အဖြည့်ခံနှလုံးသားများ(စ/ဆုံး)
——————————
ကျမအိမ်ဘေးကခြံကို ဘယ်သူတွေများ ပြောင်းလာကြဦးမှာလဲလို့ အမြဲတွေးနေမိတယ်။
အိမ်နီးနားချင်းကောင်းမှ စိတ်ချမ်းသာရပါတယ်။
ဆိုးရွားတဲ့ပတ်ဝန်းကျင်ကြောင့် စိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်ခဲ့ရတာအကြိမ်ကြိမ်မကပါ။
ခြံထဲမှာအိမ်လေးတစ်လုံးရှိတယ်။
ခြံပိုင်ရှင်က အဝေးမှာနေတယ်။
ပွဲစားကတဆင့်အိမ်ငှားတယ်။
အိမ်လာငှားနေကြတဲ့လူတွေကစရိုက်စုံတယ်။
တနေကုန်အကောင်း။
မနက်မိုးလင်းတာနဲ့ ဘုရားသံတရားသံ နေ့လည်ခင်းမှာတော့ သီချင်းအေးမြမြလေး။
ဒီဘက်ခြံကကြားရတဲ့သူတွေအဖို့မှာလဲစိတ်တွေကိုချမ်းသာလို့။
ဟော…မကြာပါဘူး။
တစ်ပါတ်လောက်မှာတော့ မနက်ခင်းနဲ့နေ့လည်ဘက်မှာ စိတ်ချမ်းသာခဲ့ရသလောက် ညနေစောင်းအရောက်မှာ ရေချိန်ကိုက်ပြီး မူးရမ်းဆဲဆိုတဲ့အသံတွေ မိုးမွှန်နေပါတယ်။
ဘယ်လိုတွေပါလိမ့်။
ဆဲဆိုသံတွေဟာ တစ်နေ့ထက်တစ်နေ့ ပိုကျယ်လောင်လာပါတယ်။
ကိုယ့်အိမ်ရဲ့သူတို့ဘက်အခြမ်း ပြူတင်းပေါက်တွေကိုပိတ်ထားရတဲ့အထိပါ။
မကြားဝံ့မနာသာ စကားလုံးကြမ်းကြမ်းတွေနဲ့ ဆဲဆိုနေတာများ ရင်တုန်စရာပါ။
တနှစ်လောက်အကြာမှာသူတို့အိမ်ပြောင်းသွားကြတယ်။
ဟူးးးးးတော်ပါသေးရဲ့။
နောက်တစ်ကြောမှာတော့ အိမ်ပြောင်းအိမ်ရွှေ့ကားရပ်သံကြားရတယ်။
လင်မယားနှစ်ယောက်နဲ့ ကလေးတွေပါလာတယ်။
မိသားစုလေး အေးအေးချမ်းချမ်းနဲ့တူပါတယ်။
ကျေနပ်နေကာမှမကြာခင်
အဖေဖြစ်သူကညနေဆိုမူးလာတယ်။
ကလေးတွေနဲ့မိန်းမကို ဆဲဆိုရိုက်နှက်တယ်။
ဝုန်းဒိုင်းကျဲတယ်။
ရိုင်းစိုင်းတဲ့စကားလုံးတွေနဲ့ပြောဆိုတယ်။
ကျမတို့အိမ်က သူတို့ခြံနဲ့ ဆယ့်ငါးပေအကွာလောက်ပဲဝေးတာဆိုပေမယ့် သူတို့ဆီက ကျယ်လောင်စွာဆဲဆိုနေတဲ့အသံတွေကို နေ့စဥ်ကြားနေရတယ်။
အလွန်စိတ်ပျက်ဖွယ်ကောင်းလှတယ်။
ညနေဘက်ဆိုမိန်းမနှင့်ကလေးတွေက ရေမိုးချိုးပြီး သနပ်ခါးအဖွေးသားနှင့်ခြံဝမှာအဖေအလုပ်ကအပြန်ကိုကြိုနေကြတယ်။
ပြန်လာပါပြီ။
ခြံထဲမဝင်ခင်ကတည်းက မောင်မူးက ခြေလှမ်းယိုင်ထိုးနေပြီ။
လမ်းတစ်လျှောက်လုံး ကိုယ့်အိမ်အထိတောင်ခြေလှမ်းမှန်မှန်နဲ့ရောက်အောင်ပြန်လာပြီးကာမှ ခြံဝလည်းရောက်ရော သူ့ကိုလာတွဲစမ်း..တဲ့။
မိန်းမဖြစ်သူက အပြေးတစ်ပိုင်းနဲ့တွဲခေါ်ရတယ်။
ငနဲက မထင်ရင်မထင်သလို သူ့ကိုလာတွဲခေါ်တဲ့မိန်းမဖြစ်သူကို ခြေထောက်နဲ့ပိတ်ကန်တာမြင်ရတယ်။
အသည်းတွေယားလိုက်တာ။
အိမ်ပြူတင်းပေါက်ကနေ အစအဆုံးကြည့်ပြီးဒေါသတွေအလိပ်လိပ်တက်နေတာက ကျမ။
တစ်နေ့တော့ ခြံဘေးကအမှိုက်တွေကိုလှဲကျင်းရင်း ထိုမိန်းကလေးနဲ့လည်း စကားစမြည်ပြောမိတယ်။
မိန်းကလေးက ရိုးသားတဲ့ဟန်ပန်လေးနဲ့ပါ။
မင်းရဲ့အမျိုးသား ညနေတိုင်းမူးပြီးမင်းတို့ကိုရန်ရှာတာ စိတ်မညစ်ဖူးလားကွယ်….
မိန်းကလေးကပြုံးနေတယ်။
ပြီးမှ..
သူက ကျမတို့ကိုကောင်းကောင်းမွန်မွန်ရှာကျွေးတယ်လေဒေါ်ဒေါ်…
သူကအရက်ကိုကြိုက်တယ်…
အရက်သောက်ပြီးရင် ဆဲဆိုရန်လုပ်တာကသူ့အကျင့်လိုဖြစ်နေပါပြီ…
ကျမအတွက်ကတော့ ရိုးနေပါပြီ…
ကျမတို့လည်း တစ်ခါတစ်လေသူ့ဆီကအဆဲအဆိုမခံရရင် တစ်ခုခုလိုနေသလိုတောင်ခံစားရပါတယ်…
အယ်..ဒီလိုလား..အေးပါ..အေးပါ…
ကျမနှုတ်ဆိတ်နေလိုက်ပါတော့တယ်။
ငါ့ဘက်ကမှားတာပါ။
သူတို့ဟာသူတို့ ရောင်းသူဝယ်သူအသံတူနေကြတာ မိန်းကလေးဘက်ကို သနားနေမိတဲ့ ငါကိုယ်ကမကောင်းတာ။
.
.
.
မနက်စောစောလေးနာရီလောက် ဘုရားဝတ်ပြုနေတုန်း ။
ဖလပ်..ဖလပ်နဲ့ ကြက်တွေရဲ့ ရုန်းရင်းဆန်ခတ်သံ လူတွေရဲ့စကားပြောသံတွေကြားရတယ်။
ပြူတင်းပေါက်တံခါးဖွင့်ပြီး တဘက်ခြံကိုကြည့်လိုက်တဲ့အခါမှာတော့။
ဘုရား..ဘုရား။
ကြက်တွေကမြေကြီးပေါ်မှာခြေထောက်ကျိုးချည်တန်းလန်းတွေနဲ့
အများကြီးပါလား။
ရေနွေးအိုးကြီးက မီးဖိုကြီးပေါ်မှာပွက်ပွက်ဆူလို့။
ကြက်တွေက တောင်ပံတဖြတ်ဖြတ်ခတ်ပြီး အော်ဟစ်နေတယ်။
မြင်ရတာစိတ်မချမ်းသာလိုက်တာ။
မနက်စောစော အနိဌာရုံမြင်ကွင်းတွေကို မြင်ရတယ်။
သူ့စီးပွားရေးသူလုပ်တယ်ဆိုပေမယ့်လည်း ကျမဘုရားကိုဆက်ပြီးဝတ်မပြုနိုင်တော့ပါ။
နေ့လည်ခင်းတွေမှာတော့ အဲဒီဘက်ခြံထဲကို ဆိုင်ကယ်တွေနဲ့ ကြက်တွေကို တင်ဆောင်လာတာတွေ့ရတယ်။
ယူလာတုန်းကသက်ရှိအရှင်တွေပါ။
ကြက်ခြင်းတွေထဲမှာထည့်ထားပြီးအစာပက်ကျွေးနေတာတွေ့ရတယ်။
အင်း….မနက်ဖန်ဆို သူတို့အသက်မရှိကြတော့မှာကိုမသိဘဲနဲ့များ တစ်ကောင်နဲ့တစ်ကောင်အစာတွေကိုလုယက်စားနေကြလေတယ်။
မြင်ရတဲ့ဒုက္ခကမလွယ်ပါလား။
.
.
.
ရွှေငွေနဲ့ဂုဏ်ဒြပ်တို့မရှိလဲ….နေနိုင်ပါတယ်တစ်သက်လုံး..အလိုအပ်ဆုံးကဘဝမှာ…အရိုးသားဆုံးနေဖို့…တော်..တီ..တီ..တော်..ဒန်…တန်…တန်…
မနက်စောစောစီးစီးပျံလွင့်လာတဲ့ စည်းမကျဝါးမကျသီချင်းသံလာရာဆီကို နားစွင့်လိုက်တဲ့အခါမှာတော့ ဟိုဘက်ခြံကပါလား။
ကျမ ဟိုဘက်ခြံဆီကိုအသာခေါင်းငဲ့ကြည့်လိုက်တယ်။
အိတ်ကြီးတစ်လုံးကိုလက်တဖက်ကဆွဲထားတယ်။
တဖက်လက်မှာတော့ လက်ဖက်ရည်ပါဆယ်နဲ့အီကြာကွေးတစ်ခုကိုကိုင်ထားတယ်။
အမေ..အမေ..အို..မွေးအမေ..
အိပ်ယာကထပြီလား…
ဟောဒီမှာအမေ့အတွက်သားမုန့်တွေဝယ်လာတယ်..ထ..ထ..
လူငယ်လေးဟာအသက်နှစ်ဆယ်ခန့်ရှိမယ်လို့ကျမထင်တယ်။
သူ့ပါးစပ်ကလည်း ဆိုင်းတီးသလိုမျိုးစုံဆိုနေတယ်။
ခဏနေတော့ အိမ်ထဲကမိန်းမတစ်ယောက်ထွက်လာပြီး သူ့ဆီကလက်ဖက်ရည်နဲ့မုန့်ထုပ်ကိုလှမ်းယူတယ်။
သနပ်ခါးကိုမှုံနေအောင်လိမ်းထားပြီး ခေါင်းပေါ်မှာစံပါယ်ပန်းတွေကိုပန်ထားတယ်။
သူမ မျက်နှာပေါ်မှာလည်းအပြုံးတွေနဲ့။
ဒီတစ်ခါတော့ ဟိုဘက်ခြံက အိမ်ငှားတွေအသစ်ပြောင်းလာတာ သီချင်းသံလေးမြိုင်မြိုင်နဲ့ဆိုတော့ စိတ်ချမ်းသာစရာပါလား။
.
.
အမေ..အမေ..
ငါးရံ့ခြောက်စားချင်တယ်ဆို..ဟောဒီမှာဝယ်လာတယ်ဗျ..
ဟင်…ငါးရံ့ခြောက်ဆိုပါလား။
ငါးရံ့ခြောက်စျေးက ဒီလောက်ခေါင်ခိုက်နေတာ။
သူ့အမေကိုစားစေချင်လို့ဝယ်လာတယ်နဲ့တူတယ်။
အားကျစရာကောင်းလိုက်တာ။
သူတို့သားအမိနှစ်ယောက်ထဲနေပုံရတယ်။
တခြားလူပိုလည်းမတွ့မိဘူး။
ညနေစောင်းရောက်တော့။
အမှိုက်…အမှိုက်..အမှိုက်ပြစ်မလား…
အိမ်ရှေ့ဘက်လမ်းမထက်ဆီက ရင်းနှီးဘူးတဲ့အသံကိုကြားမိတယ်။
တခြားအိမ်ကလူတွေအမှိုက်ထုတ်တွေကိုလက်တွန်းလှည်းဆီတင်ပေးလိုက်တယ်။
မနိုင်နင်းရင်လူငယ်လေးကသူကိုယ်တိုင်ယူဆောင်တယ်။
သူ့ကိုနှစ်ရာတန်သည်ဖြစ်စေ ငါးရာ
တန်သည်ဖြစ်စေ ပေးလိုက်ကြတယ်။
သူ သီချင်းတွေကိုတောင်စဥ်ရေမရ သီဆိုရင်း အမှိုက်လှည်းကိုတွန်းသွားတယ်။
အမှိုက်ပြစ်ဖို့အခက်အခဲရှိတဲ့ ဒီအရပ်ကလူတွေ သူ့ကိုကျေးဇူးတင်ကြတယ်။
.
.
အမေဘာလို့ဒီလုံချည်တွေလျှော်နေတာလဲ…သားပြန်လာရင်လျှော်ပေးမယ်လို့ပြောထားတယ်လေ…
အမေဆီက အဝတ်တွေကိုလုယူပြီးလျှော်ပေးနေတဲ့ လူငယ်လေးကိုကြည့်ရင်းကျမရင်ထဲမှာ ဖော်မပြနိုင်တဲ့ဝမ်းနည်းမှု့တွေဖြစ်လာတယ်။
မနက်ဆီက လူငယ်လေးရဲ့အမေနဲ့ ခြံစည်းရိုးဘေးမှာစကားစမြည်ပြောဖြစ်တယ်။
ကောင်လေးက မွေးရာပါကျပ်မပြည့်ရှာဘူးတဲ့။
ပလုံကောက်ရင်း အမှိုက်ပြစ်ပေးရင်းအမေကိုရှာကျွေးနေတယ်။
စျေးထဲကဆိုင်တွေက လက်တိုလက်တောင်းခိုင်းတယ်။
သားငါးစျေးတန်းမှာကူညီလုပ်ကိုင်ပေးတယ်။
ပေါတောတောပေမယ့်မခိုးမဝှက်ဖူး။
ရိုးသားတယ်။
စျေးထဲက သားငါး ကြက် ဝက် အတိုအစလေးတွေ အိမ်အတွက် ဟင်းချက်စရာပေးလိုက်တယ်။
အသီးအရွက်တွေ ဆိုလည်းသူ့မှာ ဝယ်မစားရဘူး။
အခုနေတဲ့ခြံပိုင်ရှင်အိမ်မှာ သူ့အမျိုးသားက ကားမောင်းတယ်။
ဆုံးသွားတာနှစ်ပိုင်းလောက်ပဲ ရှိသေးတယ်။
ခြံရှင်က သူတို့သားအမိကိုသနားလို့ အလကားပေးနေတာတဲ့။
အမေဖြစ်သူက ခြေထောက်သိပ်မသန်ဘူး။
ကောင်လေးက သူ့အမေအတွက်ရေခပ်ပေးတယ်။
စျေးထဲကနေ သူများပေးတဲ့ ဟင်းစားတွေကို အမေအချိန်မှီချက်ပြုတ်ရအောင်လာပို့တယ်။
အမေကြိုက်တတ်တဲ့ မုန့်ပဲသရေစာဝယ်လာတယ်။
ထမီတွေကိုလည်းလျှော်ပေးတယ်။
သူတို့ကိုမြင်ရတာ ရင်ထဲမှာချမ်းသာလိုက်တာ။
သာဓုအကြိမ်ကြိမ်ခေါ်မိပါတယ်။
.
.
.
ကိုငယ် ရေ…အဖေကြီးဒီနေ့ နေလို့သိပ်မကောင်းလို့ တစ်ရက်လောက်ခဏနားချင်တယ်…ငါ့သားကအဖေ့ကိုယ်စား ကားမောင်းပေးပါ…
ဟင်..ဒီနေ့မှလား…တိုက်တိုက်ဆိုင်ဆိုင်..သားဒီနေ့ ဘိုးဘွားရိပ်သာမှာ ပရဟိတလုပ်ဖို့ သူငယ်ချင်းတွေနဲ့ချိန်းထားပြီးသား….
အဝတ်အစားကိုသပ်သပ်ရပ်ရပ်ဝတ်ဆင်ထားပြီး ဘိုကေကိုကြော့နေအောင်ဖြီးသင်ထားတဲ့ သားငယ်ဟာအဖေဖြစ်သူကိုစကားပြန်ပြောရင်း အိမ်ရှေ့ဘိနပ်စင်ကရှူးဘိနပ်ကိုယူစီးပြီးထွက်သွားပါတယ်။
ကျမစိတ်မကောင်းစွာနှင့် ကိုထွန်းမြင့်ကိုကြည့်လိုက်တယ်။
သူမနေ့ညထဲက နေလို့သိပ်မကောင်းချင်ဘူးလို့ပြောပါတယ်။
ဒီနေ့မနက်တော့ သားကိုအကူအညီတောင်းမိတယ်။
သားဆီကအဆင်မပြေတဲ့အကြောင်းကြားရပြန်တော့ သူဘာတစ်ခွန်းမှမဆိုတော့ပဲ တိုင်မှာချိတ်ထားတဲ့လွယ်အိပ်လေးကိုယူပြီး ခေါင်းငိုက်စိုက်ချကာ အလုပ်ကိုသွားရပြန်တယ်။
ကျမတွေးနေမိတယ်။
မိဘကိုကူညီပေးဖို့ထက် သူ့ရဲ့ပရဟိတအလုပ်ကပိုပြီး အရေးကြီးနေရော့သလား။
သူ့ရဲ့ပရဟိတလုပ်နေတာတာတွေကိုရှု့
ထောင့်အမျိုးမျိုးကနေဓာတ်ပုံပေါင်းစုံရိုက်ပြီး အင်တာနက်မှာတင်နေတာတွေ့မိပါတယ်။
တရားတွေလည်း ရပါတယ်။
တရားလည်းကျပါတယ်။
ဘွဲ့ရပညာတတ်သားလေးပါ။
မိဘကိုကူညီဖို့ဆိုတာဝေလာဝေး။
ကိုယ်စားပြီးသားပန်းကန်တောင်တစ်ခါမှမဆေးဘူးပါ။
မိတ်ဆွေ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့စားသောက်ဆိုင်တွေမှာ လှည့်လည်စားသောက်ပြီး ဘယ်ဆိုင်ကတော့အစားအသောက်ဘယ်လိုကောင်းကြောင်း ဘယ်ဆိုင်ကတော့ဆက်ဆံရေးမှာမစွံကြောင်းကို အိမ်ရောက်ရင်ရွှန်းရွှန်းဝေအောင်ပြောပြတယ်။
အိမ်ကမိဘအတွက် လက်ညှိုးလောက်မုန့်လေးတောင်ပါမလာဘူး။
ကျမမှာ သားသမီးသုံးယောက်ရှိတယ်။
သမီးအကြီးက အိမ်ထောင်နဲ့နယ်မှာနေတယ်။
ဝန်ထမ်းမိသားစုမို့ အပိုဝင်ငွေ စုဆောင်းငွေတစ်ပြားတချပ်မှမရှိပါ။
ခေတ်ကာလအရ ကြီးမြင့်လာတဲ့မြေစျေးတွေကိုသူရိပ်စားမိတယ်။
မိဘအိမ်နဲ့ခြံဝင်းလေးကိုလောဘတက်လာတယ်။
အမေတို့ခြံနဲ့မြေကိုခုနေရောင်းရင်စျေးကောင်းရမှာ…
ရောင်းပြီးသင့်တဲ့နေရာလေးမှာဝယ်နေပြီး ကျန်တာသမီးတို့ကိုခွဲပေးလေ….
သူ့ရင်ထဲကအကြံအစည်ကစကားလုံးတွေအဖြစ်နှုတ်ကထွက်လာတယ်။
ဓားမဦးချ မိဘလက်ငုတ်လက်ရင်းမြေနေရာလေးပါ။
ရောင်းဖို့များတစ်ခါမှမစဥ်းစားမိပါ။
သူပြောကာမှ ကျမခေါင်းနပမ်းကြီးသွားပါတယ်။
သားအလတ်ကလည်း နယ်မှာတာဝန်ကျနေတယ်။
သူ့အိမ်ထောင်နဲ့သူပါ။
တစ်နှစ်တစ်ခေါက်တော့မိဘများဆီအလည်ပြန်လာပါတယ်။
သူတတ်နိုင်သလောက်လေးတော့ကန်တော့ရှာပါတယ်။
အခုပြန်မလာတာသုံးနှစ်လောက်ရှိပါပြီ။
ဖုန်းတော့မှန်မှန်ဆက်ပေးတယ်။
သားသမီးသုံးယောက်လုံးကိုဘွဲ့ရပညာတတ်အောင်ရှာဖွေကျွေးမွေးခဲ့တယ်။
သားသမီးတွေက အတောင်အလက်စုံလာတဲ့အခါ သူတို့မိသားစုအသိုက်အမြုံလေးတွေကို သူတို့တည်ဆောက်သွားကြတယ်။
မိဘတွေကတော့ စားဝတ်နေရေးအတွက်ခုချိန်ထိ အလုပ်လုပ်နေရဆဲပါ။
.
.
.
ကြီးမေ…ကြီးမေ…ဗျို့…ကြီးမေ…
အိမ်ဘေးခြံစည်းရိုးနားဆီက တကြော်ကြော်ခေါ်နေသံကြောင့် ကျမပြူတင်းတံခါးကိုဖွင့်ကြည့်လိုက်တယ်။
ဟိုဘက်ခြံကကောင်လေး။
ဘာကိစ်စလဲသား…
အမေရယ်ဘာဖြစ်တယ်မသိပါဘူးကြီးမေရယ်…မူးတယ်လို့ပြောနေတယ်..ခဏလောက်လာကြည့်ပါဦး..
အားကိုးတကြီးနဲ့ခေါ်နေတာကြောင့် ကျမသူတို့ခြံထဲကိုသွားလိုက်တယ်။
ကောင်လေးရဲ့အမေကို အိမ်ရှေ့ခန်းမှာလှဲအိပ်နေတာတွေ့ရတယ်။
ကောင်လေးကမျက်ရည်အဝဲသားနဲ့ ကျမလက်ကလေးကိုကိုင်ပြီး။
လုပ်ပါဦးကြီးမေရယ်..အမေရယ်ဘယ်လိုဖြစ်သွားတာလဲ ကြည့်ပေးပါဦး…ကျနော်ရင်တွေပူလိုက်တာ…
မရင်မေ…နေသာရဲ့လား..ဘယ်လိုဖြစ်နေလဲ…
ခေါင်းမူးလို့မမရယ်…
သူ့အမေရဲ့စကားဆုံးတာနဲ့ ကောင်လေးဟာ အိမ်ပေါ်ကနေလွှားကနဲ့ခုန်ဆင်းသွားပြီး ခြေဗလာနဲ့ခြံအပြင်ကိုထွက်သွားတယ်။
တအောင့်အကြာမှာတော့ လမ်းထိပ်ကဆရာဝန်ကိုခေါ်လာတယ်။
ဆရာဝန်ကသေချာစမ်းသပ်ပြီး ဆေးထိုးဆေးပေးလုပ်ခဲ့တယ်။
သွေးအနည်းငယ်တိုးနေတာတဲ့။
ကောင်လေးဟာမျက်ရည်လည်ရွဲနဲ့ သူ့အမေခြေထောက်လေးကို နှိပ်ပေးနေတယ်။
ဆရာဝန်ကိုလိုက်ပို့ပြီးသူအပြန်လာမှာတော့ မုန့်တွေပါလာတယ်။
ဆရာက ဆေးဘိုးမယူလိုက်ဖူးအမေ..သူ့အိမ်ကမုန့်တွေပါပေးလိုက်သေးတယ်..
မိဘကိုသိတတ်လိမ်မာတဲ့သားသမီးကိုအများကလည်းချစ်ကြပေသားပဲ။
.
.
.
ဒီရုံးပိတ်ရက်ရှည်မှာတော့ နယ်ဝေးကသားသမီးတွေအိမ်မှာ ရောက်နေကြတယ်။
မြေးတွေသားသမီးတွေ စုစုရုံးရုံး နဲ့ဆိုတော့ ကျမတို့အဘိုးအဘွားတွေတပြုံးပြုံးနဲ့ပါ။
ဘုရားတွေအတူဖူးကြ ချက်ပြုတ်စားသောက်လိုက်ကြနဲ့ ခွင့်ရက်တွေပြည့်ကာနီး တစ်ရက်မှာတော့ သားငယ်ကစပြီး စကားဆိုလာတယ်။
သားလူစုံတုန်း အဖေတို့အမေတို့ကို ပြောစရာရှိတယ်…
သားအိမ်ထောင်ပြုတော့မယ်..အဲဒါ…
သားငယ်စကားသံမဆုံးခင်သမီးကြီးကဝင်ပြောတယ်။
ဒါဆိုအတော်ပဲပေါ့…ဒီခြံနဲ့အိမ်ကိုရောင်းဘို့ပွဲစားကိုအပ်လိုက်တော့အမေ..
သားလတ်ကတော့ ဘာစကားမှမဆိုပါ။
တိတ်ဆိတ်နေခြင်းနဲ့ သူလည်းဒီသဘောပဲဆိုတာဝန်ခံနေတယ်။
ကျမရင်ထဲမှာ ရှူးရှူးရှားရှားဖြစ်သွားပါတယ်။
မိဘငုတ်တုတ်ကြီးရှိနေပါရက်နဲ့ အမွေစကားပြောထွက်ကြတဲ့ သူတို့တွေကိုလည်း အံသြသွားရပါတယ်။
သူတို့တွေအတွက်ပဲသူတို့ ထည့်တွက်ကြတယ်။
မိဘနှစ်ပါးသေသည်ထိတောင်သူတို့မစောင့်နိုင်ကြတော့ပါလား။
သတ္တလောကကြီးမှာ ကျမတို့လိုမိဘမျိုးတွေဘယ်နှစ်ယောက်များရှိနေပါလိမ့်မလဲ။
ကျမဘာစကားမှမပြောနိုင်တော့ပဲ မျက်နှာအမူအယာပျက်ပျက်နဲ့ အခန်းထဲကိုဝင်လာမိတယ်။
ကိုထွန်းမြင့်က ကျမကို နားဝင်စေမယ့်စကားလုံးတွေနဲ့လှည့်ပတ်ပြောနေတယ်။
မယ်အေးရေ…သူတို့ဆန္ဒ သူတို့သဘောကိုငါတို့လိုက်လျောပေးလိုက်ရအောင်ကွာ…
သူတို့ဟာငါတို့သားသမီးလေးတွေပါ..
မိဘအပေါ်မှာပဲသူတို့လိုချင်တာ ဖြစ်ချင်တာ တောင်းဆိုလို့ရမယ်…
နွဲ့ဆိုးဆိုးလို့ရမယ်လေ..
သူတို့ကိုလည်းငါတို့ခွဲဝေပေးမယ်..ငါတို့နှစ်ယောက်အတွက်လည်းနေစရာလေးကျန်အောင်ဖန်တီးမယ်…
ငါအသက်ရှင်နေသမျှမင်းထမင်းမငတ်စေရပါဘူးမယ်အေးရယ်…
ငါရှာကျွေးပါမယ်ကွာ…
ကျမတို့အိမ်နှင့်ခြံကိုရောင်းလိုက်ပါတယ်။
သားသမီးသုံးယောက်ကိုလည်းခွဲဝေပေးလိုက်တယ်။
သူတို့သုံးယောက်လုံး ပျော်ရွှင်သွားကြတယ်။
ကျမတို့နှစ်ယောက်အတွက်ကတော့ ဆင်ခြေဖုံးအရပ်မှာ ခြံကွက်ကလေးဝယ်လိုက်တယ်။
အိမ်သေးသေးလေးတစ်လုံးပါတယ်။
ကျမတို့နှစ်ယောက်နေလောက်ပါတယ်။
ဒီအသက်အရွယ်ရောက်မှ ဘာများလောဘတက်ပြီးမက်မောနေရဦးမှာလဲ။
ကျောချစရာတစ်နေရာစာရှိနေရင်ရင် တော်ပြီပေါ့လို့ သဘောပေါက်လိုက်တယ်။
အိမ်ပြောင်းမယ့်နေ့က ဟိုဘက်ခြံကသားအမိကို လှမ်းကြည့်မိနေတယ်။
အမေအတွက်မုန့်ဟင်းခါးဝယ်လာတယ်နဲ့တူတယ်။
သူ့ပါးစပ်ကလည်းသီချင်းတွေကိုတောင်စဥ်ရေမရဆိုလာတယ်။
အမေ..အမေ..
မုန်ဟင်းခါးပူပူလေးစားရအောင်လေ..ဟောဒီမှာ အကြော်လဲပါလာတယ်..
အမေဖြစ်သူက သနပ်ခါးအဖွေးသားနဲ့သားဖြစ်သူကိုထွက်ကြိုတယ်။
ကောင်လေးက သူ့အမေ လက်ကလေးကိုဆွဲလိုက်တယ်။
နဖူးလေးကိုသူ့လက်ကလေးနဲ့စမ်းကြည့်တယ်။
အမေ..နေကောင်းတယ်မဟုတ်လား…
အမေ..နေကောင်းပါတယ်လူလေးရဲ့…
အမေရောသားလေးမျက်နှာပါ ပြုံးနေတာပဲ။
သူတို့သားအမိကိုအားကျလိုက်တာ။
မွေးရာပါ ကျပ်မပြည့်တဲ့သား။
ပြောချင်ရာပြော ဆိုချင်တဲ့သီချင်းဆိုပြီးပလုံကောက်နေတဲ့ကောင်လေး။
လူကသာရူးတူတူးပေါနှမ်းနှမ်းနဲ့ စျေးထဲကသူများပေးသမျှကို အမေ့ဆီအပြေးကလေးယူလာတဲ့ခလေး။
မနက်မိုးလင်းတာနဲ့ သူကဘာမှမစားရသေးဘူး။
အမေအိပ်ယာကနိုးရင်ဗိုက်ဆာမှာစိုးရိမ်လို့ မုန့်တွေအပြေးအလွှားလာဝယ်ပို့ရှာသူလေး။
သူကုသိုလ်ရချင်လို့ဆိုပြီး အမေ့ထမီကအစလျှော်ဖွတ်ပေးနေတာမြင်ရပြန်တော့ ကျမနှလုံးသားတွေနာကျင်ရပြန်တယ်။
ကျမတို့မှာတော့ သားသမီးတွေကို ပညာတွေအများကြီးသင်ပေးလိုက်ပါတယ်။
လောကကြီးမှာလူဝင်ဆန့်စေတယ်။
အချိန်တန်တော့သူတို့ဘဝလေးတွေကိုအလှပဆုံးဖန်တီးသွားကြတယ်။
ကျမတို့ကျေနပ်ကြရပါတယ်။
ဒါပေမယ့်လေ……..
ကျမ မျက်ရည်တွေဝဲနေတာမြင်တော့ ကိုထွန်းမြင့်က
မယ်အေးရေ…မင်းစိတ်မကောင်းဖြစ်နေတာကို ငါသိပါတယ်ကွာ…
သားသမီးတွေရဲ့ သိတတ်မှု့ကို မင်းလိုချင်နေတာမဟုတ်လား…
ငါတို့ရဲ့ကုသိုလ်ကံပေါ့မယ်အေးရယ်..
တကယ်တော့ မိဘတွေဆိုတာ အဖြည့်ခံတွေပါ…
ကျမ တရားရှိပါတယ်ကိုထွန်းမြင့်ရယ်။
မိဘတွေဆိုတာ အဖြည့်ခံမှန်းလည်းသိပါတယ်။
ပေးဆပ်သူတွေဆိုတာလည်း ကျမလက်ခံပါတယ်။
ဒါပေမယ့်လေ…..
.
.
.
.
.
#ချစ်ခင်စွာဖြင့်
#ခင်လှမြတ်ခိုင်