အပြောင်အပျက်မလုပ်နဲ့

Posted on

အပြောင်အပျက်မလုပ်နဲ့(စ/ဆုံး)

——————————–

“အမေ…မပြီးသေးဘူးလား… ကျောင်းတက်
ခေါင်းလောင်ထိုးတော့မယ်”

“မိသိန်း ခဏလောက်စောင့်ဦးဟေ့…အမေထ
မင်းချိုင့်ထည့်နေလို့”

“ဒီလောက်လောနေတာ ဘာလုပ်လို့ ဘာကိုင်ရ
မှန်းမသိတော့ဘူး၊ သွားချင်သွားတော့ နေ့ကျောင်း
ဆင်းကာနီးမှ လာပို့ပေးမယ်”

ဒီနေ့မှ ဟင်းချက်နောက်ကျသွားသည်။ သမီး
ဖြစ်သူ တင်တင်အေးက ငါးတန်း၊ အငယ်ကောင်
မောင်ထွေးက နှစ်တန်း၊ ကျောင်းသားနှစ်ယောက်
အတွက် ထမင်းချိုင့် တစ်ချိုင့်စီ ထုပ်ပေးရသည်။

ဟင်းအိုးကို ချပြီး ထည့်မည်လုပ်နေစဥ် အပြင်
မှ သမီးဖြစ်သူ အလောတကြီးဖြစ်နေသည့်အ
တွက် အငွေ့တထောင်းထောင်းဟင်းကို ချိုင့်ထဲ
ခပ်ထည့်လိုက်ရာ လက်ပူပြီး လက်ထဲမှ လွတ်
ကျသွားရသည်။ချိုင့်ကို ရေပြန်ဆေးပြီး လက်
ခုနှင့် ကိုင်ထည့်ရသည်။ ငါးရံ့ငါးတုံး တစ်တုံး
စီ ထည့်ပေးလိုက်သည်။ ငါးရံ့ကို ချဥ်ပေါင်ရွက်
နှင့် ချက်ထားသည်။

“ကဲ…ပြီးပြီ ကျောင်းတက်ဖို့ လိုပါသေးတယ်၊
ကျောင်းမှာ ကမြင်းကျော ထချင်လို့ အသည်း
အသန်ဖြစ်နေတာမဟုတ်လား”

“ကြည့်…တစ်ရွာလုံး ကျောင်းသားမှန်သမျှ
ကျောင်းရောက်ကုန်ပြီ သမီးတို့ မောင်နှမ
နှစ်ယောက်ပဲ ကျန်တော့တယ်”

“ဟဲ့…မောင်ထွေး ဘောင်းဘီမလဲသွားဘူးလား
အဲဒါ မနေ့က ဝတ်ထားတာ မဟုတ်လား”

“အမေ့သားက ကျောင်းထဲဝင်ရင် ကောင်းကောင်း
မဝင်ဘူး…ကစားပြီးမှဝင်တာ သူတို့ တစ်တန်း
လုံး ညစ်ပတ်နေတာ”

“ကဲ…သွားကြ…ကျောင်းရောက်ချင်ဇောနဲ့ မြန်
မြန်မသွားနဲ့ လဲလို့ကတော့ ထမင်းငတ်ပြီမှတ်”

“နေ့ခင်း ပြန်စားမှာပေါ့”

“ဟဲ့…အိမ်ပြန်ဖို့ စိတ်မကူးနဲ့ တဲကို ထမင်းတောင်း
သွားပို့ရင် ညနေမှ ပြန်လာမှာ”

မမြရီက လှမ်းပြောလိုက်သည့် စကားကို
တင်တင်အေးတို့ မောင်နှမ မကြားတော့။
ကျောင်းသို့ သုတ်ခြေတင်ပြီး သွားကြသည်။
ကလေးတို့ သဘာဝ ရသည့်အချိန်ရသရွေ့
ကစားကြသည်။ ကျောင်းတက်ရန် နာရီဝက်
ခန့်လိုသေးသော်လည်း ကျောင်းမှာ မကစား
ရမှာစိုးသဖြင့် မိခင်ဖြစ်သူကို အတင်းလော
နေကြခြင်းဖြစ်သည်။

တင်တင်အေးတို့ အိမ်နှင့် ကျောင်းက ငါးမိနစ်
ခန့်လျှောက်ရုံနှင့်ရောက်သည်။ မိုးကုန်၍ စပါး
ရိတ်သည်နှင့် လယ်သမား ကိုင်းသမားမှန်လျှင်
အိမ်ကိုပိတ်ကာ လယ်ကွင်းထဲ ရောက်နေကြပြီ။
ကျောင်းသားရှိသော မိဘများက ထမင်းချိုင့်
ထည့်ကာ ပေးလိုက်ကြသည်။

နေ့ခင်းဆို အိမ်မှာ လူမရှိ၊ မိုးတွင်း လူကြီးများ
အိမ်ကပ်နိုင်သည့်အချိန်မျိုးမှ ကျောင်းသား
လေးများ နေ့လည်က အိမ်ပြန်စားခွင့်ရကြသည်။
အချိန်တစ်နာရီ ထမင်းစားချိန် ကျောင်းလွှတ်
ပေးထားသဖြင့် ပြန်စား၍ အချိန်မီသော
ကျောင်းသားလေးများ အိမ်ပြန်စားကြသည်။

ကိုင်းစိုက်ရာသီရောက်သည့်အခါ တစ်ရွာလုံး
နေ့လည် ညနေ မီးခိုးတိတ်၊ တံခါးပိတ်ပြီး
လယ်ထဲ ရောက်နေတတ်သည်။ တင်တင်အေး
တို့ မောင်နှမ ကျောင်းသို့ရောက်လာသည်။
ထမင်းချိုင့်နှင့် လွယ်အိတ်ကို ကျောင်းထဲ
အပြေးအလွှား ဝင်ထားပြီး ကစားကွင်းရှိရာ
သို့ ပြန်ထွက်လာကြသည်။

ကျောင်းက အလယ်တန်းကျောင်းဖြစ်သဖြင့်
ကျောင်းသား ငါးရာကျော်ရှိသည်။ ကျောင်း
သားကြီးများက မကစားကြ။ အတန်းထဲမှာ
သာ အချိန်ဖြုန်းနေကြသည်။

နေ့ခင်း ထမင်းစားတော့ တင်တင်အေးနှင့် မိငြိမ်း
စုစုအေး၊ အေးချစ်တို့ လေးယောက် ချိုင့်ကိုယ်စီ
ဖွင့်ပြီး စုစားကြသည်။ လယ်ကွင်းထဲက ကျောင်း
လာတက်သော အေးချစ်က ကြွက်သားကြော်ပါ
လာသည်။ အားလုံး အေးချစ်ဟင်းချိုင့်ကို နှိုက်
စားကြသဖြင့် စောစောကုန်သွားသည်။

“ဟယ်…ငါ့ဟင်းတွေ အကုန်ဝိုင်းနှိုက်တာ ကုန်
သွားပြီ…နင်တို့ဟင်းတွေ ငါ…အကုန်ပြန်စားမယ်”

“စားလေ…ငါတို့ ကြွက်သားစားချင်တာ အခုမှ
စားရတာ တကယ်စားကောင်းတယ်”

“ငါက အမေ့ကို များများထည့်ခိုင်းတာ ဟိုခွဲ
ဒီခွဲနဲ့ ငါ့အတွက် များများ မထည့်နိုင်ဘူး ဖြစ်
သွားတယ်”

“အဲမှာ ဘယ်သူတွေရှိလို့ ဟိုခွဲဒီခွဲလုပ်ရတာလဲ
တဲမှာ နင့်အဖေရယ် အမေရယ် ကျောင်းမနေ
သေးတဲ့ နင့်ညီမ သုံးယောက်ထဲ ရှိတာမဟုတ်
ဘူး”

“ဟုတ်တယ်…ဒါပေမယ့် ငါ့အတွက် ဟင်းခူးခပ်
ထည့်တော့ အမေက သူတို့အတွက် ချန်ထားတဲ့
ဟင်းပန်းကန်ကို မနှိုက်စားနဲ့ ဘုရားဆွမ်းတော်
တင်ရဦးမယ်တဲ့ ပြီးတော့ ဖက်ထဲမှာ ထမင်း
တစ်ပုံနဲ့ ဟင်းထည့်ပြီး ငါ့ကို ကွင်းပိုင်တင်ခိုင်း
တယ်”

“နင်က ကွင်းပိုင်တင်တတ်လား”

“အဖေတို့အမေတို့က စားဦးစားဖျား အမြဲတင်
နေကျလေ…ငါလည်း သိနေတာပေါ့ အမေတို့
မအားရင် တင်ခိုင်းနေကျ၊ အဲဒါကွင်းပိုင်အဘိုး
အတွက်လည်း ကြွက်သားဟင်းနဲ့ တင်ရသေး
တယ်…ကွင်းပိုင်အဘိုးရဲ့ နောက်လိုက်နောက်
ပါတွေလဲ ကွင်းပိုင်ကို တင်ပြီးပြီဆိုရင် သူတို့
ကိုလဲ စားပါသောက်ပါဆိုပြီး ပြောဆိုရသေး
တယ်၊ ပြီးမှ တဲပေါ်ပြန်တက်ရတယ်။ ငါ မနက်
ကျောင်းမလာခင် ကြွက်သားဟင်းနဲ့ ကွင်းပိုင်
ကြီးနဲ့ နောက်လိုက်နောက်ပါတွေကို တင်ခဲ့ရ
သေးတယ်။ ဒါကြောင့် ဟိုခွဲ ဒီခွဲနဲ့ ငါ့ ဟင်း
ချိုင့်ထဲ ဟင်းနည်းသွားတာကိုပြောတာ”

“ငါတို့တော့ တစ်ခါမှ မတင်ဖူးဘူး နင်အဲဒီကွင်း
ပိုင်ကြီးကို မြင်ဘူးလား”

“မမြင်ဖူးဘူး”

“ရှိမယ်မထင်ပါဘူး ကွင်းပိုင်ရဲ့နောက်လိုက်
ဆိုတဲ့ သရဲတွေလဲ ရှိမယ်မထင်ဘူး ဒီတစ်ခါ
စားဦးစားဖျား တင်ခိုင်းရင် ရှိတယ်ဆို မြင်
အောင် ပြပါလို့ ပြောကြည့်ပါလား”

“ဟယ်…တင်တင်အေးက မဟုတ်တာပြောရော့
မယ်”

ငါဆို…ပြခိုင်းမှာပဲ နောက်လိုက်သရဲတွေ
ကိုလဲ ပြခိုင်းမှာပဲ”

“”နင်မကြောက်ဖူးလား”

“သရဲဆိုရင်တော့ ကြောက်တာပေါ့ အမေတို့က
ပြောတယ်၊ သရဲတစ္ဆေက ညမှ ထွက်တာတဲ့
နေ့ခင်းဆို သရဲတစ္ဆေမထွက်ဘူးတဲ့ သူတို့က
အလင်းရောင်ကြောက်တယ်၊ အဲဒါကြောင့်
နေ့ဘက် ဟင်းတွေ ထမင်းတွေ တင်လဲ လာ
စားမှာ မဟုတ်ဘူး”

စကားပြောရင်း ထမင်းစားနေကြရာ ​ပါသမျှ
အားလုံးကုန်သွားသည်။ ကျောင်းရှေ့က ရေ
တွင်းမှာ ချိုင့်များကို သွားဆေးလိုက်ကြသည်။

ထမင်းစားပြီးတော့ အချိန်နာရီဝက်ခန့် ရသေး
သည်။ သို့ကြောင့် ကျောင်းရှေ့ ကစားကွင်းသို့
တင်တင်အေးတို့ သူငယ်ချင်း တစ်စု ထွက်လာ
ကြသည်။

xxxx

စနေနေ့ ကျောင်းပိတ်သည်။ တဲမှာ အလုပ်ရှိ
သဖြင့် အမေက ထမင်းဟင်းကျက်သည်နှင့်
တောင်းထဲထည့်နေသည်။

“ကဲ…ဆောင်းစရာတွေ ယူကြ သွားကြမယ်”

တင်တင်အေးတို့ မောင်နှမနှစ်ယောက်လည်း
တဲသို့ လိုက်သွားကြမည်။ ညနေမှ ပြန်လာကြ
မည်ဖြစ်သည်။ မိခင်ဖြစ်သူက ထမင်းတောင်း
ရွက်သည်။ တင်တင်အေးက မောင်ထွေးအား
လက်ဆွဲပြီး နောက်မှလိုက်ခဲ့ကြသည်။

ရွာကထွက်သည်နှင့် လယ်ကွင်းတပြင်လုံး စပါး
များမရှိတော့၊ စပါးနှံကောက်လှိုင်းစည်းများ
တလင်းထဲ လှည်းနှင့်တိုက်သွင်းပြီး ပုံထား​ပြီးပြီ။

လယ်ကွင်းထဲမှာ နွားမောင်းသံ၊ အော်သံ ငေါက်
သံ မြိုင်မြိုင် ကြားနေရသည်။ စပါးသိမ်းပြီး
ကိုင်းစိုက်၊ထယ်ထိုး၊ ထွန်ဆွဲ၊ ကြမ်းတုံးရိုက်နှင့်
အောက်စမ်းမပြတ်ခင် အားချင်းလုပ်ကိုင်နေ
ကြသည်။ တင်တင်အေးတို့ လယ်ကွင်းသို့
ရွာမှ နာရီဝက်ခန့် လျှောက်လာကြရသည်။

တဲရောက်တော့ ဖခင်ဖြစ်သူက ဓားကြမ်းတုံး
ရိုက်နေသည်။ ထယ်ထိုးပြီး နေတစ်ရက်လှမ်း
ထားသော ထယ်မြေစာခဲများကို ကြွေမွသွား
စေရန် ဆယ်ခြောက်သွား တပ်ထားသော
ကုက္ကိုသားအနှစ်တုံးကို နွားဖြင့် ဆွဲစေပြီး
တစ်လွှာစပ်သွားအောင် ရိုက်ရသည်။

မကြေမညက်မြေစာခဲများကို ထွန်နှင့် ပြန်၍
ဖွကာ ကြမ်းတုံးတစ်ပြန်ရိုက်ရသေးသည်။
မြေစာခဲများ မှုန့်မှုန့်ညက်ညက်ဖြစ်သွားလျှင်
မြောင်းဆွဲပြီး ငရုတ်၊ မြေပဲ၊ ပြောင်း၊ ဆေးရွက်
ကြီး စိုက်လိုရာ စိုက်၍ ရတော့သည်။

တင်တင်အေးတို့ သားအမိ ထမင်းတောင်းကို
တဲအတွင်းမှာ ဝင်ထားပြီး လယ်ကွက်ထဲဆင်း
၍ ​မြေဇာပေါင်းမြက်များတောင်းထဲကောက်
ထည့်ကာ ကန်သင်းရိုးပေါ် သွားပုံကြသည်။

မြေဇာအမြစ်များ မြေကြီးထဲ ကျန်ခဲ့ပါက
ကိုင်းပင်များ ကြီးထွားလာသည်နှင့် အမျှ
သူတို့ကလည်း ရှင်သန်ကြီးထွားလာကြသည်။

အမြစ်များခြောက်ရန် နေသုံးလေးရက် ကန်
သင်းရိုးပေါ် တင်လှမ်းပြီးမှ မီးရှို့ပစ်ရသည်။
ဆယ့်တစ်နာရီခွဲပြီးတော့ ဖခင်ဖြစ်သူ ကြမ်းတုံး
ရိုက်ခြင်းကို ရပ်နားလိုက်သည်။

တင်တင်အေးတို့ သားအမိက တဲကို ပြန်ရောက်
နေကြသည်။ တဲက ယာယီတစ်ဖက်ရပ် မြေစိုက်
တဲ ဖြစ်သည်။ နွေအခါ နားနားနေနေ နေထိုင်ပြီး
မိုးအခါ ထိုတဲကို ဖျက်လိုက်သည်။

လူတစ်ယောက် နှစ်ယောက် ညအိပ်ရန် စင်ထိုး
ထားပြီး ရှေ့ဘက်ကို ကနဖျင်းထိုးထားသည်။
ထိုကနဖျင်းအပေါ်မှာ ဘူးပင်ကို တင်ထားသည်။
ဘူးညွှန့်ဘူးသီးပေါများစွာ စားသုံးရသလို
အေးမြသော အရိပ်ကိုလည်း ရစေသည်။

ဘူးစင်အောက်မှာ ထမင်းဝိုင်းဖွဲ့ စားကြသည်။
ဖျာကြမ်းခင်းပြီး နေ့ခင်းပိုင်း တစ်ရေးတစ်မော
ကျောဆန့် အိပ်ကြသည်။

ညနေနှစ်နာရီကျော်မှ လယ်ကွင်းထဲ ပြန်ဆင်း
ကြသည်။

“ဟဲ့ မောင်ထွေး…။ မင်းအဖေကို အသံပြုလိုက်
ထမင်းပြင်ပြီးပြီလို့”

မောင်ထွေးလည်း နွားရေတိုက်ပြီး ကန်သင်း
ရိုးအနီးမှာ နွားလှန်နေသော ဖခင်ဖြစ်သူကို
လှမ်း၍ အသံပြုလိုက်သည်။

“တင်တင်အေး လာဦး ခဏ”

“ရော့ ဒီငှက်ပျောဖက်ယူသွား ပန်းကန်ထဲကို
ထမင်းနဲ့ ဟင်းထည့်ပုံပြီး အဘိုးကွင်းပိုင်ကြီး
ကို တင်မြှောက်ပသပါတယ်၊ လာပြီး သုံး
ဆောင်ပါလို့ ပြောပြီး ကန်သင်းရိုးပေါ်
တင်ထားခဲ့”

“ငှက်ပျောဖက်ထဲ တစ်ခါထဲ ပုံထည့်လိုက်
ရမလား”

“ပန်းကန်အတိုင်း တင်ထားလိုက်ဦး ငှက်ပျော
ဖက်ကို ဘေးမှာ ထားခဲ့”

တင်တင်အေးလည်း မိခင်ခိုင်းသည့်အတိုင်း
ထမင်းဟင်းပုံထည့်ထားသော ပန်းကန်ကို
ကန်သင်းရိုးပေါ်တင်ပြီး ပါးစပ်မှ အဘိုးကွင်း
ပိုင်အား ပြောဆို ဆက်သနေသည်။

ပြောဆိုမှုပြီးသည်နှင့် တဲထဲပြန်ဝင်လာခဲ့သည်။

“ကဲ…တင်တင်အေး ပန်းကန်သွားယူလိုက်
ပန်းကန်ထဲက ထမင်းတွေ ဟင်းတွေ ငှက်
ပျောဖက်ထဲ ပုံထည့်လိုက်အဘိုးရဲ့
နောက်လိုက်နောက်ပါတွေ စားကြသောက်
ကြပါလို့ ပြောဆိုခဲ့”

“ဘာလဲ အဘိုးရဲ့ နောက်လိုက်နောက်ပါတွေက
သရဲတွေလား အမေ”

“တယ် ဒီကောင်မလေး ခိုင်းရင်ခိုင်းတဲ့အတိုင်း
လုပ်လိုက်တာ မဟုတ်ဘူး၊ စကားကြောရှည်
နေရသေးတယ်”

တင်တင်အေးလည်း ကန်သင်းရိုးပေါ်မှ ပန်းကန်
ကို ယူလိုက်ပြီး…

“အဘိုး သုံးဆောင်ပြီးပြီဆိုရင် အဘိုးရဲ့ တပည့်
နောက်လိုက်များ အားရပါးရ သုံးဆောင်ကြပါ”

ပြောဆိုပြီး ငှက်ပျောဖက်ပေါ်ပုံပြီး တဲထဲ
ပြန်ဝင်လာခဲ့သည်။

လက်ဆေးပြီး ထမင်းစားသည်။ ပဲပုပ်၊ ငါးခြောက်
ကို ခရမ်းချဥ်သီးနှင့် ချက်ထားသည့် ဟင်းတစ်
ခွက်နှင့် ငါးပိရည်တို့စရာသာပါသည်။ထမင်း
စားပြီး နာရီဝက်ပင်မကြာ တဲအတွင်းမှာ အား
လုံးနီးပါး အိပ်ပျော်ကုန်ကြပြီ၊ နေ့နှစ်နာရီခန့်
ဖခင်နှင့် မိခင်တို့ နိုးလာသည်။ ညနေ ငါးနာရီ
ခန့် ရောက်တော့ အလုပ်သိမ်းပြီး ပြန်ရန်ပြင်
ကြသည်။

“တင်တင်အေး မောင်လေးကို လက်ဆွဲပြီး ရှေ့
ကသွားနှင့်”

ဖခင်ဖြစ်သူက နွားနှင့် လယ်ထဲမှာ ညအိပ်မည်။
ညနေပိုင်း အိမ်ပြန်ပြီး ထမင်းစားဦးမည်။ ပြီးမှ
တဲပြန်လာပြီး စပါးပုံများကို စောင့်ရင်း အိပ်မည်
ဖြစ်သည်။ တင်တင်အေးက မောင်ထွေးအား
လက်ဆွဲပြီး တဲအပြင်ထွက်လိုက်သည်။

ကန်သင်းရိုးပေါ်မှာ နေ့ခင်းက ပုံထားသော
ထမင်းနှင့် ဟင်းအနည်းငယ်တွေ့လိုက်သည်။
တဲမှာ ခွေးမရှိပေမယ့် တဲနီးနားချင်း ခွေးများ
ဖြတ်သွားဖြတ်လာရှိသည်။ ထိုခွေးများ သွား
လာရင်း ထမင်းပုံကို စားသွားနိုင်သည်။

လယ်ကြွက်များကလည်း စားနိုင်သည်။ ငှက်
များလည်း စားသွားနိုင်သည်။ ဖက်ထဲမှာ အ
နည်းငယ်သာ ကျန်ခဲ့သည်။

“ဒါ…သရဲစားသွားတာဖြစ်မယ်၊ မဝသေးဘူး
လား၊ စားချင်ရင် အိမ်လိုက်ခဲ့လေ”

“ဟဲ့ မိတင်အေး ဘာပြောလိုက်တာလဲ”

“အော်…သမီး နေ့လယ်ကကျွေးတာ စားလို့
မဝသေးရင် အိမ်မှာ လိုက်စားလို့ ပြောလိုက်တာ”

“ဟာ…ဒီကောင်မလေး တော်တော်ပေါက်ပေါက်
ရှာရှာပြောတယ်။ သွားသွား ကလေးစကား
အမှန်မမှတ်နဲ့ သွားသွား”

မိခင်ဖြစ်သူက စိုးရိမ်စွာပြောပြီး ထိုနေရာက
ထွက်လာခဲ့သည်။ ဖခင်ဖြစ်သူက တဲအတွင်းက
လိုက်မလာသေး၊ နွားများကို မြက်များ ပုံကျွေး
နေသည်။

“နောက်ကို…ပြောကောင်းမှန်းမသိ၊ မပြောကောင်း
မှန်းမသိ၊ ပြောချင်ရာ လျှောက်မပြောနဲ့နော်၊ သေ
သေချာချာ မှတ်ထား”

မိခင်ဖြစ်သူပြောစကား ကြားသည်လား၊ မကြား
သည်လားမသိ၊ မောင်ဖြစ်သူနှင့် အတူ အနီးက
အပြေးထွက်သွားကြသည်။

“ကိုစိုးမြင့် ရှင့်သမီးနဲ့ သားကို အော်ပါဦး ချော်
ချက်လဲနေမှဖြင့်”

နောက်ကမှီလာသော ခင်ပွန်းဖြစ်သူအား ရှေ့က
အပြေးသွားနေသော ကလေးများအား လှမ်း
ဟန့်တားစေလိုက်သည်။

“ဟေ့….မောင်ထွေးတို့ ခဏရပ်ဦး….အမေတို့
ကို စောင့်ဦး”

မိသားစုအားလုံး ရွာထဲဝင်လာကြသည်။

အိမ်ရောက်တော့ မီးကအမြန်မွှေးပြီး ထမင်း
တစ်အိုး တည်လိုက်သည်။

ကိုစိုးမြင့်တို့ သားအဖသုံးယောက် ရေသွားချိုး
နေကြသည်။ မနက်က ပဲပုပ်နှင့် ငါးခြောက်ချက်
တစ်ပန်းကန် ကြောင်အိမ်ထဲမှာ ထားခဲ့သည်။

ကြက်ခြံထဲဆင်းပြီး ကြက်ဥသုံးလုံး နှိုက်ယူ
ခဲ့ကာ ပန်းကန်ထဲ ဖောက်ထည့်ပြီး ကြက်ဥမွှေ
ကြော် ကြော်လိုက်သည်။ ထမင်းလည်း ကျက်
ပြီ၊ ကြက်ဥလည်း ကြော်ပြီးပြီ၊ မီးခဲကို လျှော့
လိုက်ပြီး ငပိရည်အိုး မီးဖိုပေါ်တင်ထားပြီး
ရေတစ်ခွက်သောက်လိုက်သည်။

ထို့နောက် ရေချိုးရန် ထွက်လာခဲ့သည်။ ရေချိုး
ပြီး မကြာခင် ထမင်းတစ်ပန်းကန်စားပြီး ဝိုင်း
နောက်သို့ ဆုတ်ထိုင်ကာ ဇက်ကျိုးသကဲ့သို့
ပုံစံမျိုးနှင့် ထိုင်နေသည်။

“ဟဲ့ ….ကောင်မလေး လက်သွားဆေးလေး
ဘာထိုင်လုပ်နေတာလဲ”

ကိုစိုးမြင့်က သမီးဖြစ်သူက အော်ငေါက်ပြော
ပေမယ့် တင်တင်အေးလေးက မော့၍ပင်မကြည့်၊
ခေါင်းကို ငုံ့ထားသည်။

“ဟဲ့ ဘာဖြစ်နေတာလဲ ငါ့ကိုမော့ကြည့်စမ်း”

တင်တင်အေးက ဆတ်ကနဲ မော့ကြည့်လိုက်
သည်။ မျက်လုံးက မျက်မှောက်ကုတ်ထားသည်။
ပြီးသည်နှင့် ခေါင်းကို ပြန်ငုံ့ထားသည်။

“ဒီကောင်မလေး ဘာဖြစ်သွားတာလဲ”

“ဟီး…ဟီး… ဟီး…”

ရုတ်တရက် ထငိုပြန်သည်။

“ဟဲ့….တင်တင်အေး ဘာဖြစ်တာလဲ”

မေးလို့မဖြေ ငို၍သာနေသည်။

“ဒီကောင်မလေး လမ်းမှာ ဘာဖြစ်လာလို့လဲ”

“ဘာမှမဖြစ်ပါဘူးတော် ပြေးလွှားနေလို့ ချော်
လဲမယ် စိုးရိမ်နေတာ ဘာမှမဖြစ်ဘူး”

“ဒါဆို ဘာများဖြစ်သွားတာလဲ ထမင်းစားနေ
ရင်း ရုတ်တရက်ဖြစ်သွားတာ နည်းနည်းတော့
ဆန်းတယ်”

“ကဲ…ထမင်းစားပြီးပြီ ဆိုလဲ သိမ်းလိုက်တော့
မယ်…ရှင့်သမီးကို ကြည့်ထားဦး”

မမြရီက စားပြီး ပန်းကန်များထပ်ပြီး မီးဖိုထဲ
ဝင်သွားသည်။ ထမင်းစားခုံကို ကိုစိုးမြင့်က
ဆွဲထောင်လိုက်သည်။

“ဝုန်း”

တင်တင်အေးက ကြမ်းပြင်ပေါ် ပစ်လှဲချလိုက်
သည်။ တောင့်တောင့်ကြီးဖြစ်နေသည်။

“ဟီး…ဟီး…ဟီး… ”

ကလေးပါးစပ်က လူကြီးအသံမျိုး ငိုသံလိုလို
ညည်းညူသံလိုလို ထွက်လာသည်။

ကိုစိုးမြင့်က မမြရီအနီးသို့ သွားပြီး….

“ငါ….အမေကို သွားခေါ်လိုက်မယ် အမေ့ကို
မေးကြည့်ခိုင်းရင် အဖြေသိမှာပဲ”

ကိုစိုးမြင့်၏ မိခင်က ရွာလယ်မှာ နေသည်။
ဘုရား၊တရား ကိုင်းရှိုင်းပြီး ပယောဂကိစ္စ
အနည်းငယ်နားလည် တက်ကျွမ်းသည်။

ဆယ်မိနစ်ခန့်ပင်မကြာ ကိုစိုးမြင့်၏မိခင်
ဒေါ်လုံးတင်လိုက်လာသည်။ ဒေါ်လုံးတင်က
အသက်ငါးဆယ်ကျော်ခန့်သာ ရှိသည်။

ကိုစိုးမြင်ပြောပြထားသည်နှင့် ဘာဖြစ်နိုင်သည်
ကို သဘောပေါက်သွားသည်။ အိမ်ပေါ်ရောက်
သည်နှင့် တုံးလုံးလဲနေသော တင်တင်အေးက
ငေါက်ကနဲ ထထိုင်သည်။

ဒေါ်လုံးတင်က ဘုရားစင်ရှေ့သွားပြီး ဘုရား
ကို ရှိခိုးသည်။ ဦးသုံးကြိမ်ချ ရှိခိုးပြီးသည်နှင့်
တင်တင်အေးရှေ့မှာ သွားထိုင်ကာ…

“ကဲ….ဆယ်တစ်နှစ်သာသာ ရှိသေးတဲ့ ကလေး
မှာ ဘာအကြောင်းနဲ့ ပူးကပ်ပြီး လိုက်လာတာလဲ
ပြောပြစမ်းပါ”

“ထမင်းစားချင်လို့ပါ”

“ဘယ်က လိုက်လာတာလဲ”

“တဲက လိုက်လာခဲ့တာပါ၊ ကလေးမလေးက
စားလို့မဝသေးရင် အိမ်လိုက်ပြီး စားဦးလို့
ခေါ်ခဲ့လို့ လိုက်လာခဲ့တာ ကျွေးမယ် ထင်ပြီး
စောင့်နေတာ မကျွေးလို့ သူ့မှာ ဝင်ပူးကပ်
နေတာ”

“ကလေးစကားဆိုတာ ပြောချင်ရာပြောတာပဲ
အမှန်ဆိုပြီး သွားယုံလိုက်တော့ အခု မစားရ
မသောက်ရဖြစ်သွားတာပေါ့ ဟုတ်လား”

“ဟုတ်ပါတယ်”

“စားပြီးရင် ပြန်မှာလား”

“ပြန်ပါ့မယ်”

“ဟဲ့ စိုးမြင့် မြရီ ကြားတယ်မဟုတ်လား…စားပြီး
ရင် ပြန်မယ်တဲ့ ခူးခပ်ပြီး အိမ်ရှေ့မှာ ဖက်နဲ့သွား
ပုံပေးလိုက်”

“ဟို….ဟို…ထမင်းရော ဟင်းရော မကျန်တော့
ဘူး”

“ကဲ…ကဲ…ဒီလိုလုပ် အခု ကလေးက ထမင်း
စားဖိတ်တယ် လူကြီးတွေက မသိလို့ စား
လိုက်ကြတယ် မနက်ဖြန် ညနေခြောက်နာရီ
အိမ်ရှေ့မှာ ထမင်းနဲ့ ဟင်းပုံပြီး ကျွေးမယ်၊
အမဲသားဟင်းချက်ကျွေးမယ်…ဖြစ်လား
အသေအချာပြောပါ”

“မနက်ဖြန်ကျွေးမယ်ဆိုရင် ဖြစ်ပါတယ်”

“မနက်ဖြန် ညနေခြောက်နာရီ အမဲသားဟင်းနဲ့
ပုံကျွေးမယ်၊ အဲဒီတစ်ကြိမ်ပဲ ကျွေးမယ်၊ အဲဒီ
အချိန်လာစားပါ၊ အခု ကလေးရဲ့ ကိုယ်မှာ
ပူးကပ်နေရာက ခွာပေးပါ…ခွာပြီးရင် ကိုယ့်
နေရာ ကိုယ်ပြန်ပါ၊ မနက်ဖြန် ညနေလာစားပါ”

ဒေါ်လုံးတင်စကားဆုံးသည်နှင့် တင်တင်အေး
လေး ထိုင်နေရာက ပြန်လဲကျသွားသည်။

ဒေါ်လုံးတင် ဘုရားစင်ရှေ့သို့ထသွားပြီး
သောက်တော်ရေခွက်ကို စွန့်လိုက်ကာ
ကလေးမလေးကို ရေစက်နှင့် တောက်လိုက်
သည်။

ကလေးမလေး သတိပြန်ရလာပြီး ထထိုင်သည်။

“ဘာတွေဖြစ်သွားလဲ သိလိုက်လားသမီး”

“မသိဘူး…သမီးဘာဖြစ်လို့လဲ”

“လယ်ကွင်းထဲမှာ ထမင်းမဝသေးရင် အိမ်မှာ
လိုက်စားဦးလို့ ခေါ်ခဲ့လို့ သရဲမ အိမ်အထိ
လိုက်လာပြီးမှ ထမင်းမကျွေးလို့ သမီးကို
ဝင်ပူးနေတာ”

“ဟင်…သမီးကို ပူးတယ်၊ ဟုတ်လား သမီးလဲ
မသိပါဘူး”

“အခု ဘွားဘွားကြီးရောက်လာပြီး သရဲကို
နှင်လိုက်လို့ ထွက်သွားတာ နောက်ကို အပြောင်
အပျက်စကားတွေ မပြောရဘူးနော်…သရဲ
တစ္ဆေတွေကို ပြောင်လှောင်စကား မပြောရ
ဘူး၊ မယုံလို့လည်း မြင်အောင်ပြပါလို့
မပြောရဘူးနော်”

“သမီးခေါ်ခဲ့လို့ လိုက်လာတာ ဟုတ်လား”

“ဟုတ်တယ်…သရဲက ဘွားဘွားကြီးကို
ပြောသွားတာ…နောက်ကို လယ်ထဲကိုင်းထဲ
သွားရင် ကွင်းပိုင်ကြီးတို့ နောက်လိုက်
နောက်ပါ တစ္ဆေသရဲတွေကို အပြောင်အ
ပျက်စကားတွေ မပြောရဘူးနော်
ဟုတ်လား”

“ဟုတ်ကဲ့ ဘွားဘွား”

ဒေါ်လုံးတင်က မနက်ဖြန်ညနေမှ တစ်ခေါက်
လာပြီး သရဲအစာကျွေးပေးမည်ဟု ပြောကာ
ပြန်သွားတော့သည်။

တင်တင်အေးလေး၏ မသိနားမလည်စွာ
အပြောင်အပျက်ပြောခဲ့သော စကားတစ်
ခွန်းကြောင့် မမြရီ အမဲသား ငါးဆယ်သား
ဝယ်ချက်ပြီး သရဲကို ကျွေးလိုက်ရတော့
သည်။

ပြီးပါပြီ

မူရင်းရေးသူ ဆရာ ဧကန်မင်း

စာဖတ်သူကို ကူးယူဝေမျှသူ လက်ခ(ရွှေပေါက္ကံ)

credit

မဖဲဝါနဲ့အိမ်ကြီးရှင်သရဲမ စာအုပ်မှ
ကောက်နုတ်တင်ပြထားသည်။

စာဖတ်သူများ စိတ်ရွှင်လန်းပါစေ