟုတ်ကဲ့ ”
ကျနော်လဲမစားရတာကြာပြီဖြစ်သောအဖွားလက်ရာထမင်းကြော်ကိုအားရပါးရစားလိုက်သည်။ မနက်စာစားပြီးစီးသွားသောအခါညကကြားခဲ့သည့်ခေါင်းရင်းအိမ်ကအသံကိုသတိရသွားသည်။
” ဒါနဲ့အဖိုး ညကခေါင်းရင်းအိမ်မှာတစ်ခုခုကျကွဲသံတွေ တောက်ခက်သံတွေအကြာကြီးကြားနေရတယ် ရန်ဖြစ်ကြတာလားမသိဘူး ”
ကျနော့အမေးကြောင့်အဖိုးသက်ပြင်းချလိုက်ပြီး
” ခေါင်းရင်းအိမ်မှာဘယ်သူမှမရှိပါဘူး ”
အဖိုးအဖြေကြောင့်ကျနော်အံအားသင့်သွားမိသည်။
” ဗျာ… ဘယ်သူမှမရှိဘူးဟုတ်လား ဒါဆိုညကဘာလို့အသံကြားနေရတာလဲ.. အရင်ကဦးဘတိုးမိသားစုနေတယ်မဟုတ်လားအဖိုး ”
” ဦးဘတိုးဆုံးသွားပြီ ဦးဘတိုးတင်မကဘူးသူ့မိန်းမဒေါ်မေညွန့်ပါဆုံးသွားပြီမြေးရဲ့ ”
” ဗျာ… ဘာလို့ဆုံးသွားတာလဲအဖိုး ”
ကျနော်မလာတဲ့(၅)နှစ်အတွင်းဦးဘတိုးလင်မယားဆုံးသွားပြီဆိုသဖြင့်အံ့ဩသွားမိသည်။
” စိတ်မကောင်းစရာပါ ဒီအကြောင်းတွေကိုအဖိုးလဲပြန်မပြောပြချင်ပါဘူး ”
ဘာအကြောင်းတွေဖြစ်ခဲ့လဲဆိုတာကျနော်အရမ်းသိချင်နေတာနှင့်
” ပြောပြပါအဖိုး သားသိချင်တယ် ”
အဖိုးသက်ပြင်းတစ်ချက်ချလိုက်ပြီး
” ဒီလိုမြေးရဲ့ … လွန်ခဲ့တဲ့(၃)နှစ်တုန်းကပေါ့ ”
✏✏ ✏ ✏ ✏ ✏
မကြာခင်မိုးတွင်းရောက်တော့မည်….မိမိအိမ်မှာယိုင်နဲ့နေပြီဖြစ်သောကြောင့်စုထားသောငွေလေးဖြင့်ပြင်ထောင်အိမ်လေးတစ်လုံးဆောက်ရန်ဦးဘတိုးနှင့်ဒေါ်မေညွန့်စိတ်ကူးထားလိုက်သည်။ ထို့ကြောင့်အိမ်ဆောက်ရန်လိုအပ်သည့်သစ်များကို၀ယ်ဖို့ရန်ထွက်လာခဲ့ကြသည်။
” ဘတိုးတို့လင်မယားပါလား ဘယ်သွားကြမလို့လဲ ”
” အိမ်ဆောက်မလို့သစ်လေးဘာလေးသွား၀ယ်မလို့ပါတင်ရွှေရ ”
” ဟုတ်လား… မင်းသစ်၀ယ်မယ်ဆိုငါ့အသိရှိတယ် သစ်ကတော့သူ့အိမ်ဖျက်ထားတဲ့သစ်ဆိုပေမဲ့အကောင်းကြီးရှိသေးတာ အသစ်အတိုင်းပဲ စျေးလဲအရမ်းသက်သာတယ် အဲ့သစ်နဲ့ဆိုမင်းအိမ်တစ်လုံးအေးဆေးဆောက်လို့ရပြီ ”
” ဟုတ်လား ငါလဲလက်ထဲမှာပိုက်ဆံသိပ်မရှိတာနဲ့အတော်ပဲ ငါ၀ယ်မယ်ကွာအဲ့သစ်ကို ”
ပိုက်ဆံသိပ်မရှိသည်မို့ယခုစျေးတော်တော်နှင့်အိမ်တစ်လုံးစာသစ်ရမည်ဆိုသဖြင့်ဦးဘတိုးရောဒေါ်မေညွန့်ပါ၀မ်းသာသွားကြသည်။
ထို့နောက်ထိုသစ်၀ယ်ရန်ဦးတင်ရွှေနှင့်လိုက်သွားကာသစ်ကိုကြည့်ပြီးကြိုက်သည်နှင့်ငွေချေ ကားငှါးပြီးနောက်သစ်တင်ဆောင်ကာအိမ်သို့ပြန်လာခဲ့ကြတော့သည်။ ထို့နောက်အိမ်ဆောက်မည့်လက်သမားများငှါးကာပြင်ထောင်အိမ်လေးတစ်လုံးဆောက်လိုက်သည်။မှန်းထားတာထက်ပိုက်ဆံသိပ်မကုန်လိုက်ပဲအိမ်ကောင်းကောင်းလေးတစ်လုံးရသွားသဖြင့်ဦးဘတိုးနှင့်ဒေါ်မေညွန့်၀မ်းသာမဆုံးဖြစ်နေကြသည်။ ယနေ့အိမ်ဆောက်လို့ပြီးစီးသွားပြီဆိုသဖြင့်အိမ်ဆောက်စဉ်ကပင်ပန်းထားသမျှအတိုးချကာဦးဘတိုးဒေါ်မေညွန့်အပါအ၀င်သမီးဖြစ်သူယဉ်ယဉ်ရွှေနှင့်ယဉ်ယဉ်လှတို့ပါအစောကြီးအိပ်ယာ၀င်လိုက်သည်။
” ဒုန်းး…ခွမ်းး ”
” တောက် ”
ပန်းကန်ကျကွဲသံနှင့်အတူလူတစ်ယောက်ဒေါသတကြီးတောက်ခက်သံကိုကျယ်လောင်စွာကြားလိုက်ရသဖြင့်ဒေါ်မေညွန့်လန့်နိုးသွားတော့သည်။
” ဟင်… ဘယ်သူပါလိမ့် ”
ဇဝေဇ၀ါဖြင့်အိပ်ယာကမထသေးပဲဆက်ပြီးနားစွင့့်ထားလိုက်သည်။
” ဒုန်းး…..ခွမ်းး ”
နောက်တစ်ခါထပ်ကြားလိုက်သဖြင့်အိမ်ထဲတွင်တစ်ယောက်ယောက်ရောက်နေသည်ဆိုတာဒေါ်မေညွန့့်သိလိုက်ပြီးထကာအသံကြားရာနောက်ဖေးပန်းကန်ထားသည့်နေရာသို့ခြေဖော့သွားလိုက်သည်။
သူနောက်ဖေးသို့ရောက်စဉ်အရိပ်မည်းကြီးတစ်ခုမတ်တပ်ရပ်နေသည်ကိုတွေ့လိုက်ရသည့်အတွက်ဒေါ်မေညွန့်အရမ်းထိန့်လန့်သွားပြီး
” အမလေး သရဲ သရဲ ”
ငယ်သံပါအောင်အော်ကာထိုနေရာမှာပင်မေ့လဲသွားတော့သည်။
ဒေါ်မေညွန့်အော်သံကြောင့်ဦးဘတိုးရောသမီး(၂)ယောက်ပါနိုးသွားကြပြီးတစ်အိမ်လုံးမီးဖွင့်ကာနောက်ဖေးသို့ပြေးလာကြသည်။
” မိန်းမ မိန်းမ ဘာဖြစ်တာလဲ ”
” မေမေ မေမေ…ဘာဖြစ်တာလဲခေါ်လို့လဲမရဘူး ”
ဒေါ်မေညွန့်သတိမေ့ပြီးခေါ်လို့မရသဖြင့်ရှူ ဆေးပေးရှူ လိုက်နှိပ်နှယ်ပေးလိုက်ဖြင့့်သားအဖ(၃)ယောက်အလုပ်ရှုပ်သွားသည်။
ထိုသို့ပြုလုပ်ပေးရင်း(၁၀)မိနစ်အကြာတွင်သတိပြန်၀င်လာခဲ့သည်။
ဒေါ်မေညွန့်မျက်လုံးဖွင့်သည်နှင့်
” သရဲ သရဲ…ကြောက်တယ် အီးဟီးး ”
ဒေါ်မေညွန့်ကိုဦးဘတိုးရောသမီး(၂)ယောက်ပါနားမလည်နိုင်စွာကြည့်လိုက်ပြီး
” ဘယ်မှာလဲသရဲ ဘယ်သူမှမရှိပါဘူး ”
” ပန်းကန်ကျကွဲသံကြားလို့ကျမလာကြည့်တာအရိပ်မဲကြီးတစ်ခုဒီမှာရှိနေတယ် ကျမကြောက်တယ်ကိုဘတိုး အီးဟီးး ”
ပြောရင်းဒေါ်မေညွန့်ငိုတော့သည်။
” ပန်းကန်ကျကွဲတာဆိုရင်ပန်းကန်ကွဲစတွေရှိရမှာပေါ့ ဘယ်မှာလဲအခုပန်းကန်ကွဲ မိန်းမနားကြားမှားတာဖြစ်မှာပါ အရိပ်ဆိုတာကလဲကြောင်တွေလာတာဖြစ်မှာပါကွာ ”
” ဟုတ်ပါတယ်မေမေရဲ့ သမီးတို့လဲရှိနေတာပဲ ဘာသံမှမကြားမိပါဘူး ”
ထို့နောက်ဦးဘတိုးသည်မိန်းမဖြစ်သူကြောက်စိတ်ပျယ်အောင်ချော့မော့ပြောဆိုပြီးပြန်လည်အိပ်ခိုင်းလိုက်သည်။
သုံးလေးရက်ကြာသောအခါဒေါ်မေညွန့့်လဲသူအမြင်မှားတာဖြစ်မှာပါဟုသတ်မှတ်လိုက်ပြီးထိုကိစ္စကိုမေ့မေ့ပျောက်ပျောက်ဖြစ်သွားသည်။
သည်နေ့ဦးဘတိုးနှင့်သမီး(၂)ယောက်လုံးတစ်ခြားရွာရှိဆွေမျိုးတွေဆီညအိပ်အလည်သွားသဖြင့်ဒေါ်မေညွန့်တစ်ယောက်တည်းအိမ်စောင့်အဖြစ်ကျန်ခဲ့သည်။ ထုံးစံအတိုင်းပျင်းပျင်းရှိတာနှင့်စောစောပင်အိပ်ယာ၀င်လိုက်သည်။
” ဟားးး ဟားး ဟားဟား ”
ရုတ်တရက်ကျယ်လောင်စွာထွက်ပေါ်လာသောရယ်သံကြောင့်ဒေါ်မေညွန့်နိုးသွားပြီးအနားတွင်ဆောင်ထားသောလက်နှိတ်ဓါတ်မီးကိုယူကာ ဟိုဟိုဒီဒီလိုက်ထိုးကြည့်လိုက်ပြီးဘာမှမတွေ့သဖြင့်ပြန်ပိတ်လိုက်သည်။
” ဟားးး ဟားးး ဟားးး ”
” ဟင်…ဘယ်သူလဲ ”
ဒီတစ်ခါတော့ဒေါ်မေညွန့်အတော်လေးလန့့်သွားပြီးဓါတ်မီးပြန်ဖွင့်ကာအသံကြားရာခေါင်မိုးသို့ထိုးကြည့်လိုက်သည်။
” အမလေး သရဲ..သရဲ အားးး ”
သူအိပ်နေသည့်အပေါ်တည့်တည့်ထုတ်တန်းပေါ်တွင်ထိုင်ကာသူ့အားစူးစူးဝါးဝါးကြည့်နေသောမဲမဲကောင်ကြီးကိုမြင်လိုက်ရသဖြင့်ဒေါ်မေညွန့်အရမ်းကြောက်လန့်သွားပြီးငယ်သံပါအောင်အော်ကာအိပ်ယာထဲတွင်ပင်ငြိမ်သက်သွားတော့သည်။
ညနေသို့ရောက်သောအခါဦးဘတိုးတို့သားဖသုံးယောက်အိမ်သို့ပြန်ရောက်လာခဲ့သည်။
” အစောကြီးအိပ်နေပါလား နေမကောင်းဘူးလားမိန်းမ ”
ပြောရင်းဒေါ်မေညွန့်နဖူးကိုဦးဘတိုးလက်တင်ကာစမ်းကြည့်လိုက်သည့်အခါမှတော့အေးစက်နေသည်ကိုသတိထားလိုက်မိသည်။
” ဟင်…အေးစက်နေတာပဲ အသက်လဲမရှူ တော့ဘူး ”
ဦးဘတိုးစကားကြောင့်ယဉ်ယဉ်ရွှေနှင့်ယဉ်ယဉ်လှပါမိခင်ကိုစိတ်ပူသွားကြသည်။
” မေမေ မေမေ ဘာဖြစ်တာလဲမေမေရဲ့ ထပါအုံး ”
” သမီးမေမေကိုဆေးရုံအမြန်ပို့မှဖြစ်မယ် ”
ထို့နောက်ကားငှါးကာဒေါ်မေညွန့်ကိုဆေးရုံအမြန်ပို့ဆောင်လိုက်သည်။ သို့ပေမဲ့ဒေါ်မေညွန့်သေဆုံးသွားခဲ့ပါပြီ… မသေခင်တုန်လှုပ်စရာတစ်ခုခုကြုံခဲ့ပြီးနှလုံးရှော့ခ်ရိုက်ကာသေဆုံးသွားကြောင်းစစ်ဆေးချက်အဖြေထွက်လာခဲ့သည်။ ဦးဘတိုးသားအဖသုံးယောက်လဲယူကြုံးမရဖြစ်ပြီးငိုကုန်တော့သည်။
ဒေါ်မေညွန့်ရက်လည်ပြီးစီးသွားပြီ… ဘာကြောင့့်ယခုလိုဖြစ်သွားရသည်ကိုဦးဘတိုးနားမလည်နိုင်သေးပဲမိန်းမဖြစ်သူကိုတစ်ယောက်တည်းချန်ထားမိသဖြင့်ဤသို့အဖြစ်ဆိုးခဲ့ရသည့်အတွက်မိမိကိုယ်ကိုအပြစ်တင်နေမိသည်။
ညဉ့်နက်နေပြီဖြစ်ပေမဲ့ဦးဘတိုးစိတ်ညစ်ညစ်နှင့်အိပ်မပျော်နိုင်သေးပဲနောက်ဖေးခန်းအမှောင်ထဲတွင်ထိုင်ကာဆေးလိပ်ထိုင်သောက်နေလိုက်သည်။
” ဒုန်းး… ခွမ်းး ”
ရုတ်တရက်အနားတွင်ပန်းကန်ကျကွဲသံထွက်ပေါ်လာသဖြင့်ဦးဘတိုးလန့်သွားပြီးတစ်ကိုယ်လုံးကြက်သီးမွှေးညင်းထသွားသည်။ ယခုလိုတစ်ခါမှမဖြစ်ဖူးသည့်အတွက်ထူးဆန်းနေသည်ဆိုတာသိလိုက်သည်။ ထို့ကြောင့့်မီးဖွင့်ရန်မီးခလုတ်ထစမ်းလိုက်စဉ်တစ်စုံတစ်ရာကသူ့ရှေ့မှာကာထားသဖြင့်မီးဖွင့်၍မရပဲဖြစ်သွားသည်။
” ဘယ်သူလဲ သူခိုးလား…အ..အစ် အစ် ”
မေးလို့မှမဆုံးသေး လည်ပင်းညှစ်ခံလိုက်ရသဖြင့့်ဦးဘတိုးအသက်ရှူ ကျပ်လာပြီးသူ့အားလည်ပင်းညှစ်နေသောသူအားတွန်းထုတ်ရန်ကိုင်လိုက်စဉ်ထိုသူခန္ခာကိုယ်မှာအမွှေးကြမ်းကြမ်းကြီးများပြည့်နေသည့်အတွက်လူမဟုတ်သည်ကိုသိလိုက်သည်။ ဦးဘတိုးအားရှိသလောက်ရုန်းကန်သော်လည်းဘယ်လိုမှမရသဖြင့်နောက်ဆုံးတစ်ကိုယ်လုံးချိနဲ့ကာခွေကျသွားတော့သည်။
ထိုအဖြစ်ကိုယဉ်ယဉ်ရွှေနှင့်ယဉ်ယဉ်လှမသိပဲမိခင်အသုဘတုန်းကပင်ပန်းထားသဖြင့်အိပ်မောကျနေမြဲပင်။
မနက်မိုးလင်းသောအခါမျက်နှာသစ်ရန်နောက်ဖေးခန်းသို့ယဉ်ယဉ်လှ၀င်လိုက်စဉ်ဖခင်ဖြစ်သူလဲကျနေသည်ကိုတွေ့လိုက်ရသည့်အတွက်လန့်သွားပြီး
” မမလာပါအုံး ဖေဖေဘာဖြစ်လဲမသိဘူး ”
ညီမဖြစ်သူခေါ်သံကြောင့်ယဉ်ယဉ်ရွှေလဲနောက်ဖေးခန်းသို့ပြေး၀င်လာလိုက်သည်။
” ဖေဖေဘာဖြစ်တာလဲ ”
” မသိဘူး ညီမ၀င်လာတော့ဖေဖေလဲကျနေတာပဲတွေ့တယ် အီးဟီးး လုပ်ပါအုံးမမ ”
” ခဏလေး အိမ်နားနီးပါးတွေကိုအမသွားခေါ်လိုက်အုံးမယ် ”
ယဉ်ယဉ်ရွှေလဲအိမ်ခြေရင်းကဖိုးဖိုးမင်းနှင့်ဖွားမေသိန်းကိုအမြန်ပြေးခေါ်တော့သည်။ ဖိုးဖိုးမင်းနှင့်ဖွားမေသိန်းရောက်လာပြီးဦးဘတိုးကိုစမ်းကြည့်သည့်အခါမှာတော့သေဆုံးသွားပြီဖြစ်သည်။
” သမီးဖေဖေအသက်မရှိတော့ဘူး ”
” ရှင်…မဖြစ်နိုင်တာ မနေ့ကအကောင်းကြီးပါ ဘာလို့ရုတ်တရက်ဆုံးသွားရတာလဲ ”
” အဖိုးလဲမယုံနိုင်ပါဘူး ဘာလို့များမေညွန့်ရောဘတိုးပါရှေ့ဆင့်နောက်ဆင့်ဆုံးရတာလဲ အဖိုးသံသယ၀င်မိတယ် ”
” ဘာကြောင့်လဲအဖိုး ဘာလို့ဖေဖေနဲ့မေမေအခုလိုဖြစ်ရတာလဲ ”
” အင်း…. ဒီအိမ်ကမသန့်ဘူးလို့အဖိုးထင်တယ် ”
” ရှင်…”
” ဟုတ်တယ်သမီး ဒီအိမ်ဆောက်ပြီးပြီးချင်းညကတစ်ခုခုကျကွဲသံတွေ တောက်ခက်သံတွေကြားရတယ် အဖိုးလဲသမီးအမေနဲ့အဖေရန်ဖြစ်ကြတယ်ပဲထင်တာပေါ့… သမီးအမေမေဆုံးခင်ညကတော့ ရယ်သံအကျယ်ကြီးကိုကြားလိုက်ရပြန်တယ်…သမီးတို့ကြိုက်လားမကြိုက်လားမသိလို့အဖိုးလဲမပြောပြခဲ့ဘူး အခုလဲဘတိုးရုတ်တရက်ဆုံးသွားပုံကြည့်ရင်ဒီအိမ်မှာတစ်ခုခုစွဲကပ်နေတယ်လို့အဖိုးထင်တယ် ”
ဖိုးဖိုးမင်းစကားကြောင့်ယဉ်ယဉ်ရွှေရောယဉ်ယဉ်လှပါအံ့ဩမှုနှင့်အတူကြောက်သွားကြသည်။
” ဒါဆို ဒီအိမ်မှာသရဲရှိနေတာပေါ့နော်အဖိုး ”
” သမီးတို့ဒီခြံမှာနေလာတာကြာပြီဘာမှမဖြစ်ခဲ့ပါဘူး ခုမှဘယ်လိုဖြစ်ရတာလဲ ”
” အဖိုးလဲဒါကိုပဲထူးဆန်းတယ်လို့ထင်နေတာ ဒါနဲ့ဒီအိမ်ဆောက်ဖို့အတွက်သစ်တွေဘယ်မှာ၀ယ်ခဲ့တာလဲ ”
” ဖေဖေ့ရဲ့အသိတစ်ယောက်ကသစ်အဟောင်းတွေစျေးတော်တယ်ဆိုတာနဲ့သွားပြလို့၀ယ်ပြီးဆောက်ထားတာပါ ”
ယဉ်ယဉ်ရွှေစကားကြောင့်ဘာကြောင့်ယခုလိုဖြစ်ခဲ့လဲဆိုတာဖိုးဖိုးမင်းသိလိုက်သည်။
” ေဩာ်..ဒါကြောင့်ကိုး ”
” ဘာလို့လဲအဖိုး ”
” အဖိုးအထင်ပြောရရင်ဒီသစ်အဟောင်းကပါလာတာဖြစ်မယ် ”
” ရှင်….”
ယဉ်ယဉ်ရွှေနှင့်ယဉ်ယဉ်လှကြောက်သွားတော့သည်။
” ကဲ သမီးအဖေဆုံးသွားပြီဆိုတော့စီစဉ်စရာရှိတာစီစဉ်ရအောင်ရွာထဲကလူတွေကိုအဖိုးသွားခေါ်အုံးမယ် ”
ထို့နောက်ရွာထဲကလူအများကိုဖိုးဖိုးမင်းသွားခေါ်လာပြီးအသုဘကိစ္စစီစဉ်ရတော့သည်။ လူအများလဲရှေ့ဆင့်နောက်ဆင့်ဆုံးသွားကြသောဦးဘတိုးလင်မယားအတွက်စိတ်မကောင်းဖြစ်နေကြသည်။
” ဖြစ်စဉ်ကတော့ဒါပါပဲမြေး ယဉ်ယဉ်ရွှေနဲ့ယဉ်ယဉ်လှလဲအိမ်မှာမနေရဲတော့တာနဲ့ဆွေမျိုးတွေရှိတဲ့တစ်ခြားရွာမှာသွားနေလိုက်ကြတယ်လေ ”
အဖိုးပြောတာနားထောင်ပြီးဦးဘတိုးနဲ့ဒေါ်မေညွန့့်အတွက်ကျနော်စိတ်မကောင်းဖြစ်သွားမိသည်။
” ဒါဆိုအဲ့ဒီအိမ်ကြီးကိုဒီတိုင်းပစ်ထားခဲ့တာကြာပြီပေါ့ ”
” ဟုတ်တယ်မြေးရဲ့ (၃)နှစ်ကြာခဲ့ပြီပေါ့ ”
” အဲ့ဒီအိမ်ကြီးကသရဲလဲခုချိန်ထိရှိနေတုန်းပေါ့နော် သူနေလို့မရအောင်တရားမနာပေးကြဘူးလား ”
” ဒါကအိမ်ပိုင်ရှင်သဘောပေါ့မြေးရဲ့ သူတို့ကဒီတိုင်းပစ်ထားတော့တစ်ခြားလူကဘာလုပ်လို့ရမှာလဲ ”
” ဟုတ်သားပဲ အဖိုးပြောပြပုံဆိုအဲ့ဒီအိမ်ကြီးကကြောက်စရာကြီးပဲ သားညကကြားခဲ့တာလဲအဲ့ဒီအိမ်ကသရဲအသံပေါ့ ”
” ဟုတ်တယ်မြေး အဖိုးလဲညတိုင်းလိုလိုကြားတယ် အခုတော့အဲ့အသံကရိုးနေပါပြီ… အဲ့ဒါကြောင့်အိမ်ဆောက်ဖို့သစ်တွေ၀ယ်မယ်ဆိုရင်အိမ်အဟောင်းကသစ်တွေကိုမ၀ယ်သင့်ဘူး… တစ်ချို့ကကောင်းတာရှိသလို အခုလိုအပမှီနေတဲ့မကောင်းတဲ့သစ်တွေဖြစ်ရင်ဒုက္ခရောက်နိုင်တယ်လေ ”
” ဟုတ်ကဲ့အဖိုး သားမှတ်ထားပါ့မယ် ”
” မြေးသိချင်တာတွေပြောပြပြီးပြီဆိုတော့ ကဲ…အစာကြေအောင်လို့အဖိုးလမ်းခဏလျောက်လိုက်အုံးမယ် ”
” အဖွားလဲနေ့လည်စာအတွက်ပြင်ဆင်လိုက်အုံးမယ် ”
” ဟုတ်ကဲ့ ”
အဖိုးနှင့်အဖွားအနားကထွက်သွားပေမဲ့ထိုအိမ်အကြောင်းကကျနော့စိတ်ထဲတွင်စွဲကပ်နေသည်။
နောက်နေ့ညတွေမှာလဲ ထိုအိမ်ကအသံကိုနားစွင့်နေမိပြီးထိုအသံတိတ်မှသာကျနော်အိပ်သည့်အကျင့့်ပါသွားခဲ့သည်။
သည်လိုနှင့်အဖိုးနဲ့အဖွားအိမ်တွင် (၁၀)ရက်နေပြီးအလုပ်ရှိသည်နှင့်ကျနော်နေထိုင်သည့်မြို့သို့ပြန်လာခဲ့လိုက်သည်။ သို့ပေမဲ့ထိုအပမှီနေသောအိမ်အကြောင်းကတော့စိတ်ထဲတွင်ကပ်ညိနေဆဲပင်။
ပြီးပါပြီ
Crd↔စာရေးသူ↔ နေဇင်မင်းသော်